← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း(၉၇)

ဘာဒါ ရဲ့ အကြည့်တွေက ဝတ်ဖဲလ်ဆိုင်ထဲက ကြောက်စရာကောင်းတဲ့ လူနဲ့ ဆုံသွားတာပေါ့။

‘ဝိုး...’

ဒါက လူမိုက်တွေရဲ့ ပုံစံပေါ့လေ။ ဘာဒါ က ကျောင်းမှာ တော်တော်လေး ခေါင်းမာပြီး ကလန်ကဆန်လုပ်တတ်တဲ့သူ ဖြစ်ပေမဲ့ အခုတော့ အကြည့်တွေကို မသိမသာ လွှဲလိုက်ရတာပေါ့။

“သူ ငါတို့ပြောတာ ကြားသွားပြီ ထင်တယ်”

“သူ ငါတို့ကို ကြည့်နေတုန်းပဲဟ”

“ငါ ပြောသားပဲ၊ အသံတိုးတိုးပြောပါဆိုတာကို”

သူ့သူငယ်ချင်းတွေလည်း အသံကို ချက်ချင်း နှိမ့်လိုက်ကြတာပေါ့။ အနည်းဆုံးတော့ အဲဒီလူက ဆိုင်ထဲမှာ သူတို့ကို ဘာမှ လုပ်မှာ မဟုတ်ဘူးလေ။

“ရပါပြီရှင်၊ ဝတ်ဖဲလ်တွေ ရပါပြီ”

ဝန်ထမ်းက သူတို့ကို စက္ကူအိတ်လေး ကမ်းပေးလိုက်တာပေါ့။ ဘာဒါ က အိတ်ကို ယူပြီး ဆိုင်ထဲကနေ မြန်မြန် ထွက်လာခဲ့တော့တာပေါ့။ သူတို့တစ်ဖွဲ့လုံး ဆိုင်ပြင်ရောက်တာနဲ့ တတ်နိုင်သမျှ ဝေးဝေးကို မြန်မြန်လေး ခြေလှမ်းပြင်လိုက်ကြတာလေ။

* * * * * * * * *

“အေးပါကွာ”

သူက ကိုက်စားမယ့်ရုပ် ပေါက်နေလို့လား။ အဲဒီကောင်မလေးတွေက သူ့ကို လူမိုက်တစ်ယောက်လို ကြည့်သွားတာလေ။ ဒါပေမဲ့လည်း သူ့မျက်လုံးတွေက တကယ်ကို ကြောက်စရာကောင်းနေတာကိုး။ မျက်လုံးကြီးတွေက ပြူးထွက်နေတာလေ။ အဲဒါက သူ့အမေဆီကနေ အမွေရထားတဲ့ အချက်ပေါ့။

“ဒီမှာ ဝတ်ဖဲလ်”

ဒိုဝူး က ဝတ်ဖဲလ်ကို ယူပြီး အပြင်ကို ထွက်လာခဲ့တာပေါ့။ သူ့အဖေကလည်း ဖုန်းပြောပြီးလို့ အပြင်မှာ စောင့်နေတာလေ။

“သူက ဟိုဘက်က ကဖေးမှာ ရှိနေတာ”

“ဘယ်သူလဲဗျ”

“သွားကြစို့”

ဒိုဝူး က သူ့အဖေဆီကနေ နေရခက်တဲ့ အပြုံးမျိုးကို သတိထားမိလိုက်တယ်။ ဘယ်သူ ဖြစ်မှာပါလိမ့်။ မာရူး ကြောင့်ပဲ သူ့အဖေနဲ့ ဆက်ဆံရေးက အတော်လေး ကောင်းမွန်လာခဲ့တာလေ။ ပြောရရင် အခုဆို သူတို့တွေ ငါးမျှားတောင် အတူတူ သွားတတ်နေပြီ။ စကား သိပ်မပြောဖြစ်ကြပေမဲ့ အဲဒါက အဆင်ပြေပါတယ်လေ။ သူတို့ကြားက ဆယ်နှစ်စာလောက် ကွာဟနေတဲ့ အခြေအနေကြီးက ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ နီးကပ်သွားလိမ့်မယ်လို့ ဒိုဝူး မမျှော်လင့်ထားခဲ့ဘူး။

‘အဲဒါကြောင့်လည်း အခုကိစ္စကို သူက ငါ့ကို အသေးစိတ် မပြောပြတာနေမှာပါ’

ဒိုဝူး လည်း သူ့အဖေ နောက်ကနေ ကဖေးဆိုင်ထဲကို လိုက်ဝင်သွားခဲ့တော့တာပေါ့။

* * * * * * * * *

“ဒါက မင်း ပုံမှန်စားနေတဲ့ ပုံစံပေါ့”

ဂန်ဟွမ် က အမဲသားတစ်တုံးကို ယူပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်တယ်။

“ဒါပေမဲ့ တချို့လူတွေကျတော့လည်း သရုပ်ဆောင်ချင်ယောင်ဆောင်ပြီး ဒီလိုမျိုး စားပြတတ်ကြတယ်”

ဂန်ဟွမ် က အသားတစ်တုံးကို သိသိသာသာကြီး ကောက်ယူလိုက်တာပေါ့။ သူ့တံတောင်ဆစ်က မိုးပေါ်ကို ထောင်နေတော့ ကြည့်ရတာ တော်တော်လေး နေရခက်တဲ့ ပုံစံမျိုးပေါ့။ သူက အသားတုံးကို ခဏလောက် စိုက်ကြည့်ပြီးမှ ပါးစပ်ထဲ ထည့်လိုက်တာ။ အဓိက ပြကွက်ကတော့ အသားဝါးရင်းနဲ့ “အင်း... ကောင်းလိုက်တာ” လို့ အသံကျယ်ကျယ်ကြီး လုပ်ပြတာပါပဲ။

“မဖြစ်နိုင်တာ” လို့ မာရူး က အသားတစ်တုံး စားရင်း ပြောလိုက်တာပေါ့။

“တကယ် မဟုတ်ဘူးလို့ ထင်ရတယ် မဟုတ်လား။ ဒါပေမဲ့ ဒီလို သရုပ်ဆောင်တဲ့သူတွေ အများကြီး ရှိတာကွ။ ဟုတ်တယ်မလား စီနီယာ”

“အဲဒီလို လူမျိုးတွေ အများကြီး ရှိတာပေါ့”

ဂျွန်မင်း က ဆိုဂျူတစ်ငုံကို မော့လိုက်တာပေါ့။ မာရူး ကတော့ အဲဒါကို ကြည့်ပြီး တကယ့်ကို အံ့သြစရာကောင်းတဲ့ စွမ်းရည်လို့ တွေးနေမိတယ်။ ဒီလူက ဖန်ခွက်သေးသေးလေးထဲက ဆိုဂျူကို ခြောက်ငုံလောက် ခွဲသောက်နေတာလေ။

“လူတွေက အရမ်း စိတ်လှုပ်ရှားနေရင် ပုံစံက ကြောင်တောင်တောင် ဖြစ်သွားတတ်တာ။ စစ်တပ်ထဲမှာလိုပေါ့... မင်းက ငယ်သေးတော့ သိမှာ မဟုတ်ပေမဲ့ လူတွေက ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာကို ရောက်သွားပြီဆိုရင် ငတုံး ဖြစ်သွားတတ်ကြတာလေ”

“ကျွန်တော် နားလည်ပါတယ်”

ဂျွန်မင်း ရဲ့ စကားတွေက သူ့အတွက် နားလည်ရ လွယ်ကူတာပေါ့။ စစ်တပ်ထဲမှာ တကယ့်ကို ထူးထူးဆန်းဆန်း လုပ်တတ်တဲ့လူတွေကို သူ မြင်ဖူးတာကိုး။

“လခွမ်း၊ တကယ်ကြုံတော့မှ အဲဒီစကားကို ပြောစမ်းပါ” လို့ ဂန်ဟွမ် က ရယ်ရင်း ပြောလိုက်တာပေါ့။

“ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်တွေက နေရခက်တဲ့ အနေအထားမျိုးကနေ အလုပ်လုပ်ရတာ။ သူတို့ ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာကို အမြဲ သတိထားနေရတယ်၊ ဒါပေမဲ့ သူတို့က အဲဒီအပေါ်မှာပဲ အာရုံရောက်နေရင် သရုပ်ဆောင်တာက ကောင်းမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အရမ်းကြီး ပေါ့ပေါ့ပါးပါး လုပ်လိုက်ပြန်ရင်လည်း အသေးအဖွဲ အမှားလေးတွေ လုပ်မိတတ်ကြတာ။ အဲဒီတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ရသလို တစ်ဖက်မှာလည်း သဘာဝကျနေအောင် လုပ်ရတာပေါ့။ တကယ်ကို ထူးဆန်းတဲ့ အလုပ်ပါပဲ”

“ဒါဆို ဆရာကရော ဘယ်လို အခြေအနေမှာ ရှိလဲ”

“ငါလား... ငါကတော့ အခုထိ အသစ်ကလေး တစ်ယောက်ပါပဲကွာ”

တကယ်တော့ ဂန်ဟွမ် ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလောက်အထိ ကြိုးစားစရာ မလိုတော့ဘူးလို့ မာရူး ထင်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလူက သူ့နာမည်နဲ့သူ ပြဇာတ်တစ်ခုမှာ ပါဝင်နိုင်သလို ဝေဖန်ချက်ကောင်းတွေလည်း ရထားတဲ့သူလေ။ အဲဒါက သေးငယ်တဲ့ အောင်မြင်မှုတော့ မဟုတ်ဘူး။

‘အဲဒီလို အမြင်နဲ့ဆိုရင် ဂျွန်မင်း ကတော့...’

မာရူး က ဂျွန်မင်း ဘက်ကို လှည့်ကြည့်လိုက်တယ်။ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ ဒီလူက အနုပညာလောက တစ်ခုလုံးမှာ တော်တော်လေး နာမည်ကြီးတာလေ။ ပြောရရင် မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ရဲ့ ပထမဆုံး ပြဇာတ်ကိုတောင် သူကပဲ ဒါရိုက်တာ လုပ်နေတာ။ သရုပ်ဆောင်လောကမှာ ဂျွန်မင်း ဆိုတာ တကယ့်ကို ထိပ်တန်းပုဂ္ဂိုလ်ကြီး တစ်ယောက်ပေါ့။

“မင်းက အသစ်ကလေးဆိုရင် ငါကလည်း ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်လို့ ခေါ်ဖို့တောင် မသင့်တော့ဘူးပေါ့” လို့ ဂျွန်မင်း က ပြုံးရင်း ပြောလိုက်တာပေါ့။

“ဟာ... မဟုတ်တာ စီနီယာရယ်။ ကောင်းပါပြီ၊ ကျွန်တော်က စီနီယာ့ထက် သရုပ်ဆောင် နည်းနည်း ပိုတော်တယ်လို့ပဲ ထားလိုက်ပါတော့”

ဂန်ဟွမ် က ရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာပဲ ပြောနိုင်တဲ့ စကားမျိုးကို အေးအေးဆေးဆေး ပြောလိုက်တာပေါ့။ ဂျွန်မင်း ကလည်း အဲဒါကို ပြန်မပြောဘဲ ရယ်ရယ်မောမောပဲ လက်ခံလိုက်တာ။ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းမွန်တာ သိသာနေတာလေ။

“ငါက နာမည်မရှိတဲ့ သရုပ်ဆောင် တစ်ယောက်ထက်တော့ ပိုတော်တာ သေချာပါတယ်။ ငါလည်း တစ်ချိန်က ပြဇာတ်မှာ အဓိကနေရာက သရုပ်ဆောင်ချင်ခဲ့တာပေါ့၊ ဒါပေမဲ့ အခုတော့ လုပ်နေတာတွေက လုံးဝ တခြားစီ ဖြစ်နေပြီ။ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် နောင်တ မရပါဘူး၊ ဒါပေမဲ့ ‘ငါသာ အဲဒီလို လုပ်ခဲ့ရင်’ ဆိုတဲ့ အတွေးမျိုးတော့ ခဏခဏ ဝင်လာတတ်တာပေါ့”

“သရုပ်ဆောင်ချင်တဲ့ အချိန်ရှိရင် ကျွန်တော့်ကို အချိန်မရွေး ပြောပါ စီနီယာ။ ရွာသား ၁ လို နေရာမျိုးတော့ ကျွန်တော် ပေးနိုင်ပါတယ်”

ဂန်ဟွမ် က ပြုံးပြုံးလေးနဲ့ ဂျွန်မင်း ရဲ့ ဖန်ခွက်ထဲ ဆိုဂျူ ဖြည့်ပေးနေတုန်းမှာပဲ မာရူး က အသားတွေ တူးမသွားအောင် အသာလေး လှန်ပေးနေတာပေါ့။

“မင်း ဂန်ဟွမ် ဆီကနေ သင်ယူစရာတွေ အများကြီး ရှိလိမ့်မယ်။ သူက စနောက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောတတ်ပေမဲ့ သရုပ်ဆောင်တဲ့ နေရာမှာတော့ တကယ့်ကို ပါရမီပါတဲ့သူပဲ”

“ဟုတ်ကဲ့ပါ”

အဲဒီအချိန်မှာပဲ ဂျွန်မင်း က သူ့ဖုန်းကို ကိုင်ပြီး ထရပ်လိုက်တယ်။ စကား နည်းနည်း ပြောပြီးတဲ့နောက်မှာ သူက ဂန်ဟွမ် ကို တစ်ချက် ကြည့်လိုက်တာပေါ့။

“ဒီမှာ ခဏလောက် နေခဲ့ဦး။ ငါတို့ ခဏနေရင် ပြန်လာခဲ့မယ်”

သူတို့ နှစ်ယောက် ဝိုင်းကနေ ခဏလောက် ထွက်သွားကြတာပေါ့။ မာရူး က ခုနက သူတို့ ပြောသွားတဲ့ စကားတွေကို ပြန်စဉ်းစားပြီး အသုံးဝင်မယ့် အချက်အလက်တွေကို မှတ်သားနေမိတယ်။

အသက် ၄၅ နှစ်အရွယ် လူတစ်ယောက် အနေနဲ့တော့ မာရူး က အဲဒီလူ နှစ်ယောက် ပြောသွားတာကို အပြည့်အစုံကြီးတော့ သဘောမတူနိုင်ဘူးလေ။ သူ စဉ်းစားနေတုန်းမှာပဲ သူ့နောက်ဘက်ကနေ ဆူညံသံကြီး ထွက်လာတာပေါ့။ ယောကျ်ားလေးတွေ မိန်းကလေးတွေရဲ့ အော်ဟစ်သံတွေကြောင့် ဆိုင်ထဲမှာ ဆူညံသွားပြီး မာရူး ရဲ့ အေးအေးဆေးဆေး စားသောက်နေတဲ့ အချိန်လေးလည်း ပျက်စီးသွားတာပေါ့။

“အစ်မကြီးက ကျွေးမှာတဲ့ဟေ့”

“ဝိုး... အစ်မကြီးကတော့ အကောင်းဆုံးပဲ”

“ဟေ့... မှာလို့ ရပြီလားဗျို့”

အဲဒီအဖွဲ့က သီးသန့်ခန်းထဲကို ဝင်သွားကြတာပေါ့။ မာရူး ကတော့ သူတို့ကို ဂရုမစိုက်ဘဲ အသားကင်တာကိုပဲ ဆက်လုပ်နေလိုက်တာလေ။

* * * * * * * * *

“နေဦး... အဲဒါ မာရူး မဟုတ်လား”

“အေး ဟုတ်တယ်”

ချန်ဟူး ရဲ့ သူငယ်ချင်း တစ်ယောက်က အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်တာပေါ့။ မာရူး က ဝိုင်းလေးတစ်ခုမှာ တစ်ယောက်တည်း အသားကင်နေတာကို သူတို့ တွေ့လိုက်ရတာလေ။

“ဒါက တကယ့်ကို အံကိုက်ပဲ”

သူတို့ ကြည့်နေတုန်းမှာပဲ ဦးထုပ်ဆောင်းထားတဲ့ လူကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်က မာရူး ဘေးမှာ ဝင်ထိုင်လိုက်ကြတာပေါ့။

“အဲဒါ သူ့အဖေလား”

“ဖြစ်မှာပေါ့”

ချန်ဟူး က မာရူး ရဲ့ နောက်ကျောကို ခဏလောက် စိုက်ကြည့်နေပြီးမှ သူ့သူငယ်ချင်းတွေကို ပြုံးပြီး တွန်းလိုက်တာပေါ့။

“ဟေ့... ပိုက်ဆံ သွားရှာရအောင်”

“ပိုက်ဆံ ဟုတ်လား”

သူ့သူငယ်ချင်းတွေက ချန်ဟူး ဘာကို ပြောချင်တာလဲဆိုတာ ချက်ချင်း သဘောပေါက်သွားကြတာပေါ့။

“အစ်မ... ကျွန်တော်တို့ ခဏ သွားဦးမယ်နော်။ သူငယ်ချင်း တစ်ယောက်နဲ့ သွားစကားပြောမလို့”

“သူငယ်ချင်း ဟုတ်လား”

“ဟုတ်တယ်၊ ဟိုက ကောင်လေးလေ။ ခဏလေးပဲနော်”

ချန်ဟူး နဲ့ သူ့သူငယ်ချင်းတွေက မာရူး ဆီကို လမ်းလျှောက်သွားပြီး မာရူး ရဲ့ ကျောကို ခင်မင်သလိုလိုနဲ့ ပုတ်လိုက်တာပေါ့။

“မာရူး”

ဒီကောင်လေးက အစပိုင်းမှာ တော်တော်လေး ဆိုးပေမဲ့ အခုတော့ တော်တော်လေး ငြိမ်နေတာလေ။ မာရူး က ချန်ဟူး ကို လှည့်ကြည့်လိုက်တာပေါ့။

“အေး”

ဒီကောင်လေးက သိပ်ပြီး အံ့သြသွားပုံ မရဘူး။ ချန်ဟူး က မာရူး ရဲ့ မျက်နှာအမူအရာကို သဘောမကျပေမဲ့ ပြုံးပြုံးလေးပဲ ဆက်ပြောလိုက်တာပေါ့။

“မင်္ဂလာပါ၊ ကျွန်တော်တို့က မာရူး ရဲ့ သူငယ်ချင်းတွေပါ”

လူကြီးက ခေါင်းငြိမ်လိုက်ပြီး တခြားတစ်ယောက်ကတော့ ပြုံးပြုံးလေး နှုတ်ဆက်တာပေါ့။

“ဒါနဲ့ မာရူး... ငါ မင်းကို ပြောစရာ ရှိလို့။ ခွင့်ပြုပါဦးနော်၊ ကျွန်တော်တို့ မာရူး နဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်”

သူက လူကြီးတွေ မမြင်အောင် မာရူး ရဲ့ ပုခုံးကို နည်းနည်း ကြမ်းကြမ်းတမ်းတမ်းလေး တွန်းလိုက်တာပေါ့။ မာရူး က သူ့ရဲ့ တူကို ချလိုက်ပြီး ထရပ်လိုက်တာလေ။

“ခဏနေရင် ပြန်လာခဲ့မယ်”

သူက ဒီလောက်အထိ အလိုက်သင့် လုပ်ပေးတာကို ကြည့်ပြီး ချန်ဟူး သဘောကျသွားတာပေါ့။ ချန်ဟူး က အဆောက်အအုံ ပြင်ပက အိမ်သာဆီကို ပြုံးပြုံးကြီး လမ်းဦးဆောင်သွားတာလေ။ သူက မာရူး ကို အိမ်သာခွက်တွေနားမှာ ရပ်ခိုင်းလိုက်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ဝိုင်းထားလိုက်တာပေါ့။

“ဟေး... မာရူး။ အပြင်မှာ မင်းကို တွေ့ရတာ ဝမ်းသာစရာပဲနော်”

“ငါတို့က အဲဒီလောက်အထိ ရင်းနှီးတဲ့ သူငယ်ချင်းတွေ မဟုတ်ပေမဲ့ မင်းက ငါ့ကို တွေ့ရလို့ ဒီလောက်အထိ ပျော်နေတာကိုတော့ ဝမ်းသာပါတယ်”

“ဟား... မင်းက စကားကို တော်တော်လေး လှလှပပ ပြောတတ်တာပဲနော်”

ချန်ဟူး က မာရူး ရဲ့ ပါးကို လက်ဖမိုးနဲ့ အသာလေး ပုတ်လိုက်တာပေါ့။ ဒီကောင်လေးရဲ့ ရင်ထဲမှာ တော်လှန်ချင်တဲ့ စိတ်တွေ ရှိနေပုံ ရတာလေ။ ဒီလို လူမျိုးတွေက မင်းက သူတို့ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လိုက်မှ ပြန်တိုက်ခိုက်ဖို့ ကြိုးစားတတ်ကြတာ။ အဲဒီတော့ သူတို့ကို ဖြည်းဖြည်းချင်းပဲ နှိပ်စက်ပြီး အရှုံးပေးသွားအောင် လုပ်ရမှာပေါ့။ မာရူး က ချန်ဟူး ရဲ့ လက်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း ချလိုက်တာကို ကြည့်ပြီး ချန်ဟူး ပြုံးလိုက်မိတာပေါ့။

“မာရူး... ငါတို့က သူငယ်ချင်းတွေ မဟုတ်လား”

“အေး၊ ဟုတ်တယ်ပဲ ထားလိုက်ပါတော့။ မင်း ဘာလိုချင်လို့လဲ”

“ဟား... မင်းက အရင်အတိုင်းပဲ၊ လိုရင်းကိုပဲ ပြောတတ်တာပဲနော်။ မင်းက တကယ့် သူငယ်ချင်းကောင်းပဲကွာ။ အဲ... ကိစ္စကတော့ ဒီလိုပါ၊ ငါတို့မှာ ပိုက်ဆံ မရှိလို့။ ခုနက မင်း မြင်တယ် မဟုတ်လား။ ငါတို့က လှလှပပ ကောင်မလေးတွေနဲ့ လာတာလေ၊ ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး။ ကောင်မလေးတွေမှာတော့ ပိုက်ဆံ ရှိပါတယ်၊ ဒါပေမဲ့ ငါတို့က ယောကျ်ားလေးတွေလေကွာ၊ မျက်နှာပျက်စရာကြီး မဟုတ်လား။ အဲဒီတော့ အချိုပွဲ စားဖို့လောက်ပဲ ဖြစ်ဖြစ် ပိုက်ဆံလေး နည်းနည်းလောက် လိုချင်လို့ပါ”

ချန်ဟူး က သူ့သူငယ်ချင်းတွေကို မျက်ရိပ်ပြလိုက်တာပေါ့။ တစ်ယောက်က တံခါးကို ပိတ်ထားလိုက်ပြီး နှစ်ယောက်ကတော့ မာရူး ဆီကို တိုးလာကြတာလေ။

“ငါတို့က တကယ့် သူငယ်ချင်းကောင်းတွေမို့လို့ ငါ အခုပဲ ပြောလိုက်မယ်။ ငါတို့ကို ပိုက်ဆံလေး နည်းနည်း ချေးပါဦး။ အဲဒါက မင်းအတွက်လည်း အကောင်းဆုံး ဖြစ်လိမ့်မယ်ဆိုတာ သိတယ် မဟုတ်လား။ အပြင်က လူကြီးတွေကိုလည်း မင်း စိတ်မပူစေချင်ဘူး မဟုတ်လား”

ချန်ဟူး က မာရူး ရဲ့ ပါးကို တစ်ခါ ထပ်ပုတ်လိုက်တာပေါ့။ သူကတော့ မာရူး သာ ငြင်းလိုက်ရင် ဝမ်းဗိုက်ကို ထိုးဖို့ အဆင်သင့်ပဲ။ ချန်ဟူး က အဲဒီနေရာကို ထိုးရတာ သဘောကျတာလေ၊ ဘာလို့လဲဆိုတော့ အပြင်မှာ အမှတ်အသား မထင်လို့ပေါ့။ မာရူး က သူ့မျက်ခုံးကို အေးအေးဆေးဆေးလေး ကုပ်လိုက်ပြီး...

“ဒါဆို မင်း ဘယ်လောက် လိုချင်တာလဲ”

အောင်ပြီလေ။

“ငါတို့က သူငယ်ချင်းတွေဆိုတော့လည်း အများကြီး မတောင်းပါဘူး။ တစ်သိန်းလောက်ဆိုရင် ရပြီ ထင်တာပဲ”

“ဝမ် တစ်သိန်းလား”

“အေး။ အဲဒါက မင်းအတွက်တော့ လွယ်လွယ်လေး မဟုတ်လား”

“အင်း... တစ်သိန်းလား၊ ဟုတ်ပြီလေ”

မာရူး က တိုးတိုးလေး ရေရွတ်ရင်း သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်တာပေါ့။ အထဲက အရာတွေကို မြင်လိုက်ရတော့ ချန်ဟူး တောင် လေချွန်လိုက်မိတာလေ။

‘...ဒီကောင် ဘာလဲဟ’

အထဲမှာ ချက်လက်မှတ်တွေ အများကြီးကို သူ မြင်နေရတာ။ အဲဒီဘေးမှာလည်း တစ်သောင်းတန် အထပ်လိုက်ကြီး ရှိနေတာလေ။

“မင်းက တော်တော် ချမ်းသာတာပဲနော်”

“ဒါပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေဆိုတော့ ငါ အတိုးကို နည်းနည်းပဲ ယူပါ့မယ်။ အတိုးက ၁၀ ရာခိုင်နှုန်း၊ ၁၀ ရက်ခွဲပေးရမယ်။ တစ်ရက်ကို ၁၁,၀၀၀ ဝမ်ပေါ့။ မဆိုးဘူး မဟုတ်လား”

ချန်ဟူး က မာရူး ကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေတာပေါ့။ ဒီကောင် ဘာတွေ လျှောက်ပြောနေတာလဲ။ ၁၀ ရာခိုင်နှုန်းလား။ နေ့စဉ် ပေးဆပ်ရမယ် ဟုတ်လား။ ဘာကြီးလဲ။

“ဟေ့... ဒါက တော်တော် သက်သာတာနော်။ ပုံမှန်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက် ပေးရတာ၊ ငါက မင်းနဲ့ သူငယ်ချင်းမို့လို့ လျှော့ပေးတာ”

မာရူး ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာတာပေါ့။ သူက ချန်ဟူး ကို ချက်လက်မှတ် အဖြူလေး တစ်စောင် ကမ်းပေးလိုက်တာလေ။

“မင်း မယူဘူးလား”

“ဘာ...”

“မယူချင်လည်း ရပါတယ်လေ”

ချန်ဟူး ခဏလောက် စကားမပြောနိုင် ဖြစ်သွားတာပေါ့။ မာရူး က အခုလေးတင်တော့ ပုံမှန် မဟုတ်သလိုပဲ။ ဒါပေမဲ့ ချန်ဟူး က ချက်ချင်းပဲ သတိပြန်ဝင်လာပြီး မာရူး ကို အံကြိတ်ပြီး တွန်းထုတ်လိုက်တာပေါ့။

“ဒီကောင်ကတော့...”

အဲဒီအချိန်မှာပဲ မာရူး က ချက်ချင်း ရှောင်လိုက်ပြီး ချန်ဟူး ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တာလေ။ မာရူး က လက်ကို လိမ်လိုက်တော့ ချန်ဟူး တစ်ယောက် နာလွန်းလို့ အော်လိုက်ရတာပေါ့။

“မင်းက ဘာလို့ တစ်ခုတည်းကိုပဲ မလုပ်တာလဲ။ ပိုက်ဆံနဲ့ ကစားချင်ရင် အဲဒါကိုပဲ လုပ်လေ။ လူတွေကို နှိပ်စက်ချင်ရင်လည်း အဲဒါကိုပဲ လုပ်။ နှစ်ခုလုံး လုပ်ပြီး ငါ့ကို လာပြီး ရှုပ်အောင် မလုပ်နဲ့။ ပြီးတော့ ကလေးကလားတွေလည်း မလုပ်နဲ့တော့။ ပိုက်ဆံလိုရင် အကောင်းအတိုင်း တောင်းလေ။ ငါ အတိုးတော့ ယူမယ်၊ ဒါပေမဲ့ ချေးပေးလို့ ရတာပဲ။ ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်လား”

“အား... အား... ဖယ်စမ်း။ လွှတ်စမ်း”

“သိပ်မအော်နဲ့လေ၊ လူတွေ ရောက်လာလိမ့်မယ်”

မာရူး က အမှိုက်တစ်ခုကို လွှင့်ပစ်လိုက်သလိုမျိုး ချန်ဟူး ရဲ့ လက်ကို လွှတ်လိုက်တာပေါ့။ ချန်ဟူး က သူ့သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်ပေမဲ့ သူတို့ကတော့ ကြောက်လို့ တုန်နေကြတာလေ။

“ဒါကို ယူလိုက်”

မာရူး က သူ့ဘေးနားက သူငယ်ချင်း တစ်ယောက်ကို ပိုက်ဆံ ကမ်းပေးလိုက်တာပေါ့။

“ငါ အတိုး မယူတော့ပါဘူး၊ အချိန်တန်ရင်တော့ ပြန်ပေးပေါ့။ ပြီးတော့ ငါတို့ ဆက်ဆံရေးကို မဖျက်ဆီးပါနဲ့ဦး။ ငါလည်း မင်းတို့နဲ့ အဆင်ပြေပြေ နေချင်တာမို့လို့ပါ”

မာရူး က အိမ်သာထဲကနေ ထွက်လာခဲ့တော့တာပေါ့။

“တောက်... ချီးပဲ”

ချန်ဟူး က သူ့လက်ကောက်ဝတ်ကို ပွတ်ရင်း ကျိန်ဆဲလိုက်တာပေါ့။

* * * * * * * * *

“ဘာဖြစ်တာလဲ”

“သူတို့ ပိုက်ဆံ လာတောင်းလို့ပါ”

မာရူး က ပြန်ရောက်တာနဲ့ အသားတွေကို ချက်ချင်း ပြန်ကင်လိုက်တာပေါ့။ စင်ပေါ်မှာ တူးနေတဲ့ အသားတွေလည်း အများကြီးပဲလေ။ တခြားလူ နှစ်ယောက်ကတော့ အစားအသောက်ကို ဂရုမစိုက်ကြတာ သိသာနေတာပဲ။

“ဒါဆို သူတို့က ဘာလို့ မင်းကို အဲဒီလို ကြည့်နေကြတာလဲ”

ဂန်ဟွမ် က သူတို့နောက်က သီးသန့်ခန်းကို ကြည့်ရင်း မေးလိုက်တာပေါ့။ မာရူး ကတော့ ဘာမှ မဟုတ်ပါဘူးလို့ပဲ ပြောလိုက်တာ။ ဒီလို ကလေးကလား ကိစ္စမျိုးကို သူ ရှင်းမပြချင်ဘူးလေ။

“မင်း အနိုင်ကျင့်ခံနေရတာလား”

“အခုမှ သိတာလား။ ကျွန်တော်က တော်တော်လေး နာမည်ကြီးတဲ့ သားကောင်လေ”

မာရူး က အေးအေးဆေးဆေးပဲ ဆက်ချက်နေတာပေါ့။ တခြား လူနှစ်ယောက်ကလည်း အသာလေး ပြုံးလိုက်ပြီး သူတို့ စကားကို ဆက်ပြောနေကြတာလေ။

‘နေ့စဉ် ပေးဆပ်ရတာတွေ...’

အဲဒီစကားလုံးက သူ့ရဲ့ ရှုတင်မန်နေဂျာ ဘဝတုန်းက အမှတ်တရတွေကို ပြန်သတိရစေတာပေါ့။ အဲဒီတုန်းက သူ သိလိုက်ရတာက အနုပညာလောကမှာ အနိုင်ကျင့်တဲ့လူတွေ ဘယ်လောက်တောင် များလဲဆိုတာနဲ့ သနားစရာကောင်းတဲ့ သရုပ်ဆောင်တွေဟာ အဲဒီလူတွေအောက်မှာ ဘဝတွေကို ဘယ်လိုမျိုး အလဟဿ ဖြုန်းတီးပစ်ခဲ့ရလဲ ဆိုတာပါပဲ။ သူဆိုရင် နေ့စဉ် အတိုးချေးစားပြီး အသက်မွေးတဲ့ လူတစ်ယောက်နဲ့တောင် ဆုံခဲ့ဖူးသေးတာလေ။

‘အဲဒါကြောင့်ပဲ ငါ အဲဒီလောကကနေ ထွက်လာခဲ့တာ ဖြစ်မှာပါ။ အဲဒီလို အရာတွေကို ကြည့်ရတာ စိတ်ကုန်လာလို့လေ’

မာရူး က သူ့ရဲ့ တူကို အသာလေး ချလိုက်ပြီး မေးခွန်းတစ်ခု မေးလိုက်တာပေါ့။

“ဖျော်ဖြေရေးအေဂျင်စီတွေထဲမှာ လူတွေကို ကိုယ်ထိလက်ရောက် နှိပ်စက်ပြီး အနိုင်ကျင့်တတ်တဲ့သူတွေ ရှိတယ်လို့ ကြားဖူးတယ်ဗျ”

“ရှိတာပေါ့။ ဘယ်နေရာသွားသွား အမှိုက်ဆိုတာ ရှိစမြဲပဲလေ” လို့ ဂျွန်မင်း က အေးအေးဆေးဆေး ပြန်ဖြေလိုက်တာပေါ့။

“ဒါနဲ့ မင်းက ဘာလို့ အဲဒါကို မေးတာလဲ”

“ဒီအတိုင်းပဲ တွေးမိလို့ပါ”

“အဲဒါက တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ပဲ။ လူတစ်ယောက်ရဲ့ ဝါသနာကို အသုံးချတာတင် မကဘဲ ကိုယ်ထိလက်ရောက်ပါ နှိပ်စက်တာဆိုတော့လေ”

မာရူး က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ တူကို ပြန်ကိုင်လိုက်တာပေါ့။

“မင်းက ဘာလို့ သူတို့ကို မကူညီပေးတာလဲလို့ ကျွန်တော့်ကို မမေးဘူးလား”

“ကူညီလို့ ရနိုင်တဲ့သူတွေဆိုရင် လူတွေက ကူညီပြီးလောက်ပြီလေ။ ဘယ်သူမှ မကူညီဘူးဆိုကတည်းက သူတို့ ရောက်နေတဲ့ ပြဿနာက တော်တော်လေး နက်ရှိုင်းနေလို့ ဖြစ်မှာပေါ့”

“ငါ အမြဲ ပြောသလိုပဲ၊ မင်းက တကယ်ကို လက်တွေ့ကျတဲ့သူပဲ”

“အဲဒါက ဘဝကို ပိုပြီး လွယ်ကူစေတာလေ”

“ငါတော့ မင်းကို အခုထိ သေချာ နားမလည်နိုင်သေးဘူး”

“ကျွန်တော် တတ်နိုင်တဲ့ နေရာမှာပဲ ကောင်းတာလေးတွေ လုပ်ချင်တာပါ”

“လခွမ်း၊ မင်းက တကယ်ပဲ ဆယ်ကျော်သက် တစ်ယောက် ဟုတ်ရဲ့လား” လို့ ဂန်ဟွမ် က မာရူး ရဲ့ လည်ပင်းကို ဖက်ပြီး မေးလိုက်တာပေါ့။

မာရူး ကတော့ အဲဒီမေးခွန်းကို ဘာမှ ပြန်မဖြေခဲ့ပါဘူး။

* * * * * * * * *

အခန်း(၉၈)

ချန်ဟူးက နာကျင်နေတဲ့ သူ့လက်ကောက်ဝတ်ကို ပွတ်ရင်း မာရူးကို စိုက်ကြည့်နေတာပေါ့။ သူ့ဘဝမှာ ဒီလောက်အထိ အရှက်ရခဲ့တာ တစ်ခါမှ မရှိဖူးဘူးလေ။

“မင်း လက်ကောက်ဝတ် အဆင်ပြေရဲ့လား”

“ဘာမှ မဖြစ်ပါဘူးကွာ။ ငါ ခဏလောက် လန့်သွားလို့ပါ။ အဲဒီကောင်က လူအထင်ကြီးခံချင်လို့ သရုပ်ဆောင်နေတာ။”

သူ တော်တော်လေး စိတ်တိုနေပေမဲ့ မိန်းကလေးတွေ ရှေ့မှာတော့ အတင်းပြုံးပြနေတာပေါ့။ မာရူးကိုတော့ နောက်မှ အေးဆေး နှိပ်ကွပ်လို့ ရတာပဲလေ။ အခုကတော့ သူတို့ လာကဲကြတာဆိုတော့ ပျော်ပျော်ပါးပါးပဲ နေချင်သေးတာကိုး။

“အဲဒီကောင်ကိုတော့ နောက်မှ သတ်ပစ်မယ်”

“မဆိုးဘူး၊ ပျော်စရာကောင်းမှာပဲ”

သူ့သူငယ်ချင်းတွေလည်း လိုက်ပြုံးကြတာပေါ့။

“ဘာဖြစ်တာလဲ”

သူတို့ အထဲရောက်တာနဲ့ မိန်းကလေးတွေက မေးလိုက်ကြတာလေ။ ချန်ဟူးကတော့ ဘာမှ မဟုတ်ဘူးလို့ပဲ ပြောပြီး အသားကင်တာကိုပဲ အာရုံလွှဲလိုက်တာပေါ့။

“မင်းတို့ သောက်ကြမလား”

“သောက်မှာပေါ့”

အစ်မကြီးက ဝန်ထမ်းကို ခေါ်ဖို့ လက်ထောင်ပြလိုက်တာပေါ့။ အသက် ၂၀ အစောပိုင်းလောက်ရှိမယ့် အမျိုးသမီးတစ်ယောက် ဝင်လာတာလေ။ အချိန်ပိုင်း ဝန်ထမ်း ထင်တာပဲ။

“ညီမလေး... ဆိုဂျူ လေးပုလင်းလောက် ယူခဲ့ပေးပါ၊ ဖန်ခွက်တွေလည်း အကုန်လုံးအတွက် ယူခဲ့နော်”

“ရှင်... အကုန်လုံးအတွက်လား”

“တောက်... ပြောတာကို သေချာ မကြားဘူးလား။ ဆိုဂျူ လေးပုလင်း၊ ဖန်ခွက်က အကုန်လုံးအတွက်။ ရပြီလား”

“ဟို... အားနာပါတယ်ရှင့်၊ ဒီက မောင်လေးတို့က အရွယ်မပြည့်သေးတဲ့ ပုံစံမျိုး ဖြစ်နေလို့ပါ”

“အရွယ်မပြည့်တာက ဘာဖြစ်လဲ။ သူတို့က လူလားမြောက်နေပြီပဲဥစ္စာ။ ညီမလေးရာ... အရက်ပဲ မြန်မြန် လာချပေးပါ”

ချန်ဟူးက အစ်မကြီးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တာပေါ့။ ဒီလို အစ်မကြီးမျိုးက သူ့ဘက်မှာ ရှိနေတာ တကယ်ကို ကံကောင်းတာလေ။

“ဟို... ခွင့်လွှတ်ပါရှင့်၊ မှတ်ပုံတင်လေး စစ်လို့ ရမလား...”

ဝန်ထမ်းက ချန်ဟူးတို့ဘက် လှည့်ပြီး ပြောလိုက်တာပေါ့။ ချန်ဟူးလည်း စိတ်တိုတိုနဲ့ တိုးတိုးလေး ဆဲလိုက်မိတာလေ။ အဲဒီအသံကို ကြားတော့ ဝန်ထမ်းလေးလည်း မျက်နှာ ပျက်သွားတာပေါ့။

“ချန်ဟူး... အစ်မ ရှင်းလိုက်မယ်”

“အစ်မက တကယ် စိတ်ကောင်းရှိတာပဲ။ အစ်မတို့က ဖောက်သည်တွေကို အရေးမလုပ်တဲ့ ဆိုင်မျိုးတွေကို ပြတ်ပြတ်သားသား လုပ်ရမှာဗျ”

“အေးပါကွာ၊ ငါက စိတ်ကောင်းလွန်းလို့ပါ။ ကဲ... ဝန်ထမ်းမလေး၊ ငါ ကောင်းကောင်းမွန်မွန် ပြောနေတုန်း အရက်ကို သွားယူလာပေးရင် မကောင်းဘူးလား”

“ . . . ”

“လခွမ်းပဲ... ဘာပဲဖြစ်ဖြစ် ဆိုဂျူ လေးပုလင်းနဲ့ ဖန်ခွက် လေးခွက်ပဲ ယူခဲ့စမ်းပါ။ ငါတို့ကို လူပြက်လို့ မှတ်နေတာလား”

“မ-မဟုတ်ပါဘူးရှင့်”

“မဟုတ်ရင်လည်း ခိုင်းတာကို ဘာလို့ ချက်ချင်း မလုပ်တာလဲ။ မင်းက ဒီဆိုင်ရဲ့ သူဌေးများ မှတ်နေလား ဟမ်”

“ . . မဟုတ်ပါဘူး”

“ဒါဆိုလည်း ယူခဲ့လေ။ မင်းက ဘာဖြစ်နေတာလဲ”

ချန်ဟူးက သူ့သူငယ်ချင်းတွေကို တစ်ချက် ကြည့်လိုက်တော့ သူတို့တွေလည်း လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြတာပေါ့။ အစ်မကြီးကလည်း သူလုပ်လိုက်တာက ဘာမှ မဟုတ်သလိုမျိုး သူ့ဆံပင်တွေကို သပ်တင်လိုက်တာလေ။

* * * * * * * * *

အခန်းထဲက အော်ဟစ်သံတွေကို အပြင်ကလူတွေပါ အကုန်ကြားနေရတော့ တခြား ဖောက်သည်တွေလည်း ခေါင်းခါနေကြတာပေါ့။

“သူတို့က မင်းသူငယ်ချင်းတွေ မဟုတ်ပုံပဲနော်” လို့ ဂျွန်မင်းက ပြောလိုက်တာပေါ့။

“သူတို့က လူမိုက်လေးတွေပါ”

“နေဦး... မင်း တကယ်ပဲ အနိုင်ကျင့်ခံနေရတာလား။ ဒါက မကောင်းဘူးလေ”

“ကျွန်တော်က သူတို့ အနိုင်ကျင့်တာ ခံမယ့် ငတုံး မဟုတ်ပါဘူး”

“အဲဒါဆိုရင်တော့ တော်သေးတာပေါ့။ ဒါပေမဲ့ အခုခေတ် ကလေးတွေက တကယ် ကြောက်ဖို့ကောင်းတယ်နော်”

အဲဒီအချိန်မှာပဲ အထဲက မိန်းကလေးတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်သံကြီး ထွက်လာတာပေါ့။ သူက ဝန်ထမ်းကို အရက်လာချဖို့ အော်ဟစ်နေတာလေ။ ဝန်ထမ်းလေးလည်း မျက်နှာ ဖြူဖျော့ပြီး အပြင်ကို ပြေးထွက်လာခဲ့တာပေါ့။

“ဒီလို အောက်တန်းစားတွေကတော့...”

ဂန်ဟွမ်က ထရပ်လိုက်တာပေါ့။ ဒါကတော့ မဟုတ်သေးဘူးလေ။ တကယ်တော့ မာရူးက ချန်ဟူးတို့ အဖွဲ့ကို ပိုက်ဆံ ပေးလိုက်တာက သူတို့ကို ငြိမ်နေစေချင်လို့လေ။ ဒီလူကြီး နှစ်ယောက်နဲ့ ကုန်ဆုံးရမယ့် အချိန်က သူ့အတွက် တန်ဖိုးရှိတာကိုး။ လူမိုက်တွေကြောင့် အချိန်မဖြုန်းချင်လို့ ပိုက်ဆံ ပေးလိုက်တာကို... အခုတော့ သူတို့နဲ့ ပါလာတဲ့ မိန်းကလေးတွေက ပြဿနာ ရှာနေတာလေ။

‘သူတော်ချင်းချင်း သတင်းလွေ့လွေ့’

အဲဒီစကားက အခုမှပဲ မှန်တယ်လို့ သူ ခံစားလိုက်ရတာပေါ့။

“ကျွန်တော် သူတို့နဲ့ သွားပြောလိုက်မယ်”

မာရူး ထဖို့ လုပ်တုန်းမှာပဲ ဂန်ဟွမ်က သူ့ပုခုံးကို ပြန်ဖိချလိုက်တာလေ။

“နေပါစေ... ဒီလို ငတုံးတွေက ကိုယ်က ဒေါသထွက်ပြမှ နားဝင်ကြတာ။ စီနီယာ... ကျွန်တော် ခဏ သွားလိုက်ဦးမယ်။ ကျွန်တော်က လူကောင်းကြီး မဟုတ်ပေမဲ့ ဆိုင်ရှင်တွေကိုတော့ ဒီလိုမျိုး မယဉ်ကျေးတာမျိုး မလုပ်ဘူးဗျ”

ဂျွန်မင်းကလည်း ဂန်ဟွမ်ကို တားလိုက်တာပေါ့။

“ပြဿနာ မရှာပါနဲ့ဦး။ ဒေါသကြီးတာက ကောင်းတဲ့ အကျင့် မဟုတ်ဘူးလေ”

“ဒါပေမဲ့ လူတစ်ယောက် အနေနဲ့တော့ . . ”

“မင်း သွားလိုက်တာနဲ့ ရန်ဖြစ်တော့မှာ ငါ သိတာပေါ့။ အဲဒါက ဆိုင်ရှင်အတွက် ပိုဆိုးသွားလိမ့်မယ်။ ငါက ဆိုင်ရှင်နဲ့လည်း ခင်နေတော့ သူ့ကို ဒုက္ခ မပေးချင်ဘူး။ ကြည့်နေလိုက်ပါ... ဆိုင်ရှင်မှာလည်း ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိမှာပါ”

“စီနီယာကတော့ ဒီလို ကိစ္စမျိုးဆိုရင် အရမ်း အေးဆေးလွန်းတယ်ဗျာ”

“ငါက ပြဿနာ အနည်းဆုံး ဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးတာပါ။ စားကြစမ်းပါ... အသားတွေ တူးကုန်တော့မယ်”

မာရူးက ခေါင်းညိတ်လိုက်တာပေါ့။ ဂျွန်မင်းရဲ့ ဖြေရှင်းပုံကို သူ သဘောကျတာလေ။ ဒီလို အခြေအနေမျိုးမှာ ဝင်ပါတာက ကောင်းပေမဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်နောက်ကိုတော့ အပါမခံသင့်ဘူးလေ။ နောက်ပြီး ဒါက စီးပွားရေး လုပ်ငန်းတစ်ခု မဟုတ်လား။ ရန်ဖြစ်လို့ ဆိုင်ထဲမှာ အခြေအနေ ပျက်သွားရင် ဆိုင်ရှင်ပဲ ဒုက္ခရောက်မှာလေ။ ဂျွန်မင်းက ဆိုင်ရှင်နဲ့ ခင်တယ်လို့ ပြောတာကလည်း အဲဒါကြောင့် သူ အေးဆေး ဖြစ်နေတာ ဖြစ်မှာပါ။

“ကောင်းပါပြီ... စီနီယာ ပြောသလိုပေါ့”

ဂန်ဟွမ်က အခန်းဘက်ကို တစ်ချက် စိုက်ကြည့်ပြီးမှ ပြန်ထိုင်လိုက်တာပေါ့။ ခဏကြာတော့ ဆိုင်ထဲက ပြန်ငြိမ်သွားတာလေ။ အခန်းထဲမှာတော့ ဆူညံနေတုန်းပဲ ဆိုပေမဲ့ သူတို့အချင်းချင်း ရယ်မောနေကြတာဆိုတော့ လျစ်လျူရှုထားလို့ ရတာပေါ့။

“ဒီမှာ... ဇီးသီးလက်ဖက်ရည်လေး သောက်ကြပါဦး”

“ဟာ... အားနာစရာကြီးဗျာ”

အသက် ၄၅ နှစ်လောက် ရှိမယ့် လူတစ်ယောက်က ဇီးသီးလက်ဖက်ရည် အိုးကို ယူလာပေးတာပေါ့။ ကြည့်ရတာ ဆိုင်ရှင် ထင်တာပဲ။

“ခင်ဗျားက အမြဲ လာနေကျလူပဲဟာ... ဒါကတော့ ကျွန်တော် လုပ်ပေးနိုင်တာလေးပါ။ နောက်လည်း လာခဲ့ပါဦးနော်”

ဆိုင်ရှင်က နှုတ်ဆက်ပြီး ထွက်သွားတာပေါ့။ မာရူးက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တာလေ။ ချိုချိုချဉ်ချဉ်လေးနဲ့ တကယ် အရသာ ရှိတာပေါ့။

“ဒါ ကောင်းသားပဲ”

ဂန်ဟွမ်လည်း သဘောကျနေတာ သိသာတာပေါ့။

“ဒီဆိုင်က အသားလည်း ကောင်းပေမဲ့ အမှန်တော့ ဒီလက်ဖက်ရည်ကြောင့်ပဲ ငါ ဒီကို လာတာ” လို့ ဂျွန်မင်းက ပြုံးပြီး ပြောလိုက်တာပေါ့။

စားသောက်ပြီးတဲ့နောက်မှာတော့ မာရူးက ဂျွန်မင်း ပြောပြတဲ့ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ အကြောင်းကို နားထောင်နေမိတာလေ။ ခဏကြာတော့ သူတို့ ဘေးနားက သီးသန့်ခန်းထဲကနေ မိန်းကလေး လေးယောက်နဲ့ ယောကျ်ားလေး လေးယောက် ထွက်လာတာပေါ့။ ချန်ဟူးက သူ့ကို စိုက်ကြည့်နေတာကို မာရူး ခံစားမိပေမဲ့ ဂရုမစိုက်လိုက်ပါဘူး။ ဆိုင်ရှင်က ပိုက်ဆံရှင်းဖို့ ထွက်လာတာလေ။ ဒီကလေးတွေနဲ့ဆိုတာ မလွယ်ဘူးဆိုတာ သိနေလို့ နေမှာပေါ့။

ဒါပေမဲ့လည်း...

“အဲဒီလို ပြောရင်လည်း . . ”

ဆိုင်ရှင်က အခက်တွေ့နေတဲ့ အသံနဲ့ ပြောနေတာလေ။ ဘာဖြစ်တာပါလိမ့်။ မာရူးလည်း စပ်စုချင်တာနဲ့ လှည့်ကြည့်လိုက်တာပေါ့။ မိန်းကလေး လေးယောက်က အနောက်မှာ ရပ်နေပြီး ယောကျ်ားလေးတွေက ဆိုင်ရှင်ကို တစ်ခုခု ပြောနေကြတာလေ။

“ဒီကောင်တွေကတော့ . . ”

ဂန်ဟွမ်က တစ်ခါ ထပ်ပြီး ဒေါသထွက်လာပြန်ပြီ၊ မာရူးလည်း ထရပ်လိုက်တာပေါ့။ အခုတစ်ခါတော့ သူလည်း ငြိမ်မနေချင်တော့ဘူး။ ဒီလူတွေက သူ့ရဲ့ အဖိုးတန် အချိန်တွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်နေကြတာကိုး။

“သူတို့က စကားပြောလို့ မရတဲ့ လူတွေပဲနော်”

ဂျွန်မင်းတောင် ကောင်တာဘက်ကို လျှောက်သွားတာပေါ့။ မာရူးကတော့ ဒီလူကြီး ဘာလုပ်မလဲဆိုတာကို ခဏ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာလေ။

“ဘာဖြစ်လို့လဲ” လို့ ဂျွန်မင်းက မေးလိုက်တာပေါ့။

ဆိုင်ရှင်ကတော့ ဘာမှ မဟုတ်ပါဘူးလို့ပဲ အားနာသလို ပြုံးပြီး ပြောတာလေ။ မာရူးက ဆိုင်ရှင်ကို ကြည့်လိုက်၊ ချန်ဟူးရဲ့ ယုံကြည်မှု ရှိနေတဲ့ မျက်နှာကို ကြည့်လိုက်၊ နောက်ကနေ သဘောကျနေတဲ့ မိန်းကလေးတွေကို ကြည့်လိုက်ပြီးမှ တစ်ခုခုကို ရိပ်မိသွားတာပေါ့။

“သူတို့က အရွယ်မပြည့်တဲ့ ကလေးတွေကို အရက်ရောင်းတယ်လို့ ပြောနေကြတာလား”

အဲဒီအချိန်မှာပဲ ချန်ဟူးနဲ့ သူ့သူငယ်ချင်းတွေက သူ့ကို စိုက်ကြည့်ကြတာပေါ့။ မှန်သွားပြီလေ။ ဆိုင်ရှင်ကတော့ မဟုတ်ပါဘူးဆိုပြီး လက်ကာပြနေပေမဲ့ သူ့အမူအရာက တကယ်ကို မသဘာဝတာပေါ့။

‘ဒါကတော့ ရှင်းနေတာပဲ’

အထက်တန်းကျောင်းသား အတော်များများက ဆိုင်တွေကို ဒီလိုမျိုး ဒုက္ခပေးရတာကို သဘောကျကြတာ မာရူး ကောင်းကောင်း သိတာပေါ့။ ကိုရီးယားမှာက ဒီလို ကိစ္စမျိုးဆိုရင် ဆိုင်ရှင်တွေပဲ အပြစ်ပေးခံရတာလေ။ အရွယ်မပြည့်တဲ့သူကို အရက်ရောင်းမိလို့ အဖမ်းခံရရင် ဒဏ်ငွေဆောင်ရတာပေါ့။ အကြိမ်ကြိမ် ဖြစ်လာရင်တော့ ဆိုင်ကို လုံးဝ ပိတ်လိုက်ရမှာလေ။ အဲဒီတော့ တစ်ယောက်ယောက်က သတင်းပို့လိုက်တာနဲ့တင် ဆိုင်ရှင်တွေအတွက်ကတော့ အကြီးအကျယ် ထိခိုက်တာပဲ။

မာရူးက မိန်းကလေးတွေဘက် လှည့်ကြည့်လိုက်တော့ သူတို့က ဒါကို ပျော်စရာတစ်ခုလို ကြည့်နေကြတာလေ။ ငတုံးတွေပဲ။ သူတို့ ဦးနှောက်ထဲမှာ တစ်ခုခု ရှိနေရင် ဒီလိုမျိုး လုပ်ဖို့တောင် စဉ်းစားမှာ မဟုတ်ဘူး။ လူကြီး ဖြစ်နေပြီဆိုပြီး ဒီလို လုပ်ကြတာလား...

‘သူတို့က ပြဿနာတက်ရင် ဒါကို နောက်ပြောင်တာပါလို့ ပြောပြီး လွတ်အောင် ရှောင်မယ့် လူစားမျိုးတွေပဲ’

အဲဒီအချိန်မှာပဲ ဂျွန်မင်းက သူ့ဖုန်းကို ထုတ်ပြီး တစ်နေရာကို ဖုန်းဆက်လိုက်တာပေါ့။ နေ့လယ်စာ စားဖို့ ပြောနေတာ ဆိုပေမဲ့ ဖုန်းထဲက အကြောင်းအရာတွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာလေ။

“အာ... ဟုတ်ကဲ့၊ ရှေ့နေ ကင်မ်၊ ရှေ့နေ လီ။ ဒီမှာပဲ တွေ့ကြတာပေါ့။ စိတ်ဝင်စားစရာ ကိစ္စလေး တစ်ခု ရှိနေလို့ပါ။ အာ... ခင်ဗျားမှာလည်း ဧည့်သည် ရှိတာလား။ ဟားဟား... ခေါ်ခဲ့လေဗျာ။ ဒီဆိုင်က ကောင်းပါတယ်။ ဒါက ခင်ဗျားတို့ရဲ့ မိတ်ဆွေတွေ တိုးပွားအောင် လုပ်ဖို့ အခွင့်အရေးကောင်းပဲ မဟုတ်လား။ ဟုတ်ကဲ့... ခဏနေရင် တွေ့ကြမယ်နော်”

ဂျွန်မင်းက သူ့ရဲ့ ဖုန်းကို အသံကျယ်ကျယ်နဲ့ ပိတ်လိုက်တာပေါ့၊ မာရူးကတော့ တိတ်တိတ်လေး ခေါင်းခါနေမိတာလေ။

‘ဒီလူကတော့ တကယ်ပဲ’

ဒီလူက ဂုဏ်ဒြပ်နဲ့ လူတွေကို ဘယ်လို နှိပ်ကွပ်ရမလဲဆိုတာကို ကောင်းကောင်း သိတာပေါ့။ တကယ်လည်း ‘ရှေ့နေ’ ဆိုတဲ့ စကားလုံး ထွက်လာတာနဲ့ ဟို ရှစ်ယောက်လုံး မျက်နှာတွေ ဖြူဖျော့ကုန်တာလေ။

‘သူက တကယ့်ကို အားကိုးရတဲ့ လူတစ်ယောက်ပဲ’

သူ့ရဲ့ အရင်ဘဝတုန်းကတော့ မာရူးက အမြဲတမ်း အနှိပ်စက်ခံရတဲ့ ဘက်မှာပဲ ရှိခဲ့တာလေ။ ဒါပေမဲ့ အခု ဘဝမှာတော့ သူ့ဘေးနားမှာ တကယ့်ကို အစွမ်းထက်တဲ့ လူတစ်ယောက် ရှိနေတာပေါ့။ ဘဝဆိုတာ တကယ်ကို ထူးဆန်းတာပဲ။

“ကဲ... ခဏလောက် စောင့်ဦးမလား၊ ဒါမှမဟုတ် . . ”

ဂျွန်မင်း စကားလည်း ဆုံးရော၊ မိန်းကလေး တစ်ယောက်က သူ့ရဲ့ ကတ်ကို ချက်ချင်း ထုတ်လိုက်တာပေါ့။

“ကျွန်မတို့ ဒါနဲ့ မပတ်သက်ပါဘူး၊ ဒီကောင်လေးက ကြွားချင်လို့ လုပ်နေတာပါ။ ကျွန်မတို့က အစကတည်းက ပေးဖို့ လုပ်ထားတာပါ။ ဘာပြဿနာမှ မရှိဘူး မဟုတ်လား”

“ငါက မေးလို့လား”

အဲဒီမိန်းကလေး မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ဆိုင်ရှင်က ကတ်ကို အမြန်ယူပြီး ပိုက်ဆံ ရှင်းလိုက်တာပေါ့။ မိန်းကလေး လေးယောက်က ချန်ဟူးတို့ အဖွဲ့ကို စိုက်ကြည့်ပြီး အရင်ဆုံး ထွက်သွားကြတာလေ။

“အ-အစ်မ”

“ကျွန်တော်တို့ကိုပါ ခေါ်သွားပါဦး”

အဲဒီလိုနဲ့ ဟို ရှစ်ယောက်လုံး ဆိုင်ထဲကနေ ထွက်သွားကြတော့တာပေါ့။

“ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ”

“ဒီဆိုင်က ဟင်းတွေ ကောင်းပါတယ်။ ဒီမှာ မကောင်းတဲ့ ကိစ္စမျိုးတွေ ဖြစ်တာကို မမြင်ချင်လို့ပါ။ အာ... ညနေစာ လာစားမယ့် ဧည့်သည်တွေအတွက်လည်း ဇီးသီးလက်ဖက်ရည်လေး ပြင်ပေးထားပါဦးနော်”

“ဒါပေါ့ ခင်ဗျာ။ ဒါပေမဲ့ သူတို့ အခု လာမယ်လို့ ပြောတာ မဟုတ်ဘူးလား . . ”

“အော်... အဲဒါလား။ ကျွန်တော် ညာပြောလိုက်တာပါ”

“ဟင်... အဲဒီလိုလား။ ဟား... ဟားဟား”

ဆိုင်ရှင်က ရယ်လိုက်တာပေါ့။ မာရူးလည်း မရယ်ဘဲ မနေနိုင်တော့ဘူး။

“သူတို့သာ မထွက်သွားရင် ခင်ဗျား ဘာလုပ်မလို့လဲ” လို့ ဂန်ဟွမ်က သက်ပြင်းချရင်း မေးလိုက်တာပေါ့။

ဂျွန်မင်းကတော့ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တာလေ။

“အင်း... သူတို့ကို ညနေစာ စားဖို့ နည်းနည်း စောစော လာခိုင်းလိုက်ရုံပေါ့”

“ဘာ... ဒါဆို ခင်ဗျား ပြောတဲ့ လူတွေက... တကယ် ရှိတာလား”

“ဒီလောကမှာက ပြဿနာတွေ အများကြီး ရှိတာလေ။ နောက်ပြီး ရှေ့နေရုံးတစ်ခုနဲ့ ခင်ထားတာက မမှားပါဘူး”

“ဒါဆို ခုနက ကိစ္စက . . ”

“အဲဒီ ရှေ့နေရုံးထဲကို နာမည်ကြီးတဲ့ လူတစ်ယောက် ရောက်နေတယ်လို့ ကြားတယ်။ သူတို့က ကျွန်တော့်ကို ညနေစာ အတူစားဖို့ ခေါ်နေကြတာလေ”

“ဝိုး... စီနီယာရယ်။ ခင်ဗျားက ကျွန်တော်နဲ့ လုံးဝ တခြားကမ္ဘာမှာ နေနေသလိုပဲ”

“အဲဒီလိုလား”

“နောက်ဆို ကျွန်တော် ပြဿနာတက်ရင်လည်း ကူညီပေးပါဦးနော်”

ဂန်ဟွမ်က ရယ်ရင်းနဲ့ ဆိုင်ထဲက ထွက်လာတာပေါ့။

“ဟေ့...” လို့ ဂျွန်မင်းက မာရူးကို လှမ်းခေါ်လိုက်တယ်။ “ခုနက ငါ့ရဲ့ သရုပ်ဆောင်ချက်က အဆင်ပြေရဲ့လား”

“ဟားဟား... စီနီယာက နာမည်မရှိတဲ့ သရုပ်ဆောင် ဖြစ်ခဲ့ဖူးတယ်ဆိုတာတောင် ကျွန်တော် မယုံနိုင်တော့ဘူး”

“ဟုတ်တယ်မလား”

ဂျွန်မင်းက ဂုဏ်ယူသလို ပြုံးလိုက်တာပေါ့။

* * * * * * * * *

“တောက်... ချီးပဲ။ အရမ်း စိတ်တိုဖို့ ကောင်းတာပဲ”

ချန်ဟူးက မိန်းကလေးတွေ ထွက်သွားတာကို ကြည့်ပြီး အံကြိတ်လိုက်တာပေါ့။

“တောက်... ချီးပဲကွာ”

“ဟေ့... ချန်ဟူး၊ မင်း ပြောတော့ ဒါက အလုပ်ဖြစ်မယ်ဆို”

“ပုံမှန်ဆို ဖြစ်တာပဲကွာ။ ဆိုင်ရှင်က ငတုံးပုံစံမို့လို့ ဖြစ်တော့မှာကို ဟိုကောင်တွေ ဝင်ရှုပ်လိုက်လို့ . . ”

ချန်ဟူးက တခြားသူတွေထက် မာရူးကို ပိုပြီး စိတ်တိုနေတာလေ။ အဲဒီကောင်သာ မရှိရင် သူ့ရဲ့ ညက အခုဆို ပျော်စရာ ကောင်းနေမှာပေါ့။

“ဒါနဲ့ အခု ဘာဆက်လုပ်ကြမလဲ”

“ဘာလုပ်ရမှာလဲ။ ငါတို့မှာ ပိုက်ဆံမှ မရှိတာ၊ အိမ်ပဲ ပြန်ကြတာပေါ့”

အဲဒီအချိန်မှာပဲ သူ့သူငယ်ချင်း တစ်ယောက်က ပြုံးပြီး လက်ထောင်ပြလိုက်တာပေါ့။

“ဟေ့... ငါတို့မှာ ပိုက်ဆံ ရှိတယ်လေ။ မာရူးကို မှတ်မိလား”

အဲဒီကောင်က ပြောရင်းနဲ့ ဝမ် တစ်သိန်းကို ထုတ်ပြလိုက်တာလေ။ ချန်ဟူးလည်း ပိုက်ဆံကို လှမ်းယူရင်း ပြုံးလိုက်တာပေါ့။

“ဘီလီယက် သွားဆော့မလား”

“ကာရာအိုကေ သွားရအောင်လေ။ ဘီလီယက်က ခုံအရွေးမှားရင် တော်တော် စိတ်ပျက်စရာကောင်းတာ။”

“အေးပါ... ဒါဆိုလည်း တစ်နေရာရာ သွားကြတာပေါ့။ ပြီးမှ အရက် သွားသောက်ကြမယ်”

“အိုကေ”

ချန်ဟူးက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ကာရာအိုကေ တစ်ခုကို ရှာနေတာပေါ့။

* * * * * * * * *

ဒိုဝူးကတော့ သူ့အဖေ ဘာလို့ ဒီလောက်အထိ နေရခက်နေတာလဲဆိုတာ အခုမှပဲ နားလည်သွားတာပေါ့။

“ . . . . ”

သူ့ရှေ့မှာ ထိုင်နေပြီး ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေတဲ့ အမျိုးသမီးကို သူ ကြည့်နေမိတာလေ။ အဲဒါက ကန်ဆွန်ဂျီ... သူ့ရဲ့ အစ်မပေါ့။ ဆယ်နှစ်လောက် မမြင်ရတော့တဲ့ အစ်မလေ။ သူ့အဖေကလည်း ကြောက်လို့ ချောင်းတွေ ဆိုးနေတာပေါ့။ ဒိုဝူးကတော့ ပါးစပ်ကို အံကြိတ်ပြီး ထိုင်နေတာလေ။ သူ့အစ်မကတော့ ကြမ်းပြင်ကိုပဲ ကြည့်နေတုန်းပဲ။

“ဆွန်ဂျီ... ဒိုဝူး”

သူ့အဖေက အနောက်ကနေ တစ်ခုခု ပြောနေတာ ကြားရပေမဲ့ သူ ဘာမှ နားမလည်တော့ဘူး။ ဒိုဝူးက သူ့အဖေကို ဂရုမစိုက်ဘဲ သူ့အစ်မကို တစ်ခုခု ပြောလိုက်တာပေါ့။ တကယ်တော့ သူ စိတ်ထဲရှိတာကို ပြောလိုက်တာလေ။

“မင်းကို ကြည့်ရတာ ရွံဖို့ကောင်းတယ်”

ဆူဂျင်းက တုန်သွားတာပေါ့။

“ဒါဆို မင်းက အဖေနဲ့ အမြဲတမ်း စကားပြောနေတာပေါ့လေ”

“ . . . ”

“ကျွန်တော် သွားပြီ အဖေ”

ဒိုဝူးက ချက်ချင်း ထရပ်လိုက်တာပေါ့။ သူ တကယ်ကို စိတ်ပျက်နေတာလေ။ သူ့အဖေက လှမ်းခေါ်နေတာ ကြားရပေမဲ့ သူ မရပ်လိုက်ပါဘူး။

ဒိုဝူးက ဒေါသတကြီးနဲ့ အံကြိတ်လိုက်တာပေါ့။

* * * * * * * * *

“ဒါက အရမ်း ဈေးကြီးတယ်”

“နောက်ကျသွားပြီ၊ ဝယ်ပြီးပြီလေ။ နောက်ပြီး ဒါက လှသားပဲကို”

ဘာဒါက သူ့ရဲ့ ဈေးဝယ်အိတ်ကို ကြည့်ပြီး ပြုံးနေတာပေါ့။ သူက အဝတ်အစား ကောင်းကောင်းတချို့နဲ့ သူ့အစ်ကိုအတွက် လက်ဆောင်တစ်ခုကို သူ့ရဲ့ ပိုက်ဆံထဲကနေ အဆင်ပြေပြေ ဝယ်နိုင်ခဲ့တာလေ။

“အခု ဘယ်သွားကြမလဲ”

“အကြာကြီး လမ်းလျှောက်လိုက်ရတော့ ငါ့ခြေထောက်တွေ နာနေပြီ”

“ဒါဆို တစ်နေရာရာမှာ နားကြမလား”

“နားမနေနဲ့တော့၊ ကာရာအိုကေ သွားမယ် သွားစို့”

တက်ကြွနေတဲ့ သူငယ်ချင်း တစ်ယောက်က ရှေ့ကနေ အမြန် လျှောက်သွားတာပေါ့။ ဘာဒါလည်း ခေါင်းခါရင်း သူ့နောက်က လိုက်သွားတာလေ။

“ပြဇာတ်ရုံ နားမှာ ကျောင်းသားတွေအတွက် လျှော့ပေးတဲ့ နေရာတစ်ခု တွေ့လိုက်တယ်။ အဲဒီကို သွားကြရအောင်”

“အိုကေ”

အဲဒါ ကောင်းတာပေါ့။ ဘာဒါလည်း အခုဆို ပိုက်ဆံ နည်းနည်းပဲ ကျန်တော့တာဆိုတော့လေ။ ဘာဒါက ဘယ်သီချင်းတွေ ဆိုရင် ကောင်းမလဲဆိုတာကို တွေးရင်း လမ်းလျှောက်နေခဲ့တော့တာပေါ့။

All Chapters