← Chapters

ယောက်ျားများကြားက တိုက်ပွဲ

Vol. 12 Ch. 127

ယောက်ျားများကြားက တိုက်ပွဲ

Vol. 12 Ch. 127

သူငယ်ချင်း မိတ်ဆွေ ဆိုသည်မှာ ချူကျန့် အတွက်တော့ တကယ့်ကို ဇိမ်ခံပစ္စည်း တစ်ခုပင် ဖြစ်၏။

လျှို့ဝှက် သိုင်းလောက တွင် သူ၌ သူငယ်ချင်းများ ရှိခဲ့ဖူးသည်။ အလွန် ကောင်းမွန်သော သူငယ်ချင်းများပင်။

သို့သော် သူ၏ ရုတ်တရက် နာမည်ကြီးလာမှု လျင်မြန်စွာ အစွမ်းထက်လာမှု နှင့် လောက၏ နံပါတ်တစ် သိုင်းဆရာကြီး ဆိုသော ဘွဲ့နာမည်များကြောင့် မရေမတွက်နိုင်သော ပြဿနာများက အဆက်မပြတ် လိုက်ပါလာခဲ့တော့၏။

နောက်ခံ အင်အား မရှိသလို မည်သည့် ဂိုဏ်းအဖွဲ့အစည်း နှင့်မျှလည်း ပတ်သက်မှု မရှိခဲ့သဖြင့် မရေမတွက်နိုင်သော အကြံအစည်များနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ရင်ဆိုင်ခဲ့ရကာ အမြဲတမ်း ထွက်ပြေး ပုန်းရှောင်နေခဲ့ရသည်။

သူ့ကို နှစ်သိမ့်မှုရော ဝမ်းနည်းမှုပါ တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်ခဲ့သည်မှာ သူ၏ သူငယ်ချင်းကောင်း အနည်းငယ်က ထိုရန်သူများဘက်သို့ ကူးပြောင်း မသွားခဲ့ခြင်းပင် ဖြစ်၏။ ၎င်းအစား သူ၏ မိသားစုကို ကာကွယ်ရင်း သို့မဟုတ် သူ၏ တည်နေရာကို ဖွင့်ဟ ပြောဆိုရန် ငြင်းဆန်ရင်းဖြင့်သာ အသတ်ခံခဲ့ကြရရှာသည်။

ဒေါသနှင့် မုန်းတီးမှုများကြောင့် မျက်ကန်း တစ်ယောက်ပမာ ဖြစ်သွားခဲ့ရသော ချူကျန့်သည် သတ်ဖြတ်ခြင်းကို ရပ်တန့်ရန် သတ်ဖြတ်ခြင်းကိုသာ အသုံးပြုခဲ့ပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှု ဖြင့်သာ တုံ့ပြန်ခဲ့၏။ သွေးချောင်းစီးပြီး အလောင်းကောင်တွေ တောင်လိုပုံနေသော နေရာ၌ အထီးကျန်စွာ မတ်တပ်ရပ်နေချိန်တွင်မူ သူ၏ ဘေးတွင် မိသားစုရော သူငယ်ချင်းပါ တစ်ယောက်မျှ မကျန်ရှိတော့ချေ။

ထိုအချိန်မှစ၍ သူသည် အထီးကျန်ခြင်း နှင့် ရင်းနှီး ကျွမ်းဝင်လာခဲ့တော့သည်။

ထို့ကြောင့် နည်းပညာများ တိုးတက်နေသော ခေတ်သစ် လူ့အဖွဲ့အစည်းတွင်ပင် ချူကျန့် တစ်ယောက် အထီးကျန်ခြင်းနှင့်သာ ရင်းနှီးနေဆဲ ဖြစ်ပြီး အန္တရာယ် ကင်းမဲ့ဟန် ရှိသော သူ၏ အပြုံးများ အောက်တွင် ရေခဲတုံးပမာ အေးစက်နေသော နှလုံးသား တစ်ခုကို ဝှက်ထားခဲ့၏။

သို့သော် ဤ ဂိမ်း ကမ္ဘာထဲတွင်မူ အခက်အခဲ ဒုက္ခပေါင်း များစွာကို ဖြတ်သန်းပြီးနောက် သူငယ်ချင်းများကို ရုတ်တရက် ပြန်လည် ရရှိလာခဲ့ပြန်သည်။ စည်းစိမ်ချမ်းသာစံအိမ်တော် မှ ဝမ်တုံး တို့ အုပ်စု ဖြစ်စေ၊ တိယွင် နှင့် ကျန်းရှောင်ယွီ တို့ပဲ ဖြစ်စေ၊ အားလုံးက အတူတကွ ဒုက္ခခံခဲ့ကြရာမှ ပေါက်ဖွားလာသော ခိုင်မာသည့် သံယောဇဉ်များ ဖြစ်၏။

သူတို့၏ ခင်မင်မှုက အသက်သေသည်အထိ ပေးဆပ်ရဲသော အဆင့်သို့ မရောက်သေးလျှင်တောင် ချူကျန့် အတွက်တော့ တကယ့်ကို တန်ဖိုးဖြတ်၍ မရနိုင်သော အရာများ ဖြစ်နေချေပြီ။

ထို့ကြောင့် ဟွာဝူချွဲ က "ကျန်းရှောင်ယွီ ဘက်ကနေ မင်း ဝင်ပါချင်တာ သေချာရဲ့လား" ဟု မေးလိုက်သောအခါ၊ ပြဿနာများကို အမြဲတမ်း မုန်းတီးပြီး ရှောင်ရှားလေ့ရှိသော ချူကျန့်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“မသေချာဘူး”

ဟွာဝူချွဲ တစ်ယောက် အံ့အားသင့်သွားပြီး ကျန်းရှောင်ယွီက သူ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်ချိန်မှာပင် ချူကျန့်က တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

“ဒါပေမဲ့ သူ.. ငါ့အပေါ် တင်နေတဲ့ အကြွေးကို ပြန်မဆပ်မချင်း... ဘယ်သူကမှ သူ့ကို သတ်ခွင့် မရှိဘူး... အဲ့ဒီလူက ဘယ်သူပဲ ဖြစ်နေပါစေ”

ကျန်းရှောင်ယွီက ရုတ်တရက်

ရယ်မောလိုက်ပြီး ချူကျန့်၏ ပခုံးကို ပုတ်ကာ မေးလိုက်သည်။

“အစ်ကိုချူ... သူက ဘယ်သူလဲ ဆိုတာ ခင်ဗျား သိလား”

“မသိဘူး”

“သူက ယီဟွာ နန်းတော် ရဲ့ နာမည်ကျော် သခင်လေး မျိုးဆက်သစ် လူငယ်တွေထဲမှာ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်တဲ့ ဟွာဝူချွဲ ပဲ”

“ဩော်...”

ချူကျန့် တစ်ယောက် မျက်တောင် တစ်ချက်မျှ မခတ်သည်ကို မြင်သောအခါ ကျန်းရှောင်ယွီက အံ့အားသင့်စွာ အော်ဟစ်လိုက်တော့၏။

“ယီဟွာ နန်းတော် လေဗျာ... ခင်ဗျား မကြောက်ဘူးလား”

“ယီဟွာ နန်းတော် ဟုတ်လား... တစ်ခါမှတောင် မကြားဖူးဘူး”

သည်တစ်ကြိမ်တွင်မူ ဟွာဝူချွဲ ၏ မျက်လုံးများပင် ပြူးကျယ်သွားရတော့သည်။

ယီဟွာ နန်းတော် ၏ ဂုဏ်သတင်းကို လောကကြီးတွင် မသိသူ မည်သူ ရှိမည်နည်း။

ဟွာဝူချွဲ ၏ အမြင်တွင်မူ ဒါက သူ့ကို တမင် သက်သက် စော်ကား လှောင်ပြောင်နေခြင်းပင် ဖြစ်၏။

ကျန်းရှောင်ယွီ တစ်ယောက် သူ၏ နဖူးကို ပွတ်သပ်လိုက်မိ၏။

သူ၏ သူငယ်ချင်း အသစ်လေးမှာ သိုင်းလောက၏ ကိစ္စများစွာကို မသိရှိကြောင်း သူ သိထားသော်လည်း ယီဟွာ နန်းတော် အကြောင်းကိုပင် မကြားဖူးလောက်အောင် ဖြစ်နေမည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ ချူကျန့်၏ စကားကို သူ သံသယ မဝင်ပေ။ မကြားဖူးဘူးဟု ဆိုလျှင် တကယ် မကြားဖူးခြင်းသာ ဖြစ်မည် မဟုတ်လော။

ကျန်းရှောင်ယွီက သက်ပြင်းချလိုက်ပြီး...

“ခင်ဗျား ယီဟွာ နန်းတော် ကို ကြားဖူးသည်ဖြစ်စေ မကြားဖူးသည်ဖြစ်စေ ဒီကိစ္စက ခင်ဗျား ဝင်ပါရမယ့် ကိစ္စ မဟုတ်ပါဘူး ခင်ဗျားရဲ့ ဂိုဏ်းတူ အစ်မ ကို အရင် သွားရှာလိုက်ပါ။ နောက်ကျသွားရင် သူ ထွက်သွားလိမ့်မယ် စိတ်မပူပါနဲ့ ဟွာဝူချွဲ က ကျွန်တော့်ကို မသတ်နိုင်ပါဘူး ဒီလောကကြီးမှာ ကျွန်တော့်ကို သတ်နိုင်တဲ့လူ မမွေးသေးဘူး ပြီးတော့လေ...”

သူက ဘေးတွင် စိုးရိမ်တကြီး ရပ်နေသော ထျဲ့ရှင်းလန် ကို တစ်ချက် ကြည့်လိုက်ပြီး စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်၏။

“တချို့ကိစ္စတွေကို ကျွန်တော် ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းမှ ရမှာမို့လို့ပါ”

ချူကျန့်က သူ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းဘာသာမင်း ဖြေရှင်းလိုက်တော့”

ထို့နောက် ဝင်ပါမည့် အရိပ်အယောင် မပြတော့ဘဲ ဘေးသို့ ဖယ်ပေးလိုက်၏။

“ဟေ့... နင်က ဘာတွေကို သက်သေပြချင်နေတာလဲ ဟွာဝူချွဲ ကို နင် မယှဉ်နိုင်ဘူးနော်”

သူတို့ သုံးဦး၏ စကားဝိုင်းကို စိုးရိမ်တကြီး နားထောင်နေခဲ့သော ထျဲ့ရှင်းလန် က ဒေါသနှင့် စိတ်ပျက်မှုများ ရောပြွမ်းနေသော အကြည့်ဖြင့် ကျန်းရှောင်ယွီကို စူးစူးရဲရဲ ကြည့်ကာ အော်ဟစ်လိုက်သည်။

သို့သော် ထျဲ့ရှင်းလန် ၏ စကားများက ကျန်းရှောင်ယွီကို ပို၍ပင် အံကြိတ်သွားစေတော့၏။

သူ၏ ခံစားချက်ကို ချူကျန့် အနည်းငယ် နားလည်မိသည်။ မိမိ သဘောကျနေသော မိန်းကလေး၏ ရှေ့တွင် သူတစ်ပါးထက် ညံ့ဖျင်းကြောင်း အကြိမ်ကြိမ် အပြောခံရခြင်းက မည်သည့် ယောကျ်ားကိုမဆို ဒေါသ ထွက်စေမည်မှာ သေချာလှပေသည်။ အထူးသဖြင့် ထို "သူတစ်ပါး" ဆိုသူမှာ လူတိုင်း အားကျရလောက်အောင် ချမ်းသာပြီး ခန့်ညားလှသော သခင်လေး တစ်ဦး ဖြစ်နေချိန်တွင် ပို၍ပင် ဆိုးရွားလှ၏။

ကျန်းရှောင်ယွီမှာ သွေးဆူလွယ်သော လူငယ်လေး တစ်ဦး ဖြစ်ရာ ဒေါသတကြီး ပြန်လည် ချေပလိုက်၏။

“ဒါက ယောကျ်ားတွေကြားက ကိစ္စပဲ... နင် ဝင်မပါနဲ့”

ဟွာဝူချွဲ က ကျန်းရှောင်ယွီကို ကြည့်ကာ မေးလိုက်၏။

“နောက်ဆုံး မှာစရာ စကားများ ရှိသေးလား”

ထျဲ့ရှင်းလန် မှာ စိတ်ပျက် ဒေါသထွက်စွာဖြင့် ခြေဆောင့်လိုက်ပြီး ရုတ်တရက် သူမ၏ ဓားကို ဆွဲထုတ်ကာ ဟွာဝူချွဲ ထံသို့ ခုတ်ပိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်၏။

“ကျန်းရှောင်ယွီ... ပြေးတော့လေ”

သူမ၏ ဓားချက်မှာ အလွန် မြန်ဆန်လှသော်လည်း ဟွာဝူချွဲ က လက်ချောင်းလေးဖြင့် ခပ်ဖွဖွ ပုတ်ထုတ်လိုက်ရုံဖြင့် အလွန် ထက်မြက်သော ဓားမှာ ထက်ပိုင်း ပြတ်သွားပြီး ထျဲ့ရှင်းလန် မှာလည်း နောက်သို့ ခြေလှမ်း အတော်များများ ဆုတ်သွားရသည်။

“မိန်းမ တစ်ယောက်ရဲ့ အကာအကွယ် အောက်မှာ တစ်သက်လုံး နေသွားချင်တာ သေချာရဲ့လား”

ဟွာဝူချွဲ ၏ စကားကြောင့် ကျန်းရှောင်ယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရပြန်သည်။

သူက အင်္ကျီကို ဆုတ်ဖြဲလိုက်ရာ အမာရွတ်များ ပြည့်နှက်နေသော တောင့်တင်းသည့် ရင်အုပ်ကြွက်သားများ ပေါ်ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ဒီမှာ လူများတယ် နေရာလေး တစ်ခုလောက် ပြောင်းပြီး တိုက်ကြရင် ဘယ်လိုလဲ”

“ကောင်းပြီလေ”

ဟွာဝူချွဲ က သူ့ကို ကြည့်ကာ ပြောလိုက်၏။

“လှည့်ကွက်တွေ သုံးဖို့ မကြိုးစားနဲ့တော့... ဒီတစ်ခါတော့ မင်း ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး”

ကျန်းရှောင်ယွီက မော့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။

“ဒီတစ်ခါတော့ ငါ မပြေးချင်တော့ဘူး အေးအေးဆေးဆေး သေလို့ ရမယ့် နေရာလေး တစ်ခုကို ရွေးချယ်ချင်ရုံ သက်သက်ပါ”

ထျဲ့ရှင်းလန် က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

“ကျန်းရှောင်ယွီ... နင် အဲ့ဒီလို လုပ်လို့ မရဘူးနော်...”

သူမ စကားပင် မဆုံးလိုက် လူတစ်ယောက်က သူမ၏ လက်ကောက်ဝတ်ကို အားပါးတရ လာဖမ်းဆွဲလိုက်၏။ လှည့်ကြည့်လိုက်ရာ ချူကျန့်၏ အေးစက်လှသော အကြည့်များကို တွေ့လိုက်ရ၏။

“ကျန်းရှောင်ယွီ ကို ဒီထက် ပိုပြီး မြန်မြန် မသေစေချင်ဘူး ဆိုရင် ပါးစပ် ပိတ်ထားလိုက်စမ်းပါ”

ထျဲ့ရှင်းလန် တစ်ယောက် ကြောင်အသွားတော့၏။ ချူကျန့်က သူမ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။

“အခုနက မင်းရဲ့ လုပ်ရပ်ကြောင့်သာ ကျန်းရှောင်ယွီ တစ်ယောက် ဟွာဝူချွဲ ကို ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခြေအနေ အထိ ရောက်သွားတာ ဆိုတာ မင်း နားမလည်သေးဘူးလား”

“ကျွန်မ...”

ထျဲ့ရှင်းလန် တစ်ယောက် အေးခဲသွားပြီးနောက် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားကာ တစ်ကိုယ်လုံး တုန်ရီလာတော့၏။

မြို့ပြင် ဆယ်မိုင်ခန့် အကွာတွင် ဝါးတော တစ်ခု ရှိသည်။

ဝါးတော၏ အပြင်ဘက်တွင် စူးရှလှသော လေအေးများက မိုးပေါက်များကို သယ်ဆောင်လာပြီး မြေပြင် တစ်ခုလုံး ချက်ချင်း ရေစိုရွှဲသွားတော့၏။

ထိုနေရာတွင် ကျန်းရှောင်ယွီ နှင့် ဟွာဝူချွဲ တို့၏ သူသေကိုယ်သေ တိုက်ပွဲကြီးကို မိုးရေထဲတွင် စတင်လိုက်ကြသည်။

ကျန်းရှောင်ယွီ ၏ မျက်နှာမှာ နာကျင်မှုများဖြင့် ရှုံ့မဲ့နေပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။ ချူကျန့်က မလှမ်းမကမ်းတွင် လက်ပိုက်ရပ်ကာ ရလဒ် ကြိုတင် သိနေပြီးသား ဖြစ်သော ဤတိုက်ပွဲကို အေးစက်စက် စောင့်ကြည့်နေ၏။

တိုက်ပွဲမှာ တစ်ဖက်သတ် ဖြစ်နေသည်။ သူတို့ နှစ်ဦးမှာ လုံးဝ (လုံးဝ) ယှဉ်ပြိုင်နိုင်သော အဆင့်တွင် မရှိကြချေ။

ကျန်းရှောင်ယွီ၏ သိုင်းပညာ အမှတ်မှာ အများဆုံး (၁၂၀) ခန့်သာ ရှိပြီး ဟွာဝူချွဲ မှာမူ မြောင်ရန်ဖုန်း နှင့်ပင် ယှဉ်နိုင်သော အမှတ် (၅၀၀) ကျော် ခွန်အားများကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားလှပေသည်။

ကျန်းရှောင်ယွီမှာ သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် နှင့် အစပြုအဆင့် ပြိုင်ဘက်ကင်း နတ်သိုင်း ငါးပါး ၏ အကူအညီဖြင့် တစ်နာရီ၏ လေးပုံတစ်ပုံခန့် အချိန်အထိ တောင့်ခံနိုင်ခဲ့သော်လည်း ယခုအခါ လုံးဝ တန်ပြန် မတိုက်ခိုက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေချေပြီ။ မိုးရေများဖြင့် စိုရွှဲနေသော ရွှံ့ဗွက်များထဲတွင် အံကြိတ်ကာ ရုန်းကန်နေရပြီး ဟွာဝူချွဲ ၏ ရိုက်နှက်မှုများကို အသံတစ်ချက်မျှ မထွက်ဘဲ အသေအလဲ ခံယူနေရရှာသည်။ အခွင့်အရေး ရချိန်လေးတွင်သာ အနည်းငယ် ပြန်လည် တိုက်ခိုက်နိုင်သည်။

ဟွာဝူချွဲ မှာ ယခင်က လူတစ်ယောက်ကိုမျှ မသတ်ဖူးခဲ့ပုံ ရသည်။ သူ၏ တိုက်ခိုက်မှုများမှာ ပြင်းထန်သော်ငြား အဆုံးအဖြတ်ပေးမည့် ပြတ်သားမှုမျိုး လိုအပ်နေသဖြင့် ချူကျန့် အနေဖြင့် လျှို့ဝှက်လက်နက် ပစ်လွှတ်ရန် အခွင့်အရေး မရခဲ့ချေ။

“မတိုက်ကြပါနဲ့တော့... တော်ပါတော့”

နောက်ဆုံးတွင် ထျဲ့ရှင်းလန် မှာ ဆက်လက် မကြည့်ရက်နိုင်တော့ဘဲ ငိုယိုကာ တိုက်ပွဲထဲသို့ ပြေးဝင်သွားပြီး ကျန်းရှောင်ယွီကို ကာကွယ်ရန် သူ၏ အပေါ်သို့ မှောက်ချလိုက်တော့သည်။

ဟွာဝူချွဲ က ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“သခင်မလေး ထျဲ့... ဘေးဖယ်နေပေးပါ ဒီလူကို ကျွန်တော် သတ်မှ ရမယ်”

ထျဲ့ရှင်းလန် က မျက်ရည်များ ရွှဲနစ်နေသော မျက်နှာဖြင့် ရှိုက်ငိုကာ တောင်းပန်သည်။

“သူက နင့်အပေါ် ဘာရန်ငြိုးမှ ရှိတာ မဟုတ်ဘူး သူ့ကို ဘာလို့ သတ်ရမှာလဲ ကျေးဇူးပြုပြီး ကျန်းရှောင်ယွီ ကို လွှတ်ပေးလို့ မရဘူးလား”

“ဆရာသမားတွေရဲ့ အမိန့်ကို ကျွန်တော် မလွန်ဆန်ရဲပါဘူး သခင်မလေး ထျဲ့... ကျေးဇူးပြုပြီး ဖယ်ပေးပါ”

“သတ်မယ် ဆိုရင်လည်း...ငါ့ကို အရင် သတ်လိုက်ပါ”

ထျဲ့ရှင်းလန် က အံကို တင်းတင်းကြိတ်ကာ ခေါင်းမာစွာဖြင့် ပြောလိုက်၏။

“ထျဲ့ရှင်းလန်... ဖယ်စမ်း သူ့ကို သွားမတောင်းပန်နဲ့ နင့် ကိစ္စ နင် နေစမ်းပါ ဟွာဝူချွဲ က ငါ့ကို မသတ်နိုင်ပါဘူး”

ကျန်းရှောင်ယွီမှာ ရုတ်တရက် ဒေါသပေါက်ကွဲသွားပြီး၊ ထျဲ့ရှင်းလန် ကို ဘေးသို့ တွန်းဖယ်ကာ ဟွာဝူချွဲအား လက်သီးချက် ပစ်ထိုးလိုက်၏။

ဟွာဝူချွဲ က လွယ်ကူစွာ ရှောင်တိမ်းလိုက်ပြီး ခြေထောက်ဖြင့် ပြန်ကန်လိုက်သော်လည်း ထျဲ့ရှင်းလန် က ကျန်းရှောင်ယွီ၏ ရှေ့သို့ ဝင်ကာ ကာကွယ်လိုက်ပြန်သည်။ ဟွာဝူချွဲ က သူ၏ ခြေကန်ချက်ကို ကပျာကယာ ရပ်တန့်လိုက်ပြီး ခေါင်းယမ်းကာ ပြောသည်။

“သခင်မလေး ထျဲ့... ကျွန်တော့်ကို အကျပ်အတည်း မဖြစ်စေပါနဲ့”

“ထျဲ့ရှင်းလန်... ဖယ်စမ်းလို့ ပြောနေတယ်လေ ယောကျ်ားတွေ တိုက်နေတဲ့ ပွဲမှာ နင်က ဘာဝင်လုပ်နေတာလဲ”

ကျန်းရှောင်ယွီ၏ မျက်လုံးများ နီရဲလာပြီး အံကြိတ်ကာ ထျဲ့ရှင်းလန် ၏ အကြောများကို ပိတ်ရန် ရုတ်တရက် လက်လှမ်းလိုက်၏။

မထင်မှတ်ထားလောက်အောင်ပင် ထျဲ့ရှင်းလန် ၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှပြီး သူ၏ လက်ချောင်းများကို ရိုက်ထုတ်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“အဲ့ဒီ လှည့်ကွက်ပဲ ထပ်သုံးဦးမလို့လား အသက်ကို တန်ဖိုးထားရမှန်း မသိတဲ့ ကောင်စုတ်လေး နင်က လောကကြီးမှာ အသိဉာဏ် အကောင်းဆုံး ဆို... ဒါဆိုရင်လည်း အသက်ရှင်အောင် နေပြီး ရန်သူကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ စဉ်းစားလေ ပြေး... အခုချက်ချင်း ထွက်ပြေးတော့”

သူမက ကျန်းရှောင်ယွီကို အားကုန် တွန်းထုတ်လိုက်ပြီးနောက် ဟွာဝူချွဲ ၏ ခြေထောက်ကို ရုတ်တရက် ပြေးဖက်ကာ ဖြည်းညင်းစွာ ဒူးထောက်ချလိုက်တော့၏။

ကျန်းရှောင်ယွီ တစ်ယောက် ခွန်အား အားလုံး ကုန်ခမ်းသွားသည့်အလား ရွှံ့ဗွက်များထဲသို့ ခွေယိုင် ကျဆင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် နာကြည်းမှုနှင့် နာကျင်မှုများ အပြည့် ပါဝင်နေတော့သည်။ မိုးရေများက သူ၏ မျက်နှာပေါ်တွင် စုပုံလာရာ ငိုကြွေးနေသည့်အလား ထင်မှတ်ရ၏။

ယောကျ်ား တစ်ယောက် ဖြစ်ပါလျက်နှင့်... မိမိ ချစ်ရသော မိန်းကလေးက သူ့အသက်ကို ကယ်တင်ရန် ရန်သူ၏ ခြေထောက်ကို ဖက်ကာ ရွှံ့ဗွက်ထဲတွင် ဒူးထောက် တောင်းပန်နေရသည်ကို လက်ပိုက် ကြည့်နေခဲ့ရသည် မဟုတ်ပါလော။

All Chapters