← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) နန်းတော်တစ်ခု

ရှောင်စု အိပ်ပျော်သွားခဲ့သည်။

အပြင်ဘက် တောရိုင်းထဲတွင် စာကလေးတစ်ကောင်ကို ဖမ်းရန်အတွက် သူ အချိန်အတော်ကြာအောင် စောင့်ကြည့်ခဲ့ရ၏။ အချိန်အတော်များများကို မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းရင်း ကုန်ဆုံးခဲ့ရသော်လည်း နားလည်သူများအဖို့မူ မပြတ်နိုးကြားမှုကို ထိန်းသိမ်းရင်း ငြိမ်သက်စွာ နေရခြင်းက စိတ်အပင်ပန်းဆုံး အလုပ်ဖြစ်ကြောင်း သိကြမည်ဖြစ်သည်။

မအိပ်ပျော်မီ သူက ယန်လျို့ယွမ်ကို တစ်ဖန် ထပ်မံမှာကြားခဲ့သည်။

“ဟိုလူတွေနဲ့ သေချာပေါက် ဝေးဝေးမှာနေ။ နယ်ခြားတောင်က အန္တရာယ်ရှိတယ်ဆိုတာ သူတို့မသိဘဲ မနေဘူး။ လူအတော်များများက နယ်ခြားတောင်ကို ရှောင်ကွင်းသွားကြပေမဲ့ သူတို့ကတော့ အဲ့ဒီကနေ ဖြတ်သွားဖို့ ဇွတ်လုပ်နေကြတယ်။ ဒါက ရိုးရှင်းတဲ့ အခြေအနေ မဟုတ်ဘူးလို့ ငါ့ရဲ့ အလိုလိုသိစိတ်က ပြောနေတယ်။”

“အင်း”

ယန်လျို့ယွမ်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။

“သိပါပြီ။”

အမှန်စင်စစ် ရှောင်စုနှင့် ယန်လျို့ယွမ်တို့မှာ အလွန်ထူးဆန်းသော အတွဲအဖက်ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့တစ်ဦးနှင့်တစ်ဦး မသိကျွမ်းခဲ့ကြချေ။ နောက်ပိုင်းတွင် ရှောင်စုသည် ငယ်ရွယ်သေးသော ယန်လျို့ယွမ်ကို စောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့၏။ တစ်ဖက်ကလည်း သူသည် ယန်လျို့ယွမ်၏ လျှို့ဝှက်ချက်ကို မတော်တဆ သိရှိသွားခဲ့သောကြောင့်ဖြစ်ပြီး တစ်ဖက်ကလည်း သူ့ကို အချိန်အတော်ကြာ နှိပ်စက်နေသော ခေါင်းကိုက်ဝေဒနာကြောင့် ညဘက်တွင် စောင့်ကြည့်ပေးမည့်သူ တစ်ဦး လိုအပ်နေသောကြောင့်ပင်။

အစပိုင်းတွင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အသုံးချနေခြင်းဖြစ်ကြောင်း ရှောင်စုက ယန်လျို့ယွမ်ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ဖူးသည်။ သို့သော် နှစ်အနည်းငယ် ကြာလာသောအခါတွင်မူ ၎င်းသည် သံယောဇဉ်လား သို့မဟုတ် အသုံးချမှုလားဆိုသည်ကို ခွဲခြားရန် မဖြစ်နိုင်တော့ပေ။

ယန်လျို့ယွမ်သည် အပြင်လောကတွင် အမြဲတမ်း ပါးနပ်ဖျတ်လတ်သူ ဖြစ်သော်လည်း ရှောင်စုနှင့်အတူ ရှိနေချိန်တွင်မှသာ နာခံမှုရှိပြီး လိမ္မာသော ကလေးငယ်တစ်ဦးကဲ့သို့ ပြုမူတတ်သည်။ တစ်ခါတစ်ရံတွင် ယန်လျို့ယွမ်က သူ၏အသက်မှာ ရှောင်စုနှင့် လဲလှယ်ထားခြင်းဖြစ်သည်ဟု ပြောတတ်သော်လည်း ရှောင်စုက ထိုပြောဆိုချက်ကို ဘယ်သောအခါမှ လက်မခံခဲ့ပေ။

ယခုတွင် ရှောင်စုသည် သူ၏စိတ်ထဲတွင် မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို စုံစမ်းလိုနေ၏။ ယနေ့ညတွင် သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး သူ့ကို ဒုက္ခပေးလေ့ရှိသော “ရောဂါ” ပြန်လည်ပေါ်လာခြင်း ရှိ၊ မရှိ သိလိုနေခဲ့သည်။

အမှန်တကယ်ပင် ထိုရှုပ်ထွေးနေသော မြူထုကြီးမှာ ပေါ်မလာတော့ချေ။

ထိုနန်းတော်ကြီးသည် သူ၏ ရှုပ်ထွေးနေသော စိတ်အာရုံထဲတွင် အမြဲတမ်း ပုန်းကွယ်နေခဲ့သည့်အလား ယခုအခါတွင်မူ အနက်ရောင် မြူထုများမှာ နောက်ဆုံးတွင် လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရှောင်စုသည် ထိုနန်းတော်ထဲတွင် အမှန်တကယ် ဘာရှိနေသည်ကို မြင်တွေ့လိုလှသည်။

လျို့ယွမ်သည် သူ့ဘေးတွင် အိပ်ပျော်နေသော ရှောင်စုကို တစ်ချက်ကြည့်လိုက်ပြီး အရိုးဓားကို အသာအယာ ကောက်ကိုင်ကာ တဲအိမ်၏ အပေါက်ဝတွင် ထိုင်နေလိုက်၏။ တဲအိမ်တွင် တံခါးအဖြစ် ထူထဲသော လိုက်ကာတစ်ခုကိုသာ ဆွဲချထားခဲ့သည်။ ဆောင်းဦးရာသီ ရောက်လာပြီဖြစ်သဖြင့် အနည်းငယ် ချမ်းစိမ့်စိမ့် ရှိနေခဲ့လေသည်။

ထိုအချိန်တွင် မိုးတိတ်သွားခဲ့သည်။

တဲအိမ်၏ တံခါးလိုက်ကာ အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ မိုးရွာပြီးစ ရွှံ့ဗွက်လမ်းပေါ်တွင် ဖိနပ်အရှည်ဖြင့် နင်းလျှောက်လိုက်သောအခါ ထွက်ပေါ်လာသည့် ဗွက်နစ်သံမှာ ထူးခြားလှသည်။

တံခါးလိုက်ကာ၏ ထောင့်တစ်ဖက်သည် ပင့်မခြင်းခံလိုက်ရပြီး ပွင့်လာ၏။ သို့သော် အပြင်ဘက်မှ လူသည် လိုက်ကာကို အကုန်မဆွဲရသေးမီမှာပင် ယန်လျို့ယွမ်၏ အရိုးဓားမှာ ထိုသူ၏ လည်ပင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လှပသော မျက်နှာတစ်ခုပင်။

အပြင်ဘက်မှ ရောက်ရှိလာသူမှာ ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့လေသည်။

ယန်လျို့ယွမ် မျက်မှောင်ကြုတ်လိုက်၏။ ထိုသူမှာ သူတို့နှင့် သူစိမ်းမဟုတ်ဘဲ မလှမ်းမကမ်းတွင် နေထိုင်လေ့ရှိသူ ဖြစ်သည်။

ထိုအမျိုးသမီးက ပြုံးလိုက်၏။

“လျို့ယွမ် နင် မအိပ်သေးဘူးလား။ ရှောင်စုရော ဘယ်မှာလဲ။ ရှောင်စု ပြန်ရောက်လာပြီလို့ လူတွေပြောတာ ကြားလိုက်တယ်။”

“အစ်မရှောင်ယွီကိုး။ သူ အိပ်ပျော်နေပါပြီ။”

ယန်လျို့ယွမ်က ပြုံးကာ ပြောလိုက်သည်။

“အစ်မ ပြောချင်တာရှိရင် ကျုပ်ကို ပြောခဲ့လေ။”

ရှောင်ယွီ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျဖြစ်သွားခဲ့သည်။

“သူ ဒီတစ်ခေါက် ခရီးမှာ ဒဏ်ရာမရခဲ့ဘူးမဟုတ်လား။”

“စာကလေးတစ်ကောင်က သူ့လက်ဖဝါးကို ဆိတ်လိုက်တာပဲ ရှိပါတယ်။ ဒါပေမဲ့ အစ်ရှောင်ယွီ...ကျုပ်အစ်ကိုအပေါ် ဒီလောက်ထိ စိုးရိမ်နေဖို့ မလိုပါဘူး။ အစ်မက သူ့ထက် ရှစ်နှစ်တောင် ကြီးတာနော်။”

ရှောင်စု အိပ်ပျော်နေချိန်တွင် ယန်လျို့ယွမ်သည် အပြင်လူများနှင့် ရင်ဆိုင်ရာ၌ သူ၏အသက်အရွယ်နှင့် မလိုက်ဖက်အောင် ရင့်ကျက်သော အမူအရာကို ပြသတတ်သည်။ ထိုသူမှာ ရင်းနှီးသူဖြစ်စေ၊ ဘာပဲပြောနေပါစေ သူ၏လက်ထဲမှ အရိုးဓားမှာ ရှောင်ယွီ၏ လည်ပင်းမှ ခွာမသွားခဲ့ပေ။

ရှောင်ယွီသည် သူမယူဆောင်လာသော အိတ်ထဲမှ စီးကရက်တစ်လိပ်နှင့် မီးခြစ်ကို ထုတ်လိုက်၏။ ၎င်းမှာ လိပ်ထားသော စီးကရက် အမျိုးအစားဖြစ်ပြီး ကျောက်မီးသွေးတွင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကဲ့သို့သော ခံတပ်အတွင်းရှိ လုပ်ငန်းစုများမှသာ ဖြန့်ဝေသော ပစ္စည်းမျိုးဖြစ်သည်။

သန်မာသော အလုပ်သမား အတော်များများမှာ ငွေနှင့် အစားအစာအတွက်သာမက ဤစီးကရက်တစ်လိပ်အတွက်ပါ အလုပ်လုပ်ကြခြင်းဖြစ်သည်။ တစ်နေ့လုပ်လျှင် စီးကရက်တစ်လိပ် ရပေသည်။

ထို့ကြောင့် ညနေဘက် အလုပ်ဆင်းချိန်များတွင် လူအုပ်ကြီးသည် စီးကရက်များကို တစ်ခဲနက် ဖွာနေကြသည်ကို မကြာခဏ မြင်တွေ့ရတတ်သည်။ ထိုဆေးရွက်ကြီး ထုတ်ကုန်များထဲတွင် စွဲလမ်းစေသော ပစ္စည်းများ အများအပြား ပါဝင်နိုင်ကြောင်း ရှောင်စုက ယန်လျို့ယွမ်ကို ပြောပြခဲ့ဖူးသည်။

ယခု ရှောင်ယွီ သောက်နေသော စီးကရက်မှာ သူမ ကိုယ်တိုင် လုပ်အားဖြင့် ရရှိထားသောအရာ မဟုတ်သည်မှာ ရှင်းနေပေသည်။

ရှောင်ယွီသည် စီးကရက်ကို မီးညှိပြီး အတွေးနက်နေဟန်ဖြင့် နှစ်ချက်မျှ ဖွာလိုက်သည်။

“နင်က နင့်အသက်နဲ့မလိုက်အောင် အရမ်းပါးနပ်လွန်းတယ်။ ငါက နင်တို့နှစ်ယောက်လုံးကို ငါ့မောင်လေးတွေလိုပဲ သဘောထားတာပါ။”

“အော်...အစ်မ နှာစေးနေတာလား။”

ယန်လျို့ယွမ်က ရုတ်တရက် မေးလိုက်သည်။

ရှောင်ယွီ အံ့အားသင့်သွား၏။

“အင်း... ငါ့အသံက နည်းနည်း အက်နေလို့လား။”

“မဟုတ်ဘူး။”

ယန်လျို့ယွမ်က ခေါင်းခါရင်း ရယ်မောကာ ပြောလိုက်သည်။

“အစ်မ စီးကရက်သောက်တဲ့အခါ နှာခေါင်းပေါက် တစ်ဖက်တည်းကပဲ မီးခိုးထွက်နေလို့...”

ရှောင်ယွီ: “...”

အကြောင်းရင်းကို မသိရသော်လည်း ယန်လျို့ယွမ်သည် သူမကို သိပ်မကြည်ဖြူကြောင်း ရှောင်ယွီ အမြဲခံစားရသည်။

“ဒါဆို ငါပြန်တော့မယ်။”

ရှောင်ယွီက ပြောလိုက်သည်။

“နင့်အစ်ကို နိုးလာရင် ငါလာသွားတယ်လို့ ပြောလိုက်ဦး။”

“အင်း”

ယန်လျို့ယွမ်က တက်ကြွသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ် ပြောလိုက်ပါ့မယ်။”

ရှောင်ယွီ ထွက်သွားသောအခါ ယန်လျို့ယွမ်၏ အနောက်ဘက်မှ ရှောင်စု၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အစ်မရှောင်ယွီကို အမြဲတမ်း အနိုင်ကျင့်မနေနဲ့။ သူမရဲ့ ဘဝကလည်း မလွယ်ကူဘူး။”

“အစ်ကို... သူမက မသန့်ရှင်းဘူး။”

ယန်လျိုယွမ်က ပြောလိုက်သည်။

“ပြီးတော့ အစ်ကိုက အမြဲတမ်း သားကောင်တွေ ဖမ်းလာနိုင်လို့ သူမက အစ်ကို့နားကို ကပ်နေတာ။”

“ဘယ်သူကကော သန့်ရှင်းလို့လဲ။”

ရှောင်စုက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီကမ္ဘာမှာ အသက်ရှင်ချင်တဲ့သူ ဘယ်သူမှ သန့်သန့်ရှင်းရှင်း မနေနိုင်ကြဘူး။ အားလုံးက ဘဝပေးအခြေအနေအရ ဖိအားပေးခံရတာတွေချည်းပါပဲ။ ခပ်ခွာခွာပဲနေ။ သူမကို သွားပြီး နောက်မနေနဲ့။”

ဤဈေးမြို့ကလေးတွင် အလွန်တရာ သန့်ရှင်းစင်ကြယ်လွန်းသော တစ်ကိုယ်တည်း အမျိုးသမီးတစ်ဦးမှာ အသက်ရှင်ရန် မဖြစ်နိုင်ပေ။

ရှောင်စု အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်။

“သူမက ငါ့ကို ကြိုက်တယ်လို့ တစ်ခါမှလည်း မပြောဖူးပါဘူး။ ပြီးတော့ သူမ ငါ့အနား ကပ်နေတာက ငါသားကောင် ဖမ်းနိုင်လို့ဆိုတာ သေချာလို့လား။ ငါ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့်ရော မဟုတ်နိုင်ဘူးလား။”

“အစ်ကိုရာ... ဘယ်သူမှ မျက်နှာမသစ်ကြတာ လပေါင်းများစွာ ကြာနေပြီ။ အားလုံးက ရုပ်ချင်း တူနေတာပဲကို...။”

ယန်လျို့ယွမ်က ရှောင်စုကို ဆွံအကာ ကြည့်လိုက်မိသည်။

“အစ်ကို... အိပ်ပြီဆို။ ဘာလို့ အခုထိ မအိပ်သေးတာလဲ။”

“ငါ တစ်ခုခုကို စဉ်းစားနေလို့ပါ။”

ရှောင်စုက ရိုးရှင်းစွာ ရှင်းပြလိုက်သည်။

ရှောင်စု မအိပ်သေးခြင်းမှာ ထိုနန်းတော်၏ လျှို့ဝှက်ချက်ကို စူးစမ်းနေသောကြောင့်ပင်။

စက်ဝိုင်းပုံ နန်းတော်ကြီး၏ အတွင်းဘက်တွင် နံရံများတစ်လျှောက် ဗီဒိုဟောင်းကြီးများ စီတန်းထားပြီး ကြီးမားသော ပြပွဲခန်းမကြီးတစ်ခုနှင့်ပင် ဆင်တူလှသည်။ သို့သော် ခန်းမအတွင်းရှိ ပြကွက်စင်များမှာ အနက်ရောင် မြူထုများဖြင့် ဖုံးလွှမ်းနေသဖြင့် အတွင်း၌ ဘာရှိသည်ကို မမြင်နိုင်ချေ။

ခန်းမ၏ အလယ်ဗဟိုတွင် စားပွဲတစ်လုံးသာ ရှိပြီး ထိုစားပွဲပေါ်တွင် ကပ်ဘေးကြီး မတိုင်မီကပင် ခေတ်မမီတော့သော ကြေးဝါရိုက်စာရိုက်စက်တစ်လုံး ရှိနေ၏။ ၎င်းမှာ စာရိုက်သည့်အခါ တတောက်တောက်မြည်သံများ အကျယ်ကြီးထွက်သော အမျိုးအစားဖြစ်သည်။

ထိုစာရိုက်စက်တွင် ကြေးဝါခလုတ်ပေါင်း ၂၄ ခုသာ ရှိပြီး ခလုတ်တစ်ခုစီပေါ်တွင် စာလုံးတစ်လုံးစီ ရေးထိုးထား၏။ ၎င်းတို့မှာ “တရားမျှတမှု၊ ဖြောင့်မတ်မှု၊ ရိုးသားမှု၊ စိတ်ရင်းမှန်မှု၊ ဖော်ရွေမှု၊ ကြင်နာမှု၊ ချမ်းသာကြွယ်ဝမှု၊ အင်အားတောင့်တင်းမှု...” စသည်တို့ ဖြစ်သည်။

အလွန်အပြုသဘောဆောင်သော စွမ်းအင်များဟု ဆိုနိုင်ပေသည်။

သို့သော် ထိုစာရိုက်စက်တွင် ကုန်ဆုံးသွားခြင်းမရှိသော ကတ်ထူစက္ကူများ ထည့်ထားပုံရပြီး မည်သူမျှ ခလုတ်များကို မနှိပ်ဘဲနှင့် ၎င်းဘာသာ အလိုအလျောက်တတောက်တောက် မြည်ကာ စာရိုက်နေတတ်သည်။ လောလောဆယ်တွင် ယနေ့မွန်းလွဲပိုင်းက ပေါ်လာခဲ့သော စာသားလေးနှစ်ကြောင်း ရှိနေခဲ့လေသည်။

“တာဝန် - ဖမ်းမိထားသော သားကောင်ကို အခြားသူတစ်ဦးအား ပေးကမ်းပါ။”

“တာဝန်အောင်မြင်သည်။ ရရှိသောဆုလာဘ် - အခြေခံအဆင့် စကေးကူးယူခြင်းစာရွက်၊ အခြားသူများ၏ စွမ်းရည်ကို ကူးယူနိုင်စွမ်းရှိသည်။”

ဤအရာမှာ သူ၏ စိတ်ကူးယဉ်မှုလော သို့မဟုတ် တခြားအကြောင်းရင်းကြောင့်လော ဆိုသည်ကို သူ မပြောနိုင်ပေ။

အချို့သော လူများသည် မှတ်ဉာဏ်နန်းတော်တစ်ခုကို တည်ဆောက်နိုင်ပြီး သူတို့၏ စိတ်စွမ်းအားနှင့် ဝိညာဉ်အဆင့်အတန်းအပေါ် မူတည်၍ စိတ်ကူးယဉ်စကြာဝဠာတစ်ခုကိုပင် ပြန်လည်ဖန်တီးနိုင်သည်ဟု ဒဏ္ဍာရီများအရ ဆိုကြသည်။

သို့သော် ရှောင်စု၏ နန်းတော်မှာမူ... မှတ်ဉာဏ်နန်းတော်၏ ဖော်ပြချက်များနှင့် အနည်းငယ် ကွဲပြားနေသလို ခံစားရပေသည်။ သို့သော် ၎င်းက ဘာကြောင့် သူ့သားကောင်ကို သူများကို ပေးခိုင်းရသနည်း။ ဒီစာရိုက်စက်က သူ့ကို လူကောင်းတစ်ယောက် ဖြစ်စေချင်တာလား။

ကိုယ်ကျင့်တရားအကြောင်း ပြောဖို့တောင် ဇိမ်ခံမှုတစ်ခုလို ဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ လူကောင်းတစ်ယောက် လုပ်ရမှာလား။

လုံးဝ မဖြစ်နိုင်တာ။

ထိုအချိန်တွင် သူသည် သူ၏ အသိစိတ်မှာ ကျယ်ပြောလှသော နန်းတော်၏ အလယ်ဗဟိုတွင် ရပ်နေရင်း ပတ်ဝန်းကျင်ရှိ ပြကွက်ဗီဒိုများကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ ဗီဒိုများအတွင်း၌ အရာဝတ္ထုများမှာ လွင့်မြောနေပုံရသော်လည်း အမှောင်ထုနှင့် မြူနက်များက ဖုံးကွယ်ထားသဖြင့် ထိုအရာများမှာ ဘာလဲဆိုသည်ကို ရှောင်စု ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုဗီဒိုများသည် နန်းတော်၏ အမိုးခုံးအထိ မြင့်တက်သွားပြီး ကြီးမားသော ပြတိုက်ကြီးတစ်ခုနှင့်ပင် ဆင်တူနေလေသည်။

ရှောင်စုသည် ဗီဒိုတစ်ခုအနားသို့ လျှောက်သွားပြီး မြူနက်များကြားတွင် လွင့်မြောနေသော အရာဝတ္ထုကို လက်လှမ်းထိတွေ့ရန် ကြိုးစားလိုက်သော်လည်း မည်မျှပင် ကြိုးစားပါစေ မြူနက်များ၏ ခုခံတွန်းကန်မှုကို သူ မကျော်လွှားနိုင်ခဲ့ပေ။

ဤသည်မှာ လက်ရှိတွင် သူ မစူးစမ်းနိုင်သေးတဲ့ စွမ်းအားတစ်ခုပင်။

ဤနန်းတော် အမှန်တကယ် တည်ရှိခြင်း ရှိ၊ မရှိ သိနိုင်ရန် ရှောင်စုအနေဖြင့် လက်တွေ့လုပ်ဆောင်မှုဖြင့် သက်သေပြရန် လိုအပ်နေပြီဖြစ်သည်။

အခန်း ၄။ ကံကောင်းခြင်းဆိုသည်မှာလည်း စွမ်းရည်တစ်မျိုး

“ငါ့မှာလည်း စွမ်းရည်တစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်။”

ရန်ရှောင်စုက ပြောလိုက်သည်။

တဲအိမ်အဝင်ဝတွင် ထိုင်ရင်း၊ မိုးရွာပြီးစ ကြယ်စုံသော ကောင်းကင်ကြီးကို ကြည့်ရန် လိုက်ကာကို မထားသော ယန်လျို့ယွမ်မှာ ခဏမျှ ကြောင်အသွားခဲ့သည်။

“အစ်ကို ဆိုလိုတာက...”

“အခုထိတော့ သေချာမသိသေးဘူး။ ငါ စမ်းသပ်ကြည့်ဖို့ လိုတယ်။”

ရန်ရှောင်စုသည် ယန်လျို့ယွမ်၏ ဘေးရှိ မြေကြီးပေါ်၌ ထိုင်ချလိုက်သည်။

“ဒီဈေးမြို့ကလေးမှာ လူအချို့က ဘာမှမရှိတဲ့ ဟင်းလင်းပြင်ထဲကနေ ရထားတစ်စီး တကယ့်လက်တွေ့လောကထဲ ရောက်လာအောင် မောင်းနှင်နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိတယ်။ အရင်ကတော့ ငါမယုံခဲ့ဘူး။ ဒါပေမဲ့ မင်းနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ နည်းနည်း စယုံပြုလာခဲ့တယ်။ အခု ငါ့မှာလည်း ထူးဆန်းတဲ့ စွမ်းရည်တစ်ခု ရှိနေပြီ ထင်တယ်။ ဒါက တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပဲ။”

ယန်လျို့ယွမ်၏ စွမ်းရည်မှာ ကံကောင်းခြင်း ဖြစ်သည်။

၎င်းသည် အလွန်နားမလည်နိုင်စရာကောင်းသော စွမ်းရည်တစ်ခုပင်။

ယန်လျို့ယွမ်က ရန်ရှောင်စု သားကောင်ဖမ်းမိပါစေဟု ဆုတောင်းလိုက်လျှင် ရန်ရှောင်စုသည် တောရိုင်းထဲတွင် ဘာမှမလုပ်ဘဲ လမ်းလျှောက်နေရုံနှင့်ပင် စာကလေးတစ်ကောင်မှာ အကြောင်းရင်းမရှိဘဲ သူ့ရှေ့သို့ ဘုတ်ခနဲ ပြုတ်ကျလာတတ်သည်။

သို့သော် ဤစွမ်းရည်တွင် တန်ပြန်သက်ရောက်မှု ရှိပေသည်။ များသောအားဖြင့် ယန်လျို့ယွမ်သည် ဆုတောင်းပြီးတိုင်း ပြင်းထန်သော အဖျားရောဂါ သို့မဟုတ် အခြားသော အသေးစားဖျားနာမှုများနှင့် ကံဆိုးမှုများကို ခံစားရလေ့ရှိသည်။

ဤအကြောင်းကြောင့်ပင် ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို အစကတည်းက စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူ မယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ မယုံကြည်ဘဲ မနေနိုင်တော့ချေ။

ရုတ်တရက် ဥက္ကာခဲတစ်လုံး ကောင်းကင်ယံကို ဖြတ်သန်းသွား၏။ ယန်လျို့ယွမ်က ဆုတောင်းရန် လက်အုပ်ချီလိုက်စဉ် ရန်ရှောင်စုက တားလိုက်သည်။

“လျှောက်ပြီး ဆုမတောင်းနဲ့။ တစ်ခုခု ဖြစ်ဦးမယ်။”

ယခုနောက်ပိုင်းတွင် ရန်ရှောင်စုသည် ယန်လျို့ယွမ်၏ ကံကောင်းခြင်းစွမ်းရည်ကို အသုံးမပြုသလောက်ပင်။ သူသည် သားကောင်ကို ကိုယ်တိုင်ဖမ်းနိုင်နေပြီဖြစ်၍ ယန်လျို့ယွမ်၏ စွမ်းရည် မလိုတော့ကြောင်း ပြောလေ့ရှိပြီး ယန်လျို့ယွမ်ကလည်း ပြန်လည်ငြင်းခုံခြင်း မရှိခဲ့ပေ။

ပိန်ပါးသော ယန်လျို့ယွမ်သည် ဥက္ကာခဲ ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း တွေးမိလိုက်၏။

“ကြယ်တွေက ဘာလို့ ဒီလောက် မြန်မြန် ပျံသန်းနေကြတာလဲ။ လူတွေ ဆုတောင်းဖို့ အချိန်မမီတော့ရင် ဘယ်လိုလုပ်မလဲ။”

ထိုအခါ ရန်ရှောင်စုက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“သူ မြန်မြန်ပျံသွားတာက မင်းရဲ့ ဆုတောင်းတွေကို လုံးဝ မကြားချင်လို့ ဖြစ်လိမ့်မယ်။”

ယန်လျို့ယွမ်က လှည့်လိုက်ပြီး ရန်ရှောင်စုကို ကြောင်အစွာ စိုက်ကြည့်လိုက်မိတော့လေသည်။

“...”

...

ယန်လျို့ယွမ်သည် ရန်ရှောင်စု၏ ညစောင့်ဖြစ်သော်လည်း တစ်ညလုံး မအိပ်ဘဲ နေရမည်ဟု မဆိုလိုပေ။ ရန်ရှောင်စုက ညလယ်တွင် တာဝန်လွှဲယူလေ့ရှိသည်။ အကြောင်းမှာ ယန်လျို့ယွမ်သည် နေ့ဘက်တွင် ကျောင်းတက်ရန် ရှိသောကြောင့်ပင်။

ဤအခြေအနေမှာ အလွန်ပင်ပန်းလှပေသည်။ အိပ်ရေးပျက်ခြင်းမှာ ပြဿနာကြီးတစ်ခု ဖြစ်သော်လည်း ဤပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရသဖြင့် ရန်ရှောင်စုရော ယန်လျို့ယွမ်ပါ အခြားရွေးချယ်စရာ မရှိပေ။

နံနက်စောစောတွင် ရန်ရှောင်စုသည် တန်ဖိုးရှိသမျှ အရာအားလုံးကို ယူဆောင်၍ ယန်လျို့ယွမ်ကို ခေါ်ထုတ်လာခဲ့သည်။ သူ၏ သံဒယ်အိုးကြီးကိုပင် မချန်ဘဲ သယ်ဆောင်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ညနေဘက် တဲအိမ်သို့ ပြန်ရောက်သည့်အခါ သူတို့၏ တဲမှာ မွှေနှောက်ခံထားရမည်မှာ အသေအချာပင်။

“ခံတပ်ထဲမှာဆို လူတွေက ညဘက် တံခါးတောင် သော့မခတ်ကြဘူး။ ဘယ်သူမှလည်း ဘာမှ မခိုးကြဘူးလို့ ကြားဖူးတယ်။”

ယန်လျို့ယွမ်က သူ၏ အိပ်ရာလိပ်ကြီးကို သယ်ရင်း နေရာတကာ သံဒယ်အိုးကြီး ထမ်းကာ သွားလာနေသော ရန်ရှောင်စုကို ကြည့်ကာ ပြောလိုက်၏။ ဤအရာများမှာ သူတို့ပိုင်ဆိုင်သမျှ အားလုံးပင် ဖြစ်သည်။

သာမန်ရက်များတွင် ယန်လျို့ယွမ်သည် အိပ်ရာလိပ်ကြီးကို ကျောင်းသို့ သယ်သွားရလေ့ရှိပြီး အခြားကျောင်းသားများမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သဖြင့် အားလုံးမှာ ယဉ်ပါးနေကြပြီ ဖြစ်သည်။

“ပေါက်ကရတွေ။”

ရန်ရှောင်စုက ဆိုသည်။ သူသည် ခံတပ်အတွင်းရှိ ဘဝကို တောင့်တမိသည်မှာ မှန်သော်လည်း ကမ္ဘာပေါ်တွင် တံခါးသော့မခတ်ဘဲ နေသည့်နေရာ ရှိသည်ဆိုသည်ကိုမူ လုံးဝ မယုံကြည်ပေ။

“တချို့လူတွေက ခံတပ်ထဲက လူတွေရဲ့ အီးတောင် မွှေးတယ်၊ လေထုက ချိုမြိန်တယ်လို့ ထင်နေကြတာပဲ။”

“ဒါပေမဲ့ အစ်ကိုလည်း အိုးဒယ်ကြီးပိုးပြီး အမြဲတမ်း ပတ်ပြေးနေလို့ မရဘူးလေ။”

ယန်လျို့ယွမ်က ပြောလိုက်သည်။

“မင်း ဘာသိလို့လဲ။”

ရန်ရှောင်စုက ရှင်းပြလိုက်၏။

“ငါ ဒီအိုးကို ရဖို့ တော်တော် ကြိုးစားခဲ့ရတာ။ ဒါက ထမင်းချက်ဖို့ရော၊ စာကလေးဖမ်းဖို့ရော သုံးတာ။ ဒါသာမရှိရင် ငါတို့ ဘယ်လို အသက်ရှင်မလဲ။”

ရန်ရှောင်စုသည် ပုခုံးတစ်ဖက်တွင် သံဒယ်အိုးကြီးကို ထမ်းထားပြီး အခြားလက်တစ်ဖက်ကမူ ကြီးမားသော စာကလေးကို ဇောက်ထိုး ကိုင်ထားသည်။ သူ လမ်းလျှောက်သွားစဉ် လူအများက မနာလိုသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

လက်ရှိ သဘာဝတရား၏ အစီအစဉ်အရ လူသားများမှာ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် မရှိတော့ပေ။

အရင်တုန်းက စာကလေးများသည် လက်ဖဝါးထက်ပင် သေးငယ်ခဲ့သည်ဟု လူများက ပြောလေ့ရှိ၏။ ယခုမူ...ဤအကောင်များသည် လူတစ်ယောက်ကို တစ်ချက်တည်းနှင့် သေအောင် ဆိတ်သတ်နိုင်စွမ်း ရှိနေကြပြီဖြစ်သည်။

လူတိုင်းတွင် စာကလေးဖမ်းနိုင်သော စွမ်းရည် မရှိကြသလို တောရိုင်းထဲတွင် တစ်နေ့တစ်ညလုံး ငြိမ်သက်စွာ ဝပ်နေနိုင်သော စိတ်ရှည်မှုလည်း မရှိကြပေ။ လူတိုင်းသည် အသားမစားရသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ရာ ရန်ရှောင်စုကို မနာလိုမဖြစ်ပါဘူးဟု ပြောလျှင် ၎င်းမှာ အလိမ်အညာသာ ဖြစ်ပေလိမ့်မည်။

ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို ခေါ်ဆောင်၍ ခံတပ်၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ မိုးထိအောင် မြင့်မားလှသော တံတိုင်းကြီးများက ကြည့်ရသူကို ဖိအားတစ်ခု ပေးနေသကဲ့သို့ ခံစားရစေသည်။

ဤဧရိယာသို့ ရောက်ရှိလာသည်နှင့် ဗိသုကာလက်ရာများမှာ ပြောင်းလဲသွားပြီး အုတ်နှင့် ကျောက်ဖြင့် တည်ဆောက်ထားသော အိမ်များကိုပင် မြင်တွေ့လာရသည်။ ခံတပ်နှင့် ပိုနီးကပ်လာလေလေ ပတ်ဝန်းကျင်မှာ ပိုမိုသန့်ရှင်းသပ်ရပ်ကာ ချမ်းသာကြွယ်ဝပုံ ပေါက်လာလေလေ ဖြစ်သည်။

ဤနေရာတွင် နေထိုင်သူအားလုံးမှာ ခံတပ်နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်သူများ ဖြစ်ကြသည်။ ဖားယားပေါင်းသင်းခြင်းကြောင့်ဖြစ်စေ သို့မဟုတ် အတွင်းဘက်တွင် ဆွေမျိုးသားချင်းများ ရှိနေသောကြောင့်ဖြစ်စေ နေထိုင်ခွင့် ရကြခြင်းဖြစ်သည်။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူတို့ကဲ့သို့သော ဒုက္ခသည်များကိုမူ ညစ်ညမ်းသူများဟု စုပေါင်းခေါ်ဝေါ်ကြပြီး ခံတပ်အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြပေ။

ရန်ရှောင်စုသည် တံခါးပေါ်တွင် ကုန်စုံဆိုင်ဟု ရေးထိုးထားသော အဆောက်အဦးတစ်ခုအတွင်းသို့ လှမ်းဝင်လိုက်သည်။ အတွင်း၌ စီးကရက်၊ မီးခြစ်၊ သံထည်ပစ္စည်း၊ အစားအစာနှင့် အဝတ်အထည်များကို ရောင်းချနေသော်လည်း ဈေးနှုန်းများမှာ အလွန်ပင် ကြီးမြင့်လှပေသည်။

ဆိုင်အတွင်းရှိ လူအိုကြီးမှာ ရန်ရှောင်စုကို မြင်သောအခါ ထူးထူးခြားခြား ပျော်ရွှင်သွားခဲ့သည်။

“ဒီစာကလေးက တော်တော်ကြီးတာပဲ။”

ရန်ရှောင်စုက စာကလေးကို မှန်ကောင်တာပေါ်သို့ ပစ်တင်လိုက်၏။

“ဘယ်လောက်လဲ။”

“အား... သတိထားကွ။ ဒီမှန်က ဈေးကြီးတယ်။”

လူအိုကြီးဝမ်က နှမြောတသစွာ ပြောလိုက်သည်။ ထို့နောက် စာကလေးကို အနားရှိ သံချိန်ခွင်ပေါ်သို့ တင်လိုက်သည်။

“သုံးပိဿာနဲ့ ခြောက်ကျပ်သား (၃ ကတ်တီးနှင့် ၆ တောင်) ရှိတယ်။ မဆိုးဘူး... ရှောင်စု။”

ထိုအချိန်တွင် လူအိုကြီးဝမ်၏ လက်ထဲမှ အပ်ဘားကတ် (တွက်ချက်သည့် ခုံ) မှာ တောက်တောက်တက်တက်နှင့် မြည်လာခဲ့လေသည်။ သူ၏ ခြောက်ကပ်ပြီး ကြက်ခြေထောက်ကဲ့သို့သော လက်ချောင်းများမှာ စက်ကိရိယာတစ်ခုကဲ့သို့ လှုပ်ရှားနေပြီး ဂဏန်းတွက်ကတ်မှာ အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

“ဒီနေ့ ပေါက်ဈေးက တစ်ပိဿာကို ယွမ် ၂၀၀ ပဲ။ စုစုပေါင်း ၇၀၀ လို့ပဲ သတ်မှတ်လိုက်ရအောင်။”

“၉၀၀...။”

ရန်ရှောင်စုက ပြတ်သားစွာ ပြောလိုက်သည်။

“ဆောင်းဝင်တော့မယ်။ အခုတလော စာကလေးတွေက အရမ်းရှားနေပြီ။ ၉၀၀ က အနိမ့်ဆုံးပဲ။”

လူအိုကြီးကြီးဝမ်က မကျေမနပ်ဖြစ်သွားခဲ့သည်။ သူက ဂဏန်းတွက်ကတ်ကို ရန်ရှောင်စုဘက်သို့ တွန်းပို့လိုက်၏

“ဒါတွေက ခံတပ်ထဲက လူကြီးတွေ စားဖို့ ပို့ရတာကွ။ သူတို့မှာ အသားငါး ရှားပါးနေတာ မှန်ပေမဲ့ အရာအားလုံးမှာ ဈေးနှုန်းဆိုတာ ရှိတယ်။ ငါတို့ စည်းကမ်းအတိုင်း သွားရမယ်။”

သူ ထိုသို့ပြောပြီးသည်နှင့် ရန်ရှောင်စုက စာကလေးကို ပြန်ကောက်ယူကာ ဆိုင်ထဲမှ ထွက်ခွာရန် လှည့်လိုက်သည်ကို မြင်လိုက်ရ၏။ သူသည် ရန်ရှောင်စု၏ စုတ်ပြတ်နေသော အကျီလက်ကို အမြန်ဆွဲဖမ်းလိုက်ရသည်။

“မင်း ဘယ်သွားမလို့လဲ။”

“လူအိုကြီးလီရဲ့ ဆိုင်မှာ ဈေးသွားမေးမလို့။”

ရန်ရှောင်စုက ပြောလိုက်သည်။

လူအိုကြီးဝမ်၏ လက်ချောင်းများ ချက်ချင်း တင်းကျပ်သွား၏။ ယနေ့တွင် ခံတပ်မှ ကြီးကြပ်ရေးမှူးတစ်ဦးက တောလိုက်သားကောင်ကို အထူးမှာကြားထားခြင်းဖြစ်ပြီး ၎င်းကို သူတစ်ယောက်တည်း သိနေခြင်း မဟုတ်ပေ။

လူအိုကြီးဝမ်၏ မျက်နှာမှာ အပြုံးကြီးတစ်ခုနှင့်အတူ ရှုံ့တွသွားခဲ့သည်။

“မင်းက ဘယ်လောက်နဲ့ ရောင်းချင်လို့လဲ။”

ရန်ရှောင်စုက ထွက်ခွာရန်သာ လုပ်နေဆဲဖြစ်သည်။

“ဈေးအရင် သွားမေးကြည့်လိုက်ဦးမယ်။”

ထိုအခါ လူအိုကြီးဝမ်က အလွန်ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်၏။

“အဲ့လိုဆို လျို့ယွမ် ကျောင်းတက်ဖို့ အချိန်နောက်ကျသွားမှာပေါ့။ ကဲပါ... ၉၀၀ ပဲ ထားလိုက်တော့။”

“ခင်ဗျား အခုနက ဘာပြောလိုက်တာလဲ။”

ရန်ရှောင်စုက တည်ငြိမ်စွာ မေးလိုက်သည်။

“အဲ့လိုဆို နောက်ကျသွားမှာ...”

“အဲဒီ ရှေ့က စာကြောင်း။”

“မင်း ဘယ်လောက်နဲ့ ရောင်းချင်လို့လဲ။”

“၁၂၀၀။”

လူအိုကြီးဝမ်: “???”

အချိန်အတန်ကြာပြီးနောက် လူအိုကြီးဝမ်မှာ နှမြောတသစွာဖြင့် ပိုက်ဆံများကို ရေတွက်နေရတော့သည်။ မှားသွားမည်စိုးသဖြင့် လက်ချောင်းကို တံထွေးဆွတ်ကာ အကြိမ်ကြိမ် အခါခါ ပြန်စစ်နေမိသည်။

နောက်ဆုံး အရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းမှာ ၁၁၉၈ ကျပ်ဖြစ်သည်။ ရန်ရှောင်စုက သူကိုယ်တိုင် အလျှော့ပေးလိုက်ခြင်း ဖြစ်၏...။ စာကလေးတစ်ကောင်ကို ၁၁၉၈ နှင့် ရောင်းရခြင်းမှာ ဈေးနှုန်းကြီးမြင့်နေ၍ သို့မဟုတ် စာကလေးကြီးနေ၍တင် မဟုတ်ဘဲ ခံတပ် အမှတ် (၁၁၃) တွင် တောလိုက်သားကောင်များမှာ တွေ့ရခဲသောကြောင့် ဖြစ်သည်။

ရှားပါးလေ ဈေးကြီးလေ ဖြစ်ရာ လူအိုကြီးဝမ်သည်လည်း အရှုံးခံ၍ အလုပ်လုပ်မည့်သူ မဟုတ်ပေ။ ဤစာကလေးကို အာဏာရှိသော မိသားစုတစ်ခုသို့ ပြန်လည်ရောင်းချခြင်းဖြင့် သူသည် အမြတ်အစွန်းအနည်းငယ် ရရှိမည့်အပြင် မျက်နှာသာပေးမှုကိုပါ ရရှိမည်ဖြစ်သည်။

လူအိုကြီးဝမ်သည် နာကျင်နေသော အမူအရာဖြင့် ပိုက်ဆံအကြွေအပုံလိုက်ကို ရန်ရှောင်စု၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အသံကို နှိမ့်ကာ ပြောလိုက်သည်။

“ရှောင်စု...နောက်တစ်ခါ စာကလေးဖမ်းမိရင် ချက်ချင်း မသတ်နဲ့ဦး။ လူကြီးတချို့က အရှင်လိုချင်နေကြတာ။ အရှင်ဆိုရင် ဈေးက ပိုတောင် ရဦးမယ်။”

ရန်ရှောင်စု အနည်းငယ် ကြောင်အသွားခဲ့သည်။

“သူတို့က ဘာလို့ အရှင်လိုချင်တာလဲ။ လတ်လတ်ဆတ်ဆတ် သတ်စားမလို့လား။”

“မဟုတ်ဘူး”

လူအိုကြီးဝမ်က ခေါင်းခါပြလိုက်သည်။

“မင်း နားမလည်ပါဘူး။ တချို့လူတွေက စာကလေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးချင်လို့တဲ့ကွ။”

All Chapters