← Chapters

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း ၉၂၅ - ငါက အာဏာရှင်ပဲ။ ဘာဖြစ်ချင်လဲ။

ဤစကားစစ်ထိုးပွဲမှာ ကျန်းမုန့်လောင်ဘက်က ပြီးပြည့်စုံသော အောင်ပွဲဖြင့် ပြီးဆုံးလုနီးပါး ဖြစ်သွားလေသည်။

ငါ ကမ္ဘာမြေကို ဝယ်လိုက်တာ မသင့်တော်ဘူးလို့ မင်းတို့ထင်နေတာလား။ ရတယ်လေ။ ပြဿနာမရှိပါဘူး။ မင်းတို့ကို ပြန်ရောင်းပေးလိုက်မယ်လေ။ ပိုက်ဆံသာထုတ်ပေး။ အခုချက်ချင်း ရောင်းပေးမယ်။ ငါက ကမ္ဘာမြေရဲ့ပိုင်ရှင်ရာထူးကိုလည်း စိတ်မဝင်စားဘူး...

ဒါပေမဲ့ မင်းတို့က စကြဝဠာဒင်္ဂါးပြားတစ်ပြားလေးတောင် ထုတ်မပေးနိုင်ဘဲနဲ့ အချောင်လိုချင်နေတယ်ပေါ့။ အလကားရချင်နေတာလား။ အဲဒါတော့ မင်းတို့မှားသွားပြီ။ ကျန်းမုန့်လောင်ကလွဲရင် ဘယ်သူ့ဆီမှာမှ ပိုက်ဆံက အပင်ကပေါက်လာတာ မဟုတ်ဘူး...

ကိုယ်ကျင့်တရားနှင့် အကျပ်ကိုင်မည်ဆိုလျှင်ရော။ ကျန်းမုန့်လောင်တွင် ဘာကိုယ်ကျင့်တရားမှ မရှိပေ။ မည်သူကများ သူ့ကို ကိုယ်ကျင့်တရားနှင့် အကျပ်ကိုင်နိုင်မည်နည်း။

"မစ္စတာကျန်း... ခင်ဗျားက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးစီးပွားကို ဥပေက္ခာပြုနေတာပဲ"

ဆိုင်ယန်၏ နှုတ်ခမ်းများမှာ အချိန်အတော်ကြာအောင် တုန်ယင်နေပြီးနောက် အဆုံးတွင်မူ ကျန်းမုန့်လောင်အပေါ် နောက်ထပ်စွပ်စွဲချက်တစ်ခုဖြင့် ပုံချလိုက်တော့သည်။

"သြော်... ဟုတ်လား။ ဟားဟားဟား"

ကျန်းမုန့်လောင်က ဒေါသမထွက်ဘဲ ရယ်မောလိုက်၏။

"ခင်ဗျားက ဒီလိုပြောလာမှတော့ ကျုပ်လည်း ကောင်းကောင်းပြောပြရသေးတာပေါ့"

"ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ အာကာသစစ်တပ်အကြောင်း အရင်ပြောရအောင်။ ငွေကြေးအများကြီး အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ အဲဒီရွေ့လျားအမှိုက်ပုံကြီးတွေက တိုက်ခိုက်ရေးအတွက်တောင်မဟုတ်တဲ့ စူးစမ်းရှာဖွေရေးအာကာသယာဉ်တစ်စင်းကြောင့် ပျက်စီးသွားရတယ်။ အစင်းနှစ်ရာနဲ့ တစ်စင်းချတာတောင် တစ်ဖက်က အမွေးတစ်ပင်လေးတောင် မကျွတ်ဘူးလေ။ ခင်ဗျားတို့ မရှက်ကြဘူးလား"

"အဲဒီအာကာသယာဉ်ကို ဖျက်ဆီးပြီး ဒူရန်ဒို မျိုးနွယ်စုက ကျူးကျော်သူတွေအကုန်လုံးကို ဖမ်းဆီးခဲ့တာ ဘယ်သူလဲ။ ကျုပ် ကျန်းမုန့်လောင် မဟုတ်ဘူးလား"

...

"ပြီးတော့ အန်တီလာမျိုးနွယ်စုကိစ္စကရော။ သူတို့က ကျုပ်တို့လူသားတွေထက် နှစ်သန်းပေါင်းရာနဲ့ချီပြီး ခေတ်ရှေ့ပြေးနေတဲ့ အဆင့်သုံးအဆင့်မြင့် မျိုးနွယ်စုတစ်ခုလေ။ ကျုပ်ယူလာခဲ့တဲ့ အာကာသယာဉ်သာမရှိရင် အခုအချိန် ကျုပ်တို့က သူတို့ကို ကျွန်ပြုနေမလား။ ဒါမှမဟုတ် သူတို့က ကျုပ်တို့ကို ကျွန်ပြုနေမလားဆိုတာ စဉ်းစားကြည့်ကြစမ်းပါ"

လူတိုင်း တိတ်ဆိတ်သွားကြသည်။ ဒူရန်ဒိုကဲ့သို့သော အဆင့်နှစ်မျိုးနွယ်စုမှ ကင်းထောက်အာကာသယာဉ်ကိုပင် သူတို့ မယှဉ်နိုင်ခဲ့ပေ။ တကယ်တော့ တစ်ဖက်က အဆင့်သုံးအမြင့်ဆုံးမျိုးနွယ်စုတစ်ခု၏ စံသတ်မှတ်ချက်ဝင် တိုက်ခိုက်ရေးအာကာသယာဉ်ဖြစ်လေရာ တိုက်ခိုက်ရေးခွန်အားကွာဟချက်မှာ အလွန်ကြီးမားလှသည်။

ကျန်းမုန့်လောင်ခေါ်လာသည့် ယာဉ်တန်းသာ မရှိလျှင် ကမ္ဘာသူကမ္ဘာသားများအနေနှင့် လက်နက်ချအညံ့ခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။

...

"တတိယအချက်အနေနဲ့ ကျုပ်တို့ဆီကို လာလည်ကြတဲ့ အာကာသမျိုးနွယ်စုတွေက တကယ်ပဲ ရင်းနှီးဖော်ရွေမှုရှိတယ်လို့ ခင်ဗျားတို့ထင်နေကြတာလား။ စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ကုန်သွယ်ရေးဈေးကွက်ကို ဖွင့်ပြီး ကျုပ် ဘယ်လိုအာကာသယာဉ်မျိုးကို ဝယ်ခဲ့လဲဆိုတာကို သွားကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်နော်"

"နည်းပညာရှင်"

ဆိုင်ယန်က နည်းပညာရှင်တစ်ယောက်ကို ချက်ချင်း အချက်ပြလိုက်သည်။

ကွန်ရက်ချိတ်ဆက်မိသွားသည်နှင့် သူတို့သည် စကြဝဠာမျိုးနွယ်စုများ၏ ဝက်ဘ်ဆိုက်အများစုကို ဝင်ရောက်ကြည့်ရှုနိုင်သွားသည်။ စနစ်ထဲသို့ ဝင်ရောက်သွားချိန်ဝယ် ထိုအရာ၏ စွမ်းအားနှင့် စကြဝဠာကုန်သွယ်ရေးဈေးကွက်၏ ကျယ်ပြန့်မှုကြောင့် အံ့သြမှင်တက်သွားချေသည်။

ထို့နောက် ကျန်းမုန့်လောင် ယူလာခဲ့သော အာကာသလှည့်လည်သူ၏ ဓာတ်ပုံများကို ရှာဖွေကြည့်ရန် တင်လိုက်လေရာ ကြီးမားကျယ်ပြန့်လှသော ဒေတာဘေ့စ်ထဲတွင် ဤအာကာသယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို တကယ်ရှာတွေ့ခဲ့သည်။

အာကာသလှည့်လည်သူ

အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု၏ အာကာသယာဉ်

အခြေခံစံနှုန်းတန်ဖိုး : စကြဝဠာဒင်္ဂါးကြယ်၂၀

မရင်းနှီးသော နောက်ထပ်ဈေးနှုန်းယူနစ်တစ်ခုက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။

နည်းပညာရှင်က ဤယူနစ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်လေရာ ထွက်ပေါ်လာသော ရလဒ်ကြောင့် ပါးစပ်အဟောင်းသားဖြင့် အံ့သြသွားရလေသည်။

"ကြယ်တစ်ပွင့်ဆိုတာ အခြေခံအဆင့်ငါးမျိုးနွယ်စုတစ်ခုရဲ့ စုစုပေါင်းပိုင်ဆိုင်မှုနဲ့ ညီမျှပြီး စကြဝဠာသုံးဒင်္ဂါးတစ်ရာထရီလီယံခန့် ရှိပါတယ်"

သူ့လက်များမှာ ထိန်းမရလောက်အောင် တုန်ယင်နေချေသည်။

လူသားများအနေနှင့် သူတို့ရှိသမျှ အကုန်ပုံအောလိုက်လျှင်ပင် ကမ္ဘာမြေတစ်လုံးကို ဝယ်နိုင်မည် မဟုတ်ချေ။ သို့သော် ဤအာကာသယာဉ်တစ်စင်းက အဆင့်ငါးမျိုးနွယ်စုအခုနှစ်ဆယ်ရဲ့ ပိုင်ဆိုင်မှုနှင့် ညီမျှပြီး ကမ္ဘာမြေပေါင်း နှစ်ရာဘီလီယံနီးပါးပင် ဝယ်ယူနိုင်သည့် ပမာဏဖြစ်နေပေသည်။

သူသာ အမှတ်မမှားပါက ဤတစ်ခေါက် ကျန်းမုန့်လောင်သည် စကြဝဠာမျိုးနွယ်စုဆီက ဤကဲ့သို့သော စံသတ်မှတ်ချက်ဝင် အာကာသယာဉ်ပေါင်းနှစ်သောင်းကို ယူလာခဲ့သည်မဟုတ်လော။

ဤနည်းပညာရှင်လည်း အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားတော့သည်။

သူတို့၏ ဗဟုသုတမှာ အလွန်နည်းပါးလွန်းလှသဖြင့် သူတို့မျက်စိရှေ့ရှိ အာကာသအတွင်း အမြောက်အများ ထုတ်လုပ်ထားသော စျေးအကြီးဆုံးနှင့် အစွမ်းအထက်ဆုံး အာကာသယာဉ်ကိုပင် မသိကြပေ။

ထိုကဲ့သို့သော စစ်သင်္ဘောမျိုးဖြင့်ဆိုလျှင် သူတို့၏ ကမ္ဘာ့မျိုးနွယ်စုသည် အလွန်အစွမ်းထက်သော အဆင့်ငါးမျိုးနွယ်စုတစ်ခုကိုပင် အသာလေး အပြတ်အသတ်ချေမှုန်းပစ်နိုင်ပေသည်။

အဆင့်ငါးမျိုးနွယ်စုဆိုသည်မှာ ဘယ်လိုမျိုးနွယ်စုမျိုးလဲ။ လက်ရှိအချိန်တွင် သူတို့မှာ ရှင်းလင်းသော သဘောတရားမရှိသေးသော်လည်း မျှော်လင့်ချက်မဲ့လောက်အောင် အစွမ်းထက်ပြီး အနိုင်ယူရန်မဖြစ်နိုင်သည့် ဒူရန်ဒိုမျိုးနွယ်စုကပင် အဆင့်နှစ်မျိုးနွယ်စုမျှသာ ဖြစ်ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း သိထားကြသည်။

ယနေ့ခေတ် ကမ္ဘာမြေအတွက်ဆိုလျှင် အဆင့်ငါးမျိုးနွယ်စုတစ်ခုက နတ်ဘုရားတစ်ပါးကဲ့သို့သော ဖြစ်တည်မှုမျိုး ဖြစ်လောက်မည် မဟုတ်လော။

ကျန်းမုန့်လောင်၏ အာကာသယာဉ်တစ်စီးက နတ်ဘုရားအလား မျိုးနွယ်စုပေါင်းနှစ်ဆယ်ကိုပင် ဝယ်ယူနိုင်သည်ဆိုလျှင် ဤစစ်သင်္ဘောမှာ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။

ဘာကို ရင်းနှီးဖော်ရွေတာလဲ။ အလကားပေါက်ကရတွေ။

ထိုမျိုးနွယ်စုပေါင်းတစ်သိန်းက ဤသတင်းကြားသောကြောင့် ကမ္ဘာမြေကို လာရောက်ကိုးကွယ်ကြခြင်းပင်။

"သူ့မှာ ဘာလို့ ဒီလောက်တောင် ပိုက်ဆံတွေ အများကြီးရှိနေရတာလဲ"

ကျန်းမုန့်လောင်၏ မိသားစုသည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းငါးထောင်ကျော်ကြာအောင် တည်ရှိခဲ့သည်။ နှစ်ပေါင်းငါးထောင်ကျော် တိုးတက်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံထက်ပင် ပိုမိုများပြားသော စည်းစိမ်များကို စုဆောင်းနိုင်ခဲ့သည်ဟူသော အချက်မှာ အဓိပ္ပါယ်မရှိဘူးဟု ထင်ရသော်လည်း ဖြေရှင်း၍ရနိုင်သေးသည်။

သို့သော် ယခုမူ သူသည် ကမ္ဘာမြေအနေနှင့် နှစ်ပေါင်းဘီလီယံချီ၍ အချိန်ယူလျှင်ပင် မတတ်နိုင်သော အရာတစ်ခုကို ဝယ်လိုက်ခြင်းမှာမူ သာမန်အသိတရားနှင့် ရှင်းပြ၍ ရနိုင်ဦးမည်လော။

ကမ္ဘာမြေ၏ပိုင်ရှင် ဖြစ်မည့်အရေးကို ဂရုမစိုက်ဘူးဟု အစောက ပြောလိုက်စဉ်ဝယ် ကျန်းမုန့်လောင် ကြွားလုံးထုတ်နေသည်ဟု သူတို့ အစက ထင်ခဲ့မိသည်။

သို့သော် သူတို့ ယခု ပြန်စဉ်းစားကြည့်လိုက်ချိန်တွင်မူ ကြွားလုံးထုတ်စရာ ဘာများရှိနေလေသလဲ။ သူ့စစ်သင်္ဘောတစ်စီးတည်းကပင် ကမ္ဘာမြေပေါင်း ဘီလီယံနှင့်ချီပြီး ဝယ်နိုင်နေသည်မဟုတ်လော။ ကမ္ဘာမြေ၏ပိုင်ရှင်ဟူသော ဂုဏ်ပုဒ်က အရေးမပါချေ။

နည်းပညာရှင်ခမျာ ဆိုင်ယန်၏နားနားသို့ ကပ်သွားလိုက်၏။ ဆိုင်ယန်၏ မျက်နှာအမူအရာမှာ တုန်လှုပ်ရာမှ ကြောက်ရွံ့သွားပြီး အဆုံးတွင် တွေဝေမိန်းမောသွားလေတော့သည်။

"ဒါပေါ့"

ကျန်းမုန့်လောင်က စကားဆိုလိုက်ပြန်သည်။

"ကျိုးကြောင်းဆီလျော်တဲ့ လူတစ်ယောက်အနေနဲ့ အားလုံးက ဒီကိစ္စကို တကယ်မသင့်တော်ဘူးလို့ ထင်တယ်ဆိုရင် ငါ ကမ္ဘာမြေကို စကြဝဠာမဟာမိတ်အဖွဲ့ဆီ ပြန်ပေးလိုက်မယ်လေ။ ပြီးရင် ငါတို့ဟွာရှား လူမျိုးတွေကိုခေါ်ပြီး ကြိုက်တဲ့ဂြိုဟ်တစ်လုံးကို ဝယ်ပြီး သွားအခြေချလိုက်မယ်။ မင်းတို့ဘာသာမင်းတို့ ကြိုက်သလိုသာ လုပ်ကြပေတော့"

"မလုပ်ပါနဲ့။ လုံးဝမလုပ်ပါနဲ့"

ကျန်းမုန့်လောင်၏ စကားကို ကြားသောအခါ ဆိုင်ယန်လည်း ထိတ်လန့်သွားလေတော့သည်။

ကျန်းမုန့်လောင်အနေနှင့် ဟွာရှားလူမျိုးများကို ကမ္ဘာမြေမှ ခေါ်ထုတ်ရန်မှာ သူ့အတွက်တော့ ခက်ခဲလှသော အလုပ်တစ်ခုမဟုတ်ပေ။ သူသည် ကမ္ဘာမြေထက် ပိုကြီးကာ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုလှပသော ဂြိုဟ်တစ်လုံးကိုပင် ဝယ်ယူနိုင်သေးသည်။

သို့သော် ကမ္ဘာမြေကရော ဘယ်လိုလုပ်မလဲ။ ကျန်းမုန့်လောင်၏ ကာကွယ်မှုသာ မရှိတော့ပါက ကမ္ဘာမြေသည် သာမန်အဆင့်တစ်မျိုးနွယ်စုဘဝသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

ယခုအခါ ကမ္ဘာမြေသည် စကြဝဠာမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ထားပြီးဖြစ်၍ အခြားမျိုးနွယ်စုများက ဗြောင်ကျကျကျူးကျော်ရန် မဝံ့ရဲကြလျှင်ပင် ထိုကဲ့သို့သော အသေးအဖွဲ အနှောင့်အယှက်များနှင့် အနိုင်ကျင့်ခြင်းများက သူတို့အပေါ် မလွဲမသွေ ကျရောက်လာမည်မှာ သေချာသည်။ ထိုအရာများကို ခုခံရန် သူတို့က ဘာကို အားကိုးရမည်နည်း။

ပါးစပ်နဲ့ပဲ ဖြေရှင်းကြမှာလား။

"ကမ္ဘာမြေအတွက် ဒီလောက်အများကြီး လုပ်ပေးခဲ့တာတောင် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးစီးပွားကို ဥပေက္ခာပြုတယ်ဆိုပြီး ခင်ဗျားတို့က ကျုပ်ကို မျက်နှာပြောင်တိုက် စွပ်စွဲရဲတယ်ပေါ့လေ။ ခွေးတစ်ကောင်ကို အစာကျွေးရင်တောင် အနည်းဆုံး ကျုပ်ကို အမြီးလေးတော့ လာနှံ့ပြသေးတယ်။ ကျေးဇူးကန်းတဲ့လူတွေ... ခင်ဗျားတို့ လိပ်ပြာလုံရဲ့လား"

"ဪ... ဟုတ်သားပဲ။ သေချာတာပေါ့။ ခင်ဗျားတို့မှာ အသိတရားမှမရှိတာ။ ဆောရီး။ ခင်ဗျားတို့ကို ခွေးနဲ့ မနှိုင်းသင့်ဘူး။ ခွေးကို ကျုပ်တောင်းပန်သင့်တယ်"

ကျန်းမုန့်လောင်၏ စကားများမှာ သူတို့၏ မျက်နှာများကို ခပ်ဆတ်ဆတ် ဖြတ်ရိုက်လိုက်သလိုပင်။ ကျန်းမုန့်လောင် ပြောခဲ့သည်မှာ အမှန်တရားများဖြစ်ကြောင်း သူတို့ ဝန်ခံရပေမည်။ ယခုအချိန်တွင် အစည်းအဝေးတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

"ကောင်းပြီလေ။ ခင်ဗျားတို့နဲ့ ဆက်ငြင်းခုံဖို့ ကျုပ်မှာ အချိန်မရှိဘူး။ ကမ္ဘာမြေရဲ့ပိုင်ရှင်ဆိုတဲ့ ကျုပ်ရဲ့ရာထူးကို ခင်ဗျားတို့ အသိအမှတ်ပြုတယ်ဆိုရင် ဒီကနေ့ကစပြီး အရာအားလုံးကို ကျုပ်ကပဲ အာဏာရှင်ဆန်ဆန် ဆုံးဖြတ်မယ်။ ခင်ဗျားတို့ရဲ့ နိုင်ငံရေးသမား ဉာဏ်နီဉာဏ်နက်တွေကို သိမ်းထားလိုက်တော့။ လူသားမျိုးနွယ်တွေအနေနဲ့ အသိုက်အဝန်းတစ်ခု တည်ဆောက်ချင်ရင် အကွက်တွေ လာမရွှေ့နဲ့"

"ဘယ်သူ ကန့်ကွက်ချင်သေးလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကန့်ကွက်ချင်တဲ့လူတွေက အလုပ်ကြမ်းနဲ့ အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို သွားဖို့လိုလိမ့်မယ်။ အခုလောလောဆယ် ကျုပ်တို့ရဲ့ ဒိုင်ဆင်စက်လုံးဆောက်လုပ်ရေးအစီအစဉ်အတွက် လုပ်သားအင်အား တော်တော်လိုအပ်နေတာ"

ခြိမ်းခြောက်နေတာပဲ။ ဗြောင်ကျကျခြိမ်းခြောက်လိုက်တာပဲ။

သို့သော် "ငါ မင်းတို့ကို ခြိမ်းခြောက်နေတာ။ ဘာလုပ်ချင်လဲ"ဟူသော ကျန်းမုန့်လောင်၏ သဘောထားကြောင့် သူတို့ခမျာ ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ပေ။

တစ်စုံတစ်ယောက်က ပြောဖူးသည်။ နိုင်ငံတော်ယန္တရား၏ ရှေ့မှောက်တွင် လူပုဂ္ဂိုလ်တိုင်းမှာ စက္ကူကျားများသာဟုပင်။

ယခုမူ သူတို့ ဤလူကို ထုထောင်းပစ်ချင်နေကြလေပြီ။ စနစ်တစ်ခုလုံးကို ဟက်ထားသည့် လူတစ်ယောက်နှင့် ဘယ်လိုယုတ္တိမျိုးဖြင့် သွားငြင်းခုံ၍ ရနိုင်တော့မည်နည်း။

"ဘယ်သူမှ ကန့်ကွက်စရာမရှိဘူးထင်တယ်"

ကျန်းမုန့်လောင်က ကျေနပ်အားရလေဟန် အပြုံးတစ်ပွင့်ကို ပြသလိုက်သည်။

"ဒီနေ့ကစပြီး ဒီသောက်ကျိုးနည်းကမ္ဘာ့ဂြိုဟ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီ။ ကမ္ဘာ့မျိုးနွယ်စုအုပ်ချုပ်ရေးစင်တာကို တည်ထောင်လိုက်မယ်။ ပြီးတော့ တခြားမျိုးနွယ်စုတွေနဲ့ သံတမန်ရေးရာလှုပ်ရှားမှုတွေမှာ ဟွာရှားနိုင်ငံက ကျုပ်တို့ကို ကိုယ်စားပြုလိမ့်မယ်"

"ဒါက အာဏာရှင်စနစ်ပဲ"

ဆိုင်ယန်က အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။

"ဟုတ်တယ်။ ကျုပ်က အာဏာရှင်ပဲ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။

"အဲဒီတော့ ဘာဖြစ်လဲ။ ခင်ဗျားတို့ မကျေနပ်ရင် လာကိုက်လိုက်လေ"

**********************

အခန်း ၉၂၆ - ခင်ဗျားတို့ရဲ့ အကြံအစည်တွေကို ရုပ်သိမ်းလိုက်တော့

"ကမ္ဘာ့ဂြိုဟ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ကမ္ဘာ့မျိုးနွယ်စုအုပ်ချုပ်ရေးဗဟိုဌာနကို တရားဝင် တည်ထောင်လိုက်ပါပြီ။ ဒီအဖွဲ့အစည်းဟာ ကမ္ဘာမြေနဲ့ အခြားစကြာဝဠာမျိုးနွယ်စုတွေအကြား ယဉ်ကျေးမှုနဲ့ စီးပွားရေး ဖလှယ်မှုတွေအတွက် အပြည့်အဝ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

"အကြိမ်ကြိမ်ဆက်သွယ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ကမ္ဘာမြေဟာ ပထမဆုံးသော ဧည့်သည်အဖွဲ့ကို ကြိုဆိုတော့မှာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျွန်တော်တို့လူသားတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လာနီယာကီးယား မဟာဂလက်ဆီအစုအဝေးကြီးရဲ့ လက်အောက်ခံ အဆင့်သုံးဂလက်ဆီ မျိုးနွယ်စုတွေဖြစ်တဲ့ အမြွှာဝေလငါးစကြာဝဠာအင်ပါယာကနေ လာရောက်ကြတာပါ"

"ဂြိုဟ်သားမျိုးနွယ်စုတွေနဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးအချိတ်အဆက်က ဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဖန်တီးပေးမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါခင်ဗျာ"

လူသားများနှင့် ဂြိုဟ်သားမျိုးနွယ်စုများ၏ ပထမဆုံးဆက်သွယ်မှုအတွက် ပြင်ဆင်နေချိန်မှာပင် မီဒီယာဌာနတိုင်းမှာ သတင်းပြန့်နေပြီး ကမ္ဘာတစ်ဝန်းလုံးကလည်း မျှော်လင့်ချက်များ ပြည့်နှက်နေချေသည်။ ဧည့်ခံကြိုဆိုမှု လုပ်ငန်းစဉ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး လူသားသမိုင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်လာပေလိမ့်မည်။

"တစ်သက်နဲ့တစ်ကိုယ် ဂြိုဟ်သားတွေကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး"

"အပေါ်ထပ်ကလူရေ.. လက်မှတ်ခယွမ်၂၀၀တည်းနဲ့ ဂြိုဟ်သားတွေကို တွေ့နိုင်တယ်ဆိုတာ မသိဘူးလား။ ပြီးတော့ ဂြိုဟ်သားတွေရဲ့ စွမ်းရည်ပြပွဲအမျိုးမျိုးကိုပါ ကြည့်လို့ရသေးတယ်"

"ဟားဟား.. ဆောရီး။ ငါက သူတို့ကို အလိုလိုနေရင်း တိရစ္ဆာန်တွေလို့ သဘောထားမိသွားလို့။ ငါ့ရဲ့မိုက်မဲမှုအတွက် အရက်တစ်ခွက်သောက်ပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးလိုက်ပါ့မယ်"

"သူတို့ရုပ်တွေက ဘယ်လိုဖြစ်မလဲ သိချင်လိုက်တာ။ အရမ်းစိတ်လှုပ်ရှားနေပြီ"

"ဒီဂြိုဟ်သားမျိုးနွယ်စုတွေနဲ့ ပထမဆုံးအကြိမ် စတင်ထိတွေ့မယ့် ကိုယ်စားလှယ်က ဟွာရှားနိုင်ငံလို့ ကြားထားတယ်။ သေချာပေါက် ကြည့်ကောင်းတော့မှာပဲ"

ပထမဆုံးသော ဤဆက်သွယ်မှုကို လူသားခေါင်းဆောင်များက အလွန်တန်ဖိုးထားရုံသာမက အခြားကမ္ဘာသူကမ္ဘာသားများကပါ စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။

...

နံနက်စောစောအချိန်မှာပင် ယခင်က အမေရိကန်လေတပ်စခန်းဟောင်းအဖြစ်မှ ပြောင်းလဲဖွဲ့စည်းထားသော ဂြိုဟ်သားမျိုးနွယ်စုဧည့်ခံကြိုဆိုရေးဗဟိုဌာနတွင် လူသားကိုယ်စားလှယ်များက စောင့်ဆိုင်းနေကြချေပြီ။

"ချင်ဖုန်း... လုံခြုံရေးအတွက် အကုန်အဆင်သင့်ဖြစ်ပြီလား"

မစ္စတာကျိုးအပါအဝင် ကိုယ်စားလှယ်များအားလုံးမှာ ဤဆက်သွယ်မှုအတွက် အလွန်စိုးရိမ်ပူပန်နေကြသည်။

"စိတ်မပူပါနဲ့။ အာကာသယာဉ်တွေအားလုံး အသင့်ရှိပါတယ်။ လုံခြုံရေးထိခိုက်စေမယ့် အကြောင်းအရာတစ်ခုခု ပေါ်လာတာနဲ့ ဂြိုဟ်ပတ်လမ်းကနေ တိုက်ခိုက်မှုတွေ ချက်ချင်းလုပ်ဆောင်နိုင်ပါတယ်"

"မစ္စတာကျိုး.. စိတ်ပူစရာ မလိုပါဘူးဗျာ"

ကျန်းမုန့်လောင်က ထမင်းဆုပ်ကို ဝါးစားရင်း ပြောလိုက်သည်။

"အဆင့်နှစ်မျိုးနွယ်စုလေးတွေက သတ္တိဆယ်ဆလောက် ပိုရှိနေရင်တောင် ကမ္ဘာမြေပေါ်မှာ ပြဿနာရှာရဲဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

"မင်းကတော့လေ..."

မစ္စတာကျိုးက ကျန်းမုန့်လောင်၏ နဖူးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ ပုံမှန်နေစမ်းပါ။ ငါတို့ ကမ္ဘာသူကမ္ဘာသားတွေက မာနကြီးလွန်းလို့ ရိုင်းစိုင်းတယ်ဆိုပြီး တခြားသူတွေ မထင်စေနဲ့"

"ဒီလိုအသေးအဖွဲကိစ္စတွေအတွက် စိတ်မပူပါနဲ့"

ကျန်းမုန့်လောင်က ဆက်ပြောလေသည်။

"ပုံမှန်ဆန်ဆန်နေတယ်ဆိုတာက အဆင့်အတန်း တန်းတူညီမျှရှိမှဖြစ်တာပါ။ အခု ကျွန်တော်တို့ရဲ့ အဆင့်အတန်းက သူတို့ထက် ဘယ်လောက်ပိုမြင့်နေလဲဆိုတာတောင် မသိနိုင်ဘူးလေ။ သူတို့က မျက်နှာလာလုပ်တာ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်ရင် သူတို့ ကိုယ့်အဆင့်ကိုယ် သေချာမသိဘဲ နေလိမ့်မယ်"

"မစ္စတာကျိုး.. မုန့်လောင်ပြောတာလည်း အဓိပ္ပာယ်မရှိတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က ယဉ်ကျေးမှုအရ အပြည့်အဝ ပြင်ဆင်ထားသင့်ပေမယ့် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းထားရပါမယ်"

"ဗိုလ်ချုပ်ချင်.. ခင်ဗျားရဲ့အမြင်က တော်တော်လေးနက်တာပဲ"

"သူတို့ ရောက်လာကြပြီ"

ဇိမ်ခံခရီးသည်တင် အာကာသယာဉ်တစ်စင်းက တိမ်တိုက်များကြားမှ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ လာရောက်လည်ပတ်သည့် မျိုးနွယ်စုများ၏ အာကာသယာဉ်များကို လကမ္ဘာစခန်းတွင် ယာယီဆိုက်ကပ်ထားခိုင်းခြင်းမှာ စကြာဝဠာမျိုးနွယ်စုအများစုအတွက် အသံတိတ်စည်းမျဉ်းတစ်ခုပင်။

ယခုအကြိမ်တွင် မျိုးနွယ်စုတစ်ခုစီတိုင်းက သူတို့၏ သံတမန်အကြီးအကဲများဖြစ်သော ကိုယ်စားလှယ်ဆယ်ယောက်စီ စေလွှတ်ထားကြသည်။

ပုံမှန်အားဖြင့် သံတမန်ရေးရာ အခမ်းအနားများတွင် သူတို့သည် မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ဖြင့် ရဲတင်းတတ်ကြသော်လည်း ယခုအချိန်တွင်မူ အာကာသယာဉ်ထဲ၌ စကားပင်မဟရဲဘဲ လိမ္မာရေးခြားရှိသော ကလေးငယ်များသဖွယ် ပြုမူနေကြသည်။

အမြွှာဝေလငါးစကြဝဠာအင်ပါယာမှ အဆင့်တစ်မျိုးနွယ်စုအဖြစ် အသစ်စက်စက် အသိအမှတ်ပြုထားသည့် ကမ္ဘာ့မျိုးနွယ်စုအကြောင်းကို သူတို့ သိပ်မသိကြပေ။ အင်ပါယာဘုရင်က အထူးတလည်သတိပေးချက်သာ မထုတ်ထားလျှင် သူတို့ သိပင်သိမည် မဟုတ်ချေ။

သို့ရာတွင် အနည်းငယ် စုံစမ်းစစ်ဆေးပြီးနောက် ဤမျိုးနွယ်စုမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းကြောင်း သူတို့ သိလိုက်ရသည်။

အဆင့်တစ်မျိုးနွယ်စုတစ်ခုမျှသာ ဖြစ်သော်လည်း သူတို့၏ စကြဝဠာသုံးငွေကြေးဖြစ်သော ဟွာရှားငွေကြေးမှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာရှိ အဆင့်ငါးမျိုးနွယ်စုများ၏ ငွေကြေးများနှင့် ငွေလဲလှယ်နှုန်းချင်း တူညီလေသည်။

အမြွှာဝေလငါးစကြဝဠာအင်ပါယာရှိ အကြီးဆုံး အဆင့်လေးမျိုးနွယ်စုများပင် ဤသို့သော ဂုဏ်ဒြပ်မျိုး မရှိကြပေ။

မကြာသေးခင်က အင်ပါယာနယ်စပ်ဆိပ်ကမ်းတွင် မြင်တွေ့ခဲ့ရသော အစင်းတစ်ရာပါသည့် စစ်ယာဉ်တန်းကြီးမှာ ကမ္ဘာမြေ၏အုပ်စိုးသူများ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း ကောလာဟလများပင် ထွက်ပေါ်နေသေးသည်။

ဤမျှစွမ်းအားကြီးမားလှသည့် အင်အားမျိုးဖြင့်သာဆိုပါက အမြွှာဝေလငါးစကြဝဠာအင်ပါယာပေါင်းတစ်ထောင်လောက် ပျက်စီးသွားသည့်တိုင် သူတို့အနေနှင့် သတိကြီးကြီးထား၍ မကိုင်တွယ်ဘဲ နေရဲမည်လော။

ကမ္ဘာ့မျိုးနွယ်စုနှင့် ပထမဆုံးအကြိမ် ဆက်သွယ်ခွင့်ရသော အဖွဲ့ဖြစ်လာသောကြောင့် သူတို့မှာ ဤအခွင့်ထူးအတွက် အနည်းငယ်ပင် အံ့အားသင့်နေကြသည်။

"အဲ့ဒါတွေကို ကောလာဟလတွေလို့ပဲ ငါထင်နေခဲ့တာ။ မင်းတို့ မြင်လိုက်လား"

သံတမန်များက သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

"ကောလာဟလဆိုတာလည်း ဟုတ်ပါတယ်။ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုတွေရဲ့ စစ်ယာဉ်တန်းက အစင်းတစ်ရာတည်းတော့ ဘယ်ရှိမလဲ။ အနည်းဆုံး အစင်းတစ်ထောင်လောက်တော့ ရှိရမှာပေါ့"

"ပြီးတော့ ဂြိုဟ်တုဆိပ်ကမ်းက အလုပ်သမားတွေကိုရော မင်းတို့ မြင်လိုက်လား"

"မြင်လိုက်တယ်။ ငါယူလာတဲ့ ထောက်လှမ်းရေးစက်က ပြနေတာတော့ ဒီလူတွေက အနည်းဆုံး အဆင့်လေးသက်ရှိတွေပဲ ဖြစ်ရမယ်။ ပြီးတော့ အဆင့်ငါးသက်ရှိက ရာဂဏန်းတောင်ရှိတာ။ ဒါပေမဲ့ ဒီမျိုးနွယ်စုမှာတော့ သူတို့တွေခမျာ အောက်ခြေသိမ်း ဈေးပေါတဲ့ ဆောက်လုပ်ရေးအလုပ်တွေကို လုပ်နေကြရတယ်"

"ဟုတ်တယ်။ ကြီးကြပ်ရေးမှူးတွေဆိုရင်လည်း အများစုက အဆင့်တစ်သက်ရှိပဲ ရှိသေးတာ။ စကြဝဠာဟင်းလင်းပြင်ထဲမှာ အသက်ရှင်နိုင်ဖို့ သက်ကယ်ထောက်ပံ့ရေးစနစ်တွေ လိုအပ်နေသေးတဲ့ လူတွေလေ။ ငါ့လောကအမြင်တွေတောင် ပျက်စီးသွားပြီ"

"ဒါတင်မကသေးဘူး။ အဆင့်တစ်သက်ရှိတွေက ဟိုလူတွေကို အော်ဟစ်ပြီး ရိုက်နှက်နေတာကိုလည်း ငါမြင်ခဲ့တယ်။ ဒီလိုအပြုအမူမျိုးဆိုရင် ငါတို့မျိုးနွယ်စုမှာ ပြစ်ဒဏ်စီရင်ခံရမှာ"

"ပြီးတော့ အင်အားစုတွေအများကြီးက ငါတို့ကို ဆက်တိုက်ပစ်မှတ်ထားနေသလိုမျိုး ခံစားမိလား"

"ငါ ခံစားမိတယ်"

သူတို့နှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့လည်း လိုက်ပါလာသည်။ အားအနည်းဆုံးလူပင် အဆင့်လေးသက်ရှိ ဖြစ်သည်။

"ဒီအာကာသယာဉ်ပေါ်က စစ်သားတွေက အဆင့်နှစ် ဒါမှမဟုတ် အဆင့်သုံးသက်ရှိလောက်ပဲ ရှိတာ။ ဒါပေမဲ့ ဒီဂြိုဟ်ပေါ်မှာ ကြောက်စရာကောင်းတဲ့ အင်အားစုတွေအများကြီး ပုန်းကွယ်နေတာကို ငါ အာရုံခံမိတယ်"

"အဆင့်ခြောက်သက်ရှိတွေများ ရှိနေနိုင်မလား"

"ငါလည်း အဲ့လိုပဲထင်တယ်။ တစ်ယောက်ထက်မကတောင် ရှိနိုင်တယ်"

အဆင့်လေးသက်ရှိတစ်ယောက်က ကျောက်မျက်ရတနာနှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်၏။

"အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ သိုင်းပညာရှင်အသင်းမှာရှိတဲ့ ငါ့ဆရာက ငါ သိုင်းလေ့ကျင့်နေတုန်းက ဒါလေးပေးခဲ့တာ"

"ဒါက ဘာလဲ"

"သဘာဝထောက်လှမ်းရေး ကိရိယာလေ"

ထိုလူက ဆက်ပြောသည်။

"ကိုယ့်ရဲ့စွမ်းအင်နဲ့ ချိတ်ဆက်ထားပြီး ကိုယ်ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို ညွှန်ပြပေးနိုင်တယ်"

"ဘာကို ဆိုလိုတာလဲ"

"လွယ်လွယ်ပြောရရင် ငါ ဘေးကင်းရဲ့လားဆိုတာကို ပြပေးတယ်။ အရောင်ပိုရင့်လေလေ အန္တရာယ် ပိုကြီးလေလေပဲ။ တစ်ခါတုန်းက အဆင့်ငါးသက်ရှိတစ်ယောက်နဲ့ ကြုံရတော့ ဒါလေးက အနီရောင်ပြောင်းသွားခဲ့တာ"

"အခု ဘာလို့ အနက်ရောင်ပြောင်းနေတာလဲ"

"တစ်ခါတုန်းက ငါတို့ စကြဝဠာအင်ပါယာရဲ့ ဘုရင်ကို အဝေးကနေ မြင်ဖူးခဲ့တယ်။ အဲ့ဒီတုန်းက ဒီကျောက်မျက်လေးက ခရမ်းရောင် ပြောင်းသွားခဲ့တာ။ အခု အနက်ရောင်ဆိုတော့ ငါ ဘယ်လောက်တောင် အန္တရာယ်များနေလဲဆိုတာ မင်းတို့ သဘောပေါက်လား"

"ဟိုက်"

"ဒီဂြိုဟ်ပေါ်မှာ အဆင့်ခုနစ်သက်ရှိတွေများ ရှိနေမလား"

"မဖြစ်နိုင်စရာအကြောင်းလည်း မရှိပါဘူး"

"မင်းတို့ ခန့်မှန်းနေစရာ မလိုပါဘူး။ ဒီနေရာမှာ အဆင့်ခုနစ် သက်ရှိတွေတင်မကဘူး။ အဆင့်ရှစ်သက်ရှိတွေပါ ရှိတယ်"

လူငယ်တစ်ယောက်၏ အသံက အနီးအနားမှ ထွက်ပေါ်လာသည်။

"ဒါက ဘယ်သူလဲ..."

ဤလူငယ်မှာ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။

"ငါက အိုင်ဇက်မျိုးနွယ်စုရဲ့ အရှင်သခင်ပဲ"

"အိုင်ဇက်မျိုးနွယ်စုတဲ့လား"

"ခင်ဗျား... ခင်ဗျားက အိုင်ဇက်မျိုးနွယ်စုရဲ့ အရှင်သခင်လား"

လူတိုင်းက သူ့ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

ကျန်းမုန့်လောင်၏ ကိစ္စများအပြင် မကြာသေးခင်က အမြွှာဝေလငါးစကြဝဠာအင်ပါယာတွင် နာမည်ကြီးသွားသော သတင်းမှာ အဆင့်နှစ်အိုင်ဇက်မျိုးနွယ်စု၏ အရှင်သခင်နှင့် အန်ဒရိုမီဒါမင်းသမီးတို့၏ လက်ထပ်ပွဲအကြောင်းပင်။

မင်္ဂလာပွဲတွင် အဆင့်ခြောက်နှင့် အဆင့်ခုနစ် သက်ရှိတစ်စုပင် ရောက်လာခဲ့လေရာ ကြီးမားလှသော ဂုဏ်သရေကို ဖော်ဆောင်နိုင်ခဲ့သည်။

အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဘုရင်ကိုယ်တိုင် ထိုမျိုးနွယ်စုထံသို့ သွားရောက်လည်ပတ်ခဲ့ပြီး သူတို့၏ ငွေကြေးက အမြွှာဝေလငါးစကြဝဠာ၏ငွေကြေးနှင့် တူညီလုနီးပါးဖြစ်ကြောင်း သတင်းများ ပျံ့နှံ့ခဲ့သေးသည်။

"ခင်ဗျားရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ"

"ကမ္ဘာမြေအကြောင်း ခင်ဗျား သိထားလို့လား"

"ကျွန်တော်တို့ကို နည်းနည်းလောက် ပြောပြလို့ရမလား"

"ကမ္ဘာ့မျိုးနွယ်စုရဲ့အုပ်စိုးရှင်က ငါ့သူငယ်ချင်းပဲ"

အိုင်းရင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"မင်းတို့ကို ငါ ပြောပြလို့မရတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အဆင့်ရှစ် သက်ရှိတွေတောင် သူ့ရှေ့မှာ ခေါင်းငုံ့ရတယ် ဆိုတာကိုတော့ ငါ ပြောပြပေးနိုင်တယ်။ အဆင့်ခြောက်နဲ့ အဆင့်ခုနစ်သက်ရှိတွေဆိုတာ သူ့ကျွန်အနေနဲ့ ခံယူဖို့တောင် အရည်အချင်းမမီဘူး။ နားလည်လား"

"အဲဒါကြောင့် မင်းတို့ရဲ့ သိမ်နုပ်တဲ့အကြံအစည်တွေကို ရုပ်သိမ်းလိုက်ကြတော့"

*************************

အခန်း ၉၂၇ - သူတို့ ဘယ်လောက်တောင် ပြုံးပျော်နေကြလဲ ကြည့်စမ်းပါဦး

"သူတို့ရောက်လာပြီဟေ့"

အာကာသယာဉ်ကြီးက မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်နှင့် ပတ်ပတ်လည်ရှိ သတင်းထောက်များလည်း ချက်ချင်း ရှေ့တိုးလာကြပြီး ကင်မရာများကို မြှောက်ကာ အာကာသယာဉ်၏ တံခါးပေါက်ကို တဖျပ်ဖျပ်ဓာတ်ပုံရိုက်ကြတော့သည်။

"သူတို့ ထွက်လာကြပြီ။ ထွက်လာကြပြီ"

"ဘုရားရေ... ဂြိုဟ်သားတွေက အဲဒီလိုပုံစံမျိုးကိုး"

"အဲဒီလူက ယောက်ျားလား။ မိန်းမလား"

"ဟိုဂြိုဟ်သားက ဘယ်လောက်တောင် အရပ်ရှည်လိုက်သလဲ ကြည့်စမ်း။ အနည်းဆုံး နှစ်မီတာကျော်လောက်တော့ ရှိမှာပဲနော်။ အဲဒီလောက် အရပ်ရှည်အောင် သူတို့ ဘာတွေများ စားကြပါလိမ့်"

"ဟေ့... သူတို့ ဆေးဘဲဥတွေများ စားကြတာလား"

...

"အစ်ကိုကျန်း... မတွေ့ရတာကြာပြီနော်"

အိုင်းရင်းက ရှေ့တိုးပြီး ကျန်းမုန့်လောင်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

သူတို့နှစ်ယောက်က အသိအကျွမ်းသက်သက်သာ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း မရည်ရွယ်ဘဲ ပြုလုပ်ခဲ့သော သူ့ကြင်နာမှုလေးက ကျန်းမုန့်လောင်ကဲ့သို့သော လူတစ်ယောက်နှင့် တွေ့ဆုံစေခဲ့သည်။ အိုင်ဇက်မျိုးနွယ်စုရှိ အာကာသယာဉ်က ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သောနေ့မှာ သူ့ဘဝတွင် သံသယဖြစ်ဖွယ်မရှိလောက်အောင် အကံကောင်းဆုံးနေ့ပင်။

အိုင်ဇက်မျိုးနွယ်စုသည် အဆင့်နှစ်မျိုးနွယ်စုမျှသာ ဖြစ်သေးသော်လည်း ယခုမူ သူတို့မျိုးနွယ်စုသည် အမြွှာဝေလငါးစကြာဝဠာအင်ပါယာတစ်ခုလုံးထက်ပင် ပိုမိုအားကောင်းသော စစ်ယာဉ်တန်းကို ပိုင်ဆိုင်နေပြီဖြစ်၏။

ပြီးခဲ့သည့်တစ်ခေါက် အိုင်းရင်း လက်ထပ်တုန်းကဆိုလျှင် အဆင့်ခြောက်နှင့်အထက် သက်ရှိရာပေါင်းများစွာက ဂုဏ်ပြုရန် တက်ရောက်ခဲ့ကြသဖြင့် သူ့ကို မျက်နှာပန်းလှစေခဲ့သည်။ ယခုအချိန်တွင် အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဘုရင်ကပင် သူ့ကိုမျက်နှာသာပေးနေရချေပြီ။

ဤအရာအားလုံးမှာ ကျန်းမုန့်လောင်၏ ကျေးဇူးကြောင့်ပင်။

"မတွေ့ရတာ ကြာပြီ"

ကျန်းမုန့်လောင်က အိုင်းရင်းကို တက်ကြွစွာ တုံ့ပြန်လိုက်သည်။ စကြာဝဠာမျိုးနွယ်စုထဲတွင် သူ၏ ပထမဆုံးသူငယ်ချင်းဖြစ်သည့် အိုင်းရင်း၏နေရာကို မည်သူမှ အစားထိုးနိုင်မည် မဟုတ်ပေ။

"မုန့်လောင်... ဒါက ဘယ်သူလဲ"

ကမ္ဘာမြေ၏ ကိုယ်စားလှယ်များက အိုင်းရင်းကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်ကြသည်။

"ဪ... သူ့နာမည်က အိုင်းရင်းတဲ့။ သူက စကြဝဠာမျိုးနွယ်စုမှာ ကျွန်တော် ပထမဆုံး ခင်ခဲ့ရတဲ့ သူငယ်ချင်းပေါ့။ အဲဒီတုန်းက သူ ကျွန်တော့်ကို အများကြီး ကူညီခဲ့လို့သာပေါ့။ မဟုတ်ရင် ကျွန်တော် ဒီလောက်မြန်မြန်ကြီး စစ်ယာဉ်တန်းတစ်ခု ရလာနိုင်မှာမဟုတ်ဘူး"

"ဒီလိုကိုး"

ကမ္ဘာမြေ၏ ကိုယ်စားလှယ်အများအပြားက ဤလူ့ကို တိတ်တဆိတ် မှတ်ထားလိုက်ကြသည်။ ကျန်းမုန့်လောင်နှင့် သူ့ကြားရှိ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း သိသာလှသည်။ နောင်တွင် ဆက်သွယ်ရေးနှင့် ဖလှယ်မှုများ ပြုလုပ်ရာတွင် သူတို့အနေနှင့် ဤအချက်ကို သတိထားရပေမည်။

"အဝေးကြီးကနေ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကို လာရောက်ကြတဲ့ လူအားလုံးကို ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး မိတ်ဆက်ပေးကြပါဦး။ ကျွန်တော်ကတော့ ကမ္ဘာ့မျိုးနွယ်စုအုပ်ချုပ်ရေးဗဟိုဌာနရဲ့ဥက္ကဋ္ဌ လီအန်းရှန်းပါ"

မစ္စတာလီသည်လည်း အလွန်လေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးပင်။ ဟွာရှားနိုင်ငံကို တည်ဆောက်စဉ်အချိန်က သူသည် မုန်တိုင်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့သော ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပင်။

သူသည် မူလတုန်းက အနားယူပြီး သူ့ဘဝနေဝင်ချိန်ကို အေးချမ်းစွာ ဖြတ်သန်းနေပြီ ဖြစ်သော်ငြား လူသားများ၏ သံတမန်ရေးရာ ကိစ္စများအတွက် နောက်တစ်ကြိမ် ထွက်ပေါ်လာရခြင်းပင်။

ဘာသာပြန်စနစ်၏ အကူအညီဖြင့် ထိုဂြိုဟ်သားမျိုးနွယ်စုများမှ ကိုယ်စားလှယ်များသည် မစ္စတာလီ၏ စကားများကို အလွယ်တကူ နားလည်နိုင်ကြသည်။

မတူညီသော မျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များ အားလုံးကလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြပြီးနောက် ချီးမွမ်းစကားများ ကိုယ်စီဆိုကြလေသည်။

"မစ္စတာလီ...ခင်ဗျားတို့ရဲ့ ကမ္ဘာမြေက အရမ်းထူးချွန်တဲ့ မျိုးနွယ်စုတစ်ခုပါ။ နောင်အနာဂတ်မှာ ခင်ဗျားတို့နဲ့ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဖလှယ်မှုတွေကို ပိုပြီးနီးနီးကပ်ကပ် တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"

"မစ္စတာလီ... ကျွန်တော်တို့ ကမ္ဘာမြေနဲ့ ရေရှည်တည်တံ့တဲ့ ခင်မင်ရင်းနှီးမှုတစ်ခု တည်ဆောက်ချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့မျိုးနွယ်စုရဲ့ အမြင့်မားဆုံးသော ရိုးသားစစ်မှန်မှုကို ကိုယ်စားပြုပါတယ်"

...

"ဟားဟားဟား... ကျွန်တော်တို့ ခင်ဗျားတို့အားလုံးကို ဒီကို ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းကလည်း လှပတဲ့အနာဂတ်ကို မျှော်မှန်းထားလို့ပါပဲ"

ဤကိုယ်စားလှယ်များ၏ သဘောထားကြောင့် မစ္စတာလီမှာ အလွန်ဝမ်းသာသွားသည်။

"ပိုများပြားတဲ့ မျိုးနွယ်စုတွေနဲ့ ဘက်စုံချိတ်ဆက်မှုတွေ တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ လူသားတွေကလည်း ဆက်သွယ်မှုဖလှယ်ရေးဗဟိုဌာနတစ်ခုကို တည်ဆောက်နေပါတယ်"

"ဒီဖလှယ်ရေးဗဟိုဌာနရဲ့ ရည်ရွယ်ချက်က ဘာများပါလဲ..."

အဆင့်နှစ်မျိုးနွယ်စုရှိ ကိုယ်စားလှယ်တစ်ယောက်က မေးလိုက်သည်။

"ဒါက ကျွန်တော်တို့ကမ္ဘာမြေနဲ့ ဂြိုဟ်သား မျိုးနွယ်စုတွေကြားက ဆက်သွယ်ရေးတံတားတစ်ခုကို ကိုယ်စားပြုပါတယ်။ ဒီဖလှယ်ရေးဗဟိုဌာနကတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေနဲ့ ဗဟုသုတတွေကို ကမ္ဘာမြေဆီ ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မျိုးနွယ်စုအားလုံးက ကိုယ်စားလှယ်တွေကိုလည်း ဒီမှာ ရေရှည်နေထိုင်ဖို့ နွေးထွေးစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကိုလည်း မျှဝေပေးသွားမှာပါ"

"ကျွန်တော်တို့ကို လိုက်ပြပေးလို့ ရမလား"

"ဟုတ်ပါတယခ မစ္စတာလီ.. ကျွန်တော်တို့ သွားကြည့်ချင်ပါတယ်"

ဤဖလှယ်ရေးဗဟိုဌာနသည် အနာဂတ်တွင် ကမ္ဘာမြေနှင့် မည်သို့သော ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မလဲဆိုသည်ကို ကိုယ်စားပြုပြီး ဤအချိတ်အဆက်ကို မည်သို့ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်မလဲဆိုသည်ကို နားလည်ရန်လည်း ကူညီပေးသည်။

"ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးက လုပ်ဆောင်နေတုန်းပါ။ ဒါပေမဲ့ ကိုယ်စားလှယ်ကြီးတို့က စိတ်ဝင်စားတယ်ဆိုရင် သွားရောက်လည်ပတ်ဖို့ နွေးထွေးစွာ ကြိုဆိုပါတယ်"

"အားလုံးကို ကျွန်တော်ပဲ မိတ်ဆက်ပေးပါရစေ"

မစ္စတာလီ၏ အသက်အရွယ်အရ ဤသို့သော အလုပ်များကို လုပ်ရန် မသင့်တော်သဖြင့် ကျန်းမုန့်လောင်ကပင် ထိုတာဝန်ကို ယူလိုက်လေသည်။

ဤဖလှယ်ရေးဗဟိုဌာနကို ဆာဟာရသဲကန္တာရ၏ အလယ်ဗဟိုတွင် တည်ထောင်ထားခြင်းဖြစ်၏။ လူသားများအတွက်မူ ထိုနေရာမှာ တားမြစ်နယ်မြေတစ်ခု မဟုတ်တော့ပေ။

အချို့သောအသေးစိတ် အချက်အလက်များကို အပြီးသတ်ပြီးသည်နှင့် ဖလှယ်ရေးဗဟိုဌာန၏ ဆောက်လုပ်ရေးလုပ်ငန်းကို ချက်ချင်း စတင်ခဲ့သည်။ လုပ်ငန်းတွင်ကျယ်စေရန်အတွက် ကျန်းမုန့်လောင်က အန်တီလာ မျိုးနွယ်စုမှ လူတစ်စုကို အလုပ်ကြမ်းသမားများအဖြစ် ခေါ်ဆောင်လာခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်း စတင်ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဖလှယ်ရေးဗဟိုဌာနကတော့ ပုံပေါ်နေလေပြီ။

"ဂုဏ်သိက္ခာရှိတဲ့ အဆင့်သုံးမျိုးနွယ်စုရဲ့ အထက်တန်းလွှာ စစ်သည်တော်တွေဖြစ်တဲ့ ငါတို့က ဒီနေရာမှာ ဒီလိုအလုပ်မျိုး လုပ်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

အန်တီလာမျိုးနွယ်စုရှိ အကျဉ်းသားအချို့က အလုပ်လုပ်ရင်း တီးတိုးညည်းတွားနေကြသည်။

"ဒါတွေအားလုံး ဒူရန်ဒိုမျိုးနွယ်စုက ခွေးကောင်တွေကြောင့်ပဲ။ သူတို့ရဲ့ သတင်းအမှားတွေကြောင့်သာ မဟုတ်ရင် ငါတို့ ဒီလိုနေရာမျိုးကို ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ"

"အဲဒီကမ္ဘာမြေသားက တကယ့်မိစ္ဆာတွေပဲ"

"ဟွန့်...ငါတို့က ဘာတတ်နိုင်မှာလဲ။ ဒီနေရာမှာ ညည်းတွားနေရုံပဲ တတ်နိုင်တာ။ ဒီတစ်သက် ဒီနေရာမှာပဲ အိုမင်းပြီး သေသွားဖို့ ပြင်ထားလိုက်တော့"

"ရှူး.. အဲဒီမိစ္ဆာကောင်ကြီး လာနေပြီ"

ကျန်းမုန့်လောင် ရောက်လာသောကြောင့် ထိုအကျဉ်းသားများမှာ တုန်လှုပ်သွားပြီး တီးတိုးပြောဆိုနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။ အကြောင်းမှာ သူသာ သတိထားမိသွားပါက အခြေအနေမကောင်းနိုင်ကြောင်း သူတို့ ကောင်းကောင်းသိထားသောကြောင့်ပင်။

"အားလုံးပဲ။ ဒါကတော့ ကျွန်တော်တို့ရဲ့ ဖလှယ်ရေးဗဟိုဌာနပါ"

ကျန်းမုန့်လောင်က မိတ်ဆက်ပေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ လက်ရှိအစီအစဉ်အရ ဖလှယ်ရေးဗဟိုဌာနတစ်ခုလုံးက စတုရန်းကီလိုမီတာနှစ်သန်း ကျယ်ဝန်းမှာပါ။ အဓိကအားဖြင့် ပြင်ပစီးပွားရေးဖလှယ်ရေးဇုန်၊ ယဉ်ကျေးမှုဖလှယ်ရေးဇုန်၊ နိုင်ငံရေးဖလှယ်ရေးဇုန် စသဖြင့် ခွဲခြားထားပါတယ်"

"ကျွန်တော်တို့ရဲ့ အလုပ်သမားအဖွဲ့မှာ အဆင့်လေးသက်ရှိ အယောက်နှစ်သောင်းနဲ့ အဆင့်ငါးသက်ရှိ အယောက်ငါးဆယ် ပါဝင်ပါတယ်"

ကျန်းမုန့်လောင်က အကျဉ်းသားများကို လှမ်းအော်လိုက်သည်။

"မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ ဘာလို့ အသက်မပါသလို ဖြစ်နေတာလဲ။ ဧည့်သည်တွေ ရောက်နေတာ မမြင်ဘူးလား။ တက်တက်ကြွကြွလေး နေကြစမ်း"

"ကြီးကြပ်ရေးမှူး ဘယ်မှာလဲ"

ကျန်းမုန့်လောင်မှာ မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

"ကျောင်းအုပ်ကြီး...ဒီမှာပါ။ ကျွန်တော် အိမ်သာသွားနေလို့ပါ"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ယောက်က ဘောင်းဘီဆွဲတင်ရင်း ပြေးလာလေသည်။

"မင်း ဘာဖြစ်နေတာလဲ။ သူတို့ ဒီလိုပဲ အလုပ်လုပ်နေကြတာလား။ ဒီလောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်နေတာ။ သူတို့ ဒီမှာ အလုပ်လုပ်ရတာ မပျော်ဘူးလား။ ဒီမှာ တခြားမျိုးနွယ်စုက ဧည့်သည်တွေအများကြီး ရှိနေတာကို။ မင်းက သူတို့ကို ဒီလိုမြင်ကွင်းမျိုး ကြည့်ခိုင်းနေတာလား"

ကျန်းမုန့်လောင်ထံမှ ဆူပူခံရပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားမှာ အလွန်နာကြည်းသွားသော်လည်း ဘာမှမတတ်နိုင်ပေ။ သူ့အနေနှင့် ကျန်းမုန့်လောင်ကို မယှဉ်နိုင်သဖြင့် သူ့မကျေနပ်ချက်များကို ထိုအလုပ်သမားများအပေါ်တွင်သာ ပုံချနိုင်တော့သည်။

"ဖြန်း"

သူလည်း အကျဉ်းသားတစ်ယောက်ကို ကြာပွတ်ဖြင့် ရိုက်လိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ရဲ့ တက်ကြွမှုတွေ ဘယ်ရောက်သွားလဲ။ တက်တက်ကြွကြွ နေကြစမ်း။ အမေ သေသွားတဲ့ရုပ်ကြီးတွေ လုပ်မနေနဲ့။ ဘယ်သူ့ကို လာပြီး မျက်နှာပျက်ပြနေတာလဲ"

အကျဉ်းသားက အော်ဟစ်လိုက်သည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားမှာ အဆင့်သုံးသက်ရှိသာဖြစ်၏။ ပုံမှန်အခြေအနေမျိုးတွင် သူတို့အနေနှင့် ဤသို့ အနိုင်ကျင့်ခံနေမည်မဟုတ်ချေ။

သို့သော် ဤဆောက်လုပ်ရေးစခန်း၏ နောက်ကွယ်တစ်နေရာတွင် ကျန်းမုန့်လောင်ဟူသည့် မိစ္ဆာကောင်၏ ကျွန်များဖြစ်သော အဆင့်ခြောက်သက်ရှိ ကြီးကြပ်ရေးမှူးများ ရှိနေကြောင်း သူတို့ သိသည်။ အကယ်၍ သူတို့သာ ပြန်လည်ခုခံလိုက်ပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွေးပင်မတွေးရဲချေ။

ထို့ကြောင့် ဤကြီးကြပ်ရေးမှူးများက သူတို့ကို မည်သို့ပင် စော်ကားစေကာမူ တိတ်တဆိတ် အံကြိတ်ခံရုံသာ တတ်နိုင်ပေသည်။

သို့သော် သူတို့၏ နှလုံးသားထဲတွင်မူ နာကြည်းနေပေသည်။ သူတို့အနေနှင့် ဤကမ္ဘာမြေပေါ်တွင် သုံ့ပန်းများအဖြစ် တစ်သက်လုံး အလုပ်လုပ်ရပေတော့မည်။ သူတို့ ပျော်ရွှင်နိုင်မည်လော။ သူတို့ တက်တက်ကြွကြွ နေနိုင်မည်လော။

မည်သို့ပင်ဖြစ်စေ သူတို့အပေါ် ကျရောက်လာသော ကြာပွတ်ရိုက်ချက်မှာ သူတို့သာ နားလည်နိုင်သည့် နာကျင်မှုတစ်ခုပင်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသာမက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပေသည်။

"မင်းတို့အားလုံး ပြုံးထားကြစမ်း။ တစ်ယောက်ယောက်များ မျက်နှာမှိုင်ကြီး ထပ်လုပ်ပြနေမယ်ဆိုရင် ဒီည အုတ်ခဲတွေ အခေါက်နှစ်ရာ ပိုသယ်ရမယ်"

အပြစ်ပေးခံရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် သူတို့လည်း ပြုံးပြရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"ဒီ... မစ္စတာကျန်း ဒီအလုပ်သမားတွေက ဘယ်ကလာတာလဲ"

"ဪ... သူတို့တွေက အန်တီလာမျိုးနွယ်စုကလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အရင်တုန်းက သူတို့က ကျွန်တော်တို့မျိုးနွယ်စုကို ကျူးကျော်ဖို့ ကြိုးစားခဲ့ကြတာ။ နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ ကျိုးကြောင်းဆီလျော်မှုရှိရှိနဲ့ ရင်ထဲထိလောက်တဲ့ ဖျောင့်ဖျမှုတွေအောက်မှာ သူတို့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို သဘောပေါက်သွားလို့ ကျွန်တော်တို့ကမ္ဘာ့မျိုးနွယ်စုရဲ့ တည်ဆောက်ရေးလုပ်ငန်းမှာ သူတို့သဘောဆန္ဒအရ ကိုယ်တိုင်ပါဝင်ကူညီပေးနေကြတာလေ"

"ပေါက်ကရတွေ"

အကျဉ်းသားများမှာ စိတ်ထဲက ကျိန်ဆဲလိုက်သော်လည်း အပေါ်ယံတွင်မူ ဟုတ်မှန်သယောင် ဟန်ဆောင်ရင်း ခြိမ်းခြောက်မှုများနှင့် မက်လုံးများအောက်တွင် သူတို့အားလုံး ပြုံးနေရလေသည်။

"ကြည့်လိုက်စမ်းပါဦး"

ကျန်းမုန့်လောင်က အရှက်မရှိပြောလိုက်ချေသည်။

"သူတို့တွေ ဘယ်လောက်တောင် ပြုံးပျော်နေကြလဲလို့"

All Chapters