← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း။ ၂၅၃

မိုးတိတ်သွားသည့်အတွက် ပတ်ဝန်းကျင်မြင်ကွင်းမှာ အတားအဆီးမရှိဘဲ ရှင်းလင်းသွားသည်။

ဤလျှို့ဝှက်နယ်မြေမှာ အလွန်မကြီးမားဘဲ လူသားတို့၏ ကျေးရွာတစ်ရွာခန့်သာ ရှိသော်လည်း ယခုအခါ ရေအောက်သို့ လုံးဝနစ်မြုပ်နေပြီဖြစ်သည်။

ရေစီးဆင်းလာရာ အထက်ပိုင်းမှာ အလွန်ထူးဆန်းနေသည်။ ရေများသည် အခြားလျှို့ဝှက်

နယ်မြေတစ်ခုမှ အရှိန်အဟုန်ဖြင့် တိုးထွက်လာခြင်းဖြစ်ပုံရပြီး ထိုအဝင်ဝတွင် မည်မျှကြာအောင် ရေစိမ်ထားမှန်းမသိရသော အလောင်းနှစ်လောင်း မျောနေသည်။

ထိုအလောင်းနှစ်လောင်းမှာ လျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင် တစ်ခုခုနှင့် ငြိနေခြင်းဖြစ်နိုင်

သလို တစ်ဖက်ခြမ်းရှိ အရာတစ်ခုခုက လှမ်းဆွဲထားခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ တစ်ဝက်ခန့်သာ အပြင်ဘက်သို့ ထွက်နေပြီး ယိမ်းထိုးနေကြခြင်းပင်။

တစ်လောင်းမှာ ခြေထောက်နှစ်ဖက်သာ ပေါ်နေပြီး ကျန်တစ်လောင်းမှာမူ ခေါင်းသာ ပေါ်နေသည်။ ထိုခေါင်းမှာ ရေစိမ်ထားရလွန်းသဖြင့် ဘီလူးကြီးတစ်ကောင်၏ ဦးခေါင်းပမာ ကြီးမားနေကာ ဖြူဖျော့ဖောင်းကြွနေသော မျက်လုံးအိမ်ကြီးမှာ အာရုံကြောမျှင်များဖြင့်သာ တွယ်ကပ်လျက် ရေထဲတွင် ထိတ်လန့်ဖွယ် မျောပါနေသည်။

စုန်ယန်သည် ထိုသူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ကြည့်ကာ အနည်းဆုံး သွေးနီရောင်နန်းတော် အဆင့်နှောင်းပိုင်း သို့မဟုတ် ခရမ်းရောင်နန်းတော်အဆင့်ပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ သို့သော် ဤမျှအစွမ်းထက်သော ကျင့်ကြံသူတစ်ဦးမှာ ဘာလို့ ဒီနေရာတွင် စက်ဆုပ်ဖွယ်ကောင်းစွာ သေဆုံးနေရတာလဲဆိုသည်ကို စုန်ယန် မသိပေ။ သို့သော် နောက်ထပ် လျှို့ဝှက်နယ်မြေတစ်ခုသို့ သွားလိုသူတိုင်းသည် ဤအဝင်ဝကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ထိုထူးဆန်းသော အလောင်းနှစ်လောင်းနှင့် ရင်ဆိုင်ရကာ တစ်ဖက်ခြမ်းရှိ မသိရသေးသော အန္တရာယ်များကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လှည့်လာခဲ့တော့သည်။

...

ရှေးဟောင်းအကြွင်းအကျန် ကျင့်ကြံသူသည် အိမ်ခေါင်မိုးတစ်ခုပေါ်တွင် ထိုင်နေပြီး ပိုင်ရွှယ်ဟန်မှာမူ ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။

ရှေးဟောင်းအကြွင်းအကျန်က "ဒီနေရာက တကယ့်ကို ထူးဆန်းတယ်။ မင်းကတော့ အရှင်လတ်လတ် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး။ မင်းဂိုဏ်းက မင်းကို အမြောက်စာအဖြစ် လွှတ်လိုက်တာပဲ။ ဒါကြောင့် ငါ့အနားကိုလာပြီး ကောင်းကောင်း အမှုထမ်းစမ်းပါ။ ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင် ငါပြန်ထွက်သွားတဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်အတွက်ကြောင့် မင်းရဲ့ဂိုဏ်းကို စောင့်ရှောက်ဖို့ စဉ်းစားပေးမယ်" ဟု ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်မှာ ကြောက်လန့်တုန်ရီနေပြီး ဘာပြောရမှန်းမသိဘဲ သနားစဖွယ် တဟီးဟီး ရယ်နေမိသည်။

ရှေးဟောင်းအကြွင်းအကျန်မှာ မူလကတည်းက ကာမရာဂ ကြီးမားသူဖြစ်ကြောင်း ဟန်ယွီလင်ကို စနောက်ခဲ့စဉ်ကပင် သိသာလှသည်။ ၎င်းသည် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်တို့၏ လက်အောက်ခံ ၁၅ နိုင်ငံလုံးကို ၎င်းပိုင်ပစ္စည်းကဲ့သို့ မှတ်ယူထားပြီး မည်သူ့ကို သတ်မည်၊ မည်သူ့ကို စားမည်ဟူသည်မှာ ၎င်း၏အလိုကျပင်။ မည်သူမဆို ဖီဆန်ပါက သစ္စာဖောက်အဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။

ဤအချိန်တွင် ရှေးဟောင်းအကြွင်းအကျန်မှာ စိတ်မရှည်စွာဖြင့် ၎င်း၏ အမွှေးအမှင်များ ဖုံးလွှမ်းနေသော ဝံပုလွေခြေထောက်များကို ကားယားဖြဲလိုက်ပြီး လက်ကို ပေါင်ကြားထဲ ထိုးထည့်ကာ မျက်မှောင်ကြုတ်လျက် "လာစမ်း... ငါ့ကို ဖြေဖျောက်ပေးစမ်း" ဟု ဒေါသတကြီး ခိုင်းစေလိုက်သည်။

ပိုင်ရွှယ်ဟန်မှာ လူအတစ်ယောက်ကဲ့သို့ တုံ့ပြန်နိုင်စွမ်းမရှိဘဲ ဆက်၍သာ ရယ်နေမိသည်။ ထိုအချိန်မှာပင် အဝေးမှ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး စုန်ယန်၏ ပုံရိပ် ပေါ်လာသည်။

ရှေးဟောင်းအကြွင်းအကျန်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး အိမ်ခေါင်မိုးကို ရိုက်ကာ "မင်းက ဘာလို့ အခုမှ ပြန်လာတာလဲ။ ငါ ဘာလုပ်နေလဲဆိုတာ မမြင်ဘူးလား" ဟု ဟောက်လိုက်သည်။

စုန်ယန်က "ရှေးဟောင်းသခင်... ဒီလျှို့ဝှက်နယ်မြေထဲမှာ ကျွန်တော်တို့ သုံးယောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ နောက်ထပ်နယ်မြေကို သွားမယ့် အဝင်ဝက အတော်လေး ထူးဆန်းနေတယ်။ ခဏလောက် စောင့်ကြည့်ပြီးမှ လှုပ်ရှားဖို့ ကျွန်တော် အကြံပြုလိုပါတယ်" ဟု တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ရှေးဟောင်းအကြွင်းအကျန်မှာ ထင်မှတ်မထားဘဲ တည်ငြိမ်သွားပြီး အခြေအနေကို မေးလိုက်သည်။ ထို့နောက် သာမန်လေသံဖြင့်ပင် “အဲဒီအလောင်းနှစ်လောင်းက ဘာနဲ့ငြိနေတာလဲဆိုတာ သွားစစ်ဆေးပြီး ငါ့ကို ပြန်သတင်းပို့စမ်း” ဟု ခိုင်းသည်။

စုန်ယန်၏ အကြည့်က ပိုင်ရွှယ်ဟန်ဆီသို့ ရောက်သွားသည်။

ပိုင်ရွှယ်ဟန်မှာ တုန်လှုပ်သွားပြီး အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။

စုန်ယန်က မျက်မှောင်ကြုတ်ကာ “သူ့ကို လွှတ်လိုက်ပါ။ သူက အထက်လူကြီးတွေ ရွေးချယ်ထားတဲ့သူပဲ။ ဒီလိုနေရာမှာ သုံးဖို့ မဟုတ်ဘူးမလား” ဟု ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်မှာတော့ ကြောက်လန့်လွန်း၍ စိတ်လွတ်မတတ် ဖြစ်နေ၏။

သူမသည် ဂိုဏ်းမှ ထွက်လာစဉ်က “ရှင်တို့အားလုံး မသွားရဲရင် ငါသွားမယ်” ဟု ရင်ဘတ်ကို ပုတ်ကာ ရဲရဲဝံ့ဝံ့ ပြောခဲ့သော်လည်း ယခုမူ နောင်တရနေပြီဖြစ်သည်။ သူမ၏ တရားမျှတမှုနှင့် သတ္တိများမှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ကာ အပြင်းအထန် ကြောက်ရွံ့မှုသာ ကျန်တော့သည်။

ဤခရမ်းရောင်နန်းတော်အဆင့် အဘိုးကြီးနှစ်ယောက်စလုံးမှာ တစ်ယောက်က သူမကို အပျော်အပါးအတွက် သုံးချင်နေပြီး နောက်တစ်ယောက်ကမူ သူမကို အသေခံခိုင်းချင်နေသည်။

ထိုအချိန်တွင် ရှေးဟောင်းအကြွင်းအကျန်က ခေါင်းလှည့်လာသည်။

သွေးနီရောင် ကြေးခေါင်းလောင်းသဏ္ဌာန် မျက်လုံးကြီးများဖြင့် စုန်ယန်ကို စိုက်ကြည့်ကာ “မင်းက ငါ့အမိန့်ကို ဖီဆန်နေတာလား” ဟု တစ်လုံးချင်း ပြောလိုက်သည်။

စုန်ယန်က “အဲဒီအလောင်းတွေရဲ့ အစွမ်းက မနည်းဘူး။ ခရမ်းရောင်နန်းတော်အဆင့်တွေ ဖြစ်ဖို့များတယ်။ ဒါက တစ်ဖက်မှာ မသိနိုင်တဲ့ သတ္တဝါဆန်း ရှိနေနိုင်တယ်ဆိုတာကို ပြနေတာပဲ။ ရှေးဟောင်းသခင်... အခုလို ဇွတ်တိုးဖို့က မလိမ္မာရာကျလိမ့်မယ်” ဟု ပြောလိုက်သည်။

ခရမ်းရောင်နန်းတော်အဆင့်အထိ တိုက်ပွဲဝင်လာခဲ့သော မည်သူမဆို ဤအချိန်သည် ရပ်တန့်သင့်သည့် အချိန်ဖြစ်ကြောင်း နားလည်ကြမည်သာ။

သို့သော် လူတစ်ဦးစီတွင် စရိုက်နှင့် ကြီးပြင်းလာသည့် ပတ်ဝန်းကျင်ချင်း မတူကြပေ။

ဝံပုလွေမိစ္ဆာတစ်ကောင်အဖို့မူ သူသည် နှစ်ပေါင်းများစွာ မောက်မာခဲ့ပြီး အရာရာ အဆင်ပြေချောမွေ့ကာ ပြိုင်ဘက်ကင်းခဲ့သူဖြစ်သည်။ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်တို့ ထိန်းချုပ်ထားသော ၁၅ နိုင်ငံအတွင်းရှိ သက်ရှိအားလုံး၏ အသက်မှာ သူ၏ စိတ်အလိုကျသာ ဖြစ်ခဲ့သည်။

ယခု စုန်ယန်၏ အကြံပြုချက်ကို ကြားသောအခါ သူသည် စကားတစ်လုံးမျှပင် မဆိုဘဲ အံ့အားသင့်စွာ ကြည့်နေမိသည်။ စုန်ယန်က ဤမျှအရှည်ကြီး ပြန်လည်ချေပရဲသည်ကို သူ မယုံနိုင်အောင် ဖြစ်နေပုံပင်။

ထိုမျက်လုံးကြီးများထဲတွင် လှောင်ပြောင်မှု၊ ရယ်ချင်မှုနှင့် အထက်စီးမှ ကြည့်သော အကြည့်များ ပါဝင်နေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှေးဟောင်းအကြွင်းအကျန်က “မင်း ရူးသွားပြီလား” ဟု အေးစက်စွာ မေးလိုက်သည်။

လေထုမှာ ချက်ချင်းပင် တင်းမာငြိမ်သက်သွားသည်။

စုန်ယန်က အသာအယာ ဦးညွှတ်လိုက်ပြီး “ကောင်းပါပြီ။ ကျွန်တော် သွားကြည့်လိုက်ပါ့မယ်” ဟု ပြောလိုက်သည့်တိုင်အောင်ပင်။

ရှေးဟောင်းအကြွင်းအကျန်က တဟားဟား ရယ်မောလိုက်ပြီး ပိုင်ရွှယ်ဟန်ကို ကြည့်ကာ “တွေ့လား။ ဒီနေရာမှာ ငါ့စကားက ဝံပုလွေမျိုးနွယ်ရဲ့ အမိန့်တော်ပဲ။ နတ်ဘုရားရဲ့ အမိန့်ပဲ။ လူသား ခရမ်းရောင်နန်းတော်အဆင့်တောင်မှ နာခံရတာပဲ။ ငါ ဘာခိုင်းခိုင်း သူ လုပ်ရမှာပဲ” ဟု ကြုံးဝါးလိုက်သည်။

စုန်ယန်သည် လှည့်ထွက်ကာ လျှို့ဝှက်နယ်မြေအဝင်ဝသို့ ပျံသန်းသွားသည်။

"သည်းခံလိုက်ရင် အရာရာ အေးချမ်းသွားမယ်ဆိုတဲ့ စကားရှိပေမဲ့... တစ်လှမ်းဆုတ်ပြီး ပြန်စဉ်းစားလေ ပိုပြီး ဒေါသထွက်လေပဲ။

ငါ နောက်ထပ် လျှို့ဝှက်နယ်မြေထဲကို အစောကြီး မဝင်ချင်သေးဘူး။ ရှေးဟောင်းအကြွင်းအကျန်တွေနဲ့ တွေ့ရမှာက ရှောင်လွှဲလို့မရတဲ့ ကိစ္စမို့လို့... မူလကတော့ အေးအေးဆေးဆေးပဲ ဟန်ဆောင်ပြီး သည်းခံနိုင်သမျှ သည်းခံဖို့ ရည်ရွယ်ထားတာ။

ဒါပေမဲ့ အခုတော့ ဒီဝံပုလွေမိစ္ဆာက ငါ့ကို အမြောက်စာအဖြစ် အသုံးချဖို့ လုံးဝ ဆုံးဖြတ်ထားပုံပဲ။ ဒီနယ်မြေရဲ့ အန္တရာယ်ကလည်း ငါထင်ထားတာထက် အများကြီး ပိုကြီးမားနေတာ။

တစ်ဖက်မှာက အမြောက်စာအဖြစ် အသုံးချခံရပြီး စက်ဆုပ်ဖွယ်ကောင်းအောင် သေဆုံးရမယ့်လမ်း၊ နောက်တစ်ဖက်မှာတော့ ပထမလျှို့ဝှက်နယ်မြေထဲမှာပဲ ပုန်းအောင်းရင်း အခွင့်အရေးကို စောင့်မယ့်လမ်း။

ဘယ်လမ်းက ပိုကောင်းမလဲဆိုတာ ထင်ရှားနေတာပဲ မဟုတ်ဘူးလား"

စုန်ယန်သည် မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီးနောက် ရုတ်တရက် ရပ်တန့်ကာ နောက်သို့ ပြန်လှည့်လာခဲ့သည်။

...

ပိုင်ရွှယ်ဟန်၏ ဝတ်ရုံမှာ ဆုတ်ဖြဲခံထားရပြီး ဖြူဖွေးသော အသားအရေများ ပေါ်ထွက်နေပြီဖြစ်သည်။ ရှေးဟောင်းအကြွင်းအကျန်သည် ကိစ္စစရန် ပြင်နေစဉ်မှာပင် ပြန်လည်ရောက်ရှိလာသော လူသား ခရမ်းရောင်နန်းတော်ကို မြင်လိုက်ရသဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ “ငါ မှတ်ထားလိုက်ပြီ” ဟု အေးစက်စွာ ပြောလိုက်တော့သည်။

အခန်း။ ၂၅၄

စုန်ယန်က အတင်းအကြပ် ပြုံးလိုက်ရင်း "စီနီယာကု... ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုအသစ်တစ်ခု ရှိပါတယ်။ အဲဒါက မိစ္ဆာရတနာနဲ့ တိုက်ရိုက်ပတ်သက်နေတာမို့ အရမ်းအရေးကြီးပါတယ်" ဟု ပြောလိုက်သည်။

ကုဟိုင်သည် မူလက ဂရုမစိုက်သကဲ့သို့ ရှိနေသော်လည်း မိစ္ဆာရတနာဟူသော စကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် စိတ်ဝင်တစား ဖြစ်သွားသည်။

စုန်ယန်က ပိုင်ရွှယ်ဟန်ကို တစ်ချက်ကြည့်ကာ ခပ်အေးအေးပင် "သူမကတော့ ဒါကို နားထောင်ဖို့ အရည်အချင်းမရှိပါဘူး" ဟု ပြောလိုက်သည်။

ကုဟိုင်က "အင်း" ဟု တစ်ခွန်းသာ ဆိုကာ ပိုင်ရွှယ်ဟန်ကို ဘေးသို့ ပစ်ထုတ်လိုက်ပြီး "မင်းသေရင် မင်းရဲ့ဂိုဏ်းလည်း အတူတူပျက်စီးသွားမယ်... နားလည်လား" ဟု ခြိမ်းခြောက်လိုက်သည်။

မျက်ရည်များဖြင့် လည်ပင်းတစ်ဆို့နေသော ပိုင်ရွှယ်ဟန်မှာ မိုးမိထားသည့် သစ်ခွပန်းလေးပမာ တရှုံ့ရှုံ့ငိုနေသော်လည်း မဖီဆန်ရဲဘဲ ဘေးသို့ ကုတ်ကုတ်လေး ဆုတ်ခွာသွားရှာသည်။

ကုဟိုင်က စုန်ယန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်ဝန်းများထဲတွင် လောဘရိပ်များဖြင့် "မင်းဆီမှာ တကယ်လို့ အဲဒီမိစ္ဆာရတနာရဲ့ သတင်းသာရှိရင် ဒါဟာ တကယ့်ကို ကြီးမားတဲ့ ကုသိုလ်ပဲ" ဟု ပြောလိုက်သည်။

စုန်ယန်က အနားသို့ အမြန်တိုးသွားပြီး အသံကို နှိမ့်လိုက်ကာ "ဘယ်သူက ထင်မှာလဲ... အကျိတ်နယ်မြေရဲ့ အဆုံးသတ်မှာ ရှိရမယ့် မိစ္ဆာရတနာက တကယ်တော့..."

သူ၏ အသံမှာ ပို၍ တိုးသွားသဖြင့် ကုဟိုင်မှာ အလိုအလျောက်ပင် အနားသို့ ပိုတိုး၍ နားစွင့်လိုက်မိသည်။

သို့သော် ပိုတိုးလိုက်သည့်တိုင် သူ ကျန်တဲ့စကားကို ကြားခွင့်မရလိုက်ချေ။

ဘာကြောင့်လဲဆိုတော့ စုန်ယန်က စတင်လှုပ်ရှားလိုက်ပြီ ဖြစ်သောကြောင့်ပင်။

ထူးကဲလေ လွတ်မြောက်ခြင်းအတတ်နှင့် စိတ်စွမ်းအား လွတ်မြောက်ခြင်းအတတ် နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။

ခဏချင်းမှာပင် မရေမတွက်နိုင်သော စိတ်စွမ်းအားများမှာ အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြယ်ကြွေလက်ညှိုးအတတ်ဖြင့် ကုဟိုင်ကို ထပ်ခါတလဲလဲ အလွှာလိုက် ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။

ကုဟိုင်ကလည်း တုံ့ပြန်မှု မြန်ဆန်လှသည်။ သူ၏ ပတ်ဝန်းကျင်တွင် မှောင်မည်းသော အရိပ်များ ပေါက်ကွဲထွက်လာပြီး ထူးဆန်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ထပ်နေသော အသံလှိုင်းများက အရိပ်များကို ဝေဝါးသွားစေပြီး နှင်းပွင့်များကဲ့သို့ ကြယ်

ရောင်အစက်အပြောက်များ သို့မဟုတ် ထူးဆန်းသော မျှော်စင်တစ်ခုကို တည်ဆောက်နေသည့် ပျားအုပ်ကြီးကဲ့သို့သော မသိရသေးသည့် မိစ္ဆာကိုယ်ခံပညာအတတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သို့သော် သူ၏ တုံ့ပြန်မှု မည်မျှပင် မြန်စေကာမူ စုန်ယန်၏ အရှိန်နှင့် ယှဉ်လျှင်မူ များစွာ နှေးကွေးနေဆဲပင်။

ထို့ကြောင့် သူ၏ ကိုယ်ခံပညာအတတ် ပုံမပေါ်လာမီမှာပင် စုန်ယန်သည် သူ၏မျက်စိရှေ့၌ လည်ပတ်နေသော သွေးရောင်လွှမ်းသည့် ဒါလီယာပန်းကြီးတစ်ပွင့်၊ ကောင်းကင်ယံရှိ ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ပွင့်ချပ်များ ပွင့်ထွက်သွားပြီး ဝဲဂယက်ကြီးက အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။

"ဝုန်း" ဟူသော အသံနှင့်အတူ ကုဟိုင် ပုံဖော်၍ မပြီးသေးသော တိုက်ကွက်မှာ အတင်းအဓမ္မ ရိုက်ခွဲခြင်း ခံလိုက်ရတော့သည်။

ဤကဲ့သို့ ဖြစ်ရပ်မျိုးမှာ ခရမ်းရောင်နန်းတော်အဆင့် အချင်းချင်းကြားတွင် အလွန်ရှားပါးလှသည်။

သို့သော် နှစ်မျိုးစပ် လွတ်မြောက်ခြင်းအတတ်ကို အနီးကပ်အကွာအဝေးမှ အသုံးပြုကာ မမျှော်လင့်ထားသည့်အချိန်တွင် တိုက်ခိုက်လိုက်ခြင်းက အနိုင်ရသူဖြစ်ခွင့်ကို ရရှိစေခဲ့ခြင်းပင်။

"လောကီနယ်ပယ်မှာ အရှိန်ကသာ အမြတ်လို့ ပြောကြတာ တကယ်မှန်တာပဲ။ ဒါဟာ အဆင့်မြင့်နယ်ပယ်တွေမှာလည်း မှန်နေတုန်းပဲ။ ဒါပေမဲ့ အဆင့်မြင့်နယ်ပယ်တွေမှာ အရှိန်ရဖို့က သာမန်ကိုယ်ခံပညာရှင်တွေထက် ပိုပြီး ခက်ခဲတတ်တယ်"

တစ်ကွက်နောက်ကျသွားသော ကုဟိုင်သည် စုန်ယန်၏ မရေမတွက်နိုင်သော စိတ်စွမ်းအား တိုက်ခိုက်မှုများကို အလူးအလဲ ခံနေရတော့သည်။

သူက ဘယ်လိုတောင် ရဲရဲတင်းတင်း လုပ်ရဲတာလဲ။

ကုဟိုင်က ရင်ထဲမှ ဟိန်းဟောက်လိုက်သည်။

ငါ့ရဲ့ ပျားတိမ်တိုက် လူသတ်မြူခိုးတွေ

ဒါကို ထုတ်ခွင့်ပေးစမ်း

ငါတို့ အလောင်းစား ဝံပုလွေမျိုးနွယ်ရဲ့ သီးသန့် ခရမ်းရောင်နန်းတော်အဆင့် မျိုးနွယ်စု လျှို့ဝှက်အတတ် ပျားတိမ်တိုက် လူသတ်မြူခိုး….

သူသည် စိတ်စွမ်းအားများကို ဆက်တိုက်ဖော်ဆောင်နေသော်လည်း ထိုစွမ်းအားများ မစုစည်းမိခင်မှာပင် စုန်ယန်၏ စိတ်စွမ်းအားများဆီမှ ရိုက်ခွဲကာ ဖျက်ဆီးပစ်ခြင်း ခံနေရသည်။

ဤသို့ စိတ်ချင်းအားပြိုင်နေစဉ်အတွင်း သူတို့နှစ်ဦးကြား အကွာအဝေးမှာ ပိုမိုနီးကပ်လာသည်။

ကုဟိုင်က စုန်ယန်ကို ဒေါသတကြီး စိုက်ကြည့်နေသကဲ့သို့ စုန်ယန်ကလည်း ကုဟိုင်ကို ပြန်လည်စိုက်ကြည့်နေသည်။

နောက်ဆုံးတွင် အကွာအဝေးမှာ အလွန်နီးကပ်သွားချိန်တွင် ကုဟိုင်၏ မျက်နှာ၌ ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ပုံဖော်၍မရခဲ့သော တိုက်ကွက်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ပတ်ဝန်းကျင်တွင် သိပ်သည်းလှသော သွေးရောင်အက္ခရာ ချိပ်ပိတ်များ ပေါ်ထွက်လာကာ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် တွန်းထုတ်လိုက်တော့သည်။

ဤသွေးရောင်အက္ခရာ ချိပ်ပိတ်တစ်ခုချင်းစီသည် သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ သွေးများကို ဆူပွက်စေပြီး သေဆုံးစေရန် လုံလောက်လှသည်။ ဤတိုက်ကွက် ကျဆင်းလာချိန်တွင် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် နောက်သို့ ဆုတ်ခွာရမည်သာ ဖြစ်သည်။

သူသည် ပြည့်စုံသော အလောင်းစား ဝံပုလွေမျိုးနွယ်ဖြစ်ပြီး မွေးရာပါ သွေးစွမ်းအား ကြွယ်ဝသော ဝံပုလွေကြီး တစ်ကောင်လည်း ဖြစ်သည်။ သူ၏ စိတ်စွမ်းအားဖြင့် ဖော်ဆောင်

လိုက်သော သွေးမိစ္ဆာချိပ်ပိတ်မှာ သာမန် အလောင်းစား ဝံပုလွေများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

အကယ်၍ အသံလှိုင်းများကို အသုံးပြု၍ သွေးစွမ်းအားကို ထိန်းချုပ်နိုင်သော အလောင်းစား ဝံပုလွေမျိုးနွယ်သာ မဟုတ်ခဲ့လျှင် မည်သူမဆို ဤချိပ်ပိတ်ဒဏ်ကြောင့် အသားအရေများ လွှာခြင်းခံရကာ သေဆုံးရမည်မှာ မလွဲပေ။

ခရမ်းရောင်နန်းတော်အဆင့် ဖြစ်သည့်တိုင် နောက်သို့ မဆုတ်ဘဲ မနေနိုင်ချေ။

သူသာ နောက်သို့ ဆုတ်လိုက်သည်နှင့် သူ၏ ခရမ်းရောင်နန်းတော် လျှို့ဝှက်အတတ်ဖြစ်သော ပျားတိမ်တိုက် လူသတ်မြူခိုးကို ထုတ်လွှတ်လိုက်မည်ဖြစ်ရာ ဤလူသားမှာ သေချာပေါက် သေဆုံးရမည်ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် မယုံကြည်နိုင်စရာ ကောင်းသောအရာ ဖြစ်ပျက်ခဲ့သည်။

ကုဟိုင်၏ မျက်စိရှေ့တွင်ပင် ထိုလူသားသည် သွေးမိစ္ဆာချိပ်ပိတ်ကို ဖောက်ထွက်လာကာ အခြားသော အလောင်းစား ဝံပုလွေမျိုးနွယ်မှ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများကဲ့သို့ပင် သဘာဝကျကျ ဖောက်ထွက်လာခြင်းပင်။

ထိုသို့ ဖောက်ထွက်လာရင်းနှင့်ပင် ထိုလူသားမှာ စိတ်စွမ်းအားများကို စုစည်းရန် လက်မြှောက်နိုင်သည့် ခွန်အားရှိနေသေးသည်။ စိတ်၏ ဖြစ်ပေါ်ပျက်စီးခြင်း အခိုက်အတန့်အတွင်းမှာပင် တောက်ပသော သွေးရောင်လက်ဝါးကြီးတစ်ခုမှာ ကုဟိုင်၏ ရှေ့မှောက်တွင် ပေါ်လာပြီး အောက်သို့ ရိုက်ချလိုက်တော့သည်။

ထိုလက်ဝါးမှာ မည်သူမျှ တားဆီး၍မရသော အရှိန်အဟုန်နှင့်အတူ အလွန်နုနယ်သိမ်မွေ့သော သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ပါရှိနေသည်။

ဝုန်း

ဤလက်ဝါးရိုက်ချက်မှာ ကုဟိုင်၏ မျက်ခုံးအလယ်သို့ တည့်တည့်ကျရောက်သွား၏။ ၎င်းမှာ ခရမ်းရောင်နန်းတော်ပိုင်ရှင်၏ ခန္ဓာကိုယ်တွင် အားအနည်းဆုံး အချက်အချာနေရာပင်။

မြို့တံခါးကြီး ကျိုးပျက်သွားသကဲ့သို့ပင် နောက်ကွယ်မှ နတ်ဘုရားဝိညာဉ်ကို ဆက်လက်ကာကွယ်ပေးနိုင်ခြင်း မရှိတော့ချေ။

ကုဟိုင်၏ ရင်ထဲတွင် မဖော်ပြနိုင်သော ထိတ်လန့်ကြောက်ရွံ့မှုမျိုး ပထမဦးဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာသည်။

ငါ မသေချင်သေးဘူး…

ငါ မသေချင်သေးဘူးလို့…

"ငါက အလောင်းစား ဝံပုလွေမျိုးနွယ်ရဲ့ အနာဂတ် အရှင်သခင်ဖြစ်လာမယ့်သူပဲ။ ငါပိုင်ဆိုင်ရမယ့် ကောင်းမွန်တဲ့အရာတွေ၊ ငါစားရမယ့် လူသားတွေနဲ့ ငါပျော်ပါးရမယ့် အလှအပတွေ အများကြီး ကျန်သေးတာလေ။ ငါက ဘယ်လိုလုပ် သေနိုင်မှာလဲ။

ငါ တစ်ခါမှ မရှုံးနိမ့်ဖူးခဲ့ဘူး။

ဒါဟာ... ပထမဦးဆုံးအကြိမ်ပဲ။

ဒါပေမဲ့ ဘာလို့များ... ပထမဦးဆုံးအကြိမ် ရှုံးနိမ့်မှုကြီးက ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ။ ဘာကြောင့်... ဘာကြောင့် ဒီလူက ငါ့ရဲ့ သွေးမိစ္ဆာချိပ်ပိတ်သက်ရောက်မှုကို မခံရတာလဲ"

ခဏချင်းမှာပင် သူ၏ စိတ်အာရုံမှာ မရေမတွက်နိုင်သော အတိတ်မှတ်ဉာဏ်များဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုမှတ်ဉာဏ်များမှာ မီးအိမ်တစ်ခု လည်နေသကဲ့သို့ တရစပ် ပေါ်လာသော်လည်း မှတ်ဉာဏ်တိုင်းတွင် သူက လူသားမျိုးနွယ် ကျင့်ကြံသူများကို နှိပ်စက်

သတ်ဖြတ်နေသည့် မြင်ကွင်းများသာ ပါရှိနေသည်။

သူ သွေးနီရောင်နန်းတော် အဆင့်ဦးပိုင်းတွင် ရှိစဉ်က အဆင့်လယ်ပိုင်းရှိသူများကို သတ်နိုင်ခဲ့သည်။ အဆင့်လယ်ပိုင်း ရောက်ချိန်တွင် အဆင့်နှောင်းပိုင်းရှိသူ၏ ရတနာကို လိုချင်သဖြင့် ထိုသူက အနည်းငယ် တွန့်ဆုတ်နေစဉ်မှာပင် သတ်ဖြတ်ပြီး စားပွဲတင်ခဲ့သည်။

အရာရာကို လိုချင်တပ်မက်မှုကြောင့် သတ်ဖြတ်ခြင်း၊ သဘောထားမတိုက်ဆိုင်သဖြင့် မြို့တစ်မြို့လုံးကို အမြစ်ပြတ်ချေမှုန်းခြင်း၊ ကျင့်ကြံသူများ၏ ရှေ့မှောက်မှာပင် သူတို့၏ ဇနီးမယားနှင့် သမီးပျိုများကို စော်ကားဖျက်ဆီးခြင်း... ထိုကဲ့သို့သော ကိစ္စရပ်များကို သူ တစ်ကြိမ်မက မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးသည်။

ဤမြေပေါ်ရှိ အရာအားလုံးမှာ သူ၏ပိုင်ဆိုင်မှုများ ဖြစ်ခဲ့သည်။

ငါ မှားနေခဲ့လို့လား။

ဒါပေမဲ့ ဘာလို့ ဒီတစ်ကြိမ်မှာ ထူးခြားနေရတာလဲ။

ကုဟိုင်၏ ရင်ထဲတွင် မကျေနပ်မှုများစွာဖြင့် ဟိန်းဟောက်နေမိသည်။

သို့သော် မည်မျှပင် မကျေမနပ်ဖြစ်စေ၊ ဇဝေဇဝါဖြစ်စေ သူ၏ နတ်ဘုရားဝိညာဉ်မှာမူ ခန္ဓာကိုယ်ပြင်ပသို့ လွင့်စင်ထွက်သွားခဲ့ပြီဖြစ်သည်။

သူ၏ ဆန့်ကျင်ဘက်တွင်မူ လူသား ခရမ်းရောင်နန်းတော်ကျင့်ကြံသူမှာ မည်သည့်ခံစားချက်မျှမရှိ၊ သနားညှာတာမှုလည်း ကင်းမဲ့စွာဖြင့် လက်ကို လှန်လိုက်သည်။ မှောင်မည်းသော အလံတစ်ခုမှာ လေထဲတွင် လျင်မြန်စွာ ကြီးမားလာပြီး တစ်ကိုက်ခန့်အထိ ရောက်ရှိသွားကာ ထူးဆန်းသော လေပြင်းများနှင့် တစ္ဆေမြူခိုးများက ဝိုင်းရံထားသည်။

ကုဟိုင်၏ နားထဲတွင် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

All Chapters