အခန်း (၂၃-၂၄)
Vol. 2 Ch. 23-24
အခန်း (၂၃) မောင်လေးကို ခေါ်ပြီး နန်းတော်က ထွက်ခွာခြင်း
'ထပ်ပြီး ပြန်လာနေမယ်' ရှန်းကျုံးက ယွီးရှောင်ရှောင်ကို ပြူးကြည့်လိုက်မိတယ်။ ဒီသမီးက သူ့ကို ဘယ်လောက်အထိ ထပ်ပြီး နှိပ်စက်ဦးမှာလဲ။
“မရဘူးလား” ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ရှန်းကျုံးက ခေါင်းခါတယ်။
“မင်းက ကုမိသားစုရဲ့ ချွေးမ ဖြစ်နေပြီလေ၊ နန်းတော်ထဲမှာ ဘယ်လို ပြန်နေမှာလဲ။ ငါကိုယ်တော်လဲ သမီးကို မခွဲချင်ပေမဲ့...”
“ဒါဆိုရင်တော့ သူ့ကို ခေါ်သွားမယ်” ယွီးရှောင်ရှောင်က ရှန်းကျုံး စကားကို ဖြတ်ပြောလိုက်တယ်။
ရှန်းကျုံးက ခေါင်းခါနေတုန်းပဲ။
“လင်းလုံရယ်... မင်းမောင်လေးက မင်းသားတစ်ပါးလေ။ ကုအိမ်တော်မှာ သွားကြီးပြင်းရမယ်ဆိုတာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးဘူး။ တစ်လောကလုံးက ငါကိုယ်တော့်ကို လှောင်ကြမှာပေါ့”
ယွီးရှောင်ရှောင်က ရှန်းကျုံးကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။
'ငတုံးမင်းကြီး လုပ်ဖို့ ဆုံးဖြတ်ထားတဲ့လူက တစ်လောကလုံး လှောင်မှာကို ကြောက်နေသေးတာလား'
“ကျင်းကျုံး” ရှန်းကျုံးက ကျင်းကျုံးကို ခေါ်လိုက်တယ်။ “သတ္တမမင်းသားကို သေသေချာချာ သွားချီခဲ့စမ်း”
ကျင်းကျုံးက အမိန့်တော်အတိုင်း ရှေ့တိုးလာပြီး ယွီးကျစ်ရီကို ချီဖို့ ပြင်လိုက်တယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်ရီကို ကိုင်ထားရင်း ကျင်းကျုံးကို ကြည့်ပြီး ပြောလိုက်တယ်။
“ဖယ်စမ်း”
“ယွီးလင်းလုံ” ရှန်းကျုံး တကယ်ပဲ ဒေါသထွက်သွားပြီး သမီးဖြစ်သူရဲ့ နာမည်ရင်းကို အော်ခေါ်လိုက်တော့တယ်။
ယွီးရှောင်ရှောင်က ဆိုတယ်။
“ထပ်ပြီး ချကြဦးမလား”
အားလုံး...
ရှန်းကျုံး...
ရှန်းကျုံးရဲ့ ဒေါသတွေက ရုတ်တရက် တစ်ယောက်ယောက်က အပေါက်ဖောက်လိုက်သလိုမျိုး အကုန် ထွက်သွားတော့တယ်။ ဟုတ်သားပဲ... ဒီသမီးကို နိုင်အောင် ချနိုင်မဲ့လူက မရှိသလောက်ပဲလေ။
ကျောင်းမိဖုရားက ဒီအချိန်မှာ ထပ်ပြီး ဝင်ပြောပြန်တယ်။
“မင်းသမီးလေး... ကျိုးကြောင်းဆင်ခြင်ပါဦး”
“သူက ရှင့်ဗိုက်က မွေးတာမှ မဟုတ်တာ” ယွီးရှောင်ရှောင်က ပြန်ပြောလိုက်တယ်။ “ရှင်နဲ့ ဘာဆိုင်လဲ”
ကျောင်းမိဖုရားက ရှန်းကျုံးကို ဝမ်းနည်းပက်လက် အော်ခေါ်လိုက်ပြီး ထပ်ပြီး ရှိုက်ကြီးတငင် ငိုပြန်တော့တယ်။
“ပါးစပ်ပိတ်စမ်း” ရှန်းကျုံးက ယွီးရှောင်ရှောင်ကို အော်လိုက်တယ်။
ယွီးရှောင်ရှောင်က ခဏစဉ်းစားပြီးနောက် ပြောလိုက်တယ်။
“ကျွန်မ မောင်လေးကို မတွေ့ရရင် အိပ်ပျော်မှာ မဟုတ်ဘူး”
ရှန်းကျုံးက စိတ်ထဲကနေ 'မင်းက ငါ့ကို လိမ်နေတာလား နန်းတော်ထဲမှာ ရှိတုန်းကလဲ ပိုင်ဟုန်နန်းဆောင်ကို တစ်ခါမှ မသွားဘဲနဲ့၊ မင်းက ဘယ်နေ့ကများ အိပ်မပျော်ဘဲ နေဖူးလို့လဲ' လို့ တွေးနေမိတယ်။
“ကျွန်မရဲ့ မယ်တော်... မိဖုရားခေါင်ကြီးကလဲ ကျွန်မကို အိပ်မက် ပေးတယ်” ယွီးရှောင်ရှောင်က ဆက်ပြောတယ်။ “သူမက ကျွန်မကို မောင်လေးကို သေသေချာချာ ပြုစုပျိုးထောင်ပေးဖို့ မှာတယ်”
ကျောင်းမိဖုရားက ဆိုတယ်။
“မင်းသမီးလေး... ဘာကိစ္စပဲရှိရှိ မိဖုရားခေါင်ကြီးကို အကြောင်းပြချက်အဖြစ် သုံးလို့မရဘူးလေ။ သတ္တမမင်းသားက မင်းသားတစ်ပါးဆိုတော့ တော်ဝင်မိသားစုထဲမှာပဲ ကြီးပြင်းရမှာပေါ့။ မိဖုရားခေါင်ကြီးက ဒါကိုတောင် နားမလည်ဘဲ နေပါ့မလား”
“ဘုရင်ကို လိမ်ညာတာက သေဒဏ်ပဲ” ရှန်းကျုံးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။
“ဒါဆိုရင်တော့ ဒီလိုလုပ်ကြရအောင်” ယွီးရှောင်ရှောင်က ဆိုတယ်။
“တကယ်လို့ ကျွန်မ လိမ်နေတာဆိုရင် ကျွန်မရဲ့ မယ်တော်က ကျွန်မကို မိုးကြိုးပစ်သတ်ပါစေ။ တကယ်လို့ ကျွန်မ မလိမ်ဘူးဆိုရင်တော့ ကျွန်မမယ်တော်က ကျောင်းမိဖုရားကို မိုးကြိုးပစ်သတ်ပါစေ”
ရှန်းကျုံးနဲ့ အစေခံတွေ အကုန်လုံး...
ကျောင်းမိဖုရား...
“မင်း...” ရှန်းကျုံးက စကားပြောဖို့တောင် ခက်ခဲနေတယ်။
“မင်းက ဒီလောက်အထိ ရက်စက်တဲ့ ကျိန်ဆိုမှုကို လုပ်ရသလား” ကျောင်းမိဖုရားက မင်းရဲ့ အဖေရဲ့ အချစ်တော်လေ၊ မင်းရဲ့ ရန်သူ မဟုတ်ဘူးလေ။
အဲဒီအချိန်မှာပဲ ကျောင်းမိဖုရားရဲ့ အဆောင်အပြင်ဘက်မှာ မိုးခြိမ်းသံကြီး တစ်ချက် မြည်ဟည်းသွားတော့တယ်။
လူတွေ အကုန်လုံး ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။ အပြင်မှာတော့ နေ့ခင်းဘက် နေရောင်ခြည်က သိပ်ကို နွေးထွေးနေပြီး ပန်းတွေလဲ လှပစွာ ပွင့်နေတာလေ။ မင်းသမီးလင်းလုံရဲ့ မင်္ဂလာနေ့က သိပ်ကို သာယာတဲ့ ရာသီဥတုပဲလေ။ ကောင်းကင်မှာ တိမ်တောင် မရှိဘဲနဲ့ ဘာလို့ မိုးခြိမ်းသံ ထွက်လာတာလဲ
“အရှင်... အရှင်မင်းကြီး” ကျောင်းမိဖုရားက အိပ်ရာပေါ်မှာ တုန်ရီနေတဲ့ အသံနဲ့ ရှန်းကျုံးကို ခေါ်လိုက်တယ်။
ရှန်းကျုံးက သူ့အချစ်တော်ကို ခေါ်ရင်း အကာအရံတွေရဲ့ အနောက်ကို သွားဖို့ ပြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ နောက်ထပ် မိုးခြိမ်းသံကြီး တစ်ချက်က လူတွေရဲ့ နားထဲမှာ ဟိန်းထွက်သွားပြန်တယ်။
“အရှင်မင်းကြီး” ကျင်းကျုံးက ရှေ့ကို ပြေးတက်လာပြီး ရှန်းကျုံးကို ခါးကနေ မပြီး အပြင်ကို အတင်း ဆွဲခေါ်သွားတော့တယ်။
ကျောင်းမိဖုရားက အိပ်ရာပေါ်မှာ လဲလျောင်းနေရင်း မိုးခြိမ်းသံကြီးတွေကို နားထောင်နေရတယ်။ သူမရဲ့ မျက်စိရှေ့မှာတင် အဆောင်ရဲ့ အမိုးက ပေါက်ထွက်သွားပြီး အုတ်နီခဲတွေ ပြိုကျလာတော့တယ်။
“အားးးးးးး” ကျောင်းမိဖုရားက တစ်ချက်ပဲ အော်ဟစ်လိုက်နိုင်ပြီး ပြိုကျလာတဲ့ ထုတ်တန်းကြီးအောက်မှာ ပိသွားတော့လေတယ်။
ရှန်းကျုံးကတော့ ခြံဝင်းထဲမှာ ကြောင်တောင်တောင်နဲ့ ရပ်နေပြီး ကျင်းကျုံးကို မေးလိုက်တယ်။
“အဆောင်... အဆောင်ကြီး ပြိုသွားပြီ... မိုး... မိုးကြိုးပစ်လိုက်တာလား”
ကျင်းကျုံးကလဲ ဒီအချိန်မှာ ဘာမှ မသိတော့ဘဲ ရှန်းကျုံးကို ခေါင်းညိတ်ပြလိုက်တယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်ရီကို ဆွဲပြီး ရှန်းကျုံးရဲ့ ရှေ့ကို လျှောက်လာကာ မေးလိုက်တယ်။
“ခမည်းတော်... ကျွန်မ သူ့ကို ခေါ်သွားလို့ ရပြီလား”
ရှန်းကျုံးက သူ့သမီးကို ကြောင်တောင်တောင်နဲ့ ကြည့်နေမိတယ်။
“ဒါမှမဟုတ်ရင် မယ်တော်ကို နောက်ထပ် မိုးကြိုးတစ်ချက် ထပ်ပစ်ခိုင်းလိုက်ရမလား”
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ကောင်းကင်မှာ နောက်ထပ် မိုးခြိမ်းသံ တစ်ချက် ထွက်လာပြန်တယ်။
ရှန်းကျုံး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ တိမ်တစ်စတောင် မရှိတဲ့ သာယာတဲ့ ရာသီဥတုကြီးပါလား။
ကျင်းကျုံးကတော့ ကျောင်းမိဖုရားရဲ့ လူယုံပီပီ ကြောက်လန့်နေရင်းကနေ သူ့သခင်မကို မေ့မသွားဘူး။
“အရှင်မင်းကြီး... ကျောင်းမိဖုရားမယ်မယ် အထဲမှာ ကျန်ခဲ့ပါတယ်”
ရှန်းကျုံးက ပြိုကျပျက်စီးနေတဲ့ အဆောင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သတိပြန်ဝင်လာကာ အော်ဟစ်လိုက်တယ်။
“လူတွေ... မြန်မြန်... ကျောင်းမိဖုရားကို သွားကယ်ကြစမ်း”
ပြိုကျပျက်စီးသွားတဲ့အထဲမှာ ပိသွားတဲ့သူက ကျောင်းမိဖုရားနဲ့ သူမရဲ့ လူယုံ အပျိုတော် ချွေ့ယွီပဲ ရှိတာ။ ကျန်တဲ့ အစေခံတွေကတော့ ရှန်းကျုံးနဲ့အတူ အပြင်မှာ ရှိနေခဲ့တာလေ။ သူတို့တွေလဲ ယွီးရှောင်ရှောင်က တစ်ယောက်ချင်းစီကို ကန်ထုတ်လိုက်တာကြောင့် အပြင်ကို ရောက်လာခဲ့ကြတာ။ ပြုတ်ကျရတာ နာကျင်ပေမဲ့ ပျက်စီးသွားတဲ့ အဆောင်ကြီးကို ကြည့်ပြီး သူတို့အားလုံးက မင်းသမီးကြီးရဲ့ ကျေးဇူးကို တကယ့်ကို တသသ ဖြစ်နေကြတော့တယ်။
ကျင်းကျုံးက လူတွေကို ခေါ်ပြီး ကျောင်းမိဖုရားရဲ့ အိပ်ရာရှိတဲ့နေရာကို အသည်းအသန် တူးကြတော့တယ်။
“ကျွန်မ သွားရတော့မလား” ယွီးရှောင်ရှောင်က ရှန်းကျုံးရဲ့ ရှေ့မှာ ရပ်နေတုန်းပဲ။
ခေါင်းပေါ်မှာ နောက်ထပ် မိုးခြိမ်းသံကြီး တစ်ချက် ထွက်လာပြန်တော့ ရှန်းကျုံးက အလိုလိုနေရင်း ခေါင်းကို ငုံ့လိုက်ပြီး ယွီးရှောင်ရှောင်ကို အော်ပြောလိုက်တယ်။
“မင်းမယ်တော်က ဘယ်တော့မှ ရပ်မှာလဲ”
ယွီးရှောင်ရှောင်က ဆိုတယ်။
“ကျွန်မ မောင်လေးကို အပြင် ခဏခေါ်သွားမယ်၊ ပြီးမှ ပြန်ပို့ပေးမယ်။ ရမလား”
“မြန်မြန် သွားတော့” ရှန်းကျုံးက လက်ကို ဝှေ့ယမ်းပြီး ယွီးရှောင်ရှောင်ကို အမြန် မောင်းထုတ်လိုက်တော့တယ်။
ယွီးရှောင်ရှောင် သူမရဲ့ ရည်ရွယ်ချက် အောင်မြင်သွားပြီမို့ ယွီးကျစ်ရီကို ဆွဲပြီး ထွက်လာခဲ့တော့တယ်။
ရှန်းကျုံးက အနောက်ကနေ လှမ်းအော်သေးတယ်။
“ရက်နည်းနည်းပဲနော်။ ရက်နည်းနည်းကြာရင် ငါကိုယ်တော် လူလွှတ်ပြီး ပြန်ခေါ်ခိုင်းမယ်”
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်တယ်။ သူမက လူကို ခေါ်ထုတ်လာခဲ့ပြီပဲလေ။ ဒီငတုံးမင်းကြီးက လူပြန်လာခေါ်မယ်ဆိုရင်လဲ မိုးကြိုးနဲ့ ထပ်ပစ်ခိုင်းလိုက်မှာပေါ့။
နန်းတော်တံခါးအပြင်မှာတော့ ကုမိသားစုတွေ၊ ဝမ်မောမောနဲ့ ဝေမောမောတို့ အဖွဲ့တွေက ယွီးရှောင်ရှောင်ကို စောင့်နေကြတယ်။
“မင်းသမီးလေး...” ကုရှင်းနော့က ယွီးရှောင်ရှောင် နန်းတော်တံခါးက ထွက်လာတာကို အရင်ဆုံး မြင်လိုက်ရတယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်ရီကို ဆွဲပြီး ကုချန်းရဲ့ ရှေ့ကို ရောက်လာကာ ခေါ်လိုက်တယ်။
“အဘိုး ”
ကုချန်းက သူ့မြေးတွေ၊ မြေးမလေးတွေဆီကနေ အဘိုးလို့ပဲ ခေါ်တာကို ကြားဖူးတာလေ။ အခု ယွီးရှောင်ရှောင်က အဘိုးလို့ ခေါ်လိုက်တော့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပြီး ဘယ်လို ပြန်ထူးရမှန်းတောင် မသိတော့ဘူး။
ကုရှင်းနော့က ယွီးရှောင်ရှောင် ဆွဲလာတဲ့ အသားလုံးလေးကို ကြည့်တယ်။
“ဒါက သတ္တမမင်းသားလား” လို့ မေးလိုက်တယ်။
ယွီးရှောင်ရှောင်က ယွီးကျစ်ရီကို ကုရှင်းနော့ရဲ့ ရင်ခွင်ထဲ ထိုးထည့်ပေးလိုက်တယ်။
“အင်း... နောက်ပိုင်း ကျွန်မ ပျိုးထောင်မယ်”
ကုချန်းက အမြန် မေးရှာတယ်။
“ဒါက အရှင်မင်းကြီးရဲ့ သဘောတူညီချက် ဟုတ်ရဲ့လား”
“ဟုတ်ပါတယ်” ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြတယ်။ “သူ သဘောမတူရင် ကျွန်မရဲ့ မယ်တော်က သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူးလေ”
စစ်သေနာပတိချုပ်ကြီးကုကတော့ သူ့မြေးကြီးကို လှည့်ကြည့်လိုက်မိတယ်။ ဒီစကားကို သူ လုံးဝ နားမလည်ဘူးလေ။
ဝမ်မောမောနဲ့ ဝေမောမောတို့ကလဲ ယွီးရှောင်ရှောင်ဆီ ပြေးလာကြတယ်။ ဝမ်မောမောက သူမရဲ့ မင်းသမီးလေးကို အံ့သြတကြီး မေးလိုက်တယ်။
“မင်းသမီးလေး... မင်းသမီးလေးက သတ္တမမင်းသားကို တကယ်ပဲ ခေါ်ထုတ်လာနိုင်ခဲ့တာလား”
“အင်း...” ယွီးရှောင်ရှောင်က ဆိုတယ်။ “အဘိုး၊ အစ်ကိုကြီး... ကျွန်မတို့ အိမ်ပြန်ကြရအောင်”
ကုရှင်းနော့က ယွီးကျစ်ရီကို ဝေမောမောရဲ့ လက်ထဲကို ဂရုတစိုက် လွှဲပြောင်းပေးလိုက်ပြီး ကုချန်းကို မေးလိုက်တယ်။
“အဘိုး... ကျွန်တော်တို့တွေ ပြန်ကြတော့မလား”
ကုချန်းက နန်းတော်တံခါးထဲကနေ ဘယ်သူမှ လိုက်မလာတာ၊ မင်းသမီးက ကလေးကို လုလာတာလို့ အော်မပြောတာကို မြင်တော့ ပြောလိုက်တယ်။
“ပြန်ကြမယ်။ ဘာကိစ္စပဲရှိရှိ အိမ်ရောက်မှပဲ ပြောကြတာပေါ့”
ဝမ်မောမောက ယွီးရှောင်ရှောင်နဲ့အတူ မြင်းလှည်းပေါ် တက်လိုက်ပြီး တိုးတိုးလေး မေးတယ်။
“ကျွန်တော်မျိုးမ စောစောက မိုးခြိမ်းသံ ကြားလိုက်တယ်။ မိဖုရားခေါင်ကြီး တကယ်ပဲ ကိုယ်ထင်ပြလိုက်တာလားဟင်”
ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။
“အင်း... ဖြစ်မှာပေါ့”
ဝမ်မောမောက မေးတယ်။
“ကျောင်းမိဖုရားကော မိုးကြိုးပစ်ခံရပြီး သေသွားပြီလား”
အဆောင်ကြီးတောင် ပြိုကျသွားတာဆိုတော့ ကျောင်းမိဖုရားလဲ သေလောက်ပြီပေါ့။ ယွီးရှောင်ရှောင်က ခဏစဉ်းစားပြီးနောက် ဝမ်မောမောကို ပြောလိုက်တယ်။
“အတော်လေး နီးစပ်သွားပြီ။ မယ်တော်က သူမနေတဲ့ အဆောင်ကြီးကို မိုးကြိုးပစ်ပြီး ဖြိုချပစ်လိုက်တယ်လေ”
…
အခန်း (၂၄) မင်းသမီးစံအိမ်တော်ထဲဝင်ရန် ပြတ်ပြတ်သားသား ငြင်းဆိုခြင်း
"မိဖုရားခေါင်ကြီးကတော့ တကယ့်ကို အမြော်အမြင်ရှိလှပါပေတယ်" လို့ ဝမ်မောမောက မြင်းလှည်းထဲမှာ လက်အုပ်ချီပြီး တတွတ်တွတ် ရွတ်ဖတ်နေတော့တယ်။
ဒီအချိန်မှာတော့ ကျောင်းမိဖုရားနဲ့ ချွေ့ယွီတို့ကို မိန်းမစိုးတွေက အုတ်ပုံတွေအောက်ကနေ တူးထုတ်ပြီးသွားပြီ။ နှစ်ယောက်လုံး တစ်ကိုယ်လုံး သွေးတွေ၊ ဖုန်တွေ၊ ရွှံ့တွေနဲ့ ပေပွနေတာကြောင့် အရင်ရုပ်ရည်ကို လုံးဝ မှတ်မိဖို့တောင် မလွယ်တော့ဘူး။
ရှန်းကျုံးဘုရင်က အနားကို မကပ်ရဲဘဲ အဝေးကနေပဲ ကျင်းကျုံးကို လှမ်းမေးလိုက်တယ်။
"ကျောင်းမိဖုရား ဘယ်လိုနေလဲ"
ကျင်းကျုံးက ကိုယ်ကိုကိုင်းပြီး ကျောင်းမိဖုရားရဲ့ နှာခေါင်းဝမှာ အသက်ရှူမရှူ စမ်းကြည့်လိုက်တယ်။ လက်ဖျားမှာ အသက်ရှူသံ ခပ်အေးအေးလေးကို ခံစားလိုက်ရတာကြောင့် ကျင်းကျုံး စိတ်သက်သာရာရသွားပြီး ရှန်းကျုံးကို အသံကျယ်ကြီးနဲ့ လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး... မိဖုရားမှာ အသက်ရှိပါသေးတယ်ဘုရား”
"သမားတော်” ရှန်းကျုံးက အသင့်စောင့်နေတဲ့ သမားတော်တွေကို အော်ခေါ်လိုက်တယ်။
"မြန်မြန်သွားကြည့်ကြစမ်း၊ ကျောင်းမိဖုရား ဘယ်လိုနေလဲဆိုတာ”
ကျောင်းမိဖုရားရဲ့ ကိုယ်ပေါ်ကို ပြိုကျခဲ့တဲ့ ထုတ်တန်းက အခိုင်အမာ ထုတ်တန်း မဟုတ်ဘဲ အရန်ထုတ်တန်းလေးမို့ သိပ်မကြီးလှဘူး။ ခုတင်ပေါ်ကို ကျလာမဲ့ အဓိကထုတ်တန်းကြီးတွေကိုတော့ ခုတင်တိုင်တွေက ခံပေးထားတာကြောင့် ကျောင်းမိဖုရားနဲ့ ခုတင်ဘေးမှာ လဲနေတဲ့ ချွေ့ယွီတို့ အသက်မသေဘဲ လွတ်ခဲ့တာ ဖြစ်တယ်။
"မင်းဆရာကို နန်းတော်ထဲ ပင့်ခဲ့ကြစမ်း" ရှန်းကျုံးက ဘေးက မိန်းမစိုးကို အမိန့်ပေးလိုက်တယ်။ ရဟန်းအကျော်အမော် ဖြစ်တဲ့ ဆရာတော်ကို ပင့်ပြီး နည်းလမ်းရှာမှ ဖြစ်မယ်။ မိဖုရားခေါင်ကြီးက နေ့တိုင်း မိုးကြိုးတွေနဲ့ ပစ်ပြီး ကစားနေတာကို သူ ဆက်ပြီး မကြည့်ရက်နိုင်တော့ဘူးလေ။
ယွီးရှောင်ရှောင်ကတော့ ဒီအချိန်မှာ ကျန်းကော်ဟို့အိမ်တော်ကြီးရဲ့ တံခါးရှေ့မှာ ရပ်နေပြီ။ နေစရာနဲ့ ပတ်သက်ပြီး သိပ်ပြီး ဇီဇာမကြောင်တဲ့ ယွီးရှောင်ရှောင်ကတော့ ဒီလို အိမ်တော်ကြီးကို ကြည့်ပြီး ဘာမှ မခံစားရပေမဲ့ ကုချန်းနဲ့ ကုရှင်းနော့တို့ကတော့ ကျန်းကော်ဟို့ အိမ်တော် ဆိုတဲ့ စာလုံးတွေ အဖြုတ်ခံထားရတဲ့ ကမ္ပည်းစာတမ်းကို ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားချက်တွေ ရောပြွမ်းနေတော့တယ်။ ဝမ်းနည်းတာကတော့ တိုင်းပြည်အပေါ် သစ္စာရှိခဲ့ပါလျက်နဲ့ လူယုတ်မာတွေရဲ့ ချောက်တွန်းတာ ခံခဲ့ရတာကြောင့်ဖြစ်ပြီး ဝမ်းသာတာကတော့ မိသားစုဝင်တွေ အကုန်လုံး အသက်ရှင်လျက်နဲ့ ဒီကို ပြန်ရောက်လာနိုင်ခဲ့လို့ပဲ။ အသက်ရှင်နေရတာက ဘယ်အရာထက်မဆို ပိုတန်ဖိုးရှိတယ် မဟုတ်လား။
ကုမိသားစု အိမ်ရွှေ့တာကို ကူညီဖို့ ဘုရင်မင်းမြတ်ရဲ့ အမိန့်နဲ့ ရောက်လာတဲ့ မိန်းမစိုးချုပ်က အိမ်ထဲကနေ ပြေးထွက်လာပြီး ယွီးရှောင်ရှောင်ကို ဦးစွာ ဂါရဝပြုလိုက်တယ်။ ယွီးရှောင်ရှောင်ကတော့ ဒီမိန်းမစိုး ဘာလာလုပ်တာလဲ မသိတာကြောင့် ခေါင်းလေးပဲ တစ်ချက်ညိတ်ပြလိုက်ပြီး ကုချန်းနဲ့ ကုရှင်းနော့ကို ပြောလိုက်တယ်။
"အဘိုး၊ အစ်ကိုကြီး... ဒါ ကျွန်မတို့အိမ်ပေါ့နော်။ ဝင်ကြရအောင်လေ"
မိန်းမစိုးချုပ်က သူတို့တွေ အိမ်ထဲဝင်တော့မှာ မြင်တော့ ယွီးရှောင်ရှောင်ကို အမြန်မေးလိုက်တယ်။
"မင်းသမီးလေး... ဒီအိမ်တော်ရဲ့ ကမ္ပည်းစာတမ်းမှာ ဘာအမည် ရေးထိုးရမလဲဆိုတာ မိန့်ကြားပေးပါဦးဘုရား"
ယွီးရှောင်ရှောင်က မေးတယ်။
"ကမ္ပည်းစာတမ်းဆိုတာ ဘာကြီးလဲ"
မိန်းမစိုးချုပ်ခမျာ မင်းသမီးကို ကမ္ပည်းစာတမ်းဆိုတာ ဘာလဲလို့ ရှင်းပြရမှာက ရိုင်းရာကျမလားလို့ တွေးနေမိတယ်။ 'ကမ္ပည်းစာတမ်းတောင် မသိဘူးလား၊ မင်းသမီးက ငတုံးမလား'
ဝမ်မောမောကတော့ သူမရဲ့ မင်းသမီးလေးနဲ့ လပိုင်းလောက် အတူနေဖူးတာကြောင့် မင်းသမီးလေးက လောကီရေးရာတွေမှာ နားမလည်မှန်း သိနေတယ်။ သူမက တံခါးမကြီးရဲ့ အပေါ်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
"အဲဒီ အပေါ်မှာ ချိတ်ရမဲ့ အမည်နာမကို ပြောတာပါ မင်းသမီးလေး"
မိန်းမစိုးချုပ်က ဆိုတယ်။ "အရှင်မင်းကြီးမှာ အမိန့်တော်ရှိပါတယ်၊ ဒီအိမ်တော်ကို လင်းလုံမင်းသမီးစံအိမ်တော်လို့ အမည်ပေးလို့ ရပါတယ်တဲ့" လို့ ပြောပြီးတာနဲ့ ယွီးရှောင်ရှောင်က ဒူးထောက်ပြီး ဘုရင့်ကျေးဇူးတော်ကို ချီးမွမ်းမှာကို စောင့်နေတော့တယ်။
ကုမိသားစု သားအဖတွေရော၊ သခင်မကြီးနဲ့အတူ ထွက်ကြိုနေတဲ့ ကုရှင်းယန်တို့ပါ အကုန်လုံး မျက်နှာပျက်သွားကြတယ်။ မင်းသမီးစံအိမ်တော်တဲ့လား။ ဒါဆိုရင် ကုရှင်းလန်က မင်းသမီးအိမ်မှာ ကပ်နေတဲ့ သမက်ဖြစ်သွားမှာပေါ့။ သူတို့ မိသားစုတစ်ခုလုံးကလည်း ကုရှင်းလန်ကို အမှီပြုပြီး မင်းသမီးအိမ်မှာ ထမင်းကပ်စားနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားမှာပေါ့။
ယွီးရှောင်ရှောင်က ကမ္ပည်းစာတမ်းချိတ်မဲ့ နေရာလွတ်ကြီးကို မော့ကြည့်လိုက်တယ်။ သူမကတော့ အဲဒီ ငတုံးမင်းကြီးရဲ့ သမီးအဖြစ် တစ်စက်မှ မနေချင်တော့ဘူး။ အိမ်ထောင်လည်း ကျပြီးပြီကို ဘာလို့ မင်းသမီးစံအိမ်တော်လို့ ခေါ်ရဦးမှာလဲ။
"ဒါက ကုမိသားစုအိမ်လေ" ယွီးရှောင်ရှောင်က မိန်းမစိုးချုပ်ကို ပြောလိုက်တယ်။
"အဲဒီမှာ ကုမိသားစုလို့ပဲ ရေးလိုက်ပါ"
"ကုမိသားစု" မိန်းမစိုးချုပ်က နားကြားမှားသလားလို့ ပြန်မေးလိုက်ရတယ်။
ယွီးရှောင်ရှောင်က ကုချန်းကို လှည့်မေးတယ်။ "အဘိုး... ဒီအမည်က ပိုမှန်တယ် မဟုတ်လား"
ကုချန်းက ယွီးရှောင်ရှောင်ရဲ့ မျက်နှာမှာ ဘာဟန်ဆောင်မှုမှ မရှိတာကို တွေ့လိုက်ရတယ်။ စစ်သေနာပတိချုပ်ကြီးက ပွင့်လင်းတဲ့သူပီပီ သူ့မြေးချွေးမလေးက သူ့ကိုယ်သူ သူစိမ်းလို့ မသတ်မှတ်ဘူးဆိုရင် သူကလည်း ဒီမြေးချွေးမလေးကို ကုမိသားစုဝင်အဖြစ်ပဲ သတ်မှတ်မှာပေါ့။ သခင်ကြီးကုက ဆိုတယ်။ "ကုအိမ်တော်လို့ပဲ ခေါ်ကြစို့"
ယွီးရှောင်ရှောင်က ဘာမှ ထပ်မစဉ်းစားဘဲ မိန်းမစိုးချုပ်ကို ပြောလိုက်တယ်။
" ကုအိမ်တော်လို့ပဲ ရေးပါ။ အိမ်တွင်းကိစ္စတွေဆိုရင်တော့ ကျွန်မအဘိုးကိုပဲ မေးလိုက်ပါ"
မိန်းမစိုးချုပ်လည်း အမိန့်တော်အတိုင်း လုပ်ဖို့ကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။
"သွားကြစို့" ကုချန်းက အားရပါးရ ရယ်မောလိုက်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး... ကျုပ်တို့ အိမ်ထဲဝင်ပြီးမှ စကားပြောကြရအောင်"
"ဟုတ်ကဲ့" ယွီးရှောင်ရှောင်က သခင်ကြီးကုကို ပြန်ထူးပြီး အိမ်ထဲကို လိုက်ဝင်သွားတော့တယ်။
ဝေမောမောက ယွီးကျစ်ရီကို ချီပြီး လှေကားထစ်အောက်မှာ ရပ်နေတုန်းပဲ။ ပိုင်ဟုန်နန်းဆောင်က လူတွေလည်း ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြတယ်။ မင်းသမီးကြီးက တစ်ခုခုကို မေ့သွားတာလား။
ကုရှင်းနော့ကတော့ တည်ငြိမ်တဲ့သူပီပီ ယွီးရှောင်ရှောင်က သခင်ကြီးကုနောက်ကိုပဲ ပါသွားတာ မြင်တော့ လှေကားထစ်အောက်ကို ဆင်းလာပြီး ဝေမောမောကို ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်လိုက်တယ်။
"ဒေါ်လေးတို့လည်း အထဲကို ကြွပါဦး"
ယွီးရှောင်ရှောင်ကတော့ သခင်မကြီးရဲ့ ဘေးကို ရောက်သွားပြီး "အဘွား" လို့ ခေါ်လိုက်တယ်။
"အိမ်မှာ မီးလောင်တုန်းက အဘွားတို့ ဘာမှ မဖြစ်ကြဘူး မဟုတ်လား" လို့ မေးလိုက်တယ်။
သခင်မကြီးလည်း အဘွား လို့ အခေါ်ခံလိုက်ရတာကြောင့် သခင်ကြီးကုလိုပဲ တစ်မျိုးကြီး ဖြစ်နေပေမဲ့ ရင်ထဲမှာတော့ နွေးထွေးသွားရတယ်။ သူမက ယွီးရှောင်ရှောင်ကို ပြုံးပြပြီး ပြန်ဖြေလိုက်တယ်။
"ဘာမှ မဖြစ်ပါဘူးကွယ်၊ တို့တွေ အဆင်ပြေပါတယ်"
ယွီးရှောင်ရှောင် စိတ်အေးသွားပြီး။
"ဒါဆိုရင်တော့ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်မ ကျောင်းချိုးမင်ဆီကို ထပ်သွားဦးမှာ။ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးလေ”
သခင်မကြီးက ယွီးရှောင်ရှောင်ကို အကဲခတ်ကြည့်လိုက်တယ်။ နုနုနယ်နယ် အလှလေး၊ ကိုယ်လုံးလေးကလည်း သွယ်သွယ်လေးနဲ့ ဘယ်လိုကြည့်ကြည့် သိုင်းတတ်မဲ့ပုံ မပေါက်ဘူးလေ။ သူမက မနေနိုင်ဘဲ မေးလိုက်မိတယ်။
"မင်းသမီးလေး... မင်းသမီးက တကယ်ပဲ သိုင်းတတ်တာလား"
ယွီးရှောင်ရှောင်က ဆိုတယ်။ "ဟုတ်ကဲ့၊ ကျွန်မရဲ့ မယ်တော်က ကျွန်မ အနိုင်ကျင့်ခံရမှာ စိုးလို့ ဆရာကြီးတစ်ယောက်ကို ရှာပြီး သိုင်းသင်ခိုင်းထားတာလေ"
ဝမ်မောမောကတော့ အနောက်ကနေ နားထောင်ရင်း မျက်နှာက အဆီဖတ်တွေတောင် တုန်သွားတော့တယ်။ ဒါက ရှန်းကျုံးဘုရင်ကို လိမ်ဖို့အတွက် သူမ အသက်နဲ့လဲပြီး လုပ်ကြံပြောခဲ့တဲ့ စကားတွေလေ။ မင်းသမီးလေးက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ တကယ်ကြီး တော်နေရတာလဲဆိုတာ ကောင်းကင်ဘုံပဲ သိမှာပေါ့။ ဝမ်မောမော ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။ ကုမိသားစုက အခုလောလောဆယ် ဒုက္ခရောက်နေပြီး သမက်တော်ကလည်း ခြေထောက်မကောင်းဘူး ဆိုပေမဲ့ ဒီမိသားစုက လူကောင်းတွေပဲ။ နန်းတော်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်တိုက်ခိုက်နေရတာထက်စာရင် မင်းသမီးလေးက ကုအိမ်တော်က တတိယသခင်လေးနဲ့ လက်ထပ်ရတာကို မိဖုရားခေါင်ကြီးလည်း ကျေနပ်မှာပါလို့ သူမ တွေးနေမိတော့တယ်။
မိသားစုဝင်တွေ ဧည့်ခန်းမဆောင်ထဲ ရောက်သွားတဲ့အခါ ကုချန်းနဲ့ ကုရှင်းနော့ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက ယွီးရှောင်ရှောင်ရဲ့ လက်ထဲမှာ ဆွဲလာတဲ့ ယွီးကျစ်ရီကိုပဲ ဝိုင်းကြည့်နေကြတယ်။
ကုချန်းက သခင်မကြီးတို့ အဖွဲ့ကို ပြောပြတယ်။
"ဒါက သတ္တမမင်းသားလေ။ နောက်ပိုင်း မင်းသမီးလေးရဲ့ ဘေးမှာ ခေတ္တ ပြုစုစောင့်ရှောက်သွားမှာပါ"
အိမ်တွင်းက အမျိုးသမီးတွေ အကုန်လုံး လန့်သွားကြတယ်။ တကယ့် မင်းသားတစ်ပါးကို နန်းတော်မှာ မထားဘဲ အိမ်ထောင်ကျပြီးသား မင်းသမီးတစ်ယောက်ရဲ့ ဘေးမှာ ထားရမယ်တဲ့လား
ယွီးရှောင်ရှောင်က ယွီးကျစ်ရီကို ကုရှင်းနော့ရဲ့ ရင်ခွင်ထဲ ထပ်ပြီး ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်တယ်။
"သူ နန်းတော်ထဲမှာဆို အသက်ရှည်မှာ မဟုတ်ဘူးလို့ စိုးရိမ်လို့ ကျွန်မ ခေါ်လာခဲ့တာ။ အဘွား စိတ်မပူပါနဲ့၊ သူက အများကြီး မစားပါဘူး၊ ပြုစုရတာ လွယ်ပါတယ်"
သခင်မကြီးခမျာ မြေပေါ်ကို ပုံကျသွားတော့မလို့ပဲ။ 'ဒီမင်းသမီးက ဘယ်စကားမဆို ပြောရဲတာပဲလား'
ကုရှင်းနော့ကတော့ ကလေးနှစ်ယောက်ရဲ့ အဖေပီပီ ယွီးကျစ်ရီကို ကျွမ်းကျွမ်းကျင်ကျင် ချီထားရင်း သခင်မကြီးကို ပြောလိုက်တယ်။
"အဘွား... သတ္တမမင်းသားအတွက် သီးသန့် ခြံဝင်းလေးတစ်ခု ပြင်ပေးလိုက်ရင် ရပါပြီ။ မင်းသမီးလေးရဲ့ အဆောင်နဲ့ နီးရင် ပိုကောင်းတာပေါ့"
ယွီးရှောင်ရှောင်က မလိုပါဘူးလို့ အော်ပြောချင်နေတယ်။ သူမက အဲဒီ ဒုက္ခပေးမဲ့ကောင်ကို ထပ်မတွေ့ချင်တော့ဘူးလေ။ ဒါပေမဲ့ ဒီခန်းမထဲမှာ ရှိနေတဲ့သူတွေက ယွီးကျစ်ရီနဲ့ ဘာမှ မသက်ဆိုင်ကြတဲ့သူတွေပဲလေ။ ဘာအကြောင်းနဲ့ သူတို့က ယွီးကျစ်ရီကို ပြုစုပေးရမှာလဲ။ ယွီးရှောင်ရှောင်ကတော့ ခေါင်းငုံ့ပြီး ကုရှင်းနော့ရဲ့ အဆိုပြုချက်ကိုပဲ လက်ခံလိုက်ရတော့တယ်။
သခင်မကြီးက အိမ်စေကို ခေါ်ပြီး ယွီးကျစ်ရီတို့ အဖွဲ့အတွက် ခြံဝင်းတစ်ခု သွားပြင်ခိုင်းလိုက်တယ်။
ဝေမောမောတို့ ယွီးကျစ်ရီကို ချီပြီး ထွက်သွားတော့မှ သခင်မကြီးက သခင်ကြီးကုကို ပြောပြတယ်။
"မင်းသမီးလေးနဲ့ ရှင်းလန်တို့အတွက် မင်္ဂလာခန်းဆောင်အသစ်ကို ပြင်ဆင်ပြီးပါပြီ။ အမတ်မင်းရင်တို့ကလည်း အိမ်က စားတော်ကဲတွေကို လွှတ်ပေးထားတာမို့ ညစာ စားပွဲအတွက် အဆင်သင့်ပါပဲ"
ကုချန်းက ဆိုတယ်။ "ဇာတ်အဖွဲ့ တစ်ဖွဲ့ကိုပါ သွားပင့်လိုက်ဦး။ ညစာ စားပွဲကိုလည်း အစီအစဉ်အတိုင်းပဲ ကျင်းပမယ်။ ကျုပ်က စင်ထိုးပြီးတော့ကို ဧည့်သည်တွေကို ဇာတ်ပြချင်တာ"
မင်းသမီးလေးရဲ့ မင်္ဂလာပွဲကို ကျောင်းချိုးမင်က ဖျက်ဆီးခဲ့တာဆိုတော့ သူက သူ့မြေးချွေးမလေးအတွက် ပြန်ပြီး အစားထိုးပေးချင်တာလေ။ ဒီတော့ ခမ်းခမ်းနားနား မလုပ်လို့ကို မဖြစ်တော့ဘူး။
…