အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း ၇ - အစားထိုးဆရာ
ကျန်းကျင်းလင်း ရန်ရှောင်စု၏ အဖြေကြောင့် ဆွံ့အသွားစဉ်တွင် ရန်ရှောင်စုကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်ကိုမူ ကျန်းကျင်းလင် မသိခဲ့ပေ။
သူသိထားသည့် အသိပညာများကို လူတိုင်းအား သင်ကြားပေးခဲ့ပြီ မဟုတ်ပါလော။ အဘယ်ကြောင့် မစ်ရှင်က မပြီးဆုံးသေးသနည်း။
သူသင်ပေးလိုက်သည့် အသိပညာများထဲတွင် တစ်ခုခုမှားယွင်းနေ၍လော...။
“ဆရာ”
ရန်ရှောင်စုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“အပြင်က တောရိုင်းဝံပုလွေတွေက အခု ဘယ်လောက်တောင် ကြီးမားနေပြီလဲဆိုတာ ဆရာ မြင်ဖူးမှာမဟုတ်ဘူး။ ဈေးမြို့လေးထဲက လူအများစုတောင် အဲ့ဒါတွေကို မမြင်ဖူးသလို ရင်လည်း မရင်ဆိုင်ဖူးကြဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ကြုံဖူးတယ်။ ဝံပုလွေအုပ်နဲ့ တိုးတာကို ထားလိုက်ဦး။ ဝံပုလွေတစ်ကောင်တည်းနဲ့ တိုးရင်တောင် အတူတူပဲ။ ကိုယ့်အတွက် မြေမြှုပ်မယ့်နေရာသာ ကြိုရှာထားလိုက်တော့။”
ရန်ရှောင်စုသည် ကျန်းကျင်းလင်က သူ့ကို ပြန်လည်ချေပလိမ့်မည်ဟု ထင်ထားခဲ့၏။ အကြောင်းမှာ ဤသို့ပြောခြင်းသည် ကျောင်းဆရာတစ်ယောက်၏ သြဇာနှင့် သိက္ခာကို အတန်ငယ် ထိခိုက်စေသောကြောင့်ဖြစ်သည်။
သို့သော် ကျန်းကျင်းလင်သည် အတော်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“ဒီနေ့ကစပြီး မင်း စာသင်ခန်းထဲမှာ ထိုင်ပြီး စာသင်လို့ရပြီ။ ပြီးတော့ မင်းက အသက်ရှင်သန်ရပ်တည်ရေး ဘာသာရပ်ကိုလည်း သင်ပြပေးရမယ်။”
အမှတ် (၁၁၃) ခံတပ် အပြင်ဘက်ရှိ ဈေးမြို့လေးမှ စာသင်ကျောင်းလေးတွင် ပထမဆုံးအကြိမ်အဖြစ် အစားထိုးဆရာတစ်ယောက် ရှိလာခဲ့ပြီဖြစ်သည်။
သို့သော် ရန်ရှောင်စုသည် ဝံပုလွေတစ်ကောင်တည်း သို့မဟုတ် ဝံပုလွေအုပ်နှင့် တိုးပြီးနောက် မည်သို့အသက်ရှင်အောင် ရုန်းကန်ခဲ့ရသည်ကိုမူ အတန်းထဲတွင် ရှင်းပြခြင်း မရှိခဲ့ပေ။
“မစ်ရှင် အောင်မြင်ပါသည်။ ဆုလာဘ်- ခွန်အား+၁.၀။”
..
တစ်နေ့တာလုံး ကုန်ဆုံးသွားသော်လည်း ရန်ရှောင်စုသည် အခြေခံစကေးကူးယူခြင်း စာရွက်ကို အသုံးပြုရန် အခွင့်အရေး မရသေးပေ။ သူသည် အသိပညာများကို ဆည်းပူးလို၍ ကျောင်းသို့သွားခဲ့ခြင်းဖြစ်သော်လည်း ကျန်းကျင်းလင် ပိုင်ဆိုင်သည့် အသိပညာများသည် လောလောဆယ်တွင် သူ၏အသက်ရှင်သန်ရပ်တည်ရေးအတွက် များစွာ အထောက်အကူမပြုသေးပေ။
ရန်ရှောင်စုအတွက် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ အသက်ရှင်သန်ရေးသာ ဖြစ်သည်။
ထို့ကြောင့် ထိုစာရွက်ကို အသုံးမပြုနိုင်သေးသရွေ့ သူ၏စိတ်ထဲတွင် ရှိနေသောအရာအားလုံးသည် သူ၏စိတ်ကူးယဉ်မှုသက်သက်လော ဆိုသည်ကို အတည်မပြုနိုင်သေးပေ။
သို့သော် ရန်ရှောင်စုက စိတ်ရှည်စွာ စောင့်ဆိုင်းနေဆဲပင်။ အကြောင်းမှာ နောက်ထပ်မစ်ရှင်တစ်ခု ရှိလာဦးမည်ဟု သူခံစားနေရသောကြောင့်ဖြစ်သည်။
ယခုအခါ သူသည် နောက်ထပ်မစ်ရှင်တစ်ခုကို အောင်မြင်ပြီး ခွန်အား ၁.၀ ကို ရရှိခဲ့၏။ ၎င်းမှာ အလွန်သိသာသော ကိန်းဂဏန်းတစ်ခုဖြစ်ပြီး ရန်ရှောင်စုသည် မိမိခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ပို၍ပင် တိုက်ရိုက် ခံစားနေရသည်။
သူ၏အဝတ်အစားအောက်ရှိ ကြွက်သားများမှာ အနည်းငယ် ထွက်ပေါ်လာသည်ကိုပင် သူခံစားမိနေခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တစ်ခုပင်။ မည်သူမျှ ၀.၁ စက္ကန့်အတွင်း၌ ကြွက်သားခွန်အားများ ရုတ်တရက် တိုးပွားလာခြင်း မရှိနိုင်ပေ။
ယခုအခါ ရန်ရှောင်စုသည် မိမိစိတ်ထဲရှိ ထိုနန်းတော်မှာ အမှန်တကယ်ပင် ထူးခြားသည့် စွမ်းရည်တစ်ခုဖြစ်ကြောင်း သေချာသွားခဲ့ပြီဖြစ်သည်။ ဤအချက်က သူ့ကို အလွန်အမင်း ဝမ်းသာပီတိဖြစ်စေခဲ့သည်။ အမှန်စင်စစ် သူသည် စောစောစီးစီးကပင် ပျော်ရွှင်နေသင့်သော်လည်း ၎င်းမှာ အတုအယောင်ဖြစ်နေမည်ကို သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
အမဲလိုက်လေ့ရှိသူတစ်ဦးသည် မိမိ၏ခန္ဓာကိုယ်အကြောင်းကို ကောင်းစွာ သိထားရပေမည်။ သင်သည် မည်မျှလေးသော အလေးချိန်ကို သယ်ဆောင်နိုင်သလဲ၊ သင်၏လက်သီးချက် သို့မဟုတ် ဓားချက်မှာ မည်မျှမြန်ဆန်ပြီး ပြင်းထန်သလဲဆိုသည်ကို အတိအကျ သိထားရန် လိုအပ်သည်။
ထို့ကြောင့် ရန်ရှောင်စုသည် သူ၏ခွန်အားအသစ်ကို ချက်ချင်းပင် ဆန်းစစ်ကြည့်လိုက်၏။ သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခွန်အားမှာ ၃.၀ ဖြစ်ပါက ယခင်က ရန်ရှောင်စု၏ ခွန်အားမှာ ၂.၅ ဖြစ်သည်။
သူသည် အသက် ၁၇ နှစ်သာ ရှိသေးသဖြင့် လူကြီးတစ်ယောက်ထက် အနည်းငယ် အားနည်းနေခြင်းမှာ ပုံမှန်ပင်။ သူသည် ယခုနှစ်များတစ်လျှောက် ဈေးမြို့လေးတွင် အသက်ရှင်နိုင်ခဲ့ခြင်းမှာ ခွန်အားကြီးမား၍မဟုတ်ဘဲ ရက်စက်တတ်ခြင်း၊ နိုးနိုးကြားကြားရှိခြင်းနှင့် တည်ငြိမ်ခြင်းတို့ကြောင့်သာ ဖြစ်သည်။
ယခုအခါ သူ၏ခွန်အားမှာ သာမန်လူကြီးတစ်ဦးထက် သာလွန်သွားပြီဖြစ်ရာ ဤဖုန်းဆိုးမြေပေါ်တွင် သူ၏ အသက်ရှင်နိုင်စွမ်း အခွင့်အလမ်းမှာ ပို၍ပင် ကြီးမားလာပြီဖြစ်သည်။
ကျောင်းဆင်း၍ အိမ်အပြန်လမ်းတွင် ယန်လျို့ယွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အစ်ကို အစ်ကိုက အခု အစားထိုးဆရာ ဖြစ်သွားပြီဆိုတော့ နောင်ကျရင် ဆရာကျန်းရဲ့နေရာကို ဆက်ခံပြီး ငါတို့ ဈေးမြို့လေးရဲ့ ကျောင်းဆရာ ဖြစ်လာနိုင်တာပဲ။”
ရန်ရှောင်စု အနည်းငယ် တွေဝေသွားပြီး ပြောလိုက်သည်။
“အဲဒီလို ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ ဆရာကျန်းကိုယ်တိုင်လည်း အစားထိုးဆရာအဖြစ်ကနေ စခဲ့တာပဲလေ။ ဆရာအိုကြီး ဆုံးသွားပြီးတဲ့နောက်မှ ကျောင်းကို လွှဲပြောင်းရယူခဲ့တာ။”
“ဒါပေါ့။ ဒါကို မြို့ထဲကလူတိုင်း သိကြတယ်။ အစားထိုးဆရာ ဖြစ်လာတဲ့သူက နောက်ပိုင်းမှာ ကျောင်းဆရာ ဖြစ်လာမယ့်သူပဲ။ စဉ်းစားကြည့်ပါဦး...ဆရာကျန်းက အစ်ကို့ကို ကျောင်းထဲပေးဝင်တယ်။ ပြီးတော့ အစားထိုးဆရာ ခန့်တယ်ဆိုတော့ သူ့နေရာကို ဆက်ခံဖို့ ရွေးလိုက်တာပဲ ဖြစ်ရမယ်။”
ယန်လျို့ယွမ်က ရယ်မောရင်း ပြောလိုက်သည်။
“ဈေးမြို့လေးထဲကလူတွေသာ ဒါကို သိသွားရင် နောက်ဆို ငါတို့ကို ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတော့မှာပဲ။”
“ဒါက နည်းနည်းတော့ ဝေးလွန်းနေသေးတယ်။”
ရန်ရှောင်စုက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ငါ့အထင်တော့ သူ ဆေးလိပ်ပြတ်နေလို့လည်း ဖြစ်နိုင်တာပဲ။”
“...”
ယန်လျို့ယွမ်က ရန်ရှောင်စုကို ကြည့်လိုက်၏။
“အစ်ကို...မင်း အတည်ပြောနေတာလား။”
“တကယ်လို့ ငါသာ ကျောင်းဆရာ ဖြစ်လာခဲ့ရင်လည်း ဆိုးတော့မဆိုးပါဘူး။”
ရန်ရှောင်စုက ဆိုသည်။
“ငါ ကျောင်းဆရာဖြစ်တာနဲ့ မင်းကို ဒီရာထူး လွှဲပေးလိုက်ရင် မင်းလည်း ကျောင်းဆရာ ဖြစ်သွားပြီ မဟုတ်ဘူးလား။”
ရန်ရှောင်စုအတွက်မူ နောင်တစ်ချိန်တွင် ကျောင်းဆရာလုပ်ရန် ကျောင်းသို့သွားဖို့ သူအမှန်တကယ် မစဉ်းစားခဲ့ပေ။ သူက ထိုအလုပ်ကို အထင်သေး၍ မဟုတ်ချေ။ အကယ်၍ အထင်သေးခဲ့လျှင် ယန်လျို့ယွမ်ကို လွှဲပေးမည်မဟုတ်ပေ။
ထိုသို့မဟုတ်ဘဲ သူကိုယ်တိုင်က ထိုကဲ့သို့သော အလုပ်မျိုးနှင့် မသင့်တော်ဟု ခံစားနေရခြင်းဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် ခံတပ်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေး လုံးဝမရှိခဲ့လျှင် တောရိုင်းမြေပြင်သည်သာ သူနှင့်ထိုက်တန်သော နေရာဖြစ်ပေလိမ့်မည်။
ရန်ရှောင်စုသည် နောင်တစ်ချိန်တွင် ယန်လျို့ယွမ်အား ကျောင်းဆရာရာထူး လွှဲပြောင်းပေးမည့်အကြောင်း စိတ်ကူးယဉ်ရင်း လမ်းလျှောက်နေသော်လည်း ယန်လျို့ယွမ် ခြေလှမ်းများ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်ကို သတိမထားမိခဲ့ပေ။ ယန်လျို့ယွမ်သည် ရန်ရှောင်စု၏ ကျောပြင်ကို ကြည့်ရင်း ပြောမပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လက်များတွင် ပတ်တီးများ ပတ်ထားရဆဲဖြစ်သော ဤဆယ်ကျော်သက်လူငယ်သည် စကားပြောရာတွင် ကြမ်းတမ်းသော်လည်း အကောင်းဆုံးအရာဟူသမျှကို သူ့အတွက်သာ အမြဲချန်ထားပေးချင်သူ ဖြစ်သည်။
ရန်ရှောင်စု နောက်လှည့်ကြည့်လိုက်သောအခါ ယန်လျို့ယွမ်မှာ အနောက်ဘက်တွင် အဝေးကြီး ကျန်နေခဲ့သည်ကို တွေ့လိုက်ရသဖြင့် စိတ်တိုတိုနှင့် လှမ်းပြောလိုက်သည်။
“ဘာလုပ်နေတာလဲ။ မြန်မြန် လိုက်ခဲ့လေ။”
“လာပြီ။”
ခံတပ်အပြင်ဘက်ရှိ စက်ရုံခေါင်းတိုင်များမှ အဖြူရောင်မီးခိုးတန်းများမှာ ကောင်းကင်သို့ လွင့်ပျံနေပြီး နိမ့်ဆင်းနေသော နေလုံးကြီး၏ အလင်းရောင်သည်လည်း သူတို့၏ကျောပြင်ပေါ်သို့ ဖြာကျနေပြီဖြစ်သည်။ ၎င်းမှာ ဘဝတွင် မည်သည့်သောကမျှ မရှိသယောင်ပင်။
...
အိမ်အပြန်လမ်းတွင် ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့သည် ခံတပ်ထဲမှ ထွက်လာသော လူတစ်စုကို ရုတ်တရက် မြင်လိုက်ရသည်။ သူတို့အဖွဲ့မှာ ၁၃ ယောက် သို့မဟုတ် ၁၄ ယောက်ခန့် ရှိသည်။ ထက်ဝက်ခန့်မှာ ထူးဆန်းပြီး အရောင်အသွေးစုံလင်သော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ကျန်ထက်ဝက်မှာမူ အမှတ် (၁၁၃) ခံတပ်အုပ်ချုပ်သူ၏ ကြေးစားစစ်သည် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ယခုတစ်ခေါက်တွင် စစ်သားများပါ အတူလိုက်ပါလာသည်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် နယ်ခြားတောင်တန်းကဲ့သို့သော နေရာမျိုးသို့ အဘယ်ကြောင့် သွားရဲကြသည်မှာ မဆန်းတော့ပေ။
လမ်းပြရှာနေသော ဤလူများသည် အမှန်တကယ်တွင် တိုက်ခိုက်ရေးစွမ်းရည်ရှိသော လမ်းပြကို လိုအပ်ခြင်းမဟုတ်ဘဲ လမ်းသိရုံဖြင့် လုံလောက်ပြီဖြစ်သည်။
သို့သော် ရန်ရှောင်စုကမူ အမှတ် (၁၁၃) ခံတပ်အုပ်ချုပ်သူ၏ ကိုယ်ပိုင်ကြေးစားတပ်ဖွဲ့များသည် အလွန်တရာ အစွမ်းထက်လိမ့်မည်ဟု မထင်ပေ။ အမှန်အတိုင်းဆိုရသော် ထိုကြေးစားစစ်သားများ အပြင်ထွက်လာသည်ကို သူ မြင်ရခဲလှပြီး ၎င်းတို့သည် အမှန်တကယ် တိုက်ပွဲဝင်ဖူးခြင်း သို့မဟုတ် သွေး မြင်ဖူးခြင်း ရှိ၊ မရှိမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။
ထိုစဉ်တွင် ရန်ရှောင်စုသည် ထိုကြေးစားစစ်သားအချို့ စစ်ထုတ်တံပါသော ဆေးလိပ်များ သောက်နေကြသည်ကို မြင်လိုက်ရ၏။ ဤကဲ့သို့ စစ်ထုတ်တံပါသော ဆေးလိပ်မျိုးကို ဈေးမြို့လေးတွင် တွေ့ရခဲလေသည်။
ဆေးလိပ်နံ့ သင်းသင်းလေး လွင့်ပျံလာသောအခါ ရန်ရှောင်စုသည် ထူးဆန်းသော အနံ့တစ်ခုကိုပါ ခံစားလိုက်ရသည်။ ၎င်းမှာ လောင်ဝမ် ပြောခဲ့သည့် စက်ရုံထုတ်ဆေးလိပ် အတော်များများတွင် လူကို စိတ်ကြွစေသော စွဲလမ်းစေသည့် ဆေးဝါးများ ထည့်ထားတတ်ကြောင်းကို သတိရသွားစေခဲ့သည်။
ရန်ရှောင်စု ဇဝေဇဝါ ဖြစ်သွား၏။
ကြည်လင်သော ဦးနှောက်ရှိရန် လိုအပ်သည့် ကြေးစားစစ်သားဆိုသော အလုပ်မျိုး လုပ်သူများက အမှန်တကယ်ပင် ဤကဲ့သို့အရာမျိုးကို သောက်နေကြသလော။
ဤအရာများကို သောက်ရင်း ရူးသွပ်သွားသူအချို့ကို သူမြင်ဖူးခဲ့သော်လည်း ဤကြေးစားစစ်သားများ သောက်နေသည်မှာ ပို၍ အဆင့်မြင့်ပုံပေါ်သည့် အမျိုးအစား ဖြစ်နေသည်။
ဈေးမြို့လေးရှိ လူအချို့မှာ သူတို့ကို ဝိုင်းအုံကြည့်နေကြ၏။ အကြောင်းမှာ ထိုလူများ၏ သန့်ရှင်းနေသော မျက်နှာများသည် ဈေးမြို့လေးရှိ လူများနှင့် သိသိသာသာ ကွာခြားနေသောကြောင့်ပင်။
“အစ်ကို...ခံတပ်ထဲမှာ ရေတွေ အရမ်းပေါနေတာလား။ သူတို့က နေ့တိုင်း မျက်နှာသစ်နိုင်ကြတာလား။”
ယန်လျို့ယွမ်က သူ၏တောက်ပသော မျက်လုံးလေးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း မေးလိုက်သည်။
“အားကျမနေနဲ့။ ငါတို့မျက်နှာက အဆီတွေက ငါတို့ရဲ့ အရေပြားကို ကာကွယ်ပေးနိုင်တယ်...။”
ရန်ရှောင်စုက သူ့ကို စိတ်မပါ့တပါဖြင့် နှစ်သိမ့်လိုက်သည်။
သို့သော် သူသည် ထိုလူအုပ်ထဲတွင် ထူးခြားနေသူတစ်ဦးကို ရုတ်တရက် မြင်လိုက်ရ၏။ သူမမှာ လျှာဦးထုပ်ဆောင်းထားပြီး ဦးထုပ်အနားသတ်ကို နှိမ့်ချထားသဖြင့် အသက်အရွယ်ကို ခန့်မှန်း၍မရပေ။ ပုံမှန်ဟု ဆိုနိုင်သော အဝတ်အစားများကို ချောင်ချောင်ချိချိ ဝတ်ဆင်ထားသော်လည်း သူမနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။
ရန်ရှောင်စု သူမကို သတိထားမိသွားရခြင်းမှာ သူမကို မြင်လိုက်ရခြင်းသည် တောရိုင်းမြေပြင်တွင် သားရဲတစ်ကောင်နှင့် တိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။
ရန်ရှောင်စုသည် ဤအုပ်စုတွင် ပြဿနာတစ်ခုခုရှိနေသည်မှာ သေချာသည်ဟူသည့် သူ၏ပင်ကိုယ်သိစိတ်ကို ယုံကြည်လိုက်သည်။
ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့ အဝေးမှ ရပ်ကြည့်နေစဉ် ထိုလူစုမှာ ကုန်စုံဆိုင်တွင် စာကလေးများ လိုက်လံဝယ်ယူနေသည့် လောင်ဝမ်ကို တစ်ခုခုမေးမြန်းနေကြောင်း ဝေဝေဝါးဝါး နားလည်လိုက်သည်။
အသံကျယ်လောင်လှသော လောင်ဝမ် ပြောနေသည့်စကားများကိုလည်း သူ ကြားလိုက်ရသည်။
“ခင်ဗျားတို့ နယ်ခြားတောင်တန်းကို ဖြတ်ချင်တယ်ဆိုရင်တော့ ဟိုကောင်လေး ရန်ရှောင်စုကို ရှာမှဖြစ်မယ်။ သူသာမပါရင် ခင်ဗျားတို့ ဘယ်လိုမှ ဖြတ်သွားနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် အပြင်က တောရိုင်းမြေပြင်မှာ ဝံပုလွေအုပ်တွေ ရှိနေတယ်။ ကျုပ်အကြံပေးချင်တာက နယ်ခြားတောင်တန်းကို မဖြတ်တာ အကောင်းဆုံးပဲ။”
ကြေးစားစစ်သားတစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
“ဝံပုလွေအုပ်က သေနတ်သံကြားတာနဲ့ လန့်ပြေးသွားမှာပဲ။ ငါတို့က ဝံပုလွေအုပ်ကို စိုးရိမ်နေရဦးမှာလား။”
ရန်ရှောင်စု အနည်းငယ် မှင်တက်သွား၏။
ဝံပုလွေအုပ်က သေနတ်သံကို ကြောက်တတ်သည်လော။
၎င်းမှာ သားရဲများ၏ သဘာဝလည်း ဖြစ်နိုင်ပေသည်။ သူသည် ယခင်က သေနတ်များကို မမြင်ဖူးသဖြင့် တစ်ဖက်လူပြောသည်မှာ မှန်၊ မမှန် မသေချာသော်လည်း ယေဘုယျအားဖြင့်မူ သံသယရှိနေမိသည်။
ထိုစဥ် နောက်ထပ် ကြေးစားစစ်သားတစ်ဦးက ပြောလိုက်သည်။
“ရန်ရှောင်စုဆိုတာ ဘယ်သူလဲ။ ငါတို့အတွက် သူ့မှာ တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိဖို့ မလိုဘူး။ လမ်းသိရင် ရပြီ။”
“သြော်... ရန်ရှောင်စုဆိုတာ ကျုပ်တို့ ဈေးမြို့လေးမှာ နာမည်ကြီးတဲ့ ကျွမ်းကျင်မုဆိုးလေးပဲ။ သူက လမ်းအကုန်လုံးနီးပါးကို သိတယ်။ သူ့ကိုရှာတာက မှားမှာမဟုတ်ဘူး။”
လောင်ဝမ်က ပြုံးရင်း ပြောလိုက်သည်။
“သူ့ကို ရှာတာတော့ အမှားမရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီကောင်လေးက ခေါင်းနည်းနည်း ကြောင်တောင်တောင် ဖြစ်နေတာ လေးတစ်ခုပဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ ရန်ရှောင်စုသည် လှည့်ထွက်လာပြီး ယန်လျို့ယွမ်ကို မေးလိုက်သည်။
“လောင်ဝမ်ရဲ့သားကလည်း မင်းတို့အတန်းထဲမှာပဲ မဟုတ်လား။ ဟို ဝတုတ်တုတ်ကောင်လေးလေ။”
ယန်လျို့ယွမ်တစ်ယောက် လန့်သွား၏။
“အစ်ကို...သူ့ မိသားစုကိုတော့ သွားမပတ်သက်ပါနဲ့...။”
ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်သည်။ မူလက သူသည် ဤကိစ္စနှင့် ဝေးဝေးနေရန် ရည်ရွယ်ထားသော်လည်း လောင်ဝမ်က ဤကဲ့သို့သော ထူးဆန်းသည့် လူအုပ်စုထံသို့ သူ့ကို အထူးတလည် ညွှန်းဆိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အခန်း ၈ - သူက တကယ်ပဲ စိတ်မနှံ့တာပါ
ညမှောင်လာသည်နှင့်အမျှ ဈေးမြို့လေးရှိ လူများသည် မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လာကြ၏။ အိမ်နှင့်နေသူများက တံခါးကို ကျကျနန ဂျက်ထိုးပိတ်ဆို့ကြပြီး တဲစုတ်များနှင့် နေသူများကမူ တံခါးလိုက်ကာများကို တတ်နိုင်သမျှ လုံခြုံအောင် ဖုံးအုပ်ထားကြသည်။
ထိုနေ့ညနေ ရန်ရှောင်စု ပြန်လာသောအခါ ကော်စက်ရုံမှ အလုပ်ဆင်းလာသည့် အမျိုးသားတစ်ဦး ညဘက်တွင် ဓားဖြင့် အထိုးခံရ၍ သေဆုံးသွားကြောင်း ကြားသိလိုက်ရသည်။ ထိုသူ၏ ငွေစုတတ်သည့် အလေ့အထကို တစ်စုံတစ်ယောက်က သိရှိသွားပြီး မကောင်းသော အကြံအစည်များ ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဈေးမြို့လေးရှိ လူများသည် ဘဝကို ရုန်းကန်ရန်အတွက် အဖော်နှင့် တွဲနေတတ်ကြ၏။ သူငယ်ချင်းများ၊ ညီအစ်ကိုများ သို့မဟုတ် စုံတွဲများမှာ အတူတူနေထိုင်ကြပြီး တစ်လှည့်စီ ကင်းစောင့်ကြသည်။ အကြောင်းမှာ ထိုသို့လုပ်ခြင်းက ပို၍ လုံခြုံသည်ဟု သူတို့ ခံစားရသောကြောင့် ဖြစ်သည်။
ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့သည်လည်း အစကတည်းက ဤနည်းအတိုင်းပင် အတူတူ ရှိခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အသက်ရှင်ရပ်တည်ရေးအတွက် အတူတကွ လက်တွဲခဲ့သည့် အဖော်ဖြစ်သူ၏ ဒုက္ခပေးခြင်းကို ခံရသူအချို့လည်း ရှိခဲ့ဖူးပေသည်။
ထိုသို့ ပြုလုပ်သူများသည် များသောအားဖြင့် အမြင်ကျဉ်းမြောင်းသူများ ဖြစ်ကြသည်။ သူတို့ မသိနားမလည်သည်မှာ မိမိ၏ အဖော်ကို တစ်ကြိမ် ဒုက္ခပေးလိုက်သည်နှင့် မည်သူကမျှ သူတို့ကို ထပ်မံ ယုံကြည်တော့မည် မဟုတ်ခြင်းပင်။
အထီးကျန် လူတစ်ဦးတည်း ဖြစ်သွားသော ပြစ်မှုကျူးလွန်သူများသည် များသောအားဖြင့် ကောင်းသော အဆုံးသတ်နှင့် မကြုံရတတ်ပေ။
ရန်ရှောင်စုသည် သူ၏ တဲစုတ်လေးထဲတွင် ထိုင်ရင်း လက်မှ ပတ်တီးစကို ဖြေလိုက်၏။ ဒဏ်ရာ၏ အခြေအနေကို မြင်လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်သွားမိသည်။
ဒဏ်ရာတစ်ဝိုက်တွင် နီရဲပြီး ရောင်ကိုင်းနေကာ ပိုးဝင်နေသည့် လက္ခဏာပင် ဖြစ်သည်။ ထိုစဉ် ယန်လျို့ယွမ် အနားသို့လျှောက်လာသည်ကို မြင်သောအခါ သူသည် အဝတ်စဖြင့် ဒဏ်ရာကို အမြန်ပြန်ဖုံးလိုက်သည်။
“အစ်ကို မင်းရဲ့ဒဏ်ရာ...အဆင်ပြေရဲ့လား။”
ယန်လျို့ယွမ်က မေးလိုက်သည်။
“ပြေပါတယ်။”
ရန်ရှောင်စုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“မယုံဘူး...ငါ့ကို ပြ..။”
ယန်လျို့ယွမ်က ပြောရင်း ရန်ရှောင်စု အခုလေးတင် ပြန်ပတ်ထားသည့် အဝတ်စကို ဖြေရန် လက်လှမ်းလိုက်၏။
“ငါက ပြေတယ်ဆို ပြေတယ်ပေါ့။”
ရန်ရှောင်စုက ယန်လျို့ယွမ်ကို တွန်းထုတ်လိုက်၏။
“တကယ်လို့ တစ်ခုခုဖြစ်ရင် ငါ ဆေးသွားဝယ်မှာပေါ့။”
“ငါ့ကို မလိမ်နဲ့။ ပြီးခဲ့တဲ့ တစ်ခါတုန်းကလည်း အစ်ကို အတင်းအောင့်ခံခဲ့တာပဲ။”
ယန်လျို့ယွမ်က စိတ်မကောင်းဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ ရန်ရှောင်စု သက်ပြင်းချလိုက်မိ၏။
“စိတ်မပူပါနဲ့။ ငါ့အသက်နဲ့တော့ ငါ အလောင်းအစား မလုပ်ပါဘူး။”
တိရစ္ဆာန်လောကတွင် သားရဲများသည် အလွယ်တကူ အမဲမလိုက်တတ်ကြပေ။ အကြောင်းမှာ အသေးအဖွဲ ဒဏ်ရာဖြစ်နေလျှင်ပင် ဒဏ်ရာရခြင်းသည် သေခြင်းသို့ ဦးတည်နိုင်သည်ဟူသော အချက်ကို သူတို့အားလုံး နားလည်ထားကြသောကြောင့်ပင်။
သားရဲများတောင် ဤအချက်ကို နားလည်ပါက ရန်ရှောင်စုအနေဖြင့် မည်သို့နားမလည်ဘဲ နေပါမည်နည်း။
“အယ်... အစ်ကို မင်း ကြည့်ကြည့်... ကုလားထိုင်အောက်မှာ အာလူးနှစ်လုံးနဲ့ ဆေးလုံးသုံးလုံး ဝှက်ထားတယ်။ ဒါ အစ်ကို ဒီနေ့ဝယ်ချင်နေတဲ့ အရောင်ကျဆေးတွေ မဟုတ်ဘူးလား။ ပုံစံချင်း အတူတူပဲ။”
ယန်လျို့ယွမ်က ဝမ်းသာအားရ ပြောလိုက်သည်။
“အစ်ကို ထားထားတာလား။”
“ငါ ထားထားတာမဟုတ်ဘူး။”
ရန်ရှောင်စုက ခေါင်းခါရင်း ထိုဆေးလုံးသုံးလုံးကို စစ်ဆေးကြည့်လိုက်သည်။
“ဒါတွေက တကယ် သာမန် အရောင်ကျဆေးတွေပဲ။”
“ဒါဆိုရင်တော့ အစ်မရှောင်ယွီ ထားခဲ့တာပဲ ဖြစ်ရမယ်။ ငါ သူမကို အစ်ကို ဒဏ်ရာရထားတယ်လို့ ပြောလိုက်မိသေးတယ်။”
ယန်လျို့ယွမ်က ပြုံးစိစိဖြင့် ပြောရင်း ဆေးတစ်လုံးကို ရန်ရှောင်စုထံ ကမ်းပေးလိုက်သည်။
“အစ်မရှောင်ယုယွီက အစ်ကို့အပေါ် အရမ်းကောင်းတာပဲ။ အစ်ကိုလည်း သူမကို လက်ခံလိုက်ပါတော့လား။”
ရန်ရှောင်စု သွေးအန်မတတ် ဖြစ်သွားရ၏။
“မင်းကတော့ တကယ့်ကို မျက်နှာပြောင်းတာ စာမျက်နှာ လှန်တာထက်တောင် မြန်သေးတယ်။ စားစရာရှိရင် မြှောက်ပင့်ပြီး စားစရာမရှိရင် စနောက်နေတော့တာပဲ။”
“ဟီးဟီး....။”
ယန်လျို့ယွမ်သည် အာလူးကို စတင်၍ မြိန်ယှက်စွာ စားလိုက်တော့လေသည်။
သူတို့နှစ်ဦးသည် များသောအားဖြင့် ညစာ မစားကြပေ။ မနက်ခင်းတွင် ကောင်းကောင်းစားရမည်၊ နေ့လယ်တွင် ဝအောင်စားရမည်ဖြစ်ပြီး ညဘက် စားခြင်းသည် ကျန်းမာရေးအတွက် မကောင်းဟု ရန်ရှောင်စုက ဆိုထား၏။
ဤသည်မှာ ကပ်ဘေးကြီး မတိုင်မီကတည်းက ဆင်းသက်လာသော စကားပုံတစ်ခု ဖြစ်သည်။ အမှန်စင်စစ်တွင်မူ ရန်ရှောင်စု သိထားသည်မှာ ဤခေတ်ကြီးထဲတွင် ညဘက် မစားခြင်းသည် ဆင်းရဲလွန်းခြင်းကြောင့်သာ ဖြစ်ကြောင်းပင်...။
“အစ်ကို...။”
ရန်ရှောင်စု ခေါင်းလှည့်ကြည့်လိုက်သည်။ ယန်လျို့ယွမ်သည် ခေါင်းငုံ့ထားပြီး သူ၏ အသံမှာ အနည်းငယ် တည်ငြိမ် လေးနက်နေသည်ကို တွေ့လိုက်ရသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ...။”
“ပြီးခဲ့တဲ့နှစ်က အစ်ကို ဝံပုလွေအုပ်နဲ့ တိုးပြီး ပြန်လာတုန်းက တစ်စုံတစ်ယောက်က ဆေးလုံးအချို့ ခိုးပေးခဲ့လို့ အစ်ကို အသက်ရှင်ခဲ့တာကို မှတ်မိသေးလား။”
ယန်လျို့ယွမ်က မေးလိုက်သည်။
“မှတ်မိတာပေါ့။ ငါလည်း အဲ့ဒီလူကို ရှာနေတာ။”
ရန်ရှောင်စုက ဆိုသည်။
“အဲ့ဒီ ဆေးလုံးတွေကလည်း အစ်မရှောင်ယွီ ပေးခဲ့တာ ဖြစ်နိုင်တယ်။”
ယန်လျို့ယွမ်က ပြောလိုက်သည်။
“အဲဒီတုန်းက ဆေးထားခဲ့တဲ့ နေရာက အခု ဒီနေ့ နေရာနဲ့ တစ်ထပ်တည်းပဲ။”
ရန်ရှောင်စု လေးလေးနက်နက် စဉ်းစားခန်း ဝင်သွားတော့သည်။
ရုတ်တရက် ရန်ရှောင်စုသည် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။
လူအများအပြားပင်...။
ဈေးမြို့လေး၏ လမ်းမများပေါ်တွင် ညဘက်၌ လူသွားလာခြင်းမှာ ရှားပါးလှသော်လည်း ရန်ရှောင်စုသည် ထိုသူများမှာ မည်သူများဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လာကြသည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။
...
ယခုတစ်ခေါက်တွင် တီးဝိုင်းအဖွဲ့သည် နယ်ခြားတောင်တန်းကို ဖြတ်ကျော်ရခြင်း၏ အကြောင်းရင်းမှာ ရန်ရှောင်စု မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ထိုကြေးစားစစ်သားများတွင် အမှန်တကယ်ပင် နောက်ထပ်မစ်ရှင်တစ်ခု ရှိနေခဲ့လေသည်။
ဥပမာအားဖြင့် အမှတ် (၁၁၃) ခံတပ်အတွင်းရှိ အုပ်ချုပ်သူများသည် နယ်ခြားတောင်တန်းဆိုသည်မှာ အမှန်တကယ်တွင် ပြင်းထန်သော မြေကမ္ဘာအပေါ်ယံလွှာ လှုပ်ရှားမှုအပြီး ဖြစ်ပေါ်လာသော တောင်တန်းတစ်ခုဖြစ်ကြောင်း သက်သေပြနိုင်သည့် အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိထားကြသည်။
ထိုနေရာတွင် ကပ်ဘေးကြီး မတိုင်မီက အကြွင်းအကျန်များ ရှိနေနိုင်သေးသည်။
ထိုအဖွဲ့သည် ရန်ရှောင်စုအကြောင်းကို ကုန်စုံဆိုင်ရှိ လောင်ဝမ်ထံမှ သိရှိခဲ့ရခြင်းဖြစ်သည်။ သူတို့သည် ရန်ရှောင်စုမှာ စိတ်မနှံ့သူ ဖြစ်သည်ဟူသော အချက်အပေါ် သံသယရှိနေကြသော်လည်း နောက်ထပ် လူအနည်းငယ်ကို ထပ်မံမေးမြန်းကြည့်သောအခါ လူတိုင်းက ရန်ရှောင်စုသည်သာ လမ်းပြအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သဘောတူညီကြပုံရသည်။
အချို့ကမူ ဤရန်ရှောင်စုဆိုသည့် လူငယ်သည် ဈေးမြို့လေးတွင် နာမည်ကျော်တစ်ယောက် ဖြစ်နေရအောင် မည်သည့်အချက်က ထူးခြားနေသနည်းဟုပင် သိချင်နေကြသည်။
သိချင်စိတ်ဖြင့် ဆက်လက်စုံစမ်းကြည့်ကြသောအခါ သူတို့သည် အနည်းငယ် မရေရာသော အဖြေတစ်ခုကို ရရှိခဲ့သည်။ ရန်ရှောင်စုသည် အမှတ် (၁၁၃) ဈေးမြို့လေးတွင် ဝံပုလွေအုပ်နှင့် တိုးခဲ့ပြီးနောက် အသက်ရှင်လျက် ပြန်လာနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပုံရသည်။
လွန်ခဲ့သောနှစ်က အမဲလိုက်ရာမှ ဈေးမြို့လေးသို့ ရန်ရှောင်စု ပြန်လာချိန်တွင် သူသည် သေအံ့မူးမူး ဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဝံပုလွေလက်သည်းရာများဖြင့် သွေးရဲရဲ နီနေခဲ့သည်။
ဈေးမြို့လေးရှိ လူများသည် မည်မျှပင် ရက်စက်ကြစေကာမူ သေလုမြောပါးဖြစ်နေသော လူငယ်တစ်ဦးကို ဘာမျှမလုပ်ကြဘဲ အဝေးမှသာ အေးစက်စက် စောင့်ကြည့်နေခဲ့ကြသည်။
သို့သော် လူတိုင်းက ရန်ရှောင်စု သေချာပေါက် သေလိမ့်မည်ဟု ထင်နေကြစဉ်တွင် သူသည် တစ်နည်းနည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ရုံသာမက ယခုအခါတွင်လည်း အတော်အတန် ကောင်းမွန်စွာ အသက်ရှင်သန်နေထိုင်လျက်ရှိပေသည်။
ထိုလူငယ် မည်သို့အသက်ရှင်ခဲ့သနည်းဟု တီးဝိုင်းအဖွဲ့ဝင်များက စူးစမ်းမေးမြန်းခဲ့ကြ၏။ ထိုအခါ လောင်ဝမ်က ပြုံးကာ ပြောပြခဲ့သည်။
ယန်လျို့ယွမ်က တစ်အိမ်တက်ဆင်း ဒူးထောက်တောင်းပန်ကာ စားစရာအစအနလေးများ လိုက်လံတောင်းခံခဲ့၍သာ ဖြစ်ကြောင်းနှင့် သူသည် အမှန်တကယ်ပင် ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ဆေးလုံးအချို့ ပေးခဲ့ပုံရသော်လည်း မည်သူပေးခဲ့သည်ကိုမူ မည်သူမျှ မသိကြပေ။
သို့သော် ရန်ရှောင်စုသည် အသက်ရှင်ခဲ့သော်လည်း ထိုအချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု ကျန်ရစ်ခဲ့ကြောင်းကိုမူ ဈေးမြို့လေးရှိ လူတိုင်းက သိထားခဲ့ကြသည်။
“ဒါနဲ့ ဝမ်ဖူကွေ့...”
အဖွဲ့ထဲမှ လူတစ်ဦးက အတူလိုက်ပါလာသော လောင်ဝမ်ကို မေးလိုက်သည်။
“သူက စိတ်မနှံ့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။”
“ဘာမှမဟုတ်ပါဘူး။ ကျုပ်က စကားစပ်မိလို့ ပြောလိုက်တာပါ။”
လောင်ဝမ်က မျက်နှာပေါ်မှ အရေးအကြောင်းများ စုကပ်သွားသည်အထိ ပြုံးကာ ပြောလိုက်သည်။
“ဒါက အနှောင့်အယှက် မဖြစ်ပါဘူး။ သူ့ရောဂါက သိပ်မပြင်းထန်ဘူး။ ကြည့်ကြည့်... ရောက်တော့မယ်။”
ခံတပ်ထဲမှ ဤလူကုံထံများကို လိုက်ပါပို့ဆောင်ပေးချိန်မှသာ လောင်ဝမ်သည် ညဘက်၌ လမ်းပေါ်ထွက်ရဲခြင်းဖြစ်သည်။ ဤအချိန်တွင် သူသည် အမှတ်တရ အသံကိုမြှင့်၍ စကားပြောနေသည်မှာ သူနှင့် ဤလူကုံထံများကြားတွင် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ဈေးမြို့လေးရှိ လူတိုင်းကို သိစေချင်နေပုံရသည်။
“ရှောင်စု... မြန်မြန်ထွက်ခဲ့ဦး။ ဒီမှာ ဂုဏ်သရေရှိ ဧည့်သည်တွေ ရောက်နေတယ်။”
လောင်ဝမ်က ပြုံးရွှင်စွာ လှမ်းခေါ်လိုက်သည်။
ရုတ်တရက်...တဲစုတ်လေး၏ တံခါးလိုက်ကာမှာ ပြင်းထန်စွာ ပွင့်ထွက်သွား၏။
ရန်ရှောင်စုသည် အလွန်ဝမ်းသာနေသော မျက်နှာပေးဖြင့် လောင်ဝမ်၏ လက်ကိုကိုင်ကာ ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်ဗျာ...သားရော အဖေရော ဘေးကင်းပါတယ်။ ၆ ပေါင်နဲ့ ၆ အောင်စတောင်ဗျ။”
လောင်ဝမ် - “???”
တီးဝိုင်းအဖွဲ့ - “???”
ကြေးစားစစ်သားများ - “???”
တီးဝိုင်းအဖွဲ့မှ ဝန်ထမ်းတစ်ဦးက ရန်ရှောင်စုကို လက်ညှိုးထိုးကာ လောင်ဝမ်ကို ကြည့်ပြီး အော်ဟစ်လိုက်၏။
“ဒီလောက်ထိ ရူးနေတာကို ခင်ဗျားက ဘာမှမဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့။”
ပြီးတော့ ‘သားရော အဖေရော ဘေးကင်းပါတယ်’ ဆိုတာ ဘာကြီးလဲ။ ‘သားရော အမေရော ဘေးကင်းပါတယ်’ ဖြစ်ရမှာ မဟုတ်ဘူးလား။
တီးဝိုင်းဝန်ထမ်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ဝမ်ဖူကွေ့... ခင်ဗျား ငါတို့ကို လိမ်ညာရင် ဘာဖြစ်မလဲဆိုတာ သိရဲ့လား။ ဒါကို ခင်ဗျားက ‘ဘာမှမဟုတ်ဘူး’ လို့ ပြောတာလား။”
ထိုသို့ပြောပြီးသည်နှင့် ထိုဝန်ထမ်းမှာ လှည့်ထွက်သွားတော့သည်။ သူတို့သည် ဒဏ္ဍာရီလာ ရန်ရှောင်စုအပေါ် အတော်လေး မျှော်လင့်ချက် ထားခဲ့ကြသော်လည်း အခုတော့ စိတ်ဝေဒနာသည်တစ်ယောက်နှင့်သာ တိုးခဲ့ရလေသည်။
ဈေးမြို့လေးကလူများ ရန်ရှောင်စုကို ခေါင်းမကောင်းဘူးဟု ပြောကြသည်မှာ မဆန်းတော့ပေ။ အခုလည်း ထိုအတိုင်းပင် မဟုတ်ပါလော။