ဒုတိယမြောက် ဓားချက်
Vol. 12 Ch. 125
ချူကျန့်၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေသော်လည်း သူ၏ မျက်လုံးများထဲရှိ သွေးရောင်လွှမ်းနေသော အလင်းတန်းများမှာ ပိုမို နက်ရှိုင်းလာတော့၏။
သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ အနည်းငယ် ကွေးတက်သွားပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်မှုနှင့် ရက်စက်မှု အရိပ်အယောင်များ လျှပ်တစ်ပြက် ပေါ်လာ၏။
“ခွင့်လွှတ်ရမယ်... စောစောက ကျုပ်အဒေါ် ဒဏ်ရာရတုန်းကကျတော့ ခင်ဗျားတို့က ဘာလို့ သနားညှာတာမှု တစ်စက်ကလေးမှ မပြခဲ့တာလဲ”
ချူကျန့်က အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်ပြီး အေးစက်နေသော ဓားသွားကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်၏။ ထိုအချိန်တွင် အဆုံးအစမဲ့သော လူသတ်ချင်စိတ်များက လေပြင်းတစ်ရပ်အလား တိုက်ခတ်သွားပြီး ဘုရားကျောင်းပျက်ကြီး ဘေးရှိ သစ်ပင်အိုကြီးဆီမှ ခြောက်သွေ့နေသော သစ်ကိုင်းများနှင့် သစ်ရွက်ဝါများ အဆက်မပြတ် ကြွေကျလာတော့သည်။
ချုံးပုချီ တစ်ယောက် သမိုင်းမတင်မီခေတ်က သားရဲကြီး တစ်ကောင်၏ စူးရဲသော အကြည့်များအောက်တွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ကျောရိုးထဲမှ အေးစိမ့်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထလာတော့၏။
ဤမျှ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးအောက်တွင် ချုံးပုချီက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားရှည်ကို အေးစက်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချူကျန့်၏ အရေးကြီး သွေးကြောဆုံများဆီသို့ လျှပ်စီးပမာ ထိုးသွင်းလိုက်တော့သည်။
သူက အရင်ဆုံး စတင် တိုက်ခိုက်လိုက်ခြင်းပင်။
ဖုန်းပုဖျင် ၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်၏။
“မလုပ်နဲ့...”
သူ စကားပင် မဆုံးလိုက် မှိန်ပျပျ ညအမှောင်ထုထဲတွင် မျက်စိကျိန်းမတတ် လိမ္မော်နီရောင် အလင်းတန်းကြီး တစ်ခုက လျှပ်စီးလက်သကဲ့သို့ ရုတ်တရက် တောက်ပလာတော့သည်။ ပြိုင်ဘက်ကင်း အစွမ်းထက်လှသော ဓားချီကြီးက မိုးပေါက်များကိုပင် မျက်စိတစ်မှိတ်အတွင်း လွင့်စင်သွားစေသည်။
ဤဓားချက်၏ လားရာကို မည်သူကမျှ အတိအကျ မမြင်လိုက်နိုင်ချေ။
လွှမ်းမိုးနိုင်မှု အပြည့်ရှိသော လိမ္မော်ရောင် အလင်းတန်းကြီးက ဓားရောင်ဟပ်နေသော အလင်းတန်းများနှင့် တိုက်ရိုက် ဝင်ရောက် ထိတိုက်မိသွားတော့၏။
“ဘုန်း...”
ကျယ်လောင်လှသော အသံကြီးနှင့်အတူ ချုံးပုချီ မှာ ခြောက်သွေ့နေသော မြက်ပင်လေး တစ်ပင်အလား နောက်သို့ လွင့်စင်သွားပြီး လေထဲတွင်ပင် ထက်ပိုင်း ပြတ်သွားကာ သွေးများက မြားတစ်စင်းပမာ ပန်းထွက်လာတော့သည်။
ကျန်ရှိနေသေးသော ဓားချီများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ရှေ့သို့ ပြေးဝင်လာသော ဖုန်းပုဖျင် ဆီသို့ ဆက်လက် ဦးတည်သွားသည်။
ဖုန်းပုဖျင် မှာ အထိတ်တလန့် ဖြစ်သွားပြီး သူ၏ ဓားကို အသည်းအသန် မြှောက်ကာ ကာကွယ်လိုက်ရ၏။
“ချွင်...”
ဓားချီက ဓားရှည်နှင့် ဝင်ဆောင့်မိသွားရာ ဖုန်းပုဖျင် ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။ သူ၏ လက်ထဲရှိ ဓားရှည်ဆီသို့ ပြိုင်ဘက်ကင်း အစွမ်းထက်ပြီး ဖျက်ဆီးနိုင်စွမ်း အပြည့်ရှိသော အင်အားကြီး တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည့်အခိုက် လက်မနှင့် လက်ညှိုးကြားရှိ ကြွက်သားများပင် ကွဲအက်သွားကာ ဓားရှည်မှာ လက်ထဲမှ လွတ်ထွက်သွားတော့၏။ သူ၏ ခန္ဓာကိုယ်မှာလည်း အလိုအလျောက် ခြေလှမ်း အတော်များများ နောက်ဆုတ်သွားရပြီး နောက်ဆုံးတွင် ဟန်ချက် မထိန်းနိုင်တော့ဘဲ ရွှံ့ဗွက်များထဲသို့ ဝုန်းခနဲ လဲကျသွားရှာသည်။ ရင်ဘတ်ထဲတွင် လှိုင်းထန်နေပြီး ပါးစပ်မှ သွေးများပင် ပန်းထွက်လာတော့၏။
ထက်ပိုင်း ပြတ်သွားသော ချုံးပုချီ နှင့် ဓားချီ ထိမှန်ရုံဖြင့် သွေးအန်ကာ လဲကျသွားသော ဖုန်းပုဖျင် တို့ကို ကြည့်ပြီး လူတိုင်း၏ မျက်နှာများမှာ ပြာနှမ်းသွားကြတော့သည်။ ပထမဆုံး ဓားချက်မှာ ခွန်အား ထက်ဝက်သာ သုံးထားသည် ဟူသော ချူလော့ကျွင်း ၏ စကားမှာ လုံးဝ လိမ်လည်နေခြင်း မဟုတ်ကြောင်း သူတို့ သဘောပေါက်သွားကြလေပြီ။ ဤ ဒုတိယမြောက် ဓားချက်၏ စွမ်းအားမှာ ပထမ ဓားချက်ထက် နှစ်ဆနီးပါး ပိုမို အစွမ်းထက်နေသည် မဟုတ်ပါလော။
ချူကျန့်က သူ၏ ဓားကို ဖြည်းညင်းစွာ အောက်ချလိုက်ပြီး မျက်နှာအမူအရာမှာလည်း ယခင်ကဲ့သို့ တည်ငြိမ် အေးဆေးသည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားသည်။ သူက ချုံးပုချီ ၏ အလောင်းကို ငုံ့ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။
“အစကတော့ ခင်ဗျားရဲ့ လက်တစ်ဖက်ကိုပဲ လိုချင်ခဲ့တာ၊ ဒါပေမဲ့ ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့လည်း... ဒီလိုပဲ ဖြစ်ရမှာပေါ့”
ထို့နောက် ဖုန်းပုဖျင် ၏ အနောက်ရှိ ဓားဂိုဏ်းခွဲ မှ တပည့်များနှင့် ဆုန်းရှန်းဂိုဏ်းဝင် များကို တစ်ချက် ဝေ့ကြည့်လိုက်၏။
“ဒီလူ.. သေတာ မတန်ဘူး ဝင်ပါချင်သေးတယ် ဆိုရင်လည်း... လာခဲ့ကြ”
တင်းမျန် က အတင်း ပြုံးပြလိုက်သော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်တော့ချေ။
အကယ်၍ ဤသို့သော ကြောက်ခမန်းလိလိ ဒုတိယမြောက် ဓားချက်ကြီးနှင့်သာ ရင်ဆိုင်ရပါက သူ၏ ကံကြမ္မာမှာလည်း ချုံးပုချီ ထက် ပိုကောင်းမည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိနေသည်။
သွေးဆုတ်ဖြူရော်နေသော ဖုန်းပုဖျင် ကို သူ၏ ဂိုဏ်းတူ ညီအစ်ကိုများက တွဲထူပေးလိုက်ကြ၏။ သူက အသက်ကို ဝအောင် ရှူလိုက်ပြီးနောက် လက်နှစ်ဖက် ဆုပ်မိုးကာ ပြောလိုက်သည်။
“ဒါက ဂိုဏ်းတူ ညီလေး က အရင် စော်ကားခဲ့တာမို့လို့ ဓားဂိုဏ်းခွဲ ဘက်ကနေ ပြောစရာ စကား မရှိပါဘူး”
ထို့နောက် တင်းမျန် ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်၏။
“ဆုန်းရှန်းဂိုဏ်း က ညီအစ်ကိုတွေ... ကျွန်တော် သိုင်းပညာ ညံ့ဖျင်းလို့ မဟာမိတ် ခေါင်းဆောင် ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်း မပေးနိုင်ခဲ့ဘူး ဟွာဆန်း ဂိုဏ်းချုပ် နေရာကို လုဖို့လည်း မျက်နှာ မရှိတော့ပါဘူး ကျွန်တော့် ကိုယ်စား တောင်းပန်ပေးကြပါ”
ထို့နောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်း ကြေကွဲမှုများနှင့် ရှုံးနိမ့်မှုများ အပြည့် ပါဝင်နေတော့သည်။ သူက ချုံးပုချီ ၏ အလောင်းကို ကောက်ယူကာ ဓားဂိုဏ်းခွဲ မှ တပည့် ခုနစ်ယောက် ရှစ်ယောက်ခန့်နှင့် အတူ မြင်းပေါ်တက်ပြီး ညအမှောင်ထုထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
တင်းမျန် က သူ၏ ဂိုဏ်းတူ ညီအစ်ကို နှစ်ဦးနှင့် အပြန်အလှန် ကြည့်လိုက်ကြပြီး ချူကျန့် ရှိနေသရွေ့ ယနေ့ည ကိစ္စများမှာ အဆင်ပြေမည် မဟုတ်တော့ကြောင်း နားလည်သွားကြသည်။ သူက အတင်း ပြုံးကာ ပြောလိုက်၏။
“သူရဲကောင်း လူငယ်လေး ချူ က တကယ့်ကို ကောကျင့် ရဲ့ တပည့်ပီသပါပေတယ် လေးစားပါတယ်... လေးစားပါတယ်ဗျာ”
သူက လက်ခါပြလိုက်ပြီး ဆုန်းရှန်း ထိုက်ရှန်း နှင့် ဟိန်ရှန်းဂိုဏ်းဝင် များကို မြင်းပေါ်မှနေ၍ ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။
ကျန်ရှိနေသေးသော အနက်ရောင် ဝတ်စုံဝတ် လူများလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ဒဏ်ရာရသူများကို တိတ်တဆိတ် ကောက်ယူကာ ကပျာကယာ ထွက်ပြေးသွားကြတော့၏။
ယွဲ့ပုချွင် မှာ ဤအစွမ်းထက်သော ရန်သူများကို ဖမ်းဆီးပြီး သူတို့၏ နောက်ခံကို စုံစမ်းရန် ချူကျန့်အား အကူအညီ တောင်းလိုသော်လည်း လည်ချောင်းဝတွင် တစ်ဆို့နေပြီး စကားမထွက်နိုင် ဖြစ်နေရရှာသည်။
ဤ သူရဲကောင်း လူငယ်လေး ချူ မှာ သူ၏ တပည့် မဟုတ်ချေ။
ဆန့်ကျင်ဘက် အနေဖြင့် သူနှင့် ဟွာဆန်းဂိုဏ်း တစ်ခုလုံး၏ အသက်သခင် ကျေးဇူးရှင်ကြီး ဖြစ်နေလေရာ မည်သို့များ အကူအညီ တောင်းရဲမည်နည်း။
ချူကျန့်က အနက်ရောင် ဝတ်စုံဝတ် လူများ မိုးရေထဲတွင် ပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ ရပ်ကြည့်နေပြီး စကားတစ်ခွန်းမျှ မဟခဲ့ချေ။
သူ မလှုပ်ရှားသဖြင့် ဟွာဆန်းဂိုဏ်းဝင် များလည်း အချင်းချင်း မျက်နှာချင်း ကြည့်ကာ တစ်လက်မမျှ မလှုပ်ရဲကြတော့ပေ။ ဤလူငယ်လေး၏ ကျောပြင်မှာ တောင်ကြီး တစ်လုံးအလား ကြီးမား ခန့်ညားလွန်းနေပြီး သူ၏ ခွန်အားများကို မှန်းဆ၍ပင် မရနိုင်တော့ဟု ခံစားနေကြရသည်။
သူတို့၏ "စူပါ သိုင်းဆရာကြီး" သူရဲကောင်း လူငယ်လေး ချူ မှာ သူ၏ ဒန်တျန် အတွင်း ကုန်ခမ်းသွားသော အတွင်းအားများကို ပြန်လည် ဖြည့်တင်းရန်အတွက် နတ်ဘုရား အလင်းဖြာ ကျင့်စဉ် ကို အစွမ်းကုန် လည်ပတ်နေရရှာကြောင်း မည်သူကမျှ မသိရှိကြချေ။
ဓားတစ်ချက် အခုတ်တွင် သူ၏ အတွင်းအားများ အားလုံး အကုန်အစင် သုံးစွဲလိုက်ရသဖြင့် ဂိမ်းထဲသို့ စတင် ဝင်ရောက်လာသော လူသစ် တစ်ယောက်နီးပါး အားနည်းသွားရသည်။
ဤနေရာရှိ မည်သူမဆို သူ့ကို လက်သီး တစ်ချက်လေး ထိုးလိုက်ရုံဖြင့် အလွယ်တကူ ဒဏ်ရာရသွားစေနိုင်စွမ်း ရှိပေ၏။
ဒါက တကယ့်ကို "အောင်မြင်မှု မဟုတ်လျှင် သေခြင်း" ပင် ဖြစ်ပြီး "ဓားတစ်ချက်တည်းဖြင့် အသက်နှင့်သေခြင်းကို ပိုင်းဖြတ်ခြင်း" ဆိုသော အမည်မှာ တကယ့်ကို လိုက်ဖက်လှပေသည်။
အကယ်၍ ယနေ့ည အခြေအနေမှာ အလွန် ဆိုးရွားနေပြီး ရန်သူများကို ခြိမ်းခြောက်ရန် သူ၏ ဩဇာအာဏာကို မဖြစ်မနေ ပြသရမည့် အနေအထားမျိုး မဟုတ်ခဲ့ပါက အလွန် သတိကြီးတတ်သော ချူကျန့် အနေဖြင့် ဤမျှ ကြီးမားသော စွန့်စားမှုကို ပြုလုပ်၍ ဓားချက် နှစ်ချက် ဆက်တိုက် ခုတ်ပိုင်းခဲ့မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် နတ်ဘုရား အလင်းဖြာ ကျင့်စဉ် ၏ "အဆုံးမဲ့ ရှင်သန်ခြင်း" အာနိသင်မှာ တကယ့်ကို အစွမ်းထက်လှရာ အချိန်တို အတွင်းမှာပင် သူ၏ အတွင်းအား ထက်ဝက်ကျော်ခန့် ပြန်လည် ပြည့်ဖြိုးလာခဲ့လေပြီ။
ထိုအခါမှသာ သူက နောက်သို့ လှည့်ကာ ဟွာဆန်းဂိုဏ်းဝင် များဆီသို့ လက်နှစ်ဖက် ဆုပ်မိုးပြီး နှုတ်ဆက်လိုက်၏။
“အားလုံးပဲ... နောက်မှ ပြန်ဆုံကြတာပေါ့”
ပြောပြောဆိုဆိုနှင့်ပင် ကျန်းရှောင်ယွီကို လက်ယပ်ခေါ်ကာ မည်းမှောင်နေသော မိုးရေထဲသို့ ပျောက်ကွယ်သွားတော့သည်။
ကျန်းရှောင်ယွီက အော်ဟစ် နှုတ်ဆက်လိုက်ပြီး ကပျာကယာ နောက်မှ လိုက်ပါသွားတော့၏။
သူတို့ နှစ်ဦး အဝေးသို့ ရောက်သွားပြီးမှသာ ဟွာဆန်းဂိုဏ်းဝင် များ အားလုံး အားအင် ကုန်ခမ်းသွားသည့်အလား သက်ပြင်းချနိုင်ကြတော့သည်။ အနိုင်နိုင် တောင့်ခံထားရသော တပည့် အများအပြားမှာ ရွှံ့ဗွက်များထဲတွင်ပင် ဂရုမစိုက်တော့ဘဲ အရုပ်ကြိုးပြတ် လဲကျသွားကြသည်။
ယွဲ့လင်ရှန်း မှာ မနေနိုင်တော့ဘဲ မေးလိုက်၏။
“အမေ... အမေက တကယ်ပဲ သူရဲကောင်း လူငယ်လေး ချူ ရဲ့ အဒေါ်လားဟင် သမီးမှာ ဒီလို မောင်နှမ ဝမ်းကွဲ ရှိတယ် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး”
အားလုံးကလည်း နားစွင့်နေကြသည်။ အကယ်၍ ဤမျှ အစွမ်းထက်လှသော သူရဲကောင်း လူငယ်လေး ချူ မှာ ဟွာဆန်းဂိုဏ်း ၏ ဆွေမျိုးသာ တကယ် ဖြစ်နေမည် ဆိုပါက သူတို့တော့ ထီပေါက်ပြီ မဟုတ်လော။
နင်းကျုံးဇီ က အတင်း ပြုံးပြလိုက်ပြီး...
“အရူးမလေး... သူ့ မျိုးရိုးက ချူ အမေ့ မျိုးရိုးက နင်း လေ ဘယ်လိုလုပ်ပြီး အမေက သူ့အဒေါ် ဖြစ်ရမှာလဲ”
“သူ့ မျိုးရိုး အစစ်က နင်း ဖြစ်ပြီး 'ချူ' ဆိုတာက နာမည်ဝှက် သက်သက်များလား... သူက အမေနဲ့ ကွဲကွာနေတာ ကြာပြီ လို့ ပြောတယ် မဟုတ်လား”
ယွဲ့လင်ရှန်း က အရှုံးမပေးဘဲ ဆက်မေးသည်။
“သူက ငါတို့ ဟွာဆန်းဂိုဏ်း ရဲ့ အသက်သခင် ကျေးဇူးရှင်ကြီးပါ အဲ့ဒီအကြောင်း ထပ်မပြောပါနဲ့တော့... သမီးက သူရဲကောင်း လူငယ်လေး ချူ ကို အခွင့်အရေး ယူချင်နေတာပဲ သူက ဟွာဆန်းဂိုဏ်း ရဲ့ ကိစ္စတွေမှာ ဝင်ပါဖို့ အကြောင်းပြချက် တစ်ခုအနေနဲ့ အဲ့ဒီလို ပြောလိုက်ရုံ သက်သက်ပါ”
နင်းကျုံးဇီ က သက်ပြင်းချလိုက်ပြီး...
“ကိုယ့်ကျေးဇူးကို တုံ့ပြန်ဖို့ မမျှော်လင့်တတ်တဲ့ တကယ့်ကို သဘောကောင်းတဲ့ ကလေးလေးပဲ သူရဲကောင်းကြီး ကောကျင့် မှာ တကယ့်ကို တပည့်ကောင်းလေး ရှိတာပဲ အစ်ကိုကြီး... အဲ့ဒီလို မထင်ဘူးလား”
ယွဲ့ပုချွင် က ခေါင်းညိတ် ထောက်ခံလိုက်သော်လည်း စိတ်ထဲတွင်မူ တွေးတောနေမိ၏။
'ကောကျင့် နဲ့ ဟွမ်ရုံ က ဓားသိုင်း တတ်တယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး...'
ဟွာဆန်းဂိုဏ်း ၏ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် မျိုးဆက်သစ် လူငယ်လေး တစ်ဦး၏ ကယ်တင်ခြင်းကို ခံလိုက်ရသဖြင့် သူ အတော်လေး သိက္ခာကျသွားသည်ဟု ခံစားနေရသည်။ ထို့ကြောင့် စကားဆက်မပြောတော့ဘဲ တပည့်များကို ဒဏ်ရာများ ကုသရန်နှင့် အဝတ်အစားများ လဲလှယ်ရန်သာ အမိန့်ပေးလိုက်တော့၏။
လင်ဟူချုံး ကမူ ချူကျန့် ပျောက်ကွယ်သွားသော နေရာကိုသာ ငေးကြည့်နေပြီး သူ၏ ရင်ထဲတွင် ကျေးဇူးတင်မှုများနှင့် လေးစားမှုများ အပြည့် ပါဝင်နေတော့သည်။
သူရဲကောင်း လူငယ်လေး ချူ ၏ ကြီးမားလှသော ကျေးဇူးကို အနာဂတ်တွင် အခွင့်အရေး ရသည်နှင့် သေချာပေါက် ပြန်ဆပ်မည်ဟု သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။
...
“ဟေ့... ခင်ဗျားက ကျွန်တော့်ကို သတ်မလို့လား ခဏလောက် ရပ်ပြီး မနားဘူးလားဗျာ...”
အနောက်မှ ကျန်းရှောင်ယွီ၏ အော်ဟစ်သံများကို ချူကျန့် လုံးဝ ဂရုမစိုက်တော့ဘဲ လှည့်စားမှု သိုင်းကွက် ကို အသုံးပြုကာ လမ်းမကြီး အတိုင်း ဆက်လက် ပြေးလွှားနေသည်။
မိုးလင်းစပြုလာပြီး ရှေ့တွင် မြို့လေး တစ်မြို့ ပေါ်လာမှသာ သူ ရပ်တန့်လိုက်တော့၏။
သူ၏ မျက်လုံးများထဲရှိ သွေးရောင်လွှမ်းနေသော အလင်းတန်းများနှင့် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များ အားလုံးကို သူ၏ ရင်ထဲသို့ ပြန်လည် ဖိနှိပ် သိမ်းဆည်းလိုက်၏။
သူသည် သာမန်ပုံပေါက်နေပြီး ရိုးသားဖြောင့်မတ်သော ချူလော့ကျွင်း အဖြစ်သို့ ပြန်လည် ရောက်ရှိသွားချေပြီ။
ကျန်းရှောင်ယွီက သူ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်၏။
“ဟာဟာအယ် ရဲ့ သရုပ်ဆောင်စွမ်းရည်က အကောင်းဆုံးလို့ ထင်ထားတာ သူ့ထက် ပိုတော်တဲ့သူ ရှိနေသေးတာပဲ”
ချူကျန့်က အလိုမကျစွာဖြင့် သူ့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး...
“အရက် သောက်မလား”
ကျန်းရှောင်ယွီက သူ ယခုလေးတင် ပြောခဲ့သော စကားများကို ချက်ချင်း မေ့သွားပြီး ရယ်ကာ ပြန်ဖြေလိုက်၏။
“ဒါပေါ့”
“ဒါနဲ့... မင်းက 'လူဆိုးတောင်ကြား' မှာ သိုင်းပညာတွေ အစုံ သင်ခဲ့ပြီး ကလေးမွေးတာက လွဲရင် အကုန်လုပ်တတ်တယ် လို့ ပြောတယ် မဟုတ်လား ဒါဆို ရုပ်ဖျက်တာရော တတ်မှာပေါ့”
ကျန်းရှောင်ယွီက မြက်ပင်လေး တစ်ပင်ကို ချိုးကာ ပါးစပ်ထဲ ကိုက်ထားလိုက်ပြီး...
“ဒါပေါ့ဗျာ... ရုပ်ဖျက်တဲ့ နေရာမှာ တုကျောင်းကျောင်း ကို ဘယ်သူမှ လျစ်လျူရှုလို့ မရဘူးလေ ပြီးတော့ ကျွန်တော်က တုကျောင်းကျောင်း ဆီမှာ ကြီးပြင်းလာတာဆိုတော့ ပြောစရာတောင် မလိုတော့ဘူး”
“မြို့ထဲ မဝင်ခင် ငါ့ကို ရုပ်ဖျက်ပေးစမ်းပါ ပြီးတော့ အဲ့ဒီ ရုပ်ဖျက်တဲ့ ပညာကိုပါ တစ်ခါတည်း သင်ပေးသွားပါလား”
“ရတာပေါ့”