အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း ၁။ ဦးနှောက်တွင် တစ်ခုခုမှားယွင်းနေခြင်း
မှောင်မည်းရှုပ်ထွေးလှသော အိပ်မက်ဆိုးတစ်ခုမှ နိုးလာပြီးနောက် လူငယ်လေး ရန်ရှောင်စုသည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်ပြီး တံခါးဝတွင် ရပ်နေသော ၁၃၊ ၁၄ နှစ်အရွယ် ကောင်လေးကို လှမ်းကြည့်လိုက်၏။
“လျို့ယွမ် ဘာဖြစ်လို့လဲ။”
ရန်ရှောင်စုက မေးလိုက်သည်။
လျို့ယွမ်ဟု ခေါ်ဝေါ်ခြင်းခံရသော ထိုကလေး၏ အမည်ရင်းမှာ ယန်လျို့ယွမ်ဖြစ်သည်။
ယန်လျို့ယွမ်သည် အပြစ်ကင်းစင်သည့် ရုပ်ရည်ရှိသော်လည်း လက်ထဲတွင် အရိုးဓားတစ်ချောင်းကို ကိုင်ကာ တံခါးကို စောင့်ကြပ်နေခဲ့သည်။ ညဉ့်နက်နေပြီဖြစ်သဖြင့် သူသည် အလွန်ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း အစောင့်အကြပ်လုပ်နေရသောကြောင့် မျက်လုံးတစ်ချက်မှ မမှိတ်ခဲ့ပေ။
ယန်လျို့ယွမ်က ခေါင်းခါပြလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ အစ်ကို့ခေါင်းထဲက အဲ့ဒီဝေဒနာက တကယ်ပဲ ဘာဖြစ်နေတာလဲ။ မြို့ဈေးထဲက ဆရာဝန်လည်း ဘာဖြစ်တာလဲဆိုတာ ရှာမတွေ့ဘူးလား။”
“အဲ့ဒါကို မင်းစိုးရိမ်စရာမလိုဘူး။ ဒါက ဖျားတာမဟုတ်ဘူး။”
ရန်ရှောင်စုက ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
“မိုးလင်းတော့မယ်။ ငါ အမဲလိုက်ထွက်တော့မယ်။ မင်း ခဏအိပ်လိုက်ဦး။ ပြီးရင် ကျောင်းကို အချိန်မီရောက်အောင်သွား။”
“အင်းပါ။”
ယန်လျို့ယွမ်က စိတ်မပါလက်ပါ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီလို လူသူဆိတ်သုဉ်းတဲ့ မြေရိုင်းကြီးထဲမှာ စာတော်တော့ရော ဘာထူးမှာလဲ...။”
“ငါက အသုံးဝင်တယ်လို့ ပြောရင် အသုံးဝင်လို့ပေါ့။”
ရန်ရှောင်စုက ငြင်းချက်ထုတ်ရန်မလိုသော လေသံဖြင့် ဆိုလိုက်သည်။
“ငါလည်း အမဲလိုက် ထွက်ချင်တယ်။”
ယန်လျို့ယွမ်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
“မင်း တစ်ခုခုဖြစ်သွားရင် ငါ့ကို ဘယ်သူက စောင့်ရှောက်မှာလဲ။ သတိမေ့နေတဲ့ ငါကလား...။”
ရန်ရှောင်စုသည် ရေခပ်ရန်အတွက် မြို့ဈေး၏ အလယ်ဗဟိုသို့သွားရန် ပြင်ရင်း ထရပ်လိုက်သည်။ နေထွက်လာလျှင် ဤမြို့ဈေးသည် အန္တရာယ်သိပ်မရှိတော့ပေ။
ဤနေရာ၏ ညအချိန်များမှာ ဥပဒေမဲ့သော နယ်မြေများသာ ဖြစ်သည်။
...
အုံ့မှိုင်းသော ကောင်းကင်ထက်တွင် မည်းမှောင်နေသော တိမ်တိုက်များက အဆက်မပြတ် လိပ်တက်နေခဲ့သည်။ လေပြင်းများကြားတွင် ယိမ်းထိုးနေသော အက်စစ်မိုးစက်တစ်စက်သည် နောက်ဆုံးတွင် တိမ်တိုက်များထဲမှ ကျဆင်းလာပြီး ရန်ရှောင်စု၏ ရှေ့တည့်တည့်သို့ ပေါက်ခနဲ အသံမြည်ကာ ပြုတ်ကျသွား၏။
လူငယ်လေး ရန်ရှောင်စုသည်မူ မြေရိုင်းပေါ်တွင် မှောက်လျက်ဝပ်နေလေသည်။ သူသည် မျက်မှောင်ကြုတ်ကာ ယနေ့ သူ၏ကံဇာတာ အနည်းငယ်ညံ့နေကြောင်း တွေးနေမိသည်။ အကြောင်းမှာ သူ၏သားကောင်မရောက်လာမီ အက်စစ်မိုးက အရင်ရောက်လာသောကြောင့်ပင်။
ဤမြေရိုင်းပေါ်တွင် လျှောက်သွားသည့်အခါ သားရဲတိရစ္ဆာန်များကို သတိထားရမည်ဟု အချို့က ဆိုကြသည်။
သို့သော် ရန်ရှောင်စုကမူ ထိုသူသည် အမှန်တရားအားလုံးကို မပြောခဲ့ဟု ခံစားရ၏။ အကြောင်းမှာ ဤမြေရိုင်းပေါ်တွင် အသက်ကို နှုတ်ယူနိုင်သည့် အရာများစွာရှိပြီး အက်စစ်မိုးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
သို့သော်လည်း ရန်ရှောင်စုသည် လှုပ်ရှားမှုမရှိဘဲ ငြိမ်နေဆဲပင်။ အကယ်၍ သူသာ ယနေ့ သားကောင်တစ်ကောင်မျှ မဖမ်းမိပါက သူနှင့် ယန်လျို့ယွမ်တို့သည် အက်စစ်မိုးကြောင့် ရောဂါမရမီ ငတ်ပြတ်၍ သေဆုံးသွားနိုင်ပေသည်။
ရုတ်တရက် ငှက်တောင်ပံခတ်သံကို ကြားလိုက်ရ၏။ ရန်ရှောင်စု၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူ၏ အသက်ရှူသံမှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။
ရန်ရှောင်စု၏ ရှေ့မလှမ်းမကမ်းတွင် သံဒယ်အိုးအမည်းကြီးတစ်လုံးကို တုတ်ဖြင့် ထောက်ထားပြီး အောက်တွင် ပေါင်မုန့်ခြောက် အစအနအချို့ကို ဖြန့်ကြဲထားသည်။
ငှက်ကြီးတစ်ကောင်သည် သံဒယ်အိုးဘေးတွင် ဆင်းသက်လာပြီး ထက်မြက်သော မျက်လုံးများဖြင့် သတိထားကာ ကြည့်နေ၏။ အရွယ်အစားအရဆိုလျှင် ဤငှက်သည် သံဒယ်အိုးထက် သိပ်မသေးလှပေ။
၎င်းသည် တောင်ပံများကို ပြင်ဆင်ရင်း ထိုနေရာတွင် အတော်ကြာအောင် ရပ်နေသော်လည်း ရန်ရှောင်စုမှာမူ ကြွက်သားတစ်ချက်မျှ မလှုပ်ဘဲ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင် ထိုငှက်ကြီးမှာ သတိလက်လွတ်ဖြစ်သွားပုံရပြီး သံဒယ်အိုးဆီသို့ သူခိုးတစ်ယောက်ကဲ့သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
သို့သော် ၎င်းသည် သံဒယ်အိုးအောက်သို့ ရောက်ရှိပြီး ပေါင်မုန့်စများကို စားရန် ခေါင်းငုံ့လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ရှောင်စုသည် သူ၏လက်ထဲရှိ ကြိုးကို ရုတ်တရက် ဆွဲလိုက်၏။ ထို့နောက် လူငယ်လေးသည် တိုင်မှလွတ်သွားသော မြည်းရိုင်းတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ခုန်တက်ကာ သံအိုးဆီသို့ ပြေးဝင်သွားတော့သည်။
ငှက်ကြီး သံဒယ်အိုးကို မလှန်နိုင်မီ သူသည် ရှိသမျှ အားအင် အားလုံးကို အသုံးပြု၍ သံဒယ်အိုးကို သူ၏ခန္ဓာကိုယ်ဖြင့် ဖိထားလိုက်၏။
“ဟူး...။”
ရန်ရှောင်စုသည် မောဟိုက်နေသော လေများကို မှုတ်ထုတ်လိုက်သည်။ သူသည် ဤစာကလေးကို ရရန် တစ်ညလုံး စောင့်ခဲ့ရခြင်းဖြစ်သော်လည်း ယနေ့ သူ၏ကြိုးစားမှုမှာ အချည်းနှီးမဖြစ်ခဲ့သည့်အတွက် ဝမ်းသာသွားခဲ့သည်။ ထိုကဲ့သို့သော အခွင့်အရေးကောင်းများမှာ နေ့တိုင်းမရနိုင်ပေ။
သံဒယ်အိုးအောက်မှ စာကလေး၏ ရုန်းကန်သံများ ထွက်ပေါ်လာပြီး ၎င်း၏ မာကျောသော တောင်ပံများမှာ သံအိုးနှင့် ပွတ်တိုက်ကာ စူးရှသောအသံများ ထွက်နေခဲ့၏။ ထိုအချိန်တွင် ခံတပ်အတွင်းမှ သာယာသော နာရီသံများ လွင့်ပျံ့လာတော့သည်။
ရန်ရှောင်စုသည် သူ၏နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်၏။ ယန်လျို့ယွမ်ကို ထိုခံတပ်ပ်အတွင်းသို့ မည်သည့်အချိန်တွင် ခေါ်ဆောင်သွားနိုင်မည်ကို သူ မသိပေ။
ရန်ရှောင်စုအတွက်မူ ခံတပ်အတွင်းရှိ လူများသည် မြေရိုင်း၏ အန္တရာယ်များကို ရင်ဆိုင်ရန်မလိုသောကြောင့် ကံကောင်းသူများဖြစ်ကြသည်။ သို့သော် ထိုနေရာသည် မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်သော နေရာမျိုးမဟုတ်ပေ။
ယခုအခါ သံဒယ်အိုးအတွင်းမှ လှုပ်ရှားသံများ နောက်ဆုံးတွင် ငြိမ်သက်သွားပြီဖြစ်သည်။ သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏လက်တွင် ပတ်ထားသော အဝတ်စုတ်များကို မြဲမြံမှုရှိမရှိ ထပ်မံစစ်ဆေးလိုက်လေသည်။
ထို့နောက်မှသာ သူသည် သံဒယ်အိုးကို အသာအယာမလိုက်ပြီး အပေါက်ငယ်လေးတစ်ခုဖြစ်အောင် လုပ်လိုက်သည်။ ရန်ရှောင်စုသည် ထိုကွက်လပ်မှတစ်ဆင့် သူ၏လက်ကို ထိုးထည့်လိုက်ပြီး စာကလေးကြီး၏ ခြေထောက်များကို ဖမ်းဆွဲရန် ကြိုးပမ်းလိုက်တော့သည်။
သို့သော် ဘဝဆိုသည်မှာ အမြဲတမ်း အဆင်ပြေချောမွေ့နေသည်တော့မဟုတ်ချေ။ ရန်ရှောင်စု၏လက် ဒယ်အိုးထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
ရန်ရှောင်စု သူ၏လက်ကို ပြန်နှုတ်လိုက်သောအခါ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားကြားမှ သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။ သူပတ်ထားသော အဝတ်စုတ်မှာ စာကလေးကြီး၏ ထက်ရှသော နှုတ်သီးဒဏ်ကို မတားဆီးနိုင်ခဲ့ပေ။
ရန်ရှောင်စု စိတ်တိုသွား၏။
သူသည် သူ၏ စုတ်ပြဲနေသောအင်္ကျီကို ချွတ်လိုက်ပြီး လက်တွင် ပတ်ကာ သံအိုးအတွင်းသို့ အတင်းထိုးထည့်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ သူသည် စာကလေး၏ လည်ပင်းကို တစ်ချက်တည်းနှင့် ဖမ်းဆွဲနိုင်ခဲ့သည်။
သူသည် စာကလေးကို အပြင်သို့ ဆွဲထုတ်လိုက်ပြီး သူ၏ဂျိုင်းအောက်တွင် ညှပ်ကာ တစ်ချက်တည်း လည်လိမ်ချိုးလိုက်တော့လေသည်။ လည်ပင်းရိုးကျိုးသံနှင့်အတူ စာကလေးမှာ ထာဝရ ငြိမ်သက်သွားတော့သည်။
ယခုအခါ ရန်ရှောင်စု အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။ အကြောင်းမှာ စာကလေးကြီး၏ ခြေသည်းများကြောင့် သူ၏အင်္ကျီတွင် အပေါက်များစွာ ဖြစ်သွားသောကြောင့်ပင်။
ရုတ်တရက် သူ၏ဦးနှောက်အတွင်း၌ ‘ဒုန်း’ ခနဲ မြည်သံကြီးတစ်ခု ဟိန်းထွက်လာ၏။ ရန်ရှောင်စုသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ၏ခေါင်းထဲတွင် ကြေးခေါင်းလောင်းကြီးတစ်လုံးကို အတီးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူသည် မှောင်မည်းရှုပ်ထွေးလှသော ကမ္ဘာတစ်ခုထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားတော့သည်။
ချီးပဲ...။
ပုံမှန်ဆိုလျှင် သူ၏ ဝေဒနာမှာ သန်းခေါင်ယံအချိန်မှသာ ဖြစ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် စောစီးစွာ ရောက်ရှိလာခဲ့သည်။
ဤသည်မှာ သူ ဝေဒနာခံစားရခြင်း၏ ပထမဆုံးအကြိမ်မဟုတ်ပေ။ မြို့ဈေးထဲရှိ လူတိုင်းနီးပါးသည် ရန်ရှောင်စု၏ ဦးနှောက်တွင် တစ်ခုခုမှားယွင်းနေပြီး အခါအားလျော်စွာ နာကျင်မှုကို ခံစားရတတ်ကြောင်း သိထားကြပေသည်။
သို့သော် ရန်ရှောင်စုကိုယ်တိုင်ကမူ ၎င်းသည် နာကျင်မှုမဟုတ်ဘဲ အလွန်အမင်း ရှုပ်ထွေးနောက်ကျိမှုသာဖြစ်ကြောင်း ကောင်းစွာသိရှိထားခဲ့သည်။
ခဏလေ...။
ယခုတစ်ကြိမ်သည်မူ ယခင်အကြိမ်များနှင့် မတူတော့ပေ။ သူ၏စိတ်ထဲရှိ မြူမှောင်များမှာ အမှန်တကယ် ကွဲထွက်သွားပြီး အတွင်း၌ နန်းတော်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ရန်ရှောင်စုသည် သူ၏မျက်လုံးများကို ဖြတ်ခနဲဖွင့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မတ်တပ်ရပ်ကာ မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးလိုက်၏။
“ဒီတစ်ခါ ငါ ဒီလောက်မြန်မြန် သတိပြန်ရလာတာလား။”
မူလက သူသည် ထိုနန်းတော်ကို သေချာကြည့်ရန် အခွင့်အရေးရှိသော်လည်း မြေရိုင်းပေါ်တွင် သတိလစ်နေခြင်းသည် သေကြောင်းကြံစည်မှုနှင့် မခြားနားကြောင်း သူ ပို၍သိပေသည်။ သူသည် အက်စစ်မိုးများ အရှိန်မပြင်းမီ အမှတ် ၁၁၃ ခံတပ်၏ အပြင်ဘက်ရှိ မြို့ဈေးသို့ ယခုပင် ပြန်ရောက်အောင်သွားရပေလိမ့်မည်။
ရန်ရှောင်စုသည် စာကလေး၏ ခြေထောက်နှစ်ဖက်ကိုပူးကာ ကြိုးချည်ပြီး ပုခုံးပေါ်တွင် ချိတ်လိုက်သည်။ ထို့နောက် သူ၏ သံဒယ်အိုးကြီးကို မကာ ခေါင်းပေါ်တွင် မှောက်လျက် ဆောင်းလိုက်ပြီး အပြင်းနှင်တော့၏။ မိုးစက်များမှာ သံဒယ်အိုးကို စည်းချက်ကျကျ ထိမှန်နေခဲ့ကြလေသည်။
ဤအချိန်တွင် သံဒယ်အိုးက သူ၏ ထီးဖြစ်သွားတော့သည်။
သို့သော် သူ သိပ်ဝေးဝေး မရောက်သေးခင်မှာပင် လူတစ်ယောက်သည် အရိုးဓားကို ဝှေ့ယမ်းရင်း သူ၏လမ်းကို ပိတ်ဆို့လိုက်၏။
“အသားကို ပေး...”
ထိုလူ စကားမဆုံးခင်မှာပင် အဝေးမှ ပြေးလာသော သံဒယ်အိုးကြီးမှာ သူ၏မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ရိုက်မိသွားသည်ကိုသာ သူ တွေ့လိုက်ရသည်။
“သောက်ကျိုးနည်း...”
ဓားပြမှာ နောက်သို့ ပက်လက်လန်ကျသွား၏။ ရန်ရှောင်စု၏ လှုပ်ရှားမှုများမှာ ဤမျှ ပြတ်သားပြီး သူ၏ခွန်အားမှာ အလွန်ကြီးမားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ရန်ရှောင်စုသည် သံဒယ်အိုးကို အောက်သို့ချကာ ထိုလူကို လွှဲရိုက်ပြီးနောက် မိုးကာရန်အတွက် ပြန်ဆောင်းကာ တစ်ဆက်တည်း အရှိန်မပျက် ဆက်လက်ပြေးသွားလိုက်သည်။ ဓားပြ မြေပြင်ပေါ်သို့ပင် မကျသေးမီမှာပင် ရန်ရှောင်စုက အဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။
ဓားပြမှာမူ မြေပြင်ပေါ်တွင် ပက်လက်လန်လျက် ကျန်ရစ်ခဲ့လေသည်။
အက်စစ်မိုးများ သူ၏မျက်နှာပေါ်သို့ ကျရောက်လာသောအခါ နာကျင်ယားယံမှုကို ခံစားလိုက်ရ၏။ သူ နားမလည်နိုင်သော အရာအချို့လည်း ရှိနေခဲ့လေသည်။
ပုံမှန်ဆိုလျှင် တစ်ဖက်နှင့်တစ်ဖက် စကားအချေအတင် ပြောကြရမည် မဟုတ်ပါလော။ ဤကဲ့သို့သော အခြေအနေများကို မည်မျှအကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူး၍ ဤလူငယ်လေးမှာ ဤမျှ လျင်မြန်သော တုံ့ပြန်မှုမျိုး ရှိနေရသနည်း။
ခဏလေး အဲ့ကလေးရဲ့ ခြေသံတွေက ပြန်ပြီနီးကပ်လာပြန်ပြီဟ။
ဓားပြဖြစ်သူမှာ အလျင်အမြန် ထထိုင်ပြီး လှည့်ကြည့်လိုက်ရာ ထိုလူငယ်လေးမှာ အမှန်တကယ်ပင် နောက်ကြောင်းပြန်လှည့်လာသည်ကို တွေ့လိုက်ရတော့သည်။
ရန်ရှောင်စုသည် နောက်ကြောင်းပြန်လှည့်ရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း သူ့၏စိတ်ထဲရှိ နန်းတော်မှ ထွက်ပေါ်လာသော အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“တာဝန် - မိမိဖမ်းမိထားသော သားကောင်ကို အခြားသူတစ်ဦးအား ပေးကမ်းပါ။”
“ဘယ်သူပြောလိုက်တာလဲ။”
ရန်ရှောင်စုသည် သံသယစိတ်ဖြင့် ဓားပြရှိရာဘက်သို့ ပြန်လျှောက်သွားလိုက်၏။ ဓားပြဖြစ်သူမှာ ထိတ်လန့်နေပြီဖြစ်သည်။
“ငါတို့ စကားကောင်းကောင်း ပြောလို့ရပါတယ်... ခဏလေး ငါက ဒီမှာ ခံရတဲ့သူလေ...။”
ရန်ရှောင်စု ဓားပြကို သေချာစိုက်ကြည့်လိုက်၏။ ပတ်ဝန်းကျင်တွင်လည်း အခြားမည်သူမျှ မရှိပေ။
“မင်း ဒီစာကလေးကို လိုချင်လား။”
ရန်ရှောင်စုက မေးလိုက်သည်။ ဓားပြ၏ မျက်လုံးများမှာ အရောင်တောက်သွား၏။
“လိုချင်တာပေါ့။”
“ရော့...အဲ့ဒါဆိုရင် ယူလိုက်။”
ရန်ရှောင်စုသည် ဘာမှထပ်မပြောတော့ဘဲ စာကလေးကို ထိုလူ၏ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ထိုထူးဆန်းပြီး ဘက်မလိုက်သော အသံမှာ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
“တာဝန်ပြီးဆုံးပါသည်။ ရရှိသောဆုလာဘ် - အခြေခံအဆင့် စွမ်းရည်ကူးယူမှု စာရွက်။ အခြားသူများ၏ စွမ်းဆောင်ရည်များကို သင်ယူနိုင်သည်။”
ရန်ရှောင်စု မှင်သက်သွား၏။ အကြောင်းမှာ သူ၏စိတ်ထဲတွင် သားရေစာရွက်တစ်ရွက် အပိုထွက်ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသောကြောင့်ပင်။
စွမ်းရည်ကူးယူမှု စာရွက် ဟုတ်လား။ ဒါက အခြားသူတွေရဲ့ စွမ်းရည်တွေကို တိုက်ရိုက်ကူးယူဖို့ အသုံးပြုနိုင်တယ်လို့ ဆိုလိုတာလား။ အမဲလိုက်တာလား။ အသက်ရှင်သန်ရပ်တည်ရေးလား။ ဒါမှမဟုတ် အခြားတစ်ခုခုလား။
ဓားပြဖြစ်သူမှာ စာကလေးအကောင်ကြီးကို တင်းကျပ်စွာ ပွေ့ပိုက်ထားပြီး ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်၏။
“မင်းက တကယ် လူကောင်းတစ်ယောက်ပဲ...”
သို့သော် သူ စကားမဆုံးသေးမီမှာပင် ရန်ရှောင်စုသည် စာကလေးကို ပြန်လည်ဆွဲယူလိုက်ပြီး လှည့်ထွက်သွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဓားပြ - “???”
သူသည် အပြေးထွက်သွားသော ရန်ရှောင်စု၏ ကျောပြင်ကို ကြည့်ရင်း...
‘ဒါ ဘယ်လိုလူစားမျိုးလဲ။ ဒီလိုလုပ်တာ ဘာသဘောလဲကွ။’
အခန်း (၂) - ဒီကမ္ဘာမှာ မျက်ရည်ကို ဘယ်သူမှ မယုံဘူး
ဓားပြနှင့် ရုတ်တရက် သတိလစ်သွားသည့် ဖြစ်စဉ်ကြောင့် ရန်ရှောင်စုတစ်ယောက် အပြန်နောက်ကျသွားခဲ့သည်။ သူ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရာ အမှောင်ထုက ကျရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ယခုလိုအချိန်မျိုးတွင် သားကောင်ကို သယ်ဆောင်ပြီး ဈေးတန်းကို ဖြတ်သန်းသွားလာခြင်းမှာ အလွန်အန္တရာယ်များလှ၏။
နေ့ဘက်တွင် ခံတပ်အတွင်းမှ လူများက အစီအစဉ်တကျ ရှိစေရန် ထွက်လာတတ်ကြသော်လည်း ညဘက်တွင်မူ ထိုသူများသည် ခံတပ်အတွင်းသို့ ပြန်ဝင်သွားကြသည်။
အမှန်စင်စစ် ခံတပ်အတွင်းရှိ လူများသည် စိတ်နှလုံး ကောင်းသူများ မဟုတ်ကြပေ။ ဈေးတန်းတွင် ပရမ်းပတာများလွန်းသွားပါက ဒုက္ခသည်များ၏ အလုပ်လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်မည်စိုး၍သာ ယခုလို ထိန်းသိမ်းပေးနေခြင်း ဖြစ်သည်။
“ဝေ့... ရန်ရှောင်စု ဒီနေ့ ရခဲ့တာ အတော်များပါလားကွ။”
ရန်ရှောင်စု သံဒယ်အိုးတစ်လုံးကို သယ်ပြီး ဈေးတန်းအတွင်းသို့ ပြေးဝင်လာစဉ် တစ်စုံတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်။ ထိုသူ၏ မျက်နှာမှာ မွေးကတည်းက မျက်နှာသစ်ဖူးခြင်း မရှိသကဲ့သို့ မည်းမှောင်နေ၏။
ဈေးတန်းရှိ လူအများစုမှာ ဤကဲ့သို့ပင် ဖြစ်ကြသည်။ အလုပ်လုပ်ရသည့်ရက်များတွင် သူတို့သည် အစားအစာနှင့် လဲလှယ်ရန်အတွက် အနီးနားရှိ ကျောက်မီးသွေးတွင်းများ၌ ကျောက်မီးသွေးများ သွားရောက်တူးဖော်ကြရသည်။ ထိုကျောက်မီးသွေးများကို ခံတပ်အတွင်းသို့ ပို့ဆောင်ပြီးနောက် အလုပ်သမားများသည် အသက်ဆက်နိုင်ရုံမျှသာရှိသော ပေါင်မုန့်အမည်း သို့မဟုတ် အာလူးများကို ရရှိကြ၏။
ကျောက်မီးသွေးတူးခြင်းအပြင် ခံတပ်မှ လိုအပ်သည့် ညစ်ပတ်ပြီး ပင်ပန်းသောအလုပ်မှန်သမျှကို အပြင်ဘက်ရှိ လူများက လုပ်ဆောင်ပေးကြရသည်။
ဈေးတန်းရှိ တွင်းရေကိုလည်း အကန့်အသတ်ဖြင့်သာ ခွဲတမ်းပေးထားသည်။ နေ့စဉ် ရေပမာဏ အနည်းငယ်သာ ရရှိပြီး မည်သူမျှ ပိုမယူနိုင်ကြပေ။ အနီးအနားတွင် သန့်ရှင်းသော ရေအရင်းအမြစ်လည်း မရှိသလို ရှိလျှင်ပင် သားရဲတိရစ္ဆာန်များ လာရောက်ရေသောက်လေ့ရှိသဖြင့် အလွန်အန္တရာယ်များလှ၏။ ထို့ကြောင့် ဈေးတန်းရှိ လူတိုင်းသည် ညစ်ပတ်ပေရေပြီး မှတ်မိနိုင်စရာပင် မရှိတော့ပေ။ ရန်ရှောင်စုသည်လည်း ထိုနည်းတူပင်။
သို့သော် ရန်ရှောင်စုသည် ကျောက်မီးသွေးတူးရန် မည်သည့်အခါမျှ မသွားခဲ့ပေ။ သူ့တွင် ကိုယ်ပိုင် အသက်ရှင်ရပ်တည်နည်း ရှိပေသည်။
ဤအချိန်တွင် ရန်ရှောင်စုသည် သူ့ကိုနှုတ်ဆက်လာခြင်းကို ပြန်လည်မတုံ့ပြန်ဘဲ သူ၏တဲစုတ်လေးဆီသို့ အမြန်ဆုံးပြန်ရန်သာ အာရုံစိုက်ထားခဲ့သည်။
ရန်ရှောင်စုသည် ဈေးတန်း၏ လမ်းကျဉ်းလေးအတိုင်း ဖြတ်သန်းသွားစဉ် မလှမ်းမကမ်းတွင် မြင့်မားလှသော ခံတပ်ကြီး၏ တံတိုင်းကြီးတစ်ခု ရှိနေလေသည်။ အပေါ်သို့ မော့ကြည့်လိုက်လျှင် ကောင်းကင်၏အဆုံးကို မမြင်နိုင်သကဲ့သို့ ခံစားရပြီး ဖိနှိပ်မှုဒဏ်ကို အပြည့်အဝ ခံစားရစေမည်ဖြစ်သည်။
ဈေးတန်းတွင် ကျောက်တုံး သို့မဟုတ် မြေကြီးဖြင့် တည်ဆောက်ထားသည့် အဆောက်အဦး များများစားစား မရှိပေ။ နေအိမ်အများစုမှာ တဲအိမ်လေးများသာ ဖြစ်ကြသည်။
အပြင်ဘက်တွင် အတော်လေး စိတ်ပေါ့ပါးနေခဲ့သော ရန်ရှောင်စုသည် ဈေးတန်းအတွင်းသို့ ရောက်သည်နှင့် ရုတ်တရက် သတိရှိသွား၏။ သူသည် ခါးကြားမှ အရိုးဓားကိုပင် ဆွဲထုတ်လိုက်သည်။
လမ်းပေါ်ရှိ လေထုမှာ လေးလံလာပြီး ထိုတဲစုတ်များအတွင်း အန္တရာယ်တစ်စုံတစ်ခုက ပုန်းကွယ်နေသကဲ့သို့ ရှိနေသည်။ သို့သော် ရန်ရှောင်စုက အရိုးဓားကို ဆွဲထုတ်လိုက်ပြီးနောက်တွင်မူ ဂဏာမငြိမ် ဖြစ်နေသူများမှာ ပြန်လည် ငြိမ်သက်သွားတော့သည်။
ဤနေရာတွင် နေထိုင်စဉ် ရန်ရှောင်စု ပထမဆုံး သင်ယူခဲ့ရသော သင်ခန်းစာမှာ... ယန်လျို့ယွမ်ကလွဲပြီး မည်သူ့ကိုမျှ မယုံကြည်ရန်ဖြစ်သည်။
ထိုစဥ် လမ်းဘေးရှိ တဲစုတ်တစ်ခုအတွင်းမှ တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်လာခဲ့သည်။
“ရန်ရှောင်စုက တကယ်ပဲ သားကောင် ရလာပြန်ပြီ။”
“ဒါက ဘာသားကောင်မို့လို့လဲ။ စာကလေးတစ်ကောင်ပဲဟာကို။”
“ဒါက သင်ရိုးဟောင်း စာအုပ်ထဲက စာကလေးတွေနဲ့ မတူဘူးကွ။ ကမ္ဘာပျက်ကပ် မတိုင်ခင်က လင်းယုန်တွေတောင် ဒီအရွယ်လောက်ပဲ ရှိမယ် ထင်တယ်။”
“သူ့ကို သွားမရှုပ်နဲ့။”
အသံတစ်သံက တိုးတိုးစကားပြောသံကို ဖြတ်ပြောလိုက်၏။ ထိုသူမှာ ရန်ရှောင်စု၏ အတိတ်ကို သိနားလည်ထားသူ ဖြစ်ပုံရသည်။
ရန်ရှောင်စုသည် သူ၏အိမ်ခန်းမှ လိုက်ကာကို မလိုက်ရာ အတွင်းမှ နွေးထွေးမှုကြောင့် သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။
တဲအတွင်း၌ ထိုင်ပြီး အိမ်စာလုပ်နေသော ယန်လျို့ယွမ်သည် အပေါ်မော့ကြည့်လိုက်ရာ ရန်ရှောင်စု ပြန်လာသည်ကို မြင်လိုက်ရပြီး အံ့သြဝမ်းသာသွားခဲ့သည်။
“အစ်ကို စာကလေးတစ်ကောင် ဖမ်းမိလာတာလား။”
“ဘာလို့ ရေနံဆီမီးအိမ် မထွန်းထားတာလဲ။”
ရန်ရှောင်စုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ယန်လျို့ယွမ်သည် များသောအားဖြင့် လိမ္မာရေးခြားရှိသူ မဟုတ်ပေ။ အနည်းဆုံးတော့ ရန်ရှောင်စုမဟုတ်သော အခြားသူများရှေ့တွင် ထိုသို့ မဟုတ်ချေ။ သို့သော် သူ၏ “အစ်ကိုကြီး” ရန်ရှောင်စုနှင့် ရင်ဆိုင်ရချိန်တွင်မူ သူသည် အမြဲတမ်း မျှော်လင့်မထားလောက်အောင် နူးညံ့သိမ်မွေ့သူ ဖြစ်သွားတတ်လေသည်။
“မိသားစုအတွက် ရေနံဆီ နည်းနည်းလောက် ချွေတာချင်လို့ပါ။”
“မင်း မျက်စိမှုန်သွားရင် ဘယ်လိုလုပ်မလဲ။”
ရန်ရှောင်စုက စာကလေးကို ချလိုက်၏။
ယန်လျို့ယွမ်၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။
“ကျောင်းက ဆရာက ပြောတယ်။ ကမ္ဘာပျက်ကပ် မတိုင်ခင်က မျက်မှန်လို့ ခေါ်တဲ့အရာတွေ ရှိခဲ့ဖူးတယ်တဲ့။ အခုလည်း အဲ့ဒါတွေ ရှိနေသေးတယ်။ ဒါပေမဲ့ ခံတပ်ထဲမှာပဲ ရှိတာတဲ့။ အဲ့ဒါရှိရင် မျက်စိမှုန်သွားလည်း စိုးရိမ်စရာ မလိုဘူးလို့ ပြောတယ်။”
ရန်ရှောင်စုက ထိုစကားကို လှောင်ပြောင်လိုက်သည်။
“မင်းပြောတဲ့အရာကို တပ်ထားတဲ့လူတွေကို ငါတွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလို တောရိုင်းမြေရိုင်းထဲမှာ အချိန်မရွေး ပြုတ်ကျသွားနိုင်တဲ့ အရာတစ်ခုအပေါ် မင်းရဲ့ အမြင်အာရုံကို ပုံအပ်ထားတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ။ မင်းဆရာပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမယောင်နဲ့။ မင်းဆရာပြောသမျှ အရာအားလုံးက မှန်ချင်မှ မှန်တာ။”
“အော...”
ယန်လျို့ယွမ်က ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အစ်ကိုက ဘာလို့ ငါ့ကို ကျောင်းလွှတ်နေသေးတာလဲ။”
ရန်ရှောင်စု အနည်းငယ် ဆွံ့အသွား၏။
“ဘာလို့ အပိုမေးခွန်းတွေ အများကြီး မေးနေတာလဲ။”
“ငါ ဘယ်တော့ အစ်ကိုနဲ့အတူ လိုက်ပြီး အမဲလိုက်လို့ရမှာလဲ။”
ယန့်လျိုယွမ်က ထပ်မေးလိုက်ပြန်သည်။
“မင်းက အသက် ၁၄ နှစ်ပဲ ရှိသေးတာ။ ဘာလို့ အမဲလိုက်တာကို သင်ချင်နေရတာလဲ။ ကျောင်းမှာ ပညာသင်ပြီးသွားရင် မင်း အမဲလိုက်စရာ မလိုတော့ဘူး။”
ရန်ရှောင်စုက ပြောလိုက်သည်။
“စာရင်းအင်းပညာတွေ သင်၊ ရူပဗေဒနဲ့ ဓာတုဗေဒတွေ သင်ရတာက အမဲလိုက်တာထက် ပိုမကောင်းဘူးလား။”
“အစ်ကိုလည်း အသက် ၁၇ နှစ်ပဲ ရှိသေးတာကို။”
ယန်လျို့ယွမ်က မကျေနပ်သလို ပြန်ပြောလိုက်၏။
ဤခေတ်ကာလတွင် အမိုက်မဲဆုံး လူများပင်လျှင် အသိပညာ၏ အရေးပါမှုကို နားလည်ထားကြသည်။
ဤသည်မှာလည်း ကျောင်းဆရာတစ်ယောက် ဈေးတန်းတွင် အသက်ရှင်ရပ်တည်နိုင်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ ဈေးတန်းတွင် မည်သို့သော ပြဿနာမျိုးပင် တက်ပါစေ၊ ကျောင်းဆရာသည် အမြဲတမ်း ဘေးအကင်းဆုံးဖြစ်ပြီး မည်သူမျှ ကျောင်းဆရာကို ပစ်မှတ်မထားကြပေ။
သို့သော် ကျောင်းလခမှာ အလွန်စျေးကြီး၏။ မဟုတ်လျှင် ရန်ရှောင်စုကိုယ်တိုင်လည်း သွားရောက်နားထောင်ချင်မိသည်။
ရန်ရှောင်စုသည် စာကလေးကို ကျွမ်းကျင်စွာ ခွဲစိတ်နေရင်း သံဒယ်အိုးကို အပူပေးလိုက်သည်။
“ဒီနေ့ ဆရာက ဘာတွေသင်လိုက်လဲ။ ဒီစာကလေးက မင်းစားဖို့ အတွင်းကလီစာ နည်းနည်းပဲ ရမယ်။ ကျန်တဲ့အပိုင်းကိုတော့ မနက်ဖြန်ကျရင် ရောင်းရမယ်။”
“အစ်ကို ဒဏ်ရာရထားတာလား။”
ရန်ရှောင်စု၏ လက်မနှင့် လက်ညှိုးကြားတွင်ရှိသော ဒဏ်ရာကို မြင်လိုက်ရသောအခါ ယန်လျို့ယွမ် မျက်မှောင်ကြုတ်သွား၏။ ၎င်းမှာ စာကလေးက သူ့ကို ဆိတ်လိုက်သောကြောင့် ဖြစ်ပြီး သွေးများ အဆက်မပြတ် ထွက်နေခဲ့သည်။
သံဒယ်အိုးကြီးကို သစ်သားချောင်းများဖြင့် ထောက်ထားပြီး တဲအတွင်းရှိ မီးဖိုမှ မီးရောင်က ရန်ရှောင်စု၏ ပါးပြင်ပေါ်တွင် တဖျတ်ဖျတ် တောက်ပနေ၏။
“ဒဏ်ရာ အသေးအမွှားလေးပါ။”
အခန်းတွင်း၌ တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင် ရန်ရှောင်စုသည် အိုးထဲမှ စာကလေး၏ အတွင်းကလီစာများကို ဆယ်ယူပြီး ယန်လျို့ယွမ်ထံ ကမ်းပေးလိုက်သည်။
“စားလိုက်။”
ယန်လျို့ယွမ်၏ မျက်လုံးများ ရုတ်တရက် နီရဲလာခဲ့သည်။
“ငါမစားဘူး။ အစ်ကိုပဲ စားလိုက်ပါ။ အစ်ကို့ဒဏ်ရာက သက်သာဖို့ လိုတယ်။”
“ငါက ဟင်းရည် နည်းနည်းသောက်လိုက်မယ်။”
ရန်ရှောင်စုက ဆိုသည်။
“ငါ့မှာ ပေါင်မုန့်အမည်း နည်းနည်း ကျန်သေးတယ်။”
“ငါ မစားဘူး။ ဒါက လုံးဝ ဒဏ်ရာအသေးစား မဟုတ်ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဈေးတန်းထဲမှာ ဒဏ်ရာအသေးလေးကနေ ပိုးဝင်ပြီး လူတစ်ယောက် သေသွားတာ ငါ တွေ့ခဲ့တယ်။ ငါတို့ဆီမှာ ဆေးဝါးလည်း မရှိဘူး။”
ယန်လျို့ယွမ်က မျက်ရည်ဝဲရင်း ခေါင်းမာစွာ ပြောလိုက်သည်။
ဖြန်း...
ရန်ရှောင်စုက မျှော်လင့်မထားဘဲ ယန်လျို့ယွမ်၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ပြီး ပြောလိုက်သည်။
“မှတ်ထား... မင်းနဲ့ငါ ဒီကမ္ဘာမှာ အသက်ရှင်နေသရွေ့ မျက်ရည်မကျရဘူး။ ဒီကမ္ဘာကြီးက မျက်ရည်ကို အယုံအကြည်မရှိဘူးကွ။”
ရန်ရှောင်စုက ဆက်ပြောလိုက်သည်။
“ငါတို့ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်။ မင်း ဗိုက်ပြည့်အောင် မစားထားရင် ညဘက်မှာ တစ်ယောက်ယောက်က အတင်းဝင်လာပြီး ငါ့ကို ဓားနဲ့ထိုးသတ်ရင် ဘယ်လိုလုပ်မလဲ။ မင်းကို ငါ ကျောင်းလွှတ်တာက ငါ့လိုမျိုး အမဲလိုက်တာ တစ်ခုပဲ တတ်တဲ့သူ ဖြစ်မသွားစေချင်လို့ပဲ။ မင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေရှိတယ်။ မင်းသာ စာကို ကြိုးစားသင်ရင် ငါ့လိုမျိုး မိုးလင်းကနေ မိုးချုပ်အထိ တောထဲတောင်ထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရမှာ မဟုတ်ဘူး။ မင်းကို ကျောင်းလွှတ်တာက မင်းကို သူတို့လို အရိုင်းအစိုင်းတွေ ဖြစ်မသွားစေချင်လို့ပဲ။”
ယန်လျို့ယွမ်သည် ရန်ရှောင်စုထံမှ စာကလေးကလီစာများကို ရုတ်တရက် ဆွဲယူပြီး အငမ်းမရ စားပစ်လိုက်၏။ နောက်ဆုံးတော့ မျက်ရည်များ ကျမလာခဲ့ပေ။ သူသည် ရန်ရှောင်စုကဲ့သို့ သန်မာအောင် သင်ယူရမည်ဖြစ်သည်။
“အဟွတ်...အဟွတ်။ စားပြီးရင် ငါ့ဒဏ်ရာကို စည်းဖို့ သန့်ရှင်းတဲ့ အဝတ်စတစ်ခု ယူလာခဲ့။”
ရန်ရှောင်စုက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ယန်လျို့ယွမ်က သဘောတူလိုက်သည်။
“မင်းက အပြင်မှာဆိုရင် အတော်လေး လျှပ်ပေါ်လော်လီပြီး ဆိုးသွမ်းတတ်ပေမဲ့ အိမ်ပြန်ရောက်ရင်ကျတော့ ဘာလို့ ရိုက်သမျှ ခံနေတဲ့ ကလေးလေးလို ဖြစ်နေရတာလဲ။”
ရန်ရှောင်စုက သက်ပြင်းချလိုက်သည်။
“ဒီနေ့ ဈေးတန်းမှာ ထူးထူးခြားခြား ဘာဖြစ်သွားသေးလဲ။”
“သြော်... ဟုတ်သားပဲ။”
ယန်လျို့ယွမ်က သန့်ရှင်းသော အဝတ်စကို ရှာရင်း ပြောလိုက်သည်။
“ခံတပ်ထဲကနေ လူတစ်စု ထွက်လာတယ်။ သူတို့က သူတို့ကို ခံတပ်အမှတ် (၁၁၂) ဆီ ပို့ပေးနိုင်မယ့် လမ်းပြတစ်ယောက် ရှာနေတာတဲ့။ သူတို့က နယ်ခြားတောင်ကို တိုက်ရိုက် ဖြတ်သွားချင်ကြတာ။”
“ခံတပ် အမှတ် (၁၁၂)ကို သွားမလို့လား။”
ရန်ရှောင်စု အနည်းငယ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ပြီးတော့ နယ်ခြားတောင်ကို ဖြတ်သွားမယ်လို့ အတင်းပြောနေကြတာလား။”
“သူတို့ အစ်ကို့ကို လာရှာလိမ့်မယ်လို့ ထင်လား။ ဈေးတန်းက လူတွေက အစ်ကိုက အပြင်လောကအကြောင်း ကျွမ်းကျင်တာ သိကြတယ်လေ။”
ယန်လျို့ယွမ်က မျက်တောင်ခတ်ရင်း ပြောလိုက်သည်။
“ကြားတာတော့ သူတို့က ခံတပ် အမှတ် (၁၁၃) က ဂီတအဖွဲ့နဲ့ အဆိုတော်တွေတဲ့။ ခံတပ် အမှတ် (၁၁၂) မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံရတာလို့ ပြောတယ်။ ငါ တစ်ခါမှ အဆိုတော်ဆိုတာကို မမြင်ဖူးဘူး။”
“ငါ မသွားဘူး။”
ရန်ရှောင်စုက ခေါင်းခါလိုက်သည်။
“နယ်ခြားတောင်ရဲ့ အဲ့ဒီဘက်ခြမ်းကို သွားချင်တဲ့သူ သွားပါစေ။ မင်းလည်း သူတို့နဲ့ ဝေးဝေးနေ။ အဲ့ဒီလူတစ်စုက မရိုးရှင်းဘူး။”
ဤအချိန်တွင် ရန်ရှောင်စု၏ စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
ဒီကမ္ဘာကြီးက ဘယ်လိုကမ္ဘာကြီးမို့လို့ သီချင်းဆိုတာကို အထူးပြုတဲ့သူတွေနဲ့ ဂီတအဖွဲ့တွေတောင် ရှိနေသေးတာလဲ။ ခံတပ်အတွင်းပိုင်းက တကယ်ပဲ ဘယ်လိုပုံစံမျိုး ဖြစ်နိုင်မလဲ။
ရန်ရှောင်စုသည် ရုတ်တရက် ခံတပ်အတွင်းသို့ အနည်းငယ် တမ်းတမိသွားခဲ့သည်။