← Chapters

အခန်း (၉၁၆-၉၁၈)

Vol. 62 Ch. 916-918

အခန်း (၉၁၆-၉၁၈)

Vol. 62 Ch. 916-918

အခန်း ၉၁၆ - ပြန်ဖို့ သိပ်မလောစမ်းပါနဲ့

နိုင်ငံတကာစစ်ရေးချန်နယ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်နေသည်။ ထိုအရာမှာ လူသားသမိုင်းတစ်လျှောက် ကျင်းပဖူးသမျှထဲတွင် အကြီးမားဆုံးနှင့် အဆင့်အမြင့်ဆုံး စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပြီး တိုက်ပွဲပုံတူဖန်တီးမှုများ၊ လက်နက်သရုပ်ပြမှုများ၊ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်မှုများနှင့် အခြားသော အစီအစဉ်များ ပါဝင်ပေသည်။

ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများအနေနှင့် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို မဖြစ်မနေကြည့်ရှုရန် ညွှန်ကြားထားသည်။ နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်သာ ကြုံတွေ့ရတတ်သည့် ဤသို့သော ပွဲမျိုးကို မဖြစ်မနေကြည့်ရမည်ဟု မသတ်မှတ်ထားလျှင်ပင် အချိန်ရသူတိုင်း သေချာပေါက် ဝင်ကြည့်ကြပေလိမ့်မည်။

ဤအရာများမှာ စကြာဝဋ္ဌာမျိုးနွယ်စုနှင့် ရင်ဘောင်တန်းနိုင်သော လက်နက်များဖြစ်ပြီး တစ်ချိန်က လူသားတို့၏ နှလုံးသားထဲတွင် အကြောက်တရားများ ကိန်းအောင်းသွားစေသည့် ဒူရန်ဒိုမျိုးနွယ်စုများထက်ပင် ပိုအစွမ်းထက်သေးသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဂျူပီတာဂြိုဟ်၏ ဂြိုဟ်တုတစ်ခုက စူးရှတောက်ပသော အနီရောင်အလင်းတန်းတစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ ထိုအရာမှာ အလွန်အားကောင်းသည့် ဆွဲငင်အားပြိုကျမှုစက်ကွင်းတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ထိုးဖောက်ခံလိုက်ရသော ဂြိုဟ်တုမှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြိုကျသွားပြီး အဆုံးတွင် ကြယ်ရောင်စုံလင်နေသော ကောင်းကင်ယံထဲဝယ် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

"အားလုံးပဲ.. မြင်လိုက်ကြလား။ ခုနက ကျွန်တော်တို့ ပြသသွားတာကတော့ တော်ဝင်ပညာရှင်ကျန်း နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်ပါပဲ။ အဲဒါကို ဂြိုဟ်ဖျက်အမြောက်လို့ ခေါ်ပါတယ်။ သူ့စွမ်းအင်က လနဲ့ အရွယ်အစားတူတဲ့ ဂြိုဟ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်"

အစီအစဉ်တင်ဆက်သူက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပေါ်လာချေသည်။

"ဆက်လက်ပြီးတော့ ကင်မရာကို ပါမောက္ခကျန်းမုန့်လောင်ကို ပေးလိုက်ကြရအောင်ပါ"

"မင်းတို့ မြင်လိုက်ကြလား။ ဒါက အရမ်းမိုက်လွန်းတယ်"

"ခုနတုန်းက ပေါက်ကွဲသွားတဲ့ ဂြိုဟ်တုက ဘာလဲဆိုတာ သိတဲ့လူရှိလား။ နက္ခတ္တဗေဒပညာရှင်တစ်ယောက်လောက် ရှင်းပြပေးပါလား"

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က နက္ခတ္တဗေဒဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အခုလိုမေးပေးတာကို ကျေးဇူးတင်ပါတယ်။ အဲဒါက ဂျူပီတာဂြိုဟ်နံပါတ်နှစ်ဖြစ်မယ်ထင်တယ်။ သူ့အချင်းက လရဲ့အရွယ်အစားနဲ့ ဆင်တူတယ်"

"ယူရိုပါက ပြောတယ်။ တယ်လည်း ကံဆိုးပါလားဟေ့"

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ပညာရှင်တွေကို လေးစားပါတယ် … ပုံ - ယန်ကျင်းတက္ကသိုလ်မှ အားကျလေးစားနေသူတစ်ယောက်"

"ရှန်ဟိုင်းကျောက်သုန်းတက္ကသိုလ်ကလည်း အားကျလေးစားလျက်ပါ"

"တာ့ဟုန်ကောလိပ်ကလည်း လေးစားအားကျလျက်ပါ"

"အိမ်တွင်းတက္ကသိုလ်ကလည်း လေးစားအားကျလျက်ပါ"

"ကောမန့်တွေမမန့်ကြနဲ့တော့။ မစ္စတာကျန်း လာပြီဟေ့"

"အဲဒါ ဘယ်လိုစကားမျိုးလဲ။ သူက လူသားမျိုးနွယ်ရဲ့ ရှေ့ဆောင်လမ်းပြ တော်ဝင်ပညာရှင်ကျန်းပါကွ။ မင်းစကားက မစ္စတာကျန်းကို ငွေမက်တယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာလား"

…..

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ကျန်းမုန့်လောင်ပါ"

ကျန်းမုန့်လောင်က တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကင်မရာထဲတွင် ပေါ်လာလေသည်။

"ခင်ဗျားတို့ ခုနက မြင်လိုက်ရတာကတော့ လက်ရှိအချိန်မှာ အင်အားအကြီးဆုံး ဂြိုဟ်ဖျက်အမြောက်ပါပဲ။ အမှန်ပါပဲ။ လက်ရှိမှာတော့ အနိမ့်ဆုံးစွမ်းအားနဲ့ လည်ပတ်နေတာမို့ အချင်းက သိပ်မကြီးပါဘူး။ အမြင့်ဆုံးစွမ်းအင်နဲ့ဆိုရင်တော့ ကြယ်အသေးစားတစ်လုံးကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်"

"ဂျူပီတာဂြိုဟ်နံပါတ်နှစ်က ကျွန်တော်တို့ရဲ့ အစမ်းသပ်ခံအရာဝတ္ထုပါ။ အခုတော့ အဲဒါက လုံးဝပျက်စီးသွားပါပြီ။ အကြီးဆုံးအပိုင်းက လက်သီးဆုပ်အရွယ်လောက်တောင် မရှိတော့ပါဘူး။ ပြီးရင် အဲဒီအပိုင်းအစတွေကို အာကာသယာဉ်တွေနဲ့ လိုက်ကောက်ခိုင်းပြီး ကမ္ဘာပေါ်က ကျောင်းသားတွေဆီကို အမှတ်တရလက်ဆောင်အနေနဲ့ ပို့ပေးပါ့မယ်"

……

"ရိုးရိုးရှင်းရှင်းပြောပေးပါလား"

"ယူရိုပါ : ကျေးဇူးတင်လိုက်တာဗျာ"

"ယူရိုပါ : ငါက ဒီလိုဖြစ်ရလောက်အောင်အထိ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့လဲ"

….

"ခင်ဗျားတို့အားလုံး မြင်တဲ့အတိုင်း ဒီတိုက်ခိုက်မှုက အခြေခံပဲ ရှိပါသေးတယ်။ အနိမ့်ဆုံးတိုက်ခိုက်မှုနှုန်းနဲ့ ပြင်းအားကလည်း သာမန်အဆင့်ပါပဲ။ သူ့ရဲ့တိုက်ခိုက်မှုအကွာအဝေးက နက္ခတ္တဗေဒယူနစ်တော်တော်များများအထိ ရောက်နိုင်ပြီး စေတန်ဂြိုဟ်ရဲ့ ပတ်လမ်းတွေနားအထိ ရောက်နိုင်ပါတယ်။ တခြားလက်နက်တွေကိုလည်း ဆက်ပြပေးပါ့မယ်"

ကျန်းမုန့်လောင်က လက်တွေ့ပုံရိပ်များကို အသုံးပြု၍ အရှင်းလင်းဆုံးစကားလုံးများဖြင့် အသေးစိတ်ရှင်းပြနေပေသည်။

သို့သော် ထိုအချိန်တွင် ပျံသန်းနေသော မှတ်ချက်များ၏အာရုံက အခြားအကြောင်းအရာများဆီသို့ ရောက်သွားလေဟန်ပင်။

"ကိုယ့်လူတို့.. အမှန်အတိုင်းပြောရရင် ဂြိုဟ်ဖျက်အမြောက်ကို ပစ်လိုက်တုန်းက ဂျူပီတာဂြိုဟ်ရဲ့ပတ်လမ်းတစ်ဝိုက်မှာ လက်ခနဲဖြစ်သွားတဲ့ အလင်းရောင်နှစ်ခုကို ငါ မြင်လိုက်ရသလိုပဲ"

"တကယ်နော်။ ငါလည်းမြင်လိုက်တယ်။ ယူရိုပါနဲ့တော့ မဆိုင်လောက်ဘူးထင်တယ်။ တခြားတစ်ခုခုကိုများ သွားမှန်တာလား"

"ဒီဟာကြီးက ပစ်မှတ်တော့ မလွဲလောက်ပါဘူး။ ကလေးတွေကို သွားမှန်ရင် ဘယ်လိုလုပ်မလဲ။ ကလေးတွေမဟုတ်ရင်တောင် အပင်တွေကိုသွားမှန်ရင်လည်း ဆိုးဝါးတာပဲမလား"

"အဲဒါတော့ မင်းပြောမှလား"

"ငါလည်း မြင်လိုက်တယ်"

"ငါလည်းမြင်လိုက်တယ်ထင်တာပဲ"

…..

"တော်ဝင်ပညာရှင်ကျန်း.. ကျွန်တော်တို့ တစ်ခုခုကို မှန်သွားတာများလား"

ဤတိုက်ရိုက်ထုတ်လွှင့်မှု၏ တာဝန်ခံဒါရိုက်တာက နားကြပ်ကတစ်ဆင့် ကျန်းမုန့်လောင်အား လှမ်းပြောလိုက်၏။

"ဘာကိုလဲ"

"ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ မှတ်ချက်ပေးတဲ့လူတိုင်းက တစ်ခုခုပေါက်ကွဲသွားသလိုမျိုး အလင်းရောင်နှစ်ချက် လက်ခနဲဖြစ်သွားတာကို မြင်လိုက်ရတယ်လို့ ပြောနေကြတယ်"

"မဖြစ်နိုင်တာ"

ကျန်းမုန့်လောင်မှာ ခေါင်းတကုတ်ကုတ်လုပ်လိုက်သည်။

"ဒီနေ့ ပစ်မှတ်တွေကို ကြိုတင်သတ်မှတ်ပြီး ရှင်းလင်းထားပြီးသားပါ။ မတော်တဆသွားမှန်စရာလည်း ဘာမှမရှိပါဘူး"

"ထူးဆန်းတယ်။ ကျွန်တော် စစ်ကြည့်လိုက်ရမလား။ ထုတ်လွှင့်မှုကိုရော ဖြတ်ချလိုက်ရမလား"

"ရပါတယ်။ မပြနိုင်စရာ ဘာမှမရှိပါဘူး။ စူးစမ်းလေ့လာရေးယာဉ်ကိုပဲ ဓာတ်ပုံလှမ်းပို့ခိုင်းလိုက်။ မဖြစ်နိုင်ပါဘူးနော်… အဲဒီလောက်အထိတော့ ကံဆိုးမနေနိုင်ပါဘူး။ ဟုတ်တယ်မလား"

"ကျောင်းအုပ်ကြီး.. တစ်ယောက်ယောက်တော့ ကံဆိုးသွားတာဖြစ်လောက်မယ်။ ဒီနေ့ ဘာနေ့လဲဆိုတာ ခင်ဗျား မေ့နေတာလား"

ကောထန်၏အသံက ကျန်းမုန့်လောင်၏နားထဲ ပဲ့တင်ထပ်လာသည်။

"ဘာပွဲရှိလို့လဲ။ ရီရီနဲ့ငါ့ရဲ့ နှစ်ပတ်လည်နေ့လား။ အဲဒါလည်း မဟုတ်ပါဘူး"

"အိုတစ် ငါ့ကို ညစာဝယ်ကျွေးမယ့်နေ့လား။ အဲဒါကလည်း လွန်ခဲ့တဲ့နှစ်ရက်တုန်းက ပြီးသွားပြီမဟုတ်လား"

ကျန်းမုန့်လောင်၏စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားပြီးနောက် တစ်ခုပြီးတစ်ခု ပယ်ချခံလိုက်ရသည်။

"…ကျောင်းအုပ်ကြီး.. ဒူရန်ဒိုမျိုးနွယ်စုက ကယ်ဆယ်ရေးအဖွဲ့က တလောတုန်းကပဲ ရောက်လာတယ်လေ"

"ဪ ဟုတ်သားပဲ"

ကျန်းမုန့်လောင်မှာ သူ့ပေါင်သူ ရိုက်လိုက်လေသည်။

"မင်းမပြောရင် ငါမေ့တော့မလို့။ သူတို့ အခုလောက်ဆိုရင် ရောက်နေလောက်ရောပေါ့။ သူတို့ကိုများ မတော်တဆမှန်သွားတာတော့ မဖြစ်နိုင်ပါဘူးနော်"

"ကျောင်းအုပ်ကြီးပြောတာ မှန်ပါတယ်။ ခုနတုန်းက ကျွန်တော်တို့ ပစ်ချလိုက်တာ သူတို့ပါပဲ"

….

တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာက စူးစမ်းလေ့လာရေးယာဉ်နောက်သို့ ချက်ချင်းလိုက်ပါသွားပြီး ဒူရန်ဒိုမျိုးနွယ်စု၏ အာကာယာဉ်တန်းနားသို့ ရောက်သွားလေသည်။ အစောပိုင်းက ပစ်ခတ်မှုကြောင့် သူတို့ ရှေ့ဆက်မတိုးဘဲ အခြေအနေကိုသာ စောင့်ကြည့်လိုက်သည်။

"သောက်ကျိုးနည်း… ငါတို့ တကယ်ကြီး တစ်ယောက်ယောက်ကို ပစ်ချမိသွားတာပဲ"

"သေစမ်း.. လျော်ကြေးပေးရတော့မှာ မဟုတ်ဘူးလား"

"လျော်ကြေး ဟုတ်လား။ ဒါတော့ မင်း မစ္စတာကျန်းကို အထင်သေးလိုက်တာပဲ။ သူ မပေးနိုင်တာ ဘာများရှိလို့လဲ"

"ငတုံးတွေ.. သူတို့က ဂြိုဟ်သားတွေကွ။ သူတို့ကို ဘယ်လိုလျော်ကြေးပေးမှာလဲ"

"မင်းမသိဘူးလား။ ငါတို့တွေက ပြင်ပအာကာသမျိုးနွယ်စုနဲ့ အဆက်အသွယ်ရထားပြီတဲ့။ ပြီးတော့ တော်ဝင်ပညာရှင်ကျန်းရဲ့အဖွဲ့ဆီမှာရှိတဲ့ အာကာသယာဉ်တန်းကိုလည်း သူတို့အကူအညီနဲ့ တည်ဆောက်ထားတာတဲ့။ ပြီးတော့ အခုတလော ကွမ်တမ်ကွန်ရက်တစ်ခုကို တည်ဆောက်နေတာမဟုတ်လား။ အဲဒီကိစ္စမှာလည်း ပြင်ပအာကာသမျိုးနွယ်စုတွေ ပါဝင်ပတ်သက်နေတာပဲ"

"တကယ်ကြီးလား"

"သေစမ်း.. ဒါဆို တိုက်ပွဲတွေ ဖြစ်တော့မှာမဟုတ်ဘူးလား"

"ဒါက စစ်ယာဉ်တန်းနဲ့တူတယ်နော်။ ဘယ်လိုပါလိမ့်။ သူတို့က ပြဿနာရှာဖို့ ရောက်လာတာများလား"

"ပြဿနာကိုကြောက်နေသေးတာလား။ ငါတို့လက်နက်တွေက ဒီလောက်အစွမ်းထက်နေတာကို။ မတော်တဆသွားပစ်မိရုံနဲ့တင် သူတို့ သေသွားလိမ့်မယ်လို့ ထင်မထားဘူး"

"ဒါလည်း ဟုတ်တာပဲ"

…..

"တပ်မှူးကို သတင်းပို့ပါတယ်။ တိုက်ခိုက်ရေးအာကာသယာဉ်နှစ်စင်း လုံးဝပျက်စီးသွားပါပြီ။ အပိုင်းအစလေးတစ်ခုတောင် မကျန်ခဲ့ပါဘူး။ ယာဉ်ပေါ်မှာ ပါလာသူအားလုံးလည်း သေဆုံးသွားပါပြီ"

"ဘာတွေဖြစ်နေတာလဲ"

ရူအန်ဒါ၏မျက်နှာမှာ မှုန်ကုပ်သွားသည်။

"ငါတို့က အပြာရောင်ကြယ်ဆီကို သွားနေတာမဟုတ်ဘူးလား။ သူတို့က အဆင့်တစ်မျိုးနွယ်စုလေ။ ဒီလိုအာကာယာဉ်တန်းမျိုး ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ။ အစီရင်ခံစာအရဆိုရင် စူးစမ်းရေးယာဉ်တစ်စင်းတည်းနဲ့တင် သူတို့ရဲ့အာကာသယာဉ်တန်းဆိုတဲ့ဟာကို မြေမြှုပ်ပစ်လိုက်လို့ရတယ်ဆို။ ငါတို့ နေရာမှားလာတာများလား"

"တပ်မှူး… မြေပုံပေါ်မှာပြထားတဲ့ တည်နေရာအရဆိုရင် ကျွန်တော်တို့ အပြာရောင်ကြယ်ရဲ့ ကြယ်စနစ်ထဲကိုရောက်နေတာ အမှန်ပါပဲ"

ယာဉ်တန်းရှိ ဝန်ထမ်းများက အကြိမ်ကြိမ်စစ်ဆေးပြီးနောက် အမှားအယွင်းမရှိကြောင်း အတည်ပြုလိုက်သည်။

"ဒါဆို ဘာတွေဖြစ်ကုန်တာလဲ။ နည်းပညာတွေ အကြီးအကျယ်တိုးတက်သွားရင်တောင် စကြဝဠာနှစ်နည်းနည်းလောက်နဲ့ အဆင့်တစ်ကနေ အဆင့်ငါးမျိုးနွယ်စုအဖြစ် ဘယ်လိုလုပ်ပြီး ခုန်တက်သွားနိုင်မှာလဲ"

"ကျွန်တော်တို့လည်း သေချာမသိပါဘူး။ သိရင်ရော လာရဲပါ့မလား"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက မလုံခြုံဘူး။ ပြန်ကြစို့"

ရူအန်ဒါက အမိန့်ပေးလိုက်လေသည်။

"ယာဉ်တန်းအားလုံး… ချက်ချင်းပြန်လှည့်ပြီး အမြင့်ဆုံးအရှိန်နဲ့ မောင်းနှင်ကြ။ ဆုတ်ခွာကြမယ်"

"ဝှစ်"

ခြစ်ခြစ်တောက်လောင်ကျွမ်းနေသော အလင်းတန်းတစ်ခုက သူတို့၏ယာဉ်တန်းအနောက်ဘက်သို့ ဖြတ်သန်းသွားပြန်သည်။ အပြာနှင့်ငွေရောင်စပ်ထားသော စက်ရုပ်စစ်သည်တစ်ကောင်က သူတို့အနောက်တွင် ပေါ်လာလေသည်။ ထိုစက်ရုပ်၏ စွမ်းအင်ဓာတ်ပေါင်းဖိုမှ ပြင်းထန်လှသော အမှုန်လှိုင်းများကို ထုတ်လွှတ်နေပေသည်။

"တပ်မှူး.. အပြာရောင်အမှုန်တွေပါ။ ဒါတွေက အဆင့်ငါးနဲ့အထက် မျိုးနွယ်စုတွေရဲ့ စက်ရုပ်စစ်သည်တော်ရဲ့ စွမ်းအင်ဓာတ်ပေါင်းဖိုကပဲ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်မြင့်အမှုန်တွေပါ"

"တပ်မှူး.. အပူစွမ်းအင်အရင်းအမြစ်တွေအများကြီး ချဉ်းကပ်လာနေပါတယ်။ အရေအတွက်က… နှစ်သောင်းကျော်ရှိပြီး စွမ်းအင်အဆင့်ကတော့ အဆင့်ငါးနဲ့အထက်မှာ ရှိပါတယ်"

"တပ်မှူး… ကျွန်တော်တို့ အဝိုင်းခံလိုက်ရပါပြီ"

"တပ်မှူး.. ကျွန်တော်တို့တိုက်ခိုက်ရေးအာကာသယာဉ်ရဲ့ စနစ်လည်း တိုက်ခိုက်ခံလိုက်ရပါပြီ။ ကျွန်တော် ထိန်းချုပ်လို့မရတော့ပါဘူး"

"မင်း ဘာပြောလိုက်တယ်"

"ဖျတ်"

ရူအန်ဒါထိုင်နေသည့် ကွပ်ကဲရေးယာဉ်၏ ဖန်သားပြင်ပေါ်တွင် လူငယ်တစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာချေသည်။ သူသည် အဖြူရောင်ဓာတ်ခွဲခန်းသုံး ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားလေရာ ယဉ်ကျေးသိမ်မွေ့ပြီး ပညာရှိပုံပေါက်သည်။

"ဒူရန်ဒိုမျိုးနွယ်စုက မိတ်ဆွေတွေလား"

ကျန်းမုန့်လောင် တဟားဟားရယ်မောလိုက်လေသည်။

"ရောက်လာပြီဆိုမှတော့ ပြန်ဖို့လည်း သိပ်လောမနေစမ်းပါနဲ့"

**********************

အခန်း ၉၁၇ - ဒါက ဆယ်ပုံတစ်ပုံပဲ ရှိသေးတယ်

"ကမ္ဘာမြေရဲ့ ပထမဆုံး စက်ရုပ်စစ်သည်တော်တပ်ဖွဲ့... အလုံးအရင်းနဲ့ ဖြန့်ကြက်ကြ"

တိုက်ခိုက်ရေးအာကာသယာဉ် အစင်းရေ နှစ်သောင်း၏ တံခါးပေါက်များ ပွင့်ဟလာပြီး ထိုယာဉ်များထဲမှ ငွေရောင်သန်းနေသော မီးခိုးရောင်ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ကျန်းမုန့်လောင်က ကြယ်တာရာလှည့်လည်သူအာကာသယာဉ် အစင်းတစ်ရာပါသော ယာဉ်တန်းကိုသာ ဝယ်ခဲ့ခြင်းမဟုတ်ပါချေ။ သိထားရမည့်အချက်မှာ ဤတိုက်ပွဲဝင်ယာဉ်ကြီးများမှာ အရွယ်အစား အလွန်ကြီးမားသည့်အတွက် သူတို့၏ တိုက်ခိုက်ရေးလှုပ်ရှားနိုင်စွမ်းမှာ ပိုသေးငယ်သော တိုက်ခိုက်ရေးယူနစ်များထက် အများကြီး ပိုနိမ့်နေတတ်သည်။

သို့သော် ဤစက်ရုပ်စစ်သည်တော်များကမူ အကောင်းဆုံးလှုပ်ရှားနိုင်စွမ်းနှင့် အင်အားကြီးမားသော တိုက်ခိုက်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားသည့်အတွက် အဆင့်မြင့်မျိုးနွယ်စုများက အလွန်သဘောကျကြသည်။ ထို့ပြင် နည်းပညာအဆင့်အတန်းအရ ဆိုရလျှင် လက်တွေ့တိုက်ခိုက်နိုင်စွမ်းရှိသည့် စက်ရုပ်စစ်သည်တော်များကို ထုတ်လုပ်နိုင်ရန် အနည်းဆုံး အဆင့်နှစ်မျိုးနွယ်စုဖြစ်နေရန် လိုအပ်ပေသည်။

ကြယ်တာရာလှည့်လည်သူယာဉ်များ၏ ဖွဲ့စည်းပုံအရ တိုက်ခိုက်ရေးအာကာသယာဉ်တစ်စင်းစီတိုင်းက စက်ရုပ်စစ်သည်တော်၁၈ခုနှင့် သက်ဆိုင်ရာပြုပြင်ထိန်းသိမ်းရေးကိရိယာများကို သယ်ဆောင်နိုင်သည်။ ထို့ကြောင့် ကျန်းမုန့်လောင်က တိုက်ခိုက်ရေးအာကာသယာဉ်အားလုံးကို ပစ္စည်းကိရိယာအပြည့်အဝ တပ်ဆင်ပေးရန် နောက်တစ်သုတ်ထပ်မှာခဲ့သည်။

ဤစက်ရုပ်စစ်သည်တော်အသုတ်ကို "ဆီရာဖင်"ဟု‌ ခေါ်ပြီး အဆင့်ငါးမျိုးနွယ်စု၏ အမြင့်ဆုံးစွမ်းရည်ကို ကိုယ်စားပြုသည်။ ကျန်းမုန့်လောင်၏အာကာသယာဉ်တန်းက သူတို့၏ သိုလှောင်ရုံတစ်ခုလုံးကို ပြောင်သလင်းခါသွားအောင် ဝယ်ယူခဲ့သည့်အပြင် လိုအပ်သည့်အရေအတွက် ပြည့်မီရန် ရောင်းချပြီးသား အော်ဒါတချို့ကိုပင် ဈေးကြီးပေးပြီး ပြန်ဝယ်ခဲ့ရသေးသည်။

ထို့ပြင် ကျန်းမုန့်လောင် မောင်းနှင်သည့် ယာဉ်ကိုတော့ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် အထူးပြုပြင်မွမ်းမံထားပြီး "ဆီရာဖင်"များထက် တိုက်ခိုက်နိုင်စွမ်း၊ လှုပ်ရှားနိုင်စွမ်းနှင့် ကာကွယ်နိုင်စွမ်းများကို ငါးဆယ်ရာခိုင်နှုန်းကျော် ပိုမြင့်မားအောင် လုပ်ဆောင်ထားသည်။

အတိုင်းအဆမရှိ များပြားလှသော "ဆီရာဖင်"များမှာ ကျိုင်းကောင်အုပ်ကြီးများနှယ် တိုက်ပွဲစစ်ကြောင်းထဲက ထွက်လာကြသည်။ အရေအတွက် လေးသိန်းနီးပါးရှိသော ဆီရာဖင်များမှာ သူတို့၏ ဧရာမစစ်ကြောင်းကြီးနှင့်အတူ အာကာသယာဉ်အစင်းနှစ်ထောင်ကို အပြည့်အဝဝန်းရံပိတ်ဆို့လိုက်၏။

လွန်ခဲ့သည့်တစ်လတုန်က ကျန်းမုန့်လောင်သည် လေ့ကျင့်ရေးအတွက် လက်ရွေးစင်တပ်ဖွဲ့ဝင် အမြောက်အများကို ရွေးချယ်ခဲ့ြီး သူတို့၏ တစ်ဦးချင်းစွမ်းရည်များအပေါ် မူတည်ပြီး တပ်ဖွဲ့ဝင်အမျိုးအစားအသစ်များကို ဖန်တီးခဲ့သည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများကလည်း တပ်ဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်ပြီး သင်ကြားပေးကြသည်။ ယခုဆိုလျှင် သူတို့သည် အခြေခံတိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်နေချေပြီ။

ကြီးမားလှသော မျိုးနွယ်စုအဆင့်ကွာဟမှုအော်တွင် ဤအာကာသယာဉ်အစင်းနှစ်ထောင်ခန့်ကို အရေအတွက်လေးသိန်းမဆိုထားနှင့်။ လေးဆယ်လောက်နှင့်လည်း အသာလေးဖြိုခွင်းနိုင်သည်။ တကယ်တော့ ကျန်းမုန့်လောင်က ကြွားဝါချင်ရုံသက်သက်သာ။

"အောင်မြင်စွာ ကြွားလုံးထုတ်နိုင်ခဲ့တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်။ ခွန်အားအမှတ် ငါးထောင်ကို ရရှိပါတယ်။ လက်ရှိခွန်အားအမှတ် ၁၈၃၂၃၂ရှိပါတယ်"

…..

"အရမ်းမိုက်တာပဲ။ အဲဒါ ဂန်ဒမ်ကြီးလား"

"မိုက်လှချည်လား။ သူ့လှုပ်ရှားနိုင်စွမ်းက ပြိုင်ဘက်ကင်းပဲ"

"ဒါကို တော်ဝင်ပညာရှင်ကျန်း တီထွင်ထားတာလား။ အရမ်းစွမ်းတာပဲ။ ရှင့်အတွက် ကျွန်မ ကလေးတွေတောင် မွေးပေးချင်လာပြီ"

"ဒီလောက်တောင်ကံဆိုးတဲ့ကောင်တွေက ဘယ်သူတွေလဲ။ အချိန်ကိုက်ကလည်း ဆိုးလိုက်တာ။ ငါတို့ စစ်ရေးလေ့ကျင့်နေတဲ့အချိန်ကိုမှ ရွေးလာရတယ်လို့"

"သူတို့က တော်တော်ကံဆိုးတာပဲ။ သူတို့အတွက် သုံးမိနစ်လောက် ငြိမ်သက်ပေးလိုက်ရအောင်"

"အသက်မပြည့်သေးတဲ့ကလေးတွေက မိဘတွေရဲ့ကြီးကြပ်မှုအောက်မှာပဲ ကြည့်ရှုသင့်ပါတယ်"

….

တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာက ကျန်းမုန့်လောင်၏ လေယာဉ်မှူးခန်းဆီသို့ ပြန်ရောက်သွားသည်။

"အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါတွေကတော့ စက်ရုပ်စစ်သည်တွေပါ။ ပုံမှန်အားဖြင့်တော့ "ဂန်ဒမ်"လို့ သိထားတဲ့အရာတွေက ဒါတွေကိုပြောတာပါ။ သူတို့က ကြယ်တာရာလှည့်လည်သူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို မယှဉ်နိုင်ပေမဲ့ ထိပ်တန်းတိုက်ခိုက်ရေးအာကာသယာဉ်တစ်စင်းကိုတော့ သူတစ်စင်းတည်းနဲ့ အသာလေးဖောက်ခွဲပစ်နိုင်စွမ်းရှိပါတယ်"

"ဆက်လက်ပြီးတော့ အားလုံးကို လက်တွေ့ပြသပေးပါ့မယ်"

ကျန်းမုန့်လောင်က စက်ရုပ်စစ်သည်တော်တွင် တပ်ဆင်ထားသော လက်နက်ကို ဒူရန်ဒိုမျိုးနွယ်စု၏ တိုက်ခိုက်ရေးအာကာသယာဉ်တစ်စင်းဆီသို့ ပစ်ခတ်လိုက်သည်။

ထိုတိုက်ခိုက်ရေးအာကာသယာဉ်ခမျာ ချက်ချင်းဆိုသလို တစ်စစီကြေမွသွားသည်။

"ဒါက လက်နက်တွေထဲက တစ်ခုပါ။ ဒါကို စက်ယန္တရားအမှုန်အမြောက်လို့ခေါ်ပါတယ်။ ပြီးတော့ ဒီစက်ရုပ်စစ်သည်မှာ တပ်ဆင်ထားတဲ့ နောက်ထပ်လက်နက်၆၂မျိုးနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကို ပြသပေးသွားမှာပါ"

"ဒါကတော့ အလင်းတန်းဓားသွားပါ"

"ဒါကတော့ တုန်ခါမှုကြိမ်နှုန်းမြင့် အမှုန်ဓားမြောင်ပါ"

"ဒီဟာကတော့ အပူလေဆာပါ"

"ဒီဟာကတော့ လေပေါ်အမြောက်ပါ။ အာရုံကြောစနစ်ကတစ်ဆင့် ထိန်းချုပ်ထားတာပေါ့။ ကျွမ်းကျင်တဲ့ လေ့ကျင့်မှုမရှိရင် ကိုယ့်လူကိုယ် အရင်သတ်မိနိုင်ပါတယ်"

"ဒီတစ်ခုကတော့ လေဆာအမြောက်ပေါ့။ အဲဒီလိုတိုက်ခိုက်ရေးယာဉ်မျိုးကို တစ်ချက်ပစ်လိုက်တာနဲ့ သုံးစင်းလောက်အထိ အမှုန့်ကြိတ်ပစ်နိုင်ပါတယ်"

….

အကယ်၍ လေဟာနယ်ကသာ အသံကို သယ်ဆောင်နိုင်မည်ဆိုလျှင် ယခုအချိန်၌ အာကာသထဲတွင် နှစ်သစ်ကူးပွဲတော်ထက်ပင် ပိုဆူညံပျော်မြူးသွားမည်မှာ သေချာပေါက်ပင်။

လူနက်ဒ်တို့တစ်သိုက်မှာ သေမတတ်ထိတ်လန့်နေကြသော်ငြား လုံးဝထွက်ပြေး၍မရချေ။ ကောင်းကင်နှင့် မြေကြီးကိုပါ ပိတ်ဆို့ထားသည့် ဤကွန်ရက်ကြီးအောက်က သူတို့ ဘယ်လိုလွတ်မြောက်နိုင်မည်နည်း။

"၆၁မျိုးလား။ တော်ဝင်ပညာရှင်ကျန်း.. နည်းနည်းလောက် လူသားဆန်ပေးပါဦးလား"

"သောက်ကျိုးနည်းဟေ့… ကြမ်းလိုက်တာ။ ဒါနဲ့ သူတို့တွေက ဘယ်သူတွေမို့လို့ ဒီလိုတွေလုပ်နေရတာလဲ။ နည်းနည်းလွန်လွန်းမနေဘူးလား"

"အဝေးက ရောက်လာတဲ့ ဒီမိတ်ဆွေအတွက် "အေးလိုက်တာမှ ခဲလို့"ဆိုတဲ့ သီချင်းလေးနဲ့ ဂုဏ်ပြုပေးလိုက်ရအောင်"

"ဒါက လွန်လွန်းမနေဘူးလား။ သူတို့ဘက်က ဘာမှမလုပ်ရသေးဘူးလေ။ ဒီလုပ်ရပ်က နည်းနည်းမသင့်တော်ဘူးထင်တယ်"

ဤတိုက်ရိုက်ထုတ်လွှင့်မှုပုံရိပ်ကား ရုတ်ခြည်းပင် ဂယက်ရိုက်သွားပြီး ဆန့်ကျင်ဘက်အင်အားစုများက ချက်ချင်းဆိုသလို အခွင့်ကောင်းယူရန် ပြင်ဆင်ကြလေတော့သည်။

"ဒါက လူသားမျိုးနွယ်ရဲ့ ရှေ့ဆောင်လမ်းပြတဲ့လား။ ဒီလိုမဆင်မခြင်သတ်ဖြတ်နေတာက အရင်တုန်းက အာဏာရှင်တွေနဲ့ ဘာများကွာသွားလို့လဲ"

"ဒီလိုမျိုးတွေကို ထုတ်လွှင့်ပြသနေတာ သင့်တော်လို့လား။ သူတို့ကို ထိန်းကျောင်းပေးမယ့်လူ မရှိတော့ဘူးလား"

"ဒီအာကာသယာဉ်တန်းကို တကယ်တမ်းထိန်းချုပ်ထားတဲ့နိုင်ငံက ဟွာရှားနိုင်ငံမလား"

"ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ဆို။ ဘယ်လိုဖြစ်ရတာလဲ"

…..

"တော်ဝင်ပညာရှင်ကျန်း… ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်နေတုန်းပဲနော်"

တစ်စုံတစ်ယောက်က ဤမှတ်ချက်များကို မြင်လိုက်ရသဖြင့် သက်ဆိုင်ရာအကြောင်းအရာများကို ကျန်းမုန့်လောင်ထံသို့ ချက်ချင်းသတင်းပို့လိုက်၏။

"တော်ဝင်ပညာရှင်ကျန်း.. ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်နေတာကို အရင်ရပ်လိုက်မလား"

"ဟုတ်တယ်။ ဒီပုံရိပ်က တကယ်မကောင်းဘူး။ ပြီးတော့ သူတို့ ဘယ်သူဘယ်ဝါဆိုတာလည်း ကျွန်တော်တို့ မသိသေးဘူးလေ"

"ဪ ဆောရီးပဲ။ လက်နက်တွေ မိတ်ဆက်ပေးနေရင်း နည်းနည်းလက်လွန်သွားတယ်"

ကျန်းမုန့်လောင်ကလည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

"လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်တုန်းက ဂြိုဟ်သားတွေ ကျူးကျော်လာတဲ့ ဖြစ်ရပ်ကို မှတ်မိကြသေးလား"

"မှတ်မိတာပေါ့"

"ဒီတစ်သက် ဘယ်တော့မှမမေ့ဘူး"

"အဲဒီစစ်ပွဲတုန်းက အဆုံးမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် အဲဒီဒူရန်ဒိုမျိုးနွယ်တွေက အာကာသယာဉ်မပေါက်ခွဲခင်မှာ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့မိခင်ဂြိုဟ်ဆီကို ပို့ပေးခဲ့တယ်။ အခု သူတို့က မလိုတမာအကြံအစည်တွေနဲ့ အာကာသယာဉ်တန်းကို ဖွဲ့စည်းပြီး ကျွန်တော်တို့ဆီကို လာကြတာ။ ခင်ဗျားတို့ အခုမြင်နေရတာ အဲဒီယာဉ်တန်းပဲ"

"သောက်ကျိုးနည်း… အဲဒါ သူတို့လား"

"မနိုင်လို့ စစ်ကူလှမ်းခေါ်လိုက်တာပေါ့လေ"

"ဆောရီးပဲ… စစ်ကူတွေတောင် တော်ဝင်ပညာရှင်ကျန်းရဲ့အစွမ်းတွေကို တောင့်မခံနိုင်ဘူး"

"တော်ဝင်ပညာရှင်ကျန်းရဲ့လုပ်ရပ်က လွန်လွန်းတယ်လို့ ခုနတုန်းက ဘယ်သူပြောလိုက်တာလဲ။ ထစမ်း။ လူသတ်ထားရင် အသက်နဲ့ ပြန်ပေးဆပ်ရမှာပဲ။ အကြွေးကို ငွေနဲ့ ပြန်ဆပ်ရမယ်။ ဒါက သဘာဝတရားရဲ့ နိယာမတွေပဲ"

"ဟုတ်တယ်။ အဲဒီတုန်းက ငါတို့လူသားမျိုးနွယ်စုရဲ့ တပ်ဖွဲ့ဝင်တွေ ဘယ်လောက်သေဆုံးခဲ့ရလဲဆိုတာ မမေ့နဲ့နော်။ အဲဒီအထဲမှာ မင်းတို့နိုင်ငံက လူတွေရော ဘယ်လောက်ပါလဲ။ မင်းတို့က သူတို့ကို သနားနေတယ်ပေါ့လေ။ သူတို့က ကျူးကျော်သူတွေလေ။ သူတို့ကိုသတ်တာ ဘာဖြစ်လဲ"

"လွန်တယ်လို့ ပြောလိုက်မိတာ ငါပါ။ လွန်တယ်လို့ ပြောရတဲ့ အကြောင်းအရင်းက ဒီလောက်ပျော်ဖို့ကောင်းတဲ့ ကိစ္စကို တော်ဝင်ပညာရှင်ကျန်းက တစ်ယောက်တည်း ကျိတ်ပျော်နေလို့လေ"

"သူတို့ဘက်က ခုခံဖို့ လက်လျှော့လိုက်ကြပြီ။ အခု သူတို့ သုံ့ပန်းတွေ ဖြစ်သွားပြီ။ သူတို့ကို အလွတ်မပေးကြနဲ့"

"တော်ဝင်ပညာရှင်ကျန်း.. ကျွန်တော်တို့ နောက်ထပ်လက်နက်တွေကို မြင်ချင်သေးတယ်။ နောက်လက်နက်ရာဂဏန်းလောက် ပြပေးပါဦး။ တစ်ဝကြီး မျက်စိအစာကျွေးချင်လို့ပါ"

ကျန်းမုန့်လောင်က ဤလူများ၏ ဇာစ်မြစ်ကို ဖော်ထုတ်လိုက်သောအခါ လူထု၏သဘောထားမှာ ခဏတွင်းချင်းမှာပင် ဘက်ပြောင်းသွားပြန်သည်။

သနားရမှာလား။ အဲဒါက ရန်သူတွေအတွက်မဟုတ်ဘူး။ ကျူးကျော်သူတွေကို သနားညှာတာဖို့ ပြောနေသေးတယ်ဆိုရင် အဲဒါ ငတုံးမို့လို့ပဲ…

……

"ဒီအပြာရောင်ကြယ်က ဘယ်လိုနေရာကြီးလဲ"

လူနက်ဒ်၏ နဖူးထက်ဝယ် ချွေးစို့နေလေပြီ။

အစကတော့ ဤသည်မှာ မြန်မြန်ဆန်ဆန်ပြီးဆုံးသွားမည့် စစ်ပွဲတစ်ခုဟု ထင်ခဲ့သော်ငြား ထင်မှတ်မထားပါဘဲ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပါသည့်တိုင် သူတို့ဘက်က တုံ့ပြန်ရန် အခွင့်အရေးတစ်ခုပင် မရလိုက်ချေ။

အဆင့်ငါး အမြင့်ဆုံးမျိုးနွယ်စု၏ တိုက်ခိုက်ရေးအာကာသယာဉ်များနှင့် စက်ရုပ်စစ်သည်များတဲ့လေ။

သူတို့၏ယာဉ်ပေါ်ရှိ စွမ်းအင်အားလုံး ကုန်သွားလျှင်ပင် တစ်ဖက်ရှိ စွမ်းအင်ချပ်ဝတ်ကို ထိုးဖောက်နိုင်ရန် မလွယ်ပေ။ သို့ဖြစ်လေရာ ဆက်တိုက်ခိုက်နေလည်း ဘာထူးမည်နည်း။

"တော်ဝင်ပညာရှင်ကျန်း.. တစ်ဖက်က ဆက်သွယ်ခွင့်တောင်းနေပါတယ်"

"ငါ့ဆီကို ချိတ်ပေး"

"ဟုတ်ကဲ့"

လူနက်ဒ်၏ ဟိုလိုဂရမ်ပုံရိပ်က ကျန်းမုန့်လောင်ရှေ့တွင် ပေါ်လာခဲ့သည်။

"မင်္ဂလာပါ ဒူရန်ဒိုမျိုးနွယ်စုက မိတ်ဆွေတို့… ဘယ့်နှယ့်လဲ။ အံ့ဩသွားကြပြီလား"

ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် ပျော်ရွှင်တက်ကြွမှုများ အပြည့်ပင်။

"ခင်ဗျားတို့ကို စောင့်နေတာ နှစ်တွေတောင် တော်တော်ကြာပြီ။ နောက်ဆုံးတော့ ရောက်လာကြပြီပဲ"

"မင်းက ငါတို့ကို စောင့်နေတာလား"

ထိုအချိန်ဝယ် လူနက်ဒ်ခမျာ ရုတ်ခြည်းဆိုသလို အလိမ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

"မင်းတို့က အဆင့်တစ်မျိုးနွယ်စုဂြိုဟ်ကဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မင်းတို့က ဘယ်သူတွေလဲ"

"ကျုပ်တို့က တကယ် အဆင့်တစ်မျိုးနွယ်စုဂြိုဟ်ကပါ။ တကယ်ပြောတာ။ ကျုပ် စာတွေအများကြီးဖတ်ဖူးတယ်။ ခင်ဗျားတို့ကို မလိမ်ဘူး။ ကျုပ်တို့ဂြိုဟ်ကို လာလည်ကြည့်ရင် ခင်ဗျားသိသွားမှာပါ"

"ကဲ ကျုပ်တောင်းဆိုချင်တာကတော့ ခုခံနေတာကို ချက်ချင်းရပ်ပြီး ကျုပ်တို့ရဲ့စစ်တပ်ဆီမှာ လက်နက်ချပြီး အညံ့ခံဖို့ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျုပ်ပြောပြမယ်။ ခင်ဗျားတို့ အခုမြင်နေရတာက ကျုပ်တို့စစ်တပ်အင်အားရဲ့ ဆယ်ပုံတစ်ပုံပဲရှိသေးတယ်။ တကယ်လို့ ခင်ဗျားတို့ထဲက တစ်ယောက်နှစ်ယောက်လောက်များ ထွက်ပြေးလွတ်မြောက်နိုင်မလားဆိုပြီး‌ မျှော်လင့်ချက်တွေထားနေတယ်ဆိုရင်လည်း ကြိုးစားကြည့်ပေါ့"

********************

အခန်း ၉၁၈ - ငါ့ကို လက်ဖျားနဲ့တောင် လာမထိနဲ့

"ကဲ… ခင်ဗျားတို့နဲ့ စကားပြောဖို့ အချိန်မရှိဘူး။ ဆုံးဖြတ်ချက်ချဖို့အတွက် သီချင်းတစ်ပုဒ်စာ အချိန်ရမယ်။ လက်နက်ချမလား။ ဒါမှမဟုတ် အာကာသထဲက အမှိုက်တွေဖြစ်သွားချင်လား။ ခင်ဗျားတို့ပဲ ရွေးတော့"

ကျန်းမုန့်လောင်က လူနက်ဒ်ကို အေးစက်မာကျောစွာ စိုက်ကြည့်လိုက်သည်။

"လွှမ်းမိုးနိုင်စွမ်းကြီးလိုက်တဲ့ အရှိန်အဝါကွာ"

"ကိုယ့်လူတို့ရေ… စိတ်လှုပ်ရှားဖို့တော့ ကောင်းလာပြီ။ နောက်ခံသီချင်း ဖွင့်ထားလိုက်တော့"

"ဟုတ်တယ်။ အဲဒီနှစ်တုန်းက တခြားလိုက်ဖ်တစ်ခုမှာ ငါတို့ရဲ့အာကာသယာဉ်တန်းကြီးကို ရန်သူ့အာကာယာဉ်တစ်စင်းက အပြတ်အသတ်ချေမှုန်းပစ်လိုက်တာကို ငါ မှတ်မိသေးတယ်။ အခု ပြန်တွေးကြည့်ရင်တောင် ရှက်ဖို့ကောင်းနေတုန်းပဲ"

"နောက်ဆုံးတော့ ငါတို့ ခေါင်းမော့နိုင်ပြီ။ အခု လူသားမျိုးနွယ်က မားမားမတ်မတ်ရပ်တည်နိုင်ပြီ။ ဒါတွေအားလုံး တော်ဝင်ပညာရှင်ကျန်းရဲ့ ကျေးဇူးကြောင့်ပဲ"

တစ်ချိန်က ပြင်ပအာကာသမျိုးနွယ်စုများရှေ့တွင် သူတို့ တုန်လှုပ်ခဲ့ရသည်။ ယခုမူ စစ်သည်တစ်ယောက်မှ အဆုံးရှုံးမခံရပါဘဲ ကျူးကျော်သူများ၏ခေါင်းကို ရိုက်ခွဲပစ်နိုင်လေပြီ။

"ကျွန်တော်တို့.. ကျွန်တော်တို့ လက်နက်ချပါတယ်"

လူနက်ဒ်၏နှုတ်ခမ်းများမှာ အပြင်းအထန်တုန်ယင်နေပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် လက်နက်ချရန် ရွေးချယ်လိုက်ရသည်။

လက်နက်ချရုံကလွဲပြီး သူတို့ ဘာလုပ်နိုင်ဦးမည်နည်း။

ကျန်းမုန့်‌လောင် ပြောခဲ့သလိုပင်။ နှစ်ဖက်ကြားရှိ ကွာဟချက်က အလွန်ကြီးမားလွန်းလှသည်။ ဤအာကာသယာဉ်တန်းကြီး၏ ဝိုင်းရံမှုအောက်တွင် သူတို့အနေနှင့် ထွက်ပြေးလွတ်မြောက်နိုင်ခြေမှာ မားစ်ဂြိုဟ်က ကမ္ဘာမြေကို ဝင်တိုက်နိုင်ခြေထက် ပိုနည်းပါးနေသေးသည်။

ကျွန်အနေနှင့်ဆိုလျှင် အနည်းဆုံးတော့ သူတို့ အသက်ရှင်နိုင်မည့် အခွင့်အရေးမျိုး ရှိသေးသည်။ သို့သော် အသေခံတိုက်ခိုက်ရန် ရွေးချယ်မည်ဆိုပါက ငါးသာ သေချင်သေသွားလိမ့်မည်။ ပိုက်ကွန်ကတော့ နည်းနည်းမှပင် ပေါက်သွားမည်မဟုတ်ချေ။

"တိုက်ခိုက်ရေးအာကာသယာဉ်တချို့ကို ဒီဘက် ခေါ်လာခဲ့"

ဤအာကာသယာဉ်တန်းတွင် တိုက်ခိုက်ရေးယာဉ် အစင်းနှစ်ထောင် ပါဝင်လေသည်။ ယာဉ်တစ်စင်းချင်းစီတိုင်းတွင် မောင်းနှင်သူများနှင့် တိုက်ခိုက်ရေးဝန်ထမ်းများ ရာဂဏန်းခန့်ရှိ၏။ စုစုပေါင်း အယောက်ငါးသိန်းဝန်းကျင် ရှိသည်။ ဤသည်မှာ နည်းပါးလှသောပမာဏ မဟုတ်ပါချေ။

ကျန်းမုန့်လောင်နှင့် လူတစ်စုမှာ ဂြိုဟ်သားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန်အတွက် သူတို့၏ တိုက်ခိုက်ရေးအာကာသယာဉ်ပေါ်သို့ တက်သွားကြသည်။ စစ်သည်တော်တော်များများမှာမူ စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ အရောင်လက်နေတော့သည်။

"တပ်မှူး.. ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ တကယ်လက်နက်ချတော့မလို့လား"

"ဟက်... လက်နက်ချရမယ် ဟုတ်လား"

လူနက်ဒ်က က လှောင်ပြုံးပြုံးလိုက်၏။

"ငါတို့ရဲ့ ထောက်လှမ်းရေးကိရိယာတွေမှာ ပြနေတာကို မင်းတို့ မမြင်ဘူးလား။ အဲ့ဒီတိုက်ခိုက်ရေးအာကာသယာဉ်တွေပေါ်က စစ်သားတွေက သာမန်လူတွေချည်းပဲ။ ငါထင်တာတော့ ဒီမျိုးနွယ်စုက တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေ ဒါမှမဟုတ် ရတနာတချို့ကို မတော်တဆရသွားပြီးတော့ နည်းလမ်းတစ်ခုခုနဲ့ ဒီစက်ပစ္စည်းတွေကို အသုတ်လိုက် ဝယ်လာတာပဲ ဖြစ်ရမယ်"

အဆင့်တစ်မျိုးနွယ်စုတစ်ခုက အချိန်တိုအတွင်း အဆင့်ငါးကို တက်လှမ်းနိုင်ပါ့မလား။ လုံးဝမဖြစ်နိုင်ပေ။ ဤသည်မှာ ယုတ္တိအရှိဆုံး ခန့်မှန်းချက်ပင်။

"ဒါဆို တပ်မှူးက ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ"

"ဟက်...သူတို့ရဲ့တပ်မှူးက ငါတို့ဆီက လက်နက်ချအညံ့ခံတာကို လက်ခံဖို့ ရောက်လာတဲ့အခါ ငါတို့စစ်သည်တွေက ချက်ချင်းပြန်တိုက်ခိုက်ပြီး သူတို့ဘက်က အရေးပါတဲ့လူတွေကို ထိန်းချုပ်လိုက်မယ်။ အဲ့ဒီအခါကျရင် ဒီအာကာသယာဉ်တန်းကြီးကလည်း ငါတို့ဟာ ဖြစ်သွားနိုင်တယ်"

"ဒါပေမဲ့ တပ်မှူး... တကယ်လို့ သူတို့က အဆင့်မြင့်မျိုးနွယ်စုတစ်ခုခုနဲ့ အဆက်အသွယ် ရထားရင် ဘယ်လိုလုပ်မလဲဆိုတာကိုရော စဉ်းစားထားပြီးပြီလား"

"စိတ်အေးအေးထားစမ်းပါ"

လူနက်ဒ်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

"ဒီကမ္ဘာပေါ်က ဆက်ဆံရေးအားလုံးက အကျိုးအမြတ်တွေအပေါ်မှာပဲ တည်ဆောက်ထားတာ။ အပြာရောင်ကြယ်က လူတွေက အဆင့်မြင့်မျိုးနွယ်စုတစ်ခုခုနဲ့ ပူးပေါင်းထားတယ်ဆိုရင်တောင် အဲ့ဒီမျိုးနွယ်စုက အရင်းအမြစ်တွေ ဒါမှမဟုတ် ရတနာတွေကိုပဲ ဂရုစိုက်မှာ။ သူတို့ကို ရတနာတွေနဲ့ အရင်းအမြစ်တွေပေးတဲ့လူက ဘယ်သူလဲဆိုတာကို သူတို့ တကယ်ဂရုစိုက်မယ်ထင်လို့လား"

"ဟုတ်တော့ဟုတ်သား"

သူတို့သာ အပြာရောင်ကြယ်ကို ထိန်းချုပ်နိုင်ခဲ့ပါက ထိုကြယ်ပေါ်ရှိ အရာအားလုံးက သူတို့အပိုင် ဖြစ်သွားပေလိမ့်မည်။ အဆုံးတွင်မူ သူတို့ကသာ အဆုံးအဖြတ်ပေးမည့်လူ ဖြစ်လာမည်မဟုတ်လော။ ဤသည်မှာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည့် အခွင့်အရေးပင်။

အကယ်၍ သူတို့သာ အပြာရောင်ကြယ်၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိပြီး သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ယောက်ဆီသို့ ပေးအပ်နိုင်ခဲ့လျှင် အနာဂတ်တွင် ယခုလိုအာကာသယာဉ်တန်းမျိုး ပိုင်ဆိုင်ခွင့်ရလာနိုင်သည်။

ဤအကြောင်း တွေးမိရုံဖြင့် သူတို့အားလုံး စိတ်လှုပ်ရှားသွားသည်။

"ငါ့အမိန့်ကို စောင့်နေကြ။ သူတို့ဆီမှာ အရမ်းအစွမ်းထက်တဲ့ လက်နက်တွေ ရှိနေနိုင်တယ်။ ငါတို့က အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်ရုံပဲ"

လူနက်ဒ် က ပြောလိုက်သည်။

"ခုနတုန်းက ကောင်လေးကိုသာ ဖမ်းထားနိုင်ရင် ငါတို့ ဘေးကင်းလိမ့်မယ်ထင်တယ်"

"ကောင်းပါပြီ"

...

"ဒါက ဘယ်လို အစုတ်ပလုတ် အာကာသယာဉ်ကြီးလဲ"

ကျန်းမုန့်လောင် က အာကာသယာဉ်ပေါ်သို့ တက်ရင်း မြည်တွန်တောက်တီးလိုက်သည်။ ဤတိုက်ခိုက်ရေးယာဉ်များမှာ တိုက်ပွဲအလီလီကြုံခဲ့ရဟန်ပင်။ အပြင်ဘက်နေရာအနှံ့မှာ ပျက်စီးနေသည့် ပွန်းပဲ့ရာများ ရှိနေပြီး အတွင်းပိုင်း အသုံးအဆောင်များကလည်း အလွန်ခေတ်နောက်ကျနေပေသည်။

"ဒါတွေကို အရည်ကျိုပြီး တခြားဂြိုဟ်တွေမှာ ဆောက်လုပ်ရေးလုပ်တဲ့အခါ သုံးပစ်လိုက်မယ်"

"ဟုတ်ကဲ့ပါ။ တော်ဝင်ပညာရှင်ကျန်း"

"လေယာဉ်ခန်းကို သွားပြီး အဲဒီလူတွေနဲ့ သွားတွေ့ကြရအောင်"

ကျန်းမုန့်လောင်လည်း အတွင်းဘက်သို့ ဦးဆောင်သွားလိုက်သည်။

"ခဏနေပါဦး"

စစ်သည်တစ်ယောက်က ကျန်းမုန့်လောင်။အရှေ့တွင် ဝင်ရပ်လိုက်သည်။

"တော်ဝင်ပညာရှင်ကျန်း... သတိထားပါ။ အထဲမှာ ခြုံခိုတိုက်ခိုက်မှုတွေ ရှိနေမှာစိုးရိမ်ရပါတယ်"

ဤစစ်သည်များ၏ အမြင်တွင် ကျန်းမုန့်လောင်က ချမ်းသာပြီး ကြီးကျယ်ခမ်းနားသော သိပ္ပံပညာရှင်တစ်ယောက်သာ ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း သိပ်မရှိဘူးဟု ထင်နေကြသည်။

"ရပါတယ်။ သူတို့ ဘာမှမလုပ်ရဲပါဘူး"

ကျန်းမုန့်လောင်က တည်ငြိမ်ပြီး ယုံကြည်မှုရှိလေဟန်ဖြင့် ပြုံးလိုက်သည်။

"အထဲကလူတွေ...တံခါးဖွင့်စမ်း"

ကျန်းမုန့်လောင်က ကွပ်ကဲရေးယာဉ်ပေါ်ရှိ အခြေအနေကို သိရအောင် ကောထန်ကို စကန်ဖတ်ခိုင်းလိုက်သည်။

ဤကွပ်ကဲရေးယာဉ်မှာ လူအယောက်ငါးရာကျော် ရှိ၏။ မောင်းနှင်သူများနှင့် ထောက်ပံ့ရေးဝန်ထမ်းများကလွဲလျှင် ကျန်လူများမှာ တပ်မတော်၏ တပ်မှူးအဆင့်ရှိသော ပုဂ္ဂိုလ်များပင်။ လူနက်ဒ်က အဆင့်ငါး အလယ်အလတ်သက်ရှိဖြစ်ပြီး သူ့အပြင် အဆင့်ငါးအခြေခံသက်ရှိ အယောက်နှစ်ရာလည်း ရှိသေးသည်။ သူတို့အားလုံးမှာ ကျန်းမုန့်လောင်ဘက်က လက်နက်ချရန်နှင့် အညံ့ခံရန် တောင်းဆိုချက်အရ လေယာဉ်ခန်းထဲတွင် စုဝေးနေကြသည်။

တံခါးပွင့်သွားပြီးနောက် ကျန်းမုန့်လောင်လည်း လက်နောက်ပစ်၍ အေးအေးဆေးဆေးပင် အတွင်းသို့ ဝင်သွားလေသည်။

"ကင်မရာအဖွဲ့... နောက်ကလိုက်ခဲ့။ ငါတို့ တိုက်ရိုက်လွှင့်နေတယ်နော်"

"ဟားဟားဟား... တော်ဝင်ပညာရှင်ကျန်းက ဆွဲဆောင်မှုရှိရှိနဲ့ မာနကြီးပြနေတာလား"

"ဒါပေါ့။ အခုအချိန်မှာ ငါတို့က စင်ပေါ်ကပဲကိုး။ ခပ်မိုက်မိုက်လေးတော့ နေပြရမှာပေါ့"

"အန္တရာယ်မများဘူးလား။ တော်ဝင်ပညာရှင်ကျန်းက သာမန်လူတစ်ယောက်လေ။ တကယ်လို့ အထဲမှာ ခြုံခိုတိုက်ခိုက်မယ့်လူတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ"

"ဘယ်လိုလုပ်ကြမလဲ။ ငါ ရုတ်တရက်ကြီး အရမ်းစိတ်လှုပ်ရှားလာပြီ"

...

လေယာဉ်ခန်းထဲတွင် ကွပ်ကဲရေးယာဉ်၏ ဝန်ထမ်းများအားလုံး စုဝေးနေကြသည်။ သူတို့ခမျာ ဘာလှည့်ကွက်မှ မသုံးရဲကြပေ။ အကြောင်းမှာ အဆင့်ငါးမျိုးနွယ်စု၏ ထောက်လှမ်းရေးကိရိယာများရှေ့တွင် သူတို့ ဘာမှလုပ်မရသောကြောင့်ပင်။

"အားလုံး လူစုံပြီလား"

ကျန်းမုန့်လောင်က သူတို့ရှေ့တွင် ရပ်လိုက်သည်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ ဒီတိုက်ခိုက်ရေးအာကာသယာဉ်တွေနဲ့ စက်ရုပ်စစ်သည်တွေကို ခေါ်လာတာ ကျွန်တော်ပါပဲ"

"ဒါဆို သူ့လက်ချက်ပေါ့"

လူနက်ဒ်က သူ့ဘေးနားရှိ လူများကို တိတ်တိတ်လေး အချက်ပြလိုက်သည်။

ကျန်းမုန့်လောင်အနောက်ရှိ စစ်သားတစ်သိုက်၏ လက်နက်များကို လှမ်းကြည့်လိုက်သောအခါ အဆင့်ငါးမျိုးနွယ်စုရှိ အထူးတပ်ဖွဲ့များ အသုံးများသော သေနတ်များ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိမှန်ပါက အဆင့်ငါးသက်ရှိပင် ဒဏ်ရာရသွားနိုင်သည်။

ကျန်းမုန့်လောင်၏ အနောက်တွင် ယခုလို လက်နက်ကိုင်စစ်သားမျိုး ရာနှင့်ချီ၍ ရှိနေချေသည်။ အာကာသယာဉ်က ကြီးမားကျယ်ဝန်းခြင်းမရှိပါက သူတို့အားလုံး ဆံ့မည်မဟုတ်ပေ။

"ပြောရရင်တော့ ခင်ဗျားတို့ လာတဲ့ရက်က သိပ်မကောင်းဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ရိုးရိုးသားသားပြောရရင် ပြီးခဲ့တဲ့လပိုင်းကတည်းက ခင်ဗျားတို့ရဲ့ အာကာသယာဉ်တန်းလာနေတယ်ဆိုတဲ့ သတင်းကို ကျုပ်တို့ ရထားပြီးသား။ ဒါပေမဲ့ ခင်ဗျားတို့က အရမ်းကို သနားစရာကောင်းလွန်းပြီး ကျုပ်တို့ အချိန်ပေးပြီး ဖြေရှင်းဖို့တောင် မတန်တာမို့ မေ့သွားတာ"

"ဟားဟားဟား... တော်ဝင်ပညာရှင်ကျန်းက ပက်ပက်စက်စက်ပွင့်လင်းတာပဲ"

"ဂြိုဟ်သားတွေကရော မရှက်တတ်တော့ဘူးလား"

"သူတို့ကိစ္စကို ဖြေရှင်းပြီးပြီလေ။ အခု ထပ်ပြီး အရှက်ခွဲနေသေးတယ်ပေါ့။ ဒါက နည်းနည်းများ မလွန်လွန်းဘူးလား"

...

"ဪ ဟုတ်သားပဲ။ ခင်ဗျားတို့ ဒီနေ့ တော်တော်ကံဆိုးတာပဲ။ ကျုပ်တို့ကမ္ဘာမြေရဲ့ အာကာသယာဉ်တန်းက ဒီနေ့ ဒီနေရာမှာ စစ်ရေးလေ့ကျင့်မှု လုပ်နေတာမို့ ခင်ဗျားတို့ကို မတော်တဆမှန်သွားတာပါ။ အဲ့ဒီအတွက်တော့ တောင်းပန်ပါတယ်"

"ကျွတ် ကျွတ်... ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ"

"ရယ်ရလွန်းလို့ သေတော့မယ်။ ဒါက အဝေးထိန်းကစားစရာကားနဲ့ မတော်တဆတိုက်မိလို့ သတိတောင် မထားမိသလိုမျိုး ဖြစ်နေပြီ"

"ဆရာပုတော့ ဒေါသထွက်နေလောက်ပြီ။ ဒီလောက်တောင် နှစ်တွေကြာနေပြီ။ ဒီဟာသကို ငါတို့တွေ မေ့ပစ်လိုက်လို့ မရဘူးလား"

...

လူနက်ဒ်မှာ ဒေါသထွက်လွန်း၍ အံတင်းတင်းကြိတ်ထားမိသည်။ အစကမူ သူသည် ဤအာကာသယာဉ်တန်းက သူတို့ကို ကြားဖြတ်တိုက်ခိုက်ဖို့ ရောက်လာသည်ဟု ထင်ခဲ့မိသည်။ သို့ဆိုပါက သူ့အနေနှင့် လက်ခံနိုင်သေးသည်။ မည်သို့ပင်ဖြစ်စေ ဤမျှအတိုင်းအတာရှိသည့် အဆင့်ငါးအာကာသယာဉ်တန်းတစ်ခုဆိုပါက သူတို့ကို မျက်နှာသာပေးရာပင် ရောက်နေလေပြီ။

သူတို့က ဤနေရာတွင် စစ်ရေးလေ့ကျင့်မှု လုပ်နေရုံသက်သက်ဖြစ်ကြောင်း မည်သူက သိမည်နည်း။ ဤသို့သော စော်ကားမှုမျိုးမှာ မသေးလှပေ။

"ခင်ဗျားက ခေါင်းဆောင်လား"

ကျန်းမုန့်လောင်က လူနက်ဒ်နားသို့ ချဉ်းကပ်သွားသည်။

"စကြတော့"

ကျန်းမုန့်လောင်က ဤမျှအထိ ရဲတင်းပြီး ဘာအစောင့်အရှောက်မှမပါဘဲ သူ့နားသို့ လျှောက်လာလိမ့်မည်ဟု လူနက်ဒ် မထင်ထားပေ။ သူတို့က တိုက်ရည်ခိုက်ရည်မြင့်မားသော အဆင့်မြင့်သက်ရှိအုပ်စုတစ်စုဖြစ်ကြောင်း သူ တကယ်မသိလေသလား။

"တော်ဝင်ပညာရှင်ကျန်း... သတိထားပါ"

"သောက်ကျိုးနည်း... မသမာတဲ့နည်းလမ်းကို ထုတ်သုံးတယ်ပေါ့"

သို့သော် အချိန်နှောင်းသွားခဲ့ချေပြီ။ အဆင့်ငါးသက်ရှိတစ်ယောက်၏ စွမ်းရည်များမှာ သူတို့ထင်ထားသည်ထက်ပင် ကျော်လွန်နေပေသည်။ ကျန်းမုန့်လောင်ကိုယ်တိုင်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

သူ့အနေနှင့် တုံ့ပြန်ရန်ပင် အစီအစဉ်ဆွဲမထားချေ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသာ မရှိလျှင် ယခုလိုရဲရဲတင်းတင်း လျှောက်သွားရဲမည်လော။

"ဟေး... အား အား အား"

ကျန်းမုန့်လောင် အော်ဟစ်လိုက်၏။ သူ လူနက်ဒ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိလိုက်ရသည်။ ကျန်အဆင့်ငါးသက်ရှိများကလည်း သူတို့ကို ချက်ချင်းဝိုင်းထားလိုက်ကြသည်။

"အပြာရောင်ကြယ်ကလူတွေ... နားထောင်ကြ။ ဒီလူက မင်းတို့အတွက် အရမ်းအရေးကြီးတယ်ဆိုတာ ငါ သိတယ်။ အခုကစပြီး သူ့ကို အသက်ရှင်ရက် လိုချင်တယ်ဆိုရင် ဒီမှာရှိတဲ့ အရာအားလုံးက ငါ့အမိန့်အောက်မှာပဲ ရှိရမယ်"

"တော်ဝင်ပညာရှင်ကျန်းကို လွှတ်လိုက်စမ်း"

"စကားနဲ့ ပြောလို့ရပါတယ်"

"စိတ်မပူကြနဲ့"

ကျန်းမုန့်လောင်က လက်မောင်းလိမ်ချိုးခံထားရသည့် နာကျင်မှုကို ကြိတ်မှိတ်သည်းခံလိုက်သည်။

"ငါတို့ကို ခြိမ်းခြောက်တယ်ပေါ့။ လုပ်လေ... လုပ်ရဲရင် လုပ်ကြည့်လိုက်စမ်း"

All Chapters