ဖေးယွမ်ကိုသတ်ဖြတ်ခြင်း
Vol. 28 Ch. 392
အခန်း (၃၉၂) ဖေးယွမ်ကိုသတ်ဖြတ်ခြင်း
သူက အထဲသို့ဝင်လာသည့် ကျန်းလန်ကို ကြည့်လိုက်သည်။
ဖေးယွင်က အလွန်အံ့အားသင့်သွားသော်လည်း အမူအရာထုတ်ဖော်ပြသခြင်း မရှိပေ။
"မင်းရဲ့တန်ခိုးစွမ်းအားက အားမနည်းဘူးပဲ ၊ ဒါပေမဲ့ ဒီနေရာမှာ တာ့လော်အင်မော်တယ်တစ်ယောက်ရှိတယ်ဆိုတာ မင်းမသိဘူးထင်တယ်နော်"
ဖေးယွမ်က နက်ရှိုင်းသည့်ရေတွင်းကြီးကိုကိုင်ထားသည့် လက်ကို အောက်သို့အသာပြန်ချလိုက်သည်။ သူက ကျန်းလန်ကို ကြည့်လိုက်ပြီးနောက် အစီအရင်ကိုလည်း ကြည့်လိုက်သည်။
"ဒီအစီအရင်ကို တန်ခိုးစွမ်းအားအသုံးပြုပြီး ဖျက်စီးဖို့ဆိုတာ မလွယ်လှဘူး ၊ မင်းရဲ့ အစီအရင်ပညာမှာ အောင်မြင်မှုက အတော်လေးထူးခြားရမယ် ၊ တကယ့်ကို အံ့သြစရာပါပဲ"
ကျန်းလန်က ဖေးယွမ်ကို ကြည့်ရုံသာကြည့်နေပြီး မည်သည့်စကားမှ ပြန်မပြောပေ။ အစီအရင်ကို လျင်မြန်စွာ ချိုးဖျက်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ယခင်ကလည်း ထိုသို့သောအစီအရင်ကို တွေ့မြင်ဖူးပြီး ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့သောကြောင့် ဖြစ်သည်။
အမှားတစ်ချက်လုပ်မိလျှင် တွက်ချက်မှု မှားယွင်းသွားနိုင်သော်လည်း ကံကောင်းစွာပင် ပြဿနာကြီးကြီးမားမား မရှိခဲ့ပေ။
"ဘုန်း"
ထိုအချိန် အပြင်ဘက်တွင်လည်း တိုက်ပွဲများ ဆူညံစွာ ဖြစ်ပေါ်နေလေပြီ။
တန်ခိုးစွမ်းအားမြင့်မားသူများ ထွက်ပေါ်လာတော့မည် မဟုတ်ပေ။ အကယ်၍ ထွက်ပေါ်လာခဲ့လျှင်လည်း ကျန်းလန်က နောက်ပြန်ဆုတ်ရင် အသင့်ပြင်ထားသည်။
ဤနည်းအားဖြင့် သူ အန္တရယ်ကင်းစွာ လွတ်မြောက်နိုင်မည် ဖြစ်သည်။ ယခုတိုက်ပွဲက ကစားပွဲတစ်ခုပမာဖြစ်သည်။
"တာ့လော်အဆင့်အင်မော်တယ်တစ်ယောက် ဒီနေရာမှာ မရှိနိုင်ဘူး"
ကျန်းလန်က တိုးတိတ်စွာဖြင့်ပြောလိုက်ပြီး ဖေးယွမ်ကို ကြည့်လိုက်သည်။
ဖေးယွမ်ပခုံးတွန့်ပြီး ကျန်းလန်ကို ပြုံးပြလိုက်၏။
"ကောင်းပြီ ၊ ကျုပ်ဝန်ခံပါတယ် ၊ တကယ်တော့ ဒီနေရာမှာ တာ့လော်အင်မော်တယ်တွေ မရှိဘူး ၊ ပြီးတော့ ဒီနေရာမှာ တာ့လော်အင်မော်တယ်တွေလည်း မလိုအပ်ဘူးလေ"
ဖေးယွမ်က ဆက်ပြောသည်။
"ဘာကြောင့် ကျုပ်တို့ ညှိနှိုင်းလို့ မရနိုင်ရတာလဲ ၊ ပြီးတော့ မင်းက ရွှေခန္ဓာအောင်မြင်ထားတဲ့ အဆင့်ကို မရောက်သေးဘူးဆိုတာ ကျုပ်သိတယ် ၊ ဒါကြောင့် မင်းနဲ့ ကျုပ်က ပြိုင်ဘက်မဟုတ်နိုင်ဘူး ၊ ဟုတ်တယ်မလား ၊ မင်း ကျုပ်ပြောမယ့် အပေးအယူတွေကို စိတ်မဝင်စားဘူးလား”
ကျန်းလန်က ဘာမှပြန်မပြောဘဲ သူ့ကိုသာကြည့်နေသည်။
အတန်ကြာမှ…
"ဒါဖြင့် ပြောကြည့်လိုက်"
"ဘာလဲဆိုတော့…"
ဖေးယွမ်က ခေါင်းကို ငုံ့လိုက်သည်။
ထို့နောက် သူက တန်ခိုးစွမ်းအားများကို ထုတ်လွှတ်ပြီး ဘေးဘက်သို့ ပစ်လွှတ်လိုက်သည်။ ထိုခဏတွင် ကျန်းလန်ကလည်း ဖေးယွမ်ဘေးနားတွင် ပေါ်လာပြီး ဖေးယွမ်ကို အလစ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်ခဏတာသည် အလစ်တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အေရးဖြစ်လေရာ သူ လက်လွှတ်ခံ၍ မဖြစ်ပေ။
သို့သော်…
ကြည့်ရသည်မှာ သူ ထောင်ချောက်တစ်ခုအတွင်း ကျရောက်သွားဟန် ရှိ၏။
"ဘုန်း"
အားပြင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဘန်း"
ကျန်းလန် နောက်သို့အနည်းငယ် ပြန်ဆုတ်သွားသည်။
"ငါက သူနဲ့ ပြိုင်ဘက်မဟုတ်ဘူး ၊ သူက အရမ်းတန်ခိုးစွမ်းအား မြင့်မားလွန်းတယ်"
အတွေးနှင့်အတူ ကျန်းလန်က ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ရွှေခန္ဓာအဆင့်ကွာခြားခြင်းက ကျင့်ကြံခြင်းအဆင့်ကွာခြားခြင်းထက်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။
နွားရိုင်းကိုးကောင်စွမ်းအား အသုံးပြုလျှင်တောင်မှ သူ့ဘက်မှ အားသာချက် မရှိပေ။ အန္တရယ်ကိုးသွယ်စွမ်းအားဖြင့်သာ တစ်ဖက်လူကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။
သို့သော်…
ရလဒ်က မသေချာသည့်အတွက် ဝှက်ဖဲကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
ကျန်းလန် နောက်ပြန်ဆုတ်သွားချိန် ဖေးယွမ်က အဆက်မပြတ်တိုက်ခိုက်လိုက်သည်။
"ကျုပ်ကို အလစ်ချောင်းတိုက်ခိုက်တာကတော့ ထိရောက်မယ်မထင်ဘူး ၊ ကျုပ်တို့ကြားက ကွာဟချက်က ကြီးမားလွန်းတယ် ၊ ဒီနေ့ကတော့ မင်း သေရမယ့်နေ့ပဲ ၊ မင်းမသေခင် စည်းမျဉ်းတစ်ခုကို ကျုပ်ပြောမယ် ၊ ဘယ်တော့မှ ရန်သူကို လွယ်လွယ်နဲ့ မယုံမိစေနဲ့”
ဖေးယွမ်က တန်ခိုးစွမ်းအားများကို သူ၏ လက်သည်း (၅)ခု ဆီသို့ စုစည်းလိုက်သည်။ သူက ကျန်းလန်ကို ချက်ချင်းသတ်ဖြတ်ပစ်တော့မည့်အလား ထင်မှတ်ရသည်။
ပြင်းထန်သော စွမ်းအားသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဆွဲစုတ်ပစ်ချင်ပုံရသည်။ ကျန်းလန်ကလည်း တွန့်ဆုတ်ခြင်း မရှိပေ။ သူက ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအား အသုံးပြုကာ နောက်သို့အနည်းငယ် ဆုတ်သွားခဲ့သည်။
သူ ဆုတ်ခွာသွားချိန်တွင် မရဏလှံရှည်သည် သူ့လက်ထဲတွင် ပေါ်လာပြီး ဖေးယွမ်ရှိရာသို့ ပစ်လွှတ်လိုက်သည်။
"ကလန်"
မရဏလှံရှည်သည် ဘေးဘက်သို့ လွင့်သွားကာ မြေပြင်ထက်သို့ စိုက်ဝင်သွားသည်။
ဖေးယွမ်သည် မရဏလှံရှည်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။ လှံရှည်ထက်တွင် ထွက်ေပေါ်နေသည့် မရဏအငွေ့အသက်များက မယုံကြည်နိုင်စရာပင်။
ထိုလှံရှည်ကို အသုံးချတတ်မည်ဆိုလျှင် အတော်လေး အသုံးဝင်နိုင်သည်။ သို့သော် ရန်သူကတော့ လှံရှည်ကို အလိုအလျောက် ထိန်းထားနိုင်ခဲ့သည်။
ထိုသူ၏ တန်ခိုးစွမ်းအားက ထူးခြားလွန်းသည်ပင်။
သူက တုံ့ဆိုင်းနေခြင်း မရှိပေ။ ကောင်းသည့်ပစ္စည်းများကို ရယူထိန်းချုပ်နိုင်ရန်မှာ ရန်သူကို သတ်ဖြတ်ပစ်မှ ဖြစ်နိုင်ပေမည်။
သူ၏တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး ကျန်းလန်ကို တိုက်ခိုက်လိုက်သည်။
ထိုခဏတွင် ကျန်းလန်က ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကို ဝါးစားလိုက်ပြီး ပြီးပြည့်စုံသည့် ရွှေခန္ဓာအဆင့်သို့ ရောက်ရှိသွားသည်။
သို့သော် ခန္ဓာကိုယ်ထက်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနေသလို ခံစားရသည်။ သူ တိုက်ပွဲကို အမြန် အဆုံးသတ်ရပေမည်။
ဖေးယွမ် လှုပ်ရှားလိုက်သည်နှင့် ကျန်းလန်ကလည်း တိုက်ခိုက်မှုကို စတင်လိုက်သည်။
နွားရိုင်းကိုးကောင်စွမ်းအားက ကောင်းကင်တစ်ခုလုံးပြည့်နက်သွားပြီး အန္တရယ်ကိုးသွယ်စွမ်းအားက စတင်ထွက်ပေါ်လာသည်။
"ဘုန်း"
သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများ ထိပ်တိုက်တွေ့သွားသည်။
"ဘုန်း"
"ဘုန်း"
"ဘုန်း"
ကျန်းလန်နှင့် ဖေးယွမ်တို့သည် မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ထိပ်တိုက်တွေ့ကြပြီး ၎င်းတို့၏ ပုံရိပ်များက ပျောက်လိုက်ပေါ်လိုက် ဖြစ်နေသည်။
တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
"ဘန်း"
ကျောက်ဂူကြီး ပေါက်ကွဲပြီး အနီးပတ်ဝန်းကျင်ရှိ မြေများပြိုကျခဲ့သည်။
တန်ခိုးစွမ်းအားများက အရာအားလုံးကို တိုက်စားသွားသည်။
"ဘုန်း"
ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ကျန်းလန်နှင့် ဖေးယွမ်တို့ကို ဗဟိုပြု၍ အပြင်သို့ ပျံ့နှံ့သွားပြီး မြေပြင်၌ ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကျန်းလန်က ဘာကိုမှ အရေးမစိုက်ပေ။ သူက ဖေးယွမ်ကို ကြည့်လိုက်ပြီး ထပ်မံတိုက်ခိုက်လိုက်သည်။ ထိုခဏတွင် သူက ပြီးပြည့်စုံသည့် ရွှေခန္ဓာတန်ခိုးစွမ်းအားများကို စုစည်းထားနိုင်ပြီ ဖြစ်သည်။
ဖေးယွမ်က ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ပြီး သူ၏ တန်ခိုးစွမ်းအားမြင့်မားလာစေသည့် လျှို့ဝှက်နည်းလမ်းကို ထုတ်ဖော်အသုံးပြုလိုက်သည်။
သို့သော် ကျန်းလန်၏ တိုက်ခိုက်မှုက အရင်ဆုံး ဝင်ရောက်လာပြီး အန္တရယ်ကိုးသွယ်စွမ်းအား ထွက်ပေါ်လာသည်။ ဖေးယွမ်၏ စိတ်ထဲတွင် ကြီးစွာသော ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုကို ခံစားလိုက်ရသည်။
သို့သော် သူ၏ တန်ခိုးစွမ်းအားများ အပြည့်အ၀ ထုတ်ဖော်ထားသည့်အတွက် သူ့ကို ထိခိုက်မှု မရှိခဲ့ပေ။
ထိုခဏတွင် ဖေးယွမ်၏အနောက်ဘက်တွင် ကြီးမားလှသော ဂဠုန်ငှက်ကြီးတစ်ကောင်၏ပုံရိပ် ပေါ်လာသည်။ ချက်ချင်းပင် အရပ်မျက်နှာများအားလုံးတွင် ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ပျံံ့နှံ့သွားတော့သည်။
"ဘုန်း"
ကျန်းလန်၏ လက်သီးချက်က ဂဠုန်ငှက်ကြီး၏ လက်သည်း (၅)ချောင်းကို ထိမှန်သွားပြီး တန်ခိုးစွမ်းအားပြိုင်ပွဲတစ်ခု စတင်ဖြစ်ပေါ်လာသည်။
သူတို့ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။
"ဘန်း"
တန်ခိုးစွမ်းအားချင်း ရိုက်ခတ်မိသည်နှင့် လက်သည်း (၅)ချောင်းမှာ ကွဲအက်သွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ၊ မင်းက ရုတ်တရက် ဘာလို့ သန်မာလာတာလဲ"
စကားပြောစဉ်တွင် ဖေးယွမ်၏ မျက်ဝန်းများက ပြူးကျယ်လျှက် ရှိသည်။ သူရရှိခဲ့သော တစ်ခုတည်းသော တုံ့ပြန်မှုက ကျန်းလန်၏ အေးစက်သော မျက်ဝန်းများဖြစ်သည်။
ထို့နောက် နောက်ဆက်တွဲ ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု ဝင်ရောက်လာသည်။
"ဘူး"
နွားရိုင်းအော်သံက အာကာသအတွင်းမှ ပျံ့လွင့်ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်တော့မည့် ဧရာမနွားရိုင်းကြီးတစ်ကောင် အာကာသထဲ ဖြတ်သွားနေသည့်အလားပင်။
ကြီးမားသည့် ဂဠုန်ငှက်ကြီးမှာ ပြင်းထန်လှသည့် ဖိအားကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် နွားရိုင်းကြီးတစ်ကောင် ပေါ်လာပြီး ကြီးမားလှသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးကို သယ်ဆောင်လာကာ တောင်တန်းများနှင့် မြစ်များကို ဖြိုခွင်းပြီး အတားအဆီးအားလုံးကို ကျော်ဖြတ်ခဲ့သည်။
"ဘန်း"
ဧရာမဂဠုန်ငှက်ကြီး တစ်စစီ ကွဲကြေသွားသည်။
ကျန်းလန်၏လက်သီးက ဖေးယွမ်၏တိုက်ခိုက်မှုကို ဖြတ်သန်းဝင်ရောက်သွားသည်။
တစ်ချက်မတုံ့ဆိုင်းဘဲ ဖေးယွမ်က သူ၏လက်သီးချက်ကို ရှောင်တိမ်းလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် တိုက်ခိုက်လိုက်သည်။
"ခရက်"
ဖေးယွမ်၏လက် ကျိုးကျေသွားပြီး လူလည်း လွင့်ထွက်သွားသည်။
"ဘုန်း"
ဖေးယွမ် ကျောက်တုံးကြီးတစ်ခုပေါ်သို့ လဲကျသွားပြီး ဒဏ်ရာလည်း အပြင်းအထန် ရရှိသွားသည်။
ကျန်းလန်သည် သူ့အနားသို့ ရောက်လာသည်။
"တကယ်တော့ ကျုပ် အစကတည်းက မင်းကို နည်းနည်းလေးမှ မယုံခဲ့ဘူး ၊ ပြီးတော့ မင်းက ကျုပ်ကိုလည်း လျှော့တွက်ခဲ့တယ်လေ"
"ဝေါ့…"
ဖေးယွမ် သွေးများအန်ချလိုက်သည်။
"ဒီ… ဒီနေရာက နတ်မိစ္ဆာတွေအတွက် အရမ်းအရေးကြီးတဲ့ နေရာတစ်ခုပဲ ၊ မင်းလည်း ပြေးမလွတ်ပါဘူး ၊ ဒီတော့ ဝိညာဉ်မြစ်ကိုသွားရာလမ်းမှာ ကျုပ် မင်းကို စောင့်နေမယ်…"
ဖေးယွမ်က ကျန်းလန်ကို ကြည့်ရင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။ ရန်သူက တကယ့်ကို ထူးခြားသူ ဖြစ်သည်။
ချင်းယွီ ထိုသူ၏လက်ထဲတွင် အသက်ပျောက်ရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကျန်းလန်က သူ့လက်ကို ဆန့်ထုတ်လိုက်သည့်အခါ မရဏလှံရှည်သည် မြေပြင်မှ ပျံထွက်သွားပြီး သူ့လက်ထဲသို့ ရောက်လာသည်။
"အဲဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး ၊ ကျုပ်နတ်မိစ္ဆာတွေရဲ့အလုပ်ကို ဖျက်စီးတာ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ ၊ မင်းရဲ့လူတွေ ကျုပ်ကို ရှာတွေ့ချင်တယ်ဆိုရင်တောင် တွေ့ခွင့်ရမှာ မဟုတ်ဘူး"
"ကျုပ် မင်းရှေ့မှာ မတ်တတ်ရပ်နေတာတောင်မှ ကျုပ်က မင်းအစီအစဉ်တွေကို ဖျက်စီးပစ်မယ့်သူဆိုတာ မသိခဲ့ဘူးမဟုတ်လား ၊ မင်းက ကျုပ်ကိုတောင် စည်းရုံးဖို့ ကြိုးစားလိုက်သေးတယ်"
ကျန်းလန်က ဖေးယွမ်ဆီ လမ်းလျှောက်လာရင်းဆိုသည်။
ကျန်းလန်၏ စကားများကြောင့် ဖေးယွမ် အံ့အားသင့်သွားပြီး ကျန်းလန်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
"လက်စသတ်တော့ မင်းကိုး ၊ မင်းကို ကျုပ် မစည်းရုံးနိုင်တာ မအံ့သြတော့ပါဘူး ၊ မင်းက လျှို့ဝှက်ပြီး တန်ခိုးစွမ်းအားမြင့်မားအောင် ကျင့်ကြံထားတာကိုး ၊ ဒါပေမဲ့ မင်းအကြောင်းကို ခွန်လွန်တောင်ကလည်း မသိသေးဘူး မဟုတ်လား ၊ သူတို့သာသိရင် မင်းကို အရင်ဆုံး ရှင်းပစ်လိမ့်မယ် ၊ ကျုပ်သိသလောက်…"
ဖေယွမ်စကားမဆုံးခင် ကျန်းလန်က လက်သီးဖြင့် ထိုးနှက်ချလိုက်သည်။
"မင်းတို့နတ်မိစ္ဆာတွေ အရင်ကလည်း အဲဒီစကားတွေ ပြောပြီးနေပြီ"
"ဘန်း"
သူက ဖေးယွမ်၏ ခန္ဓာကိုယ်တစ်ဝက်ကို ခြေဖြင့် နင်းချေလိုက်သည်။
ပြင်းထန်သည့်နာကျင်မှုက ဖေးယွမ်ကို စကားဆက်မပြောနိုင်အောင် တားဆီးထားသည်။
ကျန်းလန်က…
"မင်းကို မေးခွန်းတစ်ခုလောက်မေးချင်တယ် ၊ မင်းတို့ နတ်မိစ္ဆာတွေက ငရဲတံခါးကို ဘာကြောင့် အဲဒီလောက် ဖွင့်ချင်နေရတာလဲ"
ဖေးယွမ်က…
"ကျုပ်က ပြောပြမယ် ထင်သလား"
"ဘန်း"
ကျန်းလန် နောက်ထပ်မေးခွန်းများမမေးတော့ဘဲ တစ်ဖက်လူကို သွေးမှုံများဖြစ်သွားသည်အထိ ထိုးနှက်ပစ်လိုက်သည်။
ဖေးယွမ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ကျန်းလန်က မရဏလှံရှည်ကို သိမ်းဆည်းလိုက်ပြီး ရေတွင်းကြီးနှင့် ကျောက်ဂူတစ်ခုလုံးကို ဖျက်စီးပစ်လိုက်သည်။
ရေတွင်းကြီးကို သယ်ဆောင်ရန် တန်ခိုးစွမ်းအားရှင်များ ရောက်ရှိလာပါက သူ့အတွက် အန္တရယ်များလွန်းလေရာ ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို အသုံးပြုပြီး နေရာမှ ထွက်ခွာသွားတော့သည်။
တစ္ဆေကျင့်ကြံသူများကတော့ အချိန်တန်လျှင် သူ့နေရာသူ ပြန်သွားကြပေလိမ့်မည်။