← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း ( ၈၃ )

"ကောင်းတာတစ်ခုခု ဖြစ်ခဲ့လို့လား"ဒိုဂျင်က မေးတယ်။

ဟန်မာရူး မှန်ထဲကနေ သူ့ကိုယ်သူ ပြန်ကြည့်လိုက်တယ်။ တကယ်ပါပဲ ... သူက လူငယ်တစ်ယောက်လို ပြုံးဖြာနေတာကိုး။

"အင်း"

"ဘာဖြစ်လို့လဲ"

"ကလေးတွေ နားလည်မှာ မဟုတ်ပါဘူးကွာ"

"အား ... လာပြန်ပြီ၊ လူကြီးစတိုင်နဲ့ အာပလာတွေ ပြောနေပြန်ပြီ"

ဟန်မာရူးက သူ့ကို ချုပ်ဖို့ ကြိုးစားတဲ့ ဒိုဂျင်ကို ရှောင်လိုက်ပြီး ထရပ်လိုက်တယ်။ သူမနဲ့ တွေ့ပြီးကတည်းက သူ့မျက်နှာပေါ်က အပြုံးက အခုထိ မပျောက်သေးပါဘူး။ လေထုကလည်း ချိုမြိန်နေသလို အရင်က ရှိခဲ့တဲ့ စိတ်လှုပ်ရှားမှုတွေလည်း မရှိတော့ဘူး။

သူ့ဘဝမှာ သူမက ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲ ဆိုတာကို ဟန်မာရူး နောက်တစ်ကြိမ် သဘောပေါက်သွားပြန်တယ်။ သူမနဲ့အတူ မိသားစု ထပ်ပြီး တည်ထောင်ချင်သလို ပျော်ရွှင်တဲ့ ဘဝကိုလည်း ထပ်ပြီး ပိုင်ဆိုင်ချင်မိတယ်။ တတ်နိုင်ရင် သူတို့ရဲ့ သမီးလေးနဲ့လည်း ထပ်တွေ့ချင်သေးတာပေါ့။ တကယ်လို့ ဘုရားသခင်ကသာ ကြင်နာတတ်မယ်ဆိုရင် ဒါတွေက ဖြစ်လာနိုင်မှာပါ။

"မင်းက ပထမဆုံး ပြဇာတ်ကို သရုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံမပေါ်ဘူးနော်"

ပတ်ဒေးမြောင်က ဟန်မာရူးရဲ့ အပြုအမူကို တကယ့်ကို အံ့ဩနေပုံပဲ။ ဘာလို့လဲဆိုတော့ ပတ်ဒေးမြောင် ကိုယ်တိုင်က အသက်ရှူနှုန်း မှန်အောင် မနည်း ထိန်းနေရလို့လေ။ တကယ်တော့ ဟန်မာရူး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ လူတိုင်းက ဒီလို ဖြစ်နေကြတာပါ။ ဒိုဂျင်တောင် နည်းနည်း စိတ်လှုပ်ရှားနေတဲ့ ပုံပဲ။

"အင်း"

"မင်း တကယ်ကြီး စိတ်မလှုပ်ရှားဘူးလား"

"လုံးဝပဲ။ မင်းကော"

"နည်းနည်းပေါ့။ တကယ်တော့ အများကြီးပဲ။ အရင်ကထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ။ ထူးဆန်းလိုက်တာ"

"ဒီတစ်ခါ မင်းမှာ ပြောရမယ့် စကားတွေ အများကြီး ရှိတာကိုး။ ပြီးတော့ မင်းတစ်ယောက်တည်း သရုပ်ဆောင်ရမယ့် အခန်းလည်း ပါသေးတယ်လေ။ ပြီးတော့ ... ငါတို့ ဒီတစ်ခါတော့ လုံးဝ အမှားခံလို့ မရဘူး"ဒိုဂျင်က ပြောတယ်။

အခန်းထဲမှာ ရှိတဲ့သူ အားလုံး ဒိုဂျင်ကို လှည့်ကြည့်လိုက်ကြတယ်။ စိတ်လှုပ်ရှားနေရတဲ့ အကြောင်းရင်းကို သိသွားကြတဲ့အခါ အားလုံးရဲ့ မျက်နှာတွေက တည်ငြိမ်သွားကြတယ်။ ဒိုဂျင်က သူ့ပါးစပ်ကို သူ အမြန်ပြန်ပိတ်လိုက်ပေမဲ့ စကားကတော့ ထွက်သွားပြီးပြီလေ။

"ဟုတ်တယ်။ တို့တွေ အမှားခံလို့ မရဘူး"ချွဲမင်းဆောင်က ပြောတယ်။

ဟန်မာရူးက ဒုတိယနှစ် ကျောင်းသားတွေ ဖြစ်တဲ့ ချွဲမင်းဆောင်၊ လင်ယွန်ဂျုံ၊ လင်ဒန်မီနဲ့ ချွဲမင်းဆောင်တို့ကို တစ်ချက် ကြည့်လိုက်တယ်။ သူတို့အားလုံးက ပထမနှစ် ကျောင်းသားတွေထက် ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေကြပုံပဲ။ ဘာလို့လဲဆိုတော့ ဒါက သူတို့အတွက် သရုပ်ဆောင်ဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်လို့ပါပဲ။

ဆောင်းရာသီ ပြိုင်ပွဲပြီးရင် ဒုတိယနှစ် ကျောင်းသားတွေ အနားယူကြတော့မယ့် အစီအစဉ်ကို ချွဲမင်းဆောင် ပြောပြခဲ့တာ သူ မှတ်မိနေသေးတာကိုး။ သူတို့က တတိယနှစ် ရောက်ရင်လည်း ကလပ်မှာ ရှိနေဦးမှာ ဖြစ်ပေမဲ့ အခုလောက်အထိတော့ တက်တက်ကြွကြွ ပါဝင်ကြတော့မှာ မဟုတ်ဘူးလေ။

အဲဒီအတွက်ကြောင့် ဒီပြဇာတ်က ဒုတိယနှစ် ကျောင်းသားတွေအတွက် အများကြီး အဓိပ္ပာယ်ရှိမှာပါ။ ဒီပွဲတော်ပြီးတာနဲ့ ဆောင်းရာသီ ပြိုင်ပွဲအတွက် အရည်အချင်းစစ်ပွဲတွေက ချက်ချင်း စတင်တော့မှာ မဟုတ်လား။

အခု ဒီမှာ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် တကယ့် ပြိုင်ပွဲကျရင်လည်း ကလပ်အဖွဲ့သားတွေအတွက် ယုံကြည်မှုတွေ အများကြီး ရသွားစေမှာပါ။ ဒီပွဲတော်က တကယ့် ပြိုင်ပွဲမတိုင်ခင် သူတို့ရဲ့ အရည်အချင်းကို စမ်းသပ်ဖို့အတွက်ပဲ သီးသန့် ရှိနေတာလေ။

"မင်းတို့ အားလုံး သိကြတယ်မလား။ ဆရာမက ဒီပွဲအတွက် ဝေဖန်ရေး ပညာရှင် တချို့ကို ဖိတ်ထားတယ်ဆိုတာ"

အားလုံးက ခေါင်းညိတ်လိုက်ကြတယ်။ ဒီသတင်းကို သူတို့ ဒီမနက်တင် ကြားထားခဲ့တာလေ။ ယန်မီဆိုက ကလပ်ရဲ့ အလုပ်တွေကို ဝေဖန်အကဲဖြတ်ပေးဖို့ ဝေဖန်ရေး ပညာရှင် တချို့ကို ဖိတ်ထားတယ်လို့ ပုံမှန်ကိစ္စ တစ်ခုလိုပဲ ပြောခဲ့တာပါ။ အဲဒီအတွက်ကြောင့် ကလပ်အပေါ် ဖိအားတွေက နောက်တစ်ဆင့် ပိုပြီး တိုးသွားခဲ့တာပေါ့။

‘ ဆရာမကတော့ အစွမ်းကုန် လုပ်နေတာပဲ ’

ယန်မီဆိုက သူတို့ကို တမင်တကာ ဖိအားပေးနေတာ ဖြစ်မှာပါ။ နွေရာသီ အရည်အချင်းစစ်ပွဲတုန်းက ပရိသတ်တွေရဲ့ နှောင့်ယှက်မှုကြောင့် ကလပ်က အမှားတွေ လုပ်ခဲ့ရတယ်။ ဟောင်ဂွန်ဆော့ရဲ့ အမှားက အဓိက အကြောင်းရင်း ဖြစ်ပေမဲ့ ရလဒ်အနေနဲ့တော့ တစ်ကလပ်လုံး ပျက်စီးသွားခဲ့တာလေ။ အဲဒါကြောင့်လည်း ယန်မီဆိုက ကလပ်အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာ နေမှာပါ။

သူမက သူတို့ကို ပန်းပဲဆရာ တစ်ယောက်က သံတုံးတစ်တုံးကို ပုံဖော်သလိုမျိုး လုပ်နေတာ။ အပူပေးမယ်၊ ထုရိုက်မယ်၊ ပြီးရင် ရေအေးထဲ စိမ်မယ် ... အဲဒီလို လုပ်ပြီးသွားရင်တော့ အဲဒီသံက တကယ်ကို မာကျောသွားမှာပေါ့။ လူ့စိတ်ကလည်း အဲဒီလိုပါပဲ။ ဖိအားတွေ၊ အတွေ့အကြုံတွေနဲ့ အချိန်တွေက လူတစ်ယောက်ကို ရင့်ကျက်သွားစေတာလေ။

‘ တို့တွေ ဒါကိုသာ အောင်အောင်မြင်မြင် လုပ်နိုင်ရင်တော့ အဖွဲ့ထဲက လူအများစုရဲ့ စင်မြင့်ကြောက်ရောဂါက ပျောက်သွားမှာပဲ ’

ဒါပေမဲ့လည်း မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ပန်းပဲခတ်တဲ့ အဆင့်တွေထဲက တစ်ခုခု မှားသွားရင်တော့ သံက တကယ်ကို ကြွပ်ဆတ်သွားပြီး အလွယ်တကူ ကျိုးပဲ့သွားနိုင်တာမျိုးပေါ့။ ယန်မီဆိုရဲ့ ဒီဗျူဟာက ကျောင်းသားတွေအတွက် ဘယ်လို ဖြစ်လာမလဲ။ သူတို့တွေ ရင့်ကျက်သွားကြမလား၊ ဒါမှမဟုတ် ဖိအားတွေအောက်မှာ ပြိုလဲသွားကြမလား။

‘ တို့တွေမှာ အချိန် ရှိပါသေးတယ် ’

ဒီမှာ အမှားလုပ်ခဲ့ရင်တောင်မှ ပြန်ပြီး ပြင်ဆင်ဖို့အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်။ ယန်မီဆိုက ဒါတွေကို အကုန်လုံး တွက်ချက်ပြီး ဖိအားပေးနေတာ ဖြစ်မှာပါ။ ဒီမှာ အောင်အောင်မြင်မြင် ပြီးဆုံးသွားတာနဲ့ နောက်ပြဇာတ်တွေအတွက် အများကြီး ပိုပြီး လွယ်ကူသွားမှာလေ။ မဟုတ်ရင်တော့ သူတို့တွေ ပြန်ပြီး နာလန်ထူဖို့အတွက် အချိန်တွေ ထပ်ယူရဦးမှာပဲ။

"နွေရာသီတုန်းကလိုမျိုး ထပ်ဖြစ်မှာပါ။ တို့တွေ အဝေဖန်ခံရမှာ ဖြစ်ပေမဲ့ ကြောက်နေဖို့ ဒါမှမဟုတ် စိတ်ပူနေဖို့ မလိုပါဘူး။ မင်းတို့လည်း စိတ်လှုပ်ရှားနေမှာပါ။ ငါလည်း အတူတူပါပဲ။ ဒါပေမဲ့ ဆရာမ အမြဲပြောသလိုပဲ ... ဒီစိတ်လှုပ်ရှားမှုကို တို့တွေက ရင်ဆိုင်ရမယ်။ တို့တွေ အဲဒါနဲ့ ယဉ်ပါးအောင် လုပ်ရမယ်။ ဒီပြဇာတ်ကို တို့တွေ ဘာအမှားမှ မပါဘဲ အဆုံးသတ်နိုင်မှာပါ။ တို့တွေ ဘယ်လောက်အထိ ပြည့်စုံလဲ ဆိုတာကို ပရိသတ်တွေကို ပြကြရအောင်"

ချွဲမင်းဆောင်က သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ တခြားသူတွေကလည်း အဲဒီလိုပဲ လုပ်လိုက်ကြတယ်။

"မင်းဆောင်က ငါပြောရမယ့် စကားတွေကို အကုန်ပြောသွားပြီ။ ဒါပေမဲ့ ငါက ဥက္ကဋ္ဌဆိုတော့ တစ်ခုခုတော့ ပြောသင့်တယ် မဟုတ်လား"

လင်ယွန်ဂျုံက တောက်ပစွာ ပြုံးလိုက်တယ်။

"မိုးပြာရောင်"

ကလပ်အဖွဲ့သားတွေ လက်တွေကို အောက်ကို စိုက်ချလိုက်ကြတယ်။

"ဖိုက်တင်း "

အဲဒီနောက်မှာတော့ ...

"ပြင်ဆင်ထားကြပါ။ ‘ မိုးပြာရောင် ’ အဖွဲ့ လာပါတော့မယ်"

ဝန်ထမ်းတစ်ယောက်က သူတို့ပြဇာတ် စတော့မယ့်အကြောင်း လာပြောပါတယ်။

* * * * * * * * *

"ခင်ဗျား တကယ်ကြီး မသွားဘူးလား"

"ငါက ဒီနေ့ အနားယူမှာလေ"ယန်မီဆိုက ယန်ဂန်ဟွမ်နဲ့ ဟောင်ဂွန်ဆူးတို့ကို ကြည့်ပြီး ပြောတယ်။

သူမက ကလေးတွေကို ဝေဖန်ရေး ပညာရှင်တွေ ခေါ်ထားတယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ အဲဒီလို လူမျိုးတွေကို ခေါ်ဖို့က မလွယ်ပါဘူး။ အဲဒါကြောင့် သူမက သူငယ်ချင်းနှစ်ယောက်ကို နည်းနည်း ခြိမ်းခြောက်ပြီး ခေါ်လာခဲ့တာပေါ့။

"ကလေးတွေက ဘယ်လိုနေလဲ"

"ပြည့်စုံတယ်"

"အင်း ... အဲဒါဆိုရင်တော့ ဝမ်းသာစရာပဲ"

ယန်ဂန်ဟွမ်က ကုလားထိုင်ပေါ်မှာ မှီချလိုက်ပြီး လက်ပိုက်လိုက်တယ်။

"ထိုင်ခုံကတော့ တော်တော်လေး သက်သောင့်သက်သာ ရှိသားပဲ။ ဒီပေါ်မှာ အိပ်ပျော်သွားတော့မှာပဲ"

"ရှင်က အိပ်မလို့လား"

"မဟုတ်ဘူးလေ ... မင်းကပဲ ပြည့်စုံတယ်လို့ ပြောတာကိုး။ ပြည့်စုံလွန်းတဲ့ ပြဇာတ်ထက် ပျင်းစရာကောင်းတာ ဘာရှိဦးမှာလဲ"

ဟောင်ဂွန်ဆူးကလည်း အဲဒီစကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး အိပ်ဖို့ ပြင်လိုက်တယ်။ ယန်မီဆိုက နှုတ်ခမ်းစူလိုက်ပြီး သူမရဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပါးတွေကို လှမ်းဆွဲလိုက်တယ်။

"ကြည့်ကြစမ်းပါ ... ဒီကောင်တွေကတော့ ... ကြည့်စမ်း"

"အား ... အား ... သိပါပြီဗျာ၊ သိပါပြီ။ လွှတ်ပါဦး"

"နာတယ်ဟ"

ဟောင်ဂွန်ဆူးနဲ့ ယန်ဂန်ဟွမ်တို့ ချက်ချင်းပဲ ပြန်ပြီး မတ်မတ်ထိုင်လိုက်ကြရတယ်။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ နယ်ပယ်အသီးသီးမှာ နာမည်ရနေကြတဲ့ သရုပ်ဆောင်တွေပါ။ ဟောင်ဂွန်ဆူးက အလွတ်တန်း ရုပ်ရှင်တွေကနေတစ်ဆင့် တဖြည်းဖြည်း နာမည်ကြီးလာနေသလို၊ ယန်ဂန်ဟွမ်ကလည်း သူ့ရဲ့ ပြဇာတ်တွေကနေတစ်ဆင့် ဝေဖန်ချက်ကောင်းတွေ အမြဲရနေတဲ့သူလေ။ သူတို့နှစ်ယောက်လုံးက သူငယ်ချင်းကောင်းတွေ ဖြစ်သလို ဒီပြဇာတ်အတွက်လည်း တကယ့်ကို ပြည့်စုံတဲ့ ဝေဖန်ရေး ပညာရှင်တွေပါပဲ။

‘ သူတို့တွေကတော့ သေချာပေါက် ကူညီပေးနိုင်မှာပါ ’

ပြဇာတ်မစခင်မှာ ယန်မီဆိုက သူတို့နှစ်ယောက်ကို ဒီပြဇာတ်ကို ဝေဖန်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေ ပေးဖို့ တောင်းဆိုထားခဲ့တာပါ။ ယန်မီဆိုက သူမကိုယ်သူမ ဝေဖန်ရေး ပညာရှင် တစ်ယောက်လို့ သတ်မှတ်ထားပေမဲ့ ကလေးတွေနဲ့ အတူရှိနေတဲ့ အချိန်တွေကြောင့် သူမရဲ့ အမြင်က ဘက်လိုက်မှု ရှိနေနိုင်မှန်း သူမ သိထားပါတယ်။ ပြီးတော့ ကလပ်က အခုအချိန်မှာ ချီးမွမ်းစကားတွေ မလိုအပ်သေးဘူး ဆိုတာကိုလည်း သူမက အသိဆုံးပဲလေ။

"မင်းက အထက်တန်းကျောင်း ပြဇာတ်တစ်ခုအပေါ် အရမ်းကြီး မျှော်လင့်နေတာ မဟုတ်ဘူးလား"

ယန်ဂန်ဟွမ်က သူ့ရဲ့ အိပ်ချင်မူးတူး ဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်ရင်း ပြောတယ်။

"သူတို့တွေ တစ်ခါ နာကျင်ခဲ့ဖူးပြီးပြီလေ။ ဒီတစ်ခါတော့ သူတို့တွေ ပထမရမှာပဲ၊ စောင့်ကြည့်နေလိုက်ပါ။ ငါ နောက်တစ်ကြိမ် အဲဒီလို ထပ်အဖြစ်မခံနိုင်ဘူး"

"အဲဒါက မင်းရဲ့ မာန်မာနအတွက် မဟုတ်ဘူးလား"

"အဲဒီလောက်အထိ ရှင်းနေတာကို ရှင်က ပြောနေဖို့ လိုသေးလို့လား"

"အဲဒါကတော့ ရှင်းနေတဲ့ အမှားတစ်ခုပဲလေ"

ယန်ဂန်ဟွမ်က သူမကို ပြုံးကြည့်နေတာကြောင့် ယန်မီဆိုက ဟောင်ဂွန်ဆူးဘက်ကို လှည့်လိုက်တယ်။

"မင်းရဲ့ ညီကို ဖုန်းဆက်ပြီးပြီလား"

"အင်း ... ဆက်ပြီးပြီ။ သူကတော့ အရင်လိုပဲ ဂျစ်ကန်ကန် ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ ဝမ်းနည်းနေတဲ့ ပုံစံတော့ မရှိတော့ဘူး။ အရင်ပြဇာတ်တုန်းက ဒဏ်ရာတွေ ပျောက်သွားပြီ ထင်တယ် ... လီဂျွန်မင်း မိတ်ဆက်ပေးတဲ့ နည်းပြဆရာမကြောင့်လား မသိဘူး"

"ဖြစ်နိုင်ပါတယ်။ သူမက တော်တော်လေး တော်တဲ့ပုံပဲ။ သူမက သူ့ကို ချီးမွမ်းတာကနေ စမယ်လို့ ပြောတယ်"

"ချီးမွမ်းတာ ဟုတ်လား ..."

ဟောင်ဂွန်ဆူးက အဲဒီစကားကို သိပ်သဘောမကျတဲ့ပုံပဲ။

"ကဲ ... လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့။ သူတို့ကို ပြောပြဖို့ တစ်ခုခု စဉ်းစားထားကြဦး"

ယန်မီဆိုက သက်ပြင်းချလိုက်ပြီး စင်မြင့်ဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ ပြဇာတ်က စတင်တော့မှာပါ။

‘ ဒါက သူ့ရဲ့ ပထမဆုံး ပြဇာတ်ပဲ ’

ဟန်မာရူးရဲ့ ပထမဆုံး ပြဇာတ် ...။ အဲဒီကောင်လေးက အခုထိတော့ ထူးထူးခြားခြား ဘာမှ မပြသေးပါဘူး။ သူက ပြဇာတ်ကို ရှေ့ဆက်သွားနိုင်အောင် လုပ်တဲ့နေရာမှာ တော်ပေမဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်စွမ်းတော့ အားနည်းနေသေးတယ်။

‘ ငါကတော့ ကောင်လေးအပေါ် အရမ်းကြီး မျှော်လင့်နေမိတာပဲ ’

ယန်မီဆို သူမရဲ့ အတွေးတွေကို ပြောင်းလိုက်တယ်။ သူမ အခုအချိန်မှာ အရမ်းကြီး မမျှော်လင့်ထားသင့်ပါဘူး။ ပါရမီဆိုတာက ရုတ်တရက်ကြီး ပေါက်ဖွားလာတာမှ မဟုတ်တာ။ ဒီနေ့တော့ သူမက ဟန်မာရူး ဆိုတဲ့ အပျော်တမ်း သရုပ်ဆောင်လေးက ဘာတွေ လုပ်နိုင်မလဲ ဆိုတာကိုပဲ အာရုံစိုက်ကြည့်ဖို့ လိုပါတယ်။

ဒါပေမဲ့လည်း ... တစ်ဖက်မှာတော့ သူမက ရင်ခုန်နေမိတာတော့ အမှန်ပဲ။

ယန်မီဆိုက ဟန်မာရူးကို ‘ မိုးပြာရောင် ’ ပြဇာတ်ရုံကို ပထမဆုံး ခေါ်သွားခဲ့တဲ့နေ့ကို ပြန်စဉ်းစားမိတယ်။ စင်ပေါ်မှာ ဇာတ်ညွှန်းကို တည်တည်ငြိမ်ငြိမ်နဲ့ ဖတ်နေတဲ့ ကောင်လေးကို ကြည့်ပြီးတဲ့နောက်မှာတော့ သူမ သူ့ကို စင်ပေါ် တင်ပေးရမယ်လို့ ဆုံးဖြတ်ခဲ့တာလေ။ လအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူမ သူ့ကို စင်ပေါ် ရောက်အောင် ပို့နိုင်ခဲ့ပြီ။

‘ ငါ အများကြီး မမျှော်လင့်သင့်ဘူး ဆိုတာ သိပေမဲ့လည်း မတတ်နိုင်ဘူး ဖြစ်နေတာ ’

* * * * * * * * *

"လူတွေ အများကြီးပဲနော်။ ခုံ ၆၀၀ လုံး ပြည့်နေတာပဲ"

ကင်ဆိုယွန်းက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။

"သူတို့က တို့တွေကို လာကြည့်ကြတာ မဟုတ်ပါဘူး။ ဒါပြီးရင် ရှိမယ့် ပွဲကြောင့် လာကြတာလေ"

တေဂျွန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေဖို့ ကြိုးစားပေမဲ့ သူ့အသံကတော့ နည်းနည်း တုန်ယင်နေပါတယ်။ ကောင်လေး ပြောတာလည်း မှန်ပါတယ်၊ ဒီပြဇာတ်ပြီးရင် ဒေသဆိုင်ရာ အရည်အချင်းပြိုင်ပွဲ ရှိတာကြောင့် ခုံပေါင်း ၆၈၆ ခုံလုံး ပြည့်နေတာလေ။

"ကဲ ... ပြင်ဆင်ထားကြ။ တို့တွေ လေ့ကျင့်ထားသလိုပဲ လုပ်ရုံပဲ။ သိတယ်မလား"လင်ယွန်ဂျုံက ပြောတယ်။

ဥက္ကဋ္ဌရဲ့ စကားကြောင့် အားလုံးက ခေါင်းညိတ်လိုက်ကြတယ်။

"ကံကောင်းပါစေ မာရူး"

"အင်း"

ပြဇာတ်က ဟန်မာရူးရဲ့ ထွက်ပေါ်လာမှုနဲ့ စတင်မှာပါ။ ဆယ်ကျော်သက် ဇာတ်ကောင်က တခြား သရုပ်ဆောင်တွေနဲ့ အပြန်အလှန် ဆက်သွယ်မှု သိပ်မရှိပါဘူး။ အဲဒီအစား ပရိသတ်တွေနဲ့ပဲ စကားပြောရတာပါ။ သူက ပရိသတ်တွေ ဇာတ်လမ်းထဲမှာ ပါဝင်လာအောင် သူတို့ကို စကားပြောသွားရမှာ ဖြစ်ပါတယ်။

* * * * * * * * *

"စင်မြင့်နဲ့ ပရိသတ်ကြားက တံတိုင်းကို ဖြိုချမယ့် ဇာတ်ကောင်ပေါ့"

"ပရိသတ်တွေ ဇာတ်လမ်းထဲ ပါလာဖို့အတွက် အဲဒီ ဆယ်ကျော်သက် ဇာတ်ကောင်က အဓိကပဲ"

ဟောင်ဂွန်ဆူးနဲ့ ယန်ဂန်ဟွမ်တို့ စကားပြောနေကြတယ်။

"ယန်မီဆိုက ဒီပြဇာတ်ကိုမှ ရွေးရတယ်လို့လား"ဟောင်ဂွန်ဆူးက ယန်မီဆို မကြားအောင် တိုးတိုးလေး ပြောလိုက်တယ်။

"ငါ အကုန်ကြားတယ်နော် ဂွန်ဆူး"

ဟောင်ဂွန်ဆူးက ပုခုံးတွန့်ပြပြီး နောက်ကို မှီချလိုက်တယ်။

"သူပြောတာလည်း မမှားပါဘူး။ အဲဒီ ဆယ်ကျော်သက် ဇာတ်ကောင်ကသာ မကောင်းရင် တစ်ပြဇာတ်လုံး ပျက်သွားမှာပဲ"

"ဟုတ်တယ်၊ အဲဒါက အဓိက ပြဿနာပဲ"

ယန်ဂန်ဟွမ်ရဲ့ အမြင်ကို ဟောင်ဂွန်ဆူး ခေါင်းညိတ် ထောက်ခံလိုက်တယ်။ သူက ဟန်မာရူးအကြောင်း အများကြီး မသိပါဘူး၊ ဟန်မာရူးက နည်းနည်း ထူးဆန်းတယ် ဆိုတာလောက်ပဲ သိတာပါ။ ဒါပေမဲ့ အဲဒါက ကောင်လေးကို အလိုလိုနေရင်း သရုပ်ဆောင်ကောင်းစေတာမှ မဟုတ်တာ။ သူ သိသလောက်တော့ ကောင်လေးက စိုးရိမ်ပူပန်တတ်တဲ့၊ ထူးဆန်းလောက်အောင် ရင့်ကျက်နေတဲ့ ကလေးတစ်ယောက်ပဲလေ။

အဲဒီလို ကလေးမျိုးနဲ့ သရုပ်ဆောင်ခိုင်းတာလား ...

ယန်မီဆိုက ဟန်မာရူးကို အမြဲတမ်း ချီးမွမ်းတတ်တာကို သူ သိပါတယ်။ အဲဒီကောင်လေးက သူမရဲ့ စကားတွေအတိုင်း တကယ်ပဲ လုပ်ပြနိုင်မလား။

"စတော့မယ်"

ယန်ဂန်ဟွမ်က စင်မြင့်ဘက်ကို မေးထိုးပြလိုက်တယ်။ စင်မြင့်ရဲ့ လိုက်ကာတွေ ပွင့်သွားပြီး မီးရောင်တွေက တဖြည်းဖြည်း မှိန်သွားပါတော့တယ်။

* * * * * * * * *

ပရိသတ်တွေက လုံးဝ တိတ်ဆိတ်သွားကြတယ်။ ခုံ ၆၀၀ လုံးမှာ ရှိတဲ့သူတွေပေါ့။ လူ ၆၀၀ ဆိုတာ သိပ်မများဘူးလို့ ထင်ရပေမဲ့ ဟန်မာရူးကတော့ အဲဒီ နယ်ပယ်မှာ အလုပ်လုပ်ခဲ့ဖူးတာကြောင့် ဒါက ဘယ်လောက်အထိ များတဲ့ အရေအတွက်လဲ ဆိုတာကို ကောင်းကောင်း သိထားပါတယ်။ အဲဒီလူတွေ အားလုံးက တိတ်ဆိတ်နေကြတာပါ။

ရုတ်တရက်ဆိုသလို သူက စင်ပေါ်မှာ ရောက်နေတယ် ဆိုတဲ့အချက်ကို ပိုပြီး သတိထားမိလာတယ်။ အဲဒါက သူ့ကို စိတ်လှုပ်ရှားစေတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်တော့ ...

"စိတ်ဝင်စားစရာပဲ"သူ တိုးတက်လေး ရေရွတ်လိုက်မိတယ်။

ဟုတ်ပါတယ်။ ဒါက စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒီ လူ ၆၀၀ က သူ့ကို ဘယ်လိုပုံစံနဲ့ ကြည့်နေကြမလဲ ဆိုတာကို သူ သိချင်မိတာပါ။ မှောင်မည်းနေတဲ့ စင်မြင့်ထက်ကို သူ လှမ်းလိုက်တာနဲ့ သူ့ရဲ့ အတွင်းစိတ်ထဲမှာ တစ်ခုခု ပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။ ဘယ်လိုမျိုးလဲ ဆိုတာတော့ သူ မသိပါဘူး။

သူက အမှောင်ထုထဲကို လှမ်းဝင်လိုက်တာပါ။ ဒါပေမဲ့ ... သူ လုံးဝ မကြောက်ပါဘူး။ သူ့မှာ တစ်ခုခု မှားနေတာလား။ ဒါမှမဟုတ် ဒါက ကောင်းချီးတစ်ခုလား။ သူ မသိပါဘူး။ ပရိသတ်တွေရဲ့ အသက်ရှူသံတွေကိုတောင် သူ အတိုင်းသား ကြားနေရတယ်။ ဒါက လူ ၆၀၀ ရဲ့ အသက်ရှူသံတွေပေါ့။

ဟန်မာရူး မျက်လုံးဖွင့်လိုက်တယ်။ ကြမ်းပြင်ပေါ်က တောက်ပနေတဲ့ စတစ်ကာလေးက သူ့မျက်စိထဲကို အရင်ဆုံး ရောက်လာတယ်။ သူက အထူးသဖြင့် ‘ x ’ ပုံစံ စတစ်ကာလေးကို အာရုံစိုက်လိုက်တယ်။

အဲဒီနေရာက မီးမောင်းထိုးမယ့် နေရာလေ။ ဇာတ်တိုက်တုန်းက အဲဒါက ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို သူ မြင်ခဲ့ဖူးပါတယ်။ အပေါ်က ဝန်ထမ်းက သူ့အတွက် အဲဒီနေရာကို မီးမောင်းထိုးပေးမှာပါ။ စင်မြင့်ကတော့ လုံးဝ မှောင်မည်းနေတယ်။ သူ ပရိသတ်တွေကို မမြင်ရသလို သူ့မှာ ရှိတဲ့ တစ်ခုတည်းသော အလင်းရောင်ကတော့ ကြမ်းပြင်ပေါ်က စတစ်ကာလေး တစ်ခုပါပဲ။

"စပြီ"

တစ်စုံတစ်ယောက်ရဲ့ အသံ ...။ ဘယ်သူ့ဆီကလဲ ဆိုတာ သူ မသိပေမဲ့ သူကတော့ ကျေးဇူးတင်မိပါတယ်။ အဲဒီအသံက သူ့ကို အတွေးကမ္ဘာထဲကနေ ပြန်ခေါ်လာပေးတာကိုး။

ဟန်မာရူး ရှေ့ကို စတင် လျှောက်လှမ်းလိုက်တယ်။ တိတ်ဆိတ်စွာနဲ့ပဲပေါ့။ တစ်လှမ်းချင်း ... တစ်လှမ်းချင်း ...။ သူ ဘာအသံမှ မထွက်အောင် ကြိုးစားပြီး လျှောက်သွားလိုက်တယ်။ နောက်ဆုံးတော့ သူ အလယ်ဗဟိုကို ရောက်လာခဲ့ပြီ။ စင်ပေါ်မှာ အမှောင်ထု လွှမ်းမိုးသွားတာ ၁၀ စက္ကန့်လောက် ရှိပါပြီ။ ပရိသတ်တွေကလည်း အမှောင်ထုနဲ့ ယဉ်ပါးသွားလောက်ပြီပေါ့။ တချို့ကလည်း သူ့ကို စင်ပေါ်မှာ မြင်နေရလောက်ပြီ။

သူလည်း ပရိသတ်တွေကို မြင်နေရတယ်လေ။

အဲဒါကို သတိထားမိလိုက်တာနဲ့ သူ့ရဲ့ စိတ်ထဲမှာ လုံးဝကို သက်သောင့်သက်သာ ရှိတဲ့ ခံစားချက်မျိုး ဝင်လာတော့တာပဲ။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူ့ခေါင်းထဲက အပူချိန်က အေးစက်သွားပြီး သူ့ရင်ထဲက အရှိန်အဟုန်ကတော့ အနည်းငယ် ဆူပွက်လာသလိုပဲ။

သူ ဒီလို ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူ အဲဒါနဲ့ ယဉ်ပါးသွားလိမ့်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ ဘာလို့လဲ ... သူ အခုအချိန်မှာ သရုပ်ဆောင်တာကို ဆက်လုပ်မလား ဆိုတာတောင် သေချာ မသိသေးဘူး မဟုတ်လား။

ဟန်မာရူး ကြမ်းပြင်ကို အသာအယာ နင်းကြည့်လိုက်တယ်။ သစ်သားကြမ်းပြင်ကို နင်းလိုက်တဲ့ အသံက စင်မြင့်တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပါတယ်။ သူ ဘာမှ မမြင်ရပေမဲ့ အဲဒီအသံက သူ့ကို စင်မြင့်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို ပုံဖော်ကြည့်ဖို့ ကူညီပေးတယ်။

တီတိုး ... တီတိုး ...။ လူတွေ စကားပြောနေတဲ့ အသံကို သူ ကြားနေရတယ်။

ဟန်မာရူး ကြမ်းပြင်ကို ထပ်ပြီး နင်းလိုက်တယ်။ အမှောင်ထုထဲမှာ အရောင်အချို့ကို သူ မြင်လာရသလိုပဲ။ စင်မြင့်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို ဖြည့်ဆည်းပေးမယ့် အရောင်အချို့ပေါ့။

ဒါက စင်မြင့်ပဲ။

ဟန်မာရူး ခေါင်းမော့လိုက်တယ်။ သူ ပရိသတ်တွေကို မြင်နေရပြီ။ သူတို့အားလုံးက အမှောင်ထုထဲမှာ ရှိနေကြပေမဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူ သူတို့ကို မြင်နေရပါတယ်။

လူ ၆၀၀ ...။

သူ မျှော်လင့်ထားသလိုပဲ၊ ဒါက တကယ့်ကို များပြားတဲ့ လူအရေအတွက်ပါပဲ။ သူ့ရဲ့ အမြင်အာရုံ တစ်ခုလုံးက လူတွေနဲ့ ပြည့်နှက်နေတာပေါ့။ သူ့ရဲ့ အသက်ရှူသံတွေ နှေးသွားတာကို သူ ခံစားလိုက်ရတယ်၊ သူက အခု ပိုပြီးတော့တောင် တည်ငြိမ်လာပါပြီ။ နွေဦးရာသီမှာ ကိုယ့်ရဲ့ ဇာတိမြေကို ပြန်ရောက်သွားသလိုမျိုးပေါ့။ အခုချက်ချင်းတောင် အိပ်ပျော်သွားနိုင်မယ့် ခံစားချက်မျိုး ဖြစ်နေတာ။

အဲဒီအချိန်မှာပဲ သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ မီးမောင်းက လင်းလာပါတော့တယ်။ ခဏလောက်တော့ သူ ပရိသတ်တွေကို ထပ်ပြီး မမြင်ရတော့ဘူး။

သူ့ခေါင်းက ခဏလောက် မူးသွားသလိုပဲ။

ဟန်မာရူး မျက်လုံးမှိတ်လိုက်တယ်။"စတော့မှာ ထင်တယ်"လို့ ရှေ့နားက တစ်ယောက်ယောက် ပြောလိုက်တာကို သူ ကြားလိုက်ရတယ်။

ဟုတ်ပါတယ်။ ပြဇာတ်က စတင်ပါပြီ။ ဟန်မာရူး သူ့ရဲ့ ညာဘက်လက်ကို မြှောက်ပြီး ဆံပင်ကို သပ်လိုက်တယ်။ ပြီးတော့ အဲဒီလက်ကို အိတ်ကပ်ထဲ ထည့်ပြီး သက်သောင့်သက်သာရှိတဲ့ အမူအရာနဲ့ ညာဘက်ကို စတင် လျှောက်လှမ်းလိုက်ပါတယ်။ မီးမောင်းကလည်း သူ့နောက်ကနေ လိုက်လာတာပေါ့။ ဟန်မာရူး ခေါင်းကို အနည်းငယ် မော့ပြီး အလင်းရောင်ကို ကြည့်လိုက်တယ်။ ပြီးတော့ ဘယ်ဘက်ကို လှည့်လိုက်ပြန်တယ်၊ မီးမောင်းကလည်း သူ့နောက်ကိုပဲ ထပ်ပြီး လိုက်လာပြန်ပါတယ်။

ပရိသတ်တွေကလည်း သူ့ရဲ့ လှုပ်ရှားမှုနောက်ကို လိုက်နေကြပြီလေ။

အခုတော့ အလင်းရောင်ကို ကြည့်မယ့်အစား ဟန်မာရူးက ပရိသတ်တွေဆီကို တည့်တည့် ကြည့်လိုက်ပါတယ်။

"အင်း ... ခင်ဗျားတို့က ဘယ်သူ့ကို ကြည့်နေကြတာလဲ။ ကျွန်တော့်ကိုများလား"

ဒါက စင်မြင့်နဲ့ ပရိသတ်တွေကြားက တံတိုင်းကို ဖြိုချလိုက်မယ့် ပထမဆုံး စကားလုံးပါပဲ။

ဟန်မာရူးတစ်ယောက် ‘ ဆယ်ကျော်သက် ’ ဇာတ်ကောင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

* * * * * * * * *

အခန်း ( ၈၄ )

သူမသည် မိတ်ကပ်ပြင်ခန်းထဲတွင် သူမ၏ အမူအရာများ ပိုမိုပေါ်လွင်စေရန် မျက်လုံးနှင့် ပါးစပ်တစ်ဝိုက်တွင် အရောင်တင်ခြင်း၊ အရိပ်ခြယ်ခြင်းများကို ပြုလုပ်ရင်း မိတ်ကပ်ပြင်ဆင်နေသည်။

"နင် သူ့အကြောင်း စဉ်းစားနေတာမလား"

သူမ မိတ်ကပ်ပြင်နေသည်ကို ရပ်လိုက်ပြီး ဘေးသို့ စောင်းကြည့်လိုက်သည်။ သူမ၏ သူငယ်ချင်းမလေးက သူမကို နားရွက်တက်ချိတ်မတတ် ပြုံးကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမက ဘာမှမသိသလိုမျိုး"ဘာကိုလဲ"ဟု ပြန်မေးရန် ကြိုးစားလိုက်သော်လည်း သူမ၏ပါးစပ်က သူမ၏ ရည်ရွယ်ချက်ကို သစ္စာဖောက်သွားခဲ့သည်။

"ဘာ ... ဘာကိုလဲ"

"တွေ့လား ... နင် တော်တော် သံသယဖြစ်စရာ ကောင်းနေပြီနော်။ အမှန်အတိုင်း ပြောစမ်းပါ။ နင် သူ့ကို အရင်က တွေ့ဖူးတယ်မလား"

"မတွေ့ဖူးပါဘူး။ အခုမှ ပထမဆုံး မြင်ဖူးတာပါ"

"ဟွန်း ... လူလိမ်မလေး။ ဒါဆို ဒါက ဒုတိယအကြိမ် တွေ့တာပေါ့၊ ပြီးတော့ သူက အဲဒီမှာတင် ချက်ချင်းပဲ ဝန်ခံလိုက်တာလား"

"အဲဒါ ဝန်ခံတာ မဟုတ်ပါဘူး"

"ဘယ်လိုပဲကြည့်ကြည့် အဲဒါက ဝန်ခံတာပဲဟာကို"

ဘေးက ကလပ်အသင်းသားများကပါ ဘာတွေ ဆူညံနေသလဲဆိုသည်ကို လာကြည့်ကြသည်။ ထိုအထဲတွင် ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများပင် ပါဝင်နေသည်။

"ဘာလဲ ... ဘာလဲ ... တစ်ယောက်ယောက်က နင့်ကို ဝန်ခံလိုက်တာလား"

"ဘယ်သူလဲ"

"စီနီယာ ... ကျေးဇူးပြုပြီးတော့ "

အခုအချိန်က ဒီစကားဝိုင်းကို ရပ်ရမည့်အချိန် ဖြစ်သော်လည်း လူတိုင်း၏ အပြုံးက ပိုကျယ်လာရုံသာ ရှိခဲ့သည်။

"တွေ့လား ... နင် အခုလို ပျာပျာသလဲ ဖြစ်နေတာက နင့်ပုံစံ မဟုတ်ဘူးနော်။ ဆိုလိုတာကတော့ ..."

"တစ်ခုခုတော့ ရှိနေတာပဲ မဟုတ်လား။ ဟိုးဟိုးဟိုး"

ကြောင်တွေလိုပဲ။ သူမသည် ငါးစိမ်းတစ်တုံးကို တွေ့သွားကြသည့် ကြောင်အုပ်ကြီးကြားထဲတွင် ရောက်နေသလို ခံစားလိုက်ရသည်။ သူမ ပါးစပ်ကို တင်းတင်းပိတ်လိုက်ပြီး မှန်ထဲကိုသာ ကြည့်နေလိုက်သည်။ ဒီမှာ ဆက်ပြီး ငြင်းခုန်နေခြင်းက အပိုဖြစ်မည်ဆိုတာ သူမ သိသည်။ ငြင်းလေ သူတို့အတွက် အစာကျွေးသလို ဖြစ်နေလေပဲ မဟုတ်လား။

"ကဲ ... ကဲ ... တော်ကြတော့"

အဲဒီအချိန်မှာပဲ ကလပ်ဥက္ကဋ္ဌက လူအုပ်ကြားထဲ ဝင်လာသည်။ သူမက ဆံပင်တိုတိုနှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည့် လှပသော မိန်းကလေးတစ်ဦး ဖြစ်သည်။

ဥက္ကဋ္ဌဆိုသည်မှာ သူမ အလေးစားရဆုံး သူများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ထိုမိန်းကလေးသည် နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲတွင် သရုပ်ဆောင်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိထားသူ ဖြစ်သည်။ သူမသည်လည်း ဥက္ကဋ္ဌကဲ့သို့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ခဲ့သည်။

"တို့ရှေ့က အဖွဲ့ ပြဇာတ်ပြီးသွားပြီ။ တို့အလှည့် ရောက်ပြီဆိုတော့ ပြင်ဆင်ကြရအောင်"

"ဟုတ်ကဲ့"

ပြဇာတ်က ပြီးသွားပြီပေါ့။ ဘာကြောင့်မှန်းမသိဘဲ သူမ ထိုကောင်လေးအကြောင်းကို ခဏလောက် စဉ်းစားမိသွားသည်။ ဟန်မာရူး ဆိုလား။

"ဝူဆောင် စက်မှု အထက်တန်းကျောင်းက ဘယ်လိုလဲ။ သူတို့ ဒီနှစ် ဆောင်းရာသီ ပြိုင်ပွဲကို သွားကြမှာ မဟုတ်လား။ တို့တွေနဲ့ ယှဉ်ရင် သူတို့က ဘယ်လိုရှိလဲ"

ဒုတိယနှစ် ကျောင်းသားတစ်ဦးက ဥက္ကဋ္ဌကို မေးလိုက်သည်။ ဥက္ကဋ္ဌတွင် တခြားအသင်းများ၏ ပြဇာတ်ကို ကြည့်တတ်သည့် အလေ့အကျင့်ရှိသည်။ ၎င်းမှာ အတော်လေး အံ့ဩစရာကောင်းသည့် စွမ်းဆောင်ရည်တစ်ခုပင်။ မိနစ်ပိုင်းအတွင်း သရုပ်ဆောင်ရတော့မည် ဖြစ်သော်လည်း ဥက္ကဋ္ဌက လုံးဝ စိတ်လှုပ်ရှားနေသည့်ပုံ မပေါ်ပေ။

"အင်း ... သူတို့က ဘယ်လိုလဲဆိုတော့ ..."

ဥက္ကဋ္ဌက သူမ၏ မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်သည်။

"သူတို့အတွက် တို့တွေ စိုးရိမ်စရာ မလိုဘူးလို့ ထင်တယ်"

* * * * * * * * *

ဒိုဂျင် တစ်ယောက် စိတ်မသက်မသာ ဖြစ်နေသည်။ ၎င်းမှာ စိတ်လှုပ်ရှားနေ၍ မဟုတ်သလို ပရိသတ်များ၏ အေးစက်စက် တုံ့ပြန်မှုကြောင့်လည်း မဟုတ်ပေ။ သူသည် ဘေးဘက် လိုက်ကာကြားမှ ကင်ဆိုယွန်း၊ ပတ်တေဂျွန်းနှင့် ဟန်မာရူးတို့ကို စိုက်ကြည့်နေသည်။

"..."

ဘာမှ မပြောင်းလဲသွားပေ။ ဇာတ်တိုက်တုန်းက အတိုင်းပါပဲ။ ကင်ဆိုယွန်းနှင့် ပတ်တေဂျွန်းတို့က ပုံမှန်အတိုင်း သရုပ်ဆောင်နေကြသည်။ ကင်ဆိုယွန်းက ဂျစ်ကန်ကန် အဘွားအိုအဖြစ် သရုပ်ဆောင်ပြီး ပတ်တေဂျွန်းကတော့ ထူးထူးဆန်းဆန်း အဘိုးအိုအဖြစ် သရုပ်ဆောင်နေသည်။ ဘာအမှားမှလည်း မရှိပေ။ ပြဇာတ်က ချောချောမောမော သွားနေသော်လည်း တစ်ခုခုတော့ မှားနေသည်။ ဒိုဂျင်မှာ ဘာမှားနေသလဲဆိုသည်ကို ရှာမတွေ့နိုင်ခြင်းက သူ့ကို စတင် ပင်ပန်းလာစေသည်။

"ဒီအဘိုးကြီးကတော့ "

ကင်ဆိုယွန်းက သူမ ထိုင်နေရာမှ ထရပ်လိုက်ပြီး ပတ်တေဂျွန်း ရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။ ပတ်တေဂျွန်းက ဆိုင်အသုံးအဆောင်ပစ္စည်း နောက်ကွယ်သို့ အမြန်ပြေးဝင်သွားသည်။ ပရိသတ်ဆီမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

‘ ငါကတော့ ပရိသတ်ထဲကနေ ကြည့်ရင် ဒါက တော်တော်လေး ပျော်စရာကောင်းတဲ့ အခန်းလို့ ထင်ထားတာ ’

တုံ့ပြန်မှုတွေက သိပ်မကောင်းလှပေ။ ဒါပဲလား။ ပရိသတ်ကြောင့် သူ စိတ်မသက်မသာ ဖြစ်နေတာလား။

စင်ပေါ်က သရုပ်ဆောင်များ ထွက်သွားကြပြီး စင်မြင့်ပေါ်တွင် အမှောင်ထု လွှမ်းမိုးသွားသည်။ ထိုအမှောင်ထု ပြီးသည်နှင့် ဟန်မာရူးက အမြဲတမ်း ပေါ်လာတတ်သည်။ ဟန်မာရူးက ဒိုဂျင်၏ဘေးမှ သာမန်ခြေလှမ်းများဖြင့် ဖြတ်လျှောက်သွားသည်။ ဒိုဂျင်က"ကံကောင်းပါစေ"ဟု ကောင်လေးကို တိုးတိုးလေး ပြောလိုက်သည်။

သို့သော် ဟန်မာရူးက ကြားပုံမရပေ။ ဟန်မာရူးသည် ကြမ်းပြင်ပေါ်က စတစ်ကာများကိုသာ အာရုံစိုက်နေသည်။ အရမ်း အရမ်းကို စိတ်တိုနေသည့် လူတစ်ယောက်ကဲ့သို့ပင်။ ဒိုဂျင်၏ ဂုတ်သားများ တစ်ချက် စိမ့်တက်သွားသည်။ စိတ်လှုပ်ရှားမှုကြောင့် တစစ်စစ် ဖြစ်လာရသည်။ ဟန်မာရူး၏ အာရုံစူးစိုက်မှုက သူ့အတွက်တော့ အတော်လေး ကြောက်စရာကောင်းနေသည်။ ဘာကြောင့် တခြားအရာတွေကို မကြားနိုင်တော့သည်အထိ အာရုံစိုက်နေရတာလဲ။

"ဟင်း ... ဟင်း"

ဟန်မာရူး စင်ပေါ်တွင် ချောင်းဟန့်လိုက်ခြင်းက နောက်တစ်ခန်း စတင်ခြင်းပင်။ ဒိုဂျင် ပရိသတ်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ အဲဒီအချိန်မှာပဲ ကလေးတစ်ယောက်က ဟန်မာရူးကို လက်ညှိုးထိုးပြီး"သူ ရောက်လာပြီ"ဟု အော်လိုက်သည်။

0ဒါက ပွဲတော်ဖြစ်သည့်အတွက် မိဘအများစုက သူတို့၏ ကလေးများကို ခေါ်လာကြသည်။ အခုထိတော့ အားလုံးက ငြိမ်ငြိမ်သက်သက် ကြည့်နေကြသော်လည်း ကလေးတစ်ယောက်က အသံထွက်လာခဲ့သည်။ ဒိုဂျင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

တစ်ခါက ဖြစ်ဖူးခဲ့သလိုမျိုးပဲ။

ဒိုဂျင် နွေရာသီတုန်းက ဖြစ်ခဲ့သည်ကို ပြန်စဉ်းစားမိသည်။ ကလေးတစ်ယောက်၏ အသံက ဟောင်ဂွန်ဆော့ကို လူအယောင်ဆောင်ကြီး တစ်ယောက်ဖြစ်သွားစေရန် လုံလောက်ခဲ့သည်။ သူသည် ပရိသတ်ကို ကြည့်ပြီး ဆယ်စက္ကန့်လောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ ဟန်မာရူးလည်း အဲဒီလို ဖြစ်သွားမလား ...

"တော်တော်လေး ဉာဏ်ကောင်းတဲ့ ကလေးပဲ"

‘ ဘာ ... ’

ဒိုဂျင် ပါးစပ်အဟောင်းသားနှင့် ဟန်မာရူးကို ကြည့်နေမိသည်။ ဟန်မာရူးက စင်အစွန်းသို့ လျှောက်သွားပြီး ထိုကလေးကို လက်ပြန်ပြလိုက်ကာ ကလေး၏ မိဘများနှင့် စကားပြောလိုက်သည်။ ဒိုဂျင် ထိုမြင်ကွင်းကို ကြောင်ကြည့်နေမိသည်။ ကလေး၏ မိဘများက ပြုံးနေကြသည်။ အမှောင်ထဲတွင် ဖြစ်သဖြင့် သူတို့မျက်နှာကို မမြင်ရသော်လည်း သူတို့ ရယ်နေသံကိုတော့ ကြားရသည်။

တုံ့ပြန်မှုတစ်ခုက နောက်ထပ် တုံ့ပြန်မှုများကို မွေးဖွားပေးလိုက်သည်။ တခြားကလေးများကလည်း ဟန်မာရူးကို လက်ဝှေ့ယမ်းပြလာကြသည်။ ကလေးပြဇာတ်တစ်ခုတွင် ရောက်နေသလိုမျိုးပင်။ ဒိုဂျင်သည် သူငယ်စဉ်က ကြည့်ခဲ့ဖူးသည့် ပီတာပန် ပြဇာတ်ကို သတိရသွားသည်။ ခဏလောက်တော့ ဟန်မာရူး၏ အပြုံးထဲတွင် သူ့ငယ်ဘဝက ပီတာပန်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ဟန်မာရူး ထိုကလေးနှင့် စကားပြောရန် ၅ စက္ကန့်လောက် အချိန်ယူခဲ့သည်။ အဲဒီအချိန်အတောအတွင်းမှာသာ တိတ်ဆိတ်နေခဲ့မည်ဆိုလျှင် ဒိုဂျင် တစ်ယောက် မေ့လဲသွားလောက်မည်ဖြစ်သည်။

"ခင်ဗျားတို့ သိလား။ ဒယ်လ်ဆော့ဒေါင်မှာ အရမ်းတော်တဲ့ သူငယ်ချင်းတစ်ယောက် နေထိုင်တယ်။ ဒါပေမဲ့ ဒီလူက တော်ပေမဲ့လည်း နည်းနည်းတော့ အူတူတူနိုင်တယ်ဗျ။ ကျွန်တော် ဘာတွေ ပြောနေတာလဲ ဟုတ်လား။ ကဲ ... ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်ကြတော့"

ဟန်မာရူးက ပုံမှန်ထက် နည်းနည်း ပိုမြန်နေသည်။ သူသည် အချိန်မီဖြစ်အောင် သေချာလုပ်နေခြင်း ဖြစ်မည်။ ထိုအပြုအမူက လုံးဝ မထူးဆန်းပေ။ အစောပိုင်းက ကလေးသည် ပြဇာတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသလိုမျိုးပင်။ မီးများ မှိန်သွားပြီး ဟန်မာရူး ပျောက်ကွယ်သွားသည်။ ထို့နောက် ညအချိန်ကို ဖော်ပြသည့် အပြာရောင်မီးလေး လင်းလာသည်။ ပတ်ဒေးမြောင် အလှည့် ရောက်လာခဲ့ပြီ။

"ဖူး ..."

ဟန်မာရူး ပြန်ရောက်လာပြီးနောက် နံရံကို မှီကာ ရေသောက်လိုက်သည်။

"တုံ့ပြန်မှု ကောင်းသားပဲ"

"ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ ဘယ်လိုနေလဲ။ သိပ်ပြီး မထူးဆန်းဘူးမလား"

"လုံးဝပဲ"

"ဝမ်းသာပါတယ်"

ဟန်မာရူးက လက်ပိုက်ပြီး စင်မြင့်ကို ကြည့်နေသည်။ ဒိုဂျင်လည်း သူ့အာရုံကို ပြန်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ ပရိသတ်ခုံများက နည်းနည်း ဆူညံလာသည်။ မိဘများက သူတို့၏ ကလေးများကို ထိန်းရန် လက်လျှော့လိုက်ပုံရသည်။ အမှန်တကယ်ပင် ဟန်မာရူး၏ အစောပိုင်း သရုပ်ဆောင်မှုက လူတိုင်းကို ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားစေသည်။ တချို့ကလေးများက ပတ်ဒေးမြောင်ကိုပင် နှုတ်ဆက်နေကြသေးသည်။

အဲဒါကို မြင်တော့ ဒိုဂျင် နည်းနည်း ပြန်ပြီး စိတ်လှုပ်ရှားလာသည်။ ပြဇာတ်က အခုထိတော့ အဆင်ပြေနေပါသေးတယ်၊ ဒါပေမဲ့ ဘာလို့လဲ ...

‘ စိတ်အေးအေးထားပါ၊ ကိုယ့်ပုံစံအတိုင်းပဲ နေပါ။ ပိုလည်း မပိုစေနဲ့၊ လျော့လည်း မလျော့စေနဲ့ ’

ဒိုဂျင် ပီကေအချို့ကို ဝါးလိုက်သည်။ သူ့အခန်းအတွက် အချိန်အနည်းငယ် ကျန်သေးသည်။ အားကစားသမားများပင် စိတ်ငြိမ်စေရန် ပီကေ ဝါးတတ်ကြသည်မဟုတ်လား၊ ဆိုတော့ ဒါကလည်း အကူအညီ ဖြစ်မှာပါ။ ပတ်ဒေးမြောင်က စင်ပေါ်တွင် တစ်ကိုယ်တော် စကားပြောခန်းကို စတင်နေပြီ။ သူ၏ အဓိပ္ပာယ်မရှိသည့် စကားလုံးများနှင့် ယုတ္တိမရှိသည့် အတွေးအခေါ်များက ဒီအခန်း၏ ဟာသမြောက်သည့် အချက်များပင်။

‘ ဒေးမြောင်က သရုပ်ဆောင် တော်ပါတယ် ’

ယန်မီဆိုဆီက အဆူမခံရသည့် အနည်းငယ်သော သူများထဲတွင် ပတ်ဒေးမြောင်လည်း ပါဝင်သည်မို့ ဒိုဂျင် ထိုအချက်ကို ကောင်းကောင်းသိသည်။ အခုပင် ပတ်ဒေးမြောင်၏ စကားလုံးများက အလွန် သဘာဝကျကျ ထွက်ပေါ်လာနေသည်။ ကောင်လေး၏ သရုပ်ဆောင်မှုတွင် ဘာမှားယွင်းချက်မှ မရှိပေ။ သို့သော် ...

‘ ပရိသတ်ဆီက ဘာတုံ့ပြန်မှုမှ မရှိဘူး ’

ပရိသတ်က တိတ်ဆိတ်နေသည်။ တချို့ကလေးများကတော့ လက်ဝှေ့ယမ်းပြနေကြတုန်းပေါ့။ ဒါပေမဲ့ ဟာသပြဇာတ် တစ်ခုအတွက်တော့ ပရိသတ်ခုံမှ မည်သူမှ ရယ်မနေကြပေ။ အဲဒါကြောင့် ဒိုဂျင် စိတ်လှုပ်ရှားနေတာလား။ အရင်ပြဇာတ်တုန်းကဆိုလျှင် သူ ဒီလို ခံစားရမှာ မဟုတ်ပေ။ သို့သော်လည်း အဲဒီပြဇာတ်က ဟာသပြဇာတ်မှ မဟုတ်တာ။

‘ ဆိုတော့ ဒါက ဟာသပညာရှင်တွေ ခံစားရတဲ့ ဖိအားမျိုးပေါ့ ’

မရယ်မောသည့် ပရိသတ်နှင့် သူတို့ကို ရယ်မောအောင် လုပ်ရမည့် ဟာသပညာရှင်များ ... ရုတ်တရက်ဆိုသလို ... ဒိုဂျင် စင်မြင့်ကို ကြောက်လာမိသည်။

"ဖယ်ဦး"

"ဟ ... ဟုတ်ကဲ့"

ဟောင်ဂွန်ဆော့ စင်ပေါ်တက်ရမည့် အလှည့် ရောက်လာပြီ။ ကောင်လေးက ယုံကြည်မှုအပြည့်ရှိသည့် ပုံစံဖြင့် ထွက်သွားသည်။ ပြန်ကြည့်လိုက်လျှင် ကလပ်အဖွဲ့သားများ အားလုံးက သူတို့၏ ဇာတ်ညွှန်းကိုသာ အာရုံစိုက်နေကြသည်။ အခုထိတော့ အားလုံး အဆင်ပြေပုံရသည်။ သို့သော် ပရိသတ်က ဘယ်လိုမျိုးလဲဆိုတာ မြင်သွားလျှင် သူတို့ ဘယ်လို ခံစားရမလဲ။

‘ ငါ မကြည့်ခဲ့သင့်ဘူး ’

ဒိုဂျင်သည် စင်မြင့်ကို ကြည့်မိခဲ့ခြင်းအတွက် ချက်ချင်း နောင်တရနေတော့သည်။

* * * * * * * * *

"ဒါက ..."

"လုံးဝကို ဖရိုဖရဲ ဖြစ်နေတာပဲ"

ယန်မီဆိုသည် သူမဘေးရှိ အမျိုးသားနှစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရသည်။ ဖရိုဖရဲ ဖြစ်နေခြင်း ...။ တခြားအချိန်ဆိုလျှင် သူမ သူတို့ကို ပြန်ပြောမိမှာ ဖြစ်သော်လည်း အခုအချိန်မှာတော့ သူမ သဘောတူရမည် ဖြစ်သည်။

‘ အင်း ... ဒါက မကောင်းဘူး ’

အမှန်တကယ်ပင် စင်မြင့်က လုံးဝကို ဖရိုဖရဲ ဖြစ်နေသည်။ လူတိုင်းက အတော်လေး ကောင်းကောင်း သရုပ်ဆောင်နေကြသည်။ ဘယ်သူမှ ဘာအမှားမှ မလုပ်ကြသလို ပြဇာတ်၏ စည်းချက်ကလည်း အတော်လေး ကောင်းမွန်နေသည်။ ခြုံငုံကြည့်လျှင် ပြဇာတ်ကို အလွန်ကောင်းမွန်စွာ တင်ဆက်နေခြင်း ဖြစ်သည်။ ယန်မီဆို ဂုဏ်ယူသင့်သည့် အခြေအနေပင်။ သို့သော် သူမ လုံးဝ ပြုံးမနေနိုင်ပေ။

"ဟာကွက်တစ်ခု ရှိနေတယ်"

"အဲဒါကို ဖယ်ထုတ်ပစ်သင့်တယ်"

ဟောင်ဂွန်ဆူးနှင့် ယန်ဂန်ဟွမ်တို့ စကားပြောနေကြသည်။ ယန်မီဆိုက စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။

‘ ဒါက လုံးဝ မကောင်းဘူး ’

သီချင်းတစ်ပုဒ်ထဲတွင် တခြားအသံများနှင့် မတူဘဲ ထွက်ပေါ်နေသည့် အသံတစ်ခု ရှိနေသည်။ ၎င်းကို သတိပြုမိရန် ခက်ခဲသော်လည်း နားထောင်လိုက်လျှင် တစ်ခုခု မှားနေသည်ဟု ခံစားရရန် လွယ်ကူလှသည်။

‘ ဟန်မာရူး ’

ယန်မီဆိုက သက်ပြင်းချရင်း စင်မြင့်ကို ကြည့်လိုက်သည်။ ထိုကွဲထွက်နေသည့် အသံတစ်ခု ... အဲဒါက ပြဿနာပဲ။

* * * * * * * * *

"တို့တွေ စိုးရိမ်စရာ မလိုဘူး ဟုတ်လား"

သူမက နှုတ်ခမ်းနီကို ချလိုက်ပြီး ဥက္ကဋ္ဌကို ကြည့်လိုက်သည်။ ဥက္ကဋ္ဌက ခေါင်းကို အပြင်းအထန် ညိတ်ပြသည်။

"သူတို့က အဲဒီလောက်တောင် ညံ့တာလား"

"မဟုတ်ဘူး၊ သူတို့က တော်ကြပါတယ်"

"အယ် ... ဒါဆို ဘာလို့ ..."

"အင်း ... အဲဒါက ..."

ဥက္ကဋ္ဌက ခဏလောက် စဉ်းစားလိုက်ပြီး အရပ်အမောင်းတူသည့် ကျောင်းသားလေးဦးကို တန်းစီ ခိုင်းလိုက်သည်။

"ဘယ်လိုလဲ"

"ဘာကိုလဲ"

ကလပ်အဖွဲ့သားအချို့က မေးခွန်းကို နားမလည်ကြပေ။

"သူတို့ကို အခုလို တန်းစီခိုင်းထားတာ ဘယ်လိုနေလဲ"

"အင်း ... သူတို့အားလုံး အရပ်တူနေတော့ ကြည့်လို့ကောင်းတာပေါ့"

ဒီတစ်ခါတွင်တော့ ဥက္ကဋ္ဌက ထိုအတန်းထဲတွင် ဝင်ရပ်လိုက်သည်။ အရပ်ရှည်သည့် ဥက္ကဋ္ဌက ထိုနေရာတွင် ထူးဆန်းနေတော့သည်။

"အခုကော ဘယ်လိုလဲ"

ဒီတစ်ခါတွင်တော့ ကလပ်အဖွဲ့သားအားလုံးက ဖြေလိုက်ကြသည်။

"ဥက္ကဋ္ဌက အဲဒီနေရာနဲ့ မလိုက်ဖက်ဘူး"

"အဲဒါပဲပေါ့"

"ဘာ ..."

"စကားလုံးနဲ့ ဘယ်လိုဖော်ပြရမလဲ မသိပေမဲ့ ခံစားချက်က အဲဒီလိုပဲ။ ဝူဆောင်က သရုပ်ဆောင် တော်တာကတော့ သိသာပါတယ်။ ငါတောင် အဲဒါကို မြင်နိုင်တယ်။ အဲဒီကလပ်က လူတိုင်းက လေ့ကျင့်မှု ကောင်းကောင်း ရထားတဲ့ပုံပဲ။ ဒါပေမဲ့ ... သူတို့တွေ အတူတူရှိနေတဲ့အခါကျရင် ထူးဆန်းနေတယ်။ ဘာမှ မကိုက်ညီဘူး"

"သူတို့တွေ ပူးပေါင်းဆောင်ရွက်မှု မရှိတာလား"

"အဲဒီလိုလည်း မဟုတ်ဘူး။ နင်တို့တွေ မြင်လိုက်ရင် သိလာလိမ့်မယ်။ သူတို့တွေက တော်ကြပါတယ်၊ ဒါပေမဲ့ ညံ့လည်း ညံ့ကြတယ်။ တခြား ဘယ်လိုပြောရမလဲ မသိတော့ဘူး"

တော်လည်း တော်တယ်၊ ဒါပေမဲ့ ညံ့လည်း ညံ့တယ် ... သူမ နားမလည်နိုင်စွာဖြင့် ခေါင်းကို စောင်းလိုက်မိသည်။ အဲဒါက ဘာကို ဆိုလိုတာလဲ။

* * * * * * * * *

နှုတ်ဆက်ခန်း...။ ကင်ဆိုယွန်းက ပတ်တေဂျွန်း၏ လက်ကို ကိုင်ပြီး ရှေ့သို့ တက်လာသည်။ သူ၏ လက်ကို ကိုင်ထားရခြင်းက သူမကို နည်းနည်း စိတ်လှုပ်ရှားစေသော်လည်း စင်ပေါ်သို့ လျှောက်လှမ်းလိုက်သည့် အချိန်တွင်တော့ စိတ်လှုပ်ရှားစရာ မလိုတော့ကြောင်း သူမ သိလိုက်သည်။

လက်ခုပ်သံများ ...

ကင်ဆိုယွန်းသည် လက်ခုပ်သံများဖြင့် ကြိုဆိုခံရသောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဒါက သူမအတွက် တတိယအကြိမ်မြောက် ခံစားဖူးခြင်း ဖြစ်သော်လည်း သူမ အခုထိ မယဉ်ပါးသေးပေ။ ၎င်းက သူမကို စဉ်းစားမိစေသည်မှာ ‘ ဒါကြောင့်မို့လို့ လူတွေက သရုပ်ဆောင်ကြတာပဲ ’ ဟူ၍ ဖြစ်သည်။

"တော်တယ် ... တကယ်ပါပဲ"ပတ်တေဂျွန်းက သူမကို တိုးတက်လေး ပြောလိုက်သည်။

ကင်ဆိုယွန်း သူမ၏ ပါးများ နီမြန်းလာသည်ကို ခံစားလိုက်ရသဖြင့် ရှေ့ကိုသာ စိုက်ကြည့်နေလိုက်သည်။ ကလပ်အဖွဲ့သားများက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာကြပြီး နောက်ဆုံးတွင် ဟောင်ဂွန်ဆော့က ပရိသတ်ကို ဦးညွှတ် နှုတ်ဆက်သည်။ ဒါက ပထမဆုံး နှုတ်ဆက်ခန်း ဖြစ်သည်။ ကလပ်အဖွဲ့ဝင်အားလုံး စင်ပေါ်မှ ထွက်သွားပြီးနောက် ဟန်မာရူးက စင်ပေါ်သို့ အပြေးလေး တက်လာခဲ့သည်။

"ဟေး ... သူငယ်ချင်းတို့ ငါ့ကိုကော ဘယ်လိုလုပ်မှာလဲ "

ဟန်မာရူးက အော်ဟစ်ရင်း စင်ပေါ်သို့ ပြေးဝင်လာသည်။ သူသည် ပရိသတ်ကို အမြန် ဦးညွှတ်နှုတ်ဆက်ပြီးနောက် အပြင်သို့ ပြန်ပြေးထွက်သွားသည်။ ထိုအရာက နှုတ်ဆက်ခန်း၏ အဆုံးသတ်ပင်။ ကင်ဆိုယွန်းသည် အပြင်ဘက်မှ ပရိသတ်များ ရယ်မောသံကို ကြားလိုက်ရသည်။ သူတို့တွေ ပျော်ကြရဲ့လား။ သူတို့တွေ အများကြီး ရယ်ခဲ့ကြရဲ့လား။ သူမသည် သရုပ်ဆောင်ရန် အလွန် အလုပ်ရှုပ်နေသဖြင့် ပရိသတ်က ဘယ်လိုမျိုးလဲဆိုသည်ကို မမြင်ခဲ့ရပေ။ စကားပြောများ ပြောရန်ပင် အတော်လေး ခက်ခဲခဲ့သည်မဟုတ်လား။

‘ အားလုံးကို ဂုဏ်ပြုစကား ပြောရမယ် ’

သို့သော် ကင်ဆိုယွန်း လှည့်ကြည့်လိုက်သည်နှင့် လူတိုင်းက အလွန် စိတ်မသက်မသာ ဖြစ်နေသည့် မျက်နှာပေးများကို မြင်လိုက်ရသည်။

"ဖူး ..."

လူတိုင်းက သက်ပြင်းချနေကြခြင်း ဖြစ်သည်။ အမှန်တကယ်ပင် ကင်ဆိုယွန်းသည် ပတ်ဒေးမြောင် ရှိရာသို့ လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ ... ဘာဖြစ်လို့လဲ"

"... တို့တွေ ပရိသတ်ဆီက တုံ့ပြန်မှုတွေက သိပ်မကောင်းဘူး"

"ဪ ..."

အဲဒီအချိန်ကျမှသာ ပြဇာတ်အတွင်း ပရိသတ်က ဘယ်လိုမျိုးလဲဆိုသည်ကို သူမ မှတ်မိသွားသည်။ တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက် တိုးတိုးလေး ရယ်နေတာကိုသာ သူမ ကြားခဲ့ရသည်။ ဟာသမြောက်သည့် အခန်းတိုင်းတွင် မျှော်လင့်ထားသလောက် ရယ်သံများ ထွက်မလာခဲ့ပေ။ သူတို့တွေ ရှုံးနိမ့်သွားတာလား။ ဟာသပြဇာတ်တစ်ခုတွင် မည်သူ့ကိုမှ မရယ်အောင် သူတို့ ဘယ်လိုများ လုပ်နိုင်ခဲ့ကြတာလဲ။

"ဒါပေမဲ့ အနည်းဆုံးတော့ မာရူးက သူတို့ကို ရယ်အောင် လုပ်နိုင်ခဲ့တာပဲ"

"တခြား အခန်းတချို့မှာလည်း သူတို့ ရယ်ကြပါသေးတယ်"ဟု တခြားအဖွဲ့ဝင်များက ပြောကြသည်။

သို့သော် လူတိုင်းက အဲဒါက သူတို့အတွက် မလုံလောက်ဘူးဆိုတာ သိနေကြသဖြင့် အားလုံးက သက်ပြင်းသာ ပြန်ချနေကြတော့သည်။

"ကဲ ... ပစ္စည်းတွေ ရွှေ့ကြရအောင်။ နောက်အဖွဲ့က မကြာခင် လာတော့မှာ။ အားလုံး… လုပ်စရာရှိတာလုပ်၊ ဒီအသုံးအဆောင်ပစ္စည်းတွေကို အပြင်ထုတ်ဖို့ လိုတယ်"

ချွဲမင်းဆောင်က လက်ခုပ်တီးပြီး ကလပ်အသင်းသားများကို အားပေးလိုက်သည်။ ကလပ်အဖွဲ့သားများမှာ စိတ်လေးလံစွာဖြင့် စင်မြင့်ပေါ်သို့ ပြန်သွားကြတော့သည်။

All Chapters