အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း(၇၅)
ငြင်းပယ်ခြင်း……
အဲဒါက ဂျွန်မင်း ကြိုတင်စဉ်းစားထားတဲ့ အဖြေပဲ။ ကောင်လေးရဲ့ ရဲတင်းမှုကို သူ သဘောကျတာတော့ အမှန်ပင်။ ဒါပေမဲ့ အဲဒီရဲတင်းမှုနောက်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိဖို့ လိုတယ်။ ဝမ်၂ဘီလီယံ ဆိုတာ သူသိတဲ့လူတစ်ယောက် တကယ်လိုအပ်နေတယ်ဆိုရင် ပေးလိုက်လို့ရတဲ့ ပမာဏမျိုးပါ။ သူ့မှာ အဲဒီလောက် ငွေကြေးအင်အား ရှိပါတယ်။
ဒါပေမဲ့ အခုက ရင်းနှီးမြှုပ်နှံမှုဖြစ်နေတော့ ဇာတ်လမ်းက တခြားစီပဲ။ ဂျွန်မင်းက မာရူး ဆီမှာ အရည်အချင်းရှိတာကို မြင်တယ်။ အချိန်ပေးပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီကောင်လေးက ကြယ်တစ်ပွင့်လို တောက်ပလာမှာ သေချာတယ်။
ဂျွန်မင်းက ချိန်းထားတဲ့ အချိန်ထက် မိနစ် ၃၀ စောပြီး ကော်ဖီဆိုင်ကို ရောက်နေခဲ့တယ်။
“အို ... ပြန်တွေ့ရပြန်ပြီ”
“ဒီက လက်ဖက်ရည်က အရသာရှိလို့ပါ”
“ကျေးဇူးတင်ပါတယ်ရှင်”
မီဆို ရဲ့ သူငယ်ချင်းလား။ ဆိုင်ရှင်အမျိုးသမီးကို ပြုံးပြနှုတ်ဆက်ရင်း ဂျွန်မင်း ခုံမှာ ဝင်ထိုင်လိုက်တယ်။ ကော်ဖီဆိုင်ရဲ့ တစ်ဖက်ခြမ်းမှာတော့ တိရစ္ဆာန်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို မြင်နေရတယ်။ ဘီဂဲလ်ခွေးလေး နှစ်ကောင်က မှန်တံခါးကို အသည်းအသန် ကုတ်နေကြတာ။
ဂျွန်မင်းက ခွေးတွေကို သဘောကျတယ်။ သူ့အတွက်တော့ ခွေးတွေက ထာဝရတည်မြဲပြီး ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်ပဲ။ သနားစရာကောင်းတဲ့ အဲဒီသတ္တဝါလေးတွေက သူတို့သခင် ဘယ်လိုလူပဲဖြစ်ဖြစ် ချစ်ကြတာ။ အိမ်ပြန်ရောက်လို့ သူတို့ကို တွေ့လိုက်ရတိုင်း အမြီးလေးတွေ တယမ်းယမ်းနဲ့ ကြိုဆိုကြတာကို မြင်ရရင် ဂျွန်မင်းရဲ့ စိတ်တွေ ငြိမ်းချမ်းသွားတတ်တယ်။
“ကော်ဖီ ရပါပြီ ... ဒါကတော့ ကျွန်မ လတ်တလော စမ်းလုပ်ကြည့်ထားတဲ့ ကိတ်မုန့်လေးပါ။ စားကြည့်ပြီး ဝေဖန်ပေးပါဦးရှင်”
“ကျေးဇူးပါ”
အလကားကျွေးတဲ့ စားစရာဆိုတာ ဘယ်အချိန်ရရ ဝမ်းသာစရာပဲ။ ဂျွန်မင်းက ခါးသက်သက်ကော်ဖီကို တစ်ငုံသောက်လိုက်ရင်း ကိတ်မုန့်လေးကို ငုံ့ကြည့်လိုက်တယ်။ သရက်သီးအရသာမုန့်နှစ်လေးနဲ့ အပေါ်ကနေ အလှဆင်ထားတာပဲ။
‘သူ့မှာသာ တက်ကြွတဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင်’
၂ဘီလီယံတောင်းတဲ့ ကောင်လေးဆီမှာ လိုချင်ဇောနဲ့ အသည်းအသန်ဖြစ်နေတဲ့ ပုံစံမျိုး လုံးဝမတွေ့ရဘူး။ အနုပညာအသင်းထဲ ရောက်နေတာဆိုတော့ သရုပ်ဆောင်တာကို စိတ်ဝင်စားလို့ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ မင်းရဲ့ဘဝတစ်ခုလုံးကို သရုပ်ဆောင်လောကထဲ ပစ်ပုံထားနိုင်မလားလို့ မေးရင်တော့ အဲဒီကောင်လေးက'ဟင့်အင်း'လို့ပဲ ဖြေမှာ သေချာတယ်။
မာရူး က အရာရာကို အများကြီး စဉ်းစားနေတဲ့ပုံပဲ။ သူ ဘာတွေတွေးနေလဲဆိုတာ ဂျွန်မင်း မခန့်မှန်းနိုင်ပေမဲ့ သူ့အရွယ်နဲ့မလိုက်အောင် အတွေးတွေက တခြားကလေးတွေနဲ့ ကွာခြားနေတာတော့ သူ သိနေတယ်။
သူ့ရဲ့ အတွေးပေါင်းများစွာထဲမှာ သရုပ်ဆောင်ဖို့ဆိုတာ ဘယ်နှစ်ရာခိုင်နှုန်းလောက် ပါမလဲ။ ဂျွန်မင်းက သူ့ဘဝတစ်လျှောက်မှာ စူပါစတားပေါင်းများစွာကို မြေတောင်မြှောက်ပေးခဲ့သူပါ။ ဒါကို သူ ဂုဏ်ယူပြီး ပြောနိုင်တယ်။ အခု လက်ရှိ တီဗွီဖွင့်လိုက်လို့ ကြော်ငြာတွေထဲမှာ ပါနေတဲ့သူ ၁၀ ယောက်မှာ ၁ ယောက်က ဂျွန်မင်း ရှာဖွေပေးခဲ့တဲ့သူတွေ ဖြစ်နေတတ်တယ်။
သရုပ်ဆောင်လောကဆိုတာ ခံစားချက်ပေါ်မှာ အခြေခံတာ။ ဒီလုပ်ငန်းမှာ ကိန်းဂဏန်းတွေနဲ့တင် ယုံကြည်မှု တည်ဆောက်လို့မရဘူး။ ချောတဲ့သူတိုင်း စတား ဖြစ်သလား။ အရည်အချင်းရှိတဲ့သူတိုင်း စတား ဖြစ်သလား။ မဟုတ်ဘူး။ ဒီနှစ်ခုလုံး ရှိနေရင်တောင်မှ ဘာမှမဟုတ်တဲ့ အပိုလူတစ်ယောက်အနေနဲ့ ပျောက်ကွယ်သွားဖို့က ပိုလွယ်တယ်။ သရုပ်ဆောင်လောကမှာ ဘာကိုမှ ကြိုတင်တွက်ဆလို့ မရနိုင်ဘူး။ ဒီလိုလောကမျိုးမှာ ဂျွန်မင်းက စံပြတစ်ယောက် ဖြစ်ချင်ခဲ့တာ။
‘ဂျွန်မင်း လက်ထဲက ထွက်လာတဲ့ သရုပ်ဆောင်တိုင်း စတား ဖြစ်တယ်’
အဲဒီစကားတစ်ခွန်းကို ကြားရဖို့က ဂျွန်မင်း အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ။ ဒီစကားကို ကြားရတာက သူ့အတွက် ဘာနဲ့မှမလဲနိုင်အောင် ကြည်နူးစရာကောင်းတယ်။ အဲဒါက သူ့ဘဝတစ်ခုလုံးကို အသိအမှတ်ပြုလိုက်သလိုပဲ။ သူ ကြိုးစားခဲ့သမျှတွေက အဓိပ္ပာယ်ရှိသွားစေတာပေါ့။
‘ဒီကလေးရဲ့ အရည်အချင်းကတော့ ငါ့စံနှုန်းအရ အောင်မှတ်ရတယ်’
ဒါက မာရူး ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပဲ။
‘ဒါပေမဲ့ သူ့အတွက်က သရုပ်ဆောင်တာက အရာရာမဟုတ်တဲ့ပုံပဲ’
ဂွန်ဆော့ နဲ့ ပတ်ဝူချန်း တို့ကတော့ သူတို့ဘဝကို သရုပ်ဆောင်လောကထဲ ပစ်ပုံထားမယ့်ပုံစံမျိုး။ ဂွန်ဆော့ က နည်းနည်း စိတ်မတည်ငြိမ်သလို ရှိပေမဲ့ အချိန်ကြာလာရင် ပြင်ယူလို့ရပါတယ်။
‘ဝူချန်း ရဲ့ စိတ်အားထက်သန်မှု တစ်ဝက်လောက်ကိုသာ မာရူး ဆီကို ကူးထည့်ပေးလို့ ရမယ်ဆိုရင်’
အဲဒါသာ ဖြစ်နိုင်မယ်ဆိုရင် ဂျွန်မင်းက မာရူး ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်း လက်ခံမိမှာပဲ။ သူ့မျက်လုံးထဲမှာ မာရူး ရဲ့ အရည်အချင်းက အဲဒီလောက်အထိ ထူးခြားနေတာ။ သူ့ရဲ့ အာရုံခံစားမှုတွေက မာရူး ဟာ စတားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ အော်ဟစ်နေပေမဲ့ လက်တွေ့ကျကျ တွေးတောမှုတွေကတော့ ငြင်းပယ်ဖို့ ပြောနေတယ်။ ဂျွန်မင်းက သူ့ရဲ့ အာရုံခံစားမှုကို ယုံကြည်သလို သူ့ဦးနှောက်ကိုလည်း ယုံကြည်တဲ့အတွက် လောလောဆယ်တော့ ထပ်စဉ်းစားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
ကိတ်မုန့်ကို တစ်ဝက်လောက် စားပြီးတဲ့အချိန်မှာ မာရူး ရောက်လာတယ်။
“ခင်ဗျားကို ဆိုင်ထဲမှာ တွေ့လိုက်ရတော့ ကျွန်တော် နောက်ကျသွားပြီလားလို့ စိုးရိမ်သွားတယ်”
“ငါ တစ်ခုခု စဉ်းစားနေတာပါ ... ထိုင်ပါဦး”
“ဟုတ်ကဲ့”
မာရူး က မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။ စကားပြောခဲ့ကြတာ တစ်ရက်ပဲ ရှိသေးတာပါ။
“မနေ့ကကိစ္စနဲ့ ပတ်သက်ပြီး ငါ့အဖြေကတော့ ..."
“ငြင်းပယ်တာပေါ့”
“မင်း သိနေတာပဲ”
“ယုံကြည်မှု ဒါမှမဟုတ် ဂုဏ်သိက္ခာကြောင့် မဟုတ်ဘဲ စိတ်အားထက်သန်မှုကြောင့် ဖြစ်မှာပါ။ ကျွန်တော့်အမြင်အရတော့ ငွေကြေးက လူကြီးမင်းအတွက် ပြဿနာမဟုတ်ဘူးလို့ ထင်တယ်။ ကျွန်တော့်ဘက်က စိတ်အားထက်သန်မှု အားနည်းနေတာကို လူကြီးမင်းက သဘောမကျတာ ဖြစ်လိမ့်မယ်”
မာရူး က အစကတည်းက အရာရာကို သိနေတဲ့ပုံစံနဲ့ ပြောတယ်။ အကယ်၍ ဒီကောင်လေးကသာ ထပ်ပြီး စဉ်းစားပေးဖို့ တောင်းဆိုခဲ့ရင် ဂျွန်မင်း ချက်ချင်း ထပြန်မိမှာပဲ။ ဒါပေမဲ့ ထူးဆန်းတာက ဒီကောင်လေးက ဂျွန်မင်းရဲ့ အတွေးတွေကို အသေးစိတ် ပြန်ရှင်းပြနေတာပဲ။ အဲဒီအတွက်ကြောင့်ပဲ ဂျွန်မင်းဟာ စကားပြောတဲ့နေရာမှာ အသာစီးရနေတာကို လက်လွှတ်လိုက်ရပေမဲ့လည်း မေးခွန်းတစ်ခုကို မေးဖို့ ဆုံးဖြတ်လိုက်တယ်။
“အဲဒီလိုဆိုရင် မင်းက ဘာဖြစ်လို့ အဲဒီလို အကြံပြုချက်မျိုး ပေးခဲ့တာလဲ”
“အဲဒါက ကျွန်တော်တို့ စကားစဖို့ အကြောင်းပြချက်တစ်ခု သက်သက်ပါပဲ”
“ဒါဆို ပိုက်ဆံကရော”
“ရရင်တော့ ကောင်းတာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ”
မာရူး က ပြုံးလိုက်တယ်။ တကယ့်ကို အစကတည်းက ပိုက်ဆံကို မလိုချင်ခဲ့သလိုမျိုး ... မဟုတ်ဘူး၊ ပိုက်ဆံကို အရမ်းလိုချင်နေပေမဲ့လည်း လွယ်လွယ်ကူကူပဲ စွန့်လွှတ်နိုင်တဲ့ ပုံစံမျိုးပါ။
“မင်းအမြင်မှာ ငါက ရွေးချယ်စရာတွေ အများကြီးရှိတဲ့ လူတစ်ယောက်လို့ မြင်နေတာကိုး”
အဲဒါ မှန်ပါတယ်။ ဂျွန်မင်းက မာရူး ကို ငြင်းဖို့ ပြင်ဆင်ထားရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က အဲဒါပဲ။ ဘာလို့လဲဆိုတော့ မာရူး ဆီမှာ အသည်းအသန်ဖြစ်နေတဲ့ ပုံစံမျိုး လုံးဝမရှိလို့။ မာရူး က သူသာ စိတ်ကူးပေါက်ရင် သရုပ်ဆောင်တာကို ချက်ချင်းလက်လွှတ်ပြီး တခြားအရာတွေကို ပြောင်းလုပ်မယ့်ပုံစံမျိုး။ တကယ်တမ်း အလုပ်အပေါ်မှာ စိတ်အားထက်သန်မှု မရှိဘူးဆိုရင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ အလကားပါပဲ။ အဲဒီအမြင်နဲ့ ကြည့်ရင် မာရူး က ဂျွန်မင်းရဲ့ မျက်လုံးထဲမှာ ကျရှုံးနေတဲ့သူ တစ်ယောက်ပဲ။
“ဒါပေမဲ့ ရွေးချယ်စရာတွေ အများကြီးရှိတာက ကောင်းတယ်လို့ မထင်ဘူးလား”
“နယ်ပယ်တစ်ခုထဲမှာ ဘဝတစ်ခုလုံးကို ပုံအောပြီး ကြိုးစားရင်တောင် အောင်မြင်ဖို့ ခက်ခဲတာ။ ဘယ်နယ်ပယ်မှာမှ ဘဝကို ပုံမအောချင်ဘဲ အရန်အစီအစဉ်တွေပဲ လုပ်နေတဲ့သူကို ငါက ဘာလို့ ယုံကြည်ရမှာလဲ”
“ကျွန်တော့်မှာ အရန်အစီအစဉ်ရှိသွားရင် ဘာမှမလုပ်တော့ဘူးလို့ ထင်နေတာပေါ့”
“ဟုတ်တယ် ... ငါ့ပိုက်ဆံကို ငါ လွှင့်ပစ်ချင်ရင် ပစ်လိုက်လို့ရတယ်။ ထုတ်လုပ်ရေး ကုမ္ပဏီတွေတင်မကဘူး၊ ဘယ်လိုအဖွဲ့အစည်းမျိုးမဆို လူတစ်ယောက်ကို မြေတောင်မြှောက်ပေးဖို့ဆိုရင် ပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ သုံးကြတာပဲ။ ဒါပေမဲ့ အခုကိစ္စမှာတော့ ဆုံးရှုံးနိုင်ခြေက အရမ်းများတယ်။ လူတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”
“ဒါပေမဲ့ လူတစ်ယောက်ကို မှန်မှန်ကန်ကန် ပျိုးထောင်နိုင်ခဲ့ရင် အဲဒီလူကနေ ခင်ဗျားဆီကို မမျှော်လင့်နိုင်လောက်တဲ့ ငွေကြေးတွေ ပြန်ယူဆောင်လာပေးနိုင်မှာပဲ မဟုတ်လား”
“မှန်တာပေါ့ ... အဲဒါကြောင့်လည်း နေရာတော်တော်များများမှာ လူတွေကို ပျိုးထောင်ဖို့ ပိုက်ဆံတွေပုံအောနေကြတာပေါ့”
“ဒါပေမဲ့ ခင်ဗျားက အမြတ်ရဖို့ကိုပဲ ကြည့်နေတာ မဟုတ်ဘူးမလား။ ခင်ဗျားရဲ့ အရည်အချင်းကို သက်သေပြဖို့အတွက် လူတွေကို ပျိုးထောင်နေတာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ပြောတာ မှားနေလို့လား”
ဂျွန်မင်း က ထိုင်ခုံနောက်မှီကို မှီလိုက်တယ်။ အစကတော့ ချက်ချင်း ထပြန်ဖို့ စဉ်းစားထားတာပေမဲ့ အခုတော့ စကားပြောရတာ စိတ်ဝင်စားဖို့ ကောင်းလာပြီ။ သူ့ထက် အသက် ၃၀ ကျော်လောက် ငယ်တဲ့ ကလေးတစ်ယောက်က သူ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို သိနေသလိုပဲ။
“ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်”
“ဘာလဲ ပြောလေ”
“အကယ်၍ ခင်ဗျားသာ တစ်ကျော့ပြန် ပြန်မွေးဖွားလာခဲ့မယ်ဆိုရင် အခုဖြတ်သန်းခဲ့တဲ့ ဘဝအတိုင်းပဲ ပြန်ရှင်သန်မလား”
“ငါသာ တစ်ကျော့ပြန် ပြန်မွေးလာမယ်ဆိုရင်လား”
“ဟုတ်ကဲ့”
ဒါက ထူးဆန်းတဲ့ မေးခွန်းတစ်ခု ဖြစ်ပေမဲ့ ဂျွန်မင်း စတင်စဉ်းစားမိတယ်။ သူ့ရဲ့ လက်ရှိဘဝက ဘယ်လိုလဲ။ အခုအချိန်မှာ သူ ကျေနပ်မှု ရှိနေပေမဲ့ သူ့ရဲ့ ငယ်ဘဝကိုတော့ အရင်လိုမျိုး အလဟဿ အကုန်မခံချင်တော့ဘူး။
အခုလို အခြေအနေမျိုး ရောက်လာဖို့အတွက် သူဟာ နာမည်မရှိတဲ့ သရုပ်ဆောင်ဘဝနဲ့ ၁၅ နှစ်တိုင်တိုင် ဖြတ်သန်းခဲ့ရတာ။ အဲဒီငရဲခန်းထဲကို သူ ထပ်မသွားချင်တော့ဘူး။ အကယ်၍ သူသာ တစ်ကျော့ပြန် မွေးဖွားလာမယ်ဆိုရင် သူ့ရဲ့ လက်ရှိအရည်အချင်းတွေကို သုံးပြီးတော့ ...
“ဒါပေမဲ့ ခင်ဗျား ပြန်မွေးလာတဲ့အခါမှာ ဘဝကို ကောင်းမွန်အောင် လုပ်နိုင်မယ့် ဘယ်လို အသိပညာ ဒါမှမဟုတ် သတင်းအချက်အလက်မှ ရှိနေမှာ မဟုတ်ဘူးနော်”
ဒါဆိုရင်တော့ အခြေအနေက တော်တော်လေး ပြောင်းလဲသွားပြီ။ ဂျွန်မင်း ပြန်စဉ်းစားမိတယ်။ သူ့ရဲ့ အသက် ၅၅ နှစ်တာ ဘဝအတွေ့အကြုံတွေ ရေးထားတဲ့ မှတ်စုစာအုပ် ... အဲဒါတွေကိုသာ အကုန်လွှင့်ပစ်ပြီး အစကနေ ပြန်စရမယ်ဆိုရင် သူ ဘာလုပ်နိုင်မလဲ။
“ထီထိုးမလား”
“လုံးဝ မဖြစ်နိုင်တာ”
“စတော့ရှယ်ယာတွေလား”
“မဖြစ်နိုင်ဘူး ... မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေမှာက မင်း ဘယ်လိုရှင်သန်ခဲ့လဲဆိုတဲ့ အကြမ်းဖျင်းအသိနဲ့ မင်းနဲ့ ရင်းနှီးခဲ့တဲ့သူတွေအကြောင်း မှတ်ဉာဏ်အနည်းငယ်ပဲ ရှိမှာ။ ဥပမာ ... အသက် ၄၀ အရွယ် လူတစ်ယောက်က အတိတ်ကို ပြန်ရောက်သွားတဲ့အခါမှာ သူ့မှာ ရှိနေမှာက အဲဒီအသက်အရွယ်အထိ ပျိုးထောင်လာခဲ့တဲ့ စရိုက်လက္ခဏာပဲ ရှိမယ်။ သူ့ကို ကူညီနိုင်မယ့် ဘယ်လို အချက်အလက်မှ ရှိမှာမဟုတ်ဘူး”
“ဟင်း ..."
အတိတ်ကို ပြန်သွားပြီး နောက်ဆုံးကျမှ တစ်ခုခုမှာ အောင်မြင်ခဲ့တယ်လို့ ခံစားရတာမျိုး ...
“ငါ စိုးရိမ်စိတ်တွေ ဖြစ်မိမှာပဲ။ တကယ်တော့ စိတ်ဖိစီးမှုတွေတောင် ရနိုင်တယ်။ ငါ့ခေါင်းထဲမှာ အတွေ့အကြုံတွေ အပြည့်ရှိနေပေမဲ့ အဲဒါတွေကို ထုတ်သုံးလို့မရဘူးလေ”
“ခင်ဗျားက ဒါကို အလေးအနက် စဉ်းစားနေတာပဲ”
“ဒီလို စိတ်ကူးယဉ်မှုမျိုးက လူသားတွေအတွက် အရမ်းအရေးကြီးတယ်လေ။ အထူးသဖြင့် ဒီနယ်ပယ်မှာပေါ့”
“ကျွန်တော် အဖြေကို စောင့်နေပါ့မယ်”
“ကော်ဖီဖြစ်ဖြစ် တစ်ခုခု သောက်လိုက်ဦး ... ဒါက အချိန်နည်းနည်း ကြာနိုင်တယ်”
ဂျွန်မင်း လက်ပိုက်လိုက်တယ်။ ဒီမေးခွန်းကို သူက ပြုံးပြုံးလေးနဲ့ပဲ ကျော်သွားလို့ ရသလို၊ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေ မေးရမလားဆိုပြီး ကောင်လေးကို ငေါက်ပစ်လိုက်လို့လည်း ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် သူက လူပိုကြီး ဖြစ်သွားမှာပေါ့။ ကောင်လေးရဲ့ မေးခွန်းကိုတောင် သူက အလေးအနက် မစဉ်းစားပေးနိုင်ဘဲနဲ့ အဲဒီကောင်လေးကို သရုပ်ဆောင်တာမှာ အလေးအနက်မရှိဘူးလို့ ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ။
‘တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ’
သူ့ရဲ့ အတိတ်ကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းမလဲဆိုတာကို မိနစ်အနည်းငယ်လောက် စဉ်းစားပြီးတဲ့နောက်မှာတော့ သူ အဖြေတစ်ခု ရသွားခဲ့တယ်။
“ငါသာဆိုရင် စိုးရိမ်စိတ်ကြောင့် အရာရာတိုင်းမှာ အချိန်နည်းနည်းစီ ပေးပြီး ရင်းနှီးမြှုပ်နှံမိမှာပဲ။ ငါ အရင်က ဖြတ်သန်းခဲ့တဲ့ ဘဝက ငါ့အတွက် အဆိပ်အတောက် ဖြစ်လာလိမ့်မယ်”
ဂျွန်မင်း သူ့လက်တွေကို စားပွဲပေါ် တင်လိုက်တယ်။
“ဒါဆို ငါ မင်းကို မေးခွန်းတစ်ခု ပြန်မေးမယ်။ ငါ့ကို ရိုးရိုးသားသား ဖြေစေချင်တယ်။ မင်း ဘာဖြစ်လို့ သရုပ်ဆောင်အသင်းထဲ ရောက်နေတာလဲ”
“ကျွန်တော် သဘောကျတဲ့ မိန်းကလေးတစ်ယောက်က သရုပ်ဆောင်တာကို လုပ်နေလို့ပါ။ သရုပ်ဆောင်တာက ကျွန်တော်တို့နှစ်ယောက်ကြားမှာ ပတ်သက်မှုတစ်ခု ဖြစ်လာနိုင်မယ်လို့ ထင်လို့ လုပ်ဖြစ်သွားတာ။ ဒါပေမဲ့ ကျွန်တော် သရုပ်ဆောင်တာကို တကယ်ပဲ စိတ်ဝင်စားပါတယ်၊ စိတ်အားထက်သန်ရမယ့် အကြောင်းပြချက်ကိုပဲ ရှာမတွေ့သေးတာပါ”
“စိတ်ဝင်စားစရာပဲ ... မိန်းကလေးကြောင့်လား။ အခုခေတ် ကလေးတွေက တော်တော်လေး မြန်ဆန်ကြတာပဲ”
“အလယ်ခေတ်တုန်းက လူတွေက ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ပြုခဲ့ကြတာပဲ။ ကျွန်တော်တို့ကပဲ နှေးကွေးသွားတာ မဟုတ်ဘူးလား”
“ဟားဟား ... ဟုတ်ပါပြီ။ ကောင်းပြီ ... ငါ နားလည်သွားပြီ။ မင်းက ဘယ်လိုလူလဲဆိုတာ ငါ သိသွားပြီ။ မင်းက ဥတွေအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ မထည့်ချင်ဘူးပေါ့၊ ဟုတ်လား”
မာရူး ခေါင်းညိတ်ပြတယ်။ ဂျွန်မင်း အမြင်အရတော့ ဒီကောင်လေးက အစောနက မေးခွန်းထဲက စံပြနမူနာအတိုင်း ပြုမူနေတာပဲ။ အနာဂတ်အတွက် စိုးရိမ်စိတ်တွေနဲ့ ပြည့်နေတဲ့သူပေါ့။
“ကျွန်တော်က အဲဒီလောက် မတော်ပါဘူး။ ဒဿနိကဗေဒ စာအုပ်တွေ ဘာတွေကိုတော့ အလွယ်တကူ ဖတ်နိုင်ပေမဲ့ အဲဒါကလွဲရင် ကျွန်တော် လုပ်နိုင်တာ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်မိသားစုကိုတော့ ငတ်မခံနိုင်ဘူးလေ။ အဲဒါကြောင့် တရုတ်စာကို လေ့လာဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ ရေရှည်မှာတော့ ဒါနဲ့ အဝေးကြီး ရောက်မယ်လို့ မထင်ဘူး။ စာသင်တာနဲ့လည်း အောင်မြင်လိမ့်မယ်လို့ မထင်ပါဘူး။ ရေရှည်မှာ ပျမ်းမျှကျောင်းသားတစ်ယောက်ပဲ ဖြစ်နေမှာလား။ အဲဒါကြောင့် ကျွန်တော့်အဖေ အလုပ်လုပ်တဲ့ စက်ရုံကို သွားဖို့ စဉ်းစားနေတာ။ အောက်တိုဘာလဆိုရင် ကျွန်တော် ချက်ချင်း အလုပ်ဝင်လို့ရပြီ။ ကျောင်းပြီးရင် အဲဒီမှာပဲ CAD ပရိုဂရမ်မာအဖြစ် အခြေချဖို့ စဉ်းစားထားတာ။ စိတ်လှုပ်ရှားစရာ ဘဝမျိုးတော့ မဟုတ်ပေမဲ့ အနည်းဆုံးတော့ အနာဂတ်မှာ ကျွန်တော့်သားသမီးတွေကို ကျွေးနိုင်မှာလေ”
“အစီအစဉ်က တော်တော်လေး စုံတာပဲ”
“ခင်ဗျား ပြောသလိုပါပဲ၊ ကျွန်တော့်ဘဝအတွက် ကျွန်တော် စိုးရိမ်မိတယ်။ အရာရာကို စဉ်းစားပြီး ပြင်ဆင်နေပေမဲ့ ကျွန်တော့်မှာလည်း အကန့်အသတ်တွေ ရှိတာပေါ့”
မာရူး လက်သီးကို တင်းတင်းဆုပ်ထားတာကို ဂျွန်မင်း သတိထားမိလိုက်တယ်။ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဒီလို သတ္တဝါမျိုး ဘယ်ကနေ ထွက်လာတာလဲ။ မာရူး ရဲ့ စရိုက်က ထူးခြားလွန်းလို့ ဂျွန်မင်း သူ့ကို လိုချင်စိတ်တောင် ပေါက်လာပြီ။ အဲဒီ ဝမ်၂ဘီလီယံကို ခုပဲ ပေးလိုက်ချင်စိတ် ပေါက်လာတဲ့အထိပါပဲ။
“မင်းက သရုပ်ဆောင်တာမှာ အောင်မြင်မယ်လို့ ဘာလို့ ထင်တာလဲ”
“အောင်မြင်မယ်လို့ မထင်ပါဘူး”
“ဘာ….”
“ကျွန်တော်က ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ ဆရာကိုပဲ ယုံကြည်လိုက်တာပါ။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော့်ဘဝကို ခင်ဗျားတို့အပေါ်မှာ ပုံအောပြီး လောင်းကြေးထပ်လိုက်တာပေါ့။ ပြီးတော့ ကျွန်တော်က ကျွန်တော့်ဘဝတစ်ခုလုံးကို လောင်းကြေးတစ်ခုတည်းအပေါ်မှာ မစွန့်စားချင်ဘူး”
“အဆုံးမှာတော့ အရာရာက အဲဒီ ဝမ်၂ဘီလီယံ ဆီကိုပဲ ပြန်ရောက်သွားတာပဲပေါ့”
ဂျွန်မင်းက စားပွဲပေါ်က လက်သုတ်ပဝါတစ်ခုကို ယူလိုက်တယ်။ ပြီးတော့ သူ့ဘောပင်နဲ့ အဲဒီပေါ်မှာ အကြမ်းဖျင်း စာချုပ်တစ်ခုကို ရေးလိုက်တယ်။
“မင်းပြောတဲ့ စက်ရုံအစီအစဉ်အရဆိုရင် မင်းက တက္ကသိုလ်တက်ဖို့ လုံးဝမစဉ်းစားထားဘူးလို့ ယူဆလို့ရမလား”
“ဟုတ်ကဲ့”
“ဒါဆို မင်းရဲ့ အထက်တန်းကျောင်း တတိယနှစ်က တော်တော်လေး အားလပ်နေမှာပေါ့”
“အရာရာမှာ ရင်းနှီးမြှုပ်နှံဖို့ အချိန်တွေ အများကြီး ရှိလာမှာပါ”
“စက်ရုံမှာ အလုပ်ဝင်ဖို့အတွက် ပြင်ဆင်စရာ မလိုဘူးလား”
“မလိုပါဘူး ... အဲဒါက အချိန်အများကြီး မပေးရပါဘူး”
“မင်းက အရင်က လုပ်ဖူးတဲ့ ပုံစံမျိုးနဲ့ ပြောနေတာပဲ”
“မလုပ်ဖူးပါဘူး ... ဒါပေမဲ့ ကျွန်တော် အဲဒီအလုပ်ကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်သွားလိမ့်မယ်လို့ ခံစားရတယ်”
မာရူး ပြုံးလိုက်တယ်။ ဂျွန်မင်း က စာရေးတာကို ရပ်လိုက်ပြီး လက်သုတ်ပဝါကို မာရူး ဆီ ကမ်းပေးလိုက်တယ်။
“စာချုပ်ချုပ်တဲ့ ပစ္စည်းက ဒီလိုဖြစ်နေလို့ မင်း စိတ်မဆိုးပါဘူးနော်”
“စာချုပ်က ဘာနဲ့ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ကျွန်တော် ယုံကြည်တာက ခင်ဗျားရဲ့ နာမည်ကိုပါ”
“မင်းက မြှောက်ပင့်တဲ့နေရာမှာ တော်တော်တော်တာပဲ။ သာမန် အထက်တန်းကျောင်းသားတစ်ယောက်နဲ့ လုံးဝမတူဘူး”
မာရူး က စာချုပ်ကို ဖတ်နေတုန်း ဂျွန်မင်း က ကော်ဖီကို တစ်ငုံသောက်လိုက်တယ်။ သူ့ရဲ့ ကမ်းလှမ်းချက်က မဆိုးလှပါဘူး။ နောက်ထပ် ၃ နှစ်တာအတွက် ဒီကောင်လေးရဲ့ အချိန်တွေကို သူ ဝယ်လိုက်တာပဲလေ။
“နောက်တစ်ခေါက်ကျရင်တော့ တရားဝင်စာချုပ် ထပ်ချုပ်ကြတာပေါ့”
“ဒါလည်း အဆင်ပြေပါတယ်”
မာရူး က လက်သုတ်ပဝါကို ခေါက်ပြီး သူ့အိတ်ကပ်ထဲကို သေသေချာချာ ထည့်လိုက်တယ်။
“ငါ မင်းသူငယ်ချင်းတွေနဲ့ စကားပြောတုန်းက သူတို့ကို ဒါပဲ ပြောခဲ့တယ်။ ငါ မင်းတို့ကို ပံ့ပိုးပေးမယ်၊ အစွမ်းကုန် ကြိုးစားကြပါလို့။ အဲဒီလိုပြောတာက သူတို့က အပျော်တမ်းအဆင့်ပဲ ရှိသေးလို့။ ဒါပေမဲ့ မင်းကတော့ မတူဘူး။ ငါ မင်းကို ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ မြင်တယ်။ အဲဒါကြောင့် ..."
ဂျွန်မင်း က ကော်ဖီကို ကုန်အောင် သောက်လိုက်ပြီးမှ စကားကို ဆက်ပြောတယ်။
“မင်းရဲ့ တန်ဖိုးကို မြှင့်ထားလိုက်စမ်းပါ။ ငါ မင်းကို ဝယ်ချင်စိတ်ပေါက်လာတဲ့အထိပေါ့”
ဂျွန်မင်း ထိုင်ခုံကနေ ထလိုက်တယ်။ သူ စိတ်ထဲမှာ တော်တော်လေး နေလို့ကောင်းနေတယ်။ သူ့ရဲ့ ဦးနှောက်ထဲမှာ အဒရီနလင်တွေ စီးဆင်းသွားပြီး တက်ကြွလာသလို ခံစားရတယ်။ အဲဒီလို မခံစားရတာ တော်တော်တောင် ကြာပြီ။
“ဒါဆိုရင်တော့ မင်း သရုပ်ဆောင်တာကို စိတ်ဝင်စားလာဖို့ လုံလောက်ပြီ မဟုတ်လား”
“ဟုတ်ကဲ့ ... လုံလောက်ပါတယ်”
“မင်းက လောဘကြီးတာပဲ”
“ဟုတ်ကဲ့ ... ကျွန်တော် လောဘကြီးပါတယ်”
လောဘကြီးတယ်တဲ့။ ဂျွန်မင်း စိတ်ထဲကနေ ပြုံးမိသွားတယ်။ သူ အဲဒီစကားလုံးကို မမုန်းပါဘူး။ တကယ်တော့ သူ သဘောတောင် ကျသေးတယ်။
“မင်း ကွန်ဖြူးရှပ် ရဲ့ အဆိုအမိန့်တွေကို သိလား”
“သိတာပေါ့”
“အင်း ... ငါ အရင်က သူ့ရဲ့ အဆိုအမိန့် တော်တော်များများကို သဘောကျခဲ့တာ။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် အနိုင်ယူဖို့နဲ့ ပိုကြီးမားတဲ့ ပန်းတိုင်တွေကို ရည်မှန်းဖို့ ဆိုတာမျိုးပေါ့။ အဲဒါက လူကြီးတွေ ပြောလေ့ပြောထရှိတဲ့ စကားတွေလေ”
“ဟုတ်ပါတယ်”
“ဒါပေမဲ့ မကြာသေးခင်ကမှ ငါ တခြားစကားတစ်ခွန်းကို ပိုပြီး သဘောကျလာတယ်'လက်တွေ့ဘဝကို အနားမှာထားပြီး စိတ်ကူးယဉ်အိပ်မက်တွေကိုတော့ ကိုယ့်အဝေးမှာ ထားပါ'ဆိုတာမျိုးပေါ့။ အဲဒီစာကြောင်းက လောဘကြီးတာကို ဆိုလိုတာ မဟုတ်နိုင်ပေမဲ့ ငါ့အတွက်တော့ အဲဒီလိုပဲ။ ငါက ပိုက်ဆံနောက်ကို လိုက်ရတာ သဘောကျတယ်။ အဲဒါကြောင့် လူတွေက ငါ့ကို လောဘကြီးတယ်လို့ ပြောရင်လည်း ငါ စိတ်မဆိုးဘူး”
မာရူး က တောက်ပစွာ ပြုံးပြလိုက်တာကို မြင်တော့ ဂျွန်မင်း ခေါင်းခါလိုက်တယ်။
“၃ နှစ်တာ ကုန်ဆုံးသွားမယ့်အချိန်ကို ငါ မစောင့်နိုင်တော့ဘူး။ မင်း ဘယ်လောက်အထိ တိုးတက်လာနိုင်မလဲဆိုတာ ငါ့ကို ပြစမ်းပါ။ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် ငါ အဲဒီလက်သုတ်ပဝါရဲ့ တစ်ဖက်ခြမ်းမှာ နောက်ထပ် စာချုပ်တစ်ခု ထပ်ရေးပေးမယ်။ မဟုတ်ရင်တော့ အားလုံးက အဲဒီမှာတင် ပြီးသွားမှာပဲ”
“ကျွန်တော့်ဘက်က ဘာမှ ဆုံးရှုံးစရာမရှိတော့ ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ လောဘနည်းနည်းတော့ ရှိလာပြီ။ အောင်မြင်တဲ့ သရုပ်ဆောင်တိုင်းက ဒီလောက် ပိုက်ဆံအများကြီးကို တစ်ပြိုင်နက်တည်း သုံးနိုင်ကြတာလား”
“ငါ့ကိုတော့ ထူးခြားတဲ့သူလို့ပဲ မှတ်ထားလိုက်ပါ။ ဒီနိုင်ငံ တစ်ဝန်းလုံးမှာ ငါ့လိုလူမျိုးကို အများကြီး တွေ့ရမှာ မဟုတ်ဘူး”
“ဒါဆို ကျွန်တော်က တော်တော်လေး ကံကောင်းတာပေါ့နော်”
“ကံကောင်းတာ ဟုတ်မဟုတ်လား”
ဂျွန်မင်း ရယ်လိုက်တယ်။
“နောက် ၃ နှစ်နေရင် အဲဒါက တကယ် ဟုတ်မဟုတ် သိရမှာပေါ့။ ဒီ ၃ နှစ်ကိုတော့ အကျိုးရှိရှိ သုံးပါ။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တွေကို ငါ ဝယ်ထားတာလေ”
ဂျွန်မင်း ပြုံးရင်းနဲ့ ကော်ဖီဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ ဒီနေ့ ဆောင်းဦးရာသီရဲ့ လေညင်းက သူ့အတွက် တော်တော်လေး လန်းဆန်းနေခဲ့တယ်။
* * * * * * * * *
အခန်း(၇၆)
“ဒါက မဟုတ်သေးပါဘူး”
ယန်မီဆိုတစ်ယောက် သူမကိုယ်တိုင် ပြင်ဆင်ထားတဲ့ ထမင်းချိုင့်ကို ငုံ့ကြည့်ရင်း တွေးလိုက်မိတယ်။ ဒါကို ပတ်တေးဆစ်အတွက် ပြင်ထားတာဆိုပေမဲ့ သူမနဲ့တော့ တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ တီဗီအစီအစဉ်တစ်ခုမှာ စုံတွဲတစ်တွဲ လုပ်ပြတာကို ကြည့်ပြီး လိုက်လုပ်ကြည့်မိတာပါ။ ဒါပေမဲ့ တကယ်တမ်းလည်း ပြင်ပြီးရော အဲဒီလူကို ပေးဖို့ကျတော့ သူမ တော်တော်လေး ရှက်နေမိတယ်။ ဒါ့အပြင်...
“သူ့အတွက်ကော အရသာရှိပါ့မလားမသိဘူး”
မီဆိုဟာ ထမင်းချိုင့်ကို လက်ကကိုင်ပြီး အိမ်ပြင်ထွက်လာခဲ့တယ်။ ကားဆီသွားတဲ့ လမ်းမှာပဲ ကန်ဆွန်ဂျီဆီကို စာတိုလေးတစ်စောင် ခပ်မြန်မြန် ပို့လိုက်တာပေါ့။
“နင်မနေ့က ပြောပြတဲ့အတိုင်း လုပ်ကြည့်လိုက်ပြီ။ အရသာရှိတယ်နော်။ ကျေးဇူးပဲ”
ကားထဲဝင်ထိုင်ပြီး စက်နှိုးလိုက်တဲ့အချိန်မှာပဲ ဟောင်ဂွန်ဆူဆီက ဖုန်းဝင်လာတယ်။ မနက်စောစောစီးစီး ဘာကိစ္စပါလိမ့်။
ကလပ်အတွက် လေ့ကျင့်တာတွေ အဆင်ပြေရဲ့လား။
“အဆင်ပြေပါတယ်။ ဘာလို့လဲ။ နင့်ညီအတွက် စိတ်ပူနေတာလား"
“အဲဒီကလေးကော ဘယ်လိုလဲ။ အာရုံရော စိုက်နိုင်ရဲ့လား”
“ပြိုင်ပွဲအသစ်ကြောင့် သူအဆင်ပြေနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ရင်းက တော်တော်လေး နူးညံ့တာပဲ။ ငါတောင် တော်တော်အံ့ဩသွားရတယ်"
“ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးပါဦး။ သူက အရင်က ဘာကိုမှ တစ်ယောက်တည်း မလုပ်ဖူးဘူးလေ။ သူ အကူအညီတွေ အများကြီး လိုလိမ့်မယ်”
“နင်ကလည်း အပိုတွေ စိတ်ပူနေပြန်ပြီ။ နင်ကိုယ်တိုင်ပဲ သူ့ဆီ ဖုန်းဆက်လိုက်ပါလား"
“ငါ့မှာလည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားတာ မင်းသိသားပဲ။ ပြီးတော့... ငါက ငါ့ညီအတွက် အားကိုးရတဲ့သူတစ်ယောက် မဖြစ်နိုင်တော့ဘူး ထင်တယ်”
“နင် ဘာတွေ လျှောက်ပြောနေတာလဲ"
“စိတ်ထဲမထားပါနဲ့။ ဘာပဲဖြစ်ဖြစ် ဆူသင့်တဲ့အချိန်ကျရင် ဆူလိုက်ပါ၊ ပြီးတော့ သူ့ကို ချီးကျူးဖို့လည်း မမေ့နဲ့ဦး။ သူ အဲဒါကို တကယ်လိုအပ်နေတာ”
“မလုပ်ချင်ပါဘူး။ နင့်ကြောင့်နဲ့ ငါကတော့ သူ့ကို တစ်နေ့လုံး ဆူနေရတော့မှာပဲ"
“အဲဒါကလည်း မဆိုးပါဘူး”
“ကဲ... ဖုန်းချလိုက်တော့မယ်။ ကားမောင်းရဦးမယ်"
မီဆို ဖုန်းချပြီး ကားကို အရှိန်တင်လိုက်တယ်။ အပြင်ဘက်က သစ်ပင်တွေကတော့ ဆောင်းဝင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ စတင် ညှိုးနွမ်းနေကြပြီ။ တချို့သစ်ပင်တွေဆိုရင် အရွက်တွေတောင် မရှိတော့ဘူး။
“ချီးကျူးတာကို ခွန်အားဖြစ်စေတဲ့ စက်ရုပ်တွေနဲ့ ဆက်ဆံရတာ တော်တော်တော့ ခက်သားပဲ"
ဂွန်ဆူ ဘာကို စိတ်ပူနေလဲဆိုတာ မီဆို ကောင်းကောင်းသိတာပေါ့။ ဒီကလေးတွေနဲ့ အတူရှိနေတာ အခုဆို တစ်နှစ်ပြည့်တော့မယ်လေ။ ဟောင်ဂွန်ဆော့က ထက်မြက်တဲ့ ကလေးတစ်ယောက်ပါ။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သူ ကောင်းကောင်းသိသလို လူတွေကိုလည်း အမြဲတမ်း စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်။ အဲဒါတွေက အဆင်ပြေပေမဲ့ ပြဿနာတစ်ခုတော့ ရှိနေတယ်။
“သူ့မှာ ကိုယ်ပိုင်စိတ်ဆိုတာ မရှိဘူး"
အဲဒီကောင်လေးဟာ တခြားသူတွေရဲ့ အမြင်မှာပဲ ရှင်သန်နေတာ။ မီဆိုအနေနဲ့ အဲဒီကောင်လေးရဲ့ စရိုက်ကို အကုန်ပြင်ပေးချင်ပေမဲ့ သူမမှာ အဲဒီလိုလုပ်ပိုင်ခွင့် မရှိဘူးလေ။ အဲဒါက ဂွန်ဆော့ကိုယ်တိုင် ဖြေရှင်းရမယ့် ပြဿနာပဲ။
‘သူ့ရဲ့ မာနကပဲ ပြဿနာပဲ'
မိဘတစ်ဦးတည်းက မွေးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ ဘာလို့ ဒီလောက်တောင် ကွဲပြားနေရတာလဲဆိုတာ မီဆိုအတွက်တော့ တကယ့်ကို ပဟေဠိပါပဲ။ ဂွန်ဆူရဲ့ စရိုက်ကတော့ ငယ်ငယ်တည်းက ထင်ရှားခဲ့တာ။ ကျောင်းမှာဆိုရင် သူ့ကို အရူးလို့တောင် ခေါ်ခဲ့ကြတာလေ။
ဂွန်ဆူက သူလုပ်ချင်ရာကိုပဲ လုပ်တတ်ပေမဲ့ ဂွန်ဆော့ကတော့ အေးအေးဆေးဆေးနဲ့ ယဉ်ကျေးပျူငှာတဲ့ပုံစံ။ ဒါပေမဲ့ အတွင်းစိတ်မှာတော့ အဲဒီကောင်လေးဟာ ဘာမှမရှိဘဲ ဟောင်းလောင်းဖြစ်နေတာ။ အာရုံစိုက်ခံရမှုတွေကြားမှာ ကြီးပြင်းလာတဲ့ ကလေးတွေမှာ တွေ့ရတတ်တဲ့ အမူအရာမျိုးပေါ့။
ဂွန်ဆော့ဟာ သူ တကယ် ဘာလုပ်ချင်လဲဆိုတာကိုတောင် သိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူဟာ သူ့မိဘတွေကို စိတ်ကျေနပ်စေဖို့အတွက်ပဲ ရှင်သန်နေခဲ့ရတာကိုး။
“ဂွန်ဆူကြောင့်လည်း ဖြစ်နိုင်တာပဲ"
ဂွန်ဆူရဲ့ ပုံစံကို မြင်ပြီးတဲ့နောက်မှာ မိဘတွေက ဂွန်ဆော့ကို ရုပ်သေးရုပ်တစ်ရုပ်လို ပြုစုပျိုးထောင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ အဲဒီကောင်လေးဟာ သူ့မိဘတွေရဲ့ အချိုသတ်စကားတွေနဲ့ ဦးနှောက်ဆေးခံထားရတာလည်း ဖြစ်မှာပါ။ စဉ်းစားကြည့်ရင်တော့ နည်းနည်းတော့ စိတ်မကောင်းစရာပဲ၊ ဒါပေမဲ့ မီဆိုကတော့ အဲဒီကောင်လေးအပေါ် သနားစိတ်ထားဖို့ အစီအစဉ်မရှိပါဘူး။
‘မင်း သရုပ်ဆောင်လောကမှာ ဆက်ရှိနေချင်ရင်တော့ မင်းကိုယ်တိုင်အတွက် တွန်းအားတစ်ခုခုကို ရှာရလိမ့်မယ်'
ဂျွန်မင်းက ဂွန်ဆော့ကို အခွင့်အရေးတစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကောင်လေးမှာ ပါရမီရှိတာကိုး။ ဒါပေမဲ့ အဲဒီကောင်လေးဟာ တွန်းအားမရှိတဲ့ လူအလွတ်တစ်ယောက်ဆိုတာကို သိလိုက်တာနဲ့ ဂျွန်မင်းက သူ့ကို စွန့်ပစ်လိုက်မှာပဲ။ ဂွန်ဆော့သာ တကယ့် သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ဘာသာကိုယ် တွန်းအားဖြစ်စေမယ့်အရာကို ရှာဖွေရလိမ့်မယ်။
“ဘာပဲဖြစ်ဖြစ် သူက ပါရမီတော့ ရှိသားပဲ"
ဒါပေမဲ့ စစ်မှန်တဲ့ တွန်းအားမရှိရင် အဲဒီပါရမီက အသုံးမဝင်ပါဘူး။ နောက်ပြိုင်ပွဲအတွက်တော့ သူတို့ အဆင်ပြေနိုင်ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဂွန်ဆော့အနေနဲ့ ပိုပြီး ကြိုးစားရလိမ့်မယ်။
“အဲဒီကလေးနဲ့ကော ဘာတွေဖြစ်ခဲ့တာပါလိမ့်"
မီးနီမိနေတုန်းမှာပဲ မီဆိုက ဖုန်းကိုထုတ်ပြီး ဟန်မာရူးဆီ စာတစ်စောင် ပို့လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းက အဲဒီကောင်လေးဟာ သူမဆီကနေ ဂျွန်မင်းရဲ့ ဖုန်းနံပါတ်ကို တောင်းခဲ့တာလေ။ သူတို့နှစ်ယောက် ဘာတွေများ ပြောခဲ့ကြတာပါလိမ့်။ သူမ တော်တော်လေးကို သိချင်နေမိပေမဲ့ ချန်ဟူးဆီက ရတဲ့ အဖြေကတော့"အဲဒီကောင်လေးကိုပဲ မေးကြည့်လိုက်ပါ"ဆိုတာပဲ။ မာရူးကလည်း ဘာမှ မပြောပြဘူးလေ။
“ဟူး... သူတို့နှစ်ယောက် ဘာတွေများ လုပ်နေကြတာလဲ"
သူမ တွေးနေတုန်းမှာပဲ နောက်ကကားက ဟွန်းသံတွေ တညံညံပေးလာတယ်။ မီဆိုလည်း ဖုန်းကို ဘေးကခုံပေါ် ပစ်တင်လိုက်ပြီး လီဗာကို နင်းလိုက်တော့တယ်။
* * * * * * * * *
ကန်ဆွန်ဂျီဟာ ခဏလောက် မိန်းမောပြီး လှဲနေပြီးမှ ထရပ်လိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရွှံ့ညွန်ထဲ နစ်နေသလိုမျိုး လေးလံနေတာ။ ဒီအတိုင်း ဆက်အိပ်နေလို့တော့ မဖြစ်ဘူးလေ၊ အဲဒါကြောင့် ရေချိုးဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးခဲ့တဲ့ညက သူမ စလုပ်ထားတဲ့ အရုပ်လေးတွေကို ရှောင်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့တာပေါ့။
သူမဟာ ရေပူကို အရှိန်အကုန်ဖွင့်ပြီး ရေချိုးလိုက်တယ်။ ခဏကြာတော့ နီမြန်းနေတဲ့ သူမရဲ့ အသားအရေကို တဘက်နဲ့သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာခဲ့တယ်။ ပြီးတော့ လက်ပ်တော့ဘေးက ဖုန်းကို ငုံ့ကြည့်လိုက်တာပေါ့။ စာအသစ်တစ်စောင် ရောက်နေကြောင်း ဖုန်းက အချက်ပြနေတယ်။ ဆွန်ဂျီဟာ ဆံပင်ကို တဘက်နဲ့ စည်းလိုက်ပြီးမှ ဖုန်းကို ယူလိုက်တာ။
ပထမဆုံးစာက မီဆိုဆီကပါ။ မနေ့ညက ဟင်းချက်နည်းအတွက် ကျေးဇူးတင်ကြောင်း ရေးထားတာ။ မနေ့ညက မီဆို အဲဒီဟင်းချက်နည်းကို လာတောင်းတုန်းက မီဆိုမှာ ရည်စားရသွားပြီလားလို့တောင် ဆွန်ဂျီ တွေးမိသေးတယ်။ ဒါပေမဲ့ မီဆို စိတ်ဆိုးမှာစိုးလို့ အဲဒီမေးခွန်းကို မမေးဘဲ သူမဆီမှာရှိတဲ့ ဟင်းချက်နည်းကောင်းကောင်းတစ်ခုကိုပဲ ပေးလိုက်တာ။ ဆွန်ဂျီဟာ ပြုံးပြုံးလေးနဲ့ နောက်စာတစ်စောင်ကို လှန်ကြည့်လိုက်တယ်။
“. . ."
ဖုန်းမျက်နှာပြင်ပေါ်က'နေကောင်းရဲ့လား'ဆိုတဲ့ စာလုံးတွေကို မြင်လိုက်ရတဲ့အခါ ဆွန်ဂျီဟာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိတယ်။ သူမ ပြန်စာရေးဖို့ ကြိုးစားပေမဲ့ စာလုံးတွေက ခဏခဏ မှားနေတာ။ ခဏလောက်တော့ စိတ်အနှောင့်အယှက် ဖြစ်သွားရပေမဲ့ နောက်ဆုံးတော့ စာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
“နေကောင်းပါတယ်”
သူမ ပို့လိုက်ပြီး မိနစ်အနည်းငယ် ကြာတော့ စာအသစ် ထပ်ရောက်လာတယ်။
“အိမ်ပြန်မလာဘူးလား။ တို့တွေ နင့်ကို လွမ်းနေကြတယ်”
ဆွန်ဂျီဟာ ဖုန်းမျက်နှာပြင်ကို မိနစ်အတော်ကြာ စိုက်ကြည့်နေပြီးမှ လက်ချောင်းတွေကို ပြန်လှုပ်ရှားလိုက်တယ်။
“အလုပ်များနေလို့ပါ။ တောင်းပန်ပါတယ်”
ပြီးတော့ ပြန်စာအသစ်။
“အေးပါလေ။ ကျန်းမာအောင် နေနော်”
ဆွန်ဂျီဟာ ဖုန်းကို ခုတင်ပေါ် ပစ်တင်လိုက်တယ်။ ဖုန်းက ခုတင်ပေါ်ကနေ ပြန်ကန်ထွက်ပြီး ကြမ်းပြင်ပေါ် တည့်တည့် ကျသွားတာပေါ့။ ဆွန်ဂျီရဲ့ ခန္ဓာကိုယ်ဟာ ထပ်ပြီး လေးလံလာပြန်တယ်။ ရေချိုးလိုက်တာလည်း ဘာမှ ထူးမလာဘူး။
ဆွန်ဂျီဟာ ကြမ်းပြင်ပေါ်မှာ ဒူးတုပ်ထိုင်ပြီး သူမရဲ့ ဒူးနှစ်ဖက်ကို ဖက်ထားလိုက်မိတယ်။ သူမအဖေဟာ သူမကို ပြောချင်တဲ့ စကားတွေ အများကြီး ရှိနေဦးမှာပါ။ သူမဆီ ပို့လိုက်တဲ့ စာတိုလေးတွေထဲမှာတောင် သူ့ရဲ့ ခံစားချက်တွေကို သူမ ခံစားနေရတာလေ။
“ဟင်း"
ဆွန်ဂျီ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုနေမိတာ၊ ဘာလို့လဲဆိုတော့ အခုလို စိတ်မကောင်းဖြစ်နေရတာဟာ သူမရဲ့ အပြစ်မှန်း သူမကိုယ်တိုင် သိနေလို့လေ။
လွန်ခဲ့တဲ့ တစ်ချိန်က သူမ ပို့ခဲ့တဲ့စာကိုသာ ပြန်စာ ရခဲ့မယ်ဆိုရင် ဒီလောက်အထိ စိတ်မကောင်း ဖြစ်မှာမဟုတ်ဘူး။ အခုလို မခံစားသင့်ဘူးဆိုတာ သူမ သိပေမဲ့လည်း စိတ်ကို ထိန်းလို့မရဘူး ဖြစ်နေတာ။ ဆွန်ဂျီဟာ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားသလိုမျိုး အဝတ်အစားတွေ ဝတ်လိုက်ပြီး သူမရဲ့ အရုပ်တွေကို ကောက်ယူလိုက်တယ်။
“ကလေးတွေနဲ့... သွားဆော့ရမယ်"
ဒီနေ့လည်း သူမဟာ ကားထဲမှာ အရုပ်တွေ အပြည့်ထည့်ပြီး မူကြိုကျောင်းဆီ ဦးတည်လိုက်ပြန်တယ်။ အဲဒီနေရာဟာ သူမအတွက် ဘေးကင်းတယ်လို့ ခံစားရတဲ့ နေရာအနည်းငယ်ထဲက တစ်ခုဖြစ်သလို နောင်တတွေကို ကုစားပေးတဲ့ နေရာလည်း ဖြစ်တာကိုး။
သူမ ပြုံးရမယ်။
ဆွန်ဂျီ ပြုံးလိုက်တယ်။ သူမ တတ်နိုင်သလောက် အတောက်ပဆုံး ပြုံးလိုက်တာပါ။ ကလေးတွေလည်း သဘောကျမှာ သေချာပါတယ်။ ကားထဲ ဝင်ထိုင်လိုက်တဲ့အချိန်မှာပဲ မာရူးဆီက စာဝင်လာတယ်။
“ကျွန်တော် ဆူဝမ်ဘူတာကို ရောက်ပြီ”
ဆွန်ဂျီဟာ မိန်းမောနေတဲ့ စိတ်ကို ပြန်စုစည်းဖို့ ပါးကို ခပ်ဖွဖွလေး ရိုက်လိုက်ပြီး နောက်ကြည့်မှန်ကို ကြည့်လိုက်တယ်။ သူမရဲ့ ပုံစံက ပုံမှန်ထက် နည်းနည်း ပိုဝမ်းနည်းနေသလို ရှိပေမဲ့ ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။
“လာနေပြီ”
သူမ စာပို့ပြီးတာနဲ့ ကားကို ချက်ချင်း စက်နှိုးလိုက်တော့တယ်။
* * * * * * * * *
“ပင်ပန်းသွားပြီနော်"
“မာရူးလည်း အတူတူပါပဲ။ နောက်အပတ်မှ တွေ့မယ်နော်"
“ဟုတ်ကဲ့"
မာရူးဟာ ဆွန်ဂျီရဲ့ ကားနီလေး မောင်းထွက်သွားတာကို ကြည့်နေပြီးမှ လှည့်ထွက်လာခဲ့တယ်။ သရုပ်ဆောင်တာကို စိတ်ဝင်စားအောင်လို့ စလုပ်ခဲ့တာဆိုပေမဲ့ အခုတော့ ဒါက အကျင့်တစ်ခုလို ဖြစ်နေပြီ။ အခုထိလည်း ပျော်စရာကောင်းနေတုန်းဆိုတော့ အချိန်ကုန်ရကျိုး နပ်တယ်လို့ သူ ခံစားရတာပေါ့။
‘ဒီနေ့တော့ တော်တော်လေး ကောင်းပါတယ်'
မနက်ပိုင်းတုန်းက ဆွန်ဂျီဟာ တော်တော်လေး စိတ်လှုပ်ရှားနေပုံရပေမဲ့ စာတစ်စောင် ရပြီးတဲ့နောက်မှာတော့ တော်တော်လေး တည်ငြိမ်သွားတယ်။ သူမရဲ့ ပြဿနာတွေကို အခုကစပြီး ဖြေရှင်းနိုင်တော့မှာပါ။
နေ့လယ် ၂ နာရီ ရှိပြီ။ တစ်နေ့တာဟာ ထင်ထားတာထက် ပိုမြန်မြန် ကုန်ဆုံးသွားတာမို့ မာရူးဟာ အိမ်မပြန်ခင် ဘူတာရုံက ပေါင်မုန့်မီးကင်တစ်ခု ဝယ်စားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ အဝေးက ရင်းနှီးနေတဲ့ မျက်နှာနှစ်ခုကို သူ သတိထားမိသွားတယ်။ အဲဒါ ဂွန်ဆော့နဲ့ လီယွန်ရင် တို့ပါပဲ။
* * * * * * * * *
“အော်... မာရူးပါလား"လို့ ယွန်ရင်က ပြောလိုက်တယ်။
ဂွန်ဆော့ကတော့ မာရူးကို အနေရခက်တဲ့ မျက်နှာပေးနဲ့ ကြည့်နေတယ်။ မာရူးဟာ လက်ထဲမှာ ပေါင်မုန့်မီးကင်တစ်ခုကို ကိုင်ပြီး သူတို့နှစ်ယောက်ဆီ လျှောက်လာနေတာ။ ယွန်ရင်က ဂွန်ဆော့ ကိုင်ထားတဲ့ သူမရဲ့ လက်မောင်းကို ဖယ်ဖို့ ကြိုးစားပေမဲ့ ဂွန်ဆော့က ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်။
“ချိန်းတွေ့နေတာလား"လို့ မာရူးက မေးလိုက်တယ်။
မာရူးကတော့ ထူးဆန်းတဲ့ ကောင်လေးပါပဲ။ ပြဇာတ်ကလပ်အကြောင်းကို မောက်မောက်မာမာနဲ့ ညည်းတွားတတ်ပေမဲ့ ဘယ်တော့မှ ထွက်မသွားဘူး။ တကယ်တမ်းကျတော့ အခုဆိုရင် သူဟာ ဇာတ်ကောင်တစ်ခု ရထားပြီး လေ့ကျင့်ရေးတွေတောင် ဆင်းနေပြီလေ။
မာရူး ရထားတဲ့ ဇာတ်ကောင်က ထူးထူးခြားခြား မဟုတ်ဘူးလို့ ဂွန်ဆော့ ထင်ခဲ့ပေမဲ့ လေ့ကျင့်တာ နည်းနည်းကြာလာတော့မှ အဲဒါက မဟုတ်ဘူးဆိုတာ သူ သိလိုက်ရတယ်။ နည်းပြ မီဆိုဟာ မာရူးကို ခက်ခဲတဲ့ ဇာတ်ကောင်တစ်ခု ပေးထားတာ သေချာပါတယ်။
ဂွန်ဆော့အနေနဲ့ နည်းပြ မီဆို ဘာတွေ တွေးနေလဲဆိုတာကို နားမလည်နိုင်ဘူး။ ဘာလို့ အဲဒီလို အရေးကြီးတဲ့ ဇာတ်ကောင်မျိုးကို အဲဒီလိုလူစားမျိုးဆီ ပေးရတာလဲ။
‘ဘာလို့ ငါ့ကို မပေးတာလဲ'
သူဟာ အရင်တစ်ခါလိုပဲ အဓိကဇာတ်ဆောင်နေရာ ရထားပေမဲ့ အဲဒီအတွက် သူ လုံးဝ မပျော်နိုင်ဘူး။ လတ်တလောမှာ သူက အဝေဖန်ခံနေရလို့လည်း ဖြစ်မှာပါ။ နည်းပြ မီဆိုဟာ တခြားသူတွေကို ချီးကျူးစကားတွေ အများကြီး ပြောတတ်ပေမဲ့ သူ့ကိုတော့ တစ်ခါမှ မချီးကျူးဖူးဘူး။ အဲဒီလို အမြင်နဲ့ ကြည့်ရင် ဂွန်ဆော့ဟာ မာရူးကို မကြိုက်ဘူး။ အဲဒီကောင်က ဘယ်တော့မှ အဆူမခံရဘူးလေ။
“အချိန်ကောင်းလေးတွေပဲ။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ"
အဲဒီစကားတွေကတောင် ဂွန်ဆော့အတွက်တော့ လှောင်နေသလိုမျိုး ခံစားရတာကြောင့် သူ စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းကို တွန့်လိုက်မိတယ်။ ဂွန်ဆော့ဟာ ယွန်ရင်ကို သူ့နားကို ပိုပြီး ဆွဲကပ်လိုက်တာပေါ့။
“သွားကြစို့"
ယွန်ရင်က သူ့ကို အချိုသာဆုံး လေသံနဲ့ ပြောလိုက်တယ်။
“သူက မနာလိုလို့ အဲဒီလို ပြောနေတာ ဖြစ်မှာပါ၊ ဟုတ်တယ်မလား"
“ဖြစ်နိုင်တာပဲ"
“ဒါပေါ့၊ ဖြစ်မှာပေါ့။ ဂွန်ဆော့က အရမ်း မိုက်တာကိုး"
အဲဒီစကားကို ကြားရတာ နည်းနည်းတော့ ရှက်ဖို့ကောင်းပေမဲ့ ဂွန်ဆော့ကတော့ အဲဒီလို အပြောခံရတာကို မမုန်းပါဘူး။ ယွန်ရင်က သူ့ကို ကြည့်နေတယ်။ သူမဟာ တခြားသူတွေကို ဂရုမစိုက်ဘဲ သူ့ကိုပဲ ဂရုစိုက်တာလေ။ ဒါ့အပြင် သူမက တော်တော်လေးလည်း ချစ်ဖို့ကောင်းပါတယ်။
‘ဒါပေမဲ့ စီနီယာ ကင်ဆိုယွန်းဆိုရင်တော့ ပိုကောင်းမှာပဲ'
ဂွန်ဆော့ဟာ လတ်တလောမှာ ယွန်ရင်ကို နည်းနည်းတော့ ငြီးငွေ့လာပြီ။ အဲဒီကောင်မလေးက သူ့အပေါ်မှာ အရမ်းတွေ တွယ်ကပ်လွန်းနေတာ။ သူမ အမြဲတမ်း ကိုင်ကစားနေကျ ဖုန်းတစ်လုံးလိုမျိုး သူ့ကို ဆက်ဆံတာလေ။ တစ်ဖက်မှာလည်း စီနီယာ ဆိုယွန်းကတော့ အရာရာကို ဦးဆောင်နိုင်စွမ်း ရှိတယ်။ ဆိုယွန်းနဲ့ ကုန်ဆုံးရတဲ့ အချိန်တိုင်းဟာ ပျင်းဖို့ လုံးဝ မကောင်းဘူး။
‘ဒါပေမဲ့လည်း ယွန်ရင်က ငါ့ကို လိုအပ်နေတာပဲလေ'
ဂွန်ဆော့ဟာ ယွန်ရင်ကို ဘေးမှာ ကပ်ထားရင်း အနားမှာရှိတဲ့ နာမည်ကြီး ပီဇာဆိုင်ဆီကို လျှောက်သွားလိုက်တော့တယ်။
* * * * * * * * *
“မနက်ဖြန်မှ တွေ့မယ်နော်"
ယွန်ရင်ဟာ ဂွန်ဆော့ကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။ လမ်းကြားထဲကနေ သွားရင် အိမ်ကို တန်းရောက်နိုင်ပေမဲ့ သူမကတော့ လမ်းမကြီးကနေပဲ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခုထိလည်း သူမဟာ မှောင်ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်ရမှာကို ကြောက်နေတုန်းပဲ၊ အထူးသဖြင့် ဂွန်ဆော့ မပါဘဲနဲ့ပေါ့။
သူမဟာ ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကိုယ် အားပေးနေမိတယ်။
‘ဂွန်ဆော့က ဘာမှ မတတ်ဘူး။ ငါမပါရင် သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး'
ဂွန်ဆော့နဲ့ အတူရှိနေတဲ့ အချိန်တိုင်းမှာ ယွန်ရင်ဟာ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လို ခံစားရတာ။ အခက်အခဲတွေကို ရင်ဆိုင်ပြီး အောင်နိုင်မယ့်သူမျိုးပေါ့။ သူ့ကြောင့်ပဲ သူမဟာ လူတစ်ယောက်အနေနဲ့ တည်ငြိမ်မှုကို ရခဲ့တာလေ။ သူမ လူကူးတံတားပေါ်ကနေ ဖြတ်လာတုန်းမှာပဲ အောက်ဘက်မှာ တစ်ယောက်ယောက်ကို သတိထားမိသွားတယ်။
“ကျေးဇူးတင်ပါတယ်ရှင်။ နောက်လည်း လာခဲ့ပါဦးနော်"
မိန်းကလေးတစ်ယောက်ပါ။ အီဆိုးလ် ပဲ ဖြစ်တယ်။
“ဟင်"
“အော်... ယွန်ရင်ပါလား"
အီဆိုးလ်ကပဲ အရင် လှမ်းခေါ်လိုက်တာပါ။ ယွန်ရင်ကတော့ အဲဒီမိန်းကလေးရဲ့ အနားမှာ ရှိနေရတာကို နည်းနည်းတော့ နေရခက်နေမိတယ်။ အရင်ဆုံး အီဆိုးလ်က သူမထက် ပိုလှသလို ဂွန်ဆော့ကလည်း အဲဒီမိန်းကလေးကို ခဏခဏ ခိုးကြည့်တတ်တာကိုး။ ဒါပေမဲ့လည်း သူတို့က ပြဇာတ်ကလပ်မှာ အတူတူပဲလေ။
“နင် ဒီနားမှာ နေတာလား"
“အင်း။ ငါ့မိဘတွေက စွပ်ပြုတ်ဆိုင် ဖွင့်ထားတာလေ။ အနံ့က မွှေးနေတာပဲ မဟုတ်လား"
ယွန်ရင်က ဝက်သားစွပ်ပြုတ်နံ့ကို သိပ်မကြိုက်ပေမဲ့ အခုလောလောဆယ်တော့ ပြုံးပြီး ခေါင်းညိတ်ပြလိုက်တာပေါ့။
“တစ်ပွဲလောက် စားမလား။ တခြားသူတွေလည်း အကုန် ဒီမှာ ရှိနေကြတယ်"
“တခြားသူတွေ"
ယူရင်က ဆိုင်ထဲကို ချောင်းကြည့်လိုက်တယ်။ လူရှင်းနေတဲ့ ဆိုင်ထဲမှာ ထိုင်စားနေတဲ့ လူအချို့ကို တွေ့လိုက်ရတာ။ ဟိုဘက်က လူကောင်ဝိုင်းဝိုင်းနဲ့ တစ်ယောက်က ပတ်ဒေးမြောင်၊ သူ့ရှေ့မှာက ဒိုဂျင်။ ပြီးတော့...
“ဆိုယွန်းလည်း... ဒီမှာ ရှိနေတာပဲ"
“အင်း။ သူတို့က စွပ်ပြုတ်ကြိုက်တယ်လို့ ပြောလို့ ငါ ဖိတ်လိုက်တာ။ တေဂျွန်းလည်း လာလိမ့်ဦးမယ်"
“အဲ... အဲလိုလား"
ရုတ်တရက် ယူရင်ဟာ အပယ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ တခြားကလေးတွေ ရှိနေတာက ကိစ္စမရှိပေမဲ့... ဆိုယွန်းပါ ရှိနေတာလား။ အဲဒီကောင်မလေးက သူမကို ဘာမှတောင် မပြောဘူးလေ။
ယွန်ရင်ဟာ ဖုန်းကို တင်းတင်းဆုပ်ကိုင်လိုက်မိတယ်။ ဆိုယွန်းကို ကျောင်းမှာ အရင်းနှီးဆုံး သူငယ်ချင်းလို့ သူမ ထင်ထားခဲ့တာ။ ဒါကတော့ များလွန်းတယ်...
“ငါ အိမ်ပြန်ရတော့မယ်"
“တကယ်လား။ သူတို့ကို နှုတ်ဆက်သွားပါဦး..."
“မလိုပါဘူး၊ ရပါတယ်။ မနက်ဖြန်မှ တွေ့မယ်"
“အင်း... အေးပါလေ"
ယွန်ရင်ဟာ သူမရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကို ဖုံးကွယ်ဖို့အတွက် ချက်ချင်းပဲ လှည့်ထွက်လာခဲ့တယ်။ ဆိုယွန်းက သူမကို ဘာမှမပြောဘဲ တခြားသူတွေနဲ့ ဘယ်လိုများ လာစားနိုင်ရတာလဲ။
‘သူငယ်ချင်းလို့တောင် ငါက ထင်ထားခဲ့တာ'
အဲဒီလို တွေးလိုက်တဲ့အချိန်မှာပဲ ဒီနေ့မနက်တုန်းက သူမ မကိုင်လိုက်မိတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို သတိထားမိသွားတယ်။ အဲဒါ ဆိုယွန်းဆီကပါ။ အဲဒီအချိန်တုန်းက သူမဟာ ဂွန်ဆော့နဲ့ လျှောက်လည်နေတာမို့ ဖုန်းကို လျစ်လျူရှုထားခဲ့တာလေ။
“. . . အနည်းဆုံးတော့ စာလေးဘာလေး ပို့ထားသင့်တာပေါ့။ ဒါက ငါ့ကို တမင် လျစ်လျူရှုနေတာ မဟုတ်ဘူးလား"
ယွန်ရင် ချက်ချင်းပဲ စိတ်တွေ ပိုညစ်လာရတယ်။ အဲဒီအကြောင်းကို တစ်ယောက်ယောက်ကို ပြောပြဖို့ လိုနေပြီ။ သူမဟာ ထုံးစံအတိုင်း ဖုန်းထဲမှာ ဂွန်ဆော့ရဲ့ ဖုန်းနံပါတ်ကို စတင် ရိုက်နှိပ်လိုက်တော့တယ်။