← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁)

မိုးမလင်းခင်မှာပဲ နဥ်ရွှီကို သူမ၏ဆရာတူအစ်မကြီးက ကုတင်ပေါ်ကနေ စိတ်အားထက်သန်စွာ ဆွဲထုတ်ခဲ့ပါတော့သည်။

"ညီမလေးနဥ်၊ ဒီနေ့ (သုံးနာရီခွဲ)ယင်နာရီဆုံးတဲ့အချိန်ဆို မနက်ခင်းအတန်းတက်ရမဲ့အချိန်ပဲ။ ဒီနေ့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် သင်ကြားမှာ၊ သူက အရမ်းစည်းကမ်းကြီးတယ်။ ဒါက နင့်ရဲ့ ပထမဆုံး မနက်ခင်းအတန်းဆိုတော့ နောက်မကျအောင် သေချာဂရုစိုက်နော်" အစ်မကြီးက ပြောလေ၏။

လွန်ခဲ့သည့်တစ်စက္ကန့်အလိုအထိကပင် နဥ်ရွှီသည် သူမ၏ စာရင်းစာတမ်းပြုစုရင်း ညဉ့်နက်သည်အထိ အလုပ်လုပ်နေခဲ့ရာ ယခုမူ...

‘ဒါက... ကူးပြောင်းလာတာလား’

သူမ စဉ်းစားဖို့တောင် အချိန်မရလိုက်ခင်မှာပင် သူ့ဆရာတူအစ်မက သူမကို အိမ်တံခါးအပြင်ဘက်သို့ ဆွဲခေါ်သွားနှင့်လေပြီ။ ကံကောင်းစွာဖြင့် ကျင့်ကြံသူများသည် များသောအားဖြင့် အဝတ်အပြည့်အစုံနှင့် အိပ်တတ်ကြသဖြင့် သူမ အဝတ်လဲရန် မလိုခဲ့ပေ။ အပြင်သို့ ထွက်လိုက်သည်နှင့် နဥ်ရွှီ သဘောပေါက်လိုက်သည်မှာ ကြယ်များသည် ကောင်းကင်ယံ၌ ဆက်လက်ပြန့်ကျဲနေဆဲဖြစ်ပြီး လကလည်း အမြင့်၌ တည်ရှိနေကာ မှိန်ပျပျ လရောင်ဟာ သူမ၏ ကိုယ်ပေါ်သို့ ကျရောက်နေလျက် အရိပ်မည်းတစ်ခုကို ဖြစ်ပေါ်စေနေလေ၏။

နှစ်ရှည်လများစွာ ညဉ့်နက်သည်အထိ‌ နေဖူးသည့် သူမ၏ အတွေ့အကြုံအရ ထိုအချိန်သည် မနက် ၃ နာရီ သို့မဟုတ် ၄ နာရီဝန်းကျင်သာ ရှိဦးမည်ဖြစ်ပေသည်။ သို့ဆိုလျှင် သူမသည် ကျင့်ကြံရေးလောကသို့ ညသန်းခေါင်ယံတွင် ပြောင်းရွှေ့လာခြင်းလော။ ရိုးရိုးသားသားပြောရလျှင် ဤအချိန်တွင် ကျင့်ကြံရေးလောကသည် သူမ၏ ယခင်ကမ္ဘာကဲ့သို့ပင် တိတ်ဆိတ်လျက်ရှိနေ၏။ ပိုးမွှားသံ၊ တိရစ္ဆာန်သံများ မရှိဘဲ ထူးဆန်းလောက်အောင် တိတ်ဆိတ်နေလေ၏။

မှောင်မိုက်သော တောင်ကြားလမ်းတစ်လျှောက် လျှောက်ရင်း နဥ်ရွှီသည် သူမ၏ လက်မောင်းများကို ပွတ်သပ်ကာစဉ်းစားတွေးတောလျက် မေးလိုက်မိလေသည်၊ "ဆရာတူအစ်မ ဘယ်လိုသွားရမှာလဲ?"

သူမ၏ ဆရာတူအစ်မက ရှင်းပြလာ၏။ "တယ်လီပို့တဲ့ အစီအရင်ရှိတယ်။ အခမဲ့ပါပဲ။ ဒီနေ့တော့ နင့်ကို ငါလိုက်ပြပေးမယ်။ ဒါပေမဲ့ မနက်ဖြန်ကစပြီး နင်ဘာသာ နင်သွားရမယ်"

နဥ်ရွှီသည် သူ့ဆရာတူအစ်မနောက်သို့ လိုက်၍ တယ်လီပို့ခြင်း အစီအရင်သို့ရောက်သောအခါ ကျင့်ကြံသူအနည်းငယ် စုရုံးရောက်ရှိနေသည်အား တွေ့လိုက်ရ‌လေ၏။ အစောပိုင်းအတန်းအတွက် တက်ရမည့်နေရာသို့ ရောက်သည်နှင့် နဥ်ရွှီ သဘောပေါက်လိုက်သည်မှာ သူမသည် စောစောရောက်သည် မဟုတ်ဘဲ ကျင့်ကြံသူအများအပြားသည် တရားထိုင်နေနှင့်ပြီးဖြစ်ကြောင်းကိုပင်။

မနက်ခင်းအတန်းကို ကျယ်ဝန်းသော ပွင့်လင်းသည့်နေရာတွင် ကျင်းပပြီး၊ တစ်ချက်ကြည့်လိုက်ရုံနှင့် လူတစ်ထောင်နီးပါး ဆံ့ပေ၏။ ၎င်းက သူမသည် တပည့်အများအပြားရှိသည့် ဂိုဏ်းကြီးတစ်ခုသို့ ရောက်နေကြောင်းကို အတည်ပြုပေးလိုက်ချေသည်။ သူ့ ဆရာတူအစ်မ နောက်ထပ်ပြောလိုက်သည့် စကားက သူမ၏ ခန့်မှန်းချက်ကို ပိုမိုအတည်ပြုလိုက်လေ၏။

"ဒီနေ့ကစပြီး ဒီတစ်ခေါက်အသစ်ဝင်လာတဲ့ အပြင်ဂိုဏ်းတပည့်တွေနဲ့ အတွင်းဂိုဏ်းတပည့်တွေက ကျင့်ကြံမှုရဲ့ အခြေခံတွေကို စတင်သင်ကြားရမယ်"

တပည့်သစ်များ ဤမျှများပြားလျှင် တပည့်ဟောင်းများ မည်မျှများပြားလောက်မည်နည်း။

ထို့နောက် သူ့ဆရာတူအစ်မက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် နဥ်ရွှီကို မျက်နှာ အမူအရာရှုပ်ထွေးစွာဖြင့် ကြည့်ကာမေးလာသည်၊ "ညီမလေးနဥ်၊ နင် *ရှောင်ကျဉ်ဆေးကို မသောက်သေးဘူးလား?"

(T/N- ဆာလောင်ခြင်း သို့မဟုတ် အခြားမလိုလားအပ်တဲ့ ခံစားချက်တွေ ဖယ်ရှားပေးတာပါ)

နဥ်ရွှီ ခဏတာ ကြောင်အသွားပြီးမှ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ "ပထမဆုံး မနက်ခင်းအတန်းဆိုတော့ အရမ်းစိတ်လှုပ်ရှားနေတာနဲ့ မေ့သွားတယ်"

ထိုသို့ပြောရင်း သူမသည် ဂိုဏ်းတပည့်ဝတ်စုံ၏ ပွယောင်းသော အိတ်ကပ်ကို မွှေနှောက်ကြည့်လိုက်ရာ ခန့်မှန်းထားသည့်အတိုင်း ရှောင်ကျဉ်ဆေးပုလင်း တစ်ပုလင်းကို ဆွဲထုတ်ရရှိခဲ့သည်။ ထို့နောက်၌ တစ်လုံးယူ၍ မြိုချလိုက်လေ၏။ ထိုသို့ပြုလုပ်ပြီးသည်နှင့် ဆာလောင်ခြင်းဟူသည့် ခံစားချက်ဟာ လုံးဝပျောက်ကွယ်သွားပေ‌သည်။

တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ကွင်းပြင်တစ်ခုလုံးနီးပါး ပြည့်ကျပ်သွားလေတော့၏။

သူမ၏ ဆရာတူအစ်မက ကောင်းကင်ကို တစ်ချက်ကြည့်ပြီး ပြောလာသည်၊ "ညီမလေးနဥ်၊ အချိန်နီး‌နေပြီ။ ငါသွားတော့မယ်"

နဥ်ရွှီက ပြန်ဖြေလေ၏။ "ကျေးဇူးတင်ပါတယ် ဆရာတူအစ်မ"

ဤစိတ်ကောင်းရှိသော အစ်မကသာ လမ်းမပြခဲ့လျှင် နဉ်ရွှီတစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ကူကယ်ရာမဲ့‌နေမည်မှာအသေအချာပင်။

သူတို့၏ စကားဝိုင်းများမှ နဥ်ရွှီ သိခဲ့ရသည်မှာ ဤဆရာတူအစ်မသည် လွန်ခဲ့သည့် နှစ် ၃၀၀က သူမနှင့် ဂိုဏ်းတူ ညီအစ်မဖြစ်ကြောင်းကိုပင်။ ထိုမျှမပြောပလောက်သော တော်စပ်မှုလေးကြောင့်ပင် အစ်မသည် သူမအတွက် အစွမ်းကုန်ကြိုးစားခဲ့လေသည်။

သူ့ဆရာတူအစ်မက နဥ်ရွှီ၏ ပခုံးကို ပညာသားပါပါပုတ်၍ "ညီမလေးနဥ်၊ နင့်မှာ ဝိညာဉ်အမြစ် သုံးခုပဲ ရှိတယ်။ ဒါက ထူးခြားတဲ့ ပါရမီမဟုတ်ဘူး။ မထူးခြားရင် တစ်သက်လုံး အပြင်ဂိုဏ်းတပည့်အဖြစ်ပဲ နေရမှာ။ ကံကောင်းလို့ အကြီးအကဲဆရာသခင်တစ်ယောက်ယောက်က နင့်ကို သဘောကျခဲ့ရင်တော့ အတွင်းဂိုဏ်းကတပည့်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ”

သီးသန့်တပည့် သို့မဟုတ် *တံခါးပိတ်တပည့် ဖြစ်လာဖို့ဆိုသည်အား စဉ်းတောင် မစဉ်းစားတော့ချေနှင့်။

(T/N- လျှို့ဝှက်ပညာရပ်တွေသင်ပေးတာမျိုးလေ ပုံမှန်တပည့်တွေလိုမဟုတ်ဘဲ သင်ကြားပြသပေးတာကို အထူးခံယူနိုင်တဲ့တပည့်မျိုးပါ)

ဝိညာဉ်အမြစ် နှစ်ခုရှိသော ကျင့်ကြံသူများပင် အကြီးအကဲများ၏ တံခါးပိတ်တပည့် မဖြစ်နိုင်ရာ၊ ဝိညာဉ်အမြစ် သုံးခုရှိသော နဥ်ရွှီကား ပြောဖွယ်ရာ မရှိတော့ပေ။ ကျင့်ကြံခြင်းလောကသည် ရက်စက်ပြီး လက်တွေ့ကျသော နေရာတစ်ခုပင်။ လူများကို ကျင့်ကြံမှုအဆင့်၊ ပါရမီနှင့် (ကံကောင်းခြင်း)ကံကြမ္မာပေါ် မူတည်၍ စီရင်ဆုံးဖြတ်လေ၏။ ဝိညာဉ်အမြစ် သုံးခုသည် ဝိညာဉ်အမြစ် တစ်ခုရှိသည့်ပါရမီရှင်များထက် သူလွန်နိုင်စရာ အကြောင်းမရှိ‌ချေ။

သူမ၏ ဆရာတူအစ်မဟာ နွေးထွေးစွာ ပြုံးလျက် “နင်က အပြင်ဂိုဏ်းတပည့်ပဲ ဖြစ်နိုင်ပေမယ့် ဝိညာဉ်အမြစ်တောင် မရှိတဲ့သူတွေထက်တော့ အများကြီး သာနေပါပြီ။”

“မနက်ပိုင်းအတန်းတွေကိုပဲ အာရုံစိုက်နား‌ထောင်။ အကောင်းဆုံး ကြိုးစား!”

အပြင်ဂိုဏ်းတပည့်များအတွက် ၎င်းသည် အတွင်းဂိုဏ်းတပည့်များနှင့် နီးနီးကပ်ကပ် ထိတွေ့ပြီး အတူတကွသင်ခန်းစာများ ရယူနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးပင်။

မနက်ပိုင်းအတန်းသည် တစ်နှစ်ပတ်လုံး ကြာမြင့်လောက်မည်။ တစ်နှစ်ကြာပြီးနောက် အပြင်ဂိုဏ်းတပည့်များနှင့် အတွင်းဂိုဏ်းတပည့်များ၏ ကံကြမ္မာများ ကွဲပြားသွားပါလိမ့်မည်။

အတွင်းဂိုဏ်းတပည့်များသည် ပိုမိုအဆင့်မြင့်ပြီး အသေးစိတ် သင်ကြားပို့ချချက်များကို သင်ယူကြမည်ဖြစ်ပြီး၊ အပြင်ဂိုဏ်းတပည့်များသည် ဂိုဏ်းတာဝန်များကို စတင်ထမ်းဆောင်ကြရပေမည်။

သူမ၏ ဆရာတူအစ်မ ထွက်ခွာသွားပြီး မကြာမီတွင် သူမပြောခဲ့သော (စည်းကမ်း)တင်းကြပ်သည့် ဂိုဏ်းခေါင်းဆောင် ရောက်ရှိလာ၏။ သူ ကွင်းပြင်သို့ ခြေချလိုက်သည်နှင့် ယခင်က ဆူညံနေသော ရင်ပြင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့လေ၏။

ဂိုဏ်းခေါင်းဆောင်ဟာ အလွန် နုပျိုငယ်ရွယ်ဟန်ရှိပေသည်။ သူ၏ တိကျသောအသက်ကိုမူ မဆုံးဖြတ်နိုင်ပေ။ အများဆုံးဆိုလျှင် နှစ်ဆယ့်ရှစ် သို့မဟုတ် နှစ်ဆယ့်ကိုးနှစ်ခန့်သာ ရှိလောက်မည်ပုံရပြီး အလွန်ရုပ်ရည်ချောလှပါသည်။ တောင်ထိပ်သခင်၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်များကို ကျောနောက်တွင် ယှက်ထားသဖြင့် လောကီဒုက္ခများမှ ကင်းဝေးသောနတ်တစ်ပါး၏ ဟန်ပန်မျိုးရှိလေ၏။ သူ၏မျက်နှာပေါ်ရှိ လေးနက်သော အမူအရာမှလွဲ၍ပေါ့။

သူသည် အချိန်မဆွဲတော့ဘဲ ချက်ချင်း ပို့ချချက်များ စတင်ခဲ့တော့သည်။

ပြောပြမည်ဆိုလျှင် ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် သင်ကြားပို့ချခြင်းသည် ဂိုဏ်းဟာ အပြင်ဂိုဏ်းတပည့်နှင့် အတွင်းဂိုဏ်တပည့်များအပေါ် အရေးထား အလေးပေးသည်ဆိုသည်အား ပြသနေခြင်းပင်။ ယခင်နှစ်များက အပြင်ဂိုဏ်းတပည့်အချို့သည် မနက်ခင်းပိုင်းအတန်းများအတွင်း ထင်ရှားကျော်ကြားခဲ့ပြီး အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

သို့သော် နဥ်ရွှီသည် ထိုသို့သော အခွင့်အရေးကို သူမဖမ်းဆုပ်နိုင်လိမ့်မည်မဟုတ်ဟု ထင်မြင်မိပါသည်။

ဘာကြောင့်လဲဆိုလျှင် ဂိုဏ်းခေါင်းဆောင်၏ စကားလုံးများကို တစ်လုံးချင်းနားလည်နိုင်သော်ငြား သူတို့ စုပေါင်းလိုက်သည့်အခါ သူ့အတွက် ဘာတစ်ခုမှကို နားမလည်နိုင်သောကြောင့်ပင်။

‘အရမ်းနက်နဲတယ်။

အရမ်းရှုပ်ထွေးတယ်

နားလည်ဖို့လည်း အရမ်းခက်ခဲတယ်။

သူက သူ(မ)ကို တမင်တကာ ခက်ခဲအောင် လုပ်နေသလိုပဲ’

နဥ်ရွှီက မလုပ်ချင်ပါ​ချေ။ သို့သော်လည်း ဂိုဏ်းခေါင်းဆောင်၏ ပို့ချချက်ဟာ အရမ်းကို အိပ်ငိုက်စေနိုင်လွန်းသည်ကြောင့် သူမ အိပ်ချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့တော့ချေ။ သူမ အိပ်ပျော်လုနီးပါး ဖြစ်နေဆဲ၌ ရုတ်တရက် အသံတစ်သံထွက်ပေါ်လာ၏။

[ဖရဲသီးစားတဲ့စနစ်မှ ကြိုဆိုပါတယ်။ ဒီစနစ်မှာ တစ်နေ့ကို ဖရဲသီး(N)လုံး စားရမှာဖြစ်ပြီး အိပ်ချင်စိတ်တွေက နင်နဲ့ ဝေးကွာသွားပါလိမ့်မယ်။]

နဥ်ရွှီ ရုတ်တရက် လန့်နိုးသွားရသည်။ သူမ၏ အာရုံခံစားမှုများ အားလုံးမှာ ယခု လုံးဝ နိုးကြားလာခဲ့ပါတော့သည်။

‘ဘယ်သူပြောနေတာလဲ’

[ငါပါ၊ ငါပါ နင့်ရဲ့ သူငယ်ချင်းအသစ်လေး - ဖရဲသီးစားတဲ့စနစ်]

‘ကူးပြောင်းလာတာပဲဟာ၊ နောက်ထပ် ရွှေလက်ချောင်း တစ်ခုလောက် ရှိတာက သိပ်များတာမှ မဟုတ်တာနော်’

‘မများဘူး၊ လုံးဝ မများပါဘူး’

နဥ်ရွှီသည် ဖရဲသီးစားခြင်းစနစ် ရှိနေခြင်း၏ လက်တွေ့အခြေအနေကို လွယ်ကူစွာပင် လက်ခံခဲ့လေ၏။ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိချေ။ သူမ စနစ်နှင့် စကားပြောနေစဉ် လေထဲတွင် သင်ကြားပို့ချနေခဲ့သော ဂိုဏ်းခေါင်းဆောင်သည် သိမ်မွေ့စွာ ခေတ္တရပ်တန့်သွားပြီး သူမ၏ ပတ်ဝန်းကျင်မှ အခြားတပည့်များလည်း မသိစိတ်ကပင် “အံ့အားသင့်ခြင်း” ကို အတူတကွ ခံစားသွားရကြောင်း သူမ သတိမပြုမိလိုက်ချေ။

‘ဖရဲသီးစားတဲ့စနစ် ဟုတ်လား’

‘အဲဒါ ဘာလဲ’

ဂိုဏ်းခေါင်းဆောင်မှလွဲ၍ မည်သူမျှ စကားမပြောခဲ့ပေ၊ ဤအသံနှစ်မျိုးကို သူတို့ အဘယ်ကြောင့် ကြားနေရသနည်း။ ၎င်းအသံများက ဘယ်ကရောက်လာရသနည်း။

ဝတ္ထုပေါင်းများစွာကို ကျွမ်းကျင်သော နဥ်ရွှီမှာ ဖရဲသီးစားခြင်းစနစ်သည် မည်သည့်အတွက် ဖြစ်သည်ကို ၎င်းကိုယ်တိုင် မိတ်ဆက်ပေးရန်ပင် မလိုဘဲ ချက်ချင်း နားလည်လိုက်ချေသည်။

ဖရဲသီးစားခြင်းစနစ်သည် ဤကဲ့သို့သော ကျင့်ကြံခြင်းလောကတွင် အနည်းငယ် အသုံးမဝင်သလို ထင်ရသော်လည်း ဘာမှမရှိခြင်းထက်တော့ ပိုကောင်းသည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းသည် အလွန်ပျင်းရိဖွယ်ကောင်းနေ၏။

'သေချာပေါက် အကြီးစားဖရဲသီးတွေ လိုအပ်တာပေါ့’

နဥ်ရွှီ အနည်းငယ် ပြုံး၍ “ဒီလိုဆိုရင်တော့ ငါ လုံးဝ မအိပ်ချင်တော့ပါဘူး။”

သူမမှာ မအိပ်ချင်ရုံသာမက ယခု အလွန်စိတ်လှုပ်ရှားနေ၏။ ဂိုဏ်းခေါင်းဆောင်၏ ပို့ချချက်ကို သူမ နားမလည်နိုင်သည်ဖြစ်ရာ ဖရဲသီးစားခြင်းစနစ်ကို အချိန်ကုန်တာတန်ဖိုးရှိအောင် အသုံးပြုလိုက်လျှင် ပိုကောင်းပေမည်။

“ဟေ့၊ ငါ့ရဲ့ ဖရဲသီးသူငယ်ချင်းလေး။ အခု မျှဝေစရာ ဖရဲသီး ရှိလား။”

ထိုအခါ ဖရဲသီးစားခြင်းစနစ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလာ၏။ [ရှိပါတယ်။]

နဥ်ရွှီ မစောင့်နိုင်တော့ဘဲ “လာ မြန်မြန် ငါ့ကို နားထောင်ခွင့်ပေးပါဦး။”

သူမ ထိုသို့ပြောလိုက်သည်နှင့် လေထုအလယ်တွင် ပေါ်နေသော ဂိုဏ်းခေါင်းဆောင်သည် သူ၏မျက်ခုံးများကို အနည်းငယ် တွန့်ချိုးလိုက်ချေ၏။ မသေမျိုးတစ်ဦးဖြစ်သဖြင့် သူက မျက်တောင်တစ်ခတ်အတွင်းမှာပင် လူထောင်ပေါင်းများစွာထဲကမှ စကားပြောနေသည့်သူကို ဖော်ထုတ်နိုင်ခဲ့လေသည်။

သို့သော် သူသည် ဖရဲသီးစားခြင်းစနစ်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မသိရှိခဲ့ပေ။

ဤမျှ ထူးဆန်းနက်နဲသောအရာသည် ဂိုဏ်းအား ကံဆိုးခြင်းများ သယ်ဆောင်လာနိုင်မည်လော။ ထို့ပြင် ထိုသို့သော ထူးခြားသည့်အရာကို ပိုင်ဆိုင်ထားသော နဥ်ရွှီ၏ နောက်ခံကား အဘယ်နည်း။

ဤအရာအားလုံးသည် မသိရှိရသေးပေ။

ဖရဲသီးစားခြင်းစနစ် က စိတ်လှုပ်ရှားစွာ ပြောလာ၏။

[ဒီ‌နေ့အတွက် စားရမယ့်အကြီးစားဖရဲသီးက အခုသင်ကြားပေးနေတဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ ဆက်စပ်နေတယ်]

နဉ်ရွှီ: “အို? ပြောပြပါဦး”

ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်မိလေ၏။ သူ၏ သင်ကြားမှု အရှိန်ကို နှေးလိုက်ချေသည်။ ၎င်း ဖရဲသီးစားခြင်းစနစ်ဟာ မည်သည်ကို ပြောပြနိုင်မလဲဆိုသည်အား သူနားထောင်ချင်ပါသေးသည်။

ဖရဲသီးစားခြင်းစနစ်ကတော့ အချိန်ဆွဲမနေဘဲ ဝမ်းသာအားရပြောလေ၏။

[ဂိုဏ်းခေါင်းဆောင် ရဲ့ “ဈေးပေါတဲ့သား” အကြောင်းပဲ။ သူက သူ့သားအဖြစ်နဲ့ နှစ် ၈၀၀ ကြာအောင် မွေးထားခဲ့တာ။ ကလေးက သူ့ရဲ့ သွေးသားအရင်းလို့ သူထင်ခဲ့တာ။ ဒါပေမယ့် သူ မသိခဲ့တာက ဒါဟာ သူ့ရန်သူတော်ရဲ့ ပရိယာယ်သက်သက်ပဲ။ နှစ် ၈၀၀ ကြာအောင် အကောင်းဆုံးအရင်းအမြစ်တွေ၊ ဂရုစိုက်မှုတွေ၊ ကာကွယ်မှုတွေပဲ သူ့သားကို သူ ပေးခဲ့တယ်။ သူက ကောင်းတဲ့အဖေတစ်ယောက်ဖြစ်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ လိမ်လည်ခံရတဲ့ သနားစရာ လူအကြီးတစ်ယောက်ပဲ]

နဥ်ရွှီက နတ်တစ်ပါးသဖွယ် ဖြစ်ဟန်ရှိသော ဂိုဏ်းခေါင်းဆောင်ကို အံ့ဩစွာဖြင့် ကြည့်လိုက်မိတော့သည်။ သူမ မယုံနိုင်ခဲ့ပေ။ တင်းကြပ်ပြီး ဖြောင့်မတ်သော ဂိုဏ်းခေါင်းဆောင်သည် တကယ်တမ်းတွင်တော့ ဤမျှ အယုံလွယ်သော လူအတစ်ဦးဖြစ်နေခဲ့သည်။

သူမ ပင့်သက်ရှိုက်ကာ ဆိုလေ၏။ “လောကမှာ ဒီလို သနားစရာကောင်းတဲ့ လူ တကယ်ရှိလို့လား။”

[ရှိတာပေါ့။ တကယ်တော့ ဂိုဏ်းခေါင်းဆောင်ရဲ့ “ဈေးပေါတဲ့သား” က သူ့ရဲ့ မူရင်းဇစ်မြစ်ကို သိနေနှင့်ပြီးသား။ သူက ဂိုဏ်းခေါင်းဆောင်ရဲ့ ရန်သူတော်နဲ့ လျှို့ဝှက်ပြီး နှစ်ပေါင်းများစွာ အဆက်အသွယ် လုပ်ခဲ့တာ။]

နဥ်ရွှီ လျှာဖျားအား တီးခေါက်လိုက်ကာ(ကျစ်ဆိုပြီး လုပ်လိုက်ကာ) “ဂိုဏ်းခေါင်းဆောင်က တစ်ခါမှကို မသိခဲ့တာလား။”

[ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူက အချိန်တိုင်း မသိအောင် ဖုံးကွယ်ခံထားရတာ။ သူက အတာ မဟုတ်ဘူး၊ သူ့ရန်သူက အရမ်းထူးချွန်တာ။ “ဈေးပေါတဲ့သား” ကို တွေ့တုန်းက သူ့ရဲ့ သွေးသားကို စစ်ဆေးခဲ့ပေမယ့် သူ့ရန်သူက လှည့်ကွက်သုံးပြီး ဖုံးကွယ်ခဲ့တာလေ။ အဲဒီနောက် နှစ်၈၀၀ ကြာအောင် သူ လိမ်လည်ခံခဲ့ရတာပဲ။]

နဥ်ရွှီ ပင့်သက်ရှိုက်၍ “ဆိုးရွားလိုက်တာ၊ ဆိုးရွားလိုက်တာ။ ဒါက ရှစ်နှစ်လည်း မဟုတ်၊ နှစ်ရှစ်ဆယ်လည်း မဟုတ်။ နှစ်ပေါင်းရှစ်ရာတောင်!”

အချည်းနှီး ကြိုးစားခဲ့ရတာ နှစ်၈၀၀ တောင်ပင်။ အသေးစိတ်ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့ရတာ နှစ်ပေါင်း ၈၀၀ တောင်ဖြစ်၏။ အရင်းအမြစ်တွေအစွမ်းကုန်ပေးကမ်းခဲ့ရတာ နှစ်ပေါင်း ၈၀၀တောင် ​ဖြစ်လေရာ ၊ ထိုသို့ရလဒ်မျိုးကို မည်သူက ဝမ်းနည်းစရာ မကောင်းဘူးဟု ပြောနိုင်မည်နည်း။

နဥ်ရွှီ မသိခဲ့သည်မှာ သူမသည် စနစ်နှင့် စကားပြောနေစဉ် ယခင်က တည်ငြိမ်နေခဲ့သော ဂိုဏ်းခေါင်းဆောင်၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခြင်းကိုပင်။ သူမသည် အတင်းအဖျင်းများ၌ ပျော်ရွှင်နေစဉ် ဂိုဏ်းခေါင်းဆောင်၏ မျက်နှာသည် မိုးရိပ်များ စုဝေးနေသကဲ့သို့ မှောင်မဲသွားကာ ထိတ်လန့်စရာကောင်းလှ၏။ တပည့်များ မတုံ့ပြန်လိုက်မီပင် သူသည် လေနှင့်အတူ လျင်မြန်စွာ လှည့်ထွက်သွားခဲ့တော့သည်။

ထူးဆန်းပြီး နားခါးသော ရှေးဟောင်းကျမ်းစာများ ရပ်တန့်သွားသဖြင့် နဥ်ရွှီ အံ့ဩစွာ မော့ကြည့်လိုက်သောအခါ သင်ကြားပို့ချနေခဲ့သော ဂိုဏ်းခေါင်းဆောင်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ သူမသည် လျင်မြန်စွာ ထွက်ခွာသွားသည့် မှိန်ဖျော့သော သူ၏ ကျောပြင်ကိုသာ မြင်လိုက်ရ၏။

သူမ ပတ်ပတ်လည်ကို အံ့အားသင့်စွာ ကြည့်လိုက်တော့သည်။ သူမ၏ ဂိုဏ်းတူတပည့်အပေါင်းအပါများသည် တိတ်ဆိတ်စွာ (ကျင့်ကြံ)တရားထိုင်နေကြပြီး အသံတစ်ချက်ပင် မပေးဝံ့၊ ပတ်ပတ်လည်ကိုပင် မကြည့်ဝံ့ကြပေ။

နဥ်ရွှီက တိတ်ဆိတ်မှုကြောင့် အနှောင့်အယှက် မဖြစ်ဘဲ သူမ၏ စနစ်အား လှည့်မေးလိုက်လေ၏။ “ဂိုဏ်းခေါင်းဆောင်က အိမ်သာသွားတာလား၊ ဒါမှမဟုတ် တစ်ခုခုကြောင့်လား။”

ထိုအတွေးကို ကြားလိုက်ရသော အခြားတပည့်များ: ‘သူမ တကယ်ပဲ ဒီလိုမေးလိုက်တာလား’

………

အခန်း (၂)

ဂိုဏ်းခေါင်းဆောင် ထွက်ခွာသွားသောအခါ သူသည် ဤနေရာသို့ ပြန်ကိုမလာတော့ချေ။ ထို့ကြောင့် တပည့်များစွာသည် သူ၏တည်နေရာနှင့် ထိုနေရာမှ အခြေအနေအပေါ် မရေမရာဖြစ်ကာ သိလိုစိတ်များဖြစ်ပေါ်နေခဲ့ကြကုန်သည်။

အရာအားလုံး၏ အဓိကတရားခံကတော့ မည်သည်မျှမသိခဲ့ချေ။

နဥ်ရွှီက မိုးကောင်းကင်ကို ပျင်းရိစွာ ကြည့်လိုက်၏။ သူမ ပထမဆုံးရောက်ရှိလာချိန်က ကောင်းကင်သည် ကြယ်များဖြင့် မှောင်နေဆဲဖြစ်သော်လည်း ယခုအခါ နေအပြည့်ထွက်နေပြီဖြစ်ကာ ပြောထားသည့် အခြေခံကျင့်ကြံမှုအတန်းက‌တော့ မရှိတော့ပေ။ အခြေခံများမှာ ပျင်းရိဖွယ်ကောင်းပြီး နားလည်ရခက်ခဲသော်လည်း ဘာမှမလုပ်ဘဲ စောင့်နေရခြင်းထက်မူ ပိုကောင်းလှပါသည်။ သူမသည် ဖရဲသီးစားခြင်းစနစ်အား မေးမြန်းလိုက်ချေသည်။ “သူ ဘာလို့ ဒီလောက်ကြာနေတာလဲ။ ဒါမှမဟုတ်…”

လူအုပ်ကြီးက ချက်ချင်း နားစွင့်လာကြတော့သည်။ နောက်ဘာဆက်ဖြစ်မလဲဆိုသည်ကို သိချင်နေကြသည့်ပုံပင်။

‘အရေးကြီးတဲ့ ကိစ္စများလား။ သူတို့ကို ချန်လျပ်မထားပါနဲ့ဦး’

နဥ်ရွှီ ခဏစောင့်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလာ၏။ “သူ *လှန်ပစ်လိုက်ပြီလား။”

(T/N- Eက ရှင်းပြထားတာက - ရုတ်တရက်မမျှော်လင့်ဘဲ ကျဆုံးတာ ဒါမှမဟုတ် ပြောင်းပြန်ဖြစ်တာစတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။ ဒီအခြေအနေမှာ အခြေအနေတစ်ခု မှားယွင်းသွားတာ၊ ပျက်စီးသွားတာ ကျရှုံးတာ စတဲ့ သဘောကို ဖော်ပြပါတယ်)

‘လှန်ပစ်လိုက်ပြီလား။ ဘာကို ဆိုလိုတာလဲ။ ဘယ်ကို လှန်ပစ်တာလဲ။’

တပည့်များ၏စိတ်ထဲတွင် စကားလုံးတစ်လုံး လင်းလက်သွားချေသည် — ‘အိမ်သာကိုလား’

‘မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါက နတ်ဘုရားအသွင်ပြောင်းအဆင့်မှာရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ဦးပဲ၊ သာမန်လူ မဟုတ်ဘူး’

(T/N- သာမန်မဟုတ်လို့ မကျရှုံးဘူး၊ သူတို့က လှန်ပစ်တာရဲ့ဆိုလိုရင်းကို မသိလို့ အဲ့လိုပြောနေတာ)

‘ဘယ်သူမဆို ကျရှုံးလို့ရတယ် ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ကတော့ လုံးဝမရဘူးပဲ၊ ခဏလေး၊ သူက အစားအသောက်ပါ စွန့်လွှတ်တဲ့အထိ ကျင့်ကြံထားပြီးပြီဆိုတော့ ဘယ်လိုလုပ် ရုတ်တရက်အိမ်သာသွားဖို့ လိုအပ်မှာလဲ။ (လှန်ပစ်တာ)ကျရှုံးတာက သူနဲ့ ဘာမှမဆိုင်ဘူး။’

သူမ၏ ဂိုဏ်းတူတပည့်များ တီးတိုးပြောဆိုနေကြစဉ် နဥ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောနေနှင့်ပြီး ဖြစ်ပေသည်။

[သူကိုယ်တိုင် လှန်ပစ်လိုက်တာကိုပြောတာ မဟုတ်ဘူး။ နင်က လှန်ပစ်တယ်ဆိုတာကို ကျရှုံးပြိုလဲတယ်လို့ ဆိုလိုရင်တော့ ဟုတ်တယ်၊ သူ့ရဲ့ ဈေးပေါတဲ့သား က သေချာပေါက် ကျရှုံးနေခဲ့ပြီ။ အဲဒီနေရာက ပတ်ဝန်းကျင်ကလည်း တော်တော်လေး တင်းမာနေတယ်။]

ဖရဲသီးစားခြင်းစနစ်က ‘တင်းမာနေတယ်’ ဟူသော စကားလုံးကို အသုံးပြုခဲ့သော်လည်း ၎င်း၏လေသံသည် ‘တင်းမာမှု’ နှင့် ကိုက်ညီပုံမရချေ။

ထိုစနစ်သည် ဤဒရာမာကို သာယာနေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။

ထိုစဥ် နေက ပိုမြင့်လာပြီး လုပ်စရာ ဘာမှမရှိသောကြောင့် နဥ်ရွှီ အနည်းငယ်ပိုစိတ်ဝင်စားသွားခဲ့သည်။ အနည်းဆုံးတော့ သူမသည်ဘာမှမလုပ်ဘဲ ထိုင်နေရသည့် သူမ၏ တပည့်အပေါင်းအပါများထက် ပိုကံကောင်းလှပါသည်။ သူမသည် ဖရဲသီးစေ့စားရင်း အချိန်ဖြုန်းကာ အနားယူနိုင်သေးပါ၏။

“အို၊ နင် သိတာလား။”

[သိတာပေါ့။]

ဂိုဏ်းခေါင်းဆောင်၏ သားဘာကြောင့် အစောပိုင်းက မဟုတ်ဘဲအခုမှ ကျရှုံးသွားရတာလဲဆိုသည်အား သူမ မသိသော်ငြား သူမ စိတ်ထဲမထားချေ။ နဥ်ရွှီက သိပ်ဂရုမစိုက်ခဲ့ပေ။

ဖြစ်နိုင်သည်က ဂိုဏ်းခေါင်းဆောင်သည် ဉာဏ်ရည်ဉာဏ်သွေး ရုတ်တရုက်တက်လာပြီး သူ၏ ဈေးပေါသည့်သားနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပြီဆိုသည်အား သိရှိသွားကာ နှစ် ၈၀၀ ကြာ ဖုံးကွယ်ထားသော အမှန်တရားကို ဖော်ထုတ်လိုက်ခြင်းလား။ မည်သို့ဆိုစေကာမူသူက နတ်အဖြစ်သို့ပြောင်းလဲခြင်းအဆင့် မသေမျိုးတစ်ဦးပင်။ ကျင့်ကြံခြင်းလောက၌ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးပင်။ ၎င်းအမှန်တရားကို ဆက်ဖုံးကွယ်ထားလို့ ရတော့မည်မဟုတ်ချေ။

ဖရဲသီးစားခြင်းစနစ်၏ တုံ့ပြန်မှုမှ နဥ်ရွှီသည် စိတ်ဝင်စားစရာ တစ်စုံတစ်ရာကို ခံစားမိလိုက်၏။ “နင် တိုက်ရိုက်ထုတ်လွှင့်တာတောင် လုပ်နိုင်ပုံရတယ်နော်။ လာပါဦး၊ ငါ့ကို တိုက်ရိုက်ထုတ်လွှင့်တာလေး ဝေမျှပေးပါလား။”

ထိုစနစ်က သူမအား ယခင်စကားကိုဆက်မပြောပဲ နောက်တစ်ခုဆိုလာ၏။

[မရသေးဘူး၊ နင့်ကို သတင်းကောင်းနဲ့ သတင်းဆိုး အရင်ပြောပြမယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ။]

နဥ်ရွှီ ပခုံးတွန့်လျက် “သတင်းဆိုး ကို အရင်ပြောပါ။”

[သတင်းဆိုး ကတော့ ဖရဲသီးစေ့စားတာ က ဝိညာဉ်စွမ်းအင် လိုအပ်တယ်။]

နဥ်ရွှီ မျက်တောင်ခတ်လိုက်ကာ “ဟင်။ ဝိညာဉ်စွမ်းအင် ဟုတ်လား။ အဲဒါ ဘာကို ဆိုလိုတာလဲ။”

[ပြောတဲ့အတိုင်းပဲ ဆိုလိုတာ။ နင် အရင်ကထက် နည်းနည်း ပိုပင်ပန်းတာမျိုး မခံစားရဘူးလား။]

သေချာဂရုတစိုက် ကြည့်ရှုလိုက်သောအခါ နဥ်ရွှီသည် သူမကိုယ်သူမ အနည်းငယ် ပိုပင်ပန်းလာသည်ကို သတိပြုမိလိုက်ပေ၏။ သို့ဆိုလျှင် ဖရဲသီးစေ့စားနေစဉ် သူမ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးနေခြင်းပင်လား။

[နင်က ဝိညာဉ်စွမ်းအင်တွေကို စုဆောင်းထားပြီးသား ဖြစ်ပေမယ့် နင့်ခန္ဓာကိုယ်ထဲမှာ အများကြီးမရှိဘူး။ အဲဒါ ကုန်သွားတာနဲ့ ငါ နင်နဲ့ အချိန်မရွေး အဆက်အသွယ် ပြတ်တောက်သွားနိုင်တယ်။]

နဥ်ရွှီ တုန်လှုပ်သွားချေသည်။ “ဟင်။ အိုး၊ ဒါဆို မြန်မြန် သတင်းကောင်း ပြောပါဦး။”

‘ ဒီ သတင်းဆိုးက တကယ်ဆိုးတာပဲ။ ဖရဲသီးစေ့ စားရုံနဲ့ ကျင့်ကြံမှုကို ပိုလုပ်ရတော့မယ်ပေါ့။ မဟုတ်ရင် ဖရဲသီးတောင် စားနိုင်တော့မှာ မဟုတ်ဘူးဟ’

ဖရဲသီးစားခြင်းစနစ်က ပြန်လည်ဖြေဆိုလာ၏။ [သတင်းကောင်း ကတော့ နင် အခြေတည်ဝိညာဉ်တည်သွားပြီးသွားရင် ဖရဲသီးစားနေတဲ့ မြင်ကွင်းတွေက နင့်စိတ်ထဲမှာ အချိန်နဲ့တစ်ပြေးညီတိုက်ရိုက် ပေါ်လာလိမ့်မယ်။]

နဥ်ရွှီ: ???

‘အချိန်နဲ့တစ်ပြေးညီ ပြသနိုင်တာလား’

“အို၊ တီဗီကြည့်ရသလိုမျိုးပေါ့။”

[အတိအကျပဲ။]

‘ဒါက အံ့သြစရာပဲ။ ဒီလို စိတ်ကူးမျိုး ဘယ်ဉာဏ်ကြီးရှင်လေးက စဉ်းစားခဲ့တာလဲ’

‘ဖရဲသီးစားတဲ့စနစ်က တကယ့်ကို ထူးဆန်းတဲ့ သတ္တဝါပဲ။ သူ့စိတ်ထဲကို တိုက်ရိုက် ထုတ်လွှင့်နိုင်တာလား’

ပထမတော့ နဥ်ရွှီဟာ ကျင့်ကြံရန်စိတ်အားထက်သန်ခြင်း မရှိခဲ့ပေ။ အဓိကအားဖြင့် သူမက ယခုမှ ကူးပြောင်းလာခြင်းဖြစ်ပြီး ဤလောကထဲသို့ တကယ် စိတ်နှစ်ဝင်ခြင်းမရှိသေးပေ။ ပြင်ပက လာသူတစ်ယောက်အနေနှင့် သူမက ကင်းကွာနေသလို ခံစားရမိပြီး အာကာသထဲ၌ လွင့်မျော‌နေသည့်အလားပင်။ တိုတိုပြောရလျှင် သူမ ဤလောကနှင့် အပြည့်အဝ ပေါင်းစည်းမဝင်ရောက်နိုင်သေချေ။

သို့သော် ၎င်းသတင်းကောင်းကို ကြားပြီးနောက် သူမ စိတ်အားထက်သန်လာခဲ့တော့သည်။

‘ဒါက ဒရမ်မာကြည့်ရတာထက် ပိုစိတ်လှုပ်ရှားဖို့ ကောင်းတာ မဟုတ်ဘူးလား။’

တပည့်များက တီဗီဆိုတာ ဘာမှန်း မသိခဲ့ကြသော်လည်း နဥ်ရွှီ၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့ကြသည်။ ဆိုလိုသည်မှာ သူမသည် အခြားနေရာတစ်ခုတွင် ရှိနေသော်လည်း အခြားနေရာများတွင် ဖြစ်ပျက်နေသည်များကို မြင်နိုင်သေးသည်ဟု ဆိုလိုခြင်းပေလော။

‘ဒီ ဖရဲသီးစားတဲ့စနစ်က တိတိကျကျ ဘာလဲ။’

‘ဘာလို့ ဒီလောက်တောင် ထူးခြားဆန်းကြယ်နေရတာလဲ။’

၎င်းသတင်းကောင်းကြောင့် နဥ်ရွှီ အပြည့်အဝ ကျေနပ်သွားခဲ့သည်။ “ဒါဆို ဖရဲသီးစေ့ ဆက်စားကြရအောင်။”

[ကောင်းပြီ၊ ကောင်းပြီ။]

[ဂိုဏ်းခေါင်းဆောင်က သူ့ရဲ့ ဈေးပေါတဲ့သားကို သွားရှာတဲ့အခါ သားအတုက နောက်ကတောင်တွေမှာပျော်ပါးနေတာလေ။ အဟမ်း၊ ဂိုဏ်းခေါင်းဆောင် ရူးသွပ်သွားပါလေရော၊ ပုံမှန်ဆို ဒီအချိန်ဆို ဂိုဏ်းခေါင်းဆောင်က အလုပ်များနေတာနဲ့ သူ့သားအတု ပျော်နေတာကို သူ တစ်ခါမှသတိမထားမိဘူးလေ။ သူ့သားအတုက ဓားပညာရပ်ကိုမနားတမ်း ကြိုးစားလေ့ကျင့်နေတယ်လို့ပဲ အမြဲထင်ခဲ့တာ။]

[ဒီနေ့ သားအတုကိုအဖော်ပြုပေးနေတာ ဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်အရင်းပဲ။]

နဥ်ရွှီ: “ဟင်၊ ဟင်၊ ဟင်???”

‘တပည့်တစ်ဦးနဲ့ ဈေးပေါတဲ့သား…’

‘ဒါက ပိုပြီး *စပ်လာသလိုပဲ။’

(T/N - စိတ်ဝင်စားစရာကောင်း၊ ရင်ခုန်စရာကောင်း၊ သို့မဟုတ် အရှုပ်တော်ပုံများစွာ ပါဝင်သည့် အခြေအနေကို ဖော်ပြ)

နဥ်ရွှီက မေးလာသည်။ “သူ့ကို ကိစ္စတော်တော်များများနဲ့ပတ်သက်ပြီး အမှောင်ချထာခဲ့ပုံရတယ်နော်။ ဈေးပေါတဲ့သားက သူ့ကို အကြာကြီးလိမ်ညာခဲ့တာလား။”

‘ကြည့်ရတာ ဂိုဏ်းခေါင်းဆောင် နှစ် ၈၀၀ ကြာ အမှောင်ချခံထားရတာက မတော်တဆ မဟုတ်ဘူးပဲ။ သူ့သား ဘာတွေလုပ်နေလဲဆိုတာတောင် မသိဘူးဆိုတော့ ဂိုဏ်းခေါင်းဆောင် က အရမ်းလှည့်စားရလွယ်ခဲ့တာ ဖြစ်ရမယ်။’

အခြားတပည့်များ: ‘ဒါကိုတောင် နားထောင်လို့ ရတာလား။ ပြီးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် အဆင့်ကျင့်ကြံသူကို ဒီလိုပြောတာ တကယ် အဆင်ပြေရဲ့လား။’

[ပြီးတော့… ကျန်တာ… တွေ..လာတော့မယ်…]

ဤနေရာမှာ ဖရဲသီးစားစနစ်ဟာ စကားထစ်လာခြင်းဖြစ်ပေသည်။

နဥ်ရွှီက မေးလာ၏။ “ဘာဖြစ်တာလဲ။”

[စိတ်မကောင်း..ပါဘူး… နင့်ရဲ့… ဝိညာဉ်စွမ်းအင်က ကုန်…တော့မယ်…]

နဥ်ရွှီသည် မူရင်းကိုယ်ခန္ဓာ၏ မှတ်ဉာဏ်အချို့ကို ပြန်လည်ရရှိလာခဲ့ပြီး သူမ၏ ဝိညာဉ်စွမ်းအင်များ တကယ်ပင် နည်းပါးနေပြီဖြစ်ကြောင်း သတိပြုမိလိုက်မိသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ သိုလှောင်အိတ်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ခုကို ထုတ်ယူကာ သူမ၏မှတ်ဉာဏ်များက ညွှန်ကြားထားသည့်အတိုင်း စုပ်ယူလိုက်လေသည်။ သူမ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်လာသည်နှင့်အမျှ စနစ်၏ စကားထစ်မှုများ ရပ်တန့်သွားသည်မှာ အသေအချာပင်။

နဥ်ရွှီက ပြောလေ၏။ “နင်က ဝိညာဉ်စွမ်းအင် စားတဲ့ စက်ကြီးပဲနော်။”

‘သူက ဖရဲသီးစေ့လေးကိုပဲ ခဏလေး စားရသေးတာကို၊ သူ့ရဲ့ စွမ်းအင်တွေ ကုန်လုနီးပါး ဖြစ်သွားပြီ’

စနစ်က ပြန်မဖြေဘဲ ဒရမ်မာကို ဆက်လက် ဝေမျှပေးသည်။ [ဈေးပေါတဲ့သားက ဆင်ခြေတွေ စတင်ပြောလာတယ်။ ခဏတာတော့ အလှကြောင့် အယောင်ယောင်အမှားမှား ဖြစ်သွားတာလို့ ပြောတာ‌ပေါ့။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်က တစ်ခွန်းမှ နားမထောင်ဘဲ သူ့သားအတုရဲ့ နှလုံးသွေးကို မိဘအရင်းဟုတ် ၊ မဟုတ် စစ်ဆေးဖို့ တိုက်ရိုက်ယူလိုက်တယ်လေ။]

နဥ်ရွှီသည် ဖရဲသီးစေ့ သို့မဟုတ် ဆိုဒါမပါသည်ကို နည်းနည်း နောင်တရမိပါသည်။ ထိုအရာမျာသာ ရှိရင် ပိုပျော်မိမှာပင်။ ယခု ဖရဲသီးစေ့ မပါခြင်းဟာ ပျော်ရတာ အနည်းငယ်လျော့သွားသော်ငြားလည်း ၎င်းက ဖရဲသီးဖြစ်နေသေးတော့ သိပ်လည်း ညည်းညူလို့ မရချေ။

……..

တောင်များဆီသို့ ပြန်သွားသောအခါ မြင်ကွင်းသည် ရှုပ်ထွေးနေခဲ့သည်။

ဂိုဏ်းခေါင်းဆောင်၏ ဈေးပေါသည့်သားဟာ သူ့ဘေးရှိ အလှပဂေးလေးကို ရိုက်ထုတ်လိုက်ချေသည်။ သူ၏ နှလုံးသွေးကို ယူသွားသည်ကို မြင်သောအခါ သူ ကြောက်လန့်သွားခဲ့မိသည်။ “အဖေ၊ ဘာလုပ်တာလဲ။ ဘာလို့ ရုတ်တရက် ကျွန်တော့် နှလုံးသွေးကို ယူသွားတာလဲ။”

နှလုံးသွေးသည် အခြားသွေးများနှင့် မတူပေ။ ၎င်း၏ တစ်စက်ဆုံးရှုံးခြင်းသည် ကျင့်ကြံသူတစ်ဦးအတွက် နှစ်ပေါင်းများစွာ ပြန်လည်နာလန်ထူရန် လိုအပ်သည်ကို ဆိုလိုပေသည်။

နှလုံးသွေးတစ်စက်ပင် ဆုံးရှုံးခြင်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူအတွက်ပင် အရေးကြီးသော ကိစ္စဖြစ်ပါသည်။

ဂိုဏ်းခေါင်းဆောင်သည် သူ၏ဈေးပေါသည့်သားအား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီးနောက် သူကိုယ်တိုင်၏ နှလုံးသွေးကိုလည်း ထုတ်ယူလိုက်၏။

နောက်တစ်စက္ကန့်တွင် သူ၏မျက်လုံးများ ကျယ်လာပြီး မပေါင်းစည်းနိုင်သော နှလုံးသွေးနှစ်စက်ကို ကြည့်လိုက်သည်။ အချိန်အကြာကြီး တွေဝေစွာ စိုက်ကြည့်ပြီးနောက် သူ ရုတ်တရက် မိုးပေါ်မော့ကြည့်ကာ ကျယ်လောင်စွာ ရယ်မောမိလေ၏။ ရယ်မောရင်း သူ၏ မျက်လုံးများမှ မျက်ရည်များ စတင်ကျဆင်းလာခဲ့တော့သည်။

သူသည် ဘဝတစ်လျှောက်လုံး သူ့ကိုယ်သူဉာဏ်ကြီးရှင်ဟု ထင်မှတ်ခဲ့သော်လည်း သူသည် လူတိုင်း၏လှည့်စားခြင်းကိုခံခဲ့ရသော လူအတစ်ဦး ဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။

ဂိုဏ်းခေါင်းဆောင်သည် သူ၏ဈေးပေါသည့်သားဘက်သို့ လှည့်လာလေ၏။

သူတို့သည် အပြည့်အဝ နှစ် ၈၀၀ ကြာ အတူတူရှိခဲ့ပေသည်။ ရှစ်ရက် မဟုတ်၊ ရှစ်နှစ် မဟုတ်၊ နှစ် ၈၀၀သာတိတိပင်။

သူသည် သူ့အား အလွန်ဂရုတစိုက် ပျိုးထောင်ခဲ့သည်။ သူ့အား ကောင်းစွာ မပျိုး‌ထောင်နိုင်မည်ကို အမြဲကြောက်ရွံ့ခဲ့မိသည်။

သူ၏ ဈေးပေါသည့်သား၏ ဝိညာဉ်အမြစ်သည် ထူးခြားခြင်းမရှိဘဲ အလွန်ညံ့ဖျင်းသော ဝိညာဉ်အမြစ်လေးခုသာ ဖြစ်ပေသည်။

သူ့အား နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိစေရန် ဂိုဏ်းခေါင်းဆောင်သည် အရာအားလုံးကို ပေးဆပ်ခဲ့သည်ဟု ပြောလို့ရပါသည်။

နတ်ဝိညာဉ်ဆေးလုံးရရှိရန်အတွက် သူသည် အဆင့်ရှစ် ဆေးဖော်သူကိုပင် ရှာဖွေကာ တောင်းဆိုခဲ့ရလေသည်။

ယခုအခါမှာတော့ ဝိညာဉ်အမြစ်လေးမျိုးရှိသော ကလေးတစ်ယောက်ကို သူ ပြုစုပျိုးထောင်ပြီး အရင်းအမြစ်တွေ အများကြီးပေးခဲ့မိတာကြောင့် ထိုကလေးမှာလည်း နတ်ဝိညာဉ်အဆင့်အထိပင် ရောက်လာခဲ့လေ၏။ ယခုမှာမူ သူက တခြားသူ၏ ကလေးကို ပျိုးထောင်ထားခဲ့သည်အား သိခဲ့ရသည်။

‘ဒါဆို သူ့ရဲ့ တကယ့်သားအရင်းက ဘယ်ရောက်သွားလဲ။ (သေသွား)ပျောက်ကွယ်သွားတာလား၊ ဒါမှမဟုတ် လဲလှယ်ခံလိုက်ရတာလား’

ဤသို့တွေးလိုက်မိသည်နှင့် ဂိုဏ်းခေါင်းဆောင်သည် သူ၏ ညာဘက်လက်ကိုဝှေ့ယမ်းကာ စစ်မှန်သောချီစွမ်းအင်ဖြင့် ရိုက်ချလိုက်တော့သည်။

သူ၏ ဈေးပေါသည့်သားမှာတော့ တုံ့ပြန်ရန်ပင် အချိန်မရမီ သူ၏ ကျင့်ကြံမှုအားလုံးလုံးဝ ပျက်စီးသွားခဲ့ရလေ၏။

ဂိုဏ်းခေါင်းဆောင်က ပြောလာသည်။ “မင်းကို ငါ မသတ်ဘူး”

“ဒါပေမယ့် မင်း ငါ့ဆီကနေ ရခဲ့တဲ့ ကျင့်ကြံမှုတွေကို ငါ ပြန်ယူမယ်။”

ဈေးပေါသည့်သား၏ မျက်လုံးများ ပွင့်ထွက်မတတ် ဖြစ်သွားရသည်။ “ခင်ဗျား ဘယ်လိုသိတာလဲ။”

‘သူ ဒါကို နှစ် ၈၀၀ ကြာ ဖုံးကွယ်ထားနိုင်ခဲ့တာ။ ဘာလို့ ရုတ်တရက်ကြီး ဖော်ထုတ်ခံလိုက်ရတာလဲ။ သူ ဘယ်နေရာမှာ ပေါ့ဆမိခဲ့တာလဲ။’

ဂိုဏ်းခေါင်းဆောင်၏ အသံသည် တည်ငြိမ်သော်လည်း အန္တရာယ်ရှိသော လေသံ ပါရှိနေသည်။ “မင်းနဲ့ မင်းအဖေရင်းကြားက အကြွေးကို ငါတို့ ဖြည်းဖြည်းချင်း ရှင်းမယ်။ အခုတော့ မင်းကို မေးစရာ မေးခွန်းတစ်ခုပဲ ရှိတယ်….”

“ငါ့ကလေး၊ သူ အခု ဘယ်မှာလဲ။”

အခြေအနေက အဆုံးစွန်ထိ ရောက်လာသည်ကို မြင်သောအခါ ဈေးပေါသည့်သားက ဟန်ဆောင်မှုကို ရပ်တန့်လိုက်ချေသည်။ သူ ပေါ့ပေါ့ပါးပါးပင် ပြောလာ၏။ “ကျွန်တော်က ဘယ်လိုလုပ်သိမလဲ။ ပျောက်သွားတာကြာလှပြီနေမှာပေါ့။” သူသည် ဤ ဖခင်အတုကို တစ်ခါမျှ မလေးစားခဲ့ဖူးချေ။ အမြဲတမ်း မချေမငံစကားသာ ပြောဆိုလေ့ရှိ၏။

ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်သည် သူ၏ သွေးသားတော်စပ်မှုကို ထောက်ထား၍ လျစ်လျူရှုထားခဲ့သော်လည်း ယခုမူ မည်သည့် သနားညှာတာမှုမျှ မပြသတော့ပေ။

နောက်ရိုက်ချက်တစ်ခုဖြင့် ထိုဈေးပေါသည့်သားအား သွေးအန်ချစေလိုက်သည်။

အနီးနားရှိ ဂိုဏ်းခေါင်းဆောင်၏ တပည့်များက မသိစိတ်ကပင် နောက်သို့ အနည်းငယ် ဆုတ်သွားကြမိ၏။ သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများအပြည့်ပင်။

ဈေးပေါသည့်သားက အခုမှ သူ၏ရှေ့မှလူသည် သူ့အား ခင်တွယ်သော တုံးအသည့်ဖခင် မဟုတ်တော့ဘဲ ကမ္ဘာကြီးကိုအလွယ်တကူ ဇောက်ထိုးလှန်ပစ်နိုင်သော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်နေကြောင်း သဘောပေါက်လိုက်ချေသည်။

“ကျွန်တော် တကယ် မသိဘူး။”

“ခင်ဗျား ကျွန်တော့်ကို ရိုက်သတ်လိုက်ရင်တောင် ကျွန်တော်က သိမလာဘူး။”

ဂိုဏ်းခေါင်းဆောင်သည် သူ၏ ဈေးပေါသည့်သား၏ ပါးစပ်ကို ပိတ်လိုက်ပြီး *စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုတိယခေါင်းဆောင်ကို ခေါ်လိုက်၏။ ထို့နောက်၌ သူ၏လက်ကို ကျောနောက်တွင်ထားကာ မျက်နှာတွင် အေးစက်သည့် သတ်ဖြတ်လိုသော အမူအရာဖြင့် “ခေါ်သွားလိုက်”

(T/N- ပြစ်ဒဏ်ခန်းမ လို့လည်း ခေါ်ပါသေးတယ်)

ထိုအခါ ဒုတိယခေါင်းဆောင်သည် ရှုပ်ထွေးသွားခဲ့ရသည်။ ဤသူသည် ဂိုဏ်းခေါင်းဆောင်၏ သားရင်း မဟုတ်ဘူးပေလား။ ဂိုဏ်းခေါင်းဆောင်သည် သူ၏ သွေးသားရင်းချာနှင့်ပင် အဆက်အသွယ်ဖြတ်တောက်ရသည်အထိနှယ် ထိုသူက ဘာလုပ်ခဲ့ပါသနည်း။

သူမသည် ဂိုဏ်းခေါင်းဆောင်၏ တပည့်ကို တစ်ချက်ကြည့်လိုက်ချေသည်။ သူတို့သည် ဆံပင်များ ဖရိုဖရဲနှင့်ထိတ်လန့်နေကြကုန်သည်။ သူတို့ လက်ပူးလက်ကြပ် မိသွားခြင်းပေလော။

ဂိုဏ်းခေါင်းဆောင်က သူ၏တပည့်ကို စိတ်ဝင်စားခဲ့သော်လည်း သူ၏တပည့်က သူ၏ သားအရင်းနှင့် ပတ်သက်နေသည်ကို သိရှိသွားခြင်း ဖြစ်နိုင်သလား။

ဒေါသအရှိန်ဖြင့် ဂိုဏ်းခေါင်းဆောင်ဟာ သူ၏သားကို သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သလား။

၎င်းဟာ မဖြစ်နိုင်တာတော့ မဟုတ်ချေ။

ကျင့်ကြံလောကတွင် ဖခင်နှင့်သားတို့သည် အလှပဂေးလေးကြောင့် ထိပ်တိုက်ရင်ဆိုင်ဖူးသည်များရှိပါသည်။

သို့သော် ဒုတိယခေါင်းဆောင်သည် သူမ သဘောပေါက်သွားပြီဟုထင်ခဲ့မိ၏။

သူမ၏ ချောမွေ့သောမေးစေ့ကို ပွတ်သပ်လိုက်ပြီး ခဏတာ စဉ်းစားပြီးနောက်ပြောလာသည်။ “ကောင်းပြီ၊ သူ့ကို အခုတော့ အကျဉ်းချထားလိုက်ပါမယ်။”

“အင်း။”

အနီးနားရှိ ဂိုဏ်းခေါင်းဆောင်၏ ပဉ္စမမြောက်တပည့်သည် အကြီးအကျယ် ထိတ်လန့်နေပုံရသည်။

‘ဘာတွေဖြစ်နေတာလဲ’

‘သူ့ရဲ့ အစ်ကိုကြီး က ဂိုဏ်းခေါင်းဆောင် ရဲ့ သားအရင်း မဟုတ်ဘူးလား’

‘ဒါပေမယ့်… သူ့ရဲ့ အစ်ကိုကြီးက အသက် ၈၀၀ တောင်ရှိနေပြီလေ’

‘ဒီလောက်များတဲ့ နှစ်တွေအတွင်းမှာ သူ ဘယ်လိုလုပ် ဒါကို မသိခဲ့တာလဲ။ ဘာကြောင့် ဒီနေ့မှ ပေါ်သွားရတာလဲ’

တစ်လျှောက်လုံး တိုက်ရိုက် ဖရဲသီးစားသည့် ထုတ်လွှင့်မှုကို ခံစားနေခဲ့သော နဥ်ရွှီသည် ကျေနပ်စွာ မျက်လုံးများကို မှေးမှိတ်လိုက်ချေသည်။ အခြေအနေအရသာ မဟုတ်ခဲ့လျှင် သူမ ထိုနေရာတွင် လက်ခုပ်တီးမိလိမ့်ပေမည်။

“ဂိုဏ်းခေါင်းဆောင်က နောက်ဆုံးတော့ အတုံးအအ မဟုတ်တော့ဘူးပဲ။ ဝမ်းသာစရာကောင်းလိုက်တာ၊ ဂုဏ်ယူပါတယ်။”

နေရာသို့ စက္ကန့်ပိုင်းအတွင်း တယ်လီပို့ဖြင့်ရောက်ရှိလာခဲ့သော ဂိုဏ်းခေါင်းဆောင် : …

‘တစ်ယောက်ယောက် အတင်းအဖျင်းပြောနေတာကို နောက်ကွယ်ကနေ ကြားရတာမျိုးပေါ့။ ကောင်းပါပေတယ်’

…………..

All Chapters