အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) ဆောင်းဦးအမဲလိုက်ပွဲတွင် ပူးပေါင်းကြံစည်မှုကြီး ဖြစ်ပေါ်လာခြင်း
ရှောင်ရှန်းသည် မင်းသမီး ရှောင်နီရှန်းနှင့် "လန့်ဖျန့်ပြီး ထွက်ပြေးသွားကြသော" မိန်းကလေးများကို ပို့ဆောင်ပြီးနောက်၊ ရတနာပစ္စည်းများဖြင့် ပြည့်လျှံနေသည့် မိမိ၏ "ရတနာနန်းဆောင်" ကို ကြည့်ရင်း သက်ပြင်းချနေမိသည်။
နောင်တွင် မည်သို့ ပြသနာရှာပြီး အနှောင့်အယှက် ကင်းစင်သော အေးအေးလူလူ ဘဝကြီးကို ရောက်ရှိနိုင်ရန် အတွက် ကြံစည်နေစဉ်မှာပင် ၊
နောက်ထပ် အမိန့်တော်တစ်ခု ရောက်ချလာပြီး သူ့ကို ထပ်ပြီး ဒုက္ခပေးခဲ့ပြန်သည်။
၎င်းမှာ ဆောင်းဦးအမဲလိုက်ပွဲ ဖြစ်သည်။
ဤသည်မှာ တစ်နှစ်တစ်ခါ ကျင်းပမြဲဖြစ်သည့် အခမ်းအနားကြီး တစ်ခုဖြစ်ပြီး ၊ တော်ဝင်ဆွေမျိုးများ၏ ရဲစွမ်းသတ္တိကို ပြသနိုင်ရန် နှင့် ချစ်ခင်ကြင်နာမှု တိုးပွားစေရန် ကျင်းပခြင်း ဖြစ်သည်။
အင်အားစု အသီးသီးမှ တိတ်တဆိတ် အားပြိုင်ကြသည့် စင်မြင့်တစ်ခုလည်း ဖြစ်ပေသည်။
အမိန့်တော် ထွက်လာသည်နှင့် မြို့တော်မှ မျိုးရိုးမြင့် သားပျိုများသည် ဧကရာဇ်မင်းကြီးရှေ့တွင် မျက်နှာသာရရန် အစွမ်းကုန် လက်စွမ်းပြကြပေတော့မည်။
သို့သော် အရှေ့နန်းဆောင်ထဲမှာတော့ ရှောင်ရှန်း တစ်ယောက် ထိုအမိန့်ကို လက်ခံရရှိပြီးနောက် သမ်းဝေနေပြီး နေရာမှာတင် လဲအိပ်ပစ်ချင်သည့် ပုံစံဖြင့် ရှိနေလေ၏။
"အမဲလိုက်ပွဲ ၊ ကြားရုံနဲ့တင် ပင်ပန်းလိုက်တာ"
ရှောင်ရှန်းသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်ရင်း အမိန့်လာပို့သော
မိန်းမစိုးလေးကို ညည်းညည်းညူညူ ပြောလိုက်၏။
"ငါ့ရဲ့ ဒီခန္ဓာကိုယ်က မြင်းစီးရင်တောင် ပင်ပန်းနေတာ ၊ ယုန်တစ်ကောင် ပစ်နိုင်မယ် ထင်လို့လား.. မသွားဘူး၊ မသွားဘူး၊ ခမည်းတော်ကို သွားပြောလိုက်၊ ငါ အအေးမိနေလို့ မသွားနိုင်ဘူးလို့"
မိန်းမစိုးလေးမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်သွားပြီး ဒူးထောက်ကာ အတင်း တောင်းပန်တော့သည်။
" အရှင့်သား စိတ်လျှော့ပါ ၊ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ပါ…ကျွန်တော်မျိုး မပို့လို့ မရပါဘူး၊ အရှင့်သားသာ မသွားရင် အရှင်မင်းကြီး အပြစ်ပေးတာကို ကျွန်တော်မျိုးက..."
ရှောင်ရှန်းသည် စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။
"တော်ပြီ၊ တော်ပြီ၊ သိပြီ၊ ငါသွားမယ် ဟုတ်ပြီလား တကယ်ကို စိတ်ရှုပ်စရာပဲ"
တစ်ချိန်တည်းမှာပင်။
မင်းသား(၃) အိမ်တော်နှင့် မင်းသား(၅) အိမ်တော်တွင် ဤမြင်ကွင်းနှင့် ကွဲပြားသော မြင်ကွင်းကို မြင်တွေ့နိုင်သည်။
မင်းသား(၃) ရှောင်ကျန်းနှင့် မင်းသား(၅) ရှောင်ယန်တို့သည် ဤရက်ပိုင်းအတွင်း အိပ်မပျော်၊ စားမဝင် ဖြစ်နေကြသည်။
ရှောင်ရှန်း၏ ပျင်းရိပျင်းတွဲ ပုံစံနှင့် အမြဲတမ်း သူတို့ကို အရှက်ကွဲအောင် လုပ်တတ်သည့် မျက်နှာကို မြင်ယောင်တိုင်း အံကြိတ်မိသည်။
ပြီးခဲ့သည့်အကြိမ်က ကျွေ့ရှန်းအဆောင်တွင် လုပ်ကြံမှု မအောင်မြင်ခဲ့သည့်အပြင် လူအင်အားလည်း ဆုံးရှုံးခဲ့ရသဖြင့် သူတို့လည်း မျက်နှာ ပျက်ခဲ့ရသည်။
ယခုတစ်ကြိမ် လာဘ်ပေးလာဘ်ယူမှု ကိစ္စမှာလည်း သကောင့်သား ရှောင်ရှန်းသည် မရည်ရွယ်ဘဲ အကျိုးဆောင်နိုင်ခဲ့ပြီး နာမည်ထကြီးခဲ့ပြန်၏။ သူတို့ မည်သို့ သည်းခံနိုင်မည်နည်း။
" အစ်ကိုတော်(၃) ဒီတစ်ခါ ဆောင်းဦးအမဲလိုက်ပွဲမှာ အဲ့ကောင် ရှောင်ရှန်းကို ဘယ်လိုမှ ထပ်ပြီး အသာစီးရခွင့် ပေးလို့ မဖြစ်တော့ဘူး"
မင်းသား(၅) ရှောင်ယန်သည် လက်ထဲက လက်ဖက်ရည်ခွက်ကို ချေမွမတတ် ဒေါသတကြီးဖြင့် ဆုပ်ကိုင်ထားသည်။ သူသည် ခန္ဓာကိုယ်အရွယ်အစား ကြီးမားပြီး၊ ခွန်အားကြီးသူဖြစ်ရာ ပြဿနာကို အင်အားသုံး ဖြေရှင်းရသည်ကို နှစ်သက်သူဖြစ်သည်။
မင်းသား(၃) ရှောင်ကျန်းက သူ့ရှေ့တွင် ထိုင်နေပြီး မှုန်ကုတ်နေလေ၏။ သူသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး ပေါလောမျောနေသော လက်ဖက်ရွက်များကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး ၊ အေးစက်စွာ ဆိုလိုက်သည်။
"ညီ(၅) မလောနဲ့ ၊ ရှောင်ရှန်းရဲ့ ကံက တကယ်ကို ထူးဆန်းတယ် ဒါပေမယ့် ကံကောင်းခြင်းဆိုတာလည်း ကုန်ဆုံးတတ်တဲ့ အချိန် ရှိတာပဲ”
"ဒါဆိုရင် အစ်ကိုတော်ရဲ့ အဓိပ္ပာယ်က.."
ရှောင်ယန်က အလောတကြီး မေးလိုက်သည်။
ရှောင်ကျန်း၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု လှစ်ဟသွားလေ၏။
"အမဲလိုက်တဲ့ နေရာက 'ဝမ်ရှိုးတောအုပ်' မှာပဲ၊ နေရာက အရမ်းကျယ်ပြီး တောနက်တယ် ၊ နှစ်တိုင်း အမဲလိုက်ပွဲမှာ 'မတော်တဆမှု' တွေ ဖြစ်တတ်တာပဲ”
"တကယ်လို့ အိမ်ရှေ့စံက သားရဲကိုက်ခံရလို့ ဒဏ်ရာရသွားရင် ဒါမှမဟုတ်... 'မတော်တဆ သေဆုံး' သွားရင် ခမည်းတော် ဘယ်လိုနေမလဲ"
ရှောင်ယန်သည် ထိုစကားကို ကြားသည်နှင့် သူ၏ မျက်လုံးများထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားလေ၏။
" အစ်ကိုတော်က တကယ်ကို ဉာဏ်ကောင်းတာပဲ ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့”
"အဲဒီအချိန်ကျရင် ငါတို့လက်ချက်မှန်း ဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
ရှောင်ကျန်းသည် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး အေးစက်စက် ဆိုလိုက်သည်။
"ဒီကိစ္စကို ငါ စီစဉ်မယ်၊ မင်းက လက်တွေ့လုပ်ဆောင်ဖို့ တာဝန်ယူ ၊ သဲလွန်စ မကျန်အောင် သေသေချာချာ လုပ်ရမယ်…ဒီတစ်ခါတော့ ရှောင်ရှန်းကို လုံးဝ နာလန်မထူနိုင်အောင် လုပ်ပစ်ရမယ်"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၊ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေ၏။
ရှောင်ရှန်းကို ဦးတည်ထားသော သေစေနိုင်သည့် လုပ်ကြံမှုကြီးတစ်ခုသည် တိတ်တဆိတ် စတင်ခဲ့ချေပြီ။
ဇာတ်မင်းသားကြီး ရှောင်ရှန်းကတော့ မိမိသည် သူတစ်ပါး၏ လုပ်ကြံမှု ပစ်မှတ် ဖြစ်နေပြန်သည်ကို မသိသေးပေ။
သူသည် အမဲလိုက်ခြင်း ကဲ့သို့သော ခွန်အား အများကြီး သုံးရသော လှုပ်ရှားမှုများကို အမြဲတမ်း ရှောင်ကြဉ်သူ ဖြစ်သည်။
သူ၏ မြင်းစီးအတတ်နှင့် မြားပစ်အတတ်မှာ "အသုံးမကျဘူး" ဟု ပြောလျှင်ပင် ချီးကျူးရာ ရောက်နေဦးမည်ဖြစ်ရာ ၊ သွားလျှင်လည်း အရှက်ကွဲဖို့သာ ရှိပေတော့မည်။
သူသည် အမဲလိုက်ကွင်းကို ရောက်သည်နှင့် ဘေးကင်းပြီး မြက်ပင်ထူထူ၊ နေရောင် ကောင်းကောင်းရသော နေရာကောင်းတစ်ခု ရှာကာ အိပ်ပစ်ရန် ဆုံးဖြတ်ထားလေ၏။
ရဲစွမ်းသတ္တိပြဖို့လား….အေးအေးဆေးဆေး အိပ်ရတာလောက် ဘာမှ အဖိုးမတန်ဘူး ဟေ့…
သို့သော် မထွက်ခွာမီ တစ်ရက်အလိုတွင် ဧကရာဇ်မင်း ရှောင်ယွမ်သည် သူ့ကို စာကြည့်ဆောင်သို့ အထူးတလည် ခေါ်ယူခဲ့သည်။
"အိမ်ရှေ့စံ၊ ဒီတစ်ခါ ဆောင်းဦးအမဲလိုက်ပွဲမှာ မင်းက နန်းလျာဖြစ်တဲ့အတွက် တော်ဝင်ဆွေမျိုးတွေရဲ့ စံပြဖြစ်ရမယ်၊ ပျင်းနေလို့ မဖြစ်ဘူး"
ဧကရာဇ်မင်း ရှောင်ယွမ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး ၊ သူ၏ လေသံမှာ တည်ငြိမ်လှကာ မျက်လုံးများက လူ့စိတ်ကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ပင်။
ရှောင်ရှန်း၏ ရင်ထဲတွင် ဒုနိးခနဲ့ ခုန်တတ်သွားပြီး 'ဒီအဖိုးကြီး ငါ့စိတ်ကို ကြိုသိနေတာလား’' ဟု တွေးလိုက်မိသည်။ သူသည် ချက်ချင်းပင် ရိုသေလေးစားသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"သားတော် အမိန့်ကို နာခံပါတယ်၊ ခမည်းတော်ရဲ့ မျှော်လင့်ချက်အတိုင်း အစွမ်းကုန် ကြိုးစားပါ့မယ်"
ဧကရာဇ်မင်း ရှောင်ယွမ်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားသည်။
"ဒါဆိုရင် ကောင်းပြီ၊ ငါက စစ်သေနာပတိချုပ် ချင်ချန်းကို မင်းနဲ့အတူ လိုက်ပြီး 'စောင့်ရှောက်' ဖို့ အမိန့်ပေးထားတယ်၊ မင်း တစ်ခုခု အဆင်မပြေတာရှိရင် ဒါမှမဟုတ် အခက်အခဲရှိရင် ချင်စစ်သူကြီးကို အကူအညီ တောင်းနိုင်တယ်"
"ဗျာ"
ရှောင်ရှန်း တစ်ယောက် ဆွံ့အသွားသည်။
‘တရားမျှတပြီး စည်းကမ်းကြီးတဲ့ ချင်ချန်းကို သူ့ကို "စောင့်ရှောက်" ဖို့ လွှတ်တယ် ဟုတ်လား…ဒါက သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်တာပဲ မဟုတ်လား..
ကြည့်ရတာ သူရဲ့ အပျင်းထူမယ့် စီမံကိန်းကြီးကတော့ ခက်ခဲသွားဦးမှာပဲ…’
ချင်ချန်းက ဘေးနားတွင် ရပ်နေပြီး ဖြေကြားလိုက်သည်။
"ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်၊ အိမ်ရှေ့စံအရှင့်သားရဲ့ ဘေးအန္တရာယ်အတွက် သေသေချာချာ ကာကွယ်ပေးပါ့မယ်”
ရှောင်ရှန်းကို ကြည့်နေသည့် သူ၏ အကြည့်မှာ စူးစမ်းမှုနှင့်အတူ... ပြောမပြတတ်သည့် ထူးဆန်းမှုများ ပါဝင်နေခဲ့သည်။
ဤအိမ်ရှေ့စံသည် ထင်မှတ်မထားသော အပြုအမှုများကို အမြဲတမ်း ထလုပ်တတ်သဖြင့် စစ်မြေပြင်တွင် အတွေ့အကြုံများလှသော သူတောင်မှ အတော်လေး ခေါင်းစားနေရသည်။
အခန်း(၆၀)
ရှောင်ရှန်းသည် အပြင်ပန်းတွင်
"သားတော် အမိန့်ကို နာခံပါ့မယ်၊ ခမည်းတော်ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်၊ စစ်သေနာပတိချုပ်ချင်ရဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ်” ဆိုသည့် သားလိမ္မာတစ်ယောက်၏ ပုံစံမျိုး လုပ်နေသော်လည်း ၊
စိတ်ထဲမှာတော့ အစီအစဉ်များ ရေးဆွဲပြီး ဖြစ်၏။ ချင်ချန်းတစ်ယောက် မည်မျှပင် တော်ပါစေ ၊ သူ့ကို ၂၄ နာရီပတ်လုံး မျက်တောင်မခတ် စောင့်ကြည့်နေနိုင်မည် မဟုတ်။
အခွင့်အရေး ရတာနဲ့ သူ လစ်ပြီပဲ…
အမဲလိုက်ပွဲနေ့တွင် မိုးကောင်းကင်ကြီးသည် ကြည်လင်သာယာနေသည်။
တော်ဝင်အမဲလိုက်ကွင်း အပြင်ဘက်တွင် အလံများ လွှင့်ထူထားပြီး လူနှင့် မြင်းများဖြင့် ဆူညံနေသည်။ တော်ဝင်ဆွေမျိုးများ၊ မှုးမတ်များနှင့် မျိုးရိုးမြင့်များမှ အမျိုးသားများသည် စမတ်ကျကျ ဝတ်ဆင်ထားပြီး တက်ကြွနေကြကာ၊ သူတို့ စီးနင်းလာသော မြင်းများနှင့် မြားအိတ်များမှာလည်း အတော်လေး ကောင်းမွန်လှပေသည်။
ဧကရာဇ်မင်း ရှောင်ယွမ်၏ အမိန့်ပေးသံနှင့်အတူ ဗုံသံ၊ ခရာသံများ ဟိန်းထွက်လာတော့သည်။
"အမဲလိုက်ပွဲ စစေ "
လူတိုင်း မြင်းများကို အသည်းအသန် စီးနင်းလျက် ဝမ်ရှိုးတောအုပ်ကြီးထဲသို့ တိုးဝင်သွားကြတော့သည်။ အော်ဟစ်သံများ၊ မြင်းခွာသံများ ၊ ခွေးဟောင်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အလွန်ပင် သက်ဝင်နေသည်။
ရှောင်ရှန်းမှာ လူအုပ်ကြီး၏ နောက်ဆုံး နေရာကနေ တရွေ့ရွေ့ လိုက်နေပြီး ခမည်းတော် ဆုချထားသော မြင်းကောင်းကြီးကို နှေးလွန်းသည့် အပြစ်တင်ကာ အိပ်ချင်မူးတူး ပုံစံဖြင့် ရှိနေလေ၏။
ချင်ချန်းသည် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး ထက်မြက်သော မျက်လုံးများဖြင့် "အထူးကာကွယ် စောင့်ရှောက်ရမယ့်သူ" ကို လူအုပ်ထဲကနေ ကျန်ရစ်မနေစေရန် ခဏခဏ နောက်လှည့်ကြည့်နေရသည်။
ရှောင်ရှန်းသည် လူအုပ်ကြီးကို အမီလိုက်ချင်ယောင်ဆောင်ရင်း မျက်လုံးကတော့ ဟိုကြည့်ဒီကြည့်နှင့် လစ်ဖို့ ချောင်းနေလေ၏။
နောက်ဆုံးတွင် ရှေ့တွင် ထူထပ်သော တောအုပ်တစ်ခုနှင့် မြေပြင်အနေအထား ရှုပ်ထွေးသော နေရာသို့ ရောက်လာခဲ့သည်။ ချင်ချန်းကိုလည်း စစ်တပ်က အရာရှိအချို့က လာရောက်နှုတ်ဆက်ကြသောကြောင့် သူသည် အာရုံနည်းနည်း လွတ်သွားမိသည်။
အခုပဲ…
ရှောင်ရှန်းသည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး မြင်းဗိုက်ကို အတင်းညှပ်လိုက်သော်လည်း ၊ သူစီးလာသည့် မြင်းက ဟန်ပြလောက်ပဲ နှစ်လှမ်း ရွေ့ပေးပြီး နှာတစ်ချက် မှုတ်လိုက်သည်မှာ သူ၏ မြင်းစီးအတတ်ကို လှောင်ပြောင်နေသလိုပင်။
"တောက် အရေးကြီးတဲ့ အချိန်ကျမှ ဒုက္ခလာပေးနေတယ်"
ရှောင်ရှန်းသည် စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး ဘာမှ ဂရုမစိုက်တော့ဘဲ မြင်းပေါ်ကနေ ဆင်းလိုက်ကာ ချုံပုတ်တွေထဲကို ငါးရှဉ့်တစ်ကောင်လို "ရှူး" ခနဲ တိုးဝင်သွားတော့သည်။
ဤလှုပ်ရှားမှုသည် စည်းစိမ်ခံစားနေသော အိမ်ရှေ့စံတစ်ယောက်နှင့် မတူဘဲ အတွေ့အကြုံရှိသော ထွက်ပြေးကျွမ်းကျင်သူ တစ်ယောက်နှင့် ပိုတူသည်။
ချင်ချန်းသည် တစ်ခုခု မှားနေကြောင်း သတိထားမိပြီး လှည့်ကြည့်လိုက်ရာ၊ အိမ်ရှေ့စံ၏ အရိပ်အယောင်ကို မမြင်ရတော့ဘဲ တစ်ကောင်တည်း မြက်စားနေသော မြင်းကောင်းကြီးကိုသာ မြင်လိုက်ရသည်။
"အရှင့်သား"
ချင်ချန်းမှာ မျက်နှာပျက်သွားပြီး 'ဒီအိမ်ရှေ့စံကတော့ ထင်ထားတဲ့အတိုင်းပဲ’ဟု တွေးလိုက်မိသည်။
ရှောင်ရှန်းသည် တောထဲသို့ ရောက်သည်နှင့် ၊ ဟိုတိုးဒီတိုးလုပ်ကာ သူ့နောက်ကို လိုက်လာနိုင်မည့် သူများကို မျက်ခြေဖြတ်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။
သူသည် အရပ်မျက်နှာကို သေချာကြည့်ပြီး နေရောင်ကောင်းကောင်း ရနိုင်မည့် နေရာကို ရွေးချယ်လိုက်သည်။
သူ၏ ရည်မှန်းချက်မှာ ရိုးရှင်းပေသည်။
‘ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ အိပ်လို့ကောင်းမယ့် နေရာတစ်ခုကို ရှာဖို့ပဲ’
မကြာခင်မှာပင် သူ၏ မျက်လုံးများမှာ တောက်ပသွားသည်။ နေရောင် ကောင်းစွာ ကျရောက်နေသော ကုန်းစောင်းလေးတစ်ခုကို သူ တွေ့လိုက်ရသည်။
ထိုနေရာတွင် မြက်ခင်းစိမ်းလေးများ ရှိပြီး အမည်မသိ တောပန်းလေးများ ပွင့်လန်းနေသည်။ ကုန်းစောင်းအောက်နားတွင် ချုံပုတ်များဖြင့် ဖုံးအုပ်နေသော မြေတွင်းလေး တစ်ခု ရှိနေပြီး ၊ အဆိုပါ မြေတွင်းလေးသည် သိပ်မကြီးသော်လည်း သေသေချာချာ မကြည့်ရင် လူကို ရှာမတွေ့နိုင်သော နေရာတစ်ခု ဖြစ်သည်။
ရှောင်ရှန်းသည် တွင်းဝကို ကပ်ပြီး နမ်းကြည့်လိုက်ရာ ၊ အနံ့အသက် မဆိုးသည့်အပြင် မြေသင်းနံ့လေးတောင် ရနေသေး၏။ အတွင်းထဲတွင် မှောင်နေသော်လည်း ၊ သိပ်ပြီးမနက်ပုံရသည်။
"ဟားး၊ ဒီနေရာလေး မဆိုးဘူး"
ရှောင်ရှန်းသည် သူရှာတွေ့ခဲ့သည့် နေရာကို ကြည့်ရင်း ကျေနပ်နေလေ၏။
ဤမြေတွင်းသည် သဘာဝအတိုင်းဖြစ်နေသော ပုန်းခိုကျင်းလေး ဖြစ်ပေသည်။ နေရောင်လည်း ကာကွယ်ပေးထားပြီး ၊ ထို့အပြင် လျှို့ဝှက်ပြီး ဘေးကင်းသည်။
သူသည် ဝတ်ရုံကြီးကို ချွတ်ကာ မြက်ခင်းပေါ်တွင် ခင်းလိုက်ပြီး လွတ်လွတ်လပ်လပ် လှဲအိပ်လိုက်သည်။ လက်နှစ်ဖက်ကို ခေါင်းခုကာ ၊ ခြေထောက်ချိတ်လျက် ပါးစပ်ကနေ မြက်ပင်လေးတစ်ပင်ကို ကိုက်ရင်း မျက်လုံးများကို မှေးလိုက်သည်။
အပေါ်တွင် ပြာလဲ့လဲ့ ကောင်းကင်ကြီး ၊ နှာခေါင်းထဲမှာတော့ မြက်နံ့လေးများ သင်းလျက် ၊ နားထဲတွင် သစ်ရွက်လှုပ်ခတ်သံလေးများနှင့် ဝေးဝေးကနေ ကြားနေရသော ငှက်သံလေးများ…
ရှောင်ရှန်းတစ်ယောက် မျက်ခွံများ လေးလံလာသလို ခံစားလိုက်ရပြီး နန်းတွင်းက စိတ်ရှုပ်စရာများကို မေ့ပစ်လိုက်တော့သည်။
မကြာခင်မှာပင် ဟောက်သံများ ထွက်လာပြီး၊ အိမ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားလေတော့၏။
သူ အိပ်ပျော်သွားပြီး မကြာခင်မှာပင် ဝမ်ရှိုးတောအုပ်၏ တစ်ခြားတစ်ဖက်တွင် လူရိပ်အချို့က သတိထားကာ လှုပ်ရှားနေကြသည်။ ၎င်းတို့သည် မင်းသား(၃) နှင့် မင်းသား(၅) တို့မှ စေလွှတ်လိုက်သည့် လူများပင် ဖြစ်သည်။
ရှောင်ကျန်း၏ အစီအစဉ်အတိုင်း ၊ သူတို့သည် ရှောင်ရှန်းကို တိုက်ရိုက် မတိုက်ခိုက်ဘဲ တောထဲက သားကောင်လေးများ ဖြစ်သည့် ယုန်၊ သမင် နှင့် တောကြက်များကို ရှောင်ရှန်း အိပ်နေသော နေရာဆီသို့ မောင်းထုတ်နေလေ၏။