အခန်း (၁၈၀၉-၁၈၁၀)
Vol. 181 Ch. 1809-1810
အခန်း (၁၈၀၉) - ရှီးမျိုးနွယ်စု
တစ်ဖက်လူက မိမိအား အထင်လွဲနေသည်ကို ဖန့်ချန် သိသော်လည်း ဤကဲ့သို့သော မျိုးဆက်သစ်လူငယ်လေးများကို သူ အမှန်တကယ်ပင် အဖက်လုပ်ကာ စကားမပြောလိုသဖြင့် မျက်လုံးများကိုသာ ဆက်မှိတ်ထားပြီး အတွေးနယ်ချဲ့နေလိုက်သည်။
'ဒီတစ်ခေါက် အခွင့်အရေးက တကယ်ကို ရှားပါးတယ်။ ဟင်းလင်ပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ကြိုတင်လေ့လာထားနိုင်တာဟာ နယ်မြေကိုးခု ရင်ဆိုင်ရတော့မယ့် ပြင်ပရန်သူတွေရဲ့ အန္တရာယ်အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။'
'သူတော်စင်ကျမ်းစာကိုတော့ မရရအောင် ယူရမယ်။'
နာရီဝက်ခန့် ကြာပြီးနောက်တွင် လူသစ်များ ထပ်မံရောက်ရှိလာခြင်း မရှိတော့ပေ။ အမှုဆောင်တစ်ဦးသည် လူအုပ်ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။
"မင်းတို့ အခုသွားရမယ့် စစ်ဒေသက မဟာမန် စစ်ဒေသပဲ။ ဟိုရောက်ရင် မင်းတို့ဆီကို လာကြိုမယ့်သူ ရှိလိမ့်မယ်၊ အဲဒီအခါကျရင် သူတို့ရဲ့ စီစဉ်ညွှန်ကြားမှုကို နာခံကြ။ တာဝန်တစ်ခုကို အောင်အောင်မြင်မြင် ပြီးဆုံးတာနဲ့ လော့ရွှယ်မဟာမိတ်အဖွဲ့ရဲ့ တရားဝင် အဖွဲ့ဝင် ဖြစ်လာပြီး လစာရိက္ခာ ခံစားခွင့် ရလိမ့်မယ်။"
"အဘိညာဉ်နိုးထခြင်းနယ်ပယ် ရဲ့ တစ်နှစ်စာ လစာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်။"
"နတ်ဘုရားဆက်သွယ်ခြင်းနယ်ပယ် ဆိုရင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး သုံးထောင်။"
"လမ်းစဉ်ပေါင်းစပ်ခြင်းနယ်ပယ် ဆိုရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးရာ ဖြစ်တယ်။"
လူအုပ်ကြီးသည် ထိုစကားကို ကြားသောအခါ မျက်နှာများတွင် အံ့သြဝမ်းသာမှုများ ပေါ်လာကြသည်။ သိသာသည်မှာ ဤတစ်နှစ်စာ လစာပမာဏအပေါ် သူတို့ အလွန်ကျေနပ်နေကြခြင်း ဖြစ်သည်။
'သေချာပြီ... အောက်ခြေကျင့်ကြံသူတွေဟာ ဝိညာဉ်ကျောက်တုံးနဲ့ ဝိညာဉ်စွမ်းအားကိုပဲ အဓိက သုံးစွဲနေကြတာပဲ။ လော့ရွှယ်မဟာမိတ်အဖွဲ့မှာလည်း ဝိညာဉ်စွမ်းအားက အောက်ခြေကျင့်ကြံသူတွေရဲ့ အဓိက အသက်သွေးကြောပဲ။'
'အဆင့် ၉ အထိကတော့ မသေမျိုးစွမ်းအား ကိုပဲ လေ့ကျင့်ကြတာ ဖြစ်မယ်၊ ကွာခြားချက်ကတော့ ကန့်သတ်ချက်ကျော်လွန်ခြင်း အဆင့်ကနေ စတာ ဖြစ်နိုင်တယ်။ သူတော်စင်တစ်ပိုင်းနဲ့ သူတော်စင်တွေ ထိန်းချုပ်တဲ့ စွမ်းအားကတော့ မသေမျိုးစွမ်းအားနဲ့ ကွဲပြားနိုင်တယ်'
"ဒီကိုရောက်လာပြီဆိုရင် မင်းတို့ရဲ့ အခြေအနေကို မင်းတို့ သေသေချာချာ သိထားရမယ်။"
အမှုဆောင်က ဆက်လက်ပြောဆိုသည်
"မင်းတို့ဟာ လော့ရွှယ်မဟာမိတ်အဖွဲ့အတွက် စစ်အင်အား သက်သက်ပဲ။ မင်းတို့ထဲက ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ သာမန်စစ်သည်တွေသာ ဖြစ်ပြီး၊ အနည်းငယ်သော သူတွေကသာ အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။"
ထိုသို့ပြောပြီးနောက် အမှုဆောင်သည် လူအနည်းငယ်ကို လက်ညှိုးထိုးပြရာ ဖန့်ချန်လည်း ထိုအထဲတွင် ပါဝင်နေသည်။
"ဒီလူတွေ နိုးထလာတဲ့ အဘိညာဉ်တွေဟာ အခြေခံဓာတ်ကြီးငါးပါး စွမ်းအားထက် ကျော်လွန်နေတယ်။ ဒါကြောင့် သူတို့ဟာ အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး၊ လော့ရွှယ်မဟာမိတ်အဖွဲ့ဝင် ဖြစ်လာတဲ့အခါမှာ သာမန်စစ်သည်တွေထက် လစာ နှစ်ဆ ခံစားခွင့် ရလိမ့်မယ်။"
ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ဆူညံသွားတော့သည်။
လောကကြီးတွင် အနည်းအများထက် မမျှတမှုကို ပို၍ စိတ်ဆိုးတတ်ကြသည် မဟုတ်ပါလော။
ဖန့်ချန်တို့ လူနည်းစုမှာ လစာ နှစ်ဆ ရမည်ဟု ကြားလိုက်ရချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ မကျေနပ်မှုများ ချက်ချင်း ပေါ်ပေါက်လာသည်။
ဖန့်ချန်မှလွဲ၍ ကျန်ရှိသည့် လူငယ်လေးဦးမှာမူ အခြားသူများ၏ အားကျသော အကြည့်များကို ခံယူရင်း ဂုဏ်ယူဝင့်ကြွားသော အမူအရာများ ဖြစ်ပေါ်နေကြသည်။
"လော့အမှုဆောင်... အားလုံးက အဘိညာဉ်နိုးထခြင်းနယ်ပယ် အတူတူပဲ။ သူတို့ရဲ့ အဘိညာဉ်က ထူးခြားတယ်ဆိုဦးတော့၊ တကယ်တိုက်ခိုက်ကြည့်ရင် သူတို့က ငါတို့ထက် ပိုတော်မယ်လို့ မပြောနိုင်ဘူးလေ။ သူတို့လစာက ငါတို့ထက် နှစ်ဆဖြစ်နေမယ်ဆိုရင်တော့ ငါတို့ လုံးဝ မကျေနပ်နိုင်ဘူး။"
ဖန့်ချန်ကို စောစောက မကျေမနပ် ဖြစ်နေသည့် လူငယ်က ရှေ့သို့ ထွက်လာပြီး လော့အမှုဆောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
လော့အမှုဆောင်နှင့် အခြားအမှုဆောင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်းနာမည်က ဘယ်သူလဲ"
လော့အမှုဆောင်က ပြုံး၍ မေးလိုက်သည်။
လူငယ်က ခေါင်းကို မော့ကာ
"အငယ်က ရှီးကျန့် ပါ" ဟု ဆိုသည်။
"ရှီးကျန့် မင်းမျိုးရိုးက ရှီး လား "
လော့အမှုဆောင်၏ အမူအရာမှာ လှုပ်ခတ်သွားသည်။
ဖန့်ချန်ပင်လျှင် ထိုလူငယ်ကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။
'ရှီး' ဟူသော မျိုးရိုးမှာ ရှားပါးလှသည်။
သူ နယ်မြေကိုးခုတွင် သိကျွမ်းခဲ့သည့် တစ်ဦးတည်းသော ရှီးမျိုးနွယ် ကျင့်ကြံသူမှာ မသေမျိုးလောကငယ်ရှိ စစ်မှန်သော ဘုရင်မျိုးနွယ်စု မှ အဆင့် ၈ မသေမျိုး စီနီယာအစ်မ ရှီး သာ ရှိသည်။
(အရင်ကစီနီယာအစ်မ စစ်လို့ သုံးခဲ့တာ ရှီးလို့ ပြောင်းမယ်နော် )
စီနီယာအစ်မကြီး ရှဲအာမန်ပင်လျှင် သူမကို ရှီးစီနီယာအစ်မ ဟု ခေါ်ရသည် မဟုတ်ပါလော။
"ဟေ့ လော့်... ရှီးမျိုးနွယ်စုကလား "
အမှုဆောင်တစ်ဦးက လော့အမှုဆောင်၏ ဘေးသို့ ကပ်လာပြီး တိုးတိုးလေး မေးသည်။
"ငါလည်း သေသေချာချာ မသိဘူး။ ရှီးမျိုးနွယ်စုဝင်တွေက ဘာလို့ လျှို့ဖုန်းဂူ တမန်တော်ရုံးကို ရောက်လာမှာလဲ သူတို့ တစ်မျိုးနွယ်လုံးက နတ်ဘုရားနယ်မြေ ဆီကို အကုန်ပြောင်းသွားကြပြီလေ။"
လော့အမှုဆောင်က သံသယစိတ်ဖြင့် ရေရွတ်လိုက်သည်။
ရှီးကျန့်က ထိုစကားကို ကြားသောအခါ လက်အုပ်ချီ၍
"အမှုဆောင်တို့ခင်ဗျာ... ကျွန်တော်ဟာ ရှီးမျိုးနွယ်စုဝင် ဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ အခု ခရီးထွက်လာတာက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့သက်သက်ပါ၊ မိသားစုနဲ့ မပတ်သက်ပါဘူး။" ဟု ဆိုသည်။
"ရှေးယခင်က ရှီးမျိုးနွယ်စုရဲ့ ဘိုးဘေးကြီးဟာလည်း တမန်တော်ရုံးကနေ စတင်ပြီး ဘေးအန္တရာယ်တွေကို ကျော်ဖြတ်ကာ သူရဲကောင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့လို့ သူတော်စင်တစ်ပိုင်း အဆင့်အထိ ရောက်ရှိခဲ့တာပါ။ အငယ်လေးကလည်း ဘိုးဘေးကြီးရဲ့ ခြေရာကို နင်းပြီး ကိုယ်ပိုင် သူရဲကောင်းလမ်းစဉ်ကို ဖောက်ထွက်ချင်တာပါ "
"သူတော်စင်တစ်ပိုင်း"
လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ ယနေ့ ဤနေရာသို့ ရောက်လာသူတိုင်းသည် အခြေခံ ဗဟုသုတအချို့ ရှိကြသဖြင့် ရှီးကျန့်၏ နောက်ကွယ်တွင် 'သူတော်စင်တစ်ပိုင်း' ဘိုးဘေးကြီး ရှိသည်ဟု ကြားလိုက်ရသောအခါ သူ့ကို ကြည့်သည့် အကြည့်များမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
လော့အမှုဆောင်တို့ပင်လျှင် အနည်းငယ်မျှ ရိုသေကိုင်းညွတ်သော အမူအရာများ ပေါ်လာသည်။ သို့သော် ဤသည်မှာ ရှီးကျန့်ကို ရိုသေခြင်းမဟုတ်ဘဲ သူပြောသည့် သူတော်စင်တစ်ပိုင်းကို ရိုသေခြင်းသာ ဖြစ်သည်။
"တကယ်ပဲ ရှီးသူတော်စင်တစ်ပိုင်းရဲ့ သွေးမျိုးဆက် ဖြစ်နေတာကိုး။"
လော့အမှုဆောင်က လေးစားစွာဖြင့်
"ရှီးသူတော်စင်တစ်ပိုင်းဟာ ငါတို့ လော့ရွှယ်မဟာမိတ်အဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ပဲ၊ ငါ ငယ်ငယ်ကတည်းက သူ့ရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးခဲ့တာ"
ဟု ဆိုလိုက်သည်။
လူတိုင်း၏ ရင်ထဲတွင် ကြည်ညိုလေးစားမှုများ မြင့်တက်လာပြီး ရှီးကျန့်ကို ကြည့်သည့် အကြည့်များမှာ လုံးဝ ပြောင်းလဲသွားသည်။
လျှပ်စီးအဘိညာဉ် နိုးထထားသည့် ဖန့်ချန်နှင့် နှိုင်းယှဉ်လျှင် ရှီးကျန့်၏ နောက်ခံမှာ ရှေ့ကလူကို အပြတ်အသတ် ကျော်လွန်နေသည်မှာ သိသာလှသည်။
မိမိနှင့် အဆင့်အတူတူ ကျင့်ကြံသူများနှင့် အမှုဆောင်များပင် မိမိကို ကြည့်သည့်အကြည့်များ ပြောင်းလဲသွားသည်ကို မြင်သောအခါ ရှီးကျန့်၏ စိတ်ထဲတွင် အနည်းငယ်မျှ ဝင့်ကြွားမှုများ ပေါ်လာသည်။
သူသည် ဖန့်ချန်ကို ခပ်အေးအေးပင် တစ်ချက်ကြည့်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာပျက်သွားသည်။
ဤလူက ဘာကြောင့် မျက်လုံးမှိတ်ထားဆဲ ဖြစ်နေရသနည်း မိမိကို အဖက်မလုပ်ဘဲ ဤမျှအထိ ထောင်လွှားနေရသလား။
"ရှီးကျန့်... မင်းက ရှီးမျိုးနွယ်စုဝင်ဆိုရင်တော့ မဟာမန် စစ်ဒေသကို မသွားတာ အကောင်းဆုံးပဲ။"
လော့အမှုဆောင်က ဆိုသည်။
ရှီးကျန့်ကမူ ဂရုမစိုက်ဟန်ဖြင့်
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်တောင်းဆိုချက်ပါ။ လျှို့ဖုန်းဂူက တာဝန်ယူရတဲ့ စစ်ဒေသ (၁၃) ခုထဲမှာ မဟာမန် စစ်ဒေသက အန္တရာယ်အရှိဆုံးဆိုတာ ကျွန်တော် သိပါတယ်။ ဒီလိုနေရာမျိုးမှာပဲ ကျွန်တော့်ရဲ့ အရည်အချင်းကို စမ်းသပ်လို့ ရမှာလေ။"
သူက ခေတ္တရပ်ပြီးနောက်
"ကျွန်တော် မကျေနပ်တာက ဘာလို့ သူတို့က အထူးတပ်ဖွဲ့ဝင် ဖြစ်ပြီး၊ ကျွန်တော်တို့က သာမန်စစ်သည် ဖြစ်နေရတာလဲ ဆိုတာပဲ "
ဟု ဖန့်ချန်တို့ လူစုကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
ရှီးကျန့်၏ နောက်ခံကြောင့် ကျန်သည့် အထူးတပ်ဖွဲ့ဝင်လေးဦးမှာ ဝင့်ကြွားမှုများ ပျောက်ဆုံးသွားသော်လည်း၊ ရှီးကျန့်၏ စွပ်စွဲချက်ကြောင့် စိတ်ထဲ၌ ဒေါသဖြစ်သွားကြသည်။
"ဒါက လော့ရွှယ်မဟာမိတ်အဖွဲ့ရဲ့ စည်းကမ်းပဲ။ အကယ်၍ မင်းက ဒီစည်းကမ်းကို ချိုးဖျက်ချင်တယ်ဆိုရင် သူတို့ကို စိန်ခေါ်လို့ ရတယ်။ မင်းသာ နိုင်ခဲ့ရင် မင်းကိုလည်း အထူးတပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးမယ်။"
လော့အမှုဆောင်က ရုတ်တရက် ပြုံး၍ ဆိုသည်
"ငါတို့လည်း ရှီးမျိုးနွယ်စုရဲ့ စွမ်းရည်ကို မြင်ချင်နေတာ"
"စိန်ခေါ်လို့ ရတယ်ဟုတ်လား"
ရှီးကျန့် ဝမ်းသာသွားပြီး ဖန့်ချန်ကို ချက်ချင်း ကြည့်လိုက်သည်။
"ငါ မင်းကို စိန်ခေါ်မယ်။"
ကျန်သည့် လေးဦးမှာ စိတ်သက်သာရာ ရသွားကြသည်။
ရှီးကျန့်နှင့် တိုက်ခိုက်ရလျှင် နိုင်နိုင်ရှုံးရှုံး သူတို့အတွက် အကျိုးမရှိဘဲ အဆိုးသာ ရှိသည် မဟုတ်ပါလော။
"ကျိုးချန်... မင်း ရှီးကျန့်နဲ့ တစ်ပွဲလောက် တိုက်ကြည့်လိုက်ဦး၊ ဘယ်သူက ပိုတော်သလဲဆိုတာ မြင်ရအောင်။ မင်း ရှုံးသွားရင်တော့ မင်းက သာမန်စစ်သည် ဖြစ်သွားပြီး၊ အထူးတပ်ဖွဲ့ဝင် ဘွဲ့ထူးကို ရှီးကျန့်ကို ပေးရလိမ့်မယ်။"
လော့အမှုဆောင်က ပြုံး၍ ဆိုသည်။
ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် လူအုပ်ထဲမှ ထွက်လာခဲ့သည်။
ရှီးကျန့်သည်လည်း လူအုပ်ထဲမှ ထွက်လာရာ၊ သူ၏ မျက်ခုံးအကြားရှိ နံရိုးတစ်ချောင်း ပေါ်တွင် ထူထပ်လှသော မီးဓာတ်စွမ်းအားများ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
သူ့စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ကိုယ်လုံးတွင် တောက်လောင်နေသော မီးလျှံများ ဝန်းရံသွားပြီး၊ ထိုမီးလျှံများမှာ တစ်ခါတစ်ရံ နဂါးကဲ့သို့၊ တစ်ခါတစ်ရံတွင် ဖီးနစ်ငှက်ကဲ့သို့၊ တစ်ခါတစ်ရံတွင်မူ လက်နက်မျိုးစုံအဖြစ် ပြောင်းလဲကာ ပုံသဏ္ဍာန်မျိုးစုံ ဖြစ်ပေါ်နေသည်။
"မီးဝိညာဉ်စွမ်းအားက တကယ်ကို ထူထပ်တာပဲ။"
လူအုပ်ကြီးမှာ အံ့သြသွားကြသည်။
အဘိညာဉ်နိုးထခြင်းနယ်ပယ် အတူတူဖြစ်သော်လည်း ရှီးကျန့်၏ မီးဝိညာဉ်စွမ်းအားမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ ထို့ကြောင့်လည်း သူက စိန်ခေါ်ဝံ့ခြင်း ဖြစ်ပေလိမ့်မည်။
သိသာသည်မှာ သူ၏ မြင့်မြတ်သော နောက်ခံကြောင့် သူသည် သာမန် အဘိညာဉ်နိုးထစ လူတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။
"လော့အမှုဆောင်... တိုက်ခိုက်တဲ့နေရာမှာ ဘာစည်းကမ်းတွေ ရှိလဲဗျ။"
ရှီးကျန့်က ရုတ်တရက် မေးလိုက်သည်။
"မင်းတို့ကြားက တိုက်ပွဲမှာ အသက်အန္တရာယ် မရှိစေရဘူး၊ ကျန်တာကတော့ စိတ်ကြိုက်ပဲ။"
လော့အမှုဆောင်က ပြုံး၍ ဆိုကာ၊ လက်ကို ဝေ့လိုက်ပြီး မသေမျိုးစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ ဖန့်ချန်နှင့် ရှီးကျန့်တို့၏ ပတ်ပတ်လည်တွင် အကာအကွယ်တစ်ခု ပေါ်လာပြီး အပြင်လောကနှင့် ခွဲခြားလိုက်သည်။
ရှီးကျန့်သည် ထိုအခြေအနေကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ လှိုင်းတံပိုးကဲ့သို့ ပြင်းထန်လှသော မီးပင်လယ်ကြီးကို ဖန့်ချန်ထံသို့ စတင် ထုတ်လွှတ်လိုက်သည်။ ထိုမီးပင်လယ် ဖြတ်သန်းရာ နေရာတိုင်းတွင် အရာအားလုံးကို ဝါးမြိုပစ်တော့မည့် အပြင်းထန်ဆုံးသော ဖျက်ဆီးလိုသည့် အရှိန်အဝါများ ပြည့်နှက်နေသည်။
ဖန့်ချန်မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း၊ လက်ဖဝါးထဲတွင် ပြာလဲ့လဲ့ လျှပ်စီးဓားသွား တစ်ခုကိုသာ စုစည်းလိုက်ပြီး လက်ကို ဝေ့ကာ ခုတ်ပိုင်းလိုက်သည်။
မီးပင်လယ်ကြီးမှာ နှစ်ခြမ်းကွဲသွားပြီး၊ လျှပ်စီးဓားသွားမှာ ရှီးကျန့်၏ ကိုယ်ပေါ်သို့ ကျရောက်သွားရာ၊ သူသည် လွင့်ထွက်သွားပြီး အကာအကွယ်နံရံကို ပြင်းထန်စွာ ဆောင့်မိကာ ထိုနေရာမှာတင် မေ့လဲသွားတော့သည်။
ပတ်ဝန်းကျင်ရှိ မီးလျှံများမှာ ဒီရေကဲ့သို့ ပြန်လည် ဆုတ်ခွာသွားကြပြီး၊ ခုနက ဖြစ်ပျက်ခဲ့သမျှမှာ အိမ်မက်တစ်ခုကဲ့သို့ပင်။
လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ဆွံ့အသွားကြသည်။
တစ်ကွက်တည်းပဲလား
အခန်း (၁၈၁၀) - မဟာမန် စစ်ဒေသ
ရှီးကျန့်သည် သုံးစက္ကန့်ခန့် မေ့မြောသွားပြီးနောက် သတိပြန်လည်လာခဲ့သည်။
သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်မှ လူများ၏ အံ့သြတုန်လှုပ်ဖွယ်ရာ အကြည့်များကို မြင်လိုက်ရသည့်အခါ ရှီးကျန့်၏ မျက်နှာမှာ တစ်ခဏချင်းပင် နီရဲသွားတော့သည်။
ဤအချိန်တွင် သူသည် မြေပြင်၌ အက်ကြောင်းတစ်ခုလောက်သာ ရှိလျှင် တိုးဝင်ပုန်းကွယ်လိုက်ချင်ပြီး၊ လျှို့ဖုန်းဂူ တမန်တော်ရုံးမှ ညတွင်းချင်းပင် ထွက်ပြေးသွားချင်မိသည်။
တစ်ကွက်... တစ်ကွက်တည်းသာ ရှိသေးသည်။ သူသည် တစ်ဖက်လူ၏ တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ဘဲ ခုနကမူ အထူးတပ်ဖွဲ့ဝင် ဖြစ်ထိုက်ခြင်း ရှိမရှိကို လူအများရှေ့တွင် အရှက်မရှိ ဝေဖန်ခဲ့မိသည် မဟုတ်ပါလော။
"ကဲ တော်ပြီ"
လော့အမှုဆောင်က ကြားဝင်စေ့စပ်ပေးလိုက်သည်
"မင်းတို့ နှစ်ယောက်လုံး လူအုပ်ထဲ ပြန်ဝင်ကြတော့။ အဘိညာဉ်မှာ အားကောင်းတာနဲ့ အားနည်းတာ ရှိတယ်ဆိုတာ ရှေးကတည်းက ရှိခဲ့တဲ့ အမှန်တရားပဲ။ ဒီအမှန်တရားကို ချိုးဖျက်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ပိုသန်မာအောင် လုပ်ရမယ်။"
"တကယ့် ပညာရှင်အစစ်အမှန်ဆိုတာ သဲတစ်ပွင့်ကိုတောင် သူတို့လက်ထဲမှာ နတ်ဘုရားတောင်တစ်တောင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်၊ မြေပြင်နဲ့ သံသရာကိုပါ နှိပ်ကွပ်နိုင်စွမ်း ရှိကြတာ"
ရှီးကျန့်၏ မျက်နှာမှာ ပို၍ပင် ပူထူလာပြီး သူ၏ အောက်ခြေတွင် မီးလျှံတစ်ခုက တောက်လျှောက် လောင်မြိုက်နေသကဲ့သို့ ခံစားနေရသည်။ သူသည် လူအုပ်ထဲ ပြန်ဝင်သွားပြီးနောက် ခေါင်းကိုသာ ငုံ့ထားပြီး သူ၏ စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံး ပြန်လည် တည်ငြိမ်အောင် ကြိုးစားနေတော့သည်။
ထိုအချိန်တွင် လော့အမှုဆောင်သည် အခြားအမှုဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် လူအများရှေ့တွင် ကြေညာလိုက်သည်။
"အခု ငါတို့ မင်းတို့ကို မဟာမန် စစ်ဒေသဆီ ပို့ဆောင်တော့မယ်"
နောက်တစ်ခဏတွင် သူတို့သည် လက်များကို ပူးပေါင်းကာ မသေမျိုးစွမ်းအား အချို့ကို လူတိုင်း၏ ခြေထောက်အောက်ရှိ ကွင်းပြင်ကျယ်ကြီးထဲသို့ ထိုးသွင်းလိုက်ကြသည်။
လူတိုင်းမှာ မိမိတို့၏ ခြေဖဝါးအောက်တွင် ရှေးဟောင်းဆန်းပြားလှသော အစီရင်အမှတ်အသားများ စီးဆင်းနေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
ထိုအမှတ်အသားများသည် သက်ရှိများကဲ့သို့ပင် မြေပြင်ပေါ်မှ ချက်ချင်း ရုန်းကြွလာပြီး လူတိုင်းကို ပင့်တင်လိုက်ကြသည်။
ထို့နောက် ပတ်ဝန်းကျင် ရှုခင်းများမှာ ကမ္ဘာပျက်သကဲ့သို့ လည်ပတ်သွားပြီး အချို့မှာ မူးဝေသွားသဖြင့် စိတ်အာရုံကို အမြန်ပင် ပြန်လည် စုစည်းလိုက်ရသည်။
ဤအခြေအနေမှာ လက်ဖက်ရည်တစ်ခွက်စာခန့် ကြာမြင့်ခဲ့ပြီး၊ ထိုကဲ့သို့ တိမ်တိုက်များကြား ရောက်နေသကဲ့သို့ ခံစားချက် မှေးမှိန်သွားချိန်တွင် ပတ်ဝန်းကျင် ရှုခင်းမှာ လုံးဝ ပြောင်းလဲသွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
သူတို့သည် လျှို့ဖုန်းဂူ တမန်တော်ရုံးမှ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး၊ အခြားသော စိမ်းသက်သည့် ကွင်းပြင်ကျယ်တစ်ခုအတွင်း ရောက်ရှိနေကြပြီ ဖြစ်သည်။
"လူ ငါးရာပဲလား လျှို့ဖုန်းဂူ တမန်တော်ရုံးက ဘာလုပ်နေတာလဲ ငါတို့ မဟာမန် စစ်ဒေသမှာ စစ်ရေးက အရေးကြီးနေတယ်ဆိုတာ သူတို့ မသိကြဘူးလား "
မကျေမနပ် ဖြစ်နေသော အသံတစ်ခုသည် လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။
လူတိုင်း မော့ကြည့်လိုက်ရာ၊ အနီရောင် ဆံပင်တိုတိုနှင့် လူငယ်တစ်ဦးက သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။ သူ၏ မျက်လုံးများထဲရှိ မကျေနပ်မှုများမှာ အထင်အရှားပင်။
ထိုလူငယ်၏ ဘေးတွင်လည်း ပုံရိပ်ပေါင်း တစ်ဆယ်ကျော် မတ်တတ်ရပ်နေကြပြီး၊ သူတို့၏ မျက်နှာများတွင်လည်း မကျေမနပ် ဖြစ်နေသည့် အမူအရာများဖြင့် လူတိုင်းကို အကဲခတ် စစ်ဆေးနေကြသည်။
"ဆရာကြီး... လူ ငါးရာဆိုတာ မဆိုးပါဘူး။ ဒီတစ်ခေါက် ဆရာကြီးက သူတို့ကို ဆဲဆိုလွှတ်လိုက်လို့သာပေါ့၊ မဟုတ်ရင် ပုံမှန်ဆို လူတစ်ရာ၊ နှစ်ရာပဲ ပေးတာ။"
"ဘယ်သူမဆို သိကြတာပဲ၊ မဟာမန် စစ်ဒေသကို လာရတာဟာ ဆင်းရဲဒုက္ခခံရဖို့ဆိုတာ။ အများစုကတော့ အဆက်အသွယ် ရှာပြီး တခြားစစ်ဒေသကို ပြောင်းကုန်ကြတာပဲ၊ မဟုတ်ရင်လည်း တမန်တော်ရုံးထဲမှာပဲ ကောင်းကောင်းမွန်မွန် နေကြတာပေါ့။ ဘယ်သူက ဒီကို လာချင်မှာလဲဗျာ"
ဝဝဖိုင့်ဖိုင့်နှင့် အဘိညာဉ်ရှင်တစ်ဦးက ပြုံး၍ ဆိုသည်။
ထိုသူ၏ ကျင့်စဉ်မှာ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်ဖြစ်သည့် လမ်းစဉ်ပေါင်းစပ်ခြင်းနယ်ပယ် သာ ဖြစ်သည်။
ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အခြေအနေကို သဘောပေါက်သွားသည်။
လျှို့ဖုန်းဂူ တမန်တော်ရုံး၏ အဆင့်အတန်းမှာ မမြင့်မားလှသကဲ့သို့၊ သူတို့ တာဝန်ယူရသည့် စစ်ဒေသ (၁၃) ခုမှာလည်း လော့ရွှယ်မဟာမိတ်အဖွဲ့အတွင်း စစ်ဒေသအငယ်စားများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ဤနေရာ၌ လာရောက်ကြိုဆိုသူမှာ အဆင့် ၉ ကျင့်ကြံသူ တစ်ဦးနှင့် လမ်းစဉ်ပေါင်းစပ်ခြင်းနယ်ပယ် တစ်စုသာ ဖြစ်နေခြင်းပင်။
"ထားလိုက်တော့"
နီရဲသော ဆံပင်တိုနှင့် လူငယ်က သက်ပြင်းချလိုက်ပြီး၊ ရှေ့မှ လူအုပ်ကြီးကို ခပ်အေးအေးပင် ကြည့်ကာ ပြောလိုက်သည်။
"ငါ့နာမည်က ဝမ်လန် ၊ မဟာမန် စစ်ဒေသရဲ့ စစ်သေနာပတိပဲ။ မဟာမန် စစ်ဒေသကို ရောက်လာပြီဆိုမှတော့ ဒီနေရာက ဘာကို ဆိုလိုသလဲဆိုတာ မင်းတို့ သိကြမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် နေမယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိနဲ့၊ အဲဒီလို စိတ်ကူးရှိရင် ငါ အာမခံရဲတယ်၊ ပထမဆုံး သေမယ့်သူဟာ မင်းပဲ ဖြစ်လိမ့်မယ်"
ဝမ်လန်၏ ထက်ရှသော အကြည့်များသည် လူတိုင်းကို ဝေ့ကြည့်လိုက်ရာ၊ မည်သူမျှ တုန်လှုပ်ချောက်ချားခြင်း မရှိသည်ကို မြင်သောအခါမှ ကျေနပ်သလို ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူး... ထိတ်လန့်မသွားဘူးဆိုတော့ သတ္တိရှိတဲ့ ပုံပဲ"
လူတိုင်း၏ မျက်လုံးထဲတွင် ဝင့်ကြွားမှုများ ပေါ်လာသည်။ သူတို့သည် အဘိညာဉ် နိုးထနိုင်သူများ ဖြစ်ကြသဖြင့် လူသောင်းချီတွင် တစ်ဦးသာ ရှိသည့် ထူးချွန်သူများ ဖြစ်ကြရာ သဘာဝအတိုင်း သတ္တိရှိကြသည် မဟုတ်ပါလော။
"ဝတုတ်... မင်းတို့ဘက်မှာ စစ်သည်ဆုံးရှုံးမှုက ပိုများနေတော့ ဒီနေ့ မင်းကို အရင်ဆုံး လူငါးဆယ် ရွေးခွင့်ပေးမယ်"
ဝမ်လန်က ထိုဝဝဖိုင့်ဖိုင့် ကျင့်ကြံသူကို ကြည့်ကာ ဆိုသည်။
ကျန်ရှိသည့် သူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ စကားမပြောကြပေ။
သို့သော် 'ဝတုတ်' ဟု ခေါ်ခံရသူက မကျေမနပ်ဖြင့်
"ဆရာကြီး... လွန်ခဲ့တဲ့ ရက်ပိုင်းက အဲဒီ အမှိုက်ကောင်တွေနဲ့ သွားချတာ၊ လူတစ်ရာကျော် ဒဏ်ရာရပြီး သေကုန်ကြတယ်လေ။ ဝိညာဉ်သတ္တုကြောကိုတောင် ဆုံးရှုံးရတော့မလို့။ ကျွန်တော့်ကို လူငါးဆယ်ပဲ ပေးရင် ဘယ်လိုလုပ် ဖြစ်မှာလဲ"
"ဒါဆို ရှစ်ဆယ်၊ ဒီထက် ပိုမပေးနိုင်တော့ဘူး။ တခြားနေရာတွေမှာလည်း လူလိုသေးတယ်"
ဝမ်လန်က စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ မျက်ခုံးအစပ်ကို နှိပ်နယ်ရင်း ပြောလိုက်သည်။
ဝတုတ်သည်လည်း မတတ်နိုင်တော့သဖြင့် ဖန့်ချန်တို့ လူအုပ်ဘက်သို့ လှည့်ကြည့်ကာ
"မင်းတို့ထဲမှာ... အထူးတပ်ဖွဲ့ဝင် ဘယ်နှစ်ယောက် ပါသလဲ "
ဝစ်... ဝစ်... ဝစ်
ရာနှင့်ချီသော အကြည့်များသည် ဖန့်ချန်တို့ လူငါးဦးထံသို့ ပြိုင်တူ ကျရောက်သွားကြသည်။
"အထူးတပ်ဖွဲ့ဝင် ငါးယောက်လား မဆိုးဘူးပဲ"
ဝတုတ်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ပြုံး၍ ဆိုသည်။
"မင်းတို့ ငါးယောက်လုံး ရှေ့ကို ထွက်ခဲ့ကြ"
"ဝတုတ်... မင်း လွန်သွားပြီနော်"
"ဒီလိုတော့ မလုပ်နဲ့လေ၊ အထူးတပ်ဖွဲ့ဝင် ငါးယောက်လုံးကို မင်းက ယူသွားမယ် ဟုတ်လား ဘာအကြောင်းနဲ့လဲ"
"ဆရာကြီး... သူ့ကို တစ်ချက်လောက် ထိန်းပေးပါဦး"
ချက်ချင်းပင် ဝမ်လန်၏ လက်ထောက်များမှာ ရှေ့သို့ ထွက်လာပြီး ဝတုတ်ကို ဝိုင်းအာကြတော့သည်။
"တစ်ယောက်ပဲ ခေါ်သွားလို့ ရမယ်၊ မင်းဘာသာ မင်းရွေး၊ မြန်မြန်လုပ်၊ ငါ ဒီမှာ အချိန်အကြာကြီး မဖြုန်းချင်ဘူး"
ဝမ်လန်က အေးစက်စက် အသံဖြင့် ဆိုလိုက်သည်။
"တစ်ယောက်တည်းလား... နည်းတော့ နည်းတာပဲ..."
ဝတုတ်က တတွတ်တွတ် ရေရွတ်ရင်း ဖန့်ချန်တို့ ငါးဦးကို ပြုံး၍ ကြည့်သည်။
"မင်းတို့ ငါးယောက်... ဘယ်လို အဘိညာဉ်တွေ နိုးထထားကြတာလဲ တစ်ချက်လောက် ပြကြဦး"
ကျန်သည့် လေးဦးမှာ မသိစိတ်ဖြင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်ကြပြီး ချက်ချင်း ထုတ်မပြကြပေ။
ဝတုတ်က တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် သူ၏ ဉာဏ်အလင်းပွင့်နေသော မျက်လုံးများဖြင့် ဖန့်ချန်ကို စိုက်ကြည့်ကာ
"လာ... မင်းအရင်ပြ"
ဖန့်ချန်၏ လက်ဖဝါးထဲတွင် ပြာလဲ့လဲ့ လျှပ်စီးစွမ်းအားများ ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ လူတိုင်း တုံ့ပြန်ရန် အချိန်မရခင်မှာပင် ဝတုတ်က အော်လိုက်သည်။
"မင်းပဲ ငါ မင်းကို ရွေးတယ် "
ကျန်သည့် လေးဦးကိုမူ သူ ထပ်မကြည့်တော့ပေ၊ မိမိလက်ထဲမှ ဤအထူးတပ်ဖွဲ့ဝင်ကို တစ်စုံတစ်ယောက်က လုယူသွားမည်ကို စိုးရိမ်နေသည့်ပုံပင်။
လျှပ်စီးဓာတ် အဘိညာဉ်ဆိုသည်မှာ မည်သည့် စစ်ဒေသမှာမဆို အလွန်ပင် မျက်နှာပွင့်သည့် အရာဖြစ်သည် မဟုတ်ပါလော။
"လျှပ်စီးအဘိညာဉ် ဖြစ်နေတာကိုး..."
ဝမ်လန်ပင်လျှင် အနည်းငယ် အံ့သြသွားသည်။
သူ၏ လက်ထောက်များမှာလည်း ဝတုတ်နှင့် လုယူရန် ရှေ့တိုးလာကြသော်လည်း နောက်ဆုံးတွင် ဝမ်လန်ကပင် ဖိနှိပ်လိုက်ရသည်။
"ငါ တစ်ချက်ပြောရင် တစ်ချက်ပဲ၊ ဝတုတ်ကို အရင်ရွေးခွင့်ပေးမယ်ဆိုရင် ပေးရမှာပဲ"
"ကျေးဇူးတင်ပါတယ် ဆရာကြီး... ကျေးဇူးတင်ပါတယ်"
ဝတုတ်က တဟီးဟီး ရယ်မောလိုက်ပြီးနောက် ကျန်ရှိသည့် လူ (၇၉) ဦးကို စတင် ရွေးချယ်တော့သည်။
ရှီးကျန့်မှာ တစ်ဖက်လူက လူတွေကို ရွေးနေသော်လည်း မိမိဘက်ကို တစ်ချက်ကလေးမှ လှည့်မကြည့်သည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြီး အလိုအလျောက် ရှေ့သို့ တစ်လှမ်းတိုးကာ ဆိုလိုက်သည်။
"လူကြီးမင်း... ကျွန်တော့်ကို ရွေးပါ"
"မင်းကို ရွေးရမယ်"
ဝတုတ်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး ရှီးကျန့်ကို အထက်အောက် အကဲခတ်ကြည့်ကာ
"ဘာအကြောင်းကြောင့်လဲ"
"ကျွန်တော်... ကျွန်တော်က သူတို့ထက် ပိုသန်မာလို့ပါ"
ရှီးကျန့် စိုးရိမ်တကြီးဖြင့် အဘိညာဉ်ကို ချက်ချင်း ထုတ်ဖော်လိုက်ရာ၊ တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများ ထွက်ပေါ်လာသည်။ သူ၏ ကျင့်စဉ်အခြေခံမှာ အမှန်တကယ်ပင် သာမန် အဘိညာဉ်နိုးထစ ကျင့်ကြံသူများထက် သိသိသာသာ ပိုမိုနက်ရှိုင်းလှသည်။
"ကောင်းပြီ... ဒါဆို မင်းကိုလည်း ယူမယ်"
ဝတုတ်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး စကားအများကြီး ဆက်မပြောတော့ပေ။
ရှီးကျန့်က သူ၏ ရင်ထဲမှ ဝမ်းသာမှုကို ဖိနှိပ်ကာ ဖန့်ချန်ကို တည်ငြိမ်ဟန်ဖြင့် ဆိုလိုက်သည်။
"ကျိုးမိတ်ဆွေ... နောင်မှာ လမ်းညွှန်ပေးပါဦး"
"အင်း"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
'ဒီကောင်လေးက ရှေ့ကတစ်ယောက်နောက်ကို လိုက်ချင်နေတာကိုး၊ ကြည့်ရတာ ရှေ့ကတစ်ယောက်က တကယ်ကို တော်တဲ့ပုံပဲ'
ဝတုတ်သည် အခြေအနေကို ရိပ်မိသွားပြီး မျက်လုံးထဲတွင် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ လူရွေးပြီးနောက် ဝမ်လန်ကို နှုတ်ဆက်ကာ ဖန့်ချန်တို့ လူစုကို ခေါ်ဆောင်၍ လေထဲသို့ ပျံတက်သွားတော့သည်။
"မင်းတို့ကို ငါ့ဘက်က အခြေအနေလေး အရင်ပြောပြထားမယ်။ ငါက ဝိညာဉ်သတ္တုကြော တစ်ခုကို စောင့်ကြပ်ရတာ၊ အဲဒီမှာ အမြဲတမ်း ရန်စစ် လိုမျိုး အမှိုက်ကောင်တွေရဲ့ နှောင့်ယှက်မှုကို ခံနေရတာ။"
"သုံးရက်တစ်ခါ တိုက်ပွဲငယ် ဖြစ်တယ်၊ ဆယ်ရက်တစ်ခါ တိုက်ပွဲကြီး ဖြစ်တယ်။ မင်းတို့သာ စွမ်းဆောင်ရည် ကောင်းမယ်ဆိုရင် ငါက မင်းတို့ကို လော့ရွှယ်မဟာမိတ်အဖွဲ့ထဲ စောစောဝင်ခွင့်ပေးပြီး လစာ ရိက္ခာတွေ ထုတ်ပေးမယ်။"
"ဒါပေမဲ့ စွမ်းဆောင်ရည် မကောင်းရင်တော့ စောင့်နေပေဦးတော့၊ ဆယ်နှစ်ဖြစ်ဖြစ်၊ ရှစ်နှစ်ဖြစ်ဖြစ် ပြားစေ့တစ်စေ့တောင် ရမှာမဟုတ်ဘူး"
ဝတုတ်က တဂါးဂါး ရယ်မောလိုက်သည်။
လူတိုင်းမှာ ထိတ်လန့်သွားကြပြီး ရှီးကျန့်က မေးလိုက်သည်။
"ဘယ်လိုမျိုးမှ စွမ်းဆောင်ရည် ကောင်းတယ်လို့ သတ်မှတ်တာလဲ "