အခန်း (၉၂၂-၉၂၄)
Vol. 62 Ch. 922-924
အခန်း ၉၂၂ - ဒီဂြိုဟ်ရဲ့အကြီးအကဲက ဘယ်သူလဲဆိုတာ သူတို့ သိပုံမရဘူး
ကျန်းနန်မြို့ ကျန်းမုန့်လောင်၏နေအိမ်...
"မစ္စတာကျန်း ဂုဏ်ယူပါတယ်။ ခင်ဗျား အဖေတစ်ယောက် ဖြစ်တော့မယ်"
ကျန်းမုန့်လောင်၏ မိသားစုဆရာဝန်က ကိရိယာများကို သိမ်းဆည်းလိုက်သည်။
"အခုအချိန်ကစပြီး မိန်းကလေးလုအနေနဲ့ များများအနားယူပြီး ပင်ပန်းတဲ့ လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်"
"ဝိုး"
ဖခင်ဖြစ်တော့မည့် ကျန်းမုန့်လောင်၏ ခေါင်းထဲတွင် ထိုစကားလုံးတစ်ခွန်းသာ ပြည့်နှက်နေပြီး ပါးစပ်ကလည်း အခြားမည်သည့် အာမေဍိတ်သံမျှ မထွက်နိုင်ပေ။
တကယ်တော့ ကျန်းမုန့်လောင် ခရီးမထွက်ခင်ကတည်းက ကလေးယူမည့် အစီအစဉ်ကို စတင်ခဲ့သည်။ ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် သူတို့ တစ်နှစ်တိတိ မမောနိုင်မပန်းနိုင် ကြိုးစားခဲ့ကြလေရာ ကျန်းမုန့်လောင်ကိုယ်တိုင်ပင် သူမြုံများမြုံနေပြီလားဟု သံသယဝင်လာသည်အထိပင်။
သက်ရှိအဆင့်မြင့်လေလေ မျိုးပွားနိုင်စွမ်း ပိုအားနည်းလေလေဖြစ်ကြောင်း ယခင်က ကောထန် သူ့ကို ပြောပြထားသည်။ ဥပမာအားဖြင့် အင်းဆက် သို့မဟုတ် ငါးကဲ့သို့သော အဆင့်နိမ့်သတ္တဝါများမှာ တစ်ကြိမ်လျှင် ဥပေါင်းရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ဥနိုင်သည်။
ခွေးနှင့်ကြောင်များဆိုလျှင် တစ်ခါမွေးလျှင် လေးငါးကောင်ခန့် မွေးကြသည်။
သို့သော် လူတစ်ယောက်ကသာ အမြွှာလေးမြွှာ မွေးနိုင်မည်ဆိုပါက ဤသည်မှာ သေချာပေါက် သတင်းခေါင်းကြီးပိုင်းတွင် ပါလာမည်သာ။
လွန်ခဲ့သည့်တစ်နှစ်က ကျန်းမုန့်လောင်သည် အဆင့်ငါးသက်ရှိ ဖြစ်လာခဲ့ပြီး လုရီယောင်မှာမူ အဆင့်လေးသို့ တက်လှမ်းနိုင်ခဲ့သည်။ ထို့ကြောင့် သဘာဝတရားအရ သူတို့နှစ်ယောက်၏ ကလေးရနိုင်ခြေမှာ နည်းပါးလွန်းလှသည်။
ထို့ကြောင့် စကြဝဠာထဲရှိ အဆင့်မြင့်မျိုးနွယ်စုများမှ အဆင့်မြင့်သက်ရှိများအတွက် သူတို့၏မျိုးဆက်များ ပွားများလာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ ဇနီးပေါင်းများစွာကို အရူးအမူး လက်ထပ်ယူရန်ပင်။ ဇနီးပေါင်း ထောင်နှင့်ချီ၍ရှိသော်လည်း နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာပြီးသည့်တိုင် မျိုးဆက်တစ်ရာခန့်ကိုသာ မွေးဖွားနိုင်ကြသည်။ ဥပမာ အိုင်းရင်း၏အဖေပင်။
ယခုမူ တစ်နှစ်ကျော် ကြိုးပမ်းပြီးနောက် ကျန်းမုန့်လောင်မှာ အကူအညီဖြစ်စေမည့် အချို့ဆေးဝါးများကို ဖော်စပ်ရန်အတွက် များပြားလှသော စွမ်းအင်များကိုပင် သုံးခဲ့ရသည်။ ဤသည်မှာ သူတို့အတွက် အလွန်ကောင်းမွန်သော သတင်းတစ်ခု ဖြစ်လာခဲ့သည်။
"မင်းကြားလား ရီရီ... ကိုယ် အဖေဖြစ်တော့မယ်တဲ့"
ကျန်းမုန့်လောင်မှာ ရူးသွပ်သွားသည့်နှယ်။ အကယ်၍ ဤရပ်ကွက်တွင် နေထိုင်သူများအားလုံးမှာ သူ့လူများ မဟုတ်ပါက အိမ်နီးချင်းများက သူ့ထံသို့ ဓားဆွဲ၍ ရောက်လာလောက်လေပြီ။
"ကဲ ကဲ သိပါတယ်လို့"
လုရီယောင်၏ မျက်နှာထက်တွင်လည်း ကြည်နူးပျော်ရွှင်သော အပြုံးများ ပြည့်နှက်နေချေသည်။
"ဒီအကြောင်း အဖေနဲ့အမေ့ကို ချက်ချင်းပြောပြရမယ်"
ကျန်းမုန့်လောင်မှာ လုရီယောင်၏ ခေါင်းကို နမ်းလိုက်ပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ အမြန်ဝင်သွားလေသည်။
မကြာသေးခင်ကပင် ကျန်းမုန့်လောင်၏ကျောင်းရှိ ဆရာအရေအတွက်မှာ အယောက်နှစ်ရာကျော်သွားခဲ့ပြီဖြစ်၏။ သူသည် အခြားလုပ်ဆောင်ချက်များကို ဖွင့်နိုင်ခဲ့ပြီး အရေးကြီးဆုံးမှာ ကမ္ဘာအသီးသီး၏ အတားအဆီးများကို ကျော်ဖြတ်ကာ သူ့မိဘများနှင့် အခြားဘိုးဘေးများကို တိုက်ရိုက် ဆက်သွယ်နိုင်နေချေပြီ။
"အဖေနဲ့ အမေ"
ကျန်းမုန့်လောင်သည် အလွန်ထူးခြားသော ကိရိယာတစ်ခုကို အသုံးပြု၍ ကျန်းရှောင်ယွင်နှင့် သူ့ဇနီးကို ချက်ချင်း ဆက်သွယ်လိုက်သည်။
"ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ ငါတို့ ကျောက်စိမ်းရေကန်မှာ နတ်သမီးခုနစ်ပါး ကနေတာကို ကြည့်နေတာ"
"လမ်းကိုကြည့်လျှောက်လေ"
ကျန်းမုန့်လောင်၏အမေက ခင်ပွန်းဖြစ်သူ၏ ခေါင်းကို ရိုက်လိုက်သည်။
"နတ်သမီးခုနစ်ပါးကို ကြည့်ချင်တယ် ဟုတ်လား။ သူတို့တွေကို မယားငယ်တွေအနေနဲ့ ခေါ်လာချင်တာလား။ ဘာပဲဖြစ်ဖြစ် ဟုန်းကျွင်းလိုလူတွေတောင် ရှင် ဖမ်းတာခံရပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ကို အပို့ခံလိုက်ရပြီဆိုတော့ အခု လောကကြီးမှာ ရှင့်ကို ထိန်းချုပ်နိုင်မယ့်လူ မရှိတော့ဘူးပေါ့"
"ဟီးဟီးဟီး...မလုပ်ရဲပါဘူးကွာ။ အဲ့ဒီနတ်သမီးသုံးပါးက မိန်းမနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ကျန်းရှောင်ယွင်က သူ့ဇနီး၏ ပခုံးနှစ်ဖက်ကို အမြန်နှိပ်နယ်ပေးလိုက်သည်။
"မိန်းမကြောက်"
ကျန်းမုန့်လောင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အဖေတို့အတွက် သတင်းကောင်းတစ်ခု ရှိတယ်။ ရီရီ့မှာ ကိုယ်ဝန်ရှိနေပြီ။ ကျွန်တော် အဖေဖြစ်တော့မယ်ဗျ။ ပြီးတော့ အဖေတို့လည်း အဘိုးအဘွားတွေ ဖြစ်တော့မယ်"
"ဘာ"
ကျန်းရှောင်ယွင်ခမျာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။
"နေဦး.. မင်းရဲ့အဘိုးနဲ့ တခြားဘိုးဘေးတွေကိုလည်း ဒီအကြောင်း သွားပြောပြရဦးမယ်"
"အဖေ.. အဖေ့မြေး အဖေဖြစ်တော့မယ်တဲ့။ အဖေက အဘေးဖြစ်လာတော့မှာ။ ဟုတ်တယ်။ ဟုတ်တယ်"
"ဘာ.. သတင်းကောင်းပဲ။ ငါ့အဖေ့ကို သွားပြောလိုက်ဦးမယ်"
"အဖေ..ကျွန်တော့်မြေး အဖေဖြစ်တော့မယ်တဲ့။ အဖေက အဘီဖြစ်လာတော့မှာ"
"အဖေ... ကျွန်တော့်မြစ်လေး အဖေဖြစ်တော့မယ်တဲ့"
"အဖေ... သားရဲ့တီလေး အဖေဖြစ်တော့မယ်တဲ့"
...
"အမလေး... ရူးချင်စရာပဲ"
ကျန်းမုန့်လောင်ခမျာ သူ့ရှေ့တွင် ရုရှားအရုပ်များအလား ခေတ်မီနည်းပညာသုံး မျက်နှာပြင်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို ကြည့်ရင်း သည်အတိုင်းဆက်သွားနေပါက လူတိုင်းဆီသို့ သတင်းရောက်ရန် အချိန်တော်တော်ကြာလောက်မည်ဟု တွေးလိုက်မိသည်။
"ထားလိုက်တော့။ အဖေတို့အချိန်ရရင် ကမ္ဘာမြေကို ဆင်းလာပြီး ကလေးကို လာကြည့်ကြဦး။ ကျွန်တော် အခု ကျွန်တော့်မိန်းမကို သွားစောင့်ရှောက်လိုက်ဦးမယ်"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက မထွက်ခွာခင် ကျန်းရှောင်ယွင်နှင့် စကားအနည်းငယ် ထပ်ပြောခဲ့သေးသည်။
...
"ဟင် အကြီးအကဲကျိုး... ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"
ကျန်းမုန့်လောင် ဧည့်ခန်းထဲသို့ ပြန်ရောက်လာချိန်တွင် အကြီးအကဲကျိုးက ဆိုင်းမဆင့်ဘုံမဆင့် ရောက်ချလာသည်။
"နည်းနည်းတော့ ပြဿနာတက်နေ
တယ်"
အကြီးအကဲကျိုးက ပြောလိုက်သည်။
"ငါတို့ရဲ့ ကွမ်တမ်ကွန်ရက်ကြီး အလုပ်စလုပ်နေပြီ။ ပြီးတော့ ကမ္ဘာမြေကို လာလည်ချင်တဲ့ ဂြိုဟ်ပေါင်း တစ်သိန်းကျော်တောင် ရှိနေတယ်။ ငါတို့က တစ်ရက်ကို ဂြိုဟ်တစ်ဂြိုဟ် လက်ခံတွေ့ဆုံရင်တောင် အကုန်လုံးကို တွေ့ဆုံနိုင်ဖို့ နှစ်ပေါင်းရာနဲ့ချီပြီး အချိန်ယူရလိမ့်မယ်"
"အဲ့ဒါ ကောင်းတဲ့ကိစ္စပဲလေ"
ကျန်းမုန့်လောင် ရယ်မောလိုက်သည်။
"ဒါက အာကာသမျိုးနွယ်စုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်း ပိုများလာတာပဲ။ သီအိုရီတွေကိုချည်းပဲ အားကိုးနေရတာက ကမ္ဘာမြေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားသလို ဖြစ်နေတာ"
ထိုမျိုးနွယ်စုပေါင်းတစ်သိန်းကျော်က ကမ္ဘာမြေသို့ အဘယ်ကြောင့် လာရောက်လည်ပတ်ချင်နေကြသလဲဆိုသည်ကို ကျန်းမုန့်လောင် ကောင်းကောင်းနားလည်သည်။ အိုတစ် ထုတ်ပြန်ခဲ့သော သတိပေးချက်တစ်ခုကြောင့် သို့မဟုတ် အန်တီလာမျိုးနွယ်စုနှင့် ပတ်သက်သည့် အဖြစ်အပျက်တချို့ သတင်းပေါက်ကြားသွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ယခုမူ အမြွှာဝေလငါးအာကာသအင်ပါယာ က အင်အားကြီးမျိုးနွယ်စုအဖြစ် ပေါ်ထွက်လာပြီဖြစ်ရာ သူတို့အနေနှင့် အစ်ကိုကြီးကို အသိအမှတ်ပြုရန် စိတ်အားထက်သန်နေကြခြင်းဖြစ်ရမည်။
"အဲ့ဒါကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ကမ္ဘာဂြိုဟ်ကောင်စီက အခြေအနေမငြိမ်မသက် ဖြစ်နေတယ်"
"ဘာဖြစ်နေလို့လဲ"
အကြီးအကဲကျိုး၏ အမူအရာက ပိုစိုးရိမ်နေပုံပေါ်ကြောင်း ကျန်းမုန့်လောင် ရုတ်တရက် သတိထားမိလိုက်သည်။
"အဲ့ဒီကောင်စီအဖွဲ့ဝင်တွေက ပြဿနာပဲလေ"
အကြီးအကဲကျိုးလည်း သက်ပြင်းချလိုက်လေတော့သည်။
လတ်တလောတွင် ကမ္ဘာမြေ၏ ကမ္ဘာဂြိုဟ်ကောင်စီမှာ ပါတီစုံညှိနှိုင်းဆွေးနွေးမှုအဆင့်တွင်သာ ရှိနေဆဲပင်။ ဤမျိုးနွယ်စုများနှင့် ဆက်သွယ်ခြင်း၊ အပြန်အလှန်ဆက်ဆံခြင်းများနှင့် ပတ်သက်လာလျှင် လူတိုင်းက မတူညီသော အမြင်များကို ကိုင်စွဲထားကြလေရာ နောက်ဆုံးဆုံးဖြတ်ချက်ချပေးမည့်လူ မရှိပေ။
"ဘာ... ကျွန်တော်တို့က အဆုံးအဖြတ်ပေးရမှာ မဟုတ်ဘူးလား"
"အဲ့ဒီလောက် မရိုးရှင်းဘူးလေ"
အကြီးအကဲကျိုးက ဆိုလာလေသည်။
"မင်း ကမ္ဘာမြေကနေ ထွက်သွားတုန်းက အဲ့ဒီအုပ်စုက အတုအယောင်လိုက်လျောမှုတွေ လုပ်ပြခဲ့တယ်။ အခု ကမ္ဘာဂြိုဟ်ကောင်စီထဲက နိုင်ငံတော်တော်များများက ပူးပေါင်းနေကြတယ်။ အပင်မြင့်လေ လေတိုက်ခံရလေ ဆိုတာ မင်း သိပါတယ်။ အခု ငါတို့ဟွာရှားရဲ့ အောင်မြင်မှုတွေက အရမ်းထက်ရှနေပြီ။ တကယ်လို့ ငါတို့ ဆက်တိုးတက်နေမယ်ဆိုရင် နောက်နောင် ကမ္ဘာမြေပေါ်မှာ ငါတို့ရဲ့အသံတစ်သံတည်းပဲ ကျန်တော့မယ်"
"သြော်... ဒါဆို သူတို့က ကမ္ဘာဂြိုဟ်ကောင်စီနဲ့ အဲ့ဒီမျိုးနွယ်စုတွေကြားက အပြန်အလှန် ဆက်ဆံနိုင်မယ့် အခွင့်အလမ်းတွေကို အလုအယက် ကြိုးစားနေကြတာပေါ့"
"ဟုတ်တယ်။ အခု ကောင်စီအဖွဲ့ဝင်အားလုံးက တန်းတူမဲပေးပိုင်ခွင့်ရှိနေတော့ သူတို့အချင်းချင်း ပူးပေါင်းပြီး ပူးတွဲကောင်စီတစ်ခုလုံးကို ထိန်းချုပ်တော့မလိုလုပ်နေပြီ။ လက်ရှိမှာ အဲ့ဒီနိုင်ငံတွေက လူသားတွေအားလုံးကို ကိုယ်စားပြုရမယ့်အစား ဒေသတွင်းနဲ့ နိုင်ငံအဆင့်မှာပဲ အဲ့ဒီအာကာသမျိုးနွယ်စုတွေနဲ့ အပြန်အလှန် ဆက်သွယ်ချင်နေကြတယ်"
"ဘာလဲ။ အဲ့ဒီမျိုးနွယ်စုတွေနဲ့ စောစောစီးစီး အဆက်အသွယ်လုပ်လိုက်ရင် သူတို့ရဲ့မျိုးနွယ်စုက တိုးတက်လာမယ်လို့များ သူတို့ ထင်နေကြတာလား"
ကျန်းမုန့်လောင်၏ အမြင်အရ ထိုသို့သော အပြုအမူမျိုးမှာ အလွန်ရယ်စရာကောင်းလှသည်။
အာကာသမျိုးနွယ်စုနှင့် ပတ်သက်၍ လူသားများ၏ နားလည်သဘောပေါက်မှုမှာ သုညနီးပါးဖြစ်နေသောကြောင့် အာကာသမျိုးနွယ်စုများနှင့် စောစီးစွာ ဆက်သွယ်ခြင်းကား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလိမ့်မည်ဟု လူအများက ယုံကြည်ထားကြသည်။ အမေရိကန်အာကာသယာဉ်တန်းဟောင်းကလည်း ဒူရန်ဒိုမျိုးနွယ်စုမှ လူများနှင့် အလျင်စလို ဆက်သွယ်နေချိန်တွင် ထိုသို့ပင် တွေးခဲ့ကြပြီး အဆုံးတွင်မူ မီးရှူးမီးပန်းနှစ်ရာဖြင့် ဖောက်ခွဲကြိုဆိုခြင်းကိုသာ ခံခဲ့ရသည်။
"ဒီလူတွေက ဘယ်တော့မှ သင်ခန်းစာမယူဘူးပဲ"
ကျန်းမုန့်လောင်က အေးစက်စက် ပြုံးလိုက်လေသည်။
"အဲ့ဒီမျိုးနွယ်စုတွေက တကယ်ပဲ အဲ့ဒီလောက် အထင်ကြီးစရာကောင်းတယ်လို့ ထင်နေကြတာလား။ တကယ့်အကောင်ကြီးကြီးတွေက ကမ္ဘာမြေပေါ်မှာပဲ အမြဲရှိနေတယ်ဆိုတဲ့ အချက်ကို သူတို့ သတိမထားမိကြဘူးထင်တယ်"
ရိုးရိုးသားသားပြောရလျှင် အဆင့်နှစ်မျိုးနွယ်စုများ၊ အဆင့်သုံးမျိုးနွယ်စုများ သို့မဟုတ် အဆင့်လေးမျိုးနွယ်စုများနှင့် ဆက်သွယ်ခြင်းမှာ ကျန်းမုန့်လောင်ကို လုံးဝမဆွဲဆောင်နိုင်ပေ။ အဆင့်ငါးမျိုးနွယ်စုတစ်သောင်းလောက် ခေါ်လာနိုင်လျှင်မူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
"ဒါဆို မင်း ဘာအကြံပေးချင်လဲ"
"တကယ်လို့ ငါတို့အနေနဲ့ အာကာသမျိုးနွယ်စုတွေနဲ့ အပြန်အလှန်ဆက်သွယ်မယ်ဆိုရင်လည်း နိုင်ငံတချို့က တစ်ကိုယ်တော်လုပ်ဆောင်တာမျိုး မဟုတ်ဘဲ လူသားတစ်ရပ်လုံးရဲ့ ရှုထောင့်က လုပ်ဆောင်သင့်တယ်လို့ထင်တယ်။ တစ်ကိုယ်တော်လုပ်မယ်ဆိုရင်တော့ ဘက်မညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်လာစေနိုင်တဲ့အတွက် နိုင်ငံတကာပဋိပက္ခတွေကို ပိုဆိုးသွားစေနိုင်တယ်"
"ခင်ဗျားရဲ့အမြင်က ပိုကြီးကျယ်ခမ်းနားသားပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"လူသားတွေရဲ့အကျပ်အတည်းက မကြာသေးခင်ကမှ ပြေလည်သွားတာ။ အခုတော့ ဒီငတုံးတွေက အာဏာလုဖို့ ပြင်နေကြပြီ။ ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ ဒီအရှုပ်ထုပ်တွေကို လုပ်နေကြတယ်"
"ဟုတ်တယ်။ တကယ်တော့ အခု နိုင်ငံ၁၂နိုင်ငံထဲက သုံးနိုင်ငံကပဲ ငါတို့ကို ထောက်ခံနေကြတာ။ ဒီအတောအတွင်း အမေရိကန်နိုင်ငံတွေက အဆက်အသွယ်လုပ်ဖို့ ပြင်ဆင်နေကြပြီ။ ပြီးတော့ ဧည့်သည်တွေနဲ့ အရင်တွေ့ဆုံဖို့ စီစဉ်နေကြပြီ"
"အကြီးအကဲကျိုး... ပွင့်ပွင့်လင်းလင်း ပြောရရင် စကြဝဠာမဟာမိတ်အဖွဲ့ဆီက ကမ္ဘာမြေရဲ့ အချုပ်အခြာအာဏာကို ကျွန်တော် ဝယ်ထားတယ်"
"မင်း ကမ္ဘာမြေကို ဝယ်ထားတာလား"
အကြီးအကဲကျိုး၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။ ဒီလိုအကွက်မျိုးလည်း ရှိသေးတာလား...
"တကယ်လို့ ကျွန်တော်သာ ဒီလိုမလုပ်ထားရင် ကမ္ဘာမြေက အာကာသအင်ပါယာရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေအများကြီး ဆုံးရှုံးရလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ ကျွန်တော်ဝယ်ထားပြီး အင်အားအလုံအလောက် ရှိနေသရွေ့တော့ ကျွန်တော်တို့ရဲ့ကမ္ဘာမြေက ဘယ်မျိုးနွယ်စုရဲ့ တောင်းဆိုမှုကိုမှ ခေါင်းငုံ့မခံဘဲ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်နိုင်လိမ့်မယ်လေ"
"သြော် ဒီလိုကိုး"
အကြီးအကဲကျိုးလည်း ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို အနည်းနှင့်အများ နားလည်သွားသဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ကမ္ဘာမြေရဲ့ တကယ့်အကြီးအကဲက ဘယ်သူလဲဆိုတာ သူတို့ကိုပြရတော့မယ့်ပုံပဲ"
********************
အခန်း ၉၂၃ - ဒီနေရာမှာ ကျန်းမုန့်လောင် ကပဲ အဆုံးအဖြတ်ပေးရမယ်
ကမ္ဘာဂြိုဟ်ကောင်စီ ကမ္ဘာတစ်ဝန်းရှိ ကိုယ်စားလှယ်များမှာ လက်ရှိအချိန်တွင် ဤနေရာ၌ စုဝေးနေကြသည်။
လူသားများနှင့် အာကာသမျိုးနွယ်စုများမှာ ယခင်က အပြန်အလှန် ဆက်ဆံဖူးကြသော်လည်း ယခင်တွေ့ဆုံမှု နှစ်ကြိမ်စလုံးမှာ အင်အားသုံးပဋိပက္ခများ ဖြစ်လုနီးပါးပင်။ ယခုတစ်ခေါက် တစ်ဖက်က လာရောက်လည်ပတ်ခြင်းကား စေတနာကောင်းဖြင့် ဖြစ်သောကြောင့် အခြေအနေမှာ လုံးဝကွဲပြားခြားနားနေပေသည်။
"အခြေအနေ ဘယ်လိုလဲ။ သူတို့က ကမ္ဘာအနှံ့က ကမ္ဘာဂြိုဟ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေအကုန်လုံးကိုတောင် ဖိတ်ထားတာလား"
"ဟုတ်ပါရဲ့။ အရေးကြီးကြေညာစရာကိစ္စတစ်ခုခုများ ရှိလို့လား"
"အာကာသမျိုးနွယ်စုတွေ ကျူးကျော်လာဦးမယ့် သတင်းတော့ မဟုတ်လောက်ပါဘူးနော်"
"မဖြစ်နိုင်ပါဘူး။ ဟွာရှားက တော်ဝင်ပညာရှင်ကျန်းမုန့်လောင် ခေါ်လာတဲ့ အာကာသယာဉ်တန်းက ခွန်အားကြီးတဲ့ ရန်သူမျိုးစုံကို ခုခံကာကွယ်နိုင်တဲ့ အင်အားရှိပါတယ်"
"ဪ... ကောင်စီရဲ့ ခေါင်းဆောင်နိုင်ငံ၁၂နိုင်ငံက ကိုယ်စားလှယ်တွေ ရောက်လာကြပြီ"
အမျိုးသားကိုးယောက်နှင့် အမျိုးသမီးသုံးယောက် အခမ်းအနားကျင်းပရာနေရာသို့ ဝင်ရောက်လာပြီးနောက် တစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံ၁၂နိုင်ငံဖြစ်ပြီး သူတို့၏ အင်အားမှာ စီးပွားရေးတွင်သာမက နည်းပညာနှင့် စစ်ရေးစွမ်းရည်များတွင်ပါ အရေးပါအရာရောက်သည်။
ဟွာရှားနိုင်ငံ၏ ကိုယ်စားလှယ်မှာ တစ်ချိန်က သံတမန်ရေးရာတွင် သံမဏိလက်သီးရှင်ဖြစ်ခဲ့သော စုယိပင်တည်း။ သူသည် အာကာသမျိုးနွယ်စုများနှင့် ပတ်သက်သော ဥပဒေကြမ်းပေါင်းများစွာကို တစ်ကိုယ်တော် တွန်းအားပေး၍ တင်သွင်းခဲ့သူဖြစ်လေရာ ကမ္ဘာ့ဂြိုဟ်ကောင်စီတွင် အထူးလေးစားမှုကို ရရှိထားသူဖြစ်၏။
ဤပုဂ္ဂိုလ်၁၂ယောက်မှာ အချင်းချင်း အလွန် သဟဇာတဖြစ်ပုံရသော်လည်း အုပ်စုငယ်နှစ်ခုကွဲနေကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ တစ်ခုမှာ အနောက်နိုင်ငံများဖြစ်ပြီး ကျန်တစ်ခုမှာမူ ဟွာရှားနှင့် အခြားအာရှနိုင်ငံများကို ကိုယ်စားပြုသော အုပ်စုပင်။
နိုင်ငံ၁၂နိုင်ငံကြားရှိ ဟန်ချက်ကို ထိန်းသိမ်းရန်အတွက် ထိုသို့သော စည်းမျဉ်းတစ်ခု ထားရှိသည်။ ကြီးမားသော ညီလာခံတစ်ခုစီအတွက် ပါတီစုံရွေးကောက်ပွဲများမှတစ်ဆင့် ဆုံးဖြတ်ရမည့် အိမ်ရှင်နိုင်ငံတစ်နိုင်ငံ လိုအပ်သည်။
ယခုတစ်ကြိမ် လှုပ်ရှားမှုကိုတော့ ၈မဲ ၄မဲဖြင့် မြောက်အမေရိကကို တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။
မြောက်အမေရိက၏ ကိုယ်စားလှယ်မှာ အသက်ငါးဆယ်ကျော် လူလတ်ပိုင်းအရွယ် ဆိုင်ယန်ဖြစ်၏။ သူသည် တစ်ချိန်က စီးပွားရေးသမားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အရင်းရှင်နိုင်ငံများတွင် တော်တော်များများကို ငွေဖြင့် ဝယ်ယူနိုင်သည်။ ထို့နောက် ထိုအရာများကို အသုံးချ၍ ကိုယ့်အရင်းအနှီးအတွက် မတူညီသော အထောက်အထားများမှတစ်ဆင့် အကျိုးအမြတ်များ ပိုမိုရရှိရန် ရှာဖွေနိုင်သည်။
တကယ်တော့ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲတစ်ခုတွင် မသမာမှု သိပ်မရှိသောကြောင့် စင်ပေါ်တက်လာသူတိုင်းဟာ လူမှုအဆင့်အတန်းတစ်ရပ်ရပ်၏ စုပေါင်းအကျိုးစီးပွားကို ကိုယ်စားပြုကြသည်ချည်းသာ။
"ကမ္ဘာ့ဂြိုဟ်ကောင်စီ အစည်းအဝေးကို အချိန်ပေးပြီး လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအစည်းအဝေးရဲ့ အဓိကအကြောင်းအရာကို ခင်ဗျားတို့ အရမ်းသိချင်နေကြမှာ သေချာပါတယ်"
ဆိုင်ယန်က အိမ်ရှင်အနေနှင့် စင်မြင့်ထက်တွင် အမိန့်အမှာစကား ပြောကြားလိုက်သည်။
ကောင်စီက ဤကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးမျိုးကို ကျင်းပလေတိုင်း အရေးကြီးကြေညာစရာတစ်ခုခု ရှိတတ်သောကြောင့် လူတိုင်းက စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။
"ခင်ဗျားတို့သိတဲ့အတိုင်း တလောတုန်းက ကျွန်တော်တို့တွေ ကွမ်တမ်ကွန်ရက်ကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့လူသားမျိုးနွယ်စုက စကြဝဠာစင်မြင့်ပေါ်ကို ခြေချလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ"
အခန်းထဲတွင် လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ဤသည်မှာ လူသားတိုင်းအတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော သတင်းတစ်ပုဒ်ပင်။
"စကြဝဠာမျိုးနွယ်စု တော်တော်များများက ကျွန်တော်တို့တွေ ပါဝင်လာတာကို ဖော်ရွေတဲ့ သဘောထားမျိုး ပြကြပါတယ်။ ကျွန်တော်တို့ဟာ စကြဝဠာမျိုးနွယ်စုတွေဆီက လာရောက်လည်ပတ်ခွင့် လျှောက်ထားမှုတွေကို အများကြီးလက်ခံရရှိနေပါပြီ။ အရေအတွက်ကတော့ ဘယ်သူမှ ခန့်မှန်းနိုင်မယ် မထင်ပါဘူး"
"ဘယ်လောက်လဲ"
"ဂြိုဟ်သုံးလုံးလား"
"အဲ့ဒီလောက်တော့ မနည်းလောက်ဘူး။ ဂြိုဟ်ဆယ်လုံးလောက်တော့ ဖြစ်မယ်ထင်တယ်"
"စကားကို လှည့်ပတ်ပြောမနေပါနဲ့။ ဘယ်လောက်ရှိတာမို့လို့လဲ"
"တစ်သိန်းကျော်"
"ဝိုး"
အံ့မခန်းဖွယ်ကောင်းသော အရေအတွက်ကြောင့် အာမေဍိတ်သံများမှာ ချက်ချင်းထွက်ပေါ်လာသည်။
ယခုအချိန်အထိ လူသားများမှာ မျိုးနွယ်စုနှစ်ခုနှင့်သာ အပြန်အလှန် ဆက်ဆံဖူးပေသည်။ မျိုးနွယ်စုတစ်သိန်းကျော်က ကမ္ဘာမြေကို ရုတ်တရက်ကြီး လာလည်ချင်နေကြသည်တဲ့။ သူတို့ နောက်နေတာများလား။
"တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် ကမ္ဘာ့ဂြိုဟ်ကောင်စီက ပထမအသုတ်အနေနဲ့ မျိုးနွယ်စုဆယ်ခုကို အပြန်အလှန်ဖလှယ်ရေးလှုပ်ရှားမှုအတွက် လက်ခံကြိုဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်"
"ကန့်ကွက်ပါတယ်"
တစ်စုံတစ်ယောက်က သံသယများကို ထုတ်ဖော်ပြောကြားလိုက်သည်။
"ဒီမျိုးနွယ်စုတွေက စိတ်ကောင်းစေတနာကောင်းနဲ့ လာတာဟုတ်မဟုတ် ခင်ဗျား ဘယ်လိုလုပ်ပြီး အာမခံနိုင်မှာလဲ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရတဲ့အတွက် စိတ်မရှိပါနဲ့။ ဒါပေမဲ့ လက်ရှိအချိန်အထိ အာကာသမျိုးနွယ်စုတွေနဲ့ ကျွန်တော်တို့ကြားက အပြန်အလှန်ဆက်ဆံမှုတွေက ကောင်းမွန်ခဲ့တာမျိုး မရှိပါဘူး"
"ဒါ အရမ်းကောင်းတဲ့ မေးခွန်းပါပဲ"
ဆိုင်ယန်က ပြုံးလိုက်သည်။
"လောလောဆယ် ဟွာရှားနိုင်ငံက ပါမောက္ခကျန်းမုန့်လောင် ဦးဆောင်တဲ့ အာကာသယာဉ်တန်းက ဘယ်လောက်အင်အားကြီးလဲဆိုတာ ခင်ဗျားတို့အားလုံး မြင်ပြီးလောက်ရောပေါ့။ ကျွန်တော်တို့ရဲ့ အင်အားကို ထုတ်ပြနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် အဲ့ဒီမျိုးနွယ်စုတွေက ဘာလို့ ဒီလောက်အထိ ဖော်ရွေနေကြမှာလဲ"
ပြောရမည်ဆိုလျှင် ဆိုင်ယန်က ထိုးထွင်းဉာဏ်ကောင်းသောကြောင့် ထိုမျိုးနွယ်စုများ၏ ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည်။
"အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မဲပေးဆုံးဖြတ်မှုအရ ဒီတစ်ခေါက် အနောက်နိုင်ငံအဖွဲ့ဝင်တွေက ကမ္ဘာသူကမ္ဘာသားတွေကို ကိုယ်စားပြုပြီး အဝေးကလာမယ့် ဒီဧည့်သည်တွေကို ကြိုဆိုရပါမယ်။ ကျွန်တော်တို့တွေ သူတို့နဲ့ ယဉ်ကျေးမှုဖလှယ်ရေးတွေ လုပ်ဆောင်သွားမှာပါ။ အာကာသမျိုးနွယ်စုတွေဆီက ရရှိလာတဲ့ အသိပညာတွေအားလုံးကိုလည်း လူသားအားလုံးနဲ့အတူ ပွင့်ပွင့်လင်းလင်း မျှဝေပေးသွားမှာပါ"
"အဓိပ္ပာယ်မရှိတာ"
လူအုပ်ထဲရှိ တစ်စုံတစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"တကယ်လို့ ခင်ဗျားတို့က အကျိုးအမြတ်ရခဲ့ရင် အဲ့ဒါတွေကို ကျွန်တော်တို့နဲ့ မျှဝေဖို့ ဆန္ဒရှိပါ့မလား"
"အကုန်လုံးကို ခင်ဗျားတို့ မျှဝေမယ်၊ မမျှဝေဘူးဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား။ အဆုံးကျတော့ ခင်ဗျားတို့ပဲ တိတ်တိတ်လေးချမ်းသာလာတာ။ ကျုပ်တို့ကိုတော့ အရေးမပါတဲ့ အချက်အလက်တချို့ပဲ ပေးတာလေ။ ဒီတော့ နိုင်ငံတွေကြားက ကွာဟချက်ကလည်း ပိုကြီးလာဖို့ပဲ ရှိတယ်"
"ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးအပိုင်းမှာ ဟွာရှားနိုင်ငံက ကျွန်တော်တို့လူသားတွေကို ကိုယ်စားပြုဖို့ ကျွန်တော် အကြံပြုပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ဟွာရှားနိုင်ငံက အာကာသမျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး နားလည်မှုအရှိဆုံးနဲ့ အဆက်အသွယ်အများဆုံး ဖြစ်နေလို့ပါပဲ"
"ဟုတ်တယ်။ ကျွန်တော်တို့ ဟွာရှားနိုင်ငံကို ယုံကြည်တယ်။ ဟွာရှားကိုပဲ သွားခိုင်းလိုက်ပါ"
"ကျွန်တော်တို့လည်း ဒီတစ်ကြိမ်တော့ ဟွာရှားနိုင်ငံကို ကိုယ်စားလှယ်ဖြစ်စေချင်ပါတယ်"
ဆိုင်ယန်က ပြုံးလိုက်သည်။
"ဒါပေမဲ့ ဒါက ပထမဆုံးအကြိမ် ဆက်သွယ်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုတွေ အပြည့်အဝလုပ်ဆောင်ရပါလိမ့်မယ်။ ဟွာရှားနိုင်ငံဘက်က လုံခြုံရေးလုပ်ငန်းစဉ်တွေနဲ့ အပြန်အလှန်ဆက်သွယ်မှု ချောမွေ့ပြီး ဘေးကင်းလုံခြုံမှုရှိစေဖို့ သေချာဆောင်ရွက်ပေးရမှာပါ"
"ခင်ဗျားတို့မှာ အရှက်မရှိဘူးလား"
"ဟုတ်ပါ့။ ကိုယ်တိုင်ကျတော့ အကျိုးအမြတ်တွေခံစားပြီး သူများကိုတော့ အောက်ခြေသိမ်းအလုပ်တွေ ခိုင်းနေတာလား"
အောက်ဘက်မှ သင်္ကာမကင်းလေဟန်ဖြင့် ဆန့်ကျင်သည့် အသံတချို့ ထွက်ပေါ်လာပြန်သည်။
"ဒါက ကျွန်တော်တို့ကောင်စီကိုယ်စားလှယ်၁၂ယောက်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပါပဲ။ တကယ်လို့ ခင်ဗျားတို့မှာ ကန့်ကွက်စရာရှိရင် ကမ္ဘာ့ဂြိုဟ်ကောင်စီစင်တာကို တင်သွင်းနိုင်ပါတယ်"
"ကျွီ"
ထိုအချိန်တွင် အခမ်းအနားကျင်းပရာနေရာ၏ တံခါးများ ရုတ်တရက် ပွင့်လာလေသည်။
"ကမ္ဘာမြေပေါ်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ဘယ်တုန်းကစပြီး ခင်ဗျားတို့ ဆုံးဖြတ်ခွင့်ရသွားတာလဲ"
ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော လူငယ်တစ်ယောက် အထဲသို့ လျှောက်ဝင်လာသည်။
"ကျန်းမုန့်လောင်လား"
ဆိုင်ယန်နှင့် အခြားသူများ၏ အပြုံးများကား တောင့်တင်းသွားသည်။
"သူက ဒီမှာ ဘာလာလုပ်တာလဲ"
"တော်ဝင်ပညာရှင်ကျန်း... ဒီနေ့ အစည်းအဝေးက ကျွန်တော်တို့ ကမ္ဘာ့ဂြိုဟ်ကောင်စီအတွက်ပါ။ ခင်ဗျား ဒီမှာ ရှိနေတာက မသင့်တော်ဘူးလို့ မထင်ဘူးလား"
"မသင့်တော်စရာ ဘာမှမရှိပါဘူး"
ကျန်းမုန့်လောင်လည်း စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။
"ကမ္ဘာမြေတစ်ခုလုံးက ငါ့အပိုင်ပဲ။ ငါ သွားချင်တဲ့နေရာကို သွားမယ်။ လုပ်ချင်တာကို လုပ်မယ်။ အဲ့ဒါ မင်းတို့နဲ့ ဘာဆိုင်လို့လဲ"
"တော်ဝင်ပညာရှင်ကျန်း... ကျေးဇူးပြုပြီး ခင်ဗျားရဲ့အပြုအမူကို ဆင်ခြင်ပေးပါ"
ဆိုင်ယန်က ကျန်းမုန့်လောင်၏ အပြုအမူကို လုံးဝမကြောက်ရွံ့ပေ။
"ခင်ဗျား ခုနကပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။ ကမ္ဘာမြေက လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်တည်းနဲ့မှ သက်ဆိုင်တာ မဟုတ်ဘူး။ ခင်ဗျားရဲ့ စကားက လူသားဆန့်ကျင်ရေး ဆန်မနေဘူးလား"
"ဆောရီး...မင်းရဲ့မိုက်မဲမှုကြောင့် မင်းရဲ့ရိုင်းစိုင်းမှုကို ငါ ခွင့်လွှတ်ပါတယ်"
ကျန်းမုန့်လောင်ကလည ရယ်မောလိုက်သည်။
"ဒါပေမဲ့ ကမ္ဘာမြေက အခု ငါ့အပိုင်ဖြစ်နေပြီ။ တကယ်လို့ မင်းတို့ မကျေနပ်ရင် စကြဝဠာ မဟာမိတ်အဖွဲ့ဆီမှာ သွားတိုင်လို့ရတယ်"
"သြော် စကားမစပ်...မင်းတို့ သိချင်မှ သိကြလိမ့်မယ်။ စကြဝဠာထဲက ဂြိုဟ်တွေအားလုံးက စကြဝဠာမဟာမိတ်အဖွဲ့နဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ မင်းတို့ဆီမှာ ပိုက်ဆံရှိရင်တော့ ကိုယ်ပိုင်နာမည်နဲ့ ဝယ်လို့ရပါတယ်။ ဖြစ်ချင်တော့ ငါက ကမ္ဘာမြေကို ငါ့နာမည်နဲ့ ဝယ်ပြီးသွားပြီ"
"အဲ့ဒါက ဖြစ်နိုင်လို့လား"
ဆိုင်ယန်မှာ ဘေးဘီကို တစ်ချက်ကြည့်လိုက်လေရာ အခြားသူများလည်း ကြောင်တောင်တောင် ဖြစ်နေကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ သုတေသနမလုပ်ထားကြောင်း သိသာလှသည်။
"သြော်... ဒီစနစ်ထဲကို မင်းတို့ ဝင်ကြည့်လို့ရတယ်။ ဒီအထဲမှာ စကြဝဠာမဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ မျိုးနွယ်စုတွေနဲ့ အဲဒီမျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေကို မှတ်တမ်းတင်ထားတယ်"
ကျန်းမုန့်လောင်က ဖန်သားပြင်တစ်ခုကို ဖွင့်လိုက်ပြီးနောက် ကမ္ဘာမြေနှင့် ပတ်သက်သော အချက်အလက်များကို ထည့်သွင်းလိုက်သည်။
ရုပ်ပုံများ၊ အခြေခံ အချက်အလက်များ၊ လူဦးရေ၊ စကြဝဠာမြေပုံပေါ်ရှိ ကိုဩဒိနိတ်တည်နေရာနှင့် နေအဖွဲ့အစည်းတစ်ခုလုံး၏ မိတ်ဆက်များအပါအဝင် ကမ္ဘာမြေနှင့် ပတ်သက်သော အချက်အလက်များအားလုံး စနစ်ထဲတွင် ပေါ်လာသည်။
ဖော်ပြထားသော ဂြိုဟ်သည် ရှင်သန်ရန်အတွက် သူတို့မှီခိုနေရသော သူတို့၏ကမ္ဘာမြေဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
ထို့ပြင် ကမ္ဘာမြေ၏ အချက်အလက်များထဲရှိ ထင်ရှားလှသော နေရာတစ်ခုတွင် အချက်အလက်တစ်ကြောင်း ရှိနေပေသည်။
မျိုးနွယ်စုအဆင့် : အဆင့်တစ်အခြေခံမျိုးနွယ်စု
ပိုင်ရှင် : ကျန်းမုန့်လောင်
ဤနာမည်အပြင် ကျန်းမုန့်လောင်၏ ဓာတ်ပုံတစ်ပုံလည်း ရှိနေသေးသည်။
"ဒါက စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ စနစ်ပဲ။ တကယ်လို့ ဒါကို အတုလို့ထင်ရင်လည်း သွားစစ်ကြည့်လို့ရတယ်"
"ပွင့်ပွင့်လင်းလင်းပြောရရင်...."
ကျန်းမုန့်လောင်လည်း မြေပြင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ငါ ဒီဂြိုဟ်ကို ဝယ်လိုက်တဲ့အချိန်ကစပြီး ဒီနေရာမှာရှိသမျှ အရာအားလုံးကို ငါ ကျန်းမုန့်လောင်ကပဲ အဆုံးအဖြတ်ပေးမယ်"
*******************
အခန်း ၉၂၄ - ငါ့ဆီက မင်းတို့ ပြန်ဝယ်လို့ရတယ်
"ဘယ်လိုလဲ။ သူပြောတာ အမှန်ပဲလား"
ဆိုင်ယန်က သူ့အဓိကလက်ထောက်ကို အချက်ပြလိုက်သည်။
"ဟုတ်မယ့်ပုံပါပဲ"
ဆိုင်ယန့်၏ လက်ထောက်က ပြန်ဖြေချေသည်။
"ဒါက စကြဝဠာမဟာမိတ်အဖွဲ့ကို ဝင်ရောက်ထားတဲ့ မျိုးနွယ်စုတိုင်းအတွက် ချမှတ်ထားတဲ့စည်းမျဉ်းပါ။ တကယ်လို့ ကိုယ်ပိုင်ဝယ်ယူသူ မရှိဘူးဆိုရင် အဲ့ဒါက သက်ဆိုင်ရာ စီရင်စုနယ်မြေထဲက မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပါတယ်"
"ကျစ်...ဘယ်လိုလုပ်ပြီး ဒီလိုအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ ရှိနေရတာလဲ"
ဆိုင်ယန်ခမျာ ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။
သို့သော် သူ့တွင် ဖြေရှင်းရမည့် နည်းလမ်းတစ်ခု ရှိနေသေးသည်။
"မစ္စတာကျန်းမုန့်လောင်... အဖြစ်မှန်တွေကို ခဏဖယ်ထားလိုက်မယ်။ ကမ္ဘာမြေကိုဝယ်ဖို့ ခင်ဗျားက ငွေကြေးစိုက်ထုတ်ခဲ့ပေမဲ့ ဒါက လူသားအားလုံးရဲ့ဆန္ဒကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ခင်ဗျားမှာ လူသားတွေကို ကိုယ်စားပြုပြီး ဒီလိုဆုံးဖြတ်ချက်မျိုးချဖို့ အရည်အချင်းမရှိလောက်ဘူး"
"ဖူး"
ကျန်းမုန့်လောင်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
"အဖြစ်မှန်တွေကို လျစ်လျူရှုမယ်ပေါ့။ မင်းက အဖြစ်မှန်တွေကို လျစ်လျူရှုမှတော့ ငါတို့က ဒီမှာ အဓိပ္ပာယ်မရှိတာတွေ ပြောနေရမှာလား။ မင်း ရူးနေလား။ မင်း မဟာဘွဲ့ ရထားတယ်လို့ ကြားတယ်။ ဟုတ်လား။ တရုတ်ပြည်အရှေ့ပိုင်းက ပိုလီတက္ကနစ်တက္ကသိုလ်တစ်ခုခုကနေများ မဟာဘွဲ့ရလာတာလား"
"မစ္စတာကျန်း.. မစ္စတာဆိုင်ယန်ပြောတဲ့စကားက မှန်တယ်လို့ ကျွန်တော်ထင်တယ်။ တကယ်လို့ ခင်ဗျားက ကြီးကျယ်ခမ်းနားတဲ့ တော်ဝင်ပညာရှင်တစ်ယောက် ဖြစ်နေရင်တောင် ခင်ဗျားက ကမ္ဘာမြေရဲ့ သာမန်အဖွဲ့ဝင်တစ်ယောက် ဟွာရှားနိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်သက်သက်ပဲ။ ကမ္ဘာမြေတစ်ခုလုံးကို ခင်ဗျားရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ် ဘယ်လိုလုပ်ပြီး သတ်မှတ်နိုင်မှာလဲ"
"ဟုတ်တယ်။ ဒါက အာဏာရှင်စနစ်ပဲ။ လူသားတွေကို ဆန့်ကျင်နေတာ"
"ခင်ဗျားဘက်က ကမ္ဘာမြေရဲ့ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကမ္ဘာမြေက လူတစ်ယောက်တည်း ပိုင်ဆိုင်ရမယ့်အရာ မဟုတ်ပါဘူး။ လူသားအားလုံး ပိုင်ဆိုင်ရမယ့်အရာပါ"
"ဒီကိစ္စကို ကမ္ဘာ့ဂြိုဟ်ကောင်စီက ချက်ချင်း ကိုင်တွယ်ဖြေရှင်းပြီး ကမ္ဘာမြေရဲ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ မဲခွဲဆုံးဖြတ်ဖို့ ကျွန်တော် အကြံပြုပါတယ်။ လိုအပ်ရင် မဖြစ်မနေလုပ်ဆောင်ရမယ့် အစီအမံတွေကိုပါ လုပ်ဆောင်နိုင်ပါတယ်"
"ဒီအဆိုကို ကျွန်တော်လည်း ထောက်ခံပါတယ်"
"ကျွန်တော်တို့လည်း ထောက်ခံပါတယ်"
ဆန့်ကျင်ပြီး ရန်စလိုသော အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
တကယ်တော့ ဤသည်မှာ နားလည်နိုင်သည်။ အကြောင်းမှာ ဤကိစ္စများ မဖြစ်ခင်ကတည်းက ကမ္ဘာမြေတစ်ခုလုံးသည် လူသားများ ရှင်သန်ရပ်တည်နေသည့် မှီခိုအားထားရာနေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ နယ်မြေအတွက် စစ်ပွဲဖြစ်ခြင်းမှာ မဆန်းသော်ငြား ထိုစစ်ပွဲများမှာ ဒေသတွင်းမှာသာ ဖြစ်ပွားခဲ့ခြင်းပင်။ ကမ္ဘာမြေတစ်ခုလုံးကို မည်သူပိုင်ဆိုင်သင့်သလဲဆိုသည်ကိုမူ မည်သူမှ မစဉ်းစားခဲ့ဖူးပေ။
စဉ်းစားရမည်ဆိုလျှင်ပင် ကမ္ဘာမြေမှာ လူသားအားလုံးနှင့် သက်ဆိုင်သင့်သည်။
ယခုမူ ကျန်းမုန့်လောင်က လူသားများအပါအဝင် ကမ္ဘာဂြိုဟ်တစ်ခုလုံးကို သူ့ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူလိုက်ပြီဟု ဆိုနေချေသည်။ သူတို့အတွက်မူ ဤသည်မှာ သူတို့အားလုံးက ကျန်းမုန့်လောင်၏ နောက်လိုက်အစေခံများ ဖြစ်သွားပြီဟု ဆိုလိုခြင်းပင်။
လွတ်လပ်သော လူတစ်ယောက်အဖြစ်မှ ကျွန်တစ်ယောက်အလား ဖြစ်သွားခြင်းပင်။ သူတို့ထဲရှိ အများစုမှာ ကမ္ဘာမြေပေါ်တွင် ဩဇာလွှမ်းမိုးမှုရှိပြီး ဂုဏ်သတင်းကြီးမားသော အဆင့်မြင့်ပုဂ္ဂိုလ်များပင်။ သူတို့၏ အဆင့်အတန်းက ယခုလို သိသိသာသာပြောင်းလဲသွားခြင်းကို သူတို့ ဘယ်လိုလက်ခံနိုင်မည်နည်း။
"ဒါဆို ငါက ပိုက်ဆံတွေကို အလကား အကုန်ခံလိုက်ရတာပေါ့"
ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။
"စကြဝဠာထဲမှာ ပိုင်ရှင်မဲ့ဂြိုဟ်တစ်လုံး ဘာဖြစ်သွားတတ်လဲဆိုတာ မင်းတို့ သိရောသိကြလား"
"ကမ္ဘာမြေက အဆင့်နှစ်မျိုးနွယ်စုရဲ့ လက်အောက်ခံဂြိုဟ်တစ်လုံး ဖြစ်သွားလိမ့်မယ်။ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရပြီး နှစ်တိုင်း စည်းစိမ်ဥစ္စာရဲ့ ရာခိုင်နှုန်းသတ်မှတ်ချက်တစ်ခုကို ပေးသွင်းနေရမှာ။ ဒါက မင်းတို့ မြင်ချင်တဲ့ အရာလား"
ကျန်းမုန့်လောင်၏ လေသံကား အလွန်တည်ငြိမ်နေသည်။
"ကျုပ်တို့က ကမ္ဘာမြေကို ဝယ်သင့်လား မဝယ်သင့်ဘူးလားဆိုတာကို ဆွေးနွေးနေတာ မဟုတ်ဘူး"
ဆိုင်ယန်က ပြောလိုက်လေသည်။
"တကယ်လို့ ခင်ဗျားပြောတာသာ အမှန်ဆိုရင် ကမ္ဘာမြေလွတ်လပ်ရေးရအောင် ကူညီပေးတဲ့အတွက် လူသားတွေက ခင်ဗျားကို ကျေးဇူးတင်ကြမှာပါ"
"သေချာတာပေါ့။ ခင်ဗျားရဲ့ ပါဝင်ကူညီမှုကို ကျွန်တော်တို့ မငြင်းပါဘူး"
"ဒါက ဘာသဘောလဲ"
"ကျွန်တော်တို့ပြောချင်တာက ကမ္ဘာမြေရဲ့ ပိုင်ဆိုင်မှုဟာ တစ်ဦးတစ်ယောက်တည်းနဲ့ မသက်ဆိုင်ဘဲ အားလုံးနဲ့ သက်ဆိုင်သင့်တယ်ဆိုတာပါ"
ဆိုင်ယန်က ထပ်လောင်းပြောကြားလိုက်သည်။
"ခင်ဗျားက ကမ္ဘာမြေကို ဝယ်ခဲ့တယ်ဆိုရင်လည်း ကောင်းပါပြီ။ ကမ္ဘာ့ဂြိုဟ်ကောင်စီ ကိုယ်စား ခင်ဗျားဆီကနေ ကမ္ဘာမြေရဲ့ ပိုင်ဆိုင်မှုကို ကျွန်တော်တို့ ပြန်ဝယ်နိုင်ပါတယ်။ ဒီလောက်ဆိုရင် ကျိုးကြောင်းဆီလျော်မယ်လို့ ထင်ပါတယ်။ ဟုတ်တယ်မလား"
"သြော်... အဲ့ဒါလည်း အဆင်ပြေပါတယ်"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"မင်းတို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံက တော်တော် မှန်ကန်သားပဲ။ ဒါဆိုရင် ဒီငွေကို လူသားတွေအတွက် ငါက ကြိုတင်စိုက်ထုတ်ပေးခဲ့တယ်လို့ သတ်မှတ်လိုက်လို့ရပါတယ်။ မင်းတို့ဘက်က ငွေပေးပြီး ကမ္ဘာမြေကို ငါ့ဆီကနေ ပြန်ဝယ်လို့ရတယ်။ ငါ အတိုးတစ်ပြားမှ မယူပါဘူး"
"မစ္စတာကျန်းက လူသားတွေကြားက အထက်တန်းစားတစ်ယောက်ပါပဲ"
"ဟုတ်တယ်။ ခင်ဗျားရဲ့ ထိုးထွင်းသိမြင်နိုင်တဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ လေးစားမိပါတယ်။ ခင်ဗျားရဲ့ အောင်မြင်မှုတွေကိုလည်း လူသားအားလုံးကို သေချာပေါက် အသိပေးသွားမှာပါ"
ကပ်ဖားနေသော ချီးကျူးသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ကျန်းမုန့်လောင်ထံမှ ကမ္ဘာမြေ၏ ပိုင်ဆိုင်မှုကို သူတို့ ပြန်လည်ရယူနိုင်သရွေ့တော့ ကမ္ဘာမြေသည် လူသားအားလုံးနှင့် ကမ္ဘာ့ဂြိုဟ်ကောင်စီနှင့် သက်ဆိုင်သွားလျှင်ပင် အာဏာကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စစ်မှန်သော အာဏာကို ချုပ်ကိုင်ခြင်းတို့မှာ သူတို့ကျွမ်းကျင်သော အရာများပင်။
"ကဲ ပိုက်ဆံပေးတော့လေ"
ကျန်းမုန့်လောင်က လက်ဖြန့်လိုက်သည်။
"စကြဝဠာဒင်္ဂါးတစ်သောင်းနော်။ တရားမျှတပြီး ရိုးသားပါတယ်။ ကမ္ဘာမြေရဲ့ဈေးနှုန်းကို ခင်ဗျားတို့ စနစ်ပေါ်မှာ စစ်ဆေးကြည့်လို့ရတယ်။ ငွေပြန်ရတာနဲ့ ကမ္ဘာမြေရဲ့ပိုင်ဆိုင်မှုကို ကမ္ဘာ့ဂြိုဟ်ကောင်စီဆီ ချက်ချင်းလွှဲပြောင်းပေးမယ်"
"စကြဝဠာဒင်္ဂါးလား။ အဲဒါက ဘာလဲ"
"အဲ့ဒါက စကြဝဠာထဲက အများသုံးငွေကြေးပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ အဲဒီမှာ ငါတို့ကမ္ဘာမြေရဲ့ ငွေကြေးတွေကို သုံးလို့မရဘူးလေ"
"ဒီငွေကြေးနဲ့ ငါတို့ကမ္ဘာမြေရဲ့ ငွေကြေးတွေကြားက ငွေလဲနှုန်းက ဘယ်လောက်ရှိလဲ။ အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ယူရိုနဲ့ဆိုရင် ဘယ်လောက်ပေးရမှာလဲ"
"အရမ်းလည်း မများလောက်ပါဘူး။ သူ ကမ္ဘာမြေက ထွက်သွားတာ နှစ်နည်းနည်းပဲကြာတယ်။ သူတစ်ယောက်တည်း ကမ္ဘာမြေကို ဝယ်နိုင်တယ်ဆိုရင် ဒီစကြဝဠာဒင်္ဂါးတွေက အဲ့ဒီလောက်ကြီး တန်ဖိုးမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့"
"သဘာဝကျတယ်"
...
"သြော် စကားမစပ်... ခင်ဗျားတို့ သိပ်နားလည်မှာမဟုတ်ဘူး။ ကျုပ် မိတ်ဆက်ပေးမယ်။ ကမ္ဘာမြေက အဆင့်တစ်မျိုးနွယ်စုပဲ။ ကျုပ်တို့အထက်က အမြင့်ဆုံးမျိုးနွယ်စုက အမြွှာဝေလငါးအာကာသအင်ပါယာလို့ခေါ်တဲ့ အဆင့်ငါးမျိုးနွယ်စုပဲ။ ကြီးမားတဲ့ မျိုးနွယ်စုအဆင့်တစ်ခုစီကြားက ငွေကြေးလဲလှယ်နှုန်းက အဆတစ်သောင်းကွာတယ်"
"ဪ ပြီးတော့ ကျုပ်တို့အမြွှာဝေလငါးအာကာသအင်ပါယာရဲ့ ငွေကြေးနဲ့ စကြဝဠာဒင်္ဂါးကြားက ငွေလဲနှုန်းက အကြမ်းဖျင်းအားဖြင့်တော့ တစ်ဆယ်အချိုးတစ် ရှိတယ်"
"အဆတစ်သောင်းတဲ့လား"
ချက်ချင်းပင် တစ်စုံတစ်ယောက်က စိတ်ထဲမှ တွက်ချက်လိုက်သည်။
စကြဝဠာဒင်္ဂါးတစ်ပြားသည် အဆင့်ငါးမျိုးနွယ်စု၏ငွေကြေး ဆယ်ပြား၊ အဆင့်လေးမျိုးနွယ်စု၏ ငွေကြေးတစ်သောင်း၊ အဆင့်သုံးမျိုးနွယ်စု၏ငွေကြေး တစ်ဘီလီယံ၊ အဆင့်နှစ်မျိုးနွယ်စု၏ငွေကြေး တစ်ဆယ်ထရီလီယံနှင့် အဆင့်တစ်မျိုးနွယ်စု၏ငွေကြေး တစ်ဆယ်ကွာဒရီလီယံတို့နှင့် ညီမျှသည်။
တစ်နည်းဆိုရလျှင် ကမ္ဘာမြေ၏ အများသုံးငွေကြေး တစ်ဆယ်ကွာဒရီလီယံကို စကြဝဠာဒင်္ဂါးတစ်ပြားနှင့် လဲလှယ်ရပေမည်။ ဆိုလိုသည်မှာ စကြဝဠာဒင်္ဂါးတစ်သောင်းလျှင် ကမ္ဘာမြေ၏ အများသုံးငွေကြေး တစ်ရာကွာဒရီလီယံ လိုအပ်မည်ဖြစ်၏။
စဉ်းစားကြည့်လျှင် ဤသည်မှာ အံ့သြတုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခုပင်။ အတွင်ကျယ်ဆုံး အသုံးပြုသည့် ငွေကြေးမှာ အမေရိကန်ဒေါ်လာ ဖြစ်သော်ငြား အမေရိကန်ဒေါ်လာတစ်ရာကွာဒရီလီယံကို မည်သူကများ ထုတ်ပေးနိုင်မည်နည်း။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး ပိုင်ဆိုင်မှုများကို အကုန်ထုတ်ရောင်းလျှင်ပင် အမေရိကန်ဒေါ်လာ တစ်ရာကွာဒရီလီယံပြည့်အောင် စုဆောင်းနိုင်ပါမည်လော။
"မစ္စတာကျန်း...လက်ရှိ ကမ္ဘာမြေရဲ့ အများသုံးငွေကြေးက ဘာများလဲ"
ကမ္ဘာမြေပေါ်ရှိ မည်သည့်ငွေကြေးမဆို အဆင်ပြေမည်ဟု မျှော်လင့်ရင်း တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။ တစ်ရာကွာဒရီလီယံတန်ငွေစက္ကူကို ထုတ်ဝေခဲ့ဖူးသော သမိုင်းကြောင်းရှိထားသည့် ဇင်ဘာဘွေနိုင်ငံ၏ ဇင်ဘာဘွေဒေါ်လာတစ်ရာကွာဒရီလီယံကို စုဆောင်းရန်မှာမူ မဖြစ်နိုင်သော ကိစ္စတော့ မဟုတ်ပေ။
"ဟွာရှားငွေပဲပေါ့"
ကျန်းမုန့်လောင်သည် ဟွာရှားငွေကြေး၏ တန်ဖိုးကို အမြွှာဝေလငါးအာကာသအင်ပါယာ၏ အများသုံးငွေကြေးနှင့် လဲလှယ်နှုန်း ကိုက်ညီစေရန် အိုတစ်ကို ချိန်ညှိခိုင်းထားကြောင်း သူတို့ကို မပြောပြဘဲ ပြန်ဖြေလိုက်သည်။
"မြန်မြန်လုပ်။ ပိုက်ဆံပေးတော့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် ခင်ဗျားတို့ရဲ့ အသေးအဖွဲပြဿနာတွေကြောင့် ကျုပ် တော်တော်ပင်ပန်းနေပြီ။ မြန်မြန်ပေးတော့။ ကမ္ဘာမြေရဲ့ ပိုင်ဆိုင်မှုကို ကျုပ် ခင်ဗျားတို့ဆီ လွှဲပြောင်းပေးမယ်။ ကျုပ်က သိပ်ဂရုစိုက်နေတယ်များ ထင်နေတာလား"
"စကြဝဠာဒင်္ဂါးတစ်သောင်း..."
သင့်တင့်မျှတဟန်တူသော စကြဝဠာဒင်္ဂါးတစ်သောင်းဟူသည့် ဤပမာဏမှာ အမှန်တကယ်တွင်မူ ဤမျှများပြားသော စည်းစိမ်ဥစ္စာကို ကိုယ်စားပြုလိမ့်မည်ဟု မည်သူမှမမျှော်လင့်ထားပေ။
"မစ္စတာကျန်း... ကျွန်တော်တို့ သိထားသလောက်ဆိုရင် ခင်ဗျား ကမ္ဘာမြေကထွက်သွားတာ နှစ်နည်းနည်းပဲ ကြာတယ်။ စကြဝဠာဒင်္ဂါးတစ်သောင်းကို ခင်ဗျား ဘယ်လိုလုပ်ပြီး ရှာနိုင်ခဲ့တာလဲ"
တစ်စုံတစ်ယောက်က မေးလိုက်လေသည်။
ကျန်းမုန့်လောင် ချမ်းသာကြောင်း လူတိုင်းသိထားသော်လည်း အလွန်အမင်းချမ်းသာလျှင်ပင် အမေရိကန်ဒေါ်လာသန်းရာဂဏန်းခန့်သာ။ စကြဝဠာဒင်္ဂါးတစ်သောင်းနှင့်တော့ အလှမ်းဝေးနေဆဲပင်။
"ကျုပ်က ခင်ဗျားတို့ကို ဘာလို့ ပြောပြရမှာလဲ"
ကျန်းမုန့်လောင်က စကားပြောလိုက်သည်နှင့် လူအများကို ဒေါသထွက်စေသည်။
"ပိုက်ဆံဘယ်လိုရှာရမယ်ဆိုတာကိုသာ ပြောပြလိုက်ရင် ကျုပ်က အချမ်းသာဆုံးလူ ဖြစ်တော့မှာ မဟုတ်ဘူး။ ကျုပ်ရူးနေတာမဟုတ်ရင် ခင်ဗျားတို့တွေ ရူးနေတာပဲ"
"မင်း..."
"မင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။ အခု ခင်ဗျားတို့ ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ နားလည်ရဲ့လား။ ကမ္ဘာမြေရဲ့ပိုင်ရှင်နဲ့ စကားပြောနေတာနော်။ စကားပြောတဲ့အခါ လေးစားမှုနဲ့ နှိမ့်ချတဲ့သဘောထားကို လက်ကိုင်ထားပြီး 'ခင်ဗျား'လို့ သုံးနှုန်းပေးပါ"
ကျန်းမုန့်လောင်က မြင့်မြတ်ထည်ဝါသော ပုံစံဖြင့် ပြောလိုက်လေသည်။
"အမှန်အတိုင်းပြောရရင် ခင်ဗျားတို့ ဝယ်နိုင်ပါ့မလား"
ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့ပြောလိုက်ချေသည်။
"စကြဝဠာဒင်္ဂါးတစ်သောင်းတောင် မထုတ်နိုင်ဘဲနဲ့ ကျုပ်ကို အဓိပ္ပာယ်မရှိတာတွေ လာပြောနေသေးတယ်။ ငမွဲကောင်တွေ"
**********************