ပညာကို အရူးအမူး ရှာဖွေခြင်း
Vol. 3 Ch. 40
ထိုနေ့ညက ရွှီချင်း အိပ်မက်တစ်ခု မက်ခဲ့သည်။
သူ့အတွက် အပြင်ဘက်မှ အအေးဓာတ်ကို မခံစားရဘဲ ဇိမ်ခံအိမ်ထဲတွင် နေထိုင်ရသည်မှာ ယခုသည် လွန်ခဲ့သော ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ သူ အိပ်မက်များ မက်ခဲ့ရသည့် ရှားရှားပါးပါး ညလေးတစ်ညလည်း ဖြစ်ခဲ့သည်။
အိပ်မက်ထဲ၌ ဤလောကကြီးသည် ရက်စက်ကြမ်းတမ်းသော လောကကြီးတစ်ခု မဟုတ်ပေ။ ကောင်းကင်ကြီး၌ နတ်ဘုရား၏မျက်နှာပျက်ကြီး ရှိမနေဘဲ သူ့မိဘများသည်လည်း သူ့ဘေးတွင် ရှိနေသည်။ သူ့၌ အစ်ကိုကြီးတစ်ယောက်ပင် ရှိနေသည်။
သူက စိုးရိမ်ပူပန်မှုကင်းမဲ့သော ဘဝတွင် နေထိုင်နေရပြီး ကစားဖော်သူငယ်ချင်းများနှင့်အတူ ကျောင်းသွားကြသည်။ ကျောင်းမှအပြန်တွင် သူက နွေးထွေးသော အိမ်ကလေးဆီသို့ ပြန်ရောက်လာပြီး ပူပူနွေးနွေးညစာကို ချစ်ခင်ရသူများနှင့်အတူ ပျော်ပျော်ပါးပါး စားသောက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူခဲ့သည်။ သို့သော်လည်း အိပ်မက်ထဲ၌ သူချစ်ခင်ရသူများအားလုံး ဝိုးတဝါးပုံရိပ်များသာ ဖြစ်နေပေသည်။
သူတို့ကို သူ ရှင်းရှင်းလင်းလင်း မြင်ချင်ပါသော်လည်း မြူခိုးအလွှာကြီးက သူတို့ကို အမြဲ ဖုံးလွှမ်းထားသည်။ မနက်ခင်းရောက်သည့်တိုင်အောင် သူ အိပ်မက်မက်နေခဲ့သည်။ နောက်ဆုံး၌ ခုတင်ပေါ်တွင် လှဲနေသော သူး၏မျက်လုံးများ ပွင့်လာသည်။
သူသည် အိပ်မက်ထဲမှ အပြီးတိုင် နိုးထလာသည့်အလား အတန်ငယ် အနားယူ၍ မျက်နှာကျက်ကို ငေးကြည့်လိုက်သည်။ ထိုမှတစ်ဆင့် ဘေးပတ်ဝန်းကျင်ကို သူ တိတ်ဆိတ်စွာ လှည့်ပတ်ကြည့်လိုက်သည်။
အုတ်ဖြင့် ဆောက်ထားသော ခဲရောင်အခန်းအတွင်း၌ စားပွဲခုံတစ်ခုံ၊ ကုလားထိုင်များနှင့် အိပ်ရာခုတင်တစ်လုံးသာမက ကြမ်းပြင်၌ အနွေးဓာတ်များ ရစ်သိုင်းလျက် ရှိနေသော ရေချိုးခန်းတစ်ခန်းလည်း ရှိသည်။ ထိုအနွေးဓာတ်ကလေးသည် ယမန်နေ့ညက မီးလင်းဖိုကြောင့် ကျန်ရစ်ခဲ့သော အရာတစ်ခုဖြစ်သည်။
ကြမ်းပြင်၌ နှီးဖျာလေးတစ်ချပ် ခင်းထားပြီး ဘေးတွင် စာအုပ်စင်တစ်စင် ရှိသည်။
ထိုနေရာသည် ရိုးရှင်းပါသော်လည်း ရွှီချင်း၏နှလုံးသားထဲ၌ လွန်စွာ အဖိုးတန်နေပေသည်။
ရွှီချင်းသည် သက်ပြင်းရှိုက်လိုက်ပြီး ရေချိုးခန်းကို သွားလိုက်သည်။ ထို့နောက် သူက လက်များကို သတိထား၍ ရေထဲနှစ်လိုက်သည်။ ဖုန်အလိမ်းလိမ်းဖြစ်နေသော သူ့လက်များသည် ရေနှင့် ထိတွေ့သွားသောအခါ သန့်ရှင်းစင်ကြယ်သွားသည်ကို သူ မြင်သွားပြီး လက်နှစ်ဖက်ကို ပြန်ရုတ်လိုက်သည်။
သူသည် လက်များကို အတန်ငယ် ငုံ့ကြည့်နေပြီးနောက် ညစ်ပတ်သွားစေရန် သူ့ခန္ဓာကိုယ်နှင့် သုတ်လိုက်သည်။ ပြီးသည်နှင့် သူက ခေါင်းမော့ကာ မှန်ထဲရှိ သူ့ပုံရိပ်ကို ကြည့်လိုက်သည်။
အရွယ်နှင့်မလိုက်ကြီးမားလှသည့် သားရေအင်္ကျီအနွေးထည်အကြီးကြီးကို ဝတ်ဆင်ထားပြီး ဖွာလန်ကြဲနေသော အနက်ရောင်ဆံပင်ရှည်များ၊ ညစ်ပတ်ပေကျံနေသောမျက်နှာနှင့် ကြည်လင်တောက်ပနေသော မျက်ဝန်းတစ်စုံ ရှိလေသည်။
ခဏအကြာ ရွှီချင်းက ပြတင်းပေါက်ကို လှည့်ကြည့်လိုက်သည်။ ကြည်လင်တောက်ပနေသော သူ့မျက်ဝန်းများထဲတွင် မထူးခြားသည့်အရိပ်အယောင်တစ်ခုက အစားထိုး ဝင်ရောက်လာ၏။
ပြတင်းပေါက်အပြင်ဘက် လောကကြီး၌ နှင်းနှင့်လေပြင်းများ ရပ်သွားပြီဖြစ်ပြီး နေရောင်ခြည်တန်းများ ဖြာကျလာနေသည်။ ယင်းသည် ဆောင်းရာသီ၏ လက်ကျန်နှင်းများဖြစ်ပြီး မြေပြင်ထက်ရှိ နှင်းထုကြီးသည်လည်း တဖြည်းဖြည်း အရည်ပျော်ကျလာနေသည်။
နှင်း၏အငွေ့အသက်များ အရည်ပျော်လာသည်နှင့်အမျှ အတန်ငယ်ဝေးသောနေရာရှိ သစ်ပင်များပေါ်၌ အညွန့်အဖူးကလေးများ ဝေဆာပွင့်လန်းနေသည်။ ၎င်းတို့သည် နွေဦးရာသီ အမှန်တကယ် ရောက်ရှိလာပြီဖြစ်ကြောင်း လူအားလုံးအား အသိပေးနေသည့်အလားပင်။
ရွှီချင်းသည် အခန်းထဲမှ ထွက်ကာ ပုံမှန်အတိုင်း ခေါင်းဆောင်လဲ့၏အိမ်ဘက်ကို လှမ်းကြည့်လိုက်သည်။ ခြံဝင်းထဲ၌ ခွေးရိုင်းဆယ်ကောင်ကျော်ရှိကာ ၎င်းတို့က ခေါင်းများပင် မော့မကြည့်ဘဲ ဝပ်နေကြပြီး အမြီးများကိုသာ နှုတ်ဆက်သည့်အနေဖြင့် လှုပ်ယမ်းနေပေသည်။
“ ငါ ဘာလုပ်သင့်တုံး ”
ရွှီချင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေပြီး ဆုံးဖြတ်ချက်ချလိုက်သည့်ဟန်က သူ့အကြည့်တွင် ထင်ဟပ်လာသည်။
သို့ဖြစ်၍ သူသည် ခြံဝင်းတံခါးကို တွန်းဖွင့်ကာ အပြင်ဘက်သို့ လျှောက်လာသည်။ သူ့ပစ်မှတ်က သိသာပေသည်။ သမားတော်ကြီးနေထိုင်ရာ ရွက်ဖျင်တဲမှ လွဲ၍ တခြားမဟုတ်ချေ။
မနက်ခင်းဝေလီဝေလင်းအချိန်ဖြစ်ပြီး စခန်း၌ ရတနာမုဆိုးများစွာ မရှိချေ။ မြင်းလှည်းတန်းများဆီကို ရွှီချင်း နီးကပ်လာသောအခါ အစောင့်အရှောက်များ၏ အကြည့်က သူ့ထံ ကျရောက်လာသည်။ ထို့ပြင် ရွက်ဖျင်တဲဆီမှ လွင့်ပျံလာသော စာအံသံများကိုလည်း သူ တစ်ချက်တစ်ချက် ကြားနေရသည်။
သူသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ရွက်ဖျင်တဲအပြင်ဘက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်၍ စောင့်နေလေသည်။
မြင်းလှည်းတန်းပတ်လည်ရှိ အစောင့်အရှောက်များအားလုံးက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။ အချိန်အတော်ကြာ စစ်ဆေးပြီးနောက် သူတို့ထဲမှ တစ်ဝက်ခန့်က အကြည့်များ လွှဲသွားကြပါသော်လည်း လူနည်းစုက သူ့ကို ဆက်လက် စောင့်ကြည့်နေကြသည်။
ထိုအကြည့်များကို ရွှီချင်း အာရုံမစိုက်ထားပေ။ ရွက်ဖျင်တဲထဲမှ လွင့်ပျံလာသော စာအံသံများကိုသာ သူ နားထောင်နေသည်။ ထိုသို့ဖြင့် သူသည် တဖြည်းဖြည်း နစ်မျောသွားတော့သည်။ ထိုအခါ ရွက်ဖျင်တဲထဲ၌ စာအံသံများသာမက ဆရာတစ်ဦးက သူ့တပည့်များကို သင်ကြားပေးနေသည့်အသံများလည်း ရှိနေကြောင်း သူ သိလာရသည်။
“ ရွှေလိမ်မြက်ပင်၊ သုံးရွက်ပုလဲ ဒါမှမဟုတ် အအေးဓာတ်မြက်ပင်လို့လည်း သိကြတယ်။ ကိုင်းမြက်အနွယ် အဖြူရောင်မြက်ပင်တစ်ပင်ဖြစ်ပြီးတော့ နှစ်အများကြီးကြာမှပဲ ပန်းပွင့်ပါတယ်။ အဲဒီအပင်က တောင်တန်းဘေးက တောအုပ်တွေ၊ စိုစွတ်တဲ့နေရာတွေမှာ ပေါက်တယ်။ လင်းယုံ၊ နန်းဟွမ်ဒေသတောင်ပိုင်း၊ ကွမ်းလင်းဒေသကြီးနှစ်ခုမှာ အဲဒီအပင်တွေကို တွေ့နိုင်တယ်။ အဆုပ်ကို အားကောင်းစေပြီးတော့ ချောင်းဆိုးတာကို ပျောက်ကင်းစေပါတယ်။ ကုတ်ရာခြစ်ရာတွေကို ပျောက်စေပါတယ်။ မြွေဆိပ်ကိုဖြေပေးနိုင်တာ ဒါမှမဟုတ် အမြင့်ကပြုတ်ကျတဲ့ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်ပါတယ်။ အဲဒီအပင်ကို ပေါင်းစပ်လို့ရတာက …”
အစက မိန်းကလေး၏ လေသံတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် ချီတုံချတုံဖြစ်နေသော လေသံများ ဖြစ်လာသည်။
“ ဘာနဲ့ပေါင်းစပ်တာတုံး ”
ရွက်ဖျင်တဲထဲ၌ သမားတော်ကြီးပိုင်၏ သြဇာအာဏာဖြင့်ပြည့်ဝသောလေသံတွင် တင်းမာခက်ထန်မှုများဖြင့် ပြည့်နှက်နေသည်။
“ မီးကြံ့ပန်းပွင့်နဲ့ပေါင်းပြီး ဆေးဖော်လို့ရပါတယ်။ ယန်ကိုအားပြုပြီး ယင်ကို ပြောင်းလဲလိုက်ရင် အဆိပ်ရှောင်အရည်တစ်စက် ဖြစ်လာနိုင်ပါတယ်။ အဲဒီဆေးရည်က မဟာအသွင်ပြောင်းဆေးအတွက် အခြေခံပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ် ”
မိန်းကလေး၏လေသံအရ အနည်းငယ် ကြောက်လန့်နေခဲ့ဟန်တူသည်။ သူမသည် တဖြည်းဖြည်း မြန်မြန်ပြောလာနိုင်ပြီး စကားဆုံးသောအခါတွင် သက်ပြင်းချလိုက်လေသည်။
ရွက်ဖျင်တဲအပြင်ဘက်တွင် ရပ်နေသော ရွှီချင်းသည် ထိုစကားများကို သေချာအာရုံစိုက်၍ မှတ်သားနေ၏။
“ အကြောဖြူအမြစ်ပင်၊ အဲဒီအပင်ကို သိကြတာက … ဟို … အဲ …။ အဲဒီအပင်က ပျော်ရွှင်စေတဲ့အပင်အမျိုးအစားထဲ ပါဝင်ပါတယ်။ အဲဒီအပင်ရဲ့အမြစ်ကို " လေအဝှေ့ " လို့လည်း ခေါ်ကြပါတယ်။ အဲဒီအပင်ရဲ့အရသာက နည်းနည်း ခါးပါတယ်။ အဲဒီအပင်ကို တွေ့နိုင်တာက … အဲ … ပြီးတော့ အဲဒီအပင်က အင်္ဂါငါးပါးကို ကုသပေးနိုင်ပါတယ် ”
ထိုလူငယ်လေးသည် ထစ်တီးထစ်ငေါ့ ပြောနေပြီး အဆုံး၌ ရပ်သွားသည်။ ထိုအကြောင်းကို သူမေ့သွားသည်မှာ ထင်ရှားသည်။
ရွက်ဖျင်တဲထဲ၌ ယခုအခါ မိန်းကလေးနှင့်အတူ ထိုင်နေသော လူငယ်လေး၏မျက်နှာတွင် ကြောက်လန့်နေဟန်အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။ သူ အလွန် စိုးရိမ်ကြောင့်ကြနေပါသော်လည်း ပြန်မစဉ်းစားနိုင်ချေ။ သို့ဖြစ်၍ သူက မိန်းကလေးကို အသနားခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့ဘေးရှိ မိန်းကလေးသည် အဖြေကို ကောင်းစွာ သိနေပါသော်လည်း အစဖော်မပေးချေ။ နောက်ဆုံး၌ လူငယ်လေး၏မျက်နှာတွင် စိတ်ဓာတ်ကျနေသော အရိပ်အယောင်များသာ နေရာယူထားလေသည်။
သူတို့ရှေ့၌ သမားတော်ကြီးပိုင် ရှိနေသည်။ ထိုအချိန်၌ သူသည် ရွက်ဖျင်တဲအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ထိုနေရာရှိ အစောင့်အရှောက်သည် သမားတော်ကြီးပိုင် တစ်ခုခု ပြောချင်စရာများ ရှိနေသလားဆိုသည့် အကြည့်ဖြင့် ချက်ချင်း လှမ်းကြည့်လိုက်သည်။
သမားတော်ကြီးပိုင်က အတန်ငယ် စဉ်းစားတွေးတောပြီးနောက် ခေါင်းကို ယမ်းပြလိုက်သည်။ ပြီးသည်နှင့် စာမေ့နေသော လူငယ်လေးအား ဆူပူငေါက်ငမ်းလိုက်သည်။
“ မင်း ဒီနေ့ည မြက်သစ်သားကျမ်းကို ဆယ်ကြိမ်ကူးရမယ် ”
ဤတစ်ကြိမ်တွင် လူငယ်လေးသည် အမှန်တကယ် ငိုချလိုက်ချင်ပါသော်လည်း မည်သည့်ဆူဆူညံညံအသံမျှ မလုပ်ဝံ့ချေ။ ထို့ကြောင့် သူသည် ခေါင်းငိုက်စိုက်ချကာ တိုးတိုးတိတ်တိတ်ဖြင့် တအိအိ ငိုနေလေသည်။
သမားတော်ကြီးပိုင်က သူ့တပည့်နှစ်ဦးကို စစ်ဆေးပြီးနောက် ယနေ့သင်ခန်းစာများကို တည်ငြိမ်စွာဖြင့် ဆက်လက်ပို့ချလေသည်။ သူ၏အသံသည် ယခင်နေ့ရက်များထက် ပို၍ ကျယ်လောင်ကာ များစွာ ရှင်းလင်းနေပေသည်။
လူငယ်လေးက သတိမထားမိပါသော်လည်း မိန်းကလေးမှာမူ မိန်းကလေးသဘာဝ စေ့စပ်သောသဘောရှိသည်။ သို့ဖြစ်၍ အနည်းငယ် စိတ်ရှုပ်ထွေးသွားရပြီး မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ရွက်ဖျင်တဲအဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ရွက်ဖျင်တဲအနီးရှိ နေရောင်ခြည်တန်းများအောက်ဝယ် ပိန်ပိန်ပါးပါး လူရိပ်လေးတစ်ရိပ်ကို လှမ်းမြင်လိုက်ရသည်။
ရွက်ဖျင်တဲအပြင်ဘက်တွင် ရှိနေသော ရွှီချင်းက ပို၍ပင် လေးနက်စွာ အာရုံစိုက်နေ၏။ သမားတော်ကြီးပိုင် ပြောနေသည့် စကားတစ်ခွန်းတိုင်း၊ စကားလုံးတိုင်းကို အနည်းငယ်မျှပင် မေ့သွားမှာ စိုးရွံ့သည့်အလား စိတ်နှလုံးထဲမှပင် မှတ်သားနေသည်။ သူ့အတွက် ပညာဆိုသည်မှာ အရူးအမူး တပ်မက်ဖွယ်ကောင်းသော အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့သည်။ ယနေ့ သမားတော်ကြီးပိုင်၏ စာသင်ချိန်သည် ယမန်နေ့များထက် နှစ်ဆ ပို၍ ကြာနေပေသည်။ ကောင်းကင်ယံ၌ နေမင်းကြီး ထွန်းလင်းနေပြီး ရတနာမုဆိုးအတန်းရှည်ကြီးက ဆေးကုသခွင့်ရရန် စောင့်ဆိုင်းနေသောအခါမှသာ သမားတော်ကြီးပိုင်က စာသင်ကြားခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် ခပ်အက်အက် အသံတစ်သံ လွင့်ပျံလာသည်။
“ အပြင်ဘက်က လူလေး၊ အထဲဝင်ခဲ့ပါဦးကွ ”
ရွှီချင်းသည် တုန်ယင်သွားပြီး သူ အဆုံးမသတ်ချင်သေးသည့် စာသင်ကြားခြင်းမှ နိုးထသွားလေသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွက်ဖျင်တဲ၏အဝင်အရွက်ကို လိပ်ပြာမလုံစွာဖြင့် အသာလေး တွန်းဖွင့်လိုက်သည်။ အထဲရောက်သောအခါ သူ စိတ်မလုံမခြုံဖြစ်လျက် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။
အစက ထိုသို့ လုပ်ရန် သူ ရည်ရွယ်မထားခဲ့ဘဲ မေးမြန်းရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက အပြင်ဘက်၌ အချိန်အကြာကြီး ရပ်၍ ခိုး၍ပင် နားထောင်နေခဲ့သည်။ ဆင်းရဲသားရပ်ကွက်၌ ထိုသို့သော အပြုအမူကို တခြားလူများက အပြစ်တင်ရှုံ့ချကြပေသည်။
သမားတော်ကြီးပိုင်က လူငယ်လေး၏ စိုးရိမ်ပူပန်နေသောအမူအရာကိုကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဘာကိစ်စလဲ ”
သူ၏အသံထွက်ပေါ်လာသောအခါ ဘေးရှိမိန်းကလေးသည် ရွှီချင်းကို စူးစမ်းချင်စိတ်အပြည့်ဖြင့် အကဲခတ်လိုက်သည်။
ထိုကလေးကို သူမ မြင်ဖူးသလိုလို ရှိနေပြီး ခဏအကြာ လွန်ခဲ့သော ရက်များစွာက အဘိုးအိုတစ်ယောက်ကို ဆေးကုသရန် သယ်လာပေးသော ကလေးဖြစ်ကြောင်း မှတ်မိသွားသည်။
“ သမားတော်ကြီးပိုင်ကို ကျုပ် နှုတ်ဆက်ပါတယ် ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ခေါင်းဆောင်လဲ့ ပြုမူသည့်အတိုင်း သမားတော်ပိုင်ကြီးကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ပြီးသည်နှင့် သူသည် အနည်းငယ် ချီတုံချတုံဖြစ်နေပြီး သူ မေးချင်နေသည့် ကောင်းကင်ကြမ္မာ ပန်းပွင့်အကြောင်းကို မေးမြန်းလိုက်သည်။
သူက ပြောပြီးသောအခါ သူ့အိတ်ထဲမှ အဖြူရောင်ဆေးလုံးငါးလုံးကို ထုတ်ကာ သမားတော်ကြီးပိုင်၏ ရှေ့တွင် ထားလိုက်သည်။
ပုံမှန်အခကြေးငွေက အဖြူရောင်ဆေးလုံးတစ်လုံးဖြစ်ပါသော်လည်း ယနေ့တွင် သမားတော်ကြီးပိုင်ထံမှ သင်ခန်းစာများကိုလည်း နားထောင်ခဲ့သည်ဖြစ်ရာ ဆေးလုံးတစ်လုံးက မလုံလောက်ဟု သူ ခံစားနေရသည်။ အမှန်တကယ်တော့ အဖြူရောင်ဆေးလုံးငါးလုံးသည်ပင် မလုံလောက်ချေ။
ထို့နောက် သူက ဝိညာဉ်ကြေးပြားဆယ်ပြားကို ထုတ်ကာ အဖြူရောင်ဆေးလုံးများနှင့်အတူ ထားလိုက်သည်။
ထိုအခါမှသာ သူ စိတ်အေးသွားရသည်။
သမားတော်ကြီးပိုင်က ရွှီချင်းကို လေးလေးနက်နက် ကြည့်လိုက်ပြီး ဘေးရှိမိန်းကလေးဘက်သို့ လှည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ယွီထင်း၊ သူ့မေးခွန်းကို ဖြေကြည့်ပါဦး ”
မိန်းကလေးက မားမားမတ်မတ်ရပ်လိုက်ပြီး တည်ကြည်သောအမူအရာဖြင့် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ ကောင်းကင်ကြမ္မာပန်းပွင့်ကို အသက်ရှည်နတ်ဝိညာဉ်မြက်ပင်အဖြစ် သိကြပါတယ်။ အဲဒါက နတ်ဆေးပင်အနွယ်ဝင်အပင်တစ်ပင် ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ မျိုးကွဲခုနစ်ဆယ့်သုံးမျိုး ရှိပေမဲ့ ပထမမျိုးကွဲကိုပဲ ဆေးဖော်တဲ့နေရာမှာ အသုံးပြုပါတယ်။ တားမြစ်နယ်မြေထဲက နေရာတိုင်းမှာ ပေါက်ရောက်နေနိုင်ပေမဲ့ ဘယ်နေရာမှာ တွေ့နိုင်မယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ အဲဒီအပင်က အင်မတန် ရှားပါတယ် ”
“ အဲဒီအပင်က ကျိုးသွားတဲ့ခြေလက်တွေကို ပြန်ရှည်လာအောင်လုပ်နိုင်တဲ့အစွမ်းရှိပါတယ်။ လူတစ်ယောက်ရဲ့အသက်ကိုတောင် ရှည်အောင် ဆွဲဆန့်ပေးနိုင်ပါတယ်။ ဝိညာဉ်ဒဏ်ရာတွေအပြင် ဘယ်ရောဂါကိုမဆို အဲဒီအပင်က ကုသနိုင်ပါတယ် ”
မိန်းကလေးသည် ပြောနေရင်း ဘေးမှ စာအုပ်တစ်အုပ်ကို ညင်သာစွာ ကောက်ယူလိုက်သည်။ စာရွက်အနည်းငယ်လှန်လိုက်ပြီး စာမျက်နှာတစ်ခုပေါ်ရှိ ပုံတစ်ပုံကို ပြလိုက်လေသည်။
“ အဲဒီအပင်ရဲ့ပုံစံက ဒီလိုမျိုး ရှိပါတယ် ”
ပုံကိုကြည့်ရသည်မှာ မည်သည့်ထူးထူးခြားခြား အစွမ်းမှမရှိသော သာမန်ဆေးပင်တစ်ပင်နှင့် တူပေသည်။ မြက်ပင်၏ဘေးရှိ ကားထွက်နေသော အစွန်းများသည်သာ အနည်းငယ် သိသာထင်ရှားနေသည်။ တချိန်တည်းမှာပင် အလယ်ဗဟို၌ အမျှင်တန်းတစ်ခုက ထူးဆန်းသော သင်္ကေတတစ်ခုအသွင် ဖြစ်နေသည်။
ရွှီချင်းက ထိုအပင်ကို သေချာကြည့်ကာ မှတ်သားပြီးနောက် သမားတော်ကြီးပိုင်နှင့် မိန်းကလေးကို လေးစားစွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ထွက်ခွာရန် ပြင်လိုက်သည်။
သူ ထွက်မသွားခင် သူ့နောက်ရှိ သမားတော်ကြီးပိုင်၏ တည်ငြိမ်သောအသံကို သူ ကြားလိုက်ရသည်။
“ အဲဒီဆေးပင်က ကံကောင်းမှ ရှာတွေ့တာ၊ လိုက်ရှာတိုင်းရတာမဟုတ်ဘူး။ ပြီးတော့ အဲဒီအပင်ဘေးမှာလည်း အစွမ်းထက်တဲ့ သန္ဓေပြောင်းသားရဲတွေက အမြဲတမ်း စောင့်ကြပ်နေကြတာ၊ ကိုယ့်အတိုင်းအဆကိုယ်သိ ”
ထိုစကားကို ကြားပြီးနောက် ရွှီချင်းက ထပ်မံ အရိုအသေပေးလိုက်သည်။ ရွက်ဖျင်တဲထဲမှ ထွက်လာပြီးနောက် သူ စခန်းတစ်လျှောက် ပြေးသွားလေသည်။
သူက အိမ်ကို တဟုန်ထိုး ပြန်ပြေးလာပြီး သူ၏သားရေအိတ်ထဲမှ ဝါးပြားလေးတစ်ချပ်ကို ကပျာကယာ ဆွဲထုတ်ကာ ဝါးတုတ်ကလေးတစ်ချောင်းကို သုံး၍ မိန်းကလေး ပြောပြခဲ့သည့် ကောင်းကင်ကြမ္မာပန်းပွင့်အကြောင်းနှင့် ရုပ်ပုံကို ထွင်းထုလိုက်သည်။
သူက အနည်းငယ် စဉ်းစားတွေးတောလိုက်ပြီး ယနေ့ ကြားခဲ့ရသည့် သင်ခန်းစာများကိုလည်း မှတ်တမ်းတင်လိုက်သည်။
နောက်ဆုံး၌ ကြောင်ခြစ်ထားသည့်အလား လက်ရေးသေးသေးလေးများဖြင့် ပြည့်ကြပ်နေသော ဝါးပြားလေးကို သူ တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် လွန်စွာ ကျေနပ်သွားသည်။ ထို့နောက် ထိုဝါးပြားလေးကို အဖိုးတန်ရတနာတစ်ပါးအလား ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။
“ ငါ ဆက်နားထောင်ခွင့်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ”
ရွှီချင်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ခဏအကြာ သူက ပြန်လည်အာရုံစိုက်လိုက်ပြီး ကျင့်ကြံလိုက်သည်။
ထိုနေ့ညက ခေါင်းဆောင်လဲ့ ပြန်ရောက်လာပြီးနောက် သူသည် တားမြစ်နယ်မြေထဲသို့ ရက်အနည်းငယ်ကြာ ခရီးထွက်မည်ဖြစ်ကြောင်း ခေါင်းဆောင်လဲ့ကို ပြောလိုက်သည်။ ထိုအကြောင်းကို ကြားသောအခါ ခေါင်းဆောင်လဲ့က ဟန့်တားချင်ပါသော်လည်း ချီတုံချတုံဖြစ်သွားရသည်။
တဖြည်းဖြည်းနှင့် ခေါင်းဆောင်လဲ့က ခေါင်းညိတ်လိုက်ရပြီး ရွှီချင်းကို သူ၏အတွေ့အကြုံများ ပြောပြလေသည်။
အိမ်၏သက်ကြီးဝါကြီး ပုဂ္ဂိုလ်တစ်ယောက်က ပြင်ပလောကသို့ ရွက်လွှင့်တော့မည့် မျိုးဆက်သစ်လေးတစ်ဦးအား စိုးရိမ်ကြောင့်ကြနေသည့်အလား ခေါင်းဆောင်လဲ့၏ ပုံပြင်များသည် လွန်စွာ အသေးစိတ်ကျနေ၏။
ရွှီချင်းကို သူ၏အတွေ့အကြုံများအား ရှင်းပြပြီးသောအခါတွင် မိုးသောက်ယံသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့နောက် သူက သူ့အတွက် လွမ်ယာပေးထားခဲ့သော ဆေးမှုန့်များစွာ ထည့်ထားသည့် နောက်ထပ် သားရေအိတ်တစ်အိတ်ကို ရွှီချင်းအား ပေးလိုက်သည်။
၎င်းတို့၏အသုံးပြုပုံများကို ရှင်းပြပြီးသောအခါ မနက်ခင်း ရောက်လာပြီး ရွှီချင်းသည်လည်း နှုတ်ဆက်ကာ စခန်းမှ ထွက်ခွာသွားသည်။ သူက လမ်းတစ်လျှောက် ပြေးသွားပြီး မကြာခင် တားမြစ်နယ်မြေတောအုပ်အပြင်ဘက်သို့ ရောက်လာသည်။
သူ နယ်နိမိတ်စည်းကို ခြေချလိုက်သည့်အခိုက် အပြင်ဘက်လောကရှိ နေရောင်ခြည်တန်းများ၏ အနွေးဓာတ်က သီးခြားဖြစ်သွားဟန်တူပြီး အေးစိမ့်စိမ့်အငွေ့အသက်များက သူ့ခန္ဓာကိုယ်ထဲ တိုးဝှေ့ဝင်ရောက်လာသည်။ ထိုအခါ ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ပျံသန်းနေသော အရိပ်တစ်ရိပ်အလား တောအုပ်ထဲ ပျံသန်းသွားလေသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ လုံးဝ ပျောက်ကွယ်သွား၏။
ယင်းသည် တားမြစ်နယ်မြေတောအုပ်ထဲကို သူ ဝင်ဖူးသည့် ဒုတိယအကြိမ်ဖြစ်သည်။ ဤနေရာနှင့် သူ၏ ရင်းနှီးကျွမ်းဝင်မှုက ယခင်ကနှင့် ယှဉ်လျှင် များစွာ ခြားနားလာခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လာလေလေ သူ ပို၍ သတိထားလေပင် ဖြစ်သည်။ သူက ရှေ့သို့ တဟုန်ထိုး သွားနေရင်း ဘေးပတ်ဝန်းကျင်ရှိ ပန်းပွင့်များနှင့် ဆေးပင်များကိုလည်း အာရုံစိုက်လာခဲ့သည်။ မကြာခင် သဲမှုန်များ တွေ့ခဲ့သည့်နေရာကို သူ ပြန်ရောက်လာသည်။ သူက လွမ်ယာ၏ ယခင်အပြုမူများအတိုင်း သဲမှုန်များကို သူ့ခန္ဓာကိုယ်ပေါ် လိမ်းကျံလိုက်ပြီး ဆက်လက်ခရီးဆက်သွားသည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး မကြာခင် တစ်နေ့ခင်းလုံး ကုန်လွန်သွားခဲ့သည်။
တားမြစ်နယ်မြေထဲ ယခုတစ်ခေါက် ရောက်ရှိလာသောအခါတွင် မြူခိုးများကို သူ မတွေ့ခဲ့ရပေ။ အစွမ်းထက် သန္ဓေပြောင်းသားရဲများ ရှိပါသော်လည်း ရွှီချင်းက သတိကြီးကြီး ထားနေသည်ဖြစ်၍ ရှောင်ကွင်းလာနိုင်ခဲ့သည်။
လမ်းတစ်လျှောက်၌ သူသည် ပန်းပွင့်များနှင့် ဆေးပင်များကို သေချာအာရုံစိုက်နေခဲ့ပြီး ကောင်းကင်ကြမ္မာပန်းပွင့်ကို ရှာဖွေခဲ့သည်။
ထိုစဉ် ယခင်က ဝံပုလွေနက်များအား တွေ့ခဲ့သောနေရာကို သူ ရောက်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာလိုက်ပြီး ယခင်တစ်ခေါက်က သူတို့အစီအစဉ်များ၏ ခြေရာလက်ရာများကို မြင်နေရသေးသည်။ ထိုစဉ် မြေပြင်ပေါ်ရှိ ဝံပုလွေအလောင်းများ၏ အများစုက ဆွေးမြေ့နေသော အရိုးများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
သူက ပုပ်ပွနေသော ဝံပုလွေအသေကောင်များကို လိုက်လံကြည့်ရှုလိုက်ပြီး အကိုက်ခံရသည့်ဒဏ်ရာများ ရှိမနေဘဲ သဘာဝအလျောက် ပုပ်ပွသွားခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအခါ ရွှီချင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။
ထိုအခြင်းအရာက မည်သည့်သန္ဓေပြောင်းသားရဲမှ ဤနေရာကို ရောက်မလာကြောင်း ဖော်ပြနေပေသည်။
သို့ဖြစ်၍ သူက ဘေးပတ်လည်ရှိ အနီးအနားနေရာတစ်နေရာကို ရွေးချယ်လိုက်ပြီး တစ်ညတာ ကုန်ဆုံးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မကြာခင် အမှောင်ထုကြီးစိုးလာပြီး တောအုပ်ကြီးကို အမှောင်ထုက ဝါးမျိုသွားသည်။ ရွှီချင်းသည် သစ်ပင်တစ်ပင်ကြားတွင် ဝပ်နေပြီး ခုနစ်ရွက်မြက်ပင်လျှိုမြောင်ရှိရာအရပ်ကို မမှိတ်မသုန် ကြည့်နေသည်။ ထိုအရပ်မှ ဝေးကွာသောနေရာ၌ ဘုရားကျောင်းအစုအဝေးတစ်ခု ရှိနေပေသည်။
ဤတစ်ခေါက် တားမြစ်နယ်မြေတောအုပ်ထဲသို့ သူ ရောက်လာခြင်းသည် ကောင်းကင်ကြမ္မာပန်းပွင့်လာရှာခြင်းအပြင် တခြားရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးသည်။ သူက မိန်းကလေးအတွက် အမာရွက်များကို ဖယ်ရှားပေးနိုင်သော ကျောက်တုံးအား ရှာဖွေလိုခြင်းပင် ဖြစ်သည်။
“ သွားကြည့်တာပေါ့ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။