← Chapters

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း ၉၁၉ - ငါ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူး

"သောက်ကျိုးနည်း... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ"

"တော်ဝင်ပညာရှင်ကျန်း တစ်ခုခုများ ဖြစ်သွားနိုင်လား"

"သေစမ်း... ဒီကောင်တွေက ဘာသိက္ခာမှမရှိဘူးပဲ"

"သူတို့က ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။ ခုနက သေချာတောင် မမြင်လိုက်ရဘူး။ တော်ဝင်ပညာရှင်ကျန်းတောင် သူတို့ဖမ်းတာ ခံလိုက်ရပြီ"

"ငါတို့ကမ္ဘာမြေပေါ်မှာလည်း အဲ့ဒီလိုအုပ်စုတစ်စုကို လေ့ကျင့်ပေးထားတယ်လို့ ကြားတယ်။ မင်းတို့ မေ့နေကြပြီလား။ ဒူရန်ဒိုမျိုးနွယ်စုရဲ့ အာကာသယာဉ် ကျူးကျော်လာတုန်းကလေ။ လေထဲပျံသန်းနိုင်တဲ့ လူတစ်သိုက် ရှိခဲ့တယ်မလား"

"ဟုတ်တယ်။ ခေတ်နောက်ကျနေတဲ့ ငါတို့ကမ္ဘာမြေမျိုးနွယ်စုမှာတောင် ဒီလိုလူတွေ ရှိသေးတာပဲ။ အဆင့်မြင့်မျိုးနွယ်စုတွေမှာ ဘယ်လိုလုပ်ပြီး မရှိဘဲနေပါ့မလဲ။ သူတို့ရဲ့ အထူးစစ်သည်တွေက ငါတို့ထက်တောင် ပိုစွမ်းချင်စွမ်းနေမှာ"

"ဆိုးလိုက်တာ။ တော်ဝင်ပညာရှင်ကျန်း အဖမ်းခံလိုက်ရတော့ စစ်သည်တွေလည်း သေချာပေါက် တုံ့ဆိုင်းသွားကြမှာပဲ။ အခု ဘယ်လိုလုပ်ကြမလဲ"

တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်ပြသနေပေသည်။ ကြည့်ရှုသူအားလုံးကလည်း ဤမြင်ကွင်းကို ကြည့်ရင်း စိုးရိမ်တကြီး ဖြစ်နေကြသည်။

သူတို့သည် ပြင်ပအာကာသမျိုးနွယ်စုကို အနိုင်ယူနိုင်သော လက်နက်များကို ခက်ခက်ခဲခဲရယူထားပြီး အရာအားလုံးကလည်း ကောင်းမွန်သည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်သော်ငြား ယခုလို မျှော်လင့်မထားသော အလှည့်အပြောင်းမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။

ကျန်းမုန့်လောင်၏ အရေးပါမှုကြောင့် သူ့ကို စွန့်လွှတ်ပြီး ပစ်ခတ်ရန်လည်း လုံးဝမဖြစ်နိုင်ပေ။ သို့သော် ယခုလိုခြိမ်းခြောက်ခံရပြီး ဒူရန်ဒိုမျိုးနွယ်စု၏ စစ်ကူများက ကမ္ဘာမြေ၏ အာကာသယာဉ်တန်းကို ထိန်းချုပ်သွားမည်ဆိုလျှင် အကျိုးဆက်များက မှန်းဆ၍ပင် ရမည်မဟုတ်ပေ။ ယခင်က ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးလည်း အလကားဖြစ်သွားနိုင်သည်။

"တော်ဝင်ပညာရှင်ကျန်းကို လွှတ်ပေးလိုက်စမ်း"

ဗိုလ်ချုပ်ငယ်တစ်ယောက်က ပြောလိုက်သည်။

"မမေ့နဲ့နော်... ငါတို့ယာဉ်တန်းရဲ့ လက်နက်တွေက မင်းတို့ကို ချိန်ထားတုန်းပဲ။ တကယ်လို့ တော်ဝင်ပညာရှင်ကျန်းကို တစ်ခုခုလုပ်ရင် မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး"

"ဟားဟားဟား.. မင်းတို့ သူ့အတွက် ဘယ်လောက်တောင် စိုးရိမ်နေကြလဲဆိုတာကို မြင်ရတော့မှ ငါ စိတ်အေးသွားတော့တယ်"

သူတို့၏ စိုးရိမ်နေသော မျက်နှာများကို ကြည့်ရင်း လူနက်ဒ်က ပိုမိုယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

"ဆက်တိုက်လေ။ အပြာရောင်ကြယ်က ဒီလူရဲ့အသက်ကို မင်းတို့ ဂရုစိုက်သေးလားဆိုတာ ငါ မြင်ချင်လို့"

"မင်းတို့ယာဉ်တန်းရဲ့ လက်နက်တွေကို ငါတို့ယာဉ်တန်းဆီက ချက်ချင်းဖယ်လိုက်"

လူနက်ဒ်က အမိန့်ပေးလိုက်သည်။

မည်သူမှ မဆင်မခြင် မလုပ်ရဲကြပေ။ ကျန်းမုန့်လောင် ထိခိုက်ဒဏ်ရာရသွားမည့်အရေးကို မည်သူမှ မလိုလားကြချေ။

"ယာဉ်တန်းတပ်မှူးတွေအားလုံး.. ငါ့အမိန့်ကို နာခံပြီး လက်နက်စနစ်တွေ ပိတ်လိုက်ကြ"

ထိုဗိုလ်ချုပ်က ချက်ချင်း အမိန့်ပေးလိုက်သည်။ ကျန်းမုန့်လောင် အမိန့်မပေးနိုင်ချိန်တွင် သူသည် လက်ရှိအချိန်ဝယ် အာကာသယာဉ်တန်းတစ်ခုလုံး၏ အမြင့်ဆုံးတပ်မှူး ဖြစ်နေသောကြောင့်ပင်။

"သေစမ်း"

"တော်ဝင်ပညာရှင်ကျန်းကို အသုံးချပြီး ငါတို့ကို ဒီလိုမျိုးခြိမ်းခြောက်ရဲတယ်ပေါ့"

ထိုတိုက်ခိုက်ရေးအာကာသယာဉ်များ၏ တပ်မှူးများအားလုံးမှာ ဒေါသထွက်လွန်း၍ အံတင်းတင်းကြိတ်ထားကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။ သူတို့၏ နှလုံးသားထဲတွင် ကျန်းမုန့်လောင်သည် ယုံကြည်ကိုးကွယ်ရာတစ်ခုလို ဖြစ်နေချေသည်။ သူ ထိခိုက်သွားမည်ကို မည်သူမှ မကြည့်ရက်ကြပေ။

လက်နက်စနစ်များကို တစ်ခုပြီးတစ်ခု ပိတ်လိုက်ကြပြီး အချိန်မရွေး ပစ်ခတ်နိုင်ရန် စွမ်းအင်ဖြည့်တင်းထားသော အမှုန်အမြောက်များလည်း တဖြည်းဖြည်း ရပ်တန့်သွားသည်။

"သိပ်ကောင်းတယ်"

လူနက်ဒ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"ကဲ... စက်ရုပ်စစ်သည်တွေအားလုံးကို ပြန်ဆုတ်ခိုင်းလိုက်တော့"

"ပြန်ဆုတ်ကြ"

လူသားဗိုလ်ချုပ်က အမိန့်ကိုနာခံပြီး စက်ရုပ်စစ်သည်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

"အခု တိုက်ခိုက်ရေးအာကာသယာဉ်တွေရဲ့ ထိန်းချုပ်ခွင့်ကို ငါ့ဆီလွှဲပေး"

လူနက်ဒ်က တောင်းဆိုလိုက်သည်။

"ဘာလှည့်ကွက်မှ မသုံးနဲ့နော်။ အဆင့်ငါးမျိုးနွယ်စုရဲ့ တိုက်ခိုက်ရေးအာကာသယာဉ်တွေက ဒီလောက်တော့ အသာလေးလုပ်နိုင်ပါတယ်"

ထိုအခါ ဗိုလ်ချုပ်လည်း တုံ့ဆိုင်းသွားသည်။ သူ့အနေနှင့် တိုက်ခိုက်ခြင်းကို ရပ်တန့်နိုင်သည်။ စက်ရုပ်စစ်သည်များကို ပြန်ဆုတ်ခိုင်းနိုင်သည်။ သို့သော် တိုက်ခိုက်ရေးအာကာသယာဉ်များ၏ ထိန်းချုပ်ခွင့်ကို တစ်ဖက်လူထံသို့ လွှဲပေးလိုက်ရခြင်းမှာမူ လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည့် သားသတ်ဓားကို သူတို့အား ပေးအပ်လိုက်ခြင်းနှင့် မခြားပေ။

...

ကျန်းနန်မြို့တော် အခြေစိုက်စခန်း။

ယနေ့ကား လုရီယောင်၏ မွေးနေ့ဖြစ်သောကြောင့် သူ(မ)သည် တက္ကသိုလ်တုန်းက သူငယ်ချင်းများကို အိမ်တွင် အထူးဖိတ်ကြားထားသည်။ အစကတော့ ယနေ့ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားလျှင် ကျန်းမုန့်လောင် က သူ(မ)၏မွေးနေ့ကို အတူတူကျင်းပရန် အိမ်ပြန်လာမည်ဖြစ်၏။

သို့သော် ယခုလိုအလှည့်အပြောင်းမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ပုံမှန်ဆိုလျှင် ကိုယ့်ယောကျ်ား အန္တရာယ်ကြုံနေရပါက ဇနီးတစ်ယောက်အနေနှင့် မည်သို့နှယ် လက်ပိုက်ကြည့်နေနိုင်မည်နည်း။

ကောယွီချန်းနှင့် အခြားသူများ၏ အမြင်တွင်မူ ယခုအချိန် လုရီယောင်အနေနှင့် အလွန်တရာထိတ်လန့်နေသင့်သည်။ အကြောင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ရန်သူ့လက်ထဲ အသက်အန္တရာယ် ကြုံတွေ့နေရသည့် ဓားစာခံက ကျန်းမုန့်လောင်ဖြစ်နေသောကြောင့်ပင်။

သို့သော် သူတို့ရှေ့ရှိ လုရီယောင်ကမူ ထိတ်လန့်နေပုံ မပေါ်သည့်အပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစားကြည့်နေပြီး နေကြာစေ့တစ်ထုပ်ပင် ယူစားချင်နေသေးသည်။

"ကြည့်ပဲ ကြည့်မနေကြနဲ့။ နေကြာစေ့လေး ဘာလေး ခွာစားကြဦး"

လုရီယောင်က သူ(မ)၏ အခန်းဖော်များကို လှမ်းခေါ်လိုက်၏။

"အန်တီရွှီ... ကျွန်မတို့ကို နေကြာစေ့ နောက်ထပ်နှစ်ထုပ်လောက် ယူပေးပါဦး"

"ရီရီ... နင် စိတ်ဒဏ်ရာများ ရသွားတာလား။ အဆင်ပြေပါတယ်ဟာ... နင်က ဒီလိုဖြစ်နေတော့ ငါတို့ စိတ်ပူတယ်ဟ။ ကျန်းမုန့်လောင် သေချာပေါက်ဘေးကင်းမှာပါ"

"ငါ သူ့အတွက် နည်းနည်းမှ စိတ်မပူပါဘူး"

လုရီယောင်က နေကြာစေ့ခွာစားရင်း ကျန်းမုန့်လောင်ကို လက်ညှိုးထိုး၍ ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"ဟားဟားဟား... သူ့ကို ကြည့်စမ်းပါဦး။ သူ့မျက်နှာကြီးက အရမ်းကြေကွဲနေတဲ့ပုံစံနဲ့။ သရုပ်ဆောင်တာ တကယ်တော်သားပဲ"

"ဒါက... ရီရီ ကျန်းမုန့်လောင်က နင့်အပေါ် မကောင်းလို့လား"

"ဟုတ်တယ် ရီရီ... သူက ဒီအာကာသယာဉ်တွေကို သုတေသနလုပ်ဖို့အတွက်နဲ့ နင့်ကို ဂရုမစိုက်မိလို့လား။ ဒါပေမဲ့ နင် ဒီလိုလုပ်ပြနေစရာ မလိုပါဘူး"

"ရီရီ... ငါတို့ နင့်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲတောင် မသိတော့ဘူး"

"ငါ့ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး။ အဆင်ပြေပါတယ်"

လုရီယောင်က ဂရုမစိုက်သလို ပုံစံဖြင့်သာ ဆက်နေနေသည်။

"သူက အရူးတစ်ယောက်လိုပဲ။ အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းအောင် ကစားချင်နေတာ။ ဟန်ဆောင်ပြီး ကြောက်လန့်နေတဲ့ သူ့မျက်နှာကို ကြည့်စမ်းပါဦး။ အခုတလော သူ ပေကျင်းရုပ်ရှင်အကယ်ဒမီမှာ သရုပ်ဆောင်သင်တန်းတွေဘာတွေများ တက်နေလားလို့တောင် သံသယဝင်မိတယ်"

"ရီရီ.. နင် တကယ်စိတ်မပူဘူးလား"

သူ(မ)၏အခန်းဖော်များက အနားသို့ တိုးကပ်လာကြသည်။

"သူက ဓားစာခံအဖြစ် အဖမ်းခံထားရတာလေ"

"နည်းနည်းမှ စိတ်မပူပါဘူး။ ဘာတွေများ စိတ်ပူစရာရှိလို့လဲ"

လုရီယောင်က အချိုရည်ပုလင်းတစ်ဝက်ခန့်ကို မော့သောက်လိုက်သည်။

"အန်တီ... နေကြာစေ့အပြင် ဆိုဒါလေးပါ ယူခဲ့ပေးနော်"

"ဒါက... သူတို့က ဟန်ဆောင်ချစ်သူတွေလား"

"ကျန်းမုန့်လောင် ဖောက်ပြန်ထားတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် ရီရီက ဒီလောက်အထိ ဂရုမစိုက်ဘဲ နေနိုင်တာ"

"ဒါက ဂရုမစိုက်တာလား။ ဒါမှမဟုတ် ဝမ်းသာအားရ ဖြစ်နေတာလား"

...

"မင်း ဘာတွေ တုံ့ဆိုင်းနေသေးတာလဲ။ မင်းကို နောက်ထပ်ဆယ်စက္ကန့် အချိန်ပေးမယ်။ ထိန်းချုပ်ခွင့်ကို ငါ့ဆီ ချက်ချင်းလွှဲပြောင်းပေး"

"သူတို့ကို မပေးနဲ့။ ပစ်လိုက်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ငါ သေရမှာကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင် ငါ့အတွက် လက်စားချေပေးဖို့ လူသားအာကာသယာဉ်တန်းကိုတော့ ထိန်းသိမ်းထားရမယ်"

"ဒါပေမယ့် တော်ဝင်ပညာရှင်ကျန်း... ကျွန်တော်တို့ လူသားတွေက ခင်ဗျားမပါဘဲ ဘာမှမလုပ်နိုင်ဘူးလေ"

ဗိုလ်ချုပ်ခမျာ မျက်ရည်များကျလာသည်။ ယခုလိုအချိန်မျိုးမှာပင် ကျန်းမုန့်လောင်က လူသားအားလုံးအတွက် တွေးပေးနေဆဲပင်။ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ရဲသည့် ဟွာရှားနိုင်ငံသားတို့၏ စိတ်ဓာတ်ဆိုသည်မှာ ဤအရာများလား။

"ပစ်လိုက်စမ်းပါ။ ငါ့ကို စိတ်ပျက်ရအောင် မလုပ်နဲ့။ မင်းတို့ရဲ့ အီတလီအမြောက်တွေကို ထုတ်ခဲ့"

"အီတလီအမြောက်လား"

ထိုဗိုလ်ချုပ်ခမျာ ကြောင်အမ်းသွားသည်။ သူတို့ဆီတွင် ဘယ်အီတလီအမြောက်မှ မရှိပေ။ ထိုအရာများက ခေတ်နောက်ကျသွားသည်မှာ ကြာလှချေပြီ။ ဘယ်သူ့ဆီမှာ ရှိဦးမည်နည်း။

"ခဏနေပါဦး။ ထူးဆန်းနေတယ်။ သူ့အသံက ဘာလို့ ပေါက်ကရလျှောက်ပြောနေသလို ဖြစ်နေတာလဲ"

"အီတလီအမြောက်တဲ့လား။ လီယွင်လောင်ဝင်ပူးနေတာများလား"

"တော်ဝင်ပညာရှင်ကျန်းက နည်းနည်းမှ စိတ်ပူနေတဲ့ပုံမပေါ်ဘူးလို့ ငါ ဘာလို့ ခံစားမိနေတာလဲ"

"ဒီလိုအချိန်မျိုးမှာတောင် သူက နောက်ပြောင်နေတာလား"

"ငါ နားမလည်တော့ဘူး"

သူတို့ ကျန်းမုန့်လောင်အကြောင်း သိထားသလောက်ဆိုလျှင် သူသည် သူ့ဘဝ။ အရေးအကြီးဆုံးအချိန်မျိုးတွင် လုံးဝနောက်ပြောင်မည်မဟုတ်ပေ။ ပုံမှန်လူ ဘယ်သူကမှလည်း နောက်ပြောင်မည်မဟုတ်။

အာကာသမျိုးနွယ်စုက လာသူများမှာ မသိပေ။ နိုင်ငံခြားသားများလည်း မသိနိုင်ချေ။ သို့သော် ဟွာရှားနိုင်ငံရှိ လူတော်တော်များများကတော့ ကျန်းမုန့်လောင်ပြောလိုက်သည့် နောက်ဆုံးစကားက "ဓားသမိုင်းကြောင်း"တီဗီဇာတ်လမ်းတွဲထဲတွင် လီယွင်လောင်တစ်ယောက် ပင်အန်းမြို့ကို တိုက်ခိုက်စဉ်က ပြော ခဲ့သော နာမည်ကြီးစကားများဖြစ်ကြောင်း သိကြသည်။

မင်းက သေတော့မလို ဖြစ်နေတာတောင် ဒီလိုဟာတွေကို အတုခိုးပြီးပြောဖို့ အချိန်ရသေးတယ်ပေါ့လေ။ လာနောက်နေတာလား....

ခဏတွင်းချင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် မှတ်ချက်များ လွှမ်းမိုးသွားသည်။

"ဘာတွေဖြစ်နေလဲဆိုတာတော့ ငါ မသိပေမဲ့ တော်ဝင်ပညာရှင်ကျန်းက ဟန်ဆောင်နေတာလို့ သံသယဖြစ်မိတယ်"

"ပြောရမယ်ဆိုရင် 'သံသယဖြစ်တယ်'ဆိုတဲ့ စကားလုံးကို ဖယ်လိုက်။ သူက သေချာပေါက် သရုပ်ဆောင်နေတာကွ"

"တော်ဝင်ပညာရှင်ကျန်း... ဟန်ဆောင်နေတာ ရပ်လိုက်ပါတော့။ ခင်ဗျားမှာ လျှို့ဝှက်လက်နက် ရှိတယ်မလား"

"ကြည့်စမ်း။ သူ ပြုံးနေတယ်။ အရှက်မရှိတဲ့အဲဒီကောင်က ပြုံးနေတုန်းပဲ"

...

"သောက်ကျိုးနည်း... ငါ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူး"

ကျန်းမုန့်လောင်က ဘာဖြစ်သွားမှန်းမသိပါဘဲ တစ်ယောက်တည်း အော်ရယ်နေတော့သည်။

"ဟေး... ဘာကြိုတင်ပြင်ဆင်မှုမှ မရှိဘဲနဲ့ အဆင့်ငါးသက်ရှိ ရာနဲ့ချီပြီးရှိတဲ့ မင်းတို့ဆီကို ငါက ဒီအတိုင်း လျှောက်လာရဲလောက်အောင် ရူးနေတယ်လို့များ မင်းတို့ ထင်နေတာလား"

လူနက်ဒ်၏အမူအရာကား ပြောင်းလဲသွားသည်။ သူတို့က အဆင့်ငါးသက်ရှိများဖြစ်ကြောင်း သူ တကယ်သိနေပေသည်။

သို့ဆိုပါက သူ ဘာကြောင့် ဤနေရာကို လာရဲသလဲ။ သက်ရှိရာပေါင်းများစွာ၏ ဝိုင်းရံမှုက လွတ်မြောက်နိုင်သည့် စွမ်းရည်ရှိသည်ဟု သူ ထင်နေလေသလား။ သို့တည်းမဟုတ် သူတို့က သူ့ကို အန္တရာယ်ပြုရဲမည်မဟုတ်ဟု ထင်နေလေသလား။

"အပြာရောင်ကြယ်ကလူ... မင်း ဘာအကွက်တွေ ခင်းနေတာလဲ"

လူနက်ဒ်ကလည်း ကျန်းမုန့်လောင်၏ လည်ပင်းကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"မင်း တော်တော်သတ္တိရှိနေတာပဲ။ ငါ့ကို တကယ်လာထိရဲတယ်ပေါ့လေ"

လည်ပင်းညှစ်ခံထားရသောကြောင့် ကျန်းမုန့်လောင် အမှန်တကယ် အသက်ရှူကျပ်လာသည်။

"မာကာဘာကာ... ငါ အသက်ရှူကျပ်တော့မယ်။ မင်း လာမကူတော့ဘူးလား"

******************

အခန်း ၉၂၀ - မင်းရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံးကို ကမ္ဘာမြေပေါ်မှာ အလုပ်လုပ်ရင်း ကုန်ဆုံးလိုက်တော့

"ကောထန်... နောက်လာမယ့်အပိုင်းက ကလေးတွေကြည့်ဖို့ သင့်တော်မှာ မဟုတ်ဘူး။ လိုက်ဖ်ကို အရင်ဖြတ်ချလိုက်"

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"

အချက်ပြလှိုင်း ပြတ်တောက်သွားချိန်တွင် ကမ္ဘာမြေပေါ်ရှိ လူများခမျာ တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းကို ချက်ချင်းဆုံးရှုံးလိုက်ရသည်။ ထို့နောက် ဖန်သားပြင်က တစ်ချက်လက်သွားပြီးနောက် ထုတ်လွှင့်မှုမြင်ကွင်းကား အာကာသထဲရှိ ရှုထောင့်တစ်ခုဆီသို့ ပြောင်းသွားလေသည်။

ဗီဒီယို၏ အလယ်ဗဟိုတွင် ဒူရန်ဒိုမျိုးနွယ်စု ၏ ကွပ်ကဲရေးယာဉ် ရှိနေပြီး ထိုနေရာ၌ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်နေမည်ဟု လူတိုင်း စိတ်ကူးကြည့်၍ ရနိုင်သော်လည်း ဘာဖြစ်နေသလဲဆိုသည်ကိုမူ မည်သူမျှမသိကြပေ။

"ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်သွားတာလဲ။ လိုက်ဖ်က ဘာလို့ပြတ်တောက်သွားတာလဲ"

"မသိဘူးလေ။ တစ်ယောက်ယောက်များ တိုက်ခိုက်လိုက်တာလား။ အဲ့ဒါဆိုရင် အပြန်အလှန် ပျက်စီးကြရမယ့်သဘော မဟုတ်ဘူးလား"

"ဗုဒ္ဓေါ...တော်ဝင်ပညာရှင်ကျန်း ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"

"ခုနလေးတင် တော်ဝင်ပညာရှင်ကျန်း နာမည်တစ်ခုကို ခေါ်လိုက်သလားလို့ မာကာ... ဘာကာဆိုလား"

"ငါပဲ နားကြားမှားတယ်ထင်နေတာ။ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ"

"ငတုံးကောင်တွေ...ငါဆိုရင် လူစီဒီစီလို့တောင် ကြားလိုက်သေးတယ်"

...

ထိုအချိန်တွင် အချိန်များ ရပ်တန့်သွားသည့်အလားပင်။ အန်တီလာမျိုးနွယ်စု၏ အဆင့်ငါးသက်ရှိများအားလုံးမှာ သေလုမတတ် အသက်ရှူကျပ်သည့် ခံစားချက်ကို ခံစားလိုက်ကြရသည်။

ထိုအချိန်တွင် လေယာဉ်ခန်း၏ အလယ်ဗဟို၌ ကြံ့ခိုင်သန်မာသော အမျိုးသားတစ်ယောက် ပေါ်လာသည်ကို တိုက်ခိုက်ရေးအာကာသယာဉ်ပေါ်ရှိ လူများမှာ ရုတ်တရက် သတိထားမိလိုက်ကြသည်။ သူ့ပုံပန်းသွင်ပြင်သည် ကမ္ဘာသူကမ္ဘာသားများနှင့် သိသိသာသာ ကွဲပြားခြားနားနေပြီး သူ့ခန္ဓာကိုယ်ထက်မှ ဖော်ပြ၍မရနိုင်သော ဖိအားများကို ထုတ်လွှတ်နေလေသည်။

"အဆင့်... အဆင့်ခြောက်သက်ရှိလား"

လူနက်ဒ်ခမျာ စကားပြောချင်သော်လည်း လောလောဆယ်တွင် သူ့လည်ချောင်းမှာ လုံးဝထိန်းချုပ်၍ မရနိုင်တော့ကြောင်း သိလိုက်ရသည်။ သူ့အသံကြိုးရှိ ကြွက်သားများပင် သူ့စကားကို နားမထောင်တော့ဘဲ ခန္ဓာကိုယ်မှာ ပြင်းထန်သော အင်အားတစ်ရပ်၏ ဖိနှိပ်မှုကို ခံထားရသဖြင့် လှုပ်ရှား၍မရနိုင်လောက်အောင် ဖြစ်နေချေသည်။

"မဖြစ်နိုင်ဘူး။ ဒီလိုနေရာမျိုးမှာ အဆင့်ခြောက်သက်ရှိက ဘာလို့ ပေါ်လာရတာလဲ။ အမြွှာဝေလငါးအာကာသမျိုးနွယ်စုတစ်ခုလုံးမှာ အဆင့်ခြောက်သက်ရှိဆိုလို့ သူတို့လေးစားရတဲ့ ဘုရင်တစ်ပါးတည်းပဲ ရှိတာလေ။ ဒီအပြာရောင်ကြယ်က တခြားအဆင့်ငါးမျိုးနွယ်စုတစ်ခုခုရဲ့ ခြေသလုံးကို ဖက်တွယ်ထားတာလား"

"နေဦး။ ဒါက သာမန်အဆင့်ခြောက်သက်ရှိ တစ်ယောက်တော့ မဖြစ်နိုင်ဘူး"

လူနက်ဒ်လည်း ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။

အခြားအဆင့်ငါးမျိုးနွယ်စု တစ်ခုအတွင်းသို့ အဆင့်ခြောက်သက်ရှိတစ်ယောက် ဝင်ရောက်လာခြင်းမှာ ဤအာကာသအင်ပါယာ အုပ်စိုးရှင်၏ သဘောတူညီချက် မပါရှိပါက မသမာသော ရည်ရွယ်ချက်ဖြင့် ကျူးကျော်ခြင်းဟု သတ်မှတ်ခံရမည်ဖြစ်၏။

သူတို့၏ အမြွှာဝေလငါးအာကာသအင်ပါယာသို့ ယခုတလော မည်သည့်အာကာသအင်ပါယာ၏ ဘုရင်ကမှ လာရောက်လည်ပတ်ခဲ့သည်ဟူသော သတင်းမျိုးလည်း သူ မကြားမိပေ။ အကယ်၍ ထိုသို့သောကိစ္စမျိုး ဖြစ်ပျက်ခဲ့ပါက သူတို့၏ဘုရင်ကလည်း သေချာပေါက်သိရှိပေလိမ့်မည်။

အကယ်၍ ထိုကဲ့သို့သော လူတစ်ယောက်က ဤနေရာတွင် ပေါ်လာသည်ဆိုပါက ဖြစ်နိုင်ခြေနှစ်ခုသာ ရှိပေသည်။

ပထမဖြစ်နိုင်ခြေမှာ ဤလူ၏ သက်ရှိအဆင့်သည် အမြွှာဝေလငါးအာကာသအင်ပါယာ ၏ အုပ်စိုးရှင်ထက် ပိုမိုမြင့်မားနေခြင်းဖြစ်၏။ အနည်းဆုံးတော့ အဆင့်ခြောက်အဆင့်မြင့်သက်ရှိ သို့မဟုတ် အဆင့်ခုနစ်သက်ရှိနှင့်အထက် ဖြစ်နေသည့်အတွက် မည်သူမှ သတိမထားမိဘဲ ဝင်ရောက်လာနိုင်ခြင်း ဖြစ်ပေမည်။

ဒုတိယဖြစ်နိုင်ခြေမှာ ဤလူ၏စွမ်းအားနှင့် အဆင့်အတန်းသည် အမြွှာဝေလငါးအာကာသအင်ပါယာ၏ အုပ်စိုးရှင်ထက် များစွာသာလွန်နေခြင်းပင်။ အကယ်၍ သူသည် နန်းတော်ထဲတွင် သောင်းကျန်းနေလျှင်ပင် တစ်ဖက်က ဘာမှမပြောရဲလောက်ချေ။ အာကာသအင်ပါယာထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာရန်ဆိုသည်မှာ ပြောစရာပင် မလိုတော့ပေ။ သူက ဝင်စွက်ဖက်ရဲမည်လော။

သို့သော် မည်သို့ပင်ဖြစ်စေ ဤလူသည် အဆင့်ခြောက်အဆင့်မြင့်သက်ရှိ သို့မဟုတ် အဆင့်ခုနစ်သက်ရှိဖြစ်ဖို့ အလားအလာ အလွန်များပြားနေသည်။

ကျန်းမုန့်လောင်က လူနက်ဒ်၏ လက်မောင်းကို အသာလေးဆွဲဖယ်လိုက်သည်။

"အမလေး.. မင်း ဆုပ်ထားတာ တော်တော်အားပါတာပဲ။ ငါ့လက်မောင်းနဲ့ လည်ပင်းတောင် ပြုတ်ထွက်တော့မလို့"

"ငါ မင်းကို ပြောသားပဲ။ မင်းက ငါ့ကို တကယ် လက်ဖျားနဲ့တောင် လာထိရဲတယ်ပေါ့လေ"

ကျန်းမုန့်လောင်က ထုံကျင်နေသော သူ့လက်ကောက်ဝတ်ကို လှည့်ရင်း ပြောလိုက်သည်။

"မဖြစ်ဘူး။ ငါ အရင်ဦးအောင် လုပ်မှရမယ်"

လူနက်ဒ်လည်း သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရုန်းကန်လိုက်ပြီးနောက် နောက်ဆုံးတွင် အသံထွက်လာခဲ့သည်။

"လူကြီးမင်း...ကျွန်တော်တို့က အန်တီလာမျိုးနွယ်စုကပါ။ ဒီအပြာရောင်ကြယ်က လူတွေက လူကြီးမင်းကို ဘာတွေကတိပေးထားလဲတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သူတို့ ပေးနိုင်တာတွေကို ကျွန်တော်တို့လည်း ပေးနိုင်ပါတယ်။ တကယ်လို့ အပြာရောင်ကြယ် ပေါ်မှာ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေ ရှိနေရင်တောင် လူကြီးမင်းအတွက် ကျွန်တော်တို့ တူးဖော်ပေးနိုင်သလို သူတို့တောင်းဆိုမယ့် အကျိုးအမြတ်ထက်လည်း ပိုလျှော့ပြီးယူပါ့မယ်"

"တကယ်လို့ ဒီမှာ ရတနာတွေ ရှိနေရင်တောင် ကျွန်တော်တို့က အပြာရောင်ကြယ်ပေါ်က လူတွေကို ရှင်းပစ်ပြီး လူကြီးမင်းဆီကို ဆက်သဖို့လည်း ဆန္ဒရှိပါတယ်"

လေးစားရသော ဤပုဂ္ဂိုလ်ကြီးအနေနှင့် သူတို့ကို သေချာပေါက် ရွေးချယ်လိမ့်မည်ဟု ယုံကြည်ရင်း လူနက်ဒ်က သူ၏ အကြီးမားဆုံးသော စိတ်ရင်းအမှန်ကို ထုတ်ဖော်ပြသလိုက်သည်။

တူညီသော အခြေအနေမျိုးမှာပင် သေးငယ်သော အဆင့်တစ်မျိုးနွယ်စုကို ရွေးမလား။ သို့မဟုတ် သူတို့လို အဆင့်သုံး ထိပ်တန်းမျိုးနွယ်စုကို ရွေးမလားဆိုသည်ကို မည်သူမဆို သိနိုင်ပေသည်။

သို့သော် အစောပိုင်းက သူ့ယူဆချက်များမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး တကယ်တမ်းတွင် ကမ္ဘာမြေပေါ်မှာ ဘာအထူး အရင်းအမြစ်မှ မရှိသလို အဆင့်မြင့်သက်ရှိများကို ဆွဲဆောင်နိုင်မည့် အရာတစ်ခုမှလည်း မရှိပေ။ အစကတည်းက သူ တွက်ချက်ထားသည့် အစီအစဉ်များမှာ လမ်းလွဲနေခဲ့သည်။

"ဖြန်း"

လူနက်ဒ်၏ အံ့သြတုန်လှုပ်နေသော အကြည့်များအောက်တွင်ပင် ကျန်းမုန့်လောင်သည် မာကာဘာကာ၏ခေါင်းကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။

"သူ... သူက အဆင့်မြင့်သက်ရှိတစ်ယောက်ရဲ့ ခေါင်းကို တကယ်ကြီး ရိုက်ရဲတယ်ပေါ့လေ"

ထိုအခိုက်အတန့်တွင် လူနက်ဒ်၏ ကမ္ဘာ့အမြင်တစ်ခုလုံး ပြိုကျပျက်စီးသွားသလို ခံစားလိုက်ရသည်။

ကျန်းမုန့်လောင်သည် အဆင့်လေးသက်ရှိ တစ်ယောက်မျှသာ ဖြစ်ပြီး အဆင့်ခြောက်နှင့်အထက် သက်ရှိများ၏ မျက်လုံးထဲတွင် ထိုသို့သောသတ္တဝါမှာ ပုရွက်ဆိတ်တစ်ကောင်နှင့်သာ တူပေသည်။ သူတို့အတွက်ပင် ထိုကဲ့သို့သော သက်ရှိမှာ တန်ဖိုးလည်းမရှိသလို လေးစားရန်လည်း မထိုက်တန်ပေ။

စကြဝဠာထဲရှိ မည်သည့်အဆင့်လေးသက်ရှိမဆို အဆင့်ခြောက်သက်ရှိတစ်ယောက်ရှေ့တွင် မတ်တတ်ရပ်၍ စကားပြောရဲသည်ဆိုလျှင်ပင် အကြောက်အလန့်မရှိသော လုပ်ရပ်တစ်ခု ဖြစ်နေလေပြီ။ အဆင့်ခြောက် သက်ရှိ၏ ခေါင်းကို ရိုက်ချရန်မှာမူ ပြောစရာပင် မလိုတော့ချေ။

တစ်ဖက်လူ၏ခေါင်းကို ရိုက်နိုင်သည့် စွမ်းရည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤလုပ်ရပ်မှာ အခြေခံအားဖြင့် သေလမ်းရှာနေသည်နှင့် အတူတူပင်။

သို့သော် နောက်ဆက်တွဲမြင်ကွင်းတွင် သူ့ကမ္ဘာ့အမြင်ကြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။ ထိုအဆင့်မြင့်သက်ရှိသည် ကျန်းမုန့်လောင်၏ ရိုက်ပုတ်ခြင်းကို ခံရသော်လည်း ဒေါသထွက်သည့် အရိပ်အယောင် မပြရုံသာမက အနည်းငယ်သောကရောက်နေပုံပင် ပေါက်နေသေးသည်။

"သခင်... ဒီကိစ္စအတွက် ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးလေ။ သခင်ကိုယ်တိုင် ပျော်လို့မဝမချင်း ဝင်မပါနဲ့လို့ ပြောထားတာလေ။ ဘယ်လိုလုပ်ပြီး ကျွန်တော့်အမှား ဖြစ်သွားရတာလဲ"

မာကာဘာကာက ခါးသက်သက် တွေးလိုက်မိသည်။

"ဘာဖြစ်တာလဲ။ ငါက စကားနည်းနည်းလေး ပြောတာကို မင်းက ပြန်ခံပြောနေတာလား"

ကျန်းမုန့်လောင်ကလည်း နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

"ငါ့အမိန့်ကို နာခံတာတောင်မှ အခြေအနေပေါ် မူတည်ရဦးမယ်လေ။ တကယ်လို့ သူ ငါ့ကို သတ်လိုက်မယ်ဆိုရင်တောင် မင်းက ဘေးကနေ ရပ်ကြည့်ပြီး ငါ အမိန့်ပေးမယ့်အချိန်ကို စောင့်နေဦးမှာလား။ ကြည့်စမ်း... ငါ့လက်တောင် ရောင်ကိုင်းနေပြီ"

"သခင်... သခင်တဲ့လား။ အဆင့်ခြောက်အထက်ရှိတဲ့ သက်ရှိတစ်ယောက်က ဒီအပြာရောင်ကြယ်က လူကို သခင်လို့ တကယ်ကြီးခေါ်လိုက်တာလား"

လူနက်ဒ်ငာမက အန်တီလာမျိုးနွယ်စုရှိ လူတိုင်းမှာ ဆွံ့အသွားကြသည်။

ဘာတွေဖြစ်နေတာလဲဟ...

"ပြန်ရောက်မှပဲ မင်းနဲ့စာရင်းရှင်းမယ်"

ကျန်းမုန့်လောင်က မာကာဘာကာ၏နံဘေးကို ကန်ချလိုက်သည်။

"ဘယ်လိုလဲ။ ထူးဆန်းနေသလို မခံစားရဘူးလား"

ကျန်းမုန့်လောင်က လူနက်ဒ်တို့တစ်သိုက်ကို လှမ်းကြည့်လိုက်သည်။

"ငါ သူ့ကို မင်းတို့တွေနဲ့ သေချာပြန်မိတ်ဆက်ပေးမယ်။ သူက မာကာဘာကာလို့ခေါ်တယ်။ အဆင့်ရှစ်အလယ်အလတ်သက်ရှိ တစ်ယောက်။ ငါ့ရဲ့ လက်အောက်ငယ်သားပဲ။ ငါ ချောလား မချောလားဆိုတာသာ မေးလိုက်"

"အဆင့်ရှစ်သက်ရှိလား"

ထိုသတင်းက မိုးကြိုးပစ်ချလိုက်သလိုပင်။

ထိုကဲ့သို့သော လူတစ်ယောက်က သူတို့ထက် သာလွန်နေရုံသာမက အလွန်ကြီးမားလှသော အာကာသအင်ပါယာကြီးတစ်ခု၏ အုပ်စိုးရှင်ပင် ရန်စဖို့ မဖြစ်နိုင်လောက်ပေ။

အပြာရောင်ကြယ်ရှိ ဤလူ၏ဇာစ်မြစ်က ဘာများလဲ။

"မင်းတို့ မြင်တဲ့အတိုင်းပဲ။ ငါ မင်းတို့ကို လက်နက်ချအညံ့ခံဖို့ တောင်းဆိုခဲ့ပြီးပြီ။ မင်းတို့သာ နာခံခဲ့ရင် လွယ်လွယ်ကူကူ ပြီးသွားမှာ။ အဲ့ဒီလိုဆိုရင် အလွန်ဆုံး ငါ မင်းတို့ကို ဟို ဒူရန်ဒိုတွေနဲ့ အတူတူလှောင်ပိတ်ထားပြီး ကမ္ဘာမြေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နှစ်ရာချီလောက် ကူညီခိုင်းတဲ့ ပြစ်ဒဏ်လောက်ပဲ ပေးမှာမဟုတ်ဘူးလား"

"ဒါပေမဲ့ မင်းတို့ ဘာလုပ်ခဲ့လဲ။ မင်းတို့က ငါ့စေတနာကို ငြင်းဆန်ခဲ့တဲ့အပြင် သိက္ခာမဲ့တဲ့နည်းလမ်းနဲ့ ခိုးကြောင်ခိုးဝှက်တောင် လာတိုက်ခိုက်သေးတယ်။ မင်းတို့ပဲ ပြောကြည့်။ ဒါကို ငါ သည်းခံနိုင်ပါ့မလား"

ကျန်းမုန့်လောင်မှာ ဆရာတစ်ယောက်က တရားချနေသည့်နှယ် ဆုံးမနေပေသည်။ ထို အဆင့်ငါးသက်ရှိတစ်သိုက်ခမျာ လိမ္မာရေးခြားရှိရှိ ခေါင်းညိတ်ရုံသာ တတ်နိုင်ပေသည်။

ပြန်လည်ခုခံတိုက်ခိုက်ဖို့လား။ အဆင့်ရှစ် သက်ရှိတစ်ယောက်ရှေ့တွင် သူတို့အနေနှင့် ပြန်လည်တိုက်ခိုက်ရန် မည်သည့်စွမ်းရည်နှင့် အရည်အချင်းများ ရှိမည်နည်း။

အဲဒါ သက်သက် ကိုယ့်သေတွင်းကိုယ် တူးနေတာပဲမဟုတ်လား။

"အပြာရောင်ကြယ်က လူ... မင်း ငါတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားလဲ"

လူနက်ဒ်က ပြောလိုက်သည်။

"ငါတို့မျိုးနွယ်စုက စကြဝဠာမဟာမိတ်အဖွဲ့ ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ စကြဝဠာမဟာမိတ်အဖွဲ့ ရဲ့ စည်းမျဉ်းတွေအရ သုံ့ပန်းတွေကို မင်း ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်"

"မင်းတို့ကို ငါ ကောင်းကောင်းမဆက်ဆံဘူးလို့လည်း မပြောမိပါဘူး"

ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"ပြီးတော့ တကယ်လို့ ငါက မင်းတို့ကို ညှဉ်းပန်းနှိပ်စက်မယ်ဆိုရင်တောင် ဘယ်သူမှ ငါ့ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူးဆိုတာ မင်း လောင်းရဲလား"

"သူတို့တွေအကုန်လုံးကို ဖမ်းလိုက်"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"သူတို့ကို ကမ္ဘာမြေဆီ ခေါ်သွား။ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ ဘယ်သူမှမလုပ်ချင်ဆုံး အလုပ်တွေမှာ ခိုင်းစေပြီး သူတို့ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံးကို ကမ္ဘာမြေပေါ်မှာ အလုပ်လုပ်ရင်း ကုန်ဆုံးခိုင်းလိုက်"

********************

အခန်း ၉၂၁ - မျိုးနွယ်စုပေါင်းတစ်သိန်းက ကျွန်တော်တို့ဆီ လာရောက်လည်ပတ်ချင်နေကြတယ်

"ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီတိုက်ခိုက်ရေးအာကာသယာဉ်ထဲမှာ ဘာတွေဖြစ်နေတာလဲ"

"ဟုတ်တယ်။ တော်ဝင်ပညာရှင်ကျန်း အခု ဘယ်လိုနေလဲ မသိဘူး"

"ဘာဖြစ်တာလဲ။ စက်ရုပ်စစ်သည်တွေအားလုံးကို ဘာလို့ ပြန်ရုပ်သိမ်းလိုက်တာလဲ။ ပြီးတော့ အဲ့ဒီတိုက်ခိုက်ရေးအာကာသယာဉ်တွေပေါ်က လက်နက်တွေက ဘာလို့ အလုပ်မလုပ်တော့တာလဲ"

"တော်ဝင်ပညာရှင်ကျန်း ဓားစာခံအဖြစ် အဖမ်းခံလိုက်ရလို့ အာကာသယာဉ်တန်းက တောင်းဆိုချက်တချို့ကို လက်ခံလိုက်ရတာများလား"

"ဒါဆို သွားပြီပေါ့။ အဲ့ဒီကျူးကျော်သူတွေက ငါတို့ရဲ့ အာကာသယာဉ်တန်းကို လိုချင်တယ်ဆိုတာနဲ့ပဲ သူတို့ကို ပေးလိုက်ရတော့မှာလား"

"တကယ်လို့ တကယ်သာ အဲ့ဒီလိုဖြစ်လာခဲ့ရင် တော်ဝင်ပညာရှင်ကျန်းက လူသားတွေအတွက် သူ့ကိုယ်သူ အနစ်နာခံသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ပရိသတ်များမှာ ရပ်တန့်လုနီးပါးဖြစ်နေသော ပုံရိပ်ကို စူးစိုက်ကြည့်နေကြသော်လည်း လူတိုင်းက ကျန်းမုန့်လောင်နှင့် ကမ္ဘာမြေ၏ အနာဂတ်အတွက် စိုးရိမ်နေကြသည်။ အရာအားလုံးက ကောင်းမွန်သည့် လမ်းကြောင်းဆီသို့ ဦးတည်သွားပါ့မလား။

...

"ပြန်လာပြီ။ ရုပ်ပြန်ပေါ်လာပြီ"

နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တိုက်ခိုက်ရေးအာကာသယာဉ်၏ အတွင်းဘက်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

"တော်ဝင်ပညာရှင်ကျန်း ဘာမှမဖြစ်ဘူးဟေ့"

"ကြည့်စမ်း။ အဲ့ဒီကျူးကျော်သူတွေအားလုံး သံကြိုးတွေ အခတ်ခံထားရတယ်။ သူတို့ နှိမ်နင်းခံလိုက်ရတဲ့ပုံပဲ"

"တော်ဝင်ပညာရှင်ကျန်းက တကယ်မိုက်တာပဲ။ လူသားတွေရဲ့ အာကာသယာဉ်တန်းက အမိုက်စားပဲနော်"

ကမ္ဘာမြေ၏ နေရာအနှံ့အပြားမှ လက်ခုပ်သံများနှင့် အားပေးသြဘာသံများ ပဲ့တင်ထပ်သွားသည်။ ထိုမိနစ်အနည်းငယ်အတွင်း ဘာဖြစ်သွားခဲ့သလဲဆိုသည်ကို မည်သူမှ မသိကြသော်လည်း အကျပ်အတည်းက ပြေလည်သွားပုံပေါ်သည်။

ထိုသံကြိုးများနှင့် ချိန်းကြိုးများကို အထူးပြုလုပ်ထားခြင်းဖြစ်ပြီး အန်တီလာမျိုးနွယ်စု၏ တိုက်ခိုက်ရေးအာကာသယာဉ်များပေါ်တွင် တွေ့ရှိခဲ့ရသည့် အရာများပင်။

သူတို့ရရှိထားသော အချက်အလက်များအရ ကမ္ဘာမြေတွင် အဆင့်လေးသက်ရှိများစွာရှိပြီး အဆင့်ငါးသက်ရှိများပင် ရှိနေချေသည်။ အကယ်၍ ဤသက်ရှိများကို ကျွန်များအဖြစ် ရောင်းချပါက အလွန်တန်ဖိုးရှိပေလိမ့်မည်။ ထောင်ဂဏန်းမျှ ရောင်းချရုံဖြင့် ရရှိမည့် အကျိုးအမြတ်မှာ ကမ္ဘာဂြိုဟ်တစ်ခုလုံး၏ တန်ဖိုးထက်ပင် ကျော်လွန်သွားနိုင်ပေသည်။

သံကြိုးများဖြင့် ထိန်းချုပ်ခံထားရသော ဤသက်ရှိများမှာ အဆင့်ငါးအောက်ဖြစ်ပါက သာမန်လူများနှယ် ဖြစ်သွားပေလိမ့်မည်။ ထိုအရာများမှာ သက်ရှိအဆင့်မြင့်မားသော သတ္တဝါများကို ထိန်းချုပ်ရန် အထူးပြုလုပ်ထားခြင်းပင်။

သို့သော် ဤအရာများမှာ သူတို့အပေါ် ပြန်အသုံးချခံရလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

"သောက်ကျိုးနည်း... ခုနက မှတ်ချက်ထဲမှာ ငါက ကမ္ဘာကြီးအတွက် သေပေးသင့်တယ်လို့ ပြောနေတာ ဘယ်သူလဲကွ။ ထွက်လာခဲ့စမ်း။ ငါက အဲ့ဒီလောက်ကြီး မွန်မြတ်တဲ့လူ မဟုတ်ဘူး။ အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ။ တောက်ပတဲ့အနာဂတ်က ငါ့ရှေ့မှာ ရှိသေးတယ်။ ကိုယ့်ပိုက်ဆံတွေတောင် မသုံးဘဲ သေရတာ ဘယ်လောက်နာကျင်ဖို့ကောင်းလဲဆိုတာ မင်းတို့သိလား။ တကယ်လို့ မင်းတို့က ကိုယ်ကျင့်တရားစံနှုန်းတွေ သတ်မှတ်ချင်တယ်ဆိုရင်တောင် ငါ့ကို ထည့်မတွက်နဲ့။ ငါ့အသက်ကို ကမ္ဘာမြေနဲ့ လဲရမယ်ဆိုရင် ငါက အရင်ဆုံးထွက်ပြေးမယ့်လူပဲ"

"ဟားဟားဟား... အဲ့ဒါကမှ တော်ဝင်ပညာရှင်ကျန်းရဲ့ စတိုင်လ်အစစ်ပဲ"

"ဒီကောင်က တော်တော့တော်ပေမယ့် တော်တော်ကလိမ်ကျတဲ့ကောင်ပဲ"

"မှန်လိုက်တာ။ သူ့ကိုတော့ ဘယ်သူမှ ကိုယ်ကျင့်တရားစံနှုန်းတွေ သွားသတ်မှတ်လို့ ရမှာမဟုတ်ဘူး"

လေထုမှာ ပေါ့ပါးသွားပြီး ဟာသမှတ်ချက်များက ဖန်သားပြင်ပေါ်မှာ ပြည့်လျှံသွားသည်။ ယခုမူ အရာအားလုံး အဆင်ပြေသွားပြီဖြစ်သောကြောင့် လူအများက ကျန်းမုန့်လောင်မှာ လေလုံးထွားနေရုံသက်သက်ဟုသာ တွေးကြတော့သည်။ အကယ်၍ သူသာ လူသားမျိုးနွယ်၏ ကံကြမ္မာကို တကယ်ဂရုမစိုက်ခဲ့ဘူးဆိုလျှင် ဤမျှအစွမ်းထက်သည့် အာကာသယာဉ်တန်းကို ဖန်တီးရန် နှစ်နှင့်ချီ၍ အချိန်ကုန်ခံခဲ့မည်မဟုတ်ပေ။ သူသည် လူသားမျိုးနွယ်အတွက် သူရဲကောင်းတစ်ဦး ဖြစ်နေဆဲပင်။

"မှတ်ချက်တွေကို ထပ်စစ်ကြည့်လိုက်ဦးမယ်"

ကျန်းမုန့်လောင်က ဖုန်းကို ပွတ်ကြည့်ရင်း ပြောလိုက်သည်။

"မင်းတို့က ရလဒ်တွေကို မေးနေကြတာလား။ ငါတို့ ကျူးကျော်သူတွေရဲ့ တိုက်ခိုက်ရေးအာကာသယာဉ် စုစုပေါင်း၁၀၂စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်။ တိုက်ခိုက်ရေးအာကာသယာဉ် ၁၈၉၈စင်းကို ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းငါးသိန်းနီးပါးကို ဖမ်းဆီးနိုင်ခဲ့တယ်"

"ဒီလူတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ။ ငါ စဉ်းစားကြည့်ဦးမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီလူတွေက အဆင့်မြင့်အလုပ်သမားတွေပဲ။ သူတို့ရဲ့ အခြေခံရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေက ကမ္ဘာမြေသားတွေထက် အဆပေါင်းများစွာ သာလွန်ပြီး အထက်တန်းလွှာစစ်သည်တွေဆိုရင် ပိုပြီးတော့တောင် ထူးချွန်သေးတယ်။ သူတို့ကို ငါတို့ သေချာအသုံးချဖို့လိုတယ်"

"အကြံတစ်ခု ရပြီ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အကုန်လုံးက တခြားမျိုးနွယ်စုတွေက လူတွေအကြောင်း အရမ်းသိချင်နေကြမယ်ဆိုတာ ငါသိတယ်။ ဒူရန်ဒိုမျိုးနွယ်စုက လူတွေကို မြင်ရတာလည်း မင်းတို့ ငြီးငွေ့နေလောက်ပြီ။ ဒီတစ်ခါတော့ လူတိုင်းကြည့်လို့ရအောင် တိရစ္ဆာန်ရုံတစ်ရုံ ဖွင့်ပေးမယ်။ ပြီးတော့မှ သူတို့ကို သေချာနေရာချပေးတာပေါ့"

"ဘာလဲ။ ခုနက ငါ ဘယ်လိုလွတ်လာတာလဲ ဟုတ်လား။ ငါပြောပြရင် မင်းတို့ ယုံမှာတောင် မဟုတ်ဘူး။ တကယ်တော့ ငါက သိုင်းပညာရှင်တစ်ယောက်လေ။ ငါ တစ်ယောက်တည်းနဲ့ သူတို့လို အယောက်တစ်ရာလောက်ကို အသာလေးနှိမ်နှင်းနိုင်တယ်။ ပြီးတော့ သူတို့ထဲမှာ ငါ့ကို ယှဉ်ချနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး။ ငါ ဒီလိုလုပ်လိုက်တယ်။ ဟိုလိုလုပ်လိုက်တယ်။ အဲ့ဒါနဲ့ နောက်ဆုံးတော့ လွတ်လာတာပဲ"

"ငါက ဘာလို့ ဒီလောက်ချောနေရတာလဲ ဟုတ်လား။ ဒါတော့ ငါလည်း မတတ်နိုင်ဘူးလေ။ ဒါက သဘာဝပဲ။ ဒါက သင်ယူလို့ရတဲ့အရာ မဟုတ်ဘူး။ မွေးရာပါပါလာမှ ရတာကွ"

...

"မင်း ကြားပြီးပြီလား။ တလောတုန်းက ငါတို့ရဲ့ အာကာသအင်ပါယာထဲမှာ ကမ္ဘာမြေလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခု ပေါ်လာတယ်။ အန်တီလာမျိုးနွယ်စုက စေလွှတ်လိုက်တဲ့ အာကာသယာဉ်တန်းတစ်ခုလုံး ချေမှုန်းခံလိုက်ရတယ်လို့ ကြားတယ်"

"ဧကရာဇ်အရှင်ကိုယ်တိုင် ပင်မမျိုးနွယ်စုတွေကို သွားရန်မစဖို့ သတိပေးထားတဲ့ မျိုးနွယ်စု ကို ပြောနေတာလား"

"ဟုတ်တယ်။ အန်တီလာမျိုးနွယ်စုရဲ့ စစ်တပ်ထဲမှာ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူတို့လက်အောက်က အဆင့်နှစ်မျိုးနွယ်စုတစ်ခုက ဒီမျိုးနွယ်စုကို ရှာတွေ့ခဲ့တာတဲ့။ ဒါပေမဲ့ နယ်ချဲ့အာကာသယာဉ် စေလွှတ်လိုက်တော့ ချက်ချင်းဖမ်းဆီးခံလိုက်ရတယ်။ အဲ့ဒီနောက်မှာ အာကာသယာဉ်တန်းတစ်ခုလုံးကို စေလွှတ်လိုက်တာ။ အခု အဲ့ဒီယာဉ်တန်းဆီက ဘာသတင်းမှ မရတော့ဘူးတဲ့"

"တကယ်လား။ ဖြစ်နိုင်လို့လား။ ဧကရာဇ်အရှင်က ဒီလောက်အထိ အလေးအနက်ထားရတဲ့ မျိုးနွယ်စုမျိုး ရှိနိုင်လို့လား"

"မင်း မကြားသေးဘူးလား။ တလောတုန်းကပဲ ငါတို့အာကာသအင်ပါယာရဲ့ ကုန်သွယ်ရေးဆိပ်ကမ်းမှာ အာကာသယာဉ်တန်းတစ်ရာ ပေါ်လာတယ်။ အဲ့ဒါတွေက ဘယ်အဆင့်ရှိလဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း"

"ငါက ဘယ်လိုလုပ်သိမှာလဲ"

"အဆင့်ငါးထိပ်တန်းမျိုးနွယ်စုအဆင့်တွေကွ။ အကုန်လုံးက ကြယ်တာရာလှည့်လည်သူအဆင့် တိုက်ခိုက်ရေးအာကာသယာဉ်တွေချည်းပဲ။ အဲ့ဒီကမ္ဘာမြေမျိုးနွယ်စုရဲ့ ခေါင်းဆောင်က ဝယ်သွားတာလို့ ပြောကြတယ်"

"ဘာ။ အဆင့်ငါးထိပ်တန်းမျိုးနွယ်စုအဆင့် တိုက်ခိုက်ရေးအာကာသယာဉ်အစင်းတစ်ရာလား။ မင်း လာနောက်နေတာလား။ ငါတို့ အာကာသအင်ပါယာက အဆင့်ငါးအခြေခံ မျိုးနွယ်စုအဆင့်ပဲ ရှိတာလေ။ ငါတို့ရဲ့ တရားဝင်စစ်တပ်ထဲမှာတောင် အဆင့်ငါး အခြေခံမျိုးနွယ်စုအဆင့် အာကာသယာဉ်ဆယ်ဂဏန်းလောက်ပဲ ရှိတာ"

"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ။ ဓာတ်ပုံတွေ ဗီဒီယိုတွေအကုန်ရှိတယ်။ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ။ ပြီးတော့ တလောတုန်းက မျိုးနွယ်စုမဟာမိတ်အဖွဲ့ကတောင် ငါတို့ရဲ့အရှင်သခင်ဆီကို လာလည်ခဲ့သေးတယ်။ လာလည်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို မင်းနားလည်လား။ တကယ်လို့ သူတို့ဆီမှာ အဲ့ဒီလောက်အထိ အင်အားကြီးတဲ့ ဝှက်ဖဲတစ်ခုမှမရှိရင် ဒီလောက်ကြောက်နေရပါ့မလား"

"ဒါဆို ငါတို့ ဘာကိုစောင့်နေဦးမှာလဲ။ ဒီကမ္ဘာမြေမျိုးနွယ်စုဆီကို မြန်မြန်သွားလည်ကြရအောင်။ အခုအချိန်မှာ ဒီလိုအားကိုးရတဲ့လူကို အပိုင်ကပ်မထားရင် နောက်တစ်ခါ အခွင့်အရေးရချင်မှရတော့မှာ"

"ဟုတ်တယ် ဟုတ်တယ်။ ငါ့ကို စောင့်ဦး။ အတူတူသွားကြမယ်"

...

ကမ္ဘာမြေပေါ်တွင် သေးငယ်သော မည်သည့်အဖြစ်အပျက်မဆို မီဒီယာမျိုးစုံကတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။ ကြီးမားကျယ်ပြန့်သော မျိုးနွယ်စုတစ်ခုတွင် ထိုကဲ့သို့သော သတင်းများက ပို၍ပင် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

အမြွှာဝေလငါးအာကာသအင်ပါယာမှ အာကာသယာဉ်တန်းအစင်းတစ်ရာ ရရှိခဲ့သည့်သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းတွင် အင်ပါယာ၏စစ်တပ်သည် ရုတ်တရက်ဆိုသလို ကြီးမားလှသော ရန်ပုံငွေများ ရရှိကာ အာကာသအင်ပါယာ၏ နာမည်ဖြင့် အဆင့်ငါးထိပ်တန်းမျိုးနွယ်စုအဆင့် အထူးအာကာသယာဉ်တန်းတစ်ထောင်ကို ဝယ်ယူလိုက်သည်ဟူသော သတင်းများပင် ထွက်ပေါ်လာခဲ့သည်။

သတင်းရင်းမြစ်အများအပြားကလည်း ဤအချက်အလက်မှာ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။

ဤသတင်းမှာ ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုများကို ထိတ်လန့်သွားစေခဲ့ပြီး အမြွှာဝေလငါးအာကာသအင်ပါယာအနီးရှိ ရာနှင့်ချီသော အဆင့်ငါးမျိုးနွယ်စုများမှာ အိုတစ်ထံ လာရောက်လည်ပတ်ရန် တန်းစီနေကြသည်။ သူ့နေ့စဉ်လုပ်ငန်းဆောင်တာများမှာ လူမှုဆက်ဆံရေးကိစ္စများနှင့်သာ အချိန်ကုန်ဆုံးနေရပြီး အဆုံးမရှိသော မြှောက်ပင့်ဖားယားမှုများအကြား သူသည် ချီးမွမ်းသံများကို သာယာမိန်းမောနေတော့သည်။

ကမ္ဘာမြေမျိုးနွယ်စုလည်း ဧည့်သည်အုပ်စုတစ်စုကို ကြိုဆိုရတော့မည် ဖြစ်၏။

အန်တီလာမျိုးနွယ်စုမှ သုံ့ပန်းငါးသိန်းက နေ့မအားညမနား အလုပ်လုပ်နေကြသဖြင့် နည်းပညာပိုင်းဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများမှာ လျင်မြန်စွာ တိုးတက်နေပြီး အာကာသယာဉ်ဆိပ်ကမ်းများ၊ အာကာသ ကွမ်တမ်ကွန်ရက်နှင့် ဖြတ်သန်းသွားလာရေး လမ်းကြောင်းများအားလုံးကို စနစ်တကျ တည်ဆောက်လျက် ရှိ၏။

"ဒီနေ့မှာတော့ ကမ္ဘာမြေရဲ့ ကွမ်တမ်ကွန်ရက် တည်ဆောက်မှု တရားဝင်ပြီးစီးသွားပြီဖြစ်ကြောင်း ကျွန်တော် ကြေညာချင်ပါတယ်။ ကမ္ဘာမြေဟာ အခုဆိုရင် ကွန်ရက်ကြီးနဲ့ ချိတ်ဆက်နိုင်ပါပြီ"

ကမ္ဘာတစ်ဝန်းရှိ လူဘီလီယံပေါင်းများစွာ၏ ရှေ့မှောက်တွင် ကျန်းမုန့်လောင်သည် အင်ဂျင်နီယာချုပ်အဖြစ် ကွမ်တမ်ဆက်သွယ်ရေးကွန်ရက်ကို အသက်သွင်းရန် ခလုတ်နှိပ်လိုက်လေသည်။ ထိုအရာကား ကမ္ဘာမြေနှင့် အာကာသမျိုးနွယ်စုတို့အကြား အဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်ခြင်း၏ ပြယုဂ်တစ်ခုပင်။

အဓိကထိန်းချုပ်ခန်း။

"အခြေအနေ ဘယ်လိုလဲ။ အဆင်ပြေချောမွေ့ရဲ့လား"

ထိန်းချုပ်ခန်းထဲသို့ ဝင်လာရင်း အကြီးအကဲကျိုးနှင့် ကမ္ဘာဂြိုဟ်ကောင်စီမှ အခြားကိုယ်စားလှယ်များက မေးလိုက်သည်။

"အရမ်းချောမွေ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ရက်အချက်ပြလှိုင်းက အဆင့်နှစ်မျိုးနွယ်စုတွေရဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိနေပါပြီ။ နောက်နှစ်နှစ်အတွင်းမှာ အဆင့်သုံးကို ရောက်နိုင်ပါတယ်။ ဆယ်နှစ်အတွင်း အဆင့်လေးကို ရောက်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရာစုနှစ်ရှည်စီမံကိန်းအရဆိုရင် ကျွန်တော်တို့... ခဏနေပါဦး"

နည်းပညာရှင်၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။

"ဘာဖြစ်လို့လဲ"

အကြီးအကဲကျိုးက အလောတကြီး မေးလိုက်သည်။

"ဒီနေရာမှာ ဘာအမှားမှ ဖြစ်လို့မရဘူးနော်။ ငါတို့ အများကြီး ကြိုးစားအားထုတ်ထားတာ။ အာကာသမျိုးနွယ်စုနဲ့ ချိတ်ဆက်ပြီးသွားတာနဲ့ ငါတို့ရဲ့နည်းပညာ၊ စီးပွားရေးနဲ့ တခြားနယ်ပယ်တွေက နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်လိမ့်မယ်"

"စနစ်ချို့ယွင်းတာ မဟုတ်ပါဘူး"

နည်းပညာရှင်က ပြန်ဖြေလိုက်သည်။

"အရင်က စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ကွန်ရက်နဲ့ တရားဝင်မချိတ်ဆက်ရသေးလို့ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို အခုမှ ပြီးစီးခဲ့တာပါ။ အခု ကျွန်တော်တို့နယ်မြေရဲ့ သီးသန့်စကြဝဠာမဟာမိတ်အဖွဲ့ အကောင့်ကတစ်ဆင့် တခြားမျိုးနွယ်စုတွေဆီက သတင်းအချက်အလက်တွေကို လက်ခံနိုင်ပါပြီ"

"ဘာ... တခြားမျိုးနွယ်စုတွေက ငါတို့ကို စပြီး ဆက်သွယ်နေပြီလို့ ဆိုလိုချင်တာလား"

အကြီးအကဲကျိုးခမျာ ဝမ်းသာအားရ ဖြစ်သွားသည်။

"အစပြုနေတာတင် မကပါဘူး။ တောင်းဆိုချက်ပေါင်း တစ်သိန်းကျော်ကို ကျွန်တော်တို့ လက်ခံရရှိထားပြီးပါပြီ"

"တောင်းဆိုချက်တွေလား"

အကြီးအကဲကျိုးမှာ ဇဝေဇဝါဖြစ်သွားချေသည်။

"ဟုတ်ပါတယ်။ ဒီမက်ဆေ့ချ်တွေရဲ့ ခေါင်းစဉ်တွေက ကျွန်တော်တို့ရဲ့ကမ္ဘာမြေမျိုးနွယ်စု ဆီကို လာရောက်လည်ပတ်ချင်တယ်ဆိုတာတွေချည်းပါပဲ"

"မျိုး...မျိုးနွယ်စုပေါင်းတစ်သိန်းက ငါတို့ဆီကို လာလည်ချင်နေတာလား"

************************

All Chapters