အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း(၇၃)
လမ်းမထက်မှာတော့ အေးစက်စက် လေညင်းတွေ တိုက်ခတ်နေတယ်။ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ မီးဆိုင်းတွေအောက်မှာတော့ ဆိုင်ငယ်လေးတစ်ဆိုင်ကို တွေ့ရမှာပါ။ အဲဒီမီးရောင်တွေရဲ့ ရှေ့မှာတော့ စားပွဲအသေးလေး တစ်လုံးရှိနေပြီး အဲဒီရှေ့ကနေ လူငယ်တစ်ယောက် ဖြတ်လျှောက်သွားတယ်။ အဲဒီလူငယ်ဟာ လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ ဖုန်းကို ပွတ်နေတာပေါ့။ မှိတ်တုတ်မှိတ်တုတ် မီးရောင်အောက်မှာ အဲဒီလူက ပတ်ဝန်းကျင်ကို ခဏလောက် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်တယ်။ သုံးစက္ကန့်လောက် ငေးကြည့်နေပြီးမှ အဲဒီလူက စကားစပြောတော့တယ်။
"ဟေ့... ခင်ဗျားတို့ ဘယ်သူ့ကို ကြည့်နေကြတာလဲ"
စက္ကန့်အနည်းငယ်လောက် ကြောင်တောင်တောင်နဲ့ လိုက်ကြည့်နေပြီးမှ အဲဒီလူက သူ့မျက်နှာကို သူ ပြန်ညွှန်ပြလိုက်တယ်။
"ကျွန်တော့်ကိုလား"
အဲဒီလူဟာ အံ့ဩသွားတဲ့ မျက်နှာပေးနဲ့ ရေရွတ်လိုက်ပြီး ဂဏန်းတစ်ကောင်လို ဘေးတိုက် လျှောက်သွားတော့တယ်။ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပြီးမှ"တကယ်ကြီးလား ကျွန်တော့်ကိုလား"လို့ နောက်ဆုံးတစ်ခေါက် ထပ်မေးဖို့ ခေါင်းလေး ပြန်ပြူထွက်လာပြီးတော့မှ လုံးဝ ပျောက်ကွယ်သွားတော့တာပေါ့။
* * * * * * * * *
ဟန်မာရူးဟာ စင်ပေါ်ရောက်သွားတာနဲ့ သဘာဝကျကျ သရုပ်ဆောင်နိုင်သူတစ်ယောက်လို့ပဲ ပြောရမယ်။ အစိမ်းရောင်တိပ်အမှတ်အသားကနေ ထွက်လာပြီးနောက်မှာတော့ အဲဒီကောင်လေးဟာ နောက်ထပ်အခန်းအတွက် အေးအေးဆေးဆေးပဲ စောင့်ဆိုင်းနေခဲ့တယ်။
'ဟူး ... သူ့ကို ဘယ်လိုလုပ်မှ စိတ်အားထက်သန်လာအောင် လုပ်လို့ရမလဲ'
လွန်ခဲ့တဲ့ သုံးပတ်တုန်းက လီယွန်းဂျုံက မာရူးနဲ့ ပတ်သက်ပြီး သူမကို အကြံပေးခဲ့ဖူးတယ်။
‘မာရူးက ပြင်ပက တွန်းအားတွေကြောင့် လှုပ်ရှားမယ့် လူစားမျိုး မဟုတ်ဘူး။ သူ့မှာ အတွင်းစိတ် လှုံ့ဆော်မှုတစ်ခု လိုအပ်တယ်။ သူကိုယ်တိုင် စိတ်ပါဝင်စားလာတဲ့ အချိန်ကျမှသာ သူ့ရဲ့ တကယ့် အရည်အချင်းစစ်ကို ပြသမှာပေါ့။ ဒါကြောင့် အခုလောလောဆယ်တော့ သူ့ကို သွားပြီး စကားမပြောပါနဲ့ဦး။ စောင့်ပဲကြည့်နေလိုက်ပါ’
ယန်မီဆိုက အဲဒီနောက်မှာ မာရူးသာ တခြားတစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုဖြစ်မလဲလို့ မေးခဲ့ပေမဲ့ အဲဒီလူကတော့"အဲဒါကတော့ ဘဝပဲလေ"လို့ပဲ ပြန်ဖြေခဲ့တယ်။
‘သူက လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ သရုပ်ဆောင် စုဆောင်းတဲ့ နေရာမှာတော့ ငါ့ထက်တောင် ပိုပြီး ခေါင်းမာသေးတယ်'
မာရူးဟာ သရုပ်ဆောင်တာနဲ့ တစ်ပြိုင်နက် ကြယ်တစ်ပွင့်လို တောက်ပလာခဲ့တယ်။ အခုချိန်မှာတော့ သတိထားမိဖို့ ခက်ခဲနေသေးပေမဲ့ စင်ပေါ်က တခြားသရုပ်ဆောင်တွေနဲ့တော့ သိသိသာသာ ကွဲပြားနေဆဲပါပဲ။ ဒါကြောင့်လည်း လီယွန်းဂျုံကိုယ်တိုင်က မာရူးရဲ့ ပါရမီကို အသိအမှတ်ပြုခဲ့တာပေါ့။
'မာရူးက အံ့ဩစရာကောင်းတယ်လို့ သူ ပြောခဲ့တာပဲ'
လီယွန်းဂျုံရဲ့ စကားလုံးတွေက အလေးအနက် ရှိလှတယ်။ ပန်းတစ်ပွင့်ကို'လှတယ်'လို့ ပြောတဲ့အခါ ပထမဆုံးအကြိမ် မြင်ဖူးတဲ့သူနဲ့ အကြိမ်တစ်ရာမြောက် မြင်ဖူးတဲ့သူကြားမှာ ခံစားချက်ချင်း မတူသလိုမျိုးပေါ့။ လီယွန်းဂျုံက မာရူးကို'အံ့ဩစရာကောင်းတယ်'လို့ ချီးကျူးခဲ့တာ။ ဒါဆိုရင် မာရူးသာ စနစ်တကျ လေ့ကျင့်ခွင့်ရမယ်ဆိုရင် ဘယ်လောက်တောင် အစွမ်းပြနိုင်မလဲ။
'အဲဒီကလေးကို လှုပ်ခတ်သွားစေမယ့် တစ်ခုခုသာ ဖြစ်လာရင် ကောင်းမှာပဲ'
မီဆိုက စိုးရိမ်တကြီးနဲ့ သူမရဲ့ လက်မကို ကိုက်နေမိတယ်။ သူမဟာ တကယ့် စိန်ရတနာတစ်ပွင့်ကို ရှာတွေ့ထားပေမဲ့ လက်ဖျားနဲ့တောင် ထိလို့မရသေးတဲ့ အခြေအနေမို့ ရူးချင်စရာပါပဲ။
"နောက်တစ်ယောက်"
မီဆိုက လောလောဆယ်တော့ လေ့ကျင့်ရေးအပေါ်မှာပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ သူတို့မှာ နှစ်ပတ်ပဲ အချိန်ရှိတော့တာကိုး။ အဲဒီနောက်မှာတော့ သူတို့ရဲ့ ပြဇာတ်ကို ပွဲတော်မှာ ကပြရတော့မှာပါ။
* * * * * * * * *
"အားလုံး ပင်ပန်းသွားကြပြီ။ အိပ်ခါနီးရင် ကိုယ်လက်ဆန့်ထုတ်တာမျိုး လုပ်ကြဦးနော်။ ပြီးတော့ ရေနွေးနွေးလေးနဲ့ အာလုပ်ကျင်းဖို့လည်း မမေ့နဲ့ဦး၊ ရေပူကြီးနဲ့တော့ မလုပ်နဲ့။ အဲဒါက အသားအရေကို ခြောက်သွေ့စေလို့ပါ။ တို့မှာ နှစ်ပတ်ပဲ အချိန်ရှိတော့တာဆိုတော့ ကျန်းမာရေး ဂရုစိုက်တာကလည်း လေ့ကျင့်တာလောက်ပဲ အရေးကြီးတယ်နော်။ သိကြလား"
"ဟုတ်ကဲ့ပါ"
"ဆောင်းတွင်းကျရင် တို့တွေ ဖိုင်နယ်ကို အရောက်သွားကြမယ်။ ကဲ ... သွားကြတော့"
မီဆိုက လက်တစ်ဖက်ကို ရှေ့ထုတ်ပြီး"မိုးပြာရောင်"လို့ အော်လိုက်တဲ့အခါ ကျန်တဲ့သူတွေကလည်း "ဖိုက်တင်း"လို့ တက်တက်ကြွကြွ ပြန်ထူးကြတယ်။ ဒီနေ့အတွက် ကျေနပ်စရာကောင်းတဲ့ အလုပ်တွေကို ပြီးမြောက်သွားတဲ့ မျက်နှာထားလေးတွေနဲ့ ကလပ်အဖွဲ့ဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့တယ်။
"ကဲ ... သွားကြစို့"
မာရူးက လွယ်အိတ်ကို လွယ်ပြီး အရင်ဆုံး ထွက်လာခဲ့တယ်၊ ဟန်ဒိုဂျင်နဲ့ ပတ်ဒေးမြောင်တို့ကလည်း လှေကားအတိုင်း သူ့နောက်ကနေ လိုက်လာကြတာပေါ့။
"မင်းတို့ နှစ်ယောက်လုံး ဒီနေ့ အဆူမခံရဘူးနော်"လို့ ဒိုဂျင်က မနာလိုတဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီနေ့တော့ ဒိုဂျင်ဟာ ဒဏ်ချက်အနေနဲ့ ဒိုက်ထိုး အကြိမ်တစ်ရာ လုပ်ခဲ့ရတယ်။ အမှားတစ်ခုလုပ်တိုင်း အကြိမ်ငါးဆယ်နှုန်းနဲ့ပေါ့။ တကယ်တော့ သူ့အတွက်တော့ ဒါဟာ သိပ်ပြီး ဆိုးရွားတဲ့နေ့တော့ မဟုတ်ပါဘူး။
"အင်း ... ဒေးမြောင်က ထားပါဦး ... မာရူး၊ မင်းက ကျူရှင်တွေ ဘာတွေ တက်နေတာလား"
"မဟုတ်တာကွာ၊ ငါ့ရဲ့ ဇာတ်ကောင်က သရုပ်ဆောင်ရတာ လွယ်လို့ပါ"
"ဟဲ ... အဲဒီဇာတ်ကောင်က ငါ့အမြင်မှာတော့ လုံးဝ မလွယ်ဘူး။ ဟုတ်တယ်မလား ဒေးမြောင်"
မာရူးက သူတို့ နှစ်ယောက်ရဲ့ စူးစမ်းတဲ့ အကြည့်တွေကို လက်ယမ်းပြီး ငြင်းလိုက်တယ်။
"မင်းသာ ငါ့နေရာမှာဆိုရင် ငါ့ထက်တောင် ပိုတော်မှာပါ"
"မဖြစ်နိုင်တာ"
သူတို့ သုံးယောက်လုံး စီနီယာတွေကို နှုတ်ဆက်ပြီး ကျောင်းဝန်းထဲကနေ ထွက်လာခဲ့ကြတယ်။ ဒိုဂျင်နဲ့ ဒေးမြောင်က ဘတ်စ်ကားဂိတ်ကို သွားဖို့ ဘယ်ဘက်ကို ကွေ့သွားကြတယ်။ မာရူးကတော့ သူ့ရဲ့ စက်ဘီးနဲ့ ညာဘက်ကို ထွက်ဖို့ ပြင်နေတာပေါ့။
"မာရူး"
တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သံကြောင့် မာရူး စက်ဘီးပေါ်က ဆင်းလိုက်တယ်။ ဘန်ဂျောင်ဟော့ခ် ပါလား။ တစ်ခုခု ဖြစ်လို့လား။ အဲဒီကောင်လေးဟာ သူ့ကို စကားပြောဖို့ အသည်းအသန် ပြေးလာတာ သိသာလှတယ်။
"စကားပြောရအောင်"
"အေးလေ"
"လမ်းလျှောက်ရင်း ပြောကြတာပေါ့။ မင်းက ဒီဘက်မှာ နေတာလား"
"ဟုတ်တယ်။ မင်းကရော"
"ငါလည်း ဒီဘက်မှာပဲ"
သူတို့ နှစ်ယောက် ဘေးချင်းယှဉ်ပြီး လမ်းလျှောက်လာခဲ့ကြတယ်။ မာရူးက လက်တစ်ဖက်နဲ့ စက်ဘီးကို တွန်းရင်း ချန်ဟူးကို လှမ်းကြည့်လိုက်တယ်။
ပြီးခဲ့တဲ့ စာသင်နှစ်အစတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေအကြောင်း ပြောပြီးကတည်းက သူတို့ နှစ်ယောက်ကြားမှာ သီးသန့် စကားမပြောဖြစ်ကြတော့ဘူး။ မိနစ်အနည်းငယ်လောက် တိတ်ဆိတ်စွာ လမ်းလျှောက်လာပြီးမှ မီးပွိုင့်နီချိန်မှာ ချန်ဟူးက စကားစလိုက်တယ်။
"သရုပ်ဆောင်ရတာ ... မင်းအတွက် အဆင်ပြေရဲ့လား"
"သူများတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်တော့ အကောင်းဆုံး ကြိုးစားနေတာပဲ"
"ဝန်ထုပ်ဝန်ပိုး ဟုတ်လား။ မဟုတ်တာကွာ"
ဂျောင်ဟော့ခ်က ကောင်းကင်ကို ခဏလောက် မော့ကြည့်လိုက်တော့ မာရူးလည်း လိုက်ကြည့်မိတယ်။ လမင်းကြီးဟာ တောက်ပစွာ သာနေတာပေါ့။ စူပါမွန်းများလား မသိဘူး။ လပေါ်က အချိုင့်အခွက်တွေကိုတောင် မြင်နေရတယ်။
"လွန်ခဲ့တဲ့ တစ်နှစ်တုန်းက မီးလောင်မှုကြောင့် ပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အချိန်က ... ယွန်ရင်နဲ့ ဒန်မီတို့ တော်တော် ငိုခဲ့ကြတာ"
"ဒန်မီတောင် ငိုတယ်ဆိုတော့ အံ့ဩစရာပဲနော်"
"အေး ... ငါလည်း အံ့ဩသွားတာပဲ"
မီးပွိုင့် စိမ်းသွားတယ်။
"အဲဒီတုန်းက ငါ အများကြီး စဉ်းစားမိတယ်။ သရုပ်ဆောင်တာလောက်ပဲ ပြဇာတ်ပစ္စည်းတွေကလည်း အရေးကြီးတယ်ဆိုတာလေ။ အဲဒါကြောင့်ပဲ ဒုတိယနှစ် တက်လာတဲ့အခါမှာ စင်တင်မန်နေဂျာ လုပ်ဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ဆရာမ မီဆိုကြောင့် အဲဒီအစီအစဉ်က ပျက်သွားခဲ့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ကျရင် အဲဒီသူငယ်ချင်းတွေကို မငိုစေရဘူးလို့ ငါ ဆုံးဖြတ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ဖိုင်နယ်အထိ ခေါ်သွားပေးမယ်လို့ပေါ့"
"ဒါပေမဲ့ အဆင်မပြေခဲ့ဘူးပေါ့"
"ဟုတ်တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အကြိုပြိုင်ပွဲအထိ ရောက်ခဲ့တာဆိုတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် အများကြီး ပိုကောင်းပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီနေ့က ဂွန်ဆော့သာ မငိုခဲ့ရင် ယွန်ရင်နဲ့ ဒန်မီတို့ ငိုကြမှာ။ သူတို့က ဂွန်ဆော့ကို ပြန်ချော့နေရလို့ အောင့်ထားကြတာ"
မာရူးဟာ သူ့စီနီယာ နှစ်ယောက် ငိုနေတာကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ရင်း အနေရခက်စွာ ပြုံးလိုက်မိတယ်။
"တို့တွေ တတိယနှစ် ရောက်သွားရင် ပြဇာတ်တွေအပေါ်မှာ အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး။ လူတိုင်းက ကလပ်မှာ ဆက်နေချင်ကြပေမဲ့ အချိန်အများကြီး မပေးနိုင်တော့ဘူးလေ။ လိုင်စင်တွေ ယူရမယ်၊ အလုပ်တွေ ရှာရတော့မယ်။ ပြီးတော့ တို့ထဲက သုံးယောက်က တက္ကသိုလ်တက်ဖို့ ပြင်နေကြတာ။ ဒါက တို့တွေ ကလပ်မှာ အားသွန်ခွန်စိုက် လုပ်နိုင်မယ့် နောက်ဆုံးအခွင့်အရေး ဖြစ်လိမ့်မယ်"
"မင်းကရော"
"ငါလား ... တို့အိမ်က ဆိုင်ဖွင့်ထားတာဆိုတော့ အဲဒါကိုပဲ ဆက်ခံရမှာပေါ့။ အီဆိုးလ်လည်း အဲဒီလိုပဲ စဉ်းစားထားတာ မဟုတ်လား"
"အင်း ... အီဆိုးလ်က သူ့မိဘတွေရဲ့ စားသောက်ဆိုင်ကို ဆက်ခံချင်နေတာ"
"အမှန်အတိုင်းပြောရရင် သူ အဲဒီလို လုပ်နေတာကို ငါ စိတ်ကူးလို့တောင် မရဘူး"
"ငါလည်း အတူတူပါပဲ"
အီဆိုးလ်ဟာ ရုပ်ရှင်မင်းသမီးတစ်ယောက်လို လှပသူပါ။ သူက ဟင်းချက်ဝတ်စုံကြီး ဝတ်ပြီး စားသောက်ဆိုင်မှာ အလုပ်လုပ်နေမယ်ဆိုတာ ...
'နေဦး ... အဲဒါက တကယ် ဖြစ်နိုင်တာပဲ'
လှပတဲ့ အမျိုးသမီးတစ်ယောက် ဦးဆောင်နေတဲ့ စားသောက်ဆိုင် ... ပိုက်ဆံရှာဖို့ အခွင့်အလမ်းကောင်း တစ်ခုပဲ။ မာရူးအနေနဲ့ နောက်ပိုင်းကျရင် အတူတူ အလုပ်လုပ်ဖို့ တောင်းဆိုကြည့်ရင်ကော။ အဲဒီလိုတွေ တွေးနေတုန်းမှာပဲ ချန်ဟူးက ရုတ်တရက် လမ်းလျှောက်တာကို ရပ်လိုက်တယ်။
"နောက်နှစ်ကျရင် မင်းကို ကလပ်ဥက္ကဋ္ဌ ဖြစ်စေချင်တယ်"
မာရူးက စက်ဘီးကို ရပ်လိုက်ပြီး ဂျောင်ဟော့ခ်ကို လှမ်းကြည့်လိုက်တယ်။ တကယ်တော့ဂျောင်ဟော့ခ် ဟာ အဲဒီစကားကို မပြောခင် အကြာကြီး တွန့်ဆုတ်နေခဲ့တာပါ။ ပြောဖို့ သိပ်ပြီး မခက်ခဲပေမဲ့ မာရူးရဲ့ ရှေ့မှာတော့ သူ တွန့်ဆုတ်နေခဲ့တာပေါ့။
"ငါ ဒါကို အကြာကြီး စဉ်းစားခဲ့တာ။ ငါတစ်ယောက်တည်း တွေးခဲ့တာလည်း မဟုတ်ဘူး။ ဒုတိယနှစ်တွေ အကုန်လုံးက မင်းကိုပဲ ဥက္ကဋ္ဌ ဖြစ်စေချင်ကြတာ။ မင်းသာ ဘေးကနေပဲ ကြည့်နေဦးမယ်ဆိုရင် တို့တွေ ဘာမှ ပြောမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ... အခု မင်းက ကိုယ်တိုင် ပါဝင်လှုပ်ရှားလာပြီဆိုတော့ မင်းပဲ တာဝန်ယူသင့်တယ်လို့ ငါ ထင်တယ်"
"တခြားသူတွေကို မေးကြည့်ဖို့ ငါ အကြံပေးချင်ပါတယ် ..."
"ဒါပေါ့၊ မင်း ငြင်းရင်တော့ တခြားသူကို မေးရမှာပေါ့။ တို့တွေက အတင်းအကျပ် ခိုင်းနေတာ မဟုတ်ပါဘူး"
"ဒါဆို ဘာလို့ ငါဖြစ်နေရတာလဲ"
"ဘာလို့လဲဆိုတော့ မင်းက ကလပ်အတွက် မှန်ကန်တဲ့ စကားတွေကို ပြောနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေလို့ပဲ"
"အဲဒီတုန်းက ငါက မောက်မာခဲ့တာပါ"
"ဆရာတေးဆစ်ဆီကနေ အကြောင်းစုံ ကြားပြီးပါပြီ။ အာ ... အေးလေ၊ သူ မပြောမချင်း ငါ ဖိအားပေးပြီး မေးခဲ့တာပါ။ သူကတော့ လျှို့ဝှက်ထားချင်ခဲ့တာပေါ့"
ဂျောင်ဟော့ခ် ဟာ တစ်ချိန်တုန်းက တေးဆစ် မာရူးအကြောင်း ပြောနေတာကို ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ သူက အဲဒီလူဆီကနေ သတင်းအချက်အလက်တွေ ရဖို့ ဆက်တိုက် ကြိုးစားခဲ့တာပေါ့။ နောက်ဆုံးမှာတော့ မာရူးဟာ ကလပ်အတွက် ဘယ်လိုမျိုး လူဆိုးနေရာကနေ ပါဝင်ပေးခဲ့လဲဆိုတာကို သူ သိသွားခဲ့တယ်။
ဒါပေါ့၊ အစကတည်းက သူ အဲဒီလို ဖြစ်နိုင်တယ်လို့ ထင်ခဲ့ပေမဲ့ အကြံပေးဆရာနဲ့ စကားပြောပြီးမှသာ ဒါဟာ အမှန်တရားဖြစ်ကြောင်း သူ သိလိုက်ရတာပါ။ ဂျောင်ဟော့ခ် ဟာ ကျန်တဲ့ ဒုတိယနှစ်တွေကိုလည်း ဒီအကြောင်း ပြောပြခဲ့တယ်၊ သူတို့တွေ သိသင့်တယ်လို့ သူ တွေးခဲ့လို့ပေါ့။
အဲဒီနောက်မှာတော့ သူတို့တွေဟာ မာရူးကို နောက်နှစ်အတွက် ဥက္ကဋ္ဌ ခန့်ဖို့ စိတ်ကူးရခဲ့ကြတာပေါ့။ သူတို့ တတိယနှစ် ရောက်သွားရင် ကလပ်မှာ အလုပ်မလုပ်နိုင်တော့တာမို့ ဒီအချိန်လောက်မှာ ဥက္ကဋ္ဌသစ် ရွေးချယ်တာက ကလပ်ရဲ့ အစဉ်အလာ တစ်ခုလို ဖြစ်နေခဲ့ပြီလေ။
"... ဒါဆိုရင်တော့ ဒီရာထူးကို တခြားတစ်ယောက်ကိုပဲ အကြံပြုပေးလိုက်ပါ"လို့ မာရူးက ပြောလိုက်တယ်။
ဂျောင်ဟော့ခ် က ခေါင်းယမ်းပြတယ်။
"အရင်တုန်းကဆိုရင်တော့ ငါ သေချာပေါက် အဲဒီလို လုပ်မှာပေါ့။ ဘာလို့လဲဆိုတော့ မင်းက အမြဲတမ်း ဘေးက ကြည့်နေတဲ့သူ ဖြစ်ခဲ့လို့ပဲ။ ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ဘူးလေ။ မင်း သရုပ်ဆောင်တာကို ပိုပြီး အလေးအနက်ထားလာပြီ မဟုတ်လား"
နွေရာသီ မတိုင်ခင်လေးအထိ မာရူးဟာ ကလပ်မှာ ပရိသတ်တစ်ယောက်လိုပဲ နေခဲ့တာ။ ပါဝင်လှုပ်ရှားပေမဲ့လည်း သိပ်ပြီးတော့ မဟုတ်ခဲ့ဘူးပေါ့။ အဲဒါတွေ အားလုံးက ဆောင်းဦးမှာ ပြောင်းလဲသွားခဲ့တယ်။
တစ်ချိန်မှာတော့ မာရူးကိုယ်တိုင် သရုပ်ဆောင်လာပြီး ကလပ်ရဲ့ ကိစ္စတွေမှာလည်း အတော်လေး နက်နက်ရှိုင်းရှိုင်း ပါဝင်လာခဲ့တယ်။ သူ ပြောင်းလဲသွားခဲ့ပြီ။ ဂွန်ဆော့နဲ့ ဒေးမြောင်တို့က သရုပ်ဆောင် ပါရမီရှိကြတာ မှန်ပေမဲ့ ကျန်တဲ့ အရာအားလုံးမှာတော့ မာရူးက သူတို့ နှစ်ယောက်ထက် အများကြီး သာလွန်နေခဲ့တယ်။ အဲဒီကောင်လေးဟာ ဂျောင်ဟော့ခ်ကို သူ့ရဲ့ အစ်ကိုကြီးကိုတောင် တစ်ခါတစ်ရံ သတိရစေခဲ့တယ်လေ။
'မဟုတ်ဘူး၊ သရုပ်ဆောင်တဲ့ နေရာမှာလည်း မာရူးက အဲဒီ နှစ်ယောက်နဲ့ ယှဉ်နိုင်ပါတယ်'
မာရူးရဲ့ သရုပ်ဆောင်မှုကို ကြည့်ရုံနဲ့တင် ပြဇာတ်ရဲ့ မြင်ကွင်းကို ခန့်ညားသွားစေတာပေါ့။ ပြီးတော့ စင်ပေါ်မှာ သူ သဘာဝကျကျ သရုပ်ဆောင်ပုံတွေက တခြားသရုပ်ဆောင်တွေကိုပါ ပြဇာတ်ထဲမှာ စီးမျောသွားအောင် လုပ်နိုင်ခဲ့တယ်။ သူ့မှာ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခု ရှိနေတယ်။
မာရူးဟာ ရင့်ကျက်တယ်၊ သရုပ်ဆောင် ကောင်းတယ်၊ ပြီးတော့ သူ့ရဲ့ စကားလုံးတွေကလည်း အမြဲတမ်း အလေးအနက် ရှိတယ်။ ဥက္ကဋ္ဌ တာဝန်ကို ယူဖို့ သူ့ထက် ပိုပြီး သင့်တော်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ။
"မင်းကို အခုချက်ချင်း ဆုံးဖြတ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကလပ်က ဒီလိုမျိုး တွေးနေကြတယ်ဆိုတာကို သိစေချင်ရုံတင်ပါ"
ဂျောင်ဟော့ခ် က မာရူးရဲ့ ပုခုံးကို ခဏလောက် ပုတ်ပေးလိုက်ပြီး ထွက်ခွာသွားတော့တယ်။ သူကတော့ မာရူးကို ဥက္ကဋ္ဌ ဖြစ်စေချင်ပေမဲ့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဘယ်သူ သိမှာလဲ။ အခု သူ လုပ်နိုင်တာကတော့ စောင့်ဆိုင်းဖို့ပါပဲ။
* * * * * * * * *
"ဥက္ကဋ္ဌ ဟုတ်လား"
သူ့ရဲ့ အရင်ဘဝတုန်းက တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ အရာတစ်ခုပေါ့၊ စဉ်းစားမိရုံနဲ့တင် မာရူးဟာ နည်းနည်းတော့ ရယ်ချင်မိသွားတယ်။ မာရူးက ဆံပင်ပေါ်က ရေစက်တွေကို သုတ်လိုက်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်တယ်။ တခြားအချိန်ဆိုရင်တော့ သူ ချန်ဟူးကို အဲဒီနေရာမှာတင် ငြင်းလိုက်မှာပါ၊ ဒါပေမဲ့ ဒီနေ့တော့ သူ အဲဒီလို မလုပ်နိုင်ခဲ့ဘူး။
"ပါရမီ ..."
လွန်ခဲ့တဲ့ သုံးပတ်တုန်းက မာရူးဟာ လီယွန်းဂျုံရဲ့ စိတ်ထဲကို မြင်ခဲ့ရတယ်။
[ ဒီကောင်က ပါရမီ ရှိတယ်။ ငါကိုယ်တိုင် ပျိုးထောင်ပေးချင်လောက်အောင်ကိုပဲ။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ စိတ်မဝင်စားဘူး ဖြစ်နေတယ် ]
လွန်ခဲ့တဲ့ သုံးပတ်တုန်းက မာရူးဟာ အင်တာနက်မှာ လီဂျွန်မင်းကို လိုက်ရှာခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ရဘူး။ JA Production လည်း အတူတူပါပဲ။ လီဂျွန်မင်းလို့ ရှာလိုက်ရင် အမည်တူ အိုင်ဒေါတစ်ယောက်ရဲ့ အကြောင်းတွေပဲ ပေါ်လာတာကိုး။
ဒါပေမဲ့ သူ နည်းနည်း ထပ်ပြီး စူးစမ်းလိုက်တဲ့ အခါမှာတော့ အနုပညာ သတင်းဆောင်းပါး တချို့မှာ အဲဒီလူကို တွေ့ခဲ့ရတယ်။ သူ့အကြောင်းကို သိပ်ပြီး မဖော်ပြကြပေမဲ့ ဖော်ပြတဲ့ အခါတိုင်းမှာလည်း 'Maestro'ဆိုတဲ့ နာမည်ပြောင်က အမြဲတမ်း ပါလာတတ်တယ်။
(TR Note: Maestro ဆိုတာက အီတလီစကားကနေဆင်းသက်လာတာဖြစ်ပြီး နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်သူတွေကို လေးစားသမှုနဲ့ခေါ်တာဖြစ်ပါတယ်။ အနုပညာလောကမှာဆို အနုပညာရှင်ကြီးပေါ့)
အဲဒီလူဟာ သူ ထင်ထားတာထက် အများကြီး ပိုပြီး ကျော်ကြားသူ ဖြစ်ကြောင်း မာရူး သိလိုက်ရတယ်။ အဲဒီလူက ပရိုဂျူဆာ တစ်ယောက်ပါ၊ နာမည်ကြီး လူသစ်တွေကို အမြဲတမ်း ရှာဖွေဖော်ထုတ်ပေးနေတဲ့သူပေါ့။ ဆောင်းပါးတစ်ခုမှာဆိုရင် အခုလောလောဆယ် တီဗီမှာ အရမ်း နာမည်ကြီးနေတဲ့ ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီးကိုတောင် သူ ပျိုးထောင်ပေးခဲ့တာလို့ ဖော်ပြထားတယ်။
အဲဒီလူဟာ သာမန် ပြည်သူတွေကြားမှာ သိပ်ပြီး နာမည်မကြီးပေမဲ့ သရုပ်ဆောင် လောကမှာတော့ ထိလိုက်တိုင်း ရွှေဖြစ်တဲ့ လက်လို့တောင် ပြောလို့ရတယ်။ အဲဒီလို လူမျိုးက မာရူးကို ပါရမီ ရှိတယ်လို့ တွေးခဲ့တာပေါ့။ အဲဒါကြောင့်ပဲ မာရူးဟာ ပြီးခဲ့တဲ့ သုံးပတ်လုံးလုံး အကြာကြီး စဉ်းစားနေမိတာပါ။ သူ့ကို ရွေးချယ်စရာ တစ်ခု ပေးလိုက်ပြီလေ။ သူ့ရဲ့ အရင်ဘဝမှာ မရခဲ့ဖူးတဲ့ ရွေးချယ်မှုမျိုးပေါ့။
"ငါသာ ဒီလမ်းကို ရွေးလိုက်ရင် ငါ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်သွားမှာလဲ"
သူဟာ ရှုတင်မန်နေဂျာ ဒါမှမဟုတ် ရုံးဝန်ထမ်း တစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး၊ အဲဒါကတော့ သေချာတယ်။ သရုပ်ဆောင် တစ်ယောက် ဖြစ်လာတာက ကောင်းတဲ့ အချက်တွေ ရှိတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူ စိုးရိမ်နေမိတယ်။ သူဟာ ဘဝမှာ ရှုံးနိမ့်မှုတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပြီးပြီလေ။
"ငါကတော့ အဘိုးကြီး ဖြစ်နေပြီပဲ"
နောက်ပြီး တစ်ခု ရှိသေးတယ်။
"ငါ သူမဆီကနေ ဖုန်းနံပါတ် တောင်းခဲ့သင့်တာ"
သူသာ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရင် သူ့ရဲ့ အနာဂတ်နဲ့ သူမရဲ့ အနာဂတ် ဘာဖြစ်သွားမလဲဆိုတာ သူ မသိဘူး။ အဲဒီ အချက် နှစ်ခုကို သူ စိုးရိမ်နေတာပါ။ အခုလောလောဆယ်တော့ သူ့ရဲ့ စိုးရိမ်မှုကို သူ မဖြေရှင်းနိုင်သေးပေမဲ့ သူမနဲ့ သူ့ကြားက ကိစ္စကိုတော့ တစ်နည်းနည်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒီတစ်ကြိမ်မှာ သူမနဲ့ ပိုပြီး စောစော တွေ့ဆုံနိုင်မယ်ဆိုရင် ...
'ဒီတစ်ခါတော့ မင်းကို ငါ ပျော်အောင် ထားပါ့မယ်'
မာရူးဟာ သူမကို တောက်ပတဲ့ ဘဝတစ်ခု လက်ဆောင်ပေးချင်တယ်။ အထူးသဖြင့် မိသားစုအတွက်နဲ့ အရင်ဘဝတုန်းက သူမ စွန့်လွှတ်ခဲ့ရတဲ့ အိပ်မက်တွေ အတွက်ပေါ့။ ဒါဆိုရင်တော့ ... ဒီဘဝမှာတော့ ... မာရူးဟာ သူမ လိုချင်တဲ့ ကမ္ဘာကြီးကို ပေးချင်တယ်၊ သူမ ဖြစ်ချင်တာ မှန်သမျှ လုပ်နိုင်မယ့် ကမ္ဘာမျိုးပေါ့။
"ဒါပေမဲ့ သူမနဲ့ အရင်ဆုံး တွေ့ဖို့ လိုတာပေါ့"
တခြားသူတွေ မခူးဆွတ်ခင် သူမမှာ ပိုင်ရှင် ရှိနေပြီဆိုတာကို အရင်ပြဖို့ လိုတယ်လေ။
"သူမက တကယ်ကို လှလွန်းတာကိုး"
မာရူးဟာ သူ့ဘဝဆိုတဲ့ သင်္ဘောကြီးဟာ အခုလေးတင် လမ်းကြောင်း အနည်းငယ် ပြောင်းလဲသွားပြီဆိုတာကို သိလိုက်ရတော့တယ်။
* * * * * * * * *
အခန်း(၇၄)
စောင်အပြင်ဘက်ကို ရောက်နေတဲ့ သူ့ခြေချောင်းလေးတွေကို လိုက်စမ်းရင်း သူမ မျက်လုံးပွင့်လာတယ်။ ဖုန်းကို လှမ်းယူကြည့်လိုက်တော့ မနက် ၈ နာရီပဲ ရှိသေးတယ်၊ ချိန်းထားတဲ့အချိန် ရောက်ဖို့ ၃ နာရီတောင် လိုသေးတာပဲ။
"အား ... ချမ်းလိုက်တာ"
စောင်အသစ်တစ်ထည်လောက်တော့ ဝယ်ရတော့မယ်ထင်တယ်။ ဒီနှစ် နွေရာသီကလည်း ထုံးစံအတိုင်း အရမ်းတိုတောင်းလွန်းလှပါတယ်။ ခုတင်ပေါ်မှာ ငါးမိနစ်လောက် ဟိုလှည့်ဒီလှည့် လုပ်နေပြီးမှ သူ့အဖေ ခဏခဏညည်းလေ့ရှိတဲ့ သီချင်းလေးတစ်ပုဒ်ကို သူမ လိုက်ညည်းနေမိတယ်။ အဲဒါကြောင့်ပဲ သူမကိုယ်တိုင်လည်း ဒီသီချင်းကို မကြာခဏ ညည်းမိနေတာပေါ့။
ဒါပေမဲ့ မေမေ့ရှေ့မှာတော့ မညည်းဖြစ်အောင် သူမ သတိထားရတယ်။ သူမ သီချင်းညည်းတိုင်း မေမေက အမြဲတမ်း ဝမ်းနည်းတဲ့မျက်နှာမျိုး လုပ်တတ်လို့လေ။ ခုတင်ပေါ်မှာ နောက်ထပ် မိနစ်အနည်းငယ်လောက် လူးလိမ့်နေပြီးမှ ညည်းညူသံလေးနဲ့အတူ သူမ ထလိုက်တော့တယ်။
အခုတော့ မနက် ၈ နာရီ မိနစ် ၂၀ ရှိသွားပြီ။ မနေ့က စားလက်စ အစားအစာတွေကို ယူပြီး မိုက်ခရိုဝေ့ဗ်ထဲ ထည့်လိုက်တယ်။ မေမေက အိပ်ပျော်နေတုန်းပဲဆိုတော့ မိုက်ခရိုဝေ့ဗ်က အသံမမြည်ခင် စက္ကန့်ပိုင်းအလိုမှာပဲ အစားအစာတွေကို သူမ အမြန်ထုတ်လိုက်ရတယ်။ အဲဒီနောက်မှာတော့ အခန်းထဲကို ပြန်ဝင်လာပြီး မနေ့က သိမ်းထားတဲ့ သရုပ်ဆောင်ဗီဒီယိုအချို့ကို ဖွင့်ကြည့်လိုက်တော့တယ်။
စားနေရင်းနဲ့ပဲ သူမရဲ့ အာရုံတွေက မော်နီတာဆီမှာ။ ကျောင်းသားတွေ ကပြတဲ့ ပြဇာတ်ဖြစ်နေရင်တောင် လူတွေ သရုပ်ဆောင်တာကို ကြည့်ရတာ သူမအတွက်တော့ အမြဲတမ်း ပျော်စရာပါပဲ။ မိနစ်သုံးဆယ်လောက် ကြာတော့ ပြဇာတ်ပြီးသွားတယ်။ သူမ အစားအစာတွေကို ချထားလိုက်ပြီး လက်ခုပ်ခပ်ဖွဖွလေး တီးလိုက်မိတယ်။
"တော်ကြသားပဲ"
ဒါပေမဲ့ တို့တွေက ပိုတော်ပါတယ်။ သူမကတော့ ပြုံးပြုံးလေးနဲ့ ဝင်းဒိုးကို ပိတ်လိုက်ပြီး သူမရဲ့ ကိုယ်ပိုင်ဘလော့ဂ်ကို ဖွင့်လိုက်တယ်။ တခြားကလေးတွေက Cyworld သုံးဖို့ ပြောကြပေမဲ့ အဲဒါက သူမ အကြိုက်နဲ့ သိပ်မကိုက်ဘူးလေ။
စတစ်ကာတွေနဲ့ လင်းထိန်နေတဲ့ စာသားတွေထက်စာရင် သူမကတော့ ရိုးရိုးဘလော့ဂ်တွေကို ပိုသဘောကျတယ်။ ပြီးတော့ တကယ့် သရုပ်ဆောင် အတတ်ပညာရှင် အများစုကလည်း ဒီဘလော့ဂ်တွေမှာပဲ စုနေကြတာကိုး။ သူတို့ဖွင့်ထားတဲ့ ဘလော့ဂ်တွေကလည်း အံ့ဩစရာကောင်းလောက်အောင် များလှပါတယ်။
ဝေဖန်ချက်တွေ၊ ပြင်ဆင်နေတုန်းမှာ ဘာတွေဖြစ်ခဲ့လဲ၊ ပရိသတ်တွေနဲ့ ဘာတွေကြုံခဲ့လဲ ဆိုတဲ့အကြောင်းတွေကို ဖတ်ကြည့်ရင်း သူမရဲ့ အိပ်မက်တွေကို စိတ်ကူးထဲမှာ ပုံဖော်နေမိတယ်။ သူမလည်း တစ်နေ့ကျရင် သူတို့လိုမျိုး တခြားသူတွေရဲ့ စံပြဖြစ်လာရမယ်လေ။
ကလစ် ... ကလစ်။ တခြားဘလော့ဂ်တွေကို လိုက်ကြည့်နေရင်းနဲ့ပဲ သူမရဲ့ မျက်လုံးတွေက ရင်းနှီးနေတဲ့ ID တစ်ခုဆီမှာ ရပ်သွားတယ်။
မာရူး။
"အော်"
ဟိုအရင်က ဘလော့ဂ်ပဲ မဟုတ်လား"အတိတ်သို့ တကျော့ပြန်ခရီး"ဆိုတဲ့ ဘလော့ဂ်လေ။ သူမ အရင်က အဲဒီမှာ ကွန်မန့်တစ်ခု ရေးခဲ့ဖူးတယ်၊ ပြန်စာများ ရှိနေမလား ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ပြန်စာလေး တကယ်ရှိနေတာကို တွေ့လိုက်ရတယ်။
“တို့တွေလည်း ဆောင်းတွင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အကယ်၍ တို့တွေ ခြေစစ်ပွဲအောင်ခဲ့ရင် အဲဒီမှာ တွေ့ကြတာပေါ့။ ကံကောင်းပါစေ၊ Black Swan ရေ။”
မိန်းကလေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးလိုက်မိတယ်။ အဲဒီမှာ ဘလော့ဂ်ပို့စ်အသစ်အချို့ ထပ်တိုးနေတာကိုလည်း သတိထားမိလိုက်တယ်။ ဘလော့ဂ်ပိုင်ရှင်က ပို့စ်တွေကို ပုံမှန်တင်နေတာကို ကြည့်ရင် တကယ်ကို ကြိုးစားတဲ့သူ ဖြစ်ရမယ်။
“ကံကောင်းပါစေနော်။ ဒါပေမဲ့ ဆောင်းတွင်းပြိုင်ပွဲမှာလည်း တို့တွေကပဲ ပထမရမှာပါ။”
ပို့စ်တင်ဖို့ လုပ်နေတုန်းမှာပဲ သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်တယ်။ သက်ပြင်းတစ်ချက်ချပြီး ကီးဘုတ်ပေါ်ကို လက်ပြန်တင်လိုက်မိတယ်။
‘ငါ့စကားက ရိုင်းသလို ဖြစ်နေမလားပဲ’
“ကံကောင်းပါစေနော်။ ဗိုလ်လုပွဲမှာ ဆုံနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် “
သူမရဲ့ ပထမဆုံး 'အိမ်နီးချင်း'ဘလော့ဂ်ပိုင်ရှင်နဲ့ အစကတည်းက ရန်မဖြစ်ချင်ဘူးလေ။ ကွန်မန့်လေး တင်ပေးပြီးတာနဲ့ သူမ ထိုင်ခုံကနေ ထလိုက်တယ်။ အပြင်ထွက်ဖို့ အချိန်တန်ပြီလေ။
* * * * * * * * *
ဂျွန်မင်းက သူ့သူငယ်ချင်းတစ်ယောက်ကို အိမ်ကြည့်ပေးဖို့ အကူအညီတောင်းလိုက်တယ်။ သူ့သူငယ်ချင်းက ခွေးချစ်တတ်တဲ့သူဆိုတော့ ခွေးတွေကို စိတ်ချလက်ချ အပ်ထားလို့ ရတာပေါ့။ ဂျွန်မင်းရဲ့အိပ်မက်က နယ်ဘက်မှာ အနားယူပြီး ခွေးလေးတွေနဲ့အတူ လွတ်လွတ်လပ်လပ် နေချင်တာ။ သူ့မှာ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ငွေကြေးအလုံအလောက် ရှိပေမဲ့ လောလောဆယ်တော့ သူ့အလုပ်အပေါ်မှာ လောဘက ကြီးနေတုန်းပဲ။
ဒီနေ့က တနင်္ဂနွေနေ့ မနက်ခင်း။ ပုံမှန်ဆိုရင်တော့ ခွေးလေးတွေနဲ့အတူ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေရမယ့်နေ့ပေါ့၊ ဒါပေမဲ့ ဒီနေ့တော့ မတူဘူး။ နားကြပ်တစ်ဖက် တပ်ပြီး မြေအောက်ရထားပေါ်ကို တက်လာခဲ့တယ်။ လက်တစ်ဖက်မှာ မှတ်စုစာအုပ်ဟောင်းလေးတစ်အုပ်၊ နောက်လက်တစ်ဖက်မှာတော့ သီသန့်အော်ဒါမှာပြီးလုပ်ထားတဲ့ ဘောပင်တစ်ချောင်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင်က လူတွေကို အကဲခတ်နေမိတယ်။
တောင်ကိုရီးယားမှာ'မြန်မြန် မြန်မြန်'ဆိုတဲ့ ယဉ်ကျေးမှု အားအနည်းဆုံးနေရာကို ပြပါဆိုရင် တနင်္ဂနွေနေ့ မနက် ၁၁ နာရီမှာ ပြေးဆွဲနေတဲ့ လိုင်းနံပါတ် ၃ မြေအောက်ရထားကိုပဲ သူ ပြရလိမ့်မယ်။ ရထားထဲမှာ လူတွေ ရှိနေသလို ခံစားရပေမဲ့ တကယ့် လက်တွေ့မှာတော့ အဲဒီလို မဟုတ်ဘူး။
လူတိုင်းက လိပ်ကလေးတွေလိုပဲ တရွေ့ရွေ့ သွားနေကြတာ။ ဥပမာ - ဟိုမှာရှိတဲ့ ရထားတံခါးရှေ့က အမျိုးသမီးကိုပဲ ကြည့်လိုက်ပါဦး။ သူ့လည်ပင်းက လှုပ်ကိုမလှုပ်ဘဲ ငါးမိနစ်လောက် တောင့်နေတာ။ သူ့ဘေးက ဆယ်ကျော်သက်ကောင်လေးကလည်း ဝတ္ထုတစ်အုပ်ကို အသည်းအသန် ဖတ်နေတယ်။ သူလည်း လှုပ်ကို မလှုပ်ဘူး။
ရထားရဲ့ တခြားတစ်ဖက်မှာတော့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက် ဘေးက တိုင်ကို တင်းတင်းဆုပ်ကိုင်ရင်း အိပ်ပျော်နေတယ်၊ သူလည်း မလှုပ်ဘူး။ ထူးဆန်းလိုက်တာ။ အမြန်ပြေးနေတဲ့ မြေအောက်ရထားထဲမှာ တိတ်ဆိတ်ခြင်းတွေကလွဲလို့ ဘာမှမရှိဘူး။
ဂျိ ... ဂျောက် ... ဂျိ ... ဂျောက် ...
သံလမ်းပေါ်မှာ လိမ့်နေတဲ့ ရထားဘီးသံတွေက လူတစ်ယောက်ရဲ့ နှလုံးခုန်သံနဲ့တောင် တူနေသလိုပဲ။ အဲဒီအသံကို နားထောင်ရတာ ဂျောင်ဟော့ခ်အတွက်တော့ တကယ်ကို စိတ်သက်သာရာ ရစေပါတယ်။ တကယ်တော့ သူက ဒီလိုအချိန်လေးတွေကို အရမ်းသဘောကျတာ။ သူ တစ်ခုခုကို စဉ်းစားဖို့ လိုအပ်တိုင်း တနင်္ဂနွေနေ့ ဒီလိုအချိန်မျိုးမှာ လိုင်းနံပါတ် ၃ ရထားကို အမြဲစီးလေ့ရှိတယ်။
သရုပ်ဆောင်လောကထဲကို စဝင်တဲ့နေ့ကတည်းက သူ ကိုင်ဆောင်လာခဲ့တဲ့ မှတ်စုစာအုပ်လေးကို ဖွင့်ကြည့်လိုက်တယ်။ ဒီစာအုပ်ထဲက စာရွက်တွေကို သူ အကြိမ်ကြိမ် လဲခဲ့ပြီးပြီ။ တကယ်တော့ သူ့အိမ်က ဘီဒိုတစ်ခုထဲမှာ ဒီစာရွက်တွေနဲ့ ပြည့်နေတာလေ။ အဲဒီစာရွက်တွေက သူ့ရဲ့ အတွေးစတွေအားလုံးကို စုစည်းထားတာပဲ။
ဒီနေ့ ဂျောင်ဟော့ခ် ရထားစီးလာရတဲ့ အကြောင်းရင်းက ကိစ္စတစ်ခုကြောင့်ပဲ။ အဲဒါက သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တကယ်တော့ အခုချက်ချင်း ဆုံးဖြတ်လိုက်လို့ ရတဲ့အရာပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်မယ့်အစား ရထားစီးဖို့ သူ ဆုံးဖြတ်လိုက်တာ။
'သူက တော်တော်လေး သတ္တိရှိသားပဲ'
ဂျောင်ဟော့ခ် မနေ့က တွေ့ဆုံမှုအကြောင်း ပြန်စဉ်းစားနေမိတယ်။
သူ့ရဲ့ အလုပ်ဖုန်းမဟုတ်ဘဲ ကိုယ်ပိုင်ဖုန်းဆီကို ဖုန်းတစ်ခု ဝင်လာခဲ့တယ်။ ယန်မီဆို ဆီကပါ။ ဖုန်းကိုင်လိုက်တော့ ယန်မီဆိုက အဲဒီကလေးကို သူ့ဖုန်းနံပါတ် ပေးလိုက်လို့ ရမလားဆိုပြီး မေးလာတယ်။ သူ့လေသံကလည်း ဂျွန်မင်းလိုပဲ ဇဝေဇဝါ ဖြစ်နေပုံရတယ်။
အဲဒီကလေး။
ဂျွန်မင်း ချက်ချင်းပဲ ဟန်မာရူး ကို ပြေးမြင်လိုက်ပြီး ရပါတယ်လို့ ပြောလိုက်တယ်။ ခဏနေတော့ ဖုန်းဝင်လာတယ်။ မာရူး ဆီကပေါ့။ အဲဒီကျောင်းသားက တွေ့ဖို့ အချိန်ပေးနိုင်မလားလို့ မေးလာတယ်။ သူလည်း လက်ခံလိုက်ပါတယ်။ တစ်လတိတိ ကြာပြီးမှ အဲဒီကောင်လေး ဘာတွေ ပြောလာမလဲဆိုတာကို သူ တော်တော်လေး သိချင်နေတာကိုး။ တစ်ခုခုများ ပြောင်းလဲသွားလို့လား
သူတို့တွေ ပထမဆုံးဆုံခဲ့တဲ့ ကဖေးဆိုင်မှာပဲ တွေ့ဖို့ ချိန်းလိုက်ကြတယ်။ ညနေ ၃ နာရီလောက် ရောက်သွားတဲ့အခါ ကျောင်းသားလေးက ထိုင်စောင့်နေတာကို တွေ့ရတယ်။
"တစ်လတောင် ကြာသွားပြီနော်"
"ဟုတ်ကဲ့။ အဲဒီတုန်းက ကျွန်တော့်ကိုယ်ကျွန်တော် သေသေချာချာ မိတ်မဆက်ရသေးလို့ ထပ်ပြီး မိတ်ဆက်ပါရစေ။ ကျွန်တော် ဟန်မာရူး ပါ"
အဲဒီအချိန်မှာပဲ ဂျွန်မင်းတစ်မျိုးကြီး ခံစားလိုက်ရတယ်။ မရင့်ကျက်သေးတဲ့ ကျောင်းသားတစ်ယောက်နဲ့ စကားပြောနေရသလိုမျိုး မဟုတ်ဘဲ အတွေ့အကြုံရင့်ကျက်တဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ စကားပြောနေရသလိုမျိုးပဲ။ မာရူးက ခေါင်းတစ်ချက် ညိတ်ပြပြီး ပြန်ထိုင်လိုက်တယ်။ ဂျွန်မင်း ဘာကြောင့်မှန်းမသိဘဲ ဒီတွေ့ဆုံမှုအတွက် စာရွက်စာတမ်းအချို့ ပြင်ထားသင့်တယ်လို့တောင် ခံစားနေမိတယ်။
"ဖုန်းနဲ့ ပြောလိုက်လို့လည်း ရတာပဲကို။ အခုလို ကိုယ်တိုင်လာတွေ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်တာ၊ ရပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို လူချင်းတွေ့ပြီး ပြောတတ်လို့ပါ။ ပြီးတော့ ... နောက်တစ်ခါ ပြန်တွေ့ချင်နေတာလည်း ပါတာပေါ့"
"အော် ... ဟုတ်လား။ ကြားရတာ ဝမ်းသာပါတယ်"
"လက်ဖက်ရည် သောက်ဦးမလား"
"စကားပြောပြီးမှပဲ သောက်တော့မယ်"
ကောင်လေးက စကားပြောတဲ့အခါ တင်းမာနေတာမျိုး မရှိဘူး။ သူ့ရဲ့ ပြောဆိုပုံက ရိုင်းသလိုလို ဖြစ်နေပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာနဲ့ အမူအယာတွေနဲ့ အဲဒါကို ဖုံးကွယ်ထားနိုင်တယ်။ ဒါက မွေးရာပါလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ဆီက သင်ထားတာလား ဘယ်လိုပဲဖြစ်ဖြစ် ဒါက သာမန် အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ ပြောဆိုပုံမျိုး မဟုတ်ဘူး။
လွန်ခဲ့တဲ့ နှစ်ပတ်က မာရူးနဲ့ တွေ့ပြီးနောက်မှာ ဂျွန်မင်းက ပတ်ဒေးမြောင် နဲ့ ဟောင်ဂွန်ဆော့ တို့ကိုလည်း သီးသန့် တွေ့ခဲ့သေးတယ်။
သူက အဲဒီကျောင်းသား နှစ်ယောက်ကိုလည်း စိတ်ဝင်စားပါတယ်။ တကယ်တော့ သူက ပါရမီရှိတဲ့ လူသစ်တွေကို ငွေကြေးအတွက်တင် ရှာဖွေနေတာ မဟုတ်ဘူးလေ။ အခုချိန်မှာ သူ့အတွက် ငွေက မလိုတော့ဘူး။ လူသစ်တွေကို သူ ဆက်ပြီး ပြုစုပျိုးထောင်ပေးနေတဲ့ အကြောင်းရင်း နှစ်ချက် ရှိတယ်။
ပထမအချက်က သူ ဒီအလုပ်ကို ပျော်လို့ပဲ။ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်တာက သူ့အတွက်တော့ ကောင်းချီးတစ်ခုလို့ သူ တွေးတယ်။ အလုပ်ကသာ လူကို လူပီသစေတာလို့ တွေးတဲ့သူပီပီ ဂျောင်ဟော့ခ်က သူ့ခန္ဓာကိုယ်က မခံနိုင်တော့တဲ့အထိ အလုပ်ကို ဆက်လုပ်ချင်နေတာ။
ဒုတိယအချက်ကတော့ သူ့ကိုယ်သူ သက်သေပြချင်လို့ပဲ။ ဂျွန်မင်းက လူတွေရဲ့ အလေးအမြတ်ပြုမှုကို ခံချင်တဲ့သူ။ အဲဒါကြောင့်လည်း သူက တခြားသူတွေကို သူ့ကိုယ်သူ'လောဘကြီးသူ'လို့ အမြဲ ပြောလေ့ရှိတာပေါ့။
သူ့ကိုယ်သူ မွန်မြတ်တဲ့သူ ဒါမှမဟုတ် နှိမ့်ချတတ်တဲ့သူအဖြစ် အမြင်ခံချင်တဲ့ ဆန္ဒ မရှိပါဘူး။ မဟုတ်ဘူး၊ သူက သူ့ရဲ့ ပါရမီအတွက်ပဲ အလေးစားခံချင်တာ။ ဂျွန်မင်းက သူ့ရဲ့ Maestro ဆိုတဲ့ နာမည်ပြောင်ကို အရမ်းချစ်တာ။ အဲဒါကို အခုထိ လက်မလွှတ်ချင်သေးဘူးလေ။
တစ်ချိန်တုန်းကဆိုရင် လူသစ်ရှာဖို့ နိုင်ငံတစ်ဝန်းက ပြဇာတ်အဖွဲ့တိုင်းနီးပါးကို သူ လိုက်ကြည့်ခဲ့ဖူးတယ်။ အခုတော့ အသက်အရွယ်အရ နည်းနည်း လျှော့လိုက်ပြီဆိုပေမဲ့ သူ့ရဲ့ ဝါသနာကတော့ မှေးမှိန်မသွားပါဘူး။ အခွင့်အရေးရရင် သူ့ရဲ့ အရည်အချင်းကို ပြဖို့ သူက အမြဲတမ်း အသင့်ပါပဲ။
ဒါကြောင့်လည်း ဂွန်ဆော့နဲ့ ဒေးမြောင်တို့နဲ့ တွေ့ဖို့ ဖြစ်လာတာပေါ့။ သေချာတာပေါ့၊ သူတို့တွေက ယန်မီဆို ရဲ့ တပည့်တွေ ဖြစ်နေတာကလည်း သူတို့နဲ့ တွေ့ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ယန်မီဆိုက သူ့လိုပဲ လူတစ်ယောက်ကို အကဲခတ်တတ်တဲ့သူဆိုတော့ သူမရဲ့ အမြင်ကို သူ ယုံကြည်တယ်လေ။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကျောင်းသား နှစ်ယောက်နဲ့ တွေ့ဆုံမှုကတော့ တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ သူတို့က အခွင့်အရေး ရမယ်ဆိုတာကို သိလိုက်ရတော့ တကယ်ကို ဝမ်းသာသွားကြတာ။ သူတို့ရဲ့ အရည်အချင်းကို နည်းနည်းလောက် ပြခိုင်းတဲ့အခါမှာလည်း သူတို့ အစွမ်းကုန် ကြိုးစားပါ့မယ်လို့ ပြောကြတယ်။ အခွင့်အရေးသာ ရမယ်ဆိုရင် သူတို့ အစွမ်းကုန် ကြိုးစားကြမှာပါ။
ဒါပေမဲ့ ... အခု သူ့ရှေ့မှာ ရှိနေတဲ့ ကျောင်းသားကတော့ နည်းနည်း ကွဲပြားနေတယ်။
"ခင်ဗျားကြောင့် သရုပ်ဆောင်လောကထဲကို ကျွန်တော် ခြေစုံပစ်ဝင်လိုက်လို့ ဖြစ်လာမယ့် ဆုံးရှုံးနိုင်ခြေတွေကို ခင်ဗျား တာဝန်ယူနိုင်မလားဆိုတာ သိချင်ပါတယ်။ အကယ်၍ တာဝန်ယူနိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့လူငယ်ဘဝကို ခင်ဗျားဆီမှာ ပုံအောပြီးရင်းနှီးလိုက်မယ်"
ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ အဆိုပြုချက်ပဲ။ ပထမတော့ ဂျွန်မင်းက ကောင်လေးကို ကြည့်ပြီး ရယ်ပဲ ရယ်နိုင်တော့တယ်။ လူသစ် သရုပ်ဆောင်တွေနဲ့ စကားပြောတိုင်း သူတို့တွေက ပြောလေ့ရှိတာက ‘ကျေးဇူးပြုပြီး အခွင့်အရေးလေး တစ်ခုလောက် ပေးပါ’ဆိုတာပဲ။
အဲဒါက ဂျွန်မင်း ပေးနေကျ အရာပဲလေ။ သူတို့ဆီကို အခွင့်အရေး ပေးလိုက်မယ်၊ သူတို့ရဲ့ ပါရမီကို ကြည့်မယ်၊ ပြီးရင် သူတို့နဲ့ ထိုက်တန်တဲ့ နေရာကို ပို့ပေးလိုက်မယ်။ အကယ်၍ ပါရမီ မရှိဘူးဆိုရင်ကော စိတ်မကောင်းစရာပဲ၊ သူတို့တွေကို သူ လက်လွှတ်လိုက်ရမှာပေါ့။ ဒါပေမဲ့ ဒီကလေး ပြောနေတာက ... တခြားစီပဲ။ တစ်မျိုး ပြန်တွေးကြည့်ရင် ကောင်လေးက ဒါကို ပြောနေတာ။
ခင်ဗျား ပေးတဲ့ အခွင့်အရေးကို ကျွန်တော် အသုံးချမယ်၊ အဲဒီအတွက် ခင်ဗျားက တာဝန်ယူရမယ်။
"ဟား ဟား ...”
ဂျွန်မင်း သူ့မေးစေ့ကို ပွတ်လိုက်တယ်၊ ဇက်ကြောတွေတောင် ရှိန်းကနဲ ဖြစ်သွားသလိုပဲ။ ဒါက ကောင်းတဲ့ လက္ခဏာပဲ။ အသစ်အဆန်းတစ်ခုခုရဲ့ လက္ခဏာပေါ့။ သူ့ဘဝရဲ့ ငြီးငွေ့စရာကောင်းတဲ့ သံသရာကို ဖျက်ဆီးပစ်မယ့် အရာတစ်ခု။ သူ့အတွက်တော့ ထပ်တလဲလဲ ဖြစ်နေတဲ့အရာတွေက သေလူနဲ့ အတူတူပါပဲ။
မနက်ဖြန်ကလည်း ဒီနေ့အတိုင်းပဲ ဖြစ်နေဦးမယ်ဆိုရင် ရှင်သန်နေရတာ ဘာထူးမှာလဲ အဲဒီလို အမြင်နဲ့ ကြည့်ရင် မာရူးရဲ့ အဆိုပြုချက်က သူ့အတွက် တကယ်ကို လန်းဆန်းစေပါတယ်။ ဒါက သူ့ရဲ့ ဒီနေ့နဲ့ မနက်ဖြန်ကို မတူအောင် လုပ်ပေးမယ့် အဆိုပြုချက်မျိုးပဲ။ အဲဒါကြောင့်လည်း မာရူးကို သူ ချက်ချင်း မငြင်းနိုင်ခဲ့တာပေါ့။
"မင်းရဲ့ အချိန်တွေကို ငါ့ဆီမှာ ပုံအောထားချင်တာလား "
"ဖြစ်နိုင်မလား ခင်ဗျာ"
"မင်း ဘာကို အားကိုးပြီး ဒီလောက်တောင် သတ္တိကောင်းနေတာလဲ "
ဂျွန်မင်း အနေအထားအရ သူ့ဘက်က အသာစီးရနေတာကြောင့် ယဉ်ကျေးပျူငှာမှုတွေကို ခဏ ဘေးဖယ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခု သူတို့ စကားပြောနေတာက တန်းတူအနေအထား မဟုတ်ဘူးလေ။
"ခင်ဗျား ကျွန်တော့်ကို မလိုချင်ဘူးလား အကယ်၍ ဒါက ကျွန်တော့်ရဲ့ အထင်သက်သက်ပဲဆိုရင်တော့ အခုချက်ချင်း တောင်းပန်ပြီး ထွက်သွားပေးပါ့မယ်"
". . ."
"အကယ်၍ အဲဒီလို မဟုတ်ဘဲ ခင်ဗျား ကျွန်တော့်ကို တကယ် ခေါ်ချင်နေတာဆိုရင်တော့ ကျွန်တော့်ကို ထိုက်တန်တဲ့ ရင်းနှီးမှုတစ်ခုလုပ်စေချင်ပါတယ်"
"ထိုက်တန်တဲ့ ရင်းနှီးမှုတစ်ခု "
"ဟုတ်ကဲ့"
"ဘယ်လောက်လဲ"
"ခင်ဗျားကို ကျွန်တော့်ဘဝ တစ်သက်လုံး တာဝန်ယူခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော် သရုပ်ဆောင်အလုပ်မှာ ကျဆုံးသွားခဲ့ရင် လူသုံးယောက်ရှိတဲ့ မိသားစုတစ်ခု အခြေကျနိုင်မယ့် ငွေကြေးလောက်ပဲ လိုချင်တာပါ။ ဒါက ကျွန်တော် ကျဆုံးသွားမှပါ"
"တိတိကျကျ ပြောစမ်းပါ"
"ဝမ် ၂ ဘီလီယံ ပါ"
"ဟား"
ဂျွန်မင်း အဲဒီကိန်းဂဏန်းကို ကြားတော့ ရယ်ပဲ ရယ်နိုင်တော့တယ်။ သူ မပေးနိုင်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ အခုချက်ချင်း သူ့ရဲ့ အဆောက်အအုံ တစ်လုံးကို ရောင်းလိုက်ရင်တောင် အဲဒီငွေကို အလွယ်တကူ ရနိုင်ပါတယ်။ သရုပ်ဆောင်ကောင်း တစ်ယောက်ကို စီမံခန့်ခွဲမှု ကုမ္ပဏီကြီးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ရုံနဲ့တင် အဲဒီငွေကို ချက်ချင်း ပြန်ရနိုင်သေးတာပဲ။
"ဘီလီယံ၊ ဘီလီယံ တဲ့။ အဲဒီငွေက ကလေးကစားစရာ ထင်နေတာလား တီဗီတွေ အကြည့်များသွားတာလား"
"မဟုတ်ပါဘူး။ အဲဒါက မယုံနိုင်စရာကောင်းလောက်အောင် များတဲ့ ငွေပမာဏဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ တကယ်တော့ တို့နိုင်ငံက လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းက အဲဒီလောက် ငွေမျိုး တစ်ခါမှ မမြင်ဖူးဘဲ သေသွားကြတာလေ"
"ဒါတောင် မင်းက လိုချင်သေးတာလား"
"ဟုတ်ကဲ့။ အကယ်၍ ခင်ဗျားက ကျွန်တော့်ရဲ့ ငယ်ရွယ်တဲ့ဘဝကို အဲဒီလောက် တန်ဖိုးထားတယ်ဆိုရင်ပေါ့"
"ဟား ... မင်းရဲ့ အဆိုပြုချက်ကို ငါ တကယ် လက်ခံမယ်လို့ ထင်နေတာလား"
"ဟုတ်ကဲ့"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ခင်ဗျား အခုထိ ဒီမှာ ရှိနေသေးလို့ပေါ့"
ဂျွန်မင်း ရယ်ပဲ ရယ်နေမိတော့တယ် …
* * * * * * * * *
ဒီဘူတာကတော့ ချောင်မူရို ဘူတာ ဖြစ်ပါတယ်။ တံခါးတွေကတော့ ...
ဂျောင်ဟော့ခ် သူ့ရဲ့ မှတ်စုစာအုပ်ကို ငုံ့ကြည့်ရင်း သတိပြန်ဝင်လာတယ်။ စာအုပ်ထဲမှာ နာမည်တစ်ခုပဲ သူ ရေးထားတယ် - မာရူး။
"ဟန်မာရူး ဆိုပဲ"
ဂျောင်ဟော့ခ် ခေါင်းညိတ်ရင်း ရထားပေါ်က ဆင်းလိုက်တယ်။ သူ စဉ်းစားလို့ ပြီးသွားပြီ။ ကောင်လေးကို သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြဖို့ပဲ လိုတော့တယ်။