← Chapters

အခန်း (၃၇-၃၈)

Vol. 2 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 2 Ch. 37-38

အခန်း (၃၇) မိဖုရားခြောက်ပါးရဲ့ မဟာမိတ်ဖွဲ့ခြင်း

ကျောင်းချိုးမင်က ကျင်းမော့ သူ့တိုင်းပြည်ကို စော်ကားတဲ့ စကားကို ကြားပေမဲ့ ဒေါသမထွက်တဲ့အပြင် ပြုံးတောင် ပြုံးလိုက်သေးတယ်။

"ကျူးယိက အထက်တိုင်းပြည်လေ... ကျွန်တော်မျိုးတို့ ဖုန်းထျန်းက ယောက်ျားတွေက အမြဲတမ်း ကျိုးနွံပြီး ဘယ်တော့မှ သစ္စာဖောက်ဖို့ မရည်ရွယ်ပါဘူး"

ကျင်းမော့က သူ့လက်ထဲမှာ ကစားနေတဲ့ ပုတီးစေ့လေးတွေကို ဘေးကို ပစ်ချလိုက်ပြီး တိုက်ရိုက်ပဲ မေးလိုက်တယ်။

"မင်း ညနက်သန်းခေါင်ကြီး ငါ့ဆီ လာတာ ဘာကိစ္စလဲ"

ကျောင်းချိုးမင်က ကျင်းမော့ရဲ့ မျက်နှာထားကို အကဲခတ်လိုက်တယ်။

"ကျွန်တော်မျိုး အိမ်ရှေ့မင်းသားဆီ ညနက်ကြီး လာရတာက တခြား နည်းလမ်း မရှိတော့လို့ပါ... ကျွန်တော်မျိုးက..."

"လိုရင်းကိုပဲ ပြောပါ"

ကျင်းမော့က ကျောင်းချိုးမင်ရဲ့ စကားချီးတွေကို ဖြတ်ပြောလိုက်တယ်။

"ကျောင်းအမတ်ကြီးက ငါ့ဆီ လာပြီး အလကား စကားလာပြောနေမှာ မဟုတ်ဘူးလေ"

ကျောင်းချိုးမင်က အဲဒီတော့မှ အမှန်ကို ပြောလိုက်တယ်။

"ဓားစာခံ ကိစ္စအတွက်ပါ"

ကျင်းမော့က သဘောပေါက်တဲ့ အပြုံးနဲ့ လှောင်ရယ်လိုက်တယ်။

"မိဖုရားခေါင်ကြီး မွေးထားတဲ့ သတ္တမမင်းသားကို လင်းလုံမင်းသမီးက ကုအိမ်တော်ကို ခေါ်သွားပြီး ပြုစုနေတယ် မဟုတ်လား... ဘာလဲ... နန်းတော်ထဲကနေ ထွက်သွားတာတောင် ဒီမင်းသားက မင်းတို့ သားအဖအတွက် မျက်စိဆံပင်မွေး စူးနေတုန်းပဲလား"

ကျင်းမော့က ဖုန်းထျန်းကို ရောက်တာ နှစ်ရက်ပဲ ရှိသေးပေမဲ့ ဖုန်းထျန်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အကုန် သိနေတယ်။ ဒါက ကျူးယိက ဖုန်းထျန်းမှာ ထားထားတဲ့ သူလျှိုတွေရဲ့ လက်ရာဆိုတာ သေချာတယ်။ ကျောင်းချိုးမင်ကတော့ အားနာနာနဲ့ ပြုံးပြပြီး သူလျှိုကိစ္စကို လုံးဝ မပြောတော့ဘူး။

ကျင်းမော့က ပြောတယ်။

"ငါထင်တာက မင်းတို့က ယွီးကျစ်ချင်ကို ပို့ချင်တယ်လို့"

ကျောင်းချိုးမင်က ရှင်းပြတယ်။

"သူက အကြီးဆုံးမင်းသား ဆိုတဲ့ နာမည်ပဲ ရှိတာပါ... မိဖုရားခေါင်ကြီးရဲ့ သားအရင်းနဲ့ ယှဉ်ရင် သူက ဖြေရှင်းရ သိပ်မခက်ပါဘူး"

"ဟွာရင်းကျိုး လက်ထဲက စစ်တပ်က ဝူကျိုးက ကျန်းမိသားစုရဲ့ စစ်တပ်ထက် ပိုများတယ်လေ"

ကျင်းမော့က အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

"မင်းတို့ သေချာ စဉ်းစားပြီးပြီလား"

ကျောင်းချိုးမင်က ကျင်းမော့ကို တိုးတိုးလေး ပြောပြတယ်။

"မင်းသမီးကြီးက ကုမိသားစုက တတိယသခင်လေးနဲ့ လက်ထပ်လိုက်တယ်လေ... ကုမိသားစုက စစ်တပ်အာဏာ လက်လွှတ်လိုက်ရပေမဲ့ စစ်တပ်ထဲမှာ သူတို့လူတွေ အများကြီး ရှိသေးတယ်... ကုမိသားစုနဲ့ ကျန်းမိသားစု ပေါင်းလိုက်ရင် ဟွာရင်းကျိုးရဲ့ စစ်တပ်က ဘာမှ မဟုတ်တော့ပါဘူး"

ကျောင်းချိုးမင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့ စကားပြောရတာ အားမရှိဘူး။ အဲဒီအပြင် သူက တမင် အသံကို နှိမ့်ပြီး ပြောနေတာကြောင့် သူ့စကားသံတွေက ကျင်းမော့ရဲ့ နားထဲမှာ သဲ့သဲ့လေးပဲ ကြားရတယ်။ သေသေချာချာ နားမထောင်ရင် ဘာပြောမှန်းတောင် သိမှာ မဟုတ်ဘူး။

ကျောင်းချိုးမင်က သူ့ခြေရင်းမှာ ချထားတဲ့ အမည်းရောင် သစ်သားသေတ္တာ နှစ်လုံးကို လက်ညှိုးထိုးပြပြီး ကျင်းမော့ကို ပြုံးပြလိုက်တယ်။

"ဒါက ကျွန်တော်မျိုးရဲ့ စေတနာ အနည်းငယ်ပါ... အိမ်ရှေ့မင်းသား လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

ကျင်းမော့က ကျောင်းချိုးမင်ဆီကနေ လက်ဆောင်ရတာ ဒါ ပထမဆုံး မဟုတ်ဘူး။ ကျောင်းချိုးမင် ပေးတဲ့ လက်ဆောင်က ဘယ်တော့မှ နည်းမှာ မဟုတ်ဘူးဆိုတာ သူ သိတယ်။ ဒါကြောင့် သူက နည်းနည်း လျှော့ပေးလိုက်တယ်။

"ယွီးကျစ်ရီက ကလေးလေးပဲ ရှိသေးတာလေ... မင်းတို့ ဘုရင်က သူ့သားအရင်းကို ထုတ်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား"

ကျောင်းချိုးမင်က ပြန်ဖြေတယ်။

"ကျွန်တော်မျိုးတို့ ဘုရင်က ကျောင်းမိဖုရားကို မိဖုရားခေါင်ကြီး အဖြစ် တင်မြှောက်ချင်နေတာပါ... ဒါဆိုရင် ဆဋ္ဌမမင်းသားက မိဖုရားခေါင်ကြီးရဲ့ သားအရင်း ဖြစ်သွားမှာပေါ့"

ကျင်းမော့က မေးလိုက်တယ်။

"ကုမိသားစုနဲ့ ကျန်းမိသားစုက အဲဒီလို ဖြစ်ခွင့် ပေးမယ် ထင်လို့လား"

"အိမ်ရှေ့မင်းသား... ဒါက အထက်တိုင်းပြည်က တောင်းဆိုတာလေ။ ဖုန်းထျန်းက ဘယ်အမတ်ကများ ငြင်းဆန်ရဲမှာလဲ"

ကျောင်းချိုးမင်က တိုးတိုးလေး ရယ်ရင်း ပြောလိုက်တယ်။

"မင်း သမီးရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ မျှော်လင့်ပါတယ်"

ကျင်းမော့က ပြောရင်း ကျောင်းချိုးမင်ကို လက်ကာပြလိုက်တယ်။

ကျောင်းချိုးမင်က အကဲခတ်တတ်သူပီပီ ကျင်းမော့က သူနဲ့ ဆက်မပြောချင်တော့ဘူးဆိုတာ သိတာနဲ့ ဘာမှ ဆက်မပြောတော့ဘဲ နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်။

ကျောင်းချိုးမင် ထွက်သွားပြီးတဲ့နောက် ကိုယ်ရံတော် နှစ်ယောက်က အမည်းရောင် သစ်သားသေတ္တာ နှစ်လုံးကို ဖွင့်လိုက်တယ်။ သေတ္တာထဲမှာ ငွေစက္ကူတွေချည်းပဲ သောင်းဂဏန်းလောက် ရှိပြီး ရတနာတွေကလည်း အများကြီးပဲ။ ဖယောင်းတိုင် မီးရောင်အောက်မှာ တောက်ပနေတဲ့ ရတနာတွေက ကိုယ်ရံတော် နှစ်ယောက်ရဲ့ မျက်စိကိုတောင် ကျိန်းသွားစေတယ်။

ကျင်းမော့က အဲဒီ လက်ဆောင်သေတ္တာ နှစ်လုံးကို တစ်ချက် ကြည့်လိုက်ပေမဲ့ ဘာမှ မခံစားရသလိုပဲ ကိုယ်ရံတော် နှစ်ယောက်ကို အမိန့်ပေးလိုက်တယ်။

"သယ်သွားလိုက်"

ကိုယ်ရံတော် နှစ်ယောက်က နောက်ထပ် ကိုယ်ရံတော် နှစ်ယောက်ကို ထပ်ခေါ်ပြီး တစ်သေတ္တာကို နှစ်ယောက်စီ သယ်သွားကြတယ်။

ခဏနေတော့ ချင်းယွိ... အခုတော့ ချူချိုးလို့ ခေါ်တဲ့ အစေခံမလေးက ဟင်းရည်ပန်းကန်ကို ကိုင်ပြီး ခေါင်းငုံ့ကာ အခန်းထဲ ဝင်လာတယ်။ သူမက ကျင်းမော့ရဲ့ ရှေ့မှာ ဒူးထောက်ပြီး ဟင်းရည်ပန်းကန်ကို ခေါင်းပေါ် မြှောက်ထားကာ တိုးတိုးလေး ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသား... ဒါလေး သုံးဆောင်ပါဦး"

ကျင်းမော့က ဟင်းရည်ပန်းကန်ကို ယူလိုက်တယ်။ အဖုံးကို နည်းနည်းလေး ဖွင့်လိုက်တာနဲ့ မွှေးကြိုင်တဲ့ အနံ့က အခန်းထဲမှာ ပြန့်လွင့်သွားတယ်။ ချင်းယွိက အဲဒီအနံ့ကို ရတော့ တံတွေးမျိုချမိပေမဲ့ ခေါင်းတော့ မမော့ရဲဘူး။

"ကုအိမ်တော်က မင်းကို ဘာလို့ ရောင်းပစ်တာလဲ"

ကျင်းမော့က အသားတွေ နူးအိနေတဲ့ ဟင်းရည် တစ်ငုံကို သောက်ရင်း ချင်းယွိကို မေးလိုက်တယ်။

ချင်းယွိက ကျင်းမော့ရှေ့မှာ ဘာမှ မဖုံးကွယ်ရဲဘဲ သူမရဲ့ အကြောင်းကို အကုန် ပြောပြလိုက်တယ်။ ဒါပေမဲ့ သူမ ပြောတဲ့ စကားတွေထဲမှာတော့ ယွီးလင်းလုံက သူမကို ကုရှင်းလန်ရဲ့ ကိုယ်လုပ်တော် အဖြစ် လက်မခံချင်လို့ ကုမိသားစုက သူမကို မောင်းထုတ်လိုက်ရတာလို့ ဖြစ်သွားတယ်။

"လင်းလုံမင်းသမီးက သဝန်တိုတတ်တဲ့ မိန်းမတစ်ယောက်လား"

ကျင်းမော့က ရယ်ချင်စိတ်နဲ့ မေးလိုက်တယ်။

ချင်းယွိက ပြန်ဖြေတယ်။

"ကျွန်တော်မျိုးမက အစေခံပါ... သခင်တွေရဲ့ အပြစ်ကို မပြောရဲပါဘူး"

ဖုန်းထျန်း နန်းတော်ထဲမှာ ကျူးယိက ထားထားတဲ့ သူလျှိုတွေ ပြောတဲ့ လင်းလုံမင်းသမီးရဲ့ အကြောင်းက အခု ကျင်းမော့ သိထားသလို မဟုတ်ဘူးလေ။ နူးညံ့ပြီး အပြစ်ကင်းတဲ့ မိန်းကလေး တစ်ယောက်က အမေ သေသွားပြီးတာနဲ့ လုံးဝ တခြား လူတစ်ယောက် ဖြစ်သွားနိုင်လို့လား။

ကျင်းမော့က ချင်းယွိရဲ့ မေးစေ့ကို ပင့်တင်လိုက်တယ်။ အဆင့်အတန်း နိမ့်ကျတဲ့ ဒီအလှလေးက အခုချိန်မှာ အင်္ကျီပါးပါးလေး ဝတ်ထားပြီး ဖော်လို့ရတဲ့ နေရာတွေ အကုန် ဖော်ထားသလို ဖော်လို့ မရတဲ့ နေရာတွေတောင် ပေါ်နေတယ်။ ကျင်းမော့က ချင်းယွိရဲ့ နီရဲနေတဲ့ နှုတ်ခမ်းကို လက်ချောင်းနဲ့ ဖိလိုက်ပြီး လက်ကို အောက်ဘက် ရွှေ့ကာ သူမရဲ့ ရင်ဘတ်က မို့မောက်နေတဲ့ နေရာကို ဆုပ်နယ်လိုက်တယ်။

ချင်းယွိရဲ့ ရင်ခုန်သံတွေက ဗုံတီးနေသလို မြန်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျား တစ်ယောက်ရဲ့ အိပ်ရာပေါ် ရောက်ရမဲ့ ဘဝဆိုရင်တော့ သူမက ကျူးယိ အိမ်ရှေ့မင်းသားရဲ့ အိပ်ရာပေါ်ပဲ ရောက်ချင်တာပေါ့။ ကုရှင်းလန်က အမတ် တစ်ယောက်ပဲလေ။ ကျင်းမော့နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ။

ကျင်းမော့က သူ့လက်ထဲက နူးညံ့တဲ့ အသားစိုင်လေးတွေကို ကစားနေပေမဲ့ သူ့မျက်လုံးတွေကတော့ အပြင်ဘက်က ညကောင်းကင်ကိုပဲ ငေးကြည့်နေတယ်။ စိတ်က တစ်ခြား ရောက်နေပေမဲ့ ချင်းယွိကိုတော့ အသက်ရှူ မြန်လာအောင် လုပ်နိုင်ခဲ့တယ်။

ဒီအချိန်မှာ ဖုန်းထျန်း နန်းတော်ထဲမှာတော့ ဘုရင်ကြီးက သူ့ရဲ့ အလှလေးကို ဖက်ပြီး အိပ်မောကျနေပေမဲ့ မိဖုရားဟွား အပါအဝင် မင်းသား ငါးပါးရဲ့ မိခင်တွေကတော့ အိပ်မပျော်နိုင်ဘဲ ကျောင်းမိဖုရားရဲ့ ချူချင်း နန်းဆောင်မှာ စုဝေးနေကြတယ်။

ကျောင်းမိဖုရားက ဒီတစ်ခေါက် ဒဏ်ရာ တော်တော် ပြင်းထန်တာကြောင့် ခုတင်ပေါ်မှာ သစ်သားရုပ်လို လဲနေပြီး လှုပ်တောင် မလှုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီအချစ်တော် မိဖုရားက ဒီအချိန်ရောက်တာတောင် မိဖုရားတွေ ရှေ့မှာ အားနည်းတဲ့ပုံ မပြဘူး။ ဘုရင်ကြီး ရှေ့မှာလို ချွဲနွဲ့တဲ့ အသံမျိုး မဟုတ်ဘဲ အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

"သတ္တမမင်းသားက မိဖုရားခေါင်ကြီးရဲ့ သားအရင်းလေ... ကျွန်မ မပြောရင်တောင် ဒီသားအရင်းက ဘာကို အဓိပ္ပာယ် ရလဲဆိုတာ ရှင်တို့ သိမှာပါ"

မိဖုရား ငါးယောက်က ကျောင်းမိဖုရားကို ကြည့်ပြီး ဘာမှ မပြောကြဘူး။ ကျောင်းမိဖုရားက လှောင်ပြုံး ပြုံးပြီး ဆက်ပြောတယ်။

"ဒီအချိန်ရောက်မှ ရှင်တို့က လူကောင်း လုပ်ချင်နေကြတာလား... ကုမိသားစုက အခု စစ်တပ်အာဏာ မရှိတော့ပေမဲ့ တပ်ထဲမှာ သူတို့ လူဟောင်းတွေ အများကြီး ရှိသေးတယ်။ ပြီးတော့ ချီကျိုးက ကျန်းမိသားစုလည်း ရှိသေးတယ်။ သူတို့ဆီမှာ စစ်တပ် ဘယ်လောက် ရှိလဲဆိုတာ ရှင်တို့ဘာသာ တွက်ကြည့်ကြ။ ကုမိသားစုက တတိယသခင်လေး ခြေထောက် မကောင်းတော့တာကို ယွီးလင်းလုံက လက်ထပ်ခဲ့တယ်။ အရင်ကတော့ ကျွန်မ ထင်တာ သူက ကတိတည်တာလို့... အခု စဉ်းစားကြည့်တော့ သူမကလည်း အကျိုးအမြတ်ကို ကြည့်တာပဲ"

မိဖုရားဟွားက ဝင်ပြောတယ်။

"မင်းသမီးကြီးက တကယ့် အစ်မကောင်းပဲနော်"

"အသက် တစ်ဆယ့်ခြောက်နှစ်တောင် မပြည့်သေးတဲ့ မိန်းကလေး တစ်ယောက်က ဘာတွေ နားလည်မှာလဲ"

ကျောင်းမိဖုရားက ပြောလိုက်တယ်။

"ဒါက မိဖုရားခေါင်ကြီး ချန်ခဲ့တဲ့ လူတွေက အနောက်ကနေ မြှောက်ပေးနေတာပဲ။ မမဟွား... သတ္တမမင်းသား အတွက် ရှင်လည်း အများကြီး အားထုတ်ခဲ့ရတယ် မဟုတ်လား... နောက်ပိုင်း သတ္တမမင်းသားသာ နန်းတက်သွားရင် ရှင်နဲ့ ပထမမင်းသားအတွက်တော့ နေရထိုင်ရ ခက်သွားပြီ"

မိဖုရားဟွား မျက်နှာ ပျက်သွားတယ်။ အဲဒီ ကြာစေ့ ဟင်းရည်က အေးတဲ့ သတ္တိ ရှိတာကြောင့် လူကြီးတွေ သောက်ရင် ဘာမှ မဖြစ်ပေမဲ့ ကလေးငယ်လေး သောက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်က အဲဒီ ဟင်းရည်ကို ဝမ်ရွှင်းရဲ့ ပါးစပ်ထဲ အတင်း လောင်းထည့်ခဲ့တယ်။ ပြီးတော့ မင်းသမီးက ဘုရင်ကြီး ရှေ့မှာ ယွီးကျစ်ရီ နန်းတော်ထဲမှာ အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူးလို့ ပြောခဲ့တာက သူမ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲလေ။

"အရင်ဆုံး ရန်သူကို ရှင်းရမယ်"

ကျောင်းမိဖုရားက စကားလုံး တစ်လုံးချင်းစီ ပီပီသသ ပြောလိုက်တယ်။

"အဲဒီနောက်မှ ကျွန်မနဲ့ အစ်မတို့ အချင်းချင်း ကိုယ့်အရည်အချင်းနဲ့ကိုယ် ယှဉ်ကြတာပေါ့"

"ဒါပေမဲ့ သတ္တမမင်းသားက သိပ်ငယ်သေးတယ်လေ"

ပဉ္စမမင်းသား ယွီးကျစ်ရှန်ရဲ့ မိခင် ရုံမိဖုရားက ဝင်ပြောတယ်။

"ဒါဆို ပဉ္စမမင်းသားကို ကျူးယိ သွားခိုင်းလိုက်မလား"

ကျောင်းမိဖုရားက မေးလိုက်တယ်။

"အစ်မရုံ... ရှင်က သားကို ခွဲနိုင်လို့လား"

ဒီစကား တစ်ခွန်းတည်းနဲ့တင် ရုံမိဖုရားရဲ့ သတ္တမမင်းသား အပေါ် သနားတဲ့ စိတ်တွေ အကုန် ပျောက်သွားတော့တယ်။ ယွီးကျစ်ရီကို ဘယ်လောက်ပဲ သနားသနား ရုံမိဖုရားက သူမရဲ့ သားလေးကိုတော့ အန္တရာယ် အဖြစ်မခံနိုင်ဘူးလေ။

"ဘယ်လို လုပ်ရမလဲ ဆိုတာကို အစ်မတို့ အားလုံး သိလောက်ပါပြီ"

ကျောင်းမိဖုရားက ခဏစောင့်ကြည့်ပြီး မိဖုရား ငါးယောက်လုံး ဘာမှ မပြောတော့တာ မြင်တော့ ဆက်ပြောတယ်။

"အားလုံးက ကိုယ့်သားတွေ အတွက်ပဲလေ... တို့တွေ တစ်ယောက်ကို တစ်ယောက် လှောင်စရာ မလိုပါဘူး"

မိဖုရား ငါးယောက်လုံး တိတ်ဆိတ်နေကြတယ်။ အခု အခြေအနေအရ ကိုယ့်သားကို ကာကွယ်ဖို့ဆိုရင် ယွီးကျစ်ရီကို ဓားစာခံအဖြစ် ထိုးကျွေးဖို့ပဲ ရှိတော့တယ်။

…

အခန်း (၃၈) လမ်းကြောင်းလွဲသွားတဲ့ ဇာတ်ကွက်

ယွီးရှောင်ရှောင်က အဲဒီနေ့ ညဉ့်နက်မှ အိပ်ရာဝင်ပြီး မိုးလင်းတဲ့အထိ တောက်လျှောက် အိပ်ပျော်သွားတယ်။ ဇွန်ဘီ မရှိတဲ့ ကမ္ဘာကြီးမှာ ယွီးရှောင်ရှောင်က နေ့တိုင်းကို စိတ်အေးချမ်းသာစွာနဲ့ ဖြတ်သန်းနေရပြီး ဒီကမ္ဘာကြီးက သိပ်ကို လှပတယ်လို့ ခံစားနေရတယ်။

ဝမ်မောမောက ယွီးရှောင်ရှောင်ကို ဓားစာခံ ကိစ္စတွေ ပြောပြနေတယ်။

"မိဖုရားတွေ အကုန်လုံးက ချူချင်း နန်းဆောင်ကို သွားကြတယ်တဲ့... ကျွန်တော်မျိုးမ ဒါကို တွေးမိတိုင်း စိတ်ပူနေမိတယ်... မင်းသမီးလေး တစ်ခုခုများ ဖြစ်မလား"

ဝမ်မောမောက နန်းတော်ထဲမှာ အသိအကျွမ်း များတာကြောင့် ရှောင်ကျွမ်းထက်တောင် သတင်း ပိုသိသေးတယ်။

ဝမ်မောမောက ယွီးရှောင်ရှောင်ကို ပြောပြနေတဲ့ အချိန်မှာ ဝေမောမောက ယွီးကျစ်ရီကို ချီပြီး ယွီးရှောင်ရှောင်ရဲ့ ဘေးမှာ ထိုင်နေတယ်။ အခု ယွီးကျစ်ရီက ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေးနဲ့ ချစ်စရာ ကောင်းနေတယ်။ ပြည့်ဖောင်းနေတဲ့ ပါးလေး နှစ်ဖက်ရယ်၊ နက်မှောင်နေတဲ့ မျက်လုံးဝိုင်းကြီးတွေရယ်ကြောင့် နောင်တစ်ချိန်မှာ ချောမောခံ့ညားတဲ့ မင်းသား ဖြစ်လာမဲ့ ပုံစံကို လုံးဝ မတွေ့ရသေးဘူး။ ယွီးရှောင်ရှောင်က ပါးစပ်ထဲကို စားစရာတွေ မျိုးစုံ ထည့်နေတာကို ကြည့်ပြီး အသားလုံးလေးက သွားရည်တွေကျကာ ပါးစပ်ဟပြီး တောင်းစားနေတယ်။ ကြည့်ရတာ သူကလည်း အစားကြူးမဲ့ပုံပဲ။

ယွီးရှောင်ရှောင်က သူမဘာသာ စားရင်းနဲ့ ယွီးကျစ်ရီရဲ့ ပါးစပ်ထဲကိုလည်း တစ်လုပ် နှစ်လုပ်လောက် ခွံ့ကျွေးလိုက်တယ်။ ဒီကောင်က အစ်မကို ဒုက္ခပေးမဲ့ကောင်မှန်း သိပေမဲ့ ယွီးရှောင်ရှောင်ရဲ့ အတွေးက ရိုးရှင်းပါတယ်။ ဒီမောင်လေးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပြီး သူမ ကိုယ်တိုင်လည်း ရက်စက်တဲ့သူ မဖြစ်အောင် နေမယ်ဆိုရင် ဒီမောင်လေးက သူမကို မီးရှို့သတ်ပါ့မလား။

ဝမ်မောမောက သူမ ပြောတဲ့ စကားတွေကို မင်းသမီးလေးက တစ်ခွန်းမှ နားမထောင်တာ မြင်တော့ ထပ်မေးလိုက်တယ်။

"မင်းသမီး... သတ္တမမင်းသား အတွက် နည်းနည်းလေးမှ စိတ်မပူဘူးလား"

နန်းတွင်းက မိန်းမတွေက သားသမီးကို ကာကွယ်ဖို့ ဆိုရင် ဘာမဆို လုပ်ရဲတာလေ။

ယွီးရှောင်ရှောင်က ယွီးကျစ်ရီရဲ့ ပါးစပ်ထဲကို ဆန်ပြုတ် တစ်ဇွန်း ခွံ့ကျွေးရင်း ပြန်ဖြေလိုက်တယ်။

"ခမည်းတော်က ဒီလောက် ငယ်သေးတဲ့ သားကို ဓားစာခံအဖြစ် ပို့ပါ့မလား။ သူက ဒီလောက်ထိ ရက်စက်တဲ့ လူမှ မဟုတ်တာ"

ဝမ်မောမောနဲ့ ဝေမောမောတို့က ယွီးရှောင်ရှောင်ရဲ့ စကားကို ဘယ်လို ပြန်ပြောရမလဲ မသိဘူး။ သူတို့က အသက်မရှင်ချင်တော့လို့များ ယွီးရှောင်ရှောင်နဲ့ အတူ ဘုရင်ကြီးကို ဆဲရဲမှာလား။ အထိန်းတော် နှစ်ယောက်က ခြံဝင်းထဲကို မျက်စိကစားကြည့်လိုက်ပြီး ဘယ်သူမှ မရှိမှန်း သေချာတော့မှ စိတ်အေးသွားကြတယ်။

ဝေမောမောက စကားလမ်းကြောင်း လွှဲလိုက်တယ်။

"မင်းသမီး... နောက်နှစ်ရက်ဆိုရင် အိမ်ပြန်လည်ရမဲ့ နေ့ရောက်ပြီနော်... မင်းသမီးက သမက်တော်နဲ့ အတူတူ နန်းတော်ကို ပြန်မှာလား"

ဖုန်းထျန်းရဲ့ ထုံးစံအရ သတို့သမီးတွေက လက်ထပ်ပြီး သုံးရက်မြောက်နေ့မှာ မိဘအိမ်ကို ပြန်လည်ရတယ်။ ဒီစည်းကမ်းကို ဝမ်မောမော ပြောဖူးလို့ ယွီးရှောင်ရှောင်လည်း သိတယ်။ ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ပြန်ဖြေတယ်။

"သူ အဖျားမတက်ဘူး ဆိုရင်တော့ သူ့ကို နန်းတော်ထဲ ခေါ်သွားမှာပေါ့"

ဝမ်မောမော သက်ပြင်းချလိုက်ပြီး ရင်ထဲမှာ ရုတ်တရက် ဝမ်းနည်းသွားတယ်။ ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ဒဏ်ရာ ပြန်ကောင်းမယ်လို့ ပြောပေမဲ့ အခုချိန်မှာတော့ ကုသခင်လေးက ဘာမှ မလုပ်နိုင်ဘဲ လဲလျောင်းနေရတုန်းပဲ။ လမ်းမလျှောက်နိုင်လို့ လူထမ်းပြီး နန်းတော်ထဲ ဝင်လာရမဲ့ သမက်တော်ကို မြင်ရင် မိဖုရားခေါင်ကြီးသာ ရှိသေးရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။

ကုရှင်းလန် နိုးလာတော့ ယွီးရှောင်ရှောင်က အိမ်ပြန်လည်မဲ့ ကိစ္စကို ပြောပြတယ်။ ကုရှင်းလန်က စကားမစရသေးခင်မှာပဲ သတင်းလာမေးတဲ့ ကုရှင်းယန်က ဝင်ပြောလိုက်တယ်။

"မင်းသမီးလေး အိမ်ပြန်လည်ရင် ရှင်းလန်က သေချာပေါက် လိုက်သွားရမှာပေါ့... မဟုတ်ရင် တခြားလူတွေက မင်းသမီးလေးကို လှောင်ကြမှာပေါ့"

ကုရှင်းနော့ကတော့ ကုရှင်းယန်ထက် ပိုပြီး သတိထားတယ်။

"ရှင်းလန်က အခု အိမ်ပြင် ထွက်လို့ ရပြီလား" လို့ ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

ယွီးရှောင်ရှောင်ကတော့ အိမ်ပြန်လည်တာကို အရေးကြီးတဲ့ ကိစ္စလို့ မသတ်မှတ်ထားဘူး။ သူမက ကုရှင်းလန်ကို မေးလိုက်တယ်။

"ရှင် လိုက်ချင်လို့လား"

ကုရှင်းလန်က ခေါင်းညိတ်ပြတယ်။ အိမ်ပြန်လည်တဲ့ အချိန်မှာ ခင်ပွန်းသည်က အတူ မပါဘူးဆိုရင် ခင်ပွန်းက မချစ်ဘူးလို့ သတ်မှတ်ကြတာလေ။ တော်ဝင်မင်းသမီး ဖြစ်နေရင်တောင် အလှောင်ခံရမှာပဲ။

"ဒဏ်ရာက နာနေတုန်းပဲ မဟုတ်လား"

ယွီးရှောင်ရှောင်က မေးလိုက်တယ်။ ကုရှင်းလန်ရဲ့ မျက်နှာကို ကြည့်ရတာ ဒီလူငယ်လေး ပြန်ပြီး အားပြည့်လာဖို့က ခြောက်လ ဒါမှမဟုတ် တစ်နှစ်လောက်တော့ အနားယူရမဲ့ ပုံပဲ။

"မနာတော့ပါဘူး"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြုံးပြပြီး ပြောလိုက်တယ်။

"ကျွန်တော့်အတွက် စိတ်မပူပါနဲ့"

"ကျင်းကျုံးကို တွေ့ရင် ရှင် သွားမရိုက်ချင်ဘူးလား"

ယွီးရှောင်ရှောင်က အဲဒါကို စိတ်ပူနေတာ။ ရန်သူကို တွေ့ပြီး ကလဲ့စားမချေနိုင်ဘူး ဆိုတာက တော်တော် ခံစားရ ခက်တယ်လေ။

ကုရှင်းလန်က ခေါင်းခါပြပြီး ပြန်ဖြေတယ်။

"မင်းသမီး... စိတ်မပူပါနဲ့။ လူကြီးလူကောင်း ကလဲ့စားချေဖို့ ဆယ်နှစ်တောင် မနောက်ကျပါဘူး။ ပြီးတော့ သူက မိန်းမစိုး တစ်ယောက်ပဲလေ"

တကယ့် ရန်သူက ကျောင်းမိသားစုလေ။ ကျင်းကျုံးဆိုတဲ့ မိန်းမစိုးချုပ်ကို ကုရှင်းလန်က ရန်သူလို့တောင် မသတ်မှတ်ထားဘူး။

"ဆယ်နှစ်က ကြာလွန်းတယ်"

ယွီးရှောင်ရှောင်က ဆိုတယ်။

"ရှင့်ဒဏ်ရာတွေ ပြန်ကောင်းလာရင် တို့တွေ ကလဲ့စားသွားချေကြမယ်"

ကုရှင်းလန်ရဲ့ နှုတ်ခမ်းထောင့်က အပြုံးက ပိုကျယ်လာပြီး မျက်လုံးလေးတွေပါ မှိတ်သွားတဲ့အထိ ပြုံးကာ ယွီးရှောင်ရှောင်ကို ခေါင်းညိတ်ပြလိုက်တယ်။

အစ်ကို နှစ်ယောက်က ညီဖြစ်သူရဲ့ မျက်နှာပေါ်က အပြုံးကို ကြည့်ပြီး မျက်စိတောင် ကျိန်းသွားတယ်။ ဒီကောင်လေး ဘယ်တုန်းက ဒီလောက် တောက်ပအောင် ပြုံးဖူးလို့လဲ။ အဲဒီနောက်မှာတော့ သူတို့ ညီလေးအတွက် ဝမ်းသာသွားကြတယ်။ မင်းသမီးကို ကြည့်ပြီး ဒီလောက် တောက်ပအောင် ပြုံးနေတာက သူက ဒီဇနီးလေးကို သဘောကျနေပြီ ဆိုတဲ့ သဘောပဲလေ။ လူကြီးတွေ စီစဉ်ပေးလို့ လက်ထပ်ရတဲ့ လင်မယား နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သဘောကျသွားတာလောက် မိသားစုအတွက် ဝမ်းသာစရာ ဘာရှိဦးမှာလဲ။

နှစ်ရက်ဆိုတဲ့ အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတယ်။

ယွီးရှောင်ရှောင် နန်းတော်တံခါးကို ပြန်ဝင်လာတဲ့ အချိန်မှာတော့ သူမရဲ့ ဘေးမှာ ကုရှင်းလန် ပါလာတယ်။

ဘုရင်ကြီးက ဒီနေ့ သမီးတော် အိမ်ပြန်လည်မဲ့နေ့ မှန်း သိတာကြောင့် မနက်စောစော ထပြီး စာကြည့်ဆောင်မှာ ထိုင်စောင့်နေတယ်။ ယွီးရှောင်ရှောင်ကို မြင်တဲ့အချိန်မှာ ဘုရင်ကြီးရဲ့ မျက်နှာထားက တော်တော်လေး ထူးဆန်းနေတာကို ယွီးရှောင်ရှောင်လို အာရုံခံစားမှု နှေးတဲ့သူတောင် သတိထားမိတယ်။

ဘုရင်ကြီးက ကုရှင်းလန်ကို ဂါရဝပြုခွင့် မပေးဘဲ ချက်ချင်းပဲ ပြောလိုက်တယ်။

"သမက်တော်က ဒဏ်ရာ ပြင်းထန်နေတာပဲ... ဂါရဝပြုဖို့ မလိုပါဘူး"

ကုရှင်းလန်က ကျေးဇူးတင်စကား မဆိုရသေးခင်မှာပဲ ယွီးရှောင်ရှောင်က ဘုရင်ကြီးကို မေးလိုက်တယ်။

"ခမည်းတော်... တစ်ခုခု ဖြစ်လို့လား"

ဒီတစ်ခါတော့ သမီးတော်က စကားစပြောတာနဲ့ "အဖေ" လို့ ရိုင်းရိုင်းစိုင်းစိုင်း မခေါ်တော့ဘဲ စည်းကမ်းတကျ "ခမည်းတော်" လို့ ခေါ်လိုက်ပြီမို့ ဘုရင်ကြီးက ဝမ်းသာသင့်တာပေါ့။ ဒါပေမဲ့ အခုချိန်မှာ ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး အားနာတဲ့ မျက်နှာထားနဲ့ပဲ ရှိနေတယ်။

ကုရှင်းလန်က ဘုရင်ကြီး စကားပြောဖို့ အကြိမ်ကြိမ် ဟန်ပြင်နေပေမဲ့ မပြောဖြစ်တာကို ကြည့်ပြီး ဓားစာခံ ကိစ္စကို သူလည်း သိထားတာကြောင့် အခြေအနေ မကောင်းဘူးဆိုတာ သဘောပေါက်သွားတယ်။

"အရှင်မင်းကြီး... ကျူးယိတိုင်းပြည်က..."

"ဒီနေ့က လင်းလုံ အိမ်ပြန်လည်တဲ့နေ့လေ"

ဘုရင်ကြီးက ကုရှင်းလန် ကျူးယိတိုင်းပြည် အကြောင်း ပြောတာကို ကြားတာနဲ့ ချက်ချင်း စကားဖြတ်ပြောလိုက်တယ်။

"တို့တွေ ကျူးယိတိုင်းပြည် အကြောင်း မပြောကြရအောင်... လင်းလုံ... သမီး ယောက္ခမ အိမ်မှာ နေရတာ အဆင်ပြေရဲ့လား"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

"တစ်ခုခု ဖြစ်နေတာ သေချာတယ်"

အဲဒီအချိန်မှာပဲ အခန်းအပြင်ဘက်ကနေ ရယ်သံသဲ့သဲ့လေး ထွက်လာတယ်။

ယွီးရှောင်ရှောင် နောက်ကို လှည့်ကြည့်လိုက်တော့ အခန်းအပြင်မှာ အဖိုးတန် အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ ဒီလူ ပြာဖြစ်သွားရင်တောင် ယွီးရှောင်ရှောင် မှတ်မိတယ်။ ရက်စက်တဲ့ ဘုရင်မရဲ့ လင်ငယ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကျူးယိတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသား ကျင်းမော့လေ။

ကုရှင်းလန်ရဲ့ မျက်မှောင်ကြုတ်မိသွားတယ်။ သူတို့ ဖုန်းထျန်းရဲ့ နန်းတော်ထဲမှာ ဒီကျူးယိတိုင်းပြည်က မင်းသားက သတင်းမပို့ဘဲ အလွယ်တကူ ဝင်ထွက်နေနိုင်တယ် ဆိုတော့ ဒီတိုင်းပြည်က တိုင်းပြည်လို့ကော ခေါ်လို့ ရသေးရဲ့လား။

ကျင်းမော့က ဘုရင်ကြီး ဘာမှ မပြောခင်မှာပဲ အခန်းထဲကို ဝင်လာပြီး ယွီးရှောင်ရှောင်ကို ပြုံးပြကာ ပြောလိုက်တယ်။

"လင်းလုံမင်းသမီး... ကျွန်တော်က ကျင်းမော့ပါ"

ကျင်းမော့က နူးညံ့တဲ့သူ တစ်ယောက် မဟုတ်ပေမဲ့ အခုချိန်မှာ သူ့မျက်နှာပေါ်က အပြုံးကတော့ တကယ်ကို နူးညံ့နေတယ်။ ယွီးရှောင်ရှောင်က ကျင်းမော့ရဲ့ မျက်နှာကို ကြည့်ပြီး စိတ်ထဲမှာ တွေးလိုက်တယ်။

'ဒါက တစ်ယောက်ကို တစ်ယောက် မြင်မြင်ချင်း သဘောကျသွားပြီး လင်ငယ် အဖြစ် အစပျိုးတော့မဲ့ အခြေအနေလား'

ယွီးရှောင်ရှောင်က မျက်နှာသေနဲ့ ဘာမှ မပြောဘဲ ကြည့်နေတာကို တွေ့တော့ ကျင်းမော့က ယွီးရှောင်ရှောင်ကို ထပ်ခေါ်လိုက်တယ်။

"လင်းလုံမင်းသမီး"

ယွီးရှောင်ရှောင်က မကျေမနပ် လေသံနဲ့ ပြောလိုက်တယ်။

"မဆိုးပါဘူး... ပထမဆုံး တွေ့ဖူးတာဆိုတော့ ဂရုစိုက်ပေးပါဦး"

ဒါက ဘယ်လို နှုတ်ဆက်စကားမျိုးလဲ။ ကျင်းမော့က အတွေ့အကြုံ များတဲ့သူ ဖြစ်ပေမဲ့ ကြောင်သွားတယ်။

ယွီးရှောင်ရှောင်ကတော့ သူမရဲ့ စကားကို အတော်လေး သဘောကျနေတယ်။ ဒါက သူမ တတ်သလောက် မှတ်သလောက် အယဉ်ကျေးဆုံး နှုတ်ဆက်စကားပဲလေ။

ကိုယ့်ဇနီးက ဘာတွေ ပြောနေမှန်း နားမလည်ပေမဲ့ ယွီးရှောင်ရှောင်ရဲ့ စကားတစ်ခွန်းနဲ့တင် ကျင်းမော့ အပြောခံလိုက်ရတာကို မြင်တော့ ကုရှင်းလန်က ဝမ်းသာသွားတယ်။ ဘုရင်ကြီးကလည်း ဘာမှ မပြောတာကြောင့် ကုရှင်းလန်က မသိဟန်ဆောင်ပြီး ကျင်းမော့ကို ဂါရဝမပြုဘဲ နေလိုက်တယ်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ကျင်းမော့က ခဏလောက် ကြောင်သွားပြီးမှ ဘုရင်ကြီးကို လက်သီးဆုပ်မိုးပြီး နှုတ်ဆက်လိုက်တယ်။

ဘုရင်ကြီးက ထိုင်ခုံပေါ်မှာ တောင့်တောင့်ကြီး ထိုင်နေရင်း လက်ကို မြှောက်ကာ ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသား... အရမ်းကြီး ရိုသေစရာ မလိုပါဘူး"

ကျင်းမော့က ပြောလိုက်တယ်။

"အရှင်မင်းကြီးက သတ္တမမင်းသား ယွီးကျစ်ရီကို ကျွန်တော်တို့ ကျူးယိကို ပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မင်းသမီးကြီးကို ပြောပြပြီးပြီလား မသိဘူး"

ဘုရားရေ...

ယွီးရှောင်ရှောင် ချက်ချင်းပဲ ကြောင်အသွားတယ်။ ယွီးကျစ်ချင်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဒီဇာတ်ကွက်က လမ်းကြောင်းလွဲသွားတာ သိပ်ကို လူမဆန်လွန်းဘူးလား။

…

All Chapters