အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း ၁၉၃: ကောင်းကင်တာအိုရဲ့ ဂရုစိုက်မှုကို ခံရသူဆိုတာနဲပ တကယ့်ကို ထိုက်တန်တယ်...
"အော်...မင်းက ဝေ့ရှန်းဟိုင်ရဲ့သားကိုး..."
စူးချန်ကဲက မှတ်မိသွားပြီး ပြောလိုက်သည်။ ဤစကားကို ကြားပြီးနောက် ဝေ့ရွှမ် ဤသို့ ပြုမူခြင်းမှာ ပုံမှန်သာဖြစ်ကြောင်း သူ နားလည်သွားသည်။
စိတ်ဝိညာဉ်နယ်မြေတွင် သူ မည်သည့်နေရာသို့ သွားသည်ကို သိသောသူ တစ်ယောက်ယောက် ရှိနေပါက ဤသည်မှာ ထျန်းဟန်ပြည်နယ် ဝေ့မိသားစုမှ ဝေ့သားအဖသာ ဖြစ်ပေလိမ့်မည်။
"ထပါ..."
စူးချန်ကဲက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်..."
ဝေ့ရွှမ်က ရိုသေလေးစားစွာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် သတိထား၍ မတ်တတ်ရပ်လိုက်၏။ သို့ရာတွင် သူ၏ခန္ဓာကိုယ်သည် အနည်းငယ် ကိုင်းညွတ်နေဆဲ ဖြစ်ပြီး စူးချန်ကဲ၏ရှေ့တွင် သူ၏လက်နှစ်ဖက်ကို ဘေးချ၍ မတ်တတ်ရပ်ကာ အမိန့်များကို အချိန်မရွေး လိုက်နာရန် အဆင်သင့် ဖြစ်နေပုံ ပေါက်နေသည်။
ဤမြင်ကွင်းက ပင်မခန်းမဆောင်ထဲရှိ တခြားသူများအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
စူးချန်ကဲက ဝေ့ရွှမ်ကို ကြည့်နေခြင်းအား ရပ်လိုက်ပြီး ကြက်သေသေနေဆဲဖြစ်သော နင်ကျိယွမ်နှင့်စန်းလင်းတို့ဆီသို့ လှည့်ကြည့်လိုက်သည်။
လူတိုင်းက သူ့ကို စိုက်ကြည့်နေကြပြီး သူက လူများအားလုံးကို ပြန်ကြည့်နေခဲ့သည်။
"အင်း..."
စူးချန်ကဲက အနည်းငယ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရပြီးနောက် ပြောလိုက်သည်။
"ငါတို့က ဒီအတိုင်း ဆက်ပြီးမတ်တတ်ရပ်နေကြတော့မှာလား..."
ထိုစကားတစ်ခွန်းက သူတို့ကို အိပ်မက်ထဲမှ နိုးထလာစေခဲ့သည်။
နင်ကျိယွမ်သည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ပင်မထိုင်ခုံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ အလွန် တောင့်တင်းနေသဖြင့် မည်သို့ ပြင်ဆင်ရမည်ကိုပင် မသိတော့ဘဲ သူက တုန်ရီနေသောအသံဖြင့် ပြောလိုက်၏။
"သခင်... သခင် စူး... သခင် နဲ့ ဖူယောင်တို့ ခရီးပန်းလာလောက်ပြီ... မြန်မြန်လေး...ကျေးဇူးပြုပြီး ဂုဏ်ထူးဆောင်နေရာမှာ ထိုင်ပါ..."
သူ ပင်မထိုင်ခုံတွင် မည်သို့ ဆက်ထိုင်ရဲမည်နည်း။ သူသည် စူးချန်ကဲကို ထိုနေရာသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။
စန်းလင်းသည်လည်း သူ၏ အတွေးများကို အလျင်အမြန် စုစည်းကာ စူးချန်ကဲဆီသို့ လျှောက်လှမ်းသွားပြီး ဝေခွဲရခက်သော လေသံဖြင့် ပြောလိုက်သည်။
"သခင် စူး...ကျေးဇူးပြုပြီးတော့ ဒီအဖိုးအိုရဲ့ ဦးညွှတ်အရိုအသေပေးမှုကို လက်ခံပါ..."
ဤအချိန်တွင် ဝေ့ရွှမ်သည် နင်မိသားစုအပေါ် ရင်းနှီးစွာဆက်ဆံပြီး သူတို့ကို ကာကွယ်ပေးခဲ့ရသည့် အကြောင်းအရင်းကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။ ဤအရာများအားလုံးမှာ သူ့ရှေ့ရှိ လူငယ်လေးကြောင့်ပင်။
သူ၏ကျေးဇူးတင်မှုမှာ စိတ်နှလုံးသားထဲမှလာခြင်း ဖြစ်ပေ၏။
သူ စကားပြောဆိုနေစဉ် နက်ရှိုင်းစွာ ဦးညွှတ်အရိုအသေပြုရန် သူ၏ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်သည်။
သို့ရာတွင် ညင်သာသော လေပြေတစ်ခုက သူ့ကို ဖြည်းညှင်းစွာ မတင်ပေးလေသည်။
"ဒီလို လုပ်ဖို့ မလိုပါဘူး... ခင်ဗျားက ဖူယောင်ရဲ့ အကြီးအကဲ တစ်ယောက်ပါ...ခင်ဗျားက ကျွန်တော့်ကို ဦးညွှတ်ဖို့ဆိုတာ မသင့်တော်ပါဘူး..."
စူးချန်ကဲက တီးတိုးပြောလိုက်၏။
နံဘေးတွင် မတ်တတ်ရပ်နေသော နင်ဖူယောင်သည် တစခဏကြာမျှ ကြောင်အမ်းသွားခဲ့သည်။ သူမက စူးချန်ကဲကို စိတ်ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ ဦးလေးလင်းက သူမ၏စီနီယာအစ်ကိုကို မည်သည်ကြောင့် ဦးညွှတ်အရိုအသေပြုချင်သည်အား သူမ သေချာမသိချေ။ သို့ရာတွင် သူမစီနီယာအစ်ကို၏စကားများက သူမကို အမှန်တကယ် ပျော်ရွှင်စေခဲ့သည်။
【ဒင်....လက်ခံသူက ကံကြမ္မာသမီးတော် ဂျူနီယာညီမလေး နင်ဖူယောင်ရဲ့နှလုံးသားကို မတော်တဆ နွေးထွေးစေခဲ့ပါတယ်... ဆုလာဘ်... သုံးလစာ ကျင့်ကြံခြင်း အတွေ့အကြုံ 】
စန်းလင်းသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုရင် ဒီအဖိုးအိုက အရမ်းကြီး ယဥ်ကျေးမနေတော့ပါဘူး... သခင့်ရဲ့ ဂျူနီယာညီမလေး ဖြစ်ခွင့်ရတာက ဖူယောင်ရဲ့ဘဝမှာ အကြီးမားဆုံး ကံကောင်းမှုပါပဲ... သခင် စူး..ကျေးဇူးပြုပြီး ထိုင်ပါ..."
စူးချန်ကဲသည် ပင်မထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်လိုက်၏။
နင်ကျိယွမ်သည် ကြောက်ရွံ့မှုများ ထိတ်လန့်မှုများဖြင့် အောက်ဘက်တွင် မတ်တတ်ရပ်နေသည်။ သူသည် ကြောင်အမ်းနေပြီး နင်ဟောင်၏ အဆက်မပြတ် ပြောဆိုနေသော မိတ်ဆက်စကားများကို နားထောင်လိုက်သည်။ သူ၏အမူအရာ အဆုံးမရှိ ပြောင်းလဲနေပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေ၏။
ဝေ့ရွှမ်သည် စူးချန်ကဲ၏နံဘေးဘက်တွင် မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ထားသည်။ သူသည် ရှေ့သို့ တန်းတန်းမတ်မတ်ကြည့်နေပြီး စူးချန်ကဲ၏ သစ္စာအရှိဆုံး လက်ထောက်တစ်ဦးအလားပင်။
နင်ဖူယောင်၊ နင်ဟောင်၊ ထုယိုယိုနှင့် ယခင်ကတည်းက ထိုင်နေခဲ့သော ရွှီချီတို့အားလုံး နေရာယူလိုက်ကြသည်။
ခန်းမဆောင်ထဲရှိ မူလက တင်းမာပြီး ထူးဆန်းသော အခြေအနေမှာ ပို၍ပင် လေးလံထိုင်းမှိုင်းလာသည်။ မည်သူမျှ ပေါ့ပေါ့ပါးပါး စကားမပြောဝံ့ကြဘဲ အထက်ရှိ အစိမ်းရောင် ဝတ်ရုံဝတ်လူဆီသို့ သူတို့၏အကြည့်များတွင် ကြီးမားသော ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်နေသည်။
စန်းလင်းက အစေခံမလေးများကို စိတ်ဝိညာဉ် လက်ဖက်ရည်နှင့် အင်မော်တယ် သစ်သီးများ တည်ခင်းဧည့်ခံရန် အချက်ပြလိုက်၏။ ထို့နောက် သူနှင့်နင်ကျိယွမ်တို့သည် မြောက်ပိုင်းဒေသရှိ မကြာသေးမီက ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲဖြစ်မှုများ၊ နင်မိသားစု၏ အခြေအနေနှင့် ဝေ့ရွှမ်က သူတို့ကို ကာကွယ်ရန် မည်သို့ ကြားဝင်ဖျန်ဖြေပေးခဲ့ကြောင်းတို့ကို စူးချန်ကဲထံသို့ အကျဉ်းချုပ် သတင်းပို့လိုက်ကြသည်။
စူးချန်ကဲသည် တိတ်ဆိတ်စွာ နားထောင်နေပြီး ရံဖန်ရံခါ ခေါင်းညိတ်လိုက်သော်လည်း စကားများများစားစား မပြောခဲ့ချေ။
စားသောက်ပွဲတစ်ခု စီစဉ်ခြင်းနှင့် လူတိုင်းကို အရင်အနားယူခွင့်ပေးခြင်းတို့ အကြောင်း စန်းလင်းက ပြောဆိုပြီးချိန်၌ စူးချန်ကဲက နောက်ဆုံးတွင် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏အကြည့်က နံဘေးတွင် မတ်တတ်ရပ်နေသော ဝေ့ရွှမ်အပေါ်သို့ ကျရောက်သွားသည်။
"ဝေ့ရွှမ်... ငါ့ရဲ့နောက်ကိုလိုက်ခဲ့..."
သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း မေးခွန်းထုတ်စရာ မလိုသော အခွင့်အာဏာ တစ်ရပ် ပါဝင်နေသည်။
ဝေ့ရွှမ်၏စိတ်ဝိညာဉ် တုန်ရှသွားသည်။ သူသည် အလျင်အမြန် နာခံကာ စူးချန်ကဲ၏ နောက်သို့ ရိုသေလေးစားစွာ လိုက်ပါသွားခဲ့လေ၏။
နင်ကျိယွမ်၊ စန်းလင်း နှင့် တခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကျန်ရစ်ခဲ့ကြသည်။
ထို့နောက် နင်ဖူယောင်သည် ထုယိုယိုကို ခေါ်ကာ နင်မိသားစုရှိ သူမ ကလေးဘဝက နေထိုင်ခဲ့သော နေရာများသို့ သွားရောက်လည်ပတ်ခဲ့သည်။
ရွှီချီမှာ ပို၍ပင် အေးအေးလူလူ ဖြစ်နေပေ၏။ သူသည် သေသပ်လှပသော အခန်းတစ်ခန်းကို ရှာတွေ့ခဲ့ပြီး နင်မိသားစုက အစေခံမလေး အနည်းငယ်ကို စီစဉ်ပေးကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်နယ်ပေးစေခဲ့သည်။
တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော ခြံဝန်းတစ်ခုအတွင်း၌ ဝင်္ကပါအလွှာများဖြင့် ဝန်းရံထားကာ တည်ငြိမ်အေးချမ်းပြီး သန့်စင်နေသည်။
အခန်း အတွင်းတွင် စူးချန်ကဲသည် မြက်ဖျာတစ်ချပ်ပေါ်တွင် သက်တောင့်သက်သာ ပလ္လင်ခွေထိုင်ပြီး သူ၏ မျက်နှာချင်းဆိုင်ရှိ နေရာကို လက်ညှိုးထိုးပြကာ ပြောဆိုသည်။
"ထိုင်ပါအုံး..."
"ကျေးဇူးတင်ပါတယ် သခင်..."
ဝေ့ရွှမ်သည် သူ၏ မျက်နှာချင်းဆိုင်တွင် သတိထားကာ ထိုင်လိုက်သော်လည်း မြက်ဖျာ၏တစ်ဝက်ကိုသာ နေရာယူထားသည်။ သူ၏ကျောပြင်ကို မတ်မတ်ဆန့်ထားပြီး အနည်းငယ်မျှပင် လျော့တိလျော့ရဲ မနေဝံ့ချေ။
"ပြောပါအုံး.... အခု အောက်ဘုံကို ဘယ်သူတွေ ဆင်းသက်လာလဲ... ထျန်းဟန်ပြည်နယ်မှာ ကမ္ဘာအသင်္ချေရဲ့ အတားအဆီးတွေကို စောင့်ကြည့်ဖို့ တာဝန်တချို့ရှိတယ် မဟုတ်လား ... မင်း ဒီကို ရောက်နေပြီဆိုတော့ မင်းရဲ့သတင်းအချက်အလက်တွေက တခြားသူတွေထက် ပိုပြီးပြည့်စုံသင့်တယ်..."
စူးချန်ကဲက သူ၏လက်ချောင်းထိပ်ဖြင့် စားပွဲကို ညင်သာစွာ ခေါက်လိုက်ကာ သူ၏အသံတွင် စိတ်ခံစားချက် အနည်းငယ်မျှပင် မရှိချေ။
သို့ရာတွင် ဤသည်မှာ ယခုလက်ရှိချိန်၌ သူ စိုးရိမ်နေသောအရာပင်။
ထိုလူများအနက် ကံကြမ္မာသားတော် မည်မျှထိများများ ရှိနေသည်ကို သူ သိချင်သည်။
ဝေ့ရွှမ်က ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာ လက်ပူးဆုပ်၍ ပြောလိုက်သည်။
"သခင့်ကို သတင်းပို့ပါတယ်...ကောင်းကင်တက်လှမ်းခြင်းတံတားက အပြည့်အဝ ထွက်ပေါ်လာပြီးတော့ မြောက်ပိုင်းဒေသရဲ့ တားမြစ်နယ်မြေမှာ 'ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ခု'ထွက်ပေါ်လာကတည်းက....အပြင်ပန်းမှာတော့ ကမ္ဘာအသင်္ချေက ပါရမီရှင်တွေ ဆင်းသက်လာကြပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ အပြီးမှာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးတွေအတွက် နေရာတိုင်းမှာ တိုက်ခိုက်နေကြတယ်..."
"ပဋိပက္ခတွေက အဆက်မပြတ် ရှိနေပေမဲ့ သူတို့ အားလုံးမှာ ကန့်သတ်ချက်တချို့တော့ ရှိနေကြတုန်းပဲ... ဘာပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ် က ဟင်းလင်းပြင်တာအို နယ်ပယ်မှာ ရှိတဲ့သူတွေ အောက်ဘုံကို ဆင်းသက်လို့ မရဘူးလို့ စည်းမျဉ်း သတ်မှတ်ထားတယ်...ဒါ့ပြင် အောက်ဘုံကို ဆင်းသက်လာတဲ့ သူတွေကလည်း သက်ရှိတွေကို သတ်ဖြတ်လို့ မရဘူး... ဒါကြောင့် ပါရမီရှင်အများစုက အောက်ဘုံရဲ့ အင်အားစုတွေကို ထိန်းချုပ်ထားပြီးတော့ အခွင့်အရေးတွေကို ဆုပ်ကိုင်ထားတယ်...ဒါကြောင့် ဒီနယ်မြေက ဖရိုဖရဲ ဖြစ်နေပေမဲ့ ကြီးမားတဲ့ စစ်ပွဲတွေ မဖြစ်ပွားသေးဘူး..."
"ဒါပေမဲ့ တကယ်တမ်းကျတော့ စစ်မှန်တဲ့ ထိပ်တန်းအင်အားစုတွေနဲ့ ကောင်းကင်တက်လှမ်းခြင်းလှေကားအတွက် ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက် ရှိတဲ့ ပါရမီရှင်တွေ အားလုံးနီးပါးက ကောင်းကင်ကိုရောက်ရှိသော ဂိတ်တံခါးဆယ့်ခြောက်ခုဆီကို သွားကြတယ်..."
ဝေ့ရွှမ်သည် ကောင်းကင် ဧကရာဇ် အကြောင်း ပြောချိန်၌ သူ၏မျက်လုံးများတွင် ရိုသေကိုင်းရှိုင်းမှု အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ဤစကားများကို ကြားချိန်၌ စူးချန်ကဲက ခေါင်းညိတ်လိုက်၏။ အောက်ဘုံ၏အင်အားစုများကို ပါရမီရှင်များမှ ထိန်းချုပ်ခြင်းနှင့် ပတ်သက်သည့်အချက်ကို သူ သိထားပြီးဖြစ်သည်။ ထို့နောက် သူက မေးလိုက်သည်။
"ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ခုဆိုတာက ဘာလဲ..."
ဤသည်မှာ ယခင်က ကောင်းကင်တက်လှမ်းခြင်းကျောက်စိမ်းပြားတွင် သူ မြင်တွေ့ခဲ့ဖူးသောအရာပင်။ ယခင်က ထိုအရာမှာ မြောက်ပိုင်းဒေသရှိ နေရာတစ်ခု၏အမည် ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။
ယခု ကြည့်ရသည်မှာ ထိုသို့ မဟုတ်နိုင်ချေ။
ဝေ့ရွှမ်က ချက်ချင်းပြန်ဖြေလိုက်သည်။
"ဒီနေရာကို ကောင်းကင်ပင်လယ်နယ်မြေက ဖန်ရွှမ်လို့ ခေါ်တဲ့ပါရမီရှင်တစ်ယောက်က ပထမဆုံး ရှာတွေ့ခဲ့တာပါ...အဲ့ဒီအရာက နေရာတစ်ခုရဲ့နာမည် မဟုတ်ဘဲနဲ့ ကြေးဝါဂိတ်တံခါးကြီး ဆယ့်ခြောက်ခုပါ... ဂိတ်တံခါးတွေရဲ့ အပြင်ဘက်မှာ အင်မော်တယ် ရှေးဟောင်းခေတ်က စာလုံးတွေ ရေးထွင်းထားတဲ့ ကျောက်တိုင် တစ်ခု ရှိနေတယ်...."
"အဲ့ဒီအရာကို အင်မော်တယ် ရှေးဟောင်းခေတ်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ချန်ထားခဲ့တာ ဖြစ်နိုင်ပြီးတော့ ကောင်းကင်တက်လှမ်းခြင်း လှေကားနဲ့ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်... ကောင်းကင်တက်လှမ်းခြင်း တံတားက အကြိမ်များစွာ ပွင့်ခဲ့ပေမယ့် ဒီဂိတ်တံခါးတွေ ထွက်ပေါ်လာတာက ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ အရင်က မှတ်တမ်းတွေ မရှိခဲ့ဘူး..."
"ဖန်ရွှမ် ..."
ရင်းနှီးသော နာမည်ကို ကြားသောအခါ စူးချန်ကဲ ပြုံးလိုက်မိသည်။ ကောင်းကင်တာအို၏ ဂရုစိုက်မှုကို ခံရသူဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်ပေသည်။ သူ ဆင်းသက်လာသည်နှင့် တပြိုင်နက် လိုရာခရီးပန်းတိုင်ကို သူ ရှာတွေ့ခဲ့လေ၏။
စူးချန်ကဲ၏ အမူအရာ ပြောင်းလဲမှုကို ဝေ့ရွှမ်က ချက်ချင်းသတိပြုမိသွားပြီး လျှင်မြန်သွက်လက်စွာ ဆက်ပြောလိုက်သည်။
"အဲ့ဒီ ဖန်ရွှမ်ရဲ့ကံကြမ္မာက တကယ့်ကို အရမ်းကောင်းမွန်ပြီးတော့ သူ့ရဲ့စွမ်းအားက အရမ်းမြင့်မားတယ်... သူက အရင်က လူသား ဧကရာဇ် နန်းတော်က ပြုစုထားတဲ့ လူငယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ် အဆင့်သတ်မှတ်ချက်မှာ အဆင့်ဆယ့်သုံးမှာ ရှိခဲ့ပြီးတော့.... သူက ကောင်းကင်ပင်လယ်နယ်မြေကနေ စာရင်းဝင်ခဲ့ဖူးတဲ့ ပထမဆုံး လူလည်း ဖြစ်တယ်... "
"ပြောရမယ်ဆိုရင် အဲ့ဒီလူရဲ့ဘဝက ဒဏ္ဍာရီတစ်ခုပဲ... သူက ကောင်းကင်ပင်လယ်နယ်မြေက ရွှေရောင်တိုက်ပွဲဝင် ရုပ်ခန္ဓာကိုယ် မျိုးနွယ်စုဖြစ်တဲ့ ဖန်မိသားစုရဲ့ မိသားစုခွဲတစ်ခုကနေ လာတာပါ... သူ့ရဲ့ငယ်ဘဝမှာ သူက နတ်ဘုရားမျိုးနွယ်စုရဲ့ကျိန်စာ သင့်ခဲ့ပြီးတော့ သူ့ရဲ့မိဘတွေက နတ်ဘုရား မျိုးနွယ်စုရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်... အဲ့ဒီအချိန်တုန်းက ဖန် မိသားစုထဲက လူတိုင်းက သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြပေမဲ့ သူက အဲ့ဒါကို သည်းခံနိုင်ရုံသာမကဘူး မယုံနိုင်လောက်အောင် ပါရမီအရည်အချင်း ကြီးမားလာခဲ့တယ်... "
"သူ့ရဲ့သွေးမျိုးဆက်က ဘိုးဘေးအခြေအနေဆီ ပြန်ရောက်သွားပြီးတော့ သူ့ရဲ့ ရွှေရောင်တိုက်ပွဲဝင် ရုပ်ခန္ဓာကိုယ်က မဟာအောင်မြင်မှုအဆင့်ကို ရောက်ရှိလာတယ်...ကောင်းကင်ပင်လယ်နယ်မြေက တူညီတဲ့ ကျင့်ကြံဆင့်နယ်ပယ် ရှိသူတွေကြားမှာ သူက တစ်ကြိမ်လေးတောင် မရှုံးနိမ့်ဘဲနဲ့ ဖယ်ရှားရှင်းလင်းသွားခဲ့တယ်... သူက မဟာဧကရာဇ်တစ်ပါးရဲ့ အပျက်အစီးနယ်မြေတစ်ခုမှာ အဖိုးတန်ဆေးလုံးတစ်လုံးကို ရရှိခဲ့တယ်လို့တောင် ကောလာဟလတွေ ရှိပေမဲ့ ဒီအရာက အတည်ပြုဖို့ လိုအပ်နေတုန်းပဲ..."
ထိုစကားများကို နားထောင်ပြီးနောက် စူးချန်ကဲ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်သည်။
'အင်း....အရမ်းစံချိန်မီတဲ့ ကံကြမ္မာသားတော်ပဲ... မိဘတွေကို ကောင်းကင်ဘုံက စတေးပြီးတော့ ကျိန်စာတစ်ခုကြောင့် ပိတ်မိနေတာကနေ စတင်တာပဲ... သူ့ရဲ့လှည့်စားမှုက ဘာလဲဆိုတာကိုပဲ ငါ မသိတာ...'
ဝေ့ရွှမ်သည် စကားပြောနေစဉ် နောက်ဆုံးရ သတင်းအချက်အလက်ကို သူ ရုတ်တရက် သတိရသွားသည်။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် အမှန်အတိုင်း ပြောလိုက်၏။
"နောက်ဆုံးသတင်းတွေအရဆိုရင် ဖန်ရွှမ်က ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးကို ခေါက်နေချိန်မှာ ရှေးဟောင်းအထီးကျန်မိသားစုရဲ့လူငယ်ခေါင်းဆောင် သခင်လေးဝမ်တန်က တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသွားတယ်... သူ ထွက်ပြေးနေတဲ့အချိန်မှာ သူ့ကို ကောင်းကင်လူသားမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံသမီးတော် က ကယ်တင်ခဲ့တယ်လို့ ဆိုကြတယ်..."
အခန်း ၁၉၄: ဒါဆို ဗီလိန်တွေအားလုံးက ငါ့ဆီ လာနေကြတာပေါ့...ဟုတ်လား
ဤစကားကိုကြားချိန်၌ စူးချန်ကဲ၏မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
'အမ်... ကောင်းကင်လူသားမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံ သမီးတော်လား... သူက ယဲ့ရွှမ် အတွက် ခြေနင်းတုံးတစ်ခု ဖြစ်ရမှာ မဟုတ်ဘူးလား... သူက ဘာလို့ ဖန်ရွှမ်နဲ့ အတူ ရှိနေတာလဲ... ခဏလေး...သူတို့နှစ်ယောက်လုံးရဲ့ နာမည်မှာ 'ရွှမ် ' ဆိုတဲ့စာလုံးပါနေတာကြောင့်လို့တော့ ငါ့ကို မပြောနဲ့... အဲ့ဒီ သောက်ကျိုးနည်း ကောင်းကင်တာအိုက ကိစ္စတွေကို ဘယ်လို စီစဉ်ရမလဲဆိုတာ တကယ်ကြီး သိနေတာပဲ... ကောင်းပြီလေ...ဒါက လုံးဝအဆင်ပြေသွားတာပေါ့... ငါ သူတို့ နှစ်ယောက်လုံးကို တစ်ခါတည်း ရှင်းပစ်လိုက်လို့ ရတယ်..."
'ဝမ်တန် အတွက်ကတော့... အဲ့ဒီ နာမည်ကို မကြားရတာ အတော်လေး ကြာခဲ့ပြီပဲ...'
စူးချန်ကဲသည် တခဏကြာမျှ အတိတ်ကို ပြန်လည်၍ အမှတ်ရသွားပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။ သူ ထိုအမှားကြီးကို ကျူးလွန်ခဲ့စဉ်က ဝမ်တန်သည် သူ့ကို ဓားကမ်းပေးခဲ့သူပင်။
ရှေးဟောင်းအထီးကျန်မိသားစုများကြားတွင် ဆက်သွယ်မှုများ အတော်အသင့် ရှိနေသည်။ စူးမိသားစုသည် အငြင်းပွားဖွယ်မရှိ အစွမ်းထက်ဆုံးဖြစ်ပြီး ထို့နောက် ကျန်းမိသားစုနှင့် ဝမ်မိသားစုရှိကာ နောက်ဆုံးတွင် တဖြည်းဖြည်း နိမ့်ပါးလာသော ကျီးမိသားစုပင်။
ထို့ကြောင့် စူးချန်ကဲ ငယ်ရွယ်စဉ်က သူနှင့် ဝမ်တန်တို့ မကြာခဏ အတူကစားခဲ့ကြသည်။ သူတို့၏ဆက်ဆံရေးမှာ ပြောနေရန်ပင် မလိုတော့ချေ။
'ဒီလိုကြည့်တော့ ဝမ်တန်က ဖန်ရွှမ်နဲ့ ရန်ငြိုးရှိတာက ပုံမှန်ပါပဲ... ကောင်းလိုက်တာ..ဗီလိန် တွေ အားလုံးက ငါ့ရဲ့နံဘေးပတ်လည်မှာ စုဝေးနေကြတာ မဟုတ်လား...'
စူးချန်ကဲက တွေးတောလိုက်သည်။
ဤသို့တွေးတောရင်း စူးချန်ကဲက မေးလိုက်၏။
"အရင်က မင်းပြောခဲ့တဲ့ ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးကို ခေါက်တယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ..."
"သခင့်ကို သတင်းပို့ပါတယ်...ကောင်းကင်ကို ရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ခုပေါ်က ကမ္ပည်းစာတွေအရ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသူတွေက ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ မပွင့်ခင်မှာ ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးခေါက်တာကို ပြုလုပ်နိုင်တယ်... ဂိတ်တံခါးတစ်ခုကို အောင်မြင်စွာခေါက်ပြီးတော့ ဖွင့်နိုင်သူတွေက အင်မော်တယ်ချီ အစအနလေးတစ်ခုကို ရရှိမှာဖြစ်ပြီးတော့...နောက်ပိုင်းကျရင် ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းပေါ်မှာ အကြွင်းမဲ့ အားသာချက်တစ်ခုကို ရရှိလိမ့်မယ်... တစ်ချိန်တည်းမှာပဲ ဂိတ်တံခါးကို ခေါက်ပြီးတဲ့သူတွေကြားမှာ သတ်ဖြတ်ခြင်းကနေတဆင့် ပြိုင်ဘက်ရဲ့ အင်မော်တယ်ချီကို ရယူဖို့လည်း ခွင့်ပြုထားတယ်..."
ဝေ့ရွှမ်က ရိုသေလေးစားစွာ ပြန်ဖြေလိုက်ရာ သူ စကားပြောဆိုနေစဉ် သူ၏မျက်ခုံးများက တည်ကြည်လေးနက်မှုနှင့် အကြောက်တရားတို့ဖြင့် တွန့်ကွေးသွားသည်။
အမှန်အတိုင်း ပြောဆိုရလျှင် ဤသည်မှာ ကမ္ဘာအသင်္ချေရှိ မည်သည့် အင်အားစုကမျှ မျှော်လင့်ထားခြင်း မရှိသည့်အရာ ဖြစ်နေနိုင်သည်။ လျှို့ဝှက်နယ်မြေ မပွင့်မီမှာပင် ပြိုင်ဆိုင်မှုက အကန့်အသတ်အထိ ရောက်ရှိနေလေပြီ။
အင်မော်တယ်ချီ...
အင်မော်တယ်များနှင့် အနည်းငယ်မျှပင် ဆက်စပ်နေသော မည်သည့်အရာမဆို အမြင့်မြတ်ဆုံး အခွင့်အရေးတစ်ခုပင်။
ဤ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေအတွက် ပြိုင်ဆိုင်မှုမှာ မည်မျှထိ ပြင်းထန်မည်ကို စိတ်ကူးယဥ်တွေးတောကြည့်ရန် မခက်ခဲချေ။
စူးချန်ကဲက နောက်ထပ်မေးခွန်းများ မမေးမီ ဝေ့ရွှမ်က ဆက်ပြောသည်။
"လက်ရှိအချိန်အထိ ကောင်းကင်ကိုရောက်ရှိတဲ ဂိတ်တံခါးဆယ့်ခြောက်ခုထဲက ထက်ဝက်နီးပါးကိုခေါက်ပြီးတော့ ဖွင့်ထားပြီးပါပြီ... အောင်မြင်သူတွေအားလုံးက နာမည်ကျော်ကြားတဲ့ ပါရမီရှင်တွေဖြစ်ပြီး အနည်းဆုံးအနေနဲ့ အင်မော်တယ်ရှေးရိုးစွဲဂိုဏ်း ဒါမှမဟုတ် ရှေးဟောင်းအထီးကျန် မိသားစုတစ်ခုက သူတို့ရဲ့နောက်မှာ ရပ်တည်နေတယ်... လူငယ်အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်မှာ အဆင့်အရမ်းမြင့်ပြီးတော့ အင်မော်တယ်ချီကို ရရှိထားတာ သေချာတဲ့သူ အနည်းငယ်ကို သခင်ဆီ သတင်းပို့ဖို့ ကျွန်တော် ရွေးချယ်ထားတယ်..."
စူးချန်ကဲက သူ့ကို စကားဆက်ပြောရန် အချက်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ပထမဆုံးတစ်ယောက်ကတော့ လူသား ဧကရာဇ်နန်းတော်က လူသားဧကရာဇ်ငယ် ရွှမ်ယွမ်ဖိုပဲ... သူက ကိုးဆယ့်ခုနစ်နှစ်ကြာအောင် ကျင့်ကြံခဲ့ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အစစ်အမှန် သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ... ကြီးမားတဲ့ အမြင့်မြတ်ဆုံး စွမ်းအားနဲ့ လဲလှယ်ဖို့ သန်းရာနဲ့ချီတဲ့ လူသားမျိုးနွယ်စုဝင်တွေရဲ့ ကံကြမ္မာကို သူ စတေးခဲ့တယ်..."
"သူက လူသားဧကရာဇ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဓားစိတ်ဆန္ဒနဲ့ ဂိတ်တံခါးကို ခေါက်ခဲ့တယ်... သူ့ရဲ့ဓားက ကြယ်မြစ်တစ်ခုလို ဆင်းသက်လာပြီးတော့ သူ ရရှိခဲ့တဲ့ အင်ပါယာ အင်မော်တယ်ချီ က ကောင်းကင်နဲ့မြေပြင်ကို လွှမ်းခြုံသွားပြီး သက်ရှိတွေအားလုံးရဲ့ ပုံရိပ်ယောင်တွေကနေ သူ့ကို ဦးညွှတ်ခဲတယ်... သူရဲ့အရှိန်အဟုန်က အခမ်းနားဆုံးပဲ... "
"သခင်က သူ့ကို ဂရုမစိုက်ဘဲ မနေသင့်ဘူး... ရွှမ်ယွမ်ဖိုက လူငယ် အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်မှာ အဆင့် သုံးနေရာကို အချိန်အကြာကြီး ရယူထားပြီးတော့ လက်ရှိခေတ်ကာလ လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာကြောင့် မျက်နှာသာပေးခံရသူတွေထဲက တစ်ယောက်ပဲ..."
ဤစကားကိုကြားချိန်တွင် စူးချန်ကဲ၏မျက်နှာပေါ်၌ အတိတ်ကို ပြန်လည်တွေးတောနေသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
လူသားဧကရာဇ်က ရွှမ်ယွမ်ဖိုကို စူးမိသားစုသို့ ခေါ်လာစဉ်က အတိတ်တွင် တစ်ဖက်လူနှင့် သူ အမှန်တကယ်ကို တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးသည်။ ထိုအချိန်က ဤလူသားဧကရာဇ်ငယ်မှ သူ့ကို ပေးခဲ့သော ခံစားချက်မှာ အလွန်ဖြောင့်မတ်မှန်ကန်သူတစ်ဦး၏ ခံစားချက်ပင်။
လူသား မျိုးနွယ်စု၏ ကံကြမ္မာကြောင့် မျက်နှာသာပေးခံရသူ...
သူသည်လည်း နောက်ထပ်ကံကြမ္မာသားတော် တစ်ယောက် ဖြစ်နေနိုင်သလောဟု သူ သိချင်နေမိသည်။
ထို့နောက် ဝေ့ရွှမ်၏အသံက ဆက်လက်၍ ထွက်ပေါ်လာပေ၏။
"ဒုတိယတစ်ယောက်ကတော့ အထက်ဘုံသုံးဘုံ ထဲက တစ်ခုဖြစ်တဲ့ မြေအောက်ကမ္ဘာက မြေအောက်ကမ္ဘာသားတော် မင်ကျိုးယိုပဲ...သူက မြေအောက်ကမ္ဘာကိုးထပ် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးတော့ မြေအောက်ကမ္ဘာဥပဒေသရဲ့ အစိတ်အပိုင်းတစ်ခုကို ကိုင်တွယ်အသုံးပြုတယ်... သူ့ရဲ့ နည်းလမ်းတွေက မကောင်းဆိုးဝါးဆန်ပြီး လှည့်စားမှုများတယ်....ပြီးတော့ ရက်စက်ကြမ်းကြုတ်တယ်... သူ့ရဲ့အသက်အမှန်က ဒီမျိုးဆက်ပါရမီရှင်တွေထဲမှာ အကြီးဆုံးလို့ ဆိုကြတယ်... "
"သူ ဂိတ်တံခါးကို ခေါက်ပြီးတဲ့နောက်မှာ သူရရှိခဲ့တဲ့ အင်မော်တယ်ချီက ကြောက်ဖို့ကောင်းတဲ့ မြေအောက်ကမ္ဘာချီတွေနဲ့ ပြည့်နှက်နေပြီး တစ္ဆေ တစ်သောင်းကို ငိုကြွေးစေခဲ့တယ်...သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက အဆင့်သတ်မှတ်ချက်စာရင်းမှာ အဆင့်ခုနစ်နေရာမှာပဲ ရှိခဲ့ပေမဲ့ မင်ကျိုးယိုက သူ့ရဲ့ စစ်မှန်တဲ့စွမ်းအားကို ဖုံးကွယ်ထားတယ်လို့ လူအများက ယုံကြည်နေကြတယ်...သူ့ရဲ့ အစစ်အမှန် စွမ်းအားက အဲ့ဒီထက် ပိုပြီးကြီးမားနိုင်တယ်..."
သူ စကားပြောဆိုနေစဉ် ဝေ့ရွှမ်က တခဏကြာခန့် ရပ်တန့်ကာ ရှက်ရွံ့မှု အရိပ်အယောင်တစ်ခုဖြင့် ထပ်ဖြည့်ပြောလိုက်၏။
"အရင်တုန်းက မင်ကျိုးယိုက နင်မိသားစုကို ထိန်းချုပ်ချင်ခဲ့တယ်... တကယ်လို့ သူသာ တကယ်ကြီး လှုပ်ရှားခဲ့မယ်ဆိုရင် ကျွန်တော်က သူ့ကို ဘယ်လိုမှ တားနိုင်ခဲ့မှာ မဟုတ်ဘူး... ကံကောင်းထောက်မစွာနဲ့ လော့ကျဲ့ရှန်းက ရုတ်တရက် ထွက်ပေါ်လာပြီးတော့ သူ့ကို မောင်းထုတ်ခဲ့တယ်... နောက်ပိုင်းမှ သူတို့နှစ်ယောက်လုံး ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးတွေဆီကို သွားကြတယ်ဆိုတာ ကျွန်တော် သိလိုက်ရတာပါ..."
အမှန်အတိုင်း ပြောရလျှင် ထိုအချိန်က သူသည် အစွမ်းကုန် ကြိုးစားရန် ပြင်ဆင်ထားပြီးဖြစ်သည်။ အကယ်၍ သူ့ထံ၌ အမှန်တကယ်ကို တခြားနည်းလမ်း မရှိတော့ပါက သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ နင်မိသားစုကို ကာကွယ်ရပေမည်။
ဤသည်မှာ စူးမိသားစု၏ကာကွယ်မှုအောက်ရှိ နေရာတစ်ခုပင်။ အကယ်၍ တစ်စုံတစ်ယောက်က ထိရဲလျှင် လာရောက်၍ စမ်းကြည့်နိုင်ပေ၏။
"ဆက်လုပ်ပါ..."
စူးချန်ကဲက ခေါင်းညိတ်ကာ ပြောလိုက်သော်လည်း သူ၏စိတ်နှလုံးသားထဲတွင် စဉ်းစားနေသည်။ ကြည့်ရသည်မှာ ဤအင်မော်တယ်ချီ များသည် ဂိတ်တံခါးကိုခေါက်သူ၏ စရိုက်လက္ခဏာများနှင့် ကိုက်ညီပုံရသည်။
အဲ့ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်...
"ဂိတ်တံခါးကို အောင်မြင်စွာ ခေါက်နိုင်ခဲ့တဲ့ တတိယမြောက်လူကတော့ နတ်မိမယ် လော့ကျဲ့ရှန်းပဲ..."
ဝေ့ရွှမ်သည် စကားဆက်မပြောမီ သူ၏ မျက်လုံးများတွင် မမြင်နိုင်သော လေးစားမှု အရိပ်အယောင်တစ်ချက် လင်းလက်သွားသည်။
"သခင်က ဒီအမျိုးသမီးကို သိချင်မှ သိလိမ့်မယ်... သူက လွန်ခဲ့တဲ့ သုံးနှစ်ကမှ နှစ်တစ်သောင်းတိုင်တိုင် ဖုံးကွယ်ထားခဲ့တဲ့ ယောင်ချီ အင်မော်တယ်နန်းတော်နဲ့အတူ လောကကြီးရဲ့ရှေ့ကို ထွက်ပေါ်လာခဲ့တာပါ...သူ ထွက်ပေါ်လာပြီးတာနဲ့ သူ့ကို ကမ္ဘာအသင်္ချေရဲ့ နံပါတ်တစ် နတ်မိမယ်လို့ သတ်မှတ်ခံခဲ့ရတယ်... လော့ကျဲ့ရှန်းရဲ့နောက်ခံက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...သူ ယောင်ချီက ရှေးဟောင်း အင်မော်တယ်တစ်ပါးရဲ့ ပြန်လည်ဝင်စားတာဖြစ်ပြီးတော့ မွေးရာပါ တာအိုရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်...သူက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုနဲ့ ကြီးမားတဲ့ ဆက်နွယ်မှု ရှိတယ်လို့ ကောလာဟလတွေ ရှိတယ်...ဒီအချက်က အတည်မပြုရသေးဘူး... "
"ဒါပေမဲ့ သူ ဂိတ်တံခါးကို ခေါက်တဲ့အချိန်မှာ အရိုးရှင်းဆုံးနဲ့ အသိုသိပ်ဆုံးဖြစ်ပြီးတော့ သူက တာအိုနဲ့ ပေါင်းစပ်သွားသလိုမျိုး ဖြစ်သွားခဲ့တယ် ဆိုတာကတော့ အမှန်ပဲ... သူဘရရှိခဲ့တဲ့ အင်မော်တယ်ချီက မြေကြီးကနေ ရွှေကြာပန်း တွေ ထွက်ပေါ်လာပြီးတော့ တုန်လှုပ်စရာကောင်းတဲ့ သဘာဝလွန်ဖြစ်စဥ်တွေနဲ့အတူ ဥပဒေသစွမ်းအားတွေ ထွက်ပေါ်လာခဲ့တယ်... သူက လူငယ်အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်မှာ အဆင့်ခြောက်နေရာမှာသာ ရှိပေမဲ့....သူက လူငယ်အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ဆယ်ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီးတော့ သူ ကျင့်ကြံခဲ့တာက နှစ်ဆယ့်ငါးနှစ်ထက် မပိုသေးဘူး..."
"မွေးရာပါ တာအို ရုပ်ခန္ဓာကိုယ် ..."
စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။
တွေးတောကြည့်လျှင် သူ၏ကိုယ်ပိုင် မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်သည် လက်ရှိတွင် မွေးရာပါ ဖရိုဖရဲ နှလုံးသားကိုသာ ပိုင်ဆိုင်ထားသဖြင့် များစွာနောက်ကျကျန်နေဆဲပင်။ အစစ်အမှန် ကောင်းကင်ဆန့်ကျင်သော ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများနှင့် နှိုင်းယှဉ်လျှင် မည်သည့်အရာက ပိုမို အစွမ်းထက်မည် သို့မဟုတ် အားနည်းမည်ကို သူ သိချင်နေပေ၏။
သို့သော် သူ တဖန်ပြန်၍ တွေးကြည့်ချိန်၌...
ဤနတ်မိမယ်လော့ဆိုသူမှာ မည်သည်ကြောင့် ကံကြမ္မာသမီးတော် တစ်ယောက်အလား အသံထွက်နေရသနည်း...
သူမသည် သူ့အတွက် နောက်ထပ်ရန်သူတစ်ယောက် ဖြစ်နေနိုင်သလော...
ဤအခိုက်အတန့်တွင် ဝေ့ရွှမ်၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။
"စတုတ္တတစ်ယောက်ကတော့ စိတ်ဝိညာဉ်နယ်မြေရဲ့ အနောက်ကောင်းကင် ဗုဒ္ဓနယ်မြေက ဘုန်းတော်ကြီးပုယွီပဲ...ဒီဘုန်းတော်ကြီးက ရှေးဟောင်းဗုဒ္ဓတစ်ပါးရဲ့ စစ်မှန်တဲ့ဝိညာဉ်ကနေ ပြန်လည်ဝင်စားတာ ဖြစ်ပြီးတော့ အနောက် ကောင်းကင်နယ်မြေရဲ့ ဗုဒ္ဓသားတော်ပဲ..."
"သူက နှစ်သုံးရာကြာအောင် တိတ်ဆိတ်တဲ့ ဇင် ဓမ္မကို ကျင့်ကြံခဲ့ပြီးတော့ အကန့်အသတ်မဲ့ ဗုဒ္ဓဓမ္မပုံရိပ်ယောင်ကို ပိုင်ဆိုင်ထားတယ်... သူ ဂိတ်တံခါးကိုခေါက်ပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဗုဒ္ဓ အလင်းရောင်က လီသုံးထောင်အကွာအဝေးထိ တောက်ပသွားပြီးတော့ အဆုံးမရှိတဲ့ မိစ္ဆာတွေကို ဘဝကူးပြောင်းစေခဲ့တယ်... "
"သူ့ရဲ့ကျင့်ကြံဆင့်က မခန့်မှန်းနိုင်အောင် နက်ရှိုင်းပြီးတော့ သူက စာရင်းရဲ့ အဆင့်လေး နေရာမှာ ရှိနေတယ်... ဒါ့ပြင် သူ့ရဲ့ ဗုဒ္ဓစရိုက်သဘာဝကြောင့် သူက မကောင်းဆိုးဝါး လမ်းစဥ်တွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်ချက်တစ်ခု ရှိနေတယ်....မြေအောက်ကမ္ဘာသားတော်က သူ့ကို သဘာဝရန်သူတစ်ယောက်အနေနဲ့ ရှုမြင်တယ်လို့ ပြောလို့ရတယ်..."
"ပဉ္စမတစ်ယောက်ကတော့ ရှေးဟောင်းအထီးကျန် ကျီးမိသားစုက နတ်ဘုရားမိန်းမပျို ကျီးဟောင်ယွဲ့ပဲ... သူက အင်မော်တယ် ဖီးနစ် ရုပ်ခန္ဓာကိုယ်မှာ မဟာအောင်မြင်မှုအဆင့်ကို ရောက်ရှိခဲ့တယ်...သူ့ရဲ့သွေးမျိုးဆက်က ဘိုးဘေးတွေဆီ ပြန်ရောက်ရှိသွားပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက လောကကြီးကို တုန်လှုပ်စေတယ်... သူ့ရဲ့ အင်မော်တယ်ချီ အတွင်းမှာ အင်မော်တယ် ဖီးနစ်တစ်ကောင်ရဲ့ အော်မြည်သံ ပဲ့တင်ထပ်သွားပြီးတော့ မိုးကောင်းကင်ကို တုန်ခါသွားစေတယ်... "
"ဒါ့ပြင် ရှေးဟောင်းအထီးကျန်ဝမ်မိသားစုရဲ့ လူငယ်ခေါင်းဆောင် ဝမ်တန် .... နေမင်း နတ်ဘုရား ရုပ်ခန္ဓာကိုယ်ရှိတဲ့ ကျန်းမိသားစုက ကျန်းချီလီနဲ့ ဖရိုဖရဲနယ်မြေက ဖရိုဖရဲ ဘုရင်ငယ် ...စစ်နတ်ဘုရားတောင် နယ်မြေက မသေမျိုးမင်းသားတို့လို ပိုပြီးရှေးကျတဲ့ လျှို့ဝှက် အင်မော်တယ် ရှေးရိုးစွဲဂိုဏ်းတွေက ပါရမီရှင် တွေလည်း ရှိနေသေးတယ်... သူတို့ တစ်ယောက်စီက ဂိတ်တံခါးတစ်ခုကို ချိုးဖျက်ပြီး ဖွင့်လှစ်ခဲ့တယ်... "
"သူတို့ထဲက အများစုက လူငယ် အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး သုံးဆယ် ဒါမှမဟုတ် ထိပ်ဆုံးနှစ်ဆယ်အတွင်းမှာ အဆင့်သတ်မှတ်ခံထားရပြီး သူတို့အားလုံးက အစစ်အမှန် သူတော်စင်တွေကြားမှာ ထူးချွန်တဲ့သူတွေချည်းပဲ..."
ဝေ့ရွှမ်က သူ၏စကားများကို အဆုံးသတ်လိုက်ပြီး အနည်းငယ် ရပ်တန့်ကာ စူးချန်ကဲ၏ အမူအရာကို စောင့်ကြည့်လိုက်၏။ တစ်ဖက်လူ တည်ငြိမ်နေဆဲဖြစ်ကြောင်း မြင်တွေ့ချိန်၌ သူက ဆက်ပြောသည်။
"ဒီပါရမီရှင်တွေက ဒီနယ်မြေကို ဆင်းသက်လာတဲ့ အဓိကပုဂ္ဂိုလ်တွေပဲ... သူတို့အားလုံးနီးပါးက ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးမှာ စုရုံးနေကြပြီးတော့ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ ပွင့်လာမယ့်အချိန်ကို စောင့်နေကြတယ်... ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ခုရဲ့ ထက်ဝက်နီးပါးက မပွင့်သေးဘူး... ပြီးတော့ နောက်ဆက်တွဲ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာမှာပါ... "
"ဒါ့ပြင် နောက်ထပ်အချက်တစ်ခု ရှိနေသေးတယ်.... ကျွန်တော်ရဲ့အဖေဆီကနေရတဲ့ သတင်းတွေအရ နတ်ဘုရား မျိုးနွယ်စုကလည်း ကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်... နတ်ဘုရားမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံအလွန်က ကောင်းကင်နယ်မြေရဲ့ မဟာတော်ဝင် မျိုးနွယ်စု ငါးခုလုံးက ရှေးဟောင်း နတ်ဘုရား အမွေအနှစ် ကို လက်ခံရယူဖို့ သူတို့ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားသားတော်တွေကို တိုက်တွန်းလိုက်ကြပြီ... သူတို့ရဲ့ရည်ရွယ်ချက်က ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေအတွင်းမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာအသင်္ချေက ပါရမီရှင် တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ဖြတ်ပွဲတစ်ခု ဆင်နွှဲချင်တဲ့ပုံ ပေါက်နေတယ်..."