← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅ ) စစ်သေနာပတိချုပ် ချင်လည်း ဇဝေဇဝါဖြစ်ခဲ့ရပြီ

ချင်ချန်းသည် သံချေးတက်နေသော ထိုဓားအဟောင်းကို ချိုးပစ်မတတ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သိန်းငှက်ကဲ့သို့ စူးရှသော သူ၏ မျက်လုံးများက ရှောင်ရှန်းကို စူးစိုက်ကြည့်နေပြီး ၊ သူ၏အသံမှာ မသိမသာ အနည်းငယ် တုန်ယင်နေသည်။

"အရှင့်သား၊ ဒီဓားက... ဒီဓားက ဘယ်ကနေ ရောက်လာတာလဲ"

ရှောင်ရှန်းသည် ၎င်း၏ပုံစံကြောင့် လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

"စစ်သေနာပတိချုပ်ချင်၊ ဘာဖြစ်လို့လဲ.. ဒါက ဓားအစုတ်တစ်ချောင်းပဲဟာကို၊ ဒီလောက်ထိ စိတ်လှုပ်ရှားနေရသလား"

သူသည် မိမိ၏ဦးနှောက်ထဲရှိ လက်ဆောင်စာရင်းများကို အသည်းအသန် ပြန်စဉ်းစားကြည့်သော်လည်း ၊ လက်ဆောင်ပေးသူက များလွန်းပြီး ပစ္စည်းများကလည်း ရှုပ်ထွေးလှပေရာ မည်သည့်အမှိုက်က ဘယ်ကလာသည်ကို မည်သို့မှတ်မိနိုင်မည်နည်း။

"ကျုပ်... ကျုပ်က ဘယ်လိုလုပ် သေချာမှတ်မိမှာလဲ"

ရှောင်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။

"နေ့တိုင်း နန်းတော်ထဲ ပို့နေတဲ့ ပစ္စည်းတွေက အနည်းဆုံး ရှစ်ဆယ်၊ တစ်ရာ ရှိတာ ဘယ်မျက်စိမရှိတဲ့ကောင်က ပို့လိုက်မှန်း ဘယ်သူကသိမှာလဲ"

သူသည် ဘေးနားတွင် ငုံးလေးတစ်ကောင်လို ပုဝင်နေသော ရှောင်သယ့်ဇီကို ကြည့်ကာ စိတ်မရှည်စွာဖြင့် အမိန့်ပေးလိုက်သည်။

"ရှောင်သယ့်ဇီ၊ သွားစမ်း..ဒီဓားအစုတ်ကို ဘယ်ကံဆိုးတဲ့ကောင် ပို့လိုက်တာလဲဆိုတာ သွားရှာစမ်း"

ရှောင်သယ့်ဇီသည် ထိုစကားကို ကြားသည်နှင့် အပြစ်မှ လွတ်ငြိမ်းခွင့်ရသကဲ့သို့ လူတစ်ကိုယ်စာခန့် မြင့်သော လက်ဆောင်စာရင်းတွဲများကို ကြည့်ကာ အသည်းအသန် ရှာဖွေလေတော့သည်။

သူ၏ တုန်တုန်ယင်ယင် လက်များဖြင့် လှန်လှောရှာဖွေရင်း ပါးစပ်မှလည်း "ဓား... ဓား... သံချေးတက်နေတဲ့ ဓား..." ဟု တတွတ်တွတ် ရွတ်ဆိုနေ၏။

ချင်ချန်း၏ အကြည့်သည် ဓားရိုးပေါ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဝံပုလွေခေါင်း တံဆိပ်ပေါ်တွင်သာ စွဲမြဲနေပြီး၊ ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

‘ ကောင်းကင်ဝံပုလွေ အစောင့်တပ်၊ ဝိညာဉ်ဝါးမျိုဓား … ဆယ်နှစ်ရှိပြီ၊ ဆယ်နှစ်တိတိရှိခဲ့ပြီ’

‘ သူ အိမ်မက်ထဲမှာတောင် ရှာဖွေနေခဲ့တဲ့ သဲလွန်စက... အိမ်ရှေ့စံမင်းသား ပစ်ထားတဲ့ အမှိုက်တဲ့လား ‘’

"တွေ့ပြီ ရှာတွေ့ပြီ"

ထိုစဉ် ရှောင်သယ့်ဇီ၏ စူးရှသော အသံထဲတွင် ဝမ်းသာမှုနှင့်အတူ ကိုယ့်ကိုယ်ကို ချီးကျူးမိသော လေသံများ ရောယှက်ပါဝင်နေသည်။

"အရှင့်သားနဲ့ စစ်သေနာပတိချုပ်ချင်ကို လျှောက်တင်ပါတယ်၊ ဒီဓား က လွန်ခဲ့တဲ့ သုံးရက်က ကျန်းနန်ရက်ကန်းဌာနက တာဝန်ခံ လျို က လက်ဆောင်အဖြစ် ပို့လာတာပါ"

"ကျန်းနန်ရက်ကန်းဌာန"

ဤစကားလုံးသည် ချင်ချန်း၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ သူ၏ မျက်ဝန်းများသည် လက်ခနဲ တောက်ပသွားသည်။

ကျန်းနန်ရက်ကန်းဌာန ဆိုသည်မှာ ယခင်မင်းဆက်တုန်းက အလွန်ချမ်းသာသော အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပြီး ၊ ထိုစဉ်က ကောင်းကင်ဝံပုလွေ အစောင့်တပ်၏ အကြီးမားဆုံးသော ငွေတိုက်ကြီးလည်း ဖြစ်ခဲ့သည်။

ထိုစဉ်က အမှုအခင်း ဖြစ်ပွားပြီးနောက် ရက်ကန်းဌာနကို တစ်ကြိမ် ရှင်းလင်းခဲ့ဖူးသော်လည်း ၊ တာဝန်ခံ အရာရှိများကို အကြိမ်ကြိမ် လဲလှယ်ခဲ့ရုံသာ ရှိပြီး အရင်းအမြစ်ကို တူးဖော်နိုင်ခြင်း မရှိခဲ့ပေ။

‘လတ်စသတ်တော့ သူတို့တွေက အဲဒီမှာ ပုန်းအောင်းနေခဲ့ကြတာပဲ…’’

ချင်ချန်းသည် သူ့ခန္ဓာကိုယ်အတွင်း သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။

သူသည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ရှောင်ရှန်းကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"အရှင့်သား၊ ကျွန်တော့်မှာ အရေးကြီးကိစ္စ ဖြေရှင်းစရာရှိလို့ အရင်ခွင့်ပြုပါဦး"

စကားပင် မဆုံးသေးမီ ၊ သူသည် လေပြင်းတစ်ချက် ဖြတ်တိုက်သွားလေသကဲ့သို့ နန်းဆောင်အပြင်သို့ ထွက်ခွာသွားလေရာ၊ ရှောင်ရှန်းနှင့် ရှောင်သယ့်ဇီတို့မှာ ကြောင်အမ်းအမ်းဖြစ်ကာ ကျန်ရစ်နေခဲ့တော့၏။

"အယ်... ဒီလိုပဲ သွားပြီလား"

ရှောင်ရှန်းသည် အသည်းအသန် ပြေးထွက်သွားသော ချင်ချန်း၏နောက်ကျောကို ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်သည်။

" ထူးဆန်းတဲ့လူပဲ၊ ဓားအစုတ်တစ်ချောင်းအတွက်နဲ့ ဒီလောက်ထိ ဖြစ်သွားရသလား"

ယခု သူ့ခေါင်းထဲတွင် ရှိသည်မှာ ဤတောင်ပုံရာပုံရှိနေသော အမှိုက်များကို မည်သို့ ရှင်းလင်းရမည်ကိုသာ။

ချင်ချန်းသည် အရှေ့နန်းဆောင်မှ ပြေးထွက်လာပြီးနောက် တစ်စက္ကန့်မျှပင် အချိန်မဆွဲဘဲ သူ၏ လက်ရုံးများကို ခေါ်ယူကာ ညတွင်းချင်း စီစဉ်လေတော့၏။

စစ်သေနာပတိချုပ်ရုံးမှ လျှို့ဝှက်အမိန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ၊ ထူးချွန်သော တပ်မှူးအချို့သည် အမိန့်ကို လက်ခံရရှိကာ မြင်းများကို အသည်းအသန် စီးနင်းလျက် ကျန်းနန်သို့ တိတ်တဆိတ် ထွက်ခွာသွားကြသည်။

တစ်ချိန်တည်းမှာပင် ချင်ချန်းသည် ဝတ်စုံလဲလှယ်ပြီး ဧကရာဇ်နှင့် တွေ့ဆုံခွင့် တောင်းဆိုရန် နန်းတော်သို့ တန်းသွားခဲ့သည်။

စာကြည့်ဆောင်အတွင်း မီးရောင်များဖြင့် လင်းထိန်နေသည်။

ဧကရာဇ်မင်း ရှောင်ယွမ်သည် ချင်ချန်း၏ တင်ပြချက်ကို နားထောင်ပြီးနောက် ၊ သူ၏ မှုန်ဝါးနေသော မျက်လုံးများက အံ့အားသင့်မှု ၊ ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် လက်ခနဲ တောက်ပသွားသည်။

ထပ်ပြီး ရှောင်ရှန်းပဲလား ၊ နောက်ထပ် ပေါက်ကရ လျှောက်လုပ်ရာကနေ မရည်ရွယ်ဘဲ အံ့ဖွယ်အမှုက ထပ်ဖြစ်ပြန်ပြီလား…

ဧကရာဇ်မင်း ရှောင်ယွမ်သည် လက်ကာပြလိုက်ပြီး ငြင်းဆန်မရသော အခွင့်အာဏာကို ဆောင်ကျဉ်းလျက် တည်ငြိမ်သော လေသံဖြင့် မိန့်ကြားလိုက်သည်။

"ခွင့်ပြုတယ် ချင်အမတ်၊ အခြေအနေကြည့်ပြီး မင်းရဲ့သဘောအတိုင်း လုပ်ဆောင်နိုင်တယ်၊ ယခင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေကို အမြစ်ပြတ်အောင် ရှင်းပစ်ရမယ်"

"အမိန့်တော်အတိုင်းပါ"

ချင်ချန်းသည် ဦးညွှတ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ဤကိစ္စကို မဖြစ်မနေ အောင်မြင်ရမည်ဆိုသည့် ယုံကြည်ချက်များ အပြည့် ရှိနေခဲ့သည်။

ထိုအချိန်တွင် ရှောင်ရှန်းသည် ပြင်ပတွင် မကြာခင် ဖြစ်ပေါ်တော့မည့် သွေးချောင်းစီး တိုက်ပွဲကြီးကို ဘာမျှ မသိရှိသေးပေ။

သူသည် အခန်းပြည့်ရှိနေသော လက်ဆောင်ပစ္စည်းများကို ကြည့်ရင်း သက်ပြင်းချနေကာ ၊ သူ၏ အပျင်းထူမည့် အစီအစဉ်မှာ မကြုံစဖူး အခက်အခဲနှင့် တွေ့ကြုံနေသည်ဟု ခံစားနေရသည်။

ဤအရာများကို လွှင့်ပစ်ရန် နှမြောစရာကောင်းသလို ထားပြန်လျှင်လည်း နေရာရှုပ်ပြီး ဖုန်တက်ပြန်သည်။

"စိတ်ရှုပ်စရာကောင်းလိုက်တာ ၊ စိတ်ရှုပ်စရာကောင်းလိုက်တာ”

ရှောင်ရှန်းသည် ခေါင်းကုတ်လိုက်ပြီး ၊ ရုတ်တရက် စိတ်ကူးတစ်ခု ရသွားကာ ပေါင်ကို ဖြန်းခနဲ့ ပုတ်လိုက်သည်။

"ရပြီ"

သူသည် အရှေ့နန်းဆောင်မှ ဝယ်ယူရေး တာဝန်ခံ မိန်းမစိုးကို ချက်ချင်း ခေါ်ယူလိုက်ပြီး သုံးဖြုန်းတတ်သော သူဌေးသားလေးတစ်ဦးကဲ့သို့ လက်ဝှေ့ယမ်းကာ မိန့်ပြန်လေ၏။

"ငါ့အမိန့်ကို နားထောင်စမ်း၊ ဒီ... ဒီတန်ဖိုးမရှိတဲ့ အရာတွေ၊ သံတိုသံစတွေ၊ စာအုပ်ဟောင်းတွေ၊ ပန်းချီအစုတ်တွေကို အကုန်လုံးကို နန်းတွင်းဈေးမှာ သွားရောင်းပစ်လိုက်”

" ဒါတွေကို ပိုက်ဆံနဲ့လဲပြီး အရှေ့နန်းဆောင်ရဲ့ ထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ကြစမ်း၊ ဒီရက်ပိုင်း စားဖိုဆောင်က ဟင်းတွေက ဆီမပါသလို ခံစားနေရတယ်”

အခန်း(၅၆)

ဝယ်ယူရေး တာဝန်ခံ မိန်းမစိုးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ၊ မျက်နှာတစ်ခုလုံး စိမ်းဖန်သွားသည်။ ဤအရာများသည် ဒေသအသီးသီးမှ အရာရှိများနှင့် သူဌေးကြီးများမှ ပေးပို့လာသော ရတနာများပင် မဟုတ်လော။

‘ ဒါတွေကို အမှိုက်လို ရောင်းပစ်မယ်တဲ့လား၊ တကယ်လို့... တကယ်လို့ အဲဒီထဲမှာ တကယ့် ရတနာအစစ်တွေ ပါသွားရင် ဒါမှမဟုတ် လက်ဆောင်ပေးသူတွေသာ ဒီကိစ္စကို သိသွားရင်…’

သို့သော် အိမ်ရှေ့စံ၏ “ငါကိုယ်တော် ဆုံးဖြတ်ပြီးပြီ " ဟူသော အမူအရာကြောင့် သူသည် ဆက်မတားဝံ့တော့ဘဲ မျက်နှာငယ်လေးဖြင့် အမိန့်ကို မလိုလားစွာဖြင့် လက်ခံလိုက်ရတော့သည်။

ဤသို့ဖြင့် ရှောင်ရှန်း၏ အမြင်တွင် တန်ဖိုးမရှိသော ရှေးဟောင်း ပစ္စည်းများစွာသည် နန်းတွင်းဈေးသို့ ပို့ဆောင်ခံလိုက်ရပြီး ၊ အရှေ့နန်းဆောင်၏ ‘စားစရိတ်’အဖြစ် ပြောင်းလဲခံလိုက်ရ‌သည်။

ရက်အနည်းငယ်အကြာတွင် မြို့တော်တစ်ခုလုံး လှုပ်ခတ်သွားသည်။

စစ်သေနာပတိချုပ် ချင်ချန်းသည် ရှန်စီတပ်ကို ကိုယ်တိုင်ဦးဆောင်ကာ ကျန်းနန်ရက်ကန်းဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ၊ သဲလွန်စနောက်သို့ လိုက်ကာ မြို့တော်အနီးတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေသော ယခင်မင်းဆက်၏ ပုန်ကန်သူ အကြွင်းအကျန်များ၏ လျှို့ဝှက်စခန်းကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်။

ပုန်ကန်သူ ခေါင်းဆောင်နှင့် အဓိက အဖွဲ့ဝင်များစွာကို ဖမ်းဆီးရမိခဲ့သလို လက်နက်နှင့် စာရင်းစာအုပ်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ထိုသတင်းပျံ့နှံ့သွားသည်နှင့် တစ်နိုင်ငံလုံး ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။

ချင်ချန်းသည် အောင်ပွဲခံကာ မြို့တော်သို့ ပြန်ရောက်လာပြီး နန်းတော်သို့ ဝင်ကာ သတင်းပေးပို့ခဲ့သည်။

သူသည် ဧကရာဇ် ရှောင်ယွမ်အား အမှုအကြောင်း အသေးစိတ်ကို တင်ပြပြီးနောက် ၊ ဧကရာဇ်မင်း ရှောင်ယွမ်၏ အဓိပ္ပာယ်ပါသော အကြည့်ကြောင့် အရှေ့နန်းဆောင်သို့ သီးသန့်သွားရောက်ခဲ့သည်။

ထိုအချိန်တွင် ရှောင်ရှန်းသည် အမှိုက်များရောင်း၍ ရလာသော ငွေများကို ပျော်ရွှင်စွာဖြင့် ရေတွက်နေပြီး ၊ ယနေ့ည စားဖိုဆောင်တွင် မည်သည့် အသားဟင်းများ ပို့ဆောင်ခိုင်းရမည်ကို တွေးတောနေသည်။

"အရှင့်သား..ကျွန်တော်မျိုး ချင်ချန်း၊ အရှင့်သားရဲ့ ကျေးဇူးကို လာရောက်ဂါရဝပြုတာပါ"

ချင်ချန်းသည် စစ်ဝတ်စုံအပြည့်ဖြင့် အခန်းထဲသို့ ဝင်လာကာ ရှောင်ရှန်းကို စံပြစစ်သည်တစ်ဦးကဲ့သို့ အလေးပြုလိုက်သည်။ သူ၏ ကျယ်လောင်သော လေသံထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည်နှက်နေသည်။

ရှောင်ရှန်းခမျာ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားပြီး လက်ထဲက ငွေတုံးပင် လွတ်ကျမတတ် ဖြစ်သွားလေ၏။

"ချင်... ချင်စစ်သေနာပတိချုပ်၊ ဒါက ဘာသဘောလဲ ၊ ကျုပ်က... မင်းကို ဘာကူညီလိုက်လို့လဲ"

သိပ်မကြာသေးမီက မိမိသည် မည်သည့်ကောင်းမှု ပြုလုပ်ခဲ့သည်ကို အသည်းအသန် ပြန်စဉ်းစားရင်း ၊ ကြောင်တောင်တောင် ဖြစ်နေရှာသည်။

ချင်ချန်းသည် ရှောင်ရှန်း၏ ကြောင်အမ်းနေသော ပုံစံကို‌ ကြည့်ကာ စိတ်ထဲတွင် အလွန်ပင် လေးစားသွားမိသည်။

ဤအိမ်ရှေ့စံမင်သားသည် အမှန်တကယ်ကို နက်နဲလှပေသည်။

သူသည် ရိုသေစွာဖြင့် ထပ်မံ လျှောက်တင်လိုက်သည်။

" အရှင့်သားရဲ့ ခွဲခြားသိမြင်နိုင်တဲ့ မျက်လုံးတွေကြောင့်ပါ ၊ မရေမတွက်နိုင်တဲ့ လောကီပစ္စည်းတွေကြားမှာ ဝိညာဉ်ဝါးမျိုဓားရဲ့ ထူးခြားမှုကို မြင်အောင်မကြည့်နိုင်ခဲ့ရင်….ကျွန်တော်မျိုး အနေနဲ့ ယခင်မင်းဆက်က ပုန်ကန်သူတွေကို ဒီလောက် မြန်မြန်ဆန်ဆန် နှိမ်နင်းနိုင်ခဲ့မှာ မဟုတ်ဘူး ၊ အရှင့်သားရဲ့ ဒီလုပ်ရပ်က တကယ်ကို ကြီးမားတဲ့ အကျိုးဆောင်မှုကြီးပါပဲ"

"ဝိညာဉ်ဝါးမျိုဓား ဟုတ်လား"

ရှောင်ရှန်း ခမျာ မျက်တောင်လေး ပေကလပ် ပေကလပ်ဖြင့် ပို၍ပင် ရှုပ်ထွေးသွားသည်။

"ဘာဓားလဲ ၊ ဪ... မင်းပြောတာက ဟိုသံချေးတက်နေတဲ့ ဓားအစုတ်ကို ပြောတာလား... ဘယ်ကလာ ခွဲခြားသိမြင်နိုင်မှာတုန်း ၊ ကျုပ်ကတော့ အဲ့ပစ္စည်းကို မျက်စိနောက်လို့ အမြန်လွှင့်ပစ်ချင်နေတာ..."

ချင်ချန်းတစ်ယောက် ထပ်ပြီး ဟက်ထိသွားမည်ကို စိုးရိမ်သဖြင့် ကျန်တာကို ဆက်မပြောတော့ပေ။

ချင်ချန်းသည် လူကိုယ်တိုင်သွားရောက်ကာ အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ခဲ့ကြောင်း ကြားသိပြီးနောက် ၊ ဧကရာဇ်မင်း ရှောင်ယွမ်သည် အလွန်ဝမ်းသာသွားသည်။

ထို့ကြောင့် အိမ်ရှေ့စံ ရှောင်ရှန်းသည် ‘သေးငယ်သောအရာမှ ကြီးမားသော အခြေအနေကို မြင်နိုင်ခဲ့ပြီး မည်သူမျှ မသိရှိဘဲ ထူးခြားသော စွမ်းဆောင်မှုများကို ပြီးမြောက်အောင်မြင်ခဲ့သည်” ဟူ၍ ချီးကျူးဂုဏ်ပြုသည့် အမိန့်တော်ကို ထုတ်ပြန်ခဲ့ပြီး ရွှေငွေရတနာများနှင့် ပိုးထည်များစွာ ဆုလာဘ်အဖြစ် ချီးမြှင့်ခဲ့သည်။

ထိုသတင်း ပျံ့နှံ့သွားသောအခါ နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြန်လေ၏။

အရင်က ရှောင်ရှန်း၏ ‘အထက်တန်းကျကျ လာဘ်ပေးလာဘ်ယူ’ လုပ်နေသည့် လုပ်ရပ်ကို ရွံရှာမုန်းတီးပြီး နေ့တိုင်း ပြစ်တင်ရှုံ့ချနေသော မှူးမတ်များလည်း ယခုအခါ လည်ပင်းညှစ်ခံထားရသော ဘဲများလိုပင် ဘာမှ ပြောမထွက်တော့ပေ။

အထူးသဖြင့် အမတ်ချုပ် လင်ပေါ်ရုံမှာ မျက်နှာတစ်ခုလုံး နီရဲနေပြီး အတော်ကြာမှ စကားတစ်ခွန်းကို ညှစ်ထုတ်ကာ ပြောကြားလိုက်သည်။

"အိမ်ရှေ့စံမင်းသားရဲ့ လုပ်ရပ်တွေက ပုံမှန်မဟုတ်ပေမယ့် ... ကံကတော့ အတော်လေး ကောင်းပုံပဲ၊ ကျွန်တော် ငယ်သား ... လေးစားမိပါတယ်၊ လေးစားမိပါတယ်"

ယခုအခါ သူသည် ဤအိမ်ရှေ့စံကို နည်းနည်းလေးမှ နားမလည်တော့ပေ။ လျှောက်လုပ်နေသည်ဟု ပြောရအောင်လည်း သူသည် အမြဲတမ်း တိုက်တိုက်ဆိုင်ဆိုင် ထူးကဲစွာဖြင့် အကျိုးဆောင်နိုင်ခဲ့ပြန်သည်။

အတွေးအခေါ် နက်နဲသည်ဟု ပြောရအောင်လည်း ၊ အမြဲတမ်း ပျင်းရိနေကာ ‘အလုပ်မှန်သမျှ ဝေးဝေးကနေ ရှောင်ကြဉ်စို့’ ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြန်၏။

‘ မဟုတ်မှလွဲရော... ငါတကယ်ပဲ လူမှားကြည့်မိတာလား ၊ ဒါမှမဟုတ် ဒီကောင်လေးက ကံကောင်းတဲ့ အဆောင်လေးပဲလား’

သူ... ရှောင်ရှန်းကရော လွယ်ကူတယ်ထင်နေလား။

သူသည် ရာထူးမှ အမြန်ဆုံး ဖယ်ရှားခံရစေရန်အတွက် အာဏာရှင်ရူး၊ မင်းဆိုးမင်းညစ်တစ်ဦး ဖြစ်လာစေရန် အစွမ်းကုန် ကြံစည်အားထုတ်ခဲ့သည်။

သို့သော် ရလဒ်မှာ အဘယ်နည်း။

သေတွင်းထဲသို့ ခုန်ဆင်းလေလေ၊ သူ၏ ကုသိုလ်ကံနှင့် စွမ်းဆောင်ရည်မှာ ပို၍ ကြီးမားလာလေလေ ဖြစ်နေတော့သည်။

ဤ " ငပျင်းတစ်ယောက်၏ ကံကောင်းမှုကြီး" သည် သူ့ကို တမင်တကာ ဆန့်ကျင်နေသလား အောက်မေ့ရသည်။

All Chapters