ဓားတစ်ချက်တည်းဖြင့် အသက်နှင့်သေခြင်းကို ပိုင်းဖြတ်ခြင်း
Vol. 12 Ch. 124
ချူကျန့်က သူနှင့် အနက်ရောင် ဝတ်စုံဝတ် လူတို့၏ အမေးအဖြေ အပြန်အလှန် စကားပြောဆိုမှုများကို အေးစက်စက် ရပ်ကြည့်နေခဲ့သည်။
ရုတ်တရက် သူက လူအုပ်ထဲရှိ အနက်ရောင် ဝတ်စုံဝတ် ကစားသမားများကို လက်ညှိုးထိုးကာ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်တော့၏။
“ဒီလူတွေ ကျန်ခဲ့ရမယ် သူတို့ကို ကျုပ် ကိုယ်တိုင် ရှင်းမယ် ကျန်တဲ့ သူတွေ အားလုံး... ထွက်သွားကြတော့”
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ချည်း.. တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။ တိုက်ခိုက်နေကြသော ယွဲ့ပုချွင် နှင့် နင်းကျုံးဇီ ပင်လျှင် တိုက်ပွဲစက်ဝန်းထဲမှ ခုန်ထွက်ကာ အံ့အားသင့်စွာဖြင့် လှမ်းကြည့်လာကြသည်။
ထို့နောက် နေရာအနှံ့မှ စူးရှလှောင်ပြောင်သော ရယ်သံများ တဟုန်ထိုး ပေါက်ကွဲထွက်လာတော့၏။
“ဟေ့ကောင်လေး... ငါတို့က မင်းဆရာရဲ့ မျက်နှာကို ထောက်ပြီး သူရဲကောင်း လူငယ်လေး လို့ ခေါ်ပေးနေတာနော် မင်းကိုယ်မင်း တကယ် လူရာဝင်နေပြီ ထင်နေတာလား”
“အေးလေကွာ... သွေးဓားဂိုဏ်း ဆိုတာ အပြင်ဘက်က မိစ္ဆာဂိုဏ်း သေးသေးလေး တစ်ခုပါပဲကွာ သွေးဓား အဘိုးအို တစ်ယောက်လောက်ကို သတ်နိုင်တာနဲ့ပဲ ဒီလောက်တောင် ဝင့်ကြွားနေပြီလား”
“မင့်ဆရာ ကိုယ်တိုင် လာရင်တော့ ငါတို့က မျက်နှာ နည်းနည်းပါးပါး ပေးကောင်း ပေးနိုင်လိမ့်မယ် မင်းက ဘာကောင်မို့လို့လဲ”
ဤတစ်ကြိမ်တွင်တော့ တင်းမျန် က သူတို့၏ လှောင်ပြောင် ရယ်မှုများကို မတားမြစ်တော့ချေ။ ရယ်သံများ တိတ်ဆိတ်သွားပြီးနောက်မှ မှုန်ကုပ်နေသော မျက်နှာဖြင့် ပြောလာ၏။
“သူရဲကောင်း လူငယ်လေး ချူ... မင်း လုပ်ရပ်က နည်းနည်းတော့ လွန်မသွားဘူးလား ငါတို့ မဟာ တောင်ငါးလုံး ဓားဂိုဏ်း ကလည်း မင့်ဆရာ သူရဲကောင်းကြီး ကော ရဲ့ ရှန်းချန်မြို့ကို ရဲရဲဝံ့ဝံ့ ကာကွယ်ခဲ့တဲ့ လုပ်ရပ်ကို လေးစားပါတယ် ဒီနေ့ ကိစ္စအတွက် မင်းကို အပြစ်မယူတော့ဘူး... မင်း ထွက်သွားလို့ ရပြီ”
ချူကျန့်က ရုတ်တရက် အသံထွက်၍ ရယ်လိုက်၏။
“ကျုပ်က ထွက်မသွားဘူး ဆိုရင်ရော”
“ဒါဆိုရင်တော့... မင်းကို ကြိုးနဲ့ တုပ်ပြီး မင်းဆရာ သူရဲကောင်းကြီး ကော ဆီကို ပြန်ပို့ပြီး သေချာ ဆုံးမခိုင်းရတာကို အပြစ်မတင်နဲ့”
ပြောပြောဆိုဆိုနှင့်ပင် တင်းမျန် က ရှေ့သို့ တစ်လှမ်း တိုးလာရာ သူ၏ အရှိန်အဝါများက ရုတ်တရက် ကြီးမားလာတော့၏။
ဟွာဆန်းဂိုဏ်းဝင် များ အနေနှင့် သူရဲကောင်း လူငယ်လေး ချူ ၏ လေသံမှာ အနည်းငယ် မာနကြီးလွန်းသည်ဟု ခံစားမိသော်ငြား သူသည် သူတို့ဘက်မှ ရပ်တည်ပေးနေခြင်း ဖြစ်ရာ အားလုံးက သူ့အတွက် တိတ်တဆိတ် စိုးရိမ်ပူပန်နေကြလေသည်။
'သူရဲကောင်း လူငယ်လေး ချူ ရဲ့ ဂုဏ်သတင်းက ကြီးမားတယ် ဆိုပေမယ့် တင်းမျန် က ဆုန်းရှန်းဂိုဏ်း မှာ ဒုတိယမြောက် အစွမ်းအထက်ဆုံး သိုင်းဆရာကြီးလေ သူ့ရဲ့ အားပါလှတဲ့ လက်ဝါးသိုင်းကြောင့် "စေတီပင့် လက်ဝါး" လို့တောင် နာမည်ကျော်တာ ဆရာ ကိုယ်တိုင်တောင် နိုင်ဖို့ မလွယ်တာကို သူရဲကောင်း လူငယ်လေး ချူ တစ်ယောက်တည်းနဲ့ကတော့ ဘယ်လိုလုပ်ပြီး အနိုင်ရနိုင်မှာလဲ'
“ကျုပ်ကို ကြိုးနဲ့ တုပ်မယ် ဟုတ်လား”
ချူကျန့်က အေးစက်စက် မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။
“ခင်ဗျား လုပ်နိုင်မယ် ထင်လို့လား”
ထို အေးစက်တည်ငြိမ်သော စကားလုံးများနှင့်အတူ၊ ချူကျန့်က သူ၏ ခါးကို ဖြည်းညင်းစွာ မတ်လိုက်၏။
ထို သေးငယ်သော လှုပ်ရှားမှုလေးကပင် လူတိုင်း၏ ကျောရိုးထဲသို့ စိမ့်တက်သွားစေရန် လုံလောက်လှပေသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော သမိုင်းမတင်မီခေတ်က သားရဲကြီး တစ်ကောင် အိပ်စက်ရာမှ နိုးထလာသည့်အလား အားလုံး၏ ခန္ဓာကိုယ်များ တုန်ရီသွားကြရတော့၏။
သူတို့၏ ရှေ့မှောက်ရှိ သာမန်ပုံပေါက်နေပြီး ရိုးသားဖြောင့်မတ်ပုံ ရသော ထိုလူငယ်လေးမှာ မျက်စိတစ်မှိတ်အတွင်း လုံးဝ ပြောင်းလဲသွားချေပြီ။
အိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက် သို့မဟုတ် လက်သည်းများ ထုတ်ပြလာသော ခြင်္သေ့မင်း တစ်ကောင်အလား အလွန် ကြီးမားပြီး အေးစက်လှသော အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်မှ တဟုန်ထိုး ပေါက်ကွဲထွက်လာတော့သည်။
လူတိုင်း၏ မျက်စိထဲတွင် သွေးချောင်းစီးပြီး အလောင်းကောင်တွေ တောင်လို ပုံနေသော နေရာ၌ ရပ်ကာ သက်ရှိသတ္တဝါ အားလုံးကို ပုရွက်ဆိတ်လေးများပမာ သဘောထားနေသော စစ်နတ်ဘုရား တစ်ပါးကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေတော့၏။
ဆုန်းရှန်းဂိုဏ်း မှ သိုင်းဆရာကြီး တင်းမျန် ပင်လျှင် အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်သွားမိပြီး ကြောက်ရွံ့မှုများ ရောယှက်နေသော တုန်ရီနေသည့် အသံဖြင့် အော်ဟစ်လိုက်မိသည်။
“မင်း... မင်း ဘာလုပ်မလို့လဲ”
ချူကျန့်က သူ့ကို အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လက်သုံး ဓားကို ဆွဲထုတ်ကာ အားကုန် ခုတ်ပိုင်းချလိုက်တော့၏။
ဤဓားချက်၏ တောက်ပမှုနှင့် အဟုန်ကို မည်သူကမျှ စကားလုံးများဖြင့် ဖော်ပြနိုင်စွမ်း ရှိမည် မဟုတ်ချေ။
စက္ကူတစ်ရွက်ပမာ ပါးလွှာပြီး တစ်လက်လုံး အနက်ရောင် ရှိနေသော ဓားပျော့လေးမှာ အိမ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မျက်စိကျိန်းမတတ် အနီရောင် အလင်းတန်းများ ထွက်ပေါ်လာတော့၏။ သံမဏိထက်ပင် မာကျောနေသော လိမ္မော်နီရောင် ဓားသွားကြီးက တင်းမျန် ဆီသို့ တည့်မတ်စွာ ခုတ်ပိုင်းချလာသည်။
‘မြန်လိုက်တာ’
ထိုအရာက လူတိုင်း၏ ပထမဆုံး ခံစားချက်ပင် ဖြစ်၏။ သို့သော် ရင်ထဲသို့ အမှန်တကယ် စိမ့်ဝင်သွားစေခဲ့သည်မှာ ဤဓားချက်အတွင်း ပါဝင်နေသော ပြိုင်ဘက်ကင်း လွှမ်းမိုးနိုင်မှုနှင့် လူသတ်လိုသော ရမ္မက်များပင် ဖြစ်၏။ ပတ်ဝန်းကျင်ရှိ လေထုနှင့် သက်ရှိများ အားလုံးကို ဤဓားချက် တစ်ချက်တည်းဖြင့် ပိုင်းဖြတ်ပစ်လိုက်သည့်အလား ကြောက်မက်ဖွယ်ကောင်းသော မရဏ အငွေ့အသက်များကသာ နေရာအနှံ့ လွှမ်းမိုးသွားတော့၏။
ဓားတစ်ချက်တည်းဖြင့် အသက်နှင့်သေခြင်းကို ဆုံးဖြတ်နိုင်ပြီး တပ်မ တစ်ထောင်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
တင်းမျန် ၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။ ဘာမှ တွေးတောမနေတော့ဘဲ နောက်သို့ ကပျာကယာ ဆုတ်လိုက်ရင်း တစ်ချိန်တည်းမှာပင် သူ၏ ဓားကို ဆွဲထုတ်ကာ အသည်းအသန် ကာကွယ်လိုက်ရသည်။ သို့သော် ဓားချက်မှာ အလွန် မြန်ဆန်ပြီး ပြင်းထန်လွန်းလှရာ သူ၏ ဓားမှာ အိမ်ထဲမှ လုံးဝ မထွက်သေးမီမှာပင် ထို ဓားချက်ကြီး ဝင်ရောက်လာတော့၏။
“ချွင်...”
နားကွဲမတတ် ကျယ်လောင်လှသော ဓားချင်း ထိခိုက်သံကြီးနှင့်အတူ တင်းမျန် ၏ ဓားမှာ အိမ်နှင့်တကွ ထက်ပိုင်း ပြတ်သွားတော့၏။ သူ၏ ကိုယ်လုံးကြီးမှာ ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်သို့ လွင့်စင်သွားရသည်။ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ မျက်နှာ တစ်ခုလုံး ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
ချူကျန့်က သူ၏ လက်ကို ဖြည်းညင်းစွာ အောက်ချလိုက်ပြီး ဓားသွားကို မြေပြင်သို့ ချိန်ရွယ်ထားလိုက်၏။ သူက ပေါ့ပေါ့ပါးပါး ရပ်နေပုံ ရသော်ငြား ဤ "မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို" နှင့် သူ၏ ခန္ဓာကိုယ်မှာ တစ်သားတည်း ဖြစ်နေသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ် ငြိမ်သက်သွားပြီး ယုံကြည်မှု အပြည့်ဖြင့် ရပ်နေသော ထိုလူငယ်လေးကို လူတိုင်းက ထိတ်လန့်တကြား စိုက်ကြည့်နေကြတော့၏။
“အခုနက ဓားချက်က...ကျုပ် ခွန်အားရဲ့ ထက်ဝက်ပဲ သုံးထားသေးတာ”
ချူကျန့်က အေးစက်စက် ပြောလိုက်ပြီး သူ၏ အကြည့်များက ပတ်ဝန်းကျင်သို့ ဝေ့ဝဲသွားသည်။
“ဘယ်သူ ထပ်စမ်းချင်သေးလဲ”
ထို ကြောက်ခမန်းလိလိ ဓားချက်ကြီးကို ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရပြီးနောက် မည်သူ တစ်ဦးတစ်ယောက်ကမျှ အသက်ရှူသံပင် မထွက်ရဲကြတော့ချေ။
အံ့အားသင့်ဆုံး ဖြစ်နေကြသူများမှာ ကျန်ရှိနေသေးသော အနက်ရောင် ဝတ်စုံဝတ် ကစားသမား တစ်ဒါဇင်ကျော်ပင် ဖြစ်၏။ ချူကျန့် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဂိမ်း တစ်ခုလုံးသို့ ကြေညာချက် တစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာတော့၏။
[ဒင်... ဂိမ်းတစ်ခုလုံးကို ကြေညာလိုက်ပါတယ်... ကစားသမား 'ချူလော့ကျွင်း' က 'မဟာသိုင်းလောက ခေတ်ကြီး' ရဲ့ ဆာဗာသစ်မှာ ပထမဆုံး နတ်အဆင့် ဓားသိုင်းဖြစ်တဲ့ 'ဓားတစ်ချက်တည်းနဲ့ အသက်နဲ့သေခြင်းကို ပိုင်းဖြတ်ခြင်း' ကို ကျန်းကျိုးက ဘုရားကျောင်းပျက်ကြီးထဲမှာ ဖန်တီးအောင်မြင်သွားခဲ့ပါပြီ အပိုဆုအနေနဲ့ အထူးပစ္စည်းတစ်ခုကိုလည်း ကျပန်းမဲနှိုက် ရရှိသွားပါတယ်[
ဒီအဖြစ်အပျက်ကို ဆာဗာသစ်ရဲ့ 'ပိုင်ရှောင်ရှန်းရဲ့ ဒဏ္ဍာရီမှတ်တမ်း' ထဲမှာ မှတ်တမ်းတင်ထားပြီးပါပြီ။ ကစားသမားတွေအားလုံး သူ့ကို စံနမူနာယူပြီး ကြိုးစားကြဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အောင်မြင်မှုတွေကို 'ပိုင်ရှောင်ရှန်းရဲ့ ဒဏ္ဍာရီမှတ်တမ်း' ထဲမှာ အမြန်ဆုံး မှတ်တမ်းတင်နိုင်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။]
[ဒင်... ဂိမ်း တစ်ခုလုံးကို ကြေညာလိုက်ပါတယ်... ကစားသမား 'ချူလော့ကျွင်း' ရဲ့ ပထမဆုံး နတ်အဆင့် ဓားသိုင်း 'ဓားတစ်ချက်တည်းနဲ့ အသက်နဲ့သေခြင်းကို ပိုင်းဖြတ်ခြင်း' က 'ကိုယ်ပိုင် ဖန်တီးထားတဲ့ သိုင်းပညာ အဆင့်သတ်မှတ်ချက် စာရင်း' ရဲ့ ထိပ်ဆုံးနေရာကို ထပ်ပြီး ရယူသွားပြန်ပါပြီ
ကစားသမားတွေအားလုံး ပိုပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။]
အနက်ရောင် ဝတ်စုံဝတ် ကစားသမားများ အားလုံး အထိတ်တလန့် ရေရွတ်လိုက်မိကြတော့၏။
‘နတ်အဆင့် ဓားသိုင်း တစ်ခုက ငါတို့ မျက်စိရှေ့မှာ ဖန်တီး အောင်မြင်သွားခဲ့တယ် တဲ့လား’
‘ဒါပေမဲ့ ချူလော့ကျွင်း က ဓားတစ်ချက်ပဲ ခုတ်လိုက်တာ မဟုတ်ဘူးလား အဲ့ဒီ ဓားတစ်ချက်တည်းက တကယ့် ဓားသိုင်း အပြည့်အစုံ တစ်ခု ဖြစ်နေတာလား ပြီးတော့ အဲ့ဒါကို နတ်အဆင့် လို့တောင် သတ်မှတ်လိုက်သေးတယ်ပေါ့’
'လာနောက်နေတာလား'
တင်းမျန် ၏ အစစ်အမှန် ခွန်အားကို သူတို့ ကောင်းကောင်း သိထားကြသည်။ ဆုန်းရှန်းဂိုဏ်း ၏ ဒုတိယမြောက် အစွမ်းအထက်ဆုံး သိုင်းဆရာကြီးကို သူ၏ ခွန်အား ထက်ဝက်မျှဖြင့် ခြေလှမ်း ဆယ်လှမ်းကျော် နောက်ဆုတ်သွားအောင် တွန်းလှန်နိုင်ခဲ့ခြင်းက... ဤ နတ်အဆင့် ဓားသိုင်း ၏ ကြောက်ခမန်းလိလိ စွမ်းအားကို သက်သေပြရန် အပြည့်အဝ လုံလောက်နေချေပြီ။
ယခုအခါ ချူကျန့် ထံမှ ရတနာများကို လုယူရန် ဆိုသော အတွေးမျိုး သူတို့ ခေါင်းထဲတွင် တစ်စက်ကလေးမျှပင် မရှိတော့ချေ။
ချူလော့ကျွင်း ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများက သူတို့ကို တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်သာ တိုက်တွန်းနေပြီး ဤ ကြောက်စရာကောင်းသော လူနှင့် ဘယ်တော့မှ ထပ်မဆုံချင်တော့ချေ။
ချူကျန့်၏ အကြည့်များ သူတို့ဆီသို့ ရောက်ရှိလာချိန်တွင် ထို အနက်ရောင် ဝတ်စုံဝတ် ကစားသမား တစ်ဒါဇင်ကျော်မှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မည်သူက စတင် ထွက်ပြေးသည် မသိ ကျန်ရှိနေသော ကစားသမားများ အားလုံး မြင်းပေါ် ခုန်တက်ကာ တရကြမ်း ထွက်ပြေးကြတော့၏။ အလွန် ရရှိရန် ခက်ခဲလှသော တုကူး ဓားသိုင်း ကိုးကွက် ရရှိနိုင်မည့် အထူး ဇာတ်လမ်းကွင်းဆက် ကိုပင် လုံးဝ မေ့လျော့သွားကြသည်။
သူတို့၏ ထွက်ပြေးမှုက အနက်ရောင် ဝတ်စုံဝတ် NPC များနှင့် ဆုန်းရှန်းဂိုဏ်းဝင် များကိုပါ ဂနာမငြိမ် ဖြစ်သွားစေတော့၏။
ချူကျန့်ကမူ သူတို့ နောက်သို့ လိုက်မသွားဘဲ တစ်လက်မမျှပင် မလှုပ်ရှားခဲ့ချေ။
သူသည် ဟွာဆန်းဂိုဏ်းဝင် များကို ကာကွယ်ပေးနေခြင်းကြောင့်သာ နောက်က မလိုက်ခြင်း ဖြစ်ကြောင်း အားလုံး ကောင်းကောင်း နားလည်ထားကြသည်။ မဟုတ်လျှင် သူ၏ သိုင်းပညာဖြင့် ထို ထွက်ပြေးနေသော လူများကို ဓားတစ်ချက်တည်းဖြင့် ဟင်းသီးဟင်းရွက်များအလား အလွယ်တကူ ခုတ်ပိုင်းနိုင်မည်မှာ သေချာလှပေသည်။
ချူကျန့်၏ အကြည့်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြည်းညင်းစွာ ဝေ့ဝဲကြည့်ပြီးနောက် နောက်ဆုံးတွင် ချုံးပုချီ ထံသို့ ရောက်ရှိသွားတော့၏။
“စောစောက...ခင်ဗျားက ကျုပ်ရဲ့ အဒေါ်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တယ် ထင်တယ်”
သူ၏ အကြည့်များအောက်တွင် ချုံးပုချီ တစ်ယောက် ဂနာမငြိမ် ဖြစ်သွားပြီး ခြေလှမ်း အနည်းငယ် နောက်ဆုတ်ကာ တုန်ရီနေသော အသံဖြင့် မေးလိုက်၏။
“ဘယ်... ဘယ်အဒေါ်လဲ”
“ယွဲ့ ကတော် က ကျုပ်နဲ့ ဒီနေ့မှ ပြန်ဆုံရတဲ့ နှစ်တွေအကြာကြီး ကွဲကွာနေခဲ့တဲ့ ကျုပ်ရဲ့ အဒေါ်ပဲ ကျုပ် ပြောဖူးပါတယ်... ကျုပ်အဒေါ်ရဲ့ ဆံပင် တစ်ပင်ကို ထိရဲတဲ့ လူ...အဲ့လူရဲ့ လက်ကို ဖြတ်ပစ်မယ်လို့”
ချူကျန့်က သူ၏ ဓားကို မြှောက်ကာ ဖြည်းညင်းစွာ ရှေ့သို့ လျှောက်လာနေသည်။
သူ၏ ခြေလှမ်းများက မမြန်ဆန်သော်ငြား ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် မျက်စိဖြင့် မမြင်နိုင်သော ကြောက်မက်ဖွယ် ဖိအားများ ပါဝင်နေတော့၏။
သူ၏ အရှေ့တွင် ရပ်နေခဲ့သော လုပိုင် နှင့် ထန်ရင်အယ် တို့ပင်လျှင် အလိုအလျောက် နောက်သို့ ဆုတ်သွားမိကြသည်။
ချုံးပုချီ ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့၏။ ဖုန်းပုဖျင် က လက်နှစ်ဖက် ဆုပ်မိုးကာ ဖျစ်ညှစ်၍ ပြုံးပြရင်း ပြောလိုက်သည်။
“အဲ့ဒါက ဟွာဆန်းဂိုဏ်း ရဲ့ အတွင်းရေး ယှဉ်ပြိုင်မှု သက်သက်ပါ ဂိုဏ်းတူ ညီလေး ချုံး က စော်ကားမိတာ ရှိရင်... သူရဲကောင်း လူငယ်လေး ချူ က ခွင့်လွှတ်ပေးပါဗျာ”
ချူကျန့် နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူက ဖုန်းပုဖျင် နှင့် ချုံးပုချီ တို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။
ထိုအချိန်တွင် လုံးဝ ကုန်ခမ်းသွားသော သူ၏ နတ်ဘုရား အလင်းဖြာ အတွင်းအား များမှာ အပြည့်အဝ ပြန်လည် ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်သော်လည်း နှလုံးသားဖြတ် အတွင်းအား မှာမူ ထက်ဝက်ခန့်သာ ပြန်လည် ပြည့်ဝလာသေးသည်။
သို့သော် ထိုမျှဖြင့်ပင် လုံလောက်နေချေပြီ။
အဘယ်ကြောင့်ဆိုသော် လျှို့ဝှက် သိုင်းလောက ၏ နံပါတ်တစ် သိုင်းဆရာကြီး ဖြစ်လာပြီးနောက် သွေးချောင်းစီးပြီး အလောင်းကောင်တွေ တောင်လိုပုံနေသော တိုက်ပွဲများမှ သူ တစ်ခုတည်းသော ဖန်တီးခဲ့သည့် ဓားသိုင်းမှာ ဂိမ်း စနစ်ကြီး၏ အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းကို ခံလိုက်ရပြီး ၎င်း၏ စွမ်းအားများမှာ ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။
[ဓားတစ်ချက်တည်းဖြင့် အသက်နှင့်သေခြင်းကို ပိုင်းဖြတ်ခြင်း] (ဓားသိုင်း)
အဆင့် - နတ်အဆင့်
ကျင့်ကြံမှု - အဆင့် (၁) / အဆင့် (၁)
အကျိုးသက်ရောက်မှု - ပျက်စီးဆုံးရှုံးနိုင်စွမ်း +၅၀၀% (အများဆုံး)၊ လွှမ်းမိုးနိုင်မှု စွမ်းအား +၅၀၀% (အများဆုံး)
ဖော်ပြချက် - ကစားသမား ချူလော့ကျွင်း ကိုယ်တိုင် ဖန်တီးထားသော နတ်အဆင့် ဓားသိုင်း ဖြစ်ပါသည်။ အလွန် ထူးခြားဆန်းကြယ်ပြီး ဓားချက် တစ်ချက်တည်းသာ ပါဝင်သည်။ ဤဓားချက်သည် လက်ရှိ အခြေအနေတွင် ရှိနေသော နတ်အဆင့် အတွင်းအား အားလုံးကို အသုံးပြုကာ မိမိ၏ ကန့်သတ်ချက်များထက် အဆပေါင်းများစွာ သာလွန်သော လွှမ်းမိုးနိုင်မှု အပြည့်ရှိသည့် ဓားချီကို ထုတ်ဖော် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။