အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း ( ၅၁ ) အသုံးမကျသော အိမ်ရှေ့စံ၏ ပင့်လက်သီး
ယဲ့လင်ရွှမ်းသည် သူမ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ သူမ၏ သူရဲကောင်းဆန်သော မျက်ခုံးများသည် သတ်ဖြတ်လိုသော အငွေ့အသက်အချို့ ယှက်သန်းနေဆဲပင်။
" စူးမိန်းကလေး၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့လင်ရွှမ်းက ရိုးရိုးသားသားပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
စူးဝမ်ချင်က ခေါင်းကို အသာအယာ ညိတ်ပြကာ ပြန်ပြောလိုက်၏။
" ဘာမှမပြောပလောက်ပါဘူး ၊ ယဲ့မိန်းကလေး အားနာနေစရာမလိုဘူး"
သူမသည် ထိုသို့ပြောပြီးနောက်၊ ရှောင်ရှန်းဘက်သို့ လှည့်ကာ အေးစက်ပြတ်သားသော အကြည့်တို့ဖြင့် ပြောဆိုလိုက်သည်။
"အရှင့်သား၊ ဟိုသံပြားတွေကို အမြန်ဆုံး ပြန်ရှာရပါမယ်"
ရှောင်ရှန်းခမျာ ရှောင်သယ့်ဇီ၏ ကူညီတွဲမမှုဖြင့် ပြန်ထရပ်ရုံသာရှိသေးသည်။ ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်းလက်ငင်း မျက်နှာပျက်ကျသွားလေ၏။
" ကျုပ်ရဲ့ စူးမိန်းကလေးရယ်၊ အဲဒီအစုတ်အပဲ့ သံတိုသံစတွေကို ဘာလို့ လိုက်ရှာနေမှာလဲ ၊ ဒါတွေကို ပစ္စည်းဟောင်းဝယ်တဲ့သူ တစ်ယောက်ယောက်က အရည်ကျိုပစ်လိုက်ပြီလားတောင် မသိဘူး”
သူသည် မျက်နှာငယ်လေးဖြင့် ဗြောင်လိမ်ဗြောင်စားလုပ်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ ယခုအချိန်တွင် သူ့အနေဖြင့် အရှေ့နန်းဆောင်သို့ ပြန်ကာ ပစ်လှဲလိုက်ချင်တော့၏။
နဂါးသွေးကြော၊အစီအရင်တို့ကို နားထောင်ရုံနှင့်ပင် သူ အတော်လေး ခေါင်းကိုက်မိသည်။
"အရှင့်သား”
စူးဝမ်ချင်၏ အသံသည် ရုတ်တရက် ကျယ်လောင်လာကာ ထပ်ပြောပြန်သည်။
"ဒါက အင်မတန် အရေးကြီးတဲ့ကိစ္စပဲ၊ ကလေးကစားစရာ မဟုတ်ဘူး"
ရှောင်ရှန်းခမျာ သူမ၏ ရုတ်တရက် မြင့်တတ်သွားသော အသံကြောင့် တုန်လှုပ်သွားသည်။
စူးဝမ်ချင်၏ တောက်ပကာ ပြတ်သားသော မျက်ဝန်းတစ်စုံကို ကြည့်ပြီး ငြင်းဆန်ရန် ပြင်ဆင်ထားသော စကားလုံးများပင် လည်ချောင်းဝတွင် တစ်ဆို့သွားလေ၏။
သူ့စိတ်ထဲမှာတော့ ဤသို့ အော်ဟစ်နေမိသည်။
'အဘွားလေးရယ်... ကျုပ်ကပဲ လက်လျှော့လိုက်ပါတယ်’
"ကောင်းပြီ၊ ကောင်းပြီ... ရှာမယ်၊ ရှာမယ် ဟုတ်ပြီလား”
ရှောင်ရှန်း တစ်ယောက် စိတ်မပါလက်မပါဖြင့် ဖြေလိုက်ပြီး ၊ ဘေးနားတွင် ရှိနေမှန်းမသိအောင် အသံတိတ်နေသော ရှောင်သယ့်ဇီကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ရှောင်သယ့်ဇီ၊ မင်းအရင်က ပြောဖူးတယ်မလား၊ အဲဒီသံပြားတွေကို... ဘယ်မှာ သွားထားလိုက်တာလဲ”
ရှောင်သယ့်ဇီခမျာ တုန်ယင်သွားပြီး အလျင်အမြန်ပင် ဦးညွှတ်ကာ ပြန်ဖြေလိုက်၏။
"လျှောက်တင်ပါတယ် အရှင့်သား... ကျွန်တော်မျိုး... အဲဒီသံပြားတွေက
တန်ဖိုးရှိမယ်မထင်လို့... မြို့တောင်ဘက်က ဟောင်းနွမ်းပစ္စည်းဝယ်တဲ့ အဖိုးကြီးတစ်ယောက်ဆီ ရောင်းလိုက်မိပါတယ်..."
ပြောရင်းပြောရင်း အသံသည် တဖြည်းဖြည်း တိုးဝင်သွားကာ စူးဝမ်ချင်၏ မျက်နှာရိပ်မျက်ကဲကို တစ်ချက် ခိုးကြည့်လိုက်သည်။ ဤစူးသမားတော်ကြီး ဒေါသထွက်သွားမည်ကို သူ အလွန် ကြောက်မိသည်။
စူးဝမ်ချင်၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွား၏။
"မြို့တောင်ဘက်က ဟောင်းနွမ်းပစ္စည်းဝယ်တဲ့ အဖိုးကြီးလား၊ သူ့မှာ နာမည်ရှိလား…ဘယ်မှာနေတာလဲ”
ရှောင်သယ့်ဇီသည် ခေါင်းလေးကုတ်ကာ အသည်းအသန် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုး မှတ်မိသလောက်ဆိုရင် အဲဒီအဖိုးကြီးရဲ့ မျိုးရိုးက ဝမ်ပဲ…သူက မြို့တောင်ဘက်တစ်ဝိုက်မှာ အမြဲလှည့်လည်နေတတ်တာ”
“နေတဲ့နေရာကတော့... သူပြောတာ ကြားဖူးတယ်၊ မြို့တောင်ဘက်က လျှိုရွှိလမ်းကြား အဆုံးမှာ သူ့ရဲ့ ဆိုင်သေးသေးလေး ရှိတယ်တဲ့"
" နှောင့်နှေးလို့ မဖြစ်ဘူး ခုချက်ချင်း သွားကြမယ်”
စူးဝမ်ချင်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
ရှောင်ရှန်းခမျာ "မိုးချုပ်နေပြီ၊ မနက်မှ သွားရင် မကောင်းဘူးလား" ဟု ပြောချင်သော်လည်း ၊ စူးဝမ်ချင်၏ အလျှော့မပေးသော အကြည့်နှင့် ဘေးနားက ယဲ့လင်ရွှမ်း၏ " တားရဲတားကြည့် ၊ တစ်ခါတည်း နင့်ကို ရိုက်ချိုးပစ်မယ်" ဆိုသည့် အကြည့်တို့ကြောင့် သက်ပြင်းကိုသာ အသာအယာ ချလိုက်ရတော့သည်။
"ကောင်းပြီ ၊ ဒီနေ့တော့ ငါကိုယ်တော် မင်းတို့နဲ့အတူ အသေခံပေးရတာပေါ့”
သုံးယောက်သား တိုင်ပင်ပြီးနောက် ကျွေ့ရှန်းအဆောင်က ကိစ္စများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။
မြို့တောင်ဘက် လျှိုရွှိလမ်းကြားသည် ခေါင်သီသော နေရာတွင် တည်ရှိပြီး ၊ လမ်းကလည်း ကျဉ်းမြောင်းကာ ဘေးတစ်ဖက်တစ်ချက်ရှိ အိမ်များမှာလည်း ဟောင်းနွမ်းစုတ်ပြတ်နေသည်။
သုံးယောက်သား အကွေ့အကောက်ပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ၊ လမ်းကြားအဆုံးတွင် ဆိုင်သေးသေးလေး တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။
ဆိုင်ရှေ့မျက်နှာစာမှာ မကြီးမားဘဲ မှောင်ရိပ်ကျနေကာ ၊ အတွင်း၌ ဟောင်းနွမ်းပစ္စည်းအမျိုးမျိုးကို စုပုံထားသဖြင့် ဖုန်နံ့နှင့် မှိုနံ့တို့ ရောယှက်နေသော အနံ့တစ်ခု ထွက်ပေါ်နေသည်။
ဆံပင်ဖြူ မုတ်ဆိတ်အဖြူနှင့် ရိုးရှင်းသော အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် အဖိုးကြီးတစ်ဦးသည် ဆိုင်ရှေ့ရှိ ထိုင်ခုံပုလေးပေါ်တွင် ထိုင်ကာ ငိုက်မြည်းနေပြီး ၊ သူ၏ လက်ထဲတွင် ဟောင်းနွမ်းနေသော ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
"အဖိုး၊ အနှောင့်အယှက် ပေးမိပါပြီ"
စူးဝမ်ချင်သည် ရှေ့သို့တက်ကာ ခပ်တိုးတိုးလေး မေးလိုက်သည်။
"မေးပါရစေ၊ အဖိုးက ဝမ်အဖိုးကြီးလားဟင်"
ထိုအဖိုးကြီးသည် အသံ ကြားလိုက်ရသောကြောင့် သူ့ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ဝေဝါးနေသော သူ၏ အကြည့်တို့က လူသုံးယောက်ပေါ်တွင် ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် စူးဝမ်ချင်ပေါ်၌ ရပ်တန့်သွားသည်။
သူ၏ မျက်ဝန်းထဲတွင် မသိမသာ တောက်ပသော အလင်းတန်းတစ်ခု လက်ခနဲ ဝင်းလက်သွားသည်။
" အဲ့တာ ငါပဲ ၊ ဒါနဲ့ မင်းတို့က..."
"ကျွန်မတို့ သံပြားအချို့ကို လာရှာတာပါ"
စူးဝမ်ချင်က လိုရင်းကိုသာ တန်းပြောလိုက်သည်။
"ပြီးခဲ့တဲ့ရက်ပိုင်းက အရှေ့နန်းဆောင်က ရှောင်သယ့်ဇီက အဖိုးဆီမှာ သံပြားအချို့ လာရောင်းတယ်လို့ ကြားလို့ပါ"
အဖိုးကြီးသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ သူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ ထို့နောက် သူ၏ ပျင်းရိသော အမူအရာကို ပြန်ထိန်းလိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ခန္ဓာကိုယ်ပေါ်ရှိ ဖုန်များကို ခါထုတ်ရင်း။
"ဪ... သံပြားလား... ခဏစောင့်ဦးနော်၊ ငါ ရှာကြည့်လိုက်ဦးမယ်"
သူသည် ထိုသို့ပြောပြီးနောက် မှောင်မည်းနေသော ဆိုင်ထဲသို့ ဝင်သွားကာ ဟိုလှန်ဒီလှန် ရှာဖွေနေတော့သည်။
ရှောင်ရှန်းသည် ပျင်းရိစွာဖြင့် သမ်းဝေနေပြီး နောင်တွင် မည်သို့ ပြသနာရှာရမည်ကိုသာ ထိုင်တွေးနေ၏။
ထိုမှသာလျှင် သူ၏ ခမည်းတော်သည် သူ့အပေါ်တွင် လုံးဝ စိတ်ပျက်သွားပေလိမ့်မည်။
အခန်း(၅၂)
ယဲ့လင်ရွှမ်းမှာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။
ဤဆိုင်သည် ဟောင်းနွမ်းနေသော်လည်း ပြောမပြတတ်သော ထူးဆန်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
ခဏအကြာတွင် အဖိုးကြီးသည် အဝတ်ကြမ်းဖြင့် ထုပ်ပိုးထားသော အရာအချို့ကို ကိုင်ကာ ထွက်လာခဲ့၏။
"ကဲ... ကြည့်ကြဦး၊ ဒါတွေလား"
စူးဝမ်ချင်သည် အထုပ်ကိုယူပြီး ဖွင့်ကြည့်လိုက်ရာ ၊ မှော်အက္ခရာများ ထွင်းထုထားသော ထိုသံပြားများပင် ဖြစ်နေသည်။
သူမသည် သေချာစစ်ဆေးကြည့်ပြီးနောက် မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်သဖြင့် အဆုံးတွင် စ်ိတ်သက်သာရာ ရသွားခဲ့သည်။
"အဖိုး၊ ဒီသံပြားတွေက..."
စူးဝမ်ချင် စကားမဆုံးခင်မှာပင် ၊ အဖိုးကြီးက အသံကို ရုတ်တရက် နှိမ့်လိုက်သည်။ သူ၏ အကြည့်များကလည်း ထက်မြက်လာခဲ့သည်။
"မိန်းကလေးက ဒီသံပြားပေါ်က ရှေးဟောင်း အစီအရင်ကြောင့် လာတာလား”
စူးဝမ်ချင်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး၊ အဖိုးကြီးကို ကြည့်သည့် သူမ၏ အကြည့်များက ပို၍ လေးနက်သွားသည်။
"အဖိုးက ဒီအရာရဲ့ နောက်ခံကို သိနေတာလား”
အဖိုးကြီးက သူ၏ ဖြူဆွတ်နေသော မုတ်ဆိတ်ကို သပ်ချရင်း လေးနက်သော မျက်ဝန်းများဖြင့် ပြန်ဖြေလေ၏။
"နည်းနည်းပါးပါးတော့ သိတာပေါ့၊ ဒါက ရှေးဟောင်း နဂါးချုပ်အစီအရင်ရဲ့ အဓိက အပိုင်းအစတွေထဲက တစ်ခုပဲ”
“ ငါတို့ သာရှမင်းဆက်ရဲ့ နဂါးသွေးကြောကို ကာကွယ်ဖို့ အသုံးပြုထားတာပဲ ၊ အခု ဒါတွေ ပြန်ပေါ်လာပြီဆိုတော့... မြို့တော်ထဲမှာ အပြောင်းအလဲကြီးတွေ ရှိလာတော့မယ် ထင်တယ်”
ရှောင်ရှန်းသည် ဘေးနားကနေ မျက်ဖြူလှန်ပြနေလေ၏။
‘လာပြန်ပြီ နောက်တစ်ယောက် …’
သို့သော်လည်း ထိုအချိန်မှာပင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
"ဝှစ် ! ဝှစ်!”
လေကို ဖောက်ထွင်းသွားသည့် အသံအချို့ ထွက်ပေါ်လာပြီး ၊ မျက်နှာဖုံးစွပ် ဝတ်စုံနက် လူအချို့သည် လမ်းကြားနှစ်ဖက်ရှိ အရိပ်များထဲမှ တစ္ဆေများအလား ထွက်ပေါ်လာကြသည်။
သူတို့၏ လက်ထဲတွင် အေးစက်စွာ တောက်ပနေသော လက်နက်များကို ကိုင်ဆောင်ထားကာ စူးဝမ်ချင်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။
"သတိထား”
ယဲ့လင်ရွှမ်း၏ တုံ့ပြန်မှုသည် အတော်လေး လျင်မြန်ပေသည်။ သူမသည် အော်ဟစ်လိုက်ရင်း ခါးကြားရှိ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်ကာ အရှေ့ဆုံးမှ ပြေးဝင်လာသော ဝတ်စုံနက် လူနှစ်ယောက်ကို တားဆီးလိုက်သည်။
"ချွင် ချွင်!”
လက်နက်ချင်း ထိခတ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဤဝတ်စုံနက် လူများသည် လေ့ကျင့်ထားသော ပညာရှင်များ ဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းတို့၏တိုက်ခိုက်မှုများသည် ရက်စက်ကြမ်းကြုတ်ကာ အသက်အန္တရာယ်ရှိပြီး၊ ယဲ့လင်ရွှမ်းပင်လျှင် အသက်ရှူဖို့ အခွင့်အရေးမရခဲ့ချေ။
စူးဝမ်ချင်မှာ ချက်ချင်း မျက်နှာပျက်သွားပြီး၊ သံပြားများကို ရင်ဘက်ထဲသို့ အမြန် ထည့်သိမ်းလိုက်ကာ ရှောင်ရှန်းနှင့် အဖိုးကြီးကို ဆွဲ၍ နောက်ဆုတ်လိုက်သည်။
"အရှင့်သား၊ အဖိုး... အမြန် ဆိုင်ထဲကို ဝင်နေလိုက်ပါ”
ဝတ်စုံနက် တစ်ဦးသည် ယဲ့လင်ရွှမ်းကို ရင်ဆိုင်ရခက်မှန်း သိပြီးနောက် ခန္ဓာကိုယ်ကို ယိမ်းလိုက်ကာ သူမ၏ ဓားစက်ကွင်းထဲမှ လွတ်အောင် ရှောင်ထွက်လိုက်သည်။
ထို့နောက် ထိုလူသည် သားကောင်ကို ဖမ်းမည့် ကျားသစ်တစ်ကောင်ကဲ့သို့ပင် စူးဝမ်ချင်၏ နောက်တွင် ပုန်းနေသော ရှောင်ရှန်းထံသို့ ပြေးဝင်သွားတော့သည်။
၎င်း၏ မျက်လုံးများသည် အတော်လေး ရက်စက်ပုံရကာ လက်ထဲရှိ ဓားမြှောင်ကလည်း အပြာရောင် တလက်လက် ယှက်သန်းနေပြီး၊ ၎င်းပေါ်တွင် အဆိပ်လူးထားသည်မှာ သေချာသည်။
"အမလေး”
ရှောင်ရှန်းသည် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ သေစေနိုင်သော ဓားမြှောင်က သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်ပြီးနောက် သူ၏ ဦးနှောက်မှာ ဗလာကျင်းသွားပြီး အသက်ရှင်လိုစိတ်ဖြင့် မျက်လုံးကို မှိတ်ကာ လက်များကို အပြင်းအထန် ဝှေ့ယမ်းလေတော့၏။
ထိုစဉ် "ဘုန်း”ခနဲ့ ဟူသော အသံကိုကြားလိုက်ရပြီး၊
ချက်ချင်းဆိုသလိုပင် ဝတ်စုံနက်သမား၏ နာကျင်သော အော်ဟစ်သံက ကပ်လျက် ထွက်ပေါ်လာတော့သည်။
"အားးးး!"
ရှောင်ရှန်းကိုယ်တိုင်ကလည်း မိမိ၏ လက်သီးသည် တစ်စုံတစ်ခုကို ထိမိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြန်ကန်ထွက်လာသည့် အရှိန်ကြောင့် သူ၏ လက်မောင်းပင် ထုံကျင်သွားခဲ့သည်။
သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ ၊ စောနက သူ့ဆီသို့ ဒေါသတကြီးဖြင့် ပြေးဝင်လာသော ဝတ်စုံနက်သမားသည် ယခုအခါ ကိုယ့်နှာခေါင်းကို အုပ်ကာ မြေပြင်ပေါ်တွင် နာကျင်စွာဖြင့် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
နှာခေါင်းသွေးများက ဆည်ကာတာ ကျိုးပေါက်သကဲ့သို့ သူ၏ လက်ချောင်းများကြားမှ စီးကျလာပြီး၊ မျက်စိတမှိတ်အတွင်းမှာပင် သူ၏ အဝတ်များကို နီရဲသွားစေခဲ့သည်။
ထိုသူသည် မျက်ရည်ကျမတတ် နာကျင်နေပြီး၊ နှာခေါင်းရိုး ကျိုးသွားသော ခံစားချက်ကဲ့သို့ပင်။ နာကျင်မှုကြောင့် မျက်စိထဲတွင် မှောင်မိုက်သွားကာ သူ၏ တိုက်ခိုက်မှုကလည်း ထိုနေရာမှာပင် ရပ်တန့်သွားတော့သည်။
ရှောင်ရှန်း ကိုယ်တိုင်လည်း ကြောင်တောင်တောင် ဖြစ်နေရှာသည်။
"ဒါ... ဒါလည်း ထိမှန်သွားတာလား”
သူ၏ စောနက ပင့်လက်သီးသည် ကံကောင်းခြင်း သက်သက်သာ ဖြစ်ပြီး မည်သည့် သိုင်းပညာမျှ မပါဝင်ချေ။ ရိုးရိုးတန်းတန်း ရမ်းလိုက်ခြင်းသာ ဖြစ်သော်လည်း... ရလဒ်သည် အတော်လေး ဩချစရာပင်။
ဤကျိန်စာသင့် “ကံကောင်းမှုကြီး" သည် "ပင့်လက်သီး" တွင်ပင် အလိုအလျောက် ပစ်မှတ်ချိန်နိုင်သည့် လုပ်ဆောင်ချက်များကိုတောင် ထည့်သွင်းထားလေသလော။
အခြားဝတ်စုံနက်များနှင့် တိုက်ခိုက်နေသော ယဲ့လင်ရွှမ်းသည်ပင် ထိုမြင်ကွင်းကို မြင်ပြီးနောက် ဓားကိုပင် လွှတ်ချမိမတတ် အံ့အားသင့်သွားရသည်။
သူမ ရှင်းရှင်းလင်းလင်းကို မြင်လိုက်ရသည်။ဤအသုံးမကျသော အိမ်ရှေ့စံသည် ကြောက်လန့်တကြား မျက်လုံးမှိတ်ထားပြီး လက်သီးကို ဟိုရမ်းဒီရမ်း လျှောက်ရမ်းလိုက်ခြင်းသာ ဖြစ်သော်လည်း ၊
သို့သော် ထိုလက်သီးက ဝတ်စုံနက်သမား၏ နှာခေါင်းတည့်တည့်ကို ထိမှန်သွားခဲ့သည်။
ထို့အပြင် ၎င်း၏ အခြေအနေကို ကြည့်ရသလောက် ထိုလက်သီး၏ အားကလည်း မသေးလှချေ။
'ဒီလူ... တကယ်ပဲ ဝက်ဟန်ဆောင်ပြီး ကျားဖမ်းနေတာလား’
ယဲ့လင်ရွှမ်း၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာသော်လည်း ၊ လက်ရှိတွင် ထိုင်တွေးနေရန် အချိန်မဟုတ်သေးပေ။
သူမသည် ထိုအခွင့်အရေးကို အရယူကာ အော်ဟစ်လိုက်ရင်း ဓားကွက်ကို ပြောင်းလဲလိုက်သည်။
လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ဓားချက်များက အရှေ့က ဝက်စုံနက် လူနှစ်ယောက်ကို နောက်ဆုတ်သွားစေခဲ့သည်။ ထို့နောက် သူမ၏ ဓားဦးကို မြေပြင်ပေါ်တွင် ဆောင့်ကျထိုင်ကာ ကိုယ့်နှာခေါင်းကို အုပ်ထားသော လူထံသို့ လှည့်လိုက်သည်။
ကျန်ရှိသော ဝတ်စုံနက်များသည် သူတို့၏ အဖော် ဒဏ်ရာရသွားသည်ကို မြင်ပြီး၊ ယဲ့လင်ရွှမ်း၏ ဓားပညာကလည်း ထက်မြက်လှသဖြင့် ယနေ့အတွက် အောင်မြင်ရန် မလွယ်ကူတော့ကြောင်း သိလိုက်ကြသည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ခရာမှုတ်လိုက်ကြသည်။
ထို့နောက် အချိန်မဆွဲတော့ဘဲ လမ်းကြားအပြင်ဘက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။
ရုတ်တရက် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုသည် ဤသို့ဖြင့် အဆုံးသတ်သွားခဲ့သည်။
အဖိုးကြီးသည် အသာအယာ သက်ပြင်းချလိုက်ပြီး ၊ သူ၏ မျက်လုံးများက ရှုပ်ထွေးနေသည်။ သူသည် စူးဝမ်ချင်ထံသို့ လျှောက်သွားကာ မြေပေါ်တွင် ပြန့်ကျဲနေသော သံပြားများကို တစ်ခုချင်း ကောက်ယူလိုက်ပြီး အဝတ်ဖြင့် ပြန်ထုပ်ကာ စူးဝမ်ချင်၏ လက်ထဲသို့ လေးလေးနက်နက် ထည့်ပေးလိုက်သည်။
"မိန်းကလေး၊ ဒီအရာက အင်မတန် အရေးကြီးတယ်၊ သေချာ သိမ်းဆည်းထားပါ၊ မြို့တော်ကတော့... မကြာခင် မငြိမ်မသက် ဖြစ်တော့မယ် ထင်တယ်"
အဖိုးကြီးက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ သူ၏ လေသံထဲတွင် ဝမ်းနည်းမှုနှင့် လေးနက်မှုတို့ ရောယှက်နေသည်။
စူးဝမ်ချင်သည် သံပြားကို သိမ်းယူလိုက်ပြီး ပြန်ပြောလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖိုး၊ ကျွန်မ နားလည်ပါတယ်"
ယဲ့လင်ရွှမ်းက ဓားကို သိမ်းဆည်းပြီးနောက် ရှောင်ရှန်းအနားသို့ လျှောက်လာကာ သူ့ကို အပေါ်အောက် အကဲခတ်နေသည်။ သူမ၏ အကြည့်တို့က အရင်ကထက် အတော်လေး ထူးဆန်းနေသည်။
ကြောက်လန့်တကြား ဟိုရမ်းဒီရမ်း လက်သီးတစ်ချက်ဖြင့် ပညာရှင်တစ်ယောက်ကို လဲကျအောင် လုပ်နိုင်ခဲ့သည့် ဤလူသည် သတင်းထဲကလို စားသောက်ပျော်ပါးပြီး အချိန်ဖြုန်းနေတတ်သည့် အသုံးမကျသော အိမ်ရှေ့စံမင်းသား နှင့် အတော်လေး ကွဲပြားနေ၏။
ဤလူကို ကြည့်ရသည်မှာ အတော်လေး အသုံးမကျပုံရသော်လည်း ၊ လုံးဝကြီးတော့ မဟုတ်ပေ။ အနည်းဆုံးတော့ "ကိုယ်ခံပညာ" အရည်အချင်းသည် အမှန်တကယ်ကို အံ့ဩစရာကောင်းလှသည်။
ရှောင်ရှန်းသည် သူမ၏ အကြည့်ကြောင့် နေရခက်သွားပြီး ချောင်းတစ်ချက် ဟန့်ကာ ပြန်ပြောလိုက်သည်။
"ဘာကြည့်နေတာလဲ ၊ ငါကိုယ်တော်... ကံကောင်းသွားလို့ပါ”