← Chapters

အခန်း (၁၀၀၃-၁၀၀၄)

Vol. 97 Ch. 1003-1004

အခန်း (၁၀၀၃-၁၀၀၄)

Vol. 97 Ch. 1003-1004

​အခန်း ၁၀၀၃ ကမ္ဘာမြေသို့ တစ်ခေါက်

"နင်ကတော့ တကယ့် ငတုံးပဲ။ မင်ယုကို ဘယ်လိုစိတ်နဲ့ ထားခဲ့ရတာလဲ" လုံချန်း၏ လုပ်ရပ်ကို ကြားရသောအခါ ကျိချင်းက အားမလိုအားမရဖြစ်ကာ ဆူပူလေတော့သည်။

​"ငါက ဘာလုပ်ရမှာလဲကွာ... သူက သူ့အမေနဲ့ နေချင်နေတာလေ။ ပြီးတော့ သူ့အဖေကိုလည်း ငါ နည်းနည်း ဒေါသထွက်နေတာနဲ့ ထွက်လာလိုက်တာ။ ဘာပဲဖြစ်ဖြစ် သူတစ်ပါးရဲ့ ကရုဏာအောက်မှာ နေရတာကို ငါ အမုန်းဆုံးပဲ။ စိတ်မပူပါနဲ့... မကြာခင် ငါ သူ့ကို သွားပြန်ခေါ်မှာပါ။ အဲဒီအချိန်ကျရင် သူ့အမေလည်း နေကောင်းလောက်ပါပြီ" လုံချန်းက ပြန်ဖြေ၏။

​"တကယ်လို့ သူက လိုက်မလာဘူးဆိုရင်ရော... သူ့ရဲ့ မိသားစုနဲ့ပဲ ဆက်နေချင်တယ်ဆိုရင် နင် ဘာလုပ်မလဲ" ကျိချင်းက စိုးရိမ်တကြီး မေးပြန်သည်။

​"တကယ်လို့ သူက မလိုက်ချင်ဘူးဆိုရင်လည်း ငါက ဘာတတ်နိုင်မှာလဲ။ သူ စဉ်းစားဖို့ အချိန်ထပ်ပေးရမှာပေါ့"

​"ဒါဆိုရင် နင်က သူ့ကို နောက်တစ်ခါ ထပ်ထားခဲ့ဦးမယ်ပေါ့လေ"

​လုံချန်းသည် လေးလံလှသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ "ငါလည်း ဘာတတ်နိုင်မှာလဲကွာ။ ငါမလုပ်တဲ့ အပြစ်အတွက် သူ့အဖေရဲ့ အပြစ်ပေးတာကို ငြိမ်ခံနေရမှာလား"

​"ရှင်းပြလို့ ရတာပဲလေ။ သူတို့ နားလည်သွားမှာပါ။ လူတစ်ယောက်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ကြောင့်နဲ့ မင်ယုကို လက်မလွှတ်လိုက်ပါနဲ့ဟာ" ကျိချင်းက ခါးသီးစွာ ပြုံးလျက် ဆိုရှာသည်။

​"ငါက မရှင်းပြခဲ့ဘူးလို့ နင်ထင်နေတာလား" လုံချန်းက ကျိချင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်၏။ သူသည် မည်သည်မှ မသိဘဲ ထွက်လာခဲ့သည့် လူအတစ်ယောက်ဟု သူမ ထင်နေသည်လော။

​"နင် ရှင်းပြခဲ့မှာကိုတော့ငါ ယုံပါတယ်။ ဒါပေမဲ့... အား... ပြောရတာ တကယ် ခက်တာပဲ။ ငါ ဆိုလိုတာက သူ့အဖေကို အခွင့်အရေးတစ်ခု ပေးသင့်တယ်လို့ ပြောတာပါ။ သူက န့င်ကို တကယ် အပြစ်ပေးချင်မှ ပေးမှာလေ"

​"အဲဒါက သူ့လက်ထဲမှာ အသေခံခိုင်းတာနဲ့ ဘာထူးမှာလဲ။ ကဲ... ဒီအကြောင်းတွေ တော်တော့။ မင်ယုကို ငါ အပြီးအပိုင် ထားခဲ့တာ မဟုတ်ပါဘူး။ သူ့ မိသားစုနဲ့ ခဏနေခိုင်းတာက တခြားစီပါ။ အခု ငါ နိယာမကို သင်ယူဖို့အတွက် စိတ်ကြည်လင်နေဖို့ လိုတယ်။ ဒါကြောင့် ဒီအကြောင်းတွေ ထပ်မပြောနဲ့တော့။ ငါ အလုပ်ပြီးမှ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားမယ်။ သူ့ကိုလည်း စဉ်းစားဖို့ အချိန်ပေးလိုက်ပါ။ အခု ငါပြောတာ နားထောင်ဦး"

​"ဟုတ်ကဲ့ပါ" ကျိချင်းလည်း ထပ်မငြင်းတော့ဘဲ ငြိမ်သွားတော့သည်။

​"ငါ အခု တရားထိုင်တော့မယ်။ တစ်ရက် ကြာမလား၊ တစ်လ ကြာမလား မသိဘူး။ ဒါမှမဟုတ် ဒီထက်လည်း ပိုကြာသွားနိုင်တယ်။ ဒါကြောင့် ငါ့ကို တစ်ယောက်ယောက်က ရှာတွေ့သွားခဲ့ရင် ကာကွယ်ပေးဖို့ လူလိုတယ်။ အခု ငါတို့က မြေအောက်ထဲမှာ ရောက်နေတာဆိုတော့ ဘယ်သူမှ ရှာတွေ့ဖို့ မလွယ်ဘူး။ ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက် ရောက်လာခဲ့ရင်တော့ သတ်လိုက်။ တကယ်လို့ သူတို့က အရမ်းသန်မာနေလို့ မယှဉ်နိုင်ဘူးဆိုရင်တော့ ဒါကို သုံးလိုက်" ထိုသို့ဆိုကာ လုံချန်းက သူမကို အဆောင်စာရွက် တစ်ရွက် ပေးလိုက်၏။

​"ဒါက ဘာလဲ"

​"ဒါက နေရာပြောင်း အဆောင်စာရွက်ပဲ။ ရန်သူက အရမ်းသန်မာနေရင် ဒါကို သုံးပြီး အားလုံး ဝေးရာကို ထွက်ပြေးကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်အသက်ကို အန္တရာယ်ဖြစ်အောင်တော့ မလုပ်နဲ့နော်။ ကြားလား"

​ကျိချင်းက ခေါင်းညိတ်ကာ အဆောင်စာရွက်ကို သိမ်းလိုက်၏။ "ကျန်တာတွေကို ငါ တာဝန်ယူပါတယ်။ စိတ်အေးအေးထားပြီး ကျင့်စဉ်တက်လှမ်းပါ။ မြန်မြန်လည်း ပြန်ထွက်လာခဲ့ဦးနော်"

​"လိမ္မာတယ်... ရှားကလည်း ဒီမှာနေပြီး နင့်ကို ကူညီလိမ့်မယ်။ ပြီးတော့ ဒီလက်စွပ်ထဲမှာ စားစရာနဲ့ လိုအပ်တာတွေ အကုန်ပါတယ်။ လောက်ငမှာပါ" လုံချန်းက ငွေရောင် ဝိညာဉ်လက်စွပ် တစ်ကွင်းကို သူမအား ပေးလိုက်သည်။ ၎င်းမှာ သူ လုယက်ခဲ့သော ဘဏ္ဍာတိုက်တစ်ခုမှ ရခဲ့သည့် အလွန်တန်ဖိုးကြီးသော လက်စွပ်ဖြစ်ပြီး ဆံ့ဝင်နိုင်စွမ်းလည်း အလွန်ကြီးမားလှပေသည်။

​လမ်းညွှန်ချက် အချို့ကို ထပ်မံပေးပြီးနောက် လုံချန်းသည် ထောင့်တစ်နေရာသို့ သွားကာ တရားထိုင်သည့် ပုံစံဖြင့် မျက်လုံးများအား မှိတ်လိုက်လေတော့သည်။

​သူသည် ကံကြမ္မာ နိယာမကို ချက်ချင်း သင်ယူခြင်း မပြုသေးဘဲ သူ၏ အတွင်းကမ္ဘာကို ပြုပြင်ပြောင်းလဲမှု အချို့ စတင်လုပ်ဆောင်၏။ သူသည် အတွင်းကမ္ဘာ နှစ်ခုအနက် တစ်ခုကို အချိန်အရှိန်အဟုန် အဆမတန် မြှင့်တင်လိုက်ပြီး သက်ရှိများ လျင်မြန်စွာ ပေါ်ထွန်းလာစေရန် စီမံလိုက်သည်။

​ဤသည်မှာ အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်သော်လည်း ပုံရိပ်ယောင် နိယာမကြောင့် မဖြစ်နိုင်သောအရာများကို သူ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ အတွင်းကမ္ဘာအတွင်း လိုအပ်သော ပြောင်းလဲမှုများ ပြီးဆုံးသွားသောအခါမှ သူ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။

​သူသည် နှစ်ပေါင်း ထောင်ချီ ခရီးနှင်ခဲ့ရသကဲ့သို့ နွမ်းလျနေပုံရသည်။ သူ ပြုလုပ်ခဲ့သော ပြောင်းလဲမှုများမှာ အရေးမပါဟု ထင်ရသော်လည်း သူ၏ စွမ်းအင်များမှာမူ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားရ၏။ သူသည် ရေတစ်ဘူးကို ထုတ်ကာ မောမောနှင့် သောက်လိုက်သည်။

​"ဘာဖြစ်တာလဲ" ကျိချင်းက စိုးရိမ်တကြီး မေး၏။

​"ဘာမှမဖြစ်ဘူး... နည်းနည်း ပင်ပန်းသွားလို့ပါ။ စိတ်မပူနဲ့"

​သူသည် ရေကို ကုန်အောင်သောက်ပြီးနောက် စိတ်အနည်းငယ် လန်းဆန်းသွားသဖြင့် ကံကြမ္မာ နိယာမ ရတနာလုံးကို ထုတ်လိုက်လေတော့သည်။

​ထိုရတနာလုံးမှာ အလွန်လှပပြီး တောက်ပလှသဖြင့် အခန်းတစ်ခန်းလုံး လင်းထိန်သွားရ၏။ ကျိချင်းပင်လျှင် မှင်တက်သွားရသည်။ ဤမျှ လှပသော အရာမျိုး ဤကမ္ဘာပေါ်တွင် ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

​လုံချန်းသည် ရတနာလုံးကို ဆုပ်ကိုင်ကာ မျက်လုံးများကို မှိတ်လိုက်၏။ သူ ရတနာလုံးကို ထိလိုက်သည်နှင့် ရတနာလုံးမှာ ပို၍ပင် တောက်ပလာကာ ကျိချင်းမှာ မျက်စိကျိန်းလွန်းသဖြင့် မျက်လုံးများကို မှိတ်ထားရတော့သည်။ မည်သည့် အမူအရာမျှမရှိသော ရှား တစ်ယောက်သာ မျက်လုံးအစုံ ဖွင့်ထားနိုင်၏။

​...

​လုံချန်းသည် ရတနာလုံးကို ထိလိုက်သည်နှင့် သူ၏ စိတ်အာရုံမှာ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခြင်းခံလိုက်ရပြီး ရတနာလုံးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

​မိနစ်အနည်းငယ်အတွင်း သူသည် လုံးဝ ခြားနားသော နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သော်လည်း ဤနေရာ၏ လေထုမှာ လုံးဝ ကွဲပြားနေ၏။ ချီစွမ်းအင်လုံးဝ မရှိသလို အနည်းငယ် ညစ်ညမ်းနေသော အငွေ့အသက်မျိုးလည်း ရနေသည်။

​'ငါ ဘယ်ကို ရောက်နေတာလဲ' သူသည် သိလိုစိတ်ဖြင့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်၏။

​"ဟာ... ဒါ ဘယ်လိုဖြစ်တာလဲ"

​လုံချန်း မျက်လုံးဖွင့်လိုက်သည်နှင့် သူသည် အဆောင်တစ်ခု၏ စင်္ကြံလမ်းပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

​ကျောင်းသား အများအပြား ကျောင်းဆောင်ထဲမှ ထွက်လာကြသည်ကို မြင်နေရ၏။ ဤနေရာကို သူ မှတ်မိသည်။ ဤကား သူ ယခင်ဘဝက ကမ္ဘာမြေပေါ်တွင် တက်ခဲ့သော ကောလိပ်ကျောင်း မဟုတ်လော။

​'ငါ ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ'

​ဤသည်က ကံကြမ္မာ နိယာမ၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း သူ နားလည်သော်လည်း ဤနေရာသို့ အဘယ်ကြောင့် ပြန်ပို့သနည်းကိုမူ စဉ်းစားမရချေ။

​"ဟေ့... ချန်း၊ မင်း မလာသေးဘူးလား။ ဘာလို့ အဲဒီမှာ ရပ်နေတာလဲ"

​လုံချန်း ငေးမှိုင်နေစဉ်မှာပင် ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။

​သူ ရှေ့တည့်တည့်သို့ ကြည့်လိုက်ရာ လူငယ်တစ်ယောက်က သူ့ကို လက်လှမ်းပြကာ အမြန်လာရန် ခေါ်နေသည်ကို တွေ့လိုက်ရလေသည်။

​အခန်း ၁၀၀၄ အခွင့်အရေးများ

"ဟေ့ကောင်... မြန်မြန်လာစမ်းပါကွ"

​မိမိကို လှမ်းခေါ်နေသည့် သူကို မြင်လိုက်ရသောအခါ လုံချန်းတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ထိုသူမှာ အခြားသူမဟုတ်၊ သူ၏ ယခင်ဘဝက အခင်ဆုံး သူငယ်ချင်းများထဲမှ တစ်ယောက်ပင် ဖြစ်၏။ သူတို့နှစ်ဦးမှာ တစ်ခန်းတည်း အတူတူ စာသင်ခဲ့ကြသည့် သူငယ်ချင်းအရင်းအခေါက်ကြီးများ မဟုတ်လော။

​'ဒီကောင်က ဒီမှာ ဘာလာလုပ်နေတာလဲ'

​ကံကောင်းထောက်မစွာဖြင့် လုံချန်းသည် သူ၏ ဒုတိယဘဝမှ အကြောင်းအရာများကို မှတ်မိနေသေးသည်။ ကံကြမ္မာ နိယာမ ရတနာလုံးကို ထိလိုက်ပြီးမှ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သဖြင့် ဤအရာအားလုံးမှာ အစစ်အမှန်မဟုတ်ဘဲ ဖန်တီးထားသည့် အတိတ်ရိပ်ဟောင်းများသာ ဖြစ်နိုင်ကြောင်း သူ ရိပ်မိလိုက်၏။

​'ဒါဟာ ငါ့ကို ကံကြမ္မာနိယာမအကြောင်း နားလည်စေဖို့ အတိတ်ကမ္ဘာဟောင်းကို ပြန်လည်ပုံဖော်ပြနေတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုပြနေရုံနဲ့ ငါက ဘာကို သင်ယူရမှာလဲ... ထူးဆန်းလိုက်တာ' သူက တွေးတောရင်း သူ့ကို အဆက်မပြတ် လှမ်းခေါ်နေသည့် သူငယ်ချင်းဖြစ်သူထံသို့ လျှောက်သွားလိုက်သည်။

​မည်သို့ပင်ဖြစ်စေ ကံကြမ္မာက သူ့အတွက် မည်သည်များ ပြင်ဆင်ထားသနည်း၊ သူ့ကို မည်သို့သော ပုံစံနှင့် အကူအညီပေးမည်နည်း ဆိုသည်အား သိရအောင် ဇာတ်လမ်းအတိုင်း လိုက်ပါကြည့်ရပေလိမ့်မည်။

​"ဟေ့ကောင်... မင်း ဘာဖြစ်နေတာလဲ။ ရုပ်တုကြီးကျနေတာပဲ။ မင်း စိတ်ကူးတွေများ ပြောင်းသွားပြီလား" ဆံပင်နက်နှင့် လူငယ်က လုံချန်းကို မေးလိုက်၏။

​"ဘာကို စိတ်ကူးပြောင်းရမှာလဲ" လုံချန်းက မည်သည်မျှ မသိသလို ပြန်မေးလိုက်သည်။ သူ မည်သို့ ဆက်လုပ်ရမည်ကို သိရန်အတွက် လက်ရှိ အခြေအနေအား ဦးစွာ နားလည်ဖို့ လိုအပ်ပေသည်။

​"မင်းရဲ့ အချစ်ရေးကိစ္စလေကွာ။ မင်း လင်းကို ဒီနေ့တင်ပဲ ရည်းစားစကား ပြောထားတာလေ။ အခုမှ နောင်တတွေ ဘာတွေ ရနေတာလား" သူငယ်ချင်းဖြစ်သူ ဟူလျာက ဆို၏။

​"အာ... ဟူလျာ၊ ငါ့ကို တစ်ခုလောက် ပြောပြပါဦး။ ဒီနေ့က ဘယ်နှစ်ရက်နေ့လဲ"

​"ဟင်... မင်းကလည်း ဘာတွေ မေးနေတာလဲ။ ဒီနေ့က မတ်လ ၄ ရက်နေ့လေကွာ။ ဘာဖြစ်လို့လဲ"

​"ဘာမှမဟုတ်ပါဘူး" လုံချန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေရင်း လက်ပတ်နာရီကို ကြည့်လိုက်သည်။ ဤနေ့က သူ သေခဲ့သော နေ့၊ လင်းကို ရည်းစားစကား ပြောခဲ့သည့် နေ့ ဖြစ်ကြောင်း သေချာသွားလေပြီ။ လင်းကို ပြောခဲ့သည်က ယခုဆို တစ်နာရီခန့်သာ ရှိဦးမည်။

​ယခုက ကျောင်းဆင်းချိန် ဖြစ်သည်။ ယခင်ဘဝတုန်းကလည်း သူသည် ဤအချိန်မှာပင် ကျောင်းကထွက်ခဲ့ပြီး ဟူလျာနှင့် လမ်းခွဲခဲ့ခြင်း ဖြစ်၏။ ထိုသို့ လမ်းခွဲပြီးနောက်တွင်မှ သူသည် သူခိုးနှင့် တိုးကာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

​'ဒီရတနာလုံးက ဘာတွေ လုပ်ချင်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ငါ အသေမခံတော့ဘူး။ တကယ်လို့ ငါသာ အဲဒီတုန်းက အသက်ရှင်ခဲ့ရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရသေးတာပေါ့' သူက တွေးကာ သူငယ်ချင်းနှင့်အတူ ကျောင်းထွက်ပေါက်ဆီသို့ လျှောက်လာခဲ့သည်။

​"ဒါနဲ့ မင်း သေချာလား။ ဆိုလိုတာက မင်း သူ့ကို ကြိုက်တယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကြောင့်ပဲလား။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် သူနဲ့ ချိန်းတွေ့ရမှာပဲ။ မင်းရဲ့ ရည်းစားသစ်လေးနဲ့ ချိန်းတွေ့ရင်း မင်းရဲ့ ခံစားချက်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာမှာပါ" ဟူလျာက လုံချန်း၏ ပုခုံးကို ပုတ်ရင်း ဆို၏။

​လုံချန်းကမူ အသာအယာ ခေါင်းညိတ်လိုက်ရုံသာ တုန့်ပြန်လိုက်သည်။ ယခင်ဘဝတုန်းက သူသည် ပထမဆုံး ချိန်းတွေ့မှုကို မလုပ်ဆောင်နိုင်ခင်မှာပင် သေဆုံးခဲ့ရသည် မဟုတ်လော။ ဤရတနာလုံးက သူ့ကို ထိုအခွင့်အရေးများ ပြန်ပေးနေခြင်းလော။ အစစ်အမှန် မဟုတ်သော်လည်း သူငယ်စဉ်က လိုချင်ခဲ့သည့် ဆန္ဒများ ပြည့်ဝလာသလို ခံစားလိုက်ရသည်။

​"ကဲ... ငါတော့ ဒီကနေ လမ်းခွဲပြီ။ ချိန်းတွေ့တဲ့ အခါ ကံကောင်းပါစေကွာ"

​ခဏအကြာတွင် ဟူလျာနှင့် လုံချန်းတို့သည် လမ်းဆုံတစ်နေရာသို့ ရောက်ရှိလာကြသည်။ ဤနေရာမှာ သူတို့ ယခင်က လမ်းခွဲခဲ့သည့် နေရာပင်။

​"ကျေးဇူးပဲကွာ။ ဒီတစ်ခါတော့ ငါ ကံကောင်းမှာပါ" လုံချန်းက လက်ပြနှုတ်ဆက်ရင်း သူ သေဆုံးခဲ့သည့် လမ်းကြောင်းအတိုင်း လျှောက်လာခဲ့၏။

​သူသည် ယခင်က အသက်ဆုံးရှုံးခဲ့ရသည့် လမ်းပေါ်တွင် ပြန်လည် လျှောက်လှမ်းနေခြင်း ဖြစ်သော်လည်း ယခင်ကနှင့် မတူသည်မှာ သူသည် အရာအားလုံးအတွက် အသင့်ပြင်ထားခြင်းပင်။ သူသည် တည်တည်ငြိမ်ငြိမ် လျှောက်နေရင်း သူခိုး ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည်။

​"ရပ်စမ်း၊ သူခိုး... သူခိုး"

​သူ မျှော်လင့်ထားသည့်အတိုင်း နောက်ဘက်မှ အော်ဟစ်သံကို ကြားလိုက်ရ၏။ လုံချန်း၏ စိတ်ထဲတွင် အရာအားလုံးကို သိနေခဲ့ပြီ။ အချိန်မည်မျှကြာလျှင် ဘယ်ဘက်အရပ်မှ လူတစ်ယောက် ပြေးလာမည်ကို သူ အတိအကျ သိနေသည်။

​သူသည် နောက်သို့ပင် လှည့်မကြည့်ဘဲ စိတ်ထဲမှ ရေတွက်နေလိုက်၏။

​"ငါး..."

​"လေး..."

​သူ တိုးတိုးလေး ရေတွက်နေရင်း တစ်သို့ ရောက်ခါနီးတွင် ဘယ်ဘက်သို့ အသာရှောင်လိုက်ကာ အရှိန်ဖြင့် ကန်ချက်တစ်ခု ထုတ်လိုက်လေတော့သည်။

​"အား..."

​သူ၏ ကန်ချက်မှာ ထိုသူ၏ ဆီးခုံတည့်တည့်သို့ ထိမှန်သွားသဖြင့် ထိုသူမှာ မြေပြင်ပေါ်သို့ လဲကျကာ နာကျင်စွာ အော်ဟစ်နေတော့သည်။ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။

​"ဒါဟာ အရင်တုန်းက ငါ လုပ်ခဲ့သင့်တဲ့ အလုပ်ပဲ" လုံချန်းက မြေပြင်ပေါ်မှာ လူးလိမ့်နေသည့် သူခိုးကို ကြည့်ကာ ရေရွတ်လိုက်၏။ ထိုသည်က သူ၏ အသက်ကို နှုတ်ယူခဲ့သည့် သူခိုးပင် ဖြစ်သည်။

​လုံချန်းသည် သူခိုး၏ လက်ထဲမှ ပိုက်ဆံအိတ်ကို ယူကာ ပိုင်ရှင်အမျိုးသမီးထံ ပြန်ပေးလိုက်ပြီးနောက် ထိုသူခိုးကို ထပ်မံကန်လိုက်ပြန်ရာ ထိုသူမှာ သတိမေ့သွားတော့သည်။

​"ရဲကို ဖုန်းဆက်ပြီးပြီလား" သူက အမျိုးသမီးကို မေးလိုက်ရာ သူမက ခေါင်းယမ်းပြ၏။

​"ဖုန်းဆက်လိုက်ပါ။ သူ ရဲတွေမလာခင် နိုးလာမှာ မဟုတ်ပေမဲ့ နိုးလာရင်လည်း ဘာမှမလုပ်နိုင်အောင် လက်တွေကို တုပ်ထားပေးမယ်" လုံချန်းက ဘေးနားတွင် တွေ့သည့် ဝိုင်ယာကြိုးအစအနများဖြင့် သူခိုး၏ လက်နှင့် ခြေထောက်ကို သေချာ တုပ်နှောင်လိုက်သည်။

​"ဟေ့... နေဦး"

​"ဘာဖြစ်လို့လဲ" လုံချန်းက လှည့်ကြည့်လိုက်သည်။

​"နင်က ငါ့ပိုက်ဆံအိတ်ကို ပြန်ယူပေးခဲ့တာပဲ။ ကျေးဇူးတင်စကား ပြောရမှာပေါ့" ထိုအမျိုးသမီးက ပြောဆိုကာ သူမ၏ ပိုက်ဆံအိတ်ထဲမှ အကြွေစေ့ တစ်စေ့ကို ထုတ်ကာ လုံချန်းအား ပေးရန် ကြိုးစား၏။

​လုံချန်းက သူမကို ကြောင်ကြည့်နေမိသည်။ သူက သူမ၏ ပိုက်ဆံများကို ပြန်ယူပေးခဲ့သော်လည်း သူမက သူ့အား အကြွေစေ့ တစ်စေ့တည်း ပေးနေခြင်းလော။ သူ့ကို သူတောင်းစား ထင်နေသည်လော။ ထိုမိန်းမက တကယ်ပင် အရှက်မရှိပေ။

​သူသည် ဆုလာဘ်ကို မမျှော်လင့်ခဲ့သော်လည်း ဤသို့ပြုမူခြင်းမှာ အလွန်ပင် ရယ်စရာကောင်းလှပေသည်။ လုံးဝ မပေးခြင်းကမှ ပို၍ သိက္ခာရှိဦးမည်။ သူသည် ဤကဲ့သို့သော အကြွေစေ့ တစ်စေ့စာအတွက် ယခင်ဘဝက အသက်ပေးခဲ့ရသည်ဟု တွေးမိသောအခါ ပို၍ပင် စိတ်ပျက်သွားရ၏။

​"ဒါကို မင်းဆီမှာပဲ သိမ်းထားလိုက်ပါ။ အဲဒါလေးနဲ့ သကြားလုံးဝယ်စားလိုက်ပေါ့" သူက ရွဲ့ကာ ပြောဆိုပြီး ထွက်လာခဲ့လေတော့သည်။

​ထိုအမျိုးသမီးမှာ မှင်တက်ကာ ကျန်ရစ်ခဲ့၏။ "ဟွန်း... တကယ်ကို ရိုင်းစိုင်းတဲ့ ကောင်လေးပဲ" သူမက မျက်စောင်းထိုးရင်း ရေရွတ်ကျန်ရစ်ခဲ့သည်။

​လုံချန်းသည် သူ မှတ်မိနေသည့် အိမ်လေးဆီသို့ ရောက်ရှိလာခဲ့ချေပြီ။ ဤအိမ်လေးမှာ အလွန်အမင်း ကြီးကျယ်ခမ်းနားလှသည် မဟုတ်သော်လည်း သူ့အတွက်တော့ သူမြင်ဖူးသမျှ နန်းတော်များထက် ပို၍ ကောင်းမွန်နေဆဲပင်။

​မိမိအိမ်ရှေ့တွင် ရပ်နေရင်း လုံချန်းသည် စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်ပင် ဝဲချင်လာရသည်။ မိဘများကို မတွေ့ရသည်မှာ ကြာခဲ့ပြီ မဟုတ်လော။ အစစ်အမှန် မဟုတ်သော်လည်း သူတို့နှင့် ထပ်မံတွေ့ဆုံခွင့် ရသည်မှာ အခွင့်အရေး တစ်ခုပင်။

​ထိုသည်က သူ အသက်ရှင်ခဲ့ပါက ရရှိနိုင်မည့် ဘဝတစ်ခု ဖြစ်သော်လည်း ယခင်ကမူ ထိုအခွင့်အရေးကို သူ မရရှိခဲ့ချေ။

All Chapters