← Chapters

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အခန်း (၂၇) ချင်းယွိ၏ အကြံအစည်

ယွီးရှောင်ရှောင်ရဲ့ ဝမ်းသာအားရ နမ်းရှိုက်မှုကြောင့် တစ်သက်နဲ့တစ်ကိုယ် မိန်းကလေးလက်ကိုပင် မကိုင်ဖူးသေးတဲ့ ကုရှင်းလန်မှာ မျက်နှာတစ်ခုလုံး နီမြန်းသွားရတော့တယ်။

"မင်း..."

ကုရှင်းလန်ရဲ့ နီရဲနေတဲ့ မျက်နှာကို ကြည့်ပြီး ယွီးရှောင်ရှောင်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ ဒီလောက်အထိ ရှက်တတ်တဲ့ လူငယ်လေးမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။ သာမန်အချိန်မှာ မပြုံးတတ်သူတစ်ယောက် ပြုံးလိုက်ရင် သိပ်ကို လှပတတ်တာ မဟုတ်လား။ ယွီးရှောင်ရှောင် ပြုံးလိုက်တာကို မြင်တော့ ကုရှင်းလန်ရဲ့ မျက်နှာမှာ ပိုလို့တောင် နီရဲသွားပြီး "အခန်း... အခန်းထဲက နည်းနည်း ပူနေလို့ပါ" လို့ ထစ်ထစ်အအ ပြောရှာတယ်။

ရှက်တတ်တဲ့ လူငယ်လေးကို အလျှော့ပေးရမှာပေါ့။ ဒါကြောင့် ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြောလိုက်တယ်။

"ကျွန်မ ဓားနည်းနည်း သွားရှာဦးမယ်၊ ပြီးတော့ အရောင်ကျဆေး တချို့လည်း ရှာရမယ်။ ရှင့်ကို ဒီညပဲ ခွဲစိတ်ပေးမယ်၊ ကျွန်မကို ခဏစောင့်နော်"

ကုရှင်းလန်က မေးတယ်။ "ဘယ်လိုဓားမျိုး ရှာမှာလဲ”

"ဓားအသေးလေးတွေလေ" ယွီးရှောင်ရှောင်က ခွဲစိတ်ဓားပုံစံကို လက်ဟန်ခြေဟန်ပြရင်း ဆိုတယ်။

"ဝမ်မောမောကို သမားတော်အချို့ဆီ သွားမေးခိုင်းလိုက်မယ်။ ခွဲရင်တော့ နာလိမ့်မယ်၊ ရှင် ကြောက်လား”

ခြေဖဝါးကြောကို အတင်းဆွဲဖြတ်ခံရတဲ့ နာကျင်မှုကိုတောင် ခံနိုင်ခဲ့ပြီးပြီပဲ၊ နောက်ထပ် ဘာနာကျင်မှုကို ကြောက်နေရဦးမလဲ။ ကုရှင်းလန်က ခေါင်းခါပြလိုက်တယ်။

"ကျွန်မ ဘာမှ မကြောက်ပါဘူး"

အဆိုးဆုံးရလဒ်ကတော့ တစ်သက်လုံး လမ်းမလျှောက်နိုင်တော့တာပဲလေ၊ အဲဒါက သမားတော်တွေ အားလုံး သတ်မှတ်ထားပြီးသားမို့ ကုရှင်းလန်အနေနဲ့ ခံနိုင်ရည် ရှိပြီးသားပဲ။

"ကျွန်မ ရှင့်ကို သေချာပေါက် ကုပေးမယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပါးကို နောက်ထပ် တစ်ချက် နမ်းလိုက်ပြန်ပြီး မင်္ဂလာခန်းဆောင်ထဲကနေ ပြေးထွက်သွားတော့တယ်။ ကုရှင်းလန်က ယွီးရှောင်ရှောင် နမ်းသွားတဲ့ ပါးပြင်လေးကို တို့ကြည့်ရင်း နှုတ်ခမ်းထောင့်လေး ကွေးသွားကာ ပြုံးလိုက်မိတယ်။ 'မင်းသမီးလေးက ကျုပ့်ကို တကယ်ပဲ သဘောကျနေတာလား မသိဘူးနော်'

ဝမ်မောမောကတော့ ဒီအချိန်မှာ စင်္ကြံလမ်းပေါ်မှာ ရပ်နေပြီး သူမရှေ့မှာ လေတိုက်ရင်တောင် လဲတော့မဲ့ပုံစံနဲ့ ချင်းယွိကို ကြည့်နေရတယ်။ အကြီးဆုံးသခင်လေးကုက ချင်းယွိအကြောင်းကို ဝမ်မောမောဆီ အမှန်အတိုင်း ပြောပြပြီးသားလေ။ ဝမ်မောမော ရင်ထဲမှာတော့ အတော်လေး အောင့်သက်သက် ဖြစ်နေရတယ်။ အသက်အန္တရာယ် ကြုံနေရချိန်မှာ သခင်လေးအတွက် မျိုးဆက်ချန်ပေးဖို့ ရှေ့ထွက်ခဲ့တဲ့ ဒီအစေခံမလေးက ကျေးဇူးရှင် ဖြစ်နေတာကြောင့် ရိုက်လို့လည်း မရ၊ ဆဲလို့လည်း မရဖြစ်နေတယ်။ ဒါဆို သူမရဲ့ မင်းသမီးလေးကကော ဘယ်လိုလုပ်မလဲ။

ယွီးရှောင်ရှောင် အခန်းထဲက ထွက်လာတော့ ဝမ်မောမောနဲ့ ချင်းယွိကို မြင်လိုက်တယ်။

"ရှင်တို့နှစ်ယောက် ဘာလို့ ဒီမှာ ရပ်နေတာလဲ” လို့ မေးလိုက်တယ်။

ချင်းယွိက ယွီးရှောင်ရှောင်ကို မြင်လိုက်တာနဲ့ မျက်နှာမှာ ကြောက်လန့်တုန်လှုပ်တဲ့ အမူအရာ ချက်ချင်း ပေါ်လာတော့တာပဲ။ ဝမ်မောမောကတော့ သူမရဲ့ မင်းသမီးလေးကို ကြည့်ပြီး သနားလို့ မဆုံးတော့ဘူး။ အခုမှ ဝေါယာဉ်စီးပြီး ကုအိမ်တော်ထဲ ဝင်လာတာ၊ ဘာမှမလုပ်ရသေးခင်မှာတင် လူပုံလယ်မှာ ရန်ဖြစ်လိုက်ရလို့ ယဉ်ကျေးသိမ်မွေ့တဲ့ နာမည်က ပျက်သွားပြီ။ အခုလည်း မင်္ဂလာဦးညတောင် မရောက်သေးဘူး၊ ကိုယ်လုပ်တော်က အနားမှာ အသင့်စောင့်နေပြီ။

'တို့မင်းသမီးလေးရဲ့ ကံကြမ္မာက ဘာလို့ ဒီလောက် ခါးသီးရတာလဲ' လို့ ဝမ်မောမော စိတ်ထဲက ဆိုနေမိတယ်။

ယွီးရှောင်ရှောင်က သူမရဲ့ အမေးကို ဘယ်သူမှ မဖြေတာ မြင်တော့ ဝမ်မောမောကို ထပ်ပြောလိုက်တယ်။

"မောမော... ရှင် သွားပြီး တော်တဲ့တတ်တဲ့ သမားတော်အချို့ကို ရှာပေးပါဦး"

ဝမ်မောမောက မေးတယ်။ "မင်းသမီးလေးက သမက်တော်ရဲ့ ခြေထောက်ကို ပြဖို့ သမားတော် ရှာခိုင်းတာလားဟင်”

ယွီးရှောင်ရှောင် ခေါင်းညိတ်ပြလိုက်တယ်။ သူမက အရောင်ကျဆေး အချို့ လိုချင်တာလေ။ ဒီကမ္ဘာမှာ ပိုးသတ်ဆေးတွေ ရှိ၊ မရှိ သူမ မသိဘူး မဟုတ်လား။ ဝမ်မောမောက စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ဘေးကနေ နားစွင့်နေတဲ့ ချင်းယွိကို မြင်လိုက်တာကြောင့် မကျေမနပ်နဲ့ မောင်းထုတ်လိုက်တယ်။

"မင်းက ဘာရပ်လုပ်နေတာလဲ? ထွက်သွားတော့လေ"

ချင်းယွိလည်း ဝမ်းနည်းပက်လက် ပုံစံနဲ့ နောက်ဆုတ်သွားတော့တယ်။

ယွီးရှောင်ရှောင်က ဆိုတယ်။ "မောမော... သူက ကျွန်မကို ကြောက်နေသလိုပဲနော်"

ဝမ်မောမောက ပြောတယ်။ "ဘာမှ မဟုတ်ပါဘူး မင်းသမီးလေးရဲ့၊ ဘာကိစ္စပဲရှိရှိ ကျွန်တော်မျိုးမ ရှိပါတယ်"

ကိုယ်လုပ်တော်ကိစ္စကိုတော့ မင်းသမီးလေးရဲ့ မင်္ဂလာဦးည ပြီးမှပဲ ပြောတော့မယ်လို့ ဝမ်မောမော တွေးလိုက်တယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ မင်္ဂလာဦးညက ဘယ်နှစ်ခါ ရှိမှာမို့လဲ၊ အေးအေးဆေးဆေးပဲ ဖြတ်သန်းပါစေတော့။

ယွီးရှောင်ရှောင်က ချင်းယွိအကြောင်းကို ထပ်မမေးတော့ဘဲ ဝမ်မောမောကိုပဲ မှာလိုက်တယ်။

"သမားတော်တစ်ယောက်ကို ရှာပေးပါ။ ကျွန်မ ကုရှင်းလန်ကို ခွဲစိတ်ပေးမလို့"

ဝမ်မောမောခမျာ ရပ်နေရင်းကနေ ယိုင်သွားတော့မလိုပင်။ မင်းသမီးလေးက နေမကောင်းဖြစ်ပြီးကတည်းက သိုင်းပညာရှင် ဖြစ်သွားရုံတင်မကဘဲ သမားတော်ကြီးပါ ဖြစ်သွားတာလား။

"မင်းသမီးလေး... မင်းသမီး တကယ်ပဲ ဘာဖြစ်သွားတာလဲဟင်” ဝမ်မောမော နောက်ဆုံးတော့ မနေနိုင်ဘဲ မေးမိတော့တယ်။

ယွီးရှောင်ရှောင်က ဘယ်လိုရှင်းပြရမှန်း မသိသလို လိမ်လည်း မလိမ်ချင်တာကြောင့် ပါးစပ်ပိတ်နေလိုက်တယ်။ ဝမ်မောမောက သူမ ငယ်စဉ်ကတည်းက ပြုစုလာတဲ့ ကလေးမလေးကို သေသေချာချာ ကြည့်ပြီး မေးလိုက်ပြန်တယ်။

"မင်းသမီးက လင်းလုံမင်းသမီးလေး ဟုတ်ပါတယ်နော်”

"ဟုတ်ပါတယ်" ယွီးရှောင်ရှောင်က အမြန် ခေါင်းညိတ်ပြလိုက်တယ်။

ဒီဝတုတ်မောမောက သူမကို တကယ် ချစ်တာလေ၊ ယွီးရှောင်ရှောင်က ဝမ်မောမောကို စိတ်မကောင်း မဖြစ်စေချင်ဘူး။ ဝမ်မောမောက မျက်နှာကို တစ်ချက်သုတ်လိုက်ပြီး ဆိုတယ်။

"မင်းသမီးက သမက်တော်ရဲ့ ခြေထောက်ကို တကယ် ကုနိုင်တာလား”

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။ "အတော်လေး ဖြစ်နိုင်ပါတယ်"

"ကျွန်တော်မျိုးမ သမားတော် သွားရှာလိုက်ပါ့မယ်" ဝမ်မောမောက ပြောပြီးတာနဲ့ အပြင်ကို ထွက်သွားတော့တယ်။

ကုအိမ်တော်မှာတော့ အခုချိန်မှာ မင်္ဂလာပွဲအတွက် အလုပ်များသူကများ၊ အခန်းတွေ သိမ်းဆည်းသူက သိမ်းဆည်းနဲ့မို့ ဝမ်မောမော အိမ်ပြင်ထွက်သွားတာကို ဘယ်သူမှ သတိမထားမိကြဘူး။

သခင်မကြီးကတော့ သူမရဲ့ အိပ်ဆောင်ထဲမှာ ရှိနေပြီး ချင်းယွိက ယွီးရှောင်ရှောင် ဆေးသွန်လိုက်တဲ့အကြောင်းကို လာပြောနေတာကြောင့် မယုံနိုင်ဘဲ မေးလိုက်တယ်။

"သူက မင်းကို စိတ်ဆိုးပြီး ရှင်းလန်ရဲ့ ဆေးကို မျက်နှာပေါ် သွန်လိုက်တာလား”

ချင်းယွိက တိုးတိုးလေး ပြောရှာတယ်။

"မင်းသမီးလေးက တမင်လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးမလို အစေခံက မင်းသမီးလေးရဲ့ စိတ်ထွက်ပေါက် ဖြစ်ရတာကလည်း ကျေနပ်စရာပါပဲ။ ဒါပေမဲ့ သခင်လေးက အခုထိ ဆေးမသောက်ရသေးတော့ ကျွန်တော်မျိုးမ စိုးရိမ်နေမိလို့ပါ"

သခင်မကြီးက ဘေးက အပျိုတော်ကို အမိန့်ပေးလိုက်တယ်။ "မြန်မြန် သွားစမ်း၊ သခင်လေးအတွက် ဆေးတစ်ခွက် ထပ်ကျိုခိုင်းလိုက်"

ချင်းယွိလည်း ဦးညွှတ်ပြီး ထွက်လာခဲ့တော့တယ်။ သူမမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ် ရှိပါတယ်၊ ဒီအချိန်မှာ သခင်မကြီးက သူမဘက်က ပါမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ သခင်မကြီးနဲ့ မင်းသမီးကြားမှာ အဖုအထစ်လေး ဖြစ်သွားစေဖို့က ချင်းယွိ လိုချင်တဲ့အရာပဲ။

အိပ်ဆောင်အပြင်ဘက်မှာ အကြီးဆုံးအပျိုတော် ချင်းဟယ်က ချင်းယွိရဲ့ နီနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်တယ်။

"မင်းက ဘာလို့ ဒီအချိန်ကြီး လာပြီး တိုင်တောနေတာလဲ။ မင်း အသက်ကို မနှမြောဘူးလား”

ချင်းယွိကတော့ မကြောက်ဘဲ ဆိုတယ်။ "ကျွန်မက အမှန်အတိုင်း ပြောတာပဲလေ"

"မင်းက မင်းသမီးလေးရဲ့ လက်သီးတစ်ချက်ကို ခံနိုင်လို့လား” ချင်းဟယ်က သူမရဲ့ ညီမလို ခင်ရသူကို မေးရှာတယ်။

ချင်းယွိကတော့ မကြောက်ဘူး။ "ကျွန်မမှာ အပြစ်မရှိဘဲနဲ့ မင်းသမီးက ကျွန်မကို ရိုက်မှာတဲ့လား”

ချင်းဟယ်က စိုးရိမ်တကြီး ပြောတယ်။ "မင်းက အစေခံလေ၊ မင်းသမီးက မင်းကို ရိုက်သတ်လိုက်ရင်တောင် ဘယ်သူက မင်းဘက်က စကားပြောပေးမှာလဲ”

"ကျွန်မ သခင်လေးရဲ့ ဆေး သွားကြည့်လိုက်ဦးမယ်" ချင်းယွိက ထွက်သွားတော့တယ်။

တော်ဝင်မင်းသမီးက မြင့်မြတ်တာ မှန်ပေမဲ့ မနာလိုတတ်တဲ့မိန်းမဆိုတဲ့ နာမည်ဆိုးကိုတော့ ခံနိုင်မှာ မဟုတ်ဘူး။ ရှေးကတည်းက ဇနီးထက် ကိုယ်လုပ်တော်က ပိုအရေးပါတာပဲ၊ ဒီအိမ်ရဲ့ အရှင်က သခင်မကြီး ဖြစ်နေသရွေ့ သူမ ဘာမှ ကြောက်စရာ မလိုဘူး။

သခင်မကြီးက အိပ်ဆောင်ထဲမှာ ထိုင်နေရင်း စားပွဲကို တစ်ချက် ပုတ်လိုက်မိတယ်။ အစေခံတစ်ယောက်ကို စိတ်ဆိုးတာနဲ့ မြေးဖြစ်သူ သောက်ရမဲ့ ဆေးကို သွန်ရသလား။ 'တော်ဝင်မိသားစုက လူတွေကတော့လေ' သခင်မကြီး ယွီးရှောင်ရှောင်အပေါ် နည်းနည်းတော့ အမြင်စောင်းသွားရပြီ။

ဒီအချိန်မှာ ကုချန်းက လက်နှစ်ဖက်ကို အနောက်ပစ်ပြီး သခင်မကြီးရဲ့ အိပ်ဆောင်ထဲ ဝင်လာပြီး မေးလိုက်တော့တယ်။

"မင်းက ဘာဖြစ်ပြန်တာလဲ”

…

အခန်း (၂၈) ဒီလောက်ရှက်တတ်တဲ့ လူငယ်မျိုး ရှိလား

"ဇနီးကို ယူရင် အကျင့်စာရိတ္တကောင်းသူကိုပဲ ယူရမယ်" လို့ သခင်မကြီးက စစ်သေနာပတိချုပ်ကြီးကို ပြောလိုက်တယ်။

ကုချန်းက သူ့ဇနီးကို ကြည့်လိုက်တယ်။ ဇနီးကောင်း ယူရမယ်ဆိုတာ လူတိုင်း သိတဲ့ အမှန်တရားပဲလေ၊ ဒီအဘွားကြီးက အခုမှ ဘာလို့ ဒါကို လာပြောနေရတာလဲ။ သခင်မကြီးက ယွီးရှောင်ရှောင် ကုရှင်းလန်ရဲ့ ဆေးကို သွန်ပစ်လိုက်တဲ့ အကြောင်းကို ပြောပြလိုက်တော့ စစ်သေနာပတိချုပ်ကြီးရဲ့ မျက်နှာ ချက်ချင်း တည်သွားလိုက်တယ်။

"မင်းသမီးက အခုမှ အိမ်ထဲ ဝင်လာတာလေ၊ မင်းက ချင်းယွိကို ရှင်းလန်အနား သွားပြီး ပြုစုခိုင်းလိုက်တာလား” လို့ မေးလိုက်တယ်။

သခင်မကြီးက ဆိုတယ်။

"ချင်းယွိက တစ်နေ့နေ့တော့ ရှင်းလန်ရဲ့ ကိုယ်လုပ်တော် ဖြစ်မှာပဲလေ၊ ကျွန်မက မင်းသမီးလေးကို ကြိုပြီး ပြင်ဆင်ထားခိုင်းတာပါ"

"လျှောက်လုပ်နေတာပဲ” သခင်ကြီးကုက ရှေ့က ကုလားထိုင်ကို တစ်ချက် ကန်လိုက်တော့တယ်။ သခင်ကြီးကု ရုတ်တရက် ဒေါသထွက်သွားတာကြောင့် သခင်မကြီး လန့်သွားရတယ်။

"မင်းသမီးလေးသာ မရှိရင် မင်းက အခုထိ ထောင်ထဲမှာပဲ ရှိနေဦးမှာ" ကုချန်းက သခင်မကြီးကို ဟောက်လိုက်တယ်။

"လူဆိုတာ ကျေးဇူးသိတတ်ရတယ်၊ မကောင်းတာတွေ သွားမလုပ်နဲ့”

လက်ထပ်လာတာ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ သခင်မကြီးအနေနဲ့ စစ်သေနာပတိချုပ်ကြီးရဲ့ အပြောအဆိုကို အပြင်းအထန် ခံရတာ ဒါ ပထမဆုံးပင်။ ဒါကြောင့် သူမလည်း မျက်နှာပျက်သွားရတယ်။

"ကျိုးကြောင်းဆင်ခြင်မှု မရှိတာပဲ” ကုချန်းက အင်္ကျီလက်ကို ခါပြီး ထွက်သွားတော့တယ်။

တစ်အောင့်ကြာပြီးနောက် မိုးချုပ်စပြုလာချိန်မှာ ဧည့်ခန်းမဆောင်မှာ ညစာစားပွဲကို ပြင်ဆင်ပြီးသွားပြီး ဧည့်သည်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။ ကုအိမ်တော်တစ်ခုလုံး ပြန်လည် စည်ကားလာပြီး နေ့ခင်းက ရန်ပွဲကိုတော့ လူတိုင်းက မေ့ထားလိုက်ကြတယ်။

ညမှောင်လာတာနဲ့ ညစာစားပွဲ စတင်ပြီး ဇာတ်စင်ပေါ်မှာလည်း ဇာတ်ကွက်များ စတင်ကပြတော့တယ်။ ဧည့်သည်များက ပျော်ပျော်ပါးပါး သောက်စားနေကြပြီး ဇာတ်စင်ပေါ်က အသံများကလည်း ပျော်ရွှင်စရာ အပြည့်ပင်။ သတို့သားနဲ့ သတို့သမီးကတော့ ဒီအချိန်မှာ မင်္ဂလာခန်းဆောင်ထဲမှာ ရှိနေကြတယ်။ မင်္ဂလာပွဲရဲ့ အဓိက ဇာတ်ဆောင်တွေ ဖြစ်သင့်ပေမဲ့ သူတို့နှစ်ယောက်လုံးရဲ့ စိတ်ကတော့ အပြင်က ပွဲလမ်းသဘင်ဆီမှာ ရှိမနေကြဘူး။

ယွီးရှောင်ရှောင်ကတော့ ဝမ်မောမော ခေါ်လာတဲ့ သမားတော်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာ ကြာပြီ။ သမားတော်များနှင့် ခက်ခက်ခဲခဲ ဆက်သွယ်ကြည့်ပြီးနောက် ဒီကမ္ဘာမှာ အရောင်ကျဆေး ဆိုတာ မရှိမှန်း သိလိုက်ရတယ်။ ပင်နီဆီလင် မပြောနဲ့၊ ဆာလဖာ တောင် မရှိဘူးလေ။

သမားတော်ကြီးတစ်ယောက်က မီးရောင်အောက်မှာ ဆေးနည်းတစ်ခုကို မြန်မြန်ရေးပြီး ယွီးရှောင်ရှောင်ကို ပေးလိုက်တယ်။

"မင်းသမီးလေး... သမက်တော်ရဲ့ ဒဏ်ရာပေါ်မှာ အုပ်ပေးရမဲ့ ဆေးက ဒါပါပဲ"

ယွီးရှောင်ရှောင်က ဆေးနည်းကို ယူကြည့်ပြီး တစ်ချက် ရယ်လိုက်တယ်။ ဝမ်မောမောက အမြန်မေးတယ်။

"ဒီဆေးနည်းက မကောင်းလို့လားဟင်”

ယွီးရှောင်ရှောင်က ဆေးနည်းကို စားပွဲပေါ် တင်လိုက်တယ်။ ဒီကမ္ဘာကို ရောက်တာ လပိုင်းရှိပြီ ဖြစ်ပေမဲ့ စာအုပ် တစ်အုပ်မှ မဖတ်ဖူးသေးဘူး။ အခု ဆေးနည်းကို ကြည့်လိုက်တော့မှ သူမက စာလုံးအဆင့်ဆင့်တွေကို နားမလည်မှန်း သိလိုက်ရတယ်။

'ငါကတော့ စာမတတ်တဲ့သူ ဖြစ်တော့မှာပဲ' လို့ ယွီးရှောင်ရှောင် စိတ်ထဲက ဆိုလိုက်မိတယ်။

သမားတော်ကြီးက ယွီးရှောင်ရှောင်ကို မေးရှာတယ်။ "မင်းသမီးလေးမှာ ဘာများ မိန့်ကြားစရာ ရှိလို့လဲဘုရား”

ဖတ်တောင် မဖတ်တတ်တာကို ဘာကို မိန့်ကြားရဦးမလဲ။ ယွီးရှောင်ရှောင်က ခေါင်းကို ကုတ်လိုက်လိုက်တယ်။

"ဒါဆို လူနာတွေ ဒဏ်ရာရရင် ရှင်တို့က ဒီဆေးကိုပဲ သုံးတာပေါ့နော်” လို့ မေးလိုက်တယ်။

သမားတော်များက ခေါင်းညိတ်ကြတယ်။ ယွီးရှောင်ရှောင်က တွေးလိုက်မိတယ်။ 'ဒီကမ္ဘာက လူတွေက အရောင်ကျဖို့ ဒီဆေးတွေကိုပဲ သုံးနေကြတာဆိုတော့ ငါကလည်း ဘာလို့ ပိုးသတ်ဆေးတွေကိုပဲ တမ်းတနေရမှာလဲ?'

"ဒါဆို ရှင်တို့ ဆေးပြင်ထားပေးပါ။ ကျွန်မကို ခွဲစိတ်ဖို့ ကူညီပေးကြပါ" လို့ သူမက နောက်ဆုံး ဆုံးဖြတ်လိုက်တယ်။

ယွီးရှောင်ရှောင်က ဝမ်မောမောကို ထပ်မှာတယ်။ "ဒီခန်းဆောင်ထဲက မီးရောင်က သိပ်မှောင်လွန်းတယ်။ မောမော... မှန်အချို့ ထပ်ယူလာပေးပါဦး"

ဝမ်မောမောခမျာ နားမလည်နိုင်တော့ဘူး။ 'မီးမှောင်ရင် မှန်တွေ ယူလာလို့ ဘာထူးမှာလဲ?'

ယွီးရှောင်ရှောင်က လက်နှစ်ဖက်ကို ပုတ်လိုက်လိုက်တယ်။

"ဒီခွဲစိတ်မှုကို စောစောလုပ်တာ ပိုကောင်းတယ်၊ အားလုံး ဝိုင်းကူပေးကြပါဦး" လို့ ဆိုလိုက်တယ်။ ဝမ်မောမောက ယွီးရှောင်ရှောင်ကို ကုရှင်းလန်ရဲ့ ခုတင်ဘေးသို့ ဆွဲခေါ်သွားလိုက်တယ်။

"တကယ်လို့ သမက်တော်ရဲ့ ခြေထောက်က ကုလို့ မရခဲ့ရင်ကော” လို့ စိုးရိမ်တကြီး မေးလိုက်တယ်။

ကုရှင်းလန်က ဝမ်မောမောကို ပြောလိုက်တယ်။ "မောမော... ကျုပ့်ရဲ့ ခြေဖဝါးကြောတွေက ပြတ်နေပြီသားပဲ၊ အဆိုးဆုံး ဖြစ်သွားရင်တောင် ဒါထက်တော့ မပိုနိုင်တော့ပါဘူး။ မင်းသမီးလေးကို စမ်းကြည့်ခွင့် ပေးလိုက်ပါရစေ"

ဝမ်မောမောက မေးတယ်။ "ဒါက သမက်တော်ကိုယ်တိုင် ပြောတာနော်"

ကုရှင်းလန်က ဆိုတယ်။ "ဒီအခန်းထဲက ဆရာကြီးတွေ အကုန် ကြားနေတာပဲလေ၊ ကျုပ်က ကတိဖျက်ပါ့မလား”

ဝမ်မောမောလည်း အဲဒီတော့မှ ခေါင်းညိတ်လိုက်တော့တယ်။

ယွီးရှောင်ရှောင်က မေးတယ်။ "ရှင်တို့ ဘာတွေ ပြောနေကြတာလဲ”

"ကျွန်တော်မျိုးမ မှန်တွေ သွားယူလိုက်ပါ့မယ်" ဝမ်မောမောက သက်ပြင်းချရင်း လှည့်ထွက်သွားတော့တယ်။

"ဆရာကြီးတို့ အားလုံးကို ဒုက္ခပေးမိပါပြီ" ကုရှင်းလန်က သမားတော်များကို ဂါရဝပြုလိုက်တယ်။

သမားတော်များကလည်း ကုသခင်လေးကိုယ်တိုင်က မင်းသမီးကို စမ်းကြည့်ခွင့် ပေးချင်နေမှတော့ ထရပ်ပြီး ဆေးတွေ သွားပြင်ကြတော့တယ်။ ယွီးရှောင်ရှောင်က မီးဖိုလေးကို ခုတင်ဘေးအထိ ဆွဲလာပြီး ဓားတွေကို ဆူနေတဲ့ရေထဲ ထည့်ပြုတ်လိုက်တယ်။

ကုရှင်းလန်က မေးတယ်။ "ဒါက ဘာလုပ်တာလဲ”

ယွီးရှောင်ရှောင်က ဆိုတယ်။ "ပိုးသတ်တာလေ"

ကုရှင်းလန်က မေးတယ်။ "ဒါကလည်း မင်းရဲ့ဆရာ သင်ပေးတာလား”

ယွီးရှောင်ရှောင်က နှာခေါင်းရှုံ့လိုက်မိတယ်။ သူမက အရက်စိုနေတဲ့ အဝတ်စကို ကိုင်ပြီး ကုရှင်းလန်ရဲ့ ဘောင်းဘီကို စချွတ်ဖို့ ပြင်လိုက်တယ်။ ကုရှင်းလန် လန့်သွားပြီး လက်နှစ်ဖက်နဲ့ ဘောင်းဘီကို ဆွဲထားကာ အလန့်တကြား မေးရှာတယ်။

"မင်း… မင်း ဘာလုပ်မလို့လဲ”

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ထူးဆန်းသလို ကြည့်လိုက်ပြီး ဆိုတယ်။

"ပိုးသတ်မလို့လေ။ ရှင်က ဘောင်းဘီဝတ်ထားရင် ခွဲစိတ်ရတာ မလွယ်ဘူးလေ၊ ချွတ်လိုက်ပါ"

ကုရှင်းလန်က စကားမပြောတော့ဘဲ ဘောင်းဘီကိုပဲ ဆွဲထားမိတယ်။ ယွီးရှောင်ရှောင်က ဆိုတယ်။

"ရှင့်မှာ အတွင်းဝတ် ပါသေးတာပဲလေ။ ကျွန်မ ရှင်ကို မကြည့်ဘူး၊ ဟုတ်ပြီလား”

ကုသခင်လေးရဲ့ မျက်နှာတစ်ခုလုံး ချက်ချင်း နီမြန်းသွားရတော့လေတယ်။ ယွီးရှောင်ရှောင်က လက်ကို မြှောက်ပြီး ကုရှင်းလန်ရဲ့ ပါးကို တစ်ချက် ဆွဲလိမ်လိုက်ကာ မေးလိုက်တယ်။

"မျက်နှာအရေပြားက သိပ်ပါးတာပဲ၊ ရှင်က တကယ်ပဲ စစ်သူကြီး ဟုတ်ရဲ့လား”

ကုရှင်းလန်က ဆိုတယ်။ "မင်း… မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ရဲတင်းနေရတာလဲ”

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ဆိုတယ်။

"ကျွန်မရဲ့ သတ္တိက အမြဲတမ်း ကြီးပါတယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ဘောင်းဘီခါးစည်းကို ဖြည်ချလိုက်ပြီး ဘောင်းဘီကို အောက်သို့ ဆွဲချလိုက်ကာ အရက်စိုနေတဲ့ အဝတ်စနဲ့ ကုရှင်းလန်ရဲ့ ခြေထောက်ကို သန့်ရှင်းပေးလိုက်တော့တယ်။ ကုရှင်းလန်ကတော့ မျက်စိကိုပဲ မှိတ်ထားလိုက်ရတော့တယ်။ ဒီအချိန်မှာ သေချင်ယောင်ဆောင်နေတာကလွဲလို့ သူ ဘာလုပ်နိုင်ဦးမလဲ။

…

All Chapters