အခန်း (၁၀၀၁-၁၀၀၂)
Vol. 97 Ch. 1001-1002
အခန်း ၁၀၀၁ ကမ္ဘာဦးအစ၏ အနာဂတ်
အမှောင်တောင်တန်း၏ ဆိတ်ငြိမ်မှုကို ဖြတ်သန်း၍ လျှပ်စစ်ပမာ ဝင်းခနဲ လက်သွားသော ဓားအလင်းတန်းသည် ကြမ္မာဆိုးအား သယ်ဆောင်လာလေသည်။ ထိုလူရမ်းကားတစ်စုမှာ မည်သည်ကိုမျှ ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ လုံချန်း၏ ရုတ်တရက် တိုက်ခိုက်မှုကို ဆီးကြိုနေမိကြ၏။ သူတို့ မြင်လိုက်ရသည်မှာ သူတို့၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်တောက်တော့မည့် တောက်ပသော အလင်းတန်းတစ်တန်းသာ ဖြစ်တော့သည်။
ထိုသူတို့၏ ကိုယ်ခန္ဓာ တစ်ပိုင်းစီမှာ မြေပြင်ပေါ်သို့ အပိုင်းပိုင်း ပြတ်ကျကုန်၏။ သေဆုံးသွားသည့်တိုင်အောင် သူတို့၏ မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြူးကျယ်နေဆဲပင်။
"မင်းတို့ကလည်း စကားတွေ အရမ်းများတာပဲကွာ" လုံချန်းက သက်ပြင်းတစ်ချက်ချရင်း ငြီးငြူလိုက်သည်။ သူသည် သူ၏ ဓားကို သိုလှောင်လက်စွပ်အတွင်းသို့ ပြန်ထည့်လိုက်၏။
ဤလူအုပ်စုကို ရှင်းလင်းရန်အတွက် သူ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းလိုက်ရချေ။ အလုပ်ပြီးသွားပြီ ဖြစ်သဖြင့် ဟိုအမျိုးသမီး ပြေးနေတုန်းလား ဆိုသည်ကို သူ လှည့်ကြည့်လိုက်၏။
ကြည့်ရသည်မှာ သူမမှာ အခုထိ အားကုန်ပြေးနေဆဲပင်။ နောက်က လိုက်နေသူများ သေကုန်ပြီဆိုကြောင်း သူမ သတိမထားမိသေးပုံရသည်။ လုံချန်းကလည်း သူမကို လိုက်မတားတော့ချေ။ ‘ဝင်မပါနဲ့’ ဟု သူမကိုယ်တိုင် ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် သူမ နောက်ကို ပြန်လှည့်လာမည့် အချိန်ကို မစောင့်တော့ဘဲ သူ၏ ကိုယ်ပိုင်ကိစ္စအတွက် လှည့်ထွက်လာခဲ့လေသည်။
ငါးမိနစ်ခန့် ကြာသောအခါ အမျိုးသမီးမှာ နောက်သို့ လှည့်ကြည့်မိ၏။ ‘ဘာလို့များ ငါ့ကို ရပ်ဖို့ အော်မနေကြတာလဲ၊ ငါ သူတို့နဲ့ အတော်လေး ဝေးသွားပြီလား’ သူမ တွေးမိသည်။ သို့သော် သူမ မည်မျှပင် အသည်းအသန် ရှာဖွေစေကာမူ သူမနောက်က လိုက်နေသူများကို မတွေ့ရတော့ချေ။
သူမသည် အတော်လေး ဝေးဝေးသို့ ရောက်ရှိနေပြီဖြစ်ရာ ထိုလူများ၏ အလောင်းများကိုပင် မမြင်နိုင်တော့သလို လုံချန်းကိုလည်း မတွေ့ရတော့ပေ။
"ဘာဖြစ်သွားတာလဲ။ ငါ့နောက်ကို မလိုက်တော့ဘူးလား" သူမက အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ "ဒါမှမဟုတ်... ဟိုကောင်လေးကို အရင်သတ်ဖို့ သူတို့ ရပ်သွားကြတာလား"
သူမသည် လုံချန်းကြောင့် ထိုလူများ သူမနောက်သို့ မလိုက်တော့ခြင်းဟု ယူဆလိုက်၏။ တစ်ဝက်တော့ မှန်သည်။ သို့သော် ထိုသူများမှာ လုံချန်းကို သတ်နေခြင်း မဟုတ်ဘဲ လုံချန်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားကြခြင်းပင်။
သူမ မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။ "အခုလောက်ဆိုရင်တော့ အဲဒီကောင်လေး သေလောက်ပြီ။ ငါပြန်သွားရင်တောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ငါလုပ်နိုင်တာကတော့ အခုရတဲ့ အခွင့်အရေးကို သုံးပြီး ပြေးဖို့ပဲ" ထိုသို့ ဆိုကာ သူမ ဆက်လက် ထွက်ပြေးသွားလေတော့သည်။
...
‘ဒီတောင်ကြီးက ငါထင်သလောက် မအေးဆေးဘူးပဲ။ လိုဏ်ဂူတွေလည်း မရှိဘူး။ ကွင်းပြင်ကြီးထဲမှာလည်း နေလို့မဖြစ်ဘူး။ ဒီဂိုဏ်းကလူတွေ တစ်ခါလာနိုင်ရင် နောက်တစ်ခါလည်း လာနိုင်ဦးမှာပဲ။ ငါ့ကိုယ်ငါ အကာအကွယ်မဲ့အောင် မထားသင့်ဘူး’ လုံချန်းက မျက်မှောင်ကြုတ်လျက် တွေးနေမိသည်။
သူသည် တောင်အနှံ့ ရှာဖွေခဲ့သော်လည်း နားခိုရန် သင့်တော်သော နေရာတစ်ခုမျှ မတွေ့ရချေ။
"ကောင်းပြီလေ... မရှိရင်လည်း ကိုယ်တိုင်ပဲ တူးရတော့မှာပေါ့" သူက စိတ်ကူးတစ်ခု ရသွားဟန်ဖြင့် ရေရွတ်လိုက်သည်။ ယခင်က စမ်းသပ်မှုအတွင်း ကောင်းကင်ဘုံ အဆင့်သို့ တက်လှမ်းစဉ်က သုံးခဲ့သော နည်းလမ်းကိုပင် ပြန်သုံးရန် သူ ဆုံးဖြတ်လိုက်၏။
သူသည် မြေအောက်ထဲတွင် လိုဏ်ဂူတစ်ခု ဖန်တီးကာ အပေါ်မှ ဖုံးအုပ်ထားရန် ကြံစည်နေခြင်း ဖြစ်သည်။
"ငါ့ကို ကူညီပေးမယ့်သူလည်း လိုမယ်။ တစ်ယောက်ယောက် ငါ့ကို တွေ့သွားခဲ့ရင် အကာအကွယ် ရှိဖို့လိုတယ်လေ။ ဒီကလူတွေက သိပ်မခဲယဉ်းလှတော့ ကျိချင်းဆိုရင် အဆင်ပြေမှာပါ။ သူလည်း အခု တော်တော်သန်မာနေပြီပဲ။ ရှားကိုလည်း ကူခိုင်းလို့ ရတာပဲ" သူက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
"အာ... ဟုတ်သားပဲ။ ရှား... ငါ သူ့ကို ဟိုကမ္ဘာအတုရဲ့ ထွက်ပေါက်ကို ရှာဖို့ သမုဒ္ဒရာထဲ လွှတ်ထားခဲ့တာပဲ။ အခုတော့ အဲဒါတွေ မလိုတော့ပါဘူး။ သူ့ကို ပြန်ခေါ်ရမယ်။ ငါ သူ့ကို မေ့နေခဲ့တာ တကယ် မယုံနိုင်စရာပဲ"
လုံချန်းသည် မိမိ၏ အမှားကို သတိရသွားကာ ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်မိ၏။
"ငါ့ရဲ့ အတွင်းကမ္ဘာက ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိတာ။ အဲဒီမှာ အချိန်ကို ပိုမြန်အောင် ငါ လုပ်လို့ရတယ်။ ဒါမှ သက်ရှိသစ်တွေ ရှင်သန်ကြီးထွားလာမှာလေ။ အဲဒီကမ္ဘာက လူသားတွေရှိတဲ့ သာမန်ကမ္ဘာတစ်ခု ဖြစ်လာလိမ့်မယ်။ ငါ ကျင့်စဉ်ပညာတွေကိုပါ အဲဒီမှာ ချန်ထားပေးခဲ့ရင် ပိုပြီးတော့ တိုးတက်လာမှာပဲ"
"လနည်းနည်းလေး အတွင်းမှာပဲ မြေကမ္ဘာအဆင့်လောက်က အမြင့်ဆုံးဖြစ်တဲ့ ငါ့ရဲ့ ဇာတိနိုင်ငံလေးလို အခြေအနေမျိုး ဖြစ်လာမှာ။ အဲဒီမှာဆိုရင် ငါ့မိသားစုက အင်အားအကြီးဆုံး ဖြစ်နေမှာဖြစ်သလို လူဦးရေလည်း များလာမှာဆိုတော့ သူတို့ ပျင်းနေမှာ မဟုတ်တော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ အဲဒီကမ္ဘာကို ဒီထက်ပိုပြီး ကောင်းအောင် ငါ လုပ်ပေးမယ်" သူက တစ်ယောက်တည်း ရေရွတ်နေမိသည်။
သူ စကားပြောနေသည်ကို ရွှင်းက ကြားနေရ၏။ လုံချန်းသည် ကောင်းကင်ဘုံ အဆင့်သို့ တက်လှမ်းစဉ်က အတွင်းကမ္ဘာ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်အား သူမ သိထားသော်လည်း သူသည် အတွင်းကမ္ဘာ နှစ်ခုကို ဖန်တီးထားခဲ့သည်ကိုတော့ သူမ မသိခဲ့ချေ။
"နင်က နင့်ရဲ့ အတွင်းကမ္ဘာကို တကယ်ပဲ အဲဒီလို ပြောင်းလဲချင်တာလား" ရွှင်းက လုံချန်းကို မေးလိုက်သည်။
"အေးလေ... ဘာလဲ၊ တစ်ခုခု မှားနေလို့လား" လုံချန်းက သူမကို နားမလည်သလို ပြန်မေး၏။
"နင်က အရင်တုန်းက နင့်ထက် သန်မာတဲ့ သူတွေကို သတ်ဖို့အတွက် ဒီကမ္ဘာကို လက်နက်တစ်ခုလို သုံးခဲ့တာလေ။ အခု နင်က အဲဒီမှာ လူသားတွေကို အခြေချနေထိုင်စေမယ်ဆိုရင်တော့ အရင်လို လက်နက်လို သုံးလို့ မရတော့ဘူး။ သုံးလိုက်တာနဲ့ အဲဒီကမ္ဘာကလူတွေ အကုန်သေကုန်မှာပေါ့။ အတိုချုပ်ပြောရရင် နင်က နှစ်ခုထဲက တစ်ခုပဲ ရွေးလို့ရမယ်။ ဒါကို လက်နက်အဖြစ် ဆက်ထားမလား၊ ဒါမှမဟုတ် နင့်မိသားစုအတွက် ကမ္ဘာတစ်ခုအဖြစ် ထားမလား" ရွှင်းက ရှင်းပြလိုက်၏။
"နင့်မိသားစုက ကမ္ဘာအတုထဲမှာလည်း အဆင်ပြေနေတာပဲဟာ။ တကယ့်ကမ္ဘာနဲ့ ဘာမှမထူးပါဘူး။ ကွာခြားချက်ကတော့ နင့်စိတ်ကြိုက် အရမ်းကြီး ထိန်းချုပ်လို့ မရတာနဲ့ လူဦးရေ နည်းတာပဲ ရှိတာ။ ဒါပေမဲ့ အဲဒါကြောင့်နဲ့တော့ သူတို့ကို နေရာရွှေ့စရာ မလိုပါဘူး။ နင့်ရဲ့ အတွင်းကမ္ဘာကို လက်နက်အဖြစ် ထားတာက ရေရှည်အတွက် ပိုကောင်းပါလိမ့်မယ်" သူမက ထပ်လောင်း အကြံပေးလိုက်သည်။
လုံချန်းက ခေါင်းညိတ်လိုက်၏။ သူမ ပြောသည်မှာလည်း ယုတ္တိရှိပေသည်။ ကမ္ဘာတစ်ခုလုံးကို လက်နက်အဖြစ် သုံးခြင်းမှာ အလွန်ပင် ထိရောက်လှသည် မဟုတ်လော။
သို့သော် သူ လုပ်ချင်သည်ကတော့ ထိုမျှမကပါ။ သူ ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ ရွှင်း မသိသည်မှာ သူ၏ အတွင်းကမ္ဘာမှာ တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ဖြစ်နေခြင်းပင်။ ထို့ကြောင့် သူသည် အရာနှစ်ခုလုံးကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
သူသည် အတွင်းကမ္ဘာ တစ်ခုအား သာမန်ကမ္ဘာအဖြစ် ဖန်တီးပြီး ကျန်အတွင်းကမ္ဘာ တစ်ခုကိုတော့ ပိုမို အစွမ်းထက်သော လက်နက်တစ်လက်အဖြစ် ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
"မစိုးရိမ်ပါနဲ့ ရွှင်းရာ... ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်" သူက ဆိုလိုက်၏။
"နင့်ကို အသိပေးဖို့က ငါ့ တာဝန်လေ။ နင်က ငါ အကြံဉာဏ်ကို ယူတာ၊ မယူတာကတော့ နင့်အပိုင်းပဲ" ရွှင်းက နှာခေါင်းတစ်ချက် ရှုံ့ရင်း စကားစဖြတ်လိုက်သည်။ လုံချန်း၏ လေသံအရ သူ သူမစကားကို နားထောင်မည် မဟုတ်ကြောင်း သူမ သိလိုက်ပြီ ဖြစ်သည်။
"ရွှင်း... ခဏလောက် ထွက်ခဲ့ဦး။ ငါ ပြောစရာ အရေးကြီးတာ တစ်ခု ရှိတယ်။ နင်ကိုယ်တိုင်လည်း ဒါကို မသိသေးတော့ ငါ မပြောဘဲ နေခဲ့တာ။ နင့်အပြစ်တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ငါ နင့်ကို အခုတော့ ပြောပြသင့်ပြီလို့ ထင်တယ်။ အချိန်တွေလည်း တော်တော် ကြာခဲ့ပြီပဲ" လုံချန်းက လေးလေးနက်နက် ဆိုလိုက်သည်။
ရွှင်းမှာမူ လုံချန်းက အဘယ်ကြောင့် ဤမျှအထိ တည်ကြည်နေရသနည်းဟု တွေးတောနေမိသည်။ တစ်ခုခု ဖြစ်နေသည်လော။
သူမသည် လုံချန်း၏ ရှေ့မှောက်တွင် ပေါ်လာပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
အခန်း ၁၀၀၂ ငတုံး
"ဘာကိစ္စလဲ..."
လုံချန်းက အလေးအနက် ခေါ်လိုက်သည့်အတွက် ရွှင်းသည် သူ့ရှေ့မှောက်တွင် ပေါ်လာလေသည်။ သူမ၏ လှပသော ဝတ်စုံရှည်မှာ ခန္ဓာကိုယ်ထက်တွင် အသားကပ်နေသော်လည်း ခြေထောက်နားတွင်မူ လေတိုးရာသို့ တဖျတ်ဖျတ် လွင့်နေ၏။ သူမသည် ဝိညာဉ်တစ်ခု ဖြစ်ပါလျက်နှင့် ဤသို့ လေတိုးသည့်ဒဏ်ကို ခံစားနေရသည်မှာ ကြည့်ရသည်မှာ ထူးဆန်းလှပေသည်။
"တကယ်တော့ ငါ နင့်ကို ဒါတွေ ပြောပြဖို့ အစီအစဉ် မရှိပါဘူး။ နင် ဘယ်လို တုံ့ပြန်မလဲဆိုတာ မသိလို့ လျှို့ဝှက်ထားချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး" လုံချန်းက ဆိုရင်း ရွှင်း၏ အနားသို့ တိုးသွားလိုက်သည်။ ရွှင်းမှာမူ လုံချန်းက မည်သည်များ လျှောက်ပြောနေမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
ရုတ်တရက် လုံချန်းက လက်အား မြှောက်ကာ ရွှင်း၏ ပါးဖောင်းဖောင်းလေးကို လှမ်းဆွဲပြီး ပြုံးလိုက်၏။ "နင့်ပါးလေးတွေကို မဆွဲရတာ တော်တော်ကြာပြီပဲ... ငါ ဒါကို တကယ် လွမ်းနေတာ"
"ဟဲ့... လွှတ်စမ်း" ရွှင်းက လုံချန်း၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း မရချေ။
"မလွှတ်ပါဘူး... ငါ့ကို ဆရာလို့ ခေါ်ပြီး ငါပြောတာ အမှန်ဆုံးလို့ ဝန်ခံမှ လွှတ်ပေးမယ်" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။ ရွှင်းကို စနောက်လိုက်ရသဖြင့် သူ၏ စိတ်မကြည်မလင် ဖြစ်မှုများမှာ အတိုင်းအတာတစ်ခုအထိ ပျောက်ကွယ်သွားရ၏။
သူမ၏ နူးညံ့လှသော ပါးပြင်လေးကို ဆွဲရသည်မှာလည်း တကယ်ပင် ခံစားချက် ကောင်းလှပေသည်။
"ဘယ်တော့မှ မခေါ်ဘူး။ အခုချက်ချင်း လွှတ်၊ လာမဆွဲနဲ့" ရွှင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ သူမကသာ လုံချန်း၏ ဆရာဖြစ်သင့်သည်ဟု သူမစိတ်ထဲတွင် ခံယူထားသည် မဟုတ်လော။
"နင်က ဆရာမဟုတ်ဘူး၊ ငါကမှ ဆရာ... ငါ့ကို လာပြီး စိတ်တိုအောင် မလုပ်နဲ့တော့" သူမက လုံချန်းကို ရန်တွေ့လိုက်၏။
"နင်က ဆရာဟုတ်လား... ကောင်းပြီလေ။ ဒါဆိုလည်း ဆရာ့ပါးကို တပည့်က ဆွဲတာပေါ့" လုံချန်းက ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး ဆက်လက် ဆွဲထားလေသည်။
"အေးပါ... ပြောမယ်၊ ပြောမယ်။ နင်က ဆရာပဲ... နင်လုပ်တာ အမှန်ဆုံးပဲ။ ကဲ... လွှတ်တော့"
နောက်ဆုံးတွင် ရွှင်းမှာ မရုန်းနိုင်တော့သည့်အဆုံး အရှုံးပေးကာ လုံချန်း အလိုရှိသလို ပြောလိုက်ရတော့သည်။
"လိမ္မာတယ်" လုံချန်းက ကျေနပ်သလို ခေါင်းညိတ်လိုက်သော်လည်း လက်ကိုတော့ မလွှတ်သေးချေ။
"ဟဲ့... လွှတ်တော့လေ၊ နင် ပြောခိုင်းတာ ပြောပြီးပြီပဲဟာကို"
"နောက်တစ် ခုလောက် ထပ်ပြောဦး" လုံချန်းက ရွှင်း၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"ဘာလဲ..."
"နင် ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကတိပေးစမ်းပါ" လုံချန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
ထိုပေါ့ပေါ့ပါးပါး စကားကြောင့် ရွှင်းမှာ ခေတ္တမျှ မှင်တက်သွားရသည်။
"နင်က ဘာလို့ ဒီလိုတွေ လာပြောနေတာလဲ။ ငါက နင့်ကို ဘာလို့ သစ္စာဖောက်ရမှာလဲ" သူမက မည်သည်မျှ မသိဟန်ဖြင့် ပြန်မေးလိုက်၏။
"ဟ... ငါက နင် သစ္စာဖောက်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီတိုင်း မေးကြည့်တာပါ။ ဘာဖြစ်လို့လဲ... ဘာလို့ စကားတွေ ထစ်ကုန်တာလဲ"
"အဲဒါက ပြောနေဖို့ လိုသေးလို့လား... သေချာတာပေါ့။ ကဲ... လွှတ်တော့" သူမက လေသံပြောင်းကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
လုံချန်းသည် သူမ စကားလမ်းကြောင်း လွှဲလိုက်သည်ကို သတိပြုမိသော်လည်း ဆက်ပြီး အတင်းအကျပ် မမေးတော့ချေ။ သူသည် သူမကို စနောက်နေခြင်းသာ ဖြစ်သည်။ သူမ ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သူ ဂရုမစိုက်ပါ။ အနာဂတ်တွင် မည်သည်များ ဖြစ်လာမည်ကို သူ သိထားပြီးသား ဖြစ်သည်။ ထို့ပြင် ရွှင်းကိုယ်တိုင်ပင် မသိသေးသည့် အရာများကိုပင် သူက သိနေခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူသည် ရွှင်း၏ ပါးကို လွှတ်ပေးလိုက်၏။
"ကဲ... ဆရာ့ကို လာမနှောင့်ယှက်နဲ့တော့။ ငါ ဒီမှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ လိုဏ်ဂူတစ်လုံး တူးရမယ်" ထိုသို့ ဆိုကာ သူ မြေပြင်ဘက်သို့ လှည့်လိုက်လေသည်။
သူသည် ချီစွမ်းအားကို အသုံးပြု၍ မိနစ်အနည်းငယ်အတွင်း မြေအောက် လိုဏ်ဂူတစ်လုံးအား ဖန်တီးလိုက်၏။ အလုပ်ပြီးသွားသောအခါ လိုဏ်ဂူအပေါက်ကို မြေကြီးများဖြင့် သေချာပြန်ဖုံးအုပ်လိုက်ရာ ပြင်ပမှကြည့်လျှင် မည်သူမျှ သတိထားမိနိုင်မည် မဟုတ်တော့ချေ။ အသက်ရှူရန်အတွက် လေဝင်ပေါက် အနည်းငယ်သာ ချန်ထားခဲ့သည်။
"ဒါဆိုရင်တော့ အားလုံး အဆင်သင့်ဖြစ်ပြီ" သူက ရေရွတ်လိုက်၏။ သူ မြေအောက်ထဲတွင် ရှိနေသည်ကို မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပါ။ ထိုအချိန်တွင် ရွှင်းမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ရှား... ဟုတ်သားပဲ" လုံချန်းက ကမ္ဘာအတုထဲသို့ စိတ်အာရုံလွှတ်ကာ ရှား၏ အခြေအနေကို ကြည့်လိုက်သည်။ သူမသည် သမုဒ္ဒရာထဲမှ ပြန်တက်လာပြီဖြစ်ရာ အလုပ်ပြီးသွားပြီဟု သူ သိလိုက်၏။
သူသည် သူမကို ကမ္ဘာအတုထဲမှ ချက်ချင်း ခေါ်ထုတ်လိုက်သည်။
ရှားသည် လုံချန်း၏ ရှေ့တွင် ပေါ်လာ၏။ သူမ၏ အဝတ်အစားများမှာ စိုရွှဲနေဆဲဖြစ်ပြီး ခန္ဓာကိုယ် အကောက်အဆက်များကို ပေါ်လွင်စေကာ အသားနှင့် ကပ်နေသည်။ သူမ၏ ဆံပင်များမှာလည်း မခြောက်သေးဘဲ ပို၍ ဆွဲဆောင်မှု ရှိနေသယောင် ရှိသော်လည်း လုံချန်းကမူ သူမသည် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ကြောင်း သိထားသည့်အတွက် စိတ်လှုပ်ရှားခြင်း မရှိချေ။
"ရှား... ငါပေးတဲ့ အလုပ် ပြီးပြီလား"
"အမိန့်ပေးတဲ့အတိုင်း လုပ်ဆောင်ပြီးပါပြီ။ အဲဒီ အဆောင်ကို ဝိညာဉ်တံခါးပေါက် ဦးတည်ရာ မြေအောက်ထဲမှာ မြှုပ်ထားခဲ့ပါတယ်" ရှားက ခေါင်းညိတ်လျက် ဖြေကြား၏။
"ကောင်းပြီ... ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီကမ္ဘာအတုက အရင်ကမ္ဘာနဲ့ပဲ ချိတ်ဆက်နေတာလေ။ အခု ငါ ဒီကို ရောက်နေတော့ အဲဒီစာရွက် ဘယ်နားမှာရှိလဲဆိုတာ ငါ မသိနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့မိသားစုဝင်တွေက ကမ္ဘာအတုထဲမှာ ဆက်နေမှာ မဟုတ်တော့တဲ့အတွက် ဒါတွေက မလိုတော့ပါဘူး" လုံချန်းက စဉ်းစားရင်း ရေရွတ်လိုက်သည်။
"ငါ ဒီကိစ္စကို အစောကြီးကတည်းက စဉ်းစားခဲ့သင့်တာ။ အသုံးမဝင်တဲ့ အလုပ်ကို ခိုင်းမိတဲ့အတွက် စိတ်မရှိနဲ့ဦးနော်"
"ဘာပဲဖြစ်ဖြစ်... နင့်အတွက် နောက်ထပ် အလုပ်တစ်ခု ရှိသေးတယ်။ အဲဒါက ငါ့ကို စောင့်ရှောက်ပေးဖို့ပဲ။ ငါ ကျင့်စဉ် တက်လှမ်းဖို့ တရားထိုင်တော့မယ်။ ဘယ်သူ့ကိုမှ အနှောင့်ယှက် မခံနိုင်ဘူး။ ငါ နေရာကို လုံခြုံအောင် လုပ်ထားပေမဲ့ နင့်ရဲ့ အကူအညီတော့ လိုအပ်တယ်" ရှားက ချက်ချင်းပင် သဘောတူလိုက်၏။
သူသည် ရှားကို ခေတ္တ ပြန်လည် ပို့ဆောင်ထားလိုက်ပြီးမှ သူကိုယ်တိုင် မြေအောက်ခန်းထဲသို့ ဝင်ကာ ရွှင်းနှင့် ကျိချင်းတို့ကို ခေါ်လိုက်သည်။
"ဒါ ဘယ်နေရာလဲ... နင့်ရဲ့ အဖေက နင် နန်းတော်မှာပဲ နေမှာမို့လို့ လအတော်ကြာ ဆက်သွယ်လို့ ရမှာမဟုတ်ဘူးလို့ ပြောထားတာလေ။ ဒါပေမဲ့ ဒီနေရာက ကြည့်ရတာ ဘယ်လိုမှ နန်းတော်နဲ့ မတူဘူး"
ကျိချင်းသည် ထွက်လာသည်နှင့်တစ်ပြိုင်နက် လုံချန်းကို မေးခွန်းများ တရစပ် မေးတော့သည်။ လုံချန်းကလည်း သူ့ဖခင်နှင့် စကားပြောပြီးနောက် မည်သို့ ဖြစ်ခဲ့သည်၊ သူ မည်ကဲ့သို့ မဟုတ်မတရား စွပ်စွဲခံခဲ့ရသည်ကို အကုန်ရှင်းပြလိုက်၏။
လုံချန်း ပြောပြချက်ကို နားထောင်ပြီး ကျိချင်းမှာ အံ့သြသွားသလို လုံချန်းက ဒေါသတကြီးနှင့် မင်ယုကို ထားခဲ့ကာ ထွက်လာခဲ့သည်အား ကြားသောအခါ ပို၍ပင် မှင်တက်သွားရသည်။
"လုံချန်း... နင်ကတော့ တကယ့်ကို ငတုံးပဲ။ မင်ယုကို အဲဒီမှာ ထားခဲ့တယ် ဟုတ်လား" ကျိချင်းက ဇာတ်လမ်းအဆုံးတွင် နဖူးကို လက်နှင့် ရိုက်ရင်း အားမလိုအားမရ အော်လိုက်လေသည်။