အခန်း (၂၅-၂၆)
Vol. 2 Ch. 25-26
အခန်း (၂၅) မင်းသမီးလေး အိမ်ဝင်ဝင်ချင်း ကိုယ်လုပ်တော်က ရောက်လာခြင်း
သခင်ကြီးကုက ဇာတ်ကပြမယ်လို့ ပြောလိုက်တော့ ကုရှင်းယန်က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"မင်းသမီးလေး... မင်းသမီးက ဘယ်လို ဇာတ်လမ်းမျိုး ကြည့်ချင်လဲဟင်"
ကမ္ဘာပျက်ကပ်မှာ စစ်သင်တန်းဆရာ လုပ်ခဲ့တဲ့ ယွီးရှောင်ရှောင်ကတော့ နေ့တိုင်း ဇွန်ဘီတွေနဲ့ပဲ လုံးထွေးနေခဲ့ရတာမို့ သေတဲ့အထိ ဘာဖျော်ဖြေရေးမှ မလုပ်ခဲ့ဖူးဘူး။ ကုရှင်းယန်က မေးလိုက်တော့ သူမက သူမမှာ ရှိသမျှ အသိဉာဏ်လေးကို သုံးပြီး စဉ်းစားလိုက်ကာ ပြောလိုက်တယ်။
" ရိုမီယိုနဲ့ ဂျူးလိယက်ပြလို့ ရမလား"
ကုရှင်းယန်က မျက်တောင်တခတ်ခတ်နဲ့ ဇာတ်အကြည့်ဆုံး ဖြစ်တဲ့ သခင်မကြီးကို လှည့်ကြည့်လိုက်ပြီး "သူ ဘာပြောလိုက်တာလဲ" လို့ မေးလိုက်တယ်။ 'တော်ဝင်မင်းသမီးတွေ ကြည့်တဲ့ ဇာတ်က ကိုယ်တွေ ကြည့်နေကျနဲ့တောင် မတူဘူးလား'
သခင်မကြီးက ယွီးရှောင်ရှောင်ကို မေးတယ်။ "မင်းသမီးလေး... နောက်တစ်ခါလောက် ထပ်ပြောပေးပါဦး၊ ဘာကြည့်ချင်တာလဲ"
ယွီးရှောင်ရှောင်က အခြေအနေကို ကြည့်လိုက်ပြီး သူမက တခြားကမ္ဘာက စကားတွေ ပြောမိသွားပြီမှန်း သိလိုက်တာကြောင့် အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။
"ကြိုက်တာသာ ပြပါ၊ ကျွန်မက ဘာဖြစ်ဖြစ် ကြည့်တတ်ပါတယ်"
ကုရှင်းယန်က ဆိုတယ်။ "စောစောက 'ရို' ဘာဆိုလား ပြောလိုက်တာလေ"
ယွီးရှောင်ရှောင်ကတော့ ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်တော့တယ်။
ကုရှင်းနော့က အခြေအနေက နည်းနည်း တင်းမာသွားတာ မြင်တော့ အလိုက်သင့်ပဲ ဝင်ပြောလိုက်တယ်။
"အဘွား... မင်းသမီးလေးကို မင်္ဂလာခန်းဆောင်ကိုပဲ အရင်ပို့ပေးလိုက်ပါလား။ ဒီနေ့က မင်းသမီးလေးရဲ့ မင်္ဂလာနေ့ မဟုတ်လား"
ယွီးရှောင်ရှောင်က ကုရှင်းနော့ စကားကြားတာနဲ့ အမြန်ပဲ ပြောလိုက်တယ်။
"မင်္ဂလာခန်းဆောင်က ဘယ်မှာလဲ ကျွန်မ မသိဘူး။ အစ်ကိုကြီးပဲ လိုက်ပို့ပေးပါလား"
ကုရှင်းနော့ ကြောင်သွားတော့တယ်။ ဒါက မရီးတွေ လုပ်ပေးရမဲ့ ကိစ္စလေ။ သူ့လို ခဲအိုက ဘယ်လိုလုပ် လိုက်ပို့ရမှာလဲ
ကုချန်းက ရယ်ပြီး ပြောလိုက်တော့တယ်။ "မြေးကြီး... မင်းပဲ မင်းသမီးကို လိုက်ပို့ပေးလိုက်ပါ"
သခင်ကြီးကုက ပြောလိုက်ပြီဆိုတော့ ကုရှင်းနော့လည်း ဘာမှ ထပ်မစဉ်းစားတော့ဘဲ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ဒါဆိုရင်တော့ မင်းသမီးလေး ကျွန်တော့်နောက်က လိုက်ခဲ့ပါ"
ယွီးရှောင်ရှောင်က ကုရှင်းနော့နောက်ကို လိုက်သွားပြီး ကုရှင်းယန်ကတော့ မြို့ထဲမှာ အကောင်းဆုံး ဇာတ်အဖွဲ့ကို သွားရှာတော့တယ်။
သခင်မကြီးက သက်ပြင်းချလိုက်ပြီး သူမရဲ့ ချွေးမဖြစ်သူ ကုညီအစ်ကို သုံးယောက်ရဲ့ မိခင်၊ သခင်မရွှီကို မေးလိုက်တယ်။
"မင်းသမီးလေးကို ဘယ်လို မြင်လဲ"
သခင်မရွှီက ဒီအိမ်မှာ အမြဲတမ်း တရားထိုင်ပြီး အေးအေးဆေးဆေး နေတတ်သူမို့ သခင်မကြီး မေးတော့မှ တိုးတိုးလေး ဖြေရှာတယ်။
"ကျွန်မ မြင်တာကတော့ မင်းသမီးလေးက သိပ်ကောင်းပါတယ်"
သခင်မကြီးက ဆိုတယ်။ "မင်းသမီးလေးက သိုင်းတတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ကုချန်းကတော့ ဂရုမစိုက်ဘဲ ပြောလိုက်တယ်။
"ဒါမှ ငါ့ကုမိသားစုရဲ့ ချွေးမပီသတာပေါ့" ကုမိသားစုက စစ်သူကြီးမျိုးရိုး ဆိုပေမဲ့ သူ့ ချွေးမနဲ့ မြေးချွေးမ နှစ်ယောက်လုံးက ပညာတတ်အိမ်တော်တွေက လာတာမို့ သခင်ကြီးကုက နည်းနည်းတော့ အားမလိုအားမရ ဖြစ်နေတာ။ အခု ယွီးရှောင်ရှောင်လို လူမျိုးကို ရလိုက်တော့မှ သူ့ဆန္ဒ ပြည့်ဝသွားသလိုပဲ။ စစ်သူကြီးအိမ်က အမျိုးသမီးတွေက ဘာလို့ ဒီလောက် နုနုရွရွ နေနေရမှာလဲ။
သခင်မကြီးက သူမရဲ့ ယောကျ်ားကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
"ရှင် မေ့မသွားနဲ့ဦး၊ ရှင်းလန်က အခု မြင်းလည်း မစီးနိုင်၊ စစ်လည်း မတိုက်နိုင်တော့ဘူးဆိုတာကို"
သခင်မကြီးရဲ့ စကားက သွယ်ဝိုက်နေပေမဲ့ ကုမိသားစုဝင်တွေ အကုန် နားလည်ကြပါတယ်။ ကုရှင်းလန် လိုအပ်တာက အေးအေးဆေးဆေး နေတတ်တဲ့ ဇနီးမျိုးလေ။ ယွီးရှောင်ရှောင်ကတော့ ကြည့်ရတာ ငြိမ်ငြိမ်နေမဲ့ပုံ မပေါက်ဘူး။ လင်မယားကြားမှာ တစ်ယောက်က တစ်ယောက်ကို နှိမ်ထားရမှာလေ။ ကုရှင်းလန်က သူ့ဇနီးကို ထိန်းနိုင်ပါ့မလား
ကုချန်းက ခေါင်းခါပြီး ပြောလိုက်တယ်။
"ဒီနေ့သာ မင်းသမီးလေး မရှိရင် ငါတို့ကုမိသားစုတော့ သွားပြီ"
သခင်မကြီးက ပါးစပ်ဟလိုက်ပေမဲ့ ပြန်ပြီး ငြင်းဖို့ စကားမထွက်လာတော့ဘူး။
"မင်းသမီးလေးက ငါတို့ကုမိသားစုကို နှစ်ခါတောင် ကယ်ခဲ့ပြီးပြီ" ကုချန်းက ဆက်ပြောတယ်။
"ရှင်မရယ်... မင်းက ရှင်းလန်ကိုပဲ ရတနာလေးလို့ မသတ်မှတ်ပါနဲ့။ မင်းသမီးကလဲ မိဖုရားခေါင်ကြီးရဲ့ ရတနာလေးပဲလေ။ မင်းသမီးက ကတိအတိုင်း ရှင်းလန်ကို လက်ထပ်ခဲ့တာကိုပဲ မင်းက ဘာတွေ ထပ်ပြီး လိုချင်နေသေးတာလဲ"
အခုတော့ သခင်မကြီး တကယ်ပဲ စကားမပြောနိုင်တော့ဘူး။
သခင်ကြီးကုက အိမ်ထဲက ပညာတတ်အိမ်တော်က လာတဲ့ အမျိုးသမီးတွေကို ကြည့်ပြီး ပြောလိုက်တယ်။
"မင်းသမီးလေးက လူကောင်းလေးပါ။ သူနဲ့ သေသေချာချာ ဆက်ဆံကြပါ။ သူက ရှင်းလန်နဲ့ တစ်သက်လုံး အတူနေမဲ့ အမျိုးသမီးလေ။ ရှင်းလန်က အခု ခြေထောက် မကောင်းတော့တာမို့ ငါတို့ကုမိသားစုက မင်းသမီးလေးကို ပိုပြီးတော့တောင် အစားထိုး ပြုစုပေးသင့်တာပေါ့"
သခင်မရွှီက သူမရဲ့ ချွေးမနှစ်ယောက်ကို ခေါ်ပြီး အမြန် ထရပ်ကာ ပြောလိုက်တယ်။
"ကျွန်မတို့ သိပါပြီ"
သခင်မကြီးက သခင်ကြီးကု ဒီလောက်အထိ အလေးအနက် ပြောနေတာ မြင်တော့ စိတ်ကောက်သလိုမျိုး ပြောလိုက်တယ်။
"ရှင်ကလည်း... ကျွန်မတို့တွေကပဲ မင်းသမီးကို အနိုင်ကျင့်နေသလိုမျိုး ပြောနေတာပဲ”
သခင်ကြီးကုက ဆိုတယ်။ "အိမ်တွင်းရေးကို ကျုပ် ဝင်မပြောပေမဲ့ အများကြီး ကြားဖူးတယ်။ မင်းသမီးက လောကီရေးရာ မသိဘူးဆိုပေမဲ့ သူ့ဘေးက ဝမ်မောမောကတော့ ထိန်းရခက်မဲ့လူပဲ။ ငါတို့ဘက်က အလကားနေရင်း ပြဿနာ သွားမရှာကြနဲ့"
သခင်မကြီးက သခင်မရွှီ မျက်နှာပျက်နေတာ မြင်တော့ ဝင်ပြောပေးရှာတယ်။
"ပြောလေ ပိုလာလေပဲ။ ချွေးမရွှီက ဘယ်လိုလူလဲဆိုတာ ရှင် မသိဘူးလား"
သခင်ကြီးကုက ကုရှင်းယန်ရဲ့ ဇနီး သခင်မလင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။
"ငါက မကောင်းတာတွေ မဖြစ်ခင် ကြိုပြီး ပြောထားတာပါ"
သခင်မလင်းလည်း သခင်ကြီးကုရဲ့ အကြည့်ကြောင့် ခေါင်းငုံ့သွားရတယ်။ သူမက နေ့တိုင်း နည်းနည်းပါးပါး တွက်ချက်တတ်ရုံလေးတင်ပဲဟာ၊ သူမက လူဆိုးမကြီး ဖြစ်သွားတာလား။
သခင်မကြီးက အခြေအနေကို ညှိလိုက်တယ်။
"ကဲ... တော်ပြီ။ မင်းသမီးလေးက ဇာတ်လမ်း မရွေးသွားဘူးဆိုတော့ မင်းတို့ပဲ ပြောကြစမ်း။ ဒီနေ့ည ဘာဇာတ်လမ်း ပြရင် ကောင်းမလဲ"
ဒီအချိန်မှာတော့ ကုရှင်းနော့က ယွီးရှောင်ရှောင်ကို မင်္ဂလာခန်းဆောင်ရှေ့အထိ လိုက်ပို့ပေးနေပြီ။ အဲဒီအချိန်မှာ ခန်းဆောင်ထဲကနေ အမျိုးသမီးငယ်တစ်ယောက်ရဲ့ အသံ ထွက်လာတယ်။
"တတိယသခင်လေး... ဒီဆေးက အခုမှ ကျိုထားတာပါ။ ကျွန်မပဲ တိုက်ပေးပါ့မယ်"
ယွီးရှောင်ရှောင်ကတော့ ဘာမှ မခံစားရပေမဲ့ ဝမ်မောမောကတော့ ချက်ချင်းပဲ မျက်လုံးတွေက စူးရှသွားတော့တယ်။
'ဒီအစေခံမက သခင်လေးကို ဆေးတိုက်တာကို ဘာလို့ ဒီလောက် ညုတုတု ပြောနေရတာလဲ မြူဆွယ်နေတာလား'
ကုရှင်းနော့လည်း အဲဒီအသံကို ကြားတော့ မျက်နှာပျက်သွားပြီး ဘာမှမသိသလို နေတဲ့ ယွီးရှောင်ရှောင်ကို တစ်ချက် ကြည့်လိုက်မိတယ်။ သူက ပါးစပ်ကို အုပ်ပြီး တစ်ချက် ချောင်းဟန့်လိုက်ကာ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့တယ်။
ချင်းယွိက ဆေးခွက်ကို ကိုင်ပြီး ကုရှင်းလန်ရဲ့ ခုတင်ဘေးမှာ ရပ်နေတာ။ ကုရှင်းနော့ရဲ့ ချောင်းဟန့်သံကို ကြားပေမဲ့ သူမက နောက်ကို မဆုတ်ဘဲ လှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။
"အကြီးဆုံးသခင်လေး ပြန်လာပြီလား"
မင်္ဂလာခန်းဆောင်က ကျယ်ကျယ်ဝန်းဝန်းနဲ့ သာယာလှတယ်။ ယွီးရှောင်ရှောင်က အခန်းထဲက ပရိဘောဂတွေကို ကြည့်ပြီး စိတ်ထဲကနေ မိုက်သားပဲလို့ မှတ်ချက်ပေးလိုက်တယ်။
ဝမ်မောမောကတော့ ယွီးရှောင်ရှောင်လို မဟုတ်ဘူး။ သူမက ချင်းယွိရဲ့ ရှေ့ကို သွားပြီး ခနဲ့လိုက်တယ်။
"ဟော... ဒီအစေခံမလေးက အတော်လေး လှသားပဲနော်"
ကုရှင်းနော့က ချင်းယွိကို မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
"မင်းသမီးကြီးကို ဂါရဝမပြုသေးဘူးလား"
ချင်းယွိက ရုတ်တရက် လန့်သွားသလိုမျိုး အမူအရာလုပ်ပြီး ဆေးခွက်ကို ကိုင်ကာ မြေပေါ်မှာ ဒူးထောက်လိုက်တယ်။ သူမက တုန်ရီနေတဲ့ အသံနဲ့ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"အစေခံမ မင်းသမီးကြီးကို ဂါရဝပြုပါတယ်"
ဝမ်မောမောက ချင်းယွိရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့တင် ဒါက နုနုရွရွ အမူအရာနဲ့ သနားအောင် လုပ်နေတာ မှန်း သိလိုက်တယ်။ နန်းတော်ထဲက မိန်းမတွေက ဒီလှည့်ကွက်ကို အကျွမ်းကျင်ဆုံးပဲလေ။ 'သမက်တော်က ခြေထောက်နှစ်ဖက်လုံး မကောင်းတာတောင် အနားမှာ ပန်းလေးတွေ ရှိနေသေးတာလား'
ယွီးရှောင်ရှောင်ကတော့ အခုမှ ချင်းယွိကို သတိထားမိတာ။ သူမက တစ်ချက် ကြည့်ပြီး ပြောလိုက်တယ်။
"ကြည့်ကောင်းသားပဲ"
ကုရှင်းနော့က ပြဿနာတက်မှာ စိုးတာကြောင့် ချင်းယွိကို မောင်းထုတ်လိုက်တယ်။
"မင်း အပြင်ထွက်တော့။ ဒီမှာ မင်း ပြုစုစရာ မလိုဘူး"
ချင်းယွိက ဆိုတယ်။ "သခင်မကြီးက ဒီအစေခံကို တတိယသခင်လေးကို ဆေးတိုက်ဖို့ ခိုင်းလိုက်တာပါ"
"သခင်မကြီးက ခိုင်းလိုက်တာ ဟုတ်လား" ဝမ်မောမောက မျက်ခုံးပင့်လိုက်ပြီး ကုရှင်းနော့ကို လှည့်ကြည့်လိုက်တယ်။
'မဖြစ်နိုင်တာ... မင်းသမီးလေး အိမ်ဝင်တဲ့ ပထမဆုံးနေ့မှာတင် သခင်မကြီးက ကုရှင်းလန်အတွက် ကိုယ်လုပ်တော် စီစဉ်ပေးလိုက်တာလား'
ကုရှင်းနော့က ဝမ်မောမောကို ရှင်းမပြရသေးခင်မှာတင် ယွီးရှောင်ရှောင်က ချင်းယွိရဲ့ ရှေ့ကို ရောက်သွားပြီး ချင်းယွိရဲ့ အင်္ကျီကော်လာကို ဆွဲမလိုက်တယ်။ သူမက အဲဒီ အလှလေးကို မြေပေါ်ကနေ မပြီး ဆေးခွက်ကို မေးငေါ့ပြကာ မေးလိုက်တယ်။
"ဒါက ဘာဆေးလဲ"
ချင်းယွိက ယွီးရှောင်ရှောင်ကို ကြောက်လန့်တကြား ကြည့်ပြီး ပြောရှာတယ်။
"မင်းသမီးလေး... အစေခံမ မသိပါဘူး၊ ဒါက သမားတော် ပေးတဲ့ ဆေးပါ"
ယွီးရှောင်ရှောင်က ချင်းယွိရဲ့ လက်ထဲက ဆေးခွက်ကို ယူပြီး နမ်းကြည့်လိုက်တယ်။ တရုတ်ဆေးနံ့က ခါးသက်သက်ပဲ။
"သူ့ရဲ့ ခြေဖဝါးကြောတွေ ပြတ်နေတာလေ၊ အဲဒါကို ခွဲစိတ်ပြီး ပြန်ဆက်မှ ရမှာ။ ဆေးသောက်ရုံနဲ့ ဘာထူးမှာလဲ" လို့ ပြောရင်း ယွီးရှောင်ရှောင်က ဆေးခွက်ကို ပြတင်းပေါက်အပြင်ကို ပစ်ထည့်ဖို့ ပြင်လိုက်တယ်။
"မလုပ်ပါနဲ့” ချင်းယွိက ယွီးရှောင်ရှောင် ဆေးသွန်တော့မှာ မြင်တော့ အော်ဟစ်လိုက်ပြီး ဆေးခွက်ကို အတင်း လုဖို့ ကြိုးစားလိုက်လေတော့သတည်း။
…
အခန်း (၂၆) အရင်ဘဝက ကုရှင်းလန်
ချင်းယွိက ဆေးခွက်ကို အတင်းလုလိုက်တာကြောင့် ယွီးရှောင်ရှောင်ရဲ့ လက်ထဲက ဆေးတွေက ပြတင်းပေါက်အပြင်ကို မရောက်ဘဲ ချင်းယွိရဲ့ မျက်နှာပေါ်ကို အကုန် စင်ကုန်တော့တယ်။
မင်္ဂလာခန်းဆောင်ထဲမှာ တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ချင်းယွိရဲ့ စူးစူးဝါးဝါး အော်သံက ထွက်လာတော့တယ်။
ယွီးရှောင်ရှောင်က နားမလည်နိုင်စွာနဲ့ ဝမ်မောမောကို မေးလိုက်တယ်။
"ဒီဆေးက မပူပါဘူး" 'မျက်နှာ ပျက်သွားမှာလည်း မဟုတ်ဘဲနဲ့ ဒီအမျိုးသမီးက ဘာလို့ ဒီလောက်အထိ အသည်းအသန် အော်နေရတာလဲ'
ဝမ်မောမောကတော့ မျက်နှာကို လက်နဲ့ အုပ်ထားတဲ့ ချင်းယွိကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။
ယွီးရှောင်ရှောင်က ချင်းယွိရဲ့ လက်ကို ဆွဲဖယ်ပြီး ပြောလိုက်တယ်။
"ကဲ... တော်တော့၊ မအော်နဲ့တော့။ ရှင့်မျက်နှာကို ပြစမ်းပါဦး"
ဆေးရည်က နွေးရုံလေးပဲမို့ ချင်းယွိရဲ့ မျက်နှာက ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ သူမ လိမ်းထားတဲ့ မျက်နှာချေတွေ အကုန် ပျက်ကုန်ပြီး အညိုရောင် ဆေးရည်တွေနဲ့ ရောသွားတာကြောင့် ဘယ်လောက်ပဲ လှလှ အခုတော့ ကြောက်စရာကောင်းတဲ့ ရုပ်ပေါက်သွားတော့တယ်။
"မင်းသမီးလေး... ဒါက တတိယသခင်လေး သောက်ရမဲ့ ဆေးလေ" ချင်းယွိက ငိုပြီး ပြောတယ်။
"ဒီအစေခံကို စိတ်ဆိုးတာနဲ့ သခင်လေးရဲ့ ဆေးကိုတော့ မသွန်ပစ်သင့်ပါဘူး"
ဝမ်မောမော ဒေါသတွေ ထွက်သွားတော့တယ်။ စောစောကမှ ကုမိသားစုက လူကောင်းတွေလို့ ထင်ထားတာ၊ အခုတော့ ဒီလို အကောင်လေးတွေက နေရာတိုင်းမှာ ရှိနေတာပဲ။
ယွီးရှောင်ရှောင်က ပိုလို့တောင် နားမလည်တော့ဘဲ မေးလိုက်တယ်။
"ကျွန်မက ရှင့်ကို ဘာလို့ စိတ်ဆိုးရမှာလဲ။ ရှင်က ဘာလုပ်ထားလို့လဲ"
ချင်းယွိခမျာ ယွီးရှောင်ရှောင်ရဲ့ အမေးကြောင့် ဆွံ့အသွားတော့တယ်။ သူမက တတိယသခင်လေးရဲ့ ခုတင်ပေါ် တက်ချင်နေတာလေ၊ အဲဒါကို ဘယ်လိုများ ယဉ်ယဉ်ကျေးကျေး ပြောထွက်ပါ့မလဲ
"မောမော..." ယွီးရှောင်ရှောင်က ချင်းယွိကို ဝမ်မောမောရဲ့ ရှေ့ကို တွန်းပေးလိုက်တယ်။
"သူ့ကို အပြင်ခေါ်သွားပြီး မျက်နှာ သွားဆေးခိုင်းလိုက်ပါဦး"
ဝမ်မောမောက ချင်းယွိရဲ့ အင်္ကျီကို ဆွဲပြီး အခန်းအပြင်ကို ခေါ်ထုတ်သွားတော့တယ်။
ကုရှင်းနော့နဲ့ ကုရှင်းလန်တို့ကတော့ ဘေးကနေ ဘာမှ ဝင်မပြောဘဲ ကြည့်နေကြတာ။ ချင်းယွိဆိုတာ သခင်မကြီးက ကုရှင်းလန်ကို ဆုချထားတဲ့သူလေ။ ထောင်ထဲမှာတုန်းကတော့ ဘာမှ မဖြစ်ခဲ့ပေမဲ့ အခု ကုရှင်းလန် ထောင်က လွတ်လာပြီး မင်းသမီးနဲ့ လက်ထပ်လိုက်တာနဲ့ ဒီအစေခံမကို ပစ်ထားလို့လည်း မရဘူးလေ။ ကုမိသားစုက ဒီလိုမျိုး မလုပ်တတ်ဘူး။ ချင်းယွိကို ကုရှင်းလန်က နောက်တစ်ချိန်မှာ သိမ်းပိုက်ရမယ်ဆိုတာ ကုမိသားစုဝင်တွေ အကုန် သိထားကြတယ်။ ဒါပေမဲ့ ဒါကို လင်းလုံမင်းသမီးကို ဘယ်လို စပြောရမလဲဆိုတာကိုပဲ သူတို့တွေ မစဉ်းစားတတ်ဘဲ ဖြစ်နေကြတာ။
"မီးမလောင်ခဲ့ဘူး မဟုတ်လား" ယွီးရှောင်ရှောင်က ခုတင်ပေါ်မှာ ထိုင်လိုက်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။
ကုရှင်းနော့က ဆိုတယ်။ "မင်းသမီး... မင်းသမီးနဲ့ ရှင်းလန်တို့ စကားပြောကြဦးနော်၊ ကျွန်တော် အရင် သွားလိုက်ပါဦးမယ်"
"ဟုတ်ကဲ့၊ အစ်ကိုကြီး ခဏနေမှ တွေ့မယ်နော်" ယွီးရှောင်ရှောင်က ကုရှင်းနော့ကို ခေါင်းညိတ်ပြလိုက်တယ်။
ကုသခင်လေး လှည့်ထွက်သွားတာက ပြေးထွက်သွားတာနဲ့တောင် တူနေတော့တယ်။
"စကားပြောဦးလေ၊ မင်္ဂလာခန်းဆောင် မီးလောင်သွားတာ မဟုတ်ဘူးလား" ယွီးရှောင်ရှောင်က အစ်ကိုကြီး ပြေးသွားတာကို ဂရုမစိုက်ဘဲ ကုရှင်းလန်ကို ထပ်မေးလိုက်တယ်။
"ကျွန်တော် ဘာမှ မဖြစ်ပါဘူး" ကုရှင်းလန်က သူ့အစ်ကိုကြီး ထွက်သွားတော့မှ ယွီးရှောင်ရှောင်ကို ပြန်ဖြေတယ်။ "ဒုတိယအစ်ကိုက ကျွန်တော့်ကို အခန်းထဲကနေ ပွေ့ထုတ်ပေးခဲ့တာပါ"
"ကလေးနှစ်ယောက်ကော" ယွီးရှောင်ရှောင်က ထပ်မေးတယ်။
"သူတို့လည်း အဆင်ပြေပါတယ်" ကုရှင်းလန်က ဆိုတယ်။ "မင်းသမီးလေး... စောစောက ချင်းယွိကလေ..."
"ချင်းယွိလား" ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ဝန်ခံစကားကို မစောင့်ဘဲ မေးလိုက်တယ်။
"နာမည်လေးကလည်း လှသားပဲ။ ရှင့်ရဲ့ အစေခံလား"
"သူက..."
"ရှင့်ရဲ့ ခြေထောက်ဒဏ်ရာကို ကျွန်မ ကုပေးမယ်" ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ စောင်ကို လှန်လိုက်ပြီး သူ့ရဲ့ ဘောင်းဘီစကို လှန်တင်ကာ ဒဏ်ရာကို သေသေချာချာ ထပ်ကြည့်လိုက်ပြန်တယ်။ သူမက ကုရှင်းလန်ကို ပြောလိုက်တယ်။
"ခွဲစိတ်ရတာ နည်းနည်းတော့ ခက်ခဲမယ်၊ ဒါပေမဲ့ ဒါမျိုး ကျွန်မ လုပ်ဖူးတာ ပထမဆုံး မဟုတ်ပါဘူး။ မကြောက်နဲ့နော်"
စစ်တိုက်နေတဲ့ အချိန်မှာ အရိုးအကြော ဒဏ်ရာတွေက အဖြစ်အများဆုံးပဲလေ။ ကုရှင်းလန်က ကိုယ်တွင်းဒဏ်ရာ ရထားတာဆိုရင်တော့ ယွီးရှောင်ရှောင် အာမမခံရဲဘူး။ အကြော ပြန်ဆက်တာလောက်ကတော့ သူမအတွက် အသေးအဖွဲပဲလို့ မင်းသမီးလေးက ယူဆနေတာ။
ကုရှင်းလန်က ဆိုတယ်။ "မင်းသမီး ကျွန်တော့်ကို နှစ်သိမ့်မနေပါနဲ့တော့"
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မော့ကြည့်ပြီး ပြောလိုက်တယ်။
"ကျွန်မက ဘယ်သူ့ကိုမှ မနှစ်သိမ့်တတ်ဘူး"
ယွီးရှောင်ရှောင်ရဲ့ စကားက သိပ်ကို အတည်ပေါက်ဖြစ်နေတာကြောင့် ကုရှင်းလန် ခဏလောက် ကြောင်သွားပြီးမှ မေးလိုက်မိတယ်။
"မင်း... မင်းက ဆေးပညာ တတ်တာလား" 'မင်းသမီးက သိပ်ကို လှပပြီး ယဉ်ကျေးသိမ်မွေ့တယ်လို့ ကြားခဲ့ဖူးတယ်၊ နောက်တော့လည်း သိပ်ကို သန်မာပြီး ရဲရင့်တယ်လို့ ကြားပြန်တယ်။ အခုတော့ သမားတော် ဖြစ်နေပြန်ပြီလား။ မြို့တော်က နာမည်ကြီး သမားတော်တွေ အကုန်လုံးက ကုလို့ မရတော့ဘူးလို့ ပြောထားကြတာကို ဒီမင်းသမီးက နည်းလမ်းရှိလို့လား'
ယွီးရှောင်ရှောင်က ဆိုတယ်။ "သတ်ပြီးရင် မြေမြှုပ်ရမယ်လေ"
ကုရှင်းလန် ကြောင်သွားပြန်တယ်။ 'ဒါနဲ့ ဆေးပညာနဲ့ ဘာဆိုင်လို့လဲ'
"နားမလည်ဘူးလား"
ကုရှင်းလန်က ခေါင်းခါပြတယ်။
"လူကို သတ်တတ်ရင် ကယ်လည်း ကယ်တတ်ရမယ်လေ" ယွီးရှောင်ရှောင်က ထပ်ရှင်းပြတယ်။
"ဒါကြောင့် သင်တန်းဆရာ... အဲ... ကျွန်မရဲ့ ဆရာက ကျွန်မကို ဆေးပညာတွေ သင်ပေးခဲ့တာပေါ့"
ကုရှင်းလန်က အချို့သော စကားလုံးတွေကို နားမလည်ပေမဲ့ ဆိုလိုရင်းကိုတော့ နားလည်သွားပါတယ်။ နတ်ဘုရားလို ဆရာကြီးတစ်ယောက်က မင်းသမီးလေးကို သိုင်းပညာတင်မကဘဲ ဆေးပညာပါ သင်ပေးလိုက်တာပေါ့။
"ရှင် မတရား စွပ်စွဲခံရတာကို ကျွန်မ သိတယ်" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြောပြတယ်။
"တို့တွေ အရင်ဆုံး ဒဏ်ရာကို အရင်ကုမယ်၊ ပြီးမှ ရန်ကြွေးတွေကို ပြန်ဆပ်ကြတာပေါ့"
"မင်း ကျုပ်ကို ယုံတာလား" ကုရှင်းလန်က မေးလိုက်တယ်။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
"ရှင်က လူဆိုးဆိုရင်တော့ ကျွန်မ ရှင်ကို ဂရုစိုက်မှာ မဟုတ်ဘူး"
ကုရှင်းလန်ရဲ့ ရင်ထဲမှာ မခံစားဖူးတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ ဝမ်းသာတာရော၊ ဝမ်းနည်းတာရော ရောပြွမ်းနေတာမို့ သူလည်း ဘယ်လို ခံစားချက်လဲဆိုတာ မခွဲခြားနိုင်တော့ဘူး။ သူ့ရဲ့ ဇနီးလေးက အခုချိန်မှာတော့ အလင်းရောင်ကို ကျောပေးပြီး သူ့ဘေးမှာ ထိုင်နေတယ်။ သူမက မင်္ဂလာဝတ်စုံနီကြီးကို ဝတ်ထားဆဲပဲ။ မျက်နှာမှာ အမူအရာ သိပ်မရှိပေမဲ့ မျက်ဝန်းတွေကတော့ နေရောင်ခြည်လို နွေးထွေးနေတယ်။ ကုသခင်လေး သက်ပြင်းတစ်ချက် ချလိုက်ပြီး ယွီးရှောင်ရှောင်ကို ကြည့်ကာ။
"မင်းသမီး... ကျုပ့်ကို ယုံပေးလို့ ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
"ကျွန်မ ရှင့်ကို မြင်ဖူးသလိုပဲ" ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ မျက်နှာကို သေသေချာချာ ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်မိတယ်။
ကုရှင်းလန်လည်း အဲဒီတော့မှ ရယ်မောလိုက်တယ်။
"မင်းသမီးလေး ၃ နှစ်သားတုန်းက ကျုပ် မင်းသမီးကို နန်းတော်ထဲမှာ မြင်ဖူးခဲ့တယ်လေ" လို့ ပြောပြတယ်။ အဲဒီတုန်းက သူ့အမေနောက် လိုက်ပြီး မယ်တော်ကြီးကို သွားတွေ့တုန်းက မယ်တော်ကြီးက ၇ နှစ်သား ကုအိမ်တော်က သခင်လေးကို ကြည့်ပြီး ဒီလက်ထပ်ပွဲကို စီစဉ်ပေးခဲ့တာလေ။
ယွီးရှောင်ရှောင်က လွယ်လွယ်ပဲ ပြန်ပြောတယ်။ "၃ နှစ်လား အဲဒီတုန်းက ကျွန်မ ဘယ်လိုပုံစံလဲ"
ကုရှင်းလန်က ခေါင်းခါလိုက်တယ်။
"ကျုပ် မင်းသမီးရဲ့ မျက်နှာကို မမြင်ခဲ့ရဘူး" အဲဒီတုန်းက လင်းလုံမင်းသမီးက ၃ နှစ်သား ကလေးလေးပဲ ရှိသေးတာ၊ မိဖုရားခေါင်ကြီးရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်နေပြီး မျက်နှာကိုလည်း အနှီးနဲ့ အုပ်ထားတာမို့ ကုရှင်းလန် တကယ် မမြင်ခဲ့ရဘူးလေ။
"ကျန်းကော်ဟို့ အိမ်တော်..." ယွီးရှောင်ရှောင်က တစ်ယောက်တည်း ရေရွတ်လိုက်ပြန်တယ်။ ပြီးတော့ ကုရှင်းလန်ရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်တော့မှ သူ ဘယ်သူလဲဆိုတာ သူမ မှတ်မိသွားတော့တယ်။ ရက်စက်တဲ့ ဘုရင်မ နန်းတက်ပြီးနောက်မှာ မြို့တော်အရှေ့ဘက်က တောင်ကုန်းပေါ်မှာ လူသေအလောင်းတွေကို တူးထုတ်ခိုင်းပြီး ဆရာတော်တွေကို ပင့်ကာ အမျှဝေခိုင်းပြီး ခမ်းခမ်းနားနား ပြန်မြှုပ်နှံခိုင်းခဲ့ဖူးတယ်။ အဲဒီထဲက အလောင်းတစ်လောင်းကို ဘုရင်မက သူမ သေရင် မြှုပ်နှံမဲ့ ဂူဗိမာန်ထဲမှာ ထည့်သွင်းခိုင်းခဲ့ပြီး သေရင် အတူတူ နေမယ်လို့ ဆန္ဒပြုခဲ့တာ။ အဲဒီလူရဲ့ နာမည်က ကုချင်းဟွေ့တဲ့။
"ကုချင်းဟွေ့ဆိုတာ ဘယ်သူလဲ" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။
ကုရှင်းလန်က မျက်မှောင်ကြုတ်လိုက်ပြီး။ "ချင်းဟွေ့ဆိုတာ ကျုပ့်ရဲ့လောကသိ နာမည်လေ" လို့ ပြောပြတယ်။
'ဒါမျိုးတွေကို လက်မထပ်ခင်ကတည်းက ဘယ်သူမှ မင်းသမီးကို မပြောပြထားဘူးလား'
"ဒါဆို ကုချင်းဟွေ့ဆိုတာလည်း ရှင့်နာမည်ပဲပေါ့" ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"ဟုတ်ပါတယ်" ကုရှင်းလန် ခေါင်းညိတ်ပြတယ်။
ယွီးရှောင်ရှောင်က လက်ကို မြှောက်လိုက်ပြီး ကုရှင်းလန်ရဲ့ ခေါင်းထိပ်ကို တစ်ချက် တို့ကြည့်လိုက်မိတယ်။ သူမ မှတ်မိတာကတော့ အဲဒီ အလောင်းကို တောင်ပေါ်ကနေ တူးထုတ်တုန်းက အဲဒီလူရဲ့ ခေါင်းထိပ်မှာ သံချောင်းအရှည်ကြီး ရိုက်သွင်းခံထားရတာလေ။ အဲဒါက သေသူကို ဘယ်တော့မှ လူ ပြန်ဝင်စားလို့မရအောင် လုပ်ထားတဲ့ အစီအရင်ပဲ။
"ဘာဖြစ်လို့လဲ" ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ သူကတော့ ဘာမှ မတွေးမိဘူး။ သူ လဲလျောင်းနေတာ ကြာလို့ ဆံပင်တွေ ရှုပ်နေတာကို မင်းသမီးက ပြင်ပေးနေတယ်လို့ပဲ ထင်နေတာ။
"ဘာမှ မဟုတ်ပါဘူး" ယွီးရှောင်ရှောင်က ဆိုတယ်။ "ရှင် အသက်ရှင်နေတာကို မြင်ရတာ သိပ်ကောင်းတာပဲ"
ကုရှင်းလန် ခဏလောက် တွန့်ဆုတ်နေပြီးမှ ယွီးရှောင်ရှောင်ရဲ့ လက်ဖမိုးပေါ်ကို သူ့လက်နဲ့ အုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်"
"နောင်ဆို ဘဝက ပိုကောင်းလာမှာပါ" ယွီးရှောင်ရှောင်က ကိုယ်ကိုကိုင်းပြီး ကုရှင်းလန်ရဲ့ နဖူးကို တစ်ချက် နမ်းလိုက်ကာ ဝမ်းသာအားရ ပြောလိုက်တယ်။
"ကုရှင်းလန်... ကျွန်မ ရှင်ကို ပြောပြမယ်နော်၊ တချို့ကိစ္စတွေက ကံကြမ္မာက သတ်မှတ်ပေးထားတာပဲ"
ရက်စက်တဲ့ ဘုရင်မနဲ့ ဒီကုအိမ်တော်က သခင်လေးတို့ဟာ အသက်ရှင်စဉ်မှာ အတူမနေခဲ့ရသလို သေတော့လည်း အတူတူ မအိပ်ခဲ့ရဘူး။ ဒါပေမဲ့ အခုတော့ သူမက ဒီလူနဲ့ လင်မယား ဖြစ်သွားပြီလေ။ ရက်စက်တဲ့ ဘုရင်မရဲ့ ပထမဆုံးသော နောင်တကို သူမက ဒီလိုမျိုး ဖြည့်ဆည်းပေးလိုက်ပြီ။ ယွီးရှောင်ရှောင် ယုံကြည်တာကတော့ သူမရဲ့ ဒီကမ္ဘာက ဘဝဟာ ပိုပြီးတော့တောင် ကောင်းလာဦးမှာပဲ။ ဘုရင်မရဲ့ လမ်းဟောင်းအတိုင်းတော့ သူမ လုံးဝ လျှောက်မှာ မဟုတ်ဘူး။
…