အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း ၁၉၅: ဖရိုဖရဲ ခန်းမဆောင်
ပြတင်းပေါက် အပြင်ဘက်ရှိ ဝါးရွက်များ တရှဲရှဲမြည်သံမှလွဲ၍ ခန်းမဆောင်ထဲတွင် အချိန်တခဏကြာသည်မထိ တိတ်ဆိတ်မှုတစ်ခုထဲသို့ ကျရောက်သွားသည်။
ဝေ့ရွှမ်က နတ်ဘုရားမျိုးနွယ်စုအကြောင်း ပြောချိန်တွင် သူ၏မျက်လုံးများ၌ ယခင်က မရှိဖူးသော တည်ကြည်လေးနက်မှုတစ်ခု ထွက်ပေါ်လာသည်။ မဟာတော်ဝင်မျိုးနွယ်စု ငါးခုလုံး တပြိုင်နက်တည်း ပေါ်လာခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ ဤ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ၏ အန္တရာယ် အဆင့်မှာ ယခင်မျိုးဆက်များထက် များစွာပို၍ ကျော်လွန်နေလေပြီ။
ဤတစ်ကြိမ်တွင်မူ ထိုအရာက ခေတ်တစ်ခေတ်အတွက် ရုန်းကန်မှုတစ်ခု အမှန်တကယ်ကို ဖြစ်လာပေမည်။
ဤသို့တွေးတောရင်း ဝေ့ရွှမ်၏အကြည့်က စူးချန်ကဲအပေါ် နောက်တစ်ကြိမ် ကျရောက်သွားချိန်၌ သူ၏မျက်လုံးများတွင် နောင်တ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။
'သခင်စူးအတွက် တကယ့်ကို နှမြောစရာပဲ... နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံဆင့်နဲ့ သူတော်စင်တွေကို သတ်ဖြတ်တာက တကယ့်ကို ကြောက်စရာကောင်းပြီးတော့ စိတ်ဝိညာဉ်နယ်မြေက ကောလာဟလတွေကို ချိုးဖျက်နိုင်ခဲ့ပေမဲ့.... ဒီစစ်မှန်တဲ့ ပါရမီရှင်တွေနဲ့ ယှဉ်ရင် ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေသေးတယ်...တကယ်လို့ သူသာ အောက်ဘုံမှာ နှစ်တွေ အများကြီး အချိန်မဆွဲခဲ့ဘူးဆိုရင် သူ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိကောင်းရှိနိုင်တယ်...'
စူးချန်ကဲက သစ်သားစားပွဲကို ညင်သာစွာ ခေါက်လိုက်ပြီး ခေါင်းမော့ကာ ဝေ့ရွှမ်ကို ကြည့်ပြီး မေးလိုက်သည်။
"မင်းက တခြားသူတွေ အများကြီးအကြောင်း ပြောခဲ့ပြီးပြီ...ဒါပေမဲ့ စူး မိသားစုက လူတွေအကြောင်း ငါ ဘာလို့ မကြားရတာလဲ... စူးယွီ က ဘယ်မှာလဲ..."
သူ အမှန်တကယ် ဂရုစိုက်သောအရာမှာ သူ၏ အစ်ကိုကြီး စူးယွီပင်။
'သူ့ရဲ့သတင်းကို ဘာလို့ မကြားရသေးတာလဲ... အရမ်းထူးဆန်းတယ်...'
စူးယွီ၏အရည်အချင်းအရ သူသာ အောက်ဘုံ တွင် ရှိနေပါက ကောလာဟလများ လုံးဝရှိမနေရန်မှာ မဖြစ်နိုင်ပေ။
ဝေ့ရွှမ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ သတိထား၍ ပြောလိုက်သည်။
"သခင့်ကို ပြန်ဖြေရရင်... စူးမိသားစုနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့အသိပညာက တကယ့်ကို အကန့်အသတ်ရှိတယ်... စူး မိသားစုက လောကီရေးရာတွေနဲ့ ကင်းကွာနေပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေက ကမ္ဘာအသင်္ချေရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက် ဖြစ်ခဲ့တယ်... ထျန်းဟန် ပြည်နယ်က အောက်ဘုံကို စောင့်ကြည့်ရမယ့် တာဝန် ရှိပေမဲ့ စူးမိသားစုရဲ့ အတွင်းရေး ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လုံးဝမဝံ့ရဲသလို စွမ်းဆောင်နိုင်စွမ်းလည်း မရှိဘူး... သခင် စူးယွီ ရဲ့ သတင်းကိုတော့ ထည့်ပြောနေစရာ မလိုတော့ဘူး... ဒါပေမဲ့ ဒီတစ်ကြိမ် ဂိတ်တံခါးကို ခေါက်တဲ့သူတွေထဲက ဘယ်သူကမှ စူး မိသားစုက လူတစ်ယောက်ကိုမှ မတွေ့ခဲ့ရသလို သခင် စူးယွီ ကိုလည်း မတွေ့ခဲ့ရဘူး ဆိုတာကိုတော့ အတည်ပြုနိုင်တယ်..."
'အိုး ဘုရားရေ...'
စိတ်ဝိညာဉ်နယ်မြေတွင် သခင်စူးချန်ကဲ သာလျှင် သခင် စူးယွီကို သူ၏ နာမည်ရင်းဖြင့် ခေါ်ဝံ့လေ၏။ သို့ရာတွင် ထိုညီအစ်ကို နှစ်ဦးကြားတွင် ဆက်ဆံရေး တင်းမာနေသည်ဟု ကောလာဟလများ ရှိနေသည်။ ထိုအရာက အမှန် ဟုတ်မဟုတ် သူ သိချင်နေသည်။
သူက စူးချန်ကဲ၏အမူအရာကို တိတ်တဆိတ် လေ့လာကြည့်လိုက်ပြီး မနှစ်မြို့မှု မရှိကြောင်း မြင်သောအခါ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့... အရမ်းဝေဝါးတဲ့ သတင်းအချက်အလက် အပိုင်းအစတွေနဲ့ ကမ္ဘာအသင်္ချေ အတားအဆီးရဲ့ မှေးမှိန်တဲ့ လှိုင်းဂယက်တွေအရ ဒီတစ်ကြိမ် ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်း ပွင့်လာတာက ကြီးမားတဲ့ အရေးပါမှု ရှိတယ်လို့ ယူဆရတယ်... စူး မိသားစုက ဝင်မပါဘဲ နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး... အရမ်းငယ်ရွယ်တဲ့ စူးမိသားစုက ဂျူနီယာတစ်ယောက်က ရှေးဟောင်းကြယ်တာရာနယ်မြေတချို့မှာ တစ်ချိန်က ထွက်ပေါ်လာခဲ့ပြီးတော့ အံ့အားသင့်ဖို့ကောင်းတဲ့ အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ကွဲလွဲနေတဲ့ ကောလာဟလ တချို့ ရှိတယ်.... ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီသတင်းတွေ ပျောက်ကွယ်သွားတဲ့အတွက် အတည်ပြုဖို့ မဖြစ်နိုင်ဘူး... စူး မိသားစုက တခြားအထောက်အထားတစ်ခု ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ လူတစ်ယောက်ကို စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်...ဒါပေမဲ့ ဘယ်သူကမှ သူတို့ကို မမှတ်မိနိုင်ဘူး... နောက်ထပ် အယူအဆ တစ်ခုလည်း ရှိသေးတယ်..."
ဝေ့ရွှမ်က တခဏကြာမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။
"စူး မိသားစုက... တစ်ယောက်ယောက်ကို စောင့်နေတာ ဖြစ်နိုင်တယ်လို့ ပြောကြတယ်..."
"တစ်ယောက်ယောက်ကို စောင့်နေတာလား..."
စူးချန်ကဲ တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်နှာတွင် တွေးတောနေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
'ဘယ်သူ့ကို စောင့်နေတာလဲ... ငါ ဖြစ်နိုင်မလား...'
စူးချန်ကဲက စူး မိသားစုအကြောင်း ဆက်မမေးတော့ဘဲ ပြောလိုက်သည်။
"မဖွင့်ရသေးတဲ့ ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါး ဆယ့်ခြောက်ခုထဲမှာ အထူးဂိတ်တံခါး တစ်ခုခု ရှိလား... ဒါမှမဟုတ် ဘယ်ဂိတ်တံခါး ကို သွားသင့်ဆုံးလဲ..."
စူးချန်ကဲ အကြောင်းအရာ ပြောင်းသွားသည်ကို မြင်ချိန်၌ ဝေ့ရွှမ်သည် အနည်းငယ် စိတ်သက်သာရာရသွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
"သခင် မေးတာ မှန်ပါတယ်... လေ့လာတွေ့ရှိချက်တွေအရ ကျန်ရှိနေတဲ့ ဂိတ်တံခါးတွေကနေ ထုတ်လွှတ်တဲ့ တာအို ဥပဒေသ လှိုင်းဂယက် တွေက တကယ့်ကို ကွဲပြားပါတယ်... တချို့က သတ်ဖြတ်ခြင်းရဲ့ အမြင့်ဆုံးတာအိုကို သယ်ဆောင်ထားတယ်... တချို့က နတ်ဘုရား ဝိညာဉ် သန့်စင်ခြင်းအပေါ် အာရုံစိုက်တယ်... တချို့က အဆုံးမရှိသော ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေကို ဖန်တီးတယ်...ပြီးတော့ တချို့က ဟင်းလင်းပြင်နဲ့အချိန်ရဲ့ လျှို့ဝှက်ချက်တွေကို သယ်ဆောင်ထားတယ်..."
ဤစကားကိုကြားချိန်၌ စူးချန်ကဲ ရပ်တန့်သွားပြီး သူ၏မျက်လုံးများ ကြည်လင်လာပေ၏။
'သတ်ဖြတ်ခြင်း... ဟင်းလင်းပြင် နဲ့ အချိန်... ဒါတွေ အားလုံးက ငါ လိုချင်တဲ့ အရာတွေ မဟုတ်ဘူးလား...'
သို့ရာတွင် ဝေ့ရွှမ်၏ နောက်ဆက်တွဲ စကားများက စူးချန်ကဲကို ပို၍ပင် စိတ်ဝင်စားသွားစေသည်။
ဝေ့ရွှမ်က ဆက်ပြောသည်။
"တကယ်လို့ အထူးခြားဆုံးကို ပြောရမယ်ဆိုရင်တော့ အဲ့ဒီဂိတ်တံခါး ဖြစ်နိုင်တယ်... အဲ့ဒါက အမြင့်ဆုံးနေရာမှာ တည်ရှိပြီးတော့ အမြဲတမ်း ဖရိုဖရဲ မြူခိုးတွေနဲ့ ဖုံးလွှမ်းနေပြီး အဝေဝါးဆုံးနဲ့ ရှေးအကျဆုံး တာအိုဥပဒေသ ရှိနေတယ်... ဖန်ရွှမ် က အစပိုင်းမှာ ဒီဂိတ်တံခါးကို ကြိုးစားခဲ့ပြီးတော့ ကျရှုံးခဲ့တယ်... အဲ့ဒီနောက်မှာ တခြား ပါရမီရှင်တွေ အများကြီးလည်း ဆက်တိုက်ကျရှုံးခဲ့ပြီး လူသားဧကရာဇ်ငယ်တောင်မှ အဲ့ဒါကို မဖွင့်နိုင်ခဲ့ဘူး....ဒါကြောင့် သူတို့က တခြား ဂိတ်တံခါးတွေဆီ ပြောင်းသွားခဲ့တာပါ... ဒီဂိတ်တံခါးက တခြားကောင်းကင်ဂိတ်တံခါးတွေနဲ့ မတူဘူး...အဲ့ဒီအရာပေါ်မှာ ရှေးဟောင်းစာလုံးတွေ ရေးထွင်းထားပြီး အဲ့ဒါရဲ့ နာမည်က ဖရိုဖရဲ ခန်းမဆောင်ပဲ... နတ်မိမယ် လော့ကျဲ့ရှန်းက ဒီဂိတ်တံခါးက မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်နဲ့ သက်ဆိုင်ပုံရတဲ့အတွက် ဒီခေတ်မှာ ဘယ်သူမှ အဲ့ဒါကို ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တယ်..."
"ဖရိုဖရဲ ခန်းမဆောင် ..."
စူးချန်ကဲ၏မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားသည်။
သူသည် မွေးရာပါ ဖရိုဖရဲ နှလုံးသားကို ပိုင်ဆိုင်ထားကာ ဖရိုဖရဲတာအိုကို ကျင့်ကြံပြီး ဖရိုဖရဲ နတ်ဘုရားမီးတောက်ကိုပင် သန့်စင်ခဲ့ပြီး ဖြစ်သည်။
'ဒါက ငါ့အတွက် ပြင်ဆင်ထားတာ မဟုတ်လား... ဒါက လုံးဝလိုက်ဖက်တယ်...လုံးဝပြီးပြည့်စုံတယ်...'
မြောက်ပိုင်းဒေသ၏ မြောက်ဘက်အစွန်းရှိ ထာဝရဆောင်းရာသီ တားမြစ်နယ်မြေ...
လောကကြီးသည် မူလအရောင်အသွေးများကို နောက်တစ်ကြိမ် ဆုံးရှုံးသွားခဲ့သည်။
မုန်တိုင်းလေပြင်းများက သတ္တုနှင့် ကျောက်တုံးများကို ဆုတ်ဖြဲနိုင်သော ဓားသွားများအလားပင်။
ဤထာဝရတိတ်ဆိတ်ပြီး လူသူကင်းမဲ့သော နယ်မြေတွင် တောင်များအလား ကြီးကျယ်ခမ်းနားသော ဧရာမ ကြေးဝါဂိတ်တံခါး ဆယ့်ခြောက်ခုက တိတ်ဆိတ်စွာ ရပ်တည်နေခဲ့သည်။
ထိုတံခါးများ၏ပုံစံများမှာ ရှေးကျပြီး ရိုးရှင်းကာ တိမ်များအထိ မြင့်တက်နေပြီး တံခါးများကို တင်းကြပ်စွာ ပိတ်ထားလေ၏။ ထိုအရာများပေါ်တွင် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့သော အင်မော်တယ် ရှေးဟောင်းနတ်ဘုရားပုံစံများ ရေးထွင်းထားပြီး အချိန်ကုန်လွန်သွားခြင်းကပင် မဖျက်ဆီးနိုင်သော ရှေးဟောင်း တာအိုစည်းချက်များ ဖြာထွက်နေသည်။
ဂိတ်တံခါးတစ်ခုစီတိုင်သည် ကွဲပြားသော်လည်း လူအများ၏စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော ဥပဒေသ လှိုင်းဂယက်များကို ထုတ်လွှတ်နေခဲ့သည်။
ရှေးဟောင်း ကြေးဝါဂိတ်တံခါး ဆယ့်ခြောက်ခု သည် အလွှာလိုက်စီစဉ်မှုဖြင့် ခြောက်ခု၊ လေးခု၊ သုံးခု၊ နှစ်ခု နှင့်တစ်ခုစီ တန်းစီကာ ရပ်တည်နေသည်။
ဤသည်မှာ ကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါးဆယ့်ခြောက်ခုပင်။
ဤအချိန်အခိုက်အတန့်တွင် စက်ဝိုင်းပုံ တောင်ကြား၏ အစွန်အဖျားကို ကမ္ဘာအသင်္ချေမှ အင်အားစုအသီးသီးက ကြာမြင့်စွာကတည်းက နေရာယူထားပြီးဖြစ်သည်။
အလံများ လူးလွန့်နေသည် ထူးဆန်းသော သားရဲများ ပျံဝဲနေပြီး အင်မော်တယ်လှေများနှင့်ခန်းမဆောင်များက လေထဲတွင် မျောလွင့်နေကာ ယာယီဝင်္ကပါစခန်းများက ကြယ်များအလား ပြန့်ကျဲနေသည်။
စက်ဝိုင်းပုံ တောင်ကြား၏ အလယ်ဗဟိုတွင် ဧရာမဂိတ်တံခါး ဆယ့်ခြောက်ခုကို လူတချို့က မျက်နှာမူထားကာ လေထုသည် ပို၍ပင် တိတ်ဆိတ်နေပေ၏။
ဤနေရာတွင် လူဆယ်ယောက်ခန့်သာ ရှိပြီး လူတချို့က မောက်မာထောင်လွှားစွာ တစ်ယောက်တည်း မတ်တတ်ရပ်နေသည်။ လူတချို့ကမူ နှစ်ယောက် သို့မဟုတ် သုံးယောက် အုပ်စုလိုက် ရပ်နေပြီး အချင်းချင်း လုံလောက်သော သတိထားရမည့် အကွာအဝေးကို ထိန်းသိမ်းထားကြသည်။
သူတို့၏အရှိန်အဝါများမှာ နေအလား တောက်ပနေသည် သို့မဟုတ် တွင်းနက်ကြီး အလား နက်ရှိုင်းနေသည်။ ထိုသို့မဟုတ်ပါက သူတို့သည် အင်မော်တယ်တစ်ပါးအလား လောကီရေးရာနှင့် ကင်းကွာနေကြ၏။ လူတချို့၏အရှိန်အဝါကမူ အကျဉ်းထောင်တစ်ခုအလား အေးစက်နေသော်လည်း ချွင်းချက်မရှိဘဲ သူတို့အားလုံး အသက်ရှူမှားလောက်အောင် အစွမ်းထက်ကြသည်။
သူတို့၏အကြည့် အများစုမှာ ပွင့်သွားပြီးဖြစ်သော ကြေးဝါဂိတ်တံခါး အနည်းငယ်အပေါ် အာရုံစိုက်နေကြသည်။
ဧကရာဇ်ဂိတ်တံခါးရှေ့တွင် ဧကရာဇ်နဂါးချီ များ ကျန်ရှိနေပြီး ရွှမ်ယွမ်ဖို ချန်ထားခဲ့သော အမှတ်အသားများဖြစ်သည့် လူအများမှ ကိုးကွယ်ဦးညွှတ်နေသော ဝေဝါးသည့် ပုံရိပ်ယောင်များ လင်းလက်နေသည်။
မြေအောက်ကမ္ဘာ ဂိတ်တံခါးတွင် မြေအောက်ကမ္ဘာကိုးထပ်နှင့် ဆက်သွယ်နေသည့်အလား မှိုင်းညို့သောလေများ တိုက်ခတ်ကာ မြည်ဟီးနေသည်။ ဂိတ်တံခါး၏အစွန်းများ၌ မင်ကျိုးယို၏ အရှိန်အဝါများ ကျန်ရှိနေပြီး မည်သည့်အချိန်မျှ အရည်ပျော်မသွားသော ရေခဲနက်သလင်းကျောက်များဖြင့် ဖုံးလွှမ်းနေသည်။
ဖန်တီးခြင်းဂိတ်တံခါးရှေ့တွင် တာအို ဥပဒေသ များ အရှင်းလင်းဆုံး ထွက်ပေါ်နေပြီး မြေကြီးမှ ထွက်ပေါ်လာသော ရွှေကြာပန်း များ၏ ပုံရိပ်ယောင်များ ရံဖန်ရံခါ ထွက်ပေါ်လာပေ၏။ ထိုနေရာတွင် လော့ကျဲ့ရှန်းနှင့် သက်ဆိုင်သော လောကီရေးရာနှင့် ကင်းကွာသည့် အင်မော်တယ်ညှို့ဓာတ်များ လှည့်ပတ်နေသည်။
ဇင်နှလုံးသားဂိတ်တံခါးတွင် ဗုဒ္ဓ အလင်းရောင်များ မှေးမှိန်သွားသော်လည်း ထိုနေရာသည် အလွန်သန့်ရှင်းပြီး ငြိမ်းချမ်းနေကာ ဘုန်းတော်ကြီးပုယွိ၏ ကြိုးစားအားထုတ်မှုများမှ သက်သေအဖြစ် ထာဝရဆောင်းရာသီ ရေခဲမြစ် ၏ အေးစက်သော အအေးဒဏ်ကိုပင် အနည်းငယ် ဖယ်ရှားပေးထားသည့်အလား ဖြစ်နေသည်။
ကောင်းကင်ဂိတ်တံခါးများကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့သော ဤပါရမီရှင်များသည် ထွက်မသွားကြချေ။
သူတို့အနက်မှ အများစုသည် သူတို့ ဖွင့်ထားသော ဂိတ်တံခါးများ၏ရှေ့တွင် ပလ္လင်ခွေ ထိုင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များကို မတူညီသော အရောင်များရှိသည့် ဝေဝါးသော အင်မော်တယ်ချီများဖြင့် ဝန်းရံထားကာ ထိုအရာများတွင် အံ့အားသင့်ဖွယ်ကောင်းသော တာအိုစည်းချက်နှင့် အသက်စွမ်းအား အနှစ်သာရများ ပါဝင်နေခဲ့သည်။
ထိုအင်မော်တယ်ချီများသည် သက်ရှိများအလား ဖြည်းညှင်းစွာ စီးဆင်းနေပြီး သူတို့၏ ရုပ်ခန္ဓာကိုယ်များနှင့် နတ်ဘုရားစိတ်ဝိညာဉ် များကို အာဟာရဖြစ်စေသည်။ ထိုအရာများသည် သူတို့၏မူလအစနှင့် မဟာ တာအို ကို သန့်စင်ပေးပြီး သူတို့၏နောက်ရှိ ပွင့်နေသော ဂိတ်တံခါးများနှင့် ဝေဝါးစွာ ပဲ့တင်ထပ်စေပေ၏။ ဤသည်ကြောင့် သူတို့၏ အရှိန်အဝါများကို အချိန်အခိုက်အတန့်တိုင်းတွင် သိမ်မွေ့သော်လည်း အစွမ်းထက်သော အသွင်ပြောင်းမှုများ ခံစားရစေသည်။
သူတို့သည် ရှေ့ဆောင်လမ်းပြများ ဖြစ်ကြပြီး ဤကောင်းကင်တက်လှမ်းခြင်းတံတား ယှဥ်ပြိုင်ပွဲတွင် အကောင်းဆုံး အပိုင်းအစကို ဖြတ်တောက်ကာ ကဏဦး အားသာချက်များအားလုံးကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။
တောင်ကြား၏ အတွင်းနှင့်အပြင်တွင် မရေမတွက်နိုင်သော အကြည့်များက ဤပုံရိပ်များကို ရှုပ်ထွေးစွာ ကြည့်ရှုနေကြပြီး မနာလိုခြင်း၊ အားကျခြင်း၊ ကြောက်ရွံ့ရိုသေမှု၊ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒစသည့် အမျိုးမျိုးသော စိတ်ခံစားမှုများ ရောယှက်နေသည်။
သို့ရာတွင် လူအများစုက သူတို့၏အကြည့်များကို ကွဲပြားပြီး ဆွဲဆောင်မှုရှိသော တာအို ဥပဒေသ လှိုင်းဂယက်များကို ထုတ်လွှတ်နေသည့် ကျန်ရှိနေသော တင်းကြပ်စွာ ပိတ်ထားသည့် ဂိတ်တံခါးများဆီသို့ ပို့ဆောင်လိုက်ကြ၏။ သူတို့၏မျက်လုံးများတွင် မလိုလားမှုများ ရည်မှန်းချက်များ လောင်ကျွမ်းနေသည်။
ထိုအရာများအနက် မျက်စိဖမ်းစားနိုင်ဆုံးအရာမှာ ထူထပ်သော ဖရိုဖရဲမြူခိုးများဖြင့် အမြဲတစေ ဖုံးလွှမ်းနေပြီး ဂိတ်တံခါးဆယ့်ခြောက်ခု ၏ အမြင့်မားဆုံး အထွတ်အထိပ်နေရာတွင် တည်ရှိသော ဧရာမဂိတ်တံခါးကြီးပင်။
ထိုအရာမှာ တခြားဂိတ်တံခါးများထက် ပို၍ ရှေးကျပြီး လေးလံကာ ထိုတံခါးပေါ်ရှိ နတ်ဘုရား ပုံစံများမှာ အရှုပ်ထွေးဆုံးနှင့် အဝေဝါးဆုံးဖြစ်သည်။ ထိုအရာသည် မည်သည့် ဥပဒေသ လှိုင်းဂယက်ကိုမျှ ထုတ်လွှတ်မထားဘဲ အရာအားလုံးကို သူတို့၏မူလအစသို့ ပြန်လည်ရောက်ရှိသွားကာ ကောင်းကင်နှင့်မြေကြီး မဖြစ်တည်သေးသည့်အလား ဖရိုဖရဲ အရှိန်အဝါတစ်ခုကိုသာ ထုတ်လွှတ်နေသည်။
ဤသည်မှာ ဖရိုဖရဲ ခန်းမဆောင်ပင်။
အခန်း ၁၉၆: ဂိတ်တံခါးရှစ်ခု ကျန်သေးတယ်...
ဖရိုဖရဲ ခန်းမဆောင်...
ရှေးဟောင်း နတ်ဘုရားစာလုံးတချို့က ဧရာမ ဂိတ်တံခါးကြီး၏အထက်တွင် ချိတ်ဆွဲထားပြီး ထိုတံခါးအောက်တွင် ပျံ့နှံ့နေသော မြူခိုးများမှာ ငြိမ်သက်မနေဘဲ စကြဝဠာကြီးကိုယ်တိုင် အသက်ရှူနေသည့်အလား စည်းချက်တစ်ခုဖြင့် ဖြည်းညှင်းစွာ လည်ပတ်နေသည်။
မြူခိုးများ စုစည်းလာချိန်၌ ထိုအရာက ကြယ်များ၏ မွေးဖွားခြင်း၊ ဂုဏ်ကျက်သရေ၊ ယိုယွင်းခြင်းနှင့် ပျောက်ကွယ်သွားခြင်းတို့၏ ပြန်လည်ဝင်စားခြင်း မြင်ကွင်းများကို ဖော်ပြထားသည်။ ထိုအရာ ပြန့်ကျဲသွားချိန်၌ ထိုမြူခိုးများသည် ကောင်းကင်နှင့်မြေကြီး မပွင့်မီ ခွဲခြား၍မရသော ဖရိုဖရဲ၏ မူလအစချီသို့ ပြန်လည်ရောက်ရှိသွားလေ၏။
တခြားကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါးဆယ့်ငါးခုမှ ထုတ်လွှတ်သော အံ့အားသင့်ဖွယ် တာအို ဥပဒေသများဖြစ်သည့် ဧကရာဇ်နဂါးချီ ၊ မြေအောက်ကမ္ဘာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၊ အစစ်အမှန် နေမင်း မီးတောက်၊ အမြင့်မြတ်ဆုံး ဗုဒ္ဓအလင်းရောင်စသည့် အရာများသည် ဤ ဖရိုဖရဲမြူခိုး၏ အစွန်းများကို ထိမိသောအခါ မြစ်အစင်းတစ်ရာ ပင်လယ်ဆီသို့ ပြန်သွားသည့်အလားပင်။ လှိုင်းဂယက် အနည်းငယ် ထလာပြီးနောက် ထိုစွမ်းအားများသည် တိတ်ဆိတ်စွာ ပျော်ဝင်သွားပြီး ထိုအရာတို့၏ မူလအစများကို ခွဲခြား၍ မရတော့ချေ။
"ဒီဂိတ်တံခါးက ဂိတ်တံခါးတွေ အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပြီးတော့ အဲ့ဒီအရာရဲ့တည်ရှိမှုက ထူးခြားပြီး အမြင့်မြတ်ဆုံးပဲ... အဲ့ဒါက ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ခုထဲမှာ ခေါက်ပြီး ဖွင့်ဖို့ အခက်ခဲဆုံး ဖြစ်နိုင်တယ်..."
စက်ဝိုင်းပုံတောင်ကြား၏ အပြင်ဘက်တွင် ရှိနေသော စိတ်ဝိညာဉ်နယ်မြေ၏ ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခုမှ သူတော်စင်တစ်ပါးက သူ၏မျက်လုံးများကို မှေးစင်းကာ ထိုဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးကို စူးစိုက်၍ ကြည့်နေခဲ့သည်။ သူ၏ချီများ အနည်းငယ် လှိုင်းထနေပြီး စိန်ခေါ်မှုတစ်ခုအတွက် စိတ်အားထက်သန်နေသော စူးရှသည့် စိတ်ဆန္ဒတစ်ခုကို ဖော်ပြနေသည်။
သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော ပါရမီရှင်က ခေါင်းယမ်းလိုက်ကာ သူ၏ လေသံတွင် လက်တွေ့ကျသော စဉ်းစားတွေးခေါ်မှု အနည်းငယ် ပါဝင်နေပြီး ပြောလိုက်၏။
"မင်းရဲ့ရည်မှန်းချက်တွေကို ထိန်းချုပ်ထားတာ ပိုကောင်းမယ်... ကောင်းကင်ဂိတ်တံခါးတစ်ခုကို ခေါက်ဖွင့်ပြီးတော့ အင်မော်တယ်ချီကို ပိုင်ဆိုင်ထားတဲ့ အဲ့ဒီ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တွေတောင်မှ အောင်မြင်ဖို့ ကျရှုံးခဲ့ကြတယ်... ဒီဂိတ်တံခါးက လူငယ်အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး နေရာကို အချိန်အကြာကြီး ရယူထားတဲ့ စူး မိသားစုက အဲ့ဒီ လူငယ်သခင်လေးကပဲ အဲ့ဒါကို စမ်းသပ်ဖို့ အစွမ်းအစ ရှိကောင်းရှိနိုင်တယ်..."
"အဓိပ္ပာယ်မရှိတာ..."
ဤစကားကိုကြားချိန်၌ ရှေးဟောင်း နယ်မြေမှ သူတော်စင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အသံသည် ထူးခြားသော မောက်မာမှုတစ်ခုဖြင့် ရုတ်တရက် မြင့်တက်လာပြီး သူက ထပ်ဖြည့်ပြောလိုက်၏။
"ငါတို့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းက အစကတည်းက ကံကြမ္မာကို ဆုပ်ကိုင်ဖို့ ကောင်းကင်ကို ဆန့်ကျင်တဲ့ ရုန်းကန်မှုတစ်ခုပဲ... တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီအကြောင်းကိုတောင် မတွေးရဲဘဲ အခက်အခဲကို မြင်တာနဲ့ နောက်ဆုတ်သွားမယ်ဆိုရင် တာအို နှလုံးသားက နစ်မြုပ်သွားပြီးတော့ ဒီဘဝမှာ သူ့ရဲ့ မဟာတာအိုက ဒီနေရာမှာပဲ ရပ်တန့်သွားမှာကို ငါ စိုးရိမ်မိတယ်..."
"တာအိုမိတ်ဆွေရဲ့ စကားတွေက တကယ့်ကို အဓိပ္ပါယ်ရှိတယ်..."
ထိုပါရမီရှင်သည် ဒေါသမထွက်ခဲ့ချေ။ ထိုအစား သူက နောက်ပြောင်ကျီစယ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။ သူက နံဘေးသို့ ဖယ်ပေးကာ 'ကျေးဇူးပြု၍' ဟူသော အမူအရာကို ပြုလုပ်လိုက်ပြီး သူ၏ လေသံမှာ နှေးကွေးသော်လည်း စကားလုံးတိုင်းမှာ ရှင်းလင်းနေကာပြောလိုက်။
"ဒါဆိုရင် တာအိုမိတ်ဆွေက ဘာလို့ ကိုယ်တိုင် မစမ်းကြည့်ရတာလဲ... ဒါဆို ငါတို့လည်း ကောင်းကင်ကို ဆန့်ကျင်ပြီး လျှောက်လှမ်းတဲ့သူ တစ်ယောက်ရဲ့ပုံစံကို အားကျနိုင်တာပေါ့..."
ရှေးဟောင်းနယ်မြေသူတော်စင်၏ အသက်ရှူသံ ရပ်တန့်သွားပြီး သူ တခဏကြာမျှ တိတ်ဆိတ်သွားလေ၏။
သူက ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ အကြည့်မှာ လျှပ်စီးအလား စူးရှနေပြီး ကောင်းကင်အောက်ရှိ မိုးထိအောင် မြင့်မားသော ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးကို စူးစိုက်၍ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲရှိ နောက်ဆုံး တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်လေးမှာ တောက်ပသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒကြောင့် လောင်ကျွမ်းသွားခဲ့လေ၏။
"ဘာကို ကြောက်စရာ ရှိလို့လဲ..."
သူ၏အသံ မပျောက်ကွယ်မီမှာပင်...
"ဘုန်း..."
သူ၏ သူတော်စင်နယ်ပယ် အရှိန်အဝါက အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်လာသည်။
သူ၏ခန္ဓာကိုယ် မလှုပ်ရှားခဲ့သော်လည်း သူ၏နောက် ဟင်းလင်းပြင် ပြင်းထန်စွာ တုန်ခါသွားသည်။ ကျန်းရှစ်ထောင်မြင့်မားသော မိုးထိအောင် ကြီးမားသည့် ဓမ္မပုံရိပ်ယောင်ကြီးတစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာပေ၏။ ထိုဓမ္မပုံရိပ်ယောင်ကြီးသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ရပ်တည်နေပြီး တာအို ပုံစံများဖြင့် ရစ်ပတ်ကာ ပတ်ဝန်းကျင်ကို ဖိနှိပ်သည့် ကြီးကျယ်ခမ်းနားသော ဖိအားတစ်ခုကို ထုတ်လွှတ်ထားသည်။
ယခင်က ရွီဟွာနတ်ဘုရားအင်ပါယာမှ အဖိုးအို ရွှီနှင့် နှိုင်းယှဉ်ပါက ဤဓမ္မပုံရိပ်ယောင်မှာ ကောင်းကင်နှင့်မြေကြီးအလားပင်။ ဤရှေးဟောင်းနယ်မြေ သူတော်စင်သည် မောက်မာထောင်လွှားသော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သိသာရှင်းလင်းလှသည်။
သူတော်စင်၏ စစ်မှန်သော ခန္ဓာကိုယ်နှင့် ဓမ္မပုံရိပ်ယောင်တို့က တပြိုင်နက်တည်း ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ဟင်းလင်းပြင်ကို နင်းလျှောက်ကာ ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးဆီသို့ ခြေတစ်လှမ်းချင်း ချဉ်းကပ်သွားသည်။
သူ၏အရှိန်အဝါသည် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလေ၏။
သို့ရာတွင် သူသည် ဓမ္မပုံရိပ်ယောင်၏စွမ်းအားဖြင့် ဧရာမ ဂိတ်တံခါးကြီးနှင့် ကျန်း တစ်ထောင် အတွင်းသို့ ချဉ်းကပ်လာကာ လှည့်ပတ်နေသော ဖရိုဖရဲမြူခိုးများကို အမှန်တကယ် မထိတွေ့မီမှာပင်...
"ဝီ..."
မြင်နိုင်စွမ်းမရှိသည့်အပြင် ကိုင်တွယ်၍လည်း မရနိုင်သော ရှေးဟောင်းစိတ်ဆန္ဒတစ်ခုက တိတ်ဆိတ်စွာ ဝှေ့ယမ်းသွားသည်။
လောကကြီးကို တုန်ခါစေမည့် စွမ်းအားပေါက်ကွဲမှုမျိုး မရှိခဲ့ချေ။
ကျယ်ပြန့်သောဖိအား ပါရှိသည့် ထိုကျန်းရှစ်ထောင် မြင့်မားသော ဓမ္မပုံရိပ်ယောင်ကြီးသည် မြင်နိုင်စွမ်းမရှိသော လက်ကြီးတစ်ဖက်မှ ဖျက်ဆီးလိုက်သည့် သဲပန်းချီတစ်ခုအလား ခေါင်းမှ ခြေဖျားအထိ တစ်လက်မချင်းစီ ပြိုကွဲသွားသည်။
ထိုအရာနှင့် ဆက်သွယ်နေသော သူတော်စင်၏ အစစ်အမှန်ခန္ဓာကိုယ်သည် သူ၏တလိမ့်လိမ့်ထနေသော သူတော်စင်စွမ်းအားများ ချက်ချင်း ခန်းခြောက်သွားပေ၏။ သူ၏ လှိုင်းထနေသော အရှိန်အဝါမှာ ချောက်ကမ်းပါးမှ ပြုတ်ကျသွားသည့်အလား ညှိုးနွမ်းသွားသည်ကို လူအများက မြင်တွေ့လိုက်ရသည်။
အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင်...
အလင်းနှင့်အရိပ်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး သူ၏ပုံရိပ်သည် သူ တစ်ကြိမ်တစ်ခါမျှ ထွက်ခွာမသွားခဲ့သည့်အလား သူ၏မူလနေရာသို့ အတင်းအကြပ် ပြန်လည်ပို့ဆောင်ခြင်း ခံလိုက်ရသည်။
သူ၏ခြေထောက်အောက်ရှိ ရေခဲများနှင့် ကျောက်တုံးများသည် အပိုင်းအစများအဖြစ် အက်ကွဲသွားခဲ့လေ၏။ သူ၏မျက်နှာ အနည်းငယ် ဖြူရော်သွားပြီး သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူ၏မျက်လုံးများတွင် ကျယ်ပြန့်သော ဖရိုဖရဲစွမ်းအားကို ရင်ဆိုင်ရပြီးနောက် ပုရွက်ဆိတ် တစ်ကောင်အလား ခံစားလိုက်ရသည့် အစောပိုင်းက ကြောင်အမ်းမှုများ ရှိနေဆဲပင်။
သူ ရှုံးနိမ့်သွားခဲ့လေ၏။
ထိုဂိတ်တံခါးကို မထိတွေ့လိုက်ရဘဲ သူ လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့သည်။
ဂိတ်တံခါးကို စမ်းသပ်သည့် ရုတ်ရုတ်သဲသဲဖြစ်မှုက လူအများအပြားကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အထူးသဖြင့် ကောင်းကင် ဂိတ်တံခါးကို ခေါက်ဖွင့်ပြီး ဤလောကကြီးနှင့် မသက်ဆိုင်သော ဝေဝါးသည့် အင်မော်တယ်ချီများဖြင့် ဝန်းရံထားကာ မတူညီသော အရပ်မျက်နှာများတွင် တည်ရှိနေသည့် ပုံရိပ်ငါးခုပင်။
အရှေ့ဘက်အစွန်ဆုံးတွင် ဓားအလား မျက်ခုံးများနှင့် ကြယ်အလား မျက်လုံးများရှိသည့် တောက်ပသော အဝါရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရှိနေသည်။ သူသည် ပလ္လင်ခွေထိုင်နေပြီး နဂါးများအလား ကြီးကျယ်ခမ်းနားသော ဧကရာဇ်တာအို အင်မော်တယ်ချီများက သူ့ကို ဝန်းရံထားသည်။
သူ၏မျက်နှာသည် တည်ကြည်ပြတ်သားပြီး သူ၏မျက်လုံးများကို မှိတ်ထားချိန်၌ သူ၏မျက်ခွံများအောက်တွင် နေငယ်နှစ်စင်းကို ဝေဝါးစွာ မြင်နေရသည့်အလားပင်။
ကိုးဆယ့်ခုနစ်နှစ်ကြာအချိန်က သူ၏မျက်နှာပေါ်တွင် မည်သည့် လောကဓံအမှတ်အသားမျှ ချန်မထားခဲ့ချေ။ ထိုအစား ထိုအရာများက တောင်များနှင့် တောင်ထွတ်များအလား ခိုင်မာသော ကြီးကျယ်ခမ်းနားမှုကို ထုဆစ်ထားလေ၏။
ရွှေရောင်နတ်ဘုရားဓားတစ်လက်က သူ၏ဒူးပေါ်တွင် ကန့်လန့်ဖြတ် တည်ရှိနေသည်။ ဓားကို ဓားအိမ်မှ မထုတ်ရသေးသော်လည်း ထိုဓားမှ လောကကြီးအပေါ် အုပ်စိုးသူတစ်ဦး၏ အရှိန်အဝါများ ဖြာထွက်နေလေပြီ။
ရွှမ်ယွမ်ဖိုက သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်ကာ ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးကို တစ်ချက်ကြည့်လိုက်လေသည်။ သူ၏အမူအရာတွင် စိတ်ခံစားချက် လှိုင်းဂယက်ကို အနည်းငယ်မျှ မပြသခဲ့ချေ။ ရှေးဟောင်းနယ်မြေသူတော်စင်၏ ကျရှုံးမှုမှာ ပုံမှန်ဖြစ်သည့်အလား ဖြစ်နေသည်။ အကြောင်းအရင်းမှာ သူပင်လျှင် ထိုကိစ္စကို မအောင်မြင်ခဲ့သောကြောင့်ပင်။ သို့ရာတွင် လူသား ဧကရာဇ်ငယ်အနေဖြင့် ကမ္ဘာအသင်္ချေ မှ ပါရမီရှင်များကို သတိပေးရန် လိုအပ်ပြီး သူ၏တာဝန်ဖြစ်သည်ဟု သူ ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် တခြားတစ်ဦးတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ထိုအရာကို စမ်းသပ်ကာ သူတို့၏တာအို နှလုံးသား ကြေမွှပျက်စီးသွားသည်ကို သူ မမြင်ချင်သောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေကာမူ ဤလူများအားလုံးမှာ သူ၏လူသားမျိုးနွယ်စုမှ အစွမ်းထက်သော မျိုးဆက်များ ဖြစ်နေသည်။
"အဲ့ဒီ ဂိတ်တံခါးက..."
ရွှမ်ယွမ်ဖိုက ရုတ်တရက် စကားပြောဆိုလိုက်၏။ သူ၏အသံမှာ မကျယ်လောင်သော်လည်း ထိုနေရာရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
"အဲ့ဒီမှာ ဖရိုဖရဲရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒ ပါဝင်တယ်... မွေးရာပါ ဖရိုဖရဲတာအိုနဲ့ မနီးစပ်ရင် အဲ့ဒါကို ခေါက်လို့ မရဘူး... ငါတောင် အဲ့ဒါကြောင့် ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့တယ်... တကယ်လို့ စူးယွီ ဒီနေရာမှာ ရှိနေရင်တောင် ရလဒ်က အတူတူပဲ ဖြစ်လိမ့်မယ်... မင်းတို့ရဲ့အားထုတ်မှုတွေကို ဆက်ပြီး အလဟဿဖြစ်အောင် မလုပ်ကြနဲ့... အခုလက်ရှိချိန်မှာ မဖွင့်ရသေးတဲ့ ဂိတ်တံခါး ရှစ်ခု ကျန်သေးတယ်... တကယ်လို့ မင်းတို့က အဲ့ဒီဂိတ်တံခါးတွေကနေ အင်မော်တယ်ချီရဲ့ ကောင်းချီးကို ရနိုင်ရင် ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းပေါ်မှာ မင်းတို့ ပိုပြီး ရှေ့ဆက်သွားနိုင်လိမ့်မယ်... မင်းတို့ ရရှိတဲ့ အခွင့်အရေးက ပိုပြီးအစွမ်းထက်လေလေ လူသားမျိုးနွယ်စုရဲ့ အနာဂတ်ထောက်တိုင်တွေက မင်းတို့ထဲကနေ ထွက်ပေါ်လာဖို့ ပိုများလေလေပဲ..."
သူ၏လေသံသည် ကြီးကျယ်ခမ်းနားကာ လူအများကို ယုံကြည်စေပြီး သူ့အပေါ် သဘောကျ၍ သူ၏နောက်သို့ လိုက်ချင်စိတ် ဖြစ်ပေါ်စေသော ထူးဆန်းသည့် စွမ်းအားတစ်ရပ်ကို သဘာဝကျကျ သယ်ဆောင်ထားသည်။
ဤသည်မှာ လူသားမျိုးနွယ်စု၏ ကံကြမ္မာ ကြောင့် ကောင်းချီးပေးခံရခြင်း၏ လက္ခဏာ တစ်ခုပင်။
"သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် သခင် လူသားဧကရာဇ်ငယ်..."
"လူသားဧကရာဇ်ငယ် ပြောတာ အမှန်ပဲ... ဂိတ်တံခါးရှစ်ခု ကျန်ပါသေးတယ်..."
အချိန်တခဏကြာပြီးနောက် ကမ္ဘာအသင်္ချေမှ ပါရမီရှင်များက ကျေးဇူးတင်စကား ပြောဆိုလိုက်ကြ၏။ လူသားဧကရာဇ်ငယ်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသော လူငယ်ပါရမီရှင်တချို့က သူ့အပေါ် သဘောကျမှုတစ်ခုကို ခံစားလိုက်ရသည်။ လျှို့ဝှက်နယ်မြေ ပြိုင်ဆိုင်မှုအတွင်း၌ တစ်ဖက်လူများကို ဤကဲ့သို့ စကားများ ပြောဆိုမည့်သူဟူ၍ သိပ်မရှိချေ။ အထူးသဖြင့် သူတို့သည် ပြိုင်ဆိုင်မှု ဆက်ဆံရေးတွင် ရှိနေသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် အနောက်ဘက် ကျန်းတစ်ရာခန့်အကွာတွင် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော ဘုန်းတော်ကြီးငယ်တစ်ပါး ထိုင်နေသည်။
သူ၏မျက်နှာသွင်ပြင်များမှာ ရှင်းလင်းပြီး သူ၏လက်များကို လက်အုပ်ချီထားကာ အမြင့်မြတ်ဆုံး ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေသည့်အလား သူ၏နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားနေသော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။ သူ၏နဖူးပေါ်ရှိ စကြာဗုဒ္ဓအမှတ်အသားတစ်ခုမှ သန့်စင်သော အရှိန်အဝါ တစ်ရပ်ကို ထုတ်လွှတ်ထားလေ၏။ ထိုအရာမှာ သူရရှိခဲ့သော အင်မော်တယ်ချီများ၏စုစည်းမှု ပင်။
ရုတ်ချည်းဆိုသလိုပင်....
ဘုန်းတော်ကြီးပုယွိက မယုံနိုင်လောက်အောင် ကြည်လင်သော မျက်လုံး တစ်စုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူသည် မလှမ်းမကမ်းရှိ ရွှမ်ယွမ်ဖို ဆီသို့ ကြည့်ကာ စစ်မှန်သော ကြင်နာမှု အပြုံးတစ်ခုကို ပြသပြီး သူ၏ မျက်လုံးများတွင် လေးစားမှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။
သူ၏မျက်နှာချင်းဆိုင် ကျန်းတစ်ထောင်ခန့် အကွာတွင်....
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မင်ကျိုးယိုသည် နှစ်တစ်သောင်းသက်တမ်းရှိ နက်နဲသိမ်မွေ့ ရေခဲတုံး တစ်တုံးကို မှီ၍ထိုင်နေခဲ့သည်။ သူ၏ မြေအောက်ကမ္ဘာကိုးထပ် ရုပ်ခန္ဓာကိုယ်သည် အေးခဲနေသော သက်ရှိများ၏ အလွန်အေးစက်သော သေခြင်းတရားချီများကို ဆွဲငင်နေပေ၏။
သူ၏မျက်နှာမှာ စက္ကူအလား ဖြူရော်နေပြီး သူ၏မျက်လုံးများ ကျဉ်းမြောင်းနေကာ သူ၏ နှုတ်ခမ်းများမှာ ထူးဆန်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်နေသည်။ မြေအောက်ကမ္ဘာ အင်မော်တယ်ချီ အစအနလေးတစ်ခုက သူ၏ လက်ချောင်းထိပ်များတွင် ရစ်ပတ်နေသည်။ ထို အင်မော်တယ်ချီမှာ တစ်ခါတစ်ရံတွင် ငိုကြွေးနေသော အငြိုးကြီးဝိညာဉ်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံတွင် မြေအောက်ကမ္ဘာ မွန်းစတားတစ်ကောင်အဖြစ် စုစည်းသွားသည်။ လက်ရှိအချိန်တွင် ကျင့်ကြံနေသော သူသည် ထိုကျေးဇူးတင်သော အသံများကြောင့် သက်ရောက်မှု မရှိခဲ့ချေ။
သူသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ သူ၏အကြည့်က အဖြူရောင် ဝတ်ရုံဝတ် အမျိုးသမီး ထိုင်နေသော အရှေ့တောင်ဘက်ဆီသို့ ကျရောက်သွားသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် အဆိပ်ပြင်းသော မြွေတစ်ကောင်အလား အေးစက်သွားပြီး နက်ရှိုင်းသော သတိထားမှုတစ်ခုကို ဖုံးကွယ်ထားလေ၏။
'သောက်ကျိုးနည်း... ငါက သူ့ထက် နှစ်တစ်ရာကျော် ပိုပြီးကျင့်ကြံခဲ့ပေမယ့် မိန်းကလေးငယ် တစ်ဦးရဲ့ နေရာအနှံ့ လိုက်လံရိုက်နှက်တာကို ငါ တကယ်ကြီး ခံခဲ့ရတယ်....ဒါက အရမ်းအရှက်ရစရာကောင်းတယ်...ဒါပေမဲ့ ပြန်တွေးကြည့်ရင် မွေးရာပါ တာအိုရုပ်ခန္ဓာကိုယ်က တကယ့်ကို ကြောက်စရာကောင်းတယ်... သုံးနှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ သူက ငါ့ကို ဖိနှိပ်နိုင်တာကနေ အခု လိုက်လံရိုက်နှက်တဲ့အထိ ဖြစ်လာခဲ့တယ်... ဒီ ကျင့်ကြံခြင်းအရှိန်နှုန်းက တကယ်ကို ကြားတောင် မကြားဖူးဘူး... အချိန်တစ်ခု ပေးလိုက်ရင် လူငယ်အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာက သေချာပေါက် သူ့အတွက် ဖြစ်လာလိမ့်မယ်...'