အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း(၉၉)
မိန်းကလေးတစ်သိုက် ကာရာအိုကေဆိုင်ဆီ လျှောက်သွားနေတုန်း သူတို့အနောက်ဘက် တစ်နေရာဆီကနေ ဆဲဆိုသံတွေကို ကြားလိုက်ရတာလေ။
“ဟေ့ ဟေ့... အနောက်ကို လှည့်မကြည့်နဲ့နော်။ ငါတို့အနောက်မှာ မသင်္ကာစရာလူတွေ ပါလာတယ်”
ဘာဒါက ခေါင်းငြိမ့်ပြလိုက်တာပေါ့။ ဒီမြို့က သူ့အတွက်တော့ သူစိမ်းပြင်ပြင် ဖြစ်နေတာလေ၊ ဘယ်လိုလူတွေ နေထိုင်သလဲဆိုတာလည်း သူ မသိဘူးလေ။ အရင်တုန်းကဆိုရင် မျက်လုံးချင်း ဆုံမိရုံနဲ့တင် အမျိုးသမီးတစ်ယောက်ရဲ့ ရိုက်နှက်တာကို ခံခဲ့ဖူးတာကိုး။ အဲဒီတုန်းက အိမ်ကို ငိုပြီး ပြန်လာခဲ့တာ၊ သူ့အစ်ကိုက ဒေါသတကြီးနဲ့ အော်ဟစ်ပြီး အပြင်ကို ပြေးထွက်သွားခဲ့တာတွေကို သူ မှတ်မိနေတာပေါ့။
‘အဲဒီတုန်းက သူ့အစ်ကိုက တကယ်ကို စိတ်တိုလွယ်တာပဲ’
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင် သူ့အစ်ကိုက တကယ့်ကို အတ္တကြီးတဲ့ လူဆိုးလေးတစ်ယောက်ပါ၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ သူ အများကြီး ပြောင်းလဲသွားခဲ့တာလေ။ အခုဆိုရင် လူတစ်ယောက်လုံး တခြားစီ ဖြစ်နေသလိုပဲ။ အမှန်အတိုင်း ပြောရရင် အဲဒါကြောင့်ပဲ သူ ဒီနေ့ သူ့အစ်ကိုအတွက် လက်ဆောင် ဝယ်ပေးခဲ့တာပေါ့။
ဘာဒါက သူ့လက်ထဲက အိတ်ကလေးကို ငုံ့ကြည့်လိုက်တာလေ။ သူ့အစ်ကိုအတွက် သူ ဝယ်ပေးထားတဲ့ ဖိနပ်တစ်စုံ ရှိတာကိုး။ အခုချိန်အထိ စုတ်ပြတ်သတ်နေတဲ့ ဖိနပ်ကိုပဲ ဇွတ်မှိတ်စီးနေတာကို သူ သတိထားမိလို့လေ။ သူ့အမေက ဖိနပ်အသစ် ဝယ်ပါဦးလို့ ပြောရင်တောင် ဖိနပ်အောက်ခြေ ပြုတ်ထွက်သွားမှပဲ ဝယ်မယ်လို့ ပြောတဲ့လူမျိုးလေ။
‘သူ ပိုက်ဆံသုံးတဲ့ ပုံစံကလည်း ပြောင်းသွားတယ်’
အရင်တုန်းကဆိုရင် ဈေးကြီးတဲ့ ဖိနပ်တွေ၊ အဝတ်အစားတွေပဲ ပူဆာတတ်တဲ့ သူ့အစ်ကိုက အခုဆိုရင် ဈေးပေါတဲ့ ဆိုင်တွေမှာပဲ အဝတ်အစား ဝယ်တော့တာလေ။ သူ့အစ်ကိုနဲ့အတူ မြောင်ဒုံဈေးထဲ သွားတုန်းကတောင် လမ်းဘေးက ဆိုင်တစ်ဆိုင်မှာ “ဒီအင်္ကျီက တော်တော် ခိုင်မယ့်ပုံပဲ” လို့ ပြောပြီး ကောက်ဝယ်လိုက်တာပေါ့။
အဲဒီတုန်းက ကြည့်ရတာ လူကြီးတစ်ယောက်ကျနေတာပဲ။ အထူးသဖြင့် သူ ရွေးလိုက်တဲ့ အင်္ကျီက သူတို့အဖေ ဝတ်တတ်တဲ့ တောင်တက်အင်္ကျီမျိုး ဖြစ်နေလို့လေ။ ယောက်ျားတွေက အသက်ကြီးလာရင် အဖေတွေလိုပဲ ဖြစ်သွားကြတာလားမသိဘူး။
‘နေဦး... သူ့ဖိနပ်ဆိုဒ်က ၂၇၀ လား။ မမှတ်မိတော့ဘူး’
ဒီမနက်တုန်းကတော့ သေချာ စစ်ခဲ့ပါတယ်၊ ဒါပေမဲ့ သူ ကောင်းကောင်း မမှတ်မိတော့တာလေ။ အဲဒါနဲ့ပဲ အဆင်ပြေမယ့် တစ်စုံကိုပဲ သူ ရွေးဝယ်လိုက်တာပေါ့။
“တောက်... အဲဒီကောင်သာ မရှိရင်...”
“ရပါတယ်ကွာ၊ နောက်မှ သူ့ကို အေးဆေး နှိပ်ကွပ်လိုက်လို့ ရတာပဲ”
သူတို့အနောက်ကနေ ဆဲဆိုသံတွေကို ထပ်ကြားလိုက်ရပြန်တာလေ။
“သူတို့တွေက မရှက်ကြဘူးလား”
“အေးလေ... ယောက်ျားလေးတွေက အဲဒီလို လုပ်ရင် သူတို့ကိုသူတို့ မိုက်တယ်လို့ ထင်နေကြတာနေမှာ”
သူ့သူငယ်ချင်းတွေက တိုးတိုးလေး ရယ်နေကြတာပေါ့၊ သူတို့ အတန်းထဲမှာလည်း ဒီလိုကောင်မျိုးတွေ ရှိတာကိုး။ တစ်နေ့ကုန် ဆဲနေရမှ ကျေနပ်နေတဲ့ ကလေးတွေလေ။ ဘာဒါလည်း ဆဲတတ်ပါတယ်၊ ဒါပေမဲ့ အခုလို လူပုံအလယ်မှာတော့ မဟုတ်ဘူးပေါ့။
“သွားကြရအောင်”
ဘာဒါက သူ့သူငယ်ချင်းတွေရဲ့ ကျောကို တွန်းလိုက်တာလေ၊ တစ်နေရာရာမှာ ထိုင်ချင်နေပြီကိုး။ သူ့သူငယ်ချင်းက ဆိုင်းဘုတ်တစ်ခု ရှိတဲ့ အဆောက်အဦးကို လက်ညှိုးထိုးပြလိုက်တာပေါ့။ အာ... ကျောင်းသားတွေအတွက် လျှော့ဈေးတဲ့၊ အဲဒီမှာပဲ။ အဲဒီနေရာ ဖြစ်မှာပါ။
“ဟန်မာရူး... အဲဒီ ခွေးမသားကတော့”
သူ ဆိုင်ထဲ ဝင်ခါနီးမှာပဲ တစ်ယောက်ယောက်က ထပ်ဆဲလိုက်တာကို ကြားလိုက်ရတာလေ။ ဘာဒါ တုန်သွားတာပေါ့။ အဲဒါ သူ့အစ်ကို နာမည်လေ။ သူ မကြားချင်ယောင်ဆောင်ပြီး အထဲဝင်ဖို့ ကြိုးစားပေမဲ့လည်း အနောက်ကို လှည့်ကြည့်မိသွားတာပေါ့။
“ဘာလဲ”
သူ့အနောက်မှာ ယောကျ်ားလေး လေးယောက် ရှိနေတာလေ။ ကြည့်ရတာတော့ သိပ်ပြီး လူမိုက်ပုံစံမျိုး မဟုတ်ပါဘူး။ တကယ်တော့ ချောတောင် ချောပါသေးတယ်။ ဒါပေမဲ့ ခုနက သူတို့ ပြောတဲ့ပုံစံအရဆိုရင်တော့ စိတ်ဓာတ်က သိပ်ကောင်းမယ့်ပုံ မပေါ်ဘူးလေ။
“ဘာကြည့်နေတာလဲ”
ရှေ့ဆုံးက ကောင်က စိုက်ကြည့်လိုက်တော့ ဘာဒါလည်း သူ့လမ်းသူသွားဖို့ ပြန်လှည့်လိုက်တာပေါ့။ သူ နည်းနည်းတော့ ကြောက်သွားတာလေ။ ဒီနေရာကနေ မြန်မြန် ထွက်သွားလိုက်ရင် ဆဲသံ နည်းနည်းပါးပါး ကြားရတာနဲ့တင် ပြီးသွားမှာပေါ့။ သူ့သူငယ်ချင်းတွေကလည်း သူ့ကို ဆွဲခေါ်နေကြတာလေ။ ဘာဒါက ခေါင်းညိတ်ပြီး လှေကားကနေ ဆင်းဖို့ လုပ်လိုက်တာပေါ့။
“ဝိုး... ဒီနေ့ကတော့ တကယ်ကို ကံဆိုးတဲ့နေ့ပဲ။ အစက မာရူး၊ အခုတော့ ဒီကောင်မလေးတွေကပါ ငါတို့ကို စိုက်ကြည့်နေကြတာလား”
ထပ်ပြီးတော့ သူ့အစ်ကို နာမည်ပဲ။ အကယ်၍ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကဆိုရင်တော့ ဘာဒါက ဘာမှ ထပ်မစဉ်းစားဘဲ ဆင်းသွားမိမှာပေါ့။ ဒါပေမဲ့ အခုတော့ သူ တစ်ခုခု လုပ်ချင်နေတာလေ။ ဟုတ်တယ်လေ... ဒီကောင်တွေ ပြောနေတာက သူ့အစ်ကို မဟုတ်ရင်လည်း မဟုတ်မှာပေါ့။
ဟန်မာရူး ဆိုတဲ့ နာမည်က သိပ်မရှားလှဘူးဆိုတော့ တခြား နာမည်တူတွေလည်း ရှိနိုင်တာပဲလေ။ ဒါပေမဲ့ သူ စိတ်တိုသွားရတဲ့ အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး သူ့အစ်ကိုက သူ့အပေါ် အရမ်း ကောင်းခဲ့လို့ပဲ ဖြစ်မှာပါ။ ဘာဒါက မျက်မှောင်ကြုတ်ပြီး အနောက်က ကောင်တွေကို စိုက်ကြည့်လိုက်တာပေါ့။ သူ ရန်ဖြစ်ချင်တာ မဟုတ်ပေမဲ့ စိုက်ကြည့်ရတာကတော့ ထိုက်တန်တယ်လို့ ခံစားလိုက်ရတာလေ။
“အိုး...”
ရှေ့ဆုံးက ကောင်က စိတ်တိုတိုနဲ့ ဘာဒါရဲ့ ဘယ်ဘက်လက်ကို ဆွဲလိုက်တာပေါ့။ ဘာဒါက ရုန်းဖို့ ကြိုးစားပေမဲ့ အဲဒီကောင်က သူ့ကို အပြင်ဘက်အထိ အတင်း ဆွဲထုတ်သွားတာလေ။
“ဘာဒါ”
“လွှတ်လိုက်စမ်း”
ခဏလောက်တော့ ဘာဒါက ဒီလို သူငယ်ချင်းကောင်းတွေ ရှိတာကို ဂုဏ်ယူလိုက်မိတာပေါ့။ သူ အန္တရာယ်ဖြစ်နေတာတောင် သူတို့က ကူညီဖို့ ကြိုးစားနေကြတာကိုး။ အဲဒါကြောင့်ပဲ သူ သိပ်မကြောက်တော့တာလေ။ တကယ်တော့ သူ့ရှေ့က ကောင်တွေက ကြည့်ရတာ ရယ်တောင် ရယ်ချင်စရာ ကောင်းနေတာပေါ့။
“ဒီကောင်မတွေကတော့... ငါတို့က မင်းတို့ကို ရိုက်လို့လား။ ဘာလို့ အော်နေကြတာလဲ”
ဘာဒါကို ဖမ်းထားတဲ့ ကောင်က အော်လိုက်တာလေ။ ဘာဒါရဲ့ သူငယ်ချင်းတွေက ပါးစပ်ပိတ်သွားကြပေမဲ့ ဘာဒါကိုတော့ ပစ်မသွားကြဘူးပေါ့။
“လွှတ်” လို့ ဘာဒါက ပြောလိုက်တာလေ။
အဲဒီကောင်က မလွှတ်ဘူးပေါ့။
“ဘာလို့ စိုက်ကြည့်တာလဲ”
“နင်တို့က ငါတို့အနောက်မှာ တောက်လျှောက် ဆဲနေလို့လေ။ အဲဒါ ဘာဖြစ်လဲ”
“ဒီကောင်မလေးက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ”
အဲဒီကောင်က သူ့ရဲ့ တခြားလက်တစ်ဖက်ကို မြှောက်လိုက်တာပေါ့။ ဘာဒါ တုန်သွားပေမဲ့ မျက်လုံးတော့ မမှိတ်လိုက်ပါဘူး။ သူက ဟန်ဘာဒါလေ။ ယောက်ျားလေးတွေနဲ့တောင် လက်သီးချင်း ထိုးခဲ့ဖူးတဲ့ မိန်းကလေးပဲဥစ္စာ။ သူ့ကို ဖမ်းထားတဲ့ ကောင်က မျက်မှောင် ပိုကြုတ်သွားတာပေါ့။ အဲဒီအချိန်မှာပဲ ဘာဒါ့ကိုယ်ကြီး ရှေ့ကို ယိုင်သွားတာလေ။ အဲဒီကောင်က သူ့ဆီကို အတင်း ဆွဲယူလိုက်တာကိုး။
ဘာဒါ လဲမသွားပေမဲ့ သူ့လက်ထဲက စက္ကူအိတ်ကတော့ ရုတ်တရက် ဆွဲလိုက်တဲ့ အရှိန်ကြောင့် ပြဲသွားတာပေါ့။ သူ ဝယ်လာတဲ့ အဝတ်အစားတွေနဲ့ ဖိနပ်တွေက ကြမ်းပြင်ပေါ်မှာ လိမ့်သွားတော့တာလေ။
“နင်”
ဘာဒါ့ ဒေါသက ထိပ်ဆုံးကို ရောက်သွားတာပေါ့၊ သူ့အစ်ကိုအတွက် သူ ဝယ်ပေးထားတဲ့ လက်ဆောင်လေးတွေက ပေပွကုန်ပြီလေ။
“နင်... ဟုတ်လား။ ချစ်စရာလေးပဲ။ နင် တကယ် သေချင်နေတာလား”
အဲဒီကောင်က သူ့လက်ကို မြှောက်လိုက်တာလေ၊ အခုတစ်ခါတော့ တကယ် ရိုက်ဖို့ ရည်ရွယ်ထားတာပေါ့။ ဘာဒါက ဒေါသတကြီးနဲ့ ရှေ့ကို ခုန်တက်လိုက်တာလေ၊ သူက သူ့အစ်ကိုနဲ့တောင် အကြိမ်ကြိမ် ရန်ဖြစ်ဖူးတာပဲဥစ္စာ။ ဒါလောက်တော့ သူ ကိုင်တွယ်နိုင်ပါတယ်လေ။ အဲဒီလို တွေးပြီး အဲဒီကောင်ရဲ့ ဗိုက်ကို ခေါင်းနဲ့ အားရပါးရ တိုက်လိုက်တာပေါ့။ ဘာဒါက ကြမ်းပြင်ပေါ် လဲကျသွားပြီး အဲဒီကောင်ကတော့ အနောက်ကို ပက်လက်လန် လဲသွားတာလေ။
“ဘာ-ဘာဒါ”
သူ့သူငယ်ချင်းတွေက သူ့ကို ချက်ချင်း လာထူကြတာပေါ့။ ဘာဒါလည်း အမောတကောနဲ့ ပြန်ထလိုက်တာလေ။ တကယ် တိုက်ခိုက်လိုက်ပြီးတဲ့နောက်မှာတော့ သူ့ခေါင်းထဲက ကြောက်စိတ်တွေ အကုန် ပျောက်သွားတာပေါ့။
‘ဘာလဲဟ’
အဲဒီကောင်က အဲဒီလိုပဲ အနောက်ကို လဲသွားတာလား။ အဲဒီကောင်က သူ့သူငယ်ချင်းတွေကို ဆဲဆိုပြီး ပြန်ထလာတာလေ၊ တော်တော်လေး စိတ်တိုနေပုံပဲ။ ဘာဒါက ပတ်ဝန်းကျင်ကို ကြည့်လိုက်တာပေါ့။ သူကတော့ ပြန်တိုက်ခိုက်လိုက်ပြီဆိုတော့ အခုက လူကြီးတွေဆီက အကူအညီ တောင်းရမယ့် အချိန်ပဲလေ။
သူ ပတ်ပတ်လည်ကို မြန်မြန် ကြည့်လိုက်တာပေါ့။ အာ... ဟိုမှာ၊ အနားက ကုန်စုံဆိုင်ထဲကနေ သူတို့ကို ကြည့်နေတဲ့ လူကြီးတစ်ယောက် ရှိတာပဲ။ ကောင်းပြီ။ သူ အကူအညီတောင်းဖို့ အော်တော့မယ့် အချိန်မှာပဲ အဲဒီလူကြီးက ခေါင်းခါပြီး ပြန်လှည့်သွားတာလေ။ သူတို့က သူငယ်ချင်းတွေလို့ ထင်နေတာလား။
‘ဒုက္ခပဲ’
အဲဒီကောင် သူ့ဆီကို တိုးလာတာကို သူ မြင်နေရတာလေ။ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကိုး။ အဲဒါနဲ့ အရိုက်ခံရရင် နာမလားမသိဘူး။ သူ့သူငယ်ချင်းတွေကိုလည်း သူ အားနာမိလာတာပေါ့။ ငြိမ်ငြိမ်လေးပဲ နေခဲ့သင့်တာ။
“ငါတို့ ပြေးကြမလား”
“ပြန်-ပြန်တိုက်ကြရအောင်”
“ငါတို့ နိုင်ပါ့မလား”
ဖူး... ဘာဒါ ရယ်တောင် ရယ်ချင်သွားတာလေ။ သူ့သူငယ်ချင်းတွေက ထွက်မပြေးကြတဲ့အတွက် သူ ကျေးဇူးတင်မိတာပေါ့။ သူတို့က ပြန်တိုက်ဖို့တောင် စဉ်းစားနေကြတာကိုး။ တကယ့် သတ္တိရှိတဲ့ ကောင်မလေးတွေပဲ။
“ရိုက်လေ... ရိုက်စမ်းပါ ငါတို့က ငြိမ်ခံနေမှာ မဟုတ်ဘူးနော်” ဘာဒါက အော်လိုက်တာပေါ့။
သူ အသံကျယ်ကျယ်နဲ့ အော်လိုက်တာက အကြောင်းရှိတာလေ၊ ပတ်ဝန်းကျင်က လူတွေက သူတို့ဆီကို အာရုံစိုက်လာကြတာကိုး။ ဟိုကောင်တွေလည်း နည်းနည်း အံ့သြသွားပုံပဲ။ အရင်တုန်းက သူ့အစ်ကို ပေးခဲ့တဲ့ အကြံပေးချက်ကို ဘာဒါ မှတ်မိသွားတာလေ။
အသံကျယ်တဲ့သူက အမြဲ နိုင်တာပဲ။ အခြေအနေ မဟန်တော့ဘူးဆိုရင် အော်သာအော်။ အဲဒါက အထောက်အကူ ဖြစ်လိမ့်မယ်လို့ ငါ ကတိပေးတယ်။ မတုန်လှုပ်သွားဘဲ နေနိုင်ရင် အဲဒါတင် လုံလောက်ပြီ။
အဲဒီတုန်းက ဘာကို ဆိုလိုတာလဲဆိုတာ သူ မသိခဲ့ပေမဲ့ အခုတော့ သူ နားလည်သွားပြီလေ။
ဒီကို ကြည့်နေတဲ့ မျက်လုံးတွေ အားလုံးက သူတို့ဘက်မှာ ရှိနေတာဆိုတော့ ဟို ယောကျ်ားလေးအုပ်စုက နည်းနည်း တွန့်ဆုတ်သွားတာကို သူ မြင်လိုက်ရတာပေါ့။ သူ စိတ်နည်းနည်း အေးသွားတဲ့ အချိန်မှာပဲ ဟိုကောင်က သူ့ဆီကို ပြေးဝင်လာတာလေ။ အိုး... ဒုက္ခပဲ။ အဲဒီကောင် ဘယ်လောက်အထိ စိတ်တိုနေသလဲဆိုတာ သူ မရိပ်မိလိုက်ဘူး။ အဲဒီကောင်ရဲ့ လက်က မြောက်တက်လာတော့ ဘာဒါလည်း မျက်လုံးကို တင်းတင်း မှိတ်လိုက်တာပေါ့။
ဖုံးးးး
အဲဒီကောင်က အသံကျယ်ကြီးနဲ့အတူ အနောက်ကို လွင့်ထွက်သွားတာလေ၊ တကယ်ကို လွင့်ထွက်သွားတာပါ။ ဘာဒါလည်း အံ့သြတကြီးနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တာပေါ့။ သူ့ရှေ့မှာ ဝတ်ဖဲလ်ဆိုင်မှာ သူ တွေ့ခဲ့တဲ့ ယောကျ်ားလေး ရှိနေတာလေ၊ ကြောက်ဖို့ကောင်းတဲ့ ပုံစံရှိတဲ့ အဲဒီကောင်က စိတ်တိုတိုနဲ့ ပြောလိုက်တာပေါ့။
“တွေ့ကျပြီပေါ့ကွာ။ ငါလည်း အခုတော်တော်လေး စိတ်တိုနေတာနဲ့ အတော်ပဲ”
အဲဒီ ကြောက်စရာကောင်းတဲ့ ကောင်က ဘာဒါ့ဘက်ကို ခဏ လှည့်ကြည့်လိုက်တာလေ။
“သူတို့က လူဆိုးတွေ မဟုတ်လား”
ဘာဒါက ကြောင်တောင်တောင်နဲ့ ခေါင်းညိတ်ပြလိုက်တာပေါ့။
“သိပြီ။ မင်း သွားလို့ ရပြီ”
သူက ဘာဒါ့ကို အထူးတလည် ကူညီနေတဲ့ ပုံစံတော့ မဟုတ်ပါဘူး။ တကယ်တော့ သူက ဒီယောကျ်ားလေးအုပ်စုနဲ့ ကိစ္စရှိနေတဲ့ ပုံစံမျိုးပဲလေ။
“အာ... ဒီနေ့က တကယ်ကို ဘာတွေ ဖြစ်နေတာလဲ”
“ချန်ဟူး... မင်းကို ကျောင်းပြင်ပမှာ တွေ့ရတာ ဝမ်းသာစရာပဲနော်”
“ဒိုဝူး... မင်းကတော့ တကယ့် ခွေးမသားပဲ”
“ပါးစပ်ပိတ်ထားစမ်း။ မင်း နာဖို့သာပြင်။ ဒီမှာက မင်း ပုန်းနေလို့ရမယ့် ဆရာတွေ မရှိဘူးနော်”
ဒိုဝူးလို့ ခေါ်တဲ့ ကောင်က စကားဆုံးတာနဲ့ ရှေ့ကို ပြေးထွက်သွားတာပေါ့။ ဘာဒါလည်း အံ့သြပြီး အသံထွက်သွားတာလေ။ ဒိုဝူးက ကန်ချက်တစ်ခုနဲ့တင် ချန်ဟူးကို နောက်တစ်ခါ လွင့်ထွက်သွားအောင် လုပ်လိုက်နိုင်တာကိုး။
“ဘာ-ဘာကြီးလဲ”
“သူက ငါတို့ကို ကူညီနေတာလား”
သူ့သူငယ်ချင်းတွေက ဘာဒါ့ဆီ လာပြီး အဆင်ပြေရဲ့လားလို့ မေးကြတာပေါ့။ ဘာဒါက ခေါင်းညိတ်ပြလိုက်တာလေ။
‘ဘာပဲဖြစ်ဖြစ်...’
ဒါက လေးယောက်နဲ့ တစ်ယောက် ဖြစ်နေတာပါ၊ ဒါပေမဲ့ တခြား သုံးယောက်ကတော့ အခုချိန်အထိ ကြည့်ပဲ ကြည့်နေကြတာလေ။ ချန်ဟူးကလည်း ဒိုဝူးကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေတာပေါ့။ ဘာဒါက ဒိုဝူးရဲ့ ကျောပြင်ကို ကြည့်လိုက်တာလေ။ အဲဒီကောင်က တစ်ကိုယ်လုံး ပိန်ပိန်ပါးပါးလေးပါ၊ ဒါပေမဲ့ ပေါင်တွေကတော့ တော်တော်လေး ကြွက်သားရှိတာပေါ့။
ဘာတွေဖြစ်နေသလဲဆိုတာ ကြည့်ဖို့ လူတွေ စုလာကြတာလေ။ လူကြီး တချို့လည်း ဝင်ပါဖို့ လုပ်နေကြပြီ။ ပြီးတော့...
“ဟင်”
“အိုး အစ်ကို”
ဘာဒါ့အစ်ကိုလည်း အဲဒီလူတွေထဲမှာ ပါလာတာလေ၊ လူကြီးတွေ စုလာတာနဲ့ ဟို ယောကျ်ားလေး လေးယောက်လည်း ချက်ချင်း ထွက်ပြေးသွားကြတာပေါ့။ ဘာဒါက သူတို့ကို နှာခေါင်းရှုံ့ပြလိုက်ပြီးမှ သူ့အစ်ကိုဘက်ကို လှည့်ကြည့်လိုက်တာလေ။
“ဘာဖြစ်တာလဲ။ မင်း ဆံပင်တွေက ဘာဖြစ်နေတာလဲ” လို့ သူ့အစ်ကိုက မေးလိုက်တာပေါ့။
အာ... ခုနက အဖမ်းခံလိုက်ရတုန်းက ဆံပင်တွေ ရှုပ်သွားတာ ဖြစ်မှာပါ။ သူလည်း ဆံပင်တွေကို ပြန်ပြင်နေလိုက်တာပေါ့။ အဲဒီအချိန်မှာ သူ့အစ်ကိုက ဒိုဝူးနဲ့ စကားပြောဖို့ လှည့်လိုက်တာလေ။
“ဒိုဝူး”
“ဘာလဲ”
“နေဦး... နင်တို့ နှစ်ယောက်က သိနေကြတာလား”
ဘာဒါက သူ့ရှေ့က ယောကျ်ားလေး နှစ်ယောက်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားတော့တာပေါ့။
* * * * * * * * *
“မနက်ဖြန်မှ တွေ့မယ်နော်။ ဂရုစိုက်သွားဦး”
“ဟုတ်ကဲ့... မနက်ဖြန်မှ တွေ့မယ်နော်”
မာရူးက ဂျွန်မင်းနဲ့ ဂန်ဟွမ်ကို နှုတ်ဆက်လိုက်ပြီးမှ ဒိုဝူး ရှိနေတဲ့ စတိုးဆိုင်ထဲကို ဝင်လာခဲ့တာလေ။
“ခုနကအတွက် ကျေးဇူးပဲနော်”
ဘာဒါ့ဆီကနေ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သူ ကြားပြီးပြီလေ။ မာရူးက အိမ်ပြန်တာ အကောင်းဆုံးဖြစ်မှာလို့ ပြောလိုက်တဲ့အတွက် မိန်းကလေးတွေလည်း မြောင်ဒုံကနေ ပြန်သွားကြပြီလေ။
“ငါက စိတ်တိုနေတာနဲ့ အဲဒီကောင်တွေက ပစ်မှတ်ကောင်း ဖြစ်နေလို့ပါ။ ငါက ကူညီချင်လို့ မဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ် မင်း ကူညီလိုက်တာပဲလေ။ ဒါနဲ့ မင်း စားပြီးပြီလား”
“မစားရသေးဘူး”
“ဒါဆို စားလိုက်လေ၊ ဟိုမှာ ကင်ဘပ်ဆိုင် ရှိတယ်”
(TR Note: ကင်ဘပ် (Kimbap) ကိုရီးယားထမင်းလိပ်)
“ငါ ခေါက်ဆွဲခြောက်ပဲ စားချင်တယ်။ မင်း ဝယ်ကျွေးမှာလား”
“ကျွေးနိုင်တာပေါ့”
“ရပါတယ်၊ မင်းဆီက ဘာမှလည်း မလိုချင်ပါဘူး။ တစ်မျိုးကြီးပဲ”
“ဘာ တစ်မျိုးကြီးလဲ၊ အဓိပ္ပာယ်မရှိတာ ”
မာရူး အပြင်ကို ထွက်သွားပြီး ခေါက်ဆွဲခြောက်တွေနဲ့ ကင်ဘပ်တချို့ ဝယ်လာတာပေါ့။
“ဒါနဲ့ မင်း မြောင်ဒုံမှာ ဘာလုပ်နေတာလဲ”
“ . . . ”
ဒိုဝူးက ဘာမှ ပြန်မဖြေဘဲ သူ့ရှေ့က အစားအစာတွေကိုပဲ တိတ်တိတ်ဆိတ်ဆိတ် စားနေတာလေ။ တစ်ခုခုတော့ ဖြစ်နေတာ သေချာပါတယ်။ အခုတော့ မာရူးလည်း ဆိုဒါဘူးတစ်ဘူးကို ဖွင့်ပြီး သောက်နေလိုက်တာပေါ့။ ခေါက်ဆွဲခြောက် စားပြီးတဲ့နောက်မှာတော့ ဒိုဝူးက ခွက်အလွတ်ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ပါးစပ်ဟလိုက်တာလေ။
“တခြား ဘာမှ မပြောခင်... ငါ့အဖေ ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ ငါလည်း အိမ်မှာ စိတ်အေးလက်အေး နေလို့ ရသွားပြီ”
“ဝမ်းသာပါတယ်ကွာ။ မင်းအဖေက လူကောင်းတစ်ယောက်ပဲ၊ အဲဒီတော့ မင်း သူ့နဲ့ ပိုပြီး အဆင်ပြေပြေ နေနိုင်ဖို့ မျှော်လင့်ပါတယ်”
ဒိုဝူးက ပြုံးလိုက်တာပေါ့။
“ဟမ်... မင်းက ဘာကိုမှ မစိုးရိမ်တတ်ဘူးလား။ မင်း ဘယ်လိုဖြစ်လို့ အမြဲတမ်း ဒီလောက်အထိ အေးဆေး ဖြစ်နေနိုင်တာလဲ ငါ မသိတော့ဘူး”
“တစ်ခုခု ဖြစ်လို့လား”
ဒိုဝူးက ဒီလို စကားမျိုး ပြောတတ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ။ သူက မာနကြီးတဲ့ ကလေးဆိုတော့ အခုလို အလွယ်တကူ ရင်ဖွင့်လာတယ်ဆိုတာ တစ်ခုခု တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်ခဲ့လို့ပဲ ဖြစ်မှာပါ။ ဒိုဝူးက ပြန်ပြီး တိတ်သွားပြန်တာလေ။ ခဏလောက် တိတ်ဆိတ်သွားပြီးမှ “တကယ်လို့” ဆိုတဲ့ စကားနဲ့ စလိုက်တာပေါ့။
“တကယ်လို့... ဆယ်နှစ်လုံးလုံး အသံတိတ်နေခဲ့တဲ့၊ မင်းရဲ့ တစ်ဘဝလုံးမှာ ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူးလို့ ထင်ထားတဲ့ မင်းရဲ့ အစ်မက... ရုတ်တရက်ကြီး ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိ ပေါ်လာခဲ့ရင်... ငါ သူ့ကို ဘာပြောရမှာလဲ”
“အစ်မ ဟုတ်လား”
မာရူးက ဒိုဝူးရဲ့ စကားတွေကို ပိုပြီး အာရုံစိုက် နားထောင်လိုက်မိတာပေါ့။
* * * * * * * * *
“ကျွန်မ သွားတော့မယ်။ တောင်းပန်ပါတယ် အဖေ”
“ဆွန်ဂျီ”
ဆွန်ဂျီက သူ့နှုတ်ခမ်းကို သူ ကိုက်ပြီး ကော်ဖီဆိုင်ထဲက ထွက်လာခဲ့တာလေ။ သူ အဲဒီမှာ တစ်နာရီလောက် တိတ်တိတ်လေး ထိုင်နေခဲ့တာပါ၊ ဒိုဝူး သူ့ကို ကြည့်ခဲ့တဲ့ အကြည့်တွေကို အခုထိ သူ မေ့လို့ မရသေးဘူး။
‘သူ တော်တော်လေး နာကျင်နေတုန်းပဲ’
သူ မလာခဲ့သင့်ဘူး၊ အခုလိုပဲ နောင်တတွေနဲ့ ဆက်နေသွားတာက သူ့အတွက် ပိုကောင်းမှာပါ။ သူ့မောင်လေးက ဆယ်နှစ်အတွင်းမှာ အများကြီး ကြီးထွားလာခဲ့ပြီလေ၊ သူတောင် ကောင်းကောင်း မမှတ်မိတော့ဘူး။ ဒါပေမဲ့ အဲဒီ စူးရှတဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ အဲဒါ သူ့မောင်လေးပဲဆိုတာ သူ သိလိုက်ရတာပေါ့။
‘တောင်းပန်ပါတယ်’
ဆွန်ဂျီ ကားပေါ်ရောက်တာနဲ့ ကားကို ချက်ချင်း စက်နှိုးလိုက်တာလေ။ ဒီနေ့လည်း သူ ထပ်ပြီး ထွက်ပြေးနေရပြန်ပြီ။ မူကြိုကျောင်းပေါင်းများစွာရဲ့ နာမည်တွေက သူ့ခေါင်းထဲမှာ ပေါ်လာတာပေါ့။ သူ ဘာမှ မစဉ်းစားမိအောင် ကြားရက်တွေမှာပါ စေတနာ့ဝန်ထမ်း သွားလုပ်ရမယ်။
ဆွန်ဂျီရဲ့ အနီရောင် ကားလေးကတော့ စိတ်ဓာတ်ကျစရာကောင်းတဲ့ အသံလေး ပြုလုပ်ရင်း လမ်းမပေါ်ကနေ လျှောခနဲ မောင်းထွက်သွားခဲ့တော့တာပေါ့။
* * * * * * * * *
အခန်း(၁၀၀)
“လစ်တော့မယ် . . .”
ဒိုဝူးက အတူတူလမ်းလျှောက်နေရင်းနဲ့မှ မာရူးကို လက်ပြနှုတ်ဆက်ပြီး ထွက်သွားတာလေ။ မာရူးလည်း အဲဒီကောင်လေး ဘတ်စ်ကားဂိတ်ဆီ လျှောက်သွားတာကို ခဏလောက် ကြည့်နေပြီးမှ ပြန်လှည့်လာခဲ့တာပေါ့။
ဒီနေ့ တစ်နေ့တည်းမှာတင် ဖြစ်ပျက်ခဲ့တာတွေက တော်တော်လေး များသားပဲ။ အရင်ဆုံး အလုပ်သစ်တစ်ခု ရခဲ့တယ်လေ၊ အပျော်တမ်း သရုပ်ဆောင်သင်တန်းပေါ့။ တနင်္လာနေ့ ညနေ ၈ နာရီမှာ ပထမဆုံး အစည်းအဝေးကို သူ တက်ရမှာလေ။ ဂျွန်မင်းကတော့ တစ်ခုခုဆို ဆုံးဖြတ်ချက်ပြတ်သားတဲ့နေရာမှာ တကယ်ကို ဆရာကျတာပါပဲ။
မာရူး အိမ်ပြန်ဖို့ ဘတ်စ်ကားပေါ် တက်လိုက်တာပေါ့။ ပြတင်းပေါက်ကနေ ဖြတ်ပြေးနေတဲ့ ရှုခင်းတွေကို ငေးကြည့်နေတုန်း သူ့အိတ်ကပ်ထဲက ဖုန်းလေးက တုန်ခါလာတာလေ။
“ငါ မင်းကို မကြာခင် ပြန်ပေးပါ့မယ်၊ ခဏလေးပဲ စောင့်နော်”
သူမဆီကစာပဲ။ စာသားက ဘာမှ ထွေထွေထူးထူး မရှိပေမဲ့လည်း မာရူးကတော့ ပြုံးမိသွားတာပေါ့။ သူ ချက်ချင်းပဲ စာပြန်ရိုက်လိုက်တာလေ။
“အဆင်ပြေရင်တော့ ပိတ်ရက်မှ ပြန်ပေးဖို့ ကြိုးစားကြည့်ပေါ့”
မိနစ်အနည်းငယ် ကြာတော့မှ စာပြန်ရောက်လာတာလေ။
“ဘာလို့လဲ”
“ဒါမှ ငါတို့ ဒိတ်လို့ရမှာလေ”
မာရူးက ဖုန်းကို အိတ်ကပ်ထဲ မြန်မြန် ပြန်ထည့်လိုက်တာပေါ့။ သူ့ဖုန်းက နောက်ထပ် စာတွေဝင်လာလို့ ထပ်တုန်နေပြန်တာလေ။ မကြည့်ဘဲနဲ့တောင် သူမ ဘာပြောမလဲဆိုတာ မာရူး သိနေတာပေါ့၊ ‘နင် ရူးနေလား’ ဆိုတဲ့ စကားမျိုးပဲ ဖြစ်မှာပါ။ သူမကတော့ ဘယ်တော့မှ မပြောင်းလဲဘူးလေ။
ဘတ်စ်ကားပေါ်က ဆင်းပြီး အိမ်ပြန်ရောက်တော့ သူ့ညီမလေးက လာကြိုတာပေါ့။ မာရူးက သူ့ညီမကို နောက်တစ်ခါ ထပ်ပြီး အကဲခတ်ကြည့်လိုက်တာလေ။
“မင်း တကယ်ပဲ အရိုက်မခံခဲ့ရဘူးလား”
“မခံရပါဘူးဆို။ ငါကတောင် ပြန်ရိုက်လိုက်သေးတာ”
ဘာဒါက သူ့ရဲ့ နဖူးကျယ်ကြီးကို လက်ညှိုးထိုးပြပြီး ပြုံးစိစိနဲ့ ပြောတာပေါ့။ တော်သေးတာပေါ့ . . . သူ ဒဏ်ရာမရခဲ့လို့လေ။ သူက ယောကျ်ားလျာလေးလို ဖြစ်နေပေမဲ့ မိန်းကလေးက မိန်းကလေးပဲဥစ္စာ။
“ဒါနဲ့ အဲဒီကောင်လေးက အစ်ကို့သူငယ်ချင်းလား”
“ဒိုဝူးလား”
“အင်း . . . ဟုတ်တယ်”
“အတန်းတူလေ။ မင်းကို ရန်လုပ်တဲ့ကောင်လည်း ငါတို့နဲ့ အတန်းတူပဲ”
“ဘာ . . . တကယ်လား။ အဲဒီ လူယုတ်မာကလား”
ဘာဒါက ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားမိပုံရတယ်၊ သူက မျက်မှောင်ကြုတ်ပြီး နှာခေါင်းရှုံ့ပြလိုက်တာပေါ့။
“အဲဒီကောင်ကရော အစ်ကို့သူငယ်ချင်းပဲလား”
“ဘယ်ကသာ . . .”
“သူက တော်တော် ဆိုးတာပဲနော်။ သူက လူမိုက်လား”
“ကလေးကလားနိုင်တာပါ၊ ဒါပေမဲ့ သူ ဒီလောက်အထိ ဆိုးလိမ့်မယ်လို့တော့ ငါ မထင်ထားဘူး”
“ငါ တကယ် အံ့သြသွားတာ။ ဘာမဟုတ်တာလေးကို ငါ့လက်ကို အတင်းဆွဲတာလေ”
ဘာဒါက ဖြစ်ခဲ့သမျှတွေကို လျှောက်ပြောပြနေတာပေါ့၊ အဲဒါတွေကို ကြားရလေလေ မာရူးလည်း ပိုပြီး စိတ်တိုလာလေလေပါပဲ။ ကျောင်းမှာတုန်းကတော့ ချန်ဟူးက ဘယ်တော့မှ လက်သီးလက်မောင်း တန်းတတ်တာ မဟုတ်ဘူးလေ။ သူက ကျောင်းမှာ စာတော်တဲ့ကလေးတစ်ယောက်ပဲဥစ္စာ။
‘မဟုတ်ဘူး . . . အဲဒီလို မဟုတ်လောက်ဘူး’
အပြင်လောကမှာက မိန်းကလေးတွေနဲ့ ပတ်သက်လာရင် အကြမ်းဖက်တတ်တဲ့ အမှိုက်ကောင်တွေ အများကြီး ရှိတာလေ။ ချန်ဟူးကလည်း အဲဒီလို အနိုင်ကျင့်တတ်တဲ့ လူမျိုးထဲက တစ်ယောက် ဖြစ်နေပြီလား။ မာရူးက သူ့ကို လာမထိသရွေ့ ဘယ်ကိစ္စမှာမှ ဝင်မပါချင်ပေမဲ့ အခုကတော့ သူနဲ့ ပတ်သက်နေပြီလေ . . .
“အစ်ကို . . .”
ညီမလေးရဲ့ အသံကြားတော့မှ မာရူးက သူ့ရဲ့ ခက်ထန်နေတဲ့ မျက်နှာထားကို မြန်မြန် ပြန်ပြင်လိုက်တာပေါ့။ ဘာဒါက သူ့ကို စိုးရိမ်တကြီးနဲ့ ကြည့်နေတာလေ။
“ဘာလဲ . . . မင်း ကြည့်ရတာ ငါ့ကို တစ်မျိုးကြီး ဖြစ်အောင် လုပ်နေသလိုပဲ”
“မဟုတ်ပါဘူး . . . အစ်ကို ခုနက . . .”
ဘာဒါက စကားကို ရပ်လိုက်ပြီး ခေါင်းခါလိုက်တာလေ။ သူ့မျက်နှာက သိပ်ပြီး ခင်မင်စရာကောင်းတဲ့ ပုံစံမဟုတ်ဘူးဆိုတာ မာရူး ကိုယ်တိုင်လည်း သိတာပေါ့။ သူ့ရဲ့ ပုံမှန်မျက်နှာပေးကတောင် ကြောက်ဖို့ကောင်းနေတာလေ။ အဲဒီအပေါ်မှာမှ မျက်မှောင်ပါ ကြုတ်လိုက်မယ်ဆိုရင်တော့ . . . ကြည့်လို့ သိပ်ကောင်းမှာ မဟုတ်ဘူးပေါ့။
“အာ . . . ဟုတ်သားပဲ”
ဘာဒါက အခြေအနေကို ပြောင်းလဲဖို့အတွက် သူ့အခန်းထဲ ပြေးဝင်သွားတာလေ။ ခဏကြာတော့မှ သူက ဘူးတစ်ဘူးကို မာရူးဆီ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လာပေးတာပေါ့။ အဲဒါက ဒီနေ့မနက်က မာရူး တွေ့ခဲ့တဲ့ အိတ်ကလေးပါပဲ။ အထဲမှာ ဖိနပ်ရှိမယ်ဆိုတာ သူ သိနေပေမဲ့ မသိချင်ယောင်ဆောင်လိုက်တာပေါ့။
“ဒါက ဘာလဲ”
“လက်ဆောင်”
“ဒီပိုက်ဆံတွေကို မင်း အဝတ်အစားဝယ်ဖို့ပဲ သုံးလိုက်ပါတော့လား”
“စိတ်မပူနဲ့။ အစ်ကို့အတွက် နောက်တစ်ခါ ဘယ်တော့မှ ထပ်မဝယ်ပေးတော့ဘူး။ အဲဒါ အစ်ကို့ခြေထောက်နဲ့ တော်မတော်တော့ မသိဘူးနော်။ အစ်ကို့ဆိုဒ်က ၂၇၀ မဟုတ်လား”
အင်း . . . အမှန်တော့ ၂၇၅ လေ။ ဒါပေမဲ့ မာရူးက အမှန်အတိုင်း မပြောတော့ဘဲ ခေါင်းပဲ ငြိမ့်ပြလိုက်တာပေါ့။ သူ ဖိနပ်ကို ထုတ်စီးကြည့်လိုက်တာလေ။ အဖြူရောင် စနီကာဖိနပ်လေးက နည်းနည်းတော့ ကျပ်သလိုပဲ၊ ဒါပေမဲ့ စီးလို့တော့ ရပါတယ်လေ။
“ကျေးဇူးပဲ”
“အဲဒါ ငါ့သူငယ်ချင်းက အကြံပေးလို့ ဝယ်လိုက်တာ။ လှတယ် မဟုတ်လား”
“လှပါတယ်၊ ငါ သေချာ စီးပါ့မယ်”
မာရူးက ဖိနပ်ကို ဖိနပ်စင်ထဲ ထည့်လိုက်ပြီး သူ့အခန်းထဲ ပြန်ဝင်လာခဲ့တာပေါ့။ ဒီနေ့က တော်တော်လေး အလုပ်များတဲ့ နေ့တစ်နေ့ပဲ၊ ဒါပေမဲ့ တစ်နေ့တာ ကုန်ဆုံးသွားတာကတော့ တခြားနေ့တွေလိုပါပဲ။
အရင်ဆုံး သူ ‘ဒယ်လ်ဆောက်ဒုံက လူများ’ ပြဇာတ်ရဲ့ ဇာတ်ညွှန်းကို ဖတ်လိုက်တာပေါ့။ စကားလုံးတစ်လုံးကို ပထမဆုံးအကြိမ် ပြောတာနဲ့ အကြိမ်တစ်ထောင်မြောက် ပြောတာက အာဘော်ချင်း တော်တော်လေး ကွာခြားတာလေ။ အဲဒါကို စိတ်ထဲမှာ ထားပြီး မာရူးက စကားပြောခန်းတွေကို လေ့ကျင့်နေလိုက်တာပေါ့။
မကြာသေးခင်ကမှ သူက သူ့ရဲ့ ဇာတ်ကောင်ထဲမှာ မတူညီတဲ့ ပင်ကိုယ်စရိုက်တွေကို ထည့်သွင်းဖို့ ကြိုးစားနေတာလေ။ အစတုန်းကတော့ မာရူးက အဲဒီ ဆယ်ကျော်သက်ကောင်လေးကို တက်ကြွပြီး နောက်ပြောင်တတ်တဲ့သူတစ်ယောက်အဖြစ် သရုပ်ဖော်ခဲ့တာပေါ့။ ဇာတ်ညွှန်းထဲမှာလည်း အဲဒီလိုပဲ ရေးထားတာကိုး။
‘ဒါပေမဲ့ ဒီကောင်လေးက လောကကြီးကို စိတ်ကုန်နေတဲ့ ပုံစံမျိုးဆိုရင်ရော ဘယ်လိုနေမလဲ’
အဲဒီ ဆယ်ကျော်သက်ကောင်လေးက ပရိသတ်နဲ့ စင်မြင့်ထက်ကို ချိတ်ဆက်ပေးရမယ့်သူလေ။ ဇာတ်ကောင်စရိုက်ကို မပြောင်းခင် မီဆိုနဲ့ အရင်တိုင်ပင်ရမှာ ဖြစ်ပေမဲ့ သူလည်း သူ့ဘာသာ တွေးကြည့်နေမိတာပေါ့။ ဂန်ဟွမ်ကလည်း သူ့ကို ပြောခဲ့ဖူးတယ်လေ၊ ဇာတ်ကောင်တွေကို ဒီလိုမျိုး ခွဲခြမ်းစိတ်ဖြာကြည့်တာက အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်တဲ့။
ဇာတ်ညွှန်းကို တစ်နာရီလောက် ဖတ်ပြီးတဲ့နောက် မာရူး ရေချိုးလိုက်တာပေါ့။ ရေချိုးနေရင်းနဲ့ သူ့အတွေးတွေကို ပြန်စုစည်းလိုက်ပြီးမှ အခန်းထဲပြန်လာပြီး ဘလော့ဂ်မှာ စာသွားရေးလိုက်တာလေ။ ခုတလော သူ့ဘလော့ဂ်ကို သွားကြည့်တိုင်း သူ နည်းနည်း စိတ်လှုပ်ရှားမိတာပေါ့။
သူမဆီက မှတ်ချက်လေး တစ်ခုခု ရှိမလားဆိုပြီး မျှော်လင့်နေမိလို့လေ။ ဒီလို သေးသေးမွှားမွှား ကိစ္စလေးတစ်ခုအပေါ်မှာတောင် သူ ဒီလောက်အထိ ပျော်နေနိုင်တာကို တွေးကြည့်ရင် . . . သူတို့သာ တကယ် တွဲဖြစ်သွားရင် တော်တော်လေး ပျော်ဖို့ကောင်းမှာပဲ။
သူမကတော့ အခုချိန်မှာ သူငယ်ချင်းအဖြစ်ပဲ နေရအောင်လို့ အတင်း ပြောနေပေမဲ့ပေါ့။
‘ငါ တကယ်ပဲ အနာဂတ်မှာ အဖေတစ်ယောက် ဖြစ်လာတော့မှာလား’
သူ့သူငယ်ချင်းတွေလည်း ဒီလိုပဲ ဖြစ်မှာပါပဲ။ မာရူးက CAD ဆော့ဖ်ဝဲလ်ကို ခဏလောက် သုံးကြည့်လိုက်ပြီးမှ ကျောင်းစာတွေကို ဆက်လုပ်လိုက်တာပေါ့။ ဒီနေ့လည်း သူ ဘာမှ မေ့မကျန်ခဲ့ပါဘူး။ အချိန်ကြည့်လိုက်တော့ သန်းခေါင်ယံ ရှိနေပြီလေ။ သူ အွန်လိုင်းမှာ သတင်းတချို့ကို မြန်မြန် စစ်ဆေးလိုက်ပြီး တစ်နေ့တာကို အဆုံးသတ်လိုက်တာပေါ့။
သူ့စားပွဲခုံကို ခဏလောက် ကြည့်နေပြီးမှ အင်္ကျီအိတ်ထဲက ပလတ်စတစ်တုတ်ချောင်း ရှည်ရှည်လေးတစ်ခုကို ထုတ်လိုက်တာလေ။ အဲဒါက ဂျွန်မင်းနဲ့ မခွဲခင်က သူ ယူလာခဲ့တာပေါ့။
“ငါတို့ ‘သူငယ်ချင်းတွေ’ အဖြစ်ပဲ ဆက်နေနိုင်မယ်လို့ မျှော်လင့်ပါတယ် ချန်ဟူး”
မာရူးက အဲဒီ ပလတ်စတစ်တုတ်ချောင်းကို သူ့အိတ်ထဲ ပြန်ထည့်လိုက်တာပေါ့။ မဝေးတော့တဲ့ အနာဂတ်မှာတော့ အဲဒါကို အသုံးမပြုရပါစေနဲ့လို့ သူ ဆုတောင်းနေမိတာပေါ့။
* * * * * * * * *
“ဟေ့ . . .”
မာရူး အတန်းထဲ ဝင်ဝင်ချင်းမှာပဲ ချန်ဟူးက သူ့ဆီ ပြေးလာတာလေ။ မာရူးက ရှောင်ထွက်လိုက်ပြီး သူ့နေရာမှာ သူ အမြန် သွားထိုင်လိုက်တာပေါ့။
“ဟန်မာရူး . . . မင်းကတော့ ခွေးမ . . .”
“ဆရာ လာပြီ”
ဆရာ အခန်းထဲ ဝင်လာတာနဲ့ ချန်ဟူးက အနောက်ကို ချက်ချင်း ဆုတ်သွားတာပေါ့။
“အားလုံး ငြိမ်ငြိမ်ထိုင်စမ်း”
အတန်းချိန်အတွင်းမှာ မာရူးက သူ့မျက်နှာ ဘယ်ဘက်ခြမ်းကြီး အရည်ပျော်သွားတော့မလားလို့ ခံစားနေရတာလေ၊ ချန်ဟူးက သူ့ကို မနားတမ်း စိုက်ကြည့်နေလို့ပေါ့။
“အဲဒီကောင် ဘာဖြစ်နေတာလဲ” လို့ ဒိုဂျင်က မေးတာလေ။
“မသိပါဘူးကွာ။ လူပျိုဖော်ဝင်တာ ဖြစ်နေလို့နေမှာပေါ့”
ချန်ဟူးက သွားတွေကို ကြိတ်ပြီး ဒိုဂျင်နဲ့ မာရူးကို အပြန်အလှန် စိုက်ကြည့်နေတာပေါ့။ အတန်းချိန်ပြီးတာနဲ့တင် ရန်ဖြစ်ဖို့ ချောင်းနေတာ သေချာပါတယ်လေ။
“ပြဿနာ မရှာကြနဲ့နော်၊ ပြီးတော့ ဆေးလိပ်နဲ့သာ အမိခံရရင်တော့ သေဖို့သာ ပြင်ထားကြ။ ကြားလား”
“ဟုတ်ကဲ့”
ဆရာက စားပွဲခုံကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီး အပြင်ထွက်သွားတာလေ။ အဲဒီလူ အခန်းပြင် ထွက်သွားတာနဲ့ ချန်ဟူးက ထရပ်လိုက်တာပေါ့။ ဒိုဝူးကလည်း ထရပ်လိုက်တာပါပဲ။ ချန်ဟူးရဲ့ သူငယ်ချင်းတွေလည်း တစ်ယောက်ပြီး တစ်ယောက် လိုက်ထရပ်ကြတာပေါ့။
‘အိုး . . . ဒုက္ခပါပဲ’
ဒါက ဘာ ဆယ်ကျော်သက်ပြဇာတ်တွေလဲ။ မာရူး ခေါင်းခါလိုက်မိတာပေါ့။ ဒီလိုအချိန်မျိုးမှာတော့ သူတို့အတွက် ကွင်းတစ်ခု ဖန်တီးပေးလိုက်တာ အကောင်းဆုံးပဲလေ။ ကလေးတွေက သူတို့ ရည်ရွယ်ထားတာထက် ကိစ္စတစ်ခုက ပိုကြီးသွားပြီဆိုရင် ကြောက်တတ်ကြတာကိုး။ အတန်းထဲက တခြားကျောင်းသားတွေကလည်း တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သိတာနဲ့ အတန်းအလယ်မှာ နေရာလွတ်တွေ လုပ်ပေးနေကြပြီလေ။ တချို့က စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေကြပြီး တချို့ကတော့ တော်တော်လေး စိုးရိမ်နေကြတာပေါ့။ မာရူးကတော့ စိုးရိမ်နေတဲ့ အုပ်စုကိုပဲ စိတ်ထဲမှာ မှတ်ထားလိုက်တာလေ။ သူတို့က ချန်ဟူးရဲ့ အနိုင်ကျင့်တာကို ခံနေရတဲ့ ကလေးတွေ ဖြစ်မှာပါ။
“မင်းတို့ ရန်ဖြစ်ကြမလို့လား။ ဟေ့ ဟေ့ . . . ဖယ်ပေးကြ၊ ဖယ်ပေးကြ။ သူတို့ ရန်ဖြစ်ဖို့ နေရာလိုတယ်ဟေ့”
မာရူးက ဒီကိစ္စကို ပိုကြီးသွားအောင် လုပ်လိုက်တာလေ။ အဲဒီလို မလုပ်ရင် ချန်ဟူးအုပ်စုက တကယ်ပဲ သောင်းကျန်းနေတော့မှာကိုး။ အခုတော့ သူက တခြားကျောင်းသားတွေရဲ့ အားပေးမှုကို ရယူဖို့ လိုတယ်လေ။
“အိုး . . . ဟုတ်သားပဲ။ စားပွဲခုံတွေကို နည်းနည်း ဖယ်လိုက်ရအောင်”
“ခဏစောင့်ဦးနော် သူငယ်ချင်းတို့။ မင်းတို့အတွက် ကွင်းတစ်ခု ဖန်တီးပေးမယ်”
ချန်ဟူးကို မကြောက်တဲ့ ကလေးတချို့က အရင်ဆုံး ရှေ့ထွက်လာကြတာပေါ့။ သူတို့က စားပွဲခုံတွေကို ရွှေ့ရင်းနဲ့ ဒိုဝူးကို “မျက်နှာကိုတော့ မထိုးနဲ့နော်၊ ဟိုကောင်က ဆရာ့ဆီ သွားတိုင်မယ့်ကောင်” လို့ ပြုံးစိစိနဲ့ ပြောနေကြတာလေ။ ချန်ဟူးက လူမိုက်ဆိုပေမဲ့ ဒီအတန်းထဲမှာ သူငယ်ချင်း သိပ်မရှိပါဘူး။ ဒိုဝူးကတော့ စာသင်နှစ်ဝက်မှာ စိတ်ဓာတ်တွေ ပြောင်းလဲသွားပြီးတဲ့နောက်ပိုင်း သူငယ်ချင်းတွေ အများကြီး ရှိလာတာလေ။ အတန်းအလယ်မှာ နေရာလွတ်တစ်ခုက ချက်ချင်း ဖြစ်သွားတာပေါ့၊ မာရူးက ဒိုဝူးအနားက ထိုင်ခုံတစ်ခုကို ဆွဲလိုက်သလိုမျိုး ဟန်ဆောင်ပြီး ပါးစပ်က ပြောလိုက်တာလေ။
“တကယ်တော့ မချကြနဲ့ဦး”
“ချဖို့ အစီအစဉ် မရှိပါဘူး။ အဲဒီလိုလူမျိုးနဲ့ ချလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ။ ကျောင်းပြင်ပမှာသာဆိုရင်တော့ သူ့ကို သတ်မိမှာ သေချာတယ်”
“ကောင်းပြီလေ”
အခုအချိန်မှာတော့ အခက်တွေ့နေတာက ချန်ဟူးပဲ ဖြစ်မှာပါ။ အခြေအနေတွေက တစ်ယောက်ချင်း ဆိုင်ရမယ့်ပုံစံ ဖြစ်နေပြီး တခြားကလေးတွေကလည်း အဲဒီအတိုင်းပဲ ဖြစ်အောင် ဝိုင်းလုပ်နေကြတာကိုး။ နောက်ဆုံးတော့ ချန်ဟူးကပဲ အလျော့ပေးလိုက်ရတာပေါ့။
“ဟား . . . တော်တော် ကလေးဆန်တာပဲ။ မင်းတို့က မူလတန်းကျောင်းသားတွေလား”
သူက သူ့သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်သွားတာလေ။
“အဲဒီ လူကြောက်ကောင်”
“သူက သူ့သူငယ်ချင်းတွေကို အားကိုးနေတာ ဖြစ်မှာပါ”
“တကယ့် အမှိုက်ပဲ”
ကလေးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ စားပွဲခုံတွေကို နေရာပြန်ချလိုက်ကြတာပေါ့။ ကောင်းပြီ . . . မာရူးလည်း ဒီအခြေအနေကို ဒီမှာတင် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာလေ။ သူ အိတ်ထဲက ပလတ်စတစ်ချောင်းလေးကို ထုတ်ပြီး အိတ်ကပ်ထဲ ထည့်လိုက်တာပေါ့၊ ပြီးတော့ ထရပ်လိုက်တာလေ။
“ဘယ်သွားမလို့လဲ” လို့ ဒိုဂျင်က မေးတာပေါ့။
မာရူး ပြန်မဖြေပါဘူး။ စာသင်ချိန် မစခင် ၃၀ မိနစ်လောက် လိုသေးတာကိုး။ မာရူးက လူသွားလမ်းထဲကို ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တာလေ။
‘ဟိုမှာပဲ’
ချန်ဟူးအုပ်စု လှေကားကနေ ဆင်းသွားတာကို သူ မြင်လိုက်ရတာပေါ့။ သူတို့အနောက်မှာတော့ ကောင်လေးတစ်ယောက်က ခေါင်းငုံ့ပြီး လိုက်သွားတာလေ။ ကံဆိုးတဲ့ သားကောင်တစ်ယောက် ဖြစ်မှာပေါ့။
မာရူးလည်း သူတို့အနောက်ကို ခြေသံဖွဖွလေးနဲ့ လိုက်သွားခဲ့တော့တာပေါ့။
* * * * * * * * *
“ငါတို့ ဒိုဝူးဆိုတဲ့ အဲဒီကောင်ကိုတော့ စောင့်ကြည့်နေရမယ်။ တကယ့် ပြဿနာကတော့ မာရူးပဲ . . . တောက်”
“အရမ်း စိတ်မတိုပါနဲ့ ချန်ဟူးရာ”
“ငါကလား . . . စိတ်တိုတယ် ဟုတ်လား။ ဟား . . . နောက်နေတာလား။ ငါ စိတ်မတိုပါဘူး၊ စိတ်ပဲ ရှုပ်နေတာ။ အဲဒီကောင် လုပ်နေတဲ့ ပုံစံကို ငါ ကြည့်မရတာလေ။ ငါ စိတ်မတိုဘူး”
“. . . . .”
သူ့သူငယ်ချင်းတွေ ပါးစပ်ပိတ်သွားတော့မှ ချန်ဟူးလည်း စိတ်နည်းနည်း ပြန်သက်သာသွားတာပေါ့။ ဟုတ်တယ်လေ . . . ဒါကမှ ပုံမှန် တုံ့ပြန်မှုမျိုး ဖြစ်ရမှာ။ ဒါပေမဲ့ ဒိုဝူးနဲ့ မာရူးကတော့ သူ့ကို အမြဲတမ်း စိတ်တိုအောင် လုပ်နေတာလေ။
“ဟေ့”
“ဟု-ဟုတ်ကဲ့”
“ဟုတ်ကဲ့ လုပ်မနေနဲ့။ ပြီးခဲ့တဲ့ တစ်ခါက ငါ မင်းကို ခိုင်းထားတာ ဘာဖြစ်သွားပြီလဲ”
ချန်ဟူးက သူ့ရှေ့က ကောင်လေးကို နံရံမှာ အတင်း ကပ်ထားလိုက်တာလေ။ အဲဒီကောင်က သူ့သူငယ်ချင်းတစ်ယောက် ပြောပြထားတဲ့ ကလေးပဲ၊ ပိုက်ဆံကို စက္ကူလို သုံးနိုင်တဲ့ သူဌေးသားပေါ့။
“အဲဒါက . . .”
“ဟေ့ . . . ငါ စာအုပ်ဝယ်ဖို့ လိုတယ်လို့ ပြောထားတယ်လေ။ ငါ စာလုပ်မလို့လေ။ ဒါက ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား။ အဲဒီတော့ ငါ့ကို စကား အများကြီး မပြောခိုင်းနဲ့။ မြန်မြန်လုပ်စမ်း။ ပိုက်ဆံ ပါလား”
“. . . ဟုတ်ကဲ့ ပါပါတယ်”
အဲဒီကောင်လေးက တစ်သောင်းတန် သုံးရွက်ကို ထုတ်ပေးတာပေါ့။
“မင်း တော်တော် လိမ္မာတာပဲ၊ အဲဒီတော့ မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်းပါ။ ငါက မင်းဆီကနေ ပိုက်ဆံကို အတင်းလုနေတာမှ မဟုတ်တာ၊ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ”
“ဟု-ဟုတ်ကဲ့”
“ဒါနဲ့ . . . မင်း ဆရာ့ကို သွားတိုင်တာမျိုးတော့ မလုပ်ဘူး မဟုတ်လား။ ငါ ကြိုသတိပေးထားတာနော်”
“ဟုတ်ကဲ့ . . .”
“ကောင်းပြီ . . . မင်းက သူငယ်ချင်းကောင်းတစ်ယောက်ပဲ။ နောက်တစ်ခါ ကာရာအိုကေ သွားကြရအောင်၊ ငါ မင်းကို ချောတဲ့ မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးမယ်။ အဆင်ပြေတယ် မဟုတ်လား”
ချန်ဟူးက ပိုက်ဆံတွေကို သူ့အိတ်ကပ်ထဲ ထည့်လိုက်တာပေါ့။ စက်မှုကျောင်းတွေမှာတောင် ဒီလိုကလေးမျိုးတွေ ရှိတာပဲ။ သူတို့တွေကိုသာ သေချာ ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ သူ့ပိုက်ဆံအိတ်က အထက်တန်းကျောင်းပြီးတဲ့အထိ အမြဲတမ်း ပြည့်နေမှာပေါ့။
“ဒါနဲ့ ဟန်မာရူးကို ငါတို့ ဘာလုပ်ကြမလဲ။ သူ့ကို ဒုက္ခပေးချင်ရင် သူတို့ သရုပ်ဆောင်ကလပ်ကိုပဲ တစ်ခုခု လုပ်ရမယ့်ပုံပဲ”
သူ ဒိုဂျင်ကိုလည်း ကြည့်မရပါဘူး။ သူတို့နှစ်ယောက်လုံးကို ဒုက္ခပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ ရှိနေတဲ့ ကလပ်ကို ဖျက်ဆီးပစ်ဖို့ပဲလေ။ အထူးသဖြင့် အဲဒီနှစ်ယောက်က အဲဒီကလပ်ကို ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာ မြင်နေရတာကိုး။
“အို . . .”
အဲဒီအချိန်မှာပဲ သူ့သူငယ်ချင်းတစ်ယောက်က တစ်နေရာကို လက်ညှိုးထိုးပြလိုက်တာပေါ့။
“ဟား . . .”
မာရူး ဖြစ်နေတာလေ။
* * * * * * * * *
“မာရူး ဘယ်ရောက်သွားတာလဲ” လို့ ဒေးမြောင်က အိမ်သာကနေ ပြန်လာရင်း မေးတာပေါ့။
“မသိဘူး”
“သူ အပေါ့အပါး သွားတာလား”
“မသိပါဘူးဆို”
ဒိုဂျင်က သူ့နေရာကနေ ထရပ်လိုက်တာလေ။ ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်၊ မာရူးက ချန်ဟူးနောက်ကို လိုက်သွားတဲ့ပုံပဲ။
“ဒေးမြောင် . . . ငါနဲ့ ခဏ လိုက်ခဲ့ဦး”
ဒိုဂျင်က စတင် လှုပ်ရှားလိုက်တာပေါ့။ အားလပ်ချိန်ဆိုရင် လူမိုက်ကလေးတွေက ကျောင်းအနောက်ဘက်မှာ စုတတ်ကြတယ်ဆိုတာ သူ မှတ်မိနေတာကိုး။