← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ( ၈၇ )

စားသောက်ဆိုင်မှာ ညစာစားပြီးတဲ့နောက် ဒုတိယနှစ်ကျောင်းသားတွေက လင်ဒန်မီရဲ့ အိမ်မှာ စုပြီး အနားယူရင်း စကားစမြည် ပြောဖြစ်ကြတယ်။

"ဒါဆို တို့တွေက ဟန်မာရူးထက် နည်းနည်း ပိုညံ့နေတာပေါ့ ဟုတ်လား"လင်ယွန်ဂျုံက သူမရဲ့ လက်ဖက်ရည်ဇွန်းလေးကို အသာအယာ ခေါက်ရင်း ပြောလိုက်တယ်။

တခြားသူသာဆိုရင်တော့ သူမအနေနဲ့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ တခြား ပထမနှစ်ကျောင်းသားတွေကလည်း သူတို့လိုပဲ ကြိုးစားခဲ့ကြတာကိုး။ ဒါပေမဲ့ ဟန်မာရူးကတော့ ကွဲပြားနေပါတယ်။ သူက နှစ်လလောက်ပဲ လေ့ကျင့်ခဲ့ရတာလေ။ ဟန်မာရူးက တခြားသူတွေထက် ပိုပြီး လူစိတ်ဝင်စားအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ကြားလိုက်ရတာက လင်ယွန်ဂျုံကို နည်းနည်းတော့ စိတ်ပျက်သွားစေတာ အမှန်ပါပဲ။

"အဲဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား"ဘန်ဂျောင်ဟော့ခ်က မေးတယ်။

"ကောင်းတာပေါ့"မင်းဆောင်က ပြန်ဖြေတယ်။

လီယွန်းဂျုံက ခဏလောက် နှုတ်ခမ်းစူလိုက်ပြီးမှ ရယ်မောလိုက်ပါတယ်။

"ဟုတ်ပါရဲ့။ ငါ နည်းနည်းတော့ မနာလိုဖြစ်မိတာ အမှန်ပဲ၊ ဒါပေမဲ့ ဒါက ကလပ်အတွက်တော့ ကောင်းတာပေါ့"

တကယ်တော့ သူတို့က ဟန်မာရူးကို အနာဂတ် ဥက္ကဋ္ဌ ဖြစ်စေချင်ခဲ့တာလေ။ သူက သရုပ်ဆောင် တော်နေတာကတော့ အပိုဆုပေါ့။

"မနက်ဖြန်ကစပြီး သူ့ကို အကုန်လုံး သင်ပေးတော့မယ်။ အကုန်လုံးပဲ ငါ နည်းနည်း မနာလိုဖြစ်နေတာဆိုတော့ အစွမ်းကုန်ကို သင်ပေးပစ်မယ်"

"ဟူး ... သူမကတော့ စပြီ"

"သူမက နေ့တိုင်း ဒီလိုပဲ လုပ်နေကျဆိုတာ နင်လည်း သိတာပဲကို"

လင်ဒန်မီနဲ့ မင်းဆောင်တို့က အသာအယာ ပြုံးလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ ဘန်ဂျောင်ဟော့ခ်က ခေါင်းခါလိုက်ပြီး လီယွန်းဂျုံကို တားလိုက်ပါတယ်။

"အဲဒါကို နောက်မှ လုပ်တာက ပိုကောင်းလိမ့်မယ်"

"ဘာလို့လဲ"

"တို့တွေ အဖြေမရသေးဘူးလေ။ ဟန်မာရူးက အဲဒီအကြံအစည်ကို သိပ်သဘောကျပုံမရဘူးလို့ ငါ ပြောခဲ့တာ မှတ်မိတယ်မလား"

"ဪ ... ဟုတ်သားပဲ"

လင်ယွန်ဂျုံက သူမရဲ့ ခပ်နွေးနွေး ကိုကိုးခွက်ကို တစ်ငုံ သောက်လိုက်တယ်။

"သူ ဘယ်တော့မှ အဖြေပေးမလဲ မသိဘူးနော်"

"ဘယ်သူ သိမှာလဲ"

"ငါ သွားမေးကြည့်ရမလား"

"ငါထင်တာတော့ နင် သွားမေးရင် သူက ငြင်းလိုက်မှာပဲ"

လင်ယွန်ဂျုံ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်မာရူးက သူတို့သာ အတင်းအကျပ် လုပ်မယ်ဆိုရင် ငြင်းလွှတ်မှာ သေချာသလောက်ပဲလေ။

"ဒါနဲ့ ... တကယ်လို့ ဟန်မာရူးသာ ငြင်းခဲ့မယ်ဆိုရင် နင်တို့ ဘယ်သူ့ကို စဉ်းစားထားလဲ"လင်ယွန်ဂျုံက ကျန်တဲ့ သုံးယောက်ကို ကြည့်ပြီး မေးလိုက်တယ်။

ဘန်ဂျောင်ဟော့ခ်က ခေါင်းခါပြပါတယ်။ သူကတော့ ဘယ်သူ့ကိုမှ မစဉ်းစားရသေးတဲ့ ပုံပါပဲ။ လင်ဒန်မီကတော့ အီဆိုးလ် လို့ ပြောပြီး၊ မင်းဆောင်ကတော့ ဟောင်ဂွန်ဆော့ လို့ ပြောပါတယ်။

"ဟောင်ဂွန်ဆော့ ဟုတ်လား"

"နွေရာသီတုန်းကတော့ သူက စိတ်ဓာတ်နည်းနည်း ပျော့ညံ့နေသလိုပဲ၊ ဒါပေမဲ့ ဒီပြဇာတ်မှာတော့ သူ အများကြီး ရင့်ကျက်လာတယ်လို့ ငါ ခံစားရတယ်"

"အင်း ... အဲဒါတော့ ဟုတ်ပါတယ်။ ဘန်ဂျောင်ဟော့ခ် ... နင်ကော ဘယ်လိုထင်လဲ"

"ဟောင်ဂွန်ဆော့သာ ဒီအတိုင်း ဆက်ပြီး တိုးတက်လာမယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမဲ့ ကျန်တဲ့ ကလေးတွေက သူ့နောက်ကို လိုက်ပါ့မလားဆိုတာတော့ ငါ မသိဘူး"

"ပထမနှစ် ကျောင်းသားတွေက ... သူတို့ အချင်းချင်း သိပ်အဆင်မပြေကြဘူးလား"

မင်းဆောင်က လင်ယွန်ဂျုံရဲ့ မေးခွန်းကို ပြန်ဖြေလိုက်တယ်။

"အဲဒီအချိန်က ဖြစ်ခဲ့တာတွေကို လူတိုင်း မေ့သွားကြပြီလို့ ထင်ရပေမဲ့ ဟန်မာရူးနဲ့ ဟောင်ဂွန်ဆော့ ကြားမှာတော့ ပြဿနာ ရှိနေတုန်းပဲ။ ဟန်မာရူးက အဲဒီတုန်းက သူ့ကို အပြစ်တင်ခဲ့တာကိုး"

"အဲဒီအချိန်အကြောင်းကို ငါတော့ ထပ်မစဉ်းစားချင်တော့ဘူး၊ အမှန်အတိုင်း ပြောရရင် စီနီယာ တစ်ယောက်အနေနဲ့ ရှက်တောင် ရှက်မိတယ်"လင်ဒန်မီက မျက်တောင်လေးတွေ မှေးစင်းပြီး ပြောလိုက်တယ်။

"သဘောတူတယ်"လင်ယွန်ဂျုံကလည်း လက်ထောင်ပြီး ပြောပါတယ်။

ဟန်မာရူး လုပ်ခဲ့တာတွေကို သူတို့ လေးယောက်လုံး အခုထိ ကောင်းကောင်း မှတ်မိနေကြတုန်းပါ။ တကယ်တော့ ဟန်မာရူးက သူတို့ စီနီယာတွေ လုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တာလေ။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့ထဲက ဘယ်သူမှ ပါးစပ်ဟရဲတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့သာ တစ်ခုခု ပြောလိုက်မယ်ဆိုရင် ကလပ်က ဘယ်လောက်အထိ ပျက်စီးသွားမလဲ ဆိုတာကို သူတို့ သိနေကြလို့ပါပဲ။

"သူက ရင့်ကျက်ရုံတင် မကဘူး၊ အဲဒါက လုပ်ဖို့ မလွယ်ဘူးဆိုတာကိုလည်း တို့တွေ သိကြတာပဲလေ"ဘန်ဂျောင်ဟော့ခ်က ပြောတယ်။

ဘန်ဂျောင်ဟော့ခ်ကြောင့်သာ ကျန်တဲ့ ဒုတိယနှစ် ကျောင်းသားတွေက ဘာဖြစ်ခဲ့လဲဆိုတာကို သိခွင့်ရခဲ့တာပါ။

"သူက သူနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စတစ်ခုအတွက် တာဝန်ယူခဲ့တာလေ။ လူတိုင်းရဲ့ အမုန်းကို ခံရမယ်ဆိုတာ သိလျက်နဲ့ပေါ့"

"အခုတော့ အရာရာ အဆင်ပြေသွားပါပြီ၊ ဒါပေမဲ့ ငါ ဟန်မာရူးကို တည့်တည့်မကြည့်ရဲသေးဘူး။ သူ့နား ရောက်ရင် အားနာတဲ့ စိတ်တွေ ဖြစ်နေတုန်းပဲ"

မင်းဆောင်နဲ့ လင်ဒန်မီတို့ပဲ ဒီလို ခံစားရတာ မဟုတ်လောက်ပါဘူး။

"ဒီပြဇာတ်ပြီးရင် သူ့ကို သေသေချာချာ တောင်းပန်ရမယ်"

"အခု ဘာလို့ မတောင်းပန်တာလဲ"

လီယွန်းဂျုံက ခေါင်းကို အပြင်းအထန် ခါလိုက်ပါတယ်။

"အခုက အချိန်မဟုတ်သေးဘူး။ အတိတ်က အကြောင်းတွေကို ပြန်ပြောပြီးတော့ အခု လက်ရှိ အခြေအနေကို မဖျက်ဆီးချင်ဘူး။ အရာအားလုံး ပြီးသွားတဲ့အခါမှပဲ တရားဝင် တောင်းပန်ချင်တယ်"

"ဪ ... ကြည့်စမ်းပါဦး၊ နင်က တစ်ခါတစ်လေကျရင် မလုပ်ခင် စဉ်းစားတတ်သားပဲ"

"ဘာလဲ ... နင်က ငါ့ကို အခုထိ လူအ လို့ ထင်နေတာလား"

"မဟုတ်လို့လား"

လီယွန်းဂျုံက ဘန်ဂျောင်ဟော့ခ်ကို ပြုံးစစနဲ့ ဆွဲလိမ်လိုက်တယ်။

"ဘာပဲဖြစ်ဖြစ်၊ တို့တွေ အခုလို စုဆုံရတာက နောက်ဆုံး အကြိမ်ပဲ မဟုတ်လား"

"အင်း"

ပြဇာတ်တစ်ခု ပြီးဆုံးတိုင်းမှာ ဒုတိယနှစ် ကျောင်းသားတွေက လင်ဒန်မီရဲ့ အိမ်မှာ စုပြီး လက်ဖက်ရည် သောက်လေ့ ရှိကြတယ်။ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး သုံးသပ်ဖို့နဲ့ ဘာတွေ ကောင်းခဲ့လဲ၊ ဘာတွေ မှားခဲ့လဲ ဆိုတာကို ပြောဆိုဖို့ပေါ့။ လီယွန်းဂျုံက အားတင်းပြီး ပြုံးရင်း ပါးစပ်ဟလိုက်ပါတယ်။

"တို့တွေ ဆုံပြီး စကားပြောလို့ ရပါသေးတယ်။ ဒါပေမဲ့ ပြဇာတ်အကြောင်းတော့ ပြောဖြစ်ကြတော့မှာ မဟုတ်ဘူးပေါ့"

"ဟုတ်တာပေါ့"

သူတို့အားလုံးက သရုပ်ဆောင်တာကို ဝါသနာပါကြပေမဲ့ သူတို့အတွက်တော့ ဒါက ဝါသနာ တစ်ခုသက်သက်ပါပဲ။ အထက်တန်းကျောင်း ပြီးသွားရင် ရင်ဆိုင်ရမယ့် အလုပ်တွေ၊ ကျောင်းတွေ ရှိနေတာကြောင့် တတိယနှစ်မှာတော့ သူတို့တွေ လျှော့လုပ်ကြရမှာက ရှောင်လွှဲလို့ မရပါဘူး။ လင်ယွန်ဂျုံကလည်း သူမ မျှော်လင့်ထားတဲ့ ကောလိပ်ကို တက်နိုင်ဖို့အတွက် စာကိုပဲ အာရုံစိုက်ရတော့မှာလေ။ စင်ပေါ်ကနေ ဆင်းပြီး လက်တွေ့ဘဝထဲကို ပြန်ဝင်လာရမယ့် အချိန်ပေါ့။

"ဪ ... ဟုတ်သားပဲ လင်ဒန်မီ၊ နင် သင်တန်းတစ်ခု ရှာနေတယ် ဆိုတာကော"

"ငါလား ... ငါ ရှာတွေ့သွားပြီ"

စကားဝိုင်းက တခြားနေရာဆီကို သဘာဝအတိုင်း ရောက်သွားပါတော့တယ်။ လူလေးယောက်လုံး သူတို့ရဲ့ နောင်တတွေကို နောက်မှာ ထားရစ်ခဲ့ပြီး ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ ရှေ့ဆက်သွားကြပါတော့တယ်။

* * * * * * * * *

"ငါ ပိုပြီး ကြိုးစားသွားမယ်"ပတ်ဒေးမြောင်က ဘတ်စ်ကားပေါ်မှာ ပြောလိုက်တယ်။

ဒိုဂျင်က အံ့ဩတဲ့ အမူအရာနဲ့ ဘာဖြစ်လို့လဲလို့ မေးတယ်။

"ငါ သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တယ် ... ဒါမှမဟုတ် ဒါရိုက်တာပေါ့"

"တကယ်လား"

ဒိုဂျင် နည်းနည်းတော့ အံ့ဩသွားတယ်။ ပတ်ဒေးမြောင်က ဒါကို အလေးအနက် ထားတယ်ဆိုတာ သူ သိပေမဲ့ ကောင်လေးက ဒီလောက်အထိ အဝေးကြီး စဉ်းစားထားလိမ့်မယ်လို့ သူ မထင်ခဲ့ဘူးလေ။

"အမှန်အတိုင်း ပြောရရင် ငါ့ကို ကတိပေးထားတဲ့ လူကောင်းတစ်ယောက်နဲ့လည်း တွေ့ခဲ့တယ်"

"ဘာကတိလဲ"

"ထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိလေ။ သူက ပြောတယ် ... တကယ်လို့ ငါက အနုပညာနဲ့ ပတ်သက်တဲ့ ကောလိပ် ဒါမှမဟုတ် အဲဒါနဲ့ ဆက်စပ်တဲ့ တစ်ခုခုကို တက်မယ်ဆိုရင် သူက ငါ့ရဲ့ ကျောင်းလစာတွေကို ပေးမယ်တဲ့။ ဒါပေမဲ့ သူ ရွေးပေးတဲ့ ပြဇာတ်အဖွဲ့ တစ်ခုမှာ တစ်နှစ်လောက် သရုပ်ဆောင် ပေးရမယ်တဲ့လေ"

"ဝိုး ... အဲဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ ဟာ ... မင်းက တကယ့် ပရိုကြီး ဖြစ်နေပြီပဲ"

ကောလိပ် ကျောင်းလစာ ဆိုတာက နောက်ပြောင်စရာ မဟုတ်ပါဘူး၊ ပတ်ဒေးမြောင် ပြောတဲ့ အဲဒီလူက အဲဒါကို ပေးမယ်လို့ ပြောထားတာကိုး။ အမှန်အတိုင်း ပြောရရင် ဒိုဂျင် နည်းနည်းတော့ မနာလို ဖြစ်မိတာ အမှန်ပါပဲ။

"ဒါဆို နင် ကျောင်းပြီးသွားရင် ကြယ်ပွင့် တစ်ယောက် ဖြစ်လာတော့မှာပေါ့"ဒိုဂျင်က ပတ်ဒေးမြောင်ရဲ့ ဗိုက်ကို လက်ညှိုးနဲ့ ထိုးရင်း မေးလိုက်တယ်။

ပတ်ဒေးမြောင်ကတော့ ပြုံးပြီး ငြင်းလိုက်တာပေါ့။

"ဟာ ... ဒေးမြောင်ရာ။ နင် နာမည်ကြီးသွားရင် ငါ့ကိုတော့ လျစ်လျူမရှုလိုက်နဲ့ဦးနော်၊ ဟုတ်ပြီလား"

"ဟာ ... ဟုတ်တာပေါ့"

"ငါ နင့်ဆီက လက်မှတ် ကြိုယူထားရမလား"

"ငါ့မှာ လက်မှတ်မှ မရှိတာ"

"နောက်တာပါ သူငယ်ချင်းရာ။ နင် နာမည်ကြီးလာရင် ငါ့ကို ပြောဦး။ အဲဒီကျမှ ငါ လက်မှတ် ယူတော့မယ်"

ပတ်ဒေးမြောင်က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်လိုက်တယ်။ စင်ပေါ်မှာတော့ အရမ်းကို အစွမ်းပြနိုင်တဲ့ လူတစ်ယောက်က လက်တွေ့ဘဝမှာတော့ တကယ့်ကို ရှက်တတ်တဲ့သူ တစ်ယောက်ပါပဲ။

‘ ဒါပေမဲ့ ... တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ အနာဂတ်အတွက် ပြင်ဆင်နေပြီပေါ့ ’

ဒိုဂျင် ဘတ်စ်ကား ပြတင်းပေါက်ကနေတစ်ဆင့် သူ့ရဲ့ ပုံရိပ်ကို ပြန်ကြည့်လိုက်မိတယ်။ သူက စက်မှုအထက်တန်းကျောင်းကို မနည်း တက်ခဲ့ရတဲ့ အလယ်တန်းတုန်းက လူမိုက်လေး တစ်ယောက်ပါ။ သူက သူ့ရဲ့ အပြုအမူတွေကို ပြင်ဆင်ခဲ့ပေမဲ့ အခုလိုမျိုး ပျော်ပျော်ပါးပါး နေနိုင်ဖို့က ဘယ်လောက်အထိ ကြာဦးမှာလဲ ဆိုတဲ့ မေးခွန်းကတော့ ကျန်နေဆဲပါပဲ။

အမှန်အတိုင်း ပြောရရင် ဒိုဂျင်က ပတ်ဒေးမြောင်ကို အထင်သေးခဲ့တာပါ။ အခုတော့ အဲဒီ ကောင်လေးဆီက သတင်းကောင်း ကြားလိုက်ရတာက သူ့ကို မနာလို ဖြစ်သွားစေတယ်။ တကယ်တော့ သူ့ရဲ့ စိတ်ထဲမှာ ပတ်ဒေးမြောင်ကို ကျရှုံးစေချင်တဲ့ စိတ်ကလေးတောင် အနည်းငယ် ဝင်လာမိသေးတာ။

‘ တော်စမ်းပါ ဒိုဂျင်ရာ။ မင်းကတော့ တကယ့်ကို သနားစရာ ကောင်းလိုက်တာ ’

ဟန်မာရူးရော ပတ်ဒေးမြောင်ရောက သူတို့ရဲ့ အနာဂတ်အတွက် ဘာလုပ်ရမလဲ ဆိုတာကို အတိအကျ သိနေကြသလိုပဲ။ သူတို့ နှစ်ယောက်လုံးမှာ သူတို့ လုပ်နေတဲ့ အရာတွေအပေါ် တွေဝေတာ ဒါမှမဟုတ် ကြောက်လန့်တာမျိုး မရှိကြဘူး။ သူတို့က ဒိုဂျင်နဲ့ ယှဉ်ရင် အရမ်းကို ကွဲပြားနေပါတယ်။

"ဖိုက်တင်း ငါ့ကောင်။ မင်း တကယ်ကြီး ချမ်းသာလာရင် ငါ့ကို အိမ်တစ်လုံးလောက် ဝယ်ပေးဦးလေ"

"ဟာ ... ဟားဟား"

ဒိုဂျင် ခါးသီးတဲ့ အပြုံးတစ်ခုကို မျိုချလိုက်တယ်။ အထက်တန်းကျောင်း ပထမနှစ် အကုန်မှာ သူ ဘာတွေများ အောင်မြင်ခဲ့လို့လဲ။ နောက်ထပ် နှစ်နှစ်အတွင်းမှာရော သူ ဘာတွေ အောင်မြင်ဦးမှာလဲ။

‘ ငါလည်း ... ကောလိပ် တက်ရမှာပေါ့ ’

တခြားသူတွေ အကုန်သွားကြတဲ့ ကောလိပ်ကိုတောင် သူ မတက်နိုင်ဘူးဆိုရင် သူက ယောက်ျားတစ်ယောက် မဟုတ်တော့သလို ခံစားရမှာပေါ့။ ရုတ်တရက်ဆိုသလို ပတ်ဒေးမြောင်က ဒိုဂျင်အတွက် အရမ်းကို သူစိမ်းဆန်သွားသလိုပဲ။ အဲဒီ ကောင်လေးအပေါ်မှာ မျှော်လင့်ချက်တွေ ထားနေတဲ့ လူတွေ ရှိနေပြီ ဆိုတာကို စဉ်းစားလိုက်ရင်ပေါ့ ...

"တို့တွေ ဆောင်းရာသီ ပြိုင်ပွဲအတွက် ကြိုးစားရမယ် မဟုတ်လား"ပတ်ဒေးမြောင်က မေးလိုက်တယ်။

"အယ် ... အင်း။ ဟုတ်တာပေါ့ ဟာ ... မင်းကတော့ တကယ့် ပရိုကြီးပဲ၊ အဝေးကြီးတောင် စဉ်းစားထားတာပဲ"

"မ ... မဟုတ်ပါဘူး"

ဒိုဂျင်က ပြုံးပြီး ပတ်ဒေးမြောင်ရဲ့ ပုခုံးကို ပုတ်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ သိပ်ပြီး ခံစားလို့ မကောင်းလှပါဘူး။

* * * * * * * * *

အီဆိုးလ်က ပတ်တေဂျွန်းကို ကြည့်လိုက်တယ်။ ကောင်လေးက ခရမ်းချဉ်သီးတစ်လုံးလို နီရဲနေတာပဲ။ တခြားအချိန်ဆိုရင် သူမက သူ့ကို စနောက်မိမှာ ဖြစ်ပေမဲ့ ဒီနေ့တော့ မဟုတ်ဘူးပေါ့။

"နင် ကင်ဆိုယွန်းကို ကြိုက်နေတာလား"

"... အင်း"

အိုး ... ဒုက္ခပါပဲ။ သူတို့ နှစ်ယောက်က အဘိုးအဘွား ဇာတ်ရုပ်အတွက် အတူတူ လေ့ကျင့်ရင်းနဲ့ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ကြတာလေ။ ဒီလိုမျိုး ခံစားချက်တွေ ဖြစ်လာလိမ့်မယ်လို့ စဉ်းစားမိလိုက်ရင် ...

"ကင်ဆိုယွန်းကကော သိလား"

"မသိဘူး၊ သူမက ငါ့ကို ကြည့်တောင် မကြည့်ဘူး"

"လူအလေးရယ်၊ သူမက နင့်ကို ကြည့်ဖို့ ကြောက်နေတာလေ"

"ဘာလို့လဲ"

ပတ်တေဂျွန်းက လမ်းပျောက်နေတဲ့ ခွေးပေါက်လေး တစ်ကောင်လို အီဆိုးလ်ကို ကြည့်လိုက်တယ်။

"နင် မိန်းကလေးတစ်ယောက်နဲ့ တစ်ခါမှ မတွဲဖူးဘူးလား"

"မတွဲဖူးဘူး"

"တကယ်ကြီးလား။ အဲဒီမျက်နှာနဲ့ကိုလား"

"ငါလည်း မသိဘူး၊ ငါက မိန်းကလေးတွေနဲ့ တစ်ခါမှ မရင်းနှီးဖူးဘူးလေ။ ဘာပဲဖြစ်ဖြစ် ကူညီပါဦး။ ငါ ကင်ဆိုယွန်းနဲ့ ရင်းနှီးချင်တယ်၊ ဒါပေမဲ့ သူမက ငါ့ကို ကြည့်တောင် မကြည့်ဘူး"

"ဒါပေမဲ့ နင်တို့ အတူတူ လေ့ကျင့်နေကြတာပဲကို"

"သူမက လေ့ကျင့်ခန်းပြီးတာနဲ့ ချက်ချင်း ပြန်သွားတာလေ"

"တကယ်လား။ ဒါဆို သူမက နင့်ကို မုန်းနေတာ ဖြစ်မှာပေါ့။ အဖြေကတော့ ရှင်းပါတယ်။ ကဲ ... သွားပြီ၊ ငါ အလုပ်ရှိသေးတယ်"

"ဟာ ... ကူညီပါဦးဆိုမှ"

ပတ်တေဂျွန်းက အခုဆို သူမရဲ့ အင်္ကျီကိုတောင် ဆွဲထားပါပြီ။ အီဆိုးလ် ခေါင်းခါလိုက်တယ်။

"ကောင်းပါပြီ၊ စောင့်ဦး။ ငါ တခြားသူတွေကို အရင် ဖုန်းဆက်လိုက်ဦးမယ်"

အီဆိုးလ် သူမဖုန်းကို ထုတ်ပြီး ကလပ်အဖွဲ့သားတွေကို မက်ဆေ့ခ်ျ ပို့လိုက်ပါတယ်။ ဒါပေမဲ့ သူမ မပို့ခင်မှာ အဖွဲ့ထဲမှာ သိပ်ပြီး အဆင်မပြေတဲ့ နာမည်နှစ်ခုကို တွေ့လိုက်ရတယ်။ အီဆိုးလ်က ယွန်ရင်နဲ့ ဟောင်ဂွန်ဆော့တို့ရဲ့ နာမည်ကို စာရင်းထဲကနေ ဖယ်ထုတ်လိုက်ပြီးမှ ပို့လိုက်ပါတော့တယ်။

"အရင်ဆုံး ရင်းရင်းနှီးနှီး နေဖို့ ကြိုးစားကြည့်ဦး။ အဲဒါလောက်တော့ နင် လုပ်နိုင်တယ် မဟုတ်လား"

"..."

"ဟူး ... အဲဒီ မျက်နှာကတော့ နင့်ဆီမှာ အလကား ဖြစ်နေတာပဲ "

အီဆိုးလ် စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်ပြီး ဘတ်စ်ကားပေါ်က ဘဲလ်ကို တီးလိုက်ပါတော့တယ်။

* * * * * * * * *

“တော်တယ်”

ဟောင်ဂွန်ဆော့က ဆူယွန်း ဆီက လာတဲ့ မက်ဆေ့ခ်ျကို ကြည့်ပြီး ပြုံးလိုက်တယ်။ နောက်ဆုံးတော့ သူ့ကို တကယ် ဂရုစိုက်ပေးမယ့် နည်းပြတစ်ယောက်နဲ့ တွေ့ခဲ့ပြီလို့ ခံစားရတယ်။ သူမက လှလည်း လှတာကိုး။ သူမရဲ့ နားမှာ ရှိနေရုံနဲ့တင် သူက ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လို ခံစားရတယ်။

"ဘယ်သူလဲ"

"အင်း ... ငါ သိတဲ့သူ တစ်ယောက်ပါ"

"သိတဲ့သူ ဟုတ်လား"

"အဲဒါကို စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် နင် ဒီနေ့ မပင်ပန်းဘူးလား။ ဆရာမ ယန်မီဆိုက နင့်ကို ဒီနေ့ လုံးဝ အနားမပေးဘူးလေ"

"ဟူး ... ဟုတ်ပါ့။ ငါ့လည်ပင်းတောင် နာနေပြီ။ မနက်ဖြန်ကျရင် အသံတောင် ထွက်ပါဦးမလား မသိဘူး"

"မအိပ်ခင် ရေနွေးနွေးလေး သောက်လိုက်ဦးနော်၊ ဟုတ်ပြီလား"

"အင်း"

ဟောင်ဂွန်ဆော့နဲ့ ယွန်ရင်တို့က စားသောက်ဆိုင်မှာ ညစာစားပြီးတဲ့နောက် ဘတ်စ်ကားမှတ်တိုင်ဆီကို အတူတူ လမ်းလျှောက်လာခဲ့ကြတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက် အရပ်မှာ နေကြတာကြောင့် ဟောင်ဂွန်ဆော့က နောက်တစ်မိနစ်လောက်နေရင် ဟိုဘက်မှတ်တိုင်ဆီကို လမ်းလျှောက်သွားဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာပဲ ယွန်ရင်က သူ့လက်မောင်းကို ဆွဲလိုက်ပြီး သူ့ပါးကို နမ်းလိုက်ပါတယ်။ ဟောင်ဂွန်ဆော့က အံ့ဩတဲ့ အမူအရာနဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။

"နင် ဒီနေ့ တကယ်ကို မိုက်ပါတယ်။ ဆရာမက ဒီနေ့ ဟန်မာရူး အကြောင်းပဲ ပြောနေပေမဲ့ ငါကတော့ နင် ပိုတော်တယ်လို့ ထင်တယ်။ ကြိုးစားပါနော်၊ ဟုတ်ပြီလား"

ယွန်ရင်က ပြုံးပြပြီး သူမရဲ့ ဘတ်စ်ကားပေါ် တက်သွားပါတယ်။ ဟောင်ဂွန်ဆော့ သူ့ပါးကို ခဏလောက် ထိကြည့်လိုက်ပြီးမှ လမ်းကို ပျော်ပျော်ပါးပါး ပြုံးပြီး ဖြတ်ကူးလိုက်ပါတယ်။ အမှန်အတိုင်း ပြောရရင် ဟန်မာရူးက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်စွမ်း ရှိတယ်လို့ ကြားလိုက်ရတုန်းက သူ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတာ အမှန်ပဲလေ။

လေ့ကျင့်ခန်းတောင် မလုပ်တဲ့ လူတစ်ယောက်မှာ အဲဒီလို ပါရမီ ရှိနေတယ်လို့ စဉ်းစားမိလိုက်ရင် ... ။ ယွန်ရင်က သူ့ရဲ့ ခံစားချက်ကို သတိထားမိလို့ပဲ အခုလို နမ်းခဲ့တာ ဖြစ်မှာပါ။ အဲဒါက သူ့ကို တကယ်ပဲ အကူအညီ ဖြစ်စေပါတယ်။

‘ ငါ့မှာ ပါရမီ မရှိဘူးလို့ နင် ထင်နေတာလား ’

ဟောင်ဂွန်ဆော့ သူ့လက်တွေကို တင်းတင်းဆုပ်လိုက်တယ်။ အရင်တစ်ခါလိုမျိုး ထူးထူးဆန်းဆန်း ပရိသတ်တွေသာ မရှိဘူးဆိုရင် သူက စင်ပေါ်မှာ ဘယ်သူ့ထက်မဆို ပိုပြီး တောက်ပနိုင်မှာပါ။ သူက အသေအလဲ ကြိုးစားနေသလို သူ့မှာ ပါရမီလည်း ရှိတာပဲလေ။ ပရိသတ်နဲ့ စကားပြောနိုင်တဲ့ စွမ်းရည် ဟုတ်လား။ သူ့မှာ အဲဒီလို ပါရမီမျိုး မလိုပါဘူး။

‘ ငါ့ရဲ့ ပါရမီနဲ့ပဲ ပရိသတ်တွေကို လွှမ်းမိုးပြမယ် ’

ပရိသတ်ဆိုတာ သူ့ရဲ့ သရုပ်ဆောင်မှုကို ကြည့်ဖို့ပဲ ရှိတာလေ၊ သူတို့နဲ့ စကားပြောနေဖို့က အဓိပ္ပာယ် မရှိပါဘူး။ တကယ်တမ်းကျတော့ ကြည့်ရုံပဲ ကြည့်နေတဲ့ လူတွေဆီကနေ သူ ဘယ်လိုများ တုံ့ပြန်မှု ယူရမှာလဲ။ ယန်မီဆိုကတော့ အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေတာပဲလို့ ဟောင်ဂွန်ဆော့ ထင်နေမိတော့တယ်။ သရုပ်ဆောင်တစ်ယောက် လုပ်ရမယ့် အလုပ်က ပရိသတ်တွေရဲ့ ဘယ်လို ကန့်ကွက်မှုကိုမဆို ချေမှုန်းနိုင်လောက်အောင် ကောင်းကောင်း သရုပ်ဆောင်ဖို့ပဲလေ။

‘ ငါ သူတို့ကို ငါ့ခြေဖဝါးအောက် ရောက်အောင် လုပ်နိုင်ပြီဆိုရင်တော့ ငါ့ဆီကို လာမယ့်အရာက ချီးမွမ်းသံတွေပဲ ရှိမှာပေါ့ ’

ဟောင်ဂွန်ဆော့က သူ့ကိုယ်သူ စင်ပေါ်က ကြယ်ပွင့်တစ်ယောက်အဖြစ်၊ ပရိသတ်တွေဆီကနေ တောက်ပတဲ့ ချီးမွမ်းစကားတွေပဲ ရမယ့်သူအဖြစ် စိတ်ကူးယဉ်နေမိတယ်။

"ဒါက အစပဲ ရှိသေးတာ"

လီဂျွန်မင်းဆီက စာချုပ်နဲ့အတူ သူ ကောလိပ်တက်ရင် ရုပ်ရှင်မေဂျာကို ယူလိမ့်မယ်။ ကောလိပ်ပြီးရင်တော့ ပြဇာတ်အဖွဲ့ တစ်ခုထဲကို ဝင်မယ်၊ အဲဒီကျမှ သူ တကယ်ပဲ တောင်ပံဖြန့်နိုင်မှာပေါ့။ သူ့ရဲ့ အစီအစဉ်ကတော့ ပြည့်စုံလှပါတယ်။

ဟောင်ဂွန်ဆော့ ပြုံးပြီး သူ့ဖုန်းတွေကို ထုတ်ကြည့်လိုက်တယ်။ ယွန်ရင် နဲ့ ဆူယွန်း ... ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး နှစ်ယောက်လုံးက သူ့ကို အာရုံစိုက်နေကြတာလေ။

‘ ကောင်းတယ် ... အရမ်းကောင်းတယ် ’

ယွန်ရင်နဲ့ သူ့ရဲ့ ဆက်ဆံရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်လာနေပါတယ်။ ဟောင်ဂွန်ဆော့ နောက်တစ်ခါကျရင် သူမကို ပိုပြီး ကောင်းကောင်း ဆက်ဆံရမယ်လို့ တွေးရင်း ဘတ်စ်ကားပေါ် တက်လိုက်ပါတော့တယ်။

၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

အနုပညာ ပွဲတော် ပြီးဆုံးသွားပါပြီ။ ပြီးတော့ ...

ဆောင်းရာသီ အမျိုးသား ပြိုင်ပွဲ စတင်ဖို့အတွက် တစ်လပဲ လိုပါတော့တယ်။

* * * * * * * * *

အခန်း ( ၈၈ )

နိုဝင်ဘာလသို့ ရောက်လာခဲ့ပြီ။ ၁၃ ရက်နေ့နီးလာလေ ကျောင်းဝန်းကျင်တစ်ခုလုံး ပို၍ တိတ်ဆိတ်လာလေပင်။ တတိယနှစ်ကျောင်းသားများရှိရာ စတုတ္ထထပ်တွင်ဆိုလျှင် စကားပြောဆိုခြင်းကိုပင် တားမြစ်ထားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများမှာ ဤကျောင်းအား လူပေလူတေများကျောင်းမှ ပညာသင်ကျောင်းအဖြစ် ပုံရိပ်ပြောင်းလဲရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

ယခုဆိုလျှင် ကျောင်းဆင်းပြီးနောက် စာကျက်ရန် ကျန်ခဲ့သော ကျောင်းသားများမှာ အအေးပေးစက်အသုံးပြုခွင့် ရရှိနေပြီဖြစ်သည်။ ဤအခွင့်အရေးမှာ မကြာမီ ဒုတိယနှစ်နှင့် ပထမနှစ်ကျောင်းသားများဆီသို့လည်း ရောက်ရှိလာတော့မည်။

“ဒီပုံစံအတိုင်းဆိုရင် ငါတို့ကျောင်းက စက်မှုကျောင်းကနေ စာပေကျောင်း ဖြစ်သွားတော့မှာပဲ"ဟု ဒိုဂျင်က ပါးစပ်ထဲမှ ချိုချဉ်ကို လျှာဖြင့်လှိမ့်ရင်း ပြောလိုက်သည်။

နားနေချိန်ဖြစ်သော်လည်း ကျောင်းသားအချို့မှာ ဖတ်စာအုပ်များကို ကိုင်ထားကြသည်ကို မြင်နေရသည်။ ထိုသူများမှာ အနာဂတ်တွင် အင်ဂျင်နီယာကောလိပ်များသို့ တက်ရောက်ရန် ရည်မှန်းထားကြသူများဖြစ်သည်။

ဆူဝမ်ရှိ တော်ရုံကျောင်းများကို တက်ရောက်နိုင်လောက်သည့် အမှတ်ရှိသော်လည်း ဤကျောင်းသို့ တမင်လာတက်ကြခြင်းဖြစ်သည်။ နဂါးမြီးဖြစ်မည့်အစား မြွေခေါင်းဖြစ်ရန် ရွေးချယ်ခဲ့ကြခြင်းပင်။

“ဟေ့ကောင် ... နားနေချိန်မှာ နည်းနည်းပါးပါး ကစားပါဦးလား။ မင်းကတော့ စာတွေ အရမ်းလုပ်နေတာပဲ”

ဂျောင်ချန်ဟူးမှာ စာကြိုးစားနေသည့် ကလေးများကို လိုက်၍ ရန်စနေသည်။ သို့သော် ထိုကလေးများက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားကြသည်။ ချန်ဟူး၏ ရိုင်းစိုင်းသော စကားများကိုပင် စိတ်ထဲမထားကြသလိုပင်။

သူတို့ ဤကျောင်းသို့ ရောက်လာရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ပိုကောင်းသောကျောင်းသို့ တက်နိုင်ရန်သာ ဖြစ်သည်။ ထိုကလေးများကို သွားနှောင့်ယှက်ခြင်းမှာလည်း ပျော်စရာမကောင်းမှန်း ချန်ဟူး သိပုံရသည်။

“ဆိုးလ်တက္ကသိုလ်ကြီးပဲ တက်လိုက်ကြပါတော့ကွာ”

ချန်ဟူးမှာ လှောင်ပြုံးပြုံးရင်း တခြားရန်စစရာ သူများကို လိုက်ရှာနေသည်။

“ချန်ဟူး ... သွားကြစို့”

“အေး ... လာပြီ”

တခြားအတန်းမှ သူငယ်ချင်းများ လာခေါ်သဖြင့် ချန်ဟူး ထွက်သွားတော့သည်။

“အဲဒီကောင်ကတော့ အမြဲတမ်း ဒီအတိုင်းပဲ”

“သူ့ကို စိတ်ထဲမထားပါနဲ့ကွာ။ ခွေးဟောင်တာကို လိုက်ကြည့်နေတာက အချိန်ကုန်ရုံပဲ ရှိမှာပါ”

“ငါကတော့ အဆင်ပြေပါတယ်။ အခုနောက်ပိုင်း သူ ငါ့ကို သိပ်ပြီး စကားမပြောတော့ပေမဲ့ စိတ်ထဲမှာတော့ နည်းနည်း ထိတ်လန့်နေတုန်းပဲ။ အထူးသဖြင့် သူ ပြောခဲ့တဲ့ စကားကြောင့်ပေါ့ ...”

“ခန်းမဆောင် မီးလောင်တဲ့ကိစ္စလား”

“အင်း”

မာရူးက အပြင်ထွက်သွားသော ချန်ဟူးကို လှည့်ကြည့်လိုက်သည်။ အခုနောက်ပိုင်း သူငယ်ချင်းအသစ်များ ရလာ၍ထင်သည်၊ ချန်ဟူးမှာ သူတို့ကို လိုက်၍ ရန်မစတော့ပေ။ ဒိုဂျင်ကိုယ်တိုင်လည်း အရင်ကထက် တည်ငြိမ်လာခဲ့သည်။ ဒါက ကောင်းသော လက္ခဏာပင် ဖြစ်သည်။ မာရူးကိုယ်တိုင်လည်း လူပေလူတေများနှင့် ပတ်သက်ရသည်ကို သဘောမကျပေ။

‘ကလေးတွေကြားက ရန်ပွဲက ပိုကြောက်ဖို့ကောင်းတာပဲ’

လူကြီးများမှာ အရှုံးအမြတ်ကို အရင်စဉ်းစားပြီးမှ ရန်ဖြစ်ကြသော်လည်း ကလေးများကမူ မတူပေ။ ဉာဏ်ကောင်းသော ကလေးများဆိုလျှင် ပြစ်မှုကျူးလွန်သော်လည်း ကြီးလေးသော ပြစ်ဒဏ်မရနိုင်မှန်း သိထားကြသည်။ တစ်စုံတစ်ယောက်ကို ဝှီးချဲပေါ် ရောက်သွားအောင် လုပ်လိုက်လျှင်ပင် လူမှုရေးလုပ်အားပေး လုပ်ရုံဖြင့် ပြီးသွားနိုင်သည်မဟုတ်ပါလား။ ချန်ဟူးမှာလည်း ထိုအချက်ကို ကောင်းကောင်းသိထားသဖြင့် သူ့ကို ကိုင်တွယ်ရန် ခက်ခဲနေခြင်းဖြစ်သည်။

“သူသာ ငါ့လမ်းကို ထပ်ပိတ်မယ်ဆိုရင်တော့ ...”

ဒိုဂျင်က မျက်မှောင်ကြုတ်ရင်း လက်ချောင်းများကို ချိုးလိုက်သည်။

“တော်စမ်းပါကွာ။ မင်းက ဒါမျိုးတွေကနေ ဘွဲ့ရခဲ့ပြီ မဟုတ်လား”

“ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့လည်း ...”

“ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပါ။ တခြားကိစ္စတွေမှာ အားအင်တွေ အကုန်မခံပါနဲ့”

“ငါ သိပါတယ်၊ သိပါတယ်”

“ကောင်းပြီ။ အော် ... ဒါနဲ့ ဟိုသတင်းကို မင်း သိပြီးပြီလား”

“အရည်အချင်းစစ်ပွဲတွေ ဒီဇင်ဘာကို ရွှေ့လိုက်တဲ့အကြောင်းလား”

မာရူးက ခေါင်းညိတ်ပြလိုက်သည်။ နိုဝင်ဘာတွင် အရည်အချင်းစစ်ပွဲ၊ ဒီဇင်ဘာတွင် ဗိုလ်လုပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း တစ်လ နောက်ဆုတ်လိုက်ရသည်။ ဆရာမ ယန်မီဆို၏ အဆိုအရ နေရာကိစ္စကြောင့်ဟု သိရသည်။

“နောက်ထပ် နှစ်လလောက် ထပ်ပြီး လေ့ကျင့်ရဦးမှာပေါ့။ မတတ်နိုင်ပါဘူးလေ”

ပွဲတော်ပြီးကတည်းက ကလပ်အသင်းမှာ ပြဇာတ်ကို ထပ်ခါတလဲလဲ လေ့ကျင့်နေခဲ့ကြသဖြင့် အိပ်မက်ထဲတွင်ပင် သရုပ်ဆောင်နေကြရသည်။ ဒိုဂျင်က တိုးတိုးလေး ညည်းတွားလိုက်ပြီး ပတ်ဒေးမြောင်ကို လှည့်ကြည့်လိုက်သည်။ ဒေးမြောင်အပေါ် ထားရှိသော ဒိုဂျင်၏ အကြည့်များမှာ အတော်လေး ပြောင်းလဲသွားသည်ကို မာရူး သတိထားမိလိုက်သည်။

“မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား”

“ဟမ် ... မဟုတ်တာ။ ငါက ဘယ်သူနဲ့ ရန်ဖြစ်ရမှာလဲ"ဟု ဒိုဂျင်က ပြုံးရင်း ပြန်မေးသည်။

“ဒေးမြောင်နဲ့လေ။ မင်းတို့ အခုနောက်ပိုင်း စကားသိပ်မပြောကြတော့ဘူး မဟုတ်လား”

“အော် ... အဲဒါလား”

ဒိုဂျင်က ဘာမှမဟုတ်သလိုမျိုး ပြောလိုက်သော်လည်း သူ၏ မျက်နှာအမူအရာကမူ ထိုသို့မဟုတ်ပေ။ တစ်ခုခုများ ဖြစ်ခဲ့သလား ဒိုဂျင်မှာ မာရူး၏ အကြည့်ကို ခဏလောက် ရှောင်နေပြီးမှ နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။

“ငါ မင်းကို ချောကလက် ဝယ်တိုက်မယ်။ ခဏလောက် အပြင်ထွက်ကြရအောင်”

* * * * * * * * *

ကျောင်းမုန့်ဆိုင်အပြင်ဘက်တွင် ချောကလက်နှင့် အအေးဗူးများ ရောင်းသည့် စက်ကလေး တစ်လုံး ရှိသည်။ ကျောင်းသားများအတွက်မူ ဤနေရာမှာ နားခိုရာ တစ်ခုပင် ဖြစ်သည်။ ကောလာဟလများအရ ထိုစက်ပိုင်ရှင်မှာ ဂန်းနမ်တွင် မြေပိုင်နိုင်လောက်အောင် ချမ်းသာသည်ဟု သိရသည်။

“ငါလည်း ကျောင်းထဲမှာ ဒီလိုစက်တစ်လုံးလောက် လာထားရင် ကောင်းမလား မသိဘူး"ဟု ဒိုဂျင်က ရေရွတ်လိုက်သည်။

“ရုတ်တရက်ကြီး ဘာတွေ ပြောနေတာလဲ"ဟု မာရူးက သူ၏ အအေးကို သောက်ရင်း မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

“မင်း အခုနောက်ပိုင်း အဲဒီစကားကို ခဏခဏ သုံးနေသလိုပဲ။ ငါကတော့ ဟန်ဒိုဂျင် ဆိုတာ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူလို့ ထင်ထားတာ”

“ငါက အဲလိုလူလား”

ဒိုဂျင်က သူ့လက်ထဲက အအေးဗူးကို ငုံ့ကြည့်လိုက်သည်။ ညိုရောင်အရည်များပေါ်တွင် သူ၏ မျက်နှာပုံရိပ်က ပေါ်နေသည်။ မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်သည့်အခါတိုင်း ကြည့်ပျော်ရှုပျော်ရှိသည်ဟု သူ ထင်ခဲ့ဖူးသည်။ သို့သော် ယခု ချောကလက်ထဲတွင် မြင်နေရသည့် သူ၏ ပုံစံမှာ အလွန်ပင် ရုပ်ဆိုးနေသလို ခံစားရသည်။

နေ့လယ်စာစားချိန်ဖြစ်သဖြင့် ဆောင်းရာသီနီးနေသော်လည်း ဘောလုံးကွင်းထဲတွင် ဘောလုံးကန်နေသည့် ကျောင်းသားများနှင့် ပြည့်နေသည်။ ဒိုဂျင်က လွင့်ပျံနေသော ဘောလုံးကို ခဏလောက် ငေးကြည့်နေပြီးမှ စကားစလိုက်သည်။

“ငါ ဒေးမြောင်ကို မနာလိုဖြစ်မိတယ်”

ပြောပြီးချင်းမှာပင် နောင်တရသွားသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။ ဒိုဂျင်က ပခုံးတွန့်လိုက်ပြီး အအေးကို တစ်ငုံ သောက်လိုက်သည်။ အရသာက ခါးသက်သက်ပင်။

“တစ်ခုခု ဖြစ်လို့လား”

ထူးထူးဆန်းဆန်းပင် မာရူးအား ဤအကြောင်းများကို ပြောပြခြင်းက အဆင်ပြေလိမ့်မည်ဟု ဒိုဂျင် ခံစားရသည်။ မာရူးက တစ်ခုခု အကြံပေးနိုင်လိမ့်မည်ဟုလည်း သူ မျှော်လင့်မိသည်။

“ဒေးမြောင်က ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီ ထင်တယ်။ သူ့ရဲ့ ကောလိပ်ကျောင်းလိပ်ခဖိုးတွေကို ကုမ္ပဏီက ပေးမှာဖြစ်သလို ကျောင်းပြီးရင်လည်း အလုပ်ရမှာတဲ့”

သူ အဲဒီလို ပြောလိုက်သည့်အချိန်တွင် မာရူးက မျက်နှာလွှဲသွားသည်ကို သူ သတိထားမိလိုက်သည်။ ဒါက ဘာကို ဆိုလိုတာပါလိမ့် ခဏကြာမှ မာရူးက ပြန်ပြောသည်။

“ဒါဆို မင်းက အဲဒီ ပညာသင်ဆုရတာကို မနာလိုဖြစ်နေတာလား”

“မဟုတ်ပါဘူး၊ အဲဒါကြောင့် မဟုတ်ပါဘူး။ ငါတို့ သူ့ကို စတွေ့တုန်းက သူက ကြည့်ရတာ တစ်မျိုးကြီး မဟုတ်လား”

“သူက အနိုင်ကျင့်ခံရမယ့် ပုံစံမျိုး ရှိသလို တကယ်လည်း အနိုင်ကျင့်ခံခဲ့ရတာလေ”

“ဟေ့ ... သူက ငါတို့ သူငယ်ချင်းလေ”

ဒိုဂျင်၏ ဒေါသတကြီး စကားကြောင့် မာရူးက ပြုံးလိုက်သည်။

“မင်းက သူ့ကို သူငယ်ချင်းလို့ သတ်မှတ်ထားသေးတာပဲ။ တော်သေးတာပေါ့၊ ငါ ထင်ထားသလောက်တော့ မဆိုးသေးဘူး”

ထိုစကားကို ကြားလိုက်ရသဖြင့် ဒိုဂျင် နည်းနည်း စိတ်တိုသွားသည်။ စဉ်းစားကြည့်လျှင် မာရူးမှာ ဘေးကလူများ ဘာတွေးနေသည်ကို အမြဲတမ်း သိနေသလိုပင်။

မာရူးမှာ သူငယ်ချင်းထက် အစ်ကိုကြီးတစ်ယောက်နှင့် ပို၍ တူနေသည်။

“ဘယ်သူက သူငယ်ချင်း မဟုတ်ဘူးလို့ ပြောလို့လဲ။ ငါက ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေတာပါ။ ငါ့ရဲ့ အလယ်တန်းကျောင်းဘဝက တကယ်ကို ဖရိုဖရဲ ဖြစ်ခဲ့တာ။ ဒါတွေကို ပြောင်းလဲပစ်ချင်လို့ ဒီကျောင်းကို လာခဲ့တာ၊ ဒါပေမဲ့ အခုတော့ ကြည့်ဦး။ အထက်တန်း ပထမနှစ်တုန်းကလည်း ဘာမှ ဖြစ်မလာခဲ့ဘူး။ ငါ စာလည်း မလုပ်ခဲ့ဘူး၊ ထူးထူးခြားခြား ဘာမှလည်း မလုပ်ခဲ့ဘူး၊ ဆုတွေလည်း မရခဲ့ဘူး။ ငါ့မှာ ဘာအရည်အချင်းမှလည်း မရှိဘူး”

“အဲဒါနဲ့ မင်း အထင်သေးခဲ့တဲ့ ဒေးမြောင်က ရုတ်တရက်ကြီး အောင်မြင်သွားတာကို မြင်တော့ မနာလို ဖြစ်သွားတာပေါ့”

“ဟေ့ ... အဲဒါက ပြောတာ နည်းနည်းတော့ လွန်လွန်းတယ်နော်။ အဲလို မဟုတ်ပါဘူး။ ငါက ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပျက်နေတာပါ”

“အမှန်အတိုင်း ပြောစမ်းပါ။ ပြဿနာတစ်ခုကို ဖြေရှင်းချင်ရင် အရင်ဆုံး ပြဿနာက ဘာလဲဆိုတာကို သိဖို့ လိုအပ်တယ်။ ဒီလောကမှာ မင်းထက် ပိုပြီး ချမ်းသာတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ အများကြီး ရှိပေမဲ့ အခုချိန်အထိ မင်း ဒါတွေကို စိတ်ထဲမထားခဲ့ဘူး။ အခုမှ ဒေးမြောင် အောင်မြင်နေတယ်လို့ ကြားလိုက်ရတာနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေရတာလဲ”

“အေးပါ ... ဟုတ်ပါပြီ။ ငါ မနာလို ဖြစ်မိတယ်။ သူ့ကို မုန်းတယ်။ ဒီလောက်ဆို ရပြီလား”

သူ မာရူးဆီက အကူအညီ မတောင်းခဲ့သင့်ပေ။ သူ မကြားချင်သည့် စကားများကို ကြားရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤအဆင့်အထိတော့ မထင်ထားခဲ့မိပါ ...

‘... မဟုတ်ဘူး၊ ငါကိုယ်တိုင်က မာရူးဆီက ဒီလိုစကားမျိုးတွေကို ကြားချင်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်’

သူ ဒေးမြောင်ကို မနာလို ဖြစ်မိသည်။ စိတ်လည်း ညစ်မိသည်။ ဒေးမြောင်လို လူမျိုးတောင် သူ လျှောက်ရမယ့် လမ်းကို ရှာတွေ့နေပြီ၊ သူကတော့ ဘာလုပ်နေပါလိမ့်

ဒိုဂျင်၏ ရင်ထဲက ခံစားချက်အစစ်အမှန်များမှာ ခဏတာ ပေါ်ထွက်လာခဲ့သဖြင့် ဒိုဂျင်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

“ငါ အခု ဘာတွေးနေလဲဆိုတာကိုသာ မင်း သိရင် ငါ့ကို တကယ့် အမှိုက်တစ်စလိုပဲ ထင်သွားမှာပဲ။ ဘုရားရေ ...”

“ဒေးမြောင်လို လူတောင် အောင်မြင်နေပြီ၊ ငါကျတော့ ဘာဖြစ်လို့ မအောင်မြင်နိုင်ရတာလဲ ဆိုတာမျိုးလား”

ဒိုဂျင်က မာရူးကို ကြောင်တောင်တောင်လေး ကြည့်လိုက်သည်။

“မင်း ... မင်း ဒါကို ဘယ်လို သိတာလဲ”

“လူတွေက သူတို့ ပြောချင်တဲ့ အကြောင်းအရာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ စကားလုံးတွေနဲ့ ပြောတတ်ကြတာတဲ့။ ကျန်တဲ့ အရာတွေကိုတော့ မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထားနဲ့ စကားဝိုင်းရဲ့ အခြေအနေတွေကနေ သိနိုင်တာပေါ့”

“ဟား ... ဒါတွေကို ဒေးမြောင်ကိုတော့ သွားမပြောပါနဲ့နော်။ ငါက တကယ့် အမှိုက်ပါပဲ၊ ဟုတ်တယ်မလား။ ငါ့သူငယ်ချင်း အောင်မြင်နေတာကို မြင်ပြီး ငါ တွေးနေမိတာတွေက ... ဟူး ...”

“ကိုယ်နဲ့ နီးစပ်တဲ့သူ တစ်ယောက်ယောက် အောင်မြင်တယ်လို့ ကြားရတဲ့အခါ ပိုပြီး စိတ်မသက်မသာ ဖြစ်ရတာ သဘာဝပါပဲ။ အဲဒီလူနဲ့ ဘယ်လောက်အထိ ရင်းနှီးသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး မနာလိုစိတ်ကလည်း ပိုများတတ်တာပေါ့”

“မင်းရော ဘာမှ မခံစားရဘူးလား။ ဒေးမြောင်ရဲ့ အခွင့်အရေးအကြောင်း ကြားလိုက်ရတဲ့အခါမှာလေ”

မာရူး ဘာတွေးနေသည်ကို ဒိုဂျင် သိချင်နေမိသည်။ သူတစ်ယောက်တည်းပဲ ဤသို့ တွေးနေမိတာလား ထိုအချိန်တွင် မာရူးက နေရခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်ပြီး မျက်နှာလွှဲသွားပြန်သည်။ ဒုတိယအကြိမ်ပင်။ အချက်အလက်များမှာ မျက်နှာအမူအရာနှင့် ကိုယ်ဟန်အနေအထားများမှတစ်ဆင့် ဖော်ပြနေသည်ဟူသော စကားမှာ အမှန်ပင် ဖြစ်ကြောင်း ဒိုဂျင် သိလိုက်ရသည်။

“... မင်းလည်း အတူတူပဲလား”

“အင်း ... အဲလိုပါပဲ”

“မင်းကော ဘယ်တုန်းကလဲ”

“ငါ့ကိစ္စကတော့ လျှို့ဝှက်ချက်ပေါ့။ အော် ... လီဂွန်းဆော့လည်း ဒေးမြောင်လိုပဲ စာချုပ်တစ်ခု ရထားတယ် ထင်တယ်”

“တကယ်လား”

“အင်း”

“မဖြစ်နိုင်တာ”

ဒိုဂျင် ရုတ်တရက်ကြီး စိတ်တိုလာသည်။ မာရူးကို ဤအကြောင်းများ ပြောပြမိသည်မှာ အမှားပင်။

“အရမ်း မလောပါနဲ့"ဟု မာရူးက ပြောလိုက်သည်။

သူ့လက်ထဲက အချိုရည်ဗူးအလွတ်ကို ချေလိုက်ပြီးနောက် စကားကို ဆက်ပြောသည်။

“ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလို အမြဲ ဖြစ်မလာတတ်ဘူး။ မင်း ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ၊ တစ်ဝက်လောက်ကတော့ မင်း ဖြစ်ချင်သလို ဖြစ်မလာတာ များပါတယ်”

“ဒါက ငါ့အတွက် ဘာမှ အထောက်အကူ မဖြစ်ဘူး၊ သိလား။ ငါ အသစ္စာဖောက်ခံလိုက်ရသလိုပဲ။ ငါတစ်ယောက်တည်း ဒီမှာ ကျန်ခဲ့တာလား”

မာရူးက ခပ်တိုးတိုး ရယ်လိုက်ရာ ဒိုဂျင်ကို ပို၍ ဒေါသထွက်စေသည်။

“မင်းတို့ကတော့ မင်းတို့ကို စောင့်ရှောက်ပေးမယ့်သူ ရှိနေလို့ ဒီလို ပြောနိုင်တာပေါ့။ ငါကတော့ ... စိတ်ပဲ တိုမိတယ်။ ငါလည်း မင်းတို့လိုပဲ ကြိုးစားနေတာပဲ၊ ဒါပေမဲ့ ... ဒါတွေက အချိန်ဖြုန်းနေတာလို့ပဲ ခံစားရတယ်”

“အဲဒီလို မြင်တာလည်း မမှားပါဘူး”

“ဟူး ... မင်းက ငါ့ကို အားပေးတဲ့ စကားလေး ဘာလေး ပြောရမှာ မဟုတ်ဘူးလား”

“စကားလုံးတွေနဲ့တင် လူတစ်ယောက်ကို ပြောင်းလဲစေနိုင်မယ်ဆိုရင် ငါ အခု မင်းကို အဲဒီစကားတွေ အကုန် ပြောလိုက်မှာပေါ့။ ဒါပေမဲ့ လူတွေက အဲဒီလောက် လွယ်လွယ်နဲ့ မပြောင်းလဲတတ်ကြဘူး။ ပြီးတော့ မင်းမှာ အကြံဉာဏ်တွေ၊ အားပေးစကားတွေလည်း မလိုပါဘူး။ မင်း ဘာမှ အမှားမလုပ်ခဲ့သလို မင်းရဲ့ အတွေးတွေကလည်း မမှားပါဘူး။ ဒေးမြောင်နဲ့ ငါက ကံကောင်းလို့ ရွေးချယ်ခံရတာပါ။ ဒီကံတရားက ငါတို့ဆီကနေ ဘယ်တော့ ပြန်ထွက်သွားမလဲဆိုတာ ဘယ်သူ သိမှာလဲ”

“ဒါပေမဲ့ မင်းတို့ကတော့ တစ်ခုခု ရသွားပြီလေ”

သူကတော့ မူလနေရာမှာပဲ ကျန်ခဲ့သလို ခံစားနေရသည်။ သူငယ်ချင်း နှစ်ယောက်မှာ ရှေ့သို့ တစ်လှမ်းချင်း တက်လှမ်းနေကြပြီ။

“ငါ မင်းကို ဘာပြောပေးစေချင်တာလဲ”

“......”

ထိုစကားကြောင့် ဒိုဂျင် ဆွံ့အသွားရသည်။ သူ စိတ်တိုနေမိရုံသာ။ ဘာအတွက်မှ ပြင်ဆင်ထားခြင်း မရှိသလို၊ ရည်မှန်းချက်လည်း မရှိသဖြင့် သူညည်းတွားပိုင်ခွင့် မရှိမှန်း သူ သိပါသည်။ သို့သော် အသစ္စာဖောက်ခံလိုက်ရသလို ခံစားနေရသည်။ သူငယ်ချင်း နှစ်ယောက်မှာ သူ့အနားတွင် အမြဲရှိနေလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ...

“မနာလို ဖြစ်တာက သဘာဝပါပဲ၊ ဒါပေမဲ့ အဲဒီခံစားချက်ကို အကြာကြီး ဆွဲမထားပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်ဖို့ မကြိုးစားပါနဲ့။ ဒေးမြောင်ကိုလည်း လျစ်လျူမရှုပါနဲ့။ အဲဒီလို အရာတွေက ခင်မင်မှုတွေကို ပျက်စီးစေတာ။ ဒါကြောင့် မင်း အမြဲတမ်း လုပ်နေကျအတိုင်း ရိုးရိုးသားသားပဲ နေလိုက်ပါ။ ဒေးမြောင်ဆီ သွားပြီး အဲဒီအကြောင်း ပြောပြလိုက်ပါ။ သူလည်း စိတ်ပူနေမှာ သေချာတယ်”

“ဟား ... ဒါက ငါ့ကို ပိုပြီး သနားစရာကောင်းအောင် လုပ်နေသလိုပဲ”

“မင်းက အရင်ကလည်း သနားစရာ ကောင်းနေတာပဲကို”

“မင်း ... မင်းကတော့ကွာ ...”

“ဒါပေမဲ့ ... ကျေးဇူးပါပဲ”

ကျေးဇူးပါပဲ ဟုတ်လား ဒိုဂျင်က မာရူးကို အံ့ဩတကြီး ကြည့်လိုက်သည်။

“မင်းရဲ့ အတွေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက လုပ်ရခက်တဲ့ အရာတစ်ခုမှန်း ငါ သိပါတယ်”

မာရူးက ဒိုဂျင်၏ ပုခုံးကို ပုတ်လိုက်ပြီး လှည့်ထွက်သွားသည်။

“ပြီးတော့ မင်းရဲ့ အသက်အရွယ်မှာ ဒီလိုကိစ္စတွေကို စိုးရိမ်နေတာက ကောင်းတဲ့အချက်ပဲလို့ ငါ ထင်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကို အဝေးကြီး လှမ်းမကြည့်ပါနဲ့ဦး။ မင်းက အထက်တန်းကျောင်းသားပဲ ရှိသေးတာ၊ ဘဝဆိုတာ မင်း စီစဉ်ထားတဲ့အတိုင်း အမြဲ ဖြစ်လာမှာ မဟုတ်ဘူး။ မင်း ကိုယ့်အတွက် အစီအစဉ်တွေ ချမှတ်ထားတယ်ဆိုရင် အဲဒီအစီအစဉ်တွေ ပျက်စီးသွားမှာကိုလည်း ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမယ်”

“မင်းက အဲလို ပြောနေပေမဲ့ မင်းကိုယ်တိုင်လည်း အရာရာကို လုပ်ဆောင်နေတာပဲ မဟုတ်လား”

“ငါလား”

မာရူးက ပြုံးပြုံးလေးဖြင့် လှည့်ကြည့်လိုက်သည်။

“ငါကတော့ အရာတော်တော်များများကို သိနေလို့ အကုန် စမ်းသပ်ကြည့်နေတာပေါ့”

အရာတော်တော်များများကို သိနေတယ် ဟုတ်လား ဒိုဂျင်က ထိုစကားများကို ခဏလောက် စဉ်းစားနေပြီးမှ မျက်မှောင်ကြုတ်လိုက်သည်။

“အာ ... ထားလိုက်ပါတော့။ မင်းတို့ အောင်မြင်နေတာကို ငါ မနာလို ဖြစ်မိတယ်လို့ပဲ ပြောတော့မယ်။ သနားစရာ ကောင်းတယ်လို့ ထင်ရင်လည်း ထင်ပါစေတော့။ ဒေးမြောင်နဲ့လည်း ဒီအကြောင်း သွားပြောရမယ်”

“ဒါမှ ငါ သိတဲ့ ဒိုဂျင်ပေါ့”

“ဒါပေမဲ့ မင်းတို့သာ အောင်မြင်သွားရင် ငါ မင်းတို့ဆီမှာ အသားကုန် လာကပ်မှာနော်။ အဲဒါကိုတော့ ကြိုပြင်ထားကြ”

“အချိန်မရွေးပါပဲ။ သူငယ်ချင်းတစ်ယောက်ကိုတော့ ငါ အမြဲတမ်း ကျွေးထားနိုင်ပါတယ်”

မာရူးမှာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း ဒိုဂျင် ခံစားရသည်။ မာရူးက တကယ်ပဲ သူ့အတွက် အခန်းတစ်ခန်းလောက် ပေးထားနိုင်လောက်သည်။

“လာလေ။ လေ့ကျင့်ခန်း လုပ်ရမယ့် အချိန် ရောက်ပြီ”

မာရူးက လှေကားဘက်သို့ လက်ဟန်ပြလိုက်သည်။

All Chapters