အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း ၉ - နားမလည်တာရှိရင် မေးဖို့သာပြင်ထား
ရန်ရှောင်စုသည် တဲစုတ်လေး၏ အဝင်ဝတွင် ရပ်ရင်း တီးဝိုင်းအဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့လေသည်။ လောင်ဝမ်မှာမူ သူတို့ဘေးတွင် ကပ်လိုက်ရင်း တောင်းပန်မဆုံး ဖြစ်နေဆဲပင်။
“ရန်ရှောင်စုက စိတ်ပိုင်းဆိုင်ရာ နည်းနည်း ထူးဆန်းနေလို့ပါ။ သူက အဲ့ဒီလိုလူမျိုး မဟုတ်ပါဘူး။ ကျုပ် ရှင်းပြတာကို နားထောင်ပါဦး...။”
တီးဝိုင်းဝန်ထမ်းများကမူ နားထောင်ချင်စိတ် မရှိကြတော့ပေ။
“ဝမ်ဖူကွေ့ ခင်ဗျားကို သင့်တော်တဲ့သူတစ်ယောက် ရှာဖို့ ၆ နာရီ အချိန်ပေးမယ်။ ဒီကောင်လေးက တကယ်မရူးဘူးဆိုရင်တောင် ငါတို့ သူ့ကို မသုံးဘူး။ ငါတို့ မိုးလင်းတာနဲ့ စထွက်မယ်။ လာပြီး အချိန်မဖြုန်းနဲ့တော့။”
ရန်ရှောင်စုသည် တဲဝတွင်ရပ်ကာ ထိုမြင်ကွင်းကို သူ့နှင့်မသက်ဆိုင်သကဲ့သို့ ပျော်ရွှင်စွာ ကြည့်နေခဲ့လေသည်။ သို့သော် ထိုခဏ၌ စောစောက လျှာဦးထုပ် ဆောင်းထားသည့် မိန်းကလေးက သူ့ကို လှည့်ကြည့်လာခဲ့သည်။
ရန်ရှောင်စုသည် မိမိကိုယ်ကို ထိုးဖောက်အကြည့်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဦးထုပ်အောက်မှ သူမ၏ မျက်နှာအမူအရာကိုပင် သူ မမြင်ရသော်လည်း အကြောင်းရင်းမရှိဘဲ သူ၏ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
ရန်ရှောင်စုသည် သူ၏ပင်ကိုယ်သိစိတ်ဖြင့် စကေးကူးယူခြင်းစာရွင်ကို အသုံးပြုလိုက်၏။ ထိုစဉ် နန်းတော်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ပစ်မှတ်ထံမှ ကျွမ်းကျင်မှုတစ်ခုကို ကျပန်း သင်ယူပါမည်။”
“ကျပန်း သင်ယူရမှာလား။”
“ပစ်မှတ်၏ သေနတ်ပစ်ကျွမ်းကျင်မှုကို ကျပန်းရွေးချယ်ပြီးပါပြီ။ သင်ယူလိုပါသလား။”
“သင်ယူမယ်။”
ရန်ရှောင်စုသည် ကူးယူခြင်းစာရွက်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရလေသည်။ အကယ်၍ အခု သူ မသင်ယူပါက ၎င်းမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
“သင်ယူခြင်း အောင်မြင်ပါသည်။ သင်သည် အဆင့်မြင့် သေနတ်ပစ်ကျွမ်းကျင်မှုကို သင်ယူပြီးပါပြီ။”
“ခဏလေး... ငါရထားတာက အခြေခံအဆင့်စာရွက် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အဆင့်မြင့် သေနတ်ပစ်ကျွမ်းကျင်မှုကို သင်ယူနိုင်တာလဲ။ အခြေခံအဆင့်ပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။”
ရန်ရှောင်စုက သူ၏စိတ်ထဲတွင် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“စကေးကူးယူခြင်းစာရွင် နှစ်မျိုးသာ ရှိပါသည်။ ပထမအမျိုးအစားမှာ အခြေခံအဆင့်ဖြစ်ပြီး မည်သည့်ကျွမ်းကျင်မှုကိုမဆို အဆင့်မြင့် သို့မဟုတ် ၎င်းအောက် အဆင့်အထိ တိုက်ရိုက်သင်ယူခွင့် ပေးသည်။ ဒုက္ခိယအမျိုးအစားမှာ မာစတာအဆင့် ဖြစ်ပြီး သင်၏ကိုယ်ပိုင် ကျွမ်းကျင်မှုတစ်ခုခု အဆင့်မြင့်သို့ ရောက်ရှိပြီးနောက် အခြားသူ၏ မာစတာအဆင့် နည်းပညာများကို သင်ယူခွင့်ပေးသည်။ ထို့ပြင် ပစ်မှတ်၏ သဘာဝလွန် စွမ်းရည်များကို သင်ယူနိုင်ရန် အခွင့်အရေးလည်း ရှိပါသည်။”
နန်းတော်မှ အသံက ပြန်ဖြေလာခဲ့သည်။
ရန်ရှောင်စု မှင်တက်သွားခဲ့သည်။
သူသည် အခြားသူများ၏ အထူးစွမ်းရည်များကိုပင် သင်ယူနိုင်သည်လော။
ထိုခဏ၌ သူသည် ထိုမိန်းကလေးကို သတိရသွားပြီး ရုတ်တရက် မေးလိုက်သည်။
“အဲ့ဒီမိန်းကလေးရဲ့ သေနတ်ပစ်ကျွမ်းကျင်မှု အဆင့်ကို ပြောပြနိုင်မလား။”
“သင်ယူမှု ပြုလုပ်ပြီးသား ပစ်မှတ်များအတွက် သတင်းအချက်အလက် ပေးနိုင်ပါသည်။”
“သူမရဲ့ သေနတ်ပစ်ကျွမ်းကျင်မှုက ဘာအဆင့်လဲ။ မာစတာအဆင့်လား။”
“ပြီးပြည့်စုံခြင်း”
...
အခြေခံအဆင့် ကူးယူခြင်းစာရွက်သည် ပစ်မှတ်ထံမှ အဆင့်မြင့်အောက်ရှိ ကျွမ်းကျင်မှုတစ်ခုကို ကျပန်းသင်ယူနိုင်သော်လည်း မာစတာအဆင့် စာရွက်မှာမူ ပစ်မှတ်၏ မာစတာအဆင့် ကျွမ်းကျင်မှုများ သို့မဟုတ် စွမ်းရည်များကို သင်ယူနိုင်ရန် မိမိတွင် အဆင့်မြင့် ကျွမ်းကျင်မှုတစ်ခု အခြေခံရှိထားရန် လိုအပ်ပေသည်။
အဆင့်များကို ထိုနန်းတော်ကသာ လုံးဝဆုံးဖြတ်ခြင်းဖြစ်သည်။ နန်းတော်က အောင်မြင်ရန် အခွင့်အလမ်း အနည်းငယ်သာ ရှိသည်ဟု ဆိုသော်လည်း အခြားသူ၏ စွမ်းရည်များကို သင်ယူနိုင်မည့် အခွင့်အရေးရှိသည်ဟု တွေးလိုက်ရုံနှင့် ရန်ရှောင်စု အနည်းငယ် စိတ်လှုပ်ရှားသွားမိလေသည်။
ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့သည် ယခင်က ကိစ္စတစ်ခုကို ဆွေးနွေးခဲ့ဖူး၏။
၎င်းမှာ အထူး စွမ်းရည်များတွင်လည်း အဆင့် ခွဲခြားထားသလား၊ အချို့လူများက သဘာဝအတိုင်း တိုက်ခိုက်ရေး ပိုတော်ပြီး အချို့က ပိုအားနည်းသလား ဆိုသည်ကိုပင်ဖြစ်သည်။
တောရိုင်းမြေပြင်တွင် အသက်ရှင်သန်ရန် လိုအပ်သူတစ်ဦးအနေဖြင့် ရန်ရှောင်စုသည် တိုက်ခိုက်ရေးဆိုင်ရာ စွမ်းရည်များက ပို၍ အစွမ်းထက်သည်ဟု ခံစားရသည်။ သို့သော် ယန်လျို့ယွမ်မှာ ကံကောင်းခြင်း စွမ်းရည်သာရှိပြီး တိုက်ခိုက်ရေးသမား မဟုတ်သဖြင့် စွမ်းရည်များသည် အသုံးချပုံချင်းသာ ကွဲပြားပြီး အားနည်းခြင်း၊ အားကောင်းခြင်းဖြင့် အဆင့်မခွဲခြားနိုင်ဟု သူက အခိုင်အမာ ပြောဆိုခဲ့သည်။
ဒါပေမဲ့ အခုတော့ အခြားသူတွေရဲ့ စွမ်းရည်ကို ကူးယူနိုင်တဲ့ စွမ်းရည်မျိုးဆိုရင်ကော... ဒါက ဘယ်လောက်တောင် မြင့်မားတဲ့ အဆင့်မှာ ရှိနေမလဲ။
သို့သော် ရန်ရှောင်စု အခု ပိုပြီး စဉ်းစားနေမိသည်မှာ စောစောက ဦးထုပ်ဆောင်းထားသည့် မိန်းကလေးအကြောင်း ဖြစ်သည်။
အဆင့်မြင့် သေနတ်ပစ်နည်းစနစ်များကို ရရှိလိုက်သည်နှင့် ရန်ရှောင်စု၏ ဦးနှောက်ထဲသို့ သေနတ်နှင့်ဆိုင်သော အသိပညာ အမြောက်အမြား စီးဝင်လာခဲ့သည်။ ၎င်းမှာ တိုက်ရိုက် နားလည်သဘောပေါက်သွားခြင်းမျိုးဖြစ်ပြီး သူ၏ ပင်ကိုယ်ဗီဇနှင့် တစ်သားတည်း ဖြစ်သွားခဲ့လေသည်။
သူသည် သေနတ်အမျိုးအစားများ၊ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသုံးပြုပုံများကို ကျွမ်းကျင်သွားရုံသာမက သေနတ်ဖြင့် ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်သည့် ဗီဇပါသော အာရုံခံစားမှုကိုပါ ရရှိခဲ့ပြီဖြစ်သည်။
ရန်ရှောင်စုသည် သေနတ်အမျိုးအစားတစ်ခုချင်းစီ၏ နောက်ကန်အား မည်မျှရှိသည်ကိုပင် အတိအကျ သိရှိနေပြီဖြစ်သည်။
အကယ်၍ ယခု သူ့လက်ထဲတွင် သေနတ်တစ်လက်ရှိနေပါက သူ၏ အဆင့်မြင့် သေနတ်ပစ်နည်းစနစ် နယ်ပယ်ထဲတွင် အကျုံးဝင်သရွေ့ သူသည် ဆယ်စုနှစ်တစ်ခုစာ လေ့ကျင့်ထားသည့် ဝါရင့်စစ်သားတစ်ဦးနှင့် မခြားနားတော့ပေ။
တိကျမှုအပိုင်းတွင်မူ မီတာတစ်ရာအတွင်း ၉၅ မှတ်အထက် ရရှိခြင်းမှာ အဆင့်မြင့် သေနတ်ပစ်ကျွမ်းကျင်မှု၏ စံနှုန်းဖြစ်ပုံရသည်။
ဤအရာများက ရန်ရှောင်စုကို ဝမ်းသာအားရ ဖြစ်ခဲ့စေသော်လည်း အလွန်အမင်း ပျော်ရွှင်သွားသည်အထိတော့ မဟုတ်သေးပေ။ အကြောင်းမှာ လက်ရှိတွင် သူ့လက်ထဲ၌ သေနတ်မရှိသောကြောင့်ပင်။
သူ့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ သူ၏စိတ်ထဲရှိ နန်းတော်က ထိုမိန်းကလေး၏ သေနတ်ပစ်စွမ်းရည်ကို “ပြီးပြည့်စုံခြင်း” အဆင့်ဟု သတ်မှတ်ထားခြင်းပင်။
ရန်ရှောင်စုအနေဖြင့် မာစတာအဆင့်ကပင် မည်မျှအစွမ်းထက်မည်ကို မှန်းဆ၍မရနိုင်ချေ။
“းပြီးပြည့်စုံခြင်းအဆင့်ဆိုသည်မှာကား ပြောနေစရာပင် မလိုတော့ချေ။
ဤကဲ့သို့သောသူမျိုးက တကယ်ပဲ တီးဝိုင်းတစ်ခုထဲမှာ ရှိနေမှာလား။
ထိုကြေးစားစစ်သားများနှင့် တီးဝိုင်းဝန်ထမ်းများသည် သူတို့အဖွဲ့ထဲတွင် ဤမျှကြောက်စရာကောင်းသော တည်ရှိမှုမျိုး ရှိနေသည်ကို သိကြပုံမရပေ။ ရန်ရှောင်စု စောစောက သတိထားမိသလောက် လူတိုင်းက သူမကို သာမန်ဝန်ထမ်းတစ်ဦးလိုသာ ဆက်ဆံနေကြသည်။
ထိုမိန်းကလေးမှာလည်း ရန်ရှောင်စုက လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် သူမ၏လျှို့ဝှက်ချက်ကို ရရှိသွားပြီဟု တွေးမိလိမ့်မည်မဟုတ်ပေ။
ဤအုပ်စုနှင့် မပတ်သက်အောင် နည်းလမ်းရှာခဲ့ခြင်းမှာ အမှန်တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ သူတစ်ပါး၏ လျှို့ဝှက်ချက်ကို သိထားရခြင်းက ရန်ရှောင်စုကို ကျေနပ်မှုတစ်မျိုး ပေးစွမ်းနေခဲ့သည်။
“အစ်ကို... ဘာလို့ သူမရဲ့ကျောပြင်ကိုပဲ စိုက်ကြည့်နေတာလဲ။”
ယန်လျို့ယွမ်က တဲထဲမှ ခေါင်းပြူထွက်လာကာ မေးလိုက်သည်။ ရန်ရှောင်စုသည် သူ၏ကြည်နူးနေသော စိတ်အခြေအနေကို ချက်ချင်းပင် ထိန်းသိမ်းလိုက်၏။ သူသည် အစ်ကိုကြီးတစ်ယောက်၏ သြဇာကို တည်ဆောက်ရန် ယန်လျို့ယွမ်ဘက်သို့ လှည့်လိုက်စဉ်မှာပင် ဘေးတဲ၏ တံခါးလိုက်ကာ ပွင့်သွားပြီး အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူ့ကျောပြင်လဲ...ဘယ်မှာလဲ။”
ဤတွင် ယန်လျို့ယွမ်ရော ရန်ရှောင်စုပါ မှင်တက်သွားကြသည်။ ဘေးတဲထဲမှ ထွက်လာသူမှာ အမှန်စင်စစ် ရှောင်ယွီ ဖြစ်နေသောကြောင့်ပင်။
ယန်လျို့ယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အစ်မရှောင်ယွီ...အစ်မက ဘာလို့ ဘေးတဲထဲမှာ ရောက်နေတာလဲ။”
ရှောင်ယွီက သူမ၏ဆံပင်ကို သပ်ရပ်အောင်လုပ်ရင်း ပြုံးပြလိုက်သည်။
“ငါ အခု ဒီကို ပြောင်းလာတာလေ။ ငါတို့တွေ အခု အိမ်နီးချင်းတွေ ဖြစ်သွားပြီ။”
“ဒါဆို အရင်က ဒီမှာနေတဲ့ မိသားစု သုံးယောက်ကော...။”
ယန်လျို့ယွမ်က ဆက်မေးလိုက်သည်။
“သူတို့ ဘယ်ကို သွားကြတာလဲ။”
“ငါအိမ်နဲ့ သူတို့အိမ်ကို လဲလိုက်တာ။”
ရှောင်ယွီက ရှင်းပြလိုက်သည်။ ထိုအခါ ယန်လျိုယွမ်သည် ရန်ရှောင်စုကို ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အစ်ကို... အစ်မရှောင်ယွီကတော့ တကယ်ကို အားသွန်ခွန်စိုက် လုပ်တာပဲ။ သူက အရင်က အုတ်အိမ်နဲ့ နေတာမလား။”
ရန်ရှောင်စု ဘာမျှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ တဲထဲသို့ တိုက်ရိုက် ဝင်သွားတော့သည်။ ယန်လျို့ယွမ်က ရှောင်ယွီကို ပြုံးပြပြီးနောက် သူ့အနောက်မှ လိုက်ဝင်သွားလိုက်သည်။
“အစ်ကို... အစ်ကိုက အခုထိ လူပျိုစစ်စစ်ကြီးပဲ မဟုတ်လား။”
ယန်လျို့ယွမ်က မေးလိုက်သည်။ ရန်ရှောင်စုက ယန်လျို့ယွမ်ကို စိုက်ကြည့်လိုက်၏။
“လျို့ယွမ်... မင်းလည်း ကလေးမဟုတ်တော့ဘူး။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပညာပေးမှုအကြောင်း ငါ မင်းနဲ့ စကားပြောဖို့ လိုနေပြီ။”
ယန်လျို့ယွမ်က ချက်ချင်းပင် မတ်မတ်ထိုင်ကာ အတည်ပေါက်ဖြင့် ပြောလိုက်သည်။
“ရပါတယ်အစ်ကို...။ အကယ်၍ အစ်ကို နားမလည်တာရှိရင်လည်း စိတ်ကြိုက်သာမေးလိုက်...။”
စကားမဆုံးခင်မှာပင် ယန်လျို့ယွမ်မှာ ရန်ရှောင်စု၏ ကန်ထုတ်ခြင်းကို ခံလိုက်ရ၏။ သို့သော် ယန်လျို့ယွမ်မှာ စိတ်မဆိုးသည့်အပြင် တဟီးဟီးနှင့်ပင် ရယ်နေလေသည်။
“မင်းကတော့ တော်တော် သတ္တိကောင်းနေတာပဲ။”
ရန်ရှောင်စုက အိပ်ရာပြင်ရင်း ပြောလိုက်သည်။
“အစ်မရှောင်ယွီကို သွားပြီး မစနဲ့။ ပြီးတော့ အောင်သွယ်လုပ်ဖို့လည်း မကြိုးစားနဲ့။ ငါတို့က ကိုယ့်အခြေအနေကိုယ်တောင် မနည်းရုန်းကန်နေရတာ။ တခြားသူတွေအတွက် ပူပန်ပေးဖို့ အချိန်မရှိဘူး။”
“ဟုတ်ကဲ့ပါ။”
ယန်လျို့ယွမ်က နာခံမှုရှိစွာဖြင့် သဘောတူလိုက်သည်။
“ဒါပေမဲ့ သူမက ငါတို့ကို အာလူးတွေရော ဆေးတွေရော ပေးတယ်လေ။ အစ်ကို့ကိုလည်း အရမ်းဂရုစိုက်တယ်။ အစ်ကို တကယ်ပဲ သူမကို လျစ်လျူရှုထားမလို့လား။”
ရန်ရှောင်စု အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အမှားမကင်းဘူးလို့ မခံစားရဘဲ တည်တည်ငြိမ်ငြိမ် နေနိုင်ဖို့ပဲ။ ဒါပေမဲ့ မင်းမှာ အပြစ်ရှိသလို ခံစားနေရတယ်ဆိုရင်လည်း... အဲ့ဒီလို မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျောင်းဖျလိုက်ရုံပဲ။”
ယန်လျို့ယွမ် - “???”
ယန်လျို့ယွမ်သည် စကား၏ ပထမပိုင်းကို ကြားစဉ်က သင်ခန်းစာတစ်ခုကို နားထောင်နေရသကဲ့သို့ ရှိသော်လည်း ဒုတိယပိုင်းသို့ ရောက်သောအခါ ဝေခွဲမရ ဖြစ်သွားတော့သည်။
ဤသည်မှာ ရန်ရှောင်စု၏ စရိုက်အစစ်အမှန် ဖြစ်နိုင်ပေသည်။
ဤခေတ်ကြီးထဲတွင် ရန်ရှောင်စုကဲ့သို့သော လူစားမျိုးမှာ အနည်းငယ် ပို၍ အဆင်ပြေပြေ နေထိုင်နိုင်ပေလိမ့်မည်။ သို့သော် ယန်လျို့ယွမ်အတွက်မူ ရန်ရှောင်စုမှာ မည်သို့သော လူစားမျိုးဖြစ်နေပါစေ စိတ်မဝင်စားပေ။ ရန်ရှောင်စု၏ လက်ရှိ တွက်ချက်တတ်မှုနှင့် သတိကြီးမှုတိုင်းသည် အတိတ်က ရရှိခဲ့သော ဒဏ်ရာအမာရွတ်များက သူ့ကို ပေးခဲ့သည့် သင်ခန်းစာများနှင့် ရင့်ကျက်ကြီးပြင်းလာမှုများသာ ဖြစ်သည်။
သို့သော် ရန်ရှောင်စု၏ ရင်ထဲတွင် ဖုံးကွယ်ထားသော အရာများ ရှိနေသေးသည်ကိုလည်း ယန်လျို့ယွမ် သိနေခဲ့လေသည်...။
အခန်း ၁၀ - အပိုမစ်ရှင်
ထိုစဉ်မှာပင် တဲစုတ်အပြင်ဘက်မှ ကြမ်းတမ်းသောအသံတစ်သံ ထွက်ပေါ်လာပြီး အိမ်နီးချင်းသစ် ရှောင်ယွီကို လှမ်းပြောလိုက်သည်။
“ရှောင်ယွီ...ငါ ဒီည မင်းကို သွားရှာတော့မှ မင်း ဒီကိုပြောင်းလာတာ သိလိုက်ရတယ်။ ဒီမှာ ငါ မင်းအတွက် ဆေးလိပ်အချို့ ယူလာပေးတယ်။”
ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
“ကျွန်မ အဲ့ဒီလိုအလုပ်မျိုး နောက်ထပ်မလုပ်တော့ဘူး” ဟု ရှောင်ယီ ပြန်ပြောလိုက်သည်ကို သူတို့ကြားလိုက်ရ၏။
“ဟားဟားဟား....”
ထိုကြမ်းတမ်းသောအသံပိုင်ရှင်က တစ်စုံတစ်ခုကို ရယ်စရာမှတ်နေသကဲ့သို့ ရယ်မောလိုက်သည်။
“မင်းက အဲ့ဒီအလုပ်မလုပ်ရင် ဘာစားပြီး ဘာသောက်မှာလဲ။ နောင်ကျရင် ဘယ်သူက မင်းကို ဆေးလိပ်ပေးမှာလဲ။”
“ကျွန်မကို လွှတ်...။”
ရှောင်ယွီ၏အသံတွင် ဒေါသများ ပြည့်နှက်နေ၏။ သူတို့နှစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်နေကြပုံရပြီး အဝတ်အစားများ ဆုတ်ဖြဲခံလိုက်ရသည့် အသံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
ယန်လျို့ယွမ်က မျက်မှောင်ကြုတ်နေဆဲဖြစ်သော ရန်ရှောင်စုကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အစ်ကို... သူမကို ကူညီကြရအောင်။”
ထိုအခိုက်တွင် ရန်ရှောင်စုသည် မတ်တပ်ထရပ်လိုက်ပြီး သူ၏ခြေသလုံးတွင် ပတ်ထားသော အရိုးဓားကို ဖြုတ်ယူလိုက်သည်။ ထို့နောက် ဓားကို ဇောက်ထိုးကိုင်ကာ တဲအပြင်ဘက်သို့ လျှောက်ထွက်သွားတော့သည်။
ထိုခဏ၌ ရန်ရှောင်စု၏ စိတ်ထဲရှိ နန်းတော်အတွင်းတွင် ကြေးနန်းစာရိုက်စက်၏ ခလုတ်များမှာ တစ်ခုပြီးတစ်ခု ရိုက်နှိပ်လျက်ရှိနေ၏။ သားရေစာရွက်ပေါ်တွင် စာလုံးများ ပေါ်လာသည်နှင့်အမျှ ခန့်ညားထည်ဝါသော နန်းတော်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“မစ်ရှင်- ကူညီရန်...”
သူသည် စိတ်ထဲမှ နှာခေါင်းရှုံ့ရင်း နန်းတော်၏အသံကို ဖြတ်ပြောလိုက်သည်။
“မင်းရဲ့ ဒီမစ်ရှင်မရှိရင်တောင် ငါကူညီမှာပဲ။”
ရန်ရှောင်စု ဓားကိုဆွဲကာ အပြင်သို့ထွက်လာချိန်မှ ထိုအမျိုးသား၏ ရှေ့မှောက်သို့ ရောက်သွားချိန်အထိ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်သာ ကြာမြင့်ခဲ့သည်။
ရန်ရှောင်စုသည် “သူမကိုလွှတ်” သို့မဟုတ် “နောက်တစ်ခါ ထပ်လုပ်ကြည့်စမ်း” ဟူသော ခြိမ်းခြောက်စကားမျိုးကို မပြောခဲ့ပေ။ အကြောင်းမှာ မလိုအပ်သော လုပ်ရပ်မှန်သမျှသည် ကျရှုံးမှုကိုသာ ဦးတည်စေမည်ဖြစ်ကြောင်း သူသိထားသောကြောင့်ပင်။
သူလုပ်ရန် လိုအပ်သည်မှာ အရိုးရှင်းဆုံး ပြဿနာကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းရန်သာ ဖြစ်သည်။
ရန်ရှောင်စု၏ သွယ်လျသော်လည်း သန်မာသော ခန္ဓာကိုယ်သည် ကျားတစ်ကောင်ကဲ့သို့ ထိုအမျိုးသားထံသို့ ပြေးဝင်သွားစဉ်တွင် ထိုသူသည်လည်း သူ၏ခါးမှ ဓားကို အလျင်မြန်ဆွဲထုတ်ကာ ရန်ရှောင်စုကို ခုတ်ရန် ပြင်လိုက်၏။ ဤဈေးမြို့လေးရှိ လူတိုင်းသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် လက်နက်တစ်ခုစီ ဆောင်ထားကြစမြဲပင်။
ထိုအမျိုးသား၏ စိတ်ထဲတွင် ရန်ရှောင်စုကို လှောင်ပြောင်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ရန်ရှောင်စုထက် ခေါင်းတစ်လုံးစာနီးပါး ပိုမြင့်သည့်အပြင် သူ၏လက်ထဲတွင် ရှိနေသည်မှာ အရိုးဓားမဟုတ်ဘဲ တကယ့်သံဓား အစစ်အမှန် ဖြစ်နေသောကြောင့်ပင်။
သို့သော် နောက်တစ်ခဏချင်းမှာပင် သူ၏ လှောင်ပြောင်ချင်စိတ်မှာ ရုတ်ခြည်း ရပ်တန့်သွား၏။
ယနေ့ခေတ် သားရဲများ၏ အရိုးနှင့် အကြောများမှာ သံမဏိထက် သန်မာနေလျှင်ပင် သံလက်နက်များသည် အရိုးဓားများထက် သာလွန်သည်မှာ လူတိုင်းသိထားသော အခြေခံအချက်တစ်ခုဖြစ်သည်။
သံမဏိကဲ့သို့ သန်မာသည်ဆိုခြင်းမှာ သံမဏိကိုယ်တိုင် ဖြစ်နေခြင်းနှင့်တော့ မတူညီပေ။
ဈေးမြို့လေးတွင် လက်နက်ကိုင်ဆောင်ခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း အရည်အသွေးကောင်းသော သံလက်နက်တစ်ခု ရရှိရန်မှာ ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခဲယဉ်းလှပေသည်။ စက်မှုလုပ်ငန်းအချို့မှာ ကပ်ဘေးကြီး မတိုင်မီ အခြေအနေသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း အရင်းအမြစ်များမှာမူ ကန့်သတ်ချက် ရှိနေဆဲပင်။
ရန်ရှောင်စုသည် အရိပ်တစ်ခုကဲ့သို့ ထိုအမျိုးသား၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်တွင် သူ၏ အဟုန်မှာ ဘယ်ခြေပေါ်၌ ရှိနေခဲ့သည်။ သူ၏ ကိုယ်အလေးချိန် တစ်ခုလုံးကို ထိန်းထားသော ညာဘက်ခြေထောက်မှ ကြွက်သားများမှာ ရုတ်တရက် တင်းမာသွားပြီး ခြေဖဝါးမှာ မြေပြင်ကို ခိုင်မာစွာ နင်းထားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများသည် မြေပြင်မှအစပြု၍ လျှပ်စစ်စီးကြောင်းကဲ့သို့ ခါးနှင့် ဝမ်းဗိုက်၊ ထို့နောက် လက်မောင်းဆီသို့ လျင်မြန်စွာ ကူးစက်သွားတော့သည်။
ရန်ရှောင်စု၏ ဓားသည် မြေပြင်ပေါ်မှ အက်ကြောင်းတစ်ခုကဲ့သို့ ထောင့်ဖြတ် အပေါ်ဘက်သို့ ဝှေ့ယမ်းလိုက်ရာ မှောင်မိုက်သော ညအမှောင်ထုကို ခွဲထုတ်လိုက်သယောင် ရှိသည်။
“ဖြောင်း” ကနဲ အသံနှင့်အတူ အရိုးဓားနှင့် သံလက်နက်တို့ ထိပ်တိုက် တိုးမိသွားကြသည်။ ခိုးကြည့်နေကြသူများသည် ဓားနှစ်လက်စလုံး တစ်ပြိုင်နက်တည်း ကျိုးပြတ်သွားသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားကြ၏။ မူလက သူတို့သည် အရိုးဓားသာ ကျိုးသွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအမျိုးသား အံ့အားသင့်နေစဉ်မှာပင် ရန်ရှောင်စုသည် သူ၏ကျိုးသွားသော အရိုးဓားကို တွန့်ဆုတ်ခြင်းမရှိဘဲ လွှတ်ချလိုက်၏။ ဤသို့ လွှတ်ချလိုက်သည့် အပြုအမူမှာ အလွန်ပင် ချောမွေ့လှပေသည်။ ရန်ရှောင်စုသည် အရိုးဓား ကျိုးသွားမည်ကို ကြိုသိနေသကဲ့သို့ အစကတည်းက အခြားအစီအစဉ် ရှိထားပုံရသည်။
သူသည် ထိုအမျိုးသား၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး ကျန်လက်သီးတစ်ဖက်ကို အမြောက်ဆန်ကဲ့သို့ အရှိန်ဖြင့် ထိုသူ၏ အကာအကွယ်မဲ့နေသော ချိုင်းအောက်ရှိ အာရုံကြောများဆီသို့ ပစ်သွင်းလိုက်သည်။
ထိုအမျိုးသားသည် ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ဤလူငယ်သည် သူ့ထက်ပင် ခွန်အားသာလွန်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဘယ်လောက်ရှိသေးလို့လဲ။ ဒီကောင်လေးရဲ့ အရပ်က ငါ့ရဲ့ လည်ပင်းနားလောက်ပဲ ရှိတာလေ။
သို့သော် ထိုအမျိုးသားသည် ရန်ရှောင်စု၏ လည်ပင်းမှ ကြွက်သားနှင့် အကြောများမှာ သံမဏိသဖွယ် တင်းမာနေသည်ကို မြင်လိုက်ရလေသည်။ ၎င်းမှာ အစစ်အမှန် ခွန်အားပင် ဖြစ်သည်။
ချိုင်းအောက်အာရုံကြောသည် လက်မောင်းအပေါ်ပိုင်းမှ ချိုင်းကြားအထိ သုံးလက်မခန့်အကွာတွင် တည်ရှိသည်။ လက်သီးဖြင့် ထိုးနှက်ခြင်းဖြစ်၍ နေရာအနည်းငယ် လွဲချော်သွားလျှင်ပင် လုံလောက်သော ထိရောက်မှု ရှိသဖြင့် တိကျရန် မလိုပေ။
ဤနေရာသည် လူ့ခန္ဓာကိုယ်၏ အားနည်းချက်များထဲမှ တစ်ခုဖြစ်သည်။ ချိုင်းအောက်အာရုံကြောကို ပြင်းထန်စွာ ထိုးနှက်ခံရပါက ၎င်းမှာ နေရာလွဲချော်သွားတတ်သည်။ အကယ်၍ အာရုံကြောများကို လျှပ်စစ်ကြိုးများနှင့် နှိုင်းယှဉ်မည်ဆိုပါက ဤသို့ နေရာလွဲသွားခြင်းကြောင့် အာရုံကြောမှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး လျှပ်စစ်အချက်ပြမှုများကို ထိန်းချုပ်မရဘဲ ထုတ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။
ထိုအခါ ဦးနှောက်၏ အာရုံခံစနစ်မှာ လက်ခံနိုင်စွမ်းထက် ကျော်လွန်သွားပြီး နာကျင်မှု အချက်ပြမှုများကို ပေးပို့တော့သည်။ အာရုံကြောပတ်လမ်းများ ဝန်ပိသွားသောအခါ ခြေလက်များမှာ ရှုပ်ထွေးသော အချက်ပြမှုများကို လက်ခံရရှိမည်ဖြစ်သည်။
ခန္ဓာကိုယ်မှ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်များကို အမြောက်အမြား ထုတ်လွှတ်လာပြီး လျှပ်စစ်လှိုင်း မုန်တိုင်းတစ်ခုသည် စနစ်တစ်ခုလုံးကို ယာယီအားဖြင့် လွှတ်ထွက်သွားစေရန် လုံလောက်ပေသည်။
ထိုအမျိုးသားသည် နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး ခြေလက်များမှာ ကြွက်တက်သကဲ့သို့ တုန်ခါနေ၏။ သူ ဘာဖြစ်သွားမှန်း သိလိုက်ရသည့်အချိန်တွင် ရန်ရှောင်စုကို ပြန်လည်ခုခံရန် မည်သည့်စွမ်းရည်မျှ မရှိတော့ချေ။
ရန်ရှောင်စုသည် တစ်ခုခုကို စဉ်းစားနေသကဲ့သို့ သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထိုအမျိုးသားမှာ အတန်ကြာအောင် အမောတကော အသက်ရှူရင်း အသနားခံတော့သည်။
“ငါ ရန်ငြိုးမထားပါဘူး။ ငါ့ကို လွှတ်ပေးပါ...။ ဒီနေ့ဖြစ်တာတွေကို ငါ မေ့ပစ်လိုက်ပါ့မယ်။”
ဤအချိန်တွင် အသိဉာဏ်ရှိသူဖြစ်ပါက မိမိကိုယ်ကို စဉ်းနှီးတုံးပေါ်က ငါးဖြစ်နေပြီမှန်း သိပေလိမ့်မည်။ အရေးအကြီးဆုံးမှာ ဆက်လက်၍ မောက်မာနေရန်မဟုတ်ဘဲ နောက်တစ်ကြိမ် အခွင့်အရေးကို စောင့်ဆိုင်းရန်သာဖြစ်သည်။
“သူက ဘယ်သူလဲ။”
ရန်ရှောင်စုက ရှောင်ယွီကို ကြည့်ကာ မေးလိုက်သည်။
“သူက ကျောက်မီးသွေးတွင်းက လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးတစ်ယောက်ပါ။ မနေ့ညက ဈေးမြို့လေးမှာ တစ်ယောက်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အဖွဲ့ကို သူပဲ ဦးဆောင်ခဲ့တာ။ သူက အဲ့ဒီလူက ပိုက်ဆံစုတဲ့ အလေ့အထရှိတယ်လို့ ကြားခဲ့တယ်လေ။ ပြီးတော့ သူကိုယ်တိုင်လည်း လောင်းကစားဝိုင်းမှာ အကြွေးတင်နေတာနဲ့ ဒီလို ယုတ်မာတဲ့ အကြံကို ထုတ်ခဲ့တာပဲ။”
မနေ့က ကြွားလုံးထုတ်ခဲ့သည့် စကားများကို ရှောင်ယွီက ပြန်ပြောပြလိုက်သည်။
ရန်ရှောင်စုသည် လမ်းပေါ်သို့ လျှောက်သွားကာ ထိုသူ၏ သံလက်နက်ကို ကောက်ယူလိုက်ပြီးနောက် ထိုသူ့အနားသို့ ပြန်လာကာ အပေါ်မှ ငုံ့ကြည့်လိုက်သည်။
သူ အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ထိုအမျိုးသားမှာ အလွန်ဆုံး ၄ စက္ကန့် သို့မဟုတ် ၅ စက္ကန့်အတွင်း ပြန်လည် လှုပ်ရှားနိုင်တော့မည်ဖြစ်သည်။
ရုတ်တရက် အတန်ကြာ တိတ်ဆိတ်နေသော နန်းတော်မှ အသံထွက်ပေါ်လာခဲ့ပြန်သည်။
“မစ်ရှင်- ရန်သူ၏အသက်ကို ချမ်းသာပေးရန်။”
သို့သော် နန်းတော်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရန်ရှောင်စုသည် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ချကာ သံလက်နက်ဖြင့် ထိုသူ၏ ဝမ်းဗိုက်ကို ပြတ်ပြတ်သားသား ထိုးစိုက်လိုက်လေသည်။ ထက်ရှသော လက်နက်တစ်ခု အရေပြားကို ဖောက်ထွင်းသွားသည့် အသံကြောင့် အနီးနားရှိ ကြည့်နေသူ သို့မဟုတ် နားထောင်နေသူအားလုံး ကြက်သီးထသွားကြပြီး ထိုသူ၏ သွေးများမှာလည် ဒလဟော စီးထွက်လာတော့သည်။
“မင်းမှာ အချိန် ၃ မိနစ်လောက်ပဲ ကျန်တော့တယ်။ တကယ်လို့ ဈေးမြို့လေးက ဆေးခန်းကို အချိန်မီသွားပြီး အနာချုပ်နိုင်ရင်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိနိုင်သေးတယ်။”
ရန်ရှောင်စုက တည်ငြိမ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ထိုအမျိုးသားမှာ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဘာမှပြန်မပြောဘဲ ချက်ချင်းထကာ ဆေးခန်းဆီသို့ ဦးတည်၍ ပြေးထွက်သွားတော့သည်။
“မစ်ရှင် အောင်မြင်ပါသည်။ ဆုလာဘ်- အခြေခံအဆင့် စကေးကူးယူခြင်းစာရွက်။”
“မစ်ရှင် အောင်မြင်ပါသည်။ ဆုလာဘ်- အခြေခံအဆင့် စကေးကူးယူခြင်းစာရွက်။”
“သင့့်၌ လက်နက်မရှိသောကြောင့် အပိုမစ်ရှင်တစ်ခု စတင်လိုက်ပါပြီ...။”
ရန်ရှောင်စုသည် စကားလုံးများအားလုံး မဆုံးမီမှာပင် မှင်တက်သွားရ၏။ ပထမမစ်ရှင်မှာ ရှောင်ယွီကို ကယ်တင်ရန်ဖြစ်ကြောင်း သူနားလည်နိုင်သော်လည်း ဒုတိယတစ်ခုပါ အောင်မြင်သည်ဟု သတ်မှတ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒီနန်းတော်က ဘယ်လိုစံနှုန်းတွေနဲ့ ဆုံးဖြတ်နေတာပါလိမ့်။
ယန်လျို့ယွမ်က ဘေးမှနေ၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အစ်ကို... အစ်ကိုက သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား။ တကယ်လို့ သူ ဆေးခန်းမှာ အနာချုပ်ပြီး ပြန်ကောင်းလာရင် ကလဲ့စားချေဖို့ ပြန်လာမှာ မဟုတ်ဘူးလား။ သူက လူကောင်း မဟုတ်ဘူး။”
ရန်ရှောင်စုသည် မှောင်မိုက်သော ညဉ့်နက်ထဲသို့ ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ ဈေးမြို့ထဲက အဲဒီ အစုတ်ပလုတ် ဆေးခန်းက အနာချုပ်တာနဲ့ ပတ်သက်ရင် ဘာမှနားမလည်ဘူး...။”
“အစ်ကို... မင်း အရမ်းရက်စက်တာကို မြင်ရတော့မှပဲ ငါစိတ်အေးရတော့တယ်...။”
အမှန်စင်စစ်တွင် ဤအချက်ကြောင့်ပင် ရန်ရှောင်စုက ဤသည်မှာ မစ်ရှင်အောင်မြင်သည်ဟု သတ်မှတ်ခြင်းအပေါ် အံ့သြနေမိခြင်းဖြစ်သည်။ ထိုအမျိုးသားမှာ သေချာပေါက် သေရပေလိမ့်မည်။ အကယ်၍ မသေခဲ့လျှင်ပင် ထိုသံလက်နက်မှာ သံချေးများ တက်နေသဖြင့် မေးခိုင်ပိုးတက်စေသည့် အရာတစ်ခုဖြစ်နေရာ အသက်ရှင်လျှင်ပင် ဒုက္ခိတဖြစ်သွားပေလိမ့်မည်။
ထိုအမျိုးသားမှာ သံလက်နက်ရှိသည်ဆိုသော်လည်း အပေါစားအမျိုးအစားကိုသာ ရခဲ့ခြင်းဖြစ်နိုင်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက ရန်ရှောင်စုအနေဖြင့် ထိုသံဓားကို ချိုးဖျက်နိုင်ရန်မှာ မလွယ်ကူလှပေ။
ရန်ရှောင်စုကဲ့သို့သော လူမျိုးများသည် မိမိတို့၏နှလုံးသားထဲတွင် ခိုင်မာသော ကိုယ်ပိုင်မူဝါဒများ ရှိကြသည်။ အထူးစွမ်းရည်များ ရှိလာလျှင်ပင် ၎င်းမှာ လောကအလယ်တွင် သူ၏ ကျင့်ကြံနေထိုင်ပုံကို ပြောင်းလဲနိုင်စွမ်းမရှိပေ။
အကယ်၍ ပြောင်းလဲမည်ဆိုပါကလည်း သူကိုယ်တိုင်၏ ဆန္ဒကြောင့်သာ ဖြစ်လိမ့်မည်။ အခြားသူများက ပြောင်းလဲအောင် မလုပ်နိုင်ပေ။
ထို့ကြောင့် မစ်ရှင်တစ်ခု အောင်မြင်၊ မအောင်မြင် ဆုံးဖြတ်ချက်မှာ အလွန်အမင်း တင်းကျပ်မှု မရှိလှပေ။ ထိုနန်းတော်က ဂရုစိုက်သောအရာမှာ... ရန်ရှောင်စု ပြသလိုက်သည့် သဘောထား သက်သက်သာ ဖြစ်ပေသည်။
ထိုစဉ် လမ်းဘေးရှိ တဲစုတ်များထဲမှ လူများသည် တိုးတိုးတိုးတိုးဖြင့် စကားပြောနေကြ၏။ အမှန်စင်စစ်တွင် ရန်ရှောင်စုမှာ မည်မျှအထိ ရက်စက်တတ်သူဖြစ်ကြောင်း သူတို့ သိထားသည်မှာ နှစ်နှင့်ချီနေပြီဖြစ်သော်လည်း ယနေ့တွင်မူ ထပ်မံ၍ တုန်လှုပ်သွားကြရပြန်သည်။
အကြောင်းမှာ ယနေ့တွင် သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံချင်း ကွာခြားချက်မှာ အလွန်ကြီးမားသော်လည်း ရန်ရှောင်စု ပြသလိုက်သည့် ခွန်အားမှာ ထိုအမျိုးသားထက် အနည်းငယ်မျှ မနိမ့်ပါးသည့်အပြင် သာလွန်နေသည်ကိုပင် တွေ့လိုက်ရသောကြောင့်ပင်။
ဤသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
ထိုစဉ် တဲစုတ်တစ်ခုအတွင်းမှ လူတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါပြောသားပဲ။ သူ့ကို သွားမရှုပ်ပါနဲ့လို့။”
ရန်ရှောင်စုသည် သူ၏ အရိုးဓားကို ပြန်ကောက်ရန် လျှောက်သွားလိုက်၏။ ဤအရိုးဓားမှာ သူ့ထံတွင် တစ်နှစ်ကျော်ကြာ ရှိခဲ့ခြင်းဖြစ်ပြီး ယခုတော့ ၎င်း၏ သက်တမ်းမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူသည် ရှောင်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှောင်ယွီမှာ ညအမှောင်ထဲတွင် အနည်းငယ် နုနယ်အားငယ်နေပုံ ပေါ်သည်။ အမှန်တကယ်တွင် ရှောင်ယွီမှာ ရန်ရှောင်စုထက် ၈ နှစ်ခန့် ပိုကြီးသော်လည်း ယခုအချိန်တွင်မူ သူမက သူ့ထက် ၈ နှစ်ခန့် ပိုငယ်နေသယောင် ထင်ရသည်။
ရန်ရှောင်စုက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“နင် ဆေးလိပ် ဖြတ်နိုင်လား။”
ရှောင်ယွီက ခေါင်းကို အားပါပါ ညိတ်ပြလိုက်၏။
“အဲ့ဒါတွေက အဲ့ဒီလောက် မစွဲစေပါဘူး။ သူတို့က ဘိန်းစေ့ခွံတွေလောက်ပဲ ထည့်ထားတာ။ လောင်ဝမ် ပြောတာတော့ အဲ့ဒီ ပါဝင်ပစ္စည်း အချိုးအစားက အရမ်းနည်းတယ်။ ဒါကြောင့် နင် ဖြတ်ချင်စိတ်ရှိရင် ဖြတ်လို့ရတယ်။”
ရန်ရှောင်စုက ပြောရင်း ရှောင်ယွီ၏ တဲဝသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျိုးနေသော ဖြူဖျော့ဖျော့ အရိုးဓားကို မြေကြီးထဲသို့ အားဖြင့် စိုက်သွင်းလိုက်ရာ အဖျားလေးတစ်ခုသာ အပြင်သို့ ထွက်နေတော့သည်။
လမ်းဘေးမှ ရှောင်ယွီအပေါ် မကောင်းသော အကြံအစည်ရှိခဲ့ကြသူအချို့မှာ ချက်ချင်းပင် စိတ်ပျက်သွားကြတော့သည်။
ဈေးမြို့တွင် ဤသို့ အရိုးဓားတစ်ဝက်မှာ စိတ်ဆန္ဒ၏ ပြယုဂ်တစ်ခုကဲ့သို့ပင်။ ရန်ရှောင်စုကဲ့သို့သော ရက်စက်သည့်လူကို မိုက်မဲစွာ ထိပ်တိုက်ရင်ဆိုင်ရန် မည်သူမျှ အလိုမရှိကြပေ။
ရန်ရှောင်စုက ရှောင်ယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါ ကြိုပြောထားရဦးမယ်။ ငါက အရမ်းချောတယ်ဆိုပေမဲ့... ငါတို့ကြားမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...။”
ရှောင်ယွီ၏ မျက်နှာမှာ ချက်ချင်းပင် မှင်တက်သွား၏။
“ငါက မင်းကို မောင်လေးတစ်ယောက်လိုပဲ သဘောထားတာပါ။”
ယခုတစ်ခါတွင်မူ ရန်ရှောင်စု မှင်တက်သွားရမည့် အလှည့်ဖြစ်သွားခဲ့လေသည်။
“ဟားဟားဟား...ရှက်စရာကြီးကွာ...။”
ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို ဆွဲကာ သူတို့၏ တဲဆီသို့ ချက်ချင်း ဦးတည်လိုက်ပြီး လမ်းလျှောက်နေစဉ် ယန်လျို့ယွမ်ကို စိုက်ကြည့်လိုက်သည်။
ဒါကမင်း နေ့တိုင်း စကားတွေကို အလကား လျှောက်ပြောနေလို့ပဲ။
ယန်လျို့ယွမ်သည် ရှောင်ယွီကို လှည့်ကြည့်ကာ မျက်စိမှိတ်ပြလိုက်၏။ ယန်လျို့ယွမ်၏ အမူအရာကို မြင်သောအခါ ရှောင်ယွီမှာ ချက်ချင်းပင် ရယ်မောလိုက်ပြီး စိတ်မကောင်းစရာများအားလုံး လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
သူမသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ထိုအရိုးဓားတစ်ဝက်ကို အတော်ကြာအောင် ကြည့်နေပြီးနောက် နှုတ်ခမ်းတွင် အပြုံးလေးတစ်ခုဖြင့် အိပ်စက်ရန် ပြန်ဝင်သွားတော့သည်။
ရန်ရှောင်စုမှာမူ သူ၏စိတ်ထဲရှိ နန်းတော်အကြောင်းနှင့် စာရိုက်စက်မှ ထွက်ပေါ်လာသော စကားလုံးများကို သေချာစွာ ပြန်လည်သုံးသပ်ရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
အပိုမစ်ရှင်တဲ့လား။ စိတ်ဝင်စားစရာပဲ။