အခန်း (၃၃-၃၄)
Vol. 2 Ch. 33-34
အခန်း (၃၃) ကျွန်ဈေး
အိမ်တော်ထိန်းက ချင်းယွိရဲ့ ပါးစပ်ကို ပိတ်ပြီး ကုအိမ်တော်ကနေ တောက်လျှောက် ဆွဲထုတ်လာခဲ့တယ်။ ပြီးတော့ အစေခံနှစ်ယောက်ဆီကို လွှဲပေးလိုက်တယ်။
"အိမ်တော်ထိန်း"
ချင်းယွိက အိမ်တော်ထိန်းကို တောင်းပန်ချင်သေးတယ်။
"သူက မင်းသမီးလေးလေ... မိဖုရားခေါင်ကြီး မွေးထားတဲ့ မင်းသမီးကြီး"
အိမ်တော်ထိန်းကလည်း ချင်းယွိကို ကြည့်ပြီး ကြီးလာသူမို့ သနားပေမဲ့ တိုးတိုးလေး ပြောလိုက်တယ်။
"မင်းက ဒီအိမ်မှာ မွေးတဲ့ အစေခံတစ်ယောက်ပဲလေ... သခင်မကြီးက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ဘယ်လိုလုပ် ထင်နေရတာလဲ"
ချင်းယွိက ပါးစပ်ဟလိုက်တယ်။ မြို့တော်က သမားတော်တွေ အကုန်လုံးက တတိယသခင်လေးရဲ့ ခြေထောက်က ကုလို့ မရတော့ဘူးလို့ ပြောထားကြတာလေ။ မင်းသမီးက ဓားနဲ့ နှစ်ချက်လောက် ခွဲလိုက်ရုံနဲ့ သခင်လေးရဲ့ ဒဏ်ရာက ပြန်ကောင်းသွားပြီလား။ ချင်းယွိက အခုထိ မယုံနိုင်သေးဘူး။ ဓားခုတ်လှံထိုး လုပ်တတ်တဲ့ မိန်းမတစ်ယောက်က ဆေးပညာပါ တတ်တယ်တဲ့လား။
"ခေါ်သွားတော့... တန်းပြီး ရောင်းပစ်လိုက်"
အိမ်တော်ထိန်းက ချင်းယွိရဲ့ ကျွန်စာချုပ်ကို ဘေးက အစေခံဆီ ပေးလိုက်ပြီး ချင်းယွိရဲ့ တောင်းပန်စကားကို ဆက်နားမထောင်တော့ဘဲ အိမ်ထဲ ပြန်ဝင်သွားတော့တယ်။
အိမ်တော်ထိန်း ပြန်လာပြီး သတင်းပို့ပြီးတဲ့နောက် သခင်မစွင်းက ဝမ်မောမောကို ကိုယ်တိုင် သွားတွေ့ပြီး ချင်းယွိကို အိမ်ကနေ ဘယ်လို အပြစ်ပေးလိုက်တယ် ဆိုတာကို ပြောပြတယ်။
ဝမ်မောမောကတော့ ကုရှင်းနော့ရဲ့ ဇနီးကို အတော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်။ မနေ့ညက သူမရဲ့ မင်းသမီးလေးက ဘာမှ မဖြစ်ခဲ့ဘဲ အကြီးဆုံးကုသခင်လေးသာ အဆူခံခဲ့ရတာလေ။ ဝမ်မောမောက သခင်မစွင်းကို အရင် ကျေးဇူးတင်စကား ဆိုလိုက်ပြီးမှ ပြောလိုက်တယ်။
"ဒါဆိုရင်တော့ ကျွန်တော်မျိုးမ စိတ်အေးရပါပြီ... အဲဒီ အစေခံမကိစ္စကို ကျွန်တော်မျိုးမက မင်းသမီးလေးကို မပြောရသေးပါဘူး။ ဒီကိစ္စကို သခင်မစွင်း ဘယ်လို သဘောရလဲ"
"ဒီကိစ္စကို သခင်မကြီး မပြောသရွေ့ ဘယ်သူမှ မင်းသမီးလေးကို သွားပြောမှာ မဟုတ်ပါဘူး... အိမ်က အစေခံတွေကိုလည်း ပါးစပ် မဟဖို့ ကျွန်မ ကိုယ်တိုင် သေသေချာချာ မှာထားပါ့မယ်"
သခင်မစွင်းရဲ့ စကားတစ်ခွန်းက ဝမ်မောမောကို အထင်ကြီးသွားစေတယ်။ မနေ့ညက ဒီအမျိုးသမီးက ဘာမှ မပြောဘဲ ခင်ပွန်းသည်အတွက် ပါးရိုက်ခံပေးခဲ့ပေမဲ့ စိတ်ထဲမှာတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း သိနေတာပဲ။ ဒီကိစ္စက ဘယ်သူပြောပြော အတည်မဖြစ်ဘူး၊ သခင်မကြီးရဲ့ သဘောထားကိုပဲ ကြည့်ရမှာလေ။
ယွီးရှောင်ရှောင်က လက်ထဲမှာ ပေါက်စီ နှစ်လုံး ကိုင်ပြီး မင်္ဂလာခန်းဆောင်ထဲကနေ ထွက်လာတယ်။ စင်္ကြံလမ်းမှာ စကားပြောနေတဲ့ လူနှစ်ယောက်ကို ကြည့်ပြီး သခင်မစွင်းကို အရင် နှုတ်ဆက်လိုက်တယ်။
"သခင်မစွင်း"
သခင်မစွင်းက ပြန်မထူးရသေးခင်မှာပဲ ဝမ်မောမောက မျက်လုံးပြူးပြီး မေးလိုက်တယ်။
"မင်းသမီး... မင်းသမီး ဗိုက်ဆာပြန်ပြီလား"
စောစောကမှ မနက်စာ စားထားတာလေ။ ဒီကိုယ်လုံးသေးသေးလေးက ဘယ်လောက် စားမှ ဗိုက်ဝမှာလဲ။ ဒီအငွေ့တထောင်းထောင်း ထနေတဲ့ ပေါက်စီဖြူဖြူကြီးတွေကကော ဘယ်က ရလာတာလဲ။
"ဒါက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ရဲ့ မနက်စာလေ"
ယွီးရှောင်ရှောင်က ပေါက်စီတစ်ဝက်ကို ကိုက်စားရင်း ပြောလိုက်တယ်။
"သူတို့ စားမကုန်လောက်ဘူး ထင်လို့ ကျွန်မ ကူစားပေးတာ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ ထောင့်တစ်နေရာမှာ ရပ်ပြီး လက်ထဲက ပေါက်စီတွေကို တိတ်တိတ်လေး ကိုက်စားနေကြတယ်။ မင်းသမီးလေးက လက်လှမ်းပြီး ပေါက်စီကို ယူသွားတာ သူတို့ကို စကားပြောဖို့ အခွင့်အရေးတောင် မပေးဘူးလေ။ သူတို့လို လူပျိုပေါက်တွေက ပေါက်စီ ဘယ်နှစ်လုံးလာလာ စားနိုင်တာပေါ့။
"သွားကြစို့"
ယွီးရှောင်ရှောင်က လှေကားထစ်ကို ဆင်းရင်း ပြောလိုက်တယ်။
"လက်ဖက်ရည် သွားဆက်ရမယ် မဟုတ်လား... မောမော၊ လက်ဖက်ရည် ဆက်တယ်ဆိုတာ ဘာကြီးလဲ"
"မဟုတ်ဘူး"
ဝမ်မောမောက ခြေလှမ်းသွက်သွက်နဲ့ ယွီးရှောင်ရှောင်ကို အရှေ့ကို ဆွဲခေါ်သွားပြီး သခင်မစွင်းနဲ့ နည်းနည်း ဝေးအောင် လုပ်လိုက်တယ်။ ဒီလောက် ဘာမှမသိတဲ့ မေးခွန်းမျိုးကို သူစိမ်းတွေ ကြားသွားလို့ ဘယ်ဖြစ်မလဲ။
သခင်မစွင်းလည်း ပါးစပ်ကို အုပ်ပြီး ရယ်ရမလား ချောင်းဟန့်ရမလား မသိတော့ဘူး။ လက်ဖက်ရည် ဆက်တယ်ဆိုတာ ဘာမှန်း မသိတဲ့ မင်းသမီးတဲ့လား။ ဒီစကားကို အပြင်မှာ သွားပြောရင် ယုံမဲ့လူ ရှိပါ့မလား။
ဝမ်မောမောဆီကနေ အရေးပေါ် သင်တန်းပေးခံလိုက်ရတဲ့ ယွီးရှောင်ရှောင်က လက်ဖက်ရည် ဆက်တဲ့အချိန်မှာ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ လူကြီး သုံးယောက်ဆီက မင်္ဂလာလက်ဖွဲ့တွေ ရတာနဲ့ ယောက်မကြီး သခင်မစွင်းနဲ့ ယောက်မလတ် သခင်မလင်းဆီက နှုတ်ဆက်လက်ဆောင်တွေ ရတဲ့အခါ ယွီးရှောင်ရှောင် မျက်နှာက အပြုံးကြီးက ကုမိသားစုဝင်တွေကို တစ်ခုတော့ တွေးမိစေတယ်။ ဒီမင်းသမီးလေးက မပြုံးဘဲ နေတဲ့အချိန်ကမှ တကယ် လှတာပဲ။ ပါးစပ်ကြီးဖြဲပြီး သွားတွေ အကုန်ပေါ်အောင် ပြုံးနေတာက တကယ်ကို မျက်စိနောက်စရာကြီး။
ကုရှင်းယန်က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"မင်းသမီးလေး... ရှင်းလန်ရဲ့ ဒဏ်ရာက တကယ် ပြန်ကောင်းသွားမှာလား"
"ပြန်ကောင်းမှာပါ"
ယွီးရှောင်ရှောင်က မင်္ဂလာလက်ဖွဲ့တွေနဲ့ လက်ဆောင်တွေကို အင်္ကျီအိတ်ထဲ သေသေချာချာ ထည့်ရင်း ပြောလိုက်တယ်။
ကုရှင်းယန်က လက်နှစ်ဖက်ကို ပုတ်လိုက်ပြီး ဝမ်းသာအားရ ပြောတယ်။
"ဒါဆို သိပ်ကောင်းတာပေါ့... တို့ရှင်းလန်က ကံကောင်းတဲ့သူပဲ"
"အင်း"
ယွီးရှောင်ရှောင်က ပြောတယ်။
"ဒုတိယအစ်ကို စိတ်ချပါ... ကျွန်မ ရှိပါတယ်"
အခု သူမက ယွီးလင်းလုံ ဖြစ်နေပြီဆိုတော့ ကုရှင်းလန်ကို အပိုင်းပိုင်း အဖြတ်ခံရပြီး သေတဲ့အဖြစ်မျိုး လုံးဝ အရောက်ခံမှာ မဟုတ်ဘူး။
ကုရှင်းယန်က မေးတယ်။
"ဒါဆို ချင်းယွိက..."
"အဟွတ် အဟွတ် အဟွတ်"
ကုချန်းနဲ့ ကုရှင်းနော့တို့ တစ်ပြိုင်နက်တည်း ချောင်းဟန့်လိုက်ကြတယ်။
မရီးလတ်ကတော့ သူမရဲ့ ခင်ပွန်းကို မျက်စောင်းထိုးလိုက်တယ်။ စကားပြောမတတ်ရင် မပြောဘဲနေလေ၊ သခင်မကြီးတောင် ငြိမ်နေပြီကို ရှင်က ဘာလို့ ချင်းယွိ အကြောင်း သွားပြောနေရတာလဲ။
ယွီးရှောင်ရှောင်က အားထုတ်ပြီး စဉ်းစားလိုက်ကာ ပြောတယ်။
"ချင်းယွိ... ဒီနာမည်ကို ကျွန်မ ကြားဖူးသလိုပဲ၊ သူက ဘယ်သူလဲ"
ကုချန်းက အမြန် ဝင်ပြောလိုက်တယ်။
"အရေးမပါတဲ့သူပါ... မင်းသမီးလေး ဒီလူကို သိစရာ မလိုပါဘူး"
"ဪ ဒါဆိုလည်း ထားလိုက်တော့"
ယွီးရှောင်ရှောင်က ဘာမှ ထပ်မစဉ်းစားတော့ဘဲ ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ရက်စက်တဲ့ ဘုရင်မရဲ့ ဘဝမှာ ချင်းဆိုတဲ့ နာမည်နဲ့ ရန်သူမှ မရှိခဲ့တာ သူမက ဒီလူ ဘယ်သူလဲ ဆိုတာ သိဖို့ ဘာလိုလို့လဲ။
သခင်မစွင်းနဲ့ သခင်မလင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ကောင်းပြီလေ... ချင်းယွိက ဒီလောက်အထိ အသည်းအသန် ကြံစည်နေခဲ့တာ၊ သူ ကြံစည်တဲ့သူကတော့ ချင်းယွိဆိုတာ ဘယ်သူလဲ ဆိုတာတောင် စိတ်ဝင်စားပုံ မရဘူး။ ကျွန်ဈေးကို အပို့ခံလိုက်ရတဲ့ ချင်းယွိသာ ဒီအခြေအနေကို သိရင် သွေးအန်ပြီး သေမလား မသိဘူး။
ကုရှင်းယန်က ယွီးရှောင်ရှောင်ကို လက်မထောင်ပြလိုက်တယ်။ ဒါမှ တော်ဝင်မင်းသမီးရဲ့ စိတ်ထားမျိုးပေါ့။ ကုသခင်ကြီးလည်း ခေါင်းညိတ်လိုက်တယ်။ ဒီလောက် စိတ်ထားကြီးတဲ့ မြေးချွေးမမျိုးကို သူ သဘောကျတယ်။
"ဒါနဲ့ ကျောင်းမိဖုရား သေပြီလား"
ယွီးရှောင်ရှောင်က သူတို့နှစ်ယောက်က သူမ ကုရှင်းလန်ကို ခွဲစိတ်ပေးခဲ့တာကို ချီးကျူးနေတယ်လို့ပဲ ထင်ပြီး ကုချန်းကို ကျောင်းမိဖုရား အကြောင်း မေးလိုက်တယ်။
ကုချန်းက ဖြေတယ်။
"ကျောင်းမိဖုရားက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ ကြားပါတယ်"
"မသေသေးဘူးလား"
ယွီးရှောင်ရှောင် အံ့သြသွားတယ်။ မိုးကြိုး နှစ်ခါတောင် အပစ်ခံရတာကို ဒီမိန်းမယုတ်က မသေသေးဘူးလား။ သူမရဲ့ အသက်ပြင်းတာက ဇွန်ဘီတွေထက်တောင် သာနေသေးတယ်။
ဒီအချိန်မှာ အတူရှိနေတာက ကုမိသားစုဝင်တွေချည်းပဲမို့ ကုချန်းကလည်း သူ့ရဲ့ နှမြောတသဖြစ်မှုကို မဖုံးကွယ်တော့ဘဲ ယွီးရှောင်ရှောင်ကို ပြောပြတယ်။
"ဒဏ်ရာက ပြင်းထန်ပြီး အရိုးတွေလည်း ကျိုးသွားတယ်... ဒါပေမဲ့ သမားတော်တွေကတော့ အသက်အန္တရာယ် မရှိဘူးလို့ ပြောကြတယ်"
ယွီးရှောင်ရှောင်က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
"ဒီလောက် အသက်ပြင်းတဲ့ လူသားမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ"
လူသားတဲ့လား။ ကုမိသားစုဝင်တွေ အချင်းချင်း ကြည့်လိုက်ကြပြီး ဝမ်မောမောကို လှည့်ကြည့်ကြပြန်တယ်။ ဒါက ဘာအဓိပ္ပာယ်လဲ ဆိုတာ ရှင်းပြပေးလို့ ရမလား။
ဝမ်မောမောကတော့ မျက်နှာကို တည်တင်းထားပြီး ပါးစပ်ကို ပိတ်ထားတယ်။ သခင်တွေ စကားပြောနေတာကို သူမလို အစေခံက ဘယ်လိုလုပ် ဝင်ပြောရဲမှာလဲ။
ကုမိသားစုဝင်တွေက မင်းသမီးကြီးနဲ့ စကားပြောရတာ ခက်ခဲနေတယ်လို့ တွေးနေကြချိန်မှာပဲ ချင်းယွိကတော့ ကုအိမ်တော်က အစေခံနှစ်ယောက်ရဲ့ ဆွဲခေါ်မှုနဲ့ ကျွန်ဈေးကို ရောက်သွားပြီး လမ်းဘေးမှာ အရောင်းအဝယ်လုပ်နေတဲ့ လူကုန်ကူးသူ တစ်ယောက်ဆီကို ဈေးတောင် သိပ်မဆစ်ရဘဲ လွယ်လွယ်ကူကူ ရောင်းစားခံလိုက်ရပြီ။
"ရုပ်လေးကတော့ အတော်လေး လှတာပဲ"
လူကုန်ကူးသူက ဒီနေ့ ပထမဆုံး အဖွင့်မှာတင် အလှလေး တစ်ယောက် ရလိုက်လို့ ဝမ်းသာနေတယ်။ ကုအိမ်တော်က အစေခံတွေ ပိုက်ဆံယူပြီး ပြန်သွားတာနဲ့ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချင်းယွိရဲ့ ပါးကို တစ်ချက် ဆွဲလိမ်ကာ ရယ်ရင်း ပြောလိုက်တယ်။
"မင်းပုံစံလေးကို ကြည့်ပြီး ငါတောင် မင်းကို မရောင်းရက်တော့ဘူး"
ချင်းယွိရဲ့ ပါးစပ်ကို အဝတ်နဲ့ ပိတ်ထားတာမို့ အသံမထွက်နိုင်ဘဲ မျက်ရည်တွေပဲ ကျနေတော့တယ်။
"ဒီအလှလေးက ဈေးကောင်းကောင်း ရလောက်တယ်"
လူကုန်ကူးသူတွေ ဝိုင်းလာကြပြီး ချင်းယွိကို အကဲခတ်နေကြတယ်။
ရုန်းကန်နေရင်းနဲ့ ချင်းယွိရဲ့ အပေါ်ပိုင်း အဝတ်အစားတွေက ကျွတ်လုနီးပါး ဖြစ်သွားပြီး ဖြူဖွေးနေတဲ့ ခန္ဓာကိုယ်လေး ပေါ်လာတာကြောင့် သူမဘေးမှာ ဝိုင်းနေတဲ့ ယောက်ျားတွေ မျက်လုံးပြူးပြီး သွေးဆူလာကြတော့တယ်။ ချင်းယွိလည်း မျှော်လင့်ချက်မဲ့သွားပြီး သူမရဲ့ ရင်ဘတ်ကို လာကိုင်တဲ့ လူကုန်ကူးသူကို ခေါင်းနဲ့ တိုက်ကာ ရှေ့က ကျောက်နံရံကို ပြေးတိုက်ဖို့ လုပ်လိုက်တယ်။
"ခွေးမ"
လူကုန်ကူးသူ ဒေါသထွက်သွားတယ်။ ဒီမိန်းမသာ ခေါင်းတိုက်သေသွားရင် သူ့ပိုက်ဆံတွေ အလကား ဖြစ်သွားမှာပေါ့။
ချင်းယွိရဲ့ အင်္ကျီစကို လူကုန်ကူးသူက လှမ်းဆွဲလိုက်တာကြောင့် နံရံကို မတိုက်မိဘဲ မြေပေါ်ကို လဲကျသွားပြီး သူမရဲ့ ကိုယ်အောက်ပိုင်းကနေ ဗြိဆိုတဲ့ အသံ ထွက်လာတယ်။ ဘေးက ယောက်ျားတွေ အကုန်လုံး အသက်ရှူမှားသွားကြတယ်။ ဒီအလှလေးရဲ့ အင်္ကျီစ ဆွဲချွတ်ခံလိုက်ရတော့ သေးသွယ်တဲ့ ခါးလေးနဲ့ အဖြူရောင် အတွင်းခံဘောင်းဘီလေးက ပေါ်လာတာကိုး။
"ငါ့ပိုက်ဆံတွေ ယူပြီးပြီကို သေချင်နေသေးတာလား"
လူကုန်ကူးသူက ချင်းယွိရဲ့ ကျောကို ခြေထောက်နဲ့ အချက်ပေါင်းများစွာ ကန်ပြီး အဆက်မပြတ် ဆဲဆိုနေတော့တယ်။
"ဒီမိန်းမကို ဘယ်လောက်နဲ့ ရောင်းမှာလဲ"
ချင်းယွိ တစ်ယောက် အရိုက်ခံရတော့မဲ့ အချိန်မှာပဲ လူကုန်ကူးသူရဲ့ ဘယ်ဘက်ကနေ လူတစ်ယောက်က မေးလိုက်လေတော့တယ်။
…
အခန်း (၃၄) ကျူးယိတိုင်းပြည်မှ မင်းသား
လူကုန်ကူးသူတွေ အားလုံး အသံလာရာဆီကို လှည့်ကြည့်လိုက်ကြတယ်။ အဲဒီမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ အဖြူရောင် ပိုးသားအင်္ကျီကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက် ရပ်နေတယ်။ လူကုန်ကူးသူတွေက အဲဒီလူကို တစ်ချက်ပဲ ကြည့်ရဲပြီး ခေါင်းငုံ့ထားလိုက်ကြတယ်။ သူတို့က လူကဲခတ် ကျွမ်းကျင်သူတွေလေ၊ ရုပ်ရည်ချောမောပြီး မျက်လုံးစူးရှတဲ့ ဒီလူငယ်လေးက ချမ်းသာတဲ့သူ ဒါမှမဟုတ် ရာထူးကြီးတဲ့သူ ဆိုတာ ချက်ချင်း သိလိုက်တယ်။ သူတို့လို လူတွေက ဘယ်လိုလုပ် သွားစမ်းရဲမှာလဲ။
"ငါ့သခင်လေး မေးနေတယ်လေ" လူငယ်လေးရဲ့ အစောင့်တစ်ယောက်က လူကုန်ကူးသူကို ဟောက်လိုက်တယ်။
လူကုန်ကူးသူက အမြန်ပဲ ရိုရိုသေသေ ပြန်ဖြေတယ်။
"သခင်လေး... ဒီအစေခံမက ငွေဆယ်ကျပ်ပဲ ကျပါတယ်"
လူအုပ်ကြီးက ဟာခနဲ ဖြစ်သွားတယ်။ ငွေဆယ်ကျပ်ဆိုရင် လူငယ်ပိုင်း အစေခံ အယောက်နှစ်ဆယ်လောက်တောင် ဝယ်လို့ရတာကို၊ ဒီလူကုန်ကူးသူက တကယ်ပဲ ဈေးကို ရဲရဲတင်းတင်း တောင်းရဲတာပဲ။
အစောင့်တစ်ယောက်က ချင်းယွိရှေ့ကို လျှောက်သွားပြီး ခြေဖျားနဲ့ ချင်းယွိရဲ့ မေးစေ့ကို ပင့်တင်လိုက်တယ်။ သူ့သခင်လေး ချင်းယွိရဲ့ မျက်နှာကို သေသေချာချာ မြင်ရအောင်လို့ပါ။
လူငယ်လေးက ချင်းယွိကို အေးစက်စက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ ဘယ်သူ့ကိုမှ စကားမပြောဘဲ လှည့်ထွက်သွားတယ်။
အစောင့်က ချင်းယွိကို မြေပေါ်ကနေ ဆွဲထူလိုက်ပြီး ငွေတစ်ကျပ်ကို လူကုန်ကူးသူဆီ ပစ်ပေးလိုက်တယ်။
"သေချင်နေတဲ့ ဖုန်းထျန်းလူတွေ"
လူကုန်ကူးသူက ငွေတစ်ကျပ်ကို ကိုင်ပြီး ဘာမှ ပြန်မပြောရဲဘူး။ အဲဒီနေရာမှာ ရှိနေတဲ့ ဖုန်းထျန်း လူတွေလည်း ဘယ်သူမှ စကားမဟရဲကြဘူး။ အစောင့်ရဲ့ လေယူလေသိမ်းကို နားထောင်လိုက်တာနဲ့ သူတို့က ကျူးယိပြည်သားတွေမှန်း သိသာနေတာကိုး။ ကျူးယိဆိုတာ ဖုန်းထျန်းကို အုပ်စိုးနေတဲ့ အထက်တိုင်းပြည်လေ၊ အထက်တိုင်းပြည်က အရာရှိတွေဆိုရင် သူတို့ကို သတ်ပစ်ရင်တောင် ဘုရင်က သူတို့အတွက် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။
ချင်းယွိကို လူငယ်လေးရဲ့ အနောက်ကို ဆွဲခေါ်လာပြီးတဲ့နောက် အစောင့်က သတင်းပို့လိုက်တယ်။
"သခင်လေး... အစေခံမကို ဝယ်လာပါပြီ"
"မင်း နာမည် ဘယ်လိုခေါ်လဲ" လူငယ်လေးက ခြေလှမ်းကို ရပ်ပြီး ချင်းယွိကို မေးလိုက်တယ်။
ကံကြမ္မာက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာကြောင့် ချင်းယွိရဲ့ ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး။ လူငယ်လေး မေးတာကို ကြားတော့ ပါးစပ်ဟပေမဲ့ အသံက ထွက်မလာဘူး။
လူငယ်လေးကလည်း ထပ်မမေးဘဲ ချင်းယွိကို အေးစက်စက် စိုက်ကြည့်နေတယ်။ အစောင့်က ချင်းယွိကို နောက်ကနေ တစ်ချက် တွန်းလိုက်တယ်။
ချင်းယွိက မြေပေါ်ကို ထပ်ပြီး လဲကျသွားပြီး မျက်နှာက ရွှံ့ရေတွေနဲ့ ထိသွားတယ်။ အဲဒီတော့မှ သတိပြန်ဝင်လာပြီး ဒူးထောက်ကာ လူငယ်လေးကို ရိုရိုသေသေ ဦးတိုက်ပြီး မျက်ရည်တွေနဲ့ တောင်းပန်လိုက်တယ်။
"သခင်လေး... ကျွန်တော်မျိုးမကို နာမည်တစ်ခု ပေးသနားတော်မူပါ"
လူငယ်လေးက နှုတ်ခမ်းထောင့်ကို ကွေးပြီး တစ်ချက် ပြုံးလိုက်တယ်။ ပြီးတော့ သနားစရာကောင်းအောင် ဒူးထောက်နေတဲ့ ချင်းယွိကို ဂရုမစိုက်တော့ဘဲ ရှေ့ကို ဆက်လျှောက်သွားတယ်။
"မင်းက ဘယ်လောက် အရေးပါလို့လဲ" အစောင့်က ချင်းယွိကို ဆွဲထူရင်း ပြောလိုက်တယ်။ "ဖုန်းထျန်းက အစေခံတစ်ယောက်ကများ ငါတို့သခင်လေးကို နာမည်ပေးခိုင်းနေသေးတယ်"
လူငယ်လေးရဲ့ ဘေးမှာ ပါလာတဲ့ အိမ်တော်ထိန်းပုံစံနဲ့ လူလတ်ပိုင်း တစ်ယောက်က နောက်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။
"အခုက ဆောင်းဦးရာသီ အစဆိုတော့... ဒီအစေခံမကို ချူချိုး (ဆောင်းဦးအစ) လို့ပဲ ခေါ်လိုက်"
ယွီးရှောင်ရှောင်ကတော့ ကုအိမ်တော်ရဲ့ ဧည့်ခန်းမထဲမှာ ထိုင်နေရင်း အကြောင်းရင်း မရှိဘဲ နှာချေလိုက်တယ်။ ဝမ်မောမောက စိုးရိမ်တကြီး မေးလိုက်တယ်။
"မင်းသမီးလေး... အင်္ကျီ ထပ်ဝတ်မလား"
ယွီးရှောင်ရှောင်က ခေါင်းခါပြပြီး အပြင်ကို လှမ်းကြည့်လိုက်တယ်။ အပြင်မှာက ဆောင်းဦးမိုး ရွာပြီးစမို့ ရာသီဥတုက သာယာနေတယ်။ ဒါပေမဲ့ သူမက ဘာလို့ မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတာလဲ။
"မင်းသမီး"
ရှောင်ဝေက ဧည့်ခန်းထဲကို ပြေးဝင်လာပြီး သတင်းပို့လိုက်တယ်။
"သမက်တော် သတိရလာပါပြီ"
"သွားကြည့်ကြမယ်"
ယွီးရှောင်ရှောင်က ချက်ချင်း ထပြီး ထွက်သွားတယ်။ စောစောက အလိုလို ခံစားနေရတဲ့ စိတ်ပူပန်မှုတွေကိုလည်း ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်ပြီ။
ယွီးရှောင်ရှောင် အနောက်ဘက် ခြံဝင်းကို သွားဖို့ ထွက်လာတဲ့အချိန်မှာ သရေစာသွားဝယ်တဲ့ ရှောင်ကျွမ်း ပြန်ရောက်လာတယ်။ ရှောင်ကျွမ်းရဲ့ လက်နှစ်ဖက်လုံး အလွတ်ဖြစ်နေတာကို ကြည့်ပြီး ယွီးရှောင်ရှောင် နှုတ်ခမ်းဆူသွားတယ်။
"အပြင်မှာ စားစရာ မရှိဘူးလား"
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို ရိုရိုသေသေ နှုတ်ဆက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"မင်းသမီး... ကျူးယိတိုင်းပြည်က အိမ်ရှေ့မင်းသား ကျင်းမော့ မနေ့က မြို့တော်ကို ရောက်လာတယ်လို့ သတင်းရခဲ့တယ်"
ဝမ်မောမောက ချက်ချင်း ဝင်ပြောလိုက်တယ်။
"သူတို့က ဖုန်းထျန်းဆီကနေ ဘာတွေ ထပ်တောင်းချင်နေပြန်ပြီလဲ"
ယွီးရှောင်ရှောင်ကတော့ ပါးစပ်ကို တွန့်လိုက်တယ်။ ဒီကုန်းမြေကြီးပေါ်မှာ တိုင်းပြည်ခြောက်ခု ရှိတဲ့အထဲမှာ ကျူးယိက အင်အားအကြီးဆုံးပဲ။ ချင်းလုံ၊ ပိုင်ဟူ၊ ကျူးချွဲ၊ ရွှမ်ဝူ တိုင်းပြည်လေးခုကတော့ အင်အားတူညီကြပြီး ကျူးယိရဲ့ အောက်မှာ ရှိတယ်။ ဖုန်းထျန်းကတော့ ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ ရတဲ့ တိုင်းပြည်မျိုးလေ။ အခုထိ မပျက်စီးသေးတာက တိုင်းပြည်ငါးခုက သူတို့အချင်းချင်း တိုက်ခိုက်နေရလို့ ဖုန်းထျန်းကို အပြတ်ရှင်းဖို့ အချိန်မရသေးတာရယ်၊ ဖုန်းထျန်းက တော်တဲ့ စစ်သူကြီးတွေ ထွက်ပေါ်လာပြီး တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့လို့ရယ်ပဲ။
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်တယ်။
"မင်းသမီး... ကျူးယိ အိမ်ရှေ့မင်းသားက ဒီတစ်ခေါက် ဖုန်းထျန်းက မင်းသားတစ်ပါးကို ကျူးယိကို ဓားစာခံအဖြစ် ခေါ်သွားဖို့ လာတာလို့ ကြားတယ်"
"ဘုရင်မင်းမြတ်က ဓားစာခံအဖြစ် မင်းသားတစ်ပါးကို ရွေးတော့မှာလား"
ဝမ်မောမောက ရှောင်ကျွမ်းကို တိုးတိုးလေး မေးလိုက်တယ်။
ရှောင်ကျွမ်းက ခေါင်းညိတ်ပြတယ်။ ဝမ်မောမောက ချက်ချင်း ယွီးရှောင်ရှောင်ကို လှည့်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"မင်းသမီးလေး... ကျေးဇူးတင်ပါတယ် မင်းသမီး သတ္တမမင်းသားကို နန်းတော်ထဲက ခေါ်ထုတ်လာခဲ့လို့ တော်သေးတာပေါ့"
ယွီးရှောင်ရှောင်က မျက်နှာသေနဲ့ပဲ အနောက်ဘက် ခြံဝင်းကို ဆက်လျှောက်သွားတယ်။
ကျင်းမော့... သူမ ဒီလူကို သိတယ်။ ရက်စက်တဲ့ ဘုရင်မ နန်းတက်နိုင်အောင် အဓိက ကူညီပေးခဲ့တဲ့လူက ဒီကျူးယိ အိမ်ရှေ့မင်းသားပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလူက ရက်စက်တဲ့ ဘုရင်မရဲ့ တရားမဝင် လင်ငယ်တွေထဲက တစ်ယောက်ပေါ့။
"ဘယ်မင်းသား ဓားစာခံအဖြစ် သွားရမလဲ မသိဘူးနော်"
ဝမ်မောမောက ယွီးရှောင်ရှောင်ရဲ့ နောက်ကနေ လိုက်ရင်း ရှောင်ကျွမ်း၊ ရှောင်ဝေတို့နဲ့ ဆွေးနွေးနေတယ်။ အရိပ်ကိုယ်ရံတော် နှစ်ယောက်က ခေါင်းခါပြကြတယ်။ ဒီလိုကိစ္စမျိုးကို သူတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ။
"ယွီးကျစ်ချင်"
ယွီးရှောင်ရှောင်က ပြောလိုက်တယ်။
ဝမ်မောမောက လန့်သွားပြီး တိုးတိုးလေး အော်လိုက်တယ်။
"မဖြစ်နိုင်ပါဘူး"
ဟွာမိဖုရားလို လူမျိုးက သူ့သားကို ကျူးယိကို ဓားစာခံအဖြစ် ပို့ခံရအောင် ငြိမ်နေပါ့မလား။
ရက်စက်တဲ့ ဘုရင်မရဲ့ ဘဝကို ပြန်စဉ်းစားကြည့်လိုက်ရင် ကျောင်းမိဖုရားက ယွီးလင်းလုံ မောင်နှမနှစ်ယောက်ကို နန်းတော်ပြင်ကို ထွက်သွားအောင် လှည့်စားပြီးတာနဲ့ ဟွာမိဖုရားကို ချက်ချင်း စပြီး တိုက်ခိုက်တော့တာပဲ။ ဟွာမိဖုရားရဲ့ မိသားစုက စစ်တပ်အာဏာ ရှိနေသလို၊ ယွီးကျစ်ချင်ကလည်း အကြီးဆုံးမင်းသား ဖြစ်နေတော့ ကျောင်းမိဖုရားရဲ့ သား ဆဋ္ဌမမင်းသား ယွီးဇီမင်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်နေတာကိုး။ ကျောင်းမိဖုရားက ဟွာမိဖုရားရဲ့ သားကို ဘယ်လို နည်းလမ်းနဲ့ ဓားစာခံအဖြစ် အပို့ခံရအောင် လုပ်ခဲ့သလဲ ဆိုတာကိုတော့ ယွီးရှောင်ရှောင် မသိပေမဲ့ ရလဒ်ကတော့ ဒီလိုပဲ ဖြစ်သွားခဲ့တာပဲ။
"မင်းသမီး... ဘယ်လို သိတာလဲ"
ရှောင်ဝေက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
ယွီးရှောင်ရှောင်က နောက်ကို လှည့်ကြည့်ပြီး သူတို့သုံးယောက်ကို မေးလိုက်တယ်။
"ကျွန်မ ဒီကိစ္စကို ဝင်ပါသင့်လား"
ဝမ်မောမော၊ ရှောင်ကျွမ်း၊ ရှောင်ဝေတို့ သုံးယောက်လုံး ခေါင်းခါပြကြတယ်။ ဒီကိစ္စက လက်သီးနဲ့ ဖြေရှင်းလို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။
"တကယ်တော့ သူတို့အားလုံးက ကျွန်မရဲ့ မောင်နှမတွေလေ"
ယွီးရှောင်ရှောင်က ဆိုတယ်။ ကျောင်းမိဖုရားရဲ့ အကွက်ဆင်မှုကြောင့် ကျူးယိကို ရောက်သွားတဲ့ ယွီးကျစ်ချင်ဟာ တစ်သက်လုံး အိမ်မပြန်နိုင်ခဲ့ဘူး။ ကျင်းမော့ ဘုရင်ဖြစ်လာတဲ့ အချိန်မှာ ဒီမင်းသားရဲ့ ခေါင်းကို ဖြတ်ပြီး ယွီးလင်းလုံဆီကို လက်ဆောင်အဖြစ် ပို့ပေးခဲ့တာလေ။ ယွီးရှောင်ရှောင် တွေးကြည့်ရုံနဲ့တောင် ကြက်သီးထမိတယ်။
မင်းသမီးကြီးက သူတော်စင် ဖြစ်တော့မှာလား။
ဝမ်မောမောနဲ့ အရိပ်ကိုယ်ရံတော် နှစ်ယောက်က ယွီးရှောင်ရှောင်ကို အော်ပြောချင်နေတယ်။ ဟွာမိဖုရားရဲ့ သားက မင်းသမီးရဲ့ မောင်နှမ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါပေမဲ့ သူတို့က မအော်ရဲကြဘူး။ မင်းသမီးလေးက နားမလည်တာတော့ ဟုတ်တယ်၊ ဒါပေမဲ့ လက်ကတော့ တကယ် မြန်တယ်လေ။
"ဘာမှ မပြောဘူးဆိုတော့ သဘောတူတယ် ဆိုတဲ့ အဓိပ္ပာယ်လား"
ယွီးရှောင်ရှောင်က အကြာကြီး စောင့်နေပေမဲ့ သူတို့ သုံးယောက်ဆီက ဘာအသံမှ ထွက်မလာတော့ ထပ်မေးလိုက်တယ်။
ဝမ်မောမော...
ရှောင်ကျွမ်း၊ ရှောင်ဝေ...
ဘာကို သဘောတူရမှာလဲ။ နန်းတွင်းက မိန်းမတွေ အချင်းချင်း ကိုက်ကြတာ ပိုမကောင်းဘူးလား။
"မင်းသမီးက အိမ်ထောင်ကျသွားပြီလေ"
ဝမ်မောမောက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က ရပ်ပြီး ဝမ်မောမော ဆက်ပြောမဲ့ စကားကို စောင့်နေတယ်။
"တော်ဝင်မိသားစုရဲ့ ကိစ္စတွေကို မင်းသမီး ဝင်မပါတာ အကောင်းဆုံးပါပဲ" ဝမ်မောမောက ယွီးရှောင်ရှောင်နဲ့ အတူ နောက်ဘက် ခြံဝင်းကို ဆက်လျှောက်ရင်း သေသေချာချာ ရှင်းပြတယ်။ "မင်းသမီးက သမက်တော် အကြောင်းကိုပဲ တွေးပါ။ အိမ်မှာနေရင် အဖေ့စကားကို နားထောင်ရမယ်၊ အိမ်ထောင်ကျရင် လင်ယောက်ျား စကားကို နားထောင်ရမယ်လေ။ သမက်တော်ရဲ့ ဘဝ တိုးတက်လာရင် မင်းသမီးရဲ့ ဘဝလည်း အလိုလို ကောင်းလာမှာပေါ့"
ဝမ်မောမော ပြောတဲ့ စကားတွေကို ယွီးရှောင်ရှောင် တစ်ခွန်းမှ နားမလည်ဘူး။ အဖေ့စကား နားထောင်ရမယ်၊ လင်ယောက်ျား စကား နားထောင်ရမယ်... အဲဒါတွေက ဘာသဘောတရားတွေလဲ။ ဒါမှမဟုတ် ကုရှင်းလန်က နောက်ပိုင်း ဘုရင် ဖြစ်လာမှာမို့လို့လား။ အဲဒါကလည်း မဖြစ်နိုင်ပါဘူး။
"မင်းသမီးလေး... ဒီတစ်ခါတော့ ကျွန်တော်မျိုးမ စကားကို နားထောင်ပါနော်" ဝမ်မောမောက ယွီးရှောင်ရှောင်ကို ထပ်ပြောတယ်။ "သတ္တမမင်းသားလေး ဘေးကင်းနေသရွေ့ မင်းသမီးက ဘာမှ ဝင်မပါပါနဲ့တော့"
…