← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) စာသင်ကျောင်း

“အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမလို့လား။ စားဖို့မဟုတ်ဘူးလား။”

ရှောင်စုမှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့လေသည်။

“ဒါက နှမြောစရာကြီး မဟုတ်ဘူးလား။ ဒါက သားကောင်ကြီးလေ။”

“ချမ်းသာတဲ့သူတွေရဲ့ လောကကို မင်းနားမလည်ပါဘူး။”

လူအိုကြီးဝမ်က ရယ်မောရင်း ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီတုန်းက ချမ်းသာတဲ့သူတွေက လင်းယုန်တွေကို လေ့ကျင့်ပေးခဲ့ကြတယ်တဲ့။ အခုတော့ လင်းယုန်တွေက အရမ်းကြီးပြီး အန္တရာယ်များလွန်းနေပြီလေ။ အဲ့ဒါကြောင့် စာကလေးတွေကိုပဲ ရွေးချယ်လိုက်ကြတာပေါ့။ ကြည့်စမ်း...ဒီစာကလေးက ဘယ်လောက်တောင် ခက်ထန်တဲ့ပုံပေါက်လိုက်သလဲ။ လူချမ်းသာတွေက အဲ့ဒါကိုမှ သဘောကျတာ။”

ရှောင်စု အကြာကြီး စဉ်းစားနေမိသည်။ လူအများစု ဗိုက်ဝအောင်မစားရသည့် အချိန်တွင်ပင် အချို့သူများက ပျော်ရွှင်မှုအတွက် စာကလေးများကို လေ့ကျင့်ပေးနေကြ၏...။

“ဒါပေမဲ့ အရှင်ဆိုရင်တော့ ဈေးပိုပေးရမယ်။”

ရှောင်စုက ဆိုသည်။

“အရှင်ဆိုရင် သတိမထားမိတဲ့အချိန်မှာ လူတစ်ယောက်ကို သေအောင် ကုတ်သတ်နိုင်တယ်။ အရမ်းအန္တရာယ်များတယ်။”

ထိုအချိန်တွင် ရှောင်စု ရုတ်တရက် တွေးမိလိုက်၏...။

အပြင်ဘက်က ဒုက္ခသည်တွေက ညစ်ညမ်းနေတယ်ဆိုရင် ဒီစာကလေးတွေကရော ညစ်ညမ်းမနေဘူးလား။ ဒါမှမဟုတ် ဒီခံတပ်တံတိုင်းတွေက သူတို့အတွက် အလုပ်လုပ်ပေးမယ့် ဒီဒုက္ခသည်တွေကိုပဲ လိုအပ်နေတာလား။ ပြီးတော့ ဒီတံတိုင်းကြီးက လူမှုအဆင့်အတန်းကို သဘာဝအတိုင်း ပိုင်းခြားထားတာလား။

“အန္တရာယ်များလေ အကျိုးအမြတ်များလေပေါ့ကွာ။”

လူအိုကြီးဝမ်က ပြုံးကာ ပြောလိုက်သည်။

“မင်း တစ်ညလုံး မအိပ်ဘဲ သူတို့ကို ဖမ်းနိုင်တယ်ဆိုကတည်းက မင်းက သာမန်လူမဟုတ်ဘူးဆိုတာ သိသာပါတယ်။ အရှင်ဖမ်းဖို့ နည်းနည်းလောက် ပိုကြိုးစားလိုက်ရင် မင်းအတွက် နားရက်တွေ အများကြီး ရနိုင်တာပေါ့။ ပြီးတော့ မိန်းမယူဖို့ ဘာဖို့အတွက် ပိုက်ဆံစုဖို့ရော မစဉ်းစားဘူးလား။”

“မိန်းမယူရမှာလား။ ဘာတွေလာပြောနေတာလဲ။”

ရှောင်စုက ငေါက်လိုက်သည်။ ထိုအခါ လူအိုကြီးဝမ်က လျှို့ဝှက်ဆန်းကြယ် ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဘေးအိမ်က လူအိုကြီးလီရဲ့ သမီးနဲ့ မင်းရဲ့ညီ လျို့ယွမ်တို့က စာသင်ကျောင်းမှာ အတူတူပဲလေ။ သူမက မိန်းမကောင်းလေးတစ်ယောက်ပဲ...။”

“ခင်ဗျားပြောပုံအရဆိုရင် ကျုပ်က ဒီစာကလေးကို ခင်ဗျားဆီမှာ လာမရောင်းဘဲ လူအိုကြီးလီဆီမှာပဲ တိုက်ရိုက်ရောင်းလိုက်ရင် မပြီးဘူးလား။”

ရှောင်စုက ယန်လျို့ယွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“လူအိုကြီးလီရဲ့သမီးက မင်းနဲ့ အတန်းဖော်လား။”

“ဟုတ်တယ်။”

ယန်လျို့ယွမ်က ခေါင်းညိတ်လိုက်သည်။

“သူမက တကယ့်ကို အကြီးကြီးပဲ။”

“သွားသွား...မင်း တခြားတစ်နေရာမှာ သွားဆော့ကြတော့။”

လူအိုကြီးဝမ်က စိတ်တိုတိုနှင့် ပြောလိုက်သည်။

“ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်။ ငါ့ရဲ့စေတနာကို တလွဲမမြင်ကြနဲ့။”

ရှောင်စုနှင့် ယန်လျို့ယွမ်တို့ လူပြက်တစ်ခန်းရပ် ကစားနေကြသည်ကို မြင်သောအခါ လူအိုကြီးဝမ်က ချက်ချင်းပင် ရပ်တန့်စေလိုက်သည်။ ထို့နောက် သူက စကားလမ်းကြောင်းလွှဲလိုက်၏။

“မှတ်ထားနော်...။ နောက်တစ်ခါ အရှင်ဖမ်းမိရင် ငါ့ဆီ လာခဲ့ဖို့ မမေ့နဲ့။”

“ကောင်းပြီ။”

ရှောင်စု ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ် အရှင်ဖမ်းခြင်းမှာ အန္တရာယ်ရှိသော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ သူက ကုန်စုံဆိုင်ထဲသို့ လှမ်းကြည့်လိုက်သည်။

“အနွေးထည်အင်္ကျီတွေက ဘယ်လောက်လဲ။”

“ဒီအနွေးထည်အင်္ကျီတွေက အသစ်ရောက်ထားတာတွေပဲ။ တစ်ထည်ကို ၅၀၀။ ဈေးကိုတော့ မင်းလည်း သိပါတယ်။ ငါကိုယ်တိုင် ဝယ်ထားရတာ ၄၉၀ ပဲ။ အင်္ကျီတွေပေါ်မှာ ငါ အမြတ်မယူပါဘူး။”

လူအိုကြီးဝမ်က ပြောလိုက်သည်။

“လူတစ်ယောက် အအေးမိပြီး သေတာ နည်းလေ ကောင်းလေပဲ။”

“ခင်ဗျားက တော်တော် စေတနာကောင်းတာပဲ။”

ရှောင်စုက မထူးခြားသလို ချီးကျူးလိုက်သည်။

“ကျုပ် တစ်ထည် ယူမယ်။ လျို့ယွမ် ဘယ်ဆိုဒ် ဝတ်ရမလဲ ကြည့်ပေးဦး။”

“အစ်ကိုလည်း တစ်ထည် ဝယ်ပါလား။”

ယန်လျို့ယွမ်က အမြန်ပြောလိုက်သည်။

“လူကြီးတွေ စကားပြောနေရင် ကလေးတွေ ဝင်မပြောနဲ့။”

ရှောင်စုက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ မချမ်းဘူး။”

ပိုက်ဆံက ကောင်းသောအရာဖြစ်သည်။ ခံတပ် အမျိုးမျိုးကို ထိန်းချုပ်ထားသော လုပ်ငန်းစုကြီးများသည် ကုန်စည်စီးဆင်းမှုအတွက် ငွေကြေးများကို ထုတ်ဝေပေးသည်။ ၎င်းမှာ အဆင်ပြေစေသော်လည်း ပိုက်ဆံမရှိလျှင် လက်တစ်လုံးစာမျှပင် လှုပ်ရှား၍မရပေ။

ဤနေရာ၏ ဆောင်းရာသီမှာ အလွန်အေးသော်လည်း အရေးပေါ်ကိစ္စများအတွက် ပိုက်ဆံကို စုဆောင်းထားရန် လိုအပ်သည်။ ဆောင်းဝင်ရန် တစ်လကျော်မျှ လိုသေးသဖြင့် စာကလေးများ ထပ်ဖမ်းနိုင်လျှင် အနွေးထည်အင်္ကျီဝယ်ရန် အချိန်မနှောင်းသေးဟု ရှောင်စု တွေးမိသည်။

အရေးကြီးသည်မှာ ယန်လျို့ယွမ်၏ ကျောင်းလခဖြစ်ပြီး ၎င်းမှာ လစဉ်ပေးရသောအရာ ဖြစ်သည်။

ရှောင်စုသည် ကုန်စုံဆိုင်ကို ထပ်မံဝေ့ကြည့်လိုက်ရာ သူ၏အကြည့်မှာ လူအိုကြီးဝမ်၏ နောက်ရှိ ကောင်တာပေါ်၌ ရပ်တန့်သွားခဲ့သည်။

“ပိုးသတ်ဆေးနဲ့ အရောင်ကျဆေးတွေက ဘယ်လောက်လဲ။”

“မင်း ဆေးဝယ်မလို့လား။”

ရှောင်စု၏ လက်တွင် ပတ်ထားသော အဝတ်စ၌ သွေးစွန်းနေသည်ကို လူအိုကြီးဝမ် ထိုအချိန်မှ သတိထားမိသွားခဲ့သည်။

“မင်း ဒဏ်ရာရထားတာလား။ ဒါဆိုရင်တော့ ဆေးဝယ်မှဖြစ်မယ်။ မဟုတ်ရင် အနာရင်းပြီး သေသွားနိုင်တယ်။”

“ဘယ်လောက်လဲလို့ မေးနေတာလေ။”

ရှောင်စုက စိတ်မရှည်စွာ ပြောလိုက်သည်။

“တစ်လုံးကို ၂၁၀။”

လူအိုကြီးဝမ်က ဆိုသည်။

“ပိုးသတ်ဆေးကို သုံးရက်ဆက်တိုက် သောက်ရမယ်။ အဲ့ဒါကြောင့် သုံးလုံးကို ယွမ် ၆၂၀ နဲ့ ရောင်းပေးမယ်။ ပိုးသတ်ဆေးရည်တစ်ကြိမ်စာကိုတော့ အလကား ထည့်ပေးလိုက်မယ်။ ငါ့ဆီမှာ ဆေး ၁၀ လုံးပဲ ကျန်တော့တယ်။”

ရှောင်စုက အနည်းရယ် စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဈေးကို အောက်ဈေးနဲ့ပဲ ဖြတ်ပေးလို့ မရဘူးလား...”

“၆၂၀ ထဲက နောက်ဆုံး သုညကို ဖြုတ်ပေးဖို့ ပြောမလို့ဆိုရင်တော့ အစောကြီးကတည်းက ပါးစပ်ပိတ်ထားလိုက်တော့။”

လူအိုကြီးဝမ်က စိတ်မရှည်စွာ ပြောလိုက်သည်။

ရှောင်စုသည် သူ၏နှုတ်ခမ်းကို သပ်လိုက်ပြီး နှမြောတသစွာဖြင့် အကြည့်ကို လွှဲလိုက်သည်။

“ထားလိုက်တော့... မဝယ်တော့ဘူး။ ဆောင်းတွင်းဆိုတော့ အနာရင်းတာမျိုးက သိပ်မဖြစ်တတ်ပါဘူး။”

သူသည် လှည့်ထွက်လာလိုက်ပြီး ယန်လျို့ယွမ်ကို ကျောင်းသို့ လိုက်ပို့ပေးလိုက်သည်။ ဆန်ဆိုင်ကို ဖြတ်သွားစဉ် ရှောင်စုသည် ဆိုင်ထဲဝင်ကာ အမည်းရောင် ပေါင်မုန့်ရှည်တစ်လုံး ဝယ်ခဲ့လိုက်၏။ ဤပေါင်မုန့်အမည်းထဲတွင် ဘာတွေရောထားမှန်းမသိပေ။ ၎င်းကို ဝါးပြီး မျိုချလိုက်သည့်အခါ လည်ချောင်းထဲတွင် စူးခနဲပင် ဖြစ်သွားခဲ့သည်။

ယန်လျို့ယွမ်က ပေါင်မုန့်အမည်းကို ဝါးရင်း ပြောလိုက်သည်။

“အစ်ကို... အစ်ကိုလည်း ကျောင်းလခပေးပြီး ကျောင်းတက်ပါလား။ အစ်ကိုလည်း တက်ချင်နေတာပဲကို။”

“ငါက အမဲလိုက်သွားရဦးမယ်။”

ရှောင်စုက ဆိုသည်။

“လူအိုကြီးဝမ် ပြောပုံအရဆိုရင် မင်းတို့ ကျောင်းထဲမှာ မိသားစုကောင်းက လာတဲ့ မိန်းကလေးတွေ တော်တော်များတယ်ဆိုပဲ။ မင်း အစောကြီး ရည်းစားမထားနဲ့နော်။”

“အရင်တုန်းက လူတွေက အသက် ၁၃ နှစ်၊ ၁၄ နှစ်ဆိုရင် အိမ်ထောင်ကျနေကြပြီလို့ ကြားဖူးတယ်။”

ယန်လျို့ယွမ်က ပြန်ပက်လိုက်၏။

သူသည် ယောကျ်ားလေးနှင့် မိန်းကလေးကိစ္စများကို မစဉ်းစားမိသေးသော်လည်း ရှောင်စုနှင့် စကားနိုင်လုရခြင်းမှာ အမှန်တကယ်ပင် ပျော်စရာကောင်းလှသည်။

ခက်ခဲပင်ပန်းမှုများကြားတွင် ပျော်ရွှင်မှုကို ရှာဖွေတတ်ခြင်းမှာ လူသားတို့၏ အစွမ်းထက်ဆုံးသော စွမ်းရည်များထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။

ရှောင်စုက ယန်လျို့ယွမ်၏ ခေါင်းနောက်စေ့ကို ပုတ်ရန် ဟန်ပြင်လိုက်၏။

“အရင်ကနဲ့ အခုနဲ့က တူပါ့မလား။ မင်းက ငယ်သေးတယ်။ အခု မင်းတွဲတဲ့သူတွေက နောက်ကျရင် သူများမယားတွေ ဖြစ်ကုန်မှာ...။”

ထိုသို့ပြောရင်း ရှောင်စုက သူ၏နှုတ်ခမ်းကို သပ်လိုက်ပြန်သည်။

“သူများမယားတွေတဲ့လား... ဘာလို့ အဲ့ဒီစကားက ကြားရတာ အရသာရှိနေရတာလဲ...။”

“အစ်ကို မင်း ဘာတွေပြောနေတာလဲ။ ငါ နားမလည်ဘူး...။”

ယန်လျို့ယွမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေ၏။

“သွားစမ်းပါ... ငါ့ကို လာပြီး ကလေးလို လာမလုပ်နဲ့။”

ရှောင်စုက စိတ်တိုတိုနှင့် ပြောလိုက်သည်။

...

စာသင်ကျောင်းသည် ဈေးမြို့လေး တစ်ခုလုံးတွင် အသန့်ရှင်းဆုံးနှင့် အသပ်ရပ်ဆုံးနေရာဖြစ်ပြီး သီးသန့်ဝင်းရှိသော တစ်ခုတည်းသော နေအိမ်လည်း ဖြစ်သည်။

အပြင်ဘက်မှ လမ်းလျှောက်ဝင်လာလျှင် သပ်ရပ်စွာ စိုက်ပျိုးထားသော... ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ အာလူးနှင့် ဂေါ်ဖီထုပ်များကို မြင်တွေ့ရမည်ဖြစ်သည်။

ရှောင်စုသည် စာသင်ကျောင်းကဲ့သို့သော နေရာမျိုးတွင် ဝါးပင် သို့မဟုတ် အခြားအပင်မျိုး စိုက်ထားသင့်သည်ဟု မူလက ထင်ခဲ့သော်လည်း အသားငါးနှင့် ဟင်းသီးဟင်းရွက် ရှားပါးလှသော ယခုခေတ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးစရာ နေရာရှိခြင်းမှာလည်း တကယ့်ကို ကောင်းချီးတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် ရှောင်စု၏ ယခင်က ဆန္ဒမှာ ယန်လျို့ယွမ်ကို ကြီးလာလျှင် ဆရာတစ်ယောက် ဖြစ်စေချင်ခြင်းပင်...။

သူက ဆရာများကို အလွန်အမင်း ရိုသေလွန်း၍ မဟုတ်ဘဲ ဆရာဖြစ်လျှင် ဘေးကင်းမည်၊ ကိုယ်ပိုင်ဝင်းထဲတွင် ဟင်းသီးဟင်းရွက် စိုက်နိုင်မည်၊ ပြီးတော့ ဘယ်သူမှလည်း လာမခိုးနိုင်ကြဟု ခံစားရသောကြောင့်သာ ဖြစ်သည်။

၎င်းမှာ အလွန်ကောင်းမွန်သော အရာပင်။ ယေဘုယျအားဖြင့် ရှောင်စု၏ ဆန္ဒများမှာ အလွန်ရိုးရှင်းပေသည်။

ယန်လျို့ယွမ်သည် ကျောင်းလခကို ယူဆောင်၍ စာသင်ခန်းထဲသို့ ဝင်သွားခဲ့၏။ ရှောင်စုမှာမူ ခြံတံတိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း အတွင်းဘက်မှ စာဖတ်သံများကို နားထောင်နေလိုက်သည်။ သူသည် ကျောင်းလခ မတတ်နိုင်သဖြင့် ခိုး၍သာ နားထောင်နိုင်ပေသည်။

ဆရာဖြစ်သူက တစ်ခါတစ်ရံတွင် လူသားမျိုးနွယ်၏ ယဉ်ကျေးမှုသည် တစ်ချိန်က မည်မျှ ကြီးကျယ်ခမ်းနားခဲ့ကြောင်း ကျောင်းသားများကို ပြောပြတတ်၏။ အမှန်အတိုင်းပြောရလျှင် ထိုဆရာကိုယ်တိုင်ပင် ထိုခေတ်ကာလကို မမီခဲ့ပေ။ သူ အခု သင်ကြားပေးနေသည့်အရာများမှာ ပါးစပ်ရာဇဝင် စကားများသာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လွဲမှားမှုများ ရှိနိုင်ပေသည်။

သိပ်ပြီး စိတ်မချရသော်လည်း ရှောင်စုမှာမူ အလွန်စိတ်ဝင်တစား နားထောင်နေမိသည်။ တစ်ခါတစ်ရံတွင် ရှောင်စုသည် သူနားမလည်သော သို့မဟုတ် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသော ဗဟုသုတများနှင့် မေးခွန်းများကို ယန်လျို့ယွမ်အား ပြန်မေးလေ့ရှိရာ ယန်လျို့ယွမ်မှာ အလွန်စိတ်ပူရတော့သည်။

အကြောင်းမှာ သူသာ ပြန်မဖြေနိုင်ပါက စာကို သေချာနားမထောင်ဟု ဆိုလိုရာရောက်သောကြောင့် ရှောင်စု အပြင်က နားထောင်နေချိန်တိုင်း ယန်လျို့ယွမ်မှာ စာကို အထူးအလေးအနက်ထားကာ နားထောင်ရတော့သည်။

ဘာကြောင့်ရယ်မသိသော်လည်း သူ၏အစ်ကို စာကို အလေးအနက်ထား လေ့လာနေချိန်တွင် တော်တော်ကြည့်ကောင်းသည်ကိုတော့ ယန်လျို့ယွမ် ဝန်ခံရပေလိမ့်မည်။ အစ်ရှောင်ယွီက သူ့အပေါ် အစွဲအလမ်းကြီးနေသည်မှာ မဆန်းတော့ပေ။

စာသင်ခန်းထဲတွင် ဆရာသည် စာအုပ်ကို ကိုင်ထားရင်း အောက်ဘက်တွင် အိပ်ငိုက်နေသော ကျောင်းသားအချို့ကို နှမြောတသစွာ ကြည့်လိုက်၏။ ထို့နောက် ပြတင်းပေါက်အပြင်ဘက် တံတိုင်းပေါ်ရှိ ရှောင်စုကို ကြည့်ကာ ယန်လျို့ယွမ်ကို ပြောလိုက်သည်။

“ပြန်သွားရင် မင်းအစ်ကိုကို ပြောလိုက်ပါ။ နောက်ဆိုရင် သူ ဝင်းထဲကို ဝင်ပြီး နားထောင်လို့ ရတယ်လို့။”

“ဟုတ်ကဲ့။”

ထိုစကားကိုကြားသောအခါ ယန်လျို့ယွမ်မှာ ဝမ်းသာအားရ ပြုံးလိုက်မိတော့သည်။

အခန်း (၆) တံတိုင်းများနှင့် သိပ္ပံပညာ

စာသင်ကျောင်းတွင် ကျန်းကျင်းလင်ဟု အမည်ရသော ဆရာတစ်ဦးတည်းသာ ရှိပြီး ကျောင်းရှိ သင်ခန်းစာအားလုံးကို သူတစ်ဦးတည်းကပင် သင်ကြားပေးသည်။

အခြားသူများကမူ ဆရာကျန်းသည် အလွန်ထူးချွန်ပြီး အရာရာကို သိနားလည်သည်ဟု ထင်ကြသည်။ သို့သော် ရန်ရှောင်စုကမူ အမြဲသံသယရှိခဲ့သည်။

အလုပ်အကိုင်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ရှိကြစမြဲဖြစ်ပြီး လူတစ်ယောက်၏ စွမ်းအင်မှာလည်း အကန့်အသတ်ရှိသဖြင့် ဆရာကျန်းသည် အရာရာကို သိမြင်နိုင်စွမ်းရှိသူနှင့် အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသူ မဖြစ်နိုင်ဟု သူယူဆပေသည်။

ရန်ရှောင်စုသည် အခြားသူများနှင့် အမြဲတမ်း ကွဲပြားနေခဲ့သည်။ ပြဿနာများကို ကြည့်လျှင် သူသည် ပြန်လည်သုံးသပ်ရန် ဝါသနာပါသူဖြစ်သည်။

နောက်ပိုင်းတွင် ဆရာကျန်း၏ ဟောပြောချက်များမှတစ်ဆင့် ၎င်းကို “ပြဿနာများကို အဖက်ဖက်မှ ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း” ဟု ခေါ်ကြောင်း သူသိရှိခဲ့ရသည်။

ယန်လျို့ယွမ်သည်လည်း တစ်ခါတစ်ရံတွင် ဇဝေဇဝါဖြစ်မိ၏။ အကြောင်းမှာ ရန်ရှောင်စုသည် ဆရာကျန်းကျင်းလင်၏ အမြင်များကို မကြာခဏ ပြန်လည်ချေပလေ့ရှိသော်လည်း အချိန်ရတိုင်း ဆရာကျန်း၏ သင်တန်းများသို့ နားထောင်ရန် အမြဲပြေးလာတတ်သောကြောင့်ပင်။

မွန်းလွဲပိုင်း အတန်းချိန်တွင် ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို ခေါ်ကာ အထူးတလည် အောင်ပွဲခံခဲ့သည်။ အခြားကြောင့်မဟုတ်ဘဲ နောက်ဆိုလျှင် သူသည် ကျောင်းဝင်းထဲမှနေ၍ စာသင်သံများကို နားထောင်နိုင်တော့မည် ဖြစ်သောကြောင့်ပင်။

ပုံမှန်အားဖြင့် တံတိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရခြင်းမှာ စာသင်ခန်းနှင့် အလှမ်းဝေးလွန်းသဖြင့် အသံကို ရှင်းရှင်းလင်းလင်း မကြားရချေ။ မူလက ကျန်းကျင်းလင်သည် စာသင်ချိန်တွင် အပြင်ဘက်မှ ဆူညံသံများကြောင့် ကျောင်းသားများ အာရုံမပျံ့လွင့်စေရန် တံခါးနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားတတ်သည်။

သို့သော် နောက်ပိုင်းတွင် ရန်ရှောင်စု ခိုး၍နားထောင်နေသည်ကို သူတွေ့ရှိသွားသောအခါမှစ၍ ပြတင်းပေါက်တစ်ခုကို အမြဲဖွင့်ထားပေးခဲ့၏။ ယခုမူ ရန်ရှောင်စုကို ကျောင်းဝင်းထဲသို့ပင် တိုက်ရိုက် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဤသို့သော ဖရိုဖရဲခေတ်တွင် နေထိုင်ကြသည့် မိဘအတော်များများမှာ သားသမီးများကို စာသင်ကျောင်းသို့ ပို့ကြခြင်းမှာ ဗဟုသုတရရန်ထက် နောက်ပိုင်းတွင် အိမ်ထောင်ပြုရာ၌ ပိုမိုလွယ်ကူစေရန်အတွက် ဖြစ်သည်။ အထူးသဖြင့် ကျောင်းတက်ဖူးသော မိန်းကလေးများသည် များသောအားဖြင့် မိသားစုကောင်းများနှင့် အိမ်ထောင်ကျလေ့ရှိပေသည်။

ဤခေတ်ကာလတွင် စာဖတ်နိုင်ခြင်း၊ စာရေးနိုင်ခြင်းနှင့် ဂဏန်းသုံးလုံးပေါင်းနှုတ်မြှောက်စား တတ်ခြင်းမှာပင် တော်တော်လေး ကောင်းမွန်နေပြီဖြစ်သည်။

လူတိုင်းမှာ အသက်ရှင်သန်ရေးအတွက် အလုပ်ရှုပ်နေကြရသည်။ လူတွေ ငတ်ပြတ်လုနီးပါး ဖြစ်နေချိန်တွင် မင်း ပညာတတ်ခြင်း မတတ်ခြင်းကို ဘယ်သူက ဂရုစိုက်နေမည်နည်း။

ထို့ကြောင့် မိဘအတော်များများမှာ သားသမီးများကို ကျောင်းပို့ရာတွင် ရေရှည်စီမံကိန်းများ မရှိကြပေ။ ဤဈေးမြို့ကလေးတွင် ဆင်းရဲသူရော ချမ်းသာသူပါ ရှိကြပြီး လူရှိသည့်နေရာတိုင်းတွင် အဆင့်အတန်းခွဲခြားမှုများ ရှိစမြဲပင်။

ယန်လျို့ယွမ်သည် ရန်ရှောင်စု ကုန်စုံဆိုင်သို့သွားကာ စစ်ထုတ်တံပါသော စီးကရက်တစ်လိပ်အား ဝယ်ယူသည်ကို ကြည့်နေမိသည်။ လူအိုကြီးဝမ်က သူ၏စီးကရက်များမှာ အခြားရောနှောပစ္စည်းများ လုံးဝမပါဝင်ဘဲ အလွန်ဘေးကင်းကြောင်း ဂုဏ်ယူစွာဖြင့်ပင် ပြောလိုက်သေး၏။

တစ်လိပ်ကို ပြားနှစ်ဆယ် ပေးရပြီး ရှားပါးသော ပစ္စည်းများမှာ တန်ဖိုးကြီးလှသည်။

ယန်လျို့ယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“အစ်ကို ဘာလို့ စီးကရက် ဝယ်တာလဲ။”

“မင်းရဲ့ဆရာက ငါ့ကို ကျောင်းဝင်းထဲဝင်ပြီး စာနားထောင်ခွင့်ပေးတယ်လေ။ ငါ ကျောင်းလခ မပေးနိုင်ရင်တောင် အနည်းဆုံးတော့ ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုပေးသင့်တာပေါ့။”

ရန်ရှောင်စုက ပြုံးကာ ပြောလိုက်သည်။

“ဒီဆရာကျန်းက စီးကရက်သောက်ရတာ ဝါသနာပါမှန်း ငါသိတာပေါ့ကွာ။”

ရန်ရှောင်စု၏ အမြင်တွင် တစ်စုံတစ်ဦးက မိမိအပေါ် စေတနာထားလျှင် မိမိကလည်း ပြန်လည် တုံ့ပြန်ရမည်ဖြစ်သည်။

အားလုံး နေ့လယ်စာ စားနေချိန်တွင် သူတို့နှစ်ဦးမှာ ကျောင်း၏ နောက်ဖေးဝင်းသို့ သွားလိုက်ကြသည်။ ဆရာကျန်း ဂေါ်ဖီထုပ်ကြော်ကို စားနေစဉ် ရန်ရှောင်စုက ပြုံးလျက် စီးကရက်ကို ကမ်းပေးလိုက်သည်။

ကျန်းကျင်းလင်ကလည်း ငြင်းပယ်ခြင်းမရှိဘဲ လက်ခံလိုက်သော်လည်း ယန်လျို့ယွမ်ကိုမူ အဝေးသို့ သွားခိုင်းလိုက်သည်။

“မင်းက ဖွံ့ဖြိုးဆဲအရွယ်ပဲရှိသေးတယ်။ စီးကရက်နံ့ နံတာ မင်းအတွက် မကောင်းဘူး။”

ထိုစဉ် ရန်ရှောင်စုက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ကျုပ်ကို ကျောင်းဝင်းထဲဝင်ပြီး စာနားထောင်ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကျန်း။”

“ရှူး...”

ကျန်းကျင်းလင်သည် အိမ်တွင် ထမင်းချက်ရာ၌ သုံးသော မီးခြစ်ဆံဖြင့် စီးကရက်ကို မီးညှိလိုက်ပြီးနောက် မီးခိုးများကို အရသာခံကာ ဖွာလိုက်သည်။

“မင်းလို စာနားထောင်ရတာ ဝါသနာပါတဲ့ ကျောင်းသားမျိုးက အခုနောက်ပိုင်း တော်တော်ရှားသွားပြီ။ နားထောင်ချင်ရင် နားထောင်ပါ။ နောက်ဆိုရင် တံခါးဝမှာ ရပ်ပြီး နားထောင်လို့ရတယ်။ ဒါပေမဲ့ စာသင်ခန်းထဲတော့ ဝင်ခွင့်မရှိဘူး။”

“ကောင်းပါပြီ။”

ရန်ရှောင်စုက ပြန်ဖြေလိုက်သည်။

“ဆရာကျန်း ကျုပ်မှာ မေးခွန်းတစ်ခု ရှိပါတယ်။”

“မေးလေ”

ကျန်းကျင်းလင်က ဆိုသည်။

သူသည် စီးကရက် သောက်ရခဲသဖြင့် ယခုအချိန်တွင် ရန်ရှောင်စု ဘာမေးမေး စိတ်မဆိုးနိုင်ဘဲ ရှိနေသည်။

“ဆရာ ပြောခဲ့သလို ကပ်ဘေးကြီးမတိုင်ခင်က လူသားတွေမှာ နည်းပညာတွေ အများကြီး ရှိခဲ့တယ်ဆိုရင် အခု လူသားတွေ မျိုးတုံးမသွားသေးဘဲနဲ့ အဲ့ဒီနည်းပညာတွေ ပြန်ပေါ်လာတာကို ဘာလို့ မမြင်ရတာလဲ။”

ကျန်းကျင်းလင်သည် ရန်ရှောင်စုကို တစ်ချက်ကြည့်လိုက်သည်။

“ကပ်ဘေးကြီး ပြီးနောက်ပိုင်း ကာလတွေမှာ လူသားတွေက ဘယ်နှစ်နှစ်တောင် ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရလဲဆိုတာကို သူတို့ကိုယ်တိုင်တောင် အတိအကျ မတွက်ချက်နိုင်ကြဘူး။ နေ့စဉ် အသက်ရှင်သန်ဖို့တောင် မနည်းကြိုးစားနေရတဲ့အချိန်မှာ အသိပညာ ဗဟုသုတတွေကို ဘယ်သူက လိုက်စားနိုင်မှာလဲ။”

“ဒါပေမဲ့ မှတ်တမ်းတချို့တော့ ကျန်ခဲ့သင့်တာပေါ့။ အဲ့ဒါတွေကို လေ့လာလိုက်ရင် ယဉ်ကျေးမှုက မြန်မြန်ဆန်ဆန် ပြန်ပေါ်လာနိုင်တာပဲ မဟုတ်ဘူးလား။”

ရန်ရှောင်စုက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဆက်ခံမှုက ပြတ်တောက်သွားခဲ့ပြီ။”

ကျန်းကျင်းလင်က နှမြောတသစွာဖြင့် ပြောလိုက်သည်။

“ငါ မင်းကို မေးပါရစေဦး။ အခု မင်းကို လေယာဉ်တစ်စင်း တည်ဆောက်ဖို့ အချက်အလက်တွေ အကုန်ပေးလိုက်မယ်ဆိုရင် မင်း တည်ဆောက်နိုင်မလား။”

“ကျုပ် အဲ့အကြောင်း မလေ့လာဖူးဘူးလေ။ အချက်အလက်တွေရှိရင် အချိန်အများကြီး သက်သာမှာမှန်ပေမဲ့ ကျုပ်အနေနဲ့ အစကနေ ပြန်ပြီးသင်ယူရမှာပဲ။”

ရန်ရှောင်စုက ဆိုသည်။

“အတိအကျပဲ။ အခု လူတိုင်းက အစကနေ ပြန်ပြီးသင်ယူနေကြရတယ်။”

ကျန်းကျင်းလင်သည် သူ၏ စီးကရက်ကို ငုံ့ကြည့်လိုက်ရာ တစ်ဝက်ခန့်သာ ကျန်တော့လေသည်။

သူသည် ထိုစီးကရက်ကို ဆက်သောက်ရမလား၊ မသောက်ဘဲ ချန်ထားရမလားဟု ဝေခွဲမရဖြစ်ကာ နှမြောသလို ဖြစ်နေ၏။ ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့ ရှေ့တွင် စီးကရက်တစ်ဝက်ကို သိမ်းထားလိုက်ပါက အရှက်ရစရာ ဖြစ်နေမလားဟုလည်း သူ တွေးမိပုံနေရသည်။

ရန်ရှောင်စုမှာမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။

“အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ အခက်အခဲတွေကို ကျော်လွှားပြီး အသိပညာကို ဆက်လက်ဆည်းပူးခဲ့တဲ့သူ တစ်ယောက်မှ တကယ်ပဲ မရှိခဲ့တာလား။”

“မရှိဘူး။ ရှိတဲ့လူအားလုံးလည်း ငတ်ပြတ်ပြီး သေကုန်ကြပြီ။”

ကျန်းကျင်းလင်က ဆိုသည်။

“ဒါဆို အဲဒီအသိပညာတွေအားလုံး ပျောက်ကွယ်သွားပြီပေါ့။”

ရန်ရှောင်စုက လက်မခံနိုင်စွာဖြင့် မေးလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ကျန်းကျင်းလင်က ရန်ရှောင်စုကို အလေးအနက် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“အဲဒီအသိပညာတွေဟာ လူနည်းစုရဲ့ လက်ထဲမှာပဲ ရှိနေကြတယ်လေ။”

...

“ကဲ ထားတော့”

ကျန်းကျင်းလင်က မတ်တတ်ရပ်လိုက်သည်။

“အဲ့တွေအကြောင်း ထပ်မမေးနဲ့တော့။ အတန်းတက်ဖို့ အချိန်ရောက်ပြီ။”

ရန်ရှောင်စုက ကျန်းကျင်းလင်ကို နောက်ဆုံးမေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

“ဆရာကျန်း ကျုပ်တို့ ခံတပ်ရဲ့ တံတိုင်းတွေကို ဘယ်တုန်းက တည်ဆောက်ခဲ့တာလဲ။ ပြီးတော့ ဘာကြောင့် တည်ဆောက်ခဲ့တာလဲ။”

“ကပ်ဘေးကြီးပြီးတဲ့နောက်မှာ တောရိုင်းတိရစ္ဆာန်တွေက သောင်းကျန်းလာခဲ့တယ်။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းကဆိုရင် ပိုးမွှားလှိုင်းလုံးကြီးတောင် ရှိခဲ့ဖူးတယ်လို့ ပြောကြတယ်။ လူသားတွေက အန္တရာယ်တွေကို ပိတ်ဆို့ဖို့အတွက် အမြင့်ဆုံး တံတိုင်းကြီးတွေကို မဖြစ်မနေ တည်ဆောက်ခဲ့ကြရတာပဲ။”

ကျန်းကျင့်လင်က ရှင်းပြလိုက်သည်။

“ဒါပေမဲ့ တောရိုင်းတိရစ္ဆာန် အများစုက ဆင့်ကဲပြောင်းလဲလာခဲ့ရင်တောင် လူသားတွေကို အရင်စပြီး ရန်မမူကြပါဘူး။”

ရန်ရှောင်စုက သိချင်စိတ်ဖြင့် ဆိုသည်။

မျောက်တွေက အပင်တွေကိုပဲ စားနေကြတုန်း၊ စာကလေးတွေကလည်း ကောက်နှံတွေကိုပဲ စားနေကြတုန်းပင်။ သူတို့က လူကို လိုက်မစားကြပေ။

လောလောဆယ်တွင် ခံတပ် အမှတ် (၁၁၃) သည် လူသားများ နေထိုင်ရာ စက်ဝိုင်းအတွင်းတွင် တည်ရှိပေသည်။ အလွန်ကြမ်းတမ်းသော တောရိုင်းတိရစ္ဆာန် အများစုမှာ စက်ဝိုင်းအပြင်ဘက်တွင်သာ ရှိကြခြင်းဖြစ်သည်။

ခံတပ်၏ အမှတ်စဉ် မြင့်လေလေ၊ ပို၍ အန္တရာယ်များလေလေ ဖြစ်သည်။ ဥပမာအားဖြင့် ဒဏ္ဍာရီလာ ခံတပ် အမှတ် (၁၇၈) သည် နှစ်စဉ် တောရိုင်းတိရစ္ဆာန်များကို မောင်းထုတ်ရင်း ထိခိုက်သေဆုံးမှုများစွာ ကြုံတွေ့နေရသည်။ သို့သော် ခံတပ် အမှတ် (၁၁၃) မှာမူ အတွင်းပိုင်းဟု သတ်မှတ်နိုင်ပေသည်။

ဝံပုလွေအုပ်များကဲ့သို့သော အန္တရာယ်များ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့မှာ ကျော်လွှား၍မရသော အရာများ မဟုတ်ပေ။ သို့ပါလျက်နှင့် ဤမျှကြီးမားသော လူသားအခြေစိုက်စခန်းတွင် အမြင့်ဆုံး တံတိုင်းကြီးများ ရှိနေရခြင်းမှာ အဘယ်ကြောင့်နည်း။

ကျန်းကျင်းလင်က ပြုံးလိုက်သည်။

“တောရိုင်းထဲမှာ အန္တရာယ်ရှိနေသရွေ့ ဒုက္ခသည်တွေက အသက်ရှင်ဖို့အတွက် ခံတပ်ကို အားကိုးနေကြရမှာပဲ။ ဒါက ခံတပ်အတွက် ဈေးပေါတဲ့ လုပ်အားတွေ အမြောက်အမြား ရရှိစေတယ်။ ခံတပ်တွေရဲ့ နောက်ကွယ်က လုပ်ငန်းစုကြီးတွေမှာ တောရိုင်းထဲက အန္တရာယ်တွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်စွမ်း မရှိဘူးလို့ မင်းထင်လို့လား။ လူသားတွေရဲ့ အပူစွမ်းအင်သုံး လက်နက်တွေက မင်းစိတ်ကူးနိုင်တာထက် ပိုပြီးစွမ်းအားကြီးတယ်။ ဒါပေမဲ့ သူတို့ ဘာလို့ အမြစ်ပြတ် မချေမှုန်းကြတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအန္တရာယ်တွေက သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်လို့ပဲ။”

ရန်ရှောင်စုသည် ထိုစကားများကို ကြားလိုက်ရသောအခါ နက်နက်နဲနဲ တွေးတောမိသွား၏။ သူသည် အသက်အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သော်လည်း အချို့သောအရာများကို မထိတွေ့ဖူးသဖြင့် နားမလည်နိုင်သည်မှာ သဘာဝပင်။ ထို့ကြောင့်လည်း သူသည် အသိပညာ ဗဟုသုတများကို တောင့်တနေခြင်း ဖြစ်သည်။

ကျန်းကျင်းလင်က ဆက်ပြောလိုက်သည်။

“သူတို့က တံတိုင်းတွေကို ဖြိုချမှာ မဟုတ်ဘူး။ တံတိုင်းအတွင်းက အကျိုးခံစားခွင့်ရနေတဲ့ လူတန်းစားတွေက ဒီလိုမျိုး သဘာဝအတိုင်း ပိုင်းခြားထားတဲ့ အဆင့်အတန်း အတားအဆီးကို ဘယ်လိုလုပ်ပြီး လက်လွှတ်ခံမှာလဲ။”

ထိုသို့ပြောပြီးနောက် ကျန်းကျင်းလင်သည် အဝတ်အစားလဲရန် ထွက်သွားတော့လေသည်။ ရန်ရှောင်စုက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဆရာကျန်း ဘာလို့ အဝတ်အစားလဲတာလဲ။ ဆရာ ဝတ်ထားတာတွေက မညစ်ပတ်သေးဘူးလေ။”

“ငါ အခု အဝတ်အစားတွေမှာ စီးကရက်နံ့တွေ စွဲနေပြီလေ။ ကျောင်းသားလေးတွေ အဲ့ဒီအနံ့ကို ရှူမိသွားရင် မကောင်းဘူး။”

ကျန်းကျင်းလင်က သူ၏ ကော်လာကို ပြုပြင်လိုက်ပြီး ပြောလိုက်တော့သည်။

ယန်လျို့ယွမ်က ဆရာ့ကို အထင်ကြီးလေးစားစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ရန်ရှောင်စုမှာမူ ရုတ်တရက် စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။

“ဒါဆို ကျုပ်ကျတော့ အနံ့ရှူလိုက်ရလည်း ရတယ်ပေါ့လေ။ ဆရာကျန်း... အခုနတုန်းက ကျုပ်ကိုကျတော့ ဘာလို့ ဝေးဝေးမှာနေလို့ မပြောခဲ့တာလဲ။”

ကျန်းကျင်းလင်သည် အတန်ကြာ စဉ်းစားပြီးနောက် “ထွက်သွားတော့” ဟုသာ ပြောလိုက်တော့သည်။

ထိုအချိန်တွင် ရန်ရှောင်စုသည် သူ၏စိတ်ထဲရှိ နန်းတော်မှ စကားသံကို တစ်ဖန် ကြားလိုက်ရပြန်သည်။

“တာဝန် - အသိပညာကို တောင့်တခြင်းက ဘယ်သောအခါမှ မမှားပါဘူး။ သို့သော် သင်ယူပြီးသောအရာကို ပြန်လည်သင်ကြားပေးရမည်။”

ရန်ရှောင်စု အနည်းငယ် ကြောင်အသွားခဲ့သည်။ ဤတာဝန်က သူ့ကို ဘာလုပ်ခိုင်းနေသလဲဆိုသည်ကို သူ အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။

...

မွန်းလွဲပိုင်း အတန်းချိန်တွင် ကျောင်းသားအားလုံးမှာ ထူးဆန်းသလို ခံစားနေကြရသည်။ သူတို့ထက် အသက်အနည်းငယ် ပိုကြီးသော ရန်ရှောင်စုသည် တံခါးအပြင်ဘက်တွင် ရပ်နေသဖြင့် ကျောင်းသားအများအပြားမှာ သူ့ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေကြလေသည်။

ကျန်းကျင်းလင်သည် ကျောင်းသားများ၏ စူးစမ်းလိုစိတ်ကို ရပ်တန့်ရန်အတွက် ကျောက်သင်ပုန်းကို အကြိမ်အနည်းငယ် ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေ့ မွန်းလွဲပိုင်းမှာ ငါတို့ အသက်ရှင်သန်နေထိုင်ခြင်း အတတ်ပညာကို သင်ယူကြမယ်။”

၎င်းမှာ ဤခေတ်ကာလ စာသင်ကျောင်း၏ ထူးခြားချက်တစ်ခုဖြစ်သည်။ စာပေနှင့် သိပ္ပံပညာကိုသာမက အသက်ရှင်သန်ရပ်တည်ရေး အတတ်ပညာကိုပါ သင်ကြားပေးခြင်း ဖြစ်သည်။

သို့သော် ဤအတန်းမှာ ကျန်းကျင်းလင်အတွက် အမြဲတမ်း ခေါင်းခဲစရာ ဖြစ်ခဲ့သည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း တောရိုင်းထဲတွင် အမှန်တကယ် ရှင်သန်နေထိုင်ဖူးခြင်း မရှိသောကြောင့်ပင်။ သူသည် ခံတပ် အမှတ် (၁၁၃) အပြင်ဘက်ရှိ ဈေးမြို့ကလေးတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ယခုအခါ သူသည် ဆောင်းဦးနှင့် နွေဦးပေါင်း ၃၀ ကျော်ကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်ရာ ငယ်စဉ်က မိဘများကို အားကိုးခဲ့ပြီး အရွယ်ရောက်သောအခါ ဆရာတစ်ယောက် ဖြစ်လာခဲ့သူ ဖြစ်သဖြင့် တောရိုင်းထဲတွင် ရှင်သန်ရမည့် အတတ်ပညာ၌ သူသည် တကယ်တမ်းတွင် ကျွမ်းကျင်သူ မဟုတ်ပေ။

ထို့ကြောင့် အချိန်အတော်များများတွင် သူသည် အတိတ်မှ ကျန်ရစ်သော မှတ်တမ်းများကို ဖတ်ပြရုံသာ တတ်နိုင်သည်။

ကျန်းကျင်းလင်သည် စာသင်ခန်းထဲရှိ ကျောင်းသားများကို ကြည့်ကာ ပြောလိုက်သည်။

“သေသေချာချာ နားထောင်ကြ။ အန္တရာယ်ဆိုတာ မင်းတို့နဲ့ ဝေးကွာနေတယ်လို့ မထင်နဲ့။ အခုချိန်မှာ မင်းတို့ကို ကာကွယ်ပေးမယ့် မိဘတွေ ရှိနေပေမဲ့ လူကြီးဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ သင်ယူထားရမယ်။ ဒီနေ့မှာ တောရိုင်းထဲမှာ ဝံပုလွေအုပ်နဲ့ တိုးခဲ့ရင် ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးကြမယ်။”

အောက်ဘက်ရှိ ကျောင်းသားများသည် အသက်ရှင်သန်နေထိုင်ခြင်း အတတ်ပညာ သင်ခန်းစာကို အနှစ်သက်ဆုံး ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များမှာ သူတို့၏ အသက်အရွယ်အတွက် ပျင်းစရာကောင်းနေသော်လည်း ဤဘာသာရပ်မှာမူ နားထောင်ကောင်းသော တစ်ခုတည်းသော ဘာသာရပ်ဖြစ်သည်။

ထိုအချိန်တွင် စာသင်ခန်းတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။ ကျန်းကျင်းလင်သည် တံခါးဝတွင် ရပ်၍ နားထောင်နေသော ရန်ရှောင်စုကို ကြည့်ကာ မေးလိုက်သည်။

“ကောင်းပြီ... မင်း ပြောပြပါဦး။ တောရိုင်းထဲမှာ ဝံပုလွေအုပ်နဲ့ တိုးရင် ဘာလုပ်သင့်သလဲ။”

ရန်ရှောင်စုက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“ပတ်ပတ်လည်မှာ သစ်ပင်တွေရှိတဲ့ တောင်ကုန်းပေါ်ကို အရောက်သွားဖို့ ကြိုးစားရမယ်။”

“ဘာကြောင့်လဲ။”

“ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက သင်္ချိုင်းမြေအတွက် ဖုန်းရွှေပိုကောင်းလို့ပဲ။”

ကျန်းကျင်းလင်: “???”

All Chapters