အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
~
အခန်း ၁၅၁ +၁၅၂
~
မဟာနေမင်းကြီးက တဖြည်းဖြည်းမြင့်တက်လာပြီး ထွန်းလင်းတောက်ပလျက်ရှိသည် ။ ပြာလဲ့နေသော မိုးကောင်းကင်ကြီးက အပြာရောင် ကျောက်စိမ်းတုံးကြီးဖြင့်ပင် တူနေချေသေး၏ ။
ကောင်းကင်ယံ ထက်၌ တိမ်ကင်းစင်နေပြီး တောက်ပသော နေရောင်ခြည်က အနွေးဓာတ်ပေးလျက်ရှိသည် ။
ရှည်လျားသော ဘုရားဖူးခရီးသည်လူတန်းကြီးသည် အစေခံကျင့်ကြံသူများ၏ လမ်းညွှန်မှုဖြင့် လှေကားထစ် သုံးထောင်ကို ကျော်ဖြတ်ပြီး ဘုရားကျောင်းဆောင်၏ အဝင်ဝသို့ ရောက်ရှိလာကြသည် ။
ချောင်မူသည်တော့ လူအုပ်ကြားတွင် တိုးဝှေ့ရင်း မဟာယန်အင်ပါယာ ဧကရာဇ်ကို လိုက်ရှာနေဆဲပင် ။
သူသည် ယုံဟဲဧကရာဇ်၏ မျက်နှာအစစ်အမှန်ကို မသိသော်လည်း ဝူကျိအသင်းမှ လျှို့ဝှက်ကြယ်သံတမန်က ကျင့်ကြံသူတစ်ဦးသည် ယုံဟဲဧကရာဇ်အား မှော်ပညာဖြင့် ဖုံးကွယ် ပေးထားနိုင်ကြောင်း ပြောပြခဲ့လေသည် ။
ထို့ကြောင့် မဟာယန်ဧကရာဇ်အား ရှာဖွေရန် သာမန်မျက်စိဖြင့် မရနိုင်ပေ ။ သူ၏ အာရုံခံစားချက်ကိုသာ အားကိုးနိုင်ပေတော့မည် ။
ချောင်မူသည် စိတ်ဝိညာဥ်သန့်စင်ခြင်းကို မအောင်မြင်နိုင်သေးသော်လည်း သူ၏ ဆဋ္ဌမအာရုံမှာ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကြောင့် အတော်အသင့် ဖွံ့ဖြိုးနေပြီဖြစ်သည် ။
သို့သော်လည်း အစစ်အမှန် တတိယအဆင့်များနှင့် ယှဥ်၍ ရမည်မဟုတ်ပေ ။ စိတ်ဝိညာဥ်သန့်စင်ခြင်းကို အောင်မြင်ပြီး သိုင်းပညာရှင် အဆင့် ၃ သို့ ရောက်သွားလျှင် ရန်သူများ၏ လှုပ်ရှားမှုကို ကြိုတင်သိမြင်နိုင်မည်ဖြစ်သည် ။
လျှို့ဝှင်ကြယ်သံတမန်၏ ခန့်မှန်းချက်အရ မဟာယန်ဧကရာဇ် ခရီးသွားပါက စိတ်ဝိညာဥ်သန့်စင်ခြင်းကို အောင်မြင်ပြီးသော ကိုယ်ရံတော်များ လိုက်ပါလာမည်ပင် ။ မဟာယန်အင်ပါယာနန်းတော်သည် ဆုတ်ယုတ်နေပြီ ဖြစ်သော်လည်း အဆင့် ၃ သိုင်းပညာရှင်များ တာဝန်ထမ်းဆောင်နေဆဲပင် ။
စိတ်ဝိညာဉ်သန့်စင်ခြင်း သိုင်းပညာရှင်များ ရှိနေခြင်းကြောင့် လုပ်ကြံသတ်ဖြတ်သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက် အတက်အကျများကို ကောင်းစွာ သိရှိနိုင်ပြီး ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ကို အောင်မြင်စွာ လုပ်ကြံရန် ခက်ခဲသည်။
သိုင်းပညာကို လေ့ကျင့်သော သိုင်းပညာရှင်တစ်ယောက်သည် အများဆုံး အဆင့် ၄ အထိသာ ရောက်နိုင်ပြီး နောက်ပိုင်းအချိန်များတွင် အတွင်းအား စုဆောင်းနေရုံသာ တက်နိုင်ကြတော့သည် ။
အဆင့် ၃ သို့ ရောက်လိုလျှင် စိတ်ဝိညာဥ်သန့်စင်ခြင်းကို အောင်မြင်ရမည်ဖြစ်ပြီး အဆင့် ၄ သိုင်းပညာရှင်များထက် များစွာပို၍ အစွမ်းထက်၏ ။
သိုင်းပညာရှင်များသည် အဆင့် ၄ သို့ ရောက်သည်နှင့် အလွန်ထူးချွန်သူများမှလွဲ၍ လူ့ခန္ဓာကိုယ်၏ အကန့်အသတ်သို့ ရောက်သွားပြီဖြစ်သည် ။
အဆင့် ၃ သိုင်းပညာရှင်များသည် အဆင့် ၄ သိုင်းပညာရှင်ထက် အတွင်းအား ပိုမကောင်းသော်လည်း ဆဋ္ဌမအာရုံ ပိုင်ဆိုင်ထားခြင်းကြောင့် တိုက်ပွဲဖြစ်လာလျှင် ပို၍ အစွမ်းထက်နေခြင်းဖြစ်သည် ။
ထို့ကြောင့် အခြေခံအားဖြင့် ပြောရလျှင် စိတ်ဝိညာဥ်သန့်စင်ခြင်းသည် အတွင်းအား ၊ အပြင်အား နှင့် ပညာရပ်များ ကျွမ်းကျင်မှုအပြင် သိုင်းလမ်းစဥ်၏ နောက်ထပ် နည်းလမ်းတစ်ခု တိုးလာသည်ဟု ဆိုနိုင်ပေသည် ။
' နည်းလမ်း တစ်ခုပဲ ရှိတော့မယ်.. '
ချောင်မူ စဥ်းစားလိုက်သည် ။
' သတ်ဖြတ်ရန်ရည်ရွယ်ချက်ကို ထုတ်ပြလိုက်ရင် ဧကရာဇ်အစောင့်တွေက သတိထားမိသွားပြီး မူမမှန်တာ တစ်ခုခု ပေါ်လာလိမ့်မယ်.. '
' ခွေးကို တွေ့တာက သခင်ကို တွေ့တာနဲ့ အတူတူပဲ.. '
ချောင်မူသည် သူ့ရှေ့ရှိ ခရီးသွားများစွာကို ကြည့်ကာ မျက်လုံးများကို အနည်းငယ်မှေးကျဥ်း၍ ခါးရှိ ဓားလက်ကိုင်ပေါ်တွင် သူ့လက်ကို တင်ထားလိုက်သည်။
ထို့နောက် သူ၏ အတွင်းအားကို တိတ်တဆိတ်ထုတ်ဖော်လိုက်ပြီး စိတ်ထဲတွင် အစောင့်များအား သတ်၍ ယုံဟဲဧကရာဇ်အား လုပ်ကြံနေသည့် မြင်ကွင်းကို ပုံဖော်လိုက်၏ ။
သိပ်မဝေးသောနေရာတွင်...
အစောင့်ချူးသည် တစ်ခုခုကို အာရုံခံလိုက်မိပြီး မနီးမဝေးတွင် ရှိသော ချောင်မူထံသို့ မျက်လုံးထောင့်မှ ခိုးကြည့်လိုက်၏ ။
ချောင်မူသည် ရုပ်ဖျက်ထားသဖြင့် အစောင့်ချူးက မမှတ်မိဘဲ သူ၏ နှုတ်ခမ်းထောင့်က အထင်းသေးဟန်ဖြင့် ကွေးညွှတ်သွားသည် ။
' တကယ့် သတ်ဖြတ်ခြင်းရည်ရွယ်ချက် မဟုတ်ပဲနဲ့ ငါ့ရဲ့ ဆဋ္ဌမအာရုံ ကို နှိုးဆွ ပေးချင်နေရုံလား.. သောက်ဦးနှောက်မရှိတဲ့ လုပ်ကြံသတ်ဖြတ်သူပဲ.. ဒီလို ညဏ်ရည်မျိုးနှင့် လုပ်ကြံချင်သေးတယ်.. '
စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ဆဋ္ဌမအာရုံကို လှည့်စားချင်လျှင် စိတ်ကူးယာဥ် အတွေးဖြင့် လှည့်စားနိုင်မည် မဟုတ်ချေ ။
အစောင့်ချူးသည် သူ၏ အတွေ့အကြုံများ ကြောင့်သာ မူမမှန်မှု တစ်ခုကိုသာ ခံစားမိ၍ လှည့်ကြည့်လိုက်ခြင်းဖြစ်ပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို မခံစားမိပေ ။
ထို့အပြင် ချူးရှင်းသည် ရန်သူကို တိုက်ခိုက်ရန် မလိုအပ်ပေ ။ ချင်းယွင်ဘုရားကျောင်းသည် ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ အဓိက ဘုရားကျောင်းဖြစ်သောကြောင့် သူ ကိုယ်တိုင် ကိုင်တွယ်ရန် မသင့်တော်ပေ ။
ရွှမ်ထျန်းအင်မော်တယ်ဂိတ်သည်တော့ ...
" ထူးခြားနေတဲ့ လူတစ်ယောက်တော့ ပေါ်လာပြီ.. "
တာအိုကျင့်ကြံသူ ချီယန်က တည်ငြိမ်စွာ ပြောလိုက်သည် ။
" ဓားကိုင်ထားတယ်ဆိုတော့ သာမန်လူသားတွေထဲက သိုင်းပညာရှင်ထင်တယ်.. "
" သူ ဝူကျိအသင်းဝင်ဖြစ်ရင် ပိုကောင်းမယ် ..ကျုပ်တို့ အောင်မြင်မှု တစ်ခုတောင် ရနိုင်သေးတယ်.. "
တယအိုကျင့်ကြံသူ ချင်းယန်က ပြုံးလိုက်သည် ။
ဝူကျိအသင်းနှင့် သိုင်းသူတော်စင်တို့သည် တိတ်တဆိတ်သာ လှုပ်ရှားနေကြပြီး အင်မော်တယ်ဂိတ်က ပုရွတ်ဆိတ်များဟု သတ်မှတ်ထားသော်လည်း ပုန်းကွယ်နေသော အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ကြသေးသည် ။
" ဒါဆို ဒီအတိုင်းပဲ စောင့်ကြည့်ရအောင်.. သူတို့ ပေါ်လာမှာကို မနှောက်ယှက်မိအောင် သတိထားရမယ်.. "
ချင်းယန်က တည်ငြိမ်စွာ ပြောလိုက်သည် ။
" သိုင်းသူတော်စင်ရော ပေါ်လာမလား မသိဘူး.. သူလာရင် အရမ်းကောင်းမှာပဲ... ဟားဟားဟား..."
" ဒေါင်.....ဒေါင်.....ဒေါင်...."
ခေါင်းလောင်းသံ၏ သာယာနာပျော်ဖွယ်အသံက သုံးကြိမ် မြည်လာပြီး ငှက်များ လန့်ဖျန့်သွားကြကာ ကောင်းကင်ယံထက်ရှိ တိမ်များပင် ပျောက်ကွယ်သွားသည်ဟု ထင်ရပေသည် ။
ဘုရားဖူးလူအုပ်ကြားတွင် ယုံဟဲဧကရာဇ်သည် လှေကားထစ်သုံးထောင်၏ထိပ်သို့ရောက်ရှိပြီး တာအိုဘုရားကျောင်း၏ အဓိကတံခါးရှေ့တွင် ရပ်နေခဲ့သည်။
တာအိုဘုရားကျောင်း၏ အဓိက ဝင်ပေါက်ရှေ့တွင် လူဆယ်ယောက်ဖက်ထားနိုင်သော တြိဂံပုံ အိုးကြီး တစ်လုံးရှိနေသည် ။ ထိုအိုးထဲတွင် အမွှေးတိုင်များစွာ ထွန်းညှိထားပြီး ရနံ့များက ကောင်းကင်ယံထက်သို့ပင် ပျံ့လွင့်နေချေသည် ။
ချင်းယွင်ဘုရားကျောင်း၏ အဓိကခန်းမဆောင်ထဲတွင် နတ်ဘုရား ကမ္မည်းပြားများ ရာပေါင်းများစွာ ရှိသည် ။
အဓိကနေရာတွင် ရှိနေသော ရုပ်ထုမှာ ဂိုဏ်းခေါင်းဆောင်၏ ရုပ်ထုဖြစ်ပြီး ကြီးမြတ်သော သီလဂုဏ် ၊ ကြီးမြတ်သော စွမ်းအား ၊ အင်မော်တယ် ရွှမ်ထျန်း ဟု ရေးထိုးထား၏ ။
ချီယန်နှင့် ချင်းယန်တို့၏ ကမ္မည်းပြားနှင့် ရုပ်ထုများလည်း ရှိပေသည့် လူမမြင်ရသော ထောင့်တစ်နေရာတွင်သာ ချောင်ထိုးထားကြသည် ။
'ရွှမ်ထျန်း ဂိုဏ်းရဲ့ အင်မော်တယ် တစ်ရာကျော်.. '
ယုံဟဲဧကရာဇ်သည် သူ၏ ရင်ထဲ၌ အလွန်အမင်း လေးလံသော ဖိအားကို ခံစားမိချေသည် ။
' ငါ့ရဲ့ မဟာယန်အင်ပါယာ နန်းတော်က ဒီအင်မော်တယ်တွေကို ဘယ်လိုလုပ်ပြီး ဆန့်ကျင်နိုင်မှာလဲ.. '
ယုံဟဲဧကရာဇ်သည် ရွှမ်ထျန်းဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျောက်ဆောင်တစ်ခုပေါ်ရှိ ကြိုးတန်းပေါ်တွင် လမ်းလျှောက်ခြင်းကဲ့သို့ အန္တရာယ်များကြောင်း သိပေသည်။
သို့သော်လည်း သူ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရသေး၏။
ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သော်လည်း မဟာယန်၏ ဧကရာဇ်တစ်ပါး အနေဖြင့် ရွှမ်ထျန်းဂိုဏ်း၏ အင်မော်တယ်များကို ဦညွှတ်ရသည်က သူ့ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ခွန်အားမဲ့မှုကို ခံစားနေရဆဲပင် ။
သာမန် ဘုရားဖူးအဖြစ် ရုပ်ဖျက်ပြီး ဦးညွှတ်ရမည်ဖြစ်သော်လည်း ဝန်လေးနေမိသည် ။
ယုံဟဲဧကရာဇ်သည် ထိုအတွေးဝင်လာပြီးနောက် ခြေလှမ်းများ နှေးကွေးသွားသည် ။
" ယုံဟဲဧကရာဇ် ..အခု အင်မော်တယ်တွေကို တွေ့နေရပြီလေ ဘာလို့ ဦးမညွှတ်သေးတာလဲ.. "
ရုတ်တရက် အသံတိုးတိုးလေး ထွက်ပေါ်လာသည် ။
ယုံဟဲ ဧကရာဇ်က ထိတ်လန့်သွားပြီး နောက်သို့ ကြောက်လန့်တကြား ကြည့်လိုက်၏ ။
သူ့နောက်တွင် ရပ်နေသူက ခြေဆွံ့နေသော အဘိုးကြီးတစ်ယောက်ဖြစ်ပြီး ကောင်းကင်ပေါ်မှ ငုံ့ကြည့်နေသော အကြည့်မျိုးဖြင့် သူ့အား စိုက်ကြည့်နေသည် ။
အစောင့်ချူး၏ မျက်လုံးများ ပြုးကျယ်သွားလေ၏ ။
ဤမသန်စွမ်း အဘိုးကြီးသည် အစမှ အဆုံးအထိ သာမန်လူတစ်ယောက်သာ ဖြစ်နေခဲ့သော်လည်း ယခုမည်သို့ ပြောင်းလဲသွားကြောင်း သူ မသိ ။
တစ်ချိန်က ဆူညံနေသော ခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားလေ၏။
ပတ်ပတ်လည်တွင် ဘုရားဖူးထောင်ပေါင်းများစွာ ရှိနေသော်လည်း၊ ရုတ်တရက် သင်္ချိုင်းဂူတစ်ခုကဲ့သို့ တိတ်ဆိတ်သွားသည်။
"ဘာလို့ ဦးမညွှတ်တာလဲ.."
ယုံဟဲဧကရာဇ်၏ ဘယ်ဘက်တွင်ရှိသော အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးလည်း ရုတ်တရက် ခေါင်းလှည့်လာပြီး သူမ၏မျက်နှာအမူအရာမှာ ရုပ်သေကြီးဖြစ်နေသည်။
" ဘာလို့ ဦးမညွှတ်တာလဲ.."
" ဘာလို့ ဦးမညွှတ်တာလဲ.."
" ဘာလို့ ဦးမညွှတ်တာလဲ.."
အမွှေးတိုင်ကိုးကွယ်သူများသည် ခေါင်းလှည့်ကြည့်လာကာ သူတို့၏ စူးရှသောအကြည့်များသည် အပ်များကဲ့သို့ ယုံဟဲဧကရာဇ်ထံတွင် ကျရောက်သွားသည်။
ဤအမွှေးတိုင်ပူဇော်သူ ၊ မရေမတွက်နိုင်အောင် များပြားလှသော ဤလူအားလုံးသည် ယခုအချိန်တွင် မျက်နှာအမူအရာ တူညီနေကြပြီး မျက်နှာအမျိုးမျိုးသည် လူတစ်ဦးတည်း၏ မျက်နှာများကဲ့သို့ပင် ။ လူတိုင်းတွင် ထူးခြားသော မျက်နှာကိုယ်စီရှိကာ ကမ္ဘာကြီးကို ငုံ့ကြည့်နေကြသည် ။
ဤအချိန်တွင် လူအုပ်ကြီး ဝန်းရံထားသည့် ယုံဟဲဧကရာဇ်သည် ရုတ်တရက် တစ်ယောက်တည်း ဖြစ်သွားလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မသိမသာ တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်အမွှေးများ ထောင်နေသည်။
ဤတုန်လှုပ်ခြင်းတွင် မသိခြင်းကို ကြောက်ရွံ့မှာသာမက ပေါက်ကွဲထွက်မတက် ဒေါသများလည်း ပါဝင်နေ၏ ။
ကျင့်ကြံသူများ၏ စွမ်းရည်များသည် သာမန်လူများ နားလည်နိုင်သည်ထက်ပင် များစွာ ကျော်လွန်နေသည် ။
ယခုအချိန်တွင်မတော့....
' အပေါ်ယံ ကြည့်ရင်တော့ ငါက လူတိုင်းကို လှည့်စားပြီး အင်ပါယာ မြို့တော်ကနေ နန်းကျိုးပြည်နယ်က ချင်းယွင်ဘုရားကျောင်းကို ခရီးထွက်ခဲ့တာပေါ့.. '
' ချင်းယွင်ဘုရားကျောင်းထဲကို ဝင်လိုက်တာနဲ့ ငါဘာမှ ထိန်းချုပ်လို့ မရတော့ပါလား.. '
ယုံဟဲဧကရာဇ်သည် သူ့နှလုံးသားထဲမှ လိမ့်တက်လာသော ဝမ်းနည်းမှုကို ခံစားမိလိုက်၏ ။
သူနှင့် ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်း ဆွေးနွေးထားသည်က သာမန်လူတစ်ဦးကဲ့သို့သာ ဦးညွှတ်ရန်ဖြစ်သည် ။
သူသည် ရွှမ်းထျန်းဂိုဏ်းတွင် အချိန်အများကြီး ရှိ၍ တဖြည်းဖြည်းချင်းသာ တိုးချဲ့ရန် အခွင့်အရေးယူမည်ဟု တွေးထင်ထားခဲ့၏ ။
သို့သော်လည်း ရွှမ်ထျန်းဂိုဏ်း၏ ကျင့်ကြံသူများသည် ကျေနပ်မှုမရှိကြဘဲ သူ၏ စစ်မှန်သောလက္ခဏာကို မဟာယန်ဧကရာဇ်အဖြစ် ဖော်ထုတ်ရန် သာမန်လူများ၏ ပါးစပ်ကို အသုံးပြုခဲ့ကြပေသည် ။
ထိုအတွေးက ယုံဟဲဧကရာဇ်၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် သူ၏ အင်္ကျီထဲတွင် ဝှက်ထားသော လက်က လက်သီးတင်းတင်း ဆုပ်လိုက်မိသည် ။
" အရှင်မင်းကြီး.. နတ်ဘုရားများကို ဦးညွတ်ပါ.. "
" အရှင်မင်းကြီး.. နတ်ဘုရားများကို ဦးညွတ်ပါ.. "
အစပိုင်းတွင် အသံတစ်ခုနှစ်ခုသာ ပေါ်ထွက်လာသော်လည်း နောက်ပိုင်းတွင် အသံများ ပိုများလာပြီး အသံများ ပေါင်းစုလာကြ၏ ။
လူထောင်ပေါင်းများစွာ၏ အသံများသည် တဖြည်းဖြည်း စုစည်းလာပြီး ကောင်းကင်ကို တုန်ခါစေသည့် တည်ငြိမ်ပြီး စည်းလုံးသော အသံလှိုင်းတစ်ခု ဖြစ်လာသည် ။
ဧကရာဇ်ယုံဟဲ၏ မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့လာပြီး ရှေ့သို့သွားခြင်းနှင့် နောက်သို့ဆုတ်ခြင်းကြားတွင် ပိတ်မိနေသည် ။
ဤထောင်ပေါင်းများစွာသော အကြည့်များနှင့် စကားများသည် သာမန်ဘုရားဖူးများနှင့် မသက်ဆိုင်တော့ဘဲ ရွှမ်ထျန်းဂိုဏ်း၏ ကျင့်ကြံသူများ၏ ဆန္ဒကို ကိုယ်စားပြုသည်။
ထောင်ပေါင်းများစွာသော အကြည့်များနှင့် ထောင်ပေါင်းများစွာသော အသံများသည် သဘာဝအတိုင်း ကြီးမားသော ဖိအားတစ်ခုကို ဖြစ်ပေါ်စေပြီး ဧကရာဇ်ယုံဟဲအား ကျောရိုးနှင့် ဒူးများကို ကွေးညွတ်စေပြီး ရွှမ်ထျန်းဂိုဏ်း၏ အင်မော်တယ်များရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်စေရန် ရည်ရွယ်ထားသည်။
အဝေးမှ....
တာအိုကျင့်ကြံသူ ချီယန်နှင့် ချင်းယန်တို့သည် ဤမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ကြ၏ ။
" လူသား၏ကရာဇ်တစ်ယောက်က ငါတို့ အင်မော်တယ်တွေရဲ့ စွမ်းအားကို ဘယ်နားလည်မှာလဲ.."
" အခြေအနေကတော့ အားလုံး အေးဆေးဖြစ်သွားပြီ.. "
ယနေ့ နတ်ဘုရားများကို ကိုးကွယ်ရန် လာရောက်ကြသော ဘာသာရေးကိုင်းရှိုင်းသူ ထောင်ပေါင်းများစွာရှိပြီး ထိုသူတို့အားလုံးနီးပါးသည် တောင်ခြေတွင် ရွှမ်ထျန်းဂိုဏ်းမှ ပြုစုပျိုးထောင်ထားသော သစ္စာရှိယုံကြည်သူများဖြစ်သည် ။ ပြင်ပလူအနည်းငယ်သာပါဝင်၏ ။
ဤယုံကြည်သူများသည် နတ်ဘုရားများကို ကိုးကွယ်ရန် တောင်ပေါ်သို့ နေ့တိုင်းလိုလို တက်ကြပြီး သူတို့၏ဝိညာဉ်များတွင် အင်မော်တယ်ဂိတ် ကျင့်ကြံသူများက မျိုးစေ့တစ်စေ့ကို ထည့်သွင်းပြီးဖြစ်သည်။
အချိန်တန်လျှင် မျိုးစေ့က အပင်ပေါက်လာမည်ဖြစ်သည် ။
ထို့ကြောင့် ချင်းမင်းမြို့ရှိ ယုံကြည်သူတိုင်းသည် အဖိုးတန်အရင်းအမြစ်တစ်ခုဖြစ်ပြီး ဆုံးရှုံး၍မရပေ ။
ယခုအချိန်တွင်...
ထောင်ပေါင်းများစွာသော ယုံကြည်သူများ၏ တညီတညွတ်တည်း အော်ဟစ်သံများနှင့်အတူ၊ လူအုပ်ထဲတွင် အသံတစ်သံမျှ မထွက်သော ဘုရားဖူးအနည်းငယ်သည် ပို၍ပင် သိသာထင်ရှားလာခဲ့သည်။
ထိုသည်က ရေထဲသို့ ကျရောက်လာသော ဆီစက်အနည်းငယ်နှင့်ပင် တူနေ၏ ။
ဝူကျိအသင်းဝင်လား ပေါ်လာလျှင် ဤသို့ သိသာမည်ဖြစ်၍ ချီယန်နှင့် ချင်းယန်တို့သည် ရှာဖွေရန် မလုပ်ဆောင်ကြခြင်း ဖြစ်သည် ။
" အရှင်မင်းကြီး... ကျေးဇူးပြုပြီး နတ်ဘုရားများကို ဦးညွတ်ပေးပါ.."
ထောင်ပေါင်းများစွာသော အသံများ၏ ကြားတွင် ယုံဟဲဧကရာဇ်၏ ကျောရိုးနှင့် ဒူးသည် တဖြည်းဖြည်း တုန်ရီလာပေသည် ။
ထိုအချိန်တွင် လူအုပ်ကြားတွင် ထူးခြားသော ဘုရားဖူးတစ်ဦးသည် ရုတ်တရက် သူ့ကြွက်သားများကို ဆန့်ထုတ်လိုက်သဖြင့် သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် တဖျစ်ဖျစ် မည်သံများ ထွက်ပေါ်လာလေသည်။
သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးမားလာပြီးမှ လည်ချောင်းရှင်းလိုက်၏။
" အဟက်..အဟက်... အဟမ်း.."
ထိုအသံက မကျယ်သော်လည်း စည်းချက်ကျနေသော အသံလှိုင်းထဲတွင် ချိုးဖောက်ထွက်လာသဖြင့် အသံလှိုင်းအား နှောက်ယှက်လိုက်သလို ဖြစ်သွားသည် ။
လူအုပ်ကြားထဲမှ ယုံဟဲဧကရာဇ်ကို တည့်တည့်ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်သည့်မြားတစ်စင်းလို ထိုဘုရားဖူး၏ ပါးစပ်မှ ချွဲပျစ်ပျစ်များ ပန်းထွက်လာ၏ ။