အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇) - အိမ်ရှေ့စံ၏ ကြင်ယာတော်ရွေးချယ်ပွဲ
ရှောင်ရှန်းတစ်ယောက် မိမိ၏ "စစ်မှုထမ်းကောင်းတံဆိပ်" များဖြင့် ပြည့်နှက်နေသော ရတနာတိုက်ခန်းမကြီးကို ကြည့်ကာ သက်ပြင်းချရင်း၊ နောက်ထပ် မည်သို့ အရှက်တကွဲ ဖြစ်အောင် လုပ်ရမည်ကို ကြံစည်နေစဉ် ၊
ဧကရာဇ်၏ အမိန့်တော်စာတစ်စောင် ရောက်ရှိလာခဲ့ရာ သူ့ခမျာ နောက်ထပ် စိတ်ဒုက္ခ ရောက်ခဲ့ရပြန်သည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် သူပုန်များကို ပြတ်ပြတ်သားသား နှိမ်နင်းနိုင်ခဲ့သော ချင်ချန်း၏ အောင်မြင်မှု နှင့် အိမ်ရှေ့စံမင်းသား ရှောင်ရှန်း၏ "ထက်မြက်သော အမြင်"ကို ကြားသိပြီးနောက်၊ အလွန်ပင် ဝမ်းမြောက်နေလေ၏။
ညီလာခံတွင် ချင်ချန်းကို ဆုလာဘ်တော်များ ချီးမြှင့်ပြီးနောက် ၊ ဧကရာဇ်မင်းသည် အကြောင်းအရာကို ပြောင်းလဲကာ အိမ်ရှေ့စံအကြောင်း ပြောကြားခဲ့သည်။
"အိမ်ရှေ့စံက အသက်အရွယ်လည်း မငယ်တော့ဘူး... အရှေ့နန်းဆောင်မှာ အိမ်ရှင်မ မရှိလို့ မဖြစ်ဘူး... အိမ်ရှေ့စံရဲ့ စိတ်နှလုံးကို အခြေချနိုင်ဖို့ နဲ့ ငါတို့ရဲ့ သာရှမင်းဆက်ကြီး ဆက်လက်တည်တံ့နိုင်ဖို့အတွက် ငါကိုယ်တော်က အိမ်ရှေ့စံအတွက် ကြင်ယာတော် ရွေးချယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်..."
ဧကရာဇ်မင်း ရှောင်ယွမ်၏ အသံမှာ တည်ငြိမ်နေပြီး စိတ်ဆိုးနေသလား သို့မဟုတ် ဝမ်းသာနေသလားဆိုသည်ကို ခွဲခြားရန် ခက်ခဲလှပေ၏။
သို့သော် သူ၏ နက်ရှိုင်းသော မျက်ဝန်းတစ်စုံက မှူးမတ်အားလုံးကို စိုက်ကြည့်နေပြီး ငြင်းဆန်ရန်မဝံ့ရဲသော အရှိန်အဝါတစ်ခုကို ဆောင်ကျဉ်းထားသည်။
ဤစကားကို ကြားလိုက်ရချိန်တွင် ညီလာခံတစ်ခုလုံး ဆူညံသွားသည်။ အိမ်ရှေ့စံသည် " ငပျင်းတစ်ကောင်" အဖြစ် နာမည်ကျော်ကြားသော်လည်း ၊ မည်သို့ပင်ဖြစ်စေ အချုပ်အခြာအာဏာကို ဆက်ခံမည့်သူ ဖြစ်သည်။
ထို့ကြောင့် အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာမည့်သူမှာ အနာဂတ်၏ မိခင်ဧကရီ ဖြစ်လာမည်ဖြစ်ရာ ၊ မရေမတွက်နိုင်သော မင်းမျိုးမင်းနွယ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
အရှေ့နန်းဆောင်၌ ရှိနေသော ရှောင်ရှန်ခမျာ ဤသတင်းကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တဆက်ဆက် တုန်ယင်သွားသည်။
ကြင်ယာတော် ရွေးချယ်မယ်တဲ့လား...
သူသည် ဘဝကြီးကို တစ်ယောက်တည်း အေးအေးဆေးဆေး ကုန်ဆုံးချင်သူ ဖြစ်သည်။ မယားနှင့် သားသမီး၊ နွေးထွေးသော အိမ်ဂေဟာဟူသည်မှာ သာမန်လူတို့၏ ရည်မှန်းချက်သာ ဖြစ်၏။
သူ... ရှောင်ရှန်သည် တစ်ဦးတည်း လွတ်လပ်စွာ နေထိုင်လိုသည်။
ပန်းပေါင်းသောင်းခြောက်ထောင်ကြားတွင် လျှောက်လှမ်းသော်လည်း ၊ ပန်းပွင့်တစ်ပွင့်မျှပင် ကိုယ်ပေါ်တွင် မကပ်စေလိုသော... အဟမ်း... ဆိုလိုသည်မှာ ကိလေသာ ကင်းစင်ပြီး မည်သည့်အရာကိုမျှ တပ်မက်လိုခြင်း မရှိပေ။
"ခမည်းတော် ဘာတွေ ထပ်ပြီး ရူးကြောင်ကြောင် လုပ်နေပြန်တာတုန်း..."
ရှောင်ရှန်းသည် ခုတင်ပေါ်တွင် ပက်လက်လှန်နေရင်း အသက်ရှင်လိုစိတ် မရှိတော့သည့် အမူအယာဖြင့် ညည်းညူလိုက်သည်။
"ငါ့ရဲ့ စွမ်းဆောင်ရည်တွေက မလုံလောက်သေးလို့လား... ဘာလို့ ဒီလိုနည်းလမ်းနဲ့ ငါ့ကို 'ဆုချ' နေရတာတုန်း..."
သူ့အမြင်တွင် ကြင်ယာတော်ရွေးချယ်ခြင်း ကဲ့သို့သော ပြသနာထုပ်ကြီးသည် ရေဘေးကာကွယ်ရေးကို စီမံခန့်ခွဲရခြင်း သို့မဟုတ် ရှေးဟောင်းပစ္စည်းများကို စစ်ဆေးရခြင်းထက်ပင် ပို၍ ကြောက်စရာကောင်းနေပေတော့သည်။
ဤကိစ္စနှင့် ပတ်သတ်၍ မကြာမီမှာပင် နောက်ဆက်တွဲများ ရှိလာခဲ့သည်။ တော်ဝင်သမီးတော် ရှောင်နီရှန်းက သူမ၏ မောင်ဖြစ်သူ ရှောင်ရှန်းအတွက် အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသမီးငယ်များကို ရှာဖွေပေးရန် ဧကရာဇ်ထံတွင် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့သည်။
ရှောင်နီရှန်းသည် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ကာ ဧကရာဇ်မင်း ရှောင်ယွမ်၏ ရှေ့တွင် တင့်တယ်စွာဖြင့် ရပ်နေပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"ခမည်းတော်... မောင်လေးရဲ့ စိတ်နေစိတ်ထားက နည်းနည်း ထူးဆန်းတယ်... သာမန်မိန်းကလေးတွေဆိုရင် သူ့မျက်စိထဲ ဝင်မှာ မဟုတ်ဘူး... သမီးတော်က မြို့တော်က ဂုဏ်သရေရှိ အမျိုးသမီးငယ်တွေနဲ့ အဆက်အသွယ် ရှိတာကြောင့် မောင်လေးရဲ့ စိတ်နေစိတ်ထားနဲ့ သင့်တော်မယ့် အမျိုးသမီးတစ်ဦးကို ရွေးချယ်ပေးနိုင်ပါလိမ့်မယ်..."
ဧကရာဇ်မင်း ရှောင်ယွမ်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး ချီးမွမ်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
"နီရှန်းက စိတ်စေတနာ ကောင်းလှပေတယ်... ဒီကိစ္စကို သမီးပဲ တာဝန်ယူလိုက်ပါ... ဒါပေမဲ့ အိမ်ရှေ့စံကြင်ယာတော်အဖြစ် ရွေးချယ်မယ့်သူဟာ ရုပ်ရည်ရော အကျင့်စာရိတ္တပါ ထူးချွန်ရမယ်... ပိုပြီး အရေးကြီးတာက အိမ်ရှေ့စံကို ကူညီပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် မိခင်ဧကရီပီသတဲ့သူ ဖြစ်ရမယ်..."
"သမီးတော် နားလည်ပါပြီ..."
ရှောင်နီရှန်းသည် ခေါင်းညိတ်လိုက်ပြီး ၊ သူမ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု လှစ်ဟသွားလေ၏။ သူမ၏ မောင်လေးသည် ပိုပို၍ ခန့်မှန်းရခက်လာသည်။
ဘာမှမသိသော လူဖျင်းတစ်ယောက် ဖြစ်သည်ဟု ထင်ရသော်လည်း ၊ လောကကြီးကို တုန်လှုပ်သွားစေမည့် ကိစ္စရပ်များကို ဖန်တီးပြနိုင်ခဲ့သည်။ ခမည်းတော်၏ ဤလုပ်ရပ်မှာ ကြင်ယာတော်ရွေးချယ်ခြင်းဟု အမည်တပ်ထားသော်လည်း အခြားသော ရည်ရွယ်ချက်များလည်း ရှိနေနိုင်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဧကရာဇ်မင်း၏ ခွင့်ပြုချက်ဖြင့် ၊ ရှောင်နီရှန်းသည် သူမ စိတ်ကြိုက်ရွေးချယ်ထားသော အမျိုးသမီးငယ် အချို့ကို ခေါ်ဆောင်ကာ အရှေ့နန်းဆောင်သို့ ခမ်းနားထည်ဝါစွာ ရောက်ရှိလာတော့သည်။
သူမသည် အိမ်ရှေ့စံ၏ "ရတနာတိုက်" တွင် စုဆောင်းထားသည်များမှာ များပြားလှသဖြင့် ဗဟုသုတတိုးပွားစေရန် လာရောက်ကြည့်ရှုခြင်း ဖြစ်ကြောင်း အကြောင်းပြချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
အမှန်စင်စစ်၊ ထိုအမျိုးသမီးငယ်များကို ရှောင်ရှန်းနှင့် "တိုက်တိုက်ဆိုင်ဆိုင်" တွေ့ဆုံနိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်းပင် ဖြစ်သည်။
မိမိ၏ အစ်မတော်သည် မိန်းကလေးတစ်အုပ်လုံးကြီးကို ခေါ်လာသည်ဟု ကြားလိုက်ရသည်နှင့် ၊ ရှောင်ရှန်းတစ်ယောက် ခေါင်းနားပန်းကြီးသွားလေ၏။
"မတွေ့ဘူး... ငါ အအေးမိနေလို့ ဧည့်သည်မတွေ့နိုင်ဘူးလို့ ပြောလိုက်..."
သူသည် အိပ်ဆောင်ထဲတွင် ပုန်းနေပြီး နေမကောင်းဟန်ဆောင်ကာ လှည့်စားရန် ကြိုးစားခဲ့သည်။
သို့သော် ရှောင်နီရှန်းမှာ ထိုသို့ လွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်ပေ။ သူမသည် လူအုပ်ကြီးကို ဦးဆောင်ကာ ရှောင်ရှန်း၏ ရတနာများ ထားရှိရာ ခန်းမဆောင်အတွင်းသို့ တိုက်ရိုက်ဝင်လာခဲ့ပြီး တံခါးစောင့် မိန်းမစိုးကို ပြုံးလျက် ပြောလိုက်၏။
"ကိစ္စမရှိပါဘူး... ငါနဲ့ ဒီညီမလေးတွေက ဒီမှာပဲ အိမ်ရှေ့စံကို စောင့်နေပါ့မယ်... ဒီကြားထဲ မောင်လေးရဲ့ 'ရတနာ' တွေကိုလည်း လေ့လာကြည့်ရတာပေါ့..."
ထိုအမျိုးသမီးငယ်များမှာ မြို့တော်ရှိ ထင်ရှားသော မိသားစုကြီးများမှ သမီးပျိုများ ဖြစ်ကြသည်။ သူမတို့သည် နန်းတွင်း၏ တင်းကျပ်သော စည်းကမ်းများကြားတွင် ကြီးပြင်းလာရသူများဖြစ်ရာ ၊
ယနေ့တွင် အိမ်ရှေ့စံ၏ အရှိန်အဝါကို မြင်တွေ့ခွင့်ရမည့်အပြင်၊ ရတနာများကို အလိုအလျောက် ခွဲခြားနိုင်သည်ဟု နာမည်ကြီးသော "ရတနာတိုက်" ကိုပါ လာရောက် လည်ပတ်ခွင့်ရသည့်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
သူမတို့သည် အလှဆုံး ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ၊ ကျောက်မျက်ရတနာများကို ဆင်ယင်ထားကြသည်။ မွှေးရနံ့ပေါင်းများစွာဖြင့် ဝေဝေဆာဆာ ရှိနေကြရာ နန်းဆောင်တစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်နှက်နေလေ၏။
ရှောင်ရှန်းသည် မတတ်သာသည့်အဆုံး ခေါင်းမာမာဖြင့် ထွက်လာခဲ့ရသည်။ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်လှသော ပေါင်ဒါနံ့များကြောင့် နှာချေမိလုနီးပါး ဖြစ်ခဲ့ရသည်။
သူ၏ ရှေ့တွင် ပြုံးရွှင်နေကြသော အမျိုးသမီးငယ်များကို ကြည့်ကာ ရှောင်ရှန်း၏ စိတ်ထဲတွင် ဤအတွေးတစ်ခုသာ ရှိသည်။
‘ဒီမိန်းကလေး ယတွေ အားလုံးကို အမြန်ဆုံး လန့်ပြေးအောင် လုပ်ရမယ်…’
" အဟမ်း..."
ရှောင်ရှန်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး အကျင့်ပျက် ပလေးဘွိုင်းတစ်ယောက်လို အတတ်နိုင်ဆုံး ကြိုးစားဟန်ဆောင်လိုက်သည်။
သူ၏ မျက်လုံးများက အမျိုးသမီးငယ်များအပေါ်တွင် ပရော်ပရည်အကြည်မျိုးဖြင့် စိုက်ကြည့်နေကာ၊ နှုတ်ခမ်းပေါ်တွင် ဆိုးညစ်ညစ် အပြုံးလေးတစ်ခုတောင် ဆင်ယင်ထားသေးသည်။
"ဒီနေ့ ညီမလေးတို့က ကိုယ်တော်ဆီကို လာလည်ကြတာ တကယ်ကို ဂုဏ်ယူမိပါတယ်... ကျွန်တော့်ရဲ့ ဒီအမှိုက်သရိုက် ပစ္စည်းလေးတွေကိုတောင် မင်းတို့က စိတ်ဝင်စားကြတာလား..."
သူသည် ရတနာပုံကြီး၏ ရှေ့သို့ လျှောက်သွားပြီး နှုတ်ခမ်းသား ပဲ့နေသော ကြွေပုလင်းတစ်လုံးကို ကောက်ယူကာ အလင်းရောင်အောက်တွင် လှုပ်ယမ်းပြလိုက်သည်။
အခန်း(၅၈)
"ဒါကို ကြည့်စမ်း... ဒါက ရှေ့မင်းဆက်ရဲ့ နန်းတွင်းသုံးပစ္စည်းလို့ ပြောကြတာပဲ... ငါ့အမြင်မှာတော့ ငါတို့အိမ်က အိမ်သာထဲမှာ သုံးတဲ့ ညအိုးနဲ့တောင် သိပ်မကွာဘူး... ဟားဟားဟား..."
သူ၏ ရိုင်းစိုင်းသော စကားနှင့် အပြုအမူများကြောင့် အမျိုးသမီးငယ်များမှာ အံ့ဩသွားကြပြီး မျက်နှာပေါ်ရှိ အပြုံးများပင် တောင့်တင်းသွားသည်။
သူတို့သည် နေ့စဉ်နှင့်အမျှ ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းများနှင့်သာ ထိတွေ့ခဲ့ဖူးရာ ဤကဲ့သို့ "စည်းကမ်းမဲ့လွန်းသော" အိမ်ရှေ့စံမျိုးကို မည်သည့်အခါကမျှ မတွေ့ဖူးခဲ့ကြချေ။
ဘေးတွင် ရှိနေသော ရှောင်နီရှန်းမှာလည်း မျက်ခုံးများ တွန့်ချိုးသွားသော်လည်း ၊ ဤနေရာတွင် ဒေါသထွက်လို့ မကောင်းသောကြောင့် ရှောင်ရှန်း၏ အပြစ်ကို စိတ်ထဲ၌သာ တေးမှတ်ထားလိုက်သည်။
ရှောင်ရှန်းသည် ဖြစ်ပျက်နေသော မိန်းကလေးများ၏ အမူအရာများကို မြင်ပြီး စိတ်ထဲတွင် ဝမ်းသာသွားကာ ဆက်ပြီး အားထုတ်လေတော့၏။
သူသည် နံရံတွင် ချိတ်ဆွဲထားသော အမည်းစက်များသာ ပါရှိသည့် အမည်မသိ ရှေးဟောင်းပန်းချီကားတစ်ချပ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ပြီးတော့ ဒါကိုလည်း ကြည့်စမ်း... ပန်းချီကား လာပေးတဲ့သူက 'တောတောင်ရေမြေကြားက မိတ်ဆွေစစ်' လို့ ပြောတာပဲ... ဒါပေမဲ့ ငါကြည့်ရသလောက်တော့ သရဲစာတွေလိုပဲ... ညဘက် ခုတင်ခြေရင်းမှာ ချိတ်ထားရင် သရဲတောင် လန့်ပြေးနိုင်တယ်..."
"ခခ်ခ်..."
အမျိုးသမီးငယ်တစ်ဦးမှာ မအောင့်အည်းနိုင်တော့ဘဲ ရယ်မိသွားပြီး ၊ သူမ၏ ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားလေ၏။
ကျန်ရှိသော အမျိုးသမီးငယ်များမှာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ၊ သူမတို့၏ မျက်လုံးများထဲတွင် စိတ်ပျက်မှု၊ အထင်အမြင်သေးမှုများ ရှိနေခဲ့သည်။
အရည်အချင်း မပြည့်မီသော အိမ်ရှေ့စံအဖြစ် ကြားထားရသည့် သတင်းအတိုင်း အမှန်တကယ်ကို လိုက်ဖက်လှပေ၏။ ဤကဲ့သို့သော ရိုင်းစိုင်းသူတစ်ဦးသည် အိမ်ရှေ့စံအဖြစ် မည်သို့ ထိုက်တန်မည်နည်း။
ရှောင်ရှန်းသည် လူတိုင်း၏ အမူအယာကို မြင်လိုက်ရချိန်တွင် အတော်လေး ကျေနပ်သွားသည်။ ဤနည်းလမ်းမှာ အလုပ်ဖြစ်ပုံရသည်။
မကြာမီတွင် ဤအမျိုးသမီးငယ်များသည် အိမ်သို့ ငိုယိုကာ ပြန်သွားကြပြီး ၊ အရှေ့နန်းဆောင်သို့ လှည့်တောင် အီးမပေါက်တော့မည်မှာ သေချာသည်။
သို့ရာတွင် ထိုစဉ် သိမ်မွေ့နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အရှင့်သား... ဒီပန်းချီကားမှာက မှင်ရည်တွေ ပေကျံနေသလို ဖြစ်နေပေမယ့် စုတ်ချက်တွေက ခိုင်မာပြီး အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းတွေက သာမန်လက်ရာတွေနဲ့ မတူဘဲ နက်ရှိုင်းတယ်"
ရှောင်ရှန်းသည် အသံလားရာသို့ ကြည့်လိုက်ရာ ရိုးရှင်းသော အပြာနုရောင် ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည်။
သူမသည် ခေါင်းအနည်းငယ် မော့ကာ သူ "သရဲစာ" ဟု ကဲ့ရဲ့ခဲ့သော ပန်းချီကားကို စိုက်ကြည့်နေ၏။
ထိုအမျိုးသမီးငယ်၏ ရုပ်ရည်မှာ အေးချမ်းပြီး ကိုယ်ရည်ကိုယ်သွေးမှာလည်း သိမ်မွေ့လှရာ ဘေးပတ်ဝန်းကျင်ရှိ ဝေဝေဆာဆာ ဝတ်ဆင်ထားသော အမျိုးသမီးငယ်များနှင့် သိသိသာသာ ကွဲပြားနေသည်။
ရှောင်နီရှန်းက အချိန်ကိုက်ပင် မိတ်ဆက်ပေးလိုက်သည်။
"မောင်လေး... သူမက အမတ်ချုပ် လင်ပေါ်ရုံရဲ့ ဝမ်းကွဲ မြေးမလေး လျုံရူယန်၊ လျုံမိန်းကလေးပဲ..."
လင်ပေါ်ရုံရဲ့ မြေးတော်စပ်သူတဲ့လား…
ရှောင်ရှန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ထိုအဘိုးကြီးသည် သူ့ကို အမြဲတမ်းလိုလို မျက်စိစပါးမွှေး စူးနေသူ မဟုတ်လော။ အဘယ့်ကြောင့် သူ့မိသားစုဝင်ကို မီးပုံထဲသို့ တွန်းပို့နေရသနည်း။
လျုံရူယန်သည် ရှောင်ရှန်းကို ဦးညွှတ် အလေးပြုလိုက်ပြီး အသံအေးအေးလေးဖြင့် ပြန်ပြောလိုက်၏။
" ကျွန်တော်မျိုးမ လျုံရူယန် အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်..."
ရှောင်ရှန်းသည် သူမ၏ ကြည်လင်သော မျက်ဝန်းများကို ကြည့်လိုက်ချိန်တွင် ထို "သရဲစာ" အပေါ်၌ အမှန်တကယ် စိတ်ဝင်စားနေသည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။ သူသည် စိတ်ထဲကနေ ရေရွတ်လိုက်မိ၏။
‘ ဒီမိန်းကလေး မျက်စိပဲ မကောင်းတာလား... ဒါမှမဟုတ် အဘိုးကြီး လင်က လွှတ်လိုက်တဲ့ သူလျှိုဖြစ်ပြီး ငါ့ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေတာလား…’
ရှောင်ရှန်းသည် ဆက်လက် " ဆိုးသွမ်း" ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မျက်လုံးများ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး အစီအစဉ်သစ်တစ်ခုကို ကြံစည်လိုက်၏။
သူသည် လျုံရူယန်၏ အနားသို့ တိုးကပ်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
" လျုံမိန်းကလေးက အမြင်စူးရှတာပဲ... တကယ်တော့ ဒါက သာမန်ပန်းချီကား မဟုတ်ဘူး... ဒါက ရှေးဟောင်းနတ်ဘုရားတွေ အရက်မူးနေတုန်း ဆွဲခဲ့တဲ့ 'ရတနာသိုက်မြေပုံ' ပဲ... ဘယ်သူမဆို ဒီထဲက လျှို့ဝှက်ချက်ကို နားလည်သွားရင် နတ်ဘုရားနယ်မြေကို သွားနိုင်တဲ့ လမ်းကို ရှာတွေ့ပြီး ထာဝရအသက်ကို ရနိုင်တယ်လို့ ပြောကြတယ်..."
သူသည် ထိုသို့ ပြောဆိုရင်း ၊ ပန်းချီကားပေါ်ရှိ ဝေဝေဝါးဝါး အမည်းစက်များကို လက်ညှိုးထိုးပြလိုက်၏။
"ဒီမှာကြည့်... ဒါက နတ်ဘုရားတောင်နဲ့ မတူဘူးလား... ပြီးတော့ ဒီနေရာကရော... ဒါက လျှို့ဝှက်လမ်းကြောင်းတစ်ခု မဟုတ်ဘူးလား... ငါကတော့ အကြာကြီး လေ့လာနေပေမဲ့ နားမလည်သေးဘူး... လျုံမိန်းကလေးသာ ဒီထဲက အဓိပ္ပာယ်ကို နားလည်သွားရင်တော့ နတ်ဘုရားတွေနဲ့ ဆုံစည်းရမယ့် ကံတရားပဲ..."
ဤကဲ့သို့ ရူးကြောင်ကြောင် စကားများကို ပြောရင်း၊ ရှောင်ရှန်းတစ်ယောက် ကိုယ့်ကိုယ့်ကိုယ်ပင် ရှက်လာမိသည်။ ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကားများကို ယုံမည့်သူ ရှိလိမ့်မည်ဟု သူ မယုံကြည်ချေ။
သို့သော် လျုံရူယန်သည် ထိုစကားကို ကြားပြီးနောက် စိတ်ပျက်ခြင်း သို့မဟုတ် လှောင်ပြောင်ခြင်း မရှိဘဲ သူမ၏ လှပသော မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
သူမသည် ထိုပန်းချီကားကို ပို၍ အာရုံစိုက်ကာ စိုက်ကြည့်နေပြီး ၊ ထိုအမည်းစက်များကြားမှ နတ်ဘုရားတောင်ကို အမှန်တကယ် ရှာဖွေနေသည့်အလား ကြည့်ရှုနေသည်။
"အရှင့်သားရဲ့ ညွှန်ကြားပြသမှုအတွက် ကျေးဇူးတင်ပါတယ်..."
လျုံရူယန်က အသံတိုးတိုးလေးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမ၏ အသံတွင် အလေးအနက်ထားသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"ကျွန်မက ဉာဏ်နည်းပေမဲ့ အဲ့ဒီထဲကနေ တစ်ခုခုကို နားလည်အောင် ကြိုးစားကြည့်ပါ့မယ်..."
ရှောင်ရှန် - "..."
သူ့ခမျာ လုံးလုံးလျားလျား ဆွံ့အသွားလေတော့၏။
ဒီမိန်းကလေး တကယ်ပဲ ရူးနေတာလား... ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား…
ဒီလို လိမ်ညာစကားကို တကယ်ကြီး ယုံကြည်နေသတဲ့လား..
ဘေးတွင် ရှိနေသော အခြားအမျိုးသမီးငယ်များမှာမူ ရှောင်ရှန်း၏ "ရိုင်းစိုင်းသော" လုပ်ရပ်များကို မကျေမနပ် ဖြစ်နေကြရာ ၊ ယခုအခါတွင် လျုံရူယန်ကိုပါ သရဲတစ်ကောင်အလား ကြည့်နေကြတော့သည်။
‘ ဒီလျုံမိန်းကလေး ဆေးများ မှားသောက်ထားသလား ၊ ဘယ်လိုလုပ်ပြီး အိမ်ရှေ့စံရဲ့ အရူးစကားကို အတည်ယူနေရတာတုန်း…’’
မကြာမီပင် လျုံရူယန်မှလွဲ၍ ကျန်ရှိသော အမျိုးသမီးငယ်များသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် မင်းသမီး ရှောင်နီရှန်းကို နှုတ်ဆက်၍ ပြန်သွားကြလေတော့သည်။
သူမတို့ အိမ်ပြန်ရောက်သည့်အခါ အိမ်ရှေ့စံမှာ ကုမရတော့သော အရူးတစ်ယောက်၊ လူဖျင်းတစ်ယောက်နှင့် ရိုင်းစိုင်းသူ တစ်ယောက် ဖြစ်ကြောင်းကို ချဲ့ကား၍ ပြောဆိုကြပေတော့မည်။
တစ်ဖန် သေလျှင်သေပါစေ ၊ ဤကဲ့သို့ အရူးအိမ်ရှေ့စံကို ဘယ်သောအခါမှ လက်မထပ်နိုင်ကြောင်း ကျိန်ဆိုကြပေလိမ့်မည်။