← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ( ၈၅ )

စင်မြင့်ကို သိမ်းဆည်းနေတုန်း ဟန်မာရူးက သူမနဲ့ ထပ်ပြီး ဆုံပြန်ပါတယ်။ သူမက မျက်နှာမှာ မိတ်ကပ်တွေ အထူကြီးနဲ့မို့ နည်းနည်းတော့ ကြည့်ရတာ အနေခက်နေသလိုပဲ။ နုပျိုတဲ့ မျက်နှာလေးပေါ်မှာ မိတ်ကပ်တွေ အများကြီး လိမ်းထားရလို့ ဖြစ်မှာပါ။

"ကံကောင်းပါစေ"

"အ ... အင်း"

သူမက သူ့ကို နည်းနည်း ရှောင်နေသလိုပဲ။ ဟန်မာရူး သူ့မျက်ခုံးကို ကုတ်လိုက်မိတယ်။ ဟုတ်မှာပေါ့၊ အဲဒီလို စကားမျိုး ပြောပြီးမှတော့ သူမဘက်က အနေခက်နေတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူက သူမအပေါ် ထားတဲ့ သူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖော်ပြချင်ရုံ သက်သက်ပါ။ သူမအတွက်တော့ တော်တော်လေး ရှက်စရာကောင်းကောင်း ဖြစ်နေနိုင်ပေမဲ့ သူမရဲ့ မျက်နှာကို ကြည့်ရသလောက်တော့ သူမ အဲဒါကို မုန်းနေတဲ့ပုံ မပေါ်ပါဘူး။

ဒီအချိန်မှာတော့ ဟန်မာရူးက ဆယ်ကျော်သက်လေးတွေလို စစ်မှန်တဲ့ အချစ်ရေးမျိုးကို လိုက်စားဖို့ လက်လျှော့ထားလိုက်ပါပြီ။ သူက အဲဒီလို လုပ်ဖို့အတွက် အသက်ကြီးလွန်းနေပြီလေ။ တစ်ခါတစ်လေကျရင် အရာရာကို အကုန်သိနေရတာက ဟန်မာရူးအတွက် နာကျင်စရာပါ။

‘ ဘာပဲဖြစ်ဖြစ် သူမက လှနေတုန်းပဲ ’

သူ့ဇနီးသည်ရဲ့ ငယ်ရွယ်တဲ့ ပုံစံလေးကို မြင်ရတာက သူ့ရင်ကို ထူးထူးဆန်းဆန်း ရင်ခုန်စေပါတယ်။ လူလတ်ပိုင်းအရွယ် ဇနီးသည်က မလှဘူးလို့ ဆိုလိုတာ မဟုတ်ပေမဲ့ သူမရဲ့ ငယ်ရွယ်တဲ့ အလှတရားကတော့ ပိုပြီး တောက်ပနေတာ အမှန်ပဲလေ။

‘ ဒါက ရိုင်းစရာကြီး ဟန်မာရူး ... တကယ့်ကို ရိုင်းစရာကြီး ’

အခုလောလောဆယ်တော့ ဟန်မာရူး သူ့ကိုယ်သူ လူသားတစ်ယောက် ဖြစ်နေသေးတာကြောင့် အဲဒီလို တွေးမိတာ မတတ်နိုင်ဘူးလို့ပဲ ဖြေသိမ့်လိုက်ပါတယ်။ သူ အမှန်အတိုင်း ဝန်ခံရရင်တော့ သူ့ဇနီးသည်က ငယ်ငယ်တုန်းက ပိုလှတာပေါ့။ အဲ့အချိန်ခနလေးမှာ သူ့ရဲ့ လူလတ်ပိုင်းအရွယ် ဇနီးသည်ရဲ့ စိတ်တိုနေတဲ့ပုံ နောက်ကွယ်မှာပေါ်လာပြီး သူ့ကို"ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ပျော်ပျော်ပါးပါး နေလိုက်စမ်းပါ"လို့ စိတ်တိုတိုနဲ့ ပြောနေသံကို ကြားလိုက်ရသလိုပါပဲ။

"ဟန်မာရူး ... အဲဒါကို ဒီကို ယူလာခဲ့"

"ဟုတ်ကဲ့"

ပြဇာတ်ပြီးတဲ့နောက်မှာ ကလပ်အဖွဲ့သားတွေက အလုပ်ရှုပ်နေကြတယ်။ ဒါက ဆယ်ကျော်သက် ပြိုင်ပွဲတွေရဲ့ ထူးခြားချက် တစ်ခုပဲလေ။ အသုံးအဆောင် ပစ္စည်းတွေ လုပ်တာကနေ စင်ပေါ်မှာ နေရာချတာအထိ အကုန်လုံးကို ကလပ်အဖွဲ့သားတွေကပဲ ကိုယ်တိုင် လုပ်ကြရတာပါ။

ဒီပြဇာတ်မှာတော့ အသုံးအဆောင် အများစုကို သစ်သားပြားတွေနဲ့ လုပ်ထားတာကြောင့် အကြီးစားပစ္စည်းတွေကို ရွှေ့တဲ့အခါ အနည်းဆုံး လူသုံးလေးယောက်လောက် လိုပါတယ်။

"မိန်းကလေးတွေက အမှိုက်တွေကို သိမ်းလိုက်ကြ"

သူတို့တွေ အသုံးအဆောင် ပစ္စည်းတွေကို အကုန်သိမ်းပြီးတဲ့အခါ နောက်အဖွဲ့က စင်ပေါ်မှာ နေရာချဖို့ ရောက်လာကြတယ်။ သူမကလည်း အလုပ်ရှုပ်နေတာပေါ့။

"ဪ ... မြောင်ဟွာ အထက်တန်းကျောင်းပဲ"

"ဟန်မာရူး စကားသွားပြောဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေးတွေ ရှိတဲ့ကျောင်း မဟုတ်လား"

ဒိုဂျင်နဲ့ ပတ်ဒေးမြောင်တို့က မိန်းကလေးတွေကို ကြည့်ပြီး စကားပြောနေကြတယ်။ ဟန်မာရူးက မိန်းကလေးတွေကို စိုက်ကြည့်နေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကို ဆွဲပြီး စင်မြင့်ကနေ ခေါ်ထုတ်လာခဲ့ပါတယ်။

အောက်ထပ် လှေကားတွေမှာတော့ အသုံးအဆောင် ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေနဲ့ ပြည့်နေတာပေါ့။ ကလပ်အဖွဲ့သားတွေကလည်း သူတို့ရဲ့ ဝတ်စုံတွေကို စတင် လဲလှယ်နေကြပြီ။ ဟန်မာရူးရဲ့ ဝတ်စုံကတော့ ပုံမှန်ဝတ်နေကျ အဝတ်အစားတွေပဲမို့လို့ သူကတော့ လဲစရာ မလိုပါဘူး။ မျက်နှာက မိတ်ကပ်လေးတွေ ဖျက်လိုက်ရင်ပဲ သူက ပုံမှန်အတိုင်း ဖြစ်သွားမှာပါ။

"တော်ကြတယ် ဒီတစ်ခါတော့ ဘာအမှားမှ မရှိဘူး ဟားဟား တော်တယ် ... တော်တယ် "

လင်ယွန်ဂျုံက ကျောင်းသားတွေရဲ့ ပုခုံးကို လိုက်ပုတ်ပေးရင်း အားပေးနေတယ်။ ကလပ်အဖွဲ့သားတွေကလည်း သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေ ပျောက်ကွယ်သွားတာနဲ့အမျှ တစ်ယောက်ပြီး တစ်ယောက် ပြုံးလာကြပါတယ်။

"မင်းလည်း တော်ပါတယ် ဟန်မာရူး"

"ကျွန်တော် အမှားလုပ်မိမလားလို့ စိုးရိမ်နေတာ၊ ဒါပေမဲ့ ကံကောင်းလို့ ချောချောမောမော ပြီးသွားပါတယ်။ ပရိသတ်တွေလည်း နည်းနည်းတော့ ရယ်ကြတယ် မဟုတ်လား"

"... အင်း၊ အနည်းဆုံးတော့ သူတို့ ရယ်ကြတာပေါ့။ အား ... ဒါပေမဲ့ ဘာလို့ လူတိုင်းက သူတို့ ရယ်သင့်သလောက် အကျယ်ကြီး မရယ်ကြတာလဲ၊ ငါ ပြောတာ မှန်တယ်မလား"

ဟန်မာရူးက အဲဒီအချိန်မှာ လီယွန်းဂျုံဆီကနေ ထူးဆန်းတဲ့ အမူအရာတစ်ခုကို ခံစားလိုက်ရတယ်။ စကားပြောရင်း ခဏလောက် ရပ်သွားတာမျိုးပေါ့။ လီယွန်းဂျုံက ပါးစပ်ပြန်မဟခင်မှာ ခါးသီးတဲ့ အပြုံးလေးတစ်ခုနဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။ သူမရဲ့ အမူအရာက ဘာကို ဆိုလိုတာလဲ။

"တော်ကြတယ်"

ဟန်မာရူးက လင်ယွန်ဂျုံကို ပြန်မဖြေရသေးခင်မှာပဲ ယန်မီဆိုက စောင့်ဆိုင်းခန်းထဲကို ဝင်လာပါတယ်။ သူမရဲ့ နောက်မှာတော့ ဟောင်ဂွန်ဆူးနဲ့ ယန်ဂန်ဟွမ်တို့က ကပ်ပြီး ပါလာတာပေါ့။

"မင်းတို့ သူတို့ကို အရင်တစ်ခါက တွေ့ဖူးလို့ သိကြမှာပါ။ ဒါက သရုပ်ဆောင် ယန်ဂန်ဟွမ် ပါ။ သူက မင်းတို့ကို အကြံဉာဏ်ပေးဖို့ ဒီကို လာတာဆိုတော့ လက်ခုပ်တီးပေးလိုက်ကြဦး"

ကလပ်အဖွဲ့သားတွေ အကျယ်ကြီး လက်ခုပ်တီးလိုက်ကြတယ်။

"ကဲ ... တို့တွေ ဒီနေရာကနေ အရင် ထွက်ကြရအောင်။ နောက်အဖွဲ့က အခုပဲ လာတော့မှာ။ မင်းတို့ နှစ်ယောက် လာ ... ကူညီကြဦး"

ယန်ဂန်ဟွမ်နဲ့ ဟောင်ဂွန်ဆူးတို့က"တို့တွေက ကျွန်တွေများ ဖြစ်နေပြီလား"လို့ တိုးတိုးလေး ညည်းညည်းညူညူနဲ့ ရှေ့ကို ထွက်လာကြပါတယ်။

"ဆိုတော့ ... ခင်ဗျားက ဆရာမ ယန်မီဆို ရဲ့ အတင်းခေါ်ခိုင်းတာနဲ့ ပါလာတာပေါ့"

"အဲဒီလောက်အထိ သိသာနေလို့လား"

ဟန်မာရူးက တစ်ဖက်ကနေ သစ်သားပြားကို မလိုက်ပြီး တစ်ဖက်မှာတော့ ယန်ဂန်ဟွမ် ရှိနေတာပေါ့။

"ခင်ဗျား အလုပ်မရှုပ်ဘူးလား"

"ငါက အလုပ်လက်မဲ့ ဖြစ်နေတာလေ၊ ငါ့ကို ခေါ်မယ့် ပြဇာတ်တွေမှ မရှိတာ။ မင်းကို နည်းပြပေးပြီး ရတဲ့ ပိုက်ဆံလေးနဲ့ပဲ ရပ်တည်နေရတာပါ"

"ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ရှေ့မှာ မျက်နှာချို သွေးနေရမှာပေါ့"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ယန်ဂန်ဟွမ်က အသုံးအဆောင် ပစ္စည်းတစ်ခုကို ကုန်တင်ကားအသေးပေါ် မလိုက်ရင်း ပြုံးပြီး ပြောတယ်။

"ဒါနဲ့ ... မင်းရဲ့ ပထမဆုံး ပြဇာတ်က ဘယ်လိုလဲ"

"ကျွန်တော် အရမ်း စိတ်လှုပ်ရှားမယ် ထင်ထားတာ၊ ဒါပေမဲ့ အဆင်ပြေပါတယ်။ စိတ်တော့ လှုပ်ရှားပေမဲ့ အဲဒါက ခံစားလို့ကောင်းတဲ့ စိတ်လှုပ်ရှားမှုမျိုးပါ"

"အဲဒါ ကောင်းတာပေါ့။ အနည်းဆုံးတော့ မင်းက စင်မြင့်ကို မကြောက်ဘူးပဲ"

"စင်မြင့်ကြောက်တာ ဆိုတာက ရှိလို့လား"

"ရှိတာပေါ့။ အဲဒါက တကယ်တော့ ပတ်ဝန်းကျင်ရဲ့ ဖိအားကြောင့် ဖြစ်ရတဲ့ ကြောက်စိတ်မျိုးပဲ"

"ပတ်ဝန်းကျင်ဖိအား ဟုတ်လား"

"စောင့်ဆိုင်းခန်းထဲမှာ မာလွန်ဘရန်ဒို ထက်တောင် စကားပြောကောင်းတဲ့ လူတွေက စင်ပေါ်ရောက်သွားရင် လုံးဝ စကားမပြောနိုင်တော့တာမျိုးတွေ ခဏခဏ ဖြစ်တတ်တယ်။ ပရိသတ်တွေရဲ့ မျက်လုံးတွေက ပေးတဲ့ ဖိအားကြောင့် သူတို့တွေ တိတ်ဆိတ်သွားတာလေ။ အများစုကတော့ လေ့ကျင့်ခန်းတွေနဲ့ အဲဒါကို ကျော်လွှားနိုင်ကြပေမဲ့ တချို့ကတော့ ဒီနယ်ပယ်ကနေ လုံးလုံး ထွက်သွားကြတာမျိုးတွေလည်း ရှိတယ်"

"အဲဒါကတော့ ပါရမီ ပါရမှာပေါ့"

"အင်း ... အဲလိုလည်း ပြောလို့ရပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ မင်းက ကံကောင်းတဲ့သူပဲ"

ခဏကြာတော့ သူတို့တွေ ပစ္စည်းအားလုံးကို ကားပေါ် တင်ပြီးသွားကြပါပြီ။

"ငါက အရင်သွားနှင့်မယ်၊ မင်းတို့ နောက်က လိုက်လာခဲ့ကြ။ မင်းတို့တွေက ဟောင်ဂွန်ဆူး ရဲ့ ကားနဲ့ ယန်ဂန်ဟွမ် ရဲ့ ကားထဲကို ခွဲပြီး စီးကြ"ယန်မီဆိုက ကားပေါ်တက်ရင်း ပြောလိုက်တယ်။

ဟန်မာရူးက စိတ်ပျက်လက်ပျက်နဲ့ ပြုံးနေတဲ့ ယန်ဂန်ဟွမ်ကို ကြည့်လိုက်တယ်။

"ငါ့ကားကို ယူလာခဲ့ပါလို့ ပြောကတည်းက သူမ ဒီလိုလုပ်မယ်ဆိုတာ ငါ သိပြီးသားပါ။ ကဲ ... တက်ကြ။ အာ ... မိန်းကလေးတွေကို ခေါ်ခဲ့ကျလေ"

ယန်ဂန်ဟွမ်က မျက်တောင်တစ်ချက် ခတ်ပြပြီး သူ့ကားဆီကို လျှောက်သွားတယ်။ ဟန်မာရူးကတော့ အဲဒီစကားကို အတည်ယူပြီး ယောက်ျားလေးတွေကိုပဲ သီးသန့် စုပြီး ခေါ်လာခဲ့ပါတယ်။

"... ငါ ဘယ်လို ငရုတ်သီးခင်းထဲကို ခြေစုံပစ် ဝင်လာမိတာလဲ"

"အင်း ... ဟုတ်ပဗျာ။ ဒီမှာက ငရုတ်သီးနံ့တွေပဲ ရနေသလိုပဲ"

ထင်ထားတဲ့အတိုင်းပဲ ဒိုဂျင်က ယန်ဂန်ဟွမ်နဲ့ တော်တော်လေး အဆင်ပြေနေပါတယ်။

"အယ် ... ဟို ဝဝကောင်လေးကော ဘယ်ရောက်သွားလဲ"ယန်ဂန်ဟွမ်က နောက်ခန်းကို ကြည့်ရင်း မေးတယ်။

ဟန်မာရူးက သူတို့နောက်က ဟောင်ဂွန်ဆူးရဲ့ ကားကို ညွှန်ပြလိုက်တယ်။

"ဟိုမှာ"

"ပန်းခင်းထဲက ဝက်ကလေးပေါ့ ... ဘုရားရေ"

ယန်ဂန်ဟွမ်က မကျေမနပ်နဲ့ ခေါင်းခါလိုက်ပါတယ်။

* * * * * * * * *

ပတ်ဒေးမြောင်က ညာဘက် ပြတင်းပေါက်ကိုပဲ စိုက်ကြည့်နေတယ်။ သူ ဘယ်ဘက်ကိုတော့ လှည့်မကြည့်ရဲပါဘူး။ အီဆိုးလ်က သူ့ဘေးမှာတင် ထိုင်နေတာကိုး။ ဒါက ဘယ်လိုဖြစ်ရတာလဲ။

"ဘာတွေ ကြည့်နေတာလဲ"

"က ... ကောင်းကင်ကြီးကိုလေ"

အီဆိုးလ်က သူ့ကို စကားလာပြောတာကြောင့် ပတ်ဒေးမြောင်ရဲ့ ရင်ခုန်သံတွေက အရမ်းကို မြန်နေပါတယ်။ လေ့ကျင့်တုန်းကတော့ အဆင်ပြေသားပဲ၊ ဒါက ဘာလို့လဲ။

"နင့်လည်ပင်း မနာဘူးလား။ အဲဒီအတိုင်း ရှိနေတာ တော်တော် ကြာနေပြီနော်"

"အင်း။ က ... ကောင်းကင်ကြီးက လှနေလို့ပါ၊ ငါ အဆင်ပြေပါတယ်"

"အဲဒါကတော့ တကယ့်ကို အံ့ဩစရာပဲ"

သူတို့တွေ ကားထဲမှာ ဒီလောက်အထိ ကျပ်ကျပ်တည်းတည်း ဖြစ်နေတာတောင် သူက လှုပ်တောင် မလှုပ်နိုင်ဘူး။

‘ ဟန်မာရူး ... ’

"ကံကောင်းတဲ့ကောင်"လို့ ဟန်မာရူး ပြောခဲ့တာက ဒါကို ဆိုလိုတာ ဖြစ်မှာပေါ့။ ဟန်မာရူးက အခုလိုမျိုး စနောက်တဲ့အခါတိုင်း ပတ်ဒေးမြောင်မှာ သက်ပြင်းပဲ ချနိုင်တော့တယ်။ သူ အပြင်ဘက်ကို ဆက်ပြီး စိုက်ကြည့်နေတုန်းမှာ သူ့ဘေးက တစ်ယောက်ယောက် စကားပြောတာ ကြားလိုက်ရတယ်။

"တို့တွေ တစ်ခုခု လိုအပ်နေသလိုပဲ"

အဲဒါက လင်ဒန်မီ ပါ။ တစ်ခုခု လိုအပ်နေတယ် ... ပတ်ဒေးမြောင် ခေါင်းညိတ်လိုက်မိတယ်။ ပြဇာတ်ကတော့ အောင်မြင်ပါတယ်။ သူတို့တွေ ဘာအမှားမှ မလုပ်ခဲ့ကြဘူး၊ အဲဒါက သူတို့ရဲ့ ရည်မှန်းချက်ပဲလေ။ ဒါပေမဲ့ ပြဇာတ်တစ်ခုမှာ အဲဒါက အကုန်လုံး မဟုတ်ဘူး မဟုတ်လား။

"ငါ့ရဲ့ အခန်းတွေမှာ ဘယ်သူမှ ရယ်တာ ငါ မတွေ့မိဘူး။ ငါ့ရဲ့ အခန်းတွေက တော်တော်လေး ပျော်စရာကောင်းတယ်လို့ ထင်ထားတာ"

"နင်ကတော့ သေချာပေါက် ပျော်စရာကောင်းပါတယ်"

အီဆိုးလ်ရဲ့ စကားကို လင်ဒန်မီက ခေါင်းခါပြလိုက်တယ်။

"ပရိသတ်တွေကတော့ အဲဒီလို မထင်ကြဘူးလေ။ ဒါပေမဲ့ ပတ်ဒေးမြောင် ကတော့ တုံ့ပြန်မှု တချို့ ရခဲ့တယ် မဟုတ်လား"

"မ ... မဟုတ်ပါဘူး၊ ငါ့ရဲ့ ပုံစံကို ကြည့်ပြီး သူတို့ ရယ်ကြတာ ဖြစ်မှာပါ"

"နင်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ အထင်သေးနေရတာလဲ။ နင် တော်ပါတယ်"

"ဟန်မာရူး က ပိုတော်တာပါ ..."

"ဟန်မာရူးက ပိုတော်တယ်၊ ဒါပေမဲ့ သူ့မှာက ပရိသတ်နဲ့ တိုက်ရိုက် စကားပြောရတဲ့ ဇာတ်ညွှန်းတိုတိုလေးတွေ ရှိနေတာက သူ့အတွက် အားသာချက် ဖြစ်နေတာလေ။ အဲဒီလိုမျိုးဆိုရင်တော့ နင်က သူ့ထက် ပိုတော်တယ်လို့ ငါ ထင်တယ်"

ပတ်ဒေးမြောင်က လောလောဆယ်တော့ ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ သဘောမတူနိုင်ပါဘူး။ ဟန်မာရူးရဲ့ အခန်းက ပရိသတ်နဲ့ စကားပြောရတာမို့လို့ ပိုပြီး ခက်ခဲတာ မဟုတ်ဘူးလား။ ကျန်တဲ့ ကလပ်အဖွဲ့ဝင်တွေက အချင်းချင်းပဲ ဆက်သွယ်ရတာ ဖြစ်ပေမဲ့ ဟန်မာရူးကတော့ ဒယ်လ်ဆော့ဒေါင် ဆိုတဲ့ နယ်ပယ်ထဲကနေ ပရိသတ်တွေကို စကားပြောရတာလေ။ အဲဒါကြောင့်လည်း ဟန်မာရူးရဲ့ အခန်းက ပိုပြီး ခက်ခဲတာလို့ ပတ်ဒေးမြောင်က ယုံကြည်ထားပါတယ်။

"အားလုံး တော်ကြပါတယ်။ နောင်တရစရာ တချို့ ရှိနေပေမဲ့ အရင်တစ်ခါလိုမျိုး ဆိုးဆိုးရွားရွားတော့ မဟုတ်ဘူး မဟုတ်လား။ ကဲ ... ပြုံးကြစမ်းပါ အားလုံးပဲ"

လီယွန်းဂျုံက ရှေ့ခန်းကနေ လှည့်ပြီး သူတို့ကို ကြည့်ရင်း ပြောတယ်။ သူမက အမြဲတမ်း တက်ကြွနေတတ်တာပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူမက ဒီနေ့ သူမရဲ့ ခွန်အားတွေကို အတင်း ညှစ်ထုတ်နေရသလိုမျိုး ခံစားရပါတယ်။ ပတ်ဒေးမြောင်က သူမကို အားနာနာနဲ့ ပြုံးပြလိုက်ပြီး အပြင်ဘက်ကို ပြန်ကြည့်လိုက်တယ်။

‘ တို့တွေ ... တကယ်ပဲ ကောင်းကောင်း လုပ်နိုင်ခဲ့ရဲ့လား ’

လွန်ခဲ့တဲ့ ရှစ်လတုန်းက ပတ်ဒေးမြောင်က ပြဇာတ်ဆိုတာ ဘာလဲဆိုတာတောင် မသိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ငါးလတုန်းကတော့ စင်ပေါ်တက်ဖို့ကို သူ ကြောက်နေခဲ့တာ။ သေချာတာကတော့ သူ တိုးတက်လာခဲ့ပြီလေ။ ဒါဆို ဘာလို့ သူက အခုလိုမျိုး ထူးထူးဆန်းဆန်း စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။ သူ့ရဲ့ ရင်ထဲမှာ ပေါက်ကွဲထွက်မလာနိုင်တဲ့ ခံစားချက်တွေနဲ့ ပြည့်နေသလိုပဲ။ တကယ်လို့ သူသာ စင်ပေါ်မှာ အဲဒါကို လုပ်နိုင်ခဲ့မယ်ဆိုရင် ...

‘ ငါ ဘာလို့ အဲဒီလို မလုပ်နိုင်ခဲ့တာလဲ ’

ပတ်ဒေးမြောင် တခြားသူတွေကို လှည့်ကြည့်လိုက်တယ်။ ယွန်ရင်နဲ့ အီဆိုးလ်တို့ကတော့ ပုံမှန်အတိုင်းပါပဲ။ တကယ်တော့ သူတို့က ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလိုမျိုးတောင် ဖြစ်နေတာ။ ဒါပေမဲ့ လင်ဒန်မီ၊ လင်ယွန်ဂျုံနဲ့ ကင်ဆိုယွန်းတို့ကတော့ တစ်ခုခု ဆုံးရှုံးသွားသလိုမျိုး ဖြစ်နေကြတယ်။ ဘာလို့လဲ။

ပတ်ဒေးမြောင် ခဏလောက် စဉ်းစားလိုက်ပြီး အံ့ဩတဲ့ အမူအရာနဲ့ သူ့ရဲ့ ဇာတ်ညွှန်းကို ဖွင့်လိုက်တယ်။ သူ တစ်ခုခုကို အတည်ပြုဖို့ လိုအပ်နေတာပါ။ သူ တစ်အုပ်လုံးကို အမြန် ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ ဘာဖြစ်ခဲ့လဲ ဆိုတာကို သူ သဘောပေါက်သွားပါတယ်။

ဒါက တိုက်ဆိုင်မှုလား။ မဟုတ်ဘူး ... မဖြစ်နိုင်ဘူး။

‘ တို့တွေထဲက ပြဇာတ်အပေါ် စိတ်မသေမချာ ဖြစ်နေတဲ့သူတွေ အားလုံးက ဟန်မာရူး ရဲ့ အခန်းပြီးတာနဲ့ ချက်ချင်း သရုပ်ဆောင်ရတဲ့သူတွေပဲ ’

ပတ်ဒေးမြောင် စင်မြင့်ပေါ်က အခြေအနေကို ပြန်စဉ်းစားလိုက်တယ်။ တိတ်ဆိတ်နေတဲ့ ပရိသတ်တွေကို သူ မြင်ယောင်လာတယ်။ ပြီးတော့ မီးမောင်းထိုးလိုက်တယ်။ ဟန်မာရူး စင်ပေါ်တက်လာပြီး သူတို့ရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။ သူ့ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုနဲ့ သူတို့ကို ရယ်အောင် လုပ်နိုင်ခဲ့တယ်။ ပတ်ဒေးမြောင် သတိထားကြည့်လိုက်တဲ့အခါ ဘာမှားသွားလဲ ဆိုတာကို သူ အတိအကျ သိသွားပါတယ်။

‘ ငါက အလျင်စလို ဖြစ်ခဲ့တာပဲ။ ပြီးတော့ ငါလည်း သူ့လိုမျိုး လုပ်နိုင်လိမ့်မယ်လို့ ငါ ခံစားခဲ့ရတာ ’

ဟန်မာရူးက သေချာပေါက် သရုပ်ဆောင် တော်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းက အလွယ်တကူ ရနိုင်မယ့် ပုံစံမျိုး ဖြစ်နေတာ။ အဲဒီအတွက်ကြောင့် ပတ်ဒေးမြောင်က အရမ်းကို ယုံကြည်မှုရှိတဲ့ စိတ်နဲ့ စင်ပေါ်တက်သွားခဲ့ပြီး ပုံမှန်ထက် ပိုပြီး အင်အားတွေ သုံးခဲ့မိတာပေါ့။

‘ ဒါပေမဲ့ ငါ ရခဲ့တာကတော့ တိတ်ဆိတ်နေတဲ့ ပရိသတ်ပဲ ’

အဲဒါကြောင့် သူ စိတ်ပျက်နေတာလား။ သူ လုပ်ရမှာက နည်းနည်းလေး ပိုပြီး ကောင်းအောင် သရုပ်ဆောင်ဖို့ပဲလေ။

‘ စီနီယာတွေလည်း ဒီလိုပဲ ခံစားရမှာ အမှန်ပဲ ’

အဲဒီအချိန်မှာပဲ လင်ဒန်မီက ရှက်ကိုးရှက်ကန်းနဲ့ ပါးစပ်ဟလိုက်ပါတယ်။

"ဟူး ... တကယ်တော့ ... ငါ ဟန်မာရူး သရုပ်ဆောင်တာကို မြင်တော့ နည်းနည်းတော့ ကြောက်သွားမိတယ်။ ငါ့ကို နှိုင်းယှဉ်ခံရလိမ့်မယ်လို့ ထင်မိတာ"

"ဘာ ..."

ပတ်ဒေးမြောင် အဲဒီစကားကို ကြားရတာ ထူးဆန်းနေတယ်။ ကြောက်သွားတယ် ဟုတ်လား။

"နင်ကော အဲဒီလို မခံစားရဘူးလား"

"ငါကတော့ ငါသာ ကြိုးစားရင် အဲဒီလောက်အထိ ကောင်းလာနိုင်မယ်လို့ ထင်မိတာ။ နင်ကော အဲဒီလို မခံစားရဘူးလား"

"လုံးဝပဲ။ လူတွေက သူ့ရဲ့ အခန်းတွေမှာ ရယ်ကြပေမဲ့ ငါ့အခန်းမှာတော့ မရယ်ကြဘူး။ တို့တွေရဲ့ သရုပ်ဆောင်မှုမှာ ကွာခြားချက် ရှိနေတယ်၊ အဲဒါက ငါ့ကို ကြောက်သွားစေတာ။ ငါတောင် ဒီလိုမျိုး တွေးမိသေးတယ် ... တကယ်လို့ ဟန်မာရူး သာ ပုံမှန်အတိုင်း သရုပ်ဆောင်ခဲ့မယ်ဆိုရင် ပိုကောင်းမှာပဲလို့"

"ပုံမှန်အတိုင်း ဟုတ်လား"

"ငါပြောချင်တာက ... အာ ... ငါလည်း မသိတော့ဘူး။ ဒီနေ့ သရုပ်ဆောင်ရတာ တကယ်ကို အနေခက်တယ်လို့ ခံစားရတာ။ အဲဒါက ငါ့ရဲ့ ခံစားချက်ပဲ"

လင်ဒန်မီက"ငါက တကယ်ကို ရွံစရာကောင်းလိုက်တာနော်"လို့ တိုးတက်လေး ရေရွတ်လိုက်ပါတယ်။

"နင်တို့တွေ ဘာလို့ ဒီလို ဖြစ်နေကြတာလဲ။ တို့တွေ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲကို "

"ဟုတ်ပါရဲ့"

အီဆိုးလ်နဲ့ ယွန်ရင်တို့က နားမလည်တဲ့ အမူအရာနဲ့ ဝင်ပြောကြတယ်။

"လင်ဒန်မီ ဘယ်လို ခံစားရလဲဆိုတာ ငါ နားလည်ပါတယ်"ကင်ဆိုယွန်းက ပြောလိုက်တယ်။

လူတိုင်းမှာ မတူညီတဲ့ အမြင်တွေ ရှိကြတာပေါ့။ ဘာလို့လဲ။ တချို့က ဟန်မာရူးရဲ့ သရုပ်ဆောင်မှုက ရနိုင်တဲ့ အဆင့်လို့ ထင်ကြပြီး၊ တချို့ကတော့ သူက ဝေးကွာနေတဲ့ ကြယ်တစ်ပွင့်လိုမျိုးလို့ ထင်ကြတယ်။ အဲဒါက ဘာလို့လဲ။ ကားမောင်းနေတဲ့ သူက အဲဒီမေးခွန်းကို ဖြေလိုက်ပါတယ်။

"အဲဒါက သူက အလယ်ဗဟိုမှာ တည့်တည့် ရောက်နေလို့ပဲ"

အလယ်ဗဟိုမှာ ဟုတ်လား ... ပတ်ဒေးမြောင်ကတော့ ဟောင်ဂွန်ဆူး ပြောတဲ့ အဓိပ္ပာယ်ကို နည်းနည်းတော့ သဘောပေါက်သွားသလိုပါပဲ။

* * * * * * * * *

ယန်မီဆိုက ကျောင်းသားတွေ အသုံးအဆောင် ပစ္စည်းတွေ ရွှေ့နေတာကို ကြည့်နေပြီးမှ ဟောင်ဂွန်ဆူးနဲ့ ယန်ဂန်ဟွမ်တို့ကို သူမဆီ ခေါ်လိုက်ပါတယ်။

"ရှင်တို့ အားလုံးလည်း အတူတူပဲ စဉ်းစားနေကြတာ မဟုတ်လား"

ယန်ဂန်ဟွမ်က ခေါင်းညိတ်လိုက်တယ်။

"အင်း ... တို့တွေ အဲဒါကို ဖယ်ထုတ်ပစ်ရမယ်၊ ဒါမှမဟုတ် တခြားဘက်ကို မြှင့်တင်ပေးရမယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဟန်မာရူး ရဲ့ သရုပ်ဆောင်မှုတချို့ကို ဖယ်ထုတ်လိုက်တာက ပိုကောင်းမယ်လို့ ငါ ထင်တယ်"

"ဟောင်ဂွန်ဆူးကော"

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။ အဲဒါက အရာရာကို ညီမျှအောင် လုပ်ဖို့အတွက် အမြန်ဆုံး နည်းလမ်းပဲ"

ယန်မီဆိုက ရှုပ်ထွေးတဲ့ အမူအရာနဲ့ ဟန်မာရူးကို လှည့်ကြည့်လိုက်ပါတယ်။

"မင်းက တော်မယ်ဆိုရင်လည်း ဘာလို့ တကယ်ကြီး မတော်ရတာလဲ။ ဘာလို့ ဒီလောက်အထိ စိတ်မသေမချာ ဖြစ်အောင် လုပ်နေရတာလဲ"

လူသုံးယောက်လုံး တစ်ပြိုင်တည်း သက်ပြင်းချလိုက်ကြပါတော့တယ်။

* * * * * * * * *

အခန်း ( ၈၆ )

"အဲဒါက ပေါင်းစပ်ညှိနှိုင်းမှုမှာဖြစ်နေတဲ့ ပြဿနာပဲ"

ယန်မီဆိုက အခြေအနေကို အဲဒီလိုပဲ အကျဉ်းချုပ်လိုက်ပါတယ်။ အရင်က ပြောခဲ့သလိုပဲ ပြဇာတ်တစ်ခုမှာ အစိတ်အပိုင်းသုံးခု ရှိတယ်လေ။ အဲဒါတွေကတော့ စင်မြင့်၊ သရုပ်ဆောင်နဲ့ ပရိသတ်တို့ပါပဲ။ ပရိသတ်က ဘာလို့ အဲဒီသုံးခုထဲမှာ ပါဝင်နေရသလဲဆိုရင် သူတို့က ပြဇာတ်ကို အသက်ဝင်အောင် လုပ်ပေးလို့တင်မကဘဲ တခြားအကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။

စင်ပေါ်မှာ သရုပ်ဆောင်တစ်ယောက်က သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို သုံးပြီး ဇာတ်ကောင်တစ်ခုအဖြစ် ပြောင်းလဲသွားရတာပါ။ သရုပ်ဆောင်ရဲ့ စိတ်ကူးစိတ်သန်းကိုသာ ထည့်သွင်းလိုက်မယ်ဆိုရင် ရိုးရိုးသစ်သားကြမ်းပြင်လေးကတောင် သဲသောင်ပြင်တစ်ခု ဖြစ်သွားနိုင်တာလေ။

သရုပ်ဆောင်က သူ့ရဲ့ သရုပ်ဆောင်မှုကတစ်ဆင့် ဒီမြင်ကွင်းကို ပရိသတ်တွေဆီ ပို့ဆောင်ပေးရပါတယ်။ သရုပ်ဆောင်ရဲ့ စိတ်ကူးစိတ်သန်းကို လက်ခံရရှိတဲ့ ပရိသတ်တွေကလည်း အပြန်အလှန်အားဖြင့် သူတို့ရဲ့ ခံစားချက်တွေကို ပြန်ပြီး ပေးပို့နိုင်ကြတာပေါ့။ သူတို့က အသံတွေ၊ အမူအရာတွေနဲ့ သူတို့ကိုယ်သူတို့ ဖော်ပြနိုင်ကြတယ်လေ။

ဟုတ်ပါတယ်။

ပရိသတ်ကို အစိတ်အပိုင်းသုံးခုထဲမှာ ထည့်သွင်းထားရတဲ့ အကြောင်းရင်းက သူတို့က အမြဲတမ်း တုံ့ပြန်မှုတွေ ပေးနိုင်စွမ်း ရှိလို့ပါပဲ။ အဲဒီတုံ့ပြန်မှုက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက သူတို့ရဲ့ တုံ့ပြန်မှုတွေက သရုပ်ဆောင်အပေါ် သက်ရောက်မှု ရှိနေတယ်ဆိုတာပါပဲ။

ဥပမာအားဖြင့် သန်မာတဲ့ သရုပ်ဆောင်တစ်ယောက်က စင်ပေါ်မှာ အကြောင်းရင်းတစ်ခုခုကြောင့် အမှားလုပ်မိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ပရိသတ်ရဲ့ တုံ့ပြန်မှုကသာ ဆိုးဝါးနေမယ်ဆိုရင် အဲဒီသရုပ်ဆောင်က တော်တော်လေး တုန်လှုပ်သွားမှာ အမှန်ပါပဲ။ ပရိသတ်က အဲဒီလောက်အထိ သက်ရောက်မှု ကြီးမားတာလေ။

သရုပ်ဆောင်တစ်ယောက်က လူပေါင်း ရာနဲ့ချီတဲ့ မျက်လုံးတွေအောက်မှာ သရုပ်ဆောင်ရတာပါ။ အဲဒီအတွက်ကြောင့် သရုပ်ဆောင်တစ်ယောက်က ပရိသတ်ရဲ့ ခံစားချက်တွေကို ကိုင်တွယ်နိုင်စွမ်း ရှိဖို့ အမြဲတမ်း လိုအပ်ပါတယ်။

"သူ့မှာ ပါရမီရှိတာကတော့ သေချာပါတယ်။ အဲဒါက မွေးရာပါ ပါလာတာပဲ။ ငါ သူ့ကို ဘာမှမသင်ပေးရသေးသလို သူ လေ့လာဖို့အတွက်လည်း အချိန်မရခဲ့ဘူး။ ဒါပေမဲ့ သူက ပရိသတ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတာကို သိနေပြီ"

သရုပ်ဆောင်ကောင်း တစ်ယောက်ဆိုရင်တော့ သူတို့က ပရိသတ်နဲ့ ဘယ်လောက်အထိ ပေါင်းစပ်ညှိနှိုင်းမှု ရှိနေသလဲ ဆိုတာကို အလွယ်တကူ တိုင်းတာနိုင်မှာ ဖြစ်ပေမဲ့ ဒါက ဟန်မာရူး ရဲ့ ပထမဆုံး စင်မြင့်ထက် သရုပ်ဆောင်မှုလေ။ သူ ဘယ်လောက်အထိ ကောင်းကောင်း လုပ်နိုင်ခဲ့လဲဆိုတာ သူကိုယ်တိုင် မသိပါဘူး။ ယန်မီဆိုလည်း မသိခဲ့ပါဘူး။ အရင်တစ်ခါ ကော်ဖီဆိုင်တုန်းကတော့ သူက သူ့ရဲ့ ထူးခြားတဲ့ နည်းလမ်းနဲ့ ပရိသတ်ရဲ့ အာရုံစိုက်မှုကို ရယူခဲ့တာလို့ပဲ ယန်မီဆို ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလို မဟုတ်ခဲ့ဘူးလေ။

"အဲဒါတော့ တကယ် မှန်ပါတယ်။ သရုပ်ဆောင် အရည်အချင်းကို ခဏဖယ်ထားဦး၊ သူက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ နေရာမှာ အရမ်းတော်တယ်"ယန်ဂန်ဟွမ်က ထောက်ခံလိုက်ပါတယ်။

ယန်မီဆိုက ဒီမနက်က မြင်ခဲ့ရတဲ့ ပြဇာတ်ကို ပြန်စဉ်းစားမိတယ်။ အဲဒီမှာ ဟန်မာရူးက ပြဇာတ်ရဲ့ အလယ်မှာ ထွက်လာပြီး ပရိသတ်နဲ့ ပြဇာတ်ကို ဆက်သွယ်ပေးရတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့တာ။ လေ့ကျင့်ခန်းတွေတုန်းကတော့ ဟန်မာရူးက ပြဇာတ်ကို နောက်တစ်ခန်းဆီကို ချောချောမောမော ကူးပြောင်းသွားအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

‘ ဒါပေမဲ့ စင်ပေါ်မှာတော့ သူက တကယ့်ကို ကွဲပြားနေခဲ့တာ။ အဲဒါကပဲ ပြဇာတ်ကို ဖရိုဖရဲ ဖြစ်သွားစေတာပဲ ’

တကယ်တော့ ဟန်မာရူးက လေ့ကျင့်ခန်းတွေတုန်းက စကားလုံးတွေကို ပိုပြီး ပီပီသသ ပြောသလို အမူအရာတွေကိုလည်း ပိုပြီး သေသေချာချာ လုပ်ခဲ့တာပါ။ သူတို့ စီစဉ်ထားတဲ့အတိုင်းပဲ သူက လုံးဝကို ကွက်တိ လုပ်နိုင်ခဲ့ပါတယ်။ ပုဒ်ဖြတ်ပုဒ်ရပ် တစ်ခုမှ မလွဲခဲ့သလို စကားလုံး တစ်လုံးမှလည်း မှားမပြောခဲ့ဘူးလေ။

ဒါပေမဲ့ စင်ပေါ်က ဟန်မာရူးကတော့ ကွဲပြားနေပါတယ်။ သူ့ရဲ့ စကားလုံးတွေမှာ စည်းချက်ဝါးချက် မရှိတော့ဘူး။ သူက ပုံမှန်ထက် ပိုပြီး တက်ကြွနေသလိုမျိုး ဖြစ်နေတာ။ တချို့နေရာတွေမှာ ဆိုရင် သူ့ရဲ့ အသက်ရှူသံတွေက နည်းနည်း လိုအပ်နေသလိုမျိုး ခံစားရတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက တချို့နေရာမှာ အချိန်မကိုက်သလို ဖြစ်နေပြီး သူ့ရဲ့ လမ်းလျှောက်ပုံကလည်း သူ့ဇာတ်ကောင်နဲ့ သိပ်မလိုက်ဖက်တော့ဘူး။

‘ သူက လေ့ကျင့်တုန်းကလို မသရုပ်ဆောင်ခဲ့ဘူး။ သူ ကိုယ်တိုင်တော့ အဲဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်တယ် ’

လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းက ကောင်လေးကို သူမ မေးကြည့်တော့ သူက အရင်အတိုင်းပဲ သရုပ်ဆောင်ခဲ့တာပါလို့ ပြောခဲ့တာလေ။ ဒါပေမဲ့ ယန်မီဆိုရဲ့ မျက်လုံးထဲမှာတော့ သူက သိသိသာသာကို ကွဲပြားနေခဲ့တာပါ။

‘ စက်ရုပ်ခွေးလေး တစ်ကောင်နဲ့ တကယ့်ခွေးလေး တစ်ကောင်ကို ကြည့်နေရသလိုပဲ ’

အသက်ဝင်ခြင်း ... ။ စင်ပေါ်မှာ ဟန်မာရူးက သူ့ရဲ့ ဇာတ်ကောင်ကို အသက်သွင်းလိုက်တာပါ။ ဒါက အစပြုသူ တစ်ယောက်အနေနဲ့ လုပ်နိုင်စွမ်း မရှိသင့်တဲ့ အရာမျိုးပါ၊ ပရိသတ်တွေကပဲ သူ့အတွက် အဲဒါကို ဖြစ်နိုင်အောင် လုပ်ပေးခဲ့တာလေ။ ဟန်မာရူးက ပရိသတ်ဆီက ရလာတဲ့ အရှိန်အဟုန်တွေကို သူ့ရဲ့ စွမ်းအင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့ နေရာမှာ တကယ့်ကို ထူးခြားတဲ့ ပါရမီ ရှိနေတယ်ဆိုတာကို ယန်မီဆို ဒီနေ့ သေချာပေါက် သိသွားပါပြီ။

‘ လီဂျွန်မင်း က ဟန်မာရူးကို အထင်ကြီးခဲ့တာကလည်း ဒါကြောင့်မို့လို့ ဖြစ်မှာပဲ ’

အဲဒီနေ့ ကော်ဖီဆိုင်မှာ လီဂျွန်မင်းက ဟန်မာရူးကို ပရိသတ်တစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်ခဲ့တာလေ။ အဲဒီနောက်မှာမှ သူက စာချုပ်ချုပ်ခဲ့တာ။ ယန်မီဆိုက အသေးစိတ်ကိုတော့ မသိပေမဲ့ ဒီစာချုပ်က လီဂျွန်မင်း အမြဲတမ်း ချုပ်နေကျ စာချုပ်တွေနဲ့ တော်တော်လေး ကွဲပြားနေတယ်ဆိုတာတော့ သူမ သိပါတယ်။

သရုပ်ဆောင် တစ်ယောက် လုပ်ရတဲ့ အလုပ်တစ်ခု ရှိတယ်ဆိုရင် အဲဒါက လေ့ကျင့်ခန်းပါပဲ။ သရုပ်ဆောင်တိုင်းက အံကြိတ်ပြီး လေ့ကျင့်ကြပြီးမှ စင်ပေါ်တက်ကြတာလေ။ ဒါတောင်မှ အနည်းငယ်သော သူတွေပဲ ကြယ်ပွင့်တွေ ဖြစ်လာကြတာ။ ကျန်တဲ့သူတွေကတော့ ဆက်ပြီး ကြိုးစားနေရတာ ဒါမှမဟုတ် စင်ပေါ်ကနေ လုံးလုံး ထွက်သွားကြရတာပဲ။

တကယ်လို့ လူတိုင်းက အတူတူပဲ လေ့ကျင့်ကြမယ်ဆိုရင် သူတို့ရဲ့ အရည်အချင်း ကွာခြားချက်က ပါရမီအပေါ်မှာပဲ မူတည်သွားမှာပါ။ သရုပ်ဆောင် တစ်ယောက်မှာ ရှိနိုင်တဲ့ အကောင်းဆုံး ပါရမီဆိုတာက စာဖတ်ကောင်းတာ မဟုတ်သလို သရုပ်ဆောင် ကောင်းတာလည်း မဟုတ်ပါဘူး။ အဲဒါက ပရိသတ်ရဲ့ စွမ်းအင်တွေကို ကိုယ့်ရဲ့ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိတာပါပဲ။ အဲဒီလို သရုပ်ဆောင်မျိုးတွေက ဘယ်တော့မှ မပင်ပန်းတော့ဘူး။ ပရိသတ်တွေနဲ့ စင်မြင့်သာ ရှိနေမယ်ဆိုရင် သူတို့က အမြဲတမ်း တောက်ပနေမှာပဲ။

"တို့တွေမှာ အချိန်ပိုရရင် ကောင်းမှာပဲ"

"မဟုတ်ဘူး၊ အဲဒါက အချိန်နဲ့ မဆိုင်ဘူး။ ဒီလို အရာမျိုးကို လေ့ကျင့်ရုံနဲ့ ပြင်လို့ မရဘူး။ သူ ဘယ်လို အတွေ့အကြုံမျိုး ရမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး သူက တစ်ရက်အတွင်းမှာပဲ အများကြီး တိုးတက်သွားနိုင်သလို၊ ဒီအဆင့်မှာပဲ ထာဝရ ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်"

"အဲဒါတော့ မှန်တယ်"

ယန်မီဆိုက သူမရဲ့ သူငယ်ချင်း နှစ်ယောက် ပြောနေတာကို နားထောင်နေမိတယ်။ ကလပ်အဖွဲ့သားတွေကတော့ ခန်းမထဲမှာ အသုံးအဆောင် ပစ္စည်းတွေကို ပြန်သိမ်းပြီး အနားယူနေကြပြီလေ။ ယန်မီဆိုက ဒီနေ့အကြောင်း ကလေးတွေကို မပြောခင် သူမရဲ့ သူငယ်ချင်းတွေ ဘယ်လိုထင်လဲ ဆိုတာကို အရင်ဆုံး သိချင်တာပါ။ နောက်ဆုံးတော့ ဒီနှစ်ယောက်လုံးက အကြောင်းအရာ တစ်ခုတည်းကိုပဲ ပြောနေကြတာ။

ဟန်မာရူး ...။

အဲဒီကောင်လေးမှာ စင်ပေါ်မှာ တောက်ပနိုင်တဲ့ စွမ်းရည်ရှိပေမဲ့ အခုလောလောဆယ်မှာတော့ အဲဒါက မလုံလောက်သေးပါဘူး။ သူ့ရဲ့ တောက်ပမှုက ကျန်တဲ့ ပြဇာတ်တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေတာကိုး။

"သူကသာ တစ်ပြဇာတ်လုံးကို လွှမ်းမိုးထားနိုင်မယ့် ဆွဲဆောင်မှုမျိုးသာ ရှိမယ်ဆိုရင်တော့ ..."

"အဲဒီလိုဆိုရင်တော့ တို့တွေ ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။ အဲလိုသာ ဆိုရင်တော့ ယန်မီဆို က သူ့ကို အခုလောက်ဆို နမ်းတောင် နမ်းနေလောက်ပြီ"

"ဘယ်က နမ်းရမှာလဲ ရှင်ကလည်း"

ယန်မီဆိုက သူမကို လှည့်ကြည့်နေတဲ့ သူမရဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။

"နင် အထက်တန်းကျောင်းတုန်းက ဘာဖြစ်ခဲ့လဲ မမှတ်မိတော့ဘူးလား။ တို့တွေ ပထမ ရတုန်းက နင် တို့တွေကို အကုန် လိုက်နမ်းခဲ့တာလေ"

ဟောင်ဂွန်ဆူးက အဲဒါကို ပြန်စဉ်းစားပြီး တုန်တုန်ရီရီနဲ့ ပြောလိုက်တယ်။

"အား ... အဲဒီလို အကြောင်းအရာတွေကို တခြားနေရာမှာ သွားပြောကြစမ်းပါ"

ယန်မီဆိုက ဟောင်ဂွန်ဆူး ရဲ့ နှုတ်ခမ်းကို အသာအယာ ဆွဲလိုက်တော့ သူက သူမကို စနောက်တဲ့ အပြုံးလေး ပြန်ပြပါတယ်။

"ကဲ ... နောက်ဆုံးတော့ နင်က သူတို့ရဲ့ ဆရာမပဲလေ။ နင် ဆုံးဖြတ်ချက် တစ်ခု ချရမယ်။ နင် သူ့ကို ဖိနှိပ်ထားမှာလား၊ ဒါမှမဟုတ် သူ့ကို လွတ်လွတ်လပ်လပ် သရုပ်ဆောင်ခိုင်းမှာလား"

"ဒီပြဇာတ်က သူ့အပေါ် သက်ရောက်မှု ရှိသွားတာ သေချာတယ် မဟုတ်လား"

"ကောင်လေးကတော့ အဲဒါကို သတိထားမိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဟုတ်ပါတယ်"

"ဒါက စိုးရိမ်စရာပဲ။ ဟန်မာရူး ရဲ့ နည်းပြဆရာကြီး ဘယ်လိုထင်လဲ"ယန်မီဆိုက ယန်ဂန်ဟွမ်ကို မေးလိုက်တယ်။

"ကောင်လေး တစ်ယောက်တည်းအတွက်ပဲ ပြောမယ်ဆိုရင်တော့ သူ့ကို ဖိနှိပ်ထားဖို့ မလိုပါဘူး"

"ဒါပေမဲ့ နောက်တစ်လမှာ ရှိမယ့် ပြဇာတ်အတွက်ကော"

"တကယ်လို့ တို့တွေက တခြားလူတွေရဲ့ အရည်အချင်းကို မြှင့်တင်မပေးနိုင်ဘူး ဆိုရင်တော့ သူ့ကိုပဲ ဖိနှိပ်ထားတာက ပိုကောင်းလိမ့်မယ်။ တခြားကလေးတွေလည်း အဲဒါကို သတိထားမိလောက်ပါပြီ။ သူတို့ တစ်ယောက်ချင်းစီကတော့ ခံစားချက် မတူကြမှာ ဖြစ်ပေမဲ့ပေါ့"

"အင်း ..."

"တို့တွေ ကလေးတွေ ဘာပြောမလဲ ဆိုတာကို အရင်ဆုံး နားထောင်ကြည့်သင့်တယ် မဟုတ်လား။ တို့တွေက သူတို့ကို အထင်ကြီးလွန်းနေတာလည်း ဖြစ်နိုင်တာပဲလေ"

ဟောင်ဂွန်ဆူးက ခန်းမရဲ့ တစ်ဖက်မှာ ရှိနေတဲ့ ကလပ်အဖွဲ့သားတွေကို မေးထိုးပြလိုက်တယ်။ ယန်မီဆို ခေါင်းညိတ်လိုက်ပါတယ်။ တကယ်လို့ ကလေးတွေက ဒီပြဇာတ်ကနေ ဘာမှ မခံစားရဘူး ဆိုရင်တော့ ပြဿနာက အလွယ်တကူ ပြေလည်သွားမှာပေါ့။

"ဒီကို လာခဲ့ကြစမ်း "

သူမ အော်လိုက်တာနဲ့ ကလပ်အဖွဲ့သားတွေက ချက်ချင်းပဲ အပြေးလေး ရောက်လာကြပြီး တန်းစီလိုက်ကြတယ်။

"ဟား ... မင်းက ဒီကလေးတွေကို ဘယ်လောက်အထိ ခိုင်းထားတာလဲ"

"ဟုတ်ပဗျာ၊ စစ်တပ်ထဲ ရောက်နေသလိုပဲ"

ယန်မီဆိုက သူမနောက်က အမျိုးသား နှစ်ယောက် ပြောနေတာကို လျစ်လျူရှုလိုက်ပြီး ကလေးတွေရဲ့ မျက်နှာကို ကြည့်လိုက်ပါတယ်။ သူတို့ရဲ့ ပုံစံက သိပ်တော့ မဆိုးလှပါဘူး။ အခုနကတင် သူတို့ အချင်းချင်း ပျော်ပျော်ပါးပါး စကားပြောနေကြတာကိုး။ သူတို့ ပြဇာတ်အပေါ် ဘယ်လောက်အထိ နားလည်လဲ ဆိုတာကို သူမ မသိပေမဲ့ ခြုံငုံကြည့်ရသလောက်တော့ သူတို့အားလုံး ပျော်နေကြတဲ့ ပုံပါပဲ။

"အခုထိတော့ တော်ကြပါတယ်။ မင်းတို့ ဘာအမှားမှ မလုပ်ခဲ့ကြဘူး။ ငါက မင်းတို့ကို လေ့ကျင့်ထားသလိုပဲ လုပ်ပါလို့ ပြောထားတာကို ဘယ်လိုများ မင်းတို့က အဲဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ကြတာလဲ"

"ဟီးဟီး"

ကလေးတွေက သူမကို ရှက်ကိုးရှက်ကန်းနဲ့ ကြည့်ကြတယ်။ အဲ ... တစ်ယောက်ကလွဲလို့ပေါ့၊ အဲဒီတစ်ယောက်ကတော့ သူမကို ဘာဆက်လုပ်ရမလဲ ဆိုတဲ့ ပုံစံနဲ့ပဲ ကြည့်နေတာ။

‘ သူကတော့ လုံးဝကို ချစ်စရာ မကောင်းတဲ့ကောင်ပဲ ’

ယန်မီဆို ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်။

"ခြုံငုံကြည့်ရင်တော့ မင်းတို့တွေ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ ပြဇာတ်အပေါ်မှာ မင်းတို့ ဘယ်လို ခံစားရလဲ ဆိုတာကို ငါ သိချင်တယ်။ အမှန်အတိုင်း ပြောကြပါ၊ ဘာပဲဖြစ်ဖြစ် ရပါတယ်"

ကလေးတွေ တစ်ယောက်ကိုတစ်ယောက် နားမလည်တဲ့ ပုံစံနဲ့ ကြည့်လိုက်ကြတယ်။ ပုံမှန်အားဖြင့်တော့ ပြဇာတ်ပြီးရင် ယန်မီဆိုက သူတို့ ဘာမှားခဲ့လဲ ဆိုတာကို သိအောင် လေ့ကျင့်ခန်း တစ်ခုခု လုပ်ခိုင်းနေကျလေ။ အခုတော့ သူမက သူတို့ရဲ့ ခံစားချက်ကိုပဲ ချက်ချင်း မေးနေတာကိုး။

All Chapters