ဟွာဝူချွဲ
Vol. 12 Ch. 126
ကျန်းရှောင်ယွီက မြို့ထဲသို့ အရင်ဝင်သွားပြီးနောက် မိတ်ကပ် အသုံးအဆောင်များစွာကို ဝယ်ယူ၍ ပြန်လာခဲ့သည်။
ထို့နောက် ချူကျန့် တစ်ယောက် သာမန်ရုပ်ရည်သာ ရှိသော လူလတ်ပိုင်း ကုန်သည် တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းရှောင်ယွီမှာမူ သူ၏ လက်ထောက်လေး ဖြစ်သွားတော့၏။
ချူကျန့်က ရေကန်ထဲရှိ အရိပ်ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် သူကိုယ်သူတောင် ပြန်မမှတ်မိနိုင်တော့ကြောင်း သေချာသွားသဖြင့် ကျန်းရှောင်ယွီကို မနေနိုင်တော့ဘဲ လက်မထောင်ပြလိုက်မိတော့သည်။
မြို့ထဲသို့ ဝင်ရောက်သွားသောအခါ ဤနေရာမှာ ကျန်းကျိုး ရှိ ကူချန်မြို့ ဖြစ်ကြောင်း သိလိုက်ရပြီး ချူကျန့် သွားရောက်လိုသော ယောင်ချန်မြို့ နှင့် မိုင်နှစ်ရာကျော် ကွာဝေး၏။
ကံကောင်းထောက်မစွာဖြင့် ဤမြို့တွင် ယောင်ချန်မြို့ သို့ သွားသော မြင်းရထားဂိတ် ရှိသဖြင့် မြင်းရထားဖြင့် သွားရောက်နိုင်ပေသည်။
ချူကျန့်က ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ ခရီးစဉ် အစီအစဉ်ကို ကျန်းရှောင်ယွီအား ပြောပြလိုက်၏။
“အစ်ကိုချူ... ခင်ဗျားက ချင်းယီ အဆောက်အအုံ ကနေ သတင်း ဝယ်ချင်တာလား”
“အေးလေ... ဘာပြဿနာ ရှိလို့လဲ”
“လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ချင်းယီ အဆောက်အအုံ ဒုက္ခရောက်နေတယ်လို့ ကြားလိုက်တယ် ကြည့်ရတာ လူရှောင်ဖုန်း ဆိုတဲ့ လူတစ်ယောက်ကို သွားစော်ကားမိလို့ အကြီးအကျယ် ဒုက္ခပေးခံနေရတာတဲ့”
ချူကျန့်၏ ရင်ထဲတွင် ထိတ်ပျာသွားတော့၏။
'ဟုတ်လို့လား... ဒီ လူရှောင်ဖုန်း ဆိုတာ ဘယ်သူလဲ ဒီလောက်တောင် အစွမ်းထက်တာလား ဟုန်နျန်ဇီ တောင် ကြောက်ရတဲ့ ချင်းယီ အဆောက်အအုံ ကို စော်ကားရဲရုံတင် မကဘူး အသာစီးတောင် ရနေသေးတယ်ပေါ့လေ'
'ချင်းယီ အဆောက်အအုံ ကနေ သတင်း ရနိုင်ပါဦးမလား'
မည်သို့ပင်ဖြစ်စေ ချူကျန့်က ယောင်ချန်မြို့ သို့ အရင်ဆုံး သွားရန် ဆုံးဖြတ်လိုက်၏။ ယင်ကောင် တစ်ကောင်လို ရမ်းသန်း လျှောက်သွားနေရသည်ထက်တော့ အများကြီး ပိုကောင်းသည် မဟုတ်ပါလော။
သူတို့ နှစ်ဦးက စားသောက်ဆိုင် တစ်ဆိုင်ကို ရှာတွေ့သွားပြီး အားပါးတရ စားသောက်လိုက်ကြသည်။ ထို့နောက် ချူကျန့်က ပန်းဘဲဖို တစ်ခုသို့ သွားရောက်၍ လျှို့ဝှက်လက်နက်များကို ဖြည့်တင်းလိုက်၏။ ထို့နောက်မှာတော့ မုန့်ဆိုင် တစ်ဆိုင်သို့ ဝင်ကာ တုန်းဖန်းပုပိုက် အတွက် မုန့်အများအပြား ဝယ်ယူလိုက်သည်။
ပြီးနောက်တွင် မြင်းရထားဂိတ်မှ ရထားတစ်စီးကို ငှားရမ်းကာ ယောင်ချန်မြို့ သို့ စတင် ထွက်ခွာခဲ့ကြတော့၏။
တစ်ရက် အကြာတွင် သူတို့ နှစ်ဦး ယောင်ချန်မြို့ သို့ ရောက်ရှိသွားကြသည်။
ဟုန်နျန်ဇီ ၏ လမ်းညွှန်ချက်အတိုင်း ချူကျန့်က အပေါင်ဆိုင် တစ်ဆိုင်သို့ သွားရောက်ကာ ဆိုင်ရှင်ကို ပြောလိုက်၏။
“တောင်တန်းတွေရဲ့ အလွန်မှာ စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိတယ် အဆောက်အအုံ တွေရဲ့ အလွန်မှာ နောက်ထပ် အဆောက်အအုံ တွေ ရှိတယ် အနောက်ဘက် ရေကန် က သီချင်းသံ အကသံတွေက ဘယ်တော့များမှ ရပ်တန့်မှာလဲ”
ဆိုင်ရှင်က ပြုံးကာ ပြန်ပြောလိုက်၏။
“လူကြီးမင်းက အနုပညာ ရသ တော်တော် ခံစားတတ်တာပဲ 'ရွေးချယ်ထားသော ထန်မင်းဆက် ကဗျာများ' စာအုပ်ကို ဝယ်ချင်လို့လားဗျ”
ချူကျန့်က ခေါင်းယမ်းလိုက်ပြီး...
“အပြာရောင် ဝတ်ရုံ တစ်ထည် ဝယ်ချင်လို့ပါ”
ဆိုင်ရှင်က နောက်ထပ် လျှို့ဝှက် သင်္ကေတ အချို့ကို ပြသလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ပြောလိုက်၏။
“ဒီဘက်ကို ကြွပါ ခင်ဗျာ”
ချူကျန့် တစ်ယောက် သက်ပြင်းချလိုက်မိ၏။ ဟုန်နျန်ဇီ ပြောပြခဲ့သည်ထက် စစ်ဆေးမှုများ ပိုမို တင်းကျပ်နေသော်ငြား အနည်းဆုံးတော့ ချင်းယီ အဆောက်အအုံ ဖွင့်နေဆဲ ဖြစ်ရာ ကောရှန် ၏ သတင်းကို ရရှိနိုင်ရန် မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလော။
ကာရံထားသော နံရံတစ်ခု ရှိသည့် အလုံပိတ် အခန်းလေး တစ်ခန်းသို့ သူတို့ ခေါ်ဆောင်ခံလိုက်ရသည်။ နံရံ၏ ခါးလောက် အမြင့်တွင် သံပြတင်းပေါက် ငယ်လေး တစ်ခု ရှိပြီး ထိုပြတင်းပေါက်နောက်တွင် အပြာရောင် ဝတ်ရုံဝတ် မျက်နှာဖုံးစွပ် လူတစ်ယောက် ထိုင်နေ၏။
ချူကျန့်၏ ပထမဆုံး ခံစားချက်မှာ အကျဉ်းသား တစ်ယောက်ကို သွားရောက် တွေ့ဆုံနေရသကဲ့သို့ပင်။
ချူကျန့်နှင့် သူ၏ အဖော်ကို မြင်သောအခါ အပြာရောင် ဝတ်ရုံဝတ် မျက်နှာဖုံးစွပ် လူက အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“ချင်းယီ အဆောက်အအုံ ရဲ့ စည်းမျဉ်းက မေးခွန်း တစ်ခုကို ရွှေတုံး ဆယ်တုံး ပါပဲ”
'ရွှေတုံး ဆယ်တုံး ဆိုတာ လက်တွေ့ကမ္ဘာက ငွေနဲ့ဆို ယွမ် တစ်ထောင် တောင် တန်တယ်... လခွမ်း... ဈေးကြီးလိုက်တာ'
ချူကျန့်က ရွှေတုံး ဆယ်တုံးကို သံပြတင်းပေါက် မှတစ်ဆင့် ချက်ချင်း ကမ်းပေးလိုက်ပြီး မေးလိုက်သည်။
“သူရဲကောင်းကြီး ကောကျင့် ရဲ့ ဒုတိယ သမီး ကောရှန် ဘယ်မှာလဲ”
အတွင်းဘက်မှ စာရွက်စာတမ်းများ လှန်လှောရှာဖွေနေသည့် အသံများ ထွက်ပေါ်လာ၏။ မိနစ် ဆယ့်ငါးမိနစ်ခန့် အကြာတွင် အပြာရောင် ဝတ်ရုံဝတ် လူက ပြန်လည် ဖြေကြားလာလေသည်။
“နောက်ဆုံးရ သတင်းတွေအရ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျဲ့ကျန်း ပြည်နယ် ချင်းလျန်မြို့ က ရွှေ မိသားစု ရွာ အနီးမှာ ကောရှန် နဲ့ တူတဲ့ မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်တယ်လို့ ဆိုပါတယ် ဒီသတင်းက (၉၀) ရာခိုင်နှုန်း တိကျပါတယ်”
ထို့နောက် အပြာရောင် ဝတ်ရုံဝတ် လူက ရွှေတုံး တစ်တုံးကို ပြန်ပေးလာ၏။
တိကျမှု (၉၀) ရာခိုင်နှုန်း အတွက် ရွှေတုံး ကိုးတုံး... ချင်းယီ အဆောက်အအုံ က တကယ့်ကို သူတို့ရဲ့ စံနှုန်းနှင့် သူတို့ ရှိလှပေသည်။ ပြဿနာမှာ ထိုသတင်းက လွန်ခဲ့သော ငါးရက်က သတင်း ဖြစ်နေခြင်းပင်။ အလွန် နောက်ကျနေချေပြီ။ ချူကျန့် ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် ကောရှန် တစ်ယောက် မိုင်ရှစ်ရာကျော်ခန့်ပင် ဝေးကွာသွားလောက်ပြီ ဖြစ်သည်။
“သူ ဘယ်ကို သွားနေတာလဲ ဆိုတာရော သိလား”
“ဆွေ့ကျိုး မြို့ က ဆွံ့အ နားမကြား ချိုင့်ဝှမ်း ကို သွားနေတာ ဖြစ်ရမယ် သူ စထွက်သွားတာ ငါးရက် ရှိပြီဆိုတော့ အခု ဘယ်ရောက်နေလဲ ဆိုတာတော့ မသိရသေးဘူး ဒီသတင်းက (၈၀) ရာခိုင်နှုန်း တိကျပါတယ်”
ချူကျန့် မျက်မှောင်ကြုတ်သွားသည်။
“သူက ဆွံ့အ နားမကြား ချိုင့်ဝှမ်း ကို ဘာသွားလုပ်မှာလဲ”
“ချူလော့ကျွင်း ကို သွားရှာတာပါ ဒီသတင်းက (၁၀၀) ရာခိုင်နှုန်း တိကျပါတယ်”
ချူကျန့် တစ်ယောက် သူ၏ နဖူးကို ပွတ်သပ်လိုက်မိ၏။ တုံးအလှသော မေးခွန်းတစ်ခုကို မေးလိုက်မိပြီဟု သူ ခံစားလိုက်ရသည်။
“ချူလော့ကျွင်း က ဆွံ့အ နားမကြား ချိုင့်ဝှမ်း ကို သွားမယ်လို့ ဘယ်သူ ပြောလဲ”
“ဆွံ့အ နားမကြား ချိုင့်ဝှမ်း က 'ဆွံ့အ နားမကြား အဘိုးအို' က လောက တစ်ခွင်က သူရဲကောင်းတွေကို 'တန်ဖိုးကြီး စစ်တုရင်ပွဲ' တစ်ခုကို ဖြေရှင်းဖို့ ဖိတ်ခေါ်ထားတယ် ဒါက သိုင်းလောက မှာ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံး အဖြစ်အပျက်ကြီး တစ်ခုပဲ သိုင်းသမား အများအပြားက အဲ့ဒီပွဲကို သွားကြည့်ကြလိမ့်မယ် ချူလော့ကျွင်း လည်း သွားမယ်လို့ ကောလာဟလတွေ ထွက်နေတယ် ဒါပေမဲ့ ဒီရက်ပိုင်း ချူလော့ကျွင်း ရဲ့ သတင်းတွေက အမှန်တစ်ဝက် အမှားတစ်ဝက် ဖြစ်နေတော့ သူ တကယ် သွားမယ် မသွားဘူး ဆိုတာကိုတော့ ဘယ်သူမှ သေချာ မပြောနိုင်ဘူး ဒီသတင်းက မသေချာတဲ့အတွက် အခကြေးငွေ မယူပါဘူး”
ချူကျန့်က ခေတ္တမျှ စဉ်းစားလိုက်ပြီး...
“ခင်ဗျားတို့ ချင်းယီ အဆောက်အအုံ က အစောင့်အရှောက် တာဝန်တွေရော လက်ခံသေးလား”
“အရင်ကတော့ လက်ခံပါတယ် ဒါပေမဲ့ ဒီရက်ပိုင်း လူသတ်တဲ့ တာဝန်တွေကိုပဲ လက်ခံတော့တယ် ဒီသတင်းက (၁၀၀) ရာခိုင်နှုန်း တိကျပါတယ်”
အပြာရောင် ဝတ်ရုံဝတ် လူ၏ လေသံတွင် ဒေါသနှင့် နာကြည်းမှု အရိပ်အယောင် အချို့ ပါဝင်နေကြောင်း တွေ့ရသည်။
ထို လူရှောင်ဖုန်း ဆိုသူနှင့် ပတ်သက်နေမည်မှာ သေချာသလောက် ရှိသော်ငြား ချူကျန့်က ချင်းယီ အဆောက်အအုံ ၏ ကံကြမ္မာကို ဂရုမစိုက်ချေ။ ကောရှန်း ၏ သတင်းကို ရရှိပြီးနောက်တွင် သူက မတ်တပ်ရပ်ကာ ထွက်ခွာလာခဲ့သည်။
ရွှေတုံး ဒါဇင်ချီကာ သုံးစွဲလိုက်ရသော်လည်း တန်သည်ဟု ဆိုရမည်ပင်။
သူတို့ နှစ်ဦး အပေါင်ဆိုင်ထဲမှ ထွက်လာချိန်တွင် မိန်းမပျိုလေး တစ်ဦးက သူတို့ဆီသို့ လျှောက်လာ နေ၏။ သူမက အလွန် အလျင်လိုနေပုံရပြီး အပေါင်ဆိုင်ထဲသို့ ဝင်ရန် ပြင်နေပုံ ရလေရာ အလျင်လိုလွန်းသဖြင့် ကျန်းရှောင်ယွီ နှင့်ပင် ဝင်တိုက်မိမလို ဖြစ်သွားတော့သည်။
ကျန်းရှောင်ယွီက သွားဖြဲကာ ပြုံးလိုက်ပြီး၊
“သခင်မလေး... ကျွန်တော့် ရင်ခွင်ထဲ ဝင်ချင်လို့ ဒီလောက်တောင် အလျင်လိုနေတာလား ကျွန်တော်က...”
သူ့ စကားတစ်ဝက်တွင်ပင် ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ယောက်က သူ၏ လည်ပင်းကို ညှစ်ထားလိုက်သကဲ့သို့ ဖြစ်သွားတော့၏။ နောက်တစ်စက္ကန့်တွင် မြွေကိုက်ခံလိုက်ရသည့်အလား နောက်သို့ ပြူးတူးပြဲတဲ ခုန်ဆုတ်သွားသည်။
မိန်းမပျိုလေးက မော့ကြည့်လိုက်ရာ အလွန် လှပသော မျက်နှာလေး တစ်ခု ပေါ်ထွက်လာတော့၏။ သူမက မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး ပါးစပ်ကို အုပ်ကာ ရေရွတ်လိုက်သည်။
“ရှောင်... ကျန်းရှောင်ယွီ လား”
“ငါ မဟုတ်ဘူး”
လောကတွင် အသိဉာဏ် အကောင်းဆုံး ဖြစ်သော ကျန်းရှောင်ယွီ တစ်ယောက် ရုတ်တရက် ပျာယာခတ်သွားပြီး ဤမျှ တုံးအသော အဖြေမျိုးကို ပေးလိုက်ရုံသာမက အပြစ်ရှိသူ တစ်ယောက်အလား နောက်သို့ လှည့်ကာ ထွက်ပြေးရန်ပင် ကြိုးစားလိုက်သေး၏။
မိန်းကလေးက သူ့ကို ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်နှက်လာကာ အော်ဟစ်လိုက်၏။
“နင်ပဲ... နင် ဖြစ်ရမယ် နင် ပြာကျသွားရင်တောင် နင့် အသံကို ငါ မှတ်မိတယ် နင် အသက်ရှင်နေသေးတာပဲ နင့်လို ကောင်မျိုးက အလွယ်တကူ မသေနိုင်ဘူး ဆိုတာ ငါ သိသားပဲ”
ကောရှန် ၏ သတင်းကို ရရှိသဖြင့် စိတ်ပျော်ရွှင်နေသော ချူကျန့်က ကျန်းရှောင်ယွီ၏ ပြဿနာကို စိတ်ဝင်တစားဖြင့် လက်ပိုက် ကြည့်နေသည်။ ဒါက တကယ့်ကို ရှားပါးလှသော မြင်ကွင်းပင်။ မည်သူ့ကိုမျှ မကြောက်တတ်သော ကျန်းရှောင်ယွီ တစ်ယောက် ဤကောင်မလေးကို တွေ့မှ ဘာလို့ ထွက်ပြေးနေရတာလဲ။
သူမကို တစ်ခုခု စော်ကားခဲ့ဖူးလို့များလား။
ကျန်းရှောင်ယွီက မတတ်သာသည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“အေးပါ... အေးပါ ငါ အသက်ရှင်နေသေးတယ် ဟုတ်ပြီလား ထျဲ့ရှင်းလန်... ငါ့ကို လွှတ်ပေးပါတော့ဟာ”
ထျဲ့ရှင်းလန် ဟုခေါ်သော မိန်းကလေးက မျက်ရည်များကို ဝမ်းသာအားရ သုတ်ဖယ်လိုက်ပြီး မေးလိုက်၏။
“နင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ ပြီးခဲ့တဲ့ ရက်တွေတုန်းက နင် ဘယ်တွေ သွားနေတာလဲ။ တောင်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတာ မဟုတ်ဘူးလား”
နောက်ဆုံး စကားကို ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ကျန်းရှောင်ယွီကို အားကုန် တွန်းထုတ်လိုက်၏။
“သခင်လေးဟွာ က ဒီနားမှာ ရှိတယ် နင် မြန်မြန် ထွက်ပြေးတော့”
ကျန်းရှောင်ယွီ၏ မျက်နှာ တင်းမာသွားပြီး ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်၏။
“ဟွာဝူချွဲ လား... သူ ရှိနေတော့ကော ဘာအရေးလဲ ငါက ဘာလို့ ထွက်ပြေးရမှာလဲ”
ထျဲ့ရှင်းလန် က သူ့ကို အသည်းအသန် တွန်းထုတ်နေသည်။
“မြန်မြန် ပြေးပါဆို... သူ နင့်ကို တကယ် သတ်ပစ်လိမ့်မယ်”
“နောက်ကျသွားပြီ... သူ ထွက်သွားလို့ မရတော့ဘူး”
ကြည်လင်ပြီး နားထောင်ကောင်းသော လူငယ်လေး တစ်ဦး၏ အသံက မလှမ်းမကမ်းမှ ထွက်ပေါ်လာ၏။ ချူကျန့် လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ယွီ အရွယ်ခန့်ရှိ ချောမော ခန့်ညားလှသော လူငယ်လေး တစ်ဦး ဖြည်းညင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရ၏။
သူက နှင်းပွင့်များအလား ဖြူဖွေးနေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင် ချောမောလှပေသည်။ သူ၏ ရုပ်ရည်က ကောင်းကင်ကြီးကိုပင် လင်းထိန်သွားစေသည့်အလား ထင်မှတ်ရသည်။ သူ၏ နူးညံ့ သိမ်မွေ့ပြီး မြင့်မြတ်လှသော အမူအရာများမှာ ရွှေချည်ထိုး ဝတ်စုံများကို ဝတ်ဆင်ထားသော သူဌေးသားများပင်လျှင် ပိုင်ဆိုင်နိုင်စွမ်း မရှိသော အရာများ ဖြစ်ပေသည်။
ကျန်းရှောင်ယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့၏။
“ဟွာဝူချွဲ”
“သိပ်ကောင်းတာပေါ့... မင်း တကယ်ပဲ အသက်ရှင်နေသေးတာကိုး”
ဟွာဝူချွဲ က မှိန်ပျပျ အပြုံးလေးတစ်ခု ဖန်တီးလိုက်ပြီးနောက် စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်၏။
“အခုဆိုရင် ငါ့လက်နဲ့ ကိုယ်တိုင် မင်းကို သတ်လို့ ရပြီပေါ့”
ကျန်းရှောင်ယွီ တစ်ယောက် သူ၏ ပုံမှန် ပေါ့ပါး လွတ်လပ်သော ပုံစံသို့ ပြန်လည် ရောက်ရှိသွားချေပြီ။
“ဒီတစ်ခါတော့ ငါ့ကို တကယ် သတ်နိုင်မယ်လို့ မင်း သေချာရဲ့လား”
ဟွာဝူချွဲ က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“သေချာတာပေါ့ မင်းကို ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ဘူး ပြီးတော့ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း မစဉ်းစားနဲ့တော့ ဒီလောက် အကွာအဝေးမှာ မင်း လက်တစ်ချောင်း လှုပ်လိုက်တာနဲ့ မျက်စိတစ်မှိတ်အတွင်း မင်းရဲ့ သွေးကြောဆုံ ဆယ့်ရှစ်ခုလုံးကို ငါ ပိတ်ပစ်နိုင်တယ်”
ကျန်းရှောင်ယွီက ချူကျန့်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“အစ်ကိုချူ... ကြည့်ရတာ ဂိုဏ်းတူအစ်မ ကို လိုက်ရှာဖို့ ကျွန်တော် ခင်ဗျားနောက်ကို လိုက်ခဲ့လို့ မရတော့ဘူး ထင်တယ်”
ချူကျန့်က ရုတ်တရက် ညင်သာစွာ ပြုံးလိုက်၏။
“ဒါ မင်းရဲ့ သူငယ်ချင်းလား”
“ခင်ဗျား မျက်စိကန်းနေတာလား ခင်ဗျားကို သတ်ချင်နေတဲ့ သူငယ်ချင်းမျိုး ရှိလို့လား”
“ဒါဆိုလည်း ရန်သူပေါ့”
ချူကျန့်က ဟွာဝူချွဲ ထံသို့ လက်နှစ်ဖက် ဆုပ်မိုးကာ ပြောလိုက်၏။
“ခွင့်လွှတ်ပါ သခင်လေး... ကျန်းရှောင်ယွီ က ကျွန်တော့်ဆီမှာ အကြွေးတစ်ခု တင်နေလို့ ကျွန်တော့်အတွက် အလုပ်တစ်ခု လုပ်ပေးရပါဦးမယ် အဲ့ဒီအလုပ် ပြီးသွားရင်တော့ သူ့ကို ခင်ဗျား သတ်ချင်သတ်လို့ ရပါပြီ”
“ဩော်... ဒီကိစ္စက အချိန် ဘယ်လောက် ကြာမှာလဲ ဆိုတာ သိခွင့်ပြုပါလား”
“မြန်ရင်တော့ တစ်လလောက်ပေါ့... ကြာရင်တော့လည်း... ပြောရခက်တယ်”
ဟွာဝူချွဲ ၏ မျက်နှာကြီး မည်းမှောင်သွားတော့၏။
“ကျန်းရှောင်ယွီ ဘက်ကနေ မင်း ဝင်ပါချင်တာ သေချာရဲ့လား”