← Chapters

အခန်း (၃၁-၃၂)

Vol. 2 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 2 Ch. 31-32

အခန်း (၃၁) ဝက်ခြင်းထဲထည့်ပြီး အပြစ်ပေးခြင်း

ဆူညံပွက်လောရိုက်နေရင်းနဲ့ပဲ မိုးသောက်ယံကို ရောက်လာခဲ့ပြီ။ တစ်ညလုံး ရွာနေတဲ့ ဆောင်းဦးမိုးကလည်း တိတ်သွားပြီ။ မင်္ဂလာခန်းဆောင်ထဲမှာတော့ ဘာသံမှ ထွက်မလာသေးတာကြောင့် သခင်မကြီးက တကယ်ကို စိတ်ပူသွားတော့တယ်။ သိက္ခာတွေ မာန်မာနတွေလည်း မငဲ့နိုင်တော့ဘဲ ခန်းဆောင်တံခါးဆီကို ဇွတ်တိုးသွားတော့တယ်။

ကုရှင်းနော့လည်း ဘာမှမတတ်နိုင်တော့တာကြောင့် အဘွားဖြစ်သူကို အတင်းဆွဲထားပြီး ပြောလိုက်တယ်။

"အဘွား ဝင်လို့ မဖြစ်ပါဘူး"

တစ်ညလုံး စောင့်ဆိုင်းနေရတာကြောင့် သခင်မကြီးမှာ စိတ်ရှည်နိုင်စွမ်း ကုန်သွားပြီ။ သူမက လက်ကို မြှောက်လိုက်ပြီး ကုရှင်းနော့ကို ထပ်ပြီး ရိုက်ဖို့ ပြင်ပြန်တယ်။

သခင်မစွင်းက ကုရှင်းနော့ရှေ့မှာ ပိတ်ရပ်လိုက်ပြီး ပြောလိုက်တယ်။

သခင်မစွင်း ပြောလိုက်တယ်။ "အဘွား အပြစ်ပေးချင်ရင် ကျွန်မကိုပဲ ပေးပါ"

အစေခံတွေနဲ့ အထိန်းတော်တွေကလည်း ကြားထဲကနေ ဝိုင်းဖြန်ဖြေကြတာကြောင့် အခြေအနေက တကယ်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့တယ်။

"မင်းတို့ ဘာတွေ ဆူညံနေကြတာလဲ" ဟိန်းဟောက်သံကြီးက ခြံဝင်းတံခါးဆီကနေ ထွက်လာတယ်။

လူတိုင်းက လှည့်ကြည့်လိုက်ကြတော့တယ်။

ကုချန်းက မနေ့ညက ဝတ်စုံအတိုင်းပဲ။ မျက်နှာက သံမဏိလို တည်တင်းနေပြီး ခြံဝင်းထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတယ်။

အစေခံတွေက စစ်သေနာပတိချုပ်ကြီးကို မြင်တာနဲ့ ခေါင်းငုံ့ပြီး ဘေးကို ဖယ်ပေးလိုက်ကြတယ်။

သခင်မကြီးက မြှောက်ထားတဲ့ လက်ကို အသာပြန်ချလိုက်ပြီး သူမရှေ့ကို လျှောက်လာတဲ့ သခင်ကြီးကုကို ကြည့်နေတော့တယ်။

ကုချန်းက စင်္ကြံလှေကားထစ်မှာ ရပ်လိုက်ပြီး မေးလိုက်တယ်။

"မင်း ဘာလုပ်ချင်နေတာလဲ"

ကုရှင်းနော့က သခင်မကြီး စကားမပြောခင်မှာပဲ သခင်ကြီးကုဆီကို ပြေးသွားပြီး ပြောလိုက်တယ်။

"အဘိုး မင်းသမီးလေးက ရှင်းလန်ကို ကုပေးနေတာပါ"

သခင်မကြီးက စိုးရိမ်တကြီးနဲ့ ဝင်ပြောတယ်။

"တစ်ညလုံး ရှိနေပြီလေ ရှင်းလန် ဘယ်လိုနေလဲဆိုတာ ဘာမှ မသိရသေးဘူး"

အဲဒီအချိန်မှာပဲ မင်္ဂလာခန်းဆောင်တံခါးက အထဲကနေ ပွင့်လာတယ်။ ယွီးရှောင်ရှောင်က မျက်လုံးကို ပွတ်ရင်း ထွက်လာပြီး သူမနောက်မှာတော့ သမားတော်တွေ ပါလာကြတယ်။

ယွီးရှောင်ရှောင် ထွက်လာတာ မြင်တော့ သခင်မကြီးက ဘာမှ မပြောတော့ဘဲ လူအုပ်ကြီးနဲ့အတူ ယွီးရှောင်ရှောင်ကိုပဲ စိုက်ကြည့်နေတော့တယ်။

ယွီးရှောင်ရှောင်က အပြင်မှာ ရှိနေတဲ့လူတွေကို ကြည့်ပြီး ပြောလိုက်တယ်။

"ခွဲစိတ်တာ အတော်လေး အောင်မြင်ပါတယ်။ သူ ဘာမှ မဖြစ်တော့ပါဘူး"

ကုရှင်းနော့က သခင်ကြီးကုကို ရှင်းပြဖို့တောင် မအားတော့ဘဲ ယွီးရှောင်ရှောင်ရှေ့ကို အပြေးသွားပြီး မေးလိုက်တယ်။

"ဘာမှ မဖြစ်တော့ဘူးလား ရှင်းလန်ရဲ့ ခြေထောက်က တကယ် ပြန်ကောင်းသွားမှာလား"

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ဝမ်မောမောကို လှမ်းပြောလိုက်တယ်။

"အတော်လေး ဖြစ်နိုင်ပါတယ်။ မောမော လူတွေခေါ်ပြီး အခန်းထဲ သန့်ရှင်းရေး ဝင်လုပ်လိုက်ပါဦး"

ဝမ်မောမောက ပြန်ထူးပြီး နန်းတွင်းသူတွေကို ခေါ်ကာ အခန်းထဲ ဝင်သွားတော့တယ်။

"ဟုတ်ကဲ့ပါ မင်းသမီးလေး"

သခင်မကြီးက ယွီးရှောင်ရှောင်ကို စိတ်ပူတကြီး ပြောလိုက်တယ်။

"ငါ ရှင်းလန်ကို ဝင်ကြည့်ချင်တယ်"

ယွီးရှောင်ရှောင်က တံခါးဝကနေ ဖယ်ပေးလိုက်တယ်။

"ဝင်လေ"

သခင်မကြီးနဲ့ သခင်မရွှီတို့က အခန်းထဲကို အလုအယက် ပြေးဝင်သွားကြတယ်။

ချင်းယွိကလည်း လိုက်ဝင်ဖို့ ပြင်ပေမဲ့ သခင်မစွင်းက လက်နဲ့ ကာပြီး တားလိုက်တယ်။

သခင်မစွင်း ပြောလိုက်တယ်။

"မင်းက ဘာလို့ လိုက်ဝင်မှာလဲ"

ချင်းယွိက ယွီးရှောင်ရှောင်ကို မော့ကြည့်လိုက်တယ်။

ယွီးရှောင်ရှောင်က သမ်းဝေရင်း ပြောလိုက်တာပေါ့။

"မိသားစုဝင်တွေပဲ ဝင်ကြည့်ရင် ရပါပြီ"

ချင်းယွိက နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားမိပေမဲ့ သခင်ကြီးကုရှေ့မှာတော့ ယွီးရှောင်ရှောင်ကို ပြန်မပြောရဲတာကြောင့် ဘေးကိုပဲ ဆုတ်သွားတော့တယ်။

"ရှင်းလန်" လို့ သခင်မကြီးရဲ့ အော်သံက အခန်းထဲကနေ ထွက်လာတယ်။

အဲဒီအသံက ငိုသံပါနေပြီး တကယ့်ကို စူးစူးဝါးဝါးမို့ အပြင်မှာ ရှိနေတဲ့ ကုချန်းတို့ အုပ်စုတောင် ကြက်သီးထသွားရတယ်။

ယွီးရှောင်ရှောင်လည်း အံ့သြသွားတယ်။ ကုရှင်းလန်က ဘာမှ မဖြစ်တော့ဘူးလေ သခင်မကြီးက ဘာလို့ ဒီလောက် အော်နေရတာလဲ ဆိုပြီး အထဲကို ပြန်ဝင်သွားတော့တယ်။

ကုချန်းက ကုရှင်းနော့ ဇနီးမောင်နှံနဲ့ သခင်မလင်းတို့ကို ခေါ်ပြီး အထဲကို လိုက်ဝင်လာကြတယ်။

"နင် ရှင်းလန်ကို ဘာလုပ်လိုက်တာလဲ"

ယွီးရှောင်ရှောင်က ကိုယ်ကို အသာအယာ တိမ်းလိုက်ပြီး သခင်မကြီးရဲ့ လက်ကို ရှောင်လိုက်ရင်း မေးလိုက်တယ်။

"သူ ဘာဖြစ်လို့လဲ"

ဒီအချိန်ထိ ဘာမှမဖြစ်သလို မျက်နှာသေနဲ့ ရှိနေတဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ကုရှင်းယန်ရဲ့ အမေ သခင်မလင်းတောင် စိတ်တိုလာပြီး မေးလိုက်တယ်။။

"ငါတို့ ဘာလို့ ရှင်းလန်ကို နှိုးလို့မရတာလဲ"

သူမရဲ့ အမေးက ပြစ်တင်ရှုံ့ချတဲ့ အသံပေါက်နေပေမဲ့ ယွီးရှောင်ရှောင်ကတော့ ဘာမှ သတိမထားမိဘဲ မျက်နှာသေနဲ့ပဲ ပြန်ပြောလိုက်တယ်။

"မေ့ဆေး အရှိန်မပြယ်သေးလို့ သူ အိပ်ပျော်နေတာပါ"

"ဟုတ်ပါတယ်"

သမားတော်ကြီးကလည်း ဝင်ကူပြောပေးရတော့တာပေါ့။

"သခင်မကြီး... တတိယသခင်လေးက အိပ်ပျော်နေတာပါ"

သမားတော်ကြီးက ယွီးရှောင်ရှောင် ကုရှင်းလန်ကို ကုပေးနေတာ တစ်လျှောက်လုံး ကြည့်ခဲ့တဲ့သူလေ။ သူမ ဘာလုပ်နေလဲဆိုတာ အကုန်လုံး နားမလည်ပေမဲ့ ကုရှင်းလန်ရဲ့ ပြတ်နေတဲ့ ခြေဖနောင့်ကြော နှစ်ချောင်းလုံးကို တကယ် ပြန်ဆက်ပေးလိုက်နိုင်တာကိုတော့ သူ သိလိုက်ပြီလေ။

ကုချန်းက ခုတင်နားသွားပြီး ကုရှင်းလန်ရဲ့ မျက်နှာကို စမ်းကြည့်လိုက်တယ်။ ကုရှင်းလန်က အသက်ရှူတာ မှန်ကန်နေပြီး ကိုယ်အပူချိန်လည်း ပုံမှန်ပဲ။ တကယ်ကို အိပ်ပျော်နေတာပါ။ သမားတော်ကြီးက ကုချန်းကို ပြောလိုက်တယ်။

"စစ်သေနာပတိချုပ်ကြီး... တတိယသခင်လေးရဲ့ ခြေဖနောင့်ကြောတွေကို မင်းသမီးက ပြန်ဆက်ပေးလိုက်ပါပြီ။ သေသေချာချာ ပြန်ကျက်သွားမယ်ဆိုရင် တတိယသခင်လေး တကယ် ပြန်ကောင်းလာနိုင်ပါတယ်"

ဒီစကားတစ်ခွန်းက ကုမျိုးနွယ် တစ်စုလုံးကို ဝမ်းသာအားရ ဖြစ်သွားစေတယ်။ သခင်မကြီးနဲ့ သခင်မလင်းတို့လည်း ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလာကြတယ်။

ဝမ်မောမောက ယွီးရှောင်ရှောင် အနားကို လာရပ်ပြီး မျက်ရည်ကျနေတဲ့ ယောက္ခမနဲ့ အဘွားဖြစ်သူကို ကြည့်ပြီး အေးစက်စက် အသံနဲ့ ပြောလိုက်တယ်။

"သမက်တော် ဘာမှမဖြစ်တော့တာ ကောင်းတာပေါ့။ မနေ့ညကတော့ တော်တော်လေးကို ဆူညံသွားတာပဲ။ တကယ်လို့ သမက်တော်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မတို့ မင်းသမီးလေးခမျာ ဝက်ခြင်းထဲထည့်ပြီး ရေနှစ်သတ်ခံရတော့မလိုပဲ"

သခင်မကြီးနဲ့ သခင်မလင်းတို့ရဲ့ ငိုသံတွေက ရုတ်တရက် ရပ်သွားပြီး မျက်နှာတွေ ပျက်ကာ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ ယွီးရှောင်ရှောင်ကတော့ နားမလည်စွာနဲ့ မေးလိုက်တယ်။

"ဝက်ခြင်းထဲထည့်ပြီး ရေနှစ်သတ်တယ်ဆိုတာ ဘာလဲ"

ဝမ်မောမောလည်း သူမရဲ့ မင်းသမီးလေးက ဘာမှမသိ နားမလည်ဘဲ ဒီလူတွေရဲ့ အနိုင်ကျင့်တာ ခံလိုက်ရတာကို တွေးပြီး ပိုစိတ်တိုလာကာ ပြောလိုက်တော့တယ်။

"မင်းသမီးကသာ ဒီလို အပင်ပန်းခံပြီး လုပ်ပေးနေတာ... ကျွန်မဖြင့် ဘာမှ မပြောချင်တော့ဘူး"

"အစ်ကိုကြီး... ဝက်ခြင်းထဲထည့် ရေနှစ်သတ်တယ်ဆိုတာ ဘာလဲ"

ယွီးရှောင်ရှောင်က ဒါကိုပဲ စိတ်ဝင်တစား မေးနေပြန်တယ်။ ကုရှင်းနော့လည်း ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ ဝမ်မောမောကပဲ ယွီးရှောင်ရှောင်ကို တိတိကျကျ ရှင်းပြလိုက်တယ်။

"လူကို ခြင်းထဲထည့်ပြီး ရေထဲပစ်ချကာ သတ်ပစ်တာပါ"

"ဒါဆို ဘာလို့ ဝက်ခြင်းလို့ ခေါ်တာလဲ"

ယွီးရှောင်ရှောင်က ထပ်မေးပြန်တယ်။ ဝမ်မောမောမှာ စကားဆွံ့သွားရပြီ။ ဒါက အဓိက မဟုတ်ဘူးလေ။

"အာ..."

ယွီးရှောင်ရှောင်က ဗိုက်ကို ပွတ်လိုက်ရင်း ပြောလိုက်တယ်။

"ငါ ဗိုက်ဆာပြီ"

ကုချန်းက အမြန်ပဲ အမိန့်ပေးလိုက်တော့တယ်။

"မြန်မြန်... မင်းသမီးအတွက် စားစရာတွေ ပြင်ဆင်လိုက်ကြ"

ကုရှင်းနော့ရဲ့ ဇနီး သခင်မလင်းက သခင်မကြီးကို ပြောလိုက်တယ်။

"အဘွား... ရှင်းလန်လည်း ဘာမှမဖြစ်တော့ဘူးဆိုတော့ ကျွန်မတို့ အပြင်ထွက်ကြရအောင်လေ"

သခင်မကြီးလည်း သူမ လုပ်ခဲ့တာတွေကြောင့် မျက်နှာပူနေတာနဲ့ လမ်းကြုံတုန်း အမြန်ပဲ ပြောလိုက်တယ်။

"အေး... ဒါဆို သွားကြစို့"

ဝမ်မောမောတို့ တစ်စုကတော့ ဘာမှမဖြစ်သလို ထွက်သွားတဲ့ သခင်မကြီးကို ကြည့်ပြီး စိတ်တိုနေကြတယ်။ ကုရှင်းနော့က မျက်နှာပူပူနဲ့ ယွီးရှောင်ရှောင် အနားလာပြီး တိုးတိုးလေး ပြောလိုက်တယ်။

"မင်းသမီးလေး... မင်းသမီးကို အားနာလိုက်တာ"

"ဟင်"

ယွီးရှောင်ရှောင်ကတော့ ဘာကို အားနာနေတာလဲဆိုတာ နားမလည်ရှာဘူး။

"အဘွားနဲ့ မေမေက ရှင်းလန်ကို စိတ်ပူလွန်းလို့ပါ"

ကုရှင်းနော့က ထပ်ရှင်းပြတယ်။ လူနာရှင် မိသားစုဝင်တွေ စိတ်လှုပ်ရှားနေတာကို ယွီးရှောင်ရှောင် နားလည်တာကြောင့် လက်ကာပြရင်း ဘာမှမဖြစ်ဘူးလို့ အဓိပ္ပာယ်ရတဲ့ အမူအရာ လုပ်လိုက်တယ်။ ကုရှင်းနော့ကတော့ မနေ့ညက အဘွားဖြစ်သူ ပြောခဲ့တဲ့ စကားတွေက အရမ်းရိုင်းစိုင်းခဲ့တာကြောင့် ပိုပြီး အားနာနေမိတော့တယ်။

"စားသောက်ပြီးရင် လက်ဖက်ရည်ပွဲ ဆက်သအုံး"

ကုချန်းက ယွီးရှောင်ရှောင် အနားလာပြီး နူးနူးညံ့ညံ့ ပြောလိုက်တယ်။ လက်ဖက်ရည် ဆက်သတယ်ဆိုတာ ဘာလဲဆိုတာ သူမ သေချာမသိပေမဲ့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ်။

"ဟုတ်ကဲ့ပါ အဘိုး... ကျွန်မ စားပြီးရင် လာခဲ့ပါ့မယ်"

ကုချန်းက ကုရှင်းနော့ကို ခေါ်ပြီး အခန်းပြင်ထွက်လာရင်း မေးလိုက်တယ်။

"ဟို အစေခံမလေး နာမည်က ဘယ်သူလဲ"

"အဘိုး ဘယ်သူ့ကို မေးတာလဲ"

ကုချန်းက သူ့မြေးကြီးကို စိုက်ကြည့်လိုက်တော့ ကုရှင်းနော့က ပြန်ဖြေလိုက်တယ်။

"ချင်းယွိပါ"

"မောင်းထုတ်လိုက်"

ကုချန်းက အေးစက်စက် ပြောလိုက်တယ်။

"မင်း ကိုယ်တိုင် သွားလုပ်လိုက်"

…

အခန်း (၃၂) အစေခံ၏ ရည်မှန်းချက်ကြီးမှု

ကုရှင်းနော့က အသက် ၂၆ နှစ်ရှိပြီ ဖြစ်ပေမဲ့ အိမ်တွင်းရေး ကိစ္စတွေကို တစ်ခါမှ ဝင်မပါဖူးဘူး။ အခု ကုချန်းက ဒီတာဝန် ပေးလိုက်တော့ သူက အခက်တွေ့သွားပြီး ပြောလိုက်တယ်။

"ဒါဆို အဘွားဘက်ကရော..."

ကုချန်းက တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောဘဲ အပြင်ကို ထွက်သွားတယ်။ ကုရှင်းနော့လည်း အဘိုးနောက်က လိုက်ရင်း ပြောလိုက်တယ်။

"မြေး သိပါပြီ"

မကြာခင်မှာပဲ အစေခံတွေက ယွီးရှောင်ရှောင်အတွက် မနက်စာ ယူလာပေးကြတယ်။ ဗိုက်ဝဖို့က ဘဝရဲ့ အဓိက ရည်မှန်းချက် ဖြစ်နေတဲ့ ယွီးရှောင်ရှောင်ကတော့ စားပွဲမှာ ထိုင်ပြီး အငမ်းမရ စားနေတော့တယ်။ ဝမ်မောမောကတော့ ဆန်ပြုတ်တစ်ပန်းကန်ကို ကိုင်ထားရင်း နှစ်လုပ်လောက် သောက်ပြီးတာနဲ့ စားချင်စိတ် မရှိတော့ဘဲ ပြောလိုက်တယ်။

"မင်းသမီး... မင်းသမီးရဲ့ စိတ်သဘောထားက ဘာလို့ ဒီလောက် ကြီးရတာလဲ"

ယွီးရှောင်ရှောင်က ဆန်ပြုတ်တစ်ပန်းကန်ကို ကုန်အောင် သောက်လိုက်ပြီး နောက်တစ်ပန်းကန် ထပ်ထည့်ရင်း ဝမ်မောမောကို ပြောလိုက်တယ်။

"ဒါလေးက စားလို့ ကောင်းသားပဲ"

မင်းသမီးလေး နေမကောင်းဖြစ်ပြီးကတည်းက စားလို့ရသမျှ အကုန်လုံးကို စားလို့ကောင်းတယ်လို့ပဲ သူမ ပြောနေတော့တာ။ ဝမ်မောမောက သက်ပြင်းချရင်း မေးလိုက်တယ်။

"မနေ့ညက သခင်မကြီး အဲ့ဒီလောက် နှောင့်ယှက်နေတာကို ဒီအတိုင်း လွှတ်ထားမှာလား"

"အခု ဘာမှမဖြစ်တော့ဘူး မဟုတ်လား"

ယွီးရှောင်ရှောင်က ပြန်ပြောတယ်။

"သူက ရိုင်းစိုင်းလွန်းတာပဲ"

ဝမ်မောမောက စိတ်တိုတိုနဲ့ ပြောလိုက်တယ်။

"ဒါကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး"

"ဒါဆို သူ့ကို သွားရိုက်ပေးရမလား"

ယွီးရှောင်ရှောင်က မေးလိုက်တယ်။ ဝမ်မောမောမှာ ပြောစရာ မဲ့သွားရပြန်တယ်။ သခင်မကြီးက မင်းသမီးရဲ့ လက်ချက်ကို ခံနိုင်ပါ့မလား။

ယွီးရှောင်ရှောင်က ကြက်ဥကြော်ကို စားရင်း မူလဇာတ်လမ်းထဲမှာ ဒီမိသားစု တစ်စုလုံး အသတ်ခံရတာ၊ ကုရှင်းလန်လည်း အသားတွေကို တစ်စစီ အလှီးခံပြီး သေရတာတွေကို သတိရသွားပြီး သက်ပြင်းချကာ ပြောလိုက်တယ်။

"သူတို့ မိသားစုက သနားဖို့ကောင်းပါတယ်"

တစ်ညလုံး အနှောင့်အယှက် ပေးခံရတာတောင် သနားဖို့ကောင်းတယ်လို့ ပြောနေတဲ့ မင်းသမီးကို ကြည့်ပြီး ဝမ်မောမောမှာ စကားပြောဖို့ အားမရှိတော့ဘူး။

ဒီအချိန်မှာ သမားတော်ကြီးတွေက ကုအိမ်တော်ရဲ့ ဧည့်ခန်းမှာ ကုချန်းတို့ ဇနီးမောင်နှံကို ကုရှင်းလန်ရဲ့ အခြေအနေ ရှင်းပြနေကြတယ်။ ကုချန်းက သမားတော်ကြီးတွေကို ကျေးဇူးတင်စကား ပြောလိုက်တယ်။ သမားတော်ကြီးက ကုချန်းကို ပြောလိုက်တယ်။

"စစ်သေနာပတိချုပ်ကြီး... တတိယသခင်လေးရဲ့ ဒဏ်ရာက မင်းသမီး ပြောတဲ့အတိုင်းပဲ လုပ်ရပါလိမ့်မယ်။ သခင်လေးက လူငယ်လေးပဲ ရှိသေးတာ၊ ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းဘဲ အိပ်ရာထဲမှာပဲ ဘဝကုန်ဆုံးသွားရမယ်ဆိုရင် သူ့အတွက် ဘဝက မျှော်လင့်ချက် မရှိတော့ပါဘူး"

မနေ့ညက သခင်မကြီး နှောင့်ယှက်ခဲ့တာကို တွေးပြီး သမားတော်ကြီးက အခုထိ ကြောက်နေတုန်းပဲ။ တကယ်လို့ မင်းသမီးသာ စိတ်အာရုံ လွင့်သွားခဲ့ရင် ကုရှင်းလန်ရဲ့ ခြေထောက်တွေ တကယ် ပြန်ကောင်းနိုင်ပါ့မလား။ ကုချန်းက သမားတော်ကြီးကို ထပ်ပြီး ကျေးဇူးတင်စကား ပြောလိုက်တယ်။ သမားတော်ကြီးတွေ ပြန်သွားတော့ ဧည့်ခန်းထဲမှာ ကုချန်းတို့ ဇနီးမောင်နှံပဲ ကျန်တော့တယ်။

ကုချန်းက ဇနီးသည်ကို ကြည့်ပြီး မေးလိုက်တယ်။

"မင်းက ငါတို့ တစ်မိသားစုလုံးကို အကျဉ်းထောင်ထဲ တစ်ခါ ထပ်ရောက်စေချင်တာလား... ဒါမှမဟုတ် မင်းသမီးကို မောင်းထုတ်မှပဲ စိတ်ချမ်းသာမှာလား"

သခင်မကြီးက မျက်နှာငယ်လေးနဲ့ ပြန်ပြောတယ်။

"ကျွန်မက မင်းသမီး တကယ် ဆေးကုတတ်မယ်လို့ ဘယ်သိမှာလဲ"

"ရှင်းလန်က သူ့ရဲ့ ခင်ပွန်းလေ"

ကုချန်းက ပြောလိုက်တယ်။

"မင်းသမီးက သူ့ခင်ပွန်းကို အန္တရာယ် ပေးပါ့မလား။ မင်း အသက်ကြီးလာပြီး မတွေးတတ် ဖြစ်နေပြီလား"

သခင်မကြီးက ဆက်ငြင်းသေးတယ်။

"အရင်တုန်းက မင်းသမီးက ရှင်းလန်ရဲ့ ဆေးတွေကို သွန်ပစ်တယ်လို့ ကြားခဲ့တယ်လေ။ မင်းသမီးက ရှင်းလန်နဲ့ အတူမနေချင်ရင်..."

"တော်စမ်း"

ကုချန်းက ဆက်နားမထောင်ချင်တော့ဘူး။

"မင်းသမီးက ရှင်းလန်နဲ့ အတူမနေချင်ရင် ဘာလို့ လက်ထပ်မှာလဲ။ မင်းက ရှင်းလန်ကို လူကောင်းအတိုင်း မှတ်နေတာလား။ မြို့တော်ထဲက မိန်းကလေးတွေအားလုံး သူ့ကို လုပြီး ယူချင်နေကြတယ် ထင်နေလား"

"ဒါဆို သူ ဘာလို့ ဆေးတွေ သွန်ပစ်တာလဲ"

သခင်မကြီးက ဇွတ်မေးနေပြန်တယ်။

"ဒါ အစေခံမ ပြောတာ မဟုတ်လား"

ကုချန်းက အေးစက်စက် မေးလိုက်တယ်။

"ချင်းယွိက..."

"သူ ဘာပဲဖြစ်ဖြစ်"

ကုချန်းက လက်ကာပြလိုက်တယ်။

"ငါ ရှင်းနော့ကို အဲဒီအစေခံကို မောင်းထုတ်ဖို့ ပြောပြီးပြီ"

ချင်းယွိက ကုအိမ်တော်မှာ မွေးတဲ့ အစေခံဖြစ်ပြီး သခင်မကြီးရဲ့ လူယုံပဲ။ သခင်မကြီးက သူမကို မောင်းထုတ်ဖို့ နှမြောနေပြီး ပြောလိုက်တယ်။

"ချင်းယွိက ကျွန်မ ရှင်းလန်အတွက် သတ်မှတ်ပေးထားတဲ့သူလေ... သူ့ကို ဘယ်ကို မောင်းထုတ်မှာလဲ... သူများတွေ ကဲ့ရဲ့တာ မကြောက်ဘူးလား"

"ငါ့အိမ်ကို ဆူပူအောင် လုပ်တဲ့ အစေခံကို ငါက ဘာလို့ ထားရမှာလဲ"

ကုချန်းက ပြောလိုက်တယ်။

"ဒီကိစ္စကို ထပ်မမေးနဲ့တော့... မင်းသမီးက ငါတို့ ကုမိသားစုအပေါ် ကျေးဇူးရှိတယ်၊ မင်းကို ငါ ထပ်ပြောမယ်... ကျေးဇူးကို မေ့ပြီး မသိနားမလည်တာတွေ မလုပ်နဲ့"

သခင်မကြီးလည်း သူမ မှားသွားတာ သိပေမဲ့ ကုချန်းက ဒီလို ပြောလိုက်တော့ မျက်နှာပူသွားရတယ်။ ကုချန်းက ဒေါသတကြီးနဲ့ အပြင်ထွက်သွားတယ်။ သခင်မကြီးက လှမ်းအော်လိုက်တယ်။

"မင်းသမီးက လက်ဖက်ရည် လာဆက် အုံးမှာလေ။ ရှင် ဘယ်သွားမလို့လဲ"

ကုချန်းက ပြန်လှည့်မကြည့်ဘဲ အပြင်ထွက်လာရင်း ခြံထဲမှာ ဒူးထောက်နေတဲ့ ချင်းယွိကို ကြည့်ပြီး အိမ်တော်ထိန်းကို အမိန့်ပေးလိုက်တယ်။

"သူ့ကို ခေါ်သွားလိုက်"

ချင်းယွိက တုန်လှုပ်သွားပြီး ကုချန်းကို ဦးချရင်း ပြောလိုက်တယ်။

"စစ်သေနာပတိချုပ်ကြီး... ကျွန်မ မှားသွားပါပြီ၊ ကျွန်မက တတိယသခင်လေး အတွက် စိတ်ပူလို့ပါ... ကျွန်မကို ခွင့်လွှတ်ပေးပါ"

သူမက ခေါင်းနဲ့ ကြမ်းပြင်ကို ဆောင့်ပြီး ဦးချလိုက်တာကြောင့် ခေါင်းကနေ သွေးတွေတောင် ထွက်လာတယ်။ အိမ်တော်ထိန်းကတော့ သူမကို အတင်းဆွဲပြီး အပြင်ကို ခေါ်သွားတော့တယ်။

"သခင်မကြီး... ကျွန်မ မှားပါပြီ"

ချင်းယွိက ကုချန်းကို တောင်းပန်လို့ မရတာနဲ့ အထဲက သခင်မကြီးကို လှမ်းအော်တော့တယ်။ သခင်မကြီးကတော့ အထဲမှာ ဘာသံမှ မထွက်ဘဲ ငြိမ်နေလိုက်တယ်။ ကုချန်းက အိမ်ထောင်ဦးစီးဆိုတော့ သူ ဆုံးဖြတ်ပြီးတာကို သူမက ဘယ်လို ဝင်ပါရမှာလဲ။

အိမ်တော်ထိန်းက ချင်းယွိကို ဆွဲသွားတုန်းမှာ ကုရှင်းယန်နဲ့ သူ့ဇနီး သခင်မလင်းတို့နဲ့ တိုးတယ်။ ကုရှင်းယန်က မနေ့ညက အကြောင်းတွေကို သိလိုက်ရတော့ ဝမ်းလည်းသာ၊ ဒေါသလည်း ထွက်နေတာ။ သူ့ညီလေး ပြန်ကောင်းလာနိုင်တာကို ဝမ်းသာပြီး အဘွားဖြစ်သူက အစေခံတစ်ယောက် စကားကို နားယောင်တာကိုတော့ ဒေါသထွက်နေမိတယ်။

"သူ့ကို ဘယ်ခေါ်သွားတာလဲ"

ကုရှင်းယန်က အိမ်တော်ထိန်းကို မေးလိုက်တယ်။ အိမ်တော်ထိန်း စကားမပြောခင်မှာပဲ ကုရှင်းနော့နဲ့ သခင်မစွင်းတို့ ရောက်လာပြီး ပြောလိုက်တယ်။

"သူ့ကို မောင်းထုတ်ဖို့ လုပ်နေတာ"

"မောင်းထုတ်ရုံနဲ့ ဘယ်ရမလဲ"

ကုရှင်းယန်က ပြောလိုက်တယ်။

"ရောင်းစားပစ်လိုက်တာက ပိုကောင်းမယ်"

ချင်းယွိက အခြေအနေတွေ ဒီလောက်ထိ ဆိုးသွားမယ်လို့ မထင်ထားခဲ့ဘူး။ သူမက သခင်မကြီးနဲ့ မင်းသမီးလေးကြားမှာ သွေးထိုးဖို့ပဲ ရည်ရွယ်ခဲ့တာ။ ဒါမှ သူက သခင်မကြီးရဲ့ ယုံစားမှုကို သုံးပြီး ကုရှင်းလန်ရဲ့ အခန်းထဲ ဝင်ချိန် မင်းသမီးကြီးရဲ့ နင်းချေမှုကို မခံရမှာလေ။

"သခင်လေး..."

အိမ်တော်ထိန်းက ချင်းယွိ စကားမပြောနိုင်အောင် ပါးစပ်ကို ပိတ်ထားလိုက်တယ်။ သခင်မလင်းက ချင်းယွိရဲ့ စိတ်ကူးကို သိတာကြောင့် သွေးတွေနဲ့ ဖြစ်နေတဲ့ သူမကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။

"အစေခံတစ်ယောက်က စိတ်ကူးတွေ အရမ်းကြီးနေရင်တော့ ဒီလိုပဲ ဖြစ်မှာပေါ့"

ကုရှင်းနော့က အိမ်တော်ထိန်းကို လက်ဝှေ့ယမ်းပြလိုက်ရင်း ပြောလိုက်တယ်။

"သွား... ရောင်းစားပစ်လိုက်တော့"

…

All Chapters