← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း(၉၃)

သူ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။ ဒီနေ့ သူ ချိန်းတွေ့ရမှာလေ။ သူ့ထက် တစ်နှစ်ငယ်တဲ့ ကောင်မလေးနဲ့ ပြဇာတ်သွားကြည့်ဖို့ ချိန်းထားတာပါ။ အခုတလော ရုပ်ရှင်တွေက နည်းနည်း ပျင်းဖို့ကောင်းနေတယ်လို့ ကြားမိတာကြောင့် သူက ပြဇာတ်ကိုပဲ ရွေးလိုက်တာပေါ့။ တကယ်လည်း သူပြောလိုက်တဲ့အခါ ကောင်မလေးက အတော်လေး သဘောကျသွားပုံရတယ်လေ။

သူ အကောင်းဆုံးဆိုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဟျဲဟွာ ဘူတာရုံရဲ့ အမှတ် ၂ ထွက်ပေါက်မှာ သူမကို စောင့်နေလိုက်တယ်။ အခုက ဆောင်းတွင်းကြီး ဖြစ်နေပေမဲ့ သူမကတော့ လှပကျော့ရှင်းတဲ့ အဝတ်အစားလေးတွေနဲ့ ရောက်လာတာပါ။ သူမကို ကြည့်နေရုံနဲ့တင် သူ တော်တော်လေး စိတ်လှုပ်ရှားနေမိတာပေါ့။

“ဘယ်လို ပြဇာတ်မျိုးလဲဟင်”

“အင်း... ရိုမန်တစ် အချစ်ဇာတ်လမ်းလေ၊ နည်းနည်းတော့ ရဲတင်းမယ် ထင်တယ်”

“တကယ်လား”

သူမက ပြုံးစစနဲ့ သူ့လက်မောင်းကို ချိတ်လိုက်တယ်။ သူတို့နှစ်ယောက်က ခပ်ရဲရဲ ပြက်လုံးတွေကို အေးအေးဆေးဆေး ပြောလေ့ရှိကြတာကြောင့် ဒီလို ပြဇာတ်မျိုးကို ရွေးတာက ပြဿနာ မရှိပါဘူး။ သူတို့နှစ်ယောက် အဆာပြေအစားအစာလေး တစ်ခုခု စားပြီးတာနဲ့ Sky Theater ဆီကို ထွက်လာခဲ့ကြတယ်။ ဒီပြဇာတ်က ပြသတာ တစ်ပတ်လောက်ပဲ ရှိသေးပေမဲ့ တော်တော်လေး နာမည်ကြီးနေတာပါ။ လူကြီးစုံတွဲတွေအတွက် ကြည့်လို့ကောင်းတယ်လို့လည်း ကြားထားတာကြောင့် သူ လက်မှတ်တွေကို မတွန့်မဆုတ်ဘဲ ဝယ်လိုက်ပြီး အပေါက်ဝက အမျိုးသမီးဆီကို ကမ်းပေးလိုက်တာပေါ့။

“နံပါတ် E14 နဲ့ 15 ပါရှင်။ ဒုတိယထပ်ကို သွားလို့ရပါတယ်။ သောက်စရာတွေ ယူသွားလို့ ရပေမဲ့ အစားအစာ စားတာမျိုးတော့ ဆင်ခြင်ပေးပါနော်”

သူတို့နှစ်ယောက် ခုံအလုံး တစ်ရာကျော်ရှိတဲ့ ပြဇာတ်ရုံကို လှမ်းမြင်နေရတဲ့ ဒုတိယထပ်ဆီကို တက်လာခဲ့ကြတယ်။ စင်ပေါ်က မီးတွေကတော့ အလင်းစစ်ဆေးနေသလိုမျိုး တောက်လျှောက် ပြောင်းလဲနေတာပေါ့။

“ဟိုမှာ သရုပ်ဆောင်တွေ ထင်တယ်” လို့ သူမက ညွှန်ပြလိုက်တယ်။

စုံတွဲနှစ်တွဲ စင်ပေါ်မှာ ရပ်နေပြီး ပရိသတ်တွေကို စကားပြောနေကြတာပါ။ အရှေ့ဆုံးက ခုံတွေကို ယူခဲ့ရမှာ... ဒါကို မြင်လိုက်တော့ သူ နည်းနည်းတော့ နောင်တရမိသွားတယ်။

“ကျွန်တော်တို့ ပြဇာတ်ကို လာကြည့်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုတလော ဒီပြဇာတ်အကြောင်း ပြောနေကြတာကိုလည်း ကျွန်တော်တို့ သတိထားမိပါတယ်”

“အားလုံးပဲ တစ်ယောက်စကား တစ်ယောက်နားနဲ့ ကြားလို့ လာခဲ့ကြတာ မဟုတ်လား”

သရုပ်ဆောင်တွေရဲ့ မေးခွန်းကို ပရိသတ်တွေက “ဟုတ်ပါတယ်” လို့ ပြန်ဖြေကြတယ်။ သူ့ဘေးက ကောင်မလေးကလည်း တိုးတိုးလေး လိုက်ဖြေတာပေါ့။

“မစတင်ခင်မှာ ကျွန်မတို့ ပြောစရာလေးတွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ ချောမောလှပတဲ့ သရုပ်ဆောင်တွေကို ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ကြိုက်သလောက် ရိုက်နိုင်ပါတယ်ရှင်။ ဒါပေမဲ့ ပြဇာတ်ပြနေတဲ့ အချိန်မှာတော့ မရိုက်ဖို့ မေတ္တာရပ်ခံပါရစေ။ ပြဇာတ်ပြီးသွားရင် ဓာတ်ပုံရိုက်ဖို့ အချိန်ပေးမှာမို့ အဲဒီကျမှ စိတ်ကြိုက် ရိုက်ကြပါနော်”

အမျိုးသမီး သရုပ်ဆောင် ထွက်သွားပြီးတဲ့နောက် အသံဩဇာကောင်းတဲ့ အမျိုးသား သရုပ်ဆောင်က ဆက်ပြောပြန်တယ်။

“ခဏလေးခင်ဗျာ၊ အစ်ကိုကြီး ကိုင်ထားတဲ့ ပေါင်မုန့်ကို အခုစားတော့မှာ မဟုတ်ဘူးမလား။ ဟုတ်ကဲ့၊ စားလို့တော့ ရပါတယ်၊ ဒါပေမဲ့ ပြဇာတ်ပြနေတုန်း စားနေတာ တွေ့ရင်တော့ ကျွန်တော်တို့ သိမ်းသွားမှာမို့လို့ သတိထားပေးပါဦး။ ပြဇာတ်ပြီးမှ စားပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ကျေးဇူးတင်မိမှာပါ”

အဲဒီ အမျိုးသား သရုပ်ဆောင်လည်း ထွက်သွားတော့တာပေါ့။ အခုတော့ စင်ပေါ်မှာ စုံတွဲတစ်တွဲပဲ ကျန်ပါတော့တယ်။ အမျိုးသမီးဖြစ်သူက “ပြဇာတ်ကို ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုပေးကြပါဦး” လို့ ပြောပြီး ထွက်သွားတဲ့အခါ အမျိုးသား သရုပ်ဆောင် တစ်ယောက်တည်း ကျန်ခဲ့တယ်။

“ပြဇာတ် မစခင်မှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ့် ပြဇာတ်စဖို့ ဆယ်မိနစ်လောက် လိုပါသေးတယ်။ အဲဒီအချိန်အထိတော့သူ့ရဲ့ တစ်ကိုယ်တော် သရုပ်ဆောင်မှုကို ကြည့်ရှုပေးကြဖို့ တောင်းဆိုချင်ပါတယ်။ သူက အခုမှ သရုပ်ဆောင်စတာဆိုတော့ နည်းနည်းတော့ လိုအပ်ချက်ရှိနိုင်ပေမဲ့ စိတ်ရှည်လက်ရှည်နဲ့ ကြည့်ပေးကြပါဦးနော်”

နောက်ဆုံး သရုပ်ဆောင်လည်း ထွက်သွားရော စင်တစ်ခုလုံး မှောင်သွားတော့တယ်။ အဲဒီအချိန်မှာပဲ စင်ရဲ့ ဘယ်ဘက်ခြမ်းကနေ ကောင်လေးတစ်ယောက် ထွက်လာတာပေါ့။ ကြည့်ရတာ အလွန်ဆုံးရှိလှ အထက်တန်းကျောင်းသား အရွယ်ပဲ ရှိပါဦးမယ်။ အဲဒီကောင်လေးက ပထမထပ်က ပရိသတ်တွေကို ဦးညွှတ်နှုတ်ဆက်ပြီး ဒုတိယထပ်က လူတွေကိုလည်း လက်ပြလိုက်တယ်။

သူ့ဘေးက ကောင်မလေးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီး လက်ပြတာပေါ့။

“သူ ဘာလုပ်မှာပါလိမ့်”

“ဘယ်သူသိမှာလဲ”

မီးမောင်းထိုးလိုက်တဲ့အခါ ကောင်လေးက လင်းထိန်သွားတယ်။ သူက စင်ရဲ့ တစ်ဖက်ကို အေးအေးဆေးဆေး လျှောက်သွားပြီး ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်တာပေါ့။ အဲဒါကို စင်အလယ်မှာ ချပြီး သူ ထိုင်လိုက်တယ်။ အသက်တစ်ချက် ခပ်ပြင်းပြင်း ရှူလိုက်ပြီးမှ မျက်လုံးတွေကို မှိတ်လိုက်၊ ပြန်ဖွင့်လိုက် လုပ်လိုက်တာပဲ။

သူက လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ခုခုကို ကိုင်ထားသလိုမျိုး လုပ်နေတယ်။ အဝိုင်းပုံစံ တစ်ခုခုပေါ့။ ကားစတီယာရင် ဖြစ်မလား။

“သူ ကားမောင်းနေတာ ထင်တယ်”

“အင်း... ဟုတ်ပုံရတယ်”

သူတို့ ထင်ထားတဲ့အတိုင်းပဲ ကောင်လေးက သီချင်းလေး တညည်းညည်းနဲ့ ကားမောင်းတဲ့ ပုံစံကို စလုပ်တာပေါ့။ မမြင်ရတဲ့ ကလပ်ကို နင်းလိုက်၊ ဂီယာကို တိုးလိုက်နဲ့လေ။

“မင်္ဂလာပါခင်ဗျာ။ ဟုတ်ကဲ့၊ မင်္ဂလာပါ။ ကျောင်းသားလား။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ အဘွား။ အော်... အကြွေလေး ပြန်ယူသွားပါဦး။ ဟုတ်ကဲ့ပါ”

ကောင်လေးက ဘတ်စ်ကားမောင်းသမား တစ်ယောက် ဖြစ်ပုံရတယ်။ ကြည့်ရတာ အတွေ့အကြုံ တော်တော်လေး ရှိတဲ့ပုံပဲ။

‘ဒါကတော့ မဖြစ်နိုင်တာပဲလေ’ လို့ သူ တွေးမိလိုက်တယ်။

လိုင်စင်တောင် ရဦးမယ့်အရွယ် မဟုတ်တဲ့ ကောင်လေးတစ်ယောက်က ဘတ်စ်ကားမောင်းတဲ့ အတွေ့အကြုံ ဘယ်လိုရှိမှာလဲ။ ဘာပဲဖြစ်ဖြစ် ကောင်လေးကတော့ သီချင်းလေး ညည်းရင်း ကားဆက်မောင်းနေတာပေါ့။

“အစ်မကြီးက ဘယ်ကို သွားမှာလဲခင်ဗျာ”

ကောင်လေးက သူ့အရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို လှမ်းမေးလိုက်တယ်။ သူ ပထမထပ်ကို ငုံ့ကြည့်လိုက်တော့ ကောင်လေး စကားပြောနေတဲ့ အမျိုးသမီးက သူ့သမီးနဲ့အတူ လာတာကို တွေ့လိုက်ရတယ်။

“ကျွန်မကို မေးတာလား” လို့ အမျိုးသမီးက ပြန်မေးတယ်။

“ဟုတ်ကဲ့ ခရီးသည်ကြီး။ အခု ဒီဘတ်စ်ကားပေါ်မှာ ခရီးသည်က အစ်မကြီးတို့ပဲ ရှိတာကိုး။ ဘယ်ကို သွားမှာလဲဗျ”

“အင်း... အလိုလေး၊ ဒါမျိုးကျတော့လည်း ရှက်စရာကြီးပါလား”

အမျိုးသမီးက တွေဝေနေတဲ့အခါ သူ့သမီးကပဲ ဝင်ဖြေပေးလိုက်တယ်။

“ကျွန်မတို့ ဘူဆန်ကို သွားမှာပါ”

“ဘူဆန် ဟုတ်လား။ ဒီကားက ဆိုးလ်ကို သွားတာလေဗျာ”

“တစ်ခါလောက်တော့ လိုက်ပို့ပေးလို့ မရဘူးလားဟင်”

သမီးဖြစ်သူကလည်း အလိုက်သင့်လေး ပြန်ပြောတာပေါ့။ ကောင်လေးက ရယ်မောလိုက်ပြီး ဘတ်စ်ကားကို တစ်ပတ်အပြည့် ကွေ့လိုက်တဲ့ ပုံစံမျိုး လုပ်ပြတယ်။ အရှိန်ကြောင့် သူ့ကိုယ်လုံးက ဘေးကို စောင်းသွားတာပေါ့။

“ကားကွေ့နေပြီနော်။ အဲဒီလို မတ်မတ်ကြီး ထိုင်နေတာက အန္တရာယ်ရှိတယ်ဆိုတာ သိကြတယ် မဟုတ်လား”

ပထမထပ်က ပရိသတ်အများစုက ကောင်လေးရဲ့ စကားကြောင့် ရယ်မောကုန်ကြပြီး ကိုယ်ကို လိုက်စောင်းပေးကြတယ်။

“တို့တွေလည်း လိုက်လုပ်ရအောင်” လို့ ကောင်မလေးက ပြောတယ်။

“ဟင်... အင်း”

သူ့ရဲ့ ချစ်သူလေးကတော့ ပါဝင်ဆင်နွှဲရတာကို သဘောကျနေပုံပါပဲ၊ သူလည်း သူမနဲ့အတူ ဘယ်ဘက်ကို နည်းနည်း စောင်းပေးလိုက်တာပေါ့။ ကောင်လေးက သူတို့ရှိတဲ့နေရာကို မော့ကြည့်လိုက်ပြီး “ဒါက နှစ်ထပ်ဘတ်စ်ကားမှန်း ဘယ်လို သိသွားတာလဲ” လို့ ပြောလိုက်တယ်။ ပရိသတ်တစ်ဝက်လောက်ကတော့ အဲဒီစကားကြောင့် ပြုံးကုန်ကြတာပေါ့။

“ဘူဆန် ဆိုပါတော့၊ နေရာကောင်းလေးပဲ။ အေးအေးချမ်းချမ်း ရှိသလို ပင်လယ်လှိုင်းသံလေးတွေကလည်း နားထောင်လို့ တော်တော်ကောင်းတာ။ ယောကျ်ားလေးတွေရော မိန်းကလေးတွေရော အများကြီးပဲလေ။ ခင်ဗျားတို့ကတော့ ရည်းစားနဲ့ သွားကြတာ ဖြစ်မှာပါ”

ကောင်လေးရဲ့ မျက်နှာက ငယ်ငယ်လေး ဖြစ်နေပေမဲ့ စကားပြောတာကတော့ လူကြီးတစ်ယောက်လိုပဲ။ အထူးသဖြင့် သူ့ရဲ့ အပြုံးက အထက်တန်းကျောင်းသားထက် လူကြီးတစ်ယောက်နဲ့ ပိုတူနေတာပေါ့။ သမီးဖြစ်သူကတော့ ဘာပြန်ပြောရမှန်း မသိတာကြောင့် သူ့အမေကိုပဲ အူကြောင်ကြောင်နဲ့ လှည့်ကြည့်နေတော့တယ်။

“ဟူး... ချစ်သူ ထားတာက ဘာမှ မမှားပါဘူး။ ဟုတ်တယ် မဟုတ်လား အစ်မကြီး”

“ကျွန်မသမီးကတော့ Brad Pitt လောက် ချောတဲ့သူနဲ့မှ ပေးစားမှာ”

“ဝိုး... Brad Pitt ဟုတ်လား။ ဒါပေမဲ့ အစ်မကြီးရဲ့ သမီးကလည်း တကယ်ကို လှတာပါပဲ။ အာ... ဘူဆန်ကို ရောက်ပြီထင်တယ်။ ကဲ... ဆင်းကြတော့လေ နှစ်ယောက်လုံး”

ကောင်လေးက ကုလားထိုင်ပေါ်က ထလိုက်ပြီး သူတို့နှစ်ယောက်ကို ဆင်းဖို့ လက်ဟန်ခြေဟန် ပြလိုက်တယ်။

“မြန်မြန်လေးပါဗျာ၊ နောက်ခရီးသည်တွေကို ထပ်တင်ရဦးမှာမို့လို့ပါ”

သမီးဖြစ်သူက စင်ပေါ်ကို ပြေးတက်သွားပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဆင်းလာတာပေါ့။ ကောင်လေးက လက်ခုပ်တီးလိုက်တဲ့အခါ ကျန်တဲ့ ပရိသတ်တွေကလည်း လိုက်ပြီး လက်ခုပ်တီးကြတယ်။

“သူက တော်သားပဲ၊ တစ်စက်ကလေးမှ တောင့်တောင့်ကြီး ဖြစ်မနေဘူး” လို့ ကောင်မလေးက မှတ်ချက်ပေးတယ်။

“အင်း”

ကောင်လေးက ကုလားထိုင်မှာ ပြန်ထိုင်လိုက်ပြီး ကားပြန်မောင်းတဲ့ပုံစံ လုပ်ပြန်တယ်။

“အခုတော့ ကျွန်တော့်အကြောင်းလေး နည်းနည်း ပြောပြပါရစေ”

နောက်ခံသီချင်းလေး ပေါ်လာတယ်။ အေးအေးဆေးဆေးနဲ့ နှေးကွေးတဲ့ သီချင်းမျိုးပေါ့။

“ကျွန်တော် အိမ်ထောင်ကျခဲ့ဖူးတယ်။ ကျွန်တော့်မှာ လှပတဲ့ ဇနီးသည်တစ်ယောက် ရှိခဲ့သလို ဘာနဲ့မှ မလဲနိုင်တဲ့ သမီးလေးတစ်ယောက်လည်း ရှိခဲ့တာပေါ့။ မျက်လုံးထဲ ထည့်ထားရင်တောင် မနာဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အရင်တုန်းကတော့ လူတစ်ယောက်ကို မျက်လုံးထဲ ထည့်တာ ဘာလို့ မနာမှာလဲလို့ တွေးခဲ့ဖူးတယ်၊ ဒါပေမဲ့ သမီးလေး မွေးလာတဲ့ အခါမှာတော့ ကျွန်တော် နားလည်သွားခဲ့တာပေါ့။ သမီးလေးအတွက်ဆိုရင် ကျွန်တော့်မျက်လုံးကို အပေါက်ဖောက်ပြီး ထည့်ထားရမယ် ဆိုရင်တောင် တစ်စက်ကလေးမှ နာမှာ မဟုတ်ပါဘူး”

ကောင်လေးက ဝမ်းနည်းရိပ်သန်းတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်။ အဲဒီအပြုံးကို မြင်လိုက်ရတဲ့အခါ သူ နည်းနည်းတောင် တုန်လှုပ်သွားရတာပေါ့။ ကြောက်စရာ ကောင်းလို့ မဟုတ်ဘဲ တကယ်ကို လက်တွေ့ဆန်လွန်းနေလို့ပါ။ သူ့လက်မောင်းကို ကိုင်ထားတဲ့ ကောင်မလေးကလည်း ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာတာပေါ့။

“တစ်နေ့ မိုးမလင်းခင် အချိန်မှာ တစ်ယောက်ယောက် နာကျင်လို့ ညည်းတွားနေတဲ့ အသံကို ကြားလိုက်ရတယ်။ ကျွန်တော့်မိန်းမများလားလို့ ထင်မိပေမဲ့ သူမကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ။ အဲဒီအချိန်မှာတင် ဘယ်သူ ညည်းနေတာလဲဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော် အမြန်ထပြီး သမီးလေးရှိတဲ့ အခန်းတံခါးကို ဖွင့်လိုက်တော့ သမီးလေးက ကုတင်ပေါ်မှာ လိပ်ခေါင်းလေးလို ခွေပြီး တုန်နေတာကို တွေ့လိုက်ရတာပဲ။ အဲဒီအချိန်မှာ ကျွန်တော့် နှလုံးသားတစ်ခုလုံး မြေပြင်ပေါ်ကို ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ရတယ်”

ကောင်လေးက အရှေ့ကို စိုက်ကြည့်နေပေမဲ့ ပရိသတ်တွေကို ကြည့်နေတာ မဟုတ်ဘဲ ခုံတန်းတွေရဲ့ အလွန်ကို လွင့်ကြည့်နေသလိုမျိုးပဲ။ ဒါကို မြင်ရတာ သူ နည်းနည်း ကြက်သီးတောင် ထမိတယ်။ အစပိုင်းမှာ သရုပ်ဆောင်ပြောသွားသလို ကောင်လေးက ချစ်စရာကောင်းနေတာမျိုး မဟုတ်တော့ဘူး။ သူ့ဘေးက ကောင်မလေးကို ကြည့်လိုက်တော့လည်း သူမက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကောင်လေးကို ကြည့်နေတာပေါ့၊ သူမလည်း သရုပ်ဆောင်မှုထဲမှာ စီးမျောနေပုံရတယ်။

“ကျွန်တော် သမီးလေးကို ဆေးရုံကို အမြန်ခေါ်သွားလိုက်တယ်။ ကျွန်တော့်အိမ်နားမှာ ဆေးရုံရှိတာကို အဲဒီအချိန်လောက် ကျေးဇူးတင်မိတာ မရှိတော့ဘူး။ မိုးမလင်းခင် အချိန်မို့ ဆေးရုံကြီးက ကျွန်တော့်အတွက် အရမ်းကို ထူးဆန်းနေခဲ့တာပေါ့။ မီးရောင်တွေက မျက်စိကို ကျိန်းစေသလို တိတ်ဆိတ်လွန်းနေတဲ့ အဆောက်အအုံကြီးကလည်း ကျွန်တော့်ကို တော်တော်လေး စိတ်လှုပ်ရှားစေခဲ့တယ်”

ကောင်လေးက သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ဆက်ပြောတယ်။

“ကံကောင်းတာက သမီးလေး ဘာမှ မဖြစ်ခဲ့ပါဘူး။ ဆေးရုံကုတင်ပေါ်မှာ လှဲလိုက်တာနဲ့တင် သူမ ချက်ချင်း ပြန်ကောင်းသွားတာလေ။ အဲဒီအချိန်မှာပဲ ကျွန်တော် တွေးမိတာပေါ့။ အင်း... နောက်တစ်ချိန် ဒီသမီးလေး အိမ်ထောင်ပြုပြီး ထွက်သွားတဲ့ အခါကျရင်တော့ ကျွန်တော် တကယ် ငိုမိမှာပဲ ဆိုတာကိုလေ”

ကောင်လေးက ကားကို အကြိမ်အနည်းငယ်လောက် ကွေ့လိုက်ပြီးမှ ဘရိတ်နင်းလိုက်တယ်။

“အခု နောက်ဆုံးမှတ်တိုင်ကို ရောက်ပါပြီ။ အဖိုးကြီးတစ်ယောက်ရဲ့ ပျင်းစရာကောင်းတဲ့ ပုံပြင်ကို နားထောင်ပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီနေ့ ကျွန်တော် ပြောချင်တာ တစ်ခုပဲ ရှိပါတယ်။ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူက ကိုယ်နဲ့ နီးစပ်လေလေ၊ သူတို့ကို ပိုပြီး ဂရုတစိုက် ဆက်ဆံပေးကြပါဦး။ အဲဒါမှ သူတို့တွေ ရုတ်တရက် ထွက်သွားတဲ့အခါမျိုးမှာ နောင်တ မရကြမှာပေါ့”

ကောင်လေးက ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုံးနဲ့ ထပ်ပြီး ပြုံးလိုက်ပြီးမှ မတ်တတ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်တော့တယ်။

ခေတ္တခဏ တိတ်ဆိတ်သွားပြီးမှ...

လက်ခုပ်သံတွေ ဟိန်းထွက်လာတာပေါ့။

“ဝိုး... သူ တော်လိုက်တာ”

“ငါလည်း အဲဒီလိုပဲ ထင်တယ်”

ဒီ ဆယ်မိနစ်လေးအတွင်းမှာပဲ ကောင်လေးက သူ့ရဲ့ ဘဝအကြောင်းကို ပြောပြနေတဲ့ ဘတ်စ်ကားမောင်းသမား တစ်ယောက် ဖြစ်သွားခဲ့တာပါ။ သူ့အရွယ် သရုပ်ဆောင်တွေ အားလုံးက ဒီလိုမျိုးပဲလား။ တကယ်ကို အံ့ဩစရာ ကောင်းလှတာပေါ့။ ကောင်လေးက ပထမထပ်နဲ့ ဒုတိယထပ်ကို နောက်တစ်ကြိမ် ထပ်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“အချိုဆိုတာ ခါးတာကို မြည်းစမ်းကြည့်ပြီးမှ ပိုပြီး ချိုလာတတ်တာမျိုးပါ။ အခု တင်ဆက်တော့မယ့် ဇာတ်လမ်းကတော့ ဝိုင်အကောင်းစားတစ်ခွက်လိုမျိုး ချိုမြိန်မယ်၊ ချဉ်ပြုံးပြုံးနိုင်မယ်၊ ပြီးတော့ တကယ့်ကို ပြောင်မြောက်လှတဲ့ ပြကွက်တွေ ပါဝင်နေမှာပါ။ စိတ်မကောင်းစရာကတော့ ကျွန်တော်ကတော့ အဲဒါကို ကြည့်လို့ မရဘူးလေ။ ကျွန်တော်က အသက်မပြည့်သေးဘူး မဟုတ်လား။ ပရိသတ်ထဲမှာလည်း ကျွန်တော့်အရွယ် ဘယ်သူမှ မပါဘူး မဟုတ်လား။ မှတ်ထားပေးပါဦး၊ ဒီပြဇာတ်က အသက် ၁၇ နှစ်နဲ့ အထက်တွေအတွက်ပဲ ဖြစ်ပါတယ်”

ကောင်လေးက ခပ်ပေါ့ပေါ့လေး ပြုံးလိုက်တဲ့အခါ ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကလည်း ချက်ချင်း ပြောင်းလဲသွားတော့တယ်။ မှောင်နေတဲ့ စင်ပေါ်မှာ ပန်းရောင်နဲ့ အဝါရောင် မီးလင်းထိန်သွားတာပေါ့။

“ကဲ... အခုဆိုရင် ပင်မပြဇာတ်ကြီး ဖြစ်တဲ့ ‘အဲဒီ ဆောင်းဦး၊ ဆောင်းတွင်းနဲ့ နွေရာသီ’ စတင်ပါပြီ”

ကောင်လေးက စင်ပေါ်ကနေ ချက်ချင်းပဲ ထွက်သွားတော့တယ်။

* * * * * * * * *

“ဟိုတစ်ခါက ကုမ္ပဏီဝန်ထမ်း၊ အခုကျတော့ ဘတ်စ်ကားမောင်းသမားလား”

မာရူး စင်နောက်ကို ရောက်လာတဲ့အခါ ယန်ဂန်ဟွမ် က နှုတ်ဆက်လိုက်တယ်။ မာရူးကတော့ စစ်မှုထမ်းပြီးကာစ တက္ကသိုလ်ကျောင်းသား ဇာတ်ရုပ်နဲ့အညီ ကွက်ကျားအင်္ကျီနဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတာပေါ့။

“ကျွန်တော်နဲ့ မလိုက်ဖက်လို့လား”

“မဟုတ်ပါဘူး။ ပြဿနာက မင်းနဲ့ လိုက်ဖက်လွန်းနေတာပဲ။ လူအများစုက သူတို့အရွယ်နဲ့ လိုက်တဲ့ ဇာတ်ရုပ်တွေကို ကောင်းကောင်း သရုပ်ဆောင်နိုင်ကြပေမဲ့ မင်းကတော့ ထူးထူးဆန်းဆန်းပဲ လူကြီးဇာတ်ရုပ်တွေကို ပိုပြီး ပိုင်နိုင်နေတယ်”

မာရူး ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပေမဲ့ အပြင်မှာတော့ ပြုံးပြလိုက်တာပေါ့။

“မင်းရဲ့ အရည်အချင်းကို ချဲ့ထွင်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ မင်းအရွယ်နဲ့ လိုက်တာတွေကိုပဲ အာရုံစိုက်ပါဦး။ ဘာလို့လဲဆိုတော့ မင်း တကယ် လူကြီးဖြစ်လာတဲ့ အခါကျမှ လူကြီးဇာတ်ရုပ်ကို သရုပ်ဆောင်လို့ ရတာလေ။ လူကြီးတစ်ယောက်က ဆယ်ကျော်သက် နေရာမှာ သရုပ်ဆောင်ရင် ပရိသတ်တွေအတွက် ကြည့်ရတာ ထူးဆန်းနေလိမ့်မယ်။ အရာရာတိုင်းမှာ အချိန်ဆိုတာ ရှိတာမို့လို့ တတ်နိုင်သမျှ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ကြည့်ပါ။ အော်... ငါက မင်းရဲ့ အခု အလုပ်ကို နှိမ်ပြောတာ မဟုတ်ဘူးနော်။ ခုနကတော့ မင်း တကယ်ကို တော်ပါတယ်”

ဂန်ဟွမ်က လက်မထောင်ပြပြီး စင်ပေါ်ကို တက်သွားတော့တယ်။ စင်ပေါ်ရောက်သွားတဲ့အခါမှာတော့ ဂန်ဟွမ်က ခုနနဲ့ လုံးဝ မတူတော့ဘဲ ဘာကိုမှ နားမလည်တဲ့ ကလေးဆန်တဲ့ ကျောင်းသားလေး တစ်ယောက် ဖြစ်သွားတာပေါ့။ မာရူးကတော့ စင်ဘေးကနေ အဲဒီလူ သရုပ်ဆောင်နေတာကို ကြည့်နေမိတယ်။

“ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုပေါ့”

ကျွမ်းကျင်တဲ့သူကိုတော့ သူ လိမ်လို့ မရပါဘူးလေ။ မာရူးလည်း နောက်တစ်ခါကျရင် ဆယ်ကျော်သက် တစ်ယောက်လို သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂန်ဟွမ် ပြောတာ မှန်တာပဲ။ သူ့ရဲ့ အသက်အရွယ်ကို အပေါ်လွင်ဆုံးဖြစ်စေမယ့် ဇာတ်ရုပ်တွေကိုပဲ သူ သရုပ်ဆောင်ရမှာပါ။ မာရူးက တခြား သရုပ်ဆောင်တွေကို တစ်ချက် ကြည့်လိုက်ပြီးမှ စင်ဘက်ကို ပြန်လှည့်လိုက်တယ်။ အခုဆိုရင် သူက ဒီစင်ပေါ်မှာ ရပ်ရတာကို အကျင့်ဖြစ်နေပြီလေ။ ကျောင်းဆင်းတာနဲ့ သူ ဒီကို လာပြီး စင်ပေါ်မှာ ရပ်ရတာပါ။ အရာအားလုံး ပြီးသွားတဲ့အခါ ည ၁၁ နာရီလောက်မှ သူ အိမ်ပြန်ရောက်တာပေါ့။ ကံကောင်းတာက သူ့မိဘတွေက အရင်လို သိပ်ပြီး စိတ်မပူတော့တာပဲ။ သူတို့လည်း သူ့ရဲ့ အချိန်ဇယားကို အသားကျသွားပုံရတယ်လေ။

‘ဒီနေ့ ငါ ဘယ်လိုနေလဲ’

စင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် ရှိဖို့ဆိုတာက... ဂန်ဟွမ် ပေးထားတဲ့ ဒီအိမ်စာကို အပြီးသတ်နိုင်ဖို့အတွက် မာရူးက စင်ပေါ်မှာ သူ့ကိုယ်သူ တတ်နိုင်သမျှ ထိန်းချုပ်ထားခဲ့တာပါ။ သူ့ရဲ့ ရင်ခုန်သံတွေကို ငြိမ်သက်စေပြီး တတ်နိုင်သမျှ စဉ်းစားတွေးခေါ်ခဲ့တာပေါ့။ စင်ပေါ်က သူ့ရဲ့ လှုပ်ရှားမှု တိုင်းကိုလည်း သူ သေချာ တွက်ချက်ထားခဲ့တာပါ။

“ဟူး... ငါ သွားတော့မယ်နော်”

ဟန်နာ က မာရူးကို မျက်စိတစ်ဖက် မှိတ်ပြရင်း နှုတ်ခမ်းနီ ဆိုးလိုက်တယ်။ သူမကတော့ သူမရဲ့ ရဲတင်းတဲ့ ဇာတ်ရုပ်နဲ့အညီ ကျပ်ကျပ်ထုတ်ထုတ် အဝတ်အစားတွေကို ဝတ်ထားတာပေါ့။

“ကံကောင်းပါစေ”

“ဒါပေါ့”

မာရူး ကုလားထိုင်မှာ ထိုင်လိုက်ပြီး သူ့ရဲ့ မှတ်စုစာအုပ်ကို ဖွင့်လိုက်တယ်။ အခုကတော့ သူ စာပြန်ကျက်ရမယ့် အချိန်ပေါ့။

* * * * * * * * *

အခန်း(၉၄)

“ဒယ်လ်ဆောက်ဒုံက လူများ ပြဇာတ်က ဘယ်လိုလဲ”

ထမင်းစားရင်း တီဗွီကြည့်ပြီး ရယ်မောနေတဲ့သူတစ်ယောက်ဆီက ထွက်လာတဲ့ မေးခွန်းဆိုတော့ နည်းနည်းတော့ ထူးဆန်းနေတာပေါ့။ ဒါပေမဲ့ မာရူး ကတော့ ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“အခု တောက်လျှောက် ဇာတ်တိုက်နေကြတာဗျ၊ စင်ပေါ်က အသေးစိတ် အချက်အလက်တွေကို အဓိကထားပြီး လုပ်နေကြတာ”

“မီဆို ကရော ပြဇာတ်ထဲမှာ ဘယ်လောက်အထိ ပါဝင်ပေးလဲ”

“အခုနောက်ပိုင်းတော့ သိပ်မပါတော့ဘူးဗျ။ ဒါပေမဲ့ လူတွေကိုတော့ သီးသန့် ခေါ်ခေါ်ပြောနေပုံရတယ်”

“အင်းလေ... ပြဇာတ်တစ်ပုဒ်တည်းကို လေးလလောက် အချိန်ပေးရတယ်ဆိုတာ တော်တော်လေး ကြာတာပဲကိုး။ အဲဒီလောက်ဆိုရင်တော့ အသစ်တွေတောင် သူတို့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သဘောပေါက်နေလောက်ပါပြီ”

ယန်ဂန်ဟွမ် က ဟင်းရည်ကို အသံမြည်အောင် သောက်လိုက်တာပေါ့။

“ဒါဆို နောက်ဆုံးအဆင့် ပြိုင်ပွဲတွေက ဇန်နဝါရီမှာ စမှာ မဟုတ်လား”

“ဟုတ်တယ်၊ အဲဒါကြောင့်ပဲ အားလုံးက နည်းနည်း နှေးနေကြတာ ထင်တယ်”

“ဟုတ်မှာပါ၊ မီဆို က ဒီဇင်ဘာမှာ အပြီးသတ်ချင်လို့ အတင်းလောနေတာကိုး။ အခုလို တစ်လလောက် အချိန်ပိုရသွားတာက ကွာခြားချက် အကြီးကြီးပဲလေ။ ဒါပေမဲ့ စိတ်ကိုတော့ လျှော့မထားနဲ့ဦး၊ စိတ်လွတ်သွားတာနဲ့ ပြဇာတ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”

ဂန်ဟွမ် က သူ့ခေါင်းကို လက်ညှိုးနဲ့ တစ်ချက်နှစ်ချက်လောက် တို့ပြီး ပြောလိုက်တယ်။

“ဒါနဲ့... ကျွန်တော်တို့ ဘာလို့ မြောင်ဒုံ ကို ရောက်နေတာလဲဟင်”

မာရူး က ဇွန်းကို ချလိုက်ပြီး မေးလိုက်တာပေါ့။

ဒီနေ့က တနင်္ဂနွေနေ့ မနက်ခင်းလေ။ တခြားအချိန်ဆိုရင်တော့ သူက ဆွန်ဂျီ နဲ့အတူ ရုပ်သေးပြဇာတ်တွေ လုပ်နေမှာ ဖြစ်ပေမဲ့ ဒီနေ့တော့ ဂန်ဟွမ် နဲ့အတူ ဒီကို လာဖို့ ဆုံးဖြတ်လိုက်တာပါ။

“မင်းကတော့ ဘာလို့လို့ ထင်လဲ”

“ကျွန်တော်လည်း မသိဘူးလေ”

ဂန်ဟွမ် က ပြုံးစစနဲ့ ထရပ်လိုက်တယ်။ သူ ထမင်းဖိုးရှင်းပြီး သွားကြားထိုးတံ တစ်ချောင်းကို ပါးစပ်မှာ ကိုက်ရင်း အပြင်ကို ထွက်လာခဲ့တာပေါ့။

“ဘယ်ကို သွားမှာလဲဗျ”

“ငါ့နောက်ကိုပဲ လိုက်ခဲ့စမ်းပါ”

ဂန်ဟွမ် က သူတို့ ဘယ်သွားမယ်ဆိုတာကို မာရူး ကို ခဏခဏ ဖုံးကွယ်ထားတတ်သလို ဘာလုပ်မယ်ဆိုတာကိုလည်း ပြောပြလေ့ မရှိပါဘူး။ အန်ယန် က ဇာတ်တိုက်ခန်းကို ပထမဆုံးအကြိမ် သွားတုန်းကလည်း မာရူး ကို ကားပေါ်တက်ဖို့ပဲ ပြောခဲ့တာလေ။ မာရူး လည်း လမ်းမပေါ်မှာ ဂန်ဟွမ် နောက်ကို လိုက်ရင်းနဲ့ သူတို့ ဘယ်ကို သွားနေတာလဲဆိုတာ ဖြည်းဖြည်းချင်း သတိထားမိလာတယ်။ အဆောက်အအုံတွေ ကြားထဲမှာ ရှေးဟောင်းအဆောက်အအုံကြီး တစ်ခု ရှိနေတာပေါ့။ အတိတ်က အမှတ်တရတွေ အပြည့်ရှိတဲ့ အဆောက်အအုံကြီးပါပဲ။

အဲဒါကတော့ မြောင်ဒုံ အမျိုးသား ပြဇာတ်ရုံ ပေါ့။

“အမျိုးသား ပြဇာတ်ရုံလား”

“မဟုတ်တော့ဘူး၊ အခုကတော့ အနုပညာ ပြဇာတ်ရုံ ဖြစ်သွားပြီ။ ပြီးခဲ့တဲ့လကမှ ပြုပြင်မွမ်းမံတာတွေ ပြီးသွားတာလေ။ ဒီနေ့ ဒီအဆောက်အအုံမှာ ပထမဆုံး ပြဇာတ်ကို စတင် တင်ဆက်မှာပေါ့”

ဘာကြောင့်မှန်း မသိပေမဲ့ ဂန်ဟွမ် က သွားကြားထိုးတံကို လွှင့်ပစ်လိုက်ပြီး အဝတ်အစားတွေကို သေသေချာချာ ပြန်ပြင်နေတာပေါ့။

“သိလား... ဒီနေရာကို ကြည့်လိုက်ရင် ဘာအကြောင်းပြချက်မှ မရှိဘဲ ရိုသေလေးစားစိတ်တွေ ဝင်လာတာပဲ။ ယောက္ခမနဲ့ သွားတွေ့ရတော့မလိုမျိုး ခံစားချက်ကြီးဗျာ”

“ဆရာက ယောက္ခမနဲ့ တွေ့ဖူးလို့လား”

“ဘယ်ကသာ... ရည်းစားတောင် မရှိသေးတာကို။ တင်စားပြီး ပြောတာပါကွာ”

အခုက ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလလေ။ ဒီအဆောက်အအုံကို ၁၉၉၈ ခုနှစ်မှာ ကိုရီးယား ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ဘဏ္ဍာရေး ကုမ္ပဏီတစ်ခုဆီကနေ ဝယ်ယူခဲ့တာပါ။ ဂန်ဟွမ် ပြောပြချက်အရတော့ အစိုးရက မဝယ်ခင်မှာ သရုပ်ဆောင်တွေနဲ့ ပြဇာတ်အဖွဲ့တွေ အများကြီးက ဝယ်ဖို့ ကြိုးစားခဲ့ကြတာပေါ့။

“ပြုပြင်ရေးလုပ်ငန်းတွေ စတာ ငါးနှစ်တောင် ရှိပြီဆိုတော့ တော်တော်လေး ကောင်းကောင်းမွန်မွန် လုပ်ထားပုံရတယ်”

“အပြင်ပန်းကတော့ သိပ်မပြောင်းလဲဘူးနော်”

“အခြေခံ အဆောက်အအုံကတော့ အတူတူပါပဲ။ သူတို့က နံရံတွေ ခိုင်ခံ့အောင်ပဲ အဓိကထားပြီး လုပ်ထားတာလေ”

ပထမထပ်မှာတော့ ပြဇာတ်ရုံကို လှည့်ပတ်ကြည့်ရှုနေတဲ့ လူတွေနဲ့ ပြည့်နေသလို လက်ကမ်းစာစောင်တွေကို စိတ်လှုပ်ရှားစွာ ကြည့်နေကြတဲ့ လူတွေလည်း အများကြီးပါပဲ။

“အောက်ကို ဆင်းရအောင်”

“အောက်ထပ်လား”

သူတို့နှစ်ယောက် လော်ဘီကနေ ဓာတ်လှေကားနဲ့ အောက်ကို ဆင်းခဲ့ကြတယ်။ ဓာတ်လှေကားထဲက ထွက်လိုက်တာနဲ့ ပထမဆုံး မြင်လိုက်ရတာက ဝတ်စုံတွေ အပြည့်ရှိတဲ့ ဂိုဒေါင်တစ်ခုပါပဲ။ တစ်နေရာရာကနေ စန္ဒရားတီးနေတဲ့ အသံကိုလည်း ကြားနေရတာပေါ့။

“ကျွန်တော် ရောက်ပြီဗျို့”

ဂန်ဟွမ် က မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ရဲ့ ဇာတ်တိုက်ခန်းထဲကို ဝင်သွားတာပေါ့။ ဇာတ်တိုက်ခန်း ဆိုပေမဲ့ တကယ်တမ်းကျတော့ နည်းနည်း သေးနေသလိုပဲ။ မှန်တွေ ဘာတွေ ရှိပေမဲ့ အခန်းရဲ့ တစ်ဖက်မှာ ရှိနေတဲ့ စားပွဲကြီးကြောင့် ဇာတ်တိုက်ဖို့အတွက် နည်းနည်းတော့ ခက်ခဲနေတာပေါ့။ အဲဒီ စားပွဲမှာ ထိုင်နေတဲ့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မာရူး သတိထားမိလိုက်တယ်။

“အော်... လက်ဗလာနဲ့ လာတာလား”

အဲဒါ လီဂျွန်မင်း ပဲ။ သူ့ဘေးမှာတော့ အိတ်ကပ်တွေ အများကြီးပါတဲ့ ကုတ်အင်္ကျီတွေ ဝတ်ထားတဲ့ အမျိုးသား နှစ်ယောက် ရှိနေတာပေါ့။

“လက်ဗလာ ဟုတ်လား... ဘယ်ကသာ၊ ဒီမှာ လက်ဆောင်ကြီး ပါလာတာပဲလေ”

ဂန်ဟွမ် က ပြောရင်းနဲ့ မာရူး ကို အရှေ့ကို တွန်းထုတ်လိုက်တယ်။ မာရူး လည်း အလိုက်သင့်လေး နှုတ်ဆက်လိုက်တာပေါ့။

“မင်္ဂလာပါ”

“မတွေ့တာ ကြာပြီနော်”

“ဟုတ်ကဲ့ ခင်ဗျာ”

ဂျွန်မင်း က လက်ကို ခဏလောက် မြှောက်ပြလိုက်ပြီး သူတို့နှစ်ယောက်ကို စားပွဲနဲ့ နည်းနည်းဝေးတဲ့ နေရာမှာ စောင့်ခိုင်းလိုက်တယ်။

“စက်ပိုင်းဆိုင်ရာ စမ်းသပ်မှု လုပ်နေတုန်းမှာ တန်း C က မီးတွေကို ပြန်စစ်ကြည့်ပါဦး”

“ဟုတ်ကဲ့ပါ”

“ဂိုဒေါင်ထဲက တိပ်ခွေတွေကိုလည်း သွားကြည့်ဦး။ ကြည့်ရတာ အပေါ်က စာသားတွေက ဖတ်ရခက်နေပြီ ထင်တယ်”

“ကျွန်တော်တို့ အသစ်လဲလိုက်ပါ့မယ်”

ဂျွန်မင်း က စင်တင် နည်းပညာရှင်တွေနဲ့ စကားပြောနေပုံရတယ်။ အထူးသဖြင့် သူ့အရွယ်လောက် ရှိမယ့် အဖိုးကြီးတစ်ယောက်နဲ့ စကားပြောနေပြီး ဘေးက လူငယ်လေးကတော့ မှတ်စုတွေကို အပြင်းအထန် လိုက်ရေးနေတာပေါ့။ ကြည့်ရတာ ဆရာနဲ့ တပည့် ဖြစ်ပုံရပါတယ်။ အဲဒီလူငယ်လေးက တကယ်ကို ငယ်ပုံရတယ်လေ။ တက္ကသိုလ် ပထမနှစ် ကျောင်းသားအရွယ်လောက်ပဲ ရှိဦးမှာပါ။ ဒီလောကထဲကို စောစောစီးစီး ရောက်နေတာလား ဒါမှမဟုတ် ရုပ်ကပဲ နုနေတာလားတော့ မသိဘူးပေါ့။

“ဒီလောကမှာလည်း မျိုးဆက်သစ်တွေ ပြောင်းလဲနေပြီပဲ” လို့ ဂန်ဟွမ် က တိုးတိုးလေး ကပ်ပြောတယ်။

ပြဇာတ်တွေပေါ့... ပြဇာတ်ဆိုတာက သာမန်ရုပ်ရှင်တွေထက် ပိုပြီးတော့ ခန့်ညားထည်ဝါသလို ခံစားရတယ်။ ရုပ်ရှင်ဆိုတာကတော့ ကြိုက်တဲ့နေ့မှာ သွားကြည့်လို့ ရပေမဲ့ ပြဇာတ်တွေကတော့ ထူးထူးခြားခြား အခါသမယတွေအတွက် ရှိနေသလိုမျိုးပဲ။ သာမန်လူတွေလည်း အဲဒီလိုပဲ တွေးကြလိမ့်မယ်လို့ မာရူး တွေးမိတယ်။ စာရင်းအင်းတွေကလည်း အဲဒီအတိုင်း သက်သေပြနေတာပဲလေ။ ပြဇာတ်တွေက ရုပ်ရှင်တွေထက် ဈေးကြီးရုံတင်မကဘဲ သွားကြည့်ဖို့ ဆုံးဖြတ်ရတာလည်း ပိုပြီး ခက်ခဲတာပေါ့။

“အဲဒါကြောင့်ပဲ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ပြန်ဖွင့်တာက တကယ်ကို အဓိပ္ပာယ်ရှိတာပေါ့။ ပြဇာတ်သက်သက်အတွက်ပဲ ရည်ရွယ်တဲ့ အဆောက်အအုံကြီးကို ပြန်ဖွင့်တာလေ။ ဒါသာ အောင်မြင်သွားရင် မြောင်ဒုံ က အနုပညာရဲ့ ဗဟိုချက်မကြီး ပြန်ဖြစ်လာဦးမှာ”

ဂန်ဟွမ် က လျှို့ဝှက်ဆန်းပြားတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်။ သူက ခပ်ပေါ့ပေါ့ ပြက်လုံးတွေ ပြောတတ်သလို တစ်ခါတလေလည်း မရေရာတာတွေ လုပ်တတ်ပေမဲ့ အထင်သေးလို့တော့ မရပါဘူး။ အိပ်မက်သမား တစ်ယောက်ပေါ့... မာရူး ရဲ့ အမြင်မှာတော့ အဲဒီလူက အဲဒီလိုပါပဲ။

‘မိမိအိပ်မက်ကို လက်တွေ့ဖြစ်အောင် လုပ်နိုင်တဲ့ အိပ်မက်သမားပေါ့’

အနာဂတ်မှာတော့ အဲဒီလူကပဲ ဂွန်ဆူ လို့ ခေါ်တဲ့ ထိပ်တန်းစတားကြီးကို ပြဇာတ်လောကထဲကို ပြန်ခေါ်လာမှာလေ။ အဲဒီအချိန်တုန်းက လက်မှတ်တွေက ဒေါ်လာ ၄၀၀ အထိ ပေါက်ဈေး ရှိခဲ့တာကို မာရူး မှတ်မိနေသေးတယ်။ သူ့မိန်းမတောင် အဲဒီပြဇာတ်ကို အရမ်းကြည့်ချင်လို့ ပူဆာခဲ့ဖူးတာပေါ့။ အဲဒီတုန်းက သတင်းတွေကိုလည်း သူ မှတ်မိနေပါတယ်။ ဒီလူနှစ်ယောက်ကြောင့် လူငယ်မျိုးဆက်သစ်တွေက ပြဇာတ်ရုံတွေဆီကို အလုံးအရင်းနဲ့ လာခဲ့ကြတာကိုလေ။

“ဒါက အောင်မြင်မှာပါ”

“ဟားဟား... အဲဒီလို ပြောလိုက်တော့ ငါလည်း ယုံကြည်မှုတွေ တိုးလာပြီဗျာ”

ဂန်ဟွမ် က ပြုံးရင်းနဲ့ မာရူး ရဲ့ လက်မောင်းကို တစ်ချက် တွတ်လိုက်တယ်။

“ဒါဆို မင်းကိုပဲ အပ်ထားလိုက်တော့မယ်နော်”

“နောက်ဆုံး စစ်ဆေးမှုတွေ လုပ်တဲ့အချိန်ကျမှ တွေ့ကြတာပေါ့”

စားပွဲမှာ ရှိနေတဲ့ လူနှစ်ယောက်လည်း စကားပြောလို့ ပြီးသွားကြပြီ။ ဂန်ဟွမ် က ကုတ်အင်္ကျီဝတ်ထားတဲ့ အဖိုးကြီးကို အရင်ဆုံး နှုတ်ဆက်လိုက်တယ်။ မာရူး လည်း လိုက်ပြီး နှုတ်ဆက်လိုက်တာပေါ့။

“အာ... သရုပ်ဆောင် ယန် မတွေ့တာ ကြာပြီနော်”

“ကျွန်တော် အလုပ်များနေလို့ပါ”

“ကြားပါတယ်ဗျာ။ သုံးလလောက် ပျောက်သွားတာလား။ အဲဒီလိုမျိုးတွေတော့ မလုပ်ပါနဲ့ဦး။ ဘေးက လူတွေကို စိတ်မပူအောင် ထားစမ်းပါ”

“ဟုတ်ကဲ့ပါ။ ဒါနဲ့... ဆရာက ဒီကို အပြီးပြောင်းလာဖို့ စီစဉ်နေတာလား”

“ဟုတ်တယ်။ စက်ကိရိယာ အသစ်တွေက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းနေတာကိုး။ ဒီနေရာက တကယ် ကောင်းတယ်ဗျ။ တစ်ခါလောက် စင်ပေါ်ကို လာခဲ့ဦးလေ။ အလင်းအမှောင်နဲ့ အသံပိုင်းဆိုင်ရာ စက်ကိရိယာတွေက တကယ့်ကို ထိပ်တန်းတွေပဲ”

“ကျွန်တော် သရုပ်ဆောင်ဖို့ လာတဲ့အခါကျမှပဲ ကြည့်လိုက်ပါတော့မယ်”

“မင်းက အဲဒီလို လုပ်လို့ရဦးမှာမို့လို့လား။ အခု ဒီမှာ ကြိုတင်စာရင်းပေးထားတာတွေက ဘရော့ဒ်ဝေးက အဖွဲ့တောင် တစ်နှစ်လောက် စောင့်ရမယ့် အခြေအနေမျိုး ဖြစ်နေတာကို”

“အဲဒီလောက်တောင်လား”

“လူတိုင်းက အကြာကြီး စောင့်နေခဲ့ကြတာကိုး”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး ခဏလောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ အဲဒီအချိန်မှာပဲ မာရူး လည်း ခုနက လူငယ်လေးနဲ့ နှုတ်ဆက်လိုက်တာပေါ့။

“အာ... ဒါနဲ့ ဒီကလေးက ဘယ်သူလဲ” လို့ အဖိုးကြီးက မေးလိုက်တယ်။

“မျိုးစေ့လေး တစ်ခုပါ”

“မျိုးစေ့ ဟုတ်လား။ မင်းက အဲဒီလိုမျိုးတွေ ပျိုးထောင်ရမယ့် အရွယ် ရောက်နေပြီလား”

“ကျွန်တော်လည်း အသက်ကြီးလာပြီလေ”

“မင်းက အသက်ကြီးပြီဆိုရင် ငါကတော့ သင်္ချိုင်းထဲ ရောက်နေပြီပေါ့။ အာ... မင်းတို့ အချင်းချင်းလည်း သေသေချာချာ နှုတ်ဆက်ထားကြဦးလေ။ နောက်ကျရင် ပြန်တွေ့ကြမှာလည်း ဖြစ်နိုင်တာပဲ”

အဖိုးကြီးက လူငယ်လေးကို ဆွဲခေါ်လိုက်တဲ့အခါ လူငယ်လေးက မာရူး ကို အူကြောင်ကြောင်လေး ကြည့်နေတာပေါ့။ မာရူး က တစ်ဖက်လူ လက်ကမ်းလာမှာကို စောင့်နေပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိတာကြောင့် သူပဲ အရင်ဆုံး လက်ကမ်းပေးလိုက်တယ်။ နည်းနည်းတော့ ရိုင်းသလို ဖြစ်နေပေမဲ့လည်း သူ ဘာတတ်နိုင်မှာလဲ။

“မင်္ဂလာပါ၊ ကျွန်တော် ဟန်မာရူး ပါ”

အဲဒီကျမှ လူငယ်လေးက “အာ” လို့ အသံထွက်ပြီး မာရူး ရဲ့ လက်ကို ဆွဲလိုက်တာပေါ့။

“မင်္ဂလာပါ၊ ကျွန်တော် ယွန်းမင်းထေး ပါ”

“ဟေ့... မင်းထေး၊ ဘာလို့ လက်နှစ်ဖက်လုံးနဲ့ ဆွဲနေတာလဲ။ မင်းက သူ့ထက် အသက်ကြီးတာကို”

အဖိုးကြီးက မင်းထေး ကို ပြန်ဆွဲလိုက်တော့ သူက အနေခက်သလိုမျိုး ပြုံးပြရှာတယ်။

“ကဲ... ဒါဆိုရင်တော့ နောက်မှ တွေ့ကြတာပေါ့ သရုပ်ဆောင် ယန်”

“ဟုတ်ကဲ့၊ နောက်မှ တွေ့ကြတာပေါ့”

အဖိုးကြီးနဲ့ လူငယ်လေးလည်း နှုတ်ဆက်ပြီး ထွက်သွားကြပြီ။ မာရူး က ခုနက မင်းထေး ဆွဲခဲ့တဲ့ သူ့လက်ကို ပြန်ကြည့်လိုက်မိတယ်။ တစ်မျိုးကြီးပဲ... အဖိုးကြီး ပြောခဲ့သလို သူတို့တွေ တကယ်ပဲ ပြန်တွေ့ကြဦးမလားလို့ တွေးနေမိတာပေါ့။

“ဟေ့... မင်းတို့နှစ်ယောက်။ အဲဒီမှာ အူကြောင်ကြောင် ရပ်မနေဘဲ ဒီကို လာခဲ့ကြစမ်း”

ဂျွန်မင်း က စားပွဲကို ဘောပင်နဲ့ တစ်ချက် ခေါက်ပြီး လှမ်းခေါ်လိုက်တယ်။

* * * * * * * * *

ဟန်ဘာဒါ က အဝတ်အစားလဲပြီးမှ သူ့အစ်ကိုရဲ့ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တယ်။

“သူ မရှိပြန်ဘူး”

အခုတလော သူမ အစ်ကို ကို မတွေ့ရတာ ကြာပြီ။ သူက ည ၁၁ နာရီကျော်မှ အိမ်ပြန်ရောက်တတ်သလို စနေ၊ တနင်္ဂနွေတွေမှာလည်း မနက်အစောကြီး အပြင်ထွက်သွားတတ်တာလေ။ အိမ်တစ်အိမ်တည်းမှာ အတူနေနေတာတောင် အစ်ကို့ရဲ့ မျက်နှာကို မမြင်ရတာ သုံးလလောက် ရှိနေပြီ။ တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပါပဲ။

ဘာဒါ က အခန်းထဲကို ဝင်သွားပြီး စာအုပ်စင်ပေါ်က ‘ဘဝရဲ့ အလေ့အကျင့်များ’ ဆိုတဲ့ စာအုပ်ကို ယူလိုက်တယ်။ စာအုပ်အလယ်ကို ဖွင့်ကြည့်လိုက်တော့ ဝမ်တစ်သောင်းတန် အတော်များများကို တွေ့လိုက်ရတာပေါ့။

“ကျေးဇူးပဲ အစ်ကို”

‘ပိုက်ဆံလိုရင် အမေ့ဆီ မတောင်းဘဲ ဒီကိုပဲ လာခဲ့။ ဘာအတွက် သုံးတယ်ဆိုတာကိုပဲ ရေးထားပေးပါ -’

အဲဒီတုန်းက အစ်ကို ပြောခဲ့တဲ့ နတ်သားလေးလို စကားလုံးတွေကို ပြန်တွေးမိပြီး ဘာဒါ ပြုံးလိုက်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင်တော့ သူမ အစ်ကိုက မိစ္ဆာတစ်ကောင်လိုပဲ။ မုန့်တွေဝယ်ခိုင်းပြီး အော်ဟစ်နေတတ်သလို ကွန်ပျူတာ လုသုံးရင်းနဲ့လည်း နေ့တိုင်း ရန်ဖြစ်နေကြတာလေ။ အဲဒီတုန်းကတော့ သူတို့က ရာစုနှစ်ရဲ့ ပြိုင်ဘက်တွေပါပဲ။ ဒါပေမဲ့ အခုတော့ သူက လုံးဝကို ပြောင်းလဲသွားခဲ့ပြီ။ အစပိုင်းမှာတော့ ဒီလို ပြောင်းလဲမှုကြီးကို သူမ နည်းနည်းတော့ ထူးဆန်းနေပေမဲ့ အခုတော့ အသားကျသွားပါပြီ။ သူမ သူငယ်ချင်းတွေကိုတောင် အစ်ကို့အကြောင်း ကြွားနေမိတာပေါ့။

ဘာဒါ က ပိုက်ဆံယူလိုက်ပြီး စာအုပ်ထဲက စတစ်ကာ စာရွက်လေးပေါ်မှာ “သူငယ်ချင်းတွေနဲ့ မြောင်ဒုံ သွားတယ်” လို့ ရေးထားခဲ့လိုက်တယ်။ ပြီးတော့ စာအုပ်ကို စင်ပေါ် ပြန်တင်လိုက်တာပေါ့။ အဲဒီအချိန်မှာပဲ ဖုန်းမြည်လာတယ်။

“အင်း... ဟျဲဂျီ ပြောလေ”

ငါတို့ ဘူတာရုံ ရောက်နေပြီ၊ မြန်မြန်ထွက်ခဲ့တော့ -

“အေးအေး၊ လာပြီ”

မြောင်ဒုံ မှာ လှပတဲ့ အဝတ်အစားဆိုင်တွေ အများကြီးရှိတယ်လို့ ကြားထားတာကြောင့် သူမ သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီနေရာကို သူမ ပထမဆုံးအကြိမ် သွားဖူးတာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေတာပေါ့။ အပြင်မထွက်ခင်မှာ သူမရဲ့ ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်လိုက်တယ်။ အဝတ်အစားဝယ်ဖို့ သူမ စုထားတဲ့ ပိုက်ဆံတွေနဲ့ ခုနက စာအုပ်ထဲက ယူလာတဲ့ ပိုက်ဆံတွေကို တွေ့လိုက်ရတာပေါ့။

‘အင်း...’

အစ်ကို့အတွက်လည်း တစ်ခုခု ဝယ်ပေးရရင် ကောင်းမလား။ သူမအတွက် အဝတ်အစားဝယ်ဖို့ ပိုက်ဆံ နည်းနည်း လျော့သွားမှာ ဖြစ်ပေမဲ့ အစ်ကို့ကိုတော့ တစ်ခုခု ပြန်ပေးချင်နေမိတာလေ။

“မြောင်ဒုံ... ဟုတ်လား”

ဘာဒါ က ပြုံးရွှင်တဲ့ မျက်နှာလေးနဲ့ ဘူတာရုံဆီကို ပြေးထွက်လာခဲ့တော့တာပေါ့။

* * * * * * * * *

“တကယ်ကြီးလား”

ဂျောင်ချန်ဟူး က မယုံကြည်နိုင်ဖြစ်နေတဲ့ သူ့သူငယ်ချင်းကို ခေါင်းညိတ်ပြလိုက်တယ်။

“အေး... ငါ အစ်မဂွန်ဆွန်း ကို လာခဲ့ဖို့ ပြောလိုက်တာ တကယ်ကြီး လာတာကွ”

“ဝိုး... ချန်ဟူး၊ မင်းကတော့ တကယ်ကို အရည်အချင်းရှိတာပဲ”

“မင်းလည်း သိတာပဲ၊ ငါက စကားပြောကောင်းတယ်လေ။ သူ နားထောင်ချင်တဲ့ စကားတွေကို ပြောပေးလိုက်ရင် အကုန် အဆင်ပြေတာပဲ”

“မင်း သူ့ကို ရအောင် ယူမှာလား”

“သူက အဲဒီလောက်တော့ မလွယ်ဘူးကွ။ ဒါပေမဲ့ သူနဲ့ တွဲသွားတွဲလာ လုပ်ရတာတော့ ပျော်ဖို့ကောင်းပါတယ်။ သူ့မှာ ပိုက်ဆံလည်း အများကြီး ရှိတယ်လေ”

“အဲဒါတော့ ဟုတ်တယ်၊ ပိုက်ဆံရှိတဲ့သူတွေက အကောင်းဆုံးပဲ”

ချန်ဟူး က ဂိမ်းဆိုင်ထဲမှာ စကားပြောနေတဲ့ သူ့သူငယ်ချင်းကို တားလိုက်ပြီး စီးကရက်ကို မီးသတ်ကာ ဖုန်းဖြေလိုက်တယ်။

“အော်... အစ်မ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့... ကျွန်တော် အားပါတယ်ဗျ။ လာခဲ့ရမလား။ တကယ်လား။ အစ်မ ဒီနေ့ အားတာလား။ ဟုတ်ကဲ့... ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်။ အစ်မ သူငယ်ချင်းတွေလည်း ပါတာလား။ ကျွန်တော့် သူငယ်ချင်းတွေကိုရော ခေါ်လာလို့ ရမလားဟင်။ ဟုတ်ကဲ့... ဟုတ်ကဲ့။ အစ်မပဲ ရှင်းမှာလား။ ဝိုး... အစ်မက အကောင်းဆုံးပဲဗျာ။ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်။ ဘယ်ကို လာရမလဲ”

ချန်ဟူး က ဖုန်းအကြာကြီး ပြောပြီးတဲ့နောက် ဖုန်းချလိုက်တယ်။

“ဟေ့ရောင်တွေ... မြောင်ဒုံ ကို သွားကြရအောင်”

“ဘာလို့လဲ”

“သူ လာခဲ့ဖို့ ပြောနေတာ။ ဒီနေ့ ငါတို့ ကံကောင်းချင် ကံကောင်းနိုင်တယ်ဟေ့”

“ငါတို့ရောလား”

“ဒါပေါ့... မင်းတို့က ငါ့သူငယ်ချင်းတွေပဲလေ”

“ဟေး...”

သူတို့ သုံးယောက်လုံး ဂိမ်းဆိုင်ထဲကနေ အမြန်ပဲ ထွက်လာခဲ့ကြတော့တာပေါ့။

All Chapters