အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း။ ၂၅၉
စုန်ယန်သည် မျက်လုံးများကို မှိတ်လိုက်သည်။
သူ၏နားထဲတွင် ပိုင်ရွှယ်ဟန်၏ အသံများက ဆက်လက်၍ ပဲ့တင်ထပ်နေဆဲပင်။
"အမှန်တရားနဲ့ အမှားဆိုတာ တကယ်ပဲ အဲဒီလောက် အရေးကြီးလို့လား..."
"ဒီနှစ်ပေါင်းတစ်ရာက တကယ်ပဲ ဘာတန်ဖိုးမှ မရှိခဲ့ဘူးလား..."
"ရှင် ဘာလို့ ထွက်သွားရမှာလဲ..."
"ကျွန်မအတွက်နဲ့ နေပေးလို့ မရဘူးလား... ဟင်..."
"နေပေးပါ..."
စုန်ယန်သည် သက်ပြင်းသဲ့သဲ့တစ်ချက် မှုတ်ထုတ်လိုက်သည်။ ရင်းနှီးနေသော ခံစားချကတစ်ခု တိုးဝင်လာခဲ့ကာ စိတ်ကူးယဉ်နယ်မြေရဲ့ အချိန်ရောက်လာပြီဖြစ်ကြောင်း သူသိလိုက်သည်။ အကယ်၍ ၎င်းထဲတွင် ပိတ်မိသွားပါက သူသည် နစ်မွန်းသွားပေလိမ့်မည်။ သို့သော် လျစ်လျူရှုထားနိုင်လျှင်မူ ရုန်းထွက်နိုင်မည်ဖြစ်သည်။
နောက်တစ်ခဏတွင် သူမျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ရှေ့တွင် ရေကြီးမှုများမှာ ဆက်လက်၍ မြင့်တက်နေဆဲဖြစ်ပြီး မည်းနက်နေသော အိမ်ခေါင်မိုးများမှာလည်း အနားသို့ ကပ်နေဆဲပင်။
ဒုက္ခပင်လယ်မှ ကိုရင်လေးသည် သူ့ကို တရားမရနိုင်သော ခေါင်းမာသူဟူသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ ဤအချိန်သည် ဒုက္ခပင်လယ်မှ ကိုရင်လေး၏ ပုံရိပ်ကို ခေတ္တမျှ ရိုက်ခွဲပစ်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးပင်။
စုန်ယန်သည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ကိုရင်လေးကို ရိုက်ချကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် စိတ်ကူးယဉ်နယ်မြေထဲတွင် နစ်မွန်းနေဆဲဖြစ်သော ဘေးနားမှ အမျိုးသမီးကျင့်ကြံသူကို ပါးတစ်ချက် ရိုက်လိုက်သည်။
"သတိပြန်ဝင်စမ်း"
ပိုင်ရွှယ်ဟန် မျက်လုံးပွင့်လာသောအခါ စုန်ယန်ကို မြင်သည်နှင့် ပြင်းထန်သော ဝမ်းသာရိပ်များ ချက်ချင်းပေါ်လာပြီး ဗီဇအရ သူ့အနားသို့ တိုးကပ်ရန် ပြင်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ကိုယ့်ကိုကိုယ် ပြန်ထိန်းကာ ရှုပ်ထွေးသော အမူအရာဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။ ထို့နောက် သူမက မသိစိတ်ဖြင့် မေးလိုက်မိသည်။
"စီနီယာ... စီနီယာ့မျက်နှာပေါ်က ဓားဒဏ်ရာက... အတုလားဟင်..."
စုန်ယန် ခေတ္တမျှ ဆွံ့အသွားသည်။ စိတ်ကူးယဉ်နယ်မြေထဲတွင် ဤအမျိုးသမီးနှင့် နှစ်ပေါင်းတစ်ရာကြာ အတူဖြတ်သန်းခဲ့ရသဖြင့် သူမကို သူစိမ်းတစ်ယောက်လို လုံးဝဥပေက္ခာပြုရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
ထို့ကြောင့် သူက "စိတ်ကူးယဉ်နယ်မြေထဲက အရာအားလုံးက အတုအယောင်တွေပဲ။ ဒုက္ခပင်လယ်က ကိုရင်လေးက လူတွေကို ဘယ်လိုလှည့်စားရမလဲဆိုတာပဲ သိတာ" ဟု ပြောလိုက်သည်။
"စီနီယာလည်း... စီနီယာလည်း စိတ်ကူးယဉ်နယ်မြေထဲကို ကျရောက်သွားခဲ့တာလား"
ပိုင်ရွှယ်ဟန်သည် ဘာတွေအိပ်မက်မက်ခဲ့သည်မသိဘဲ စုန်ယန်ကို ကြောက်ရွံ့နေသည့် အမူအရာများမှာ သိသိသာသာ လျော့ပါးသွားပုံပင်။
စုန်ယန်က ပြန်မဖြေချေ။
ပိုင်ရွှယ်ဟန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သတ္တိကို မွေးမြူပြီး ထပ်မေးလိုက်ပြန်သည်။
"စီနီယာ... စီနီယာ တကယ်ပဲ နယ်စပ်ဒေသကို သွားခဲ့တာလား"
စုန်ယန်သည် ဒုက္ခပင်လယ်မှ ကိုရင်လေး ပျောက်ကွယ်သွားသော နေရာကို ရုတ်တရက် လှမ်းကြည့်လိုက်ကာ သူ ချက်ချင်းပင် နားလည်သွားခဲ့သည်။
ထိုတစ္ဆေကဲ့သို့ အရာသည် စိတ်ကူးယဉ်နယ်မြေများကို ဖန်တီးပေးရုံသာမက လူတို့၏ နှလုံးသားထဲမှ အားနည်းချက်များကိုပါ အသုံးချနေခြင်းပင်။
"သူက ငါနဲ့ ပိုင်ရွှယ်ဟန်ကို တစ်ခုတည်းသော စိတ်ကူးယဉ်နယ်မြေထဲမှာ အတူတူ ဖြတ်သန်းစေဖို့ အတင်းအကျပ် လုပ်ခဲ့တာလား။
ငါ့ရဲ့ အမူအကျင့်တွေကို ပိုင်ရွှယ်ဟန်ဆီ ကူးယူပေးပြီး သူမရဲ့ အမူအကျင့်တွေကိုလည်း ငါ့ဆီ ပြန် ကူးယူပေးခဲ့တယ်။ အဲဒီလိုနဲ့ ငါတို့နှစ်ယောက် နိုးထလာတဲ့အခါမှာတောင် အစစ်နဲ့အတုကို ဝေခွဲမရဖြစ်အောင် အဲဒီကနေတစ်ဆင့် တာအိုကျင့်စဉ်ထဲ ကူးပြောင်းသွားဖို့ ပိုလွယ်အောင် သူက စီစဉ်ခဲ့တာပဲ။
အစစ်လား... အတုလား...။ တကယ်လို့ အတုကနေ အစစ်အမှန်ကို ဖန်တီးနိုင်ခဲ့ရင် အစစ်အမှန်ဆိုတာ တကယ်ပဲ အရေးကြီးသေးလို့လား။ သံသရာထဲကနေ လွတ်မြောက်ပြီး တာအိုရဖို့ကသာ ပိုပြီး အရေးကြီးတာ မဟုတ်ဘူးလား"
စုန်ယန်သည် ဤကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေကို ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော် သူ၏ တုံ့ပြန်မှုမှာ ပြတ်သားလှသည်။
"နယ်စပ် အဲဒီလိုနေရာမျိုးက ဘာများ ထူးခြားလို့လဲ။ ငါကတော့ ငါထွက်သွားတဲ့အကြောင်းပဲ အိပ်မက်မက်တယ်"
"ဒါဆို... ကျွန်မကကော"
ပိုင်ရွှယ်ဟန် မမေးဘဲ မနေနိုင်တော့ချေ။
စုန်ယန်က "မင်းလား... မင်းကတော့ အပြင်ရောက်တာနဲ့ ငါနဲ့လမ်းခွဲသွားတာပေါ့။ မင်းဘယ်ကို သွားတယ်ဆိုတာ ငါလည်း မသိဘူး" ဟု အေးစက်စွာ ပြောလိုက်သည်။
ပိုင်ရွှယ်ဟန်မှာ အကြာကြီး ငေးတိုင်တိုင် ဖြစ်သွားပြီး "အော်..." ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်ပြေးသွားတော့သည်။
စုန်ယန်သည် တရားဆက်လက်မှတ်နေရင်း မျက်လုံးမမှိတ်မီ ပိုင်ရွှယ်ဟန်ကို တစ်ချက်ကြည့်ကာ အနားသို့လာရန် လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်ပြီး
"ငါ သွေးကျွန်ရှေးဟောင်းအစီအရင်လို့ခေါ်တဲ့ မှော်အတတ်တစ်ခုကို တတ်ထားတယ်။ ဒီအစီအရင်ကို ခတ်လိုက်တာနဲ့ မင်းရဲ့အသက်ကို ငါ့စိတ်အကြံတစ်ခုတည်းနဲ့ ထိန်းချုပ်လို့ရသွားလိမ့်မယ်။ ဒါပေမဲ့ ဒါက တစ်ဖက်လူရဲ့ ကြည်ဖြူမှုလိုတယ်... မင်း... ဒီကိုလာခဲ့..."
ပိုင်ရွှယ်ဟန်သည် မငြင်းဆန်ရဲဘဲ အနားသို့ ကပ်လာသော်လည်း တစ်ခါတစ်ရံတွင် သူ့ကို ခိုး၍ကြည့်နေမိသည်။
စုန်ယန်သည် လက်မြှောက်ကာ သူမ၏ မျက်ခုံးအလယ်သို့ လက်ညှိုးဖြင့် ထောက်လိုက်ပြီး
"ငါ့ကို အပြစ်မတင်နဲ့။ ကျင့်ကြံခြင်းလောကမှာ လူ့စိတ်ဆိုတာ လှည့်စားတတ်လွန်းတယ်။ တခြားသူကို လွယ်လွယ်ယုံတဲ့သူတွေက ပိုမြန်မြန်သေတတ်ကြတယ်။ ဒါပေမဲ့... ငါတို့ ဒီနေရာကနေ လုံခြုံတဲ့နေရာကို ရောက်တာနဲ့ ဒီအစီအရင်ကို ငါပြန်ဖြုတ်ပေးမယ်"
ပိုင်ရွှယ်ဟန်က ခါးသက်သက်ပြုံးလိုက်ပြီး
"တကယ်ပဲ လုံခြုံတဲ့နေရာဆိုတာ ကျန်သေးလို့လား။ အလောင်းစားဝံပုလွေမျိုးနွယ်စုတွေက သဘာဝအတိုင်း ရိုင်းစိုင်းကြတယ်။ သူတို့ရဲ့ စစ်သူကြီးတိုင်းကလည်း အာဏာရှင်တွေချည်းပဲ။ အထူးသဖြင့် ရှေးဟောင်းသွား ဘိုးဘေးကတော့ သူတို့ထဲမှာ အစွန်းရောက်ဆုံးပဲ။
သူက ဓားဂိုဏ်းကို ဖျက်ဆီးမယ်လို့ ပြောပြီးရင် ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။ ကျွန်မ ဂိုဏ်းကို ပြန်သွားရင်တောင် သေရမှာပဲ။ ကျွန်မကြောင့် ဂိုဏ်းပါ ဒုက္ခရောက်ကုန်ပြီ"
သူမသည် သက်ပြင်းရှည်တစ်ချက်ချကာ မျက်လုံးများကို မှိတ်လိုက်ပြီး "စီနီယာအနေနဲ့ ကျွန်မကို ဒီအတိုင်း စိတ်ကူးယဉ်နယ်မြေထဲမှာပဲ နစ်မြုပ်ပြီး သေခွင့်ပေးလိုက်ရင် ပိုကောင်းဦးမယ်" ဟု ပြောလိုက်သည်။
စုန်ယန် ခေတ္တမျှ မှင်တက်သွားပြီးမှ ပိုင်ရွှယ်ဟန်သည် အစောပိုင်းက ဘာကြောင့် အချိန်မီနိုးမလာခဲ့သလဲဆိုသည်ကို နားလည်သွားတော့သည်။ ထိုအချိန်တွင် သူ၏လက်ချောင်းက သွေးစက်တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူမ၏မျက်ခုံးထက်တွင် လျင်မြန်စွာ အမှတ်အသားပြုရင်း ပြောလိုက်သည်
"စိတ်ကိုလျှော့ထား အေးအေးဆေးဆေးပဲ လက်ခံလိုက်"
ပိုင်ရွှယ်ဟန်သည် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။
သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်နှစ်စက်မှာ ပါးပြင်ပေါ်သို့ ဖြည်းညှင်းစွာ စီးကျလာသည်။
ခဏအကြာတွင် သွေးကျွန်ရှေးဟောင်းအစီအရင်မှာ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။
ပိုင်ရွှယ်ဟန်သည် စုန်ယန်၏ သွေးကျွန်ဖြစ်လာခဲ့ပြီဖြစ်ရာ စုန်ယန်အနေဖြင့် မိုင်ပေါင်းထောင်ချီ ဝေးကွာနေပါစေဦးတော့ စိတ်အကြံတစ်ခုတည်းဖြင့် သူမကို သေစေနိုင်ပြီဖြစ်သည်။
အမျိုးသမီးကျင့်ကြံသူ ငိုနေသည်ကို မြင်သောအခါ စုန်ယန်က
"ကဲ... တော်တော့ မငိုနဲ့တော့။ ငါတို့နှစ်ယောက်လုံး စိတ်ကူးယဉ်နယ်မြေထဲကနေ အတူတူ လွတ်လာခဲ့ကြတာပဲ။ ဒီနေရာမှာလည်း သွေးလမ်းဖောက်ပြီး အတူတူ ထွက်သွားကြတာပေါ့"
ထို့နောက် သူက ဆက်၍ "မင်းက အခု ငါ့ရဲ့ သွေးကျွန်ဖြစ်သွားပြီဆိုတော့ ငါ့ရဲ့ပိုင်ဆိုင်မှုပဲ။ ငါ မင်းကို အလကားနေရင်း အသေခံခိုင်းမှာမဟုတ်သလို ပစ်လည်းထားခဲ့မှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။
ပိုင်ရွှယ်ဟန်မှာ ခေတ္တမျှ ဆွံ့အသွား၏။ အကြောင်းအရင်းမှာ ဤစီနီယာအဘိုးကြီးမှာ ယခင်ကထက် စကားများများ ပိုပြောလာသည်ကို သူမ သတိထားမိလိုက်သောကြောင့်ပင်။
သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး "ဒါဆိုရင် စီနီယာ စိတ်ချလက်ချ နားနေပါ။ ကျွန်မ စောင့်ရှောက်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူမသည် ဘေးတွင် မတ်တပ်ရပ်ကာ အနားတွင် မျောပါနေသော အလောင်းများကို သေသေချာချာ စောင့်ကြည့်နေတော့သည်။ အကယ်၍ အလောင်းတစ်လောင်းမှာ အနားသို့ ချဉ်းကပ်လာသည့် လက္ခဏာပြသည်နှင့် သူမသည် မဟာဆူနာမီအတတ်ကို အသုံးပြု၍ ချက်ချင်းပင် တွန်းထုတ်ပစ်လိုက်သည်။
ရုတ်တရက် သူမ၏ နားထဲတွင် လေးလံသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ၎င်းမှာ ဓားပျံအစုအဝေးတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုဓားပျံတစ်ခုချင်းစီ၏ အရည်အသွေးမှာလည်း အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လှသည်။
မနီးမဝေးမှ ခရမ်းရောင်နန်းတော် အဘိုးကြီး၏ အေးစက်သော အသံမှာ လွင့်ပါးလာသည်။
"ဒါတွေကို ယူထားလိုက် နောက်ခါဆိုရင် ဓားပျံတစ်လက်တည်းနဲ့ မသွားနဲ့တော့။
ငါ့ရဲ့ သွေးကျွန်မှာ လက်နက်မရှိတာမျိုး မဖြစ်စေရဘူး"
ပိုင်ရွှယ်ဟန်သည် ခေါင်းကို လေးလေးနက်နက် ညိတ်ပြကာ ဓားပျံများကို ယူ၍ တစ်လက်ပြီးတစ်လက် စတင် သန့်စင်နေတော့သည်။ သူမ ဓားများကို ပြင်ဆင်နေစဉ်တွင် နှုတ်ခမ်းထောင့်၌ အပြုံးစလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အေးစက်သော လမင်းမှာ အထက်ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေကာ ကံကောင်းထောက်မစွာဖြင့် မိုးလည်းမရွာသလို မြူများလည်း မရှိတော့ချေ။
သို့သော် ဤလျှို့ဝှက်နယ်မြေ၏ အဆုံး၊ နောက်ထပ် လျှို့ဝှက်နယ်မြေတစ်ခု၏ အဝင်ဝတွင်မူ တစ်ခါတစ်ရံတွင် ထူးဆန်းသော တုန်ခါမှုများ ဖြစ်ပေါ်နေသည်။ ထိုနေရာတွင် ပိတ်မိနေသော အလောင်းနှစ်လောင်းမှာ ရေလှိုင်းများနှင့်အတူ မျောပါနေပြီး သူတို့၏ မျက်လုံးများမှာမူ အာရုံကြောများ၏ ဆွဲငင်မှုကြောင့် ဦးတည်ချက်မရှိဘဲ ဟိုဟိုဒီဒီ လှုပ်ရှားနေကြတော့သည်။
အခန်း။ ၂၆၀
ခြောက်ခြားဖွယ်ရာ ကောင်းလှသော လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်များက ဤနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ပိုင်ရွှယ်ဟန်သည် တစ်ကိုယ်လုံး တင်းမာနေပြီး သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ ထူးဆန်းသော အသံများ သို့မဟုတ် မူမမှန်မှုများကို အမြဲမပြတ် စောင့်ကြည့်နေသည်။ သူမ၏ ကာကွယ်စောင့်ရှောက်မှုကြောင့် စုန်ယန်မှာ ပိုမိုစိတ်အေးလက်အေးဖြင့် ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။
တစ်ညတာ ကုန်ဆုံးသွားသည့်အခါ ပျားတိမ်တိုက် လူသတ်မြူခိုး၏ တိုက်စားတတ်သော အစွမ်းများကို သူ၏ခန္ဓာကိုယ်အတွင်းမှ အကုန်အစင် ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် တစ်ညအကြာတွင်မူ သူ၏ စွမ်းအားများမှာ အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာခဲ့သည်။
နံနက်ခင်း၏ ရွှေရောင်အလင်းတန်းများသည် တိမ်တိုက်များကို ဖောက်ထွက်၍ ဤရှေးဟောင်းလျှို့ဝှက်နယ်မြေပေါ်သို့ ကျရောက်လာသော်လည်း ရေကြီးမှုမှာ ပြန်လည်ကျဆင်းသွားမည့် အရိပ်အယောင်မရှိဘဲ ပိုမို၍ပင် မြင့်တက်လာနေပုံပင်။
လွန်ခဲ့သော နှစ်ရက်က လုံးဝပေါ်ထွက်နေခဲ့သော အိမ်ခေါင်မိုးမှာ ယခုအခါ ရေအောက်သို့ နစ်မြုပ်လုနီးပါး ဖြစ်နေပြီး စက်ဝိုင်းပုံစံ နေရာအနည်းငယ်သာ ကျန်တော့သည်ကို စုန်ယန် သတိပြုမိလိုက်သည်။
ထိုနေရာမှာ လူအနည်းငယ်သာ မတ်တပ်ရပ်နိုင်လောက်အောင် ကျဉ်းမြောင်းလှသဖြင့် ပိုင်ရွှယ်ဟန်မှာ အဝေးမှ စောင့်ကြပ်နေရာမှ စုန်ယန်၏ အရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ သူမသည် မြင့်တက်လာသော ရေများကို မထိမိစေရန် သူမ၏ ငွေရောင်ဖိနပ်ကလေးများဖြင့် ဂရုတစိုက် နောက်ဆုတ်နေရသည်။
စုန်ယန်သည် ရေမျက်နှာပြင်ကို လှမ်းကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လိုက်သည်။ ဤနှစ်ရက်အတွင်း ဒဏ်ရာကုသရုံသာမက သူ၏စိတ်ထဲတွင် အကြံအစည်အချို့လည်း ရှိနေခဲ့သည်။
ယခုအခါ သူသည် မျက်လုံးများကို အနည်းငယ်မှိတ်ကာ မျက်နှာမဲ့မျက်နှာဖုံးဆီသို့ အာရုံပြုပြီး တိုက်ရိုက်ပင် အော်ပြောလိုက်သည်။
"ဖုန်းချန်ဇီ... အိပ်မနေနဲ့တော့ ထတော့"
ဖုန်းချန်ဇီသည် ကျန်ရစ်ခဲ့သော နတ်ဘုရားစိတ်အာရုံတစ်ခုမျှသာ ဖြစ်သဖြင့် အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်သော်လည်း အမြဲတမ်း နိုးကြားမနေနိုင်ချေ။ စုန်ယန်အား ပုံသဏ္ဌာန်မဲ့မျိုးနွယ်စုအတွက် မျိုးဆက်ချန်ခဲ့ရန်တိုက်တွန်းပြီးနောက်တွင် သူသည် ခဏခဏ အိပ်မောကျနေတတ်ပြီး အရေးကြီးသည့်အချိန် သို့မဟုတ် စုန်ယန်ခေါ်သည့် အချိန်မှသာ တုံ့ပြန်တတ်သည်။
ထိုစိတ်အာရုံသည် စာကြည့်ဆောင်အတွင်းမှ လွင့်ပါးထွက်လာပြီး "ဒုက္ခတစ်ခုခုနဲ့ တိုးနေပြန်ပြီလား" ဟု မေးလိုက်သည်။
စုန်ယန်က သူ၏ ပြင်ပမြင်ကွင်းမြင်နိုင်စွမ်းကို ဖွင့်ပေးလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
ထို့နောက် သူက "ခင်ဗျား တကယ်ပဲ ထန်ဖန်းကို ကယ်စေချင်တယ်ဆိုရင် ဘာမှဖုံးကွယ်မထားပါနဲ့တော့။ တကယ့် အစစ်အမှန်ပညာရပ်တွေကို ထုတ်ပေးတော့" ဟု ပြောလိုက်သည်။
"တကယ့်အစစ်အမှန်"
ဖုန်းချန်ဇီ၏ စိတ်အာရုံက ပြန်ပြောသည်။
"မင်းယူသွားတဲ့ စိတ်အာရုံလွတ်မြောက်ခြင်းအတတ်က အစစ်မဟုတ်လို့လား။ ဒီအတတ်ကိုသာ မင်းကျွမ်းကျင်သွားရင် မင်းနဲ့အဆင့်တူသူတွေထဲမှာ ဘယ်တော့မှ အရှုံးပေးစရာ မလိုတော့ဘူး။ မင်းထွက်ပြေးချင်တဲ့အချိန် ထွက်ပြေးနိုင်သလို အရင်ဦးအောင် တိုက်ခိုက်ချင်ရင်လည်း ရတယ်လေ"
စုန်ယန်က ပြတ်သားစွာပင်
"ဒီမျက်နှာမဲ့မျက်နှာဖုံးထဲက စာအုပ်စင်မှာ အောက်ထပ်က စာအုပ်တွေက ပထမအဆင့် အမွေအနှစ်တွေ၊ အပေါ်ထပ်က ဒုတိယအဆင့် အမွေအနှစ်တွေပဲ။ ဒါပေမဲ့ အရေးကြီးဆုံး အမွေအနှစ်ကိုတော့ ရှေးဟောင်းပုံသဏ္ဌာန်မဲ့ ဘိုးဘေးဖြစ်တဲ့ ခင်ဗျားကိုယ်တိုင်က လက်ဆင့်ကမ်းပေးရမှာ မဟုတ်လား။ အဲဒါက ခင်ဗျားတို့ မျိုးနွယ်ရဲ့ အဓိကအကျဆုံး အရာပဲလေ"
ဖုန်းချန်ဇီက "ငါက စိတ်အာရုံတစ်ခုပဲလေ... အရာတော်တော်များများကို မှတ်မိဖို့တောင် ခက်ခဲနေပါပြီ" ဟု ပြောလိုက်သည်။
စုန်ယန်က ထပ်မေးလိုက်သည်။
"ဝိညာဉ်ဖြူဂူကျောက်စိမ်းအကြောင်းကကော ဘယ်လိုလဲ။ အကြီးစား ဝိညာဉ်ပေါက်ကွဲမှု မရှိဘဲနဲ့ ဒီကျောက်စိမ်းက ထွက်မလာနိုင်ဘူး။ ထန်ဖန်းရဲ့ အဖေက ကျွန်တော့်ထက် အဆင့်အများကြီး မြင့်မှာမဟုတ်ဘူး မဟုတ်ဘူးလား။ သူ ဘယ်လိုမှော်အတတ်နဲ့ စွမ်းအားကို သုံးသွားတာလဲဆိုတာ သိပါရစေ"
ဖုန်းချန်ဇီက မအောင့်နိုင်ဘဲ "ကောင်လေး... မင်း တကယ်ကို ပါးနပ်လွန်းတာပဲ။ ဒါပေမဲ့ ငါမင်းကို သင်ပေးလိုက်ရင်တောင် မင်းက ရှေ့ဆက်မတိုးဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
စုန်ယန်က ပြုံးလိုက်ပြီး "ခင်ဗျား စမ်းကြည့်သင့်ပါတယ်။ ထန်ဖန်းလေးက ရှေ့မှာ ရှိနေသေးတယ်။ သူက ကျွန်တော့်ရဲ့ သွေးကျွန်လက်ထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ ကျွန်တော်နဲ့ ခင်ဗျားနဲ့လည်း သဘောတူညီချက် လုပ်ထားပြီးသားပဲလေ။ ကျွန်တော်တို့ကြားမှာ ယုံကြည်မှု အခြေခံရှိနေတယ် မဟုတ်လား"
ဖုန်းချန်ဇီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ
"မင်းက ခရမ်းရောင်နန်းတော်ရဲ့ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သွားစိန်ခေါ်ထားတာလေ။ ဒီနေရာကနေ လွတ်သွားရင်တောင် မင်းအသက်ရှင်ဖို့ မလွယ်ဘူး။ အပြင်ရောက်သွားရင်ကော ဘာဖြစ်မှာလဲ"
စုန်ယန်က "ခင်ဗျားကော... ဘာဖြစ်မှာလဲ။ ကျွန်တော် အသတ်ခံရရင် ကျွန်တော့်ဝိညာဉ်က သေချာပေါက် ပေါက်ကွဲလိမ့်မယ်။ ဒီမျက်နှာဖုံးက ကျွန်တော့်ဝိညာဉ်ဒဏ်ကြောင့် မပျက်စီးသွားရင်တောင် အလောင်းစားဝံပုလွေမျိုးနွယ်တွေ လက်ထဲကို ရောက်သွားမှာပဲ။ အဲဒီကျရင် ခင်ဗျားက ဒီလျှို့ဝှက်အတတ်တွေကို ဝံပုလွေတွေကို သင်ပေးတော့မှာလား"
ဖုန်းချန်ဇီ၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် တစ်ယောက်တည်း ရေရွတ်ဆဲဆိုရင်း
"ငါတို့မျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တွေကို သင်ဖို့ဆိုတာ စမ်းသပ်မှုတွေ အများကြီး လိုတာပါ... ကဲပါ... ထားပါတော့... ငါသင်ပေးမယ် ရပြီလား"
ချက်ချင်းပင် ဖုန်းချန်ဇီသည် လျှို့ဝှက်ပညာရပ်များကို ဖြည်းညှင်းစွာ စတင်ဟောကြားတော့သည်။
ဖုန်းချန်ဇီက ဆက်ရှင်းပြသည်။
"ဝိညာဉ်ပေါက်ကွဲခြင်းအတတ်ဆိုတာ ဝိညာဉ်တစ်ခုကို ပေါက်ကွဲစေပြီး ကံကြမ္မာအကျိုးအကြောင်းတွေနဲ့ စိတ်အာရုံအားလုံးကို အစိပ်စိပ်အမွှာမွှာ ချေဖျက်ပစ်တာပဲ။ သူ့ရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းတယ်။ ဝိညာဉ်ပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ တုန်ခါမှုလှိုင်းတွေဟာ ဟင်းလင်းပြင်ကိုတောင် သက်ရောက်မှုရှိစေပြီး အဲဒီကနေတစ်ဆင့် ဝိညာဉ်ဖြူဂူကျောက်စိမ်းဆိုတာ ဖြစ်တည်လာနိုင်တာပဲ"
စုန်ယန်က ထိုစကားကို နားထောင်ရင်း မျက်မှောင်ကြုတ်မိသည်။ ဤအတတ်မှာ အလွန်ရက်စက်ပြီး ပြင်းထန်လှသည်။
ဖုန်းချန်ဇီက ရယ်မောရင်း "ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါမင်းကို သင်ပေးမှာက ဝိညာဉ်တွေကို အလကားနေရင်း ဖြုန်းတီးပစ်ဖို့ မဟုတ်ဘူး။ ငါတို့ ပုံသဏ္ဌာန်မဲ့မျိုးနွယ်ရဲ့ စစ်မှန်တဲ့ ပညာရပ်က အဲဒီပေါက်ကွဲမှုချီစွမ်းအင်ကို ဘယ်လိုထိန်းချုပ်ပြီး ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် အသုံးချမလဲဆိုတာပဲ။ မင်းလက်ထဲမှာရှိတဲ့ ဝိညာဉ်ပေါင်းစုံအလံထဲက ဝိညာဉ်တွေကို သုံးပြီး ဒီအတတ်ကို စမ်းသပ်ကြည့်လို့ရတယ်။ ဒါပေမဲ့ သတိထားဖို့က... ဒီပညာက ကိုယ့်ရဲ့ဝိညာဉ်စွမ်းအားကိုလည်း အများကြီး စုပ်ယူနိုင်တယ်"
စုန်ယန်သည် ခေတ္တမျှ စဉ်းစားလိုက်သည်။ သူ၏ လက်ရှိအခြေအနေမှာ အလွန်အန္တရာယ်များလှသည်။ ခရမ်းရောင်နန်းတော် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရချိန်တွင် ဤကဲ့သို့သော ဝှက်ဖဲတစ်ခုမှာ သူ့အတွက် အလွန်အရေးကြီးသည်။
"ဒါဆိုရင်... ဒီအတတ်ကို ကျွမ်းကျင်ဖို့ ဘယ်လောက်ကြာမလဲ"
စုန်ယန်က မေးလိုက်သည်။
ဖုန်းချန်ဇီက "မင်းရဲ့ ဝိညာဉ်စွမ်းအားက သာမန်လူတွေထက် အများကြီး သာလွန်နေတာပဲ။ ငါပြောတာကို သေချာနားထောင်ပြီး အခုကတည်းက စတင်ကျင့်ကြံရင်တော့ မကြာခင်မှာ အခြေခံကို နားလည်သွားလိမ့်မယ်။ လာ... စိတ်ကို တည်ငြိမ်အောင်ထားပြီး ငါပြောတဲ့ မန္တန်တွေကို လိုက်ဆိုကြည့်စမ်း..."
ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေအတွင်းတွင် ရေမျက်နှာပြင်မှာ တဖြည်းဖြည်း မြင့်တက်လာနေဆဲပင်။ ပိုင်ရွှယ်ဟန်မှာမူ စုန်ယန်၏ ဘေးတွင် မတ်တပ်ရပ်ရင်း စိုးရိမ်တကြီး စောင့်
ကြည့်နေရသည်။
သူမသည် စုန်ယန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများအတွင်းတွင် ထူးဆန်းသော သွေးရောင်အလင်းတန်းများ လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။
စုန်ယန်သည် ယခုအခါ ဖုန်းချန်ဇီ သင်ကြားပေးနေသော ဝိညာဉ်ပေါက်ကွဲခြင်းအတတ်ကို စူးစိုက်စွာ လေ့လာနေပြီဖြစ်သည်။ သူ၏ စိတ်အာရုံအတွင်းတွင် ဝိညာဉ်ပေါင်းစုံအလံမှ ဝိညာဉ်များမှာ ရုန်းကန်နေကြပြီး ထိုဝိညာဉ်များကို စနစ်တကျ ပေါက်ကွဲစေမည့် နည်းလမ်းကို သူ စတင်ဖော်ထုတ်နေတော့သည်။
စုန်ယန်က တည်ငြိမ်စွာပင် "ဒါကြောင့်လည်း ဝိညာဉ်ပေါင်းစုံအလံကို လိုအပ်တာကိုး" ဟု ရေရွတ်လိုက်သည်။
ဖုန်းချန်ဇီက ဆက်ရှင်းပြသည်။
"ဝိညာဉ်ပေါက်ကွဲခြင်းအတတ်ရဲ့ အခက်ခဲဆုံးအပိုင်းက ဝိညာဉ်တွေ ပေါက်ကွဲဖို့ မဟုတ်ဘူး။ အဲဒီပေါက်ကွဲမှုကို တစ်နေရာတည်းမှာ စုစည်းနိုင်ဖို့ပဲ။ အခု မင်းမှာ ဝိညာဉ်ပေါင်းစုံအလံ ရှိနေပြီဆိုတော့ မင်းသိမှာပါ။ အလံထဲက ဝိညာဉ်ဆိုးတွေကို မင်းက အမိန့်တစ်ခုပဲ ပေးလို့ရတာ။ သူတို့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကိုတော့ မင်း မထိန်းချုပ်နိုင်ဘူး။
စစ်သူကြီးတစ်ယောက်က စစ်တပ်ကို တိုက်ခိုက်လို့ အမိန့်ပေးလိုက်ရင် စစ်တပ်က ရှေ့ကို တိုးသွားမှာပဲ။ ဒါပေမဲ့... အဲဒီနောက်မှာ စစ်တပ်ကို လိုသလို ကွေ့ဝိုက်ခိုင်းဖို့ဆိုတာ အလံကိုသုံးပြီး အကြမ်းဖျင်းပဲ လုပ်လို့ရတယ်။ ဝိညာဉ်ဖြူဂူကျောက်စိမ်းဖြစ်ပေါ်လာဖို့က ဝိညာဉ်တွေရဲ့ ပေါက်ကွဲမှုစွမ်းအားကို တစ်နေရာတည်းမှာ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်စေဖို့ လိုတယ်။ အဲဒါက အင်မတန် ခက်ခဲတဲ့အလုပ်ပဲ။ အဲဒီတုန်းက ထန်ဖန်းရဲ့ အဖေတောင် ဒီကိစ္စကို တော်တော်လေး စိတ်ပူခဲ့ရတာ"
စုန်ယန်သည် လက်ကိုမြှောက်ကာ ၁၀ ပေခန့်ကျော် ရှည်လျားသော ဝိညာဉ်ပေါင်းစုံအလံကြီးကို ဆုပ်ကိုင်လိုက်သည်။ အလံကြီးထံမှ အေးစက်မှောင်မိုက်သော မြူခိုးများနှင့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူသည် ဘေးမှ ပိုင်ရွှယ်ဟန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ငါ့မှာ လျှို့ဝှက်ချက်တွေ များလွန်းတယ်... မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အခုပဲ ထွက်သွားတော့။ ငါတို့ မတွေ့ခဲ့ဖူးဘူးလို့ပဲ သဘောထားလိုက်ပါ။ ဒါပေမဲ့ မင်း ဆက်နေမယ်ဆိုရင်တော့ မင်းရဲ့ သွေးကျွန်ရှေးဟောင်းအစီအရင်ကို ငါ ပြန်ဖြုတ်ပေးနိုင်မှာ မဟုတ်တော့ဘူး"
ပိုင်ရွှယ်ဟန်မှာ မှင်တက်သွားပြီးမှ ခေါင်းညိတ်ကာ "ဒါဆိုရင်လည်း မဖြုတ်ပေးပါနဲ့တော့။ ကျွန်မက စီနီယာရဲ့ သွေးကျွန်အဖြစ်နဲ့ပဲ ထာဝရ နေသွားပါ့မယ်" ဟု ပြောလိုက်သည်။
ဤသို့ပြောလိုက်ပြီးနောက် သူမ၏ မျက်နှာတွင် တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးသွားသည့်အလား စိတ်သက်သာရာရသွားသော အမူအရာ ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူမအတွက် ခက်ခဲသော ရွေးချယ်မှုကို ကူညီပေးလိုက်သကဲ့သို့ပင်။
စုန်ယန်လည်း ခေတ္တမျှ ဆွံ့အသွားပြီး သူမကို သံသယဖြင့် ကြည့်မိသည်။ ပိုင်ရွှယ်ဟန်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့ကို တည့်တည့်မကြည့်ဘဲ အကြည့်လွှဲလိုက်သည်။
နောက်တစ်ခဏတွင် ဝိညာဉ်ဆိုးပေါင်း နှစ်သိန်းကျော် ရှိနေသော အလံကြီးအောက်၌ စုန်ယန်သည် ခေါင်းကို မော့လိုက်သည်။ သူ၏ အရေပြားပေါ်တွင် ထူးဆန်းသော ရောင်စုံ ကျားအစင်းကြောင်းများမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ဝိညာဉ်ဆိုးအားလုံးမှာ သူ၏ မျက်ခုံးအလယ်သို့ စုပြုံတိုးဝင်လာကြသည်။ ဝိညာဉ်တစ်ခု ရောက်လာတိုင်း သူက အစီအရင်ဖြင့် ချည်နှောင်လိုက်
သည်။ ထိုသို့ ချည်နှောင်လိုက်ခြင်းသည် ဝိညာဉ်ဆိုးတစ်ခုကို ချန်းဝမ်အဖြစ် ပြောင်းလဲပစ်လိုက်ခြင်းပင်။
မကြာခင်မှာပင် သူ၏ ဝိညာဉ်ကမ္ဘာမှာ ပြည့်လျှံသွားသဖြင့် စုန်ယန်သည် အသွင်ပြောင်းပြီးသား ချန်းဝမ်များကို ဝိညာဉ်ပေါင်းစုံအလံအတွင်းသို့ ပြန်လည်စေလွှတ်ကာ ယခင်လုပ်ရပ်ကို ထပ်ခါထပ်ခါ ပြုလုပ်နေတော့သည်။
သူသည် ဤသို့ ပြုလုပ်နေရင်းဖြင့် မျက်နှာမဲ့မျက်နှာဖုံးအတွင်း၌ ဆွံ့အမှင်တက်နေသော ဖုန်းချန်ဇီကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။
"အကယ်၍ အလံတစ်ခုလုံးမှာရှိတဲ့ ဝိညာဉ်ဆိုးတွေအားလုံးက ငါ့ရဲ့ ချန်းဝမ်တွေ ဖြစ်သွားရင်ကော ဘာဖြစ်မလဲ"
"မင်း... မင်း... မင်း..."
"ဒါ... ဒါက ချန်းဝမ် ကျားသွေးပဲ"
ဖုန်းချန်ဇီမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးသွားတော့သည်။