အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း(၇၁)
“အဲဒီအချိန်က ဆိုယွန်းက ဇာတ်ရုပ်ထဲကနေ ရုတ်တရက်ထွက်ပြီး ဂွန်ဆော့ရဲ့ မုန့်တွေကို အငမ်းမရ လုစားရမယ့်အချိန်ပဲ"
ဆိုယွန်းက မှတ်စုစာအုပ်ထဲမှာ တစ်ခုခုရေးပြီးတာနဲ့ ကိုယ်ကိုနည်းနည်းကိုင်းလိုက်ပြီး ပါးစပ်ထဲ တစ်ခုခု အတင်းထိုးထည့်နေတဲ့ပုံစံ လုပ်ပြလိုက်တယ်။
“အဲဒီအချိန်မှာ ဂွန်ဆော့က လှည့်ကြည့်ရမယ်"
ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေကို မုန့်အပေါစားတွေ လိုက်ဝေနေတယ်ဆိုပြီး ဆိုယွန်းက အော်ဟစ်ဆဲဆိုအပြီး ဂွန်ဆော့က လှည့်အကြည့်မှာ နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြတယ်။
“ဟုတ်ပြီ၊ ဒီနေရာက ပရိသတ်တွေ ရယ်ရမယ့်နေရာပဲ။ ဒါကို ပိုပြီးတော့ ဟာသမြောက်သွားအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ”
“ကျွန်မထင်တာတော့ တတ်နိုင်သမျှ ပိုပိုသာသာလေး သရုပ်ဆောင်လိုက်ရင် ကောင်းမယ်ထင်တယ်။ ဇာတ်ညွှန်းထဲမှာတော့ အဖွားအိုက သူ့ပါးစပ်ကို လက်နဲ့အုပ်ရမယ်လို့ ပါတယ်လေ၊ ဒါပေမဲ့ အဲဒီလိုလုပ်မယ့်အစား ပါးစပ်ထဲက မုန့်တွေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့အထိ အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားရင်ရော”
ဆိုယွန်းက ပြောပြောဆိုဆိုနဲ့ ပါးစပ်ကို အဟောင်းသား လုပ်ပြလိုက်တယ်။
“ကောင်းတယ်၊ မင်းကရော ဘယ်လိုလဲ ဂွန်ဆော့”
“ကျွန်တော်ကတော့ အဖွားအိုအကြောင်း သိပ်မသိသေးတော့ နည်းနည်းတော့ လန့်သွားမယ့်ပုံစံပေါ့။ ပြီးမှ အူကြောင်ကြောင်နဲ့ ပြုံးပြလိုက်မယ်လေ"
“ကောင်းပြီ၊ အဲဒီအချိန်မှာ တေဂျွန်း ထွက်လာမယ်"
ဆိုင်လေးရှိမယ့်နေရာကနေ တေဂျွန်းက ခေါင်းလေးပြူထွက်လာတယ်။ သူကလည်း ဂွန်ဆော့ရဲ့မုန့်ကို ခိုးစားနေတုန်း မိသွားတဲ့ပုံစံပဲ။
“အာ... သွားပါပြီကွာ”
သူက မမြင်သင့်တာ မြင်လိုက်ရသလိုမျိုး မျက်နှာကြီး ရှုံ့မဲ့ပြလိုက်တယ်။ ပြီးတော့ ပါးစပ်ထဲကမုန့်ကို ပြန်ထွေးထုတ်ချင်ယောင်ဆောင်ပြီး အထဲကို ပြန်ဝင်သွားတော့တယ်။
‘ဟား ဟား... မဆိုးဘူး… ရယ်ရသားပဲ’
မာရူး မသိလိုက်ဘာသာ ပြုံးမိသွားတယ်။ ဗိုက်နှိပ်ပြီး ရယ်ရလောက်တဲ့အထိ မဟုတ်ပေမဲ့ အခြေအနေကတော့ တော်တော်လေး အားရစရာကောင်းနေပြီ။ မိတ်ကပ်တွေ ဘာတွေနဲ့သာဆိုရင် ပရိသတ်တွေ တကယ်ရယ်ကြမှာပဲ။
“ကောင်းပြီ၊ ကျန်တာကိုတော့ မင်းတို့ဘာသာ ဆက်ပြီး ညှိနှိုင်းလိုက်ကြဦး။ အရှိန်တွေ သိပ်ပြင်းသွားရင် ရန်ဖြစ်နေသလိုမျိုး ဖြစ်သွားတတ်တယ်၊ အဲဒါကို သတိထားကြ။ ပြီးတော့ တေဂျွန်း၊ စောစောက မင်းရဲ့ မျက်နှာပေးက တော်တော်ကောင်းတယ်။ အဲဒါကို နည်းနည်းလေး ပိုပြီး ပုံကြီးချဲ့ကြည့်ဦး။ ကဲ... နောက်တစ်ယောက်”
ယန်မီဆိုက ဇာတ်ညွှန်းကို ကိုင်ပြီး ကြမ်းပြင်ပေါ်က အမှတ်အသားလုပ်ထားတဲ့ တိပ်အစိမ်းရောင်နေရာကို လျှောက်လာတယ်။ ဒီအခန်းက ပတ်ဒေးမြောင်နဲ့ ဟောင်ဂွန်ဆော့တို့ ပထမဆုံး စတင်တွေ့ဆုံကြမယ့် အခန်းပဲ၊ ဒေးမြောင်ရဲ့ တစ်ကိုယ်တော် စကားပြောခန်းလည်း ပါတာပေါ့။ အဓိပ္ပာယ်မရှိတဲ့ အဲဒီစကားပြောခန်းက ဒီဇာတ်ဝင်ခန်းရဲ့ ဟာသအချက်အချာပဲ။ ဒီအခန်း အောင်မြင်ခြင်း၊ ကျရှုံးခြင်းက ဒေးမြောင်ရဲ့ သရုပ်ဆောင်မှုအပေါ်မှာပဲ မူတည်နေတယ်။
“ဒီဘက်လာခဲ့ ဒေးမြောင်"
ဒေးမြောင်က ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာပေးနဲ့ ယိမ်းထိုးပြီး လျှောက်လာတယ်။ လက်တွေကို အိတ်ကပ်ထဲထည့်၊ ခြေလှမ်းတွေကလည်း အားမရှိသလိုပဲ၊ နှုတ်ခမ်းတွေကလည်း တစ်ခုခုကို ဗြစ်တောက်ဗြစ်တောက် ပြောချင်နေတဲ့ပုံစံ။ အသက် ၃၀ အရွယ် ကျောင်းသားကြီးတစ်ယောက် လောကကြီးကို မကျေမနပ် ညည်းညူဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံစံမျိုးပေါ့။
မီဆိုက ဒေးမြောင်ကို ကြည့်ပြီး ခေါင်းတစ်ချက် ငြိမ့်ပြလိုက်တယ်။ ဒါက အိုကေတယ်လို့ ပြောလိုက်တာပဲ။
“ကဲ... စပြောတော့"
မီဆို သူ့နေရာသူ ပြန်ထိုင်လိုက်တာနဲ့ ဒေးမြောင်က စကားပြောတော့တယ်။ သူ့ရဲ့ အသံနေအသံထားက တကယ့်ကို ပြတ်သားပြီး ထွက်လာတာပဲ။ အတန်းထဲမှာ နာရီပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့ အကျိုးကျေးဇူးတွေက အခုတော့ ပေါ်လွင်လာပြီ။ အဲဒီအသံထဲမှာ ခံစားချက်တွေကိုပါ ထပ်လောင်းထည့်လိုက်တယ်။ ဒေးမြောင်က သူ ဘာလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို တရစပ် ရွတ်ပြနေတော့တယ်။
ဒါကတော့ အမြဲတမ်း ယုတ္တိရှိတာတွေပဲ ပြောတတ်တဲ့ ဒီဇာတ်ကောင်ရဲ့ အလှည့်အပြောင်းနေရာပဲ။
“ငါ ဘယ်လောက်ပဲ စာလုပ်လုပ်၊ ကံမကောင်းရင်တော့ ကျမှာပဲ ဒီလူ့အဖွဲ့အစည်းက တကယ့်ကို မတရားတာပဲ”
ဒေးမြောင် စကားပြောနေတုန်းမှာ ဂွန်ဆော့က သူ့ကို မုန့်ကမ်းပေးချင်ယောင် ဆောင်လိုက်တယ်။
“အဲဒါကို လူ့အဖွဲ့အစည်းအပေါ် အပြစ်ပုံချလို့တော့ မရဘူးထင်တယ်...”
“ဘာ မင်း အသက်ဘယ်လောက်ရှိပြီလဲ”
“ကျွန်တော်လား ၂၈ နှစ်ပါ"
“ကြည့်စမ်း... မင်းရဲ့ဘဝက ရှုံးနိမ့်နေတာ သိသာတယ်လေ။ မဒမ်စမစ်ရဲ့'Invisible Hand'အကြောင်းရော မင်းသိလား”
“မဒမ်... ဟုတ်လား”
“ဟုတ်တယ်”
". . . ."
“ငါ သိသားပဲ။ နာမည်ကျော် မဒမ်စမစ်က ဘယ်သူလဲဆိုတာတောင် မင်း မသိဘူးပဲ။ အဲဒါကြောင့် လူတွေက စာဖတ်ရတာ။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ စာလုပ်လုပ်၊ ကံမကောင်းရင်တော့ ကျမှာပဲ အား... ဒီကမ္ဘာကြီးက တကယ့်ကို မတရားတာ ငါလို ပါရမီရှင်တစ်ယောက်ကိုတောင် အသိအမှတ်မပြုဘူး”
(TR Note: အက်ဒမ်စမစ်ကို မဒမ်စမစ် လို့မှားပြောတဲ့ ဟာသပြကွက်)
ဒေးမြောင်က သူ့ရဲ့အပြစ်တွေကို ပရိသတ်တွေပေါ် ပုံချလိုက်သလိုမျိုး ပရိသတ်ထိုင်ခုံတွေဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ ဒေးမြောင်ရဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာထားကြောင့်လားတော့ မသိဘူး၊ သူက ဒီဇာတ်ကောင်ကို အူကြောင်ကြောင်နဲ့ ဟာသဆန်တဲ့ပုံစံမျိုး ဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်။ တစ်ကိုယ်တော် စကားပြောခန်း အနည်းငယ် ထပ်ပြောပြီးနောက်မှာတော့ ဒေးမြောင်က အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်တယ်။ ပြီးတော့...
“ဘာ ချိန်းတွေ့ရမှာလား… သေချာတာပေါ့၊ ငါ လာခဲ့မယ်…..စာလုပ်ဖို့ ဟုတ်လား ဟားဟား၊ ငါ ကံကောင်းရင် အောင်မှာပါကွာ”
ဒေးမြောင်ရဲ့ စကားတွေက လိမ်ညာထားတာမှန်း သိသာသွားတာနဲ့ ဂွန်ဆော့က အူကြောင်ကြောင်နဲ့ ချောင်းတစ်ချက် ဟန့်လိုက်တယ်။
“ခုနကတော့ သုံးနှစ်ဆက်တိုက် စာလုပ်ခဲ့တယ်ဆို...”
ဂွန်ဆော့က ဒေးမြောင်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်တယ်။ ဒေးမြောင်က ဖုန်းကို ပိတ်လိုက်ပြီးမှ...
“ငါတို့ လူတစ်ယောက် လိုနေတယ်"
". . . ."
“ကောင်မလေးတွေက ချောတယ်နော်"
". . သွားကြစို့"
သူတို့နှစ်ယောက်ဟာ တစ်ယောက်ပုခုံး တစ်ယောက်ဖက်ပြီး စင်ပေါ်ကနေ ထွက်သွားကြတယ်။
“မီးတွေမှိတ်သွားမယ်၊ ပြီးတော့ ကလပ်က သီချင်းသံတွေ ထွက်လာမယ်။ စက္ကန့်အနည်းငယ်ကြာတော့ မီးတွေ ပြန်လင်းလာမယ်"
မီဆိုက လမ်းညွှန်ချက်တွေ ပေးလိုက်ပြီးနောက်မှာတော့ လီယွန်းဂျုံနဲ့ လင်ဒန်မီတို့ စင်ပေါ်ကို တက်လာကြတယ်။ ယွန်းဂျုံက ကြောက်တတ်တဲ့ လင်မယားအုပ်စုထဲက ယောက်ျားအဖြစ် သရုပ်ဆောင်ပြီး ဒန်မီက သူ့ဇနီးအဖြစ် သရုပ်ဆောင်တယ်။ သူတို့က ဆိုင်လေးရှေ့မှာ ရပ်ပြီး စကားပြောကြတယ်။ ယွန်းဂျုံရဲ့ ပုခုံးတွေက တဖြည်းဖြည်း တွဲကျလာပြီး သူ့ကိုယ်သူ မိုးရေစိုနေတဲ့ သနားစရာ ခွေးလေးတစ်ကောင်လို ဖြစ်အောင် လုပ်ပြနေတယ်။ တစ်ဖက်မှာလည်း ဆိုယွန်း စင်ပေါ်တက်လာတာနဲ့ ဒန်မီက သူ့ယောက်ျားကို ရုတ်တရက် ပိုပြီးတော့ ကြည့်ကောင်းအောင် လုပ်ပေးနေပြန်တယ်။
“မိန်းမရယ်...”
“ခဏလောက် ငြိမ်ငြိမ်နေစမ်းပါ"
“ငါ ပင်ပန်းနေပြီ။ ဒီနေ့ ရေကူးကန်မှာ လေ့ကျင့်ခန်း လုပ်တာ များသွားတယ်ထင်တယ်"
“ကျေးဇူးပြုပြီး”
“အိမ်ပြန်လို့ ရမလား...”
“ဂျော်ဒန်မြစ်ထဲမှာ ရေမကူးချင်ရင် ပါးစပ်ပိတ်ထားလိုက်စမ်း”
ဒန်မီက အော်လိုက်တဲ့အချိန်မှာပဲ တေဂျွန်းက ဆိုင်ထဲကနေ"ငါ့အချိန် မရောက်သေးဘူး ငါ့အသက်က အနှစ်တစ်ရာပဲ ရှိသေးတာ"လို့ အော်ပြီး ပြေးထွက်လာတယ်။
“ဟေ့ မင်း ထွက်လာတာ မြန်လွန်းတယ်။ စကားပြောပြီးတာနဲ့ ချက်ချင်း ထွက်လာရမှာလေ”
“တောင်းပန်ပါတယ်ခင်ဗျာ"
“နောက်တစ်ခါ သတိထားဦး"
“ဟုတ်ကဲ့ပါ”
“ပြီးတော့ ဆိုယွန်း"
“ရှင်"
“မင်း ဘာလို့ ပြုံးနေတာလဲ သရုပ်ဆောင်နေတဲ့အချိန်မှာ မင်းရဲ့ စိတ်ခံစားချက်ကို အပြင်ကို ပေးမသိရဘူးလေ။ ပရိသတ်ကို အဲဒီလိုမျိုးတွေ ပြလို့မရဘူး”
". . တောင်းပန်ပါတယ်ရှင်"
“ဟာသဇာတ်ကားတွေက ခက်ခဲပါတယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား လူတွေကို ငိုအောင်လုပ်ရတာထက် ရယ်အောင်လုပ်ရတာက ပိုခက်တယ်လို့ ငါ ဘယ်နှခါ ပြောရမလဲ အာရုံစိုက်စမ်း။ စင်ပေါ်က လှုပ်ရှားမှုတိုင်းမှာ အကြောင်းပြချက် ရှိရမယ်။ မပြင်ဆင်ထားဘဲ စင်ပေါ်မှာ ရယ်တာဟာ အမှားတစ်ခုပဲ။ ပြဇာတ်တစ်ခုလုံးကို အချောသတ်နိုင်မှသာ ကိုယ်ပိုင်ဖန်တီးမှုကို စဉ်းစားလို့ရမယ်။ အဲဒါကို မှတ်ထားကြ"
“ဟုတ်ကဲ့ပါ"
“ခဏ နားကြမယ်၊ ပြီးမှ ဆက်မယ်။ အခုထိ ငါဝေဖန်ခဲ့တာတွေကို ပြန်စဉ်းစားကြ၊ ကိုယ်ညံ့ခဲ့တဲ့နေရာတွေကို ပြန်ပြင်ဖို့ ကြိုးစားကြ။ အဲဒီနောက်မှာတော့ ငါလည်း မင်းတို့ကို သိပ်ပြီး မကူညီနိုင်တော့ဘူး။ နားလည်လား”
မီဆိုက လက်ခုပ်တီးလိုက်တော့မှ ခန်းမထဲက တင်းမာနေတဲ့ အခြေအနေက လျော့ကျသွားတယ်။ အဖွဲ့ဝင်အားလုံး သက်ပြင်းချရင်း ကြမ်းပြင်ပေါ်ကို ပုံရက်သား လဲကျသွားကြတယ်။ လေ့ကျင့်ခန်း စပြီဆိုတာနဲ့ မီဆိုက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာပဲ။
လေ့ကျင့်ခန်းပြင်ပမှာတော့ သူက အော်ဟစ်ဆဲဆိုတတ်ပေမဲ့ အဲဒါက နောက်ပြောင်တာမှန်း အားလုံးက သိကြပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း စလိုက်ပြီဆိုရင်တော့... သူက တကယ်ကို ဒေါသထွက်နေတဲ့ပုံစံပဲ။ အခုတော့ အားလုံးက ဒါကို ကျင့်သားရနေကြပါပြီ။
အဖွဲ့ဝင်တွေက အုပ်စုလေးတွေ ဖွဲ့လိုက်ကြတယ်။ နှစ်ယောက် တစ်အုပ်စု၊ သုံးယောက် တစ်အုပ်စု စသဖြင့်ပေါ့၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဒိုင်ယာလော့ခ်တွေ တိုက်ကြတယ်။ မာရူးကတော့ ဒါတွေကို အပြင်ကနေပဲ ကြည့်နေမိတယ်။ သူ့ရဲ့ ဇာတ်ကောင်က တခြားလူတွေနဲ့ အပြန်အလှန် ပြောရမယ့် စကားလုံးတွေ သိပ်မရှိဘူးလေ။
ဇာတ်ဝင်ခန်းတစ်ခု ပြီးသွားတိုင်း'ငါ သိသားပဲ'လို့ တစ်ချက်ပြောပြီး ပြန်ထွက်သွားရုံပဲ။ တခြားဇာတ်ကောင်တွေနဲ့ အပေးအယူလုပ်ရတာ နည်းနည်းပါးပါး ရှိပေမဲ့ အဲဒါကလည်း အရမ်းတိုလွန်းတော့ သူတကယ်ပဲ လေ့ကျင့်ဖို့ လိုအပ်ရဲ့လားလို့တောင် တွေးနေမိတယ်။
“ကဲ... လေ့ကျင့်ရတာ ဘယ်လိုလဲ"မီဆိုက မေးလိုက်တယ်။
သူက ဆံပင်အရောင်ကို ရွှေရောင်ကနေ အနက်ရောင်ကို ပြောင်းဆိုးထားတယ်။ သူ့စိတ်ကြိုက် ဆိုးတာလား၊ ဒါမှမဟုတ် ပတ်တေးဆစ်ကြောင့်လားဆိုတာ မာရူး မသိပေမဲ့ အနက်ရောင်ကတော့ သူ့နဲ့ ပိုလိုက်ဖက်တယ်ဆိုတာ ဝန်ခံရမှာပဲ။
“ကျွန်တော် ထင်ထားသလောက်ပါပဲ၊ ခက်ခဲပါတယ်"
“တကယ်လား ထင်ထားတာထက် ပိုမခက်ဘူးပေါ့”
“ဘုန်းကြီးကျောင်းက ခွေးတောင် သုံးနှစ်ဆိုရင် စာအံတတ်တယ်လို့ ဆိုကြတာပဲလေ။ ကျွန်တော်က အကြာကြီး စောင့်ကြည့်လာခဲ့တာဆိုတော့ ဘာတွေဖြစ်လာမလဲဆိုတာ မှန်းဆထားပြီးသားပါ"
“သုံးနှစ်တောင်ပဲကိုး။ ကောင်းပါပြီ၊ မင်းပြောတာကို ငါ ယုံပေးလိုက်ပါ့မယ်"
မီဆိုက နာရီကို တစ်ချက်ကြည့်လိုက်ပြီး မာရူးဘေးမှာ ထိုင်လိုက်တယ်။ သူတို့ရှေ့က အဖွဲ့ဝင်တွေကတော့ နေဝင်တဲ့အထိ လေ့ကျင့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံပဲ။
“သူတို့တွေ တော်တော်လေး စိတ်အားထက်သန်ကြတာပဲနော်၊ ဟုတ်တယ်မလား”
“ဟုတ်ကဲ့"
“မင်းရော ဘာလို့ သူတို့နဲ့ သွားမပူးပေါင်းတာလဲ”
“ကျွန်တော့်လို ဇာတ်ကောင်မျိုးက သူတို့ရဲ့ လေ့ကျင့်ခန်းမှာ ပါဝင်လိုက်လို့ ဘာထူးမှာမို့လို့လဲ အားလုံး အစီအစဉ်တကျ ဖြစ်သွားတော့မှ ကျွန်တော် ဝင်လိုက်ရုံပဲလေ။ ဒါက ဒီလိုဇာတ်ကောင်မျိုး မဟုတ်ဘူးလား”
“မင်းပြောတာ မှန်ပါတယ်။ မင်းရဲ့ ဇာတ်ကောင်က ဒီလိုပြဇာတ်အသေးစားလေးမှာတော့ နည်းနည်း ထူးဆန်းတဲ့ အမျိုးအစားပဲ။ ပြောရရင် သူ့ဘာသာသူ တစ်ယောက်တည်း ဟာသလုပ်ရမယ့် အခန်းတွေလည်း အများကြီး ပါတယ်လေ"
“ဒါပေမဲ့ သူ့စကားလုံးတွေက တိုတိုလေးတွေပါပဲ"
“အိုး... ဟုတ်လား အဲဒီ'တိုတိုလေး'တွေကို မင်း ဘယ်နှခါလောက် ပြောကြည့်ပြီးပြီလဲ”
မီဆိုက မာရူးကို ခနဲ့တဲ့တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ မာရူး ခဏလောက် စဉ်းစားလိုက်မိတယ်။ ငါ စကားလုံးတွေကို ဘယ်နှခါလောက် လေ့ကျင့်ခဲ့ပါလိမ့်
“အကြိမ် ၃၀ လောက်ရှိမယ်။ အဲဒါက အလွတ်ရအောင် ဖတ်ခဲ့တဲ့ အကြိမ်အရေအတွက်ပေါ့"
“အဲဒီလောက်ဆို မင်း စိတ်ကျေနပ်ပြီလား”
“မသေချာဘူး။ ဘယ်အချိန်မှာ စိတ်ကျေနပ်ရမလဲဆိုတာတောင် ကျွန်တော် မသိဘူးလေ။ အခု ကျွန်တော် အလိုချင်ဆုံးကတော့ အမှားမလုပ်မိဖို့ပါပဲ"
“အဲဒါက အရေးကြီးပါတယ်၊ ဟုတ်တယ်။ ဒါပေမဲ့... မင်းမှာ သရုပ်ဆောင်ဖို့အတွက် လောဘမရှိဘူးလား”
“လောဘ”
လောဘ။ မာရူးက အဖွဲ့ဝင်တွေကို တစ်ချက်ကြည့်လိုက်တယ်။ သူတို့တွေက စင်ပေါ်မှာရပ်ပြီး ဇာတ်လမ်းကို ဖန်တီးပိုင်ခွင့်ရှိတဲ့သူတွေလေ။ ကြိုးစားအားထုတ်မှုကနေသာ လောဘဆိုတာ ဖြစ်ပေါ်လာနိုင်ပြီး အဲဒီလောဘကိုတော့ ပါရမီရှိတဲ့သူတွေကပဲ ဖြည့်ဆည်းပေးနိုင်တာ။ မာရူးကတော့ အဲဒီနှစ်မျိုးစလုံးထဲမှာ မပါဘူး။
“တကယ့်လောဘရှိရမယ့်လူတွေက ကျွန်တော့်ရှေ့မှာ ရှိနေကြတာပဲလေ"
“ဒါပေါ့... ဒီကလေးတွေကတော့ လောဘရှိကြတာပေါ့။ သူတို့က အတိတ်က အမှားတွေကို ထပ်မလုပ်ချင်ကြဘူးလေ။ ငါက မင်းရဲ့ အမြင်ကို သိချင်နေတာပါ"
“ကျွန်တော်ကတော့ အကောင်းဆုံး ကြိုးစားချင်ရုံပါပဲ။ အဲဒီထက်လည်း မပိုသလို၊ အဲဒီထက်လည်း မလျော့ပါဘူး"
“ဆောင်းရာသီ အမျိုးသားအနုပညာပြိုင်ပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆု ရခဲ့ရင် ဆုကြေးငွေ ဝမ်တစ်သန်း ရမှာနော်။ အဲဒါကို မင်း ဘယ်လိုထင်လဲ”
“အဲဒါဆိုရင်တော့ ကျွန်တော် နည်းနည်း လောဘတက်လာပြီ"
“မင်းက တကယ့်ကို ငွေမက်တဲ့သူပဲနော်၊ ဟုတ်တယ်မလား”
“ဟုတ်ကဲ့၊ ကျွန်တော် ပိုက်ဆံကို ချစ်ပါတယ်"
“အဲဒါဆိုရင် အဲဒီဆုကို ရအောင်ယူလိုက်ပါလား”
“အကောင်းဆုံး သရုပ်ဆောင်ဆုကိုလား”
“ဟုတ်တယ်"
“အရန်လူ တစ်ယောက်အနေနဲ့လား”
“ဇာတ်လမ်းကို ထိန်းကျောင်းသွားနိုင်တဲ့ ဇာတ်ကောင်တွေဟာ အမြဲတမ်း အခန်းတိုလေးတွေပဲ ပါတတ်တာ၊ ဒါပေမဲ့ သူတို့က လူတွေကို ပိုပြီး အမှတ်ရစေတယ်လေ"
မီဆိုက နောက်ပြောင်သလို ပြုံးပြနေတာကို ကြည့်ပြီး မာရူး သူ့ရဲ့ မျက်လုံးတွေကို တစ်ချက် စိုက်ကြည့်လိုက်မိတယ်။
‘ငါ မင်းကို ဒီနေရာမှာ အလကား ထည့်ထားတယ်လို့ ထင်နေတာလား’
မီဆိုရဲ့ ခေါင်းပေါ်မှာ စကားပြောတဲ့ ပူပေါင်းလေးတစ်ခု ပေါ်လာသလို ခံစားလိုက်ရတယ်။ အို... သူက အစီအစဉ် တစ်ခုခု ရှိနေတာပဲ။ မာရူးကတော့ သူ့ရဲ့ဇာတ်ကောင်က လွယ်လွယ်ကူကူ သရုပ်ဆောင်လို့ရမယ့် နေရာလို့ပဲ တစ်လျှောက်လုံး ထင်ခဲ့တာ။ မီဆိုကတော့ တခြားပုံစံမျိုး တွေးနေပုံရတယ်။ ဘာတွေဖြစ်နေတာလဲ ဒီဇာတ်ကောင်မှာ တစ်ခုခု ထူးခြားချက် ရှိနေတာလား
“ကျွန်တော့်ဇာတ်ကောင်မှာ တစ်ခုခု ထူးခြားနေလို့လား”
“အဲ မဟုတ်ပါဘူး၊ အဲဒီလိုမျိုး မဟုတ်ပါဘူး"
“ဆရာမ ကျွန်တော့်ကို ဒီနေရာ ပေးခဲ့တာ အကြောင်းပြချက် တစ်ခုခု ရှိရမယ်"
မီဆိုရဲ့ မျက်နှာမှာ ခဏလောက် အံ့ဩသွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။ မာရူး နည်းနည်း ရယ်လိုက်မိတယ်။ အမြဲတမ်း ခေါင်းမာတတ်တဲ့ မီဆိုတောင် ဒီလိုမျက်နှာမျိုး ဖြစ်တတ်တာပဲကိုး။ သူ ကျောင်းသားတွေဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ သူတို့တွေက သဘာဝကျကျ ဖြစ်အောင် ပုံစံမျိုးစုံနဲ့ လေ့ကျင့်နေကြတယ်။
“ဘာလို့ ကျွန်တော့်ကိုလဲ"မာရူးက မေးလိုက်တယ်။
“ဘာလို့ မင်းကိုလဲ ဟုတ်လား”
“ဟုတ်ကဲ့။ ဟိုမှာ သရုပ်ဆောင်ချင်နေတဲ့ တခြားကလေးတွေ အများကြီးပဲလေ။ ဒုတိယနှစ်တွေကလည်း စိတ်အားထက်သန်နေကြသလို၊ ပထမနှစ်တွေကလည်း အခုတလော စိတ်ဝင်တစား ရှိလာကြတယ်။ ဆရာမ ကျွန်တော့်ကို အရင်က ပြောခဲ့တယ် မဟုတ်လား ကျွန်တော်က သိပ်ပြီး စိတ်အားမထက်သန်လို့ အခွင့်အရေး ပေးတာပါဆိုပြီး။ အဲဒါက အခုတော့ အဓိပ္ပာယ်မရှိသလိုပဲ။ ဆရာတွေဆိုတာ စိတ်အားထက်သန်တဲ့သူတွေကိုပဲ အခွင့်အရေး ပေးရမှာ မဟုတ်ဘူးလား”
မီဆိုက တစ်ခုခုကို စဉ်းစားသလိုနဲ့ အပေါ်ကို မော့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။
“အေး... မင်းပြောတာ မှန်ပါတယ်။ စိတ်အားထက်သန်တဲ့ သူတွေကိုပဲ အခွင့်အရေးပေးတာက ပိုပြီး တရားမျှတတာပေါ့။ ဒါပေမဲ့ ဒီလောကကြီးက သိပ်ပြီးတော့ တရားမျှတတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား ဂွန်ဆူ မင်းကို ပြောခဲ့တာ မှတ်မိလား သရုပ်ဆောင်ခြင်းဆိုတဲ့ သတ္တဝါကြီးက သူ့လူကို သူ ရွေးချယ်တတ်တယ်ဆိုတာလေ။ အဲဒီစကားရဲ့ အဓိပ္ပာယ်က ဒီအလုပ်မှာ အရာအားလုံးဟာ ပါရမီအပေါ်မှာပဲ မူတည်နေတယ်ဆိုတာပဲ။ မင်း ဒါကို နားမလည်နိုင်ပေမဲ့ ဆရာတစ်ယောက် ဖြစ်လာတဲ့အခါမှာတော့ မင်းဟာ လောဘကြီးလာလိမ့်မယ်။ ဘယ်သူမှ မရောက်ဖူးသေးတဲ့ နယ်မြေအသစ်တစ်ခုကို ရောက်နိုင်မယ့်သူ တစ်ယောက်ကို မင်း ဖန်တီးချင်လာလိမ့်မယ်"
မီဆိုက အရင်ကထက် ပိုပြီး ပျော်ရွှင်နေတဲ့ပုံပဲ။ အနုပညာရှင်တွေဆိုတာ ဒီလိုမျိုးလား မာရူး ရုံးမှာ အလုပ်လုပ်တုန်းကတော့ ဒီလိုလောဘမျိုး တစ်ခါမှ မခံစားခဲ့ရဘူး။ ပြောရရင် မနာလိုတာနဲ့ ဒေါသထွက်တာပဲ ရှိခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့... ပါရမီရှိတဲ့ သူ့ရဲ့ ဂျူနီယာတွေကို ရှုံးနိမ့်စေချင်ခဲ့တာ။ အဲဒါက မှားယွင်းတဲ့ စိတ်ဓာတ်ဆိုတာ သူသိပေမဲ့ အဲဒါက လက်တွေ့ဘဝပဲလေ။ ဒါပေမဲ့ ဒီအမျိုးသမီးကတော့ သူ့ထက် သာလွန်မယ့်သူတစ်ယောက်ကို ပြုစုပျိုးထောင်ချင်တယ်လို့ ပြောနေတယ်။
“ပါရမီရှိတဲ့ ဂျူနီယာတစ်ယောက်က ဆရာမနဲ့ စင်မြင့်တစ်ခုတည်းမှာ အတူရှိနေပြီး အလင်းရောင်အားလုံးကို ရသွားမယ်ဆိုရင် ဆရာမ စိတ်မတိုဘူးလား”
“တိုတာပေါ့။ သူ့ကို ဒီလောက်အထိ သင်ပေးခဲ့မိတာကိုတောင် နောင်တရမိရင် ရမှာပေါ့"
“ဒါဆို ဘာလို့လဲ”
“ငါ အရင်က ပြောခဲ့တယ် မဟုတ်လား ငါက လူကြည့်တော်တယ်။ ငါ့ရဲ့ ဒီစွမ်းရည်ကိုလည်း ငါ တော်တော်လေး ဂုဏ်ယူတယ်။ အဲဒီကျေးဇူးကြောင့် ငါ ဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာ ငါ သိနေတယ်။ ကျောင်းသားတွေကို သင်ပြရတာကတော့ ငါ့ရဲ့ အတတ်နိုင်ဆုံး အကန့်အသတ်ကို ရောက်နေပြီ၊ အဲဒီထက်တော့ ပိုမသွားနိုင်တော့ဘူး။ ငါ ပါဝင်ခဲ့တဲ့ ပြဇာတ်အကြောင်း ပြောပြတာ မှတ်မိလား အလယ်မှာတင် ပျက်သွားလို့ ဒီကို ပြန်လာခဲ့တာဆိုတာလေ"
မာရူး မှတ်မိတာပေါ့။ ဒါက သူ ကျောင်းကို ပြန်ရောက်လာတုန်းက ပထမဆုံး ပြောခဲ့တဲ့ စကားပဲ။
“အဲဒါတွေ အကုန်လုံးက အလိမ်အညာတွေပါ။ ငါ ဆံပင်အရောင်ပြောင်းပြီး ငါလိုချင်တဲ့ ဇာတ်ကောင်နေရာအတွက် သွားပြိုင်ခဲ့တာ၊ ဒါပေမဲ့ မရခဲ့ဘူး။ ဒါရိုက်တာနဲ့လည်း သိနေတာတောင်မှ မရခဲ့ဘူး။ အဲဒါက တော်တော်လေး ဆိုးတာပဲ"
“ဪ... ဟုတ်ကဲ့"
“ငါ့ကြောင့်နဲ့ မင်းတို့တွေ စိတ်ဓာတ်ကျမသွားစေချင်လို့ပါ။ ပြီးတော့ အဲဒီလို ဖြစ်ခဲ့ပေမဲ့လည်း ငါက သင်ကြားတဲ့နေရာမှာတော့ တကယ်ကို တော်ပါတယ်။ သရုပ်ဆောင်တာမှာလည်း အတော်အသင့်တော့ ရှိပါတယ်။ ဒါပေမဲ့ အထွတ်အထိပ်ကိုတော့ မရောက်နိုင်ဘူး။ အဲဒါကြောင့်လည်း ငါ့ကိုယ်ငါ မြှင့်တင်ဖို့ကို လက်လျှော့လိုက်တာ ဖြစ်မှာပါ။ တစ်ခါတလေကျရင် ငါသာ ဂွန်ဆူလို ပါရမီရှိခဲ့ရင် ကျောင်းသားတွေကို သင်ပြဖို့ စိတ်ကူးမိပါ့မလားလို့တောင် တွေးမိတယ်"
“ဘာလို့ ပိုပြီး မလေ့ကျင့်တာလဲ”
“လေ့ကျင့်တာပေါ့။ ငါ အလိုရှိရင် အရန်ဇာတ်ကောင်နေရာကို အချိန်မရွေး ရနိုင်ပါတယ်။ ဒါပေမဲ့ အဓိက ဇာတ်ကောင်နေရာကိုတော့ ဘယ်တော့မှ မရနိုင်ဘူး"
သူ့ရဲ့ အပြုံးက သိပ်ပြီးတော့ ပျော်ရွှင်နေပုံမရဘူး။
“ဆရာမရဲ့ ဘဝကလည်း တော်တော်လေး ရှုပ်ထွေးတာပဲနော်။ အံ့ဩဖို့ကောင်းလိုက်တာ"
“ဘာ”
“ကျွန်တော်က ဆရာမကို ဆဲလ်တစ်ခုတည်းရှိတဲ့ သတ္တဝါလေးလိုပဲ ထင်နေခဲ့တာ"
". . မင်း စောစောသေချင်နေပြီလား”
“ဒါပေမဲ့ ကျွန်တော် နားမလည်သေးဘူး။ ဆရာမက ဆရာမရဲ့ အလိုလိုသိစိတ်တစ်ခုတည်းအပေါ်မှာပဲ မူတည်ပြီး လူတွေကို တွန်းအားပေးနေတာလား”
“ဒီလောကကြီးရဲ့ တစ်ဝက်လောက်ဟာ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အံ့ဩစရာ ကိစ္စရပ်တွေအပေါ်မှာ အခြေခံထားတယ်ဆိုတာ မင်း ခုထိ မသိသေးဘူးလား”
“ပင်နီဆီလင် အကြောင်းကို ပြောချင်တာဆိုရင်တော့ ကျွန်တော် သိပါတယ်။ ပြောနေဖို့ မလိုတော့ဘူး"
". . မင်းက အရာရာကို မြန်မြန်ဆန်ဆန် သတိထားမိလွန်းတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒါဟာ အံ့ဩစရာကောင်းတဲ့ မတော်တဆမှုတစ်ခုဆီကို သွားတဲ့ ခြေလှမ်းတစ်လှမ်းပဲလို့ ငါ ထင်တယ်"
“ကျွန်တော် တစ်ခါတလေ တွေးမိတယ်၊ ဆရာမက တကယ့်ကို ပြဇာတ်ထဲက ဇာတ်ကောင်တစ်ယောက်လို စကားပြောတတ်တဲ့ ပါရမီ ရှိတာပဲ။ မျက်နှာလည်း တော်တော်ပြောင်တယ်။ ကျွန်တော်သာဆိုရင်တော့ ရှက်လွန်းလို့ အဲဒီလို စကားမျိုးတွေကို ပြောထွက်မှာ မဟုတ်ဘူး"
“ငါလည်း ရှက်တာပေါ့ ဒါပေမဲ့ မင်းကို စိတ်လှုပ်ရှားသွားအောင် ငါက အဲဒီလိုတွေ ပြောရတာလေ"
". . ."
မာရူး ခေါင်းကိုပဲ ခါရမ်းလိုက်မိတော့တယ်'တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပဲ’။ သူက တကယ်ကို ဇွဲကောင်းတာပဲ။ ပြဿနာက... သူ့ရဲ့စကားတွေက မာရူးကို တကယ်ပဲ စိတ်လှုပ်ရှားလာအောင် လုပ်နိုင်နေတာပဲ။ အတိအကျ ပြောရရင်တော့ သူ့ရဲ့ မျှော်လင့်ချက်တွေပေါ့။ တခြားလူတွေဆီကနေ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ရရှိတာဟာ တစ်ခါတလေ စိတ်ဖိစီးစရာ ကောင်းသလို၊ တစ်ခါတလေမှာလည်း ကျေနပ်စရာ ကောင်းတတ်တယ်။ ကံကောင်းတာကတော့ မီဆိုရဲ့ ပြုမူပုံတွေက မာရူးကို စိတ်မဖိစီးစေတာပဲ။
“ဪ... ပြီးတော့ နောက်ထပ် တစ်ခုရှိသေးတယ်"
“ဘာလဲခင်ဗျာ”
“မင်း သရုပ်ဆောင်လောကထဲ မဝင်ချင်တဲ့ အကြောင်းရင်းက ပိုက်ဆံကြောင့်လို့ ပြောခဲ့တယ် မဟုတ်လား”
“အဲဒါ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး"
“ဒါပေမဲ့ အဲဒါက အဓိက အကြောင်းရင်းတွေထဲက တစ်ခုပဲ မဟုတ်လား”
“ဟုတ်ကဲ့၊ အဲဒါလည်း ပါပါတယ်"
“ဒါဆို ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြမလား"
“သဘောတူညီချက်”
“ငါသိတဲ့ လူတစ်ယောက်နဲ့ မင်း သွားတွေ့ပေးရမယ်"
မာရူးက မီဆိုကို မော့ကြည့်လိုက်တယ်။ သူသိတဲ့ လူတစ်ယောက်နဲ့ တွေ့ပေးရမယ် ဟုတ်လား ဘာကို ဆိုလိုတာလဲ အဲဒီအချိန်မှာ အမျိုးသမီးက သူ့ကိုကြည့်ပြီး အရမ်းကို ပျော်ပျော်ရွှင်ရွှင် ပြုံးပြနေတယ်။
အာ... မဟုတ်သေးဘူး။ အဲဒီစကားကို သူ ပြန်ရုပ်သိမ်းရမယ်။
သူ့ရဲ့ အပြုံးက ပါးနပ်တဲ့ မြေခွေးတစ်ကောင်ရဲ့ အပြုံးနဲ့ ပိုတူနေတယ်။
* * * * * * * * *
အခန်း(၇၂)
“ပတ်ဝန်းကျင်က တဖြည်းဖြည်း နီရဲလာပြီပဲ”
“ဟုတ်ပဗျာ ဆောင်းဦးတောင် ရောက်လာပြီပဲ”
ကျောင်းရှေ့မှာ လမ်းလျှောက်ရင်း ပတ်ဒေးမြောင်နဲ့ ဒိုဂျင်တို့ စကားစမြည် ပြောနေကြတာပါ။ ဒီနေ့က တနင်္ဂနွေနေ့လေ။ တခြားကျောင်းသားတွေ အားလပ်ရက်မှာ အပျော်အပါးမက်နေကြပေမဲ့ ပြဇာတ်အသင်းသားတွေကတော့ လေ့ကျင့်ခန်းဆင်းဖို့ ကျောင်းကို ရောက်နေကြတာပါ။
“ပြိုင်ပွဲကလည်း သိပ်မလိုတော့ဘူးနော်”
ဒေးမြောင်ရဲ့ စကားကြောင့် ဒိုဂျင် သက်ပြင်းတစ်ချက် ချလိုက်မိတယ်။ ဒီနေ့က အောက်တိုဘာ ၂၇ ရက်ဆိုတော့ ပြိုင်ပွဲလုပ်ဖို့ နှစ်ပတ်ပဲ လိုတော့တာလေ။ ဒါပေမဲ့လည်း ဒိုဂျင်ကတော့ သူ့ရဲ့ သရုပ်ဆောင်မှုတွေက တိုးတက်မလာဘဲ တစ်နေရာထဲမှာတင် ရပ်နေသလို ခံစားနေရတုန်းပါပဲ။
“ဘုရားရေ ငါတော့ ရူးတော့မှာပဲ။ မနေ့ကလည်း အပြောခံလိုက်ရသေးတယ်”
“မင်း အဆင်ပြေသွားမှာပါ”
“အော်… မင်းကတော့ အေးဆေးပေါ့ ဟုတ်လား။ မင်းက အောင်သွားပြီဆိုတော့လေ”
“အဲဒါကတော့လေ…”
လွန်ခဲ့တဲ့ နှစ်ရက်က ကျောင်းဆင်းချိန်မှာ ပြဇာတ်တစ်ခုလုံးကို သုံးကြိမ်တိုင်တိုင် အစအဆုံး တိုက်ခဲ့ကြတယ်။ တစ်နာရီကြာတဲ့ ပြဇာတ်ကို သုံးခါဆက်တိုက် ကပြရတာဟာ ကျောင်းသားတွေအတွက် တကယ့်ကို ပင်ပန်းလွန်းတဲ့ အလုပ်ပါ။ အဲဒီအပြင် တစ်ခါပြီးတိုင်းလည်း ယန်မီဆိုရဲ့ ဝေဖန်သံတွေက နားထဲမှာ စွဲနေအောင် ကြားနေရသေးတာ။ အချို့ကျောင်းသားတွေဆို စိတ်ဖိစီးမှုများလွန်းလို့ ဗိုက်တောင် နာလာကြတဲ့အထိပဲ။
“စာကျက်ရတာတောင် ဒီလောက် စိတ်မပူရဘူး ကျေးဇူးတော်ပဲ”
“အဲဒါ မင်း တကယ် ကြိုးစားနေလို့ပေါ့ကွ”
“ဟုတ်ပါပြီဗျာ။ ဒါပေမဲ့ မင်းကတော့ အမြဲတမ်း အောင်နေပြီး ငါပဲ အမြဲတမ်း ရှုံးနေတာ”
အသင်းမှာ အဆူခံရတာက နေ့စဉ်လိုလို ဖြစ်နေကျပေမဲ့ အမြဲတမ်း ပြုံးပြုံးလေး နေနိုင်တဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး ဒိုဂျင် နည်းနည်းတော့ အားကျမိတယ်။ တကယ်တော့ အဆူမခံရတဲ့နေ့ဆိုရင် သူကိုယ်တိုင်တောင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေတတ်တာ။ လေ့ကျင့်ခန်း လုပ်နေတဲ့ တစ်လျှောက်လုံး မီဆိုရဲ့ အဆူအဆဲကို တစ်ခါမှ မခံရတဲ့သူက သုံးယောက်ပဲ ရှိတယ်။
ပထမဆုံးတစ်ယောက်က ဒေးမြောင်။ ဒီကောင်က စင်ပေါ်ရောက်သွားတာနဲ့ လူက တစ်ခြားတစ်ယောက်လို ပြောင်းလဲသွားတာ။ စင်ပေါ်မှာဆိုရင် တကယ့်ကို ခက်ထန်တဲ့ ပုံစံမျိုး။
ဒုတိယတစ်ယောက်ကတော့ ဘန်ဂျောင်ဟော့ခ်။ သူ့ရဲ့ သရုပ်ဆောင်မှုက မီဆိုတောင် ဘာမှ ပြောစရာမရှိအောင် ကောင်းတာ။ ပြဇာတ်ထဲက ဇနီးဖြစ်သူအပေါ် အလျှော့ပေးရတဲ့ ခင်ပွန်းပျော့ပျော့ညံ့ညံ့ နေရာမှာ သူက ကောင်းကောင်းကြီး ပီပြင်အောင် လုပ်နိုင်တယ်။ ကြည့်ရတာ ဒီဇာတ်ရုပ်အတွက် လနဲ့ချီပြီး လေ့ကျင့်ထားတဲ့ ပုံစံမျိုးပဲ။
‘သူ့စိတ်ရင်းကလည်း သူကပြရတဲ့ ဇာတ်ကောင်နဲ့ တူနေလို့လည်း ဖြစ်မှာပါလေ’
နောက်ဆုံးတစ်ယောက်ကတော့…
“ငါတို့ နောက်ကျနေပြီဟေ့ ပြေးမှဖြစ်မယ်”
ကျောင်းဝင်ပေါက်ကနေ သူတို့ကို လက်လှမ်းပြနေတဲ့ ဟန်မာရူးကို ဒိုဂျင် မြင်လိုက်ရတယ်။ သူတို့နှစ်ယောက်လည်း ချက်ချင်းပဲ အပြေးနှင်ကြတော့တာပေါ့။
‘သူကတော့ အားလုံးထဲမှာ နားလည်ရ ခက်ဆုံးပဲ’
မာရူးကလည်း အဆူမခံရတဲ့ သုံးယောက်ထဲက တစ်ယောက်ပါ။ သူက ဇာတ်ဝင်ခန်း အနည်းငယ်နဲ့ စကားပြောခန်း နည်းနည်းပဲ ပါတာဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မာရူးအပေါ် ဒိုဂျင်ရဲ့ အမြင်တွေက လုံးဝ ပြောင်းလဲသွားခဲ့တာ။ အသင်းသား အများစုလည်း ဒီလိုပဲ ထင်ကြမှာပါ။
“ဘယ်နှစ်နာရီ ရှိပြီလဲ”
“၈ နာရီ ၅၇ မိနစ်”
“သွားပြီ ပြေး ပြေး”
ဒိုဂျင်ကတော့ အပြင်စီးဖိနပ်တောင် မလဲနိုင်တော့ဘဲ ကျောင်းဆောင်ထဲကို ပြေးဝင်သွားတော့တယ်။ ဒေးမြောင်နဲ့ မာရူးကလည်း နောက်ကနေ ကပ်လိုက်လာကြတာပေါ့။ မီဆိုက အချိန်နောက်ကျတာကို လုံးဝ မကြိုက်တဲ့သူလေ။ ပြီးခဲ့တဲ့ တစ်ခါကဆို တစ်မိနစ်နောက်ကျတာနဲ့ ကွင်းကို ဘဲလမ်းလျှောက် ၁၀ ပတ် လျှောက်ခိုင်းခဲ့တာ။ သူတို့တစ်သိုက် ခြေသံတွေ တဗြုန်းဗြုန်းနဲ့ လှေကားပေါ်ကို အမြန်ဆုံး ပြေးတက်သွားကြတယ်။
နောက်ဆုံးတော့ ၅ ထပ်ကို ရောက်လာခဲ့ပြီ။ ဒိုဂျင်ကတော့ ခန်းမတံခါးကို ဖွင့်လိုက်တာနဲ့ မျက်စိကို မှိတ်ထားလိုက်မိတယ်။
“အော်… ကောင်းလိုက်တာ။ နောက်ကျပြန်ပြီပေါ့။ ဟိုက သုံးယောက် ကွင်းကို ၁၀ ပတ် သွားပတ်ချေ။ ဒီတစ်ခါတော့ ဘဲလမ်းလျှောက် မခိုင်းတော့ဘူး ငါတို့မှာ အချိန်မရှိဘူး”
ဟူး… တော်သေးတာပေါ့။ ဒီတစ်ခါတော့ ဘဲလမ်းလျှောက် မဟုတ်လို့။
“ဘာလုပ်နေတာလဲ သွားလေ”
“ဟုတ်ကဲ့”
လှေကားကနေ ပြန်ဆင်းလာတဲ့အချိန်မှာတော့ မျက်နှာပျက်ပျက်နဲ့ တက်လာတဲ့ ယွန်ရင်နဲ့ လင်ဒန်မီတို့ကို တွေ့လိုက်ရတယ်။
“သူ… သူ အထဲမှာ ရှိလား”
“သူ ဘယ်တုန်းက နောက်ကျလို့လဲ။ မင်းတို့ကို လိုက်ရှာဖို့ ဆင်းလာတော့မယ် ထင်တယ်”
“အား… သွားပြီ”
ယွန်ရင်နဲ့ ဒန်မီတို့ အလန့်တကြား အပေါ်ကို ပြေးတက်သွားတာကို ကြည့်ပြီး ဒိုဂျင် ခေါင်းခါလိုက်မိတယ်။ အပြစ်ပေးတဲ့ နေရာမှာဆိုရင် မီဆိုက ဒုတိယနှစ်တွေကို ပိုပြီး ရက်စက်တတ်တာလေ။
“ကဲ သွားရအောင်”
မာရူးက လှေကားကနေ ခုန်ဆင်းသွားတော့ ဒိုဂျင်လည်း နောက်ကနေ လိုက်သွားလိုက်တယ်။
* * * * * * * * *
လေ့ကျင့်ခန်းကို မနက် ၁၁ နာရီမှာ စတင်ခဲ့တယ်။ အသင်းသားတွေ ပျင်းနေကြတယ်ဆိုပြီး မီဆိုက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နာရီကြာအောင် လုပ်ခိုင်းခဲ့တာ။ အဲဒီဒဏ်ကြောင့် မာရူးလည်း နံရံကိုမှီပြီး အမောတကော ဖြစ်နေရတာပေါ့။
‘စစ်တပ်ထဲ ပြန်ရောက်သွားသလိုပဲ’
နောက်ခံကနေ ခရုသံတွေ တစီစီ မြည်နေသလိုတောင် ခံစားနေရတယ်။
“အားလုံး အဆင်သင့်ပြင်”
“ဟုတ်ကဲ့”
အသင်းသားတွေ ချက်ချင်းပဲ ထရပ်လိုက်ကြတယ်။ ပင်ပန်းတဲ့ပုံ ပေါက်နေရင် မီဆိုက ပိုပြီး ခိုင်းဦးမှာလေ။ မီဆိုက ခန်းမအလယ်မှာ ခေါက်ကုလားထိုင်ကို ဖြန့်ပြီး ထိုင်လိုက်တယ်။ အသင်းသားတွေကတော့ အစိမ်းရောင်တိပ်ကပ်ထားတဲ့ အပြင်ဘက်မှာ တန်းစီလိုက်ကြတယ်။
မာရူးက တိပ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေတာပါ။ လေ့ကျင့်ခန်း စလုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ သုံးပတ်အတွင်းမှာ အပြောင်းအလဲ အချို့ ရှိခဲ့တယ်။ အဲဒါကတော့ မာရူးက ပထမဆုံး ဇာတ်ဝင်ခန်းမှာတင် စတင် ပါဝင်လာရတာပါပဲ။ ဒါပေမဲ့လည်း ပြောရမယ့် စကားလုံးတွေကတော့ အများကြီး မရှိသေးပါဘူး။
“ဒီတစ်ခါတော့ အစကနေ အဆုံးထိ နားချိန်မရှိဘဲ တိုက်မယ်။ စင်ပေါ်မှာ အမှားလုပ်မိရင်တော့… အင်း မင်းတို့ကိုယ်တိုင်ပဲ ခံနိုင်ရည်ရှိအောင် လုပ်ကြပေါ့။ စင်ပေါ်တက်ဖို့ နှစ်ပတ်ပဲ လိုတော့တယ်။ အမှားလုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒါကိုမှ မှားဦးမယ်ဆိုရင်တော့ ငါနဲ့ ထိပ်တိုက်တွေ့မယ်သာ မှတ်ထား ကြားလား”
မာရူး သူ့နောက်က တစ်ယောက် တံတွေးမြိုချလိုက်တာကို ကြားလိုက်ရတယ်။ မီဆိုနဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီးလေ။ အချိန်ကြာလာတာနဲ့အမျှ အဲဒီမိန်းမက ပိုပိုပြီး စိတ်တိုတတ်လာတာ။ အခုချိန်မှာဆို သူမကို စနောက်ဖို့ဆိုတာ ဝေလာဝေးပဲ။ ဒါဟာ ဒီပြဇာတ်အပေါ် သူမ ဘယ်လောက်အထိ အလေးအနက်ထားသလဲဆိုတာ ပြနေတာပါပဲ။
မီဆိုက ကပ္ပတိန်ပေါ့'ကောင်းကင်ပြာ'လို့ခေါ်တဲ့ သင်္ဘောကြီးရဲ့ ကပ္ပတိန်။ ပထမဆုံး ခရီးစဉ်မှာတင် သင်္ဘောက ဆိပ်ကမ်းမှာတင် ရပ်တန့်သွားခဲ့ရတယ်။ အဲဒါက သူမရဲ့ မာနကို တော်တော်လေး ထိခိုက်စေခဲ့မှာပဲ။ ပတ်တေးဆစ် ရှေ့မှာတောင် ကလေးတစ်ယောက်လို ငိုခဲ့ရတဲ့အထိပဲလေ။ အခုကတော့'ကောင်းကင်ပြာ'ရဲ့ ဒုတိယမြောက် ခရီးစဉ်ဆိုတော့ ဘယ်လို မုန်တိုင်းမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်အောင် အဖွဲ့သားတွေကို အဆင်သင့်ဖြစ်စေချင်နေတာပါ။
“ဂွန်ဆော့”
“ဟုတ်ကဲ့”
“မင်း နောက်တစ်ခါ ထပ်မှားရင် ငါ ဘာလုပ်မလဲ သိတယ်မဟုတ်လား။ ငါတို့ မင်းကို စွန့်ပစ်ခဲ့မှာနော် နောက်တာမဟုတ်ဘူး”
“ကျွန်တော် ကောင်းကောင်း လုပ်ပါ့မယ်”
မီဆိုက ဟောင်ဂွန်ဆော့ အပေါ်မှာဆိုရင် ပိုပြီးတော့တောင် ကြမ်းတမ်းသေးတယ်။ လေ့ကျင့်နေတဲ့ အချိန်အတွင်းမှာ ဒီကောင်လေးကို တတ်နိုင်သလောက် သန်မာလာစေချင်တာ ဖြစ်မှာပါ။ ချီးကျူးစကားဆိုတာ ဝေးလို့ တတ်နိုင်သလောက်ပဲ အပြစ်ရှာပြီး အော်ဟစ်နေတာ။
မီဆိုရဲ့ ဒီလို ပြင်းထန်တဲ့ သင်ကြားမှုတွေကြောင့် ဂွန်ဆော့ကိုယ်တိုင်လည်း ကောင်းတဲ့ဘက်မှာ ခက်ထန်လာခဲ့တယ်။ သူက ချီးကျူးစကားကို လိုချင်နေတုန်းပဲ ဆိုပေမဲ့လည်း အရင်လို ဗြောင်ကြီးတော့ မတောင်းဆိုတော့ဘူး။ တကယ်လို့ သူသာ သရုပ်ဆောင်ဖို့ အကြောင်းပြချက်ကောင်းကောင်း တစ်ခုခု ထပ်တွေ့သွားမယ်ဆိုရင်တော့ တကယ့်ကို ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။
‘အဲဒါကလည်း သူ ဒီပြဇာတ်ကို ကောင်းကောင်း အဆုံးသတ်နိုင်မှ ဖြစ်မှာပါလေ’
မီဆိုက နာရီကို ကြည့်ပြီး အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချက်ပြလိုက်တာနဲ့ လေ့ကျင့်ခန်း စတင်ခဲ့ပါတော့တယ်။ မာရူးရဲ့ မျက်လုံးတွေက မီဆိုနဲ့ ခဏတာ ဆုံသွားခဲ့တယ်။ ဘာကြောင့်ရယ်မသိ အဲဒီမျက်လုံးတွေကို ကြည့်လိုက်မိတာနဲ့ လေ့ကျင့်ခန်း မစခင်က ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်သတိရသွားမိတယ်။
* * * * * * * * *
မာရူး သူ့ရှေ့က လူကို သေချာ စိုက်ကြည့်နေမိတယ်။ အသက် ၅၀ ဝန်းကျင်လောက်ရှိတဲ့ အဲဒီလူက ဦးထုပ်ပြားလေး ဆောင်းထားပြီး သူ့ပေါင်ပေါ်မှာ ပူဒယ်ခွေးလေး တစ်ကောင်ကို တင်ထားတယ်။
“စီနီယာ… ဒီကို ခွေးခေါ်လာလို့ မရဘူးလေ”
“ပြုစုပေးမယ့်သူမှ မရှိတာ။ မင်းကို ကြည့်ပေးပါဦး ပြောတော့လည်း မင်းက ငြင်းတာကိုး”
“ကျွန်မတို့ အိမ်မှာ ခွေးမွေးလို့ မရဘူးလေ”
“အဲဒါဆိုရင်လည်း လာမပြောနဲ့။ ဒီအကောင်လေးကို အိမ်မှာ တစ်ကောင်တည်း ထားခဲ့ရမလား။ ကြည့်စး သနားစရာလေး လှုပ်တောင် မလှုပ်နိုင်ရှာဘူး”
အဲဒီလူက ပြောရင်းနဲ့ ခွေးလေးကို အသာအယာ ပွတ်သပ်ပေးနေတယ်။
“သူက အမြဲတမ်း ဒီလိုပဲ မောင်ရင်ပဲ နားလည်ပေးလိုက်ပါတော့”
မီဆိုက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြတယ်။
“ဒါနဲ့ ကျွန်တော် ဒီကို ဘာလို့ လာရတာလဲ"မာရူး မေးလိုက်တယ်။
“ငါ ပြောသားပဲ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါဆို”
ခွေးလေးကို ခဏလောက် ထပ်ကြည့်နေပြီးမှ အဲဒီလူက ခွေးလေးကို အနားက ဝန်ထမ်းတစ်ယောက်ဆီ အပ်လိုက်တယ်။ ခွေးလေး ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် ခုနက နူးညံ့နေတဲ့ မျက်နှာပေးက ချက်ချင်း တည်ကြည်သွားတော့တယ်။
“နာမည်က”
“ဟန်မာရူး ပါ”
“တွေ့ရတာ ဝမ်းသာပါတယ်။ ငါက လီဂျွန်မင်း ပါ”
“တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ”
သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ အဲဒီလူရဲ့ အသံက တော်တော်လေးကို သြဇာညောင်းပြီး အားပါတာကို မာရူး သတိထားမိလိုက်တယ်။ ဒါဟာ လေ့ကျင့်ထားလို့ ဖြစ်လာတဲ့ အသံမျိုးပါ။
“မောင်ရင် နည်းနည်း ဇဝေဇဝါ ဖြစ်နေပုံပဲ”
“ဟုတ်ကဲ့ ဆရာမ မီဆိုက ကျွန်တော့်ကို ဘာမှမပြောဘဲ ဒီကို ခေါ်လာတာဆိုတော့လေ”
“ငါလည်း အတူတူပါပဲ။ သူက သူ့စီနီယာတွေကို တော်တော် ဆိုးဆိုးရွားရွား ဆက်ဆံတာ”
“အဲဒီခံစားချက်ကို ကျွန်တော် နားလည်ပါတယ်”
ဂျွန်မင်းက အဲဒီစကားကို သဘောကျပြီး ပြုံးလိုက်တယ်။ မာရူးလို လူငယ်လေးတစ်ယောက်ကို စကားပြောနေတာတောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတဲ့ ပုံစံကို ကြည့်ရင် သူက စီးပွားရေးသမားတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဂျွန်မင်းက မာရူးကို လိပ်စာကတ်တစ်ခု ကမ်းပေးလိုက်တယ်။
“JA Productions”
မာရူး သူ့ရဲ့ လိပ်စာကတ်ကို ထုတ်ဖို့ စဉ်းစားလိုက်မိပေမဲ့…
‘အော်… ဟုတ်သားပဲ ငါ့မှာ လိပ်စာကတ် မရှိပါလား’
စားပွဲပေါ်က လိပ်စာကတ်မှာတော့'JA Production'ဆိုတဲ့ နာမည်နဲ့ ဂျွန်မင်းရဲ့ နာမည်ပဲ ပါပါတယ်။ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုပေါ့… မီဆိုလည်း ပါဝင်ပတ်သက်နေတာဆိုတော့ သရုပ်ဆောင်ပိုင်းနဲ့ ဆိုင်မှာပါ။ စီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုလည်း ဖြစ်နိုင်တာပဲ။
“ဒီကိစ္စကို ဆရာမ မီဆိုဆီကနေ ရှင်းပြချက် တစ်ခုလောက်တော့ လိုချင်မိတယ်”
“မဟုတ်တာ ငါ ရှင်းပြနိုင်ပါတယ်။ ငါကိုယ်တိုင်လည်း နည်းနည်းတော့ အံ့ဩသွားပေမဲ့ ဘာတွေဖြစ်နေလဲဆိုတာ ငါ သိသလိုပဲ”
အဲဒီအချိန်မှာ ဂျွန်မင်းရဲ့ ဖုန်းမြည်လာတယ်။ သူက စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ ပုံစံနဲ့ ဖုန်းဖြေလိုက်ပြီး ဒေါသတကြီး ပြောနေတော့တယ်။ ပြဇာတ်တွေ၊ အချိန်တွေ၊ နေရာတွေအကြောင်း ပြောနေတာကို မာရူး နည်းနည်း ကြားလိုက်ရတယ်။ ညွှန်ကြားချက် အချို့ ပေးပြီးတာနဲ့ ဖုန်းပိတ်လိုက်တယ်။
“တောင်းပန်ပါတယ်ကွာ”
“ရပါတယ်ခင်ဗျာ”
“ကဲ ငါ ရှင်းပြမယ်။ မောင်ရင် လွန်ခဲ့တဲ့ ရက်ပိုင်းက ကဖေးဆိုင်မှာ ကပြခဲ့တယ် မဟုတ်လား”
“ဟုတ်ကဲ့”
“အဲဒီနေ့က ငါ အဲဒီမှာ ရှိနေခဲ့တယ်။ မောင်ရင်တို့ သူငယ်ချင်းတွေ သရုပ်ဆောင်တာကို ငါ မြင်ခဲ့တယ်။ ဒီက ငါ့ရဲ့ စီနီယာမလေးက ငါ့ကို ခေါ်ထားလို့လေ”
“ကျွန်တော်တို့ကို ကြည့်ဖို့ လာခဲ့တာလား”
“ဟုတ်တယ်။ အဲဒီက ကလေး ၁၂ ယောက်ထဲက တစ်ယောက်ကို ကူညီပေးဖို့ မီဆိုက ငါ့ကို ပြောတယ်။ သူကတော့ တော်တော်လေး ယုံကြည်မှု ရှိနေတာပဲ”
“အဲဒီ တစ်ယောက်ဆိုတာက…”
မာရူး စကားပြောလိုက်တာနဲ့ တစ်ပြိုင်နက်…
“ငါ စောစောက အံ့ဩသွားတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒါ မောင်ရင့်ကို မြင်လိုက်လို့ပဲ။ တကယ်တော့ ငါက တခြားကလေး နှစ်ယောက်ကိုပဲ မျက်စိကျထားတာ။ ဒီနေ့ မီဆိုကို ဒါပဲ ပြောမလို့ပဲ ဒါပေမဲ့ သူက တော်တော် စိတ်လောနေပုံရတယ်”
မီဆို မျက်မှောင်ကြုတ်သွားတယ်။
“စီနီယာက သူ့ကို မျက်စိမကျဘူး ဟုတ်လား”
“အေး… ငါ တခြားလူတွေကိုပဲ ကြည့်နေတာ”
“မဖြစ်နိုင်တာ”
“ပြောရတာ စိတ်မကောင်းပေမဲ့ မောင်ရင့်ကို ကြည့်တုန်းက ငါ ဘာခံစားချက်မှ မရခဲ့ဘူး။ သပ်သပ်ရပ်ရပ်တော့ ရှိပါတယ် ဒါပေမဲ့ အပျော်တမ်း သမားတစ်ယောက် အဆင့်ပါပဲ”
အထင်မှားမှုကြောင့် ဒီတွေ့ဆုံပွဲ ဖြစ်လာတာကို မာရူး နားလည်လိုက်ပြီ။
“ဒါဆို ကျွန်တော် သွားလို့ ရပြီပေါ့”
“တောင်းပန်ပါတယ်ကွာ”
“ရပါတယ်ခင်ဗျာ။ ကျွန်တော်တောင် စိတ်အေးသွားပါသေးတယ်”
“စိတ်အေးသွားတယ် ဟုတ်လား”
“ဟုတ်ကဲ့။ အခွင့်အရေးဆိုတာ အသည်းအသန် လိုချင်တဲ့သူတွေအတွက်ပဲလေ။ ကျွန်တော် သွားတော့မယ် ကျေးဇူးတင်ပါတယ်”
မာရူး ထိုင်နေရာကနေ ထပြီး ထွက်သွားတော့တယ်။
* * * * * * * * *
“စီနီယာ…”
မီဆို မာရူး ထွက်သွားတာကို မတားနိုင်ခဲ့ဘူး။ သူမရဲ့ စီနီယာက ကျောင်းသား နှစ်ယောက်ကို မျက်စိကျတယ်လို့ ပြောခဲ့တာလေ။ အဲဒီထဲမှာ မာရူး သေချာပေါက် ပါလိမ့်မယ်လို့ သူမ ထင်ခဲ့တာ ဒါပေမဲ့…
“မင်းကတော့ မပြောင်းလဲသေးဘူးပဲ။ ဒီကလေးက ဒီကို ဘာလို့ ရောက်နေတာလဲလို့ ငါ တွေးနေတာ”
“စီနီယာ သူက ပါရမီရှိတယ်လေ”
“ငါ သိတယ်”
“ရှင်”
သိလျက်နဲ့တောင် မာရူးကို ပြန်လွှတ်လိုက်တာလား။
“ဘာလို့လဲ”
“အဲဒါ မပြောခင် တစ်ခုလောက် မေးပါရစေဦး။ ငါက မင်းအပေါ် ကောင်းကောင်း ဆက်ဆံနေလို့ ငါ့မှာ အချိန်တွေ အားလပ်နေတယ်လို့ ထင်နေတာလား။ အလုပ်လုပ်ရမယ့် ရက်မှာတောင် အချိန်ပေးနိုင်အောင်လေ”
“တောင်းပန်ပါတယ် စီနီယာ”
“အင်း… အဲဒီလို ကြားရတာတော့ ကောင်းသားပဲ။ ကဲ… ခွင့်လွှတ်ပေးလိုက်မယ်”
ဂျွန်မင်းက သဘောကျပြီး ပြုံးနေပေမဲ့ မီဆိုကတော့ သက်ပြင်းပဲ ချနေမိတယ်။
“ဒါဆို သူ့ကို ဘာမှ မပြောလိုက်တာ ဘာလို့လဲ”
“ငါက ပညာရှင်တွေကိုပဲ ပြုစုပျိုးထောင်တာ။ ပညာရှင်တွေနဲ့ပဲ အလုပ်လုပ်တာ။ ဂွန်ဆော့နဲ့ ဒေးမြောင်လား… အဲဒီနှစ်ယောက်ထဲမှာတော့ ငါ ပါရမီကို မြင်တယ်။ ဒါပေမဲ့ သူ့ဆီမှာတော့ မမြင်ဘူး”
“သူက ပါရမီ ရှိနေတာလား မရှိတာလား”
“ရှိတယ်… ဒါပေမဲ့ အခုချိန်မှာတော့ မဟုတ်သေးဘူး”
“အခု… ချိန်မှာ”
ယွန်းဂျုံက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တယ်။
“အဲဒီကလေးက တကယ်ကို မျက်စိကျစရာ ကောင်းပါတယ်။ ဒါက မွေးရာပါ ပါလာတာ ဒါမှမဟုတ် ဘုရားသခင် ပေးထားတဲ့ ပါရမီပဲ ဖြစ်မှာ။ အဲဒီနေ့က သူ စကားပြောနေတာကို ကဖေးဆိုင် တစ်ခုလုံးက ငေးကြည့်နေတာကို ငါ သတိထားမိတယ်။ တကယ့်ကို အံ့ဩစရာပဲ။ ငါတောင် လက်ခုပ်ထတီးမိတော့မလို့။ သူသာ သရုပ်ဆောင်ပိုင်းမှာ ပါရမီ လုံလုံလောက်လောက် ရှိမယ်ဆိုရင်တော့ တကယ့်ကို အကြီးအကျယ် အောင်မြင်မှာပဲ”
ဒီစကားတွေကို တခြားလူဆီက ကြားရင်တော့ မီဆို ယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါက သူမရဲ့ စီနီယာ ပြောနေတာလေ။ လောကထဲမှာ'ဆရာကြီး'လို့တောင် တင်စားကြတဲ့သူ။ အဲဒီအပြင် ထုတ်လုပ်ရေး အဖွဲ့တွေက ပရောဂျက်ကြီးတွေအတွက် သရုပ်ဆောင် ရှာတော့မယ်ဆိုရင် ဒိုင်အဖြစ် အမြဲတမ်း ဖိတ်ကြားခံရတဲ့သူလေ။
“ဒါဆို ဘာလို့လဲ။ အဲဒါနဲ့တင် မလုံလောက်ဘူးလား”
ဂျွန်မင်းက ရယ်လိုက်တယ်။
“သူနဲ့ တွေ့ပြီးမှ ငါ့ရဲ့ ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာသွားတာ”
“ခိုင်မာသွားတယ် ဟုတ်လား”
“ဟုတ်တယ်။ အဲဒီကလေး မာရူးက သရုပ်ဆောင်ဖို့ကို အသည်းအသန် မဖြစ်နေဘူး။ ဟုတ်ပါတယ် သူ့ရဲ့ လွတ်လပ်တဲ့ ပုံစံကြောင့် မင်းက သူ့ကို လိုချင်နေတာ ဖြစ်မှာပေါ့ ဒါပေမဲ့ အဲဒီလို စိတ်နေစိတ်ထားမျိုးက ပညာရှင်တွေရဲ့ လောကမှာ အလုပ်မဖြစ်ဘူး။ လက်ချောင်းတွေမှာ သွေးထွက်အောင်အထိ အသည်းအသန် ကြိုးစားပြီး လှေကားပေါ်ကို တက်ချင်စိတ် မရှိဘူးဆိုရင်တော့… ငါ သူနဲ့ အလုပ်မလုပ်ချင်ဘူး။ အဲဒီအပြင် သူကိုယ်တိုင်ကလည်း အစကတည်းက ငါနဲ့ အလုပ်လုပ်ချင်တဲ့ ပုံစံမျိုး မရှိပါဘူး”
မီဆိုကတော့ စိတ်ပျက်လက်ပျက်နဲ့ အောက်ကို ငုံ့ကြည့်ပြီး သက်ပြင်းချနေတုန်းမှာပဲ ဂျွန်မင်းကတော့ သူ့ရဲ့ လက်ဖက်ရည်ကိုပဲ ဆက်သောက်နေပါတော့တယ်။