← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

Chapter 155+156

~

အခန်း ၁၅၅+၁၅၆

~

" သတ်ကြစမ်း.. "

ထိုအခိုက်တွင် ဝူကျိအသင်းမှ လုပ်ကြံသတ်ဖြတ်သူ များသည် သိုင်းသူတော်စင်နှင့် ဟန်ချက်ညီညီ ပူးပေါင်း လှုပ်ရှားလာကြတော့သည် ။

ချင်းယွင်ဘုရားကျောင်းသည် အင်မော်တယ်ဂိတ်အတွက် အလွန်အရေးပါသော နေရာဖြစ်ရာ ဤစစ်ဆင်ရေးတွင် ပါဝင်ဝံ့ကြသော ဝူကျိအသင်းဝင်များမှာ မိမိတို့အသက်ကို ပဓာနမထားသူများသာ ဖြစ်ကြ၏ ။ မိုမင်ကျိကဲ့သို့ သိုင်းသူတော်စင်ကို ကြည်ညိုလွန်းသူများ သို့မဟုတ် ချောင်မူကဲ့သို့ သေခြင်းတရားကို ရင်ဆိုင်ရန် ဝန်မလေးသူများသာ ဖြစ်ကြပေသည် ။ ထိုကဲ့သို့သော လူမျိုးမှာ ဝူကျိအသင်းအတွင်း၌ပင် အလွန်နည်းပါးလှ၏ ။

ရွှမ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူ ချင်းယန်၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီး ကောင်းကင်ယံထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ရင်ထဲတွင် နှစ်ပေါင်းများစွာ အကျိတ်အခဲဖြစ်ခဲ့ရသော ဒေါသအာဃာတများမှာ ရုတ်ချည်းပင် ပြေလျော့သွားကြတော့သည် ။

" ဒါဟာ သိုင်းပညာရဲ့ အစွမ်းပဲ .."

" သိုင်းသူတော်စင်က အခုခေတ်ရဲ့ သိုင်းလောကခေါင်းဆောင်ပဲ.. သိုင်းလောကရဲ့ အသန်မာဆုံးလူပဲ.. တစ်နေ့ကျရင် မင်းတို့ကို ကောင်းကင်ဘုံကနေ ဆွဲချနိုင်လိမ့်မယ်.. "

" ငါတို့နိုင်ရင် သိုင်းပညာဟာ ထာဝရရှင်သန်ခြင်းဆီ သွားတဲ့လမ်းပဲ.. အမွှေးတိုင်တွေရဲ့ စွမ်းအားကို လုယူပြီး သက်ရှိသတ္တဝါတွေကို ယဇ်ကောင်လို သဘောထားတဲ့ မင်းတို့ကမှ နတ်ဆိုးလမ်းစဉ်ပဲ.. "

ဝူကျိအသင်းမှ သိုင်းသမားများစွာမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြတော့သည် ။ လုပ်ကြံသတ်ဖြတ်သူတစ်ဦးအတွက် ဤကဲ့သို့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းမှာ တာဝန်ပျက်ကွက်ခြင်းပင် ဖြစ်၏ ။ သို့သော် သူတို့မှာ မူလကတည်းက စစ်မှန်သော လုပ်ကြံသတ်ဖြတ်သူများ မဟုတ်ခဲ့ကြသဖြင့် ယခုအချိန်တွင် မျက်နှာများ နီမြန်းကာ သွေးများ ပွက်ပွက်ဆူလျက် ရှိနေကြတော့သည် ။

ဝူကျိအသင်းမှ လူများသာမက ဧကရာဇ်၏ ကိုယ်ရံတော် ချူးရှင်းပင်လျှင် မသိမသာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏ ။ ဧကရာဇ်ဘေးမှ အစောင့်အရှောက်ဖြစ်သည့်အတွက် သိုင်းသူတော်စင်ကို ပုန်ကန်သူ လူဆိုးတစ်ယောက်အဖြစ် ရှုမြင်ရမည်ဖြစ်သော်လည်း ထိုသိုင်းသူတော်စင်က ထုံးတမ်းစဉ်လာများကို ဆန့်ကျင်လျက် ချင်းယန်အင်မော်တယ်ကို ကောင်းကင်ယံ၌ပင် သတ်ပစ်လိုက်သည်ကို မြင်ရသောအခါ သူ၏ရင်ထဲတွင် အမည်မသိသော စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာသည် ။

သိုင်းသူတော်စင်..

သူ၏ စရိုက်နှင့် အပြုအမူက မည်သို့ပင်ရှိစေကာမူ သူသည် သိုင်းလောက၏ ခေါင်းဆောင်သာ ဖြစ်သည် ။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်အတွင်း သာမန်သိုင်းသမားတစ်ဦး၏ လက်ချက်ဖြင့် ပထမဆုံးအကြိမ် စစ်မှန်သော အင်မော်တယ်တစ်ဦး သေဆုံးသွားခြင်းပင် ဖြစ်၏ ။ သူသည် မိမိ၏ ကိုယ်ပိုင်ခွန်အားဖြင့် ကျင့်ကြံသူများနှင့် သာမန်လူသားများကြားရှိ စည်းကို ချိုးဖျက်ပြလိုက်ခြင်းပင် ။

ယနေ့မှစ၍ သိုင်းပညာဖြင့် အင်မော်တယ်ကို အနိုင်ယူခြင်းမှာ လက်တွေ့မကျသော စိတ်ကူးယဉ်မှု မဟုတ်တော့ပေ ။ နောင်တစ်ချိန်တွင် သာမန်သိုင်းသမားများသည်လည်း ကောင်းကင်ယံရှိ ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်ပေလိမ့်မည် ။

" ဂျောက်.. ဂျောက် "

ကြည်လင်ပြတ်သားသော အက်ကွဲသံကြီး ပေါ်ထွက်လာသဖြင့် လူများစွာ လှည့်ကြည့်လိုက်ကြသည် ။ ခန်းမကြီး၏ ထောင့်တွင်ရှိသော ချင်းယန်အင်မော်တယ် ၏ ရုပ်တုကြီးမှာ ဂရုဏာသက်ဟန်ဖြင့် ရှိနေဆဲဖြစ်သော်လည်း ယခုအခါ ခေါင်းပိုင်းမှစ၍ အက်ကြောင်းကြီး ထင်နေချေပြီ ။

ဧကရာဇ် ယုံဟဲသည် ထိုမြင်ကွင်းကို ကြည့်ရင်း အကြည့်များ ရုတ်ချည်းပင် ဝေဝါးလာသည် ။ သူ၏ရှေ့တွင် အက်ကွဲနေသော ချင်းယန်ရုပ်တုရှိနေပြီး သူ၏နောက်တွင်မူ သူ၏အသက်ကို ယူရန် တဟုန်ထိုး ပြေးဝင်လာသော သိုင်းသူတော်စင် ရှိနေပေသည် ။ ထိုစက္ကန့်ပိုင်းအတွင်း သူ၏နှလုံးသားမှာ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွား၏ ။

' သာမန်သိုင်းသမားတစ်ယောက်က အင်မော်တယ်တွေကို ဆန့်ကျင်နိုင်တာလား ..'

' ဒါက တကယ်ဆိုရင်.. ငါ အခုထိ သည်းခံခဲ့တာတွေ.. ရွေးချယ်ခဲ့တာတွေက မှားနေခဲ့တာလား ..'

သူက သိုင်းသူတော်စင်ကို တွေဝေစွာ ငေးကြည့်နေမိပြီး စိတ်ထဲမှ လွမ်းဆွတ်စွာ သက်ပြင်းချလိုက်သည် ။

'ဒီသိုင်းသူတော်စင်ဟာ တစ်ချိန်တုန်းက မဟာယန်အင်ပါယာရဲ့ စစ်သူကြီးတစ်ဦး ဖြစ်ခဲ့ဖူးတာပဲ..'

" ဒိုင်း.. "

သိုင်းသူတော်စင်သည် ခန်းမအဝင်ရှိ ကြေးအိုးကြီးကို လက်သီးဖြင့် ဝှေ့ယမ်းပစ်လိုက်ရာ အလွယ်တကူပင် လဲကျသွားတော့သည် ။ ပြာများနှင့် ဖုန်မှုန့်များ နေရာအနှံ့ ပျံ့လွင့်သွားသော်လည်း သိုင်းသူတော်စင်၏ အရှိန်မှာ အနည်းငယ်မျှ လျော့ကျမသွားချေ ။ သူ၏လမ်းတွင် ပိတ်ဆို့နေသမျှ အရာအားလုံးမှာ မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်သော လက်သီးချက်များအောက်တွင် ပျက်စီးသွားတော့သည် ။

အောင်မြင်မှုနှင့် ရှုံးနိမ့မှုမှာ ဤတစ်ချက်တည်းပေါ်တွင်သာ မူတည်ပေတော့မည် ။

ဤကျောင်းတော်မှာ ရွှမ်ထျန်းဂိုဏ်း၏ ဌာနချုပ်နှင့် အနီးဆုံးနေရာတွင် ရှိသဖြင့် ရွှမ်ထျန်းဂိုဏ်း၏ အိမ်ကွင်းဟုပင် ဆိုနိုင်ပေသည် ။ ကျင့်ကြံသူများ၏ အရေအတွက်နှင့် စွမ်းအားမှာ ဝူကျိအသင်းထက် သာလွန်နေမည်မှာ ဧကန်ဖြစ်သဖြင့် သူ၏အခွင့်အရေးမှာ ယခုအချိန် ခဏအတွင်းသာ ရှိချေမည် ။

ချောင်မူကမူ ဝူကျိအသင်းဝင်များကဲ့သို့ စိတ်လှုပ်ရှားမနေဘဲ တည်ငြိမ်စွာ ရှိနေ၏ ။ သိုင်းသူတော်စင်အပေါ် သူ မျှော်လင့်ချက်မထားသော်လည်း ဤသိုင်းလောကခေါင်းဆောင်၏ စွမ်းအားနှင့် ဩဇာမှာ သူ၏စိတ်ကို လှုပ်ခတ်သွားစေခဲ့သည်မှာ အမှန်ပင် ။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကောင်းကင်ယံရှိ တာအိုကျင့်ကြံသူချီယန် ဦးဆောင်သော ကျင့်ကြံသူများသည် ချင်းယန်သေဆုံးသွားမှုကို မယုံကြည်နိုင်လောက်အောင် တုန်လှုပ်နေကြသည်ကို တွေ့လိုက်ရသည် ။ ချီယန်၏ မျက်နှာမှာ ဖြူလျော့သွားပြီး ခန္ဓာကိုယ်မှာ သက်တံရောင်အဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည် ။

သို့သော်.. ထိုကျင့်ကြံသူများသည် အံ့အားသင့်နေကြသော်လည်း ထိတ်လန့်တုန်လှုပ်နေပုံ မရချေ ။ ချောင်မူ၏ စိတ်ထဲတွင် မတင်မကျဖြစ်လာပြီး ရွှမ်ထျန်းဂိုဏ်း ခန်းမကြီးရှိရာသို့ လှည့်ကြည့်လိုက်မိသည် ။ ချင်းယန်ရုပ်တုမှာ အက်ကွဲပျက်စီးသွားသော်လည်း ခန်းမအတွင်း၌ အင်မော်တယ်ရုပ်တု တစ်ရာခန့် ကျန်ရှိနေသေး၏ ။ ခွန်အားကြီးမားသော ရွှမ်ထျန်းအင်မော်တယ် ဦးဆောင်သည့် ရုပ်တုများသည် ချင်းယန်သေဆုံးမှုကြောင့် မည်သို့မျှ ခံစားချက်မရှိသည့်အလား ဂရုဏာသက်ဟန်နှင့် လောကကြီးအား အထက်ဆီးမှ ငုံ့ကြည့်နေဟန်များဖြင့် ရှိနေဆဲပင် ။

ခေါင်းဆောင်ဖြစ်သူ ရွှမ်ထျန်းအင်မော်တယ်၏ ဘေးရှိ ထျန်းရှင်းအင်မော်တယ် ရုပ်တုမှာမူ ရုတ်တရက် မျက်လုံးများ လှုပ်ရှားလာပြီး ချဉ်းကပ်လာသော သိုင်းသူတော်စင်နှင့် လူအုပ်ကြီးကို ငုံ့ကြည့်လိုက်တော့သည် ။

ထိုခဏ၌ပင် လေပြင်းများ တိုက်ခတ်လာ၏ ။ ပြင်းထန်သော တောင်ပေါ်လေများကြောင့် ချောင်မူနှင့် ဧကရာဇ် ယုံဟဲတို့ပင် ဟန်ချက်ပျက်ကာ လွင့်ထွက်လုမတတ် ဖြစ်သွားသည် ။ ရုတ်တရက်ဆိုသလိုပင် မိုးကောင်းကင်ကြီးမှာ မှောင်အတိ ကျသွားတော့သည် ။ လွန်ခဲ့သော တစ်ခဏကပင် နေသာပြီး တိမ်ကင်းစင်နေသော်လည်း ယခုအခါတွင်မူ မည်းမှောင်နေသော တိမ်တိုက်ကြီးများမှာ မြေပြင်ကို အုပ်စိုးရန် ရောက်ရှိလာကြချေပြီ ။

ချောင်မူ မော့ကြည့်လိုက်ရာ လှိမ့်တက်လာသော တိမ်တိုက်မည်းကြီးများသည် မြေပြင်နှင့် အလွန်နီးကပ်နေသဖြင့် ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား ခံစားလိုက်ရသည် ။ ဝဲဂရက်သဏ္ဌာန် တိမ်တိုက်များသည် သွန်းလောင်းတော့မည့် သမုဒ္ဒရာကြီးနှင့်ပင် တူလှချေသည် ။

" သေမျိုးလောကက သိုင်းသမားတစ်ယောက်ဖြစ်တဲ့ မင်းဟာ ကြီးမားတဲ့ ​အပြစ်တစ်ခုကို လုပ်လိုက်ပြီ .."

ရုတ်တရက် ဝေးကွာသော နေရာတစ်ခုမှ ပဲ့တင်ထပ်နေသောအသံကြီးမှာ လေထုထဲတွင် ဟိန်းထွက်လာ၏ ။ ထိုအသံမှာ ပြင်းထန်သော လေမုန်တိုင်းထဲမှ ထွက်ပေါ်လာသကဲ့သို့ ရှိသော်လည်း မြင့်မြတ်သော ကောင်းကင်ဘုံမှ လာသည်နှင့်လည်း တူပေသည် ။ ထိုခဏတွင် ကိုယ်ရံတော်ချူးနှင့် ဝူကျိအသင်းဝင်များ အပါအဝင် လူတိုင်းမှာ ဖော်ပြ၍မရသော ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည် ။ ထိုက်ရှန်းတောင်ကြီး ကောင်းကင်မှ ပြိုကျလာသကဲ့သို့ လေးလံသော ဖိအားကြီးက သူတို့ကို ဖိနှိပ်ထားတော့သည် ။

လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်မည်းများကို ဝဲဂရက်တစ်ခုအဖြစ် ဖန်တီးလိုက်ရာ အလယ်တွင် ဟာလာဟင်းလင်း ဖြစ်နေသော နေရာကြီးနှစ်ခု ပေါ်ထွက်လာသည် ။ မဟုတ်ပေ.. ဤသည်မှာ ဟာလာဟင်းလင်းနေရာ မဟုတ်သကဲ့သို့ မုန်တိုင်းမျက်စိလည်း မဟုတ်ချေ ။ ၎င်းတို့မှာ လောကကြီးကို ငုံ့ကြည့်နေသော မျက်လုံးတစ်စုံသာ ဖြစ်သည် ။

မိုးကုပ်စက်ဝိုင်းရှိ တိမ်တိုက်မည်းများသည် တောင်တန်းကြီးများပမာ မြင့်မားသော မျက်နှာကြီးတစ်ခုအဖြစ် ပေါ်ထွက်လာပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားတော့သည် ။

ချောင်မူ၏ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထလာ၏ ။ ဤမျက်နှာကို သူ သိသည် ။ ဝူချင်းရှင်း၏ မီးရှို့သတ်ခြင်းကို ခံရကတည်းက သူသည် ကျောင်းတော်ရှိ ရွှမ်ထျန်းဂိုဏ်းမှ အင်မော်တယ်များ၏ အမည်ကို မှတ်သားထားခဲ့သည် ။ ကောင်းကင်ယံမှ မျက်နှာကြီးမှာ ရွှမ်ထျန်းအင်မော်တယ်၏ ဘေးရှိ ထျန်းရှင်းအင်မော်တယ်နှင့် တူလှပေသည် ။ သာမန်လူတို့ အဆိုအရ မိုးကြိုးပြစ်ဒဏ်ကို စီရင်သော နတ်မင်းပင် ဖြစ်၏ ။

ကောင်းကင်ပြစ်ဒဏ်ဟူသည်မှာ ကောင်းကင်ဘုံကိုယ်စား တရားစီရင်ခြင်းပင် ။

တိမ်တိုက်ထဲမှ မျက်နှာကြီးက ငုံ့ကြည့်နေစဉ်.. ပြင်းထန်သော မုန်တိုင်းကြီးမှာ တိုက်ခတ်လာရာ ဝူကျိအသင်းမှ သိုင်းသမားများ မည်မျှပင် ကြိုးစားစေကာမူ နီးကပ်လှသော အကွာအဝေးကိုပင် ဖြတ်ကျော်နိုင်ခြင်း မရှိတော့ချေ ။ ဧကရာဇ် ယုံဟဲ၏ ရှေ့တွင် မမြင်ရသော မုန်တိုင်းစည်းတံတိုင်းကြီး ရှိနေသကဲ့သို့ သူတို့ ပစ်လွှတ်လိုက်သော လက်နက်ပုန်းများနှင့် ဓားများမှာ ထိုစည်းကို မကျော်နိုင်ဘဲ အမှုန့်ဖြစ်သွားသည် ။

ကျင့်ကြံသူများ ချထားသော အတားအဆီးများကို အလွယ်တကူ ချိုးဖျက်နိုင်သည့် သိုင်းသူတော်စင်ပင်လျှင် ယခုအခါတွင်မူ မမြင်ရသော ရွှံ့နွံထဲသို့ ကျရောက်သွားသကဲ့သို့ သူ၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားရှာသည် ။

" အကြီးအကဲ ထျန်းရှင်းပါလား .."

တာအိုကျင့်ကြံသူချီယန်သည် ယခုမှပင် သက်ပြင်းချနိုင်တော့၏ ။

" အကြီးအကဲ ထျန်းရှင်းက ဂိုဏ်းရဲ့ ပြစ်ဒဏ်စီရင်ရေးကို တာဝန်ယူရတဲ့သူပဲ.. စိတ်တိုလွယ်ပေမဲ့ သူရဲ့စွမ်းအားကတော့ သံသယဖြစ်စရာ မလိုဘူး .."

" ဧကရာဇ် ယုံဟဲရဲ့ ပူဇော်ပွဲက အင်မော်တယ်ဂိတ်အတွက် အရမ်းအရေးကြီးတာဆိုတော့ အကြီးအကဲတွေ ကိုယ်တိုင် စောင့်ကြည့်နေကြတာပေါ့.. "

တိမ်တိုက်များ၏ အထက်တွင်မူ.. ရွှမ်ထျန်းဂိုဏ်းမှ အကြီးအကဲ များသည် ကျောင်းတော်အတွင်းရှိ မြင်ကွင်းကို ငုံ့ကြည့်နေကြ၏ ။ အစမှအဆုံး သူတို့၏ မျက်နှာထားမှာ များစွာပြောင်းလဲခြင်းမရှိသော်လည်း သိုင်းသူတော်စင်က တာအိုကျင့်ကြံသူချင်းယန်ကို သတ်လိုက်ချိန်တွင်မူ အချို့သော အကြီးအကဲများ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာသည် ။

အင်မော်တယ်ဂိတ်၏ အကြီးအကဲများအနေဖြင့် ငယ်သားများ၏ အလုပ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသော်လည်း ယခုအခါ ချင်းယန် သေဆုံးသွားပြီဖြစ်ရာ အခြေအနေမှာ ပြောင်းလဲသွားချေပြီ ။

" ထျန်းရှင်း.. မင်းပဲ လုပ်လိုက်ပါတော့.. မင်းရဲ့ မိုးကြိုးငါးသွယ်ကျင့်စဥ်က ဒီလိုအခြေအနေမျိုးအတွက် အသင့်တော်ဆုံးပဲ.. "

အကြီးအကဲ စွန်းက မျက်လုံးကို တဝက်မှိတ်လျက် ပြောလိုက်သည် ။

" ချင်းယန်က အပြင်စည်းတပည့် တစ်ယောက်ပဲ ဆိုပေမဲ့ သူသေတာက သေမျိုးလောကမှာရှိတဲ့ ငါတို့အင်မော်တယ်ဂိတ်ရဲ့ ကိစ္စပဲ ဖြစ်သွားပြီ.. "

" ဒါဟာ ငါတို့ရွှမ်ထျန်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်.. သိုင်းသူတော်စင်ကို ကြီးမားတဲ့ စွမ်းအားနဲ့ မြန်မြန်ဆန်ဆန် ရှင်းပစ်ရမယ် .."

ချီယန်နှင့် ချင်းယန်တို့မှာ အကြီးအကဲစွန်း၊ အကြီးအကဲထျန်းရှင်းတို့နှင့် ခန်းမတစ်ခုတည်းတွင် ရှိနေသော်လည်း အဆင့်အတန်းမှာမူ ကွာခြားလှပေသည် ။ ဂိုဏ်းချုပ် ရွှမ်ထျန်းအင်မော်တယ်သည် အင်မော်တယ်များအကြား ဧကရာဇ်ဖြစ်လျှင် ချီယန်နှင့် ချင်းယန်တို့မှာ တာဝန်ထမ်းဆောင်နေရသည့် အောက်ခြေအရာရှိငယ်များသာ ဖြစ်ကြ၏ ။

ကျင့်ကြံသူတစ်ဦးအနေဖြင့် သူတို့သည် သာမန်လူသားများထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် အကြီးအကဲများ၏ အမြင်တွင် သေမျိုးလောကကို ထိန်းချုပ်ရန် လုံလောက်သည်ဟု ယူဆထားကြသည် ။ သူတို့၏ တည်ရှိမှုမှာ သေမျိုးလောက၌ အင်မော်တယ်ဂိတ်၏ ဩဇာကို ဖော်ဆောင်ခြင်းပင် ။ အကယ်၍ သူတို့သည် ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ရင်း သေဆုံးခဲ့လျှင် ကိစ္စမရှိသော်လည်း သာမန်လူသားတစ်ဦး၏ လက်ချက်ဖြင့် မည်သို့မျှ မသေဆုံးစေရ ။ သို့မဟုတ်ပါက ရွှမ်ထျန်းဂိုဏ်းမှာ ကျန်ရှိသော အင်မော်တယ်ဂိတ် ရှစ်ခု၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည် ။ အခြေအနေမှာ ဤသို့ဖြစ်လာပြီဖြစ်ရာ အင်မော်တယ်နှင့် လူသားကြားရှိ စည်းကို ကျော်လွန်၍မရဟူသော သံမဏိစည်းကမ်းကို လူသားတို့၏ နှလုံးသားထဲတွင် စွဲထင်သွားအောင် အထိရောက်ဆုံး နည်းလမ်းဖြင့် ပြသရန်သာ ရှိပေတော့သည် ။

ထိုအခိုက်တွင်.. ကောင်းကင်ယံမှ တိမ်တိုက်မျက်နှာကြီးမှာ သေမျိုးလောက၏ သိုင်းသူတော်စင်ကို ငုံ့ကြည့်လိုက်သည် ။

" လူသားတစ်ယောက်ဖြစ်လျက် အင်မော်တယ်ကို သတ်ဝံ့တဲ့သူဟာ မိုးကြိုးငါးသွယ် ပြစ်ဒဏ်ကို ခံယူရမယ်.. ရုပ်ခန္ဓာရော ဝိညာဉ်ပါ ပြာဖြစ်သွားစေရမယ် .."

သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ နားကွဲလုမတတ် ဟိန်းထွက်လာ၏ ။ စကားအဆုံး၌.. အဆုံးမရှိသော လျှပ်စီးတန်းကြီးများသည် တိမ်တိုက်မည်းများကို ထိုးဖောက်ကာ တောက်ပသော ဓားသွားများကဲ့သို့ ကျဆင်းလာတော့သည် ။ တခဏချင်းမှာပင် သိုင်းသူတော်စင်၏ ခန္ဓာကိုယ်မှာ လျှပ်စစ်အလင်းတန်းများကြားတွင် မြုပ်ဝင်သွားတော့ရာ လူများမှာ မျက်စိပင် မဖွင့်နိုင်ကြတော့ချေ ။ ကျောင်းတော်အတွင်းရှိ လူများနှင့် ဝူကျိအသင်းဝင် အချို့မှာလည်း ထိုအလင်းတန်းများအောက်တွင် ပျောက်ကွယ်သွားရတော့သည် ။

တောက်ပသော လျှပ်စစ်အလင်းတန်းများသည် မှောင်မည်းနေသော ကောင်းကင်ကို လင်းထိန်သွားစေသည် ။ မိုးခြိမ်းသံများကြားတွင် ပြစ်ဒဏ်စီရင်ခြင်းခံနေရသော သိုင်းသူတော်စင်မှာ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာ၏ ။ လျှပ်စီးတန်းများကြားတွင် သူ၏ အရေပြားမှာ မိုးကြိုးစွမ်းအားကြောင့် မီးသွေးခဲကဲ့သို့ ချက်ချင်းပင် မည်းနက်သွားသည် ။ သိုင်းသူတော်စင်၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများကို ပြန်လည်ကုသရန် ကြိုးစားနေသကဲ့သို့ တဆတ်ဆတ် တုန်ခါလျက် ရှိနေ၏ ။

သူက ပါးစပ်ကို အစွမ်းကုန်ဟလျက် ကောင်းကင်ယံသို့ တစ်ခုခုကို အော်ဟစ်နေပုံရသော်လည်း ထိုအသံမှာ ကျယ်လောင်လှသော မိုးခြိမ်းသံများအောက်တွင် နစ်မြုပ်သွားရှာသည် ။ သူ၏ အကြည့်များမှာ ခန်းမကြီးဆီသို့ ဦးတည်နေ၏ ။ ဧကရာဇ် ယုံဟဲကို ကြည့်နေသလော သို့မဟုတ် ချောင်မူကိုလော.. သို့တည်းမဟုတ် ခန်းမအတွင်းရှိ ရုပ်တုများကိုပင် စိန်ခေါ်နေသလော မသိနိုင်တော့ချေ ။

" ဝုန်း.. "

သုံးမီတာ လေးမီတာခန့် မြင့်မားသော သူ၏ တောင့်တင်းသန်မာသည့် ခန္ဓာကိုယ်ကြီးမှာ မိုးကြိုးများအောက်တွင် မီးသွေးခဲအဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးများကြား၌ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည် ။

မိုးခြိမ်းသံများ ရုတ်ချည်း ရပ်တန့်သွားပြီး တောက်ပသော အလင်းတန်းများမှာလည်း မူလကတည်းက မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားတော့သည် ။ ထို့အတူ အနိုင်ရသူက အင်မော်တယ်ဖြစ်ရမယ် ဟု ကြွေးကြော်ခဲ့သော သိုင်းသူတော်စင်မှာလည်း မရှိတော့ချေ ။ မိုးကြိုးဒဏ်အောက်တွင် သူသည် အမှုန့်အဖြစ် ကြေမွပျက်စီးသွားရရှာပြီ ။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး လှိမ့်တက်လာနေသော တိမ်တိုက်မည်းများမှာလည်း လျင်မြန်စွာပင် လွင့်စင်သွားကာ နေရောင်ခြည်၏ အနွေးဓာတ်နှင့် အလင်းရောင်က ကမ္ဘာမြေကို တစ်ဖန် ပြန်လည်ထွန်းလင်းလာချေပြီ။ နေရောင်ခြည်တန်းတစ်ခုမှာ တောင်ထိပ်ပေါ်သို့ ကျဆင်းလာ၏ ။ ကျောင်းတော်ရှေ့ရှိ ရင်ပြင်မှာ ပျက်စီးယိုယွင်းနေပြီး သိုင်းသူတော်စင် မရှိတော့သော နေရာတွင် ကြောက်မက်ဖွယ်ရာ ကျင်းကြီးတစ်ခုသာ ကျန်ရစ်တော့သည် ။

" နောက်ဆုံးတော့.. "

တာအိုကျင့်ကြံသူချီယန်သည် သက်ပြင်းချလိုက်မိ၏ ။ အထက်မှ အကြီးအကဲများ ကြည့်နေနိုင်သည်ဟု တွေးမိသည်နှင့် သူသည် ကျောကို ဆန့်ထုတ်၍ မြင့်မြတ်သော အင်မော်တယ်အသွင်ကို ချက်ချင်းပင် ပြန်လည်ဖမ်းလိုက်တော့သည် ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးထဲမှ တစ်ဦးက အော်ဟစ်လိုက်သည် ။

" သိုင်းသူတော်စင်က ကောင်းကင်ဘုံကို စိန်ခေါ်စော်ကားလို့ ပြစ်ဒဏ်သင့်သွားပြီ.. မိုးကြိုးပစ်လို့ ပြာဖြစ်သွားပြီ.. ဝိညာဉ်တောင် မကျန်တော့ဘူး .."

လူအုပ်ကြားရှိ ခြေတစ်ဖက်မသန်သော အဘိုးကြီးမှာလည်း အရူးအမူး အော်ဟစ်နေသည် ။

" သေတာ ကောင်းတယ် .."

" ဒီလောကမှာ နောက်ထပ် သိုင်းသူတော်စင်ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး.. လူသားတွေကို သတ်စားတဲ့ ဒီလိုမိစ္ဆာကောင်တွေက မိုးကြိုးပစ်သင့်တာ ကြာလှပြီ.. "

လူအုပ်ကြီး၏ အသံမှာ တဖြည်းဖြည်းနှင့် ဆူညံလာသည် ။ လူအုပ်ကြား၌ ကျန်ရှိနေသော ဝူကျိအသင်းမှ သိုင်းသမား အနည်းငယ်မှာမူ တွေဝေငေးငိုင်နေကြတော့၏ ။ ပူပြင်းလှသော နေရောင်အောက်တွင် သူတို့၏ အရိုးထဲအထိ အေးစိမ့်ကာ ကြောက်မက်ဖွယ်ရာ ခံစားချက်ကို ခံစားနေကြရသည် ။

'သိုင်းသူတော်စင် သေသွားပြီလား..'

သူ၏ သေဆုံးမှုမှာ ချင်းယန်အင်မော်တယ် သေဆုံးမှုကဲ့သို့ပင် ရုတ်တရက်ဆန်ပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည် ။

" ဒါ မဖြစ်နိုင်ဘူး.. သိုင်းသူတော်စင်က ဘယ်လိုလုပ် သေသွားရတာလဲ "

" သူက သိုင်းလောကရဲ့ ခေါင်းဆောင်ပဲ.. ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ.. "

" ငါ ဝူကျိအသင်းထဲ ဝင်ခဲ့တာ.. ဒီအင်မော်တယ်တွေ ဘယ်တော့ သေမလဲဆိုတာ ကြည့်ချင်လို့.. ဒါပေမဲ့ အခုတော့.. "

သိုင်းသမားများ၏ စွမ်းအားမှာ သူတို့၏ မျှော်လင့်ချက် အပေါ်၌သာ တည်ဆောက်ထားခြင်း ဖြစ်သည် ။ သို့သော်ငြား ယခုအခါတွင်မူ သူတို့၏ စိတ်ဓာတ်များမှာ ယိမ်းယိုင်နေချေပြီ ။ လွန်ခဲ့သော ခဏက သူတို့ အလွန် စိတ်လှုပ်ရှားခဲ့ကြသော်လည်း ယခုအခါတွင်မူ အဆပေါင်းများစွာ ပို၍ စိတ်ပျက်အားငယ်နေကြရလေပြီ ။

သိုင်းသူတော်စင်သည် သူ၏ လက်သီးဖြင့် အင်မော်တယ်ကို အနိုင်ယူနိုင်စွမ်းရှိကြောင်း မျှော်လင့်ချက်ပေးခဲ့သော်လည်း ခဏအကြာမှာပင် မိမိ၏ သေဆုံးမှုဖြင့် လူသားနှင့် အင်မော်တယ်ကြားရှိ ကွာဟချက်ကို သက်သေပြသွားခဲ့ပြန်သည် ။

" သိုင်းသူတော်စင်တောင် သေသွားပြီဆိုရင်.. အင်မော်တယ်တွေရဲ့ မိုးကြိုးဒဏ်ကို မခံနိုင်ဘူးဆိုရင်.. ငါတို့ နှစ်ပေါင်းများစွာ သိုင်းကျင့်နေခဲ့တာတွေက ဘာအသုံးကျတော့မှာလဲ .."

သိုင်းသူတော်စင်ဟူသည်မှာ လူတစ်ဦးတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ယခင်မျိုးဆက်၏ အသန်မာဆုံးသော သိုင်းပညာရှင် ကို ဆိုလိုခြင်း ဖြစ်သည် ။ ထိုအချက်မှာ နန်ကျိုးပြည်နယ်တစ်ဝှမ်းတွင် ပျံ့နှံ့နေပြီးဖြစ်ရာ ယခုခေတ် သိုင်းလောက၌ သိုင်းသူတော်စင်မှာ မည်သူမှ မယှဉ်နိုင်အောင် သန်မာသည်မှာ ငြင်းမရသော အမှန်တရားပင် ။ သို့သော် သိုင်းသူတော်စင်၏ သေဆုံးမှုမှာ ဝူကျိအသင်းဝင်များအတွက် မျှော်လင့်ချက် ကင်းမဲ့သွားစေခဲ့သည် ။ သူ၏ ကျဆုံးမှုမှာ သူတစ်ဦးတည်း သေဆုံးခြင်းမဟုတ်ဘဲ သိုင်းလောက ခေါင်းဆောင်၏ နိဂုံးနှင့် သိုင်းပညာ၏ ရှုံးနိမ့်မှုကို ဖော်ဆောင်နေခြင်းပင် ဖြစ်၏ ။

" အနိုင်ရသူက နတ်ဘုရားဖြစ်ပြီး ရှုံးတဲ့သူက မိစ္ဆာဖြစ်ရမယ်တဲ့လား .."

တိမ်တိုက်များအထက်မှ အက်ကွဲနေသော ပဲ့တင်သံကြီး ပေါ်ထွက်လာ၏ ။

" ဒါဟာ သေမျိုးတွေ ပြောနေကြတဲ့ သိုင်းသူတော်စင်ဆိုတာလား.. "

All Chapters