← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃ ) - အသုံးမကျသော အိမ်ရှေ့စံ၏ "အထက်တန်းရှိရှိ လာဘ်ပေးလာဘ်ယူမှု" မှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်

"ဘာကြည့်နေတာလဲ ၊ ငါကိုယ်တော်... ကံကောင်းသွားလို့ပါ”

ရှောင်ရှန်းတစ်ယောက် ပါးစပ်ကသာ တင်းခံပြောနေသော်လည်း ရင်ထဲမှာတော့ အတော်လေး တုန်လှုပ်နေမိသည်။

ယဲ့လင်ရွှမ်း၏ အကြည့်များက ဓားသွားသဖွယ် ထက်မြက်လှပေရာ သူ့ကို အတော်လေး နေရခက်စေသည်။

ကျွေ့ရှန်းအဆောင်တွင် ရှင်းမပြနိုင်သော လုပ်ကြံခံရမှုနှင့် ပူပူလောင်လောင် သံပြားကိစ္စကို ကြုံတွေ့ပြီးနောက် ရှောင်ရှန်း တစ်ယောက် အမှန်တကယ်ပင် ကြောက်သွားခဲ့ချေပြီ။

နန်းတော်ပြင်ပသည် ကျားဂူများကဲ့သို့ပင်။ မိမိ၏ အရှေ့နန်းဆောင်သည်သာ အလုံခြုံဆုံး နှင့် အေးအေးလူလူ အိပ်စက်ရန် အကောင်းဆုံးနေရာပင်။

‘ မဖြစ်ဘူး၊ ခမည်းတော် သူ့ကို လုံးဝ စိတ်ကုန်သွားအောင် တစ်ခုခု အမြန်လုပ်မှ ဖြစ်တော့မယ် ‘

အရှေ့နန်းဆောင်သို့ ပြန်ရောက်လာချိန်တွင် ရှောင်ရှန်းသည် သူ၏ အစေခံများကို နှင်ထုတ်လိုက်ပြီး ရှောင်သယ့်ဇီကို တံခါးစောင့်အဖြစ် စောင့်ခိုင်းထားလိုက်သည်။

သူတစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ခေါင်းကုတ်ကာ စဉ်းစားနေလေ၏။

"ရပြီကွ”

ရှောင်ရှန်းသည် ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်ပြီး မျက်နှာပေါ်တွင်လည်း ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေခဲ့သည်။

‘ ခုချိန်ကစပြီး ငါကိုယ်တော် အထက်တန်းရှိရှိ လာဘ်ပေးလာဘ်ယူမှုကြီး လုပ်ပြမယ်’

‘ဟုတ်ပြီ၊ ဒါပဲ… ပညာရှိ အသိုင်းအဝိုင်းက လူတွေက ဒီလို ပုံစံမျိုးကို အကြိုက်ဆုံး မဟုတ်လား’

‘ တန်ဖိုးကြီး ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီကားတွေအတွက် ပိုက်ဆံကို ရေလို သုံးရတယ်လို့ ကြားဖူးတယ်’

‘ သူ ရှောင်ရှန်းက အခုကစပြီး အလိုရမ္မက်ကြီးမားပြီး အလုပ်အကိုင် မရှိ၊ အပျော်အပါးမှာပဲ နစ်မွန်းနေတဲ့ အသုံးမကျတဲ့ အိမ်ရှေ့စံတစ်ယောက် ဖြစ်ပြတော့မယ်’

‘ ဒီလိုသာဆိုရင် ခမည်းတော်က သူ့ကို လုံးဝ စိတ်ပျက်သွားမှာ သေချာသလို၊ ဗျစ်တောက်ဗျစ်တောက် ပြောတတ်တဲ့ မှုးမတ်တွေကလည်း သူ့ကို အပြင်းအထန် ဝေဖန်ကြတော့မှာပဲ’

‘ အဲဒီအချိန်ကျရင် အိမ်ရှေ့စံရာထူးကနေ ဖယ်ရှားခံရဖို့ အချိန်တစ်ခုပဲ လိုတော့တယ် မဟုတ်လား’

ထိုသို့တွေးမိသည်နှင့် ရှောင်ရှန်း တစ်ယောက် စိတ်ကြည်လင်နေကာ အရှေ့နန်းဆောင်မှ ဝယ်ယူရေး တာဝန်ခံ မိန်းမစိုးကို ချက်ချင်းခေါ်ကာ အမိန့်ပေးလိုက်သည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက် ၊ လောကမှာရှိတဲ့ ရှားပါးရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေကို အကုန်ရှာခဲ့"

“ ငါကိုယ်တော် စိတ်နှလုံးကို ယဉ်ကျေးအောင် ပျိုးထောင်ပြီး အနုပညာ အဆင့်အတန်းကို မြှင့်တင်ချင်တယ် ငွေကတော့... သုံးချင်သလောက်သုံး ၊ မလောက်ရင် ခမည်းတော်ဆီမှာ သွားတောင်း”

ဝယ်ယူရေး တာဝန်ခံ မိန်းမစိုးခမျာ ထိုစကားကို ကြားလိုက်ရသည်နှင့် မျက်လုံးများ ပြူးထွက်သွားကာ ၊ အရှင့်သားတစ်ယောက် ဘာတွေ ထပ်ရူးပြန်ပြီလဲဟု တွေးနေမိသည်။

သို့သော် အိမ်ရှေ့စံ၏ အမိန့်ဖြစ်သဖြင့် မလွန်ဆန်ဝံ့ဘဲ ခေါင်းငုံ့လိုက်ရသော်လည်း ရင်ထဲမှာတော့ ငွေမည်မျှ ကုန်ကျမည်ကို တွေးပြီး ညည်းတွားနေလေ၏။

အိမ်ရှေ့စံအရှင့်သား၏ "စိတ်နှလုံးကို ယဉ်ကျေးအောင် ပျိုးထောင်တော့မည်” ဟူသော သတင်းသည် အတောင်ပံပါသည့်အလား မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။

ရာထူးတက်ရန် အခွင့်အရေး ချောင်းနေသော အရာရှိများနှင့် ချမ်းသာသော သူဌေးကြီးများသည် ထိုသတင်းကို ကြားသည်နှင့် မျက်လုံးများ တောက်ပလာကြသည်။

ဒါက အိမ်ရှေ့စံကို ဖားဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်လား…..

အချိန်တိုအတွင်းမှာပင် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ၊ ရှားပါးပန်းချီကားများ၊ ဆန်းကြယ်သော ကျောက်စိမ်းထည်များ၊ ထို့အပြင် မည်သည့်နေရာမှ ရှာလာမှန်းမသိသော "ရှေးဟောင်း နတ်လက်နက်များ" နှင့် "နတ်ဘုရား အသုံးအဆောင်" စသော ပစ္စည်းများစွာသည် အရှေ့နန်းဆောင်သို့ တသဲသဲ ဝင်ရောက်လာလေတော့၏။

အရှေ့နန်းဆောင်၏ ကျယ်ဝန်းလှသော ဂိုဒေါင်ကြီးမှာလည်း မကြာခင်မှာပင် ထို "ရတနာ" များဖြင့် ပြည့်လျှံသွားခဲ့သည်။

ရှောင်ရှန်းသည် နေ့စဉ်နေ့တိုင်း တောင်ပုံရာပုံရှိနေသော "လာဘ်ပစ္စည်း" များကြားတွင် ထိုင်ကာ ဟိုပစ္စည်းကိုယူကြည့်လိုက် ဒီပစ္စည်းကိုယူကြည့်လိုက်၊ တောတောင်ရေမြေ ပန်းချီကားတစ်ချပ်ကို ယူကြည့်လိုက်နှင့် အလုပ်ရှုပ်နေပြီး ၊

ပါးစပ်ကနေလည်း ပွစိပွစိ ပြောဆိုနေလေ၏။

"အင်း... မဆိုးဘူး၊ ဒါက အဆင့်အတန်းရှိတယ်၊ ဟိုဟာကတော့... ရိုးလွန်းတယ်၊ ဘေးကို ဖယ်ထားလိုက်"

တကယ်တမ်းတွင် သူသည် ထိုအရာများကို တစ်စက်ကလေးမှ နားမလည်ပေ။ ဤအရာများမှာ နေရာရှုပ်ပြီး ဖုန်တက်သည်ဟုသာ မြင်နေမိသည်။

သို့သော် သူသည် ဤပစ္စည်းများကို အတော်လေး ကြိုက်နှစ်သက်သည့် ဒီဇိုင်းဖြင့် နေ့တိုင်းလိုလို ထိုပစ္စည်းများကို "အကဲဖြတ်" ရသည်မှာ ညီလာခံတက်ရသည်ထက်ပင် ပိုပင်ပန်းနေသေးသည်။

"အရှင့်သား၊ အနောက်တိုင်းက ဆက်သလာတဲ့ ဒီ ခုနစ်ရောင်ခြယ် ဖန်ကျောက်တုံးကို ကြည့်ပါဦး၊ ကြည်လင်တောက်ပနေတာပဲ၊ တန်ဖိုးကလည်း ဖြတ်လို့ မရနိုင်ဘူး"

အစေခံလေးတစ်ဦးက အရောင်အသွေး စုံလင်သော ကျောက်တုံးတစ်တုံးကို ဆက်သလာခဲ့သည်။

ရှောင်ရှန်းသည် မျက်တောင်ပင် မခတ် စိတ်ထဲကနေ ‘ ဒီတိုင်း ဖန်ကွဲစပဲဟာကို၊ ခုနစ်ရောင်ခြယ်ဆိုတော့ ငါ့မျက်စိလည်း ကျိန်းတယ်’ ဟု ညည်းညူနေသော်လည်း ၊

ပါးစပ်ကမူ "အင်း... မဆိုးဘူး၊ ဆုချလိုက်၊ အကုန်လုံးကို ဆုချ" ဟု မာန်ပါပါဖြင့် အမိန့်ပေးလေ၏။

သူ၏ ဤကဲ့သို့ အပျော်အပါးတွင် နစ်မွန်းပြီး ငွေကို ရေလိုသုံးနေသည့် ပုံစံသည် မကြာခင်မှာပင် နန်းတွင်းသို့ ရောက်ရှိသွားလေတော့သည်။

အမတ်ချုပ် လင်ပေါ်ရုံသည် ထိုအကြောင်းကို ကြားပြီးနောက် ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် ထောင်တက်သွားလေ၏။

"အဓိပ္ပာယ်မရှိလိုက်တာ ၊ လုံးဝကို အဓိပ္ပာယ်မရှိလိုက်တာ”

လင်ပေါ်ရုံသည် ညီလာခံ စတင်သည်နှင့် ဧကရာဇ်မင်း ရှောင်ယွမ်အား ဝမ်းနည်းပက်လက်ဖြင့် တင်ပြလေတော့သည်။

"အိမ်ရှေ့စံအရှင့်သားက ဒီလို အသုံးမကျတဲ့ ပစ္စည်းတွေနဲ့ အချိန်ကုန်နေတာဟာ တိုင်းပြည်ပျက်မယ့် နိမိတ်ပါပဲ”

" အရှင်မင်းကြီး၊ ဒီလို ဖြုန်းတီးနေတဲ့ အလေ့အထကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး အိမ်ရှေ့စံကို ထိန်းသိမ်းပေးဖို့ တောင်းဆိုပါတယ်"

လင်ပေါ်ရုံမှာ ငိုသံလေးရောကာ ပြောရှာသည်။

ဧကရာဇ်မင်း ရှောင်ယွမ်သည် နဂါးဇပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေရင်း ၊ အောက်တွင် ဒူးထောက်နေသော လင်ပေါ်ရုံကို တစ်ချက်ကြည့်ကာ အေးဆေးစွာပင် ဖြေကြားလိုက်သည်။

"အိမ်ရှေ့စံက ငယ်သေးတယ်၊ ကစားချင်တာက သဘာဝပါပဲလေ နောက်ပြီး သူက ခုလို ရှားပါးပြီး အဖိုးတန်ရတနာတွေကို နှစ်သက်တာကလည်း စိတ်နှလုံး ယဉ်ကျေးအောင် ပျိုးထောင်တာပဲ မဟုတ်လား၊ အမတ်မင်း ဒီလောက်ထိ စိုးရိမ်မနေပါနဲ့"

လင်ပေါ်ရုံခမျာ ထိုစကားကို ကြားလိုက်ရသည်နှင့် သွေးအန်မတတ် ဖြစ်ခဲ့ရသည်။

အရှင်မင်းကြီးရဲ့ စကားက ဘာကို ဆိုလိုတာလဲ၊ ဒါ သိသိသာသာ ဘက်လိုက်နေတာပဲ မဟုတ်လား..

အခန်း(၅၄)

သူသည် ထပ်မံ ကန့်ကွက်ရန် ပြင်သော်လည်း ဧကရာဇ်မင်း ရှောင်ယွမ်က လက်ကာပြကာ တားမြစ်လိုက်သည်။

"ဒီကိစ္စကို ငါသိပြီ၊ ညီလာခံ သိမ်းစေ"

လင်ပေါ်ရုံခမျာ မျက်နှာပျက်ပျက်နှင့်ပင် အိမ်သို့ ပြန်သွားရတော့သည်။

လင်ပေါ်ရုံသည် ခမည်းတော်ရှေ့တွင် သူ့အကြောင်း ထပ်မံ တိုင်တောကြောင်းကို ကြားသိပြီးနောက်တွင်ပင် ၊ ရှောင်ရှန်းသည် ဂရုမစိုက်သည့်အပြင် ပို၍ပင် ဆိုးပြလိုက်သေးသည်။

"ဘာ…ဂိုဒေါင်ထဲမှာ နေရာမရှိတော့ဘူးလား"

ရှောင်ရှန်းသည် စားပွဲကို ရိုက်ကာ ချမ်းသာကြွယ်ဝပြီး အာဏာရှိသော သူဌေးကြီးတစ်ယောက်၏ ပုံစံအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်။

"ဒါဆိုရင် ငါ့အတွက် ရတနာနန်းဆောင် တစ်ခု ဆောက်စမ်း ၊ ငါရှာထားသမျှ ရတနာတွေကို အဲဒီထဲမှာ ထည့်ပြီး နေ့တိုင်း ထိုင်ကြည့်မယ်"

ဤတစ်ကြိမ်တွင်မူ ပုံမှန်အားဖြင့် နန်းတွင်းကိစ္စများကို ဝင်မပါတတ်သော စစ်သေနာပတိချုပ် ချင်ချန်းပင် ဤအကြောင်းကို ကြားသိသွားခဲ့သည်။

ချင်ချန်းသည် နယ်စပ်မှ ပြန်ရောက်လာခါစ ဖြစ်ပြီး ၊ အိမ်ရှေ့စံ တစ်ယောက် ဤမျှအထိ ပေါက်ကရ လျှောက်လုပ်နေသည်ကို ကြားပြီးနောက် မျက်ခုံးများ တွန့်ချိုးသွားလေ၏။

သူ့လက်ထဲတွင် နှစ်ပေါင်းများစွာ လိုက်လံစုံစမ်းခဲ့ရသော ယခင်မင်းဆက်၏ ပုန်ကန်သူ အကြွင်းအကျန်များနှင့် ပတ်သတ်သည့် အမှုတစ်ခု ရှိနေသော်လည်း၊ သဲလွန်စ မရဘဲ ဖြစ်နေသည်။ ထိုအုပ်စုမှာ လောကထဲမှ ပျောက်ကွယ်သွားပုံရပြီး ၊ သူ့ကို အတော်လေး ခေါင်းခဲစေသည်။

ယခု မြို့တော်သို့ ပြန်လာရခြင်းမှာ ထိုအကြောင်းနှင့် ပတ်သက်၍ အစီရင်ခံရန်သာမက မြို့တော်ထဲတွင် သဲလွန်စအသစ်များ ရှိမရှိ ရှာဖွေကြည့်ရန်လည်း ဖြစ်သည်။

ထိုနေ့တွင် ချင်ချန်းသည် ဧကရာဇ်မင်းအား နယ်စပ်အရေး ကိစ္စများကို တင်ပြပြီးနောက်၊ စိတ်ထဲ၌ အတွေးတစ်ခုဝင်လာပြီး တဖြည်းဖြည်း ဆိုးသွမ်းလာသော အိမ်ရှေ့စံမင်းသား၏ အခြေအနေ ကြည့်ရှုရန် အရှေ့နန်းဆောင်သို့ တစ်ခေါက် သွားလည်ရန် ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် ရှောင်ရှန်းသည် အသစ်ရောက်လာသော "ရှေးဟောင်းပစ္စည်း" များကို ကြည့်ကာ စိတ်ညစ်နေလေ၏။

ဤပစ္စည်းများထဲမှာ အချို့က ထူးဆန်းသော ပုံသဏ္ဌာန်ရှိပြီး ၊ အချို့က သံချေးတက်နေရာ သူ့အမြင်တွင် အမှိုက်နှင့် ဘာမျှ မခြားပေ။

သို့သော် လက်ဆောင်ပေးသူများက "ရှေးဟောင်း ရတနာ" ၊ "လက်ရာမွန် ပန်းချီ" စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပေးလာကြသဖြင့် ရှောင်ရှန်းတစ်ယောက် ခေါင်းကိုက်နေရသည်။

"ဒါတွေက ဘာတွေလဲ"

ရှောင်ရှန်းသည် သူ့ရှေ့က အမှိုက်ပုံကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ဟိုလှန်ဒီလှန် လုပ်ရင်း ၊ သံချေးတက်နေပြီး ဓားအိမ်ပင် ဆွေးမြည့်နေသော ရှေးဟောင်းဓားတစ်ချောင်းကို မနှစ်မြို့သဖြင့် ခြေဖျားနှင့် ကော်ထုတ်လိုက်ရာ ထောင့်နားက အမှိုက်ပုံထဲသို့ ကန်ထည့်လုနီးပင်။

"များလိုက်တာ၊ တကယ်ကို များလွန်းတယ်၊ ဒီရတနာနန်းဆောင်က ဘယ်တော့မှ ပြီးမှာလဲ"

ရှောင်ရှန်းတစ်ယောက် သက်ပြင်းချလို့နေကာ သူ၏ "အပျင်းထူမည့် စီမံကိန်းကြီး" သည် အခက်အခဲအသစ်နှင့် တွေ့နေသည်ဟု ခံစားနေရသည်။ ပစ္စည်းများက များပြားလွန်းသဖြင့် သရုပ်ဆောင်ပြရသည်မှာလည်း အတော်လေး ပင်ပန်းလှပေ၏။

ချင်ချန်းသည် အရှေ့နန်းဆောင်သို့ ဝင်လာသည်နှင့် ၊ "ရတနာများကြောင့် စိုးရိမ်ပူပန်နေသော" အိမ်ရှေ့စံ၏ ပုံစံကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ဤအခန်းပြည့်အခန်းလျှံ ရှိနေသော ရွှေငွေရတနာများ၏ အရောင်အဝါသည် သူ့လို သံမဏိစစ်သည်တော်တစ်ဦးကိုပင် မျက်စိကျိန်းစေသည်။

သူသည် နန်းဆောင်အတွင်း ဝေ့ဝဲကြည့်လိုက်ပြီး စကားတစ်ခွန်း နှစ်ခွန်းပြောရန် ပြင်လိုက်သော်လည်း ၊ ရှောင်ရှန်း ခြေထောက်နှင့် ကန်ထုတ်လိုက်သော သံချေးတက်နေသည့် ဓားအဟောင်းကို မတော်တဆ မြင်လိုက်ရသည်။

တစ်ချက်ကြည့်ရုံနှင့်ပင် ချင်ချန်း၏ သိန်းငှက်ကဲ့သို့ ထက်မြက်သော မျက်ဝန်းများက ရုတ်တရက်ပင် မှေးကျဉ်းသွားသည်။

သူသည် အမြန်လျှောက်သွားပြီး ရှောင်ရှန်းကိုပင် နှုတ်ဆက်ရန် မေ့လျော့ကာ ထိုဓားအဟောင်းကို ကောက်ယူလိုက်သည်။

"ဟင်"

ချင်ချန်းသည် မိမိရှေ့က "အမှိုက်" ကို စိတ်ဝင်တစား ရှိနေသည်ကို မြင်ပြီးနောက် ရှောင်ရှန်းမှာ အံ့အားသင့်‌သွားသည်။

‘ စစ်သေနာပတိချုပ် ချင်က ဒီလို အသုံးမကျတဲ့ ပစ္စည်းတွေကို အမုန်းဆုံးပဲ မဟုတ်ဘူးလား’

ချင်ချန်းသည် ရှောင်ရှန်းကို လျစ်လျုရှုကာ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားကိုယ်ထည်မှာ သံချေးတက်နေသော်လည်း ဓား၏ ကောင်းမွန်သော အရည်အသွေးကို ထင်ရှားစွာ မြင်တွေ့နေရဆဲပင် ။

သူ၏ လက်ချောင်းများက ဓားရိုးကို ဂရုတစိုက် ပွတ်သပ်နေပြီး ပုံစံမှာ အလွန်လေးနက်နေသည်။

ရုတ်တရက် သူ၏လက်ချောင်းများက ဓားရိုး၏ အဖျားပိုင်းနေရာတွင် ရပ်တန့်သွားသည်။ ထိုနေရာမှာ နှစ်ပေါင်းများစွာ ကိုင်တွယ်မှုကြောင့် ချောမွတ်နေသော်လည်း သေချာကြည့်လျှင် ရည်ရွယ်ချက်ရှိရှိ ဖျက်ထားသော်လည်း အနည်းငယ် မြင်နေရသေးသော တံဆိပ်အသေးလေးတစ်ခု ရှိနေသည်။

၎င်းမှာ ပုံပျက်နေသော ဝံပုလွေခေါင်း ပုံစံပင်။

ထိုတံဆိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ချင်ချန်း၏ မျက်လုံးသူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားပြီး အသက်ရှူသံများပင် မြန်ဆန်လာတော့သည်။

ဤတံဆိပ်ကို သူ အတော်လေး ရင်းနှီးပေသည်။ ဤသည်မှာ သူ ဆယ်စုနှစ်များစွာ လိုက်လံစုံစမ်းနေခဲ့သည့် လောကထဲကနေ ပျောက်ကွယ်သွားခဲ့သော ယခင်မင်းဆက်၏ ပုန်ကန်သူမျိုးနွယ် " ကောင်းကင်ဝံပုလွေ အစောင့်တပ်" ၏ သီးသန့် မိသားစုတံဆိပ်ပင် ဖြစ်သည်။

ချင်ချန်း၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာလေတော့၏။

သူသည် ရင်ထဲက လှိုင်းထန်မှုကို အတင်းဖိနှိပ်လိုက်ပြီး ရှောင်ရှန်းကို စူးစိုက်ကြည့်ရင်း ။

"အရှင့်သား၊ ဒီဓားက... ဘယ်ကနေ ရောက်လာတာလဲ"

ရှောင်ရှန်းသည် တစ်ဖက်လူ၏ လေးနက်နေသော ပုံစံကြောင့် လန့်သွားပြီး ခေါင်းကုတ်ကာ စဉ်းစားလိုက်သည်။

"ဒါလား... လွန်ခဲ့တဲ့ နှစ်ရက်က အခွန်ဌာနက အရာရှိတစ်ယောက် လာပို့တာ ထင်တယ် ၊

သူ့မိသားစုရဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဓားလို့ ပြောတာပဲ"

“ ကျုပ်အမြင်မှာတော့ ဟောင်းနွမ်းစုတ်ပြတ်နေလို့ ဘေးကို ပစ်ထားလိုက်တာ ၊ ဘာဖြစ်လို့လဲ…စစ်သေနာပတိချုပ် ချင်၊ ဒီသံတိုသံစက တကယ်ပဲ ရတနာလား”

ရတနာ….

ချင်ချန်းသည် အသက် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သွေးများအားလုံး ခေါင်းထိပ်သို့ ထိုးတက်လာသကဲ့သို့ပင်။

ဤသည်မှာ ရတနာတစ်ပါးထက် ပိုပြီး ၊ ထ်ုစဉ်က ပုန်ကန်မှုကြီး၏ နောက်ကွယ်က ကြိုးကိုင်သူ ၊ " ကောင်းကင်ဝံပုလွေ အစောင့်တပ်" ၏ ခေါင်းဆောင် ဝံပုလွေဘုရင်၏ လက်သုံးဓား ဖြစ်သည့် "ဝိညာဉ်ဝါးမျိုဓား" ပင်။

ဤဓားသည် ထိုအမှုကို ဖော်ထုတ်ရန်နှင့် နောက်ကွယ်က လက်မည်းကြီးကို တူးဖော်နိုင်မည့် အဓိက သက်သေခံပစ္စည်းပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ဤဓားသည် ယခုလိုနည်းဖြင့် ဤနေရာတွင် ပေါ်လာလိမ့်မယ်လို့ သူ လုံးဝမှ ထင်မထားခဲ့ပေ။

"ငပျင်းတစ်ကောင်" လို့ နာမည်ကြီးနေသည့် အိမ်ရှေ့စံ၏ လက်ထဲသို့ "အထက်တန်းရှိရှိ လာဘ်ပေးလာဘ်ယူမှု" ပစ္စည်းတစ်ခု အနေဖြင့် ရောက်ရှိနေလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားလိမ့်မည်နည်း။

ဒါက တကယ့်ကို... မရည်ရွယ်ဘဲနဲ့ ထူးခြားတဲ့ အောင်မြင်မှုကြီးကို ရလိုက်တာပဲ…

All Chapters