အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
Chapter 153+154
~
အခန်း ၁၅၃+၁၅၄
~
ခဏချင်းပင် သိုင်းသူတော်စင်၏ တိုက်ခိုက်မှူက ရောက်လာခဲ့သည် ။
ထွေးထုတ်လိုက်သော ချွဲများသာ ဖြစ်သော်လည်း အလွန်လျင်မြန်သော အရှိန်ဖြင့် ယုံဟဲဧကရာဇ်ထံသို့ အမြှောက်ဖြင့် ပစ်လိုက်သလို ပြေးဝင်လာ၏ ။
ပထမဆုံး တုန့်ပြန်လိုက်သူက စိတ်ဝိညာဥ်သန့်စင်ခြင်းကို အောင်မြင်ထားသော အစောင့်ချူးပင် ။
အန္တရာယ်အချက်ပေး ဆဋ္ဌမအာရုံကြောင့် သူ့တစ်ကိုယ်လုံးရှိ မွေးညှင်းများ ထောင်သွားပြီး ကြယ်ပျံလက်သိုင်းကို အသုံးပြု၍ ဓားပျံဖြင့် သိုင်းသူတော်စင် ထွေးထုတ်လိုက်သော ချွဲကို လှမ်းပစ်လိုက်၏ ။
တချိန်တည်းမှာပင် ရှေ့သို့တိုးလိုက်ပြီး ရပ်နေသော ယုံဟဲဧကရာဇ်ကို ဘေးသို့ တွန်းထုတ်လိုက်သည် ။
" စွပ်..."
ဓားပျံက ချွဲကို ထိမှန်သည်နှင့် ချက်ချင်းပင် တိုက်စားခံလိုက်ရပြီး အဖြူရောင်မီးခိုးငွေ့များထွက်လာကာ အောက်သို့ ပြုတ်ကျသွားသည် ။ ဓားပျံက အောက်သို့ ရောက်လျှင် လက်ကိုင်တစ်ဝက်သာ ကျန်ပေတော့သည် ။
" ဟားဟားဟား..သိုင်းသူတော်စင်.. မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့.. "
တာအိုကျင့်ကြံသူ ချီယန်နှင့် ချင်းယန်တို့သည် စိုးရိမ်စိတ်လုံးဝမရှိဘဲ ကျေနပ်အားရစွာ ရယ်မောလိုက်ကြသည် ။
" ဒီနေ့က ယုံဟဲ ဧကရာဇ် နတ်ဘုရားတွေကို ပူဇော်မယ့်နေ့ဖြစ်ပြီးတော့ သိုင်းသူတော်စင်လဲ ပေါ်လာတယ်ဆိုတော့ နှစ်ဆ ပျော်စရာကောင်းသွားတာပေါ့.. "
သူတို့နှစ်ယောက်သည် သိုင်းသူတော်စင် ပေါ်မလာမည်ကို စိတ်ပူနေခဲ့ကြ၏ ။
တာအိုကျင့်ကြံသူ ချီယန်က သူ၏ရှေ့ရှိနေရာလွတ်ကို လက်ဖြင့် ဖွဖွလေး တို့လိုက်ပြီး သင်္ကေတရေးဆွဲလိုက်ရာ အပြာရောင်မီးတောက်တစ်ခု ပေါ်ထွက်လာသည် ။
ချီယန်က သူ့လက်ကိုဆန့်ထုတ်လိုက်လျှင် ရွှေခေါင်းလောင်းလေးတစ်လုံးပေါ်လာပြီး လေထဲသို့ ရောက်လျှင် အရွယ်အစား ကြီးမားလာ၏ ။ ချက်ချင်းပင် အိမ်တစ်လုံးအရွယ်အစားအထိ ကြီးမားလာပြီး ပျံသန်းလာနေသော ချွဲကို ပိတ်ဆို့လိုက်သည် ။
" ဒေါင်..."
ချွဲသည် အပြာရောင်မီးလျှံကို ဖြတ်သန်းပြီး ရွှေခေါင်းလောင်းကို ထိမှန်သွားသည်နှင့် အက်ကွဲသံ အကျယ်ကြီးထွက်ပေါ်လာပြီး ရွှေခေါင်းလောင်းမှာ လွင့်ထွက်သွားပေသည် ။
ချီယန်၏ မျက်နှာက ပြောင်းလဲသွားပြီး သူ၏ လည်ချောင်းထဲတွင် ငန်ကျိကျိ သွေးအရသာကို ခံစားမိလိုက်၏ ။
မှော်လက်နက်တစ်ခုအား ထွေးထုတ်လိုက်သော ချွဲသလိတ်များကပင် ဖျက်ဆီးပစ်နိုင်သည်လော ။
ချီယန်သည် အံ့သြလွန်းသဖြင့် အာမေဠိသံပင် ထွက်သွားသည် ။
" လူသားတွေရဲ့ သိုင်းလောက ခေါင်းဆောင်.. "
" မင်းက သေမျိုးတွေနဲ့ ယှဥ်ရင် တကယ်အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ပဲ.. ကြည့်ရတာ ဒီဆယ်စုနှစ်တွေအတွင်း တိုးတက်မှု တစ်ခုခု ရှိခဲ့တယ်ထင်တယ်.. ဒါပေမဲ့ မင်းက နတ်ဆိုးလမ်းစဥ်ထဲ ကျရောက်သွားပြီဆိုတော့ ငါတို့ က ဖယ်ရှားပစ်ရတော့မယ်.."
ဤတာအိုဘုရားကျောင်းသည် ချင်းမင်တောင်းတန်းအဓိကတောင်ထိပ် ၏ အပြင်ဘက်အစွန်းတွင် တည်ရှိပေသည် ။
ချင်းမင်တောင်တန်း၏ နက်ရှိုင်းသော နေရာတစ်ခုတွင် ရွှမ်ထျန်းဂိုဏ်း၏ အဓိက ဂိုဏ်းမကြီး တည်ရှိပြီး ကျင့်ကြံသူများက ထိုနေရာတွင် နေထိုင်ကြသည် ။
ထို့ကြောင့် ချီယန်နှင့် ချင်းယန်တို့သည် အံ့သြသွားကြသော်လည်း ကြောက်ရွံ့ခြင်းမရှိ ။ ဤနေရာသည်ကား သူတို့၏ အိမ်ကွင်းပင် ဖြစ်ချေသည် ။ သူတို့နှစ်ယောက် မတက်နိုင်လျှင် နောက်ကွယ်ရှိ အကြီးအကဲများမှာ ဝင်ရောက်စွတ်ဖက်ကြပေမည် ။
ချောင်မူသည် ဘုရားဖူးလူအုပ်ကြားတွင် ရပ်နေပြီး သူ့အကြည့်က အနည်းငယ်စိတ်လှုပ်ရှားဟန် ပေါ်လွင်နေသည် ။
ယာယီခန့်အပ်ခြင်း ခံထားရသော လူသတ်သမားဖြစ်သဖြင့် လုပ်ကြံသတ်ဖြတ်မည့် အစီအစဥ်တစ်ခုလုံးကို မသိသလို သိုင်းသူတော်စင် ကိုယ်တိုင် ပါဝင်ခြင်းရှိမရှိကိုလည်း မသိခဲ့ပေ ။
သိုင်းသူတော်စင်ကဲ့သို့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တိုင်လှုပ်ရှားလိုက်လျှင် ရွှမ်ထျန်းဂိုဏ်း၏ ကျင့်ကြံသူများက အာရုံစိုက်လာကြမည်မှာ သေချာသလောက်ပင် ။
ထို့အပြင် ဤသည်က ရွှမ်ထျန်းဂိုဏ်း၏ အဓိက ဘုရားကျောင်းဖြစ်၍ ကျင့်ကြံသူများ မည်မျှပင် ပေါ့လျော့နေစေကာမူ ယုံဟဲဧကရာဇ်အား လုပ်ကြံနိုင်ရန် လွယ်မည်မဟုတ်ချေ ။
ထို့ကြောင့် သူတို့ လိုအပ်သည်မှာ အခွင့်အရေးတစ်ခုသာဖြစ်သည် ။
လွန်ခဲ့သော နှစ်လေးဆယ်က မျိုးနွယ်ခြားစစ်ပွဲတွင် သိုင်းသူတော်စင်အား အနိုင်ယူပြီး ကတည်းက ကျင့်ကြံသူများသည် သိုင်းလောကသားများ အပေါ်တွင် အထင်သေးခဲ့၏ ။
ဤ သည်က သူတို့အတွက် အခွင့်အရေးပင် ဖြစ်ပေသည် ။
သိုင်းသူတော်စင်သည် ကျင့်ကြံသူများ မျှော်လင့်မထားသော ခွန်အားဖြင့် ပေါ်လာပြီး ရှုပ်ထွေးနေချိန်တွင် ချောင်မူ လှုပ်ရှားရမည်ဖြစ်သည် ။
ဤအခွင့်အရေးသည် တစ်ကြိမ်သာ ရမည်ဖြစ်၍ ချောင်မူနှင့် သိုင်းသူတော်စင် နှစ်ယောက်လုံး အချိန်ကိုက်လှုပ်ရှားနိုင်မှသာ ရပေမည် ။
ထိုအခိုက်...
သက်တံ့ရောင်အလင်း ဆယ်ခုကျော်သည် ကောင်းကင်ယံ၌ ပေါ်ထွက်လာလေသည် ။ ထိုသူများသည် ရွှမ်းထျန်းဂိုဏ်း အဓိကဂိုဏ်းကြီးမှ ပျံသန်းလာကြသော ကျင့်ကြံသူများဖြစ်ပြီး တချို့က ဓားပျံပေါ်တွင် ရပ်နေကြကာ တချို့က ဘူးသီးသဏ္ဍာန် မှော်ရတနာပေါ်တွင် ထိုင်ကာ လူအုပ်ကြားတွင် ထင်ရှားနေသော သိုင်းသူတော်စင်အား ငုံ့ကြည့်နေကြသည် ။
သိုင်းသူတော်စင်က သူ၏ ဖြူဖွေးချွန်ထက်နေသော သွားဖြူဖြူ လေးများ ပေါ်လာအောင် ပြုံးလိုက်ပြီး...
" ငါက နတ်ဆိုးလမ်းစဥ်ကို ရောက်သွားပြီးဆိုတော့.. မင်းတို့က တရားမျှတတဲ့ အင်မော်တယ်လမ်းစဥ်က လူတွေပေါ့.. "
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြင်းထန်သော စုပ်အားတစ်ခုကို ဖန်တီးလိုက်လျှင် ပတ်ဝန်းကျင်ရှိ ကြွေကျနေသော သစ်ရွက်များက လေပေါ်သို့ ဝဲပျံလာကြသည် ။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖောင်းကားလာပြီး အမြင့် လေးမီတာသို့ပင် ကြီးမားလာ၏ ။ အချိုးအစားကျနပြီး တောင့်တင်းခိုင်မာသော ကြွက်သားများသည် နေရောင်အောက်တွင် သံမဏိတုန်းများအလား တောက်ပနေချေသည် ။
သိုင်းသူတော်စင်၏ ရှည်လျားသော ဆံပင်များက မီးခိုးရောင်နှင့် အဖြူရောင် ရောနှောနေပြီး ထူထဲစွာ ဖြာကျနေသောကြောင့် တိကျသောအသက်အရွယ်အားခန့်မှန်းရန် ခက်ခဲပေသည် ။
ယခုအချိန်တွင် ကျင့်ကြံသူများသည် လေပေါ်တွင် ပျံဝဲနေကြပြီး သိုင်းသူတော်စင်၏ ပုံရိပ်က မြေပြင်မှ တောင်ကြီး တစ်လုံးသဖွယ် ခန့်ညားထည်ဝါလျက်ရှိသည် ။
" နတ်ဆိုးဖြစ်ဖြစ် ..အင်မော်တယ် ဖြစ်ဖြစ်.. နောက်ဆုံး အနိုင်ရတဲ့ သူက အမှန်တရားပဲ.. "
သိုင်းသူတော်စင်က ကျယ်လောင်စွာအော်ဟစ်လိုက်သဖြင့် လေထုတုန်ခါသွားပြီး သူနှင့် သိပ်မဝေးသော စိတ်ညှို့ခံထားရသော ဘုရားဖူးများသည် ခေါင်းကိုအုပ်ကိုင်ကာ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေကြ၏ ။
" မင်းက အတော်လေး ရဲရင့်သားပဲ.. "
ချင်းယန်က အေးစက်စက် ပြုံးလိုက်ပြီး ပေါ့ပေါ့တန်တန် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည် ။
" ဝှစ်..."
ချင်းယန်၏ ဓားပျံသည် သိုင်းသူတော်စင်၏ ဦးခေါင်းထံသို့ အစိမ်းရောင် အလင်းတန်းအဖြင်ပြောင်းကာ တည့်တည့် ပျံသန်းသွားသည် ။
အင်မော်တယ် လမ်းစဥ်၏ အစွမ်းထက်ကျင့်ကြံသူများသည် ဓားပျံကို ထိန်းချုပ်၍ မိုင်တစ်ထောင်အကွာမှ ရန်သူကို ခေါင်းဖြတ်နိုင်သဖြင့် လက်နှင့်ခြေထောက်များသာ သုံးတက်သော သိုင်းပညာရှင်များကို လုံးဝ ထည့်မတွက်ကြချေ ။
သို့သော်လည်း အလင်းတန်းကျရောက်လာသည်နှင့် သိုင်းသူတော်စင်၏ ပုံရိပ်က မှုန်ဝါးသွား၏ ။
ချင်းယန်၏ ဓားသည် သိုင်းသူတော်စင်၏ ပုံရိပ်ကို ဖြတ်သန်းသွားသော်လည်း သွေးတစ်စက်မှ ထွက်မလာခဲ့ပေ ။
" ဟမ်.."
ချင်းယန်၏ အပြုံးက အနည်းငယ် တောင့်တင်းသွားသည် ။
နောက်တခဏအတွင်းမှာပင် ဓားပျံများသည် မိုးရေစက်များကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာပြီး သိုင်းသူတော်စင်ထံသို့ အဆက်မပြတ် ကျဆင်းလာသည် ။
ယခုအကြိမ်တိုက်ခိုက်သူမှာ တာအိုကျင့်ကြံသူ ချင်းယန်တစ်ယောက်ထဲ မဟုတ်တော့ ။
ရွှမ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများသည် သာမန်သိုင်းပညာရှင်များကို အထင်သေးကြသော်လည်း သိုင်းသူတော်စင်သည် သာမန်လူများကြားတွင် အံ့အားသင့်ဖွယ်ကျော်ကြားမှုရှိပြီး ကမ္ဘာ့ထိပ်တန်းသိုင်းပညာရှင်အဖြစ် သတ်မှတ်ခံထားရ၏။
သူ၏ ခွန်အား မည်သို့ပင်ရှိစေကာမူ ဤနေရာတွင် သတ်နိုင်ခဲ့လျှင် အောင်မြင်မှု တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပေလိမ့်မည် ။
" ဝှစ်..ဝှစ်..ဝှစ်..ဝှစ်.."
ဓားပျံများသည် လေထုကို ဖြတ်သန်း၍ ပျံသန်းလာကြသော်လည်း ရင်ပြင်တွင် နက်ရှိုင်းသော အပေါက်များသာ ထွင်းထုနိုင်ခဲ့သည် ။
ရွာကျလာသော ဓားမိုးကြားတွင် သိုင်းသူတော်စင်၏ ပုံရိပ်က မှုန်ဝါးဝါး ဖြင့် အဆက်မပြတ် ရှောင်တိမ်းနေပြီး ခြစ်ရာလေးပင် မထင်ခဲ့ချေ ။
' ဒါက စိတ်ဝိညာဥ်သန့်စင်ခြင်းကို အောင်မြင်ထားတဲ့ သိုင်းပညာရှင် တစ်ယောက်ရဲ့ ဆဋ္ဌမအာရုံလား.. '
ချောင်မူ တွေးလိုက်သည် ။ ဝူကျိအသင်းဝင်များထံမှ သိုင်းသူတော်စင်၏ မကြုံစဖူး စိတ်ဝိညာဥ်သန့်စင်ခြင်း အောင်မြင်မှု အကြောင်းကို သူ ကြားဖူးပေသည် ။
ချောင်မူသည် သိုင်းသူတော်စင်နှင့် တိုက်ခိုက်ခဲ့စဥ်က မည်သို့ပင် ကြိုးစားစေကာမူ လက်ညှိုးတစ်ချောင်းကို မကျော်လွန်နိုင်ခဲ့ချေ ။
ယခု ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာ၌ပင် ဤမျှအထိ ကြမ်းတမ်းနေမည်ဟု သူ ထင်မထားခဲ့ ။ သိုင်းသူတော်စင်၏ ပုံရိပ်က ဓားမိုးများ ကြားမှပင် ရှေ့သို့ တဖြည်းဖြည်းချင်း ဆက်တိုးလာခဲ့သည် ။
" သိုင်းသူတော်စင်ပဲ.. "
အစောင့်ချူးက စောင့်တွန်းလိုက်သဖြင့် လဲကျသွားသော ယုံဟဲဧကရာဇ်သည် မတ်တပ်ပြန်ရပ်လိုက်၏ ။
သိုင်းသူတော်စင် ၏ လုပ်ရပ်ကြောင့် သူခံစားနေရသော ဖိအားမှာ လျော့ပါးသွားပြီး စိတ်သက်သာယာ ရသွား၏ ။
' သိုင်းသူတော်စင်က ငါ့ကို သတ်ဖို့ လာတာလား.. '
ယုံဟဲဧကရာဇ်သည် ပျံသန်းလာသော ချွဲကို သထိထားလိုက်မိသော်လည်း သူ၏ အမူအရာက စိတ်ရှုပ်ထွေးနေလေ၏ ။
' သိုင်းသူတော်စင်က တချိန်တုန်းက ယန်နန်းတော်ရဲ့ စစ်သူကြီး တစ်ယောက်ပဲ.. '
' သူ ပုန်းကွယ်နေတာ နှစ်လေးဆယ် ရှိသွားပေမဲ့ ရွှမ်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ယှဥ်နိုင်ပါ့မလား.. နှမြောစရာပဲ.. '
" ရွှေခေါင်းလောင်းကို ဖျက်ဆီးရဲတယ့် နတ်ဆိုး.. သေလိုက်စမ်း.."
ချင်းယန်က ကြုံးဝါးပြီး လက်ဟန်ပြုလုပ်လိုက်လျှင် သိုင်းသူတော်စင်၏ ဘေးနားမှ ဖြတ်သန်းသွားသော ဓားပျံက ရုတ်တရက် ကွေ့သွားပြီး သိုင်းသူတော်စင်၏ နောက်ကျောသို့ ထိုးဖောက်ဝင်ရောက်သွားသည် ။
" သတ်လိုက်တော့.. သူက သာမန်သေမျိုးပါပဲ .."
စိတ်တည်ငြိမ်သွားသော ချီယန်က ပြောလိုက်သည် ။
" စိတ်ဝိညာဥ် သန့်စင်ခြင်းကို အောင်မြင်ပြီးတဲ့ သိုင်းပညာရှင်တွေက အသေးစား တယ်လီပို့ လုပ်နိုင်ပေမဲ့ သူတို့ခန္ဓာကိုယ်က သေမျိုးပဲလေ.. ဓားပျံကို ခံနိုင်ရည် မရှိကြဘူး.. "
" သူတို့ တစ်ခါ အမှားလုပ်မိတာနဲ့ သေပြီပဲ.. "
သူနှင့် ချင်းယန်တို့သည် ဘုရားကျောင်း၏ အဓိကခန်းမတွင် ကမ္မည်းပြားများ ထားခွင့်ရကြပြီး အဆင့်အနိမ့်ဆုံး ပင်ဖြစ်သည် ။ သူတို့နှစ်ယောက်ပင် ဂိုဏ်း၏ အစေခံများသာ ဖြစ်ကြပြီး အစစ်အမှန်အကြီးအကဲများ မဟုတ်ကြပေ ။
သို့သော်လည်း သာမန်လူများ၏ အမြင်တွင်မူ သူတို့နှစ်ယောက်သည် အင်မော်တယ် နတ်ဘုရားများဖြစ်ကြပေသည် ။
သိုင်းသူတော်စင်နှင့် ရင်ဆိုင်ရာတွင် အရေးနိမ့်နေပါက အင်မော်တယ်ဂိတ်၏ သိက္ခာက လျော့ပါးသွားပေတော့မည် ။
သို့ရာတွင် ဓားပျံကို ထိန်းချုပ်နေသော ချက်းယန်၏ အမူအရာက တောင့်တင်းသွားသည် ။ သူ မကောင်းသော ခံစားချက်တစ်ခု ရလိုက်၏ ။ သိုင်းသူတော်စင်၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိနေသော သူ၏ ဓားပျံနှင့် အဆက်အသွယ် ပြတ်သွားချေပြီ ။
' ငါ့ဓားက သိုင်းသူတော်စင်ကို ထိပြီးသွားပြီမလား ဘာလို့.. '
ထိုတခဏအတွင်းမှာပင် သိုင်းသူတော်စင်က သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး နောက်ထပ် ဓားပျံတစ်ချောင်းကို ကိုက်လိုက်သည် ။
" ဂျွက်.."
ဓားပျံက ချက်ချင်း တစ်စဆီ ဖြစ်သွားပြီး သိုင်းသူတော်စင်က မျိုချလိုက်၏ ။
" ဒါဘယ်လို နတ်ဆိုးလဲ ..သေမျိုးမှ ဟုတ်ရဲ့လား.. "
ကျင့်ကြံသူများ အံ့သြနေသည့်အခိုက် သိုင်းသူတော်စင်၏ ခါးနေရာရှိ အသားများမှာ တွန့်လိမ်လာပြီး ဓားတစ်ချောင်း ပေါ်ထွက်လာသည် ။
" ဝှစ်..."
သိုင်းသူတော်စင်က သူ့ခါးကို ဆန့်တန်းလိုက်လျှင် ကြွက်သားများက တုန်ခါသွားပြီး အသားများဖုံးလွှမ်းနေသော ဓားပျံက သွေးရောင်အလင်းတန်းအဖြစ် ပြောင်းကာ ပျံသန်းသွားသည် ။
" ဟမ်.."
ချီယန်က သူ့နောက်သို့ လှည့်ကြည့်လိုက်လျှင် သူ့စိတ်ကို နက်နက်ရှိိုင်းရှိုင်း တုန်လှုပ်စေသည့် မြင်ကွင်းကို မြင်လိုက်ရ၏ ။
သူ၏ ဂျူနီယာ ဖြစ်သူ ချင်းယန်အား ဓားပျံထိမှန်သွားပြီး ခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေသည် ။
ထို့နောက် ဦးခေါင်းမဲ့ ခန္ဓာကိုယ်သည် ရင်ပြင်အတွင်းသို့ ပြုတ်ကျလာသော စွန်တစ်ခုသဖွယ် ကျဆင်းသွားသည် ။
ဆူညံနေသော ဘုရားကျောင်းရင်ပြင်သည် ရုတ်ချည်း တိတ်ဆိတ်သွားချေသည် ။
" စီနီယာ ချင်းယန် သေသွားတာလား .."
ကျင့်ကြံသူများနှင့် ဘုရားဖူးများ အားလုံး တုန်လှုပ်သွားကြသည် ။
ဤနှစ်လေးဆယ်အတွင်း ကျင့်ကြံသူများ ထိခိုက်ဒဏ်ရာ ရသည်မျိုး ရှိခဲ့သော်လည်း ထိုသည်က ကျင့်ကြံသူအချင်းချင်း တိုက်ပွဲ ဖြစ်ခြင်းကြောင့်ပင် ။
ဤသည်က သိုင်းပညာရှင် တစ်ယောက်ကြောင့် ကျင့်ကြံသူသေဆုံး ရခြင်းမှာ လူသိရှင်ကြား ပထမဆုံး အကြိမ်ပင်ဖြစ်သည် ။ ကျင့်ကြံတစ်ယောက်သည် ပုရွတ်ဆိတ်တစ်ကောင်ကြောင့် သေဆုံးခဲ့ရလေပြီ ။
ချင်းယန်သည် အကာအကွယ်ရတနာကိုပင် အသက်သွင်းချိန် မရလိုက်ပေ ။ ဖြစ်ပျက်သွားသည်က ရုတ်ချည်းနိုင်လွန်းလှသဖြင့် ချီယန်တို့ ကျင့်ကြံသူများ နှလုံးသားတစ်ခုလုံး မငြိမ်မသက် ဖြစ်ကုန်ကြသည် ။
" ကမ္မည်းပြားပေါ်က အင်မော်တယ်က ဒီလိုပဲ သေသွားတာလား.. "
စိတ်အာရုံ ပျောက်ရှနေသော ဘုရားဖူးများ၏ အမူအရာများမှာ ပြောင်းလဲ လာကြပြီး မငြိမ်မသက်ဖြစ်လာကြ၏ ။
" အချိန်တန်ပြီ.."
ထိုအခိုက် ချောင်မူအပါအဝင် ဝူကျိအသင်း၏ လုပ်ကြံသတ်ဖြတ်သူများသည် အရပ်လေးမျက်နှာမှ ယုံဟဲဧကရာဇ်ထံသို့ ရဲဝင့်စွာ ပြေးဝင်သွားကြသည် ။
ဝူကျိအသင်းတွင် မိုမင်ကျိ ကဲ့သို့ သစ္စာရှိ နောက်လိုက်များစွာ ကျန်နေသေးပြီး သိုင်းသူတော်စင်အား မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားကြဆဲပင် ။
သိုင်းသူတော်စင်သည် ယခုအချိန်တွင် သူ့ကိုယ်သူ ဖုံးကွယ်ထား၍မရတော့ပေ။ ယပ်တောင်ကဲ့သို့သော လက်ကြီးတစ်ဖက်ဖြင့် သူ့ပတ်လည်ရှိ ပျံသန်းနေသော ဓားများကို ရိုက်ထုတ်ဖယ်ရှားလိုက်သည်။ သူ ဒူးကို အနည်းငယ်ကွေးလိုက်ရာ သူ့ခြေထောက်အောက်ရှိ မြေပြင်တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်ကို ခန်းမဝင်ပေါက်ရှိ ယုံဟဲဧကရာဇ်ထံသို့ အမြောက်ဆန်ကဲ့သို့ ပစ်လွှတ်လိုက်သည် ။
" အားကောင်းတဲ့ သူတွေက အင်မော်တယ် ဖြစ်လာပြီး အားနည်းတဲ့ သူတွေက နတ်ဆိုး ဖြစ်လာကြတယ်.. "
သိုင်းသူတော်စင်က ဒေါသတကြီး ကျုံးဝါးလိိုက်ပြီး သူ၏ ထူထဲသော ဆံနွယ်များက လေထဲတွင် လွင့်မျောနေချေသည် ။