← Chapters

အခန်း (၃၅-၃၆)

Vol. 2 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 2 Ch. 35-36

အခန်း (၃၅) တို့တွေက လင်မယားတွေ မဟုတ်ဘူးလား

ယွီးရှောင်ရှောင်က ဝမ်မောမောကို ခေါင်းညိတ်မပြသလို ခေါင်းလည်း မခါပြဘူး။ ရက်စက်တဲ့ ဘုရင်မရဲ့ လင်ငယ်က သိပ်ကို ဖြေရှင်းရ ခက်တဲ့လူလေ။ အဖေနဲ့ ညီအစ်ကိုတွေကို သတ်တာ ခွေးတစ်ကောင် သတ်သလို သဘောထားတဲ့လူမျိုး။ ဇွန်ဘီ မဖြစ်သေးပေမဲ့ ဆွေမျိုးမေ့နေတဲ့ လူယုတ်မာပဲ။ ဒီကိစ္စကို ယွီးရှောင်ရှောင် သေသေချာချာ ထပ်စဉ်းစားဦးမှ ဖြစ်မယ်။ တကယ်လို့ ဒီကျင်းမော့ကလည်း ကျောင်းမိဖုရားလို မိုးကြိုးပစ်တာတောင် မသေတဲ့ လူမျိုးဆိုရင် သူမ ဘယ်လို လုပ်ရမလဲ။ ဝမ်မောမောက ယွီးရှောင်ရှောင် အခန်းထဲ ဝင်သွားတာကို ကြည့်ပြီး ရှောင်ကျွမ်းကို လှည့်ပြောလိုက်တယ်။ "မင်း သွားပြီး သတင်း ထပ်စုံစမ်းချည်"

ရှောင်ကျွမ်းက မေးလိုက်တယ်။ "ဘာတွေ ထပ်စုံစမ်းရဦးမှာလဲ"

ဝမ်မောမောက ရှောင်ကျွမ်းကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။ "ဘယ်သူ ဓားစာခံအဖြစ် သွားရသွားရ ဂရုမစိုက်ဘူး... သတ္တမမင်းသားသာ မဖြစ်ရင် ရပြီ"

ရှောင်ကျွမ်းလည်း ချက်ချင်း လှည့်ထွက်သွားတော့တယ်။ ယွီးရှောင်ရှောင်က တံခါးကို တွန်းဖွင့်ပြီး အခန်းထဲ ဝင်လာကာ ခုတင်ဘေးကို တန်းသွားလိုက်တယ်။ ကုရှင်းလန်က ခုတင်ပေါ်မှာ နာကျင်နေတဲ့ မျက်နှာထားနဲ့ လဲလျောင်းနေပေမဲ့ ယွီးရှောင်ရှောင်ကို မြင်တော့ အားယူပြီး ပြုံးပြရှာတယ်။ ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နဖူးက ချွေးတွေကို သုတ်ပေးရင်း မေးလိုက်တယ်။ "နာနေလား"

ကုရှင်းလန်က တိုးတိုးလေး ဖြေလိုက်တယ်။ "သက်သာပါတယ်"

ယွီးရှောင်ရှောင်က ခုတင်ဘေးမှာ ထိုင်ပြီး ကုရှင်းလန်ရဲ့ ခြေထောက်ကို အုပ်ထားတဲ့ စောင်ကို လှန်ကြည့်ရင်း ပြောလိုက်တယ်။ "ဒီမှာ ကောင်းတဲ့ အကိုက်အခဲပျောက်ဆေး မရှိဘူး... နာနေရင်လည်း ရှင် သည်းခံမှ ရမယ်"

ခြေကျင်းဝတ်က နာကျင်မှုက လူတစ်ယောက်က ဓားနဲ့ အရိုးတွေကို တစ်စစီ ခြစ်ထုတ်နေသလိုပဲ။ ကုရှင်းလန် တစ်ကိုယ်လုံး ချွေးတွေ ထွက်နေပေမဲ့ ယွီးရှောင်ရှောင်ရဲ့ ရှေ့မှာတော့ အားနည်းတဲ့ပုံ မပြချင်ဘူး။ သူက တိုးတိုးလေး ပြောလိုက်တယ်။ "ကျုပ် ခံနိုင်ပါတယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ချွေးတွေကို ထပ်သုတ်ပေးရင်း ပြောလိုက်တယ်။ "ပြတ်သွားတဲ့ အကြောတွေကိုတော့ ဆက်ထားပြီးပြီ... ဘာအမှားအယွင်းမှ မဖြစ်ဘူးဆိုရင် ခြောက်လလောက်နေရင် ရှင် သေချာပေါက် ပြန်ကောင်းလာမှာပါ"

ချွေးတွေက ကုရှင်းလန်ရဲ့ မျက်လုံးထဲ ဝင်လာတာကြောင့် အမြင်အာရုံတွေ ဝေဝါးသွားတယ်။ သူ လက်မောင်းကို မြှောက်ပြီး မျက်လုံးကို သုတ်ချင်ပေမဲ့ အခုချိန်မှာ လက်မြှောက်ဖို့တောင် အားမရှိတော့ဘူး။ ယွီးရှောင်ရှောင်က ထရပ်ပြီး ရေနွေးထဲ စိမ်ထားတဲ့ တဘက်ကို ယူကာ ကုရှင်းလန်ရဲ့ မျက်နှာကို သုတ်ပေးလိုက်တယ်။ အမြင်အာရုံတွေ ပြန်ရှင်းလင်းလာတော့ ကုရှင်းလန်က သူ့ဇနီးလေးက မျက်မှောင်ကြုတ်ပြီး သူ့နဖူးကို စမ်းနေတာကို မြင်လိုက်ရပြီး မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ"

သူက ကျေးဇူးတင်စကား ပြောမလို့ လုပ်ပေမဲ့ ပါးစပ်ကနေ အမေးစကားပဲ ထွက်သွားတယ်။ ယွီးရှောင်ရှောင်က သက်ပြင်းချပြီး ပြောလိုက်တယ်။ "ကိုယ်ပူလာပြန်ပြီ"

ကုရှင်းလန်က သိပ်ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ "ကျုပ် နေမကောင်း ဖြစ်ပြန်ပြီလား"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပူကျဲနေတဲ့ နဖူးပေါ်က လက်ကို ဖယ်လိုက်ပြီး ရှင်းပြတယ်။

"ဒီအချိန်မှာ ကိုယ်ပူတာက ပုံမှန်ပဲလေ... ဒါက ရှင့်ခန္ဓာကိုယ်က အားယူနေတယ်ဆိုတဲ့ လက္ခဏာပဲ"

ကုရှင်းလန်က ပါးစပ်ကို အကြိမ်ကြိမ် ဟပေမဲ့ နောက်ဆုံးတော့ ယွီးရှောင်ရှောင်ရဲ့ စကားကို သူ ဘယ်လို ပြန်ပြောရမလဲ မသိဘူးဆိုတာ ဝန်ခံလိုက်ရတော့တယ်။ ယွီးရှောင်ရှောင်က ဆက်ပြောတယ်။

"စိတ်မပူပါနဲ့... ဒီမှာ ထိရောက်တဲ့ အဖျားကျဆေး မရှိပေမဲ့ ကျွန်မ ရေပတ်တိုက်ပြီး အဖျားကျအောင် လုပ်ပေးမယ်... ခဏနေရင် သက်သာသွားလိမ့်မယ်"

ဒီစကားကိုလည်း ကုရှင်းလန် နားမလည်ပြန်ဘူး။ အဲဒီအချိန်မှာ ဝမ်မောမောက ရှောင်ဝေကို ခေါ်ပြီး အခန်းထဲ ဝင်လာတယ်။ ခုတင်ပေါ်က ကုရှင်းလန်ကို မြင်တာနဲ့ ချက်ချင်း စိုးရိမ်တကြီး ပြောလိုက်တယ်။

"သမက်တော်ရဲ့ မျက်နှာက ဘာလို့ ဒီလောက်တောင် နီနေရတာလဲ... ဖျားနေတာလား"

ယွီးရှောင်ရှောင်က ဝမ်မောမောကို စောစောက စကားကိုပဲ ပြန်ပြောလိုက်ပြီး ရှောင်ဝေကို ခိုင်းလိုက်တယ်။ "ပုံမှန်ပါပဲ... မင်း သွားပြီး အရက်ဖြူ နှစ်ပုလင်းလောက် သွားယူခဲ့"

ရှောင်ဝေက အမိန့်ကို နာခံပြီး ပြေးထွက်သွားတယ်။ ဝမ်မောမောက မေးလိုက်တယ်။ "ဖျားနေတာကို သမားတော် မခေါ်ဘူးလား"

ကုရှင်းလန်က ဝင်ပြောလိုက်တယ်။ "မလိုပါဘူး... ဒီကိစ္စကို မိသားစုဝင်တွေကို အသိပေးစရာ မလိုပါဘူး"

မနေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကုရှင်းလန်က အစေခံလေး နှစ်ယောက်ဆီကနေ ကြားပြီးပြီလေ။ အခုချိန်မှာ ယွီးရှောင်ရှောင်သာ ဘာမှ မဖြစ်သလို နေပြီး မနေ့ညက ကိစ္စတွေကို ထည့်မပြောလို့သာ၊ မဟုတ်ရင် ကုရှင်းလန် အနေနဲ့ သူမကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ ဆိုတာတောင် မသိတော့ဘူး။ ယွီးရှောင်ရှောင်က ဝမ်မောမောကို ပြောလိုက်တယ်။ "ကိစ္စသေးသေးလေးပါ... အဖျားကျသွားရင် ဘာမှ မဖြစ်တော့ပါဘူး"

နှာချေရင်တောင် အသက်အန္တရာယ် ရှိနိုင်တဲ့ ဒီခေတ်မှာ အဖျားတက်တာက ရောဂါကြီးပဲလေ။ ဝမ်မောမောကတော့ စိတ်ပူလွန်းလို့ မတ်တတ်တောင် မရပ်နိုင်ချင်တော့ဘူး။ ရှောင်ဝေက ကုအိမ်တော်ကနေ အရက်သွားမတောင်းဘဲ ယွီးရှောင်ရှောင်ရဲ့ မင်္ဂလာလက်ဖွဲ့တွေထဲမှာ နန်းတွင်းက အရက်ကောင်းတွေ ပါတာကြောင့် အဲဒီထဲက အရက်ပုလင်း အနည်းငယ်ကို ယူပြီး အခန်းထဲ ပြန်ပြေးဝင်လာတယ်။ ယွီးရှောင်ရှောင်က ပုလင်းဖုံးကို ဖွင့်ပြီး အရက်ဖြူ တစ်ငုံ သောက်လိုက်ကာ မှတ်ချက်ပေးလိုက်တယ်။ "ပြင်းအားကတော့ မဆိုးဘူး"

ဝမ်မောမောကတော့ ရူးချင်သွားပြီး မေးလိုက်တယ်။ "မင်းသမီး... ကျွန်တော်မျိုးမ နားလည်မဲ့ စကားလေးတွေ ပြောလို့ မရဘူးလား... ပြင်းအားဆိုတာ ဘာကြီးလဲ... မဟုတ်သေးဘူး... မင်းသမီးက ဘယ်တုန်းက အရက်သောက်တတ်သွားတာလဲ"

ပြင်းအားဆိုတဲ့ အခြေခံ ဗဟုသုတကို ယွီးရှောင်ရှောင်က ဘယ်လို ရှင်းပြရမလဲ။ ကုရှင်းလန်ကို အုပ်ထားတဲ့ စောင်ကို လှန်လိုက်ပြီး ယွီးရှောင်ရှောင်က ဘာမှ မပြောတော့ဘဲ ကုရှင်းလန်ရဲ့ အင်္ကျီကို စပြီး ချွတ်တော့တယ်။ သူမက အရက်ကို ရေလို သောက်နိုင်တယ် ဆိုတာကို ဝမ်မောမောကို ပြောပြလို့ မဖြစ်ဘူးလေ။ ဝမ်မောမောက ကိုယ်ကို အမြန်လှည့်လိုက်ပြီး အော်လိုက်တယ်။

"အမယ်လေး"

သူမရဲ့ တစ်သက်မှာ ဒီလောက် မြန်မြန် ကိုယ်လှည့်ဖူးတာ ဒါ ပထမဆုံးပဲ။ ကုရှင်းလန်ကတော့ ခုတင်ပေါ်မှာ ငြိမ်နေပြီး ကြောင်တောင်တောင် ဖြစ်သွားတယ်။ ရှောင်ဝေက မျက်လုံးပြူးပြီး မေးလိုက်တယ်။ "မင်းသမီး... ဘာလုပ်မလို့လဲ"

ယွီးရှောင်ရှောင်က စကားပြောရင်းနဲ့ပဲ ကုရှင်းလန်ရဲ့ အပေါ်ပိုင်း အင်္ကျီကို ချွတ်ပစ်လိုက်ပြီး ပြောလိုက်တယ်။ "အရက်နဲ့ ကိုယ်ပူချပေးမလို့"

ဝမ်မောမောက နောက်ကို လှည့်ကြည့်လိုက်တော့ ကုရှင်းလန်ရဲ့ အပေါ်ပိုင်း ဗလာကျင်းနေတာကို မြင်ပြီး ကြောက်လန့်တကြား အော်တော့တယ်။ "မင်းသမီး... ဒီအလုပ်ကို ရှောင်ဝေကို လုပ်ခိုင်းလိုက်ပါ"

သူတို့နှစ်ယောက်က မင်္ဂလာဦးညတောင် မဖြတ်သန်းရသေးဘူးလေ။ သူမရဲ့ မင်းသမီးလေးက သမက်တော်ရဲ့ အင်္ကျီကို ဒီလိုမျိုး ချွတ်ပစ်လိုက်လို့ ဘယ်ဖြစ်မလဲ။ ရှောင်ဝေက တောင့်တင်းတဲ့ မျက်နှာထားနဲ့ မေးလိုက်တယ်။ "မင်းသမီး... ကျွန်တော် ဘယ်လို လုပ်ရမလဲ"

ကုရှင်းလန်ရဲ့ ဘောင်းဘီက သူ သတိရလာပြီးနောက်ပိုင်း အစေခံလေး နှစ်ယောက်က သေသေချာချာ ပြန်ဝတ်ပေးထားတာ။ ယွီးရှောင်ရှောင်ရဲ့ လက်က ဘောင်းဘီခါးစည်းပေါ် ရောက်သွားတော့မှ ကုသခင်လေး သတိပြန်ဝင်လာပြီး ယွီးရှောင်ရှောင်ရဲ့ လက်ကို အမြန်ဆွဲထားကာ ပြောလိုက်တယ်။

"မလုပ်နဲ့"

ယွီးရှောင်ရှောင်က ခေါင်းကိုက်သွားတယ်။ ဒီလူက သူမက သူ့ကို တစ်ခုခု ကျူးလွန်တော့မဲ့ ပုံစံမျိုး ထပ်ဖြစ်နေပြန်ပြီလား။ ကုရှင်းလန်ရဲ့ မျက်နှာက ပိုပြီး နီမြန်းလာပြီး ပြောလိုက်တယ်။ "အ... အစေခံတွေကို လုပ်ခိုင်းလိုက်ပါ"

ရှောင်ဝေက ခုတင်ဘေးကို ရှေ့တိုးလာပြီး အပေါ်ပိုင်း ဗလာဖြစ်နေတဲ့ သမက်တော်ကို ကြည့်ကာ ချောင်းတစ်ချက် ဟန့်ပြီး ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ "မင်းသမီး... ဘယ်လို လုပ်ရမလဲ"

ယွီးရှောင်ရှောင်က ညွှန်ကြားလိုက်တယ်။ "အရက်နဲ့ သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးလိုက်"

ရှောင်ဝေက ချက်ချင်း အလုပ်စလုပ်တော့တယ်။ ကုရှင်းလန်ရဲ့ ခန္ဓာကိုယ်ပေါ်က ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေက အတော်များများ ကျက်နေပြီ ဖြစ်ပေမဲ့ အမာရွတ်တွေ အများကြီး ကျန်နေခဲ့တယ်။ ရင်ဘတ်ပေါ်က နေရာတစ်ဝိုက်ကတော့ သံပူကပ်ခံထားရတာကြောင့် အမည်းရောင် အနာဖေးတွေ ဖြစ်နေတယ်။ ဒီအနာဖေးတွေ ကွာကျသွားရင်တောင် ကုရှင်းလန်ရဲ့ ဒီနေရာက အရေပြားက အရင်လို ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူး ဆိုတာ ယွီးရှောင်ရှောင် သိတယ်။ ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ အကြည့်တွေကြောင့် ပိုပြီး ရှက်သွေးဖြာလာပြီး ခေါင်းတွေတောင် မူးလာသလို ခံစားရပြီး ပြောလိုက်တယ်။ "ကျုပ် သက်သာသွားပါပြီ"

ယွီးရှောင်ရှောင်က အောက်ကို အတင်းဆွဲချလိုက်ပြီး ကုရှင်းလန်ရဲ့ ဘောင်းဘီကို ချွတ်ပစ်လိုက်တယ်။ ရှောင်ဝေရဲ့ မျက်လုံးထောင့်တွေက တလှုပ်လှုပ် ဖြစ်သွားပြီး ဘာမှ မပြောတော့ဘဲ ဆက်ပြီး အလုပ်ပဲ လုပ်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ကုရှင်းလန်က ခြေထောက်တွေ မလှုပ်နိုင်တော့ ဘောင်းဘီကို ပြန်ဝတ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒုတိယ ရွေးချယ်စရာကိုပဲ ရွေးရတော့တယ်။ သူက ဝမ်မောမောကို လှမ်းပြောလိုက်တယ်။ "မောမော... အရင် အပြင်ထွက်သွားပါလား"

ဝမ်မောမောက အခုချိန်မှာ နောက်ကို လှည့်မကြည့်ရဲတော့ဘဲ ပြန်ထူးပြီး ပြေးထွက်သွားတော့တယ်။

"ဟုတ်ကဲ့"

လက်အောက်က ခန္ဓာကိုယ်က အရမ်းကို တောင့်တင်းနေတာကြောင့် ကုရှင်းလန် ဒီလောက် မကြောက်သွားအောင် ယွီးရှောင်ရှောင်က ကုသခင်လေးကို ချီးကျူးလိုက်တယ်။ "ခန္ဓာကိုယ်က မဆိုးဘူးပဲ"

ဒီတစ်ခါတော့ ကုရှင်းလန်ရဲ့ မျက်နှာက ရေနွေးဆူလောက်အောင်ကို ပူထူသွားတော့တယ်။ ယွီးရှောင်ရှောင်က တဘက်ကို အရက်ဆွတ်ပြီး ကုရှင်းလန်ရဲ့ ခြေထောက်တွေကို ပွတ်တိုက်ပေးလိုက်တယ်။ ဒီလောက်အထိ ရှက်တတ်တဲ့ လူငယ်လေးကို သူမ ဘာလုပ်ရမလဲ မသိတော့ဘူး။ အရက်ဖြူတွေ ခန္ဓာကိုယ်ပေါ်မှာ ပွတ်တိုက်မိတော့ အရက်ပြန်က လေထဲကို အငွေ့ပျံသွားပြီး ခန္ဓာကိုယ်ထဲက အပူတွေကို ယူဆောင်သွားတာကြောင့် ကုရှင်းလန်လည်း မြန်မြန်ဆန်ဆန်ပဲ သက်သာလာသလို ခံစားရတယ်။ ယွီးရှောင်ရှောင်က အရက်ပုလင်းခွံကို မြေပေါ်ပစ်ချလိုက်ပြီး ရှောင်ဝေကို ခိုင်းလိုက်တယ်။ "အရက် မလောက်သေးဘူး... သွားယူခဲ့ဦး"

ရှောင်ဝေက ပြန်ထူးပြီး ထွက်သွားတယ်။ "ဟုတ်ကဲ့"

အခန်းထဲမှာ လင်မယား နှစ်ယောက်တည်း ကျန်ခဲ့တော့ ကုရှင်းလန်က မျက်စိမှိတ်ပြီး လဲလျောင်းနေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ ယွီးရှောင်ရှောင်က ခေါင်းလေးစောင်းပြီး ကုရှင်းလန်ကို မေးလိုက်တယ်။ "တို့တွေက လင်မယားတွေ မဟုတ်ဘူးလား"

…

အခန်း (၃၆) မင်းတို့ ဖုန်းထျန်းမှာ ယောက်ျားတွေ မရှိတော့ဘူးလား

"ကျုပ်တို့တွေက သေချာပေါက် လင်မယားတွေပဲလေ"

ကုရှင်းလန်က မျက်လုံးဖွင့်လိုက်တော့ ယွီးရှောင်ရှောင်ရဲ့ ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတာကြောင့် အမြန် ရှင်းပြလိုက်တယ်။

"မင်္ဂလာဆောင်ပြီးတည်းက ကျုပ်တို့တွေ လင်မယား ဖြစ်သွားပြီ"

"ဒါပေမဲ့ ရှင်က ကျွန်မကို သူစိမ်းလို သဘောထားနေတာပဲ"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို အပြစ်တင်လိုက်တယ်။

"လင်မယားတွေ ဖြစ်နေပြီကို ကျွန်မရှေ့မှာ အင်္ကျီချွတ်ရမှာကို ကြောက်နေသေးတယ်"

ဇွန်ဘီခေတ်မှာဆို လက်မထပ်ဘဲနဲ့တောင် အတူအိပ်လို့ ရနေပြီလေ။ အခု လင်မယားတွေ ဖြစ်နေပြီပဲ၊ မလုပ်ရမဲ့ အရာ ဘာရှိသေးလို့လဲ။

ကုရှင်းလန်မှာ စကားဆွံ့အသွားတယ်။ တော်ဝင်မိသားစုက သမီးတော်တွေကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းက သာမန် ဆွေကြီးမျိုးကြီးတွေနဲ့ မတူလို့လား။ လင်မယားဖြစ်သွားရင် လင်ယောက်ျားက ဇနီးရှေ့မှာ အဝတ်အစားမပါဘဲ နေလို့ ရပြီလား။

"ကျွန်မကို သက်သေပြ"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"ဘာကို သက်သေပြရမှာလဲ"

ကုရှင်းလန်က မေးလိုက်တယ်။

"တို့တွေ လင်မယားတွေပါ ဆိုတာကို သက်သေပြလေ"

ယွီးရှောင်ရှောင်က မျက်နှာပူတာ ဘာမှန်းမသိဘဲ အေးအေးဆေးဆေး ပြောလိုက်တယ်။

ရှောင်ဝေက အရက်ပုလင်းကို ကိုင်ပြီး တံခါးဝမှာ ရပ်နေတယ်။ အထဲကိုလည်း မဝင်ရဲဘူး။ ဒီလို စကားပြောနေတာကို သူ မကြားသလို နေလိုက်လို့ ရမလား။ ဝမ်မောမောကတော့ ဘာမှ ဂရုမစိုက်နိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေ ရောက်နေပြီဆိုတော့ ကုရှင်းလန်က သူမရဲ့ မင်းသမီးလေးကို ကွာရှင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဒါကို သူက ဘယ်လို သက်သေပြရမှာလဲ။ အခု ချက်ချင်းပဲ အတူအိပ်ရမှာလား။

"ကျွန်မ သိသားပဲ"

ယွီးရှောင်ရှောင်က တိုးတိုးလေး ညည်းတွားလိုက်တယ်။ အခု အခြေအနေအရ အတူအိပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဝမ်မောမောတို့ကို ခေါ်ပြီး မြို့တော်ကနေ ဘယ်လို ထွက်သွားရမလဲ ဆိုတာကိုပဲ ပြန်စဉ်းစားရတော့မယ်။

"မင်း ဘာသိသွားတာလဲ"

ကုရှင်းလန် အတော်လေး စိတ်ညစ်သွားတယ်။ ဒီဇနီးလေးနဲ့ စကားပြောရတာ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။

"ကျွန်မကို မချစ်လည်း ကိစ္စမရှိပါဘူး"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပခုံးကို ပုတ်ရင်း ပြောလိုက်တယ်။

"ကျွန်မတို့တွေ ကောင်းကောင်းမွန်မွန်ပဲ လမ်းခွဲကြတာပေါ့"

ခန္ဓာကိုယ်က အားမရှိသလို ခြေချင်းဝတ်က ဒဏ်ရာကလည်း ဓားနဲ့ ခြစ်ခံရသလို နာကျင်နေပေမဲ့ ကုရှင်းလန်က ချက်ချင်း ထထိုင်ပြီး ယွီးရှောင်ရှောင်ကို စိုးရိမ်တကြီး မေးလိုက်တယ်။

"မင်း စကားက ဘာအဓိပ္ပာယ်လဲ"

ယွီးရှောင်ရှောင်က သူမ ပြောခဲ့တဲ့ စကားကို ပြန်စဉ်းစားကြည့်တယ်။ သူမ ပြောတာ ရှင်းရှင်းလင်းလင်း မရှိလို့လား။

"မင်းသမီး... ကျုပ်တို့တွေက လင်မယားတွေလေ"

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။

"ကျုပ်... ကျုပ်က ဘာလို့ မင်းသမီးကို မချစ်ဘဲ နေပါ့မလဲ။ မင်းသမီး... ကျုပ်တို့တွေက လင်မယားတွေ ဖြစ်သွားပြီဆိုတော့ အသက်ရှင်ရင်လည်း အတူတူ၊ သေရင်လည်း မြေကြီး တစ်ကျင်းတည်းမှာပဲ အတူတူ ရှိရမှာပေါ့။ မင်းသမီးရဲ့ ခင်ပွန်း ဖြစ်လာပြီဆိုမှတော့ ကျုပ် ကုချင်းဟွေ့က ဒီဘဝမှာ မင်းသမီးကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး"

အမယ်လေး...

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မျက်တောင်တခတ်ခတ်နဲ့ ကြည့်နေမိတယ်။ ဒါက ချစ်ကြောင်း ဖွင့်ပြောတာလား။ ဒီစကားတွေက ဇွန်ဘီခေတ်က စစ်သားတွေ ပြောလေ့ရှိတဲ့ "တစ်ပွဲလောက် ချကြရအောင်... တစ်ခါလောက် အိပ်ကြရအောင်" ဆိုတဲ့ စကားတွေထက် အများကြီး ပညာသား ပါတာပဲ။

ကုရှင်းလန်က ယွီးရှောင်ရှောင် မျက်နှာသေနဲ့ ရှိနေတာကို ကြည့်ပြီး ခေါင်းငုံ့ကာ ယွီးရှောင်ရှောင်ရဲ့ လက်ဖမိုးလေးကို နမ်းလိုက်တယ်။

ကုရှင်းလန်ရဲ့ နှုတ်ခမ်းတွေက ပါးလွှာပေမဲ့ နူးညံ့ပြီး နွေးထွေးတယ်။ ဖျားနေလို့ ပူနွေးနေတဲ့ ထွက်သက်လေလေးနဲ့အတူ ယွီးရှောင်ရှောင်ရဲ့ လက်ဖမိုးပေါ်ကို ကျရောက်လာတော့ ယွီးရှောင်ရှောင်ရဲ့ လက်ကို တစ်ခုခုနဲ့ အပူပေးလိုက်သလို ခံစားရတယ်။ ယွီးရှောင်ရှောင်က မျက်ခုံးပင့်ပြီး မေးလိုက်တယ်။

"ဒါဆို ရှင်က ကျွန်မကို ချစ်တယ်ပေါ့"

ကုရှင်းလန်က ခေါင်းညိတ်ပြီး ယွီးရှောင်ရှောင်ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်တယ်။

"မင်းသမီး... ကျုပ် မင်းကို သဘောကျတယ်"

သဘောကျတယ် ဆိုတာက ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်မှာပါ။ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ကြည့်ပြီး ပြုံးလိုက်ကာ ကုရှင်းလန်ရဲ့ နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းလိုက်တယ်။ ဒီယောက်ျားရဲ့ နှုတ်ခမ်းမှာ ဆေးရည်တွေ ကပ်နေလို့ ခါးသက်သက် အရသာလေး ရနေတယ်။

လင်မယားတွေကြားမှာ ဒီလိုပဲ နေရသလား ဆိုတာကို ကုရှင်းလန် မသိဘူး။ သူ့အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ မရီးတွေ အတူသွားရင်တောင် ရှေ့နောက် ခွဲလျှောက်ကြတာလေ။ ဒါပေမဲ့ ကုရှင်းလန်က ယွီးရှောင်ရှောင် နမ်းသွားတဲ့ နေရာလေးကို လျှာနဲ့ သပ်ကြည့်လိုက်တယ်။ အဲဒီနေရာမှာ ချိုမြိန်တဲ့ အရသာလေး ကျန်နေတယ်။ အချိုမကြိုက်တဲ့ ကုသခင်လေးက ဒီအရသာလေးကို သဘောကျသွားတာကို အံ့သြစွာ တွေ့လိုက်ရတယ်။

ကုရှင်းလန်က စိုစွတ်နေတဲ့ နှုတ်ခမ်းကို လျှာနဲ့ သပ်နေတာကို ကြည့်ပြီး ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ အကြည့်ကို ရှောင်လွှဲကာ တံခါးဝကို လှမ်းပြောလိုက်တယ်။

"ရှောင်ဝေ ဘာလို့ မလာသေးတာလဲ"

အခုချိန်မှာ သူတို့ ဖက်ပြီး အတူအိပ်ဖို့က မဖြစ်နိုင်ဘူးလေ။ စိတ်ကူးယဉ်နေလည်း အလကားပဲ။

ကုရှင်းလန်က အားကုန်သွားလို့ ဖြည်းဖြည်းချင်း ပြန်လှဲလိုက်တယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်ရဲ့ လက်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်တယ်။

"မင်းသမီး... နောက်တစ်ခါ လမ်းခွဲမယ်ဆိုတဲ့ စကားမျိုး မပြောပါနဲ့တော့"

ယွီးရှောင်ရှောင်က ဘာမှ မပြောဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်က တစ်သက်လုံး အတူနေလို့ ရပါ့မလား။ ဒီမေးခွန်းက အဆင့်မြင့်လွန်းလို့ ယွီးရှောင်ရှောင် စဉ်းစားနိုင်တဲ့ အရာ မဟုတ်ဘူး။

"ဝင်သွားလေ"

ဝမ်မောမောက စင်္ကြံလမ်းမှာ ရှောင်ဝေကို တိုက်တွန်းလိုက်တယ်။

"မင်းသမီး ခေါ်နေတာ မကြားဘူးလား"

"မင်းသမီးလေး... အရက် ယူလာပါပြီ"

ရှောင်ဝေက တံခါးဝမှာ ရပ်ပြီး အခုမှ ရောက်လာသလိုမျိုး ဟန်ဆောင်ကာ ယွီးရှောင်ရှောင်ကို သတင်းပို့လိုက်တယ်။

"ဝင်ခဲ့"

ယွီးရှောင်ရှောင်က အသံမထွက်တာကြောင့် ကုရှင်းလန်က တံခါးဝကို လှမ်းခေါ်လိုက်တယ်။

ရှောင်ဝေက အရက်ကို ယူပြီး အခန်းထဲ ဝင်လာတယ်။ ယွီးရှောင်ရှောင်က အရက်ဆွတ်ထားတဲ့ တဘက်နဲ့ ကုရှင်းလန်ရဲ့ ခန္ဓာကိုယ် အနှံ့ကို ပွတ်တိုက်ပေးတာကို ကူညီပေးတယ်။ ကုရှင်းလန်ရဲ့ အသက်ရှူသံတိုင်းမှာ အရက်နံ့တွေ ပြည့်နေတာကြောင့် သူ ထပ်ပြီး အိပ်ချင်လာတယ်။

"သမက်တော် အိပ်ပျော်သွားပြီ ထင်တယ်"

ရှောင်ဝေက ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

ရှောင်ဝေရဲ့ စကားကို ကြားတော့ ကုရှင်းလန်က မျက်လုံးဖွင့်ပြီး ယွီးရှောင်ရှောင်ကို ကြည့်တယ်။

"အိပ်လိုက်ပါ"

ယွီးရှောင်ရှောင်က တဘက်ကို ချလိုက်ပြီး ကုရှင်းလန်ကို ရေတစ်ဝက်လောက် တိုက်ကာ ပြောလိုက်တယ်။

"ရှင် တစ်ရေးလောက် အိပ်ရာက နိုးလာရင် သေချာပေါက် အဖျားကျသွားလိမ့်မယ်"

ကုရှင်းလန်က "အင်း" လို့ တိုးတိုးလေး ပြန်ထူးလိုက်တယ်။ သူ့ဘဝမှာ သိလာတာ နှစ်ရက်ပဲ ရှိသေးတဲ့ လူနှစ်ယောက်ရဲ့ ရှေ့မှာ သူက စိတ်ချလက်ချ အိပ်ပျော်သွားတာ ဒါ ပထမဆုံးပဲ။

အိမ်ရှေ့ခန်းမမှာတော့ သခင်မကြီးက ကုရှင်းလန် ဖျားနေတယ်ဆိုတဲ့ သတင်းကို ကြားတော့ ချက်ချင်း ထပြီး ကုရှင်းလန်နဲ့ ယွီးရှောင်ရှောင်ရဲ့ အခန်းဆီကို သွားဖို့ ပြင်တယ်။

ကုချန်းက ကုလားထိုင်မှာ ထိုင်ရင်း စိတ်ပူနေပုံ ရပေမဲ့ သခင်မကြီးကိုတော့ ပြောလိုက်တယ်။

"မင်းသမီးက ရှင်းလန် အနားမှာ ရှိနေတာပဲ... မင်း သွားစရာ မလိုပါဘူး"

"တစ်ချက်လောက် သွားမကြည့်ရရင် ကျွန်မ ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ"

သခင်မကြီးက ပြောလိုက်တယ်။

ကုချန်းက ဆိုတယ်။

"မင်းက ရှင်းလန် အနားမှာ ဘယ်နှနှစ်လောက် နေပေးနိုင်မှာမို့လို့လဲ... မင်းသမီးက သူ့ဇနီးလေ၊ သူက ရှင်းလန်နဲ့ တစ်သက်လုံး အတူနေသွားမဲ့သူ။ မင်း စိတ်မပူတာပဲ ကောင်းပါတယ်"

သခင်ကြီးကုက အဲဒီလို ပြောလိုက်တော့ သခင်မကြီးလည်း ကုလားထိုင်ပေါ် ပြန်ထိုင်ပြီး စိတ်ပူနေရုံပဲ တတ်နိုင်တော့တယ်။

ယွီးရှောင်ရှောင်က အဲဒီနေ့က ကုရှင်းလန်ရဲ့ ခန္ဓာကိုယ်ကို အရက်နဲ့ ခုနစ်ခါ ရှစ်ခါလောက် ပွတ်တိုက်ပေးတယ်။ ညဉ့်နက်ပိုင်း ရောက်တော့ ကုရှင်းလန်ရဲ့ အဖျားကျသွားတယ်။ ဝမ်မောမောက ခြံဝင်းထဲမှာ ရပ်ပြီး ကောင်းကင်ကို ကြည့်ကာ ဘုရားကို ကျေးဇူးတင်နေတော့တယ်။

ယွီးရှောင်ရှောင်ကတော့ ယိုင်တိုင်တိုင်နဲ့ ကုအိမ်တော်ရဲ့ မီးဖိုချောင်ကို သွားရှာတယ်။ ညစောင့်နေတဲ့ စားဖိုမှူးကို စားစရာ တစ်ခုခု လုပ်ခိုင်းပြီး ဗိုက်ဝအောင် စားသောက်ပြီးတဲ့နောက် မီးဖိုချောင်ထဲကနေ မှိုတက်နေတဲ့ သစ်သီး တစ်ဝက်လောက် ပါတဲ့ ခြင်းတောင်းကို ယူလာခဲ့တယ်။

စားဖိုမှူးက အံ့သြသွားပြီး ယွီးရှောင်ရှောင် နောက်ကို လိုက်ကာ ပြောလိုက်တယ်။

"မင်းသမီးလေး... ဒီသစ်သီးတွေက စားလို့ မရတော့ပါဘူး"

"ကျွန်မ ဒါတွေကို ဆေးဖော်မလို့"

ယွီးရှောင်ရှောင်က ပြန်ပြောတယ်။ သစ်သီးတွေပေါ်က မှိုတွေက ပင်နီဆလင် ထုတ်ဖို့ ကုန်ကြမ်းတွေလေ။ ဒါက ဆေးဝါး ရှားပါးတဲ့ ဇွန်ဘီခေတ်မှာ ကလေးတွေတောင် သိတဲ့ ကိစ္စပဲ။

စားဖိုမှူးက ယွီးရှောင်ရှောင် မှိုတက်နေတဲ့ သစ်သီးတွေ ပါတဲ့ ခြင်းတောင်းကို သယ်သွားတာကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေတယ်။ ဆောင်းဦးလေ တိုက်သွားလို့ လျှာတောင် နာသွားပြီး နောက်ရက် အနည်းငယ်လောက် စကားပြောရတာတောင် မပီတော့ဘူး။

ယွီးရှောင်ရှောင်က မှိုတက်နေတဲ့ သစ်သီးတွေကို သေသေချာချာ သိမ်းထားပြီးတဲ့နောက် ဝမ်မောမောက ရှောင်ကျွမ်းကို ခေါ်ပြီး ရောက်လာတယ်။

"ဘုရင်မင်းမြတ်က ကျူးယိ အိမ်ရှေ့မင်းသားရဲ့ တောင်းဆိုချက်ကို တကယ် သဘောတူလိုက်ပြီတဲ့... မင်းသားတစ်ပါးကို ကျူးယိကို ဓားစာခံအဖြစ် ပို့ရတော့မယ်"

"ဪ"

ယွီးရှောင်ရှောင်က ပြန်ထူးလိုက်တယ်။ ဒါက သေချာပေါက် ဖြစ်လာမဲ့ ကိစ္စလေ၊ သူမ အံ့သြစရာ မရှိပါဘူး။

ရှောင်ကျွမ်းက ပြောတယ်။

"မင်းသမီး... ကျွန်တော် အပြန်မှာ ကျောင်းအမတ်ကြီးကို မြင်ခဲ့တယ်"

ယွီးရှောင်ရှောင်က စိတ်ပျက်သွားတယ်။ ကြည့်ရတာ ကျောင်းမိသားစုဝင်တွေရဲ့ အသက်က တကယ် ပြင်းတာပဲ။

ရှောင်ကျွမ်းက ဆက်ပြောတယ်။

"မင်းသမီး... ကျောင်းအမတ်ကြီးက ကျူးယိ အိမ်ရှေ့မင်းသား တည်းခိုတဲ့ ဧည့်ဂေဟာကို သွားတာ"

"ကျောင်းအမတ်ကြီးက တိုင်းပြည် သစ္စာဖောက်များ ဖြစ်နေမလား"

ဝမ်မောမောရဲ့ အမေးစကားမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ အပြည့်ပါနေတယ်။

ယွီးရှောင်ရှောင်က သမ်းဝေလိုက်တယ်။ ကျောင်းချိုးမင်က ကျူးယိတိုင်းသား ဖြစ်ချင်နေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက ကျူးယိတိုင်းပြည်က သူ့ကို အထင်မကြီးတာပဲ။

"သူ့ဘာသာ လုပ်ချင်ရာ လုပ်ပါစေ... ဂရုစိုက်နေစရာ မလိုပါဘူး... သူလုပ်တဲ့ အလုပ်တွေနဲ့ပဲ သူ သေသွားလိမ့်မယ်"

ယွီးရှောင်ရှောင်က ဝမ်မောမောနဲ့ ရှောင်ကျွမ်းကို ပြောလိုက်တယ်။

ဒီအချိန်မှာ ကျောင်းချိုးမင်က သူ့ရဲ့ ကိုယ်ရံတော် နှစ်ယောက်ရဲ့ အကူအညီနဲ့ ဧည့်ဂေဟာက အခန်းကျယ်ကြီး တစ်ခုထဲကို ဝင်လာတယ်။ သူက ကျင်းမော့ကို တုန်တုန်ရီရီနဲ့ ဂါရဝပြုဖို့ ပြင်လိုက်တယ်။

"ရပါတယ်"

ကျင်းမော့က လက်ကို အသာလေး ဝှေ့ယမ်းပြလိုက်တယ်။ ကျွန်ဈေးမှာ ဒီလူကို မြင်ဖူးတဲ့သူတွေသာ ဆိုရင် သူက နေ့ခင်းက ချင်းယွိကို ဝယ်သွားတဲ့ လူငယ်လေးမှန်း ချက်ချင်း သိကြမှာပဲ။

ကျောင်းချိုးမင်က ကျင်းမော့ကို ကျေးဇူးတင်စကား ဆိုလိုက်တယ်။

"အမတ်ကြီးက လင်းလုံမင်းသမီးကြီးရဲ့ လက်ချက်နဲ့ ဒဏ်ရာရလာတာလို့ ကြားတယ်နော်"

ကျင်းမော့က ကျောင်းချိုးမင်ရဲ့ ခေါင်းမှာ ပတ်ထားတဲ့ ပတ်တီးကို ကြည့်ပြီး မေးလိုက်တယ်။

ကျောင်းချိုးမင်က ပြန်ဖြေတယ်။

"ဟုတ်ပါတယ်... ဒါပေမဲ့ ဒါက နားလည်မှုလွဲတာပါ"

"စိတ်ဝင်စားစရာပဲ... လင်းလုံမင်းသမီးကြီးက သိုင်းပညာ တတ်တယ်ပေါ့"

ကျင်းမော့က အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

"မင်းတို့ ဖုန်းထျန်းမှာ ယောက်ျားတွေ မရှိတော့ဘူးလား"

…

All Chapters