← Chapters

အခန်း (၉၂၈-၉၃၀)

Vol. 62 Ch. 928-930

အခန်း (၉၂၈-၉၃၀)

Vol. 62 Ch. 928-930

အခန်း ၉၂၈ - ကြွားလုံးထုတ်တာက ငါ အကျွမ်းကျင်ဆုံးနယ်ပယ်ပဲ

လူသားများနှင့် ဂြိုဟ်သားမျိုးနွယ်စုတွေကြားရှိ ဆက်သွယ်မှုမှာ စနစ်တကျဖြင့် ရှေ့ဆက်နေသည်။ ပထမဆုံးအကြိမ် အပြန်အလှန်ဆက်သွယ်မှု အောင်မြင်စွာ ပြီးဆုံးသွားကတည်းက ထိုမျိုးနွယ်စုများမှာ ကမ္ဘာမြေပေါ်တွင် ရေရှည်နေထိုင်ရန် ကိုယ်စားလှယ်များကို အသီးသီးစေလွှတ်ခဲ့ကြပြီး ဂြိုဟ်သားမျိုးနွယ်စု သံရုံးများကိုပါ တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့ကြသည်။

ဤလမ်းကြောင်းအတိုင်း ဆက်သွားနေမည်ဆိုလျှင် ကမ္ဘာ့မြေ၏ နေရာအရင်းအမြစ်များက ပိုမိုကျပ်တည်းလာမည်ဖြစ်ရာ ကမ္ဘာမြေအနေနှင့် တခြားဂြိုဟ်များကို နယ်ချဲ့မည့် စိတ်ကူးကို တဖြည်းဖြည်း အကောင်အထည်ဖော်လာလေပြီ။ ဝေးကွာလှသော အနာဂတ်ကာလတစ်ခုတွင် လူ့အဖွဲ့အစည်း၏ လူလတ်တန်းစားများသာ ကမ္ဘာပေါ်တွင် ဆက်လက်နေထိုင်နိုင်ကောင်း နေထိုင်နိုင်လိမ့်မည်။

သို့သော် ဤကိစ္စများက ကျန်းမုန့်လောင်နှင့် မသက်ဆိုင်ချေ။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခြင်းနှင့် လိုက်လံကြွားဝါနေခြင်းကသာ သူ့ဘဝ၏ အကြီးမားဆုံးသော ရည်မှန်းချက်ပင်။

"ဒီကိုလာခဲ့ ရှောင်ယွီ... ပါးပါးဆီလာခဲ့"

ကျန်းမုန့်လောင်က အဝေးကို လက်ယပ်ခေါ်လိုက်သည်။

မီတာသုံးရာရှည်လျားသော စင်္ကြံလမ်း၏ အဆုံးနားမှ ကလေးစီးပါဂါနီကားလေးတစ်စီးသည် အမြီးပိုင်းကို လှလှပပဒရစ်ဖ်ဆွဲပြီး ကျန်းမုန့်လောင်ဆီသို့ အရှိန်ဖြင့် ပြေးလာလေသည်။

ဤပါဂါနီကားလေးက ကားအစစ်ကို အချိုးအစားချုံ့ပြီး ပုံတူကူးထားခြင်းဖြစ်ပြီး ကားတစ်စီးလုံးကို ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားသည်။ ကျန်းမုန့်လောင်အတွက် သူတို့၏ ထိပ်တန်းဒီဇိုင်နာက အထူးဖန်တီးပေးထားခြင်းပင်။ တရားဝင်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၃၂ဒေါ်လာ ဖြစ်၏။ ငွေကြေးနှစ်မျိုး၏ လက်ရှိတန်ဖိုးကို ထည့်သွင်းစဉ်းစားပြီး ဟွာရှားငွေကြေးအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် ပြားအနည်းငယ်မျှဖြင့် ဂိုဒေါင်တစ်လုံး ဝယ်ယူနိုင်သည့် အနေအထားပင်။

ရှောင်ယွီဟုခေါ်သော ထိုကလေးက ကျန်းမုန့်လောင်၏ သားအရင်း ဖြစ်သည်။ ကျန်းမုန့်လောင်က သူ့ကို ဆင်းဆင်းရဲရဲ ကြီးပြင်းခိုင်းရလောက်အောင်အထိ ပျင်းစရာကောင်းသူတစ်ယောက် မဟုတ်ပါချေ။ ကျန်းမိသားစု၏ အင်အားနှင့်ဆိုလျှင် ရှောင်ယွီက စကြဝဠာကြီးကို အပေါက်ဖောက်လိုက်လျှင်ပင် သူတို့အနေနှင့် ပြန်ဖာထေးပေးနိုင်သည်။

သို့သော်လည်း ကျန်းကျင်းယွီ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပညာရေးကိုမူ သူတို့ အထူးအလေးထားသည်။ ကြွားဝါခြင်းမှာ ကိစ္စမရှိသော်ငြား ကိုယ်ကျင့်တရားတော့ ရှိရပေမည်။

သူ့ဘေးနားရှိ လုရီယောင်ကတော့ သားအဖနှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ရှောင်ယွီ့ကို အိမ်မှာ အမြဲတမ်း ကားပေးမမောင်းနဲ့လေ။ စင်္ကြံလမ်းက အရမ်းကျဉ်းတော့ မတော်တဆမှုတွေ ဖြစ်နိုင်တယ်"

"စိတ်မပူပါနဲ့"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"ဒီကောင်စုတ်လေးအတွက် ကိုယ်ပိုင်ပြိုင်ကွင်းတစ်ခု ဆောက်ပေးဖို့ ဟုန်းရီကို ကိုယ်ပြောပြီးသွားပြီ။ အချိန်တန်ရင် သူကြိုက်သလို ကစားလို့ရပါပြီ။ ယဲ့ရင်နဲ့ တခြားသူတွေလည်း ရှိနေတာပဲ။ ရှောင်ယွီ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်စရာ မလိုပါဘူး"

ကျန်းမုန့်လောင် ခေါ်လာခဲ့သည့် အဆင့်ခြောက်အထက် သက်ရှိအုပ်စု ရောက်လာပြီးကတည်းက ယဲ့ရင်နှင့် ကျန်လူများမှာ အလုပ်လက်မဲ့များ ဖြစ်သွားကြပြီး ကျန်းကျင်းယွီအတွက် ကလေးထိန်းများ ဖြစ်ကုန်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယခုအချိန်မှာ ကျန်းမုန့်လောင်ကို ခြိမ်းခြောက်နိုင်မည့်အရာဟူ၍ ဘာမှမရှိသလောက်ပင်။

"ကျောင်းအုပ်ကြီး... ခင်ဗျား ဒီအတိုင်းဆက်သွားလို့ မဖြစ်တော့ဘူးနော်"

ကောထန်က သက်ပြင်းချလိုက်၏။

"ခင်ဗျားအဖေဆိုရင် ဒီအရွယ်မှာ အဆင့်ခုနစ် သက်ရှိတစ်ယောက် ဖြစ်နေပြီ။ ခင်ဗျားကတော့ အဆင့်ခြောက်သက်ရှိအဆင့်ကိုရောက်ဖို့ အလှမ်းဝေးနေတုန်းပဲ။ ပြီးတော့ ခင်ဗျားရဲ့ကျင့်စဉ်ကလည်း ကျဆင်းတော့မယ်"

"ကျချင်လည်း ကျသွားပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ငယ်သေးတာပဲ"

ကျန်းမုန့်လောင်က ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။ သူ့အတွက်မူ အဆုံးမဲ့သက်တမ်းကို ပိုင်ဆိုင်ရခြင်းကလွဲလျှင် အဆင့်ခြောက်သက်ရှိအဆင့်ကို တက်လှမ်းရန် စိတ်ဝင်စားစရာမရှိပါချေ။ တိုက်ခိုက်ရေးနှင့် ပတ်သက်လာလျှင် ဘယ်ထိပ်သီးပုဂ္ဂိုလ်ကများ ကိုယ်တိုင်ဝင်တိုက်လေသလဲ။

ဤနှစ်အနည်းငယ်အတွင်းမှာ ဂါနေးဟာ အဆင့်ငါး သက်ရှိတစ်ယောက် ဖြစ်လာခဲ့ပြီး မာကာဘာကာကတော့ အရင်းအမြစ်အမြောက်အမြားကို သုံးစွဲမှုကြောင့် အဆင့်ကိုးသက်ရှိတစ်ယောက် ဖြစ်လာခဲ့ချေပြီ။

ကျန်းမုန့်လောင်ကလွဲ၍ အခြားဘယ်သူကမှ ဤအကြောင်းကို မသိကြပေ။ မဟုတ်ပါက စကြဝဠာထဲတွင် နောက်ထပ်အဆင့်ကိုးသက်ရှိတစ်ယောက် ပေါ်ထွက်လာခြင်းမှာ ဟိုးလေးတကျော်ကျော်ဖြစ်မည့် ကိစ္စရပ်တစ်ခုပင်။

"ဟင်.. ငါ ဒီဖုန်းလေး အရင်ကိုင်လိုက်ဦးမယ်"

ကျန်းမုန့်လောင်က ဖုန်းကိုင်လိုက်၏။ ဖုန်းခေါ်ဆိုသူမှာ လူသားမျိုးနွယ်စုဆက်သွယ်ရေးစင်တာပင်။

"တော်ဝင်ပညာရှင်ကျန်း ဟုတ်ပါသလားခင်ဗျာ"

"ဪ ငါပဲ။ ဘာကိစ္စရှိလို့လဲ"

"အဲ့ဒါကလေ... အိုတစ်လို့ခေါ်တဲ့ လူကြီးမင်းတစ်ယောက် ရောက်နေပါတယ်။ တလောတုန်းက လူကြီးမင်းနဲ့ ချိန်းဆိုထားတယ်လို့လည်း ပြောနေပါတယ်"

"ဪ... သူ့ကို လာခိုင်းလိုက်ပါ"

ကျန်းမုန့်လောင်မှာ ဤကိစ္စကို ရုတ်တရက် သတိရသွားသည်။ အိုတစ်က လတ်တလော သူ့ကို ကိစ္စတစ်ခုကြောင့် တွေ့ချင်သည်ဟု ပြောထားလေသည်။

"နောက်တစ်ခါ သူ့ကို မတားနဲ့။ ဘာပဲဖြစ်ဖြစ် သူက အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ဘုရင်တစ်ပါးပဲလေ။ သူ့ကို နည်းနည်းပါးပါးတော့ လေးစားမှုပြလိုက်ဦး"

"ဟုတ်ကဲ့။ နားလည်ပါပြီ"

အော်ပရေတာခမျာ ချွေးစေးများ ပြန်သွားလေသည်။

သူသည် အိုတစ်ကို မျိုးနွယ်စုတစ်ခုခု၏ ကိုယ်စားလှယ်ဟုသာ အစက ထင်ထားခဲ့သည်။ ကမ္ဘာမြေ၏ လက်ရှိစည်းမျဉ်းများအရ ကမ္ဘာမြေပေါ်သို့ ဝင်ရောက်ဖို့အတွက် ခွင့်ပြုချက်လိုအပ်သည်ဖြစ်ရာ မည်သူမှ ကင်းလွတ်ခွင့် မရှိပါချေ။

ဤလူက အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဘုရင်ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားပေ။ ကမ္ဘာမြေဟာ စကြဝဠာမျိုးနွယ်စုများနှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံလာသည်နှင့်အမျှ ကမ္ဘာသူကမ္ဘာသားများ၏ ဗဟုသုတကလည်း တိုးတက်လာပြီး စကြဝဠာအင်ပါယာတစ်ခု၏ ဘုရင်ဆိုသည်မှာ ဘယ်လိုရာထူးမျိုးဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိလာကြသည်။

သို့သော် ထိုသို့သော ပုဂ္ဂိုလ်မျိုးက ကမ္ဘာမြေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ရုံသာမက ကျန်းမုန့်လောင်နှင့် တွေ့ဆုံရန် တောင်းဆိုရာမှာ ပြသခဲ့သည့် ရိုသေလေးစားမှု အပြည့်ရှိသော သူ့အမူအရာမှာ သူ့အဆင့်အတန်းနှင့် ဆက်စပ်တွေးကြည့်ဖို့ပင် ခက်ခဲလှသည်။

ဒါက တော်ဝင်ပညာရှင်ကျန်းဆိုတာလား... သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ ကြောက်ခမန်းလိလိပါပဲ။

...

"ရှောင်အို... မင်း ကမ္ဘာမြေကို လာမလည်တာ တော်တော်ကြာပြီနော်။ အကြောင်းထူးတစ်ခုခုများ ရှိလို့လား"

ကျန်းမုန့်လောင်က အိုတစ်ကို သောက်စရာတစ်ခုဖြင့် ဧည့်ခံလိုက်၏။

"ထူးထူးခြားခြားတော့ မရှိပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားပြောခဲ့သလို စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုရှိရင် အတူတူသွားဖို့ လာရှာလှည့်ဆိုလို့ပါ"

"ဪ"

ကျန်းမုန့်လောင်၏ မျက်လုံးများ အရောင်လက်သွားလေသည်။ ဤနှစ်တွေအတွင်း ကလေးများနှင့် အိမ်ထဲမှာ အချိန်ဖြုန်းခြင၊ စားသောက်ခြင်းကလွဲပြီး သူ့တွင် တကယ်တမ်း ပျော်စရာဆိုသည်မှာ မရှိခဲ့ပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် အနားယူပြီး သေမည့်ရက်ကို စောင့်နေရသည့် အနေအထားမျိုးကိုပင် ရောက်နေချေပြီ။

"ဒီတစ်ခေါက်တော့ မင်း စိတ်ဝင်စားစရာတစ်ခုခုရှိလို့ ငါ့ကို လာရှာတာပဲဖြစ်မယ်"

"ခင်ဗျား အရမ်းစိတ်ဝင်စားမယ်လို့ ကျွန်တော် ယုံကြည်တယ်"

အိုတစ်က ပြောလိုက်သည်။

"ဇူဒါစကြဝဠာအင်ပါယာကိုတော့ ခင်ဗျား ရင်းနှီးပြီးသား ဖြစ်မှာပါ"

"သေချာတာပေါ့"

ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ တစ်ချိန်က စကြဝဠာထဲတွင် ပေါ်ပေါက်ခဲ့သည့် အင်အားအကြီးဆုံး မျိုးနွယ်စုတစ်ခုဖြစ်ပြီး သူ့ဇူဒါစစ်ယာဉ်တန်းကလည်း ဤမျိုးနွယ်စုက ဆင်းသက်လာခြင်းပင်။

"ဒါဆို အဲဒီတုန်းက အဲဒီလိုအင်အားကြီးမားတဲ့ မျိုးနွယ်စုကြီးကို ဆန့်ကျင်ဖို့ ဘယ်သူတွေက ရဲရဲဝံ့ဝံ့ပူးပေါင်းခဲ့ကြလဲဆိုတာ ခင်ဗျားသိလား"

"ဟင်"

"အမှန်အတိုင်းပြောရရင် တကယ်လို့ ဒီမျိုးနွယ်စုသာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ မကြုံတွေ့ခဲ့ဘူးဆိုရင် သတ္တိအခုတစ်ရာ ပေးထားရင်တောင် သူတို့ လုပ်ရဲမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဇူဒါမျိုးနွယ်စုရဲ့ ဘုရင်က ကျွန်တော်တို့စကြဝဠာကြီးထဲမှာ အဆင့်ကိုးသက်ရှိအထွတ်အထိပ်ကို ရောက်ရှိခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်နေလို့ပါပဲ"

ကျန်းမုန့်လောင်ကမူ အိုတစ်တစ်ယောက် အမြင်ကျဉ်းနေတုန်းပဲဟုတွေးကာ စိတ်ထဲက တိတ်တိတ်ရယ်မောလိုက်သည်။ သူ့ဘိုးဘေးများထဲက မည်သူကများ အဆင့်ကိုးအထွတ်အထိပ်ကို မကျော်လွန်ခဲ့ဖူးလို့လဲ။

"သူတို့ရဲ့ သီအိုရီပိုင်းဆိုင်ရာသုတေသနတွေအရ သက်ရှိတစ်ယောက်ရဲ့အဆင့်က အဆင့်ကိုးအထွတ်အထိပ်ကို ကျော်လွန်သွားတာနဲ့ လုံးဝအသစ်စက်စက် နယ်ပယ်တစ်ခုကို တက်လှမ်းသွားပြီး ပိုမြင့်မားတဲ့အတိုင်းအတာရှိတဲ့ ကမ္ဘာတစ်ခုထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီဘုရင်က တစ်ခါတုန်းက အဆင့်ဖောက်ထွက်နိုင်ဖို့ ကြိုးစားခဲ့တာပေါ့"

"သူ ကျရှုံးသွားတာလား"

"ဟုတ်ပါတယ်။ သူ ကျရှုံးသွားခဲ့တယ်"

အိုတစ်က ခေါင်းညိတ်ပြလိုက်၏။

"ဒါပေမဲ့ သူက သူတို့မျိုးနွယ်စု စုဆောင်းထားသမျှ စည်းစိမ်တွေအကုန်ရှိတဲ့ ဧရာမရတနာတိုက်ကြီးတစ်ခုကို ချန်ထားရစ်ခဲ့တယ်။ အဲဒီဇူဒါစစ်ယာဉ်တန်းကလွဲရင် စည်းစိမ်တွေအားလုံးက အဲဒီရတနာတိုက်ထဲမှာ ရှိနေတာပါ။ သူတို့မျိုးနွယ်စု ပျက်သုဉ်းသွားရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက ဘုရင်ကြီး ကျဆုံးသွားတဲ့အဖြစ်နဲ့ အဲဒီရတနာတိုက်ရဲ့ ဆွဲဆောင်မှုကြောင့်ဆိုတာ သေချာတယ်"

"ဖြစ်နိုင်ခြေက ရတနာတိုက်ကြောင့် ပိုများတာမလား"

ကျန်းမုန့်လောင် ချက်ချင်း နားလည်သွားသည်။

"ဟုတ်ပါတယ်။ မျိုးနွယ်စုကို ဖျက်ဆီးပြီးတဲ့နောက်မှာတော့ သူတို့လည်း ရတနာတိုက်ရဲ့ တည်နေရာကို ရှာတွေ့ခဲ့ကြတယ်"

အိုတစ်က ပြောသည်။

"ဒါပေမဲ့ ဇူဒါမျိုးနွယ်စုရဲ့ဘုရင်က တကယ်ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူ အဆင့်ချိုးဖျက်ဖို့ မကြိုးစားခင်မှာ ရတနာတိုက်ကို ဧရာမတိုက်နယ်ကြီးတစ်ခုနဲ့အတူ ကမ္ဘာငယ်လေးတစ်ခုထဲမှာ ဖုံးကွယ်ထားဖို့အတွက် သိပ္ပံပညာရဲ့စွမ်းအားနဲ့ သူ့ရဲ့ အာကာသနိယာမတွေအပေါ် နားလည်သဘောပေါက်မှုတွေကို အသုံးပြုခဲ့ပါတယ်"

"အထင်ကြီးချင်စရာပဲ"

ထိုလူက မည်မျှအစွမ်းထက်ကြောင်း အတိအကျမသိသော်ငြား လှည့်စားမှုမျိုးမရှိပါဘဲ ဤသို့သော စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် သူ့ကို စကြဝဠာထဲမှာ ပထမဆုံးလူအဖြစ် သတ်မှတ်နိုင်သည်။

"ဒါပေမဲ့ အဲဒီလူက သူ့မျိုးနွယ်စုရဲ့ အမွေအနှစ်တွေနဲ့ ရတနာတွေ လုံးလုံးလျားလျား ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်ဘူးထင်တယ်။ သူ့ရဲ့ကမ္ဘာသေးသေးလေးက အချိန်ကာလတစ်ခုရောက်တိုင်း ပွင့်လာတတ်ပေမဲ့ အဆင့်ခြောက်အောက်မှာရှိတဲ့ သက်ရှိတွေပဲ ဝင်နိုင်ပါတယ်။ မဟုတ်ရင် သူတို့တွေ အဲဒီလူရဲ့ အာကာသနိယာမကြောင့် အပိုင်းပိုင်း ဆွဲဖြဲခံရပါလိမ့်မယ်"

"ပြီးတော့ အဲဒီမှာ အရမ်းထူးခြားတဲ့အရာတစ်ခု ရှိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ လက်ရှိသိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ အရာတစ်ခုပါ"

"သြော်"

စကြဝဠာ၏ သိပ္ပံနည်းပညာတိုးတက်မှုက ထူးရှယ်နတ်ဘုရားကျောင်းတော်လောက် မမြင့်မားသော်လည်း စီမံခန့်ခွဲမှုပညာရပ်များနှင့် အနှစ်ချုပ်အမှန်တရား မူလသဘောတရားတို့ကလွဲလျှင် သိပ္ပံပညာနှင့် ရှင်းပြ၍မရသော အရာများမှာ သိပ်မရှိလှပေ။

"အဲဒါက ကံကြမ္မာမီးတောက်လို့ခေါ်တဲ့ အရာပါ"

အိုတစ်က ရှင်းပြသည်။

"ဝင်သွားတဲ့လူတိုင်းရဲ့ ပတ်ပတ်လည်မှာ မျက်စိနဲ့ မြင်နိုင်ပေမဲ့ ထိတွေ့လို့မရတဲ့ မီးတောက်တစ်ခုပေါ်လာပါတယ်"

"အဲဒါက ဘာအသုံးဝင်လို့လဲ"

"ရှင်းပြလို့မရတဲ့ အပိုင်းက အဲဒီမှာပဲ"

အိုတစ်က ပြောလိုက်လေသည်။

"ရတနာတိုက်ကနေ ထွက်လာပြီးနောက် ကံကြမ္မာမီးတောက် အတောက်လောင်ဆုံးအချိန်နဲ့ ကြုံခဲ့တဲ့ မျိုးနွယ်စုတွေက ကြီးမားတဲ့အပြောင်းအလဲတွေကို ခပ်မြန်မြန်ကြုံတွေ့ရတတ်တယ်။ သိပ္ပံနည်းကျ အောင်မြင်မှုတစ်ခုခု ဒါမှမဟုတ် နှစ်တစ်ထောင်မှာ တစ်ခေါက်ပဲ ပေါ်ပေါက်တတ်တဲ့ သိုင်းပညာပါရမီရှင်တစ်ယောက် မွေးဖွားလာတာမျိုးပေါ့"

"စိတ်ဝင်စားစရာပဲ။ ငါ့ရဲ့ စိတ်ဝင်စားမှုကို တကယ်ဖမ်းစားနိုင်တာပဲ"

ကျန်းမုန့်လောင်က စိတ်လှုပ်ရှားနေလေဟန် အရိပ်အယောင်ကို ပြသလိုက်၏။

"ကံကြမ္မာမီးတောက်ကို ပိုပြီးတောက်လောင်လာအောင် ဘယ်လိုလုပ်ရမလဲ"

"မျိုးနွယ်စုကိုယ်စား ရတနာတိုက်ထဲ ဝင်ရောက်မယ့် ကိုယ်စားလှယ်က တခြားမျိုးနွယ်စုအားလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် ထူးထူးခြားခြား စွမ်းဆောင်ပြဖို့ လိုအပ်ပါတယ်"

"ကြွားလုံးထုတ်ရုံပဲ မဟုတ်ဘူးလား"

ကျန်းမုန့်လောင်က တက်ကြွစွာ ပြောလိုက်သည်။

"ဒါက ငါ အကျွမ်းကျင်ဆုံးနယ်ပယ်ပဲလေ"

*****************

အခန်း ၉၂၉ - ငါတို့ အများကြီး မတောင်းဆိုပါဘူး

"ရှောင်အိုတစ်... ငါ့အတွက် စီစဉ်ပေးဦး။ ငါတို့ရီထျန်းဂိုဏ်းကိုပါ တစ်ခါတည်း ခေါ်သွားချင်လို့"

လက်ရှိအချိန်၌ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ထူးချွန်ထက်မြက်သူများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဘဝကို အဓိပ္ပာယ်မဲ့စွာဖြင့် သေမည့်ရက်ကို စောင့်ဆိုင်းနေရသည့် ကျန်းမုန့်လောင်နှင့် လုံးဝမတူပေ။ ဥပမာအားဖြင့် ကျောင်းတော်ကို ပထမဆုံးအသုတ်အနေနှင့် တက်ရောက်ခဲ့သူများမှာ အနည်းဆုံး အဆင့်လေးသက်ရှိများ ဖြစ်နေကြလေပြီ။ အချို့ဆိုလျှင် ကျန်းမုန့်လောင်လို အဆင့်ငါး သက်ရှိအဆင့်ကိုပင် ရောက်ရှိနေကြလေပြီ။

ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းပြီးလာသူများမှာ အဆင့်လေးသက်ရှိများဖြစ်သည့်တိုင် စကြဝဠာထဲရှိ အဆင့်ငါးသက်ရှိများကို ယှဉ်နိုင်စွမ်းရှိကြသည်။ သူတို့သည် ကမ္ဘာ့လက်သီးဘုရင် သို့မဟုတ် ဂမ္ဘီရမီးတောက်သုံးလွှာလျှို့ဝှက်ပြောင်းလဲခြင်းကဲ့သို့သော နည်းစနစ်များကို အသုံးပြုပြီး မိမိထက် အဆင့်မြင့်သူများကို တိုက်ခိုက်နိုင်ကြသည်။

အကယ်၍ ကျန်းမုန့်လောင်သာ သူတို့ကို အထဲခေါ်သွားနိုင်မည်ဆိုပါက ရီထျန်းဂိုဏ်းသည် စကြဝဠာမျိုးနွယ်စုများအကြား အုတ်အော်သောင်းတင်းဖြစ်သွားစေလိမ့်မည်။ ထိုအခါ ကံကြမ္မာမီးတောက်ကို ရရန်မှာ အသာလေးပင်။

ကျောင်းအုပ်တစ်ယောက်အနေနှင့် ကျန်းမုန့်လောင်သည် ကျောင်းတော်တွင် "အသတ်မခံရဘဲ ဘယ်လိုခပ်မိုက်မိုက်ကြွားမလဲ"ဟူသည့် မသင်မနေရဘာသာရပ်တစ်ခုကိုပင် ထည့်သွင်းထားသည်။ လူကြီးဖြစ်စေ လူငယ်ဖြစ်စေ ထူးရှယ်နတ်ဘုရားကျောင်းတော်။ အဖွဲ့ဝင်ဖြစ်လာပြီဆိုလျှင် ကြွားတတ်ရန်မှာ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခုပင်။

"ဒါက..."

အိုတစ်ကမူ ရုတ်တရက်ဆိုသလို အခက်တွေ့သွားဟန်ပင်။

"ဘာဖြစ်လို့လဲ။ ငါက လူတွေခေါ်သွားဖို့တောင် စီစဉ်ပြီးပြီကို။ မင်းက ဘာဖြစ်နေတာလဲ။ ငါ့စိတ်အခြေအနေကို ဖျက်ဆီးမလို့လား"

ကျန်းမုန့်လောင်ကလည်း ချက်ချင်းပင် မကျေမနပ်မျက်နှာပေးဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး။ အဲလိုမဟုတ်ပါဘူး"

အိုတစ်အနေနှင့် ကျန်းမုန့်လောင်၏ စိတ်အခြေအနေကို မဖျက်ဆီးရဲပေ။

"မစ္စတာကျန်း... ခင်ဗျားကိုယ်တိုင် သွားကြည့်မယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ လူတွေအများကြီး ခေါ်သွားဖို့ကျတော့ နည်းနည်း ခက်ခဲလိမ့်မယ်ထင်တယ်"

"ဘာသဘောလဲ"

"ကျွန်တော် ရှင်းပြပါရစေ"

အိုတစ်က ပြောလေသည်။

"ကျွန်တော် ခုနက ပြောခဲ့သလိုပဲ။ ဒီရတနာတိုက်က သိပ္ပံပညာနဲ့ သိုင်းပညာပေါင်းစပ်ထားတဲ့ အရာပါ။ ဇူဒါမျိုးနွယ်စုရဲ့ အရှင်သခင်တစ်ပါးက အာကာသနိယာမတွေကို အသုံးပြုပြီး သီးသန့်ဖန်တီးထားတဲ့အပြင် အစွမ်းထက်တဲ့ အေအိုင်စနစ်တစ်ခုက ရတနာတိုက်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်"

"အင်း..."

"အထဲဝင်မယ့် သက်ရှိတွေရဲ့ အဆင့်ကို ထိန်းချုပ်တာကတစ်ပိုင်း။ လူဦးရေအတွက်လည်း အရမ်းတင်းကျပ်ပါတယ်။ စကြဝဠာမျိုးနွယ်စုတစ်ခုလုံးအတွက် သတ်မှတ်ချက်ကတော့ ခင်ဗျားသိတဲ့အတိုင်း အဲဒီမျိုးနွယ်စုရဲ့အင်အားနဲ့ အဆင့်အတန်းအပေါ် မူတည်ပြီး ခွဲတမ်းချပေးတာပါ"

"ငါတို့မျိုးနွယ်စုက လူဘယ်နှယောက် ခေါ်သွားခွင့်ရှိလဲ"

"အဆင့်ငါးအခြေခံမျိုးနွယ်စုတစ်ခုကတော့ ပုံမှန်ဆိုရင် ဆယ်ယောက်ပဲ ရပါတယ်။ အလယ်အလတ်အဆင့်ကတော့ အယောက်ငါးဆယ်။ အထက်တန်းအဆင့်က အယောက်နှစ်ရာ ရနိုင်ပါတယ်။ အဆင့်ငါး အထွတ်အထိပ်အဆင့် မျိုးနွယ်စုဆိုရင်တော့ သူတို့ရဲ့စစ်အင်အားနဲ့ အစွမ်းထက်ဆုံးသိုင်းပညာရှင်ရဲ့ အစွမ်းအပေါ် မူတည်ပြီး ရပါတယ်"

"ဆယ်ယောက်တည်းလား"

ကျန်းမုန့်လောင်လည်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

"ဟုတ်ပါတယ်။ ဒီရတနာတိုက်က နှစ်တစ်သောင်းမှာ တစ်ခါပဲ ပွင့်တာပါ။ တစ်ခါပွင့်တိုင်းလည်း အဲဒီမျိုးနွယ်စုရဲ့ နောင်လာမယ့် နှစ်ပေါင်းတစ်သောင်းအတွက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်"

အိုတစ်က ဆိုလေသည်။

"အရင်ကဆိုရင် မျိုးနွယ်စုရဲ့မီးတောက်တွေကို ဆက်တိုက်ရခဲ့လို့ အဆင့်ငါးအခြေခံကနေ အထက်တန်းအဆင့်ကို နှစ်ပေါင်းတစ်သန်းမပြည့်ခင်မှာတင် တက်လှမ်းနိုင်ခဲ့တဲ့ မျိုးနွယ်စုတောင် ရှိခဲ့ဖူးတယ်"

"အဲဒီလောက်တောင် မြန်တာလား"

ပုံမှန်ဆိုလျှင် အဆင့်ငါးအခြေခံမှ အလယ်အလတ်အဆင့်ကို ရောက်ရန် အနည်းဆုံး နှစ်ပေါင်းသန်းဂဏန်း သို့မဟုတ် သန်းဆယ်ဂဏန်းခန့် ကြာတတ်သည်။

"အဲဒါကြောင့် ဘယ်မျိုးနွယ်စုအတွက်မဆို ဒါက အရမ်းအရေးကြီးပါတယ်"

အိုတစ်က ပြန်ဖြေလိုက်၏။

"အင်း..."

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်လိုက်၏။ အကယ်၍ သူတို့၏ စကြဝဠာအင်ပါယာကသာ ဤအခွင့်အရေးကို အရယူနိုင်မည်ဆိုလျှင် တစ်နိုင်ငံလုံး၏ တိုးတက်မှုနှုန်းက အရှိန်အဟုန်ဖြင့် မြင့်တက်လာမည်ဖြစ်ပြီး လူသားအားလုံးလည်း ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်ကို ခံစားရပေလိမ့်မည်။

"ဒါပေမဲ့ အဲဒီခွဲတမ်းတွေကို အဆင့်မြင့်မျိုးနွယ်စုတွေကပဲ လက်ဝါးကြီးအုပ်ထားတော့ အဆင့်မြင့်တဲ့လူတွေက ပိုတိုးတက်လာပြီး အဆင့်နိမ့်သူတွေကတော့ ဒီအတိုင်းပဲ ဆုတ်ယုတ်နေရတာပေါ့"

"ဟားဟား... ငါတို့ဟွာရှားနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကွာဟချက်ကို လျှော့ချတဲ့ နည်းလမ်းတွေက မဆိုးဘူးလို့ ရုတ်တရက် တွေးမိသွားတယ်"

ကျန်းမုန့်လောင်မှာ ဤနှစ်ခုကြားရှိ ဆင်တူမှုကို သတိထားမိလိုက်သည်။ ဝင်ငွေများသူက အခွန်ပိုပေးရပြီး လူမှုရေးတာဝန်များ ပိုထမ်းဆောင်ရသလို ဝင်ငွေနည်းသူများကတော့ အခွန်သက်သာပြီး လူမှုဖူလုံရေးများကို ပိုခံစားရသည်။ ဤသည်မှာ ကွာဟချက်ကို သဘာဝအတိုင်း ထိန်းညှိပေးခြင်းပင်။

"စကြဝဠာတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကွာခြားချက်ကိုလည်း နည်းနည်းတော့ ပြန်ညှိပေးဖို့ လိုမယ်ထင်တယ်"

"ဘာကိုဆိုလိုချင်တာလဲ"

"အရင်က ဒီရတနာတိုက်ထဲကို ဝင်ခွင့်ရတဲ့ မျိုးနွယ်စုတစ်စုရဲ့ အများဆုံးလူဦးရေက ဘယ်လောက်ရှိလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကျွန်တော်မှတ်မိသလောက်တော့ စကြဝဠာမျိုးနွယ်စု အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဖြစ်တဲ့ နိုအာစကြဝဠာအင်ပါယာက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စုစုပေါင်းအယောက်တစ်သောင်းစာ ခွဲတမ်းရခဲ့ပါတယ်"

"အဲဒီလောက်တောင် များတာလား"

ကျန်းမုန့်လောင်က အံ့ဩတကြီးပြောလိုက်သည်။

"ဟုတ်ပါတယ်။ နောက်ဆုံးကျတော့ သူတို့မျိုးနွယ်စုက ရိက္ခာအစုံအလင်နဲ့ ပြန်လာနိုင်ခဲ့ကြတယ်။ ရတနာတိုက်ထဲက ပစ္စည်းတွေအများကြီး ရခဲ့ရုံတင်မကဘူး။ အတောက်ပဆုံး ကံကြမ္မာမီးတောက်ကိုလည်း သူတို့ပဲ ရသွားခဲ့တယ်လေ"

"ဘယ်သူမှ မကန့်ကွက်ဘူးလား"

"မရှိဘဲနေမလားဗျာ"

အိုတစ်က ခါးသက်သက် ပြုံးလိုက်၏။

"ကျွန်တော်တို့လို အဆင့်ငါးအခြေခံမျိုးနွယ်စုတွေက မိသားစုတစ်ခုမှ ဆယ်နေရာပဲရတာ။ သူတို့က ကျွန်တော်တို့ထက် အဆတစ်ရာ ပိုများနေတာလေ။ သေချာတာပေါ့... ကျွန်တော်တို့ သူတို့ကို မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်တာပေါ့။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ စစ်အင်အားချင်းယှဉ်ရင်လည်း ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲ။ သိုင်းပညာပိုင်းယှဉ်ရင်လည်း သူတို့မှာ အဆင့်ကိုး သက်ရှိတစ်ယောက် ရှိနေတယ်လေ"

"ဟူး... အဲဒီအကြောင်းတွေ ပြောရင်တော့ နာကျင်စရာတွေချည်းပဲ"

ခွဲတမ်းချပေးသည့် အချိန်တိုင်းမှာ စကြဝဠာအင်ပါယာအသီးသီး၏ ဘုရင်များ စုဝေးကြသည်။ တစ်ဖက်က အယောက်ရာဂဏန်း ထောင်ဂဏန်းအထိ ခွဲတမ်းရနေသည့် သတင်းကို ကြားရတိုင်း သူတို့၏ရင်ထဲဝယ် သွေးစိမ်းရှင်ရှင် ထွက်ကြရသည်။

သို့သော် သူတို့က အားနည်းနေသဖြင့် မကန့်ကွက်ရဲကြပေ။

သို့တိုင် ယခုမူ အခြေအနေများက ပြောင်းလဲသွားချေပြီ။ သူတို့၏ စကြဝဠာအင်ပါယာမှာ ယခုဆိုလျှင် အဆင့်ငါးအထွတ်အထိပ်စစ်သင်္ဘောအစင်းတစ်ရာရှိနေပြီဖြစ်သလို ကျန်းမုန့်လောင်က အဆင့်ခြောက်နှင့်အထက် သက်ရှိအုပ်စုကိုပင် ယဉ်ပါးအောင် လုပ်နိုင်ခဲ့သည်။ ထိုအထဲတွင် အဆင့်ရှစ်အထွတ်အထိပ်သက်ရှိများပင် ပါသေးသည်။

ဤပေါင်းစပ်ခွန်အားက ယခု အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုများနှင့် ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိနေလေပြီ။

ထို့ကြောင့်လည်း အိုတစ်က ကျန်းမုန့်လောင်၏ ကျောထောက်နောက်ခံကို လာတောင်းခြင်းသာ။ ဤနည်းဖြင့် သူတို့၏ အမြွှာဝေလငါးစကြဝဠာအငပါယာမှာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိရှိသော ခွဲတမ်းများကို ရရှိနိုင်မည်သာ။

သူတို့မျိုးနွယ်စုတစ်ခုလုံးမှာ ရတနာတိုက်ထဲသို့ဝင်ရန် ထူးချွန်သော အဆင့်ငါးသက်ရှိအများကြီး မရှိလျှင်ပင် အရေအတွက်များလေလေ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲလာဖို့ အခွင့်အလမ်း ပိုများလေလေပင်။ ထိုအခါ သူတို့မျိုးနွယ်စု၏ ကံကြမ္မာမီးတောက်ဟာ ယခင်နှစ်များထက် အဆတစ်ရာ သို့မဟုတ် ထိုထက်မက ပိုတောက်ပလာလိမ့်မည်။ နောက်ထပ်နှစ်ပေါင်း တစ်သောင်းတွင် သူတို့မျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်မှုက ပေါက်ကွဲထွက်သွားပေလိမ့်မည်။

"ခွဲတမ်းခွဲဝေပွဲက ဘယ်တော့စမှာလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"နောက်လထဲမှာပါ။ ဒီကနေ အာကာသဖြတ်လမ်းနဲ့ သွားမယ်ဆိုရင် သုံးလေးရက်လောက် ကြာပါလိမ့်မယ်"

အိုတစ်က ပြန်ဖြေလေသည်။

"မင်း ခွဲတမ်းဘယ်လောက်ယူဖို့ စိတ်ကူးထားလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"တစ်ထောင်... အင်း ရှစ်ရာလောက်ဆိုရင်ရော"

အိုတစ်က အစကတော့ တစ်ထောင်လောက် စဉ်းစားထားသော်ငြား ပြန်စဉ်းစားကြည့်ပါက သူတို့မျိုးနွယ်စုက အဆင့်ငါးအထွတ်အထိပ်များနှင့် ယှဉ်နိုင်စွမ်းရှိနေပြီဆိုလျှင်ပင် အခြေခံအုတ်မြစ်က အားနည်းနေသေးသည်။

ခွဲတမ်းချပေးသည့် လုပ်ငန်းစဉ်ကို စကြဝဠာထဲရှိ အင်အားအကြီးဆုံးမျိုးနွယ်စုဆယ်ခုက ဦးဆောင်လေသည်။ အကယ်၍ သူတို့သာ သံသယဝင်သွားပါက အလွန်ဒုက္ခများနိုင်သည်။

ရှစ်ရာလောက်သာ တောင်းမည်ဆိုလျှင် သိပ်ပြဿနာရှိမည် မဟုတ်ပေ။

"အမြင်ကျဉ်းလိုက်တာ"

ကျန်းမုန့်လောင်က ခေါင်းယမ်းလိုက်၏။

"ကောထန်... အခုလက်ရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ကျောင်းသားဘယ်နှယောက်ရှိလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"စုစုပေါင်း ၅၂၀၀၀၀ပါ"

ကောထန်ကလည်း ပြန်ဖြေသည်။

"အဲဒီထဲမှာ အဆင့်လေးနဲ့အထက် သက်ရှိက ဘယ်နှယောက်လဲ"

"လက်ရှိမှာတော့ ခင်ဗျားကိုဖယ်ထားမယ်ဆိုရင် အဆင့်လေးသက်ရှိ ၈၀၀၀၀ကျော်ရှိပါတယ်"

ကောထန်က ပြန်ပြောချေသည်။

"အဆင့်ငါးသက်ရှိကတော့ စုစုပေါင်း၁၇ယောက် ရှိပါတယ်"

"ဟာ... သူတို့ ငါ့ကို တကယ်မီလာကြပြီပဲ"

ကျောင်းသားများ၏ ကြိုးစားမှုကြောင့် ကျန်းမုန့်လောင် အံ့ဩသွားရသည်။

မှတ်ထားရမည့်အချက်မှာ ကျန်းမုန့်လောင်၏ အလားအလာညွှန်းကိန်းကို ထူးရှယ်နတ်ဘုရားကျောင်းတော်က အကန့်အသတ်မရှိ ပြောင်းလဲထားသည်။ သို့တိုင် အလားအလာညွှန်းကိန်း ဆယ်ဂဏန်းလောက်သာရှိသော ဤကလေးများက သူ့ကို လိုက်မီလုနီးပါး ဖြစ်နေခြင်းမှာမူ နည်းနည်းတော့ ရှက်စရာကောင်းလှသည်။

"ဒါဆို စုစုပေါင်း ၈၀၀၀၀ကျော်ပေါ့။ ဟုတ်လား"

ကျန်းမုန့်လောင်လည်း စိတ်ထဲက ခန့်မှန်းလိုက်သည်။

"မစ္စတာကျန်း... ခင်ဗျားသာ ကျွန်တော်နဲ့အတူ ခွဲတမ်းခွဲဝေပွဲကို လိုက်ပြီး ခင်ဗျားပိုင်တဲ့ကျွန်တွေရဲ့ စွမ်းအားကို နည်းနည်းလောက် ပြပေးမယ်ဆိုရင် ရှစ်ရာတင်မကဘူး။ တစ်ထောင်အထိ ရနိုင်လောက်ပါတယ်"

"မရဘူး။ အရမ်းနည်းတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"သွားပြီဆိုမှတော့ အင်အားအတောင့်တင်းဆုံး ဖြစ်နေရမယ်"

ကျန်းမုန့်လောင်က ခဏစဉ်းစားလိုက်သည်။

"ဒီတစ်ခေါက်တော့ ငါတို့ အမြွှာဝေလငါးစကြဝဠာအင်ပါယာအနေနဲ့ အများကြီး မတောင်းဆိုပါဘူး။ ဒါပေမဲ့ သောင်းဂဏန်းလောက် ခွဲတမ်းရရင်တော့ ယုတ္တိရှိတယ်လို့ ပြောရမှာပဲ"

******************

အခန်း ၉၃၀ - ကျွန်တော်တို့ အမြွှာဝေလငါးစကြဝဠာအင်ပါယာက နေရာငါးသောင်း လိုချင်ပါတယ်

"သောင်းဂဏန်းလောက်လား"

ကျန်းမုန့်လောင်က အထင်ကြီးစရာကောင်းကြောင်း အိုတစ်စ်သိထားသော်လည်း ဤမျှအထိ အံ့မခန်းဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားပေ။

နိုအာစကြဝဠာအင်ပါယာတွင် အဆင့်ငါး အထွတ်အထိပ် အာကာသယာဉ်ပေါင်း သောင်းဂဏန်းအထိရှိပြီး အဆင့်ကိုးသက်ရှိတစ်ယောက်နှင့် အဆင့်ရှစ်သက်ရှိပေါင်းများစွာ ရှိသည့်တိုင် နေရာတစ်သောင်းတည်းသာ တောင်းဆိုခဲ့သည်။

အမြွှာဝေလငါးစကြဝဠာအင်ပါယာက အင်အားကြီးလာသည်ဆိုသော်ငြား နိုအာနှင့်ယှဉ်လျှင်မူ ကွာခြားချက်က မိုးနှင့်မြေလိုပင်။ နေရာငါးထောင်တောင်းလျှင်ပင် လွန်လွန်းနေပြီဖြစ်ရာ သောင်းဂဏန်းအထိ တောင်းခြင်းမှာမူ လောဘကြီးလွန်းရာ ကျပေလိမ့်မည်။

"မစ္စတာကျန်း... ဒါက နည်းနည်းများမနေဘူးလား"

အိုတစ်က မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်သည်။ နေရာအရေအတွက်က အကန့်အသတ်ရှိပြီး အများစုကိုလည်း ခွဲဝေထားပြီးဖြစ်၏။ သူသာ ဤအရေအတွက်ကို ထုတ်ပြောလိုက်လျှင် အခြားမျိုးနွယ်စုများက သူ့ကို သတ်ချင်သွားလောက်သည်။

"များလို့လား"

ကျန်းမုန့်လောင်ကတော့ ထိုသို့မထင်ပေ။

"နေရာသောင်းဂဏန်းလောက်လေးကို များတယ်လို့ မခေါ်ပါဘူး။ မျိုးနွယ်စုကြီးတွေဆီက ဆယ်ဂဏန်း ဒါမှမဟုတ် အလွန်ဆုံးရှိလှ ရာဂဏန်းလောက်လေး ခွဲယူရုံပါပဲ"

"ခင်ဗျားပြောတော့သာ လွယ်တာ။ ဒီမျိုးနွယ်စုတွေက ဒီနေရာလေးတွေအတွက် ဘယ်လောက်တောင် အရေးတယူလုပ်ကြလဲဆိုတာ ခင်ဗျားမှမသိတာ"

အိုတစ်က ခါးသက်သက် ပြုံးရင်း ပြောလိုက်သည်။

"ခင်ဗျားမသိလို့။ ဒီနေရာလေးတွေအတွက်နဲ့ မျိုးနွယ်စုခေါင်းဆောင်တော်တော်များများက စစ်ဖြစ်ရမှာကိုတောင် ဝန်လေးကြမှာမဟုတ်ဘူး"

"စကြဝဠာမဟာမိတ်အဖွဲ့က ဂရုမစိုက်ဘူးလား"

"ဒါက စကြဝဠာမဟာမိတ်အဖွဲ့နဲ့ သိပ်မဆိုင်ဘူးလေ"

အိုတစ်က ရှင်းပြသည်။

"အမှန်တော့ ဇူဒါမျိုးနွယ်စုတစ်ခုလုံးက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် ပျက်စီးသွားခဲ့ရတာလေ။ မဟာမိတ်အဖွဲ့ကသာ ဝင်ပါလိုက်ရင် လူတွေက ကြောင်သူတော်တွေလို့ မြင်သွားနိုင်တယ်"

"ဒါလည်းဟုတ်တာပဲ"

ကျန်းမုန့်လောင်က ရုတ်တရက်ဆိုသလို ညစ်ကျယ်ကျယ် အပြုံးတစ်ပွင့် ပြုံးလိုက်သည်။

"စစ်ဖြစ်ကြမယ်ဆိုရင်တော့ ကိစ္စက ပိုတောင်လွယ်သွားသေးတယ်။ ငါးသောင်းဆိုတာတောင် နည်းနေသေးတယ်လို့ ငါထင်တယ်"

"ဒါနဲ့ အိုတစ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"နေရာတွေ ခွဲဝေချထားပေးမယ့် အချိန်ရောက်ရင် ငါ့ကို ကြိုပြော။ ငါမင်းနဲ့ လိုက်ခဲ့မယ်"

"ကောင်းပါပြီ"

အိုတစ်၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သော အမူအရာတစ်ခု ပေါ်လာသည်။ နေရာသောင်းဂဏန်းလောက်ရဖို့ သူ တစ်ခါမှပင် မတွေးရဲခဲ့ပေ။

တိတိကျကျပြောရလျှင် အဆင့်ငါးသက်ရှိ သောင်းဂဏန်းကို ရွေးချယ်ခွင့်ရလျှင်ပင် အမြွှာဝေလငါးစကြဝဠာအင်ပါယာတွင် ထိုမျှများပြားလှသော ထူးချွန်သည့် သိုင်းပညာရှင်များ ရှိမည်မဟုတ်ပေ။ သူ့အမြင်အရဆိုလျှင် ထိုနေရာသောင်းဂဏန်းမှာ အလဟဿဖြစ်သွားနိုင်ခြေရှိသည်။

...

အာကာသတွင်းနက်တစ်ခု ပေါ်လာချိန်တွင် ကြယ်ရောင်များ လွှမ်းခြုံနေသော နယ်မြေတစ်ခုထဲဝယ် အာကာသယာဉ်တစ်စင်း ပေါ်လာခဲ့သည်။

အင်ပါယာမဟာမိတ်ကောင်စီသည် စကြဝဠာမဟာမိတ်အဖွဲ့နှင့် မတူညီသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကောင်စီတွင် အဖွဲ့ဝင်နိုင်ငံများမှာ အဆင့်ငါးမျိုးနွယ်စုနှင့် အထက်သာဖြစ်ရမည်ဟု တင်းကျပ်စွာ သတ်မှတ်ထားပြီး အရေးကြီးသော ကြေညာချက်များအတွက် အဖွဲ့လိုက်စကားပြောခန်းတစ်ခုသဖွယ် လုပ်ဆောင်ပေးသည်။

ဤကောင်စီကို စကြဝဠာမဟာမိတ်အဖွဲ့၏ အင်အားအကြီးဆုံး မျိုးနွယ်စုဆယ်ခုဖြင့် အဓိကဖွဲ့စည်းထားပြီး အခြားမျိုးနွယ်စုများမှာမူ အကြံပေးခွင့်နှင့် လေ့လာစောင့်ကြည့်ခွင့်သာ ရှိသည်။

"မစ္စတာကျန်း... ခင်ဗျားရဲ့ စတားဂေဇာတွေ ဒီလောက်မြန်မြန်ရောက်လာတာ တကယ်အံ့ဩစရာပဲ"

အိုတစ်က ကျန်းမုန့်လောင်အား အားကျစွာ ကြည့်လိုက်သည်။

"မင်းမွေးနေ့က ဘယ်တော့လဲ။ အဲဒီကျရင် မင်းကို လက်ဆောင်တစ်ခု ပေးရမလား။ ဒါမှမဟုတ် မင်းတို့ဆီက နှစ်သစ်ကူးက ဘယ်တော့လဲ။ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ပေးလိုက်မယ်လေ။ အဲ့ဒါတွေ တစ်ခုမှအဆင်မပြေဘူးဆိုရင်လည်း မင်း နောက်မိန်းမထပ်ယူတဲ့အခါကျရင် မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးမယ်ကွာ"

ဝမ်းသာသွားသော်လည်း အိုတစ်မှာ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ ကမ္ဘာမြေပေါ်ရှိ လူများက ယခုလို အခမ်းအနားများ၊ လက်ဆောင်များပေးဖို့ အလေးထားတတ်ကြလေသလား။

"မစ္စတာကျန်း... ခင်ဗျား ဘာလို့ လူတစ်ယောက်ပဲ ခေါ်လာတာလဲ"

အိုတစ်က ကျန်းမုန့်လောင်နောက်ရှိ မာကာဘာကာကို ကြည့်လိုက်သည်။ သူသိထားသလောက်ဆိုလျှင် ကျန်းမုန့်လောင်၏ အင်အားအကြီးဆုံး လက်အောက်ငယ်သားမှာ ဇီတစ်ဗ်ဟုခေါ်သော အဆင့်ရှစ်အထွတ်အထိပ် သက်ရှိပင်။

"သူနဲ့တင် လုံလောက်ပါပြီ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။ လက်ရှိတွင် မာကာဘာကာသည် သူ၏ အင်အားအကြီးဆုံး သက်တော်စောင့်ဖြစ်နေပြီဖြစ်ကြောင်း အပြင်လူများအနေနှင့် သိနိုင်မည်မဟုတ်ပေ။

"ကောင်းပါပြီလေ"

ဇီတစ်ဗ်သည် ကျန်းမုန့်လောင်အတွက် အလုပ်ကိစ္စတစ်ခုခု သွားလုပ်နေရခြင်းဖြစ်မည်ဟု အိုတစ် ခန့်မှန်းလိုက်သည်။ သို့ရာတွင် အဆင့်ရှစ်အလယ်အလတ် သက်ရှိတစ်ယောက်ဖြစ်သည့် မာကာဘာကာနှင့်ပင် ထိုမျိုးနွယ်စုများကို ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်၏။

"မစ္စတာကျန်း...ကျွန်တော်တို့ ရောက်ပါပြီ"

အိုတစ်က အရှေ့ရှိ ရွှေရောင်ဂြိုဟ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ကောင်စီဌာနချုပ်က အဲဒီမှာရှိတာပါ"

"အင်း"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်လိုက်သည်။ အရပ်မျက်နှာပေါင်းစုံမှ အာကာသယာဉ်များသည်လည်း ထိုဂြိုဟ်ဆီသို့ ဦးတည်သွားနေကြကြောင်း သူ တွေ့လိုက်ရသည်။

အဆင့်ငါးမျိုးနွယ်စုတစ်ခုသည် ကြီးမားကျယ်ပြန့်သည်ဟု ဆိုသော်လည်း စကြဝဠာတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ပါက အဆင့်ငါး မျိုးနွယ်စုများမှာ ဂင်္ဂါမြစ်ထဲမှ သဲပွင့်များနှယ် များပြားလွန်းလှပြီး အနည်းဆုံး ထရီလီယံနှင့်ချီ၍ ရှိနေချေသည်။

ဘီလီယံထောင်ပေါင်းများစွာသော အဆင့်ငါး မျိုးနွယ်စုများထဲမှ ထိပ်တန်းဆယ်ခုစာရင်းဝင်ဖြစ်ခြင်းမှာ ဤမျိုးနွယ်စုဆယ်ခု မည်မျှစွမ်းအားကြီးမားကြောင်း ဖော်ပြနေသည်။

"အိုတစ်လား။ မတွေ့တာ ကြာပြီနော်"

"ဟုတ်တယ်ဗျာ။ မတွေ့တာ ကြာပြီ။ အရင်တစ်ခေါက်တုန်းကတည်းက အခုထိ အခြေအနေတွေ ဘယ်လိုရှိလဲ"

"မပြောပါနဲ့ဗျာ။ ကျွန်တော်တို့စတင်ပြီး မကြာခင်မှာပဲ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတစ်ခုရဲ့ ချေမှုန်းတာကို ခံလိုက်ရတယ်။ ဒီဘဏ္ဍာတိုက်ရဲ့ အသက်ပြန်ရှင်နိုင်တဲ့ အံ့မခန်းစွမ်းရည်သာ မရှိဘူးဆိုရင် ကျွန်တော်တို့ဆီက အလားအလာကောင်းတဲ့သူတချို့ကို ဆုံးရှုံးရမှာပဲ။ ဒါနဲ့ ခင်ဗျားတို့ရော ဘယ်လိုနေလဲ"

"အခြေအနေက အတူတူလောက်ပါပဲ"

"အိုတစ်စ်... သူက ခင်ဗျားရဲ့သားလား"

တောင့်တင်းခိုင်မာသော လူထွားကြီးတစ်ယောက်က ကျန်းမုန့်လောင်ကို လက်ညှိုးထိုး၍ မေးလိုက်သည်။

"သားဖြစ်သူကို အတွေ့အကြုံလာယူခိုင်းတာလား"

"သွားစမ်းပါ။ ဒီလူက ငါ့အဖေကွ"

အိုတစ်က ကျန်းမုန့်လောင်အား လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ ဒေါသမထွက်သည်ကို မြင်လိုက်ရမှသာ နည်းနည်းစိတ်သက်သာရာရသွားတော့သည်။

"ရူးနေလား။ ဘာလို့ ဒီလောက်ဒေါသထွက်နေရတာလဲ"

...

အိုတစ်သည် လူချစ်လူခင်ပေါများသူဖြစ်ကြောင်း ထင်ရှားလှသည်။ သူ့ကို လာရောက်နှုတ်ဆက်သူများလည်း မပြတ်ပေ။ ထိုလူများအားလုံးသည် အဆင့်ငါးအခြေခံမျိုးနွယ်စုများမှ ခေါင်းဆောင်များဖြစ်ကြပြီး အဆင့်ခြောက်အခြေခံသက်ရှိများလည်း ပါကြသဖြင့် အဆင့်အတန်းတူများသာ။

အမှန်တော့ ကျန်းမုန့်လောင်သည် မြေအောက်စကြဝဠာကုန်စည်ပြပွဲစကားပြောဝိုင်းမှ ရင်းနှီးနေသော မျက်နှာများကိုလည်း တွေ့နေရသည်။ သို့သော် ယခုအချိန်တွင် ကျန်းမုန့်လောင်၏ အရှိန်အဝါနှင့် အသွင်အပြင်မှာ ပြောင်းလဲနေပြီဖြစ်ရာ သူ့ကို မည်သူမှ မမှတ်မိပေ။

သူတို့ ထိုဂြိုဟ်ပေါ်တွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ကြသည်။ ဤနေရာရှိ ကုန်ဈေးနှုန်းများမှာ တကယ်ဈေးကြီးလှသည်ဟု ဆိုရပေမည်။ အခန်းအနည်းငယ်ကို ရက်အနည်းငယ်ကြာ ငှားရမ်းခအတွက် စကြဝဠာဒင်္ဂါး ဘီလီယံချီ၍ ပေးရသဖြင့် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရသလိုပင်။ တည်းခိုခသက်သက်မျှဖြင့် ကောင်စီဌာနချုပ်သည် အမြတ်အစွန်းများစွာ ရနေပေလိမ့်မည်။

သို့သော် မကြာခင်မှာပင် နေရာခွဲဝေချထားမည့်နေ့သို့ ရောက်ရှိလာသည်။ စကြဝဠာတစ်ဝန်းရှိ စကြဝဠာအင်ပါယာခေါင်းဆောင်များအားလုံးက ကျယ်ပြန့်သော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးကာ ယခုနှစ်အတွက် ခွဲဝေမှုကို စောင့်ဆိုင်းနေကြသည်။

"အဝေးကြီးကနေ ကျွန်တော်တို့ရဲ့ ကောင်စီကို လာရောက်ကြတဲ့သူတွေ အားလုံးကို ကြိုဆိုပါတယ်"

အားကောင်းလှသော စွမ်းအင်များကို ထုတ်လွှတ်နေသည့် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

"သူက ဘယ်သူလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ခင်ဗျားတို့ကမ္ဘာမြေက ဝတ္ထုတွေထဲမှာပါတဲ့ 'အကြီးအကဲ' လိုမျိုး လူပေါ့"

"မင်းက ဝတ္ထုတွေပါ ဖတ်တာလား"

ယဉ်ကျေးမှုကူးစက်ပျံ့နှံ့မှုက ဤမျှအထိ တွင်ကျယ်နေပြီလားဟု တွေးကာ ကျန်းမုန့်လောင် အံ့ဩသွားသည်။

"ဟီးဟီး"

အိုတစ်ခမျာ ရှက်ရမ်းရမ်း၍ ရယ်မောလိုက်သည်။

"ခင်ဗျားတို့ကမ္ဘာမြေက စာပေတွေက တကယ်ကောင်းလွန်းတယ်။ ကျွန်တော် မတော်တဆ ဝတ္ထုတစ်ပုဒ်ကို ဖတ်မိသွားရာကနေ ဖတ်လို့ကောင်းလွန်းလို့ ရပ်လို့မရတော့ဘူးလေ။ တလောတုန်းကတောင် ကြောင်အော်သံဆိုတဲ့ စာရေးဆရာတစ်ယောက်ကို ကျွန်တော် ဆုကြေးပေးလိုက်သေးတယ်"

"ဘယ်လောက်ပေးလိုက်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"စကြဝဠာဒင်္ဂါးသန်းဂဏန်းလောက်ပါ။ သူ အပိုင်းသစ်တွေတင်တာ အရမ်းနှေးလွန်းလို့လေ"

"သောက်ကျိုးနည်း... အဲဒါ မင်းကိုး။ သောက်ရူးကောင်"

ကျန်းမုန့်လောင် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

"ငါတို့ရဲ့ အဆင့်တစ်မျိုးနွယ်စုမှာ စကြဝဠာဒင်္ဂါးသန်းနည်းနည်းလေးက ဘာကိုကိုယ်စားပြုလဲဆိုတာ သိလား။ အဲဒီပမာဏက တစ်သက်လုံး အလုပ်မလုပ်ရင်တောင် မျိုးဆက်ပေါင်းရာနဲ့ချီပြီး ချမ်းသာကြွယ်ဝသွားစေနိုင်တယ်။ အဲဒီလိုလူက ဝတ္ထုရှည်ရေးပါဦးမလား။ ငါလည်း သူ့ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပဲ။ သူ့ရဲ့နောက်ပိုင်းဝတ္ထုတွေ ဘာလို့ ရေးလက်စနဲ့ရပ်သွားပါလိမ့်လို့ ငါတွေးနေတာ... လက်စသတ်တော့ မင်းလက်ချက်ကိုး"

အိုတစ် : "???"

"ဒီနှစ်မှာတော့ ကျွန်တော်တို့ရဲ့ စုစုပေါင်းခွဲဝေမှုက အရင်တစ်ခေါက်ကအတိုင်းပါပဲ။ ဒါပေမဲ့ တချို့အဆင့်ငါးမျိုးနွယ်စုတွေ ပျက်စီးသွားတာရယ်၊ အသစ်တွေ ထပ်ပေါ်လာတာရယ်ကြောင့် ခွဲဝေပေးမယ့် စုစုပေါင်းလူအရေအတွက်မှာ အနည်းငယ်ပြင်ဆင်ပြောင်းလဲမှုတွေ ရှိပါမယ်"

"အဆင့်ငါးအခြေခံမျိုးနွယ်စုတွေအတွက်ကတော့ အရင်နှစ်တွေကအတိုင်းပါပဲ။ မျိုးနွယ်စုတစ်ခုကို နေရာဆယ်ခုပါ"

"ဟူး"

ချက်ချင်းပင် ထိုနေရာတစ်ခုလုံး သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ ဘီလီယံထောင်ပေါင်းများစွာသော အဆင့်ငါးမျိုးနွယ်စုများအနက် ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ အဆင့်ငါးအခြေခံအဆင့်တွင်သာ ရှိနေသေးသည်။

"အဆင့်ငါးအလယ်အလတ်မျိုးနွယ်စုတွေအတွက် ဒီနှစ်ခွဲတမ်းကတော့ ၅၅နေရာပါ"

"ဟားဟား... မဆိုးပါဘူး။ နေရာငါးခု ထပ်တိုးလာတာပဲ"

"အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတွေအတွက်ကတော့ စုစုပေါင်း ၁၁၀နေရာပါ"

"အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုတွေကတော့ အရင်နှစ်တွေကထက် တိုးလာပြီး ၁၂၀၀နေရာ ရရှိမှာဖြစ်ပါတယ်"

"ကျွန်တော်တို့မျိုးနွယ်စုက နေရာသုံးထောင် လိုအပ်တယ်"

"ဪ... ဒစ်ဂ်မျိုးနွယ်စုကိုး။ ဟားဟား... ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ နေရာတွေ ချန်ထားပါတယ်။ ခင်ဗျားတို့ရဲ့ စကြဝဠာအင်ပါယာက နေရာသုံးထောင်ရဖို့ အရည်အချင်းပြည့်မီတယ်လို့ ကျွန်တော််ထင်တယ်"

ကောင်စီ၏ အဆင့်ရှစ်အထွတ်အထိပ် သက်ရှိက မေးလိုက်သည်။

"ဒီမှာရှိတဲ့လူတွေထဲက တစ်ယောက်ယောက်များ သဘောထားကွဲလွဲတာ ရှိပါသလား"

"သူတို့က စကြဝဠာမျိုးနွယ်စုတွေကြားမှာ နာမည်ကြီးတွေလေ။ ဘယ်သူက သဘောမတူဘဲနေရဲမှာလဲ"

"ဟူး... အင်အားကြီးမိသားစုတွေမှာ လုပ်ပိုင်ခွင့်တွေ အပြည့်ရှိနေတာပဲလေ"

...

"ကန့်ကွက်သူမရှိတဲ့အတွက် ဒီနှစ်မှာ နေရာ သုံးထောင်နဲ့ပဲ ဆက်သွားလိုက်ပါ့မယ်"

ဒစ်ဂ်စကြဝဠာအင်ပါယာ၏ ခေါင်းဆောင်မှာ ကျေနပ်သွားလေဟန် အပြုံးတစ်ပွင့်ဖြင့် ပြုံးလိုက်သည်။

"ကျွန်တော်တို့ ဇီနာစကြဝဠာအင်ပါယာက နေရာ၂၅၀၀ တောင်းဆိုပါတယ်"

"ကျွန်တော်တို့က နေရာလေးထောင် လိုချင်ပါတယ်"

"ကျွန်တော်တို့ ဘီအိုမျိုးနွယ်စုက နေရာရှစ်ထောင် လိုအပ်ပါတယ်"

"ကျွန်တော်တို့ နိုအာမျိုးနွယ်စုက နေရာတစ်သောင်း တောင်းဆိုပါတယ်"

အင်အားကြီးမားသော စကြဝဠာအင်ပါယာများမှာ ညှိနှိုင်းရန် စကားဆိုလာကြပြီး အားလုံးနီးပါးကလည်း သူတို့အလိုရှိသော ခွဲတမ်းများကို ရရှိခဲ့ကြသည်။

"ဒါဆိုရင် ဒီနှစ်ရဲ့ ခွဲတမ်းချထားမှုအတွက် ဆက်လက်ပြီးတော့..."

"အမြွှာဝေလငါးစကြဝဠာအင်ပါယာက နေရာငါးသောင်း လိုချင်ပါတယ်"

************************

All Chapters