အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ( ၈၁ )
"ဂွန်ဆော့"
"ဟုတ်ကဲ့"
"ဒီကို ခဏလာဦး"
ဂွန်ဆော့က မီဆို ရှိရာဆီ လျှောက်လာခဲ့တယ်။ သူ အခုနက သရုပ်ဆောင်တာ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ တကယ်တော့ တော်တော်လေးကို ပြည့်စုံခဲ့တာပါ။ စကားလုံးတွေကလည်း ပီပီသသရှိသလို ဇာတ်ညွှန်းတွေကိုလည်း တစ်လုံးမှ မမေ့ခဲ့ဘူး။ ဒါကို သူမက ဘာများ ထပ်ပြီး အပြစ်တင်ဦးမှာလဲ။ နောက်ပိုင်းမှာ အမြဲတမ်း အဆူခံနေရတာဆိုတော့ သူ စိတ်လေးလံစွာနဲ့ပဲ သူမဆီ သွားလိုက်ရတယ်။
"မင်းမျက်နှာက ဘာဖြစ်နေတာလဲ"
"ကျွန်တော် ဘာမှားသွားလဲလို့ စဉ်းစားနေတာပါ"
"ဘယ်သူက မင်းကို အမှားလုပ်တယ်လို့ ပြောလို့လဲ"
"ဒါဆိုရင် ..."
ယန်မီဆိုက ပြုံးပြီး ကောင်လေးရဲ့ လက်မောင်းကို ပုတ်ပေးလိုက်တယ်။
"တော်တယ်။ မင်း ကြိုးစားခဲ့တာပဲ။ အခုနက သရုပ်ဆောင်သွားတာကို မင်းကိုယ်မင်း ဘယ်လိုထင်လဲ"
"ကျွန်တော် ဘာမှားသွားလဲဆိုတာတော့ မတွေ့မိဘူးခင်ဗျ"
"စိတ်ကျေနပ်မှုရော ရှိရဲ့လား"
"... ဟုတ်ကဲ့။ ကျွန်တော် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျေနပ်ပါတယ်"
"ကောင်းတယ်။ အဲဒါဆို ရပါပြီ။ အခုကစပြီး အသေးစိတ်လေးတွေကိုပဲ ထပ်ပြင်ဖို့ လိုတော့မယ်။ အခြေခံ သရုပ်ဆောင်မှုပိုင်းမှာတော့ တို့တွေ ထပ်ပြင်စရာ မလိုတော့ဘူး။ အခုလိုပဲ ဆက်ပြီး ကြိုးစားသွားပါ။ တော်တယ်"
ယန်မီဆိုဆီကနေ ချီးမွမ်းစကား မကြားရတာ တော်တော်လေး ကြာခဲ့ပါပြီ။ ဟောင်ဂွန်ဆော့ တစ်ယောက် အပြုံးကို ဖုံးမထားနိုင်တော့ဘူး။ ‘ ဒယ်လ်ဆော့ဒေါင်က လူများ ’ ပြဇာတ်အတွက် ပြင်ဆင်နေတဲ့ တစ်လျှောက်လုံးမှာ အခုလောက်အထိ ဆရာမ ယန်မီဆိုကို သက်သောင့်သက်သာနဲ့ ကြည့်နိုင်ခဲ့တဲ့ အချိန် မရှိခဲ့ဖူးပါဘူး။
"မင်းရဲ့ သင်တန်းတွေရော ဘယ်လိုနေလဲ"
ဟောင်ဂွန်ဆော့က လီဂျွန်မင်းနဲ့ စာချုပ်ချုပ်ပြီးတဲ့နောက်မှာ သီးသန့် နည်းပြဆရာတစ်ယောက် ရခဲ့တယ်။ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး သရုပ်ဆောင်နဲ့ သင်ယူရတာက သူ့ဘဝမှာ အပျော်ဆုံးအချိန်တွေပါပဲ။ အဲဒီ အမျိုးသမီးက သူ့ကို ယုံကြည်ပေးသလို ချီးမွမ်းစကားတွေပဲ အမြဲပြောတတ်တာလေ။ တီဗီထဲမှာလည်း သူမကို ခဏခဏ မြင်ဖူးတယ်။ ဟိုးဟိုးကျော် နာမည်ကြီးတာမျိုးတော့ မဟုတ်ဘူးပေါ့။
"အဆင်ပြေပါတယ်"
"ဝိုး။ ကြည့်ရတာတော့ တကယ်ကို ပျော်နေတဲ့ပုံပဲ။ သူမက ဆရာကောင်းတစ်ယောက်မို့လို့ သူမဆီမှာ သေချာသင်ယူပါ။ ငါ မကြည့်နိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို သူမက ဖြည့်ဆည်းပေးနိုင်မှာပါ"
"နားလည်ပါပြီ ခင်ဗျာ"
"မင်းရဲ့ သရုပ်ဆောင်မှုကို ဒီထက်ပိုပြီး အပြီးသပ်ပြင်ဆင်ကြည့်ရအောင်။ ကဲ ... သွားလို့ရပြီ"
ဟောင်ဂွန်ဆော့ နောက်ဆုတ်လိုက်တဲ့အခါမှာ သူ့ကိုယ်သူ ယုံကြည်ချက်တွေ အပြည့်ရှိနေပြီ။ သူ့ရဲ့ နည်းပြဆရာမဆီကတင် မဟုတ်ဘဲ ယန်မီဆိုဆီကပါ ချီးကျူးခံရတာကိုး။ သူ တိုးတက်လာခဲ့ပြီလေ။
"ဂွန်ဆော့ မင်းဆီ ဖုန်းလာနေတယ်"
ယွန်ရင်က တုန်ခါမှုလုပ်ထားတဲ့ သူ့ဖုန်းကို လှမ်းပေးတယ်။ ဟောင်ဂွန်ဆော့ ဖုန်းကိုယူပြီး ပြန်ထူးလိုက်တယ်။
"ဂွန်ဆော့လား"
"အာ ဟုတ်ကဲ့။ ကျွန်တော်ပါ ဆရာမ"
"မမလို့ပဲ ခေါ်ပါလို့ ပြောထားတယ်လေ။ ဒါနဲ့ ဘယ်လိုနေလဲ။ ဆရာမ ယန်မီဆိုဆီက အဆူခံရသေးလား"
"မဆူပါဘူး။ ကျွန်တော် ကောင်းကောင်း လုပ်နိုင်တယ်လို့ ပြောပါတယ်။ အခုတော့ အသေးစိတ်လေးတွေကိုပဲ အာရုံစိုက်တော့လို့ ပြောပါတယ်"
"တွေ့လား။ ငါပြောသားပဲ။ မင်း ကောင်းကောင်း လုပ်နိုင်ပါတယ်။ မင်းက လူတစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ရော တိုးတက်လာတာပါ"
"... ကျေးဇူးတင်ပါတယ်"
သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေ အကုန် ပျောက်ကွယ်သွားတယ်။ စိတ်ဖိစီးမှုတွေလည်း မရှိတော့ဘူး။ နောက်ထပ် အကြိမ်ပေါင်းများစွာတောင် ထပ်ပြီး လေ့ကျင့်နိုင်ဦးမယ့် ခံစားချက်မျိုး ဖြစ်နေတာ။
"အရမ်းကြီးတော့ ပင်ပန်းမခံနဲ့ဦး။ မင်းမှာ ပါရမီရှိပါတယ်။ အေးအေးဆေးဆေး သွားရင်တောင် ထိပ်ဆုံးကို ရောက်မှာပါ။ ဒါက ငါ ပုံကြီးချဲ့ပြောနေတာ မဟုတ်ဘူးနော်။ မင်းလည်း သိတယ်မလား"
"ဟားဟား။ ကျွန်တော့်ကို ရှက်အောင် လုပ်နေပြန်ပြီ"
"မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကြိုးစားပါ။ ဒီညနေကျရင် တွေ့မယ်နော်"
ဟောင်ဂွန်ဆော့ ဖုန်းချလိုက်တယ်။ ဖုန်းထဲက အမျိုးသမီးရဲ့ ပုံရိပ်က သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ ကျောင်းက တခြား မိန်းကလေးတွေထက် အများကြီး ပိုပြီး ရင့်ကျက်တဲ့သူပေါ့။ ချစ်စရာကောင်းပြီး ရင့်ကျက်တဲ့ သူမက သူ့ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံတယ်။ စကားပြောရင်လည်း ဆရာမ ယန်မီဆိုနဲ့မတူဘဲ အရမ်းကို နူးညံ့ပျော့ပျောင်းတယ်။
‘ ဟုတ်တယ်။ ငါက သရုပ်ဆောင်တာ ညံ့တာမဟုတ်ဘူး။ ငါ့ရဲ့ အရင်ဆရာမက အရည်အချင်း မရှိလို့ပဲ ’
နောက်ဆုံးတော့ သူက တကယ့် ဆရာကောင်းတစ်ယောက်နဲ့ တွေ့ခဲ့ပြီလေ။ ဆွဲဆောင်မှုရှိတဲ့ ဆရာမပေါ့။ ဟောင်ဂွန်ဆော့ သူ့ကိုယ်သူ အမှတ်မထင် နမ်းကြည့်လိုက်မိတယ်။ ချွေးနံ့ကြောင့် နည်းနည်းတော့ ချဉ်စော်နံနေပြီ။ သူမဆီ မသွားခင် ရေချိုးဦးမှ ဖြစ်မယ်။
"ဆရာမ ယန်မီဆိုက ဘာပြောလဲ"ယွန်ရင်က မေးတယ်။
ဟောင်ဂွန်ဆော့က ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ငါ ပြည့်စုံတယ်လို့ ပြောတယ်"
"ဝိုး။ ထင်တဲ့အတိုင်းပဲ"
"နင်လည်း တော်ပါတယ်။ ထပ်ပြီး လေ့ကျင့်ရင်တော့ ပိုကောင်းလာမှာပါ"
"တကယ်လား။ ဪ ဂွန်ဆော့ ... ညစာစားချိန်ကျရင် ငါနဲ့အတူ လေ့ကျင့်မလား။ မေမေက မုန့်ဖိုးတွေ ထပ်ပေးထားလို့ တို့တွေ ကောင်းကောင်းလေး တစ်ခုခု သွားစားကြရအောင်လေ"
"အင်း။ ကောင်းသားပဲ။ ဒါပေမဲ့ ငါ လုပ်စရာလေး တစ်ခု ရှိနေလို့"
"လုပ်စရာလား။ နင် နောက်ပိုင်း တော်တော် အလုပ်ရှုပ်နေတာပဲနော်"
"ဆောရီးပါ။ ပိတ်ရက်ကျရင် တို့တွေ ရုပ်ရှင်သွားကြည့်ကြမယ်လေ။ ဘယ်လိုလဲ"
"တကယ်လား"
ဟောင်ဂွန်ဆော့က ယွန်ရင်ရဲ့ ပါးလေးကို အသာအယာ ဆွဲလိုက်တော့ သူမကလည်း ပြုံးဖြာသွားတာပေါ့။ ဒါပေမဲ့ ဟောင်ဂွန်ဆော့ စဉ်းစားမိတာက အဲဒီ မိန်းကလေးရဲ့ မျက်နှာကို ကြည့်တဲ့အခါ အရင်လို စိတ်လှုပ်ရှားမှုမျိုး မရှိတော့ဘူး ဆိုတာပဲ။ ယွန်ရင်ရဲ့ မျက်နှာပေါ်မှာ နည်းပြဆရာမရဲ့ ပုံရိပ်က ထပ်နေသလိုပဲ။ အဲဒီ အမျိုးသမီးက နူးညံ့တဲ့ပုံစံရှိသလို တစ်ဖက်မှာလည်း ကြောင်လေးတစ်ကောင်လို ဖြတ်လတ်တဲ့ ပုံစံမျိုး ရှိတယ်လေ။
‘ ဒါပေမဲ့လည်း ယွန်ရင်က ငါ့ကို ဂရုစိုက်ရှာတာပဲ ’
လွန်ခဲ့တဲ့ လအနည်းငယ်က ဟန်မာရူးတစ်ယောက် ကလပ်ကို ပြောင်းလဲပစ်လိုက်တုန်းက သူ ဘုရားကျောင်းထဲကနေ ထွက်ပြေးလာတာကို ယွန်ရင်ကပဲ လိုက်တားပေးခဲ့တာ။ အဲဒီတုန်းက သူ အရမ်း ကျေးဇူးတင်ခဲ့သလို ယွန်ရင်ကသာ သူ့ကို နားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ...
"ဘာလို့ အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ"
"ဪ။ နင်က အရမ်းလှနေလို့ပါ"
"ဘာ ... ဘာတွေလဲ။ ဘာလို့ ရုတ်တရက်ကြီး အဲလို ပြောတာလဲ"
ဟောင်ဂွန်ဆော့က ယွန်ရင်ရဲ့ လက်ကို ခဏလောက် ဆုပ်ကိုင်ပြီးမှ ပြန်လွှတ်လိုက်တယ်။ သူ ကိုယ်တိုင်တော့ သတိမထားမိပေမဲ့ သူဟာ နောက်တစ်ကြိမ် ပြန်ပြီး လဲကျသွားတဲ့အခါ အားကိုးဖို့အတွက် အာမခံချက် တစ်ခုကို ကြိုတင် ယူထားတာပဲ ဖြစ်တယ်။
"ဟီးဟီး"
ယွန်ရင်ကတော့ ဟောင်ဂွန်ဆော့ကို ကြည့်ပြီး ပြုံးပျော်နေတော့တာပေါ့။
* * * * * * * * *
ယန်မီဆိုက သူမရှေ့က ချစ်သူနှစ်ဦးကို ခဏလောက် ကြည့်နေမိတယ်။ ဟောင်ဂွန်ဆော့က အရင်ကထက် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိနေတဲ့ပုံပဲ။ ဒါက ယန်မီဆိုဆီကနေ ချီးမွမ်းစကား ကြားရတာ တော်တော်လေး ကြာခဲ့လို့လည်း ပါတာပေါ့။ ယန်မီဆို သူမဖုန်းနဲ့ နည်းပြဆရာမဆီကို ထပ်ပြီး ဖုန်းဆက်လိုက်တယ်။
"ဟုတ်ကဲ့။ မစ္စ ဆူယွန်းလား"
"သူ ဘယ်လိုနေလဲ"
"တော်တော်လေးကို အဆင်ပြေသွားတယ်။ ပျော်လွန်းလို့ မေ့လဲတော့မယ့်အတိုင်းပဲ"
"အဲဒါ ကောင်းတာပေါ့"
"ဒါပေမဲ့ ဒါက တကယ်ရော အဆင်ပြေရဲ့လား။ ဒါက သူ့ကို ပိုပြီးတော့တောင် အားနည်းသွားစေလိမ့်မယ်"
လူသားတွေက အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ ဖြစ်ပေမဲ့ သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ စရိုက်လက္ခဏာတွေက ဘယ်လို ပြုစုပျိုးထောင်ခဲ့လဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပြီး ပြောင်းလဲသွားတတ်တယ်။
ဟောင်ဂွန်ဆော့က သူ့မိဘတွေရဲ့ အစွန်းရောက်တဲ့ ဂရုစိုက်မှုနဲ့ ဝင်ရောက်စွက်ဖက်မှုတွေအောက်မှာ ကြီးပြင်းလာရတာလို့ ဟောင်ဂွန်ဆူးဆီကနေ ယန်မီဆို ကြားထားဖူးတယ်။ တချို့ မိဘတွေက သူတို့ရဲ့ အိပ်မက်တွေကို သားသမီးတွေဆီမှာ ပုံဖော်ဖို့ ကြိုးစားတတ်ကြတယ်။
သူတို့က သားသမီးတွေကို သူတို့လိုပဲ လွတ်လပ်တဲ့ လူသားတစ်ယောက်အဖြစ် မမြင်ကြဘူး။ ပြောရရင် သားသမီးတွေကို ရုပ်သေးရုပ်တွေလိုပဲ မြင်ကြတာ။
‘ စာလုပ်ရင် ချီးမွမ်းတယ်၊ စာမလုပ်ရင် အပြစ်ပေးတယ်။ အဲဒါတွေ အကုန်လုံးက သူတို့အတွက်ပါလို့ ဆင်ခြေပေးပြီး လုပ်နေကြတာ။ တကယ်ကို ရွံစရာကောင်းတဲ့ သံသရာပဲ ’
ယန်မီဆိုရဲ့ မိသားစုကတော့ ရှုပ်ထွေးပွေလီလှပါတယ်။ သူမရဲ့ ဖခင်က ပျောက်ဆုံးနေပြီး သူမရဲ့ မိခင်ကတော့ ဖျားနာနေခဲ့တာ။ အရင်တုန်းကဆိုရင် အကြွေးရှင်တွေဆီက ဖုန်းတွေ အရမ်းလာတတ်လို့ ဖုန်းပြန်ထူးဖို့တောင် သူမ ကြောက်နေခဲ့ရတာ။
ဖခင်ဖြစ်သူ ဘယ်မှာရှိလဲ သူမ မသိဘူးလို့ ပြောရင်တောင်မှ အပြန်အလှန်အားဖြင့် သေနတ်နဲ့ ခြိမ်းခြောက်တာတွေ၊ ဆဲဆိုတာတွေပဲ ရခဲ့တာလေ။ အဲဒီလို ပတ်ဝန်းကျင်မှာ ယန်မီဆိုကတော့ သန်မာအောင် ကြိုးစားခဲ့ရုံကလွဲလို့ တခြားနည်းလမ်း မရှိခဲ့ဘူး။ တခြားသူတွေ သူမအပေါ် ဘယ်လိုထင်မလဲ ဆိုတာကို ဂရုစိုက်နေဖို့ သူမမှာ အချိန်မရှိခဲ့ဘူး။
ဒီလို အခြေအနေမျိုး ကြုံခဲ့ရပေမဲ့ ယန်မီဆိုက သူမရဲ့ မိခင်အပေါ် တစ်ခါမှ အငြိုးမထားခဲ့ပါဘူး။ သူမရဲ့ ဖခင်ကိုတော့ နေ့ရောညပါ ဆဲဆိုနေမိတာတော့ အမှန်ပဲပေါ့ ...
သူမရဲ့ မိခင်က ဖျားနာနေပေမဲ့လည်း စိတ်ဓာတ်ကတော့ အင်မတန် သန်မာလှပါတယ်။ ယန်မီဆိုတစ်ယောက် သူမရဲ့ မိခင် ဘယ်လို ဖိအားမျိုးအောက်မှာမှ လဲကျသွားတာမျိုး မမြင်ဖူးခဲ့ပါဘူး။ သူမရဲ့ မိခင်က ယန်မီဆို ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး သူမရဲ့ ဆုံးဖြတ်ချက်တွေကို အမြဲတမ်း လေးစားပေးခဲ့တာပါ။
‘ ငါ သမီးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ် ’
သူမရဲ့ မိခင်က သူမကို လေးစားပေးခဲ့တယ်။ ယန်မီဆိုကတော့ သူမရဲ့ မိခင် ဘယ်လောက်အထိ ပညာရှိလဲ ဆိုတာကို အရွယ်ရောက်လာမှ သိခဲ့ရတာ။ သူမရဲ့ မိခင်က ယန်မီဆိုဟာ သူမရဲ့ သွေးသားရင်း ဖြစ်ပေမဲ့ သူမနဲ့ မတူဘူး ဆိုတာကို လက်ခံပေးခဲ့တယ်။
ဒါက ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲ။ ဘယ်သူမဆို ကိုယ့်သားသမီးအပေါ်မှာ ပိုင်စိုးချင်တဲ့ စိတ် ရှိတတ်ကြတာပဲ မဟုတ်လား။ အထူးသဖြင့် ကိုယ်တိုင် ကျွေးမွေး ပြုစုပျိုးထောင်ခဲ့ရတဲ့ သားသမီးဆိုရင် ပိုတောင် ဆိုးသေးတာပေါ့။
ဒါပေမဲ့ ယန်မီဆိုရဲ့ မိခင်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ သူမက ယန်မီဆိုကို ပြုစုပျိုးထောင်ခဲ့တာကို အကြောင်းပြပြီး ယန်မီဆိုရဲ့ ဘဝကို ထိန်းချုပ်ဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအချက်ကို သဘောပေါက်သွားတဲ့ အချိန်မှာတော့ ယန်မီဆိုက သူမရဲ့ မိခင်ကို အရင်ကထက် ပိုပြီး လေးစားလာမိတော့တယ်။
အဲဒါကြောင့်လည်း ယန်မီဆိုက ဟောင်ဂွန်ဆော့ကို နားလည်ပေးနိုင်တာပါ။ မိဘတွေက သားသမီးအပေါ် အရမ်းကြီး ဂရုစိုက်လွန်းတဲ့အခါ ရဟတ်ယာဉ်တစ်စင်းလို သားသမီးတွေရဲ့ ခေါင်းပေါ်မှာ ဝဲနေတတ်ကြတယ်။ အဲဒါက ကလေးအပေါ် ဘယ်လောက်အထိ ဖိအားဖြစ်စေမလဲ ဆိုတာကို သူတို့ သတိမထားမိကြဘူးလေ။
‘ သူ သူ့ကိုယ်သူ သန်မာအောင် လုပ်ရလိမ့်မယ် ’
ယန်မီဆိုက သူမရဲ့ သင်တန်းဆရာမ တစ်ယောက်အနေနဲ့ ကန့်သတ်ချက်တွေကို သိထားပါတယ်။ လူကြီးဖြစ်နေရုံနဲ့ တခြားသူတွေကို ဆုံးမခွင့် ရှိတာမှ မဟုတ်တာ။
ဟောင်ဂွန်ဆော့ ဒီလိုဖြစ်လာတာက သူ့မိဘတွေရဲ့ အမှားကြောင့် ဖြစ်ပေမဲ့ အဲဒီ အပြုအမူတွေကို ဆက်ပြီး လုပ်နေတာကတော့ ကောင်လေးရဲ့ ရွေးချယ်မှုပဲ ဖြစ်တယ်။ ယန်မီဆိုက ကောင်လေးမှာ ပြဿနာရှိတယ်ဆိုတာ ကောင်းကောင်း သိထားပေမဲ့ သူမ ကိုယ်တိုင်က အဲဒီ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး ဆိုတာလည်း သိထားပါတယ်။ ဟောင်ဂွန်ဆော့ရဲ့ စရိုက်ကို ပြင်ပေးနိုင်မယ့်သူက အရမ်းကို နည်းပါတယ်။
‘ သူ့ကိုယ်သူ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူနဲ့ အရမ်းရင်းနှီးတဲ့သူတွေ ဖြစ်ဖြစ်ပေါ့ ’
သူမက သူ့ကို တခြားသူတွေဆီကနေ တွန်းအားမရှာဘဲ ကိုယ့်ကိုယ်ကိုယ်ဆီကနေပဲ ရှာဖို့ တစ်ခါ ပြောဖူးတယ်။ ဒါပေမဲ့ ပြန်ရတဲ့ တုံ့ပြန်မှုကတော့ အေးစက်စက်နဲ့ တိတ်ဆိတ်နေတဲ့ မျက်နှာပေးပဲ။ အဲဒါကို မြင်ပြီးတဲ့နောက်မှာတော့ ယန်မီဆိုက ကောင်လေးကို လုံးလုံး လက်လျှော့လိုက်တော့တယ်။
အခုတော့ သရုပ်ဆောင် ဆူယွန်းရဲ့ အပေါ်မှာပဲ မူတည်တော့တာပေါ့။ အဲဒီ အမျိုးသမီးက ဟောင်ဂွန်ဆော့ကို ဘယ်လိုပုံစံနဲ့ ပြင်ပေးမလဲ ဆိုတာကိုတော့ သူမ မသိတော့ဘူး။
"ဟယ်လို"
"အာ ဟုတ်ကဲ့။ ရှိပါတယ်"
"ဆောရီးပါ။ ဘာမှ မပြောလို့ ဖုန်းကျသွားပြီ ထင်လို့။ ဘာပဲဖြစ်ဖြစ် ဒါကို ငါ့ဆီမှာပဲ ထားခဲ့လိုက်ပါ။ ကလေးတစ်ယောက်ဆီကနေ ချိုချဉ်ကို လုယူလိုက်ရင် သူက ငိုပဲ ငိုနေမှာပေါ့။ အဲဒါက သိပ်ပြီး ဉာဏ်မရှိတဲ့ အလုပ်ပဲ။ သူ့ကို တခြားတစ်ခုခုကို ပြောင်းပေးရမှာ။ အဲဒီလိုနဲ့ ခဏခဏ အလဲအလှယ် လုပ်ပေးနေရင် နောက်ဆုံးမှာ သူ့လက်ထဲမှာ ဘာရှိရှိ သူ ငိုတော့မှာ မဟုတ်ဘူး"
"ကောင်းပါပြီ။ စီနီယာက ဂွန်ဆော့ကို ရှင်နဲ့ပဲ ထားခဲ့ပါလို့ ပြောထားတာဆိုတော့ ကျွန်မ အဲဒီအတိုင်းပဲ လုပ်ပါ့မယ်။ သူ့ကို သေသေချာချာ ဂရုစိုက်ပေးပါဦး"
"စိတ်မပူပါနဲ့။ ဪ မစ္စ ယန်မီဆို ... ရှင် သရုပ်ဆောင် ယန်ဂန်ဟွမ်ကို သိလား"
"သိတာပေါ့"
"အင်း ... နောက်တစ်ခါကျရင် ကျွန်မနဲ့ သူနဲ့ တွေ့ဆုံဖို့လေး စီစဉ်ပေးလို့ ရမလား။ ကျွန်မ သူ့ကို တစ်ချိန်ချိန်မှာ တွေ့ချင်လို့ပါ"
"ကောင်းပါပြီ။ ကျွန်မ သူ့ကို ဆက်သွယ်ကြည့်ပေးပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အာ ... ကျွန်မ အခုပဲ ရှုတင်စတော့မှာမို့လို့။ နောက်မှ တွေ့မယ်နော်"
"ဟုတ်ကဲ့"
အဲဒီ အမျိုးသမီးက ယန်မီဆိုထက် အများကြီး ငယ်ပေမဲ့ သူမထက် အများကြီး ပိုပြီး အောင်မြင်နေတဲ့သူပါ။ မကြာခင်မှာ ဆူယွန်းက ဇာတ်လမ်းတွဲ အသေးလေး တစ်ခုမှာ အဓိကဇာတ်ဆောင်နေရာက ပါဝင်လိမ့်မယ်လို့တောင် ယန်မီဆို ကြားထားဖူးတယ်။
‘ စီနီယာ လီဂျွန်မင်းက သူမကို ရွေးချယ်ခဲ့တာဆိုတော့ အရာအားလုံး အဆင်ပြေသွားမှာပါ ’
အဲဒီလူက လူတွေကို ကိုင်တွယ်တဲ့ နေရာမှာ တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ မဟုတ်လား။ ယန်မီဆိုက အနားယူနေတဲ့ ကျောင်းသားတွေဆီကို လက်ခုပ်တီးပြီး အချက်ပြလိုက်တယ်။
"ကဲ အခု လေ့ကျင့်ခန်း ပြန်စရအောင်။ အဆင်သင့် ပြင်ထားကြ"
* * * * * * * * *
ဟန်မာရူးတစ်ယောက် လေ့ကျင့်ခန်းပြီးလို့ အိမ်အပြန်လမ်းမှာ ဖုန်းလာတယ်။ ယန်ဂန်ဟွမ်ဆီကပေါ့။ အဲဒီလူက ကျောင်းနားက စားသောက်ဆိုင် တစ်ခုကို လာခဲ့ပါလို့ ပြောပြီး ဖုန်းချသွားတာကြောင့် ဟန်မာရူးလည်း မသွားဘဲ မနေနိုင်တော့ဘူး။ ရောက်ရောက်ချင်းမှာပဲ ယန်ဂန်ဟွမ်က အမဲသားမပါဘဲ သရုပ်ဆောင်လို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောပြီး ဟန်မာရူးကို အတင်းကျွေးတော့တာပဲ။
"မင်း ဘာလို့ သရုပ်ဆောင်တာလဲ"
ဟန်မာရူး ပါးစပ်ထဲက ဝက်သားကင်ကို မျိုချပြီးမှ ပြန်ဖြေလိုက်တယ်။
"အဲဒီမေးခွန်းကို ကျွန်တော် ဖြေပြီးသား မဟုတ်လား"
"မင်းအတွက် လိုအပ်လို့လား"
"ဟုတ်ကဲ့"
"မင်း သရုပ်ဆောင်တဲ့ အခါမှာ တစ်ခါမှ စိတ်လှုပ်ရှားတာမျိုး ဒါမှမဟုတ် စိတ်ဓာတ်ပြင်းပြတာမျိုး မခံစားရဘူးလား"
စိတ်ဓာတ်ပြင်းပြတာ တဲ့လား။ စိတ်မကောင်းစရာက ဟန်မာရူး အဲဒါကို အခုထိ မခံစားရသေးပါဘူး။ လေ့ကျင့်နေတဲ့ အချိန်မှာ ဘာလို့ အဲဒီလောက်အထိ စိတ်ဓာတ်တွေ ပြင်းပြနေရမှာလဲ။
"စင်ပေါ်ရောက်ရင် ပြောင်းလဲသွားမှာလား"
"မဟုတ်ဘူး။ စင်ပေါ်ရောက်တာနဲ့ မင်းကို စိတ်အနှောင့်အယှက်ပေးမယ့် စိတ်လှုပ်ရှားမှုမျိုးပဲ ရမှာ။ စင်ပေါ်မှာတော့ မင်းက ပိုပြီးတော့ အေးစက်သွားမှာပဲ၊ ပူနွေးလာမှာ မဟုတ်ဘူး"
"ဒါက တကယ်ပဲ သရုပ်ဆောင်တစ်ယောက် ပြောသင့်တဲ့ စကားလား ခင်ဗျာ"
"ငါကတော့ စင်ပေါ်မှာ စိတ်လှုပ်ရှားနေတဲ့သူတွေက သရုပ်ဆောင်ဖို့ မသင့်တော်ဘူးလို့ ထင်တယ်"
"ဒါဆို သရုပ်ဆောင်တွေက ဘယ်အချိန်မှာ စိတ်လှုပ်ရှားရမှာလဲ"
"အဲဒါကတော့ ..."
ယန်ဂန်ဟွမ်က စကားလမ်းကြောင်းကို ဖြည်းဖြည်းချင်း ပြောင်းလိုက်တယ်။
"ငါ့ရဲ့ ပထမဆုံး သရုပ်ဆောင်မှုကို ငါ အခုထိ မေ့လို့မရသေးဘူး။ အဲဒါက ကျောင်းမှာ လုပ်ခဲ့တာ။ ငါ့မှာ စကားပြောတွေ အများကြီးတောင် မရှိဘူး၊ ဒါပေမဲ့ ငါ မှားခဲ့တယ်။ ပရိသတ်တွေ အများကြီး မရှိပေမဲ့ ငါ ရှက်လွန်းလို့ သေတော့မယ့်အတိုင်းပဲ။ ငါ့ခေါင်းထဲမှာ ဘာမှ မရှိတော့ဘဲ လုံးဝ ကွက်လပ်ဖြစ်သွားတာ။ အဲဒီလောက်အထိ လေ့ကျင့်ထားတာတောင်မှ ဘာမှ ပြောလို့မရခဲ့ဘူး။ ဒါပေမဲ့ တို့တွေကတော့ အောင်အောင်မြင်မြင်နဲ့ ဇာတ်သိမ်းနိုင်ခဲ့ပြီး ငါ စင်ပေါ်ကနေ ဆင်းလာခဲ့တယ် ..."
"ခင်ဗျား စိတ်လှုပ်ရှားခဲ့လား"
"မဟုတ်ဘူး။ ငါက အလောင်းတစ်ကောင်လို အေးစက်သွားတာ။ ဘာလို့လဲ ဆိုတော့ ငါ့ရဲ့ သရုပ်ဆောင်မှုအပေါ် ငါ မကျေနပ်ခဲ့လို့ပဲ။ အဲဒီအချိန်မှာ ငါ ဆုံးဖြတ်လိုက်တယ်။ ငါ ပြည့်စုံအောင် သရုပ်ဆောင်ပြီး ကိုယ့်အလုပ်အပေါ် ကိုယ်ကျေနပ်တဲ့ ခံစားချက်မျိုးကို ခံစားချင်တယ်လို့။ ငါ့အတွက် အခွင့်အရေးက မြန်မြန်ပဲ ရောက်လာခဲ့ပါတယ်။ မြို့တော်က ဦးဆောင်ပြီး ကျင်းပတဲ့ ဆယ်ကျော်သက် ပြိုင်ပွဲတစ်ခုကို ငါ ဝင်ပြိုင်ခဲ့တယ်။ ငါ အသေအလဲ ကြိုးစားခဲ့ပြီး စင်ပေါ်မှာ ဘာအမှားမှ မလုပ်ဘဲ အဆုံးထိ သရုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီမှာ စင်ပေါ်က ဆင်းလာတဲ့ အချိန်မှာတော့ ..."
"ခင်ဗျား စိတ်လှုပ်ရှားခဲ့လား"
"မင်းက ကြက်တူရွေးလား"
"အဲဒီလို ခံစားချက်မျိုး ခံစားခဲ့ရလားလို့ မေးတာပါ"
"အင်း ... ထားလိုက်ပါတော့။ ငါ ဆင်းလာတဲ့ အချိန်မှာ ငါ့ခြေထောက်တွေ ခွေကျသွားတယ်။ ပြီးတော့ ဘာမှ မရှိတော့ဘူး။ ငါ ဘာလုပ်ခဲ့လဲ ဆိုတာတောင် မမှတ်မိတော့ဘူး။ အဲဒါပါပဲ"
"ဒါဆို ကျွန်တော်က ဘယ်နေရာမှာ ကျေနပ်မှုကို ရှာရမှာလဲ"
"ပြဇာတ်တွေ ကိုယ်တိုင်က မင်းကို ကျေနပ်မှု မပေးနိုင်သလို လေ့ကျင့်ခန်းတွေကလည်း မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကြည့်ဦးလေ ... အဲဒီအချိန်ပြီးတော့ ငါ စောင့်ဆိုင်းခန်းထဲမှာ ရေသွားသောက်နေတုန်း မဟုတ်လား။ အရင်ပြဇာတ်က မိန်းကလေး တစ်ယောက် ငါ့ဆီ လျှောက်လာတယ်။ သူမက ငါ့ကို ချောတယ်လို့ ပြောပြီး ငါ့ဖုန်းနံပါတ် တောင်းခဲ့တာ။ အဲဒီအချိန်မှာတော့ ငါ့သွေးတွေ တကယ်ပဲ ဆူပွက်လာတော့တာပဲ။ အဲဒီလိုနဲ့ ငါ့ရဲ့ သရုပ်ဆောင်ရတဲ့ အကြောင်းရင်းက မွေးဖွားလာခဲ့တာပေါ့။ အဲဒါကတော့ မိန်းကလေးတွေရှေ့မှာ ကြည့်ကောင်းချင်လို့ပဲ"
ယန်ဂန်ဟွမ်က မီးကင်ပေါ်က အသားတွေကို ပြုံးပြုံးလေးနဲ့ လှန်လိုက်တယ်။
"တွန်းအားဆိုတာ အမြဲတမ်း တသတ်မတ်တည်း ရှိနေတာ မဟုတ်ဘူး။ ပြီးတော့ အဲဒါက ရိုးရှင်းတဲ့ အရာလည်း မဟုတ်ဘူး။ အဲဒီကြောင့် အဲဒါကို လိုက်မရှာပါနဲ့။ မင်း အာရုံစိုက်နေရင်းနဲ့ တစ်ချိန်ချိန်မှာ အဲဒါကို တွေ့လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း ဒီလို ပြောနိုင်လိမ့်မယ်။ ယူရေးကား(ဒါပဲ…)။ ငါ ဒီအရာအတွက် ဒီလောက်အထိ သရုပ်ဆောင်နေခဲ့တာပါလား ဆိုပြီးတော့ပေါ့"
"ဒါပေမဲ့ တွန်းအားမရှိရင် ကျွန်တော် ဆက်ပြီး သရုပ်ဆောင်လို့ မရဘူးလေ"
"မဟုတ်ဘူး။ အဲဒါက မင်း တွန်းအား မရှာတွေ့လို့ မဟုတ်ဘူး"
"အဲဒါက မင်း သရုပ်ဆောင်ရမယ့် အကြောင်းရင်းကို မရှာဘဲ သရုပ်ဆောင်စရာ မလိုတဲ့ အကြောင်းပြချက်ကို ရှာနေလို့ပဲ"
ယန်ဂန်ဟွမ်ရဲ့ စကားတွေက ဟန်မာရူးရဲ့ စိတ်ထဲမှာ စွဲမြဲသွားတယ်။ အဲဒီလူ ပြောချင်တဲ့ အဓိပ္ပာယ်ကို သူ အနည်းငယ်တော့ နားလည်သွားသလိုပဲ။
"ကျွန်တော် လမ်းပျောက်နေတဲ့ ပုံပေါက်နေလို့လား"
"နည်းနည်းတော့ ဟုတ်တယ်။ မင်းက အရမ်းကို ရင့်ကျက်လွန်းတာပဲ၊ အဲဒါက မင်းရဲ့ ပြဿနာပဲ။ မင်းက အရာအားလုံးကို တွက်ချက်ပြီးမှ လုပ်တတ်တာကိုး။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် မင်းက စီစမီလမ်းကြည့်တဲ့ ကလေးတစ်ယောက်လို ဖြစ်နေတာက ပိုကောင်းပါတယ်"
"စီစမီလမ်းလား"
"မင်းသိပါတယ်၊ ဘာမှ တွေးမနေဘဲ တစ်ခုခုကို ပျော်ပျော်ပါးပါး ခံစားတတ်ဖို့လေ"
ဟန်မာရူးက ယန်ဂန်ဟွမ် ပြင်ပေးတဲ့ ဆလတ်ရွက်ထုပ်ကို ကြည့်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ သူ ချက်ချင်းပဲ ပြန်ထွေးထုတ်လိုက်ရတယ်။ အဲဒီအထဲမှာ ငရုတ်သီးတွေနဲ့ ကြက်သွန်ဖြူတွေပဲ အပြည့်လေ။
"အဲဒီလိုမျိုးပေါ့"
"‘အဲဒီလိုမျိုး’ ဆိုတာက ဘာကို ပြောတာလဲဗျာ"
ဟန်မာရူးက မီးကင်ပေါ်က အသားတွေကို အမြန်ပဲ ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်တော့တယ်။
"အဲဒါပေါ့။ မင်း သိသွားပြီ"
ဒီလူနဲ့ အတူရှိနေရတာက ဟန်မာရူးကို နည်းနည်းတော့ ကလေးဆန်သွားစေတယ်။ ဒါက ယန်ဂန်ဟွမ်နဲ့ အတူရှိခဲ့တဲ့ သုံးပတ်အတွင်းမှာ သူ သတိထားမိလိုက်တဲ့ အရာပဲ။ အဲဒီ ခံစားချက်က ... သိပ်တော့ မဆိုးလှပါဘူး။
* * * * * * * * *
အခန်း ( ၈၂ )
အန်ဆန် အနုပညာစင်တာ ...။
ဒီနေရာကို တည်ဆောက်ပြီးစီးခဲ့တာ မကြာသေးတာကြောင့် အဆောက်အအုံနဲ့ အသုံးအဆောင်တွေက တော်တော်လေးကို သန့်ရှင်းသပ်ရပ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်က ဒီနေရာမှာ စတင်ခဲ့တဲ့ ယဉ်ကျေးမှုပွဲတော်ဟာ ပြည်ပကရော၊ ပြည်တွင်းကပါ အနုပညာရှင်တွေနဲ့ ပြည့်နှက်နေပြီး နေ့ရောညပါ တောက်ပနေခဲ့တာပါ။ တတိယမြောက်နေ့မှာတော့ ဒီဒေသတစ်ဝိုက်က ကလပ်အသင်းတွေက တင်ဆက်တဲ့ ပွဲတော်ကို ဒေသခံတွေအတွက် သီးသန့် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အပြင်ဘက် စင်မြင့်ထက်မှာတော့ အလယ်တန်းကျောင်းသားလေးတွေကနေစလို့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေအထိ ပါဝင်တဲ့ တေးဂီတအဖွဲ့တွေက ဖျော်ဖြေနေကြတယ်။ မြို့တော်က ထောက်ပံ့ပေးထားတဲ့ တူရိယာတွေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသနေကြတာပါ။
တစ်ဖက်မှာလည်း ဈေးသည်တွေက အဖြူရောင်တဲလေးတွေအောက်မှာ မုန့်အမျိုးမျိုးကို ရောင်းချနေကြတယ်။ လက်ထဲမှာ အာတာပူစီလေးတွေ ကိုင်ပြီး ဟိုပြေးဒီပြေး လုပ်နေကြတဲ့ ကလေးတွေကလည်း အများသား။ သူတို့ရဲ့ ဘေးနားမှာတော့ လူရွှင်တော်ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက်က ကလေးတွေကို လေဖောင်းကစားစရာ အရုပ်လေးတွေ ဝေပေးနေပါတယ်။
"ဟေး ... ဟိုမှာ လှလှပပ အမျိုးသမီးတစ်ယောက်က လူတွေကို ကာတွန်းပုံတွေ ဆွဲပေးနေတယ်။ သွားကြည့်ရအောင်လေ"
ဒိုဂျင်က ဒေးမြောင်ရဲ့ လက်မောင်းကို ဆွဲခေါ်သွားတဲ့အခါ ဒေးမြောင်က မာရူးကို လှမ်းကြည့်တယ်။ ကောင်လေးက မသွားချင်တဲ့ပုံ ပေါ်နေပေမဲ့ မာရူးကတော့ ပြုံးပြီး လက်ပြလိုက်ပါတယ်။
"ပျော်ပျော်ပါးပါး လည်ခဲ့ကြဦး"
ဒေးမြောင်နဲ့ ဒိုဂျင်တို့ ပျောက်ကွယ်သွားကြပြီ။ သူတို့ရဲ့ ပြဇာတ်က ညနေ ၄ နာရီမှာ စတင်မှာ ဖြစ်တာကြောင့် ယန်မီဆိုက ကလပ်အဖွဲ့ဝင်တွေကို နေ့လယ် ၂ နာရီအထိ စိတ်ကြိုက် လည်ပတ်ခွင့် ပေးထားတာပါ။ အဖွဲ့ဝင်အားလုံးက မိတ်ကပ်တွေ ပြင်ထားတဲ့ကြားကပဲ ပျော်ပျော်ပါးပါး လည်ပတ်နေကြတယ်။ မာရူးလည်း အပါအဝင်ပေါ့။
‘ စိတ်လှုပ်ရှားမှုလား ... အဲဒါမျိုး လုံးဝမရှိဘူး ’
ပထမဆုံး စင်မြင့်ထက်၊ ပထမဆုံး ပြဇာတ် ...။ မာရူးကတော့ အရင်ကထက်ကို ပိုပြီး ကြည်လင်နေသလို သူ့ရဲ့ အခြေအနေကလည်း တကယ့်ကို ကောင်းမွန်နေပါတယ်။ မျက်လုံးမှိတ်လိုက်ရင် သူ သရုပ်ဆောင်ရမယ့် အဆင့်တိုင်းကို ပုံဖော်ကြည့်လို့ ရနေတာလေ။
‘ စင်ပေါ်ရောက်ရင် ဘယ်လို ခံစားချက်မျိုး ဖြစ်မလဲဆိုတာ သိချင်မိတယ် ’
အီဆိုးလ်နဲ့အတူ လုပ်ခဲ့တဲ့ ရုပ်သေးပြဇာတ်တွေက ပျော်စရာကောင်းခဲ့တယ်။ ကလေးတွေရဲ့ တုံ့ပြန်မှုတွေက အမြဲတမ်း ပြင်းပြင်းထန်ထန် ရှိတတ်တာကြောင့် မာရူးက သူတို့ကို တတ်နိုင်သမျှ ပိုပြီး ပြုံးအောင် လုပ်ပေးခဲ့တာပါ။ ဒီနေ့မှာတော့ သူက ကလေးတွေရှေ့မှာ မဟုတ်ဘဲ အသက်အရွယ်မျိုးစုံ ပါဝင်တဲ့ တကယ့် ပရိသတ်တွေရှေ့မှာ ဖျော်ဖြေရမှာ။ ဘယ်လို ခံစားချက်မျိုး ဖြစ်မလဲ။ ယန်ဂန်ဟွမ် ပြောသလိုပဲ စင်ပေါ်မှာ ဘာမှ မခံစားရဘဲ သရုပ်ဆောင်သွားမှာလား။ ဒါမှမဟုတ် ပြင်းပြတဲ့ ကျေနပ်မှုမျိုး ခံစားရမှာလား။
‘ ငါတော့ ဘာမှ ခံစားရမှာ မဟုတ်ဘူးလို့ ထင်တာပဲ ’
ပြဇာတ်က စတင်မယ်၊ ပြီးသွားမယ်၊ အဲဒီအခါမှာတော့ တစ်ခုခု ခံစားရမှာ အမှန်ပါပဲ။ ဝမ်သန်း ၃၀၀ ရပြီးတဲ့နောက်မှာ သူက သူ့ဘဝရဲ့ သုံးနှစ်တာကို သရုပ်ဆောင်ပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာလေ။ ဒါက မာရူး ဒီဘဝမှာ ပထမဆုံး စိန်ခေါ်မှုကို စတင်တာ ဖြစ်တာကြောင့် သူ အောင်မြင်ချင်တာပေါ့။
ရင်ခုန်သံ ...။ မာရူး သူ့ရဲ့ ရင်ခုန်သံ တဒိတ်ဒိတ် မြည်တာကို ခံစားချင်မိတယ်။ အတိတ်ကို ပြန်ရောက်လာပြီးကတည်းက ခံစားရခဲတဲ့ စိတ်လှုပ်ရှားမှုမျိုးပေါ့။ ဘဝသစ်ကို စတင်တဲ့နေ့မှာ တစ်ကြိမ်၊ ငယ်ရွယ်တဲ့ မိခင်ကို မြင်တဲ့အချိန်မှာ တစ်ကြိမ်၊ ပြီးတော့ ငယ်ရွယ်တဲ့ ဇနီးသည်ကို မြင်တဲ့အချိန်မှာ တစ်ကြိမ်ပဲ ခံစားခဲ့ရတာလေ။ သူ့ရဲ့ ခံစားချက်တွေက ထုံထိုင်းသွားတာလား။ သူဟာ တကယ့်ကို တည်ငြိမ်နေပြီး အရာရာကို ယုတ္တိဗေဒနည်းအရပဲ ဆောင်ရွက်နေတာကို သူ သတိထားမိတယ်။ ဒါက လူတစ်ယောက်အနေနဲ့ တစ်ခုခု လိုအပ်နေသလိုပဲ။
‘ ငါက အရာရာကို အဆိုးမြင်တတ်တဲ့သူ ဖြစ်သွားတာလား ’
သူ့ရဲ့ အရင်ဘဝတုန်းက မာရူးက ဘယ်လိုပုံစံမျိုးလဲ။ သူ သိပ်တော့ မမှတ်မိတော့ဘူး၊ ဒါပေမဲ့ ဒါကိုတော့ မှတ်မိတယ်။ အဲဒီတုန်းက မာရူးက အခုထက် အများကြီး ပိုပြီး ပြုံးတတ်ခဲ့တာ။ ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ ဟာသတွေလည်း အများကြီး ပြောတတ်ခဲ့သေးတယ်။
အခုကော ဘယ်လိုလဲ။
သူ အပြောအများဆုံးအရာက လိုအပ်ချက်တွေ ဖြစ်နေပြီး၊ သူ အလေးအနက်ထား စဉ်းစားဆုံးအရာက ထိရောက်မှု ဖြစ်နေတယ်။ အဲဒီ အမျိုးအစား နှစ်ခုထဲမှာ မပါတဲ့အရာတွေကို သူ အမြဲတမ်း ဘေးဖယ်ထားတတ်တာလေ။ တကယ်တော့ သူ ဗီဒီယိုဂိမ်း နောက်ဆုံးကစားခဲ့တာ ဘယ်တုန်းကလဲဆိုတာတောင် သူ မမှတ်မိတော့ဘူး။ ဝတ္ထုတစ်ပုဒ်ကိုရော နောက်ဆုံး ဘယ်တုန်းက ဖတ်ခဲ့တာလဲ။ မတ်လတုန်းကတော့ သူ ဗီဒီယိုဂိမ်း ကစားတဲ့အချိန်ကို ကန့်သတ်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ အခုတော့ အဲဒါတွေကို လုံးဝ စိတ်မဝင်စားတော့ဘူး။
ဒါက သူ့မှာ ရည်မှန်းချက် ရှိသွားလို့များလား။
ဘာပဲဖြစ်ဖြစ်၊ ဒီအပြောင်းအလဲက ကောင်းတာလား၊ ဆိုးတာလားဆိုတာ သူ မသိပါဘူး။ သေခြင်းတရားကို ကြုံတွေ့ခဲ့ပြီးမှ ရလာတဲ့ တည်ငြိမ်မှုမျိုး ဖြစ်နေမလား၊ ဘယ်သူ့ကိုမှလည်း သွားမေးလို့ မရဘူးလေ။
မာရူးက အခု ဖျော်ဖြေနေတဲ့ တေးဂီတအဖွဲ့ကို ကြည့်လိုက်တယ်။ သူတို့က ဒရမ်တွေကို တီးခတ်နေကြပြီး၊ ဂစ်တာသံတွေနဲ့အတူ သူတို့ထဲက စီးဆင်းနေတဲ့ သွေးသားတွေ ဘယ်လောက်တောင် ပူနွေးတက်ကြွနေလဲဆိုတာကို သက်သေပြနေကြတယ်။ ပရိသတ်တွေရဲ့ လက်ခုပ်တီးသံ၊ အော်ဟစ်သံတွေနဲ့ ဂီတသံတွေ ပေါင်းစပ်ထားတဲ့ ဒီဆူညံသံတွေက ဒီနေရာတစ်ခုလုံးကို ရှင်သန်လှုပ်ရှားစေပြီး သွေးသားတွေကို တက်ကြွလာစေတဲ့ အငွေ့အသက်မျိုးပဲ ဖြစ်ပါတယ်။
မာရူး သူ့လက်တွေကို ခဏလောက် ငုံ့ကြည့်လိုက်တယ်။ သူကတော့ တည်ငြိမ်နေဆဲပဲ။ ဂီတသံစဉ်တွေက အရမ်း ကျယ်လောင်နေပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ရော စိတ်ရောက အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေပါတယ်။ သူ ဘယ်အချိန်ကတည်းက ဒီလို ဖြစ်သွားတာလဲ။ သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်အချိန်ကစပြီး ဒီလောက်အထိ ပျင်းစရာကောင်းသွားတာလဲ။
မာရူးက ဂီတသံတွေ ထွက်ပေါ်ရာဆီကို နည်းနည်း ပိုတိုးသွားလိုက်တယ်။ ဆောင်းဦးလယ် ဖြစ်နေပေမဲ့လည်း အပြင်ဘက် စင်မြင့်ထက်မှာတော့ အရှိန်အဟုန်တွေ ပြည့်နှက်နေတာပေါ့။ မာရူးက ကခုန်နေတဲ့ လူအုပ်ထဲကို တိုးဝင်သွားပြီး သူတို့နဲ့အတူ စတင် ကခုန်လိုက်တယ်၊ ဂီတသံစဉ်တွေနဲ့အတူ မြေကြီးပေါ်ကို ခြေထောက်နဲ့ နင်းလိုက်တယ်။ သူက လက်တွေကို ကောင်းကင်ပေါ် မြှောက်ပြီး အော်ဟစ်လိုက်တယ်၊ သူ့ဘေးနားက လူတွေလိုပဲ စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့ ပြုံးပြလိုက်ပါတယ်။
ဒါပေမဲ့ စိတ်လှုပ်ရှားမှုကတော့ ရောက်မလာခဲ့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က တစ်ချက်မှ တုံ့ပြန်မှု မရှိခဲ့ဘူး။ မာရူးက ရပ်လိုက်ပြီး ရှေ့ကို ကြည့်လိုက်တယ်။ သူ့ဘေးနားက အော်ဟစ်သံတွေနဲ့ ဂီတသံတွေက တဖြည်းဖြည်း တိတ်ဆိတ်သွားသလိုပဲ။ သူက နိုင်ငံခြားသားတစ်ယောက်လို ခံစားနေရတယ်။ အပြုံးတွေနဲ့ ဆူညံသံတွေကြားမှာ သူစိမ်းတစ်ယောက်လို ဖြစ်နေတာ။
‘ ငါ ပျင်းစရာကောင်းတဲ့သူ ဖြစ်သွားပြီ ’
အသက် ၄၅ နှစ် ... အဲဒါက သူ့ကို ဒီလိုဖြစ်သွားစေဖို့ လုံလောက်တဲ့ အသက်အရွယ် မဟုတ်ပါဘူး။ သူက ဒီလောက်အထိ ခံစားချက် ကင်းမဲ့တဲ့သူ မဟုတ်တာ သေချာပါတယ်။ ဘာလို့ ဒီကနေ့ ကမ္ဘာကြီးက သူ့အတွက် အရောင်မဲ့နေရတာလဲ။
"ကောင်းပါပြီ၊ အနည်းဆုံးတော့ ငါက ပျက်စီးမသွားသေးဘူးပဲ"
သူက သေခြင်းတရားကနေ ပြန်လာခဲ့တာလေ။ အဲဒီဖြစ်စဉ်မှာ သူ့ကို စွမ်းရည်အချို့ ပေးခဲ့တယ်။ ဒီတည်ငြိမ်မှုကလည်း အဲဒီထဲက တစ်ခု ဖြစ်နေမလား။ အဲဒီအတွေးက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေပေမဲ့ သူက ပုံမှန်မဟုတ်တော့ဘူး ဆိုတဲ့အချက်ကတော့ သူ့ကို စိတ်ပူစေပါတယ်။
ဘာကြောင့်ရယ်မသိ၊ တချို့လူတွေရဲ့ မျက်နှာတွေက သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ ယန်မီဆို၊ ယန်ဂန်ဟွမ်၊ လီဂျွန်မင်း၊ ဟောင်ဂွန်ဆူး ...။ သူက ဒီလူတွေ ပြောတဲ့စကားတွေကို အလေးအနက် နားထောင်မိတာက သူတို့ကို အားကျလို့လား။ ဒါမှမဟုတ် တခြားသူတွေကြားမှာ တောက်ပနေတဲ့ ဒီလူတွေကို သူ အတုယူချင်လို့လား။
သူ မသိပါဘူး။
သူ့ခေါင်းက ရုတ်တရက် မူးဝေလာသလိုပဲ၊ သူ ဒီအထိ ရောက်လာရတာက သူမကို ပျော်ရွှင်အောင် ထားဖို့အတွက်ပဲလေ။ သူ အခုထိ လုပ်ခဲ့သမျှ အရာအားလုံးက သူမရဲ့ ပျော်ရွှင်မှုအတွက်ပဲ။ အိပ်မက်တစ်ခုကို ရှာဖွေတာ၊ ပိုက်ဆံရှာဖို့ ကြိုးစားတာ၊ ပြီးတော့ သရုပ်ဆောင်တာတွေအထိပေါ့။ ဒါတွေအားလုံးက သူမအတွက်ပဲ လုပ်ခဲ့တာ။
"တွန်းအားဆိုတဲ့ Motivationကို ရှာဖို့ သိပ်မလွယ်ပါဘူး"
မာရူး ခဏလောက် စဉ်းစားလိုက်တယ်၊ သူ့ရဲ့ တွန်းအားက အရမ်းကို ရှင်းလင်းနေတာကပဲ ပြဿနာ ဖြစ်နေမလား။ သူ စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်ပါတယ်။ သူ ဝမ်သန်း ၃၀၀ ရခဲ့ပေမဲ့ အနာဂတ်အတွက်တော့ အဲဒါက မလုံလောက်သေးဘူးလေ။ အနာဂတ်ကို စဉ်းစားမိတဲ့အခါ သူက စိတ်ပူမိတာပေါ့။
သူ အခုဘဝမှာ ကျေနပ်နေသင့်ပြီလား။ သူ ထပ်လုပ်နိုင်တာ ဘာတွေ ရှိသေးလဲ။ ပိုကောင်းတဲ့ အနာဂတ်အတွက် အခုထက် ပိုပြီး ထိရောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေမလား။
သူ အသက်ရှူရ ကြပ်လာသလိုပဲ။ သူ့ဘေးနားက ဝေးကွာနေသလို ခံစားရတဲ့ အသံတွေက သူ့ကို ဆိုးဆိုးရွားရွား သက်ရောက်လာတယ်။ တစ်ခါမှ မခံစားဖူးတဲ့ အထီးကျန်မှုမျိုးက သူ့ကို အရပ်မျက်နှာအနှံ့ကနေ ဖိအားပေးလာတော့တာပဲ။ သူ စဉ်းစားနေတာကို ရပ်ရမယ်။ ဂီတသံတွေ မရှိတဲ့၊ လူတွေ မရှိတဲ့၊ ဘာမှ မရှိတဲ့ ဒီနေရာကနေ သူ ထွက်သွားဖို့ လိုအပ်တယ်။ ဒါပေမဲ့ သူ ထွက်သွားဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ...
"အယ် ... နင်ပဲ"
ပြုံးနေတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို ကြည့်နေတာ။ ရုတ်တရက်ဆိုသလို အသက်ရှူရတာ အများကြီး ပိုပြီး လွယ်ကူသွားတယ်။ သူ့ဘေးနားက ဂီတသံတွေက ပြန်ပြီး ပျော်စရာကောင်းလာသလိုပဲ။ သူ့ဘေးနားက လူတွေရဲ့ အသံတွေက သူ့ရင်ကို ပြန်ပြီး ခုန်လာစေတယ်။ အပြောင်းအလဲက အရမ်းကို မြန်ဆန်လှပါတယ်။ မာရူး ဘာမှ ထပ်ပြီး မစဉ်းစားနိုင်တော့ဘူး။ သူ လုပ်နိုင်တာကတော့ အဲဒီ မိန်းကလေးရဲ့ လက်မောင်းကို ဆွဲပြီး အပြင်ဘက်ကို ပြေးထွက်သွားဖို့ပဲ။
"ခ ... ခဏနေဦး"
သူ အခုလုပ်နေတာက ဘယ်လောက်အထိ ရိုင်းလဲ ဆိုတာ သူ သိပါတယ်၊ ဒါပေမဲ့ သူ မရပ်ချင်ဘူး။ မဟုတ်ဘူး ... သူ ရပ်လို့ မရဘူး။ သူက အဲဒီ မိန်းကလေးကို ဆွဲပြီး ပွဲရဲ့ အပြင်ဘက်ကို ပြေးထွက်လာခဲ့တယ်။ ဒီနေ့တော့ သူမက ရိုးရိုးအဝတ်အစားတွေ ဝတ်ထားတာပါ။ သူ သေသေချာချာ ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်နှာပေါ်မှာ မိတ်ကပ်တွေ ပြင်ထားတာကို တွေ့လိုက်ရတယ်။ စင်ပေါ်မှာ သရုပ်ဆောင်ဖို့ ပြင်ထားတဲ့ မိတ်ကပ်ပေါ့။
"နင် ငါ့ကို လန့်သွားအောင် လုပ်လိုက်တာပဲ"
မာရူး လက်ကို လွှတ်လိုက်တဲ့အခါ သူမက သူမရဲ့ လက်ကောက်ဝတ်ကို ကြည့်ပြီးမှ မာရူးကို ပြန်ကြည့်တယ်။
"ဆ ... ဆောရီးပါ။ ငါ တမင်လုပ်တာ မဟုတ်ပါဘူး"
"ဒါဆို နင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
သူမရဲ့ အသံက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ ပုံပါပဲ။
"မဟုတ်ပါဘူး ... အဲဒါက ... ဆောရီးပါ။ ငါ အခုနက စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားလို့ပါ"
"အင်း ... ကြည့်ရတာတော့ နင် သိပ်အဆင်မပြေတဲ့ ပုံပဲဆိုတော့ ထားလိုက်ပါတော့။ ဒါနဲ့ ဘာလို့ အဲဒီလောက်အထိ ယဉ်ကျေးနေရတာလဲ။ အရင်တစ်ခါ စကားပြောတုန်းက တို့တွေက အသက်တူတူပဲလို့ ထင်ခဲ့တာလေ"
သူမက ပြုံးပြီး ပြောတယ်။ သူမ ပြောတာက ဟျဲဟွာ ဘူတာရုံမှာ နောက်ဆုံး တွေ့ခဲ့တုန်းက အကြောင်း ဖြစ်မှာပါ။
"ဪ ... အဲဒီ မိတ်ကပ်တွေက ... နင် ဒီနေ့ သရုပ်ဆောင်မှာလား"
"အာ ... ဟုတ်တယ်။ အဲလို ဖြစ်သွားတာ"
"ဘာလဲ ... နင်ကလည်း သရုပ်ဆောင် တစ်ယောက်လား။ နင် ငါ့ကို ပြောသင့်တာပေါ့၊ ငါ လုံးဝ မသိခဲ့ဘူး။ အရင်တစ်ခါက ဘာလို့ လူတစ်ယောက်က ရုတ်တရက်ကြီး ငါ့နာမည်ကို လာမေးတာလဲလို့ စဉ်းစားနေတာ။ နင် တို့ကျောင်းရဲ့ ဝတ်စုံကို မှတ်မိနေတာ မဟုတ်လား။ မှတ်မိမှာပေါ့၊ တို့တွေက နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲမှာ ပထမ ရခဲ့တာလေ။ ဟင်းဟင်း"
မိန်းကလေးက ဂုဏ်ယူစွာနဲ့ ခေါင်းကို မော့လိုက်တယ်။ သူမက အရင်ဘဝတုန်းကအတိုင်းပါပဲ။ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး စကားပြောရင် သူမရဲ့ အမူအရာတွေက အရမ်းကို စုံလင်လှတာလေ။
"အင်း ... အဲဒီအတိုင်းပဲ ထားလိုက်ကြရအောင်"
"ဘာပဲဖြစ်ဖြစ်၊ အခုနက ဘာဖြစ်တာလဲ။ ငါ တကယ်ကို လန့်သွားတာပဲ"
"နားထောင်ရတာ ထူးဆန်းချင် ထူးဆန်းလိမ့်မယ်၊ ဒါပေမဲ့ ငါ အသက်ရှူလို့ မရတော့သလို ဖြစ်သွားလို့ပါ"
"အသက်ရှူလို့ မရဘူး ဟုတ်လား"
"ဟုတ်တယ်"
"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
"အင်း ... အဲဒါက ... အကြောင်းပြချက် ရှိပါတယ်၊ တကယ်ပြောတာပါ"
"အမှန်အတိုင်း ပြောစမ်းပါ။ နင် ငါ့ကို ချစ်ရေးဆိုဖို့ ကြိုးစားနေတာ မဟုတ်လား။ အဲဒါကြောင့်မလား၊ ဟုတ်တယ်မလား"
ဟုတ်တာပေါ့၊ သူမက ဒီလိုလူမျိုး ဆိုတာ သူ မေ့သွားခဲ့တာပဲ။ ဒါက အံ့ဩစရာ ဖြစ်ခဲ့ပေမဲ့ ဝမ်းသာစရာလည်း ကောင်းပါတယ်။ သူမရဲ့ မပြောင်းလဲတဲ့ စရိုက်က သူ့ကို ပြန်ပြီး တည်ငြိမ်သွားစေတယ်။
"နောက်တာပါ။ နင် အဲဒီလို လုပ်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါနဲ့ နင်က ဘယ်ကျောင်းကလဲ။ ဒီနေ့ ကျောင်းလေးကျောင်း လာမယ်လို့ ကြားတယ်"
"ဝူဆောင် စက်မှု အထက်တန်းကျောင်းကပါ"
"အာ ... မိုးပြာရောင်"
"နင် တို့ကို သိတာလား"
"သိတာပေါ့၊ တို့ရဲ့ စီနီယာတွေက နင်တို့ကျောင်းက အရင်တုန်းက အရမ်း နာမည်ကြီးခဲ့တာလို့ ပြောပြဖူးတယ်။ အာ ... ဒါက ရိုင်းသွားမလား"
မိန်းကလေးက အားနာတဲ့ အပြုံးလေးနဲ့ ‘ ဆောရီး ’ လို့ ပြောတယ်။
"နင် ငါ့ကို ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံသင့်တယ်နော်။ တို့တွေက အသက်တူတူပဲကို"သူမက နှုတ်ခမ်းလေး စူပြီး ပြောတယ်။
အဲဒီလို နှုတ်ခမ်းစူတာလေး ... သူ အဲဒါကို မှတ်မိတယ်။ သူမက ရှက်တဲ့အခါမျိုးမှာပဲ အဲဒီလို လုပ်တတ်တာလေ။ အဲဒီပုံစံလေးကို ထပ်ပြီး မြင်လိုက်ရတာက သူ့ကို ပိုပြီး တည်ငြိမ်သွားစေတယ်။ အနည်းဆုံးတော့ သူမက ဒီကြားထဲမှာ ပြောင်းလဲမသွားသေးဘူးပဲ။
"ဟဲ့… နင် ဘယ်သွားနေတာလဲ"
သူမရဲ့ သူငယ်ချင်းတွေက အပြေးလေး လာကြပြီး မာရူးကို သံသယရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။
"အာ ... နင်က ဟို ..."
"အရင်တစ်ခါက ထူးဆန်းတဲ့လူ မဟုတ်လား"
"ဟုတ်တယ်မလား"
ထူးဆန်းတဲ့လူ ... အဲဒါကတော့ ဖြစ်နိုင်ပါတယ်။ အရင်တစ်ခါတုန်းက နာမည်ကို မေးပြီးတော့ ချက်ချင်း ပျောက်သွားခဲ့တာကိုး။
"ဘာလဲ ... နင်တို့ နှစ်ယောက်က ဘယ်အချိန်ကတည်းက ဒီလောက်အထိ ရင်းနှီးသွားတာလဲ"
စနောက်တတ်တဲ့ ပုံစံရှိတဲ့ မိန်းကလေးတစ်ယောက်က သူမကို စလိုက်တယ်။ သူမက လက်ပိုက်လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။
"တို့တွေက တိုက်တိုက်ဆိုင်ဆိုင် တွေ့တာပါ။ တကယ်တော့ သူက ငါ့ကို ရုတ်တရက်ကြီး ဒီကို ဆွဲခေါ်လာတာ"
"ဘာ ... ဆွဲခေါ်လာတာ ဟုတ်လား"
တခြားမိန်းကလေးတွေက အဲဒီစကားကို ကြားတာနဲ့ ချက်ချင်းပဲ မျက်နှာတွေ တင်းမာသွားကြတယ်၊ မာရူးကတော့ အားနာတဲ့ အပြုံးနဲ့ပဲ ပြုံးနေနိုင်တော့တယ်။ သူမက ဘာဖြစ်နေလဲ ဆိုတာကို ချက်ချင်း သတိထားမိသွားပြီး သူတို့နှစ်ယောက်ကြားထဲကို ပြုံးပြီး ဝင်လိုက်တယ်။
"သူ့ကို အဲဒီလိုကြီး မကြည့်ကြပါနဲ့။ ဒါက ကိစ္စအသေးအဖွဲလေး တစ်ခုပါ"
"ဘာတွေလဲ ... သံသယဖြစ်စရာကြီး။ နင်က ဘာလို့ သူ့ဘက်က ကူပြောပေးနေတာလဲ"
"ငါက ကူပြောပေးနေတာ မဟုတ်ပါဘူး၊ နင်တို့တွေကပဲ တစ်မျိုး ဖြစ်နေတာ။ ဘာမှ မဟုတ်ဘူး၊ ကဲ ... သွားကြရအောင်"
သူမက သူမရဲ့ သူငယ်ချင်းတွေကို တွန်းထုတ်ပြီး မာရူးနဲ့ ဝေးရာကို ထွက်သွားဖို့ ပြင်လိုက်တယ်။ မာရူး သူ့လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။ ဟုတ်ပါတယ်။ ဒါက ကိစ္စအသေးအဖွဲလေး တစ်ခုပါပဲ၊ အရမ်းကို လွယ်လွယ်ကူကူနဲ့ မေ့ပျောက်သွားနိုင်တဲ့ အရာမျိုးပေါ့။ ဒါပေမဲ့ သူက အဲဒီအတိုင်း မထားချင်ဘူး။ သူမနဲ့ တွေ့ဆုံရတာကို ဒီလောက်အထိ လွယ်လွယ်ကူကူ မေ့သွားနိုင်တဲ့ အရာမျိုး အဖြစ် မခံနိုင်ဘူးလေ။
သူ့ရဲ့ ရင်ဘတ်ထဲကနေ ရုတ်တရက်ဆိုသလို ခံစားချက်တစ်ခု ပေါက်ကွဲထွက်လာတယ်။ အခု အချိန်မှာတော့ မာရူးက သူ့ရဲ့ ခန္ဓာကိုယ်ကို အဲဒီ ခံစားချက်နောက်ကိုပဲ လိုက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒုတိယအကြိမ် ဘဝကို စတင်ခဲ့ပြီးတဲ့နောက်မှာ မာရူး ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားမှုကို ဖော်ပြလိုက်တာပါ။
"ငါ နင်ရှိတဲ့ဆီကို အနာဂတ်မှာ လာရှာမယ်။ ငါ့နာမည်က ဟန်မာရူး ပါ၊ မေ့မသွားနဲ့ဦးနော်။ မာရူး ဆိုတာက ကောင်းကင်ယံ လို့ အဓိပ္ပာယ်ရတယ် ... ပြီးတော့ ..."
ပြီးတော့ အဲဒါက နင် အရမ်းသဘောကျတဲ့၊ ထူးဆန်းတယ်လို့ နင် ထင်တဲ့ နာမည်လေးလည်း ဖြစ်တယ်လေ။ မာရူး အဲဒီ နောက်ဆုံးစကားတွေကိုတော့ မပြောနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ ခံစားချက်တွေကတော့ သူမဆီ ရောက်သွားလိမ့်မယ်လို့ သူ ယုံကြည်ပါတယ်။
ပြီးတော့ ...
"ဘာလဲ ... ဘာလဲ ... သူ အခု ဘာပြောလိုက်တာလဲ"
"ဝိုး ... ဘယ်လိုကြီးလဲ ဟ"
မိန်းကလေးတွေကတော့ တအံ့တဩနဲ့ အော်ဟစ်နေကြတော့တာပေါ့။