← Chapters

ဒီမှာ နောက်ထပ် ယောက်ျားတစ်ယောက် ရှိသေးတယ်ဟေ့

Vol. 12 Ch. 128

ဒီမှာ နောက်ထပ် ယောက်ျားတစ်ယောက် ရှိသေးတယ်ဟေ့

Vol. 12 Ch. 128

ကျန်းရှောင်ယွီ တစ်ယောက် သူ၏ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလို ခံစားလိုက်ရပြီး နာကြည်းမှုများဖြင့် ပြည့်နှက်သွားတော့၏။

တစ်လောကလုံးတွင် အသိဉာဏ် အကောင်းဆုံးဟု အမြဲတမ်း ဂုဏ်ယူ ဝင့်ကြွားလေ့ ရှိသော်လည်း ယခုအခါ ထိုအရာများမှာ ဉာဏ်နီဉာဏ်နက် ကလေးကစားစရာမျှသာ ဖြစ်ကြောင်း သဘောပေါက်သွားလေပြီ။

လုံးဝ ကြီးမား ကွာခြားလှသော ခွန်အားများ၏ အရှေ့တွင် မည်သည့် လှည့်ကွက်များ၊ အကြံအစည်များကမျှ အရာမဝင်နိုင်တော့ချေ။

သူက အံကို တင်းတင်းကြိတ်လိုက်ရာ နှုတ်ခမ်းမှ သွေးများပင် စီးကျလာပြီး ရင်ထဲတွင်လည်း အသည်းခိုက်မတတ် နာကျင်မှုကို ခံစားနေရရှာသည်။

ဟွာဝူချွဲ မှာလည်း ထျဲ့ရှင်းလန် ၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေတော့၏။

သူမကို ဆွဲထူရန် ပြင်လိုက်သော်လည်း ထျဲ့ရှင်းလန် က သူ၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။ အကယ်၍ အားသုံးလိုက်ပါက သူ သဘောကျနေသော ဤမိန်းကလေး နာကျင်သွားမည်ကို စိုးရိမ်သဖြင့် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။

ထျဲ့ရှင်းလန် တစ်ယောက် ရွှံ့ဗွက်များထဲတွင် ဒူးထောက်တော့မည့် အခြေအနေကို ကျန်းရှောင်ယွီ က မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်နေစဉ်မှာပင် လူရိပ်တစ်ခုက သူမ၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ဆွဲထူလိုက်၏။

ထျဲ့ရှင်းလန် လှည့်ကြည့်လိုက်ရာ ချူကျန့်၏ မျက်နှာကို ထပ်မံ တွေ့လိုက်ရသဖြင့် ပြင်းထန်သော ဆူပူ ကြိမ်းမောင်းမှုများကို ခံယူရန် ခေါင်းငုံ့ကာ ပြင်ဆင်လိုက်တော့သည်။

သို့သော် မထင်မှတ်ထားလောက်အောင်ပင် ချူကျန့်၏ လေသံက အလွန် နူးညံ့နေလေ၏။

“မင်း က တကယ့်ကို ကောင်းမွန်တဲ့ မိန်းကလေးပဲ... ကျန်းရှောင်ယွီ နဲ့ ထိုက်တန်ပါတယ် ဒါပေမဲ့ ဒီလောက်အထိ လုပ်စရာ မလိုပါဘူး ဒါက ယောကျ်ားတွေ ကြားက ကိစ္စ ဆိုပေမယ့် ဒီမှာ သူတို့ နှစ်ယောက်တည်း ရှိတာ မဟုတ်ဘူး နောက်ထပ် ယောက်ျားတစ်ယောက် ရှိသေးတယ် ဆိုတာ မမေ့ပါနဲ့”

သူက ထျဲ့ရှင်းလန် ကို ဆွဲထူပြီး ကျန်းရှောင်ယွီ၏ အနားသို့ တွန်းပို့လိုက်ကာ ကျန်းရှောင်ယွီကို ကြည့်ပြီး ပြောလိုက်သည်။

“ဟွာဝူချွဲ နဲ့ မင်းရဲ့ တိုက်ပွဲကို ဝင်နှောင့်ယှက်ချင်တာ မဟုတ်ပါဘူး ငါက သူ့ကို ကြည့်ရတာ အမြင်ကပ်လာလို့ သူ့ကို အရင်ဆုံး အားပါးတရ ထိုးကြိတ်လိုက်ဦးမယ်... အဲ့ဒါပြီးရင် မင်းတို့ ဆက်တိုက်ကြပေါ့ကွာ”

ရုပ်ဖျက်ထားသဖြင့် ယခင်ကထက်ပင် ပိုမို သာမန်ဆန်ပြီး ရုပ်ဆိုးနေသော ချူကျန့်၏ မျက်နှာကို ကြည့်ရင်း ကျန်းရှောင်ယွီ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်တော့ချေ။

သို့သော် ကျန်းရှောင်ယွီ၏ မျက်ဝန်းထဲတွင် ဝေ့ဝဲနေသော မျက်ရည်များကမူ မျက်နှာပေါ်ရှိ မိုးရေများနှင့် ရောနှောကာ စီးကျသွားတော့သည်။

ချူကျန့်က ဖြည်းညင်းစွာ လှည့်လိုက်ပြီး လျှပ်တစ်ပြက် ပျောက်ကွယ်သွားကာ သူ၏ လက်သီးက ဟွာဝူချွဲ ၏ ချောမော ခန့်ညားသော မျက်နှာဆီသို့ လေတိုးသံနှင့်အတူ ရောက်ရှိသွားတော့၏။

ဤ သာမန်ပုံပေါက်နေသော ကုန်သည်ကြီးက ဤမျှ လျင်မြန်လိမ့်မည်ဟု ဟွာဝူချွဲ လုံးဝ ထင်မှတ်မထားခဲ့ချေ။ လန့်ဖြတ်သွားပြီး ကပျာကယာ ရှောင်တိမ်းလိုက်ရင်း တစ်ချိန်တည်းမှာပင် လက်ဝါး တစ်ချက် ပြန်လည် ပစ်လွှတ်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်လေးမှာပင် လေခွင်းသံ တစ်ချက် ထွက်ပေါ်လာပြီး လိမ္မော်နီရောင် ဓားချီ တစ်ခုက လျှပ်တစ်ပြက် တောက်ပလာကာ သူ၏ လက်ဝါးဆီသို့ ခုတ်ပိုင်းချလာတော့၏။

ဟွာဝူချွဲ ၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကိုယ်ကို နောက်သို့ လှန်ချကာ ထို ရုတ်တရက် တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် လျှို့ဝှက်လက်နက် များစွာက လေကိုခွင်း၍ ပြေးဝင်လာပြီး သူ နောက်ဆုတ်မည့် နေရာဆီသို့ တိတိကျကျ ဦးတည်လာတော့၏။

ဟွာဝူချွဲ က ယီဟွာ နန်းတော် ၏ ပြိုင်ဘက်ကင်း ကိုယ်ဖော့ပညာကို အသုံးပြုကာ ထပ်မံ ရှောင်တိမ်းလိုက်ပြန်သည်။ သို့သော် ဟန်ချက် ပြန်မထိန်းနိုင်မီမှာပင် ဓားချီက ထပ်မံ တောက်ပလာပြီး မိုးပေါက်များကို ပိုင်းဖြတ်လျက် သူ၏ ထွက်ပေါက်ကို လုံးဝ ပိတ်ဆို့လိုက်၏။

ဟွာဝူချွဲ ၏ ရင်ထဲတွင် အံ့အားသင့်သွားရတော့သည်။

‘ငါ့ရဲ့ လှုပ်ရှားမှုများကို ကြိုတင် ခန့်မှန်းနိုင်တဲ့ ဒီသိုင်းဆရာကြီးက ဘယ်ကများ ရောက်လာတာလဲ’

တကယ်တော့ ချူကျန့်သည် သူတို့၏ တိုက်ပွဲကို လက်ပိုက် ကြည့်နေစဉ်ကတည်းက ဟွာဝူချွဲ ၏ ခွန်အားနှင့် လှုပ်ရှားမှု သိုင်းကွက်များကို အများစု ခန့်မှန်း သိရှိထားပြီး ဖြစ်သည်။

ယခုအခါ သူ၏ တိုက်ခိုက်မှုများက တိကျသေချာပြီး မိုးကြိုးပစ်ချသကဲ့သို့ အဟုန်ပြင်းလှရာ "နဂါးသတ် ဓားသိုင်း ဆယ့်ခုနစ်ကွက်" က ဟွာဝူချွဲ ၏ အရေးကြီး သွေးကြောဆုံများဆီသို့ အဆက်မပြတ် ဝင်ရောက် ခုတ်ပိုင်းနေတော့၏။

ဤ တွက်ချက်မှု အတိအကျ ပါဝင်သော တန်ပြန် တိုက်ခိုက်မှုများကြောင့် ချူကျန့်၏ အစစ်အမှန် ခွန်အားမှာ ဟွာဝူချွဲ ထက် အနည်းငယ် နိမ့်ကျနေသေးသော်ငြား တိုက်ပွဲ၏ အစပိုင်းတွင်မူ ဟွာဝူချွဲ တစ်ယောက် ပြန်လည် မတိုက်ခိုက်နိုင်တော့ဘဲ နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရသည်။

ယီဟွာ နန်းတော် မှ တောင်ပေါ်ဆင်းလာကတည်းက ဤမျှလောက် အပြည့်အဝ ဖိနှိပ်ခံရခြင်းမျိုးကို ဟွာဝူချွဲ တစ်ခါမှ မကြုံဖူးခဲ့ချေ။ သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ပေါ်လာပြီး မေးလိုက်၏။

“မင်းက ဘယ်သူလဲ... ဒီလို သိုင်းပညာမျိုးက နာမည်မရှိတဲ့ သာမန်လူ တစ်ယောက်ဆီမှာ ရှိမနေသင့်ဘူး”

ချူကျန့်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“ငါက ကျန်းရှောင်ယွီ ရဲ့ သူငယ်ချင်း ဆိုတာလောက် သိရင် ရပြီ”

“သူငယ်ချင်း... ဟုတ်လား ကောင်းပြီလေ... ကျန်းရှောင်ယွီ ကို ငါ မသတ်နိုင်အောင် တားနိုင်မယ်လို့ မင်း.. တကယ် ထင်နေတာလား”

ဟွာဝူချွဲ က အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီး ရုတ်တရက် သူ၏ ဘယ်လက်ကို ဆန့်ထုတ်ကာ လက်မတင်လေးမှာပင် ချူကျန့်၏ ဓားသွားကို ကပ်ဖမ်းလိုက်၏။ နောက်တစ်စက္ကန့်တွင် လုံးဝ ယုံကြည်နိုင်စရာ မရှိသော အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာတော့သည်။

ချူကျန့်၏ လက်ထဲရှိ ဓားမှာ (၃၆၀) ဒီဂရီ ရုတ်တရက် လှည့်ပတ်သွားပြီး ချူကျန့်ဆီသို့ ပြန်လည် ခုတ်ပိုင်းလာခြင်းပင်။

'သောက်ကျိုးနည်း... ဟွာဝူချွဲ ဓားကို ဖမ်းလိုက်တဲ့ နေရာနဲ့ အားပြုလိုက်တဲ့ အနေအထားက ဒီလိုမျိုး ဓားကို ပြန်လှည့်သွားအောင် လုပ်နိုင်စရာ အကြောင်း လုံးဝ မရှိဘူး'

သို့သော် ပြဿနာမှာ ဟွာဝူချွဲ က ထိုသို့ တကယ်ကြီး လုပ်ပြလိုက်ခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ချူကျန့်မှာ ဓားသိုင်းတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ ဓား၏ အဟုန် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် သူက ဓားနှင့်အတူ တစ်ပါတည်း လိုက်ပါ လှည့်ပတ်လိုက်ပြီး ဓားကို စက်ဝိုင်းပုံစံ ပြန်လှည့်ကာ ဟွာဝူချွဲ ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ခုတ်ပိုင်းလိုက်တော့၏။

ဟွာဝူချွဲ က ထပ်မံ လက်လှမ်းကာ ဓားကို ကပ်ဖမ်းပြီး ဆွဲယူလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ ဟွာဝူချွဲ က နူးညံ့ပြီး

ကပ်တွယ်တတ်သော အားကို အသုံးပြုကာ ဓား၏ အဟုန်ကို လမ်းကြောင်းပြောင်းနေခြင်း ဖြစ်ကြောင်း ချူကျန့် ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သို့သော် ပြဿနာမှာ ဓားက (၃၆၀) ဒီဂရီ ထပ်မံ လှည့်ပတ်သွားပြီး သူ့ဆီသို့ ပြန်လည် ခုတ်ပိုင်းလာခြင်းပင် ဖြစ်တော့သည်။

ဒါက ချူကျန့် သိရှိထားသော သိုင်းပညာ၏ အခြေခံ သဘောတရားများ အားလုံးကို လုံးဝ ချိုးဖောက်နေချေပြီ။

'ကျစ်... လင်ဟူချုံး ရဲ့ ဓားသိုင်းလိုပဲ ဒါက ဂိမ်း စနစ်ကြီးရဲ့ ဟာကွက် အကျိုးသက်ရောက်မှု တစ်ခုခု ဖြစ်ရမယ်'

ချူကျန့်က သိုင်းကွက်များကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ဆက်တိုက် ပြောင်းလဲလိုက်သော်လည်း မည်သို့ပင် ပြောင်းလဲပါစေ ဟွာဝူချွဲ ၏ ရိုးရှင်းသော လမ်းကြောင်းပြောင်း သိုင်းကွက်က သူ၏ ဓားကို အလွယ်တကူ လှည့်ပတ်သွားစေသည်။

စောစောက ကျန်းရှောင်ယွီ နှင့် တိုက်ခိုက်စဉ်က ဟွာဝူချွဲ ၏ သိုင်းပညာများကို ချူကျန့် အသေအချာ အကဲခတ်ခဲ့သော်လည်း ကျန်းရှောင်ယွီ၏ သိုင်းပညာက နိမ့်ကျလွန်းနေသဖြင့် ဟွာဝူချွဲ က ဤ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်မသုံးခဲ့ခြင်း ဖြစ်ပုံရသည်။ ယခု ရုတ်တရက် ထုတ်သုံးလာသဖြင့် ချူကျန့် တစ်ယောက် အနည်းငယ် အကျပ်ရိုက်သွားရတော့၏။

သို့သော် ချူကျန့် မှာ လောက၏ နံပါတ်တစ် သိုင်းဆရာကြီး တစ်ဦး ဖြစ်သည်။

အကွက် အနည်းငယ် အတွင်းမှာပင၊ ဟွာဝူချွဲ က ဤ ဟာကွက် ပါသော သိုင်းကွက်ကို အသုံးပြုလိုပါက သူ၏ လက်ဝါးက ဓားကိုင်ထားသော လက်ကို ဖြစ်စေ ဓားသွားကို ဖြစ်စေ သေချာပေါက် ထိတွေ့ရမည် ဆိုသည့် အချက်ကို သူ ရိပ်မိသွားလေပြီ။

ချူကျန့်က စကားတစ်ခွန်းမျှ မပြောသော်လည်း သူ၏ လက်ထဲရှိ "မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို" ၏ သိုင်းကွက်များက သိသိသာသာ ပြောင်းလဲသွားတော့၏။ ကျယ်ပြန့်ပြီး ကြမ်းတမ်းလှသော "နဂါးသတ် ဓားသိုင်း ဆယ့်ခုနစ်ကွက်" မှာ ရုတ်တရက် ရှုပ်ထွေး သိမ်မွေ့ပြီး ဓားအရိပ်များ အသခ်ျေ ပါဝင်သော ဓားသိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဟွာဝူချွဲ မှာ မျက်စိလှည့်စားနိုင်သော ဓားအရိပ်များဖြင့် ဝိုင်းရံထားခံလိုက်ရပြီး မည်သည့် ဓားချက်က အစစ်အမှန် မည်သည့် ဓားချက်က လှည့်စားမှု ဖြစ်ကြောင်း လုံးဝ ခွဲခြား၍ မရနိုင်တော့ချေ။

ဟွာဝူချွဲ မျက်မှောင်ကြုတ်သွားရသည်။ သူ၏ "ပန်းပွင့်များကို ရွှေ့ပြောင်း၍ သစ်ပင်များကို ဆက်စပ်ခြင်း" သိုင်းကွက်ကို ဆက်လက် အသုံးပြု၍ မရနိုင်တော့သည့်အပြင် သူ၏ နောက်ဆုတ်မည့် လမ်းကြောင်းကိုလည်း ချူကျန့်က ကြိုတင် သိမြင်နေချေပြီ။

"ရွှစ်" ဆိုသော အသံနှင့်အတူ သူ၏ ဝတ်ရုံမှာ ချူကျန့်၏ ဓားချက်ကြောင့် ပြဲထွက်သွားတော့၏။

“အံ့မခန်း ဓားသိုင်းပဲ... ငါ့ရဲ့ 'ပန်းပွင့်များကို ရွှေ့ပြောင်း၍ သစ်ပင်များကို ဆက်စပ်ခြင်း' သိုင်းကွက်ကို ဖျက်ဆီးနိုင်တဲ့ ပထမဆုံးလူပဲ ဒါဆို ငါ့ရဲ့ အားကုန် ထုတ်ထားတဲ့ လက်ဝါးချက် ကိုရော ခံနိုင်မလား ကြည့်ကြတာပေါ့”

ဟွာဝူချွဲ က လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုတ်တရက် လက်ဝါး တစ်ချက် ပစ်လွှတ်လိုက်တော့၏။

ကြောက်ခမန်းလိလိ လေပြင်းကြီး တစ်ခု တိုက်ခတ်လာပြီး မုန်တိုင်းကြီး တစ်ခုအလား အားပါလှသော လက်ဝါးလေဟုန်က လေထဲရှိ ဓားအရိပ်များ အားလုံးကို ရိုက်ချိုးကာ ချူကျန့်၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ဝင်ရောက်လာသည်။

အထူးဆန်းဆုံး အချက်မှာ သူ၏ လက်ဝါးမှာ မှိန်ပျပျ ပွင့်လင်းမြင်သာနေပြီး အတွင်းရှိ အရွတ်များနှင့် အရိုးများကိုပင် မြင်တွေ့နေရခြင်း ဖြစ်၏။

'ဒါ ဘယ်လို သိုင်းပညာ မျိုးလဲဟ'

ချူကျန့်က လှည့်စားမှု သိုင်းကွက် နှင့် သူ၏ "လေတိုက်၍ ယိမ်းနွဲ့နေသော မိုးမခပင်" ခြေလှမ်းများကို ပေါင်းစပ် အသုံးပြုကာ အသည်းအသန် ရှောင်တိမ်းလိုက်ရသော်လည်း အနီးကပ် ဝင်ရောက်လာသော လက်ဝါးလေဟုန်ကြောင့် သူ၏ သွေးများ ဆူပွက်လာပြီး ရင်ဘတ်ထဲတွင် မီးလောင်နေသကဲ့သို့ နာကျင်သွားရသည်။

ဟွာဝူချွဲ ၏ နောက်ထပ် လက်ဝါးချက်က ထပ်မံ ဝင်ရောက်လာပြန်ရာ အလွန် ဖြတ်ရခက်သော ထောင့်ချိုးတစ်ခုမှ လာခြင်းဖြစ်ပြီး အဟုန်မှာလည်း ကြောက်စရာ ကောင်းလှပေသည်။

ချူကျန့်က သူ၏ ဓားဖြင့် ဟွာဝူချွဲ ၏ လက်ကောက်ဝတ်ကို ခုတ်ပိုင်းရန် ကြိုးစားလိုက်သော်လည်း ဓားက လမ်းတစ်ဝက်တွင် ရှိနေစဉ်မှာပင် လက်ဝါးလေဟုန်က ရေလှိုင်းကြီး တစ်ခုအလား ပေါက်ကွဲ ထွက်ပေါ်လာတော့၏။ ချူကျန့်၏ ဓားသွားတွင် နတ်ဘုရား အလင်းဖြာ အတွင်းအားကို ထည့်သွင်းထားသည့်တိုင် ဓားမှာ အနည်းငယ် တုန်ခါသွားပြီး လားရာ လွဲချော်သွားသည်။

ဓားမှာ လက်ဝါးလေဟုန်ကြောင့် ဘေးသို့ လွင့်ထွက်သွားပြီး ရှောင်တိမ်းရန်လည်း အချိန်မရတော့ချေ။

ချူကျန့်မှာ အစပြုအဆင့် ရွှေရောင် သိုင်းကွက် ၏ ကာကွယ်ရေး အတွင်းအားကိုသာ ကျင့်ကြံရသေးသဖြင့် အကယ်၍ ဤလက်ဝါးချက်သာ ထိမှန်သွားပါက အသေအလဲ ဒဏ်ရာရပြီး သွေးအန်မည်မှာ (၉၉) ရာခိုင်နှုန်း သေချာနေတော့၏။

ဟွာဝူချွဲ ၏ လင်းယွီ သိုင်းကျမ်း စတုတ္ထအဆင့် အတွင်းအား ပါဝင်သော "အပြစ်အနာအဆာ ကင်းမဲ့သော လက်ဝါး" က ချူကျန့်၏ ရင်ဘတ်ကို ထိမှန်တော့မည့် အခိုက်အတန့်လေးမှာပင် ချူကျန့်၏ ခန္ဓာကိုယ်မှာ လေးမှ လွတ်ထွက်သွားသော မြားတစ်စင်းအလား ရုတ်တရက် နောက်သို့ လွင့်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ဘယ်လက်က ရှေ့သို့ ထွက်လာပြီး လက်ချောင်း ငါးချောင်းမှာ ကြာပန်းပွင့်များအလား ပွင့်ဟသွားကာ မျက်စိတစ်မှိတ်အတွင်း သိုင်းကွက်ပေါင်း ဆယ်ကွက်ကျော်ခန့် ပြောင်းလဲသွားတော့၏။

သိုင်းကွက်တိုင်းတွင် နောက်ထပ် ဆက်တိုက် လာမည့် သိုင်းကွက်များစွာ ဖုံးကွယ်နေသည့်အလား ထင်မှတ်ရပြီး ဟွာဝူချွဲ ၏ လက်ဝါးရှိ အရေးကြီး သွေးကြောဆုံ အချို့ကို တိတိကျကျ ပစ်မှတ်ထားနေသည်။

ဟွာဝူချွဲ ၏ စိတ်ထဲတွင် ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားပြီး သူ၏ လက်ဝါးချက်မှာ အနည်းငယ် တုံ့ဆိုင်းသွားတော့၏။ ချူကျန့်၏ လက်ချောင်း ငါးချောင်းက သူ၏ ညာဘက် လက်ဝါးကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး နတ်ဘုရား အလင်းဖြာ အတွင်းအား နှင့် နှလုံးသားဖြတ် အတွင်းအား တို့ကို ရောနှော အသုံးပြုလိုက်သည်။ အားလျော့ခြင်း အားပေါင်းစပ်ခြင်း၊ အားကပ်တွယ်ခြင်း နှင့် အားလွှတ်ခြင်း စသည့် အင်အား အပြောင်းအလဲ များစွာကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရာ ဟွာဝူချွဲ ၏ လက်ဝါးချက် လမ်းကြောင်းမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပိုင် ဘယ်ဘက် ပခုံးဆီသို့ တည့်မတ်စွာ ဝင်ရောက်သွားတော့၏။

'ပန်းပွင့်များ လွင့်စင်၍ သစ်ရွက်များ ကြွေကျခြင်း လက်ဝါးသိုင်း' ပါလား လျှို့ဝှက် သိုင်းလောက တွင် ချူကျန့် သင်ယူခဲ့သော အစွမ်းအထက်ဆုံး သိုင်းကွက်ပင် ဖြစ်သည်။ ရန်သူ၏ ခွန်အားကို အသုံးပြု၍ ရန်သူကို ပြန်လည် တိုက်ခိုက်ခြင်း ပင်။

'မင်းဆီမှာ ဂိမ်း ရဲ့ ဟာကွက်တွေ ရှိရင် ငါ့ဆီမှာလည်း တကယ့် အစစ်အမှန် သိုင်းပညာ လျှို့ဝှက်ချက်တွေ ရှိတယ်'

“ဖြောင်း...”

ဟွာဝူချွဲ မှာ သူ၏ ကိုယ်ပိုင် လက်ဝါးချက် အရှိန်ကြောင့် နောက်သို့ ခြေလှမ်း အတော်များများ ဆုတ်သွားရပြီး မျက်နှာ တစ်ခုလုံး နီရဲသွားတော့သည်။

သူသည် အမြဲတမ်း "ပန်းပွင့်များကို ရွှေ့ပြောင်း၍ သစ်ပင်များကို ဆက်စပ်ခြင်း" သိုင်းကွက်ကို အသုံးပြုကာ သူတစ်ပါး၏ တိုက်ခိုက်မှုများကို ပြန်လည် လှည့်ပတ်လေ့ ရှိသော်လည်း သူ၏ ကိုယ်ပိုင် လက်ဝါးချက် အရှိန်ကို ကိုယ်တိုင် ပြန်လည် ခံစားရခြင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ အထူးသဖြင့် လင်းယွီ သိုင်းကျမ်း စတုတ္ထအဆင့် ၏ အပြစ်အနာအဆာ ကင်းမဲ့သော လက်ဝါးချက် ပင် ဖြစ်နေသည် မဟုတ်ပါလော။

အကယ်၍ သူ၏ အစွမ်းထက်လှသော ကာကွယ်ရေး အတွင်းအား သာ မရှိခဲ့ပါက ထိုလက်ဝါးချက်ကြောင့် သူ၏ ပခုံးရိုး တစ်ခုလုံး အမှုန့်ဖြစ်သွားမည်မှာ အသေအချာပင်။

သို့သော်ငြား သူ၏ ဘယ်ဘက် လက်မောင်းမှာ အသည်းခိုက်မတတ် နာကျင်နေပြီး ယာယီ လှုပ်ရှား၍ မရနိုင်တော့ချေ။

အခွင့်ကောင်းကို အမိအရ ယူတတ်သော ချူကျန့် တစ်ယောက် လိမ္မော်နီရောင် ဓားချီ မုန်တိုင်းကြီး တစ်ခုကို ဟွာဝူချွဲ ထံသို့ ရွာသွန်းချလိုက်တော့သည်။

All Chapters